Thursday, October 01, 2015

Honeymoon to New Zealand Day 6 (Part 2): Kuirau Park & Government Garden


map-generator.net


Day 6 ညနေပိုင်း ရိုတိုရူရာမြို့ထဲက မဗေဒါတို့ သွားခဲ့တဲ့ နေရာတွေကို မြေပုံထဲမှာ ကြည့်နော်...

ဒီနေ့အတွက် နေ့လည်စာစားဖို့ နေရာ... 

Lunch at Tandoori Palace

ဟောဘစ်တန်တိုးကနေ နေ့လည် ၁၂နာရီ ၄၅ မိနစ်မှာ ရိုတိုရူဝါမြို့ကိုပြန်ရောက်တယ်။ အဲ့ဒိအချိန် မိုးက ဖွဲဖွဲကျလာတယ်။ ထမင်းစားဖို့ဆိုင်လိုက်ရှာရင်း ယိုးဒယားစာကနေ အပြောင်းအလဲလေးဖြစ်အောင် ဒီတစ်ခါတော့ အန္ဒိယ စားသောက်ဆိုင်ကို ဝင်စားဖြစ်တယ်။ Tandoori Palace လို့ခေါ်တဲ့ အန္ဒိယစားသောက်ဆိုင်ထဲမှာတော့ Gathering လိုလို Event လုပ်နေတဲ့ အိန္ဒိယလူမျိုး အယောက် ၂၀လောက်က ဘူဖေးလုပ်နေတယ်။ ကျွန်မတို့ကတော့ တစ်ပွဲချင်းပဲ မှာစားတယ်။ ဆိတ်သားဒန်ပေါက်။ စောင့်ရတာ အရမ်းကြာတယ်။ ဘယ်နိုင်ငံသွားသွား စင်္ကာပူကဆိုင်တွေလို မြန်မြန်ဆန်ဆန်အလုပ်လုပ်ကြတာ ရှားတယ်။ စားနေတဲ့ လူလဲနည်းရဲ့သားနဲ့။ ဒန်ပေါက်အရသာက မြန်မာပြည်ကလိုလဲမဟုတ်၊ စလုံးကလိုလဲ မဟုတ်ဘူး။ စီးစီးပိုင်ပိုင်နဲ့ ဒီက Nasi Gorang (မလေးထမင်းကြော်စတိုင်)မျိုး။ အီလို့ အကုန်တောင် မစားနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဟင်းခတ်အမွှေးကြိုင်တွေက ကုလားစာပီပီ ရင်တော့ တော်တော်ပူတယ်။

ဒန်ပေါက် ၂ပွဲကို NZD 36.5 ကျတယ်

Rotorua လမ်းမပေါ်တစ်လျှောက် အပင်တွေက အဝါရောင်၊ အနီရောင်တွေ ကိုယ့်အတွက် ဘယ်ကြည့်ကြည့်လှနေတယ်။

New Zealand Vodafone service (ဖုန်းကဒ်အကြောင်း သတိပြုရန်)

စားပြီးတော့ မိုးလဲ သိပ်မရွာတော့တာနဲ့ အရင်ဆုံး ဖုန်းကဒ်ထပ်ဖြည့်မယ်စိတ်ကူးတယ်။ လေဆိပ်မှာပြောတော့သာ ဘာဘာညာညာနဲ့ လောက်ငှ မလိုလိုနဲ့ ၆ရက်မြောက်နေ့မှာတင် အင်တာနက်သုံးလို့မရတော့ဘူး။ သူက သြစီတုန်းကလို ဖုန်းပြောတဲ့ အချိန်ကို အင်တာနက် ဒေတာအဖြစ်ပြောင်းသုံးလို့မရဘူး။ ဒီတော့ ကျွန်မတို့က ဖုန်းပြောတဲ့ တန်ဖိုးကြီးတွေကတော့ ကျန်နေပြီး အင်တာနက်သုံးဖို့နောက်ထပ် ထပ်ဖြည့်ရတော့မှာပေါ့။ ထပ်ဖြည့်တဲ့အခါမှာလဲ Top up card မှာ ဖုန်းပြောဖို့ တန်ဖိုးနဲ့ အင်တာနက်သုံးဖို့တန်ဖိုးဆိုပြီး ၂ခုပါတယ်။ ဒီတော့ ဥပမာ ကိုယ်က ၂၀ဖိုးဝယ်လဲ တကယ်တန်း အင်တာနက်သုံးလို့ရတဲ့ တန်ဖိုးက ၁၀ဖိုးလောက်ပဲပါတယ်။ ကိုယ်ဖုန်းမပြောတဲ့ တန်ဖိုးကြီးက အလဟသဖြစ်နေတာပဲရှိတယ်။ မကျေနပ် စင်္ကာပူ လှမ်းဖုန်းဆက်ဖို့ပဲရှိတယ်။

