Monday, July 28, 2014

Free & Easy Korea Day 1 (Part 2): Busan (Gamcheon Culture Village -> Jalgachi Fish Market)



Busan Station နဲ့ Gemcheon Culture Village တည်နေရာ

ဒါက Toasang ဘူတာကနေ Gencheom Culture village ကိုသွားဖို့ မြေပုံ

Taejongdae Park ရဲ့ ရှေ့မှာတင် တိုက်စီလေးတွေရှိတာနဲ့ အဲ့ဒိက တိုက်စီကိုပဲ ငှားလိုက်ပါတယ်… Gamcheon Culture Village လို့ပြောလိုက်တာနဲ့ “Gamcheon Gamcheon” ဆိုပြီး ခေါင်းညိမ့်ပြပါတယ်… ကားသမားကြီးက အင်္ဂလိပ်လို လုံးဝမပြောတတ်ပါဘူး… ဒါပေမဲ့ ကျွန်မတို့နဲ့ စကားပြောချင်ပုံတော့ ရပါတယ်… သူနားလည်တဲ့ ကိုရီးယားနေရာ တစ်လုံးတစ်လေများ ကျွန်မတို့ စကားထဲပါသွားရင် လက်ညိုးထိုးပြတော့တာပါပဲ… ကျွန်မတို့က ညကျရင် Plan ထားခဲ့တဲ့အထဲက (Optional place) Gwangalli Beach ကို မသွားတော့ပါဘူး… နောက်နေ့မနက်စောစောထရမယ်ဆိုတော့ ပြန်တာပဲကောင်းပါတယ်ပြောတာ… သူက Gwangalli Beach ကို လက်ညိုးထိုးပြပါတယ်… ပြီးတော့ ကျွန်မတို့ကို ဘယ်နိုင်ငံကလဲလို့ ကိုရီးယားလို့ မေးပါတယ်… ကျွန်မကလဲ ကိုရီးယားကားကြည့်ထားတဲ့အစွမ်းကြောင့် အားလုံးမဟုတ်ပေမဲ့ ဒီလိုအခြေအနေမျိုးမှာ လူတွေဘာမေးတတ်လဲဆိုတာရယ် နားရည်ဝနေတဲ့ စကားလုံးတစ်ချို့တစ်လေကို စပ်ဆက်ပြီး သူဘာမေးလဲ သဘောပေါက်ပါတယ်… ကျွန်မတို့က “မြန်မာ” လို့ဖြေတော့ သူသိပါတယ်… ကိုရီးယားမှာ တော်တော်များများ မြန်မာ လို့ပြောရင်သိကြပါတယ်… မြန်မာပဲ Open up ဖြစ်လာလို့လား… မြန်မာဆိုတာကို ကိုရီးယားတွေရင်းနှီးနေတာ အကြောင်းတစ်ခုခုရှိလို့လားတော့ မသိပါ… မြန်မာပြည်လာ တိုလ်းနဲ့လာလည်ကြတဲ့ ကိုရီးယားတွေလဲ မြန်မာပြည်ပြန်တုန်းက တွေ့ခဲ့တာ တပုံတပင်ပါပဲလေ… ပြီးတော့ ကျွန်မတို့ စကားဝိုင်းက ညိမ်သွားပြန်ရော… သူလဲ ဘာမှ မပြောတတ်တော့ ဒီလိုပဲ မောင်းနေလေရဲ့… တချို့နေရာတွေ ရောက်ရင်သာ လက်ညိုးထိုးထိုးပြီး နေရာနာမည်ပြောတယ်… တစ်ခါတစ်လေတော့ ကိုရီးယားလိုတွေ အများကြီးသူ့ဟာသူပြောနေတာ ကျွန်မတို့က နားမလည်တော့တော့ သူ့ကိုဒီလိုပဲ ပြူးကြည့်နေလိုက်တော ပြန်ညိမ်သွားပြန်ရော… ကိုယ်လဲ သူပြောတာနားမလည်တော့ စိတ်ထဲတော့ ကလိကလိအောင့်သက်သက်ပေါ့… အဲ့ဒိ အာဂျီရှီကိုပဲ ဆွဲကိုင်လှုပ်ပြီး ငါတို့နားမလည်တာကို ဘာလို့ ကိုရီးယားလိုချည်းပြောနေလဲ အင်္ဂလိပ်လို တစ်လုံးတစ်လေတောင် မသိဘူးလားဆိုပြီး အသည်းယားလာတယ်… ခွိ…

