Saturday, October 31, 2015

Honeymoon to New Zealand Day 7: Polynesian Spa, Waitomo Glowworm Caves & Ruakuri Cave

၈ရက် မေလ ၂၀၁၅ (သောကြာနေ့)

New Zealand အတွက်လည်စရာ ပတ်စရာနေရာကိုရှာရင် Waitomo Glowworm Caves ဆိုတာ မပါမဖြစ်ပါတဲ့နေရာလေးပါ။ မပါမဖြစ်ဆို တကယ်ကို သေချာပေါက်သွားလည်သင့်တဲ့နေရာလို့လဲ မဗေဒါကပြောချင်ပါတယ်။ အဲ့ဒိ ဂူတွေကို အော့ကလန်းကနေလာနိုင်သလို ရိုတိုရူဝါကနေလဲ သွားလို့ရပါတယ်။ ပြီးတော့ မဗေဒါ အထူးတိုက်တွန်းချင်တာကတော့ ရိုတိုရူဝါများရောက်ခဲ့ရင် Polynesian Spa ကို သွားဖြစ်အောင် သွားခဲ့နော်။ အနှိပ်ပါ ခံချင်ရင်တော့ ၁ရက်လောက် ကြိုဘွတ်ကင်လုပ်ရမယ်ထင်တယ်။ 


မနက် ၈နာရီခွဲလောက် ရိုတိုရူဝါမြို့ လမ်းပေါ်က အခြေအနေ၊ မိုးကရွာနေတော့ အေးနေတာပဲ

မြို့ထဲမှာ အဲလို အပင်အနီ အဝါတွေ မေပယ်လ်ပင်တွေတော်တော်များတယ်


Polynesian Spa Experience

မနက် ၈နာရီခွဲလောက်မှာ အခန်းက ထွက်ခဲ့ကြတယ်။ မိုးကလဲ ဖွဲဖွဲကျနေတုန်းပဲ။ ရာသီဥတုကအေး မိုးက ဖွဲဖွဲကျတော့ စွတ်စိုထိုင်းမှိုင်းအေးစက်နဲပေါ့။ အထူးသဖြင့် Mr.Right က ဖျားချင်သလိုဖြစ်နေတာ။ သူက အိပ်ရေးပျက်မခံနိုင်ဘူး။ Accident ဖြစ်ထားတဲ့ ဒဏ်ကြောင့်လဲ ပါမယ်ထင်ပါတယ်။ Mr.Right နဲ့ ယှဉ်ရင် အရင်က ကိုယ်နဲ့အတူ ခရီးထွက်နေကျ သူငယ်ချင်းကမှ အကြမ်းခံသေးတယ်။ အဲ့လိုပြောရင် သူက မကြိုက်ချင်သေးဘူး။ သူက ၂ယောက်စာအိတ်တွေသယ်ပေးရတယ်လေလို့ complain တက်သေးတယ်။ မဗေဒါအိတ်က ဘီးနဲ့ လှိမ့်တဲ့အိတ်ပဲဟာ သူဆွဲရုံဆွဲရတာကို ပြောရရင် ဒီကတောင် ပိုစိတ်ပင်ပန်းသေးတယ်။ သူ့လိုက်စိတ်ပူနေရလို့လေ။ မနက်စာကို Daikin donut ဆိုင်မှာ ခဏဝင်စားပြီးတော့ Polynesian Spa ဘက်ထွက်ခဲ့ကြတယ်။ မနေ့ညလာကတည်းက ဈေးရော ကိုယ်လိုချင်တာရော ကြည့်ခဲ့ပြီးပြီဆိုတော့ ထွေထွေထူးထူးသိပ်စဉ်းစားမနေတော့ဘူး Honeymoon ပီပီ ပိုက်ဆံနည်းနည်းပိုအကုန်ခံပြီး Romantic ဆန်ဆန်ပဲ Private Deluxe pool with view (ရှုခင်းပါမြင်ရတဲ့ သီးသန့် ရေပူစမ်းကန် အကြီး)ကိုပဲ ယူလိုက်တယ်။ ကိုယ်က ရေကူးဝတ်စုံလဲ မယူလာတာပါတာပေါ့။ သူတို့ဆီမှာ ရေကူးဝတ်စုံငှားတာက တစ်စုံ NZD5 နဲ့လေ။ ခု Deluxe ခန်းက တစ်ယောက်ကို NZD 27 + တာဝါငှားတာက NZD 5 (၂ယောက် စုစုပေါင်း NZD 64) လောက်ကျတယ်။ အဲဒိအချိန်က စင်္ကာပူနဲ့ Exchange rate သိပ်မကွာဘူး ဆိုတော့ စလုံး ၆၅ဒေါ်လာလောက်ပဲပေါ့။ (ခုဆို NZD က ဈေးကျနေတော့ သွားလည်လို့ကောင်းတယ်။ ခု စင်္ကာပူဒေါ်လာက နယူးဇီလန် ဒေါ်လာထက် ဈေးများနေတယ်လေ)။ 


အရမ်းကို သာယာလှပပြီး Romantic ဖြစ်တဲ့ ရေနွေးကန်လေးပါ

ကျွန်မတို့ရဲ့ သီးသန့်ရေနွေးကန်လေးကနေ လှမ်းမြင်နေရတဲ့ မြင်ကွင်းပါ
ကောင်တာရဲ့ဘေးဘက်အခြမ်းအပေါက်ကနေ ဝင်သွားပြီး အတွင်းဘက်ရုံးခန်းလို့နေရာရောက်တော့ မာအိုရီလူမျိုး အမျိုးသားတစ်ယောက်က ကျွန်မတို့ သီးသန့်ရေပူစမ်းကန်ကို တံခါးလိုက်ဖွင့်ပေးတယ်။ တစ်ခါငှား မိနစ် ၃၀တဲ့။ မိနစ် ၃၀ပြည့်ရင် alarm မြည်လိမ့်မယ်တဲ့။ သီးသန့်ခန်းဆိုတော့ ကောင်းတာက locker တွေဘာတွေလဲ ထပ်ငှားစရာမလိုတော့ဘူး အဝတ်လဲတဲ့ အကန့်က ထိုင်ခုံတန်းလေးပေါ်တင်ခဲ့ရင်ရပြီ။ ရေကန်က အရမ်းအကြီးကြီးမဟုတ်ပေမဲ့ ကျွန်မတို့ ၂ယောက်အတွက် အနေတော်အကျယ်အဝန်းပါ။ ၃ယောက်လောက်တော့ အေးဆေး လွတ်လွတ်လပ်လပ် ဝင်လို့ရတဲ့ အကျယ်အဝန်းရှိပါတယ်။ အရှေ့ကတောင်တန်း၊ရေကန်နဲ့ ငှက်အုပ်ကြီးရဲ့ ရှုခင်းကလဲ အတော်လေးကိုလှပါတယ်။ ကန်လေးက ကျောက်တုံးလေးတွေစီထားတဲ့ ဘောင်ပုံစံဆိုတော့ ချစ်စရာကောင်းပါတယ်။ သူတို့ ကြော်ငြာက မော်ဒယ်တွေနဲ့ပုံတွေဆို အရမ်းလှပဲ။ ကိုယ်ကတော့ မော်ဒယ်လို မလှတော့ သူတို့ပုံတွေထဲကလောက် Romantic ဆန်တယ်မထင်ရဘူးပေါ့။ ရေကန်ထဲ စစဝင်ချင်းတော့ နည်းနည်းပူတာပေါ့။ တစ်ဖြည်းဖြည်း ထိုင်ချရင်နဲ့ အပူကို ခံနိုင်သွားတယ်။ သူက အယ်ကာလိုင်း မင်နရယ် ရေနွေး(alkaline mineral water) မို့ အသားရေကို ချောမွေ့ပြီး အရွယ်တင်စေတယ်လို့လဲပြောပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီ အညောင်းအညာပြေလန်းဆန်းပါတယ်။

အထဲရောက်တော့ ထင်ထားတာထက် နည်းနည်ကျဉ်းတာကလွဲလို့ ကျန်တာ ဓာတ်ပုံထဲကအတိုင်းပါပဲ။ အမှန်တော့ ကိုယ့်ဘာသာကိုယ် ကျယ်တယ်ထင်မိတာပါ။ ဓာတ်ပုံထဲမှာလဲ ၂ယောက်စာ အနေတော် ရေကန်လေးပဲ ပြထားတာပါ။ အတော်လေးကို Romantic ဆန်ပါတယ်။ (နောက်ခံသီချင်းပဲ လိုတာပါ)။ Mr.Right က ဇိမ်သမားဆိုတော့ ရေနွေးထဲစိမ် ဇိမ်ခံနေတုန်း မဗေဒါကတော့ အရင် ကင်မရာမျိုးစုံနဲ့ အလုပ်ရှုပ်နေသေးတာပေါ့။ မိနစ် ၃၀ပြည့်တော့ အချက်ပြသံကြားတော့မှ တက်လာပြီး အင်္ကျီလဲကြတာပေါ့။ အစကတော့ မိနစ် ၃၀တည်း နည်းတယ်လို့ထင်ပေမဲ့။ အဲ့လောက်က အတော်ပဲလို့ သိလာတယ်။ ရေက စစဝင်ချင်းတုန်းက အတော်လေး ပူတယ်လို့ခံစားရတယ်။ အပြင်ရာသီဥတာက အေးတော့ ပိုဆိုးတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းနေသားကျသွားတော့ မပူတော့ဘူးထင်ရတယ်။ ရေနွေးငွေ့ခန်းတွေလို ဘာမှ မဖြစ်ဘူးထင်ပြီး ဆက်နေရင်။ ရေနွေးအိုးထဲက ဖားငယ်လို သေနေမှာလဲ စိုးရတယ်။ လူတွေကတော့ မူးမေ့လဲမှာကို စိုးရတာပေါ့နော်။ မိနစ် ၃၀ပြည့်လို့ ကိုယ်အင်္ကျီအေးဆေးလဲနေလဲ အပြင်ကနေ အတင်းဝင်လာတာတို့ လောတာတို့ မရှိပါဘူး။ ကိုယ်ပြီးမှ ပြန်ထွက်လာပြီး အခန်းလိုက်ပြတဲ့သူကို သော့ပြန်အပ်လိုက်ရုံပဲ။ 