အဲ့ပိုက်ဆံက အလဟသ ပေးလိုက်ရသလိုပဲ

နယူးဇီလန်ကို ကျန်တဲ့နိုင်ငံတွေနဲ့ ယှဉ်ရင် အင်တာနက်သုံးရတာမှာ စိတ်အပျက်ခဲ့ဆုံးပါပဲ။ နိုင်ငံကြီးဖြစ်ပြီး အဲ့ဒိ Service က တော်တော်ဆိုးတယ်။ သြစီသွားလည်တုန်းကလဲ Vodafone ပဲ သုံးတာ။ ဒါပေမဲ့ Blue Mountain တောထဲသွားတာတောင် လိုင်းကလဲ ကောင်းမှကောင်း။ ဓာတ်ပုံတွေ ဒီလောက် ဖေ့ဘွတ်မှာတင်တာတောင် ပြန်တဲ့နေ့အထိ ထပ်ဖြည့်စရာမလိုခဲ့ဘူး။ အဲ့တုန်းကတော့ ၁ပတ်လောက်ပဲနေခဲ့တာပေါ့လေ။ ဒါနဲ့ အနားက စတိုးဆိုင်လေးမှာ Top Up card သွားဝယ်ပြီးဖြည့်တယ်။ ဖြည့်ရတာကလဲ ဘယ်လိုကြီးမှန်းမသိဘူး။ သူ့ Step အတိုင်းလုပ်တာလဲ တန်ဖိုးက ဝင်သလား မဝင်သလား မသေချာဘူး။ လုပ်ပြီးတာကိုလဲ တန်ဖိုးပြန်စစ်ရင် မရှိဘူးချည်းပြောနေတာ။ ဒါပေမဲ့ မဗေဒါ ဖုန်းကတော့ တန်ဖိုးဝင်သွားတယ်ထင်တယ်။ ဖုန်းလဲ Top Up ဖြည့်ပြီးရော ထင်မထားပဲ သြစီက သူငယ်ချင်း သန္တာက ကိုယ့်ကို viber ကနေ ဖုန်းလှမ်းခေါ်တာ ဝင်လာတယ်။ သူနဲ့ ခဏလေး Viber ကနေ စကားပြောဖြစ်တယ်။ ၅မိနစ်လောက်ပဲ ပြောရသေးတယ် ဖုန်းပြန်ပျက်သွားတယ်။ ဒါနဲ့ တန်ဖိုးကို စစ်တော့ တန်ဖိုးကုန်သွားပြီတဲ့။ ခုမှ ဆိုင်ကနေထွက်လာတာ ဆိုင်ရှေ့ပဲ ရောက်သေးတယ် ဒေါ်လာ ၂၀ဖိုးထည့်လာတဲ့ ငွေဖြည့်ကဒ်က ၅မိနစ် viber ပြောလိုက်တာ ကုန်သွားတယ်ဆိုတော့ တော်တော်တော့ လွန်တယ်ထင်တာပဲ။ ဒါနဲ့ မှားများမှားနေလားဆိုပြီး Customer service center ကို ဖုန်းခေါ်ကြတယ်။

ဒါ Customer Service operator မိန်းမနဲ့ စကားပြောနေတုန်း Mr.Right ဓာတ်ပုံရိုက်လိုက်တာ...

၂ယောက်သား ခြေဦးတည့်ရာလျှောက်ရင်း ဖုန်းခေါ်ကြတယ်။ ဖုန်းရသွားတော့ အဲ့ဒိက မိန်းမကို အကျိုးကြောင်းပြောပြတယ်။ ကျွန်မဖုန်းကို ဘာအမျိုးအစားလဲမေးတယ်။ Samsung Note4 ဆိုတော့ သူကဒီလိုပြန်ပြောတယ် အဲ့ဒါက ဒေတာဖွင့်လိုက်တဲ့ အချိန်မှာ Back end က App တို့၊ Backup တို့က အလိုလို upload တွေ download တွေဖြစ်ပြီး အင်တာနက်တန်ဖိုးကုန်သွားတာတဲ့။ အော် ရှင်းရောပဲ။ သူတို့အမှားမဟုတ်ဘူး။ ကိုယ့် Samsung ဖုန်းအမှားပဲဖြစ်ရသေးတယ်။ Backend က App တွေ၊ Backup ဓာတ်ပုံတွေကို wifi နဲ့မှ download, upload လုပ်ဖို့ရွေးထားတဲ့ option ရှိတယ်ဆိုတာ မသိဘူးလား။ ဖုန်းထဲက ဝန်ထမ်းလေသံက မရိုင်းပေမဲ့ နယူးဇီလန်က Vodafone service ကြီးရဲ့ ရိတ်ချက်ကိုတော့ လက်လန်ပါတယ်။ နယူးဇီလန်ကို တိုးတက်တဲ့နိုင်ငံမို့ အင်တာနက်ကောင်းမယ်ထင်ထားတာ။ မြန်မာပြည်ထက် wifi ရှားပါးတယ်။ ကိုယ်လဲ ဘာတတ်နိုင်မှာလဲ ခံရုံပေါ့။ ဒါပေမဲ့ ကိုယ့်ပိုက်ဆံကို လုံးဝထပ်မပေးတော့ဘူးလို့ပဲ ဆုံးဖြတ်လိုက်တယ်။ Mr.Right ရဲ့ အင်တာနက်လေးကိုပဲ နောက်ပိုင်းခြွေသုံးရတော့တယ်။

A Walk at Kuirau Park (ရိုတိုရူရာ မြို့လည်က ရေနွေးငွေ့ပန်းခြံ)

အဲ့ဒိပန်းခြံကို အသံဘယ်လိုထွက်လဲလို့ နောက်နေ့ ကားမောင်းပို့တဲ့ လူကြီးကိုမေးတော့ သူလဲ သေချာမထွက်တတ်ဘူးတဲ့... အဲ့ဒါက ပင်မ Maori လူမျိုးတွေ စကားတဲ့...

တစ်ခါတစ်လေ အိပ်မက်ထဲမှာ ဒီလိုမျိုးကြုံဖူးလား... အပြင်မှာ အနံ့အသက်တော့ သိပ်မကောင်းဘူး...