Gamcheon Culture Village


Gemcheon Culture Village from the view of Prance Prince

၆နာရီ၄၅လောက်ကျတော့ Gamcheon Culture Village ကိုရောက်တယ်… Taejongdae Park ကနေ Gamcheon ကို တိုက်စီခ Won 11,100 ကျတယ်… တစ်ယောက်ကို SGD 5 လောက်ပဲကျပါတယ်… Gamcheon Cultural village ကို Taegaukdo Village လို့လဲခေါ်ပါတယ်… နောက်ပိုင်းတော့ Korea’s Santorini, Korea’s Machu Picchu ဆိုပြီးလဲတင်စားပြီးခေါ်ဝေါ်ကြတယ်… သူက အမှန်တော့ ကိုရီးယားစစ်တွင်းကာလတုန်းက စစ်ဘေးဒုက္ခသည်တွေ စုဝေးနေထိုင်ခဲ့တဲ့ ရွာလေးပါပဲ… ဒါပေမဲ့ ဒိထက်ပိုတာကတော့ စစ်ဘေးဒုက္ခသည်တွေမနေထိုင်ခင် ၁၉၀၀ စုနှစ်လောက်ကတည်းက Taegeukdo ဘာသာကို ကိုးကွယ်ကြတဲ့သူတွေ စုပေါင်းနေထိုင်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်… Taegeukdo ဘာသာကလူသိနည်းတဲ့ ဘာသာလေးပါတဲ့… Yin and Yang concept ကို အခြေခံထားတဲ့ဘာသာလေးပါတဲ့… ကိုရီးယားအလံမှာပါတဲ့ အနီနဲ့ အပြာ အလုံးကြီးဟာ Taegeuk ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့အတွက် ကိုရီးယားသမိုင်းအတွက်တော့ အရေးပါခဲ့တဲ့ သင်္ကေတတစ်ခုဖြစ်မယ်လို့ ယုံကြည်ရပါတယ်…

ဒီနေရာလေးက အမှန်တော့ မြို့ပြက တိုက်မြင့်ကြီးတွေနဲ့ ကွာခြားစွာ တစ်ထပ်အိမ်လေးတွေကို တောင်ကုန်းမြင့်လေးတွေပေါ် ဆင့်ကဲဆောက်ထားတာပါပဲ… ရှေ့ကအိမ်ဟာ နောက်ကအိမ်ကို ကွယ်နေတာ တစ်အိမ်မှမရှိပါဘူးတဲ့… ဒါဟာလဲ Taegeukdo ယဉ်ကျေးမှုအရ အားလုံးကို ကောင်းခြင်း စီးပွားလာဘ်လာ မျှဝေတဲ့သဘောအတိုင်း သေချာစီမံဆောက်လုပ်ထားတာပါတဲ့… အရင်က လူသိသိပ်မများတဲ့ သာမာန်ရွာငယ်လေးဟာ ၂၀၀၉ ခုနှစ်မှာ Gancheon’s art-themed makeover ပွဲလုပ်ပြီး အနုပညာကျောင်းသားတွေကို ဖိတ်ကြားပြီး အဲဒိရွာလေးကို ပြင်ဆင်ရေးဆွဲခဲ့တဲ့နောက်မှတော့ ရွာလေးဟာ သက်တန့်ရောင်စုံအိမ်လေးတွေ အပြာရောင်၊ အစိမ်းနုရောင်၊ ပန်းနုရောင်၊ အ၀ါရောင်စတဲ့ လှပတဲ့ အရောင်လေးတွေပေါင်းစပ်တဲ့ အနုပညာလက်ရာမြောက်ရွာလေးအဖြစ် ဓာတ်ပုံဆရာတွေနဲ့ ရုပ်ရှင်ရိုက်ကွင်းနေရာတွေမှာ ခေတ်စားလာခဲ့ပါတယ်… ဒီကနေ တစ်စတစ်စ Tourist တွေကို ဆွဲဆောင်ပြီး အလည်အပတ်လာသူ ဓာတ်ပုံရိုက်သူအများအပြားဖြစ်လာပါတယ်…


ရွာဝင်လမ်းက အိမ်လေး လား Information house လေးလားတော့မသိဘူး...