သူရေထဲဆင်းပြီးမှ ကျွန်မက မဆင်းသေးပဲ ဟောသလို ဓာတ်ပုံရိုက်ပြီး နောက်ပါတယ်။

အပြင်က ရေနွေးကန်လေးတွေပါ။ တော်တော်လေးလှပါတယ်။

ဒါကတော့ Public ရေနွေးကန်ပါ

Kia Ora ဆိုတာ နယူးဇီလန်သားတွေ နှုတ်ခွန်းဆက်တဲ့ စကားလုံးပါ
Spa ကနေ အပြန်တော့ နေ့လည်စာကို ရောက်ရောက်ချင်းနေ့က စားတဲ့ ဂျပန်-ကိုရီးယား အရောဆိုင်လေးမှာ စောစောစားလိုက်တယ်။ ကျွန်မက ဂျပန်စတိုင် အမဲသားခေါက်ဆွဲနဲ့ သူကတော့ ကြက်သားအစပ်နဲ့ ထမင်း။ ဆိုင်ရှင်က ကျွန်မတို့နဲ့ စကားနည်းနည်းပါးပါးပြောဖြစ်တယ်။ သူ့က ကိုရီးယမ်းတဲ့။ နယူးဇီလန်ရောက်တာ နှစ် ၂၀လောက်ရှိပြီတဲ့။ တောင်ကိုရီးယားလား၊ မြောက်ကိုရီးယားလားတော့ ထပ်မမေးခဲ့ပါဘူး။ သူတို့လဲ ကြိုက်မယ်မထင်ပါဘူး။ သူ့မိန်းမကတော့ ဂျပန်ဆိုလားပဲ။ ကျွန်မတို့က မြန်မာနိုင်ငံကဆိုတော့ သိလေလား မသိလေလားတော့ မသိဘူး။ ဒါပေမဲ့ နယ်ခံတွေနဲ့ ခုလို စကားစမြည်ပြောရတာကကိုး နယ်ခံတွေရဲ့ အပြုအမူ စိတ်နေစိတ်ထားကို အနည်းအများသိခွင့်ရလို့ သူတို့နဲ့ စကားပြောချင်တယ်။ အဲ့ဒိဆိုင်ကနေ လမ်းမှာစားဖို့ Kimbab လေးတွေဝယ်သွားဖြစ်တယ်။

ကျွန်မစားတဲ့ အမဲသား ခေါက်ဆွဲပြုတ်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ မိုးအေးအေးမှာ ပူပူလေး စားလို့ကောင်းပါတယ်

သူစားတဲ့ ကြက်သားအစပ်ပါ။

တိတ်ဆိတ်ညိမ်သက် စွတ်စို အေးစက်တဲ့ ရာသီဥတုလေးနဲ့ အပင်နီဝါတွေ အများကြီးရှိတဲ့ ရိုတိုရူဝါမြို့လေး တစ်နေရာ

Polynesian Spa အပြန် အစိုးရဥယျာဉ်နဲ့ ပြတိုက်ကြီး အဝင်ဝကို ရိုက်ထားတာ
A conversation with Kiwi

မှတ်ရန်။ ။ နယူးဇီလန် နိုင်ငံသားတွေက သူတို့ကိုယ်သူတို့ ကီဝီလို့ ခေါ်ဝေါ်သုံးနှုန်းကြတာကို သင်သိခဲ့ပါသလား?


ဒီနေ့အတွက် ကျွန်မတို့နဲ့ တစ်နေ့တာ စကားတွေပြောရင် ကုန်ဆုံးမဲ့ သဘောကောင်းတဲ့ ကီဝီ

ကျွန်မတို့ တည်းခိုခန်းရှေ့တည့်တည့်ကို ကားလာကြိုပေးတော့ ကားက တော်တော်လေးကောင်းတဲ့ 7 seaters ကားမျိုးထဲမှာ ကျွန်မတို့ ၂ယောက်တည်း အထူးစပါယ်ရှယ် ဧည့်သည်ဖြစ်လို့နေပါတယ်။ အင်း ဈေးကြီးပေးထားပြီး ခုလိုမျိုး Service ပြန်ရတော့လဲ ဖြေသာပါတယ်။ လာခေါ်တဲ့ဦးလေးကြီးနဲ့ လမ်းတစ်လျှောက် စကားတွေပြောသွားတာ အတော်လေး ဗဟုသုတရပါတယ်။ စိတ်ဝင်စားစရာလဲကောင်းသလို ရင်းနှီးမှုလဲပိုရှိသွားပါတယ်။ သူတို့နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအကြောင်းတွေ၊ တောတောင်သဘာဝနဲ့ တိရိစ္တာန်တွေအကြောင်းတွေ၊ ကိုယ်မမြင်ဖူးတဲ့ အပင်တွေ။ သူတို့နိုင်ငံရဲ့ အထင်ကရ တိရိစ္ဆာန်နဲ့ အပင်အကြောင်း။ နောက်ပြီး သူ့အကြောင်းကျွန်မတို့က မေးသလို၊ ကိုယ့်အကြောင်းလဲ သူနဲ့ပြောဖြစ်ပါတယ်။

ကားလဲမောင်းရင် စကားလဲပြောရင်း
ကီဝီပင်စိုက်ခင်း။ အပင်က သိပ်မကြီးဘူးနော်.. အနီးကပ်တော့ မမြင်ဖူးသေးဘူး..
ကီဝီပင်တွေစိုက်တဲ့နားရောက်တော့ ဒါက ကီဝီခင်းတွေဆိုပြတော့ ကျွန်မက ကီဝီပင် မမြင်ဖူးဘူးပြောမိတော့ သူက ကားကို နှေးပြီးခြံရှေ့ကမောင်းပေးတယ်။ တခြားသူတွေကားပေါ်မှာမပါတော့ ကျွန်မတို့ စိတ်ကြိုက်ပဲ။ တုံးတယ်ပဲဆိုဆို စင်္ကာပူ မလာခင်အထိ ကီဝီသီးကို မသိခဲ့ဘူး။ ခု နယူးဇီလန်ရောက်မှ ကီဝီပင်ကို မြင်ဖူးတာ။ အပင်သေးမျိုးလား စိုက်ခင်းထဲမို့ တမင်အဲ့အရွယ်အစားရအောင်စိုက်ထားသလားတော့ မသိဘူး။ အပင်လေးတွေက လူ့တစ်ရပ်စာလောက်ပဲရှိတယ်။ တီဗွီတွေ အင်တာနက်တွေမှာ ရှာကြည့်ရင် ဘယ်ဟာမဆို သိနိုင်တယ်ဆိုပေမဲ့ ခုလို အမှတ်တရလေးနဲ့ မျက်မြင်တွေ့ရတော့ တကူးတက မှတ်သားထားစရာမလိုသလို မေ့လဲ မမေ့တော့ဘူး။ အဲ့ဒါကို ဒေသန္တယ ဗဟုသုတလို့ ခေါ်တာနေမယ်။ စာကျက်နေရင်တောင် မေ့သွားအုံးမယ် ခုသူနဲ့ စကားပြောတော့ ရတဲ့ အင်ဖိုတွေကို ဘာလို့လဲ မသိဘူး သိပ်မမေ့ဘူး။ အားလုံးမှတ်မိချင်မှ မှတ်မိမယ် ဒါပေမဲ့ ကိုယ့်ခေါင်းထဲရောက်သွားတာက ကိုယ့်အတွက် ဗဟုသုတတိုးတာပဲ။

ဥပမာဆို။ သူတို့ဆီမှာ နွားတွေကို မေလကနေ သြဂုတ်လအတွင်း ပြည်ပထုတ်ကုန်အတွက် နို့ညှစ်တာ မရှိဘူးတဲ့။ ပြည်တွင်းစားလောက်အောင်ပဲ နို့ညှစ်တယ်တဲ့။ ဘာလို့လဲသိလား။ အဲဒိအချိန်ဆို မြက်ပင်တွေက နည်းတော့ နွားတွေက သိပ်မစားရတော့ တိရိစ္ဆာန်ကို ငဲ့ညှာတဲ့အနေနဲ့ ပြည်တွင်းစားသုံးမှုအတွက်သာ နို့ညှစ်ပြီး ပြည်ပထုတ်ကုန်အတွက် မလုပ်ဘူးတဲ့။ ကဲ… အဲဒါနဲ့တင် သူတို့နိုင်ငံရဲ့ တိရိစ္ဆာန်အပေါ်ထားတဲ့ စေတနာ animal cruelty မရှိတာကို ကိုယ်သိလိုက်ရပြီ။ သူတို့နို့သောက် သူတို့အသားစားတာက လူက အသားစား သတ္တဝါမို့ထားတော့ သူတို့ ရှင်သန်နေတဲ့အချိန်မှာ မရက်စက်သင့်ဘူးလေ။

မြန်မာပြည်က ပိန်ချုံးနေတဲ့ နွားတွေကို ရာသီမရွေး နွားဖားကြိုးတပ်ပြီး လှည်းမောင်း လယ်ထွန် (ဘယ်နိုင်ငံမှာမှ နွားနဲ့ လယ်ထွန်တဲ့ခေတ်မဟုတ်တော့ဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံကတော့ လုပ်နေရတုန်းထင်တာပဲ)။ သူတို့နိုင်ငံက နွားတွေ ကိုယ်တွေ့ခဲသမျှ တစ်ကောင်မှ နွားဖားကြိုးမရှိဘူး။ နွားဖားကြိုးတပ်တယ်ဆိုတာ မသိရင်ကိုယ်သိသလောက် ပြောပြမယ်။ နွားနှားခေါင်းထဲက နှာနုရိုးလေးကို ဖောက်ပြီး ကြိုးထည့်ထားတာ။ အဲ့ဒါဆိုရင် မောင်းတဲ့သူက ညာဆွဲရင် နွားကညာဘက်ကို မလိုက်ရင် သူ့နှာနုလေး နာလွန်းလို့ ညာဘက်ကို လိုက်တယ်။ ဘယ်ဘက်ကိုဆွဲရင် ဘယ်ဘက်ကိုမှ မလိုက်ရင် နှာနုလေးနာလွန်းလို့ ဘယ်ဘက်ကိုလိုက်တယ်။ အဲ့ဒိနည်းနဲ့ နွားလှည်းမောင်း လယ်ထွန်တာ။ အဲ တချိုး မညှာတာတဲ့ နွားရှင်တွေဆိုရင် မြန်မြန်သွားအောင် နောက်က ကြိမ်ထိပ်မှာ သံချွန်လေးတပ်ထားသေးတယ်။ ရိုက်ရုံမကဘူး မြန်မြန်မသွားပေကပ်ကပ်ဆို အဲ့အချွန်နဲ့ထိုးသေးတာ။ အဲ့ဒါတွေကိုရော မဗေဒါဘယ်လိုလုပ်သိလဲသိလား။ ငယ်ငယ်က မိဘတွေနဲ့ တောတွေမှာ အလှူလုပ်တုန်းက နွားလှည်းလိုက်စီးဖူးတယ်။ ကိုယ်တိုင်တွေ့ဖူးမြင်ဖူးလို့ ဘယ်လိုမှ မမေ့ဘူး။ တိရိစ္ဆာန်ကတော့ ကြာရင်နေသာသွားပြီး ဘာမှ မပြောတတ်လို့သာ သူတို့ ခံနိုင်ကောင်းခံနိုင်မယ်။ ကိုယ်နဲ့ပဲစဉ်းစားကြည့် ကိုယ့်နှာခေါင်းနှာနုကို ဖောက်ပြီး ဟိုဘက်ဒီဘက်ကြိုးနဲ့ဆွဲခံရတဲ့ ခံစားချက်။ ပြောချင်တာက လယ်သမားတွေ ကျေးလက်နေသူတွေကို ရက်စက်တယ်လို့ အပြစ်ပြောနေတာ မဟုတ်ဘူး။ အဲ့ဒါ နိုင်ငံကို မတိုးတက်လို့ သူတို့မှာလဲ no choice ဖြစ်နေတာ။ အဲ့တော့ နိုင်ငံတိုးတက်အောင်လုပ်ဖို့က ဘယ်သူ့မှာတာဝန်ရှိလဲဆိုတာ ဆက်မပြောတောဘူး။ (ခရီးသွားစာအုပ်သာ ပုံနှိပ်ထုတ်ဖြစ်ရင်တော့ ဒီလိုအပိုတွေ နှုတ်ပြီးထုတ်ဖြစ်မယ်ထင်တယ်။ ဘလော့ပေါ်တော့ စကားစပ်တုန်းအကုန်ပြောတာ။)