ရိုတိုရူရာမြို့ကိုလာရင် ခုလို ပိုက်ဆံမကုန်ပဲ ရေနွေးငွေ့ကန်တွေကို ကြည့်လို့ရတဲ့ Kuirau Park (ကူရီရာအူ ပန်းခြံ)ကို သွားဖို့ကတော့ စာရင်းထဲ ထည့်ထားသင့်ပါတယ်။ သူက သွားရတာ မဝေးဘူး၊ မခက်ဘူး၊ ပိုက်ဆံမကုန်ဘူးလေ။ ဒီပန်းခြံလေးမှာ သဘာဝရေနွေးငွေ့ကန်ကြည့်မလား၊ ရွှံ့ပူကန်ကြည့်မလား အေးဆေး ပျော်ပွဲစားထွက်မလားအားလုံးရတယ်လေ။ မဗေဒါတို့ရောက်ချိန်က မိုးရွာပြီးကာစဆိုတော့ မြက်တွေက အနည်းငယ် စိုစွတ်နေလေရဲ့။ အဲ့ဒိ ရေနွေးငွေ့ကန်တွေနားရောက်ပြီဆိုတာနဲ့ သေချာပေါက် သင် သတိထားမိမဲ့အရာကတော့ ဆာလဖာ အနံ့ပါပဲ။ တကယ်ကို မြောင်းပုတ်လိုလို၊ အီးပုတ်လိုလို အနံ့ပေါ့။ ညစ်ပတ်လို့ ထွက်တာမဟုတ်ပါဘူး။ အဲ့ဒိကန်တွေက သဘာဝအရ ဆာလဖာဓာတ်ဖြစ်တဲ့အတွက် အဲ့ဒိအနံ့နံတာပါ။ ဓာတ်ပုံထဲတော့ တကယ့်ကို မှော်ဝင်တဲ့နေရာတစ်ခုပါပဲ။ အပြင်မှာလဲ တကယ်ကို ထူးထူးဆန်းဆန်းနဲ့ အိပ်မက်ကမ္ဘာလားထင်ရလောက်ပါတယ်။ တခြားလူတွေကိုလဲ တစ်ခါတစ်လေမှ တွေ့ရ၊ ရာသီဥတုကအေး၊ ရေနွေးငွေ့တွေထွက်နေတဲ့ကန်တွေနဲ့ အဝါရောင် အနီရောင်အရွက်တွေကြွေနေတဲ့ မေပယ်ပင်ကြီးတွေနဲ့ မြက်ခင်းစိမ်းပေါ်ကျနေတဲ့ အနီရောင် မေပယ်ရွက်တွေ၊ စဉ်းစားသာကြည့်ပေတော့ လှလဲလှသလို တကယ်လို့တောင် မခံစားရတော့ဘူး။ တကယ်လို့ခံစားရတာတစ်ခုပဲရှိတဲ့ အဲ့ဒိ ဆာလဖာ အနံ့ပဲ။ ဒါပေမဲ့ အဲ့ဒါက ကန်နားကပ်မှရတာပါ။ ကန်တွေနဲ့ ဝေးရင်တော့ အနံ့သိပ်မရတော့ပါဘူး။

ပန်းခြံ ကားပတ်ကင်...

မိုးရွာပြီးကာစ

မြက်ဖျားနှင်း

နယူးဇီလန်ကို လာဖို့ မကြံစည်ခင်က ဒီလိုနေရာမျိုး ရှိတယ်ဆိုတာ မသိခဲ့ဘူး။

သဘာဝရဲ့ ဆန်းကျယ်မှုတွေကို မသေခင်အချိန်လေးမှာ ခရီးသွားရင်း တွေ့ကြုံရတာ ရှင်သန်နေတဲ့ဘဝအတွက် အဓိပ္ပါယ်ရှိတယ်လို့ ခံစားရတယ်။

သစ်ရွက်ခြောက်တွေ မြေမှာပြန့်ကျဲလဲ လှဆဲပါပဲ...

ကဗျာဆရာ ဦးပုညတို့၊ ဦးကျင်ဥတို့ သာဆို ဒီမြင်ကွင်းကို သူဘာတွေ ဆပ်အုံးမလဲ သိချင်တယ်

စိမ်းလဲ့ကန်သာဆိုတာ ဒါမျိုးဖြစ်မယ်

ပန်းခြံအပြည့် ဟိုနားဒီနား ရေနွေးငွေ့များ... အဲ့ဒါ Rotorua မြို့မှာပဲ တွေ့ရတဲ့ ရေမြေအနေအထား...

Let us plan for next day at I-site

အဲ့ဒိပန်းခြံထဲမှာ လမ်းလျှောက်ပြီး ညနေ ၃နာရီခွဲလောက်ကျတော့ i-site ကို သွားပြီး နောက်နေ့အတွက် တိုးကို စုံစမ်း ဘွတ်ကင်လုပ်ကြတယ်။ နယူးဇီလန် ရိုတိုရူဝါကို ရှာရင် Waitomo Glowworm Cave က မသွားမဖြစ်အနေနဲ့ပါတော့။ ကိုယ့်ရှိတဲ့ အချိန်လေးအတွင်းမှာ အဲ့ဒိကိုသွားဖို့ ဦးစားပေးလိုက်တာပေါ့။ အဲ့ဒါကြောင့် ရှေ့ပိုစ့်မှာ ရေးခဲ့တဲ့ အရမ်းလှတဲ့ ရေကန်တွေဘက်မရောက်တော့တာ။ အမှန်တော့ ရိုတိုရူဝါမှာ အနည်းဆုံး ၂ညလောက်အိပ်ခဲ့သင့်တာ။ ကိုယ်က နောက်ဆုံးနေရာ Queenstown မှာ အချိန်မလောက်မှာစိုးလို့ အရှေ့ပိုင်းကို လောလိုက်မိတာ။