အေးအေးဆေးဆေးနေရာလေး...

အလည်အပတ်လာသူတွေများလာတာနဲ့အမျှ အဲဒိရွာလေးမှာနေထိုင်နေတဲ့ တစ်ချို့ရွာသားတွေကတော့ သူတို့ ကိုယ်ရေးကိုယ်တာကို ထိခိုက်တယ်လို ခံစားရပါတယ်... အလိုက်မသိတဲ့ အလည်လာသူတွေရဲ့ အော်ဟစ်စကားပြောသံ... သူတို့ အိမ်အတွင်းတွေနဲ့ တခြား ဓာတ်ပုံမရိုက်သင့်တဲ့နေရာတွေကို ရိုက်ကြတာကြောင့် ရွာသား ၃၀၀ လောက်ကတော့ အိမ်တွေကို ဒီတိုင်းပိတ်ပြီး မြို့ပြဘက်ကိုပဲ ပြောင်းရွေ့သွားကြတယ်လို သိရပါတယ်... ဒါပေမဲ့ အဲဒိရပ်ကွက်အကြီးအကဲတွေနဲ့ပေါင်းပြီးတော့လဲ ရွာပိုင် ကော်ဖီဆိုင်၊ မုန့်ဆိုင်လေးတွေဖွင့်ပြီး တိုးရစ်တွေဝယ်ယူစားသုံးတဲ့ အမြတ်အစွန်းကို ရွာမှာနေတဲ့ ရွာသားတွေကို မျှဝေတယ်လို့သိရပါတယ်... အဲဒါကြောင့် နောက်ပိုင်းမှာ ညနေ ၆နာရီနောက်ပိုင်းဆိုရင် တိုးတွေနဲ့လာတဲ့ ဧည့်သည်တွေကို ပေးမ၀င်တော့ပဲ ရွာသားတွေ အေးချမ်းလွတ်လပ်စွာနေထိုင်ခွင့်ရအောင် စည်းကမ်းသတ်မှတ်လိုက်ပါတယ်တဲ့...

အပေါ်က ရွာလေးအကြောင်းက မဗေဒါ ခုစာရေးဖို့ ရှာရင်းမှတွေ့တဲ့အချက်တွေပေါ့... မဗေဒါတို့ ဟိုရောက်တုန်းက မသိဘူး... ကိုယ်ရောက်သွားတော့ ညနေ ၆နာရီ ၄၅မိနစ်... (တစ်ခုရှိတာက မဗေဒါတို့က တိုးနဲ့လာတာမဟုတ်ဘူးလေ)... အဲဒိရွာလေးကို Running Man episode 126 လာရိုက်သွားတာနဲ့ ဓာတ်ပုံထဲမှာ လှလို့ လာချင်တာပဲရှိတာ... အဲဒိရွာလေးမှာ လူတွေတကယ်နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုဆိုတာ အဲ့ဒိရောက်မှ သိတာ... ဒါပေမဲ့ ရွာထဲက တိုက်အိမ်ပုလေးတွေက နံရံဆေးရေးတွေနဲ့ တစ်ချို့တိုက်အိမ်ခေါင်မိုးလေးတွေပေါ်မှာ ငှက်ပေါင်းစုံ အရုပ်လေးတွေလုပ်ထားတာဆိုတော့ သူက တိုးရစ်တွေကို ဆွဲဆောင်တဲ့ ထူးခြားတဲ့အိမ်လေးတွေရှိတဲ့နေရာဆိုလဲ ဟုတ်နေပြန်ရော... အဲလိုအိမ်လေးတွေဆိုတော့လဲ ဘယ်သူက ဓာတ်ပုံမရိုက်ပဲနေနိုင်မလဲနော်... ဓာတ်ပုံရိုက်မယ်ဆိုလဲ သူများအိမ်ရဲ့ ကိုယ်ရေးကိုယ်တာမထိခိုက်အောင်ပဲရိုက်သင့်တာပေါ့...