ကားလမ်းပေါ် လျှောက်နေတဲ့ နွားအုပ်ကြီးကြောင့် ကားခဏရပ်ထားရတယ်။
ပြီးတော့ သူတို့ရဲ့ rain forest တောတွေထဲ ကို စိတ်ချ လက်ချသွားနိုင်တယ်။ ဘာအန္တရာယ်ပြုနိုင်တဲ့ အကောင် မြွေ၊ကျား ဘာမှ မရှိဘူးတဲ့။ သူတို့နယ်ခံတိရိစ္တာန်က ကီဝီငှက်ကလေးတွေတဲ့။ ခုတော့ တိမ်ကောလုနီးပါးဖြစ်နေလို့ အစိုးရက အဲ့ဒါကို အရမ်းစောင့်ရှောက်နေရတယ်တဲ့။ ဟိုးအရင်ကတော့ ငှက်ကုလားအုပ် အကြီးစားတွေနဲ့ သိန်းငှက်အကြီးစားကြီးတွေရှိခဲ့တယ်။ ဒါပေမဲ့ အရင်က မာအိုရီလူမျိုး လူရိုင်းတွေက သတ်ဖြတ်စားသောက်ရင်းနဲ့ တိမ်ကောသွားတာတဲ့။ နောက်ပိုင်း နယူးဇီလန်ကို ဗြိတိသျှတွေရှာတွေ့ပြီး ရွှေ့ပြောင်းနေထိုင် အုပ်ချုပ်တော့မှ ဒါတွေကို ထိမ်းသိမ်းစရာလို့ သိလာတာတဲ့။ ယုန်တွေ၊ သမင်၊ ဒရယ်တွေဆိုတာလဲ တခြားနိုင်ငံက သယ်လာကြတာတဲ့။ ဒီမြေပေါ်မှာ မူလရှိတဲ့ သတ္တဝါတွေမဟုတ်ဘူးတဲ့။ ဒါပေမဲ့ခုကျတော့ အဲ့ဒိအကောင်တွေက အရမ်းသားပေါက်များပြီး သူတို့ကို ပြန်စားမဲ့ အာဖရိက ကလို အသားစားတိရိစ္ဆာန်တွေမရှိလို့။ အဲ့ဒိအကောင်တွေက over population လိုတောင်ဖြစ်နေတဲ့အတွက် အဲဒိအကောင်တွေကို နှိမ်နင်းဖို့ လင်းယုန်လို ငှက်တွေကို ခေါ်ယူမွေးကြပြန်ရောတဲ့။ ဒါပေမဲ့ ယုန်တို့ ဘာတို့က အပြေးမြန်တော့ ငှက်တွေက သိပ်မစားပဲ ဖမ်းရလွယ်တဲ့ ကီဝီငှက်လေးတွေကို ဖမ်းစားတော့ သူတို့တွေ အခက်တွေ့ကုန်ရော။ ပြီးတော့ ကီဝီငှက်ကလဲ အရသာပိုရှိပုံရတယ်တဲ့။ ခုနောက်ပိုင်းတော့ အစိုးရက အမဲလိုက် ဝါသနာပါတဲ့ ခရီးသွားတွေဆိုရင် ယုန်ပစ် ဘာညာအတွက် ကြိုဆိုတယ်တဲ့။

ပြီးတော့ လယ်ကွင်းတွေ မြက်ခင်းတွေအလယ်မှာ ပေါက်နေတဲ့ မေပယ်လ်ပင်နဲ့ တခြားအပင်လှလှကြီးတွေက နယူးဇီလန်ရဲ့ မူလရှိတဲ့ အပင်တွေမဟုတ်ဘူးတဲ့။ သူဟာသူအလေ့ကျပေါက်နေတာ မဟုတ်ဘူးတဲ့။ လူတွေ၊ များသောအားဖြင့်တော့ ဗြိတိသျှလူမျိုးတွေ ရွေ့ပြောင်းနေထိုင်လာတော့မှ သူတို့နိုင်ငံအလွမ်းပြေအနေနဲ့ သူတို့နိုင်ငံမှာ ပေါက်လေ့ရှိတဲ့ အပင်တွေကို စိုက်ထားကြတာတဲ့။ သူမပြောရင် လယ်ကွင်းတွေအလယ်က အရမ်းလှတဲ့ အပင်ကြီးတွေကို သဘာဝအတိုင်းပေါက်နေတယ်လို့ထင်နေတာ။

သူ့အကြောင်းမေးကြည့်တော့ သူကတော့ နယူးဇီလန်မှာမွေးတာ ဒါပေမဲ့ အင်္ဂလန်အဆက်ပေါ့။ သူ့အမျိုးတွေက အင်္ဂလန်မှာရှိတုန်းပဲတဲ့။ အော့ကလန်းဇာတိပေမဲ့ ရိုတိုရူဝါမှာ အခြေချနေတာ။ သူ့မိန်းမကရိုတိုရူဝါသူတဲ့။ သူက အော့ကလန်းထက် ရိုတိုရူဝါကိုပိုကြိုက်တယ်တဲ့။ ပြီးတော့ အလည်အပတ်လာတဲ့သူတွေဆိုရင်တော့ Queenstown က တကယ်နေလို့ကောင်းတဲ့မြို့တဲ့။ Activities တွေလုပ်ရတာကြိုက်တဲ့သူဖြစ်ဖြစ်၊ အပန်းဖြေရုံသက်သက် ဘာမှ မလုပ်ပဲ ထိုင်နေရင်တောင် Queenstown က လည်လို့ကောင်းတယ်တဲ့။ မြန်မာတွေ မေမြို့ကိုကြိုက်သလိုထင်ပါတယ်။ Mr.Right ရဲ့ သူဌေးကလဲ Queenstown က ကောင်းတယ်ပြောထားလို့ ခုလို ရိုတိုရူဝါမှာ ၂ညပဲအိပ်ပြီး Queenstown မှာရက်များများနေမယ်ဆုံးဖြတ်လိုက်လို့ ရိုတိုရူဝါက ရေနွေးငွေ့ကန်တွေကို သွားဖို့ အချိန်မရဖြစ်သွားတာ။

ပြီးတော့ ကားမောင်းတဲ့ဦးလေးကြီးကို ကျွန်မက ငါတို့နေတဲ့ တည်းခိုခန်းနာမည်နဲ့ အဲ့ဒိ မြို့လယ်ခေါင်က မနေ့က ကျွန်မတို့သွားခဲ့တဲ့ ရေနွေးငွေ့ထွက်တဲ့ ပန်းခြံနာမည်က အသံဘယ်လိုထွက်လဲမေးတော့။ သူပြန်ဖြေတာကို သဘောကျမိတယ်။ အမှန်တော့ အဲ့နာမည်တွေက မာအိုရီစကားကနေ ဆင်းသက်လာတော့ သူတို့လဲ အသံထွက်အမှန် သိပ်မထွက်တတ်ဘူးတဲ့။ ဒါပေမဲ့ နောက်ပိုင်း ဗြိတိသျှတွေဒီမှာလာနေရင်း သူတို့ထင်တဲ့အသံ အမှားတွေ ထွက်ရင်းကနေ တချို့နာမည်တွေဆိုရင် အသံထွက်အမှန်ပျောက်ပြီး အမှားကနေ အမှန်ဖြစ်သွားတာမျိုးတွေရှိတယ်တဲ့။ သူက မာအိုရီနယ်ခံတွေကို အားနာတဲ့ပုံနဲပြောတယ်။ ဥပမာ။ ။ ရန်ကုန်ကို အင်္ဂလိပ်တွေက ရန်ဂူး (Rangoon) ထွက်သလိုဖြစ်မယ်ထင်တယ်။ အမှန်တော့ အဲ့ဒိနာမည်တွေရဲ့ အသံထွက်တွေကို သူတို့အင်္ဂလိပ်တွေထွက်တာထက် အာရှသားတွေဖတ်ပြီး ထင်တာကို ထွက်ရင်တောင် အသံပိုမှန်အုံးမယ်တဲ့။ နင်ပြောကြည့် အဲ့ဒါကို နင်ဆို အသံဘယ်လိုထွက်မလဲတဲ့။ Kuirau (ကူရီရာဝူ) အသံထွက်ပြောရင်တော့(ကွီရာဝူ)လို့ ငါဆိုထွက်မယ်ပြောတော့။ သူက အဲဒါအမှန်ပဲဖြစ်မယ်ဆိုပြီး အားလုံး ရီရသေးတယ်။ မဗေဒါ သတိထားမိသလောက် သူတို့ အသံထွက်တွေက ဂျပန်ကို Romanization လုပ်တာနဲ့ နဲနဲဆင်တယ်။ ဥပမာ။ Re ဆိုရင် (ရီ) လို့မထွက်ပဲ (ရဲလ်) လို့ထွက်တာ။ “e” နဲ့ဆုံးတာတွေက မြန်မာအသံဆို (နောက်ပစ် “ဲ” ) အသံထွက်တယ်ထင်တယ်။ “u” ဆိုရင် “အူ”လို့အသံထွက်တယ်။ စသည်ဖြင့်ပေါ့။ (Queenstown ရောက်ရင် အဲ့ဒိအသံထွက်ကိစ္စ ထပ်ဆက်ရမယ်)။