i-site ကိုဝင်ပြီး နောက်နေ့အတွက် Waitomo Glowworm Cave သွားဖို့ ဘွတ်တော့ သူက အဲ့ဒိ ပတ်ဝန်းကျင်မှာ ဂူက ၃ခုရှိတယ်။ သုံးခုလုံးသွားချင်လဲရတယ်။ ၁ခုချင်းပဲ သွားချင်လဲရတယ်။ ဈေးအမျိုးမျိုးပေါ့။ ဒါနဲ့ ကျွန်မတို့လဲ ဓာတ်ပုံကြည့်ပြီး “waitomo glowworm caves and ruakuri cave combo” ကိုယူလိုက်တယ်။ စစချင်း ပြောနေတုန်းက ဈေးက တစ်ယောက်ကို NZD 230 လောက်ပဲကျမယ်ဆိုပြီး သူတကယ် ဖုန်းခေါ်ပြီး Book တော့ အဲ့ဒိနေ့အတွက် ကျွန်မတို့နဲ့ ရှယ်မဲ့ တခြား တိုးရစ်မရှိတော့ တစ်ယောက်ကို NZD 260 နဲ့ ကားစင်းလုံးဖြစ်သွားတာပေါ့။ ၂ယောက်ဆိုတော့ NZD 520 လျောကနဲပဲ ပေးလိုက်ရတာပေါ့။ ဘယ်လိုလုပ်မလဲ ဒီထိလာပြီး ပိုက်ဆံနှမြောနေရင်လဲ ဘယ်မှ မရောက်တာပဲရှိမယ်လေ။ ဘယ်လောက်မှလဲ ကွာတာမှ မဟုတ်တာပဲ။ ဟန်းနီးမွန်းဆိုတော့ ကားစင်းလုံးငှားတဲ့ Luxury ကလဲ မဆိုးပါဘူး။ ပြီးတော့i-site မှာ ဘွတ်ကင်လုပ်ရတာကောင်းတယ်။ ဈေးမမှန်မှာလဲ မပူရဘူး။ ကိုယ်လာကြိုခိုင်းစေချင်တဲ့နေရာကိုလဲ လာကြိုပေးတယ်။ သူက အစိုးရ Tourism Board က တိုးရစ်တွေကို ကူဖို့ တမင်ထားထားတဲ့ နေရာ တိုးပတ်ကေ့ရှ်တွေက သူတို့ရောင်းတာမဟုတ်ဘူးလေ။ သူတို့ကနေ approved လုပ်ထားတဲ့ စံချိန်မှီ agent တွေကို ချိတ်ပေးတာပဲရှိတာ။

i-site ဘေးကအရွက်ဝါလေးတွေနဲ့ လမ်းလေး

Government Garden & Museum

ပန်းခြံအဝင်ဝက ခြံစည်းရိုးဂိတ်ကြီးကလဲ သူ့အကြောင်းနဲ့ သူရှိခဲ့တယ်ထင်တယ်

ဝင်သွားတုန်းက အဲ့ဒိအဆောက်အအုံးကြီးကို Museum လို့ မသိခဲ့ဘူး။ ဒါပေမဲ့ Vampire တွေနေတဲ့ ရဲတိုက်လိုလိုမို့ စိတ်ထဲ နည်းနည်းတော့ ခြောက်ခြားတယ်။ 

