Monday, October 19, 2015

မဲတပြားအတွက် ဆီထမင်း


ဘလော့ပေါ် မရောက်တာ ၃ပတ်ကျော်သွားပြီ။ ကိုယ့်ဘာသာကိုယ် ဘာတွေ အလုပ်များနေမှန်းကို မသိတာ။ ခရီးသွားပိုစ့်ဆက်ရေးဖို့တော့ ခေါင်းထဲအမြဲရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကိုယ့်နိုင်ငံအပြောင်းအလဲ ခရီးစဉ်မှာ အထင်ကရဖြစ်လောက်တဲ့ ကြိုတင်မဲပေးပွဲအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပေးခဲ့တာလေးကို မှတ်တမ်းတင်ထားချင်မိတယ်။ ဖေ့ဘွတ်ပေါ်မှာတော့ ခုလို မြန်မာရွေးကောက်ပွဲအတွက် နိုင်ငံအသီးသီးမှာ ကြိုတင်မဲအကြောင်းတွေချည်းပြည့်နေပေမဲ့ Google ကနေရိုက်ရှာလိုက်ရင် ဘာမှ သိပ်မထွက်လာဘူး။ ဘလော့တွေ တိမ်ကောပြီး အသစ်တွေမတင်တော့တာကို စိတ်မကောင်းစွာတွေ့ရတယ်။ ဖေ့ဘွတ်မှာတင်တာတွေက Google ဖို့ မလွယ်ဘူးလေ။


All the ingredients and materials (first batch)

စင်္ကာပူက မြန်မာနိုင်ငံသားတွေအတွက် ကြိုတင်မဲပေးကာလကို အောက်တိုဘာ ၁၅ရက် ကြာသပတေးနေ့ကစတယ်။ အဲ့နေ့ ပုံတွေတက်လာတော့ လူတွေအများကြီး တန်းစီနေရတာတွေ့တယ်။ ဒါပေမဲ့ ကြားရက်ဆိုတော့ နောက်ရက်တွေလောက် မများသေးဘူး။ သောင်္ကြာနေ့ နေ့လည်လောက်မှာ စေတနာရှင်တွေက ရေဗူးလိုက်ဝေနေတာတွေ့တော့ ကိုယ်လဲ မုန့်လိုက်ဝေချင်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဟိုးအရင်က ပတ်စပို့သက်တမ်းတိုးဖို့မနက် ၄နာရီလောက်သွားတန်းစီရတုန်းက မနက်စောစောဆို ဘယ် shopping mall မှ မဖွင့်လို့ အိမ်သာဘာညာအဆင်မပြေ။ မုန့်စားမယ်ဆိုရင်လဲ အနီးဆုံးက အော့ချက်လမ်းအထိ ပြန်လျှောက်ရမယ်။ အဲ့ဒိအချိန်က Q နံပါတ်ပေးတဲ့ စနစ်မဟုတ်သေးဘူး။ ဒီလို ကိုယ်တိုင် တန်းစီပဲလေ။ အဲလို့ဆိုတော့ အဝေးကြီးသွားပြီး မုန့်သွားစားဖို့ဆိုတာလဲ မလွယ်လှဘူး။ သံရုံးနေရာကိုက အဲ့လိုနေရာမျိုး။ ဒီတော့ ခုလို အစောကြီးသွားတန်းစီကြတဲ့သူတွေအတွက် မနက်စာလေးများ အစာပြေစားလိုက်ရရင် သိပ်အကျိုးပြုမှာပဲတွေးမိတယ်။ ဒီလိုနဲ့ နေ့လည် ထမင်စားချိန်မှာ အိမ်ပြန်ပြီး အဲ့ဒိအကြောင်းပြောမိတော့ အမေရော အစ်မရောက အားတက်သရော ဘာကျွေးရင်ကောင်းမလဲစဉ်းစားကြတယ်။


Soak the Glutinous Rice in the water

Mix with a few Turmeric powder, fill the water just to cover the Glutinous Rice surface almost about 1 inch and add a bit of cooking oil and put it on stove


အစကတော့ စိတ်ကူးသက်သက်ပဲ တကယ်အကောင်ထည်ဖော်မဖော်မသိဘူး။ နောက်တော့ အမေက ဆီထမင်းက လုပ်ရတာလဲ လွယ်တယ် ချက်ရတာလဲ အချိန်သိပ်မကြာသလို စားတဲ့သူတွေအတွက်လဲ ကယိကထသိပ်မများဘူး။ နောက်ပြီး မြန်မာမနက်စာ စစ်စစ်ဆိုတော့သူတို့အတွက်လဲ အာသာပြေတယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ အမေက ခြေထောက်နာနေတော့ လမ်းလျှောက်ရင်တောင် ထော့နဲ့ထော့နဲ့ဖြစ်နေတော့ ရပါ့မလားဆိုပေမဲ့ ရတယ်တဲ့။ အဖေကတော့ ငါမပါဘူးနော်ဆိုပြီးပြောတယ်။ သိနေတယ်လေ ဒီသားအမိတွေ စကြ ပြီးရင် သူနဲ့ အဆုံးသတ်လေ။ ဟိဟိ… သူမပါလို့ကို မရတာ။ ဒီလောက်ပြောထားမှ တော်ကာကျမယ်ဆိုတော့ သူသိနေပြီ။ ခိခိ