ရေအားလျှပ်စစ် စက်ရုံရှိတဲ့ ဆည်ကြီးနား
ရူခင်းအရမ်းလှလို့...
သူက စေတနာတော့ပါတယ်။ အပြန်မှာတောင် ကျွန်မတို့ကို နယူးဇီလန်က အကြီးဆုံး ဆည်ကြီးနဲ့ ရေအားလျှပ်စစ်စက်ရုံဘက် တစ်ပတ်ပတ်ပြပြီး သူသိသလောက်ရှင်းပြနေသေးတယ်။ လမ်းမှာဖြတ်လာတဲ့ မြို့ငယ်သေးသေးလေးတွေက လူတွေက ဘာလုပ်ကိုင်စားသောက်ကြသလဲလို့မေးတော့။ အားလုံးနီးပါကတော့ နို့နဲ့ နို့ထွက်ပစ္စည်းကုန်ကြမ်းထုတ်သူထုတ်။ စက်ရုံထောင်ပြီး ကုန်ချောထုတ်သူထုတ် စတဲ့လုပ်ငန်းလုပ်တာများတယ်တဲ့။ တရုတ်ပြည်က ကလေးနို့မှုန့်တွေကြောင့် ကလေးတွေသေတဲ့သတင်းထွက်ကတည်းက နယူးဇီလန်နဲ့ သြစတေးလျက နို့ထွက်ပစ္စည်းတွေကို ကမ္ဘာက အဓိကထားမှာယူလာကြတော့ စီးပွားကောင်းတယ်တဲ့။ ဒါပေမဲ့ ခုနောက်ပိုင်းတော့ သိုးမွေးမြူရေးဘက်ကို ကူးပြောင်းသွားတဲ့သူတွေလဲများတယ်တဲ့။ သိုးက နွားမွေးတာထက် အမြတ်အစွန်း ပိုများတယ်လို့လဲ သိရတယ်။ နွားတစ်ကောင်က ၁နှစ်မှာ နို့လီတာပေါင်း ၄၀၀၀ ကျော် ထွက်သတဲ့။ လယ်တစ်ကွက်မှာ ပျမ်းမျှအားဖြင့် နွား အကောင် ၄၀၀ ကျော်လောက်ရှိသတဲ့။ အဲ့ဒိ ဖြူမဲ နို့စားနွား ဝယ်ရင် ၁ကောင်ကို ဒေါ်လာ ၂၅၀၀- ၃၀၀၀ လောက်အရင်းရှိတယ်တဲ့။ နယူးဇီလန်နိုင်ငံရဲ့ ဝင်ငွေထဲက ၄၂ရာခိုင်နှုန်းဟာ နို့နဲ့ နို့ထွက်ပစ္စည်းကရတာတဲ့။ တစ်နိုင်ငံလုံးမှာ ၄၂ရာခိုင်နှုန်းဆိုတော့ မနည်းမနောပဲနော်။ အင်း…ခုချိန်လောက်ဆို စာဖတ်သူတွေလဲ မဗေဒါလိုပဲ နွားတွေအရင်းအနှီးထည့် ပုံမှန်လေး နို့ညှစ်၊ ကာကွယ်ဆေးလေး (ဘာလေးတော့ ထိုးပေးရမှာပေါ့လေ)။ ဘဝကအတော်လေးတော့ သာယာအေးချမ်းမယ်စိတ်ကူးမိတယ်။ ကိုယ်တောင် အသက်ကြီးရင် ကိုယ်စားလောက်ရုံ စိုက်ပျိုးမွေးမြူရေးလုပ်ပြီး ဒီမှာပဲ Retire လာလုပ်ချင်စိတ်တောင်ဖြစ်သွားတယ်။ ဟတ် ဟတ်… (ဒါပေမဲ့ အင်တာနက်ဈေးကြီးလို့ အပြီးနေဖို့၂ခါတော့ ပြန်စဉ်းစားရမယ်)။ အဲ့ဒါတွေဘာလို့မှတ်မိနေလဲဆိုတော့ သူပြောတုန်းက ကိုယ့် notebook လေးထဲ ချရေးမှတ်ထားလိုက်တယ်။ ခုလို ဘလော့ပေါ်မှာ ထပ်တင်ရေးဖြစ်တော့ မေ့တော့မှာ မဟုတ်တော့ဘူး။ 

Mr.Right ရဲ့ မေးပေါက်တဲ့ အကြောင်းပြောတော့ သူကလဲ ဟန်းနီးမွန်းမှာမှ ဖြစ်ရလေဆိုပြီး သနားသေးတယ်။ ပြီးတော့ ဝိုင်ဟီကီမှာ ဆေးခန်းပြတာ အလကားပေါ့တဲ့။ ခိခိ… ဘယ်ဟုတ်မလဲ။ ငါတို့က နိုင်ငံခြားသားဆိုတော့ ပထမတစ်ခေါက်ပြတာ NZD 80 ပေးလိုက်ရတယ်။ နောက်ပိုင်း Dressing လဲတိုင်း NZD 40 လောက်ပေးရတယ်ဆိုတော့ သူက အံ့သြနေတယ်။ သူတို့နိုင်ငံသားတွေအတွက်က ဆေးခန်းက အခမဲ့ ပြခွင့်ရှိပုံရတယ်။ အော်… သူတို့လို ကိုယ့်ထမင်းကိုယ်ရှာစားရုံပဲလိုအပ်ပြီး ဆေးဖိုးနဲ့ ဝါးခ ရှာစရာမလိုလောက်အောင် လုပ်ဆောင်ပေးတဲ့ အစိုးရရှိတာကို အားကျလိုက်တာ။ နိုင်ငံရေးပြောတော့ သူက သိပ်စိတ်မဝင်စားဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သိတယ်။ အင်းပေါ့လေ… နိုင်ငံသားတွေကို တော်ရုံအလုပ်လုပ်ရုံနဲ့ ဝမ်းဝ၊ခါးလှ၊အိမ်နဲ့ယာနဲ့ နေနိုင်အောင် စီစဉ်ပေးထားတဲ့ အစိုးရရှိတော့ နိုင်ငံရေး ဘယ်စိတ်ဝင်စားမလဲ။ သူကတော့ ကျွန်မတို့ ၂ယောက်ရဲ့ အလုပ်အကိုင်တွေမေးပြီး နင်တို့က ပညာတတ်တွေပဲဆိုပြီး ချီးမွှမ်းခန်းထုတ်သွားသေးတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ အဲ့လောက်လဲမဟုတ်ဘူးထင်တာပဲ။ 

ကဲ… ပြောဖြစ်သမျှတွေရေးနေတာနဲ့ စာရှည်ပြီး မဆိုင်တာတွေဖတ်ရတယ်ဆိုပြီး ပျင်းနေကြပြီလားတော့မသိဘူး။ မဗေဒါကတော့ ခုလို ခရီးသွားရင်း နယ်ခံတွေနဲ့ စကားပြော သူတို့ရဲ့ လူနေမှု ယဉ်ကျေးမှုစတာတွေကို ထိတွေ့ခံစားရတာကို ကြိုက်တယ်။ မဗေဒါရဲ့ စာဖတ်သူတွေကိုလဲ မဗေဒါ သိခဲ့တာလေးတွေ ဝေမျှချင်တဲ့ ဆန္ဒကြောင့်ပါ။


ခရီးများဆုံးထိ မောင်း...
Waitomo Glowworms Caves

တောင်ကုန်းစိမ်းတွေရဲ့ မြေအောက်မှာ ဝင်္ကဘာဆန်ဆန် ဂူ၊ ဂူထဲက ဆန်းကျယ်တဲ့ ချိုင့်ဝှမ်းတွေ၊ ဂန္ဘီရဆန်ဆန် မြေအောက်မြစ်တွေစီးဆင်းနေပြီး ထူးခြားတဲ့ ခန္ဓာကိုယ်က အလင်းရောင်ထွက်နေတဲ့ ပိုးမွှားလေးတွေနေထိုင်နေတယ်ဆိုရင် အဲ့ဒိနေရာဟာ စိတ်ကူးယဉ်ကမ္ဘာ ထဲမှာပဲရှိမဲ့နေရာလို့ တွေးမိလိမ့်မယ်။ ဝိုင်တိုမို ဂူကတော့ အဲ့ဒိအချက်တွေအားလုံးနဲ့ ကိုက်ညီတဲ့ နေရာပါပဲ။ 


ဂူထဲမှာ ကိုယ်တိုင်မရိုက်ခဲ့လို့ ဂူဂဲလ်ကနေ ရှာသုံးတာ။ အထဲမှာတော့ အဲ့အတိုင်းမြင်ရတယ်။ (လှေပေါ်က လူတွေကတော့ မှောင်နေတာပေါ့နော်)
ဝိုင်တိုမိုဂူကို အော့ကလန်းကနေလာရင် ၁၂၅မိုင် (၂၀၂ကီလိုမီတာ) ကွာဝေးပြီး ၂နာရီခွဲကားစီးရပါတယ်။

ရိုတိုရူဝါကနေဆိုရင်တော့ ၉၁မိုင် (၁၄၇ ကီလိုမီတာ)ကွာဝေးပြီး ၂နာရီ ကားစီးရပါတယ်။ ဘယ်မြိုကနေဖြစ်ဖြစ် နေ့ချင်းပြန်လို့ရပါတယ်။ အဲ့ဒိအတွက် အော့ကလန်းကိုပဲလာလည်တဲ့သူဖြစ်ဖြစ်။ ရိုတိုရူဝါကိုပဲ လာလည်တဲ့သူဖြစ်ဖြစ် သွားလို့ရတဲ့ နေရာလေးပါ။

စီစဉ်လို့ရမယ်ဆိုရင်တော့ အော့ကလန်းက ဆင်းလာပြီး ဝိုင်တိုမိုကိုဝင် အပြန်ကျတော့ ရိုတိုရူဝါကိုဆက်သွားလုပ်ရင် အချိန်ကုန်သက်သာမယ်ထင်ပါတယ်။ ကိုယ့်ဘာသာကိုယ်မောင်းတဲ့သူတွေဆို အဆင်ပြေပါမယ်။

ဝိုင်တိုမိုမှာရိုးရိုး ဂူထဲကို လမ်းလျှောက်ဝင်ပြီးရင် ဂူအောက်က မြစ်ရေထဲကို လှေလေးစီးပြီး glowwarm ကောင်လေးတွေကို ကြည့်လို့ရသလို၊ စွန့်စားရတာကြိုက်တဲ့သူတွေအတွက် ဂူနက်ထဲကို ကြိုးနဲ့ တောင်ဆင်းသလို တွယ်ဆင်းတာ၊ ဂူအောက်က မြေအောက် မြစ်နက်ထဲမှာ Black water Rafting လုပ်တာစသည်ဖြင့် ပိုပြီး စိတ်လှုပ်ရှားစရာ အစီအစဉ်တွေလဲရှိပါတယ်။
ပေးတဲ့ ကြော်ငြာစာရွက်ပေါ်က ဈေးတွေအရ အဆုံးမမြင်ရတဲ့ ဂူနက်ထဲကို ကြိုးနဲ့ တွယ်ဆင်းတာက (Black Abyss) ၅နာရီအချိန်ပေးရတယ်က $231 …
ဂူတောင်နံရံတွေကို တွယ်ပြီးသွားရင်း ကိုယ့်ရဲ့ စံချိန်ချိုးချင်သူတွေအတွက် (Black Odyssey) ၅နာရီအချိန်ပေးရတယ်က $179…
စောစောကပြောတဲ့ ဂူထဲက မြေအောက်မြစ်မှောင်မှောင်ထဲ ဘောစီးရင်း Black water rafting လုပ်တာ (Black Labyrinth) ၃နာရီအချိန်ပေးရတယ်က $128… ရှိပါတယ်။
ရိုးရိုးဂူဝင်ကြေးနဲ့ မြေအောက်မြစ်ထဲ လှေစီးပြီး ရှင်းပြတဲ့သူနဲ့သွားတာကျတော့ တစ်ယောက်ကို $49 ကျပါတယ်။ 