i-site ကနေထွက်လာပြီး မြေပုံကြည့်ကာ government garden ဘက်လျှောက်လာကြတယ်။ မြေပုံထဲမှာသာ ဝေးသလိုလိုနဲ့ လျှောက်လိုက်တော့လဲ ဘယ်လောက်မှ မဝေးပါဘူး။ ပန်းခြံကိုရောက်တော့ ညနေ ၅နာရီလောက်ရှိပြီဆိုတော့ မကြာခင်မှောင်တော့မယ်လေ။ မိုးက ဖွဲဖွဲကျနေသေးတော့ ပိုမှောင်တာပေါ့။ ပန်းခြံကြီးရဲ့ အလည်မှာ ကြီးကျယ်ခန်းနားတဲ့ ရှေးဟောင်းပြတိုက်အဆောက်အဦးကြီးတစ်ခုရှိတယ်။ ပန်းခြံအဝင်ဝကနေ အဲ့ဒိအဆောက်အဦးကြီးကို စနစ်တကျ စိုက်ထားပြီး ကျယ်ပြန့်တဲ့ မြတ်ခင်းပြင်နဲ့ အဆောက်အဦးကြီးဆီ ဦးတည်ထားတဲ့ လူသွားလမ်းရှိတယ်။ အဲဒိ ပန်းခြံကြီးထဲမှာ သက်ရှိဆိုလို့ ကျွန်မတို့ ၂ယောက်ရယ် သိမ်းငှက်အသေးစား (လင်းယုန်ခေါ်လား၊ သိမ်းငှက်လောက်တော့ မကြီးဘူး) တစ်ကောင်ရယ်ပဲရှိတယ်။ မမှောင်ခင် အရင်ဆုံးလုပ်သင့်တာက ဓာတ်ပုံရိုက်တာလေ။ ရိုက်နေရင်းနဲ့ပဲ အတော်လေး မှောင်လာတယ်။ ပြတိုက်ဆီရောက်သွားတော့ ပြတိုက်က ပိတ်သွားပြီလေ။ မိုးကလဲ ဖွဲဖွဲကျဆဲ။ ကျွန်မတို့ အဲ့ဒိမှာ ရပ်ပြီး စာဖတ်နေတဲ့အချိန်တော့ အနောက်တိုင်းသား အတွဲတစ်တွဲလဲရောက်လာပြီး ပိတ်သွားပြီပြောတော့ ကျွန်မတို့လိုပဲ ဘာလုပ်ရမှန်းမသိတဲ့ပုံနဲ့ ပြန်ထွက်သွားတယ်။ ပန်းခြံဝန်းထဲမှာ ကျွန်မ မြင်ဖူးနေတဲ့ အဆောက်အအုံးတစ်ခုတွေ့တာနဲ့ အဲ့ဒိဘက်ကို လျှောက်သွားတော့မှ Blue Bath ဖြစ်နေတယ်။ ဒါနဲ့ လုပ်စရာလဲ မရှိဘူး အဲဒါပဲ ဝင်မယ်ဆိုတော့ ရေကူးဝတ်စုံပါမလာဘူး။ ဒါပေမဲ့ သူတို့က ငှားတယ်တဲ့။ ကံမပါတော့ ရေကူးကန်က ခဏနေရင် ပိတ်ပြီတဲ့။ သူက မနက် ၁၀နာရီကနေ ညနေ ၆နာရီအထိပဲ ဖွင့်တာလေ။ အဲ့ဒါလဲ တစ်ဒုက္ခ။ ကျွန်မတို့ အာရှကမှ Night life ရှိသေးတယ်။ ညနေ ၆နာရီဆို တရုတ်တန်းက တချို့ဝက်သားဒုတ်ထိုးဆိုင်တောင် စမဖွင့်သေးဘူး။ ဟွန်း…
Blue Bath ဘက်ကနေ အထွက်ကျတော့ Polynesian Spa ကိုဆိုင်းဘုတ်တွေ့တာနဲ့ ရောက်သွားတယ်။ အဲ့ဒိမှာတော့ လူတော်တော်များများစည်ကားနေတယ်။ Spa များသွားလို့ရမလားဆိုတော့ လူပြည့်နေပြီတဲ့။ ကောင်းရော။ ဒါနဲ့ နောက်နေ့မှ ထပ်လာမယ်ဆိုပြီး ပြန်လိုက်တယ်။

ဒီ spa အကြောင်း နောက်နေ့ကျရင် အကျယ်ပြောပြမယ်...

Yaki Yaki Korean BBQ for dinner

စားလို့လဲကောင်းတယ်၊ ဆက်ဆံရေးလဲကောင်းတယ်။

ဗိုက်ခွေးနမ်းပြီ... (ခွေးမရှိလို့တော်သေးတယ်)

ဆိုင်ထဲမှာ လူတွေအဲ့လောက်များများရှိတာ တွေ့ခဲတယ်။ ဒီဆိုင်က ကိုရီးယားတိုးအဖွဲ့တွေနဲ့ ချိတ်ထားလို့။ ကျန်တဲ့အချိန် အဲ့ဒိ တိုးထဲက လူတွေဘယ်ရောက်နေလဲ မသိဘူး။ လမ်းပေါ်မှာကိုး မတွေ့ဘူး။

ဒီလိုနဲ့ ဘာမှလုပ်စရာလဲ မကျန်တဲ့အဆုံး ညစာစားပြီး အခန်းပဲ ပြန်တော့မယ်ဆိုပြီးထွက်လာခဲ့လိုက်တယ်။ ရာသီဥတုက အေးပါတယ်ဆိုမှ မိုးရေစက်တွေက အေး။ လူဆိုတာ ကုတ်ကုတ်လေး လမ်းလျှောက်နေရတော့ အစားချင်ဆုံးက အုန်းနို့ခေါက်ဆွဲဘဲသွေးပဲကြော် ငါးဖယ်နဲ့ ပူပူစပ်စပ်လေးပေါ့။ အဲ… အဲဒါက မရနိုင်မှန်းသိတော့ ဖြစ်နိုင်ရင် အရေသောက် ပူပူလေး စားချင်တယ်။ လျှောက်လာရင်း တစ်နေရာအရောက်မှာ ဆိုင်ထဲမှာ တိုးအဖွဲ့လိုမျိုးစားနေတဲ့ စည်စည်ကားကားဖြစ်နေတဲ့ ဂျပန်နာမည်နဲ့ ကိုရီးယားစားသောက်ဆိုင်ကိုသွားတွေ့တယ်။ အဲ့မှာက လူနည်းလွန်းတော့ လူတွေ့နေရရင် ပျော်နေပြီ။ ပြီးတော့ အာရှတိုက်သားတွေပဲဆိုတော့ Menu ဝင်ကြည့်ပြီး စားချင်သွားတယ်။ ကင်ချီဟင်းချိုပူပူလေး သောက်ရလဲ မဆိုးပါဘူးလေ။ ဘီဘင်ဘက် ထမင်းနယ်လေးပဲ စားရကောင်းမလား မဝေခွဲနိုင်။ ဆိုင်ထဲက တိုးအဖွဲ့ ကိုရီးယမ်းတွေကတော့ BBQ Buffet ဆွဲနေကြတယ်ထင်ပါ့။ Mr.Right က BBQ ဆိုတာနဲ့ သားရေကျနေပြီလေ။ BBQ Buffet က တစ်ယောက်ကို NZD 25 တဲ့။ အောက်ကပုံမှာပါတဲ့အတိုင်းပေးမယ်ပေါ့။ Mr.Right စားချင်လွန်းနေတာနဲ့ ကိုယ်လဲ အဲဒါပဲ စားလိုက်တယ်။ ကိုယ်က ဘာစားစား စားကောင်းနေတဲ့ ကုသိုလ်ထူးရှိတယ်။

ကမ္ဘာပေါ်မှာ ကောင်းသော ရသတွေများ...