အလှူလုပ်ရင် အမြဲတမ်း ကောင်းတာတွေကိုပဲ လုပ်ချင်တယ် မဗေဒါ အစ်မရဲ့ logic က မကျွေးရင် လုံးဝမကျွေးဘူး။ ကျွေးရင်လဲ ကောင်းကောင်းကျွေးမယ်တဲ့။ ဆီထမင်းဆိုတော့ စားရင် လက်ပေမဲ့စိုးလို့ တစ်ရှူးလေးတွေ တစ်ခါတည်းကမ်းမယ်။ နောက်ပြီး ဇွန်းလဲတစ်ခါတည် တပ်ပေးမယ်တဲ့။ ပလတ်စတစ်အိတ်နဲ့ထုတ်ရင် မလှမှာစိုးလို့ ပလတ်စတစ်ဗူးလေးတွေဆို လှလဲလှတယ်။ စားရတာလဲ အဆင်ပြေတယ်ဆိုပြီး သူ့ဟာသူ သောင်္ကြာနေ့ နေ့လည်တင် သွားဝယ်တယ်။ အိမ်မှာ ပဲပြုတ်မရှိတော့ ပင်နီဆူလားက ဆိုင်တွေသွားဖို့ကျ ကျွန်မတို့က ဝေးတာနဲ့ သူ့ဟာသူနေတဲ့ Mr.Right ကို အလုပ်က အပြန် သွားဝယ်ပေးဖို့ နားပူနားဆာလုပ်ရတယ်။ သူက အနီးဆုံးလေ။ ပဲပြုတ် ၁၀ထုတ်၊ နှမ်းအကြီး ၂ထုတ်လို့ … ဟီး…


Wait till all the water gone and started to hear crispy sound... of course you need practice to make it perfect like that "Not burn, but still got ဂျိုးကပ်" I like that ဆီထမင်းဂျိုး the most

Starting to place it in the box, we had to cut those oil paper to put in the box as well...
ကျွန်မ ညနေအလုပ်ဆင်းတော့မှ ညီအစ်မ ၂ယောက် ကောက်ညှင်းနဲ့ ကျန်တဲ့ လိုအပ်တာတွေ ဝယ်ဖို့ ဈေးသွားကြတယ်။ အစက ကောက်ညှင်း ၁ကီလိုထုတ် ၆ထုတ်၊ ဆီတစ်ဗုံး ဆို တော်တော်များများရမယ်ထင်တာ အဲ့ဒါက ဗူး ၁၅၀လောက်မှာတင် ကုန်တော့မလိုဖြစ်တော့ Mr.Right နဲ့ ကျွန်မ ညဘက်ကျမှ နောက်ထပ် ကောက်ညှင်း ၆ထုတ် စုစုပေါင်း ၁၂ကီလိုဖြစ်သွားတယ်။ ဖေ့ဘွတ်ပေါ်မှာ တန်းစီနေတဲ့လူတွေအခြေအနေက တက်နေတာလေ။ အစက ည ၉နာရီလောက်မှာတင် လူ ၈၀၀ ရှိနေပြီဆိုတော့ ဟုတ်ကော ဟုတ်ရဲ့လား ထင်မိတယ်။ နောက်တော့ ၁၁နာရီလောက်ကျတော့ လူ ၂၀၀၀ ကျော်တန်းစီနေပြီတဲ့လေ။ ဒါပေမဲ့ ကိုယ်တွေ ညနေ ၆နာရီလောက်က စလုပ်တာ ဗူးထဲ ပဲပြုတ်က ပူပြီး ပိတ်လိုက်ရင် အောင်းသွားမှာစိုးလို့ အေးဆေး အအေးခံဘာညာ အစက လုပ်နေတာ ည ၉နာရီလောက်ထိမှ ဗူး၁၀၀ ထည့်ပြီးတယ်။ ဗူးပိတ် တစ်ရူးကို တစ်ဗူးချင်းစီမှာ မကပ်ရသေးဘူး။ ဒီလိုနဲ့ နောက်ပိုင်းတော့ အားလုံး ဇာတ်တိုက် လုပ်ရတော့တာပေါ့။ ဗူးထဲထည့်ပေမဲ့ ကျန်တဲ့ ကြက်သွန်ကြော်၊ နှမ်းထောင်း၊ မြေပဲ လိုက်ထည့်သေးတာဆိုတော့ ဗူးက ချက်ချင်းမပိတ်ဖြစ်ဖူးဆိုတော့ အေးဖို့အချိန်နည်းနည်းတော့ရပါတယ်လေ။ ဒီလိုနဲ့ သားအမိတွေ မနားတမ်းလုပ်လိုက်တာ ည ၂နာရီလောက်ကျတော့ အမေ့အလုပ် ဆီထမင်းထိုးတာ အားလုံးကုန်သွားတယ်။ လူကြီး ၂ယောက်ကိုတော့ ဝင်အိပ်တော့လို့ ပြောလိုက်တာပေါ့ သူတို့ ခံနိုင်မှာ မဟုတ်ဘူးလေ။ ကျွန်မရယ်၊ Mr.Right ရယ်၊ အစ်မရယ်ပဲ ။ သူတို့ ၂ယောက်က ဗူးပြင်၊ ကျွန်မက နောက်ဆုံးအဆင့် စစ်ဆေးပြီး ဗူးပိတ်၊ တစ်ရူးကပ်၊ မနက်ယူသွားမဲ့ အိတ်ထဲ စီစီရီရီထည့် အရေအတွက်ဘယ်လောက်ပြီးပြီလဲ မှတ်လုပ်နေတာ။ ၃နာရီလောက်ကျတော့ Mr.Right ကို ဝင်အိပ်ခိုင်းလိုက်တယ်။ သူက အအိပ်မက်တဲ့သူ။ သူအိပ်ရေးမဝရင် Dark Circle က အကြီးကြီးမြင်ရတယ်။ အလုပ်ပိတ်ရက် စနေနေ့ မနက် အစောကြီးထရမယ်ဆိုတာတင် သူ့အတွက်က တော်တော်လေး ခက်ခဲတဲ့ အလုပ်။ ၃နာရီသူဝင်အိပ်တဲ့အချိန် နောက်ဆုံး ၁ဒယ်လောက်ပဲထည့်ဖို့ကျန်ပါတော့တယ်။ ကျွန်မနဲ့ အစ်မလဲ လုပ်နေရင်းနဲ့ ဦးနှောက်တွေက နှေးလာပြီလေ။ နောက်ဖေးသွားပြီး ဘာသွားယူဖို့သွားမှန်း မေ့တာနဲ့။ ယောင်ဝါးဝါးတွေဖြစ်နေပြီ။ အတွေးထဲမှာ ဗူး ၅၀၀လောက်မှန်းထားတာ ဗူး ၁၀၀တင် ၂နာရီကျော်ကြာအောင် လုပ်ရတယ်။ ည ၂နာရီခွဲမှာ ဗူး ၂၀၀ ပြီးတယ်။ မနက် ၅နာရီခွဲမှာ အားလုံးပေါင်း အပြီးအစီး ဗူး ၃၆၀ ပြီးတယ်။ ၁၂ကီလိုလုပ်တာတောင် ဗူး ၅၀၀ မရဘူး။ ကိုယ်က ဗူးတွေကို တွန့်တိုပြီးထည့်ရင်တော့ရတာပေါ့လေ။ ဒါပေမဲ့ စားရတဲ့သူတွေ ကောင်းကောင်းစားရ၊ မစားရတဲ့သူကျတော့လဲ ဘယ်တတ်နိုင်မလဲ။ စားရပြီး အရေအသွေးညံ့နေတာနဲ့ မဝရေဆာဆို မကောင်းဘူးလေ။

woo hoo... Final products with full packaging, 200 packets at 2:33AM

All done at 5:30AM.. Ready to deliver
အမှန်တော့ အစ်မနဲ့ ကျွန်မက တစ်ခါတည်းပဲ သွားဝေလိုက်ချင်စိတ်ဖြစ်မိတယ်။ ဒါပေမဲ့ လူကြီးတွေနဲ့ Mr. Right ကို နှိုးဖို့ကလဲ ကိုးလို့ကန့်လန့်ဖြစ်နေတာနဲ့ ကိုယ်လဲ ၁နာရီခွဲလောက်တော့ အိပ်ချိန်ရပါတယ်ဆိုပြီး ဝင်အိပ်လိုက်တယ်။ စိုးရိမ်တာက ပြန်မနိုးမှာကို။ ပြီးတော့ ကိုယ့်ကို volunteer လုပ်ပေးမယ်ဆိုပြီး ပြောထားတဲ့ သူငယ်ချင်း ၂ယောက်ကို မနက် ၈နာရီခွဲအရောက်လို့ပြောထားတယ်။ ဒါပေမဲ့ ခုတော့ နည်းနည်းစောသွားမယ်ဆိုပြီး ၈နာရီအရောက်လို့ မတ်စေ့ပြန်ပို့လိုက်တယ်။ စိတ်ကြောင့်ပဲလားတော့မသိပါဘူး သံပတ်တောင် မမြည်သေးခင် ၆နာရီခွဲပြန်နိုးလာတယ်။ ဒါနဲ့ ရေမိုးချိုး လိုက်နှိုးပြီး သွားဖို့ ပြင်ဆင်တယ်။ တိုက်စီကိုတော့ on call ၂စီးခေါ်ရတာပေါ့။ ကိုယ့် ဆီထမင်းတွေက နည်းမှ မနည်းပဲ။ ကျွန်မနဲ့ Mr.Right က တစ်စီး။ အဖေ၊အမေ၊ အစ်မက တစ်စီး။ အသွားတိုက်စီသမားကတော့ သူတို့နိုင်ငံမှာလာအလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ကြိုက်ပုံမရဘူး။ စကားပြောကြည့်တာနဲ့သိတယ်။ ကိုယ့်ကိုတော့ ရိုင်းရိုင်းဘာမှ မပြောပါဘူး။ ဒီနိုင်ငံမှာ အလုပ်လုပ်နေရတဲ့နင်တို့လူမျိုးတွေက ကံကောင်းတဲ့သူတွေတဲ့။ ပြီးတော့ သံရုံးနားက လူတန်းကြီးကို သူက သိတယ်။ ဘာလုပ်နေလဲမေးလို့ ရှင်းပြလိုက်တယ်။ ခု ငါက အဲ့လူတန်းကြီးကို မုန့်အလကားသွာကျွေးမလို့လို့။ နင်ရော မပေးဘူးလားတဲ့။ ငါက မြန်မာပြည်မှာ ပေးမှာလို့ပြောလိုက်တော့ သူက နင်က ဒီကို အလည်လာတာလားတဲ့။ ဒီမှာအလုပ်လုပ်နေတာလို့ပြောရင် ဂျေက ဝင်အုံးမှာမို့ ရှုပ်လို့ အေးဟုတ်တယ်။ အလည်လာတာ။ ဒီမှာတန်းစီနေတဲ့သူတွေကို မုန့်ကျွေးချင်လို့ကို ဒီကို ပျံလာတာလို့ပြောလိုက်တယ်။

Si-Hta-Min Yu kya own ma lar?
ဟိုရောက်တော့ ကူပေးမဲ့ ညီမတစ်ယောက်က ရောက်နေပြီ။ သူက အမြဲအချိန်မှန်တယ်။ မဗေဒါ မင်္ဂလာဦးဆွမ်းကျွေးတုန်းကလဲ အစောဆုံးရောက်တဲ့သူထဲမှာ ပါတယ်။ ဒီလိုနဲ့ သံရုံးပေါက်ရှေ့တည့်တည့်မှာပဲ ဆင်းတော့ ကျူက ၂လိုင်း။ ဘယ်ဘက်က ပိုရှည်တဲ့လိုင်းက ညကတည်းကစီတဲ့သူတွေ။ ညာဘက်က နည်းနည်းတိုတဲ့လိုင်းက ဦးစားပေး ကလေးတွေ၊ ဗိုက်ကြီးသည်တွေနဲ့ သက်ကြီးရွယ်အိုတွေလိုင်း။ ဘယ်လိုပေးရမှန်းမသိတော့ဘူး လူအုပ်များမှန်းကြိုသိနေလို့ ကိုယ်တစ်ညလုံး မအိပ်ပဲ လုပ်လာတဲ့ ဆီထမင်းက အဲ့လူအားလုံးကို မလောက်မှန်းသိနေလို့ လာကတည်းက စိတ်မကောင်းဖြစ်နေတာ။ ကိုယ်တတ်နိုင်သလောက် ကိုယ်စွမ်းသလောက်တော့ လုပ်ခဲ့တာပဲလေ။ ဒါပေမဲ့ ပိုဇွဲကောင်းလို့ ရှေ့ရောက်တဲ့သူ စားပေါ့ ဘယ်တတ်နိုင်မလဲ။ ကိုယ့်ဖေ့ဘွတ်က သူငယ်ချင်းတွေကလဲ ညက ဓာတ်ပုံတင်ကတည်းက သူတို့နေရာတွေပြောကြပေမဲ့။ အရမ်းနောက်ရောက်နေတဲ့သူတွေအတွက် စိတ်မကောင်းဘူး။ ရှေ့မှာလို့ပြောတဲ့ သူငယ်ချင်းရှိရင် ကိုယ်က ဝမ်းသာတယ်။ သူတို့စားရမယ်ပေါ့။ ဟိုရောက်လို့ဝေမယ်လုပ်တော့ G&C မှာရင်းနှီးတဲ့ ညီမတစ်ယောက်က ဖေ့ဘွတ်ထဲမှာ လာမယ်ဆိုတာကြိုသိနေတယ်လေ။ သူကလဲ သံရုံးပေါက်ဝနားမှာ တန်းစီနေတာ။ အဲဒိ ရှေ့ကလူတွေအားလုံးက နောက်ကလူတွေကို ဝေပါ။ သူတို့ကို လာပေးတဲ့သူတွေရှိပါတယ်။ စောစောကပဲ လိမ်မော်သီးလာပေးသွားသေးတယ်တဲ့။ အားလုံးက နောက်ကိုလွှတ်ကြပါတယ်။ ဒါပေမဲ့ စားချင်တဲ့သူတွေက ရှက်ပြီး မယူရဲမှာစိုးလို့။ နောက်ဘက်ကို လျှောက်ရင်နဲ့ လိုချင်ရင် စားရအောင် အော်မေးသွားလိုက်တယ်။

ဆီထမင်း စားကြအုံးမလား။
ဆီထမင်း ယူကြအုံးမလား။ ဆိုပြီး (ကိုယ့်အသံက ခပ်အောင်အောင်ဆိုတော့ တချို့က လှူတယ်မထင်ပဲ လာရောင်းနေတယ်ထင်လားမသိ၊ ပြူးကြည့်နေတာတွေရှိတယ်။ ကိုယ်က အလကားပေးတာပါ ပြောရတယ်)


arr pay kya par
ခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်
ကိုယ်လာကျွေးတာကို လှိုက်လှိုက်လှဲလှဲ ပျော်ပျော်ပါးပါးလက်ခံတာ အားပါးတရစားတာဆို သိပ်ပျော်တယ်။ ယူချင်သလို မယူချင်သလို ရှက်သလိုလို ရွံ့သလိုလိုလုပ်နေရင်၊ သိပ်စဉ်းစားနေရရင် မယူပါနဲ့လို့ ပြောလိုက်ချင်တယ် (မကောင်းတတ်လို့ မပြောခဲ့ပါဘူး)။ ဘာလို့လဲဆိုတော့ သူတို့က သိပ်မလိုချင်ပဲ ယူထားပြီး နောက်က သူတို့ထပ် လိုအပ်တဲ့သူ မစားရမှာစိုးလို့။ ဒါပေမဲ့ ကိုယ်က အလှူရှင်ဆိုတော့ ဘယ်သူ့ကိုမဆိုတော့ ကျွေးချင်စိတ်ရှိပါတယ်။

တချို့ကလဲ “Facebook ပေါ်က ဆီထမင်းလာပြီဟေ့” ဆိုပြီး ပျော်ပျော်ပါးပါး ယူတော့ ကိုယ်လဲ ပျော်။ တန်းစီနေတဲ့ အထဲမှာ ကိုယ်တို့ မိသားစုနဲ့ သိတဲ့ အစ်မတစ်ယောက်ကလဲ မထင်မှတ်ပဲ လိုက်လုပ်အားပေးပြီး ဝေပေးတယ်။

“ကောင်းလိုက်တာ” “မွှေးနေတာပဲ” “ဗူးလေးတွေကလဲ သပ်သပ်ရပ်ရပ်နဲ့” လို့ပြောတဲ့သူတွေ၊ ဆုတောင်းပေးတဲ့သူတွေရဲ့ အသံတွေကြားရတော့ ငါညက ၅ခွဲမအိပ်ပဲ နောက် ၁ကီလိုလောက်ဝယ်ပြီး ၆နာရီခွဲထိ မအိပ်ပဲလုပ်ရမှာဆိုပြီး ကိုယ့်ကိုကိုယ် အားမရဖြစ်မိသေး။ ဒါမှမဟုတ် ပြင်ဆင်တာကို လာကူညီမဲ့ Volunteer သူငယ်ချင်းတွေရှိရင်တော့ ဒိထက်များများလုပ်နိုင်မှာပေါ့နော်။ မဗေဒါတို့ ဆီထမင်းက one of the first အလှူရှင်ပဲလေ။ အဲ့မတိုင်ခင်ကတော့ သိပ် ကရိကထမများတဲ့ အသီးအနှံ၊ အအေး၊ ရေဗူး၊ ဘီစကစ် စတာတွေ ဝေတာတော့တွေ့တယ်။ သူတို့ဝေလို့လဲ ကိုယ်က လုပ်ချင်သွားတာပါတယ်။ ကောင်းမှုဆိုတာ အဲလိုကူးစက်တတ်တယ်လေ။ ခုလဲ မဗေဒါရဲ့ ဆီထမင်းပုံတင်လိုက်တာ ဖေ့ဘွတ်ပေါ်မှာ လူတွေ ရှယ်ကြ Like ကြတာ Facebook ဝန်ကြီး ဦးရဲထွတ်ကတောင် လာ Like သွားသေး။ ဒီတော့ သူများတွေကိုပါ ကူးစက်ပြီး ခုနောက်ပိုင်းတော့ ကိုယ်မလုပ်နိုင်တဲ့ နေ့လည်စာတွေ ဘာတွေတောင် အများကြီးလှူလာကြတော့ အရမ်းဝမ်းသာတာပဲ။ ပြောသာပြောတာ အဲ့ဒိ ဆီထမင်း ကိုယ်တစ်လုတ်တောင် မစားလိုက်ရဘူး။ ကိုယ်မစားရင် တစ်ဗူးပိုရတာနဲ့ တူတူပဲလေ။ ကိုယ်က ဘယ်အချိန်စားစားရတယ်။ အဲဒါကြောင့် ပေးဆပ်ခြင်းက ရတဲ့ ပျော်ရွှင်မှု (The joy of giving) က ဘယ်လို ခံစားချက်မျိုးနဲ့မှ မယှဉ်နိုင်ဘူး။


အားလုံးကြိုက်တဲ့ ဆီထမင်းလာပြီ
လှူတဲ့လူတွေကြည့်ပြီး ကြည်နူးရသလို မဲပေးတဲ့သူတွေအကြောင်းနဲ့ ဗွီဒီယိုတွေ အွန်လိုင်းမှာတွေ့ရတော့ စိတ်ထဲလဲ မကျေမချမ်းဖြစ်ရပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဘယ်လို မဲလိမ်တယ်၊ ဘယ်လို ခက်ခဲအောင်လုပ်တယ်။ စသည်ဖြင့်ပေါ့။ ငိုတဲ့သူတွေ မူးလဲတဲ့သူတွေ။ စသည်ဖြင့် ဒေါသဖြစ်ရသလို၊ နိုဝင်ဘာ ၈ရက်နေ့အတွက်လဲ ရင်မောရပါတယ်။ သူများတွေပြောသလိုပဲ။ ထည့်လဲ အစိုးရက ကလိမ်ကျမှာပဲဆိုတာ ဟုတ်သလိုလိုရှိပေမဲ့။ ခုလို ထည့်တဲ့သူတွေရှိတယ် သူတို့ကလိမ်ကျတာကို ဖော်ထုတ်တယ်။ ပိုပြီး media attention ရအောင်လုပ်တယ်။ ကမ္ဘာက သူတို့ ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ကို သိအောင် လုပ်နိုင်တယ်။ မဟုတ်ရင် သူတို့က သူတို့ကိုယ်သူတို့ ကောင်းလာပြီ ဟန်ဆောင်နေတာ။ ကိုယ်တွေကသာ မဟုတ်ဘူးဆိုတာသိတာ။ တကယ်တန်း နိုင်ငံခြားသားတွေကို မေးကြည့်။ အားလုံးက နင်တို့ သမ္မတသစ်က အရင်ထက်စာရင် မဆိုးဘူးမှတ်လားပဲ ထင်နေကြတာ။ ဘာသာရေး အဓိကရုန်းတွေ၊ မဘသ တွေဆိုတာ အစိုးရက မီးထိုးနေတဲ့ လှည့်ကွက်ဆိုတာ သိပ်သိကြတာမဟုတ်ဘူး။ ဒီတော့ Voice out ကြပါ။ ဟုတ်တယ်။ သူတို့ အကျင့်ဘယ်လောက်ယုတ်ယုတ်၊ ကိုယ့်ဘက်က တာဝန်က မဲပေးရမဲ့တာဝန် ကိုယ်မဲပေးမှ သူတို့ အကျင့်ယုတ်တာကို ဖော်ထုတ်နိုင်မှာ။ မဲမပေးရင် သူတို့ကို လက်ခံနေတာနဲ့ အတူတူပဲ။ ရုပ်ရှင်မင်းသား လူမင်းပြောသလို “ကိုယ့်ဘက်က မဲပေးဖို့တာဝန်လေးတောင် နိုင်ငံသားတစ်ယောက်အနေနဲ့ ကျေပွန်အောင် မလုပ်ချင်ရင်၊ တာဝန်ကျေတဲ့ အစိုးရရဖို့ဆိုတာကိုလဲ မျှော်လင့်နေလို့မရဘူး” ဆိုတာလိုပေါ့။

ဖေ့ဘွတ်မှာ ဆီထမင်းကြောင့် လာလိုက်တဲ့ friend Request တွေ၊ ဆီထမင်းတစ်ခုတည်းအတွက်နဲ့တော့ ပေါ်ပင်လာအက်နေစရာမလိုပါဘူး။ ၁ရက်နေ အားလုံးမေ့ကုန်မှာပါ။ ကိုယ့်သိတယ်ဆိုရင် တစ်မျိုးပေါ့။ အထူးသဖြင့် ကိုယ့်စာဖတ်သူဆိုရင်တော့ အမြဲတမ်း ကြိုဆိုလျက်ပဲ။ လာအက်တဲ့ သူတွေထဲမှာ အန်ကယ်တစ်ယောက်ကတော့ မတ်စေ့ပို့ပြီး သူအလှူငွေထည့်ချင်တယ်ပြောလာတယ်။ ကိုယ်ကလဲ အလှူက ပြီးသွားပြီး နောက်ပြီး မိသားစုအလှူသက်သက်ပဲဆိုတော့ မယူတော့ကြောင်း ပြောလိုက်တယ်။ သူက မပြီးသေးဘူးလေ။ နောက် ၄ရက်ကျန်သေးတယ်တဲ့။ ဟီး…

လုပ်အားသားရှိရင် လုပ်ပေးချင်တာပေါ့။ နောက် ၄ရက်ဆက်တိုက်တော့ မအိပ်မနေလုပ်ရင် မဗေဒါတို့ သားအမိတွေ ဗုံးဗုံးလဲသွားလိမ့်မယ်။ ဒါနဲ့ပဲ ခုနောက်ပိုင်း အလှူရှင်တွေလဲ များပါတယ်။ အဖွဲ့အစည်းနဲ့ လုပ်သူတွေလဲရှိပါတယ်။ သူတို့ကို ဆက်သွယ်လှူဒါန်းဖို့ အကြံပေးလိုက်တယ်။ ဒါပေမဲ့ ကိုယ့်ကို ယုံကြည်လို့၊ ကိုယ့်ဆီထမင်း သပ်သပ်ရပ်ရပ်လေးတွေကို သူ သဘောကျလို့ မသိပေမဲ့ လာပြီးအဲ့လိုပြောတဲ့အတွက် တကယ်ကို ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျေးဇူးလဲတင်ပါတယ်လို့ပဲ ဒီကနေ ပြောချင်ပါတယ်။



8 comments :

Anonymous said...

ှSis ရေ အဲ့နေ့က တတယ့် အူတိ အူကြောင်ဖြစ်သွားတယ် ဆောရီးပါနော်.. မထင်မှတ်ပဲ ဆုံလိုက်ရတာ ...၀မ်းလည်းသာတယ် ဘာပြောရမှန်းမသိဖြစ်သွားတာ... ကိုယ့်အားနည်းချက်က အဲ့တာပဲ ချက်ချင်းမတုန့်ပြန်တာ နှေးတာ.. တကယ်ကျေးဇူးတင်ပါတယ် စားလို့လည်းကောင်းပါတယ်.. နောက်တခါတွေ့ရင်တော့ စကားတွေ အများကြီးပြောပြီနော်.. ဒီကသောကြာသူပါ.. :)

TZN

mabaydar said...

@TZN - ဖြစ်တတ်ပါတယ်။ အွန်လိုင်းက သူငယ်ချင်းတွေကို ဟိုးအရင်က အပြင်မှာတွေ့ရင်လဲ အဲလိုကြောင်အမ်းအမ်းဖြစ်သွားတယ်။ ရုတ်တရက်ကြီးဆိုတော့ ဘယ်လိုဆက်ဆံရမလဲ မေ့သွားတာမျိုး။ ဒါပေမဲ့ အဲ့ဒါက အွန်လိုင်းလိုပဲ စိတ်ထဲထားပြီး ပြောဆိုလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ အဲ့ဒါ TZN မှာ မဟုတ်ဘူး အားလုံးဖြစ်တယ်။ တချို့ဆို အချိန်တော်တော်ကြာတဲ့အထိတောင် ပုံစံက မပြောင်းဘူး။ တချို့ကျတော့ အွန်လိုင်းမှာ စကားပြောလို့ကောင်းပြီး အပြင်မှာလုံးဝ မပွင့်မလင်းသလိုလို ကြီးကျယ်သလိုလိုရှိတယ်။ ပုံစံ ၂မျိုး လုံးလုံးကွဲတာလဲ ရှိတယ်။ မဗေဒါက အခုလို တွေ့နေတာ များနေလို့ ပုံမှန်ဖြစ်နေတာ။ တစ်ခါတစ်လေရှိသေးတယ်။ ကိုယ်က အွန်လိုင်းကအတိုင်းသွားဆက်ဆံလိုက်လို့ ကိုယ့်ကို ငပေါမကြီးဆိုပြီး အထင်သေးသွားတာမျိုး။ အစကတော့ စာတွေလာဖတ်ပြီး လူလဲတွေ့ရော ဟင်ကနဲ ဖြစ်သွားတာမျိုးတွေ... ခိခိ... စာရေးသူနဲ့ သူရေးတဲ့စာကို ခွဲခြားမမြင်နိုင်ကြဘူးလေ။ ဒါကြောင့် မဗေဒါဆို အရမ်းကြီးကြီးကျယ်ကျယ်တွေ မရေးရဲဘူး။ ကိုယ့်ကို သိပ်အထင်ကြီးနေမှာစိုးလို့။ ဒါတောင် ခရီးတွေနိုင်ငံအများကြီးကိုသွားနေတဲ့သူဆိုတော့ သူတို့လဲ နိုင်ငံခြားသွားချင်လို့ ကူညီပါဆိုတာမျိုး။ ဓာတ်ပုံပို့ပြီး ဒါဘယ်နိုင်ငံမှာ ရိုက်ထားတာလဲပြောဆိုပြီး အထူးတလည် ဥာဏ်လာစမ်းတာမျိုး ခံရဖူးသေးတာ... ခိခိ...

Anonymous said...

ဖတ်ရတာ ကိုယ်တောင် စားလိုက်ရသလို ခံစားရတယ် ဗေဒါလေးရေ
အမြဲတမ်း လှူ နိုင် တန်း နိုင်ပါစေနော်

အန်တီဝေ

နန်း ရွှေမှုံ said...

ပြည့်ဝသန့်ရှင်းတဲ့စေတနာတွေအတွက် လှိုက်လှဲဝမ်းသာ သာဓုခေါ်ပါတယ်ရှင်...။ နန်းတို့လည်း ဘယ်လိုမဲပေးရမယ်မသိသေးပါဘူးလေ။ ထိုင်းနိုင်ငံမှာ မြန်မာ လေးသန်းကျော်ရှိပေမဲ့ ကြိုတင်မဲပေးနိုင်တဲ့စာရင်းက ရာဂဏန်းဆိုလား ထောင်ဂဏန်းဆိုလားပဲရှိသတဲ့။ ပြီးတော့ ထိုင်းနိုင်ငံမှာက အခြေခံအလုပ်သမားတွေပဲများတော့ သိပ်ပြီးစိတ်မဝင်စားကြဘူး။ ဘယ်သူကမှ အလုပ်ပျက်ခံ၊ လမ်းစရိတ်အကုန်ခံပြီး မြန်မာပြည်ပြန်ပြီး မဲပေးချင်ကြတာမဟုတ်ဘူး။ ဝမ်းနည်းစရာပဲ။

ငြိမ်းမိန်းကလေး said...

အပေါ်က နှစ်ပိုဒ်ပဲ ဖတ်လို့ရတယ်။ နောက်ပိုင်းတွေ ဖောင့်တွေ ဖတ်လို့မရဘူးဖြစ်နေတယ်။ ကိုယ့် ဘရောက်ဇာကြောင့်လား၊ မဗေဒါများ ယူနီကုဒ်နဲ့ ရေးထားတာလား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဆီထမင်းဝေနေတဲ့အကြောင်း ဖေ့စ်ဘုတ်မှာ ဖတ်ပြီး ၊ ကြည့်ပြီး၊ အားကျပြီးသားမို့ စာတွေ မမြင်ရလည်း အားကျတယ်ဆိုတဲ့အကြောင်း အသိပေးလိုက်ပါတယ်။ အဟိ။ ဗူးလေးတွေထဲ မထည့်ခင် ဆီစုပ်စက္ကူလေးခံတာ ဘယ်သူ့စိတ်ကူးလဲဟင်။ တော်တော်သပ်သပ်ရပ်ရပ်ရှိတာပဲ။

mabaydar said...

အန်တီဝေရေ... လာအားပေးလို့ ကျေးဇူးပါ.... ခုလို ကိုယ်မသိတဲ့လူတွေကို ဘာမှ မမျှော်ကိုးပဲ လှူရတာကို သဘောကျတယ်။ ကြည်နူးတယ်။ အဲ့ဒိ စိတ်က ကိုယ်ပြန်ရလိုက်တာလို့ မှတ်တယ်။ နိုဝင်ဘာ ရန်ကုန်ပြန်လာရင် မိဘမဲ့ကျောင်းမှာ အလှူလုပ်ဖို့ရှိသေးတယ်။

နန်းရွှေမှုံ ... ခု ထိုင်းမှာလဲ စမဲပေးနေရပြီဟုတ်? ဖေ့ဘွတ်ပေါ်မှာတွေ့တယ်... စလုံးလိုပဲ လိမ်ညာ မဲပျောက်တွေရှိပါတယ်။ အမှန်တော့ စလုံးလိုပဲ ဗွီဒီယိုတွေ တင်သင့်တယ်။ ဒါမှ အားလုံးသိမှာ...

ငြိမ်းမိန်းကလေး ... မဗေဒါ ဘလော့က ပိုစ့်တွေက အားလုံး ယူနီကုတ်ဖြစ်နေတာ ကြာပြီ... ဒါပေမဲ့ အားလုံးဖတ်ရအောင် လုပ်ပေးထားတယ်... ဇော်ဂျီမရှိတဲ့ ကွန်ပြူတာတွေဆို တန်းပြီးတော့တောင် ဖတ်လို့ရတယ်။ စာမမြင်ရတာက backend မှာ code မထည့်မိလို့။ ခုတော့ မြင်ရလောက်ပြီ။ ဖေ့ဘွတ်မှာတွေ့ကတည်းက ဆိုတော့ သူများတွေ ရှယ်တာတွေ့တာလား။ မဗေဒါကို follow ထားတာလား။ friend add ထားတာလားဟင်?

Anonymous said...

lay sarr par dae ma baydar

ဆုမြတ်မိုး said...

သာဓု သာဓု သာဓုပါ မဗေဒါ၇ယ်..။

မအားဘူးဖြစ်နေလို့စိတ်သွားတိုင်းကိုယ်မပါဘူး ။ စိတ်သွားတိုင်းကိုယ်ပါတဲ့မဗေဒါကိုတကယ်အားကျတယ်..။ ဒီထက်အများကြီးလှူနိုင်တန်းနိုင်ပါစေနော် ။

ဖေ့ဘုတ် deactivate လုပ်ထားလို့ နောက်လမှပြန်လာမယ်နော်..။း)

ဆုမြတ်