ဂိတ်ဝ ဆိုင်းဘုတ်က မပါမဖြစ်

ဒါပေမဲ့ အဲ့ ပတ်ဝန်းကျင်မှာ ဂူ ၃ခုရှိတော့ combo tours လို ဂူ ၂ခုလည်မှာတို့။ ဂူ၃ခုလုံးလည်မှာတို့ဆို လျော့ဈေးတွေရှိပါတယ်။ ကျွန်မတို့ကတော့ ရိုတိုရူဝါကနေ ကားရောဘာရော အကုန် အပြီးငြိမ်း တစ်ယောက်ကို $260 နဲ့ ၂ယောက် $520 နဲ့ ငှားလာတာဆိုတော့ ဝင်ကြေးတွေဘာတွေလဲ ထပ်မပေးရတော့ပါဘူး။ အဝင်ဝမှာ ကိုယ့်ဝင်ဖို့အချိန်မရောက်သေးလို့ စောင့်နေတုန်း ပြည်ကြီးတရုတ် တိုးတစ်ဖွဲ့ရောက်လာတော့ သိတဲ့အတိုင်းပဲ အုံးအုံးကျွတ်ကျွတ်ကြားဖြတ်ကြသေးတာပေါ့။ အဲ့ဒါ ပန်းခြံကတာဝန်ရှိသူ အော်တာခံလိုက်ရတယ်။ နောက်မှ သူတို့ တိုးဂိုက်ရောက်လာပြီး အော်ပြောနေရတာ ကလေးတွေလိုပဲ။ ကိုယ်ကတော့ သူတို့နဲ့များ ဝင်ရတော့မလားစိုးရိမ်သွားတာ။ တော်သေးတယ် သူတို့အုပ်စုအများကြီးက အရင်ဝင်သွားလို့။ စောင့်ရတာပြဿနာမရှိဘူး။ အာ့မျိုးတွေနဲ့ တူတူမသွားရ စိတ်ချမ်းသာတယ်။ နောက် အန္ဒိယတစ်အုပ်ရောက်လာပြန်ရော။ သူတို့ကျတော့ အပျော်လွန်ပြီး လူအများစိတ်ဝင်စားခံချင်တာလားဘာလားမသိပါဘူး။ အဲလိုပဲ ဆူညံပြီး သူတို့ပဲ အဲ့နေရာပိုင်တဲ့ပုံစံမျိုးပေါ့။ ကျွန်မတို့က သူတို့နဲ့ဝင်ရတယ်။ လူပေါ်လူဇော်လုပ်ပြီး အမေးအမြန်းအရမ်းထူလွန်းပြီး နေရာရရင် သူများကို အလှည့်ပေးဖို့ အလိုက်ကမ်းဆိုးမသိတာကလွဲလို့ ပြည်ကြီးတရုတ်ထက်စာရင် တော်ပါသေးတယ်။ ပြည်ကြီးတရုတ်တွေက ဆက်သွယ်လို့ပါမရတာလေ။ အန္ဒိယတွေနဲ့ကျတော့ ကိုယ်ကလဲ ခပ်တည်တည်ပဲ သူတို့လို တိုးရင်ဖြစ်ဖြစ် စကားပြောလိုက်ရင်ဖြစ်ဖြစ် နားလည်ကြသေးတယ်။ ဒါတောင် ကျွန်မတို့နဲ့တူတူဝင်တဲ့ အနောက်တိုင်းသား စုံတွဲ ၂တွဲနဲ့ အနောက်တိုင်းသား ကောင်လေး ၃ ၄ယောက်လောက်ဆို သူတို့နဲ့ ပြိုင်ကို မလုဘူး။ သိပ်နေရာယူချင်နေတဲ့သူတွေ ပေးယူတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲ ဟိုးနောက်ကနေလိုက်တယ်။ ဟုတ်တယ်လေ ဒီဂူပဲဟာ။ သူတို့နေရာမပေးလဲ တချိန်တော့ ကိုယ်လဲကြည့်ရမှာပဲ။ နယူးဇီလန်က တခြားနိုင်ငံတွေလို လူအရမ်းမကျပ်တော့ အဲ့ဒါကတော့ စိတ်ချရတယ်။ ဂူရဲ့အလယ်လောက်မှာလဲ သူတို့ အန္ဒိယနိုင်ငံတော်သီချင်း အုပ်လိုက်ကြီးဆိုကြလို့ စောင့်ပေးရသေးတယ်။ 


အဝင်လမ်း
ဒါနဲ့ ဂူအကြောင်းဆက်ရရင်ဖြင့် အဲ့ဂူထဲမှာ အလင်းရောင်ထွက်တဲ့ Glowwarm ကောင်လေးတွေနေတယ်။ သူတို့က ပိုးစုန်းကြူးမဟုတ်ဘူးနော်။ မြန်မာလိုတော့ ဘယ်လိုခေါ်မလဲ မသိဘူး။ အကောင်လေးတွေက သေးသေးလေးတွေ။ ဒါပေမဲ့ သူတို့က အမွှေးမျှင်မျှင် သေးသေးလေးတွေ တွဲလဲကျနေတယ်။ အဲဒိအမျှင်ထိပ်လေးတွေကအလင်းရောင်ထွက်တယ်။ အဲဒိအမျှင်လေးတွေက စေးကပ်တဲ့ အရည်ကို ထုတ်ထားပြီး အဲဒိမှာလာကပ်တဲ့ ပိုးမွှားသေးသေးလေးတွေကို သူတို့က ဖမ်းစားတယ်။ အလင်းရောင်က ပိုးမွှားလေးတွေကို ဂူရဲ့ထွက်ပေါက်လို့ ထင်ပြီး အဲ့ဒိကိုလာအောင်လို့ ဖျားယောင်းပြီးခေါ်တယ်တဲ့။ သူတို့ကို နယူးဇီလန်အနှံ့အပြားက မှောင်မိုက်စွတ်စိုတဲ့ နေရာတွေမှာတွေ့နိုင်တယ်။ အထူးသဖြင့် ဂူတွေ မြစ်ကမ်းပါးအောက်အနားတွေနဲ့ သစ်ပင်တွေဖုန်းလွှမ်းပြီး မှောင်တဲ့ ချောင်တွေမှာတွေ့နိုင်တယ်တဲ့။ Glow worms လေးတွေအကြောင်း ပိုသိချင်ရင်တော့ အင်တာနက်ကနေပဲ ရှာဖတ်လိုက်တော့နော်။ စာရှည်နေမှာစိုးလို့ ဒီလောက်ပဲပြောတော့မယ်။ 

ဝိုင်တိုမို ဂူကို ရှာတွေ့ခဲ့တဲ့ သူရဲကောင်း ၂ယောက် (ငါ့အဖိုးသာဖြစ်လိုက်ပါတော့)
ဒီဂူရှိတာကို နယ်ခံ မာအိုရီလူမျိုးတွေက သိခဲ့ပေမဲ့ တကယ်တမ်း အသေးစိတ်ဂူထဲကိုဝင်ပြီး လေ့လာရှာဖွေခဲ့တာက ၁၈၈၇ ခုနှစ်က မာအိုရီလူမျိုး Tane Tinorau နဲ့ အင်္ဂလိပ်လူမျိုး Fred Mace တို့ ၂ယောက်ဟာ ဖယောင်းတိုင်မီးနဲ့ ပထမဆုံး ဝင်ရောက်လေ့လာခဲ့တာဖြစ်တယ်။ သူတို့စဝင်ခဲ့တဲ့အပေါက်က မြေအောက်ချောင်း ဂူထဲကိုဝင်သွားတဲ့နေရာဖြစ်ပြီး။ ခုဆိုရင်တော့ အဲ့ဒါကို လှေနဲ့ပြန်ထွက်တဲ့ ဂူထွက်ပေါက်အဖြစ်သတ်မှတ်ထားတယ်။ နောက်ပိုင်းကျမှ ခု ကျွန်မတို့လမ်းလျှောက်ဝင်တဲ့ အပေါက်ကို ရှာတွေ့ပြီး Visitor center ကိုဆောက်လိုက်တာ။ ၁၈၈၉ ခုနှစ်ကနေစပြီး Tane Tinorau နဲ့ သူ့ဇနီးဟာ ဂူထဲကို အလည်အပတ် တိုးဖွင့်လှစ်ခဲ့ပြီး လာလည်သူတွေကို ဝင်ကြေးအနည်းငယ်နဲ့ လိုက်လံပြသခဲ့တယ်။ ၁၉၀၆ ခုနှစ်မှာတော့ လာလည်သူတွေက ဂူအတွင်း လက်ဆော့ပျက်စီးအောင်လုပ်တဲ့အတွက် အစိုးရက ကူးပြောင်းထိမ်းသိမ်းခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာတော့ အဲ့ဒိမြေနဲ့ ဂူရဲ့ လုပ်ပိုင်ခွင့်ကို Tane Tinorau ရဲ့ မျိုးဆက်တွေကို အစိုးရက လွှဲပြောင်းပေးခဲ့တယ်။ ယခုအချိန်အထိ အဲဒိဂူကရတဲ့ ပိုက်ဆံရဲ့ ရာခိုင်နှုန်းအချို့ကို အဲ့ဒိမျိုးဆက်တွေက လက်ခံရယူနေတုန်းပဲ (ကောင်းလိုက်တာနော်… အဘိုးအဘေးက စွန့်စားပြီးရှာသွားတာ။ သားစဉ်မြေးဆက် ထိုင်စားရုံပဲ)။ အခုအချိန်ထိ အဲဒိဂူရဲ့ စီမံခန့်ခွဲရေးပိုင်းမှာ အဲဒိမျိုးစက်တွေက ပါဝင်နေရတုန်းပဲ။ လိုက်ရှင်းပြတဲ့ ဝန်ထမ်းတွေဟာလဲ များသောအားဖြင့် အဲ့ဒိမျိုးဆက်က လူတွေပဲလို့ သိရတယ်။