ကိုယ်စားချင်နေတဲ့အချိန် ပူပူနွေးနွေးစားလိုက်ရတာ အရသာကိုရှိလို့။ ဆိုင်ကြီးကလဲ အကျယ်ကြီးပဲ။ ဆိုင်ရှင်က ကိုရီးယမ်း။ အလုပ်သမားကတော့ အန္ဒိယအမျိုးသမီး။ သဘောကောင်းကြပါတယ်။ အသားထပ်တောင်းလဲ မညီးမညူပေးတယ်။ ငါးကင်ကတော့ Menu မှာကတည်းက တစ်ခါပဲရမယ်လို့ပြောထားပြီးသားလေ။ အဲ့ဒါက Refill မဟုတ်ဘူး။ တစ်ခုပဲရှိတယ်။ ကိုရီးယမ်း ဘာဘီကျူးသာပြောတယ် အသားနဲ့ တွဲစားနေကျ ဆလပ်ရွက်ကျတော့ မရှိဘူး။ အဲ့ဒိ ဆလပ်ရွက်ကို နယူးဇီလန်က ဘယ်ဆိုင်မှာမှ မတွေ့ခဲ့တာ။ သူတို့ပေးတဲ့အရွက်ကတော့ ဂေါ်ဖီချဉ်လို Salad တစ်ခုပေးတယ်။ အအီတော့ပြေပါတယ်။ ချဉ်ဖတ်တွေကလဲ အအီပြေပါတယ်။ Overall တော့ စားကောင်းပါတယ်။ မဗေဒါခရီးစဉ်က အစားအသောက်နဲ့ ပတ်သတ်ရင်တော့ နိုင်ငံတကာလှည့်ပြီးတစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ မတူညီတဲ့ အာရှစာတွေ လိုက်မြည်းစမ်းသုံးသပ်တယ်ပဲ သဘောထားလိုက်ပေါ့နော်။

စားကြမယ်ဟေ့ ကောင်းကောင်း...

လျှာပေါ်မှာ အကောင်းဆုံးရွေးပြီးတော့စား...

ရှလွတ်... ပလွတ်... အများကြီးစားပြီးတာတောင် ဗိုက်က သိပ်မဆန့်ဘူးထင်ပြီး အားမရဖြစ်ရတယ်။ ခိခိ

စားသောက်ပြီးတော့မိုးဆုံးဆုံးချုပ် ၇နာရီခွဲပြီဆိုတော့ ဘာမှလဲလုပ်စရာမရှိ၊ ဘယ်မှလဲ သွားစရာမရှိတော့ဘူးဆိုတော့ Mr.Right အကြိုက် မိုးအေးအေး ရာသီဥတုချမ်းချမ်းနဲ့ ဟော်တယ်ပြန် စောစောစီးစီးကွေးပေါ့။ ပြီးတော့ Waitomo Cave နဲ့ Ruakuri Cave ကနေပြန်ရောက်တာနဲ့ မနက်ဖြန်ညကားနဲ့ Wellington ကို ခရီးဆက်မှာဆိုတော့ Wellington ကိုသွားဖို့ intercity bus ကို ဘွတ်၊ Wellington အတွက် ဟော်တယ်ကြိုဘွတ်စသည်ဖြင့် အားလုံး အနေတော်ပါပဲ။ Rotorua မှာတည်းခဲ့တဲ့ Kuirau Park motor Lodge က Security အတွက်သာ စိုးရိမ်ရပေမဲ့ အင်တာနက် Wifi လဲ unlimited နီးပါးပေးတယ်။ ဈေးလဲချိုတယ်။ လိုသမျှ အသုံးအဆောင်ပစ္စည်းနဲ့ မီးဖိုချောင်လဲပါတော့ နေရတာ နေပျော်ပါတယ်။ ဒီတင်ပဲ Rotorua Day 2 ကို အဆုံးသတ်လိုက်မယ်နော်။

ရိုတိုရူဝါရဲ့ ည ၇နာရီခွဲအခြေအနေ...

Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)

12 comments :

Anonymous said...

ဒုတိယပိုင်းပါ ဖတ်ပြီးသွားပါကြောင်း
ကျေးဇူးတင်စွာဖြင့်
TZN

Anonymous said...

မျှော်မျှော် မျှော် ပုံတွေတအားလှ အသေးစိတ်ရေးထားတာလေး တအားသဘောကျတယ်။ အားပေးလျှက်ပါနော်။

yumm

Anonymous said...

ဆက်ရေးနော်:-)
Fr
မမအိအိ

shin said...

ကိုယ်လဲ ခရီးထွက်ရင် အဲ့လို သစ်ပင် သစ်ရွက် နီနီဝါဝါလေးတွေကို အရမ်းသဘောကျတယ်။ ဓတ်ပုံရိုက်လို့ကို မဝနိုင်။ မဗေဒါဓတ်ပုံတွေ ကြည့်ရတာသဘောကျလိုက်တာ။ အကုန်like တယ်။ ရှုခင်းတွေကလဲ အရမ်းလှတယ်။ အခု နောက်ပိုင်း blog ကို phone or ipad ကနေပဲ ဖတ်ဖြစ်နေတော့ comment ပေးရတာ သိပ်အဆင် မပြေဖြစ်နေတယ်။

ဆုမြတ်မိုး said...