ငှက်ရုပ်လေးတွေနဲ့ အိမ်...

Gemcheon Culture Village ကိုသွားရင်တော့ သက်တောင့်သက်သာရှိမဲ့ ဖိနပ်ပဲ ၀တ်သွားသင့်တယ်... သူက လမ်းသွယ်လေးတွေအများကြီးရှိသလို အားလုံးက မတ်စောက်တဲ့ လှေကားငယ်လေးတွေနဲ့ ဆက်နေတယ်... ရွာထဲမှာ မျက်စိလည်ဖို့လဲ သိပ်လွယ်တယ်တဲ့... အဲ့ဒါကြောင့် သူတို့ရဲ့ တိုးရစ်လမ်းပြအမှတ်အသားက သစ်သားငါ့ရောင်စုံလေးတွေနဲ့ လမ်းပြထားတယ်တဲ့... သစ်သားငါးရောင်စုံလေးတွေနောက်လိုက်ရင် တိုးရစ်တွေအဲဒိရွာမှာ မြင်သင့်သွားသင့်တဲ့နေရာတွေအားလုံးကို ရောက်မဲ့အပြင် လမ်းမပျောက်တော့ဘူးတဲ့... ကျွန်မတို့ကတော့ အဲဒိတုန်းက အဲဒါတွေ မသိခဲ့ပါဘူး... ဒီလိုပဲ တိုက်စီပေါ်က ဆင်းတာနဲ့ ခြေဦးတည့်ရာလျှောက်သွားတော့တာ.. တွေ့တဲ့လမ်းအတိုင်း အိမ်လေးတွေ ဟိုကြည့်ဒီကြည့် ဓာတ်ပုံရိုက်ပြီး တည့်တည့်လျှောက်သွားတာ... Running Man banner နဲ့ ဆိုင်လိုလိုတစ်ခုတွေ့တယ်... Gemcheon Culture village ရဲ့ အမြဲဓာတ်ပုံအရိုက်ခံရတဲ့ ဘောင်းဘီဟောင်းတွေနဲ့အလှဆင်ထားတဲ့ ပန်းအိုးတွေတွေ့တယ်... အဲကနေ ဆက်တက်လိုက်တော့ လမ်းဆုံးသွားရော... အဆုံးမှာ လမ်းပြမြေပုံရှိလို့တော်သေးတယ်... လမ်းပြမြေပုံကလဲ "You Are Here" ဆိုတာတွေ့ဖို့ မနည်းလိုက်ရှာရတယ်... တွေ့တော့မှ ဘယ်ဆက်သွားရကောင်းမလဲရှာရင်းနဲ့... View Point Photospot ဆိုတာကိုတွေ့တော့ အချိန်လဲသိပ်မရတာနဲ့ အဲဒိကိုသွားဖို့ဆုံးဖြတ်လိုက်တယ်... အဲဒိကိုသွားဖို့က ဟိုးဘက်ကနေ ရွာတစ်ပတ်ကြီးပတ်ပြီးသွားလို့ရသလို... ကျွန်မတွေ့လိုက်တဲ့ ပြင်သစ်မင်းသားလေးရုပ်တုဘေးက အိမ်ကြိုအိမ်ကြားလမ်းကနေလဲ ဖြတ်လမ်းအတိုင်းဆင်းလို့ရတယ်... ဒါနဲ့ ကျွန်မတို့လဲ အဲဒိလမ်းကြားအတိုင်းဆင်းဖို့ ဆုံးဖြတ်လိုက်တယ်...


အဲဒိတောင်ကုန်းပေါ်ဆက်တက်သွားတော့ လမ်းဆုံးသွားရော...


လူတိုင်းဓာတ်ပုံရိုက်ကြတဲ့ ဘောင်းဘီဟောင်းတွေနဲ့ လုပ်တဲ့ ပန်းအိုး...


running man bunner နဲ့ ဆိုင်...