Waitomo Visitor center

အဝင်ကို လမ်းလျှောက်ဝင်ပြီး ဂူထဲတစ်လျှောက် လမ်းလျှောက်ရှင်းပြတယ်။ တစ်နေရာအရောက်မှာ ရှင်းပြတဲ့သူက မီးတွေအကုန်မှိတ်လိုက်ပြီး တိတ်စိတ်ခြင်းကို ခံစားခိုင်းတယ်။ ပြီးတော့ ပထမဆုံး ဒီဂူထဲကို ဝင်ခဲ့တဲ့သူတွေရဲ့ စွန့်စားတဲ့ စိတ်တစ်ခဏကို ခံစားခိုင်းတယ်။ အတော်ကို ခြောက်ခြားဖို့ကောင်းသလို စိတ်လှုပ်ရှားဖို့လဲ ကောင်းခဲ့မှာ အမှန်ပဲ။ ကျွန်မတို့ လမ်းလျှောက်ဝင်လာတဲ့ လမ်းမှာ တစ်ခါတစ်လေ မြေအောက်ချောင်းစီးသံတွေကိုကြားရပြီး တစ်ခါတယ်လေ Darkwater rafting လုပ်ပြီး ဘောစီးဝင်လာတဲ့သူတွေကိုလဲ လှမ်းတွေ့ရတယ်။ အဲ့ဒါတော့ ကျွန်မ မလုပ်ရဲဘူး ကြောက်တယ်။ ဂူထဲမှာ ချောင်းစီးနေတယ်ဆို လူက အလိုလို စိတ်ထဲ ချောက်ချားတတ်တယ်။ ခုလို ပိန်းပိတ်အောင်မှောင်နေတဲ့ ချောင်းကို ခေါင်းပေါ်မှာ တပ်တဲ့ မီးသီးနဲ့ ဒီလိုပဲ လွှတ်လိုက်တာ။ ရေထဲမှာ ကိုယ်မမြင်ရတဲ့ အကောင်ဗလောင်တွေရှိနေရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ဘယ်လောက်ကြောက်ကြောက် တစ်ကြိမ်တစ်ခါတော့ ဘဝမှာ စမ်းဖူးချင်မိတယ်။ နောက်တစ်ခါရောက်ရင်တော့ အဖော်ကောင်းရင် အရဲစွန့်ပြီး လုပ်ကြည့်အုံးမှ။ 


အန္တရာယ်ကင်းတိုင်လား ဘာလား။ မာအိုရီလူမျိုးတွေ ထောင်နေကျ ကျောက်တိုင်
ကျွန်မတို့တွေရဲ့ ခြေလျင်ကြည့်ဂူတိုး ဆုံးသွားပြီး ဂူအောက်က မြစ်ဆိပ်လေးကိုရောက်တော့ အဲ့ဒိက လှေလေးပေါ် တစ်ဖွဲ့ပြီး တစ်ဖွဲ့တက်ရတယ်။ လက်နှိပ်ဓာတ်မီးတွေ မဖွင့်ဖို့၊ ဓာတ်ပုံ flash နဲ့ မရိုက်ဖို့၊ စကားအကျယ်ကြီးပြောပြီး မဆူညံဖို့ အားလုံးကို ပြောထားတယ်။ သဘာဝအတိုင်းရှိနေတဲ့ Glow worms လေးတွေကို အနှောက်အယှက် လုံးဝအဖြစ်မခံချင်တာရယ်၊ တိတ်ဆိတ်ခြင်းနဲ့ သဘာဝတရားကို အပြည့်အဝခံစားစေချင်တာရယ်ကြောင့်ဖြစ်တယ်။ အဲ့ဒိ သင်္ဘောဆိပ်ကနေ ခွာလာပြီး အကွေ့လေးကွေ့လိုက်ရော။ ဂူမျက်နှာချက်ပေါ်မှာ Glow worms တွေ အများကြီးဟာ ကြယ်တွေလိုပဲ ပြိုးပျက်နေကြတယ်။ ပိန်းပိတ်အောင် မှောင်တဲ့ ဂူထဲမှာ အောက်က ရေပြင်၊ အပေါ်က ကြယ်တွေလို လင်းလက်နေတဲ့ Glow Worms တွေ။ ရေမျက်နှာပြင်ပေါ်က သူတို့ရဲ့ Reflection။ ဂမ္ဘီရ ဆန်သလိုလို၊ ပုံပြင်ဆန်သလိုလိုနဲ့ ကြက်သီးများပင်ထမိပါတယ်။ Pirate of the Caribbean ထဲကလို သီချင်းဆိုတဲ့ ရေသူမတွေများ ရေထဲက ထွက်လာမလား။ The Hobbit ထဲကလို နဂါးကြီးများ ရေထဲအိပ်နေမလားဆိုပြီး စိတ်ကူးထဲရောက်လာမိလို့ ကိုယ်ကတော့ တကယ်ကို တိတ်တိတ်လေးနေမိတယ်။ ဓာတ်ပုံရိုက်ဖို့လဲ မကြိုးစားခဲ့ဘူး။ ရိုက်လဲ ဘာမှ ပေါ်မှာမဟုတ်ဘူးလေ။ ဒါပေမဲ့ ဓာတ်ပုံရိုက်ဖို့ မပူပင်ပဲ အဲ့ဒိခံစားချက်ကိုအပြည့်အဝခံစားရတော့လဲ တမျိုးလေးကောင်းတယ်။ ဒီလိုနေရာမျိုးဆိုတာ အိပ်မက်ထဲမှာပဲ မြင်ဖူးခဲ့ပြီး အပြင်မှာ မရှိလောက်ဘူးထင်ခဲ့တာ။ ဘယ်တော့မှ မမေ့နိုင်မဲ့ အတွေ့အကြုံတစ်ခုပဲ။ ဒါပေမဲ့ ကျွန်မတို့ သွားတဲ့နေ့မတိုင်ခင်က မိုးရွာထားတော့ ပုံမှန် လှေနဲ့ ပြန်ထွက်တဲ့ ဂူပေါက်ကရေတက်နေပြီး လှေဝင်လို့မရတော့လို့ လမ်းလျှောက်ဝင်လာတဲ့ အပေါက်ဘက်ကနေ လာလမ်းအတိုင်းပြန်တက်ခဲ့ရတယ်။ အမှန်တော့ အထွက်က တစ်ခါတည်း လှေနဲ့ထွက်ရမှာ။

Ruakuri Cave



ကိုယ်ရိုက်တာ ခုလို မကြည်ပဲ focus မပြတ်လို့ ဂူဂဲလ်ကနေ ယူသုံးလိုက်တယ်။ ခိခိ.. ဒါက ဂူဝင်ဝကိုရောက်ဖို့ အပေါ်ကနေ ဆင်းရတဲ့ ကြောင်အိမ် လှေကားလို လျှောက်လမ်း
ဝိုင်တိုမိုဂူကနေ ထွက်လာပြီး ကျွန်မတို့ ကားဆရာကြီးနဲ့ ပြန်တွေ့တော့ သူက Ruakuri Cave ကို နောက်ထပ် ကားတစ်စီးလာခေါ်မယ်လို့ဆိုပါတယ်။ အဲ့ဒိကားပေါ်မှာ သူလဲ ဧည့်သည်အဖြစ်လိုက်လာမှာမို့ သူ့ကို ဂရုစိုက်အားနာစရာမလိုပါဘူးတဲ့။ သူလဲ အဲ့ဒိဂူကို မရောက်ဖူးလို့ တိုးလ်လက်မှတ်ဝယ်ထားလို့ ကျွန်မတို့နဲ့အတူလိုက်လည်မလို့တဲ့။ ဒီလိုနဲ့ ကျွန်မတို့ ရိုတိုရူဝါက စီးလာတဲ့ ကားပေါ်မှာ မသယ်ချင်တဲ့ပစ္စည်းလေးတွေထားခဲ့ပြီး Ruakuri Cave သွားမဲ့ကားလာခေါ်တော့ တက်ကြတယ်။ သူကတော့ တောင်းအိတ်စ် အကြီးစား လိုကားမျိုးလေး။ စုစုပေါင်း ၈ယောက်လောက်တော့ ပါမယ်ထင်တယ်။ ရှင်းပြတဲ့ ဂိုက်အမျိုးသမီးက ခပ်ငယ်ငယ်နဲ့ ခင်ဖို့တော့ကောင်းတယ်။ 