ဒီ ပိုစ့်လေး ကိုတော်တော်ကြိုက်တယ် မဗေဒါရယ်..မြက်ဖျားနှင်းပုံလေးကို သိပ်ကြိုက်တာပဲ။

ရုံးမှာ blogspot.com ကို ဘန်းထားတော့... link ကို blogspot.sg ကိုပြောင်း ။ ပြောင်းပြီးရင် ဘယ်ပုံမှမမြင်ရတော့ဘူး ။ ဖုန်းကလည်း 5s ဆိုတော့ခပ်သေးသေး.. ။ဖုန်းက chrome မှာ ဖွင့် ။ ကွန်ပျူတာမှာစာကိုဖတ် ၊ ဖုန်းနဲ့ပုံကြည့်ရတဲ့ ဘ၀ ။

မဗေဒါတော့မသိဘူး...ညီမတော့ မဗေဒါတို့ဟန်းနီးမွန်း ကို မပြီးစေချင်ဘူးရယ်..ဆက်ပြီးဖတ်နေချင်တာ :P



ဆုမြတ်မိုး said...

ဒီ ပိုစ့်လေး ကိုတော်တော်ကြိုက်တယ် မဗေဒါရယ်..မြက်ဖျားနှင်းပုံလေးကို သိပ်ကြိုက်တာပဲ။

ရုံးမှာ blogspot.com ကို ဘန်းထားတော့... link ကို blogspot.sg ကိုပြောင်း ။ ပြောင်းပြီးရင် ဘယ်ပုံမှမမြင်ရတော့ဘူး ။ ဖုန်းကလည်း 5s ဆိုတော့ခပ်သေးသေး.. ။ဖုန်းက chrome မှာ ဖွင့် ။ ကွန်ပျူတာမှာစာကိုဖတ် ၊ ဖုန်းနဲ့ပုံကြည့်ရတဲ့ ဘ၀ ။

မဗေဒါတော့မသိဘူး...ညီမတော့ မဗေဒါတို့ဟန်းနီးမွန်း ကို မပြီးစေချင်ဘူးရယ်..ဆက်ပြီးဖတ်နေချင်တာ :P


Anonymous said...

သမီးရေ စာလာလာဖတ်သွားပါတယ် ဒါပေမဲ့ ကွန်မင့် ရေးမရဘူး ဖြစ်နေတာ
ဗဟုသုတ အများကြီး ရလို့ ကျေးဇူးနော်

အန်တီဝေ

နန်း ရွှေမှုံ said...

သစ်ရွက်ခြောက်တွေပြန့်ကျဲနေတဲ့ မြက်ခင်းကြီးကို အကြိုက်ဆုံးပဲ ငယ်ငယ်ကလို ပြေးတမ်းလိုက်တမ်း ဆော့ချင်စရာ ဟီးးးး မေပယ်ရွက်ကို တစ်ခါမှမမြင်ဖူးဘူး။ အရမ်းသဘောကျတာပဲ။
မြေအနှံ့ ကြွေရွက်တို့ နီဝါဝါ
ဥတုအေးအေး မိုးဆွေးဆွေးနဲ့
စိမ်းလဲ့လဲ့သာသာယာ
မေပယ်ရွက်ဝါ နီတြာတြာနဲ့ ပဏာရတယ်လေး … နန်းကတော့ အဲ့လိုကဗျာစပ်လိုက်မယ်ခစ်ခစ်။

mabaydar said...

@TZN - အမြဲစောင့်ဖတ်နေတာရော။ လုပ်ဖော်ကိုင်ဖက်ကိုတောင် ပြောပြလိုက်တယ်ဆိုတာသိရလို့ အရမ်းပျော်သွားပါတယ်သိလား... နောက်ပိုစ့်တစ်ပုဒ် တစ်ပတ်အတွင်းထပ်တက်နိုင်အောင် ကြိုးစားပါ့မယ်။

@Yumm - အမာခံပရိတ်သတ်တွေရဲ့ အားပေးစကားတွေကြောင့် ရေးရတာ တန်ပါတယ်။

@ဆုမြတ်မိုး - ဒီလောက်တောင်ပဲ ခက်ခက်ခဲခဲလာဖတ်ရတာကို ကိုယ်ချင်းစာပါတယ်။ မဗေဒါတို့ရုံးလဲ ဘန်းထားတော့ ဘလော့ပိုစ့်တင်မယ်ဆို ကိုယ့်ဖုန်းအင်တာနက်ကို laptop မှာ ခိုးချိတ်ပြီးတင်ရတယ်။ ဓာတ်ပုံတွေ upload တော့ လူလဲ ဖုံးဘေလ်တောင် တော်တော်ထောင်းနေပြီ။ ဟန်းနီးမွန်းက ၁၅ ရက်ဆိုတော့ ပြီးအုံးမှာ မဟုတ်ပါဘူး။ အရှည်ဆုံးသွားဖူးတဲ့ ခရီးပဲ။

@အန်တီဝေ - blog ပေါ်မှာ ကွန်မန့် မပေးတတ်တဲ့ကြားက ခုလို အားစိုက်ထုတ်ပြီး လာပေးတာကို ကျေးဇူးတင်ပါတယ်။ ဖေ့ဘွတ်ပေခ်ျ့ကနေ အားပေးစကားပြောတော့လဲ အရမ်းကို ၀မ်းသာမိပါတယ်။

@နန် ရွှေမှုံ - ကဗျာကို ခုလို ခံစားပြီး လက်တန်းချရေးနိုင်တာကို တကယ်လေးစားတယ်။ ခုမှ သိတယ်။ နန်းမှာလဲ ဘလော့ရှိတယ်ဆိုတာ။ လာမွှေအုံးမယ်။ လောလောဆယ်တော့ နန်းကဗျာလေးကို အဲ့ဒိ ဓာတ်ပုံထဲမှာ စာတမ်းထိုးပြီး မဗေဒါ page မှာ တင်မယ်နော်။
အောက်မှာ နန်းရွှေမှုံနာမည်တပ်ပေးထားတယ်။ အရမ်းကောင်းတယ်။ မဗေဒါက ကဗျာဆို အဲ့လို ကာရံလေးနဲ့ တိုတိုလေးဖြစ်နေပြီး ဖတ်လိုက်တာနဲ့ ဘာကိုဆိုလိုမှန်းသိတာကို ကြိုက်တယ်။

ငြိမ်းမိန်းကလေး said...