ရွာလေးကတော့ တိတ်ဆိတ်ပြီး အဲဒိအချိန်မှာ လူသွားလူလာအတော်နည်းတယ်... ညနေခင်းလေလေးကလဲ တောင်ကုန်းလေးပေါ်ကို တစ်ချက် တစ်ချက်တိုက်တယ်... ကျွန်မတို့ မြေပုံကြည့်ခဲ့တဲ့အတိုင်း ပြင်သစ်မင်းသားလေးရုပ်ထုကိုတွေ့တော့ အဲဒိနားမှာ ဓာတ်ပုံခဏရိုက်ခဲ့သေးတယ်.... ရုပ်ထုလေးက တစ်ကယ်တော့ ရွာကအိမ်လေးတွေကို လှမ်းငေးနေတဲ့ပုံ... သူတို့ ပုံပြင်အရတော့ မင်းသားလေးက သူ့ပျောက်သွားတဲ့ မြေခွေးလေးကို ရှာနေတာတဲ့... (အဲဒိပုံပြင်တော့ အစအဆုံးဇာတ်လမ်းမသိ... ရှာဖို့လဲပျင်းတယ်... သိချင် Google လိုက်နော်)... အရုပ်က လမ်းဘက်ကို ကျောပေးထားတာ သူမျက်နှာပေးထားတဲ့ဘက်က ရိုက်လို့မရဘူး ရှေ့မှာ ရပ်စရာ မြေမရှိဘူး ဒီတော့ ဘေးကပဲရိုက်ရတယ်... သိတဲ့အတိုင်း လှတပတ ဘေးဘက်က ရိုက်တော့ အစကတည်းက မပိန်တဲ့ကျွန်မ တလုံးတခဲကြီးတွေထွက်လာတော့တာပေါ့...

မြေပုံထဲမှာ ကျွန်မ မှတ်မိခဲ့တဲ့အတိုင်းပဲ အဲဒိ အရုပ်ရှိတဲ့ ဘယ်ဘက်က လမ်းကျဉ်းလေးအတိုင်းဆင်းရမှာပါ... တကယ်ကို အိမ်ကြို အိမ်ကြား လှေကားလမ်းလေးပါ... လှေကားလေး စစဆင်းဖို့လုပ်တော့ လှေကားထစ်လေးမှာထိုင်နေတဲ့ ခွေးလေးသေးသေးလေးကို ၃ယောက်သား ကြောက်နေပါသေးတယ်... ဟောင်မှာစိုးရိမ်တာပါ... လူနေရပ်ကွက်ဆိုတာကို ကျွန်မတို့ ရိပ်စားမိနေပြီလေ... ကိုယ့်ကြောင့် အသံတွေ ဆူညံသွားမှာစိုးလို့ပါ... ဒါပေမဲ့ ခွေးလေးက ကျွန်မတို့ ဆင်းလာတော့ သူဖယ်ပေးပါတယ်... ဒီလိုနဲ့ အဲဒိလမ်းကျဉ်းလေးတစ်လျှောက် "ဒီလမ်းတွေက ရုပ်ရှင်တွေထဲမှာ မင်းသား/မင်းသမီး တွေကို လူဆိုးတွေလိုက်ရင် ပြေးကြတဲ့ နေရာလေးတွေနဲ့ တူတယ်" လို့ ကိုယ့်ဟာကိုယ် ဇွတ် စိတ်ကူးယဉ်လိုက်တာပေါ့... အိမ်လေးတွေက တစ်ကယ်ကို ကျပ်ကျပ်ညပ်ညပ်လေးရှိတာပါ... တချို့အိမ်လေးတွေရဲ့ အပြင်နံရံမှာလဲ ပန်းချီလေးတွေ ဆွဲထားကြတာတွေ့ပါတယ်... လမ်းသွယ်လေးတစ်ဆုံးဆင်းပြီး ရပ်ကွက်ထဲက ကားလမ်းပေါ်ပြန်ရောက်ပြီး နည်းနည်းဆက်ဆင်းတော့ Wriggling Village ဆိုတဲ့ သစ်သားတွေနဲ့ သရုပ်ဖော်ထားတဲ့နေရာကိုရောက်ပါတယ်... ဒီဇိုင်နာက ဒီရွာလေးဟာ ရုတ်တရက်ကြည့်ရင် ပြွတ်သိပ်ကျပ်ညက်ပြီး စိတ်ကျဉ်းကျပ်စရာကောင်းရင်ကောင်းနေပေမဲ့ တကယ်တော့ ဒီရွာထဲက အိမ်လေးတွေက တစ်ဦးကိုတစ်ဦး တရင်းတနှီး အမှီသဟဲပြုပြီး ထောက်ပံ့နေတဲ့အလား၊ အေးအတူပူအမျှ ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင်နေနေကြတယ်ဆိုတာကို သရုပ်ဖော်ဒီဇိုင်းထုတ်ထားခဲ့တာပါတဲ့... အဲဒိ Wriggling Village ဆိုတဲ့ သစ်သားသရုပ်ဖော်နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ Viewpoint ဆိုတဲ့ လသာဆောင်အပွင့်တိုက်လေးရှိတာပါ... အဲဒိတိုက်ပေါ်မှာ Running Man ရိုက်သွားတာပါ... မဗေဒါက Gemcheon Culture Village ကို Running Man လာသွားတာပဲသိတယ်.. အဲဒိ အပိုင်းကို အဲဒိတုန်းက မကြည့်ရသေးပါဘူး.. (ခုတော့ ကြည့်ပြီးပါပြီ) အဲဒိကနေ မော့ကြည့်ရင် အပေါ်က တိုက်အိမ်ပု အထပ်ထပ်လေးတွေကို ကောင်းကောင်းမြင်ရပါတယ်...