ဒီကားနဲ့ Ruakuri ကို လာတယ်

Rua ဆိုတာ “den”(မြေအောက်ခန်းလို့ မြန်မာလိုခေါ်မယ်ထင်တယ်) လို့အဓိပ္ပါယ်ရပြီး Kuri ဆိုတာက ခွေးလို့ အဓိပ္ပါယ်ရပါတယ်။ သမိုင်းကြောင်းအရတော့ လွန်ခဲ့တဲ့ နှစ် ၄-၅ရာလောက်က ငှက်ပစ်တဲ့ မုဆိုး ၂ယောက်ဟာ ဒီဂူထိပ်နားမှာ ခွေးရိုင်း ၂ကောင်ရဲ့ ရန်ပြုခြင်းကို ခံရရာကနေ ဒီဂူကို ရှာတွေ့တာလို့ ဆိုပါတယ်။ ၂၀၀၅ ခုနှစ်ကျမှ အလည်အပတ်လာစရာနေရာအဖြစ်ဖွင့်လှစ်ခဲ့တာပါ။ ဒီဂူဟာ နယူးဇီလန်မှာ အရှည်ဆုံးအလည်အပတ်ဂူတစ်ခုပါ။ ဂူရဲ့ အဝင်ပေါက်က တခြားဂူတွေနဲ့ မတူတဲ့ ကြောင်အိမ်လှေကားပုံ လိမ်ပတ်ပြီး အောက်ကို ဆင်းသွားရတဲ့ လမ်းလေးပါ။ ဂူထဲမှာ ခန်းစည်းပုံ ထုံးကျောက်ခတ်တွေနဲ့ ပုံစံအမျိုးမျိုးဖြစ်တည်နေတဲ့ သဘာဝ ကျောက်ခတ်တွေရှိပါတယ်။ သူတို့ရဲ့ သဘာဝကို ဘယ်လောက်အလေးထားလဲဆိုရင် ကျွန်မတို့ ဂူထဲက ဘယ်နံရံကိုမှ ထိခွင့်မရှိပါဘူး။ တချို့လျှောက်လမ်းတွေက လူတစ်ဦးစာပဲရှိပြီး အဲဒိနားမှာ ကျောက်ပန်းဆွဲရှိနေတယ်ဆိုရင် အဲဒိမှာ ဆင်ဆာတပ်ထားတယ်။ လူက အဲ့ဒိနားကို တအားကပ်တာနဲ့ “တီ” ဆိုပြီး alarm အကျယ်ကြီးထမြည်တယ်။ ခိုးလုပ်လို့ မရဘူး။ လိုက်ပြတဲ့ ကောင်မလေးက သေချာရှင်းပြပါတယ်။ အဲ့ကျောက်ခတ်တွေ လက်သည်းခွံလောက်လေးထပ်ကြီးလာဖို့ နှစ် ၁၀၀ စောင့်ရတယ်လို့ဆိုပါတယ်။ ဒါဆိုရင် ဒီဂူကြီးတစ်ခုလုံးမှာ ဒီလောက်ကြီးတဲ့ကျောက်ခတ်တွေကိုကြည့်ရင် ဒီဂူရဲ့ သက်တမ်းကို ကျွန်မတို့အားလုံးမှန်းကြည့်လို့ရပါတယ်။ လူတွေကြောင့် သဘာဝတရားကြီးရဲ့ အလိုအလျှောက်ဖြစ်မှုတွေကို မထိခိုက်စေချင်ပါဘူး။ နှစ် ၁၀၀ဆိုရင် ကျွန်မ တစ်သက်တော့ ဒီဂူထဲက ကျောက်ခတ်ပုံစံတွေဟာ မပြောင်းလဲပဲရှိနေအုံးမယ်ထင်ပါတယ်။ ဂူရဲ့ တချို့နေရာတွေမှာ သွားလို့မရပေးမဲ့ ရေတံခွန်သံအကျယ်ကြီးကြားနေရတယ်။ မှောင်မဲနေတဲ့အချိန် မြေအောက်မှာ ရေတံခွန်သံကြားနေရတော့ ကြည့်ချင်မိလို့ လက်နှိပ်ဓာတ်မီးထိုးကြည့်တော့ ရေတံခွန်မှ တော်တော်ကြီးတာ။ တစ်နေရာအရောက်မှာလဲ ဝရံတာလေးလိုနေရာကနေ ကျွန်မတို့ကို ငုံ့ကြည့်ခိုင်းတော့ ဘယ်လောက်ထိနက်တဲ့ ချိုင့်ဝှမ်းကြီးလဲတော့ မသိဘူး။ ကျွန်မတို့ မြင်ရသမျှ မျက်စိတစ်စုံးတော့ မဆုံးသေးဘူးထင်တာပဲ။ အာ့မျိုးဆို ကျက်သီးမွှေးညင်းထတယ်။ အထူးသဖြင့် ကင်မရာ ပြုတ်ကျမှာကို… ဒါနဲ့ ပြောရအုံးမယ်။ ဒီဂူရဲ့ မြေပြင်ပေါ်က လယ်တောပိုင်ရှင်တွေဟာလဲ ဒီဂူကို လာလည်တဲ့ ဝင်ငွေထဲက ရာခိုင်နှုန်းတစ်ချို့ကို ရတယ်တဲ့။ ကိုယ့်မြေအောက်မှာ ဂူလာဖြစ်နေတော့ အလကားနေ ပိုက်ဆံရနေတော့တာသာကြည့်။ ကိုယ်တွေအမိနိုင်ငံကြီးမှာ အဲလိုများသားဖြစ်ကြည့် ကိုယ့်အပေါ်က မြေပါ မသိမ်းသွားရင် ကံကောင်းနေမယ်။


ဂူထဲက ကျောက်ခတ် ပန်းဆွဲတွေ




လိုက်ကာပုံ ကျောက်ခတ် ပန်းဆွဲ
နှစ်ပေါင်းဘယ်လောက်ကြာအောင် ဒီကျောက်ခတ်တွေဖြစ်တည်ခဲ့ကြသလဲ...

ဂမ္ဘီရ ဆန်ဆန် ကျောက်ဂူကြီးထဲမှာ ဘာတွေဖြစ်ပျက်ခဲ့ဖူးသလဲ...
ဂူအဆုံးက ကျောက်ပန်းဆွဲများနှင့်အတူ

အရှည်ဆုံးဂူလို့မပြောရဘူး အဲဒိဂူကို လည်ပတ်တဲ့ Tour က ၁နာရီခွဲ-၂နာရီလောက်ကြာတယ်။ ဂူကတော်တော်ကိုရှည်ပြီး ပြတဲ့သူကလဲ တာဝန်ကျေစွာ အဆုံးထိပြတယ်။ တစ်လမ်းလုံးလဲ ရှင်းပြတယ်။ ဒိဂူကိုလာတဲ့ အဖွဲ့ကတော့ အလိုက်ကမ်းဆိုးမသိတဲ့ လူမျိုးတွေ မပါဘူး။ အားလုံးက တစ်ယောက်ကိုတစ်ယောက်ဦးစားပေးကြ နားလည်ကြတယ်။ ဂူထဲက ဆလိုက်မီးတွေကလဲ အမြဲဖွင့်မထားဘူး။ သဘာဝကို ထိခိုက်မှာစိုးလို့ထင်တယ်။ ကျွန်မတို့ လူတွေလာမှ လိုအပ်သလိုဖွင့်ပြတယ်။ ပြန်ထွက်တာနဲ့ ပြန်ပိတ်ပဲ။ ဂူအဆုံးရောက်တော့ အားလုံးကို ဓာတ်ပုံရိုက်ချင်ရိုက်ဖို့ မီးတွေဖွင့်ပေးတယ်။ ဖိလစ်ပိုင်အတွဲတစ်တွဲက ပိုလာရိုက်စ်ကင်မရာ လေးနဲ့ ရိုက်တော့ ဂိုက်ကောင်မလေးက အဲ့ဒိကင်မရာလေးတွေက ဈေးကြီးလာ။ ဘယ်လောက်လဲမေးတယ်။ ဟိုအတွဲက သူတို့လဲ သေချာမသိဘူးဆိုတဲ့ ပုံစံလုပ်နေတော့ ကိုယ်လဲဝင်ပြောဖြစ်လိုက်သေးတယ်။ ကင်မရာက ဒီလောက်ဈေးမကြီးဘူး ဖလင်က ဈေးကြီးတာလို့။ သူတို့အတွဲပြီးတော့ ကိုယ်တို့ရိုက်ဖို့စောင့်နေတာလေ။ ကိုယ်တွေကင်မရာပေးတော့ သူက ရိုက်ပေးပြီး နင်တို့ ကင်မရာလေးက ကောင်းလိုက်တာ ရိုက်ရတာလဲ လင်းတယ်။ ဘာမှလဲ ချိန်စရာမလိုဘူးတဲ့။ ပြီးတော့ ကင်မရာဒီဇိုင်းလေးက old school ပုံစံလေးတဲ့ (အရင်ခေတ်က ရီထရိုပုံစံလေး) ဆိုပြီး သူက သဘောကျနေတာ။ ကိုယ်တွေကလဲ ကင်မရာဆို နည်းနည်း ခရေဇီဖြစ်တော့ ဒီနယူးဇီလန် ဟန်းနီမွန်းကိုဒီနေ့လာမယ်ဆို မနေ့ညနေကမှ Samsung က အသစ်ထွက်တဲ့ NX500 ကို ဝယ်ခဲ့တာ လပ်လပ်ဆတ်ဆတ်လေ။ ဟုတ်တယ်… DSLR တွေက အရမ်းလေးပြီး သယ်ရတာမလွယ်ဘူး။ ငါတို့လို ဓာတ်ပုံဆရာမဟုတ်ပဲ ဓာတ်ပုံဝါသနာပါသူတွေအတွက် ဒီကင်မရာက သယ်ရတာ ပေါ့တယ်၊ ပုံထွက်က ပရို quality ရတယ်။ ဗွီဒီယိုဆိုလဲ 4K quality ရတယ်။ ဒီဇိုင်းလေးကလဲ အရင်ခေတ်ပုံစံလေးမို့ လှတယ်။ အဲ့ဒါ Samsung က ရိုးရိုး user တွေအတွက် နောက်ဆုံးထွက်တာလို့ပြောပြလိုက်တော့ သူက ကင်မရာအကြောင်းသိပ်သိပုံမရဘူး။ ဟုတ်လား။ ငါက ကင်မရာအကြောင်းတော့ မသိဘူးတဲ့။ ဒါပေမဲ့ ဒီကင်မရာလေးကတော့ တော်တော်ကောင်းတယ်တဲ့။ ကိုယ်ကလဲ ကိုယ်သုံးရတာကြိုက်လို့ Recommend ချင်တာ ကြွားသလိုဖြစ်သွားသလားတော့ မသိ။