မဗေဒါနဲ့ အတူတူ လိုက်လည်လိုက်တယ်။ ခရီးစဉ်လေး မပြီးသေးပါစေနဲ့။ များများ ချဲ့ရေးပါ။
မေပယ်လ်ရွက်တွေနဲ့ ပုံရယ်၊ ပြတိုက်ကြီးပုံရယ် အကြိုက်ဆုံးပဲ။ နှစ်ယောက်တွဲပုံလေးများ မေပယ်လ်ရွက်တွေပေါ်မှာ ကဗျာဆန်ဆန် မရိုက်ခဲ့ဘူးလား။ ရိုက်ခဲ့ရင် တင်ပါဦး။

mabaydar said...

@ငြိမ်းမိန်းကလေး - အရမ်းချဲ့ရေးပြီး ဖြစ်သမျှပြောဖို့ဟာက နောက်ထပ်ဖတ်ရင် ပျင်းမှာစိုးတာရယ်။ အင်ဖိုအပြင် အပိုတွေအရမ်းများမှာလဲ စိုးသေးတယ်လေ။ ခရီးစဉ်က ခုမှ တ၀က်ကျိုးတာ မပြီးသေးဘူး။ ကဗျာဆန်ဖို့မပြောနဲ့ တစ်ယောက်က နှုတ်ခမ်းကွဲ၊ တစ်ယောက်က ၀တုတ် ပြောချင်ပါဘူး။ ပြီးတော့ အဲ့ပန်းခြံထဲမှာလဲ ကိုယ်တွေကို ရိုက်ခိုင်းဖို့ တခြားလူအတော်ရှားတယ်။ စတန်းကလဲ လေးလို့ ယူမလာမိတော့ သစ်ရွက်ခြောက်တွေနဲ့ မရိုက်ဖြစ်ဘူး။ ဆယ်လ်ဖီနဲ့တော့ ရေနွေးငွေ့ကန်တွေနောက်ထားပြီး ရိုက်ဖြစ်တယ်။ ဒါပေမဲ့ စောစောကအတိုင်း လူတွေက မလှတော့ စာဖတ်သူတွေ လန့်ပြီး လာမဖတ်တော့မှာစိုးလို့ ရှုခင်းဦးစားပေးပုံတွေပဲ တင်တာ...

Anonymous said...

အပိုင်း၂က စဖတ်လိုက်တယ် ရေပူကန်မြင် ရောဝါတက်သွားပြီ ခုတလော အဲ့လိုတိတ်ဆိတ်ငြိမ်းချမ်းတဲ့နေရာတွေပဲ သွားချင်နေတယ် အသက်ကြီးလာတဲ့လက္ခဏာများလား အဲဒါယောက်ျားကို နယးဇီလန်လိုက်ပို့ပေးလို့ ခုပဲလှမ်းအော်ပြောနေတာ
မဗေဒါတို့သွားတဲ့အချိန်က Spring လား သစ်ရွက်တွေအရောင်အရမ်းလှနေလို့ ဒီမှာတော့မေပယ်တွေလှပေမယ့် အဲ့အချိန်ဆို ခုနကပြောသလို မိုးအေးပြီလေတိုက်ပြီ နှစ်တိုင်းရာသီဥတုဒဏ်ခံနေရတော့ နွေးမှပဲအပြင်ထွက်ဖို့သတိရပြီး Autumn လိုရာသီမှာ အင်မတန်လှတဲ့ ရှုခင်းတွေခံစားရပါလားဆိုတာ မေ့နေတယ် ပြီးတော့ လန်ဒန်က သစ်ရွက်ကြွေရင် ရှုပ်ပြီးညစ်ပတ်တယ်
ပြတိုက်ပိတ်သွားတာ ရေကူးကန်ပိတ်သွားတာ အာ့မျိုးဆို ဝိုင်းဆိုစိတ်ကမကြည်တော့ဘူး ရောက်ပြီးမှ ဝင်လို့မရတာဆို အစောကြီးပိတ်တယ်ဆိုပြီး လူကအော်တိုမက်တစ် အိညှောင့်ရှုံ့မဲ့သွားတာ အလကားနေရင်း ဘေးကယောက်ျားကိုရစ်ရော ဒါပေမယ့် အဲလို ဘာဘီကျူးစားရရင်တော့လဲ စိတ်ပြေပါတယ်လေ အခုဝိုင်းက red meat ရှောင်လိုက်လို့ ဘာဘီကျူးစားရင် မတန်တော့ဘူး ကတောက် ဒါနဲ့ ခရီးသွားရင်း ရန်မဖြစ်ကြဘူးလားဟေ ဝိုင်းဆို နေ့တိုင်းရစ်တယ် သူတို့၂ယောက်ကျတော့ အရမ်းတည့်တာပဲတော့ မြင်ရတာစိတ်ချမ်းသာတယ်ကွယ်

Wine