ဒီ ပန်းချီကားလေး နံရံမှာရေးထားတာ လှတယ်... ကြောင်လေးတွေလဲ အဲ့နားမှာ အိပ်နေတယ်...


အိမ်ကြို အိမ်ကြား ဖြတ်လမ်း...


နံရံ ဆေးရေးပန်းချီ


Wiggling Village Art work


Wiggling Village ကို ရှင်းပြထားတာ...

ကျွန်မတို့လဲ မှောင်ရီပြိုးပြလာတာနဲ့ ခရီဆက်ဖို့ ပြင်ပါတယ်... ဒီရွာထဲမှာ ကျွန်မတို့ ဘယ်လောက် ရွာလည်အုံးမယ်မသိဘူးလေ... အချိန်က မရှိဘူးဆို ၇နာရီခွဲနေလောက်ပြီ... ကိုရီးယားမှာ ၇နာရီဆို သိပ်မမှောင်သေးဘူး... ၇နာရီခွဲလောက်တောင် မှောင်ရီးပြိုးပြပဲရှိသေးတယ်... ဒီလိုနဲ့ ထွက်ဖို့ပြင်တော့ အပေါ်နားမှာ Bus Stop သို့ ၂၀၀ ကီလိုမီတာဆိုပြီး လှေကားလမ်းကျဉ်းလေးပြထားတယ်... ဒါပေမဲ့ ၂၀၀ ကီလိုမီတာကြီးတောင် လှေကားလဲ မတက်ချင်ပဲ အပျင်းကြီးတော့ ဒီကားလမ်းအတိုင်းလျှောက်လို့ လမ်းဆုံးရင် လမ်းမကြီးပေါ်ပြန်ရောက်မှာပဲဆိုတဲ့အတွေးနဲ့ အောက်ပဲ ဆက်ဆင်းဖြစ်ခဲ့ပါတယ်.... လမ်းမှာ အိမ်ထဲကနေ ထွက်ရပ်ပြီး ဆေးလိပ်သောက်နေတဲ့ အာဂျီရှီကို ဘတ်စ်ကားဂိတ် ဘယ်မှာလဲဆိုတာကို ဒေါင်းလုပ်ဆွဲလာတဲ့ Korean lite ဆိုတဲ့ App နဲ့ မေးဖြစ်ပါတယ်... ဒါပေမဲ့ ခက်တာက အဲ့ဒိ App က တစ်ဖက်ပဲရတယ်... သူက ကိုရီးယားလိုတွေလဲ ပြန်ပြောရော ကျွန်မတို့လဲ မျက်လုံးလေးတွေ ပြူးပြီး " . . . " ဖြစ်နေတာပေါ့.. ဘာမှမှ နားမလည်တာ... ဒါနဲ့ပဲ သူတို့ လက်ညိုးထိုးတဲ့ဘက်ကို ဆက်လျှောက်မယ်... ပြီမှ နောက်တစ်ယောက်ထပ်မေးမယ်ဆုံးဖြတ်ပြီး ကျေးဇူးတင်စကားပြောပြီး ထွက်လာဖြစ်တာပေါ့... လမ်းဆုံးတော့ လမ်းမပေါ်တော့ရောက်သွားတယ်.. ဘတ်စ်ကားမှတ်တိုင်သေးလေးတစ်ခုတွေ့တော့ ၀င်ကြည့်တယ်... သိနေသော်လည်း ရလို့ရညား မှတ်တိုင်က ဆိုင်းဘုတ်ကို သွားဖတ်တယ်... အားလုံး ကိုရီးယားလိုတွေချည်းပဲ... ဒါနဲ့ မှတ်တိုင်ဘေးက ဆေးဆိုင်ကို ၀င်မေးတယ်... ဆေးဆိုင်ဆိုတော့ အင်္ဂလိပ်လိုပြောတတ်တဲ့သူ ရှိကောင်းရှိညားပေါ့...( ဒေါက်တာ Park Hoon နဲ့တွေ့ရင်တော့ ပွဲပြီးပြီ... :P )...

လှေကားတက်ရမှာကြောက်လို့ အဲ့လမ်းက မသွားခဲ့ဘူး...

ကြယ်တာယာတွေ မြင်ချင်လား... 

Photo point (Running man လာရိုက်သွားတဲ့ နေရာကနေ ရိုက်ထားတာ)

Dr. Park Hoon နဲ့တော့ မတွေ့ဘူး... အာဂျီရှီနောက်တစ်ယောက်နဲ့ တွေ့တယ်... ဒါပေမဲ့ သူက Park Hoon ထက်တော့ ပိုအသုံးကျမယ်ထင်ပါတယ်... ကျွန်မတို့ဘာမေးလဲဆိုတာလဲ သိတယ်... ပြီးတော့ သူ့ဆေးခန်းထဲက Post it စာရွက်လေးနဲ့ စီးရမဲ့ ဘတ်စ်ကားနံပါတ်ကို အင်္ဂလိပ်လိုရေးပေးတယ်... 2-2 or 1-1 ကျွန်မတို့သွားချင်တဲ့ Jagalchi fish market ကို ၂ ဂိတ်ပဲတဲ့... ခြေဟန်လက်ဟန် မတောက်တစ်ခေါက် အင်္ဂလိပ်စာ ၁လုံး ၂လုံး... ကျွန်မတို့ မေးတာကို ခေါင်းခါ ခေါင်းညိမ့်နဲ့ တော်တော်လေး အဆင်ပြေသွားတယ်... ဘတ်စ်ကားမှတ်တိုင်က ဟိုဘက်အခြမ်းဘက်မှာ အဲဒိမှာက မှတ်တိုင်ပုံတောင် မပေါက်ဘူး... အမိုးအကာလဲ မရှိဘူး... အဲ့နားသွားတော့မှ ဆိုင်းဘုတ်လေးတွေ့တာ... ဒါနဲ့ စောင့်နေတုန်းရှိသေးတယ်... မိုးက ရွာတယ်... အစကတော့ ဖွဲဖွဲလေးပဲ.. ဒါပေမဲ့ တဖြည်းဖြည်းနည်းနည်းများလာတယ်.. သည်းသည်းမဲမဲတော့ မဟုတ်ပါဘူး... ဒါပေမဲ့ စိတ်ရှုပ်လာတာပေါ့... အစကတည်းက ရာသီဥတုချက်လာပါတယ်... အဲဒိနေ့ မိုးရွာမယ်ဆိုတာလဲ သိနေလို့ စကာၤပူကေန တစ္ခါသံုးမိုးကာအက်ီၤေတြ ထည့်လာတယ်... ကင်မရာအိတ်စိုမှာကို ပိုစိုးရိမ်တာ... ဒါနဲ့ မိုးကာထုတ်ချုံလိုက်တယ်... ဘတ်စ်ကားကသာ မလာတာ... တိုက်စီအစိမ်းလေးတွေကတော့ ကိုယ့်ကို မျက်စပစ်ပြနေသလို ဖြတ်ဖြတ်သွားတယ်... နောက်ဆုံးတော့ ၂ဂိတ်ပဲဟာ... တိုက်စီပဲ စီးလိုက်ပါမယ်ဆိုပြီး တိုက်စီစီးဖြစ်တယ်...

ဘတ်စ်ကားဂိတ်

ဒီတစ်ခေါက် တိုက်စီသမားက ဟန်ကျတယ်... အင်္ဂလိပ်လို တော်တော်ပြောတတ်တယ်... သူ့မိန်းမက ဖိလစ်ပိုင်ကတဲ့... လက်ထပ်ထားတာ မကြာသေးဘူးတဲ့... ဓာတ်ပုံတောင် ပြလိုက်သေး... သူကတော့ အတော်အသက်ကြီးပြီ... ဖားမကတော့ ၂၀ ၀န်းကျင်လောက်ရှိမှာပေါ့... သူ့မိန်းမ လှတယ်မဟုတ်လားတဲ့... လှပါတယ်ပဲ ပြောတာပေါ့... ကျွန်မတို့ကို မြန်မာပြည်ကလာတာသိတော့... ဒေါ်အောင်ဆန်းစုကြည် ကို သူသိတယ်လဲပြောသေးတယ်... နောက်ပိုင်းတော့ ကိုယ့်အကြောင်းထက် သူ့အကြောင်းပဲ အရင်မေးပေးလိုက်တယ်... သူ့မိန်းမက ဗီဇာမရသေးလို့ ကိုရီးယားမှာ မဟုတ်ဘူး.. နောက်လလောက်ကျမှ ထပ်သွားခေါ်ရမယ်တဲ့... သူ့မိန်းမကို တော့ ချစ်ပုံရပါတယ်... ဟိုမိန်းကလေးကရော ကကြီးမို့ အထင်ကြီးပြီးယူတာလား... ဟိုမိန်းကလေးကရော တကယ်ချစ်ရဲ့လား... အေးဂျင့်တွေကနေ စပ်ပေးပြီးယူကြတာလား... ဒီလူကြီးကို သူ့ဘ၀ကောင်းစားဖို့ယူတယ်ဆိုရင် သူသစ္စာရှိရှိရော နေနိုင်ပါ့မလား... ကျွန်မအတွေးတွေက အဲဒိ အာဂျီရှီရဲ့ သူ့မိန်းမအကြောင်းပြောပြီး ပျော်နေတဲ့ မျက်လုံးတွေကြောင့် ရပ်တန့်သွားပါတယ်... အို... သူချစ်လို့ လက်ခံတာလဲဖြစ်မှာပါလေ... ဓာတ်ပုံထဲမှာတောင် အနောက်တိုင်းမင်္ဂလာဝတ်စုံနဲ့ ကောင်းကောင်းမွန်မွန်လက်ထပ်ထားသေးတာပဲ... မသိတဲ့သူတစ်ယောက်နဲ့ ကိုယ်မသိတဲ့ သူများ အိမ်ထောင်ရေးကို စိတ်ထဲကနေ မဝေဖန်တာပဲကောင်းပါတယ်ဆိုပြီး စိတ်ထဲက ဝေဖန်မိတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်မိပါတယ်...


Jagalchi Fish Market and Nampo (Busan International Flim Festival) 


Information သိချင် အကြီးချဲ့ကြည့်နော်...
ဒီလိုနဲ့ Jagalchi Fish Market လမ်းရှေ့ကိုရောက်တော့ သူက ချပေးပြီး... ညာဘက်ကတော့ Jagalchi Market အစားအသောက်နဲ့ ပင်လယ်စာတွေရတယ်... ဘယ်ဘက် ဟိုဘက်ကားလမ်းကတော့ Nampo ဈေးဝယ်ထွက်လို့ကောင်းတယ် စားသောက်စရာတွေလဲရှိတယ်တဲ့... သူအဲလိုပြောပြတာကို ကျေးဇူးတင်ပါတယ်... သူသာမပြောရင