ဂူထဲမှာ ပြူးတူးကြောင်တောင်ဖြစ်နေစဉ် ပါပါရာဇီတစ်ဦးမှ ရိုက်လိုက်သည့် လက်ရာ


ပြန်ပြီကွယ်...
ဒီကင်မရာမျိုးလေး။

ညနေ ၄နာရီခွဲလောက်ကျတော့ အဲ့ဒိ ဂူ Tour ပြီးပြီ ကျွန်မတို့ကို ဝိုင်တိုမို အလည်အပတ်စင်တာနားပြန်ချပေးတယ်။ ကျွန်မတို့ ကားက အဲ့မှာကျန်ခဲ့တာကိုး။ ဒီလိုနဲ့ စကားပြောလိုက် အိပ်ပျော်လိုက်နဲ့ ပြန်လာဖြစ်တယ်။ အပြန်ကျတော့ ပိုကြာတယ်ထင်ရတာ လူ့စိတ်သဘာဝပဲထင်ပါတယ်။ အပြန်မှာသူက အဲ့ဒိ နယူးဇီလန်ရဲ့ အကြီးဆုံးရေအားလျှပ်စစ်စက်ရုံနဲ့ ဆည်ကြီးကို ဝင်ပြတာပေါ့။ သိတဲ့အတိုင်း ညနေ ၅နာရီခွဲလောက်ကျတော့ မှောင်သွားရော။ ကျွန်မတို့က အဲ့ဒိည သန်းခေါင်ကားနဲ့ overnight စီးပြီး နယူးဇီလန်ရဲ့ မြို့တော် Wellington ကိုသွားမှာလေ။ အချိန်ကုန်လဲ သက်သာသလို ဟော်တယ်ခလဲ ၁ညသက်သာတာပေါ့။ မနက်ကတည်းက အထုတ်အပိုးတွေသိမ်းပြီး ကောင်တာကိုအပ်ခဲ့တာလေ။ ကားမောင်းတဲ့ ဦးလေးကြီးက သဘောကောင်းပါတယ်။ ကျွန်မတို့ကိုဟော်တယ်မှာ အထုတ်တွေဝင်ယူပြီး မြို့ထဲ ထမင်းစားချင်တဲ့ ဆိုင်နားလိုက်ပို့ပေးမယ်တဲ့။ သူက ယိုးဒယားစာကြိုက်ကြောင်းနဲ့ သူစားနေကျ ဆိုင်အကြောင်းပြောတယ်။ ဒါပေမဲ့ အဲ့ဆိုင်က ထိုင်စားလို့မရဘူး။ ထုတ်သွားတာပဲရတယ်။ ကျွန်မတို့က ကားက ည ၁၂နာရီလောက်မှ လာမှာဆိုတော့ ခုမှ ၇နာရီပဲရှိသေးတယ်ဆိုတော့ ထိုင်စရာလိုတယ်လေ။ ကျွန်မတို့ သိတဲ့ ညနက်ထိဖွင့်တဲ့ဆိုင်က မနေ့က စားခဲ့တဲ့ ကိုရီးယားဆိုင်ပဲဆိုတော့ အဲ့ဒိကိုပဲ သွားလိုက်တယ်။ သူကတောင် အဲ့ဆိုင်ကို မသိဘူးတဲ့။ ကျွန်မတို့က ကောင်းတယ်ပြောတော့ နောက်မှ လာစားရမယ်တဲ့။ ကျွန်မတို့ကို အဲ့ဒိကိုရီးယားဆိုင်ထဲက ဆိုင်ရှင်ရော ကိုရီးယမ်းရော၊ စားပွဲထိုး အန္ဒိယ အမျိုးသမီးရောက မှတ်မိတယ်။ အပြင်မှာက ရာသီဥတုအေးရတဲ့အထဲ မိုးလေးကလဲ မဆိုသလောက်လေး ရွာနေသေးတော့ ကျွန်မက စွပ်ပြုတ်ပူပူလေးပဲ သောက်ချင်တော့ Spicy Beef soup နဲ့ သူကတော့ ထမင်းကြော်စားတယ်။ စင်္ကာပူမှာ စားနေကျ Spicy Beef soup လိုမျိုး အရွက်တော့ များများစားစားမပါလို့ နည်းနည်းတော့ စိတ်ပျက်မိပေမဲ့ ဒီမှာတော့ ဒီလောက်ပဲရမှာပေါ့လေ။ စားပြီးပေမဲ့ အထုတ်အပိုးတွေနဲ့ သွားစရာနေရာမရှိတော့ ငါတို့ ဒီမှာ ထိုင်နေလို့ရတယ်မဟုတ်လားဆိုတော့ သူတို့က ခွင့်ပြုပါတယ်။ ဟုတ်တယ်လေ သူတို့ဆိုင်ထဲမှာ နေရာတွေအများကြီးကျန်သေးတာပဲဟာ။ ကိုယ်လဲ အင်တာနက်မရှိတော့ ဒီလိုပဲ ငုတ်တုတ်လေး အချိန်ကို ထိုင်စောင့်ရင်း အဲ့ဒိမှာစားနေတဲ့ တရုတ်တွေဝိုင်းကိုကြည့်လိုက် အိမ်သာလေးသွားလိုက် စားပွဲထိုး အန္ဒိယအမျိုးသမီးနဲ့ စကားလေးပြောလိုက်ပဲပေါ့။ သူ့အမျိုးသားက နယူးဇီလန်မှာ ကျောင်းလာတက်နေတာ။ သူကတော့ သူ့အမျိုးသားနောက်လိုက်လာရင်းနဲ့ ခုလို Part time အလုပ်ဝင်လုပ်နေတာတဲ့။ သူက ဘာဗီဇာနဲ့ နေနေတာလဲတော့ ကျွန်မလဲ မသေချာဘူး။ နယူးဇီလန်ကို ရောက်တာ ၁လလောက်ပဲရှိသေးတယ်တဲ့။ နေသားတော့ သိပ်မကျသေးဘူးတဲ့။ 


Spicy Beef soup ကတော့ မဆိုးပါဘူး။ 

ထမင်းကြော်က အမြင်သိပ်မလှပေမဲ့ အရသာ မစိုးပါဘူး။

ည၉နာရီလောက်ရောက်တော့ သူတို့လဲ ဆိုင်ပိတ်ချိန်နီးလာပြီလေ။ ထိုင်တာလဲ ၂နာရီကျော်နေပြီဆိုတော့ အားနာတာနဲ့လဲ တိတ်ပြီဆိုတော့ ဆိုင်ထဲကနေ ထွက်လာခဲ့တယ်။ အဲ့အချိန်မှာ သတိရမိတာက Polynesian Spa က တော်တော်မိုးချုပ်တဲ့အထိဖွင့်တယ်ဆိုတာပဲ။ စောစောကသိ အဲ့တန်းသွားပါတယ်။ အဲ့ထဲမှာက ကော်ဖီဆိုင်လေးလဲရှိတယ်ဆိုတော့ ကော်ဖီသောက်ရင်းထိုင်နေလို့ရသလို Free wifi လဲရှိတယ်လေ။ ဒီလိုနဲ့ Polynesian Spa ထဲကိုဝင်ပြီး ကော်ဖီလေးသောက် Free wifi လေးသုံးပြီး အသိနောက်ကျလေခြင်းဖြစ်ရတယ်။ ည ၁၁နာရီလောက်လဲကျရော ကော်ဖီဆိုင်ရော Polynesian Spa ရော ပိတ်တော့ ကျွန်မတို့နေစရာပျောက်ပြန်ရော။ အဆောက်အဦးထဲက ထွက်တာနဲ့ ချမ်းစိမ့်နေတဲ့ လေအေးကလဲ လူကို ဖြတ်တိုက်တာ။ ကဲ… မာန်တင်းစမ်း။ ဒါလဲ အတွေ့အကြုံပဲလေ။ စင်္ကာပူမှာဆို အပြင်ကပူ အထဲကအေး။ အအေးခံချင်လို့ အဆောက်အဦးထဲ ဝင်ရတယ်။ ဒီမှာကတော့ ဗြောင်းပြန်။ အပြင်ကအေး။ အထဲက နွေး။ ဒီလိုနဲ့ မထူးပါဘူး ကားဂိတ်ဖြစ်တဲ့ Rotorua မြို့ရဲ့isite မှာပဲ သွားစောင့်တာပေါ့ဆိုပြီး ထွက်လာတော့ အဲ့ဒိဂိတ်မှာ ကောင်မလေးတစ်ယောက် ထိုင်ခုံမှာထိုင်ပြီး ကွေးနေတာတွေ့တယ်။ တော်သေးတာပေါ့ အဖော်ရှိပြီလေ။ ကိုယ်လဲ သူ့လို လိုက်ကွေးရုံပေါ့။ အဲ့ဒိနားမှာတော့ လူတစ်ယောက် စကားလာပြောသေးတယ်။ ဒါပေမဲ့ ကိုယ်ကလဲ လုယက်တဲ့သူဖြစ်မှာစိုးလို့ သိပ်စကားမပြောဖြစ်ဘူး။ ချမ်းနေတာလဲ ပါတာပေါ့။ Mr.Right ကတော့ အဲ့ဒိလို overnight ကားစီးပြီး ခုလိုဖြစ်ခဲ့တာကို “ဘုရားစူး… ဟန်းနီးမွန်း” ပင်ပန်းလိုက်တာလို့ တစ်ခါတစ်လေပြောချင်တယ်။ ပျားရည်ဆမ်းခရီးက ကျွန်မရွေးတဲ့ နေရာလေ။ ကျွန်မကလဲ အမှန်ဆို “ပျားရည်ဆမ်းမို့ အဲ့လောက်ပဲ လုပ်တာ” … ကိုယ့်ဟာကိုယ်ဆိုရင် ဒိထက်တောင် စွန့်စားလိုက်အုံးမှာလို့ပြောရင်း overnight ကားစီးတဲ့အကြောင်းတော့ Day 8 နဲ့ကျမှပဲ ပေါင်းပြောပြတော့မယ်နော်…


တစ်နေကုန် မိုးရေထဲလျှောက်သွား၊ ဂူတစ်ကာ လျှောက်ဝင်ထားတဲ့ ဟန်းနီးမွန်နာ ၂ယောက်ရဲ့ စုတ်ပြတ်သတ်နေသောရုပ်... ခိခိ

Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day8

5 comments :

Anonymous said...

ချစ်စရာကောင်းတဲ့ ဟန်နီမွန်နာလေးတွေ ဟိဟိ

yumm

ဆုမြတ်မိုး said...

နယူးဇီလန်မုဒ်ဖြစ်နေပြီမဗေဒါရယ်...သူများလည်းစွန့်စားချင်သူပါ...။ ယောက်ျးတွေက စွန့်စားချင်စိတ်သိပ်မရှိဘူး..။ ဒီခေတ်မှာ မိန်းကလေးတွေပဲရဲရဲတောက်း)

နောက်အပိုင်း မျှော်နေတယ်နော်..
ဆုမြတ်

Moon Lay said...

Nice post with Happy Honeymoon. Keep on Writing for Travel Post and Movie Reviews. I always search back ur blog before we go the place. Very Useful for me. :)

Anonymous said...

ငွေဆောင်ပို့စ်လာဖတ်တာ နယူးဇီလန်ပို့စ် မဖတ်ရသေးတာကို ခုမှတွေ့တယ် ဖုန်းနဲ့ဖတ်မရတော့ နောက်မှဖတ်မယ်လုပ်ရင်း မေ့သွားတာနေမယ်

Anonymous said...

ပို့စ်လေးဖတ်ပြီး ကောမန့်ရေးပြီးပြီမှတ်နေတာ ဟိုနေ့က facebook မှာ မဗေဒါက ခရီးသွားပို့စ်လေးတွေ စုပြီးစာအုပ်လေးလုပ်ရကောင်းမလားရေးထားတော့ ကိုယ်ကလဲ ပိတ်သတ်ကြီးတို့ ဝတ္တရားရှိသည့်အတိုင်း အရင်က ခရီးသွားပို့စ်လေးတွေပြန်ဖတ်မိမှ ဒါလေးကောမန့်မရေးရသေးတာသွားတွေ့တယ် အရင်က ပို့စ်တွေနဲ့ ခုနောက်ပိုင်းဟာလေးတွေမှာ သတိထားမိတာက ခုကျတော့အရေးအသားလေးတွေ ပိုရင့်ကျက်လာတယ် ဖတ်တဲ့လူတွေ တကယ်သွားဖြစ်ရင် လွယ်ကူအဆင်ပြေဖို့ information တွေ ထိရောက်စွာပေးဖို့ကို တော်တော်လေး အားထုတ်ထားတာလေးတွေတွေ့ရတယ်ပေါ့နော် အခုနောက်ပိုင်းမှာ ဝိုင်းဆိုဖတ်ပြီးရင် ဟယ် ဒါလေးတော့ငါမသိသေးပါလား မကြားဖူးသေးပါလားဆိုပြီး ယောကျာ်းကိုပါလှမ်းလှမ်းပြောမိတယ် ဟယ် ဒါကြီးကတော့ ဒီလိုတဲ့ သိလား ဆိုပြီးတော့
အရင်က မိန်းကလေးချင်းပိုပြီး ခွီချင်စရာကောင်းတဲ့ ဝေဖန်ရေးလေးတွေပိုပြီးဖတ်ရတတ်တဲ့ ကိုရီးယားခရီးက အီးဖွားဖွားတို့လို ပို့စ်လေးတွေကိုလဲလွမ်းလျက်ပါလို့

ခင်တဲ့
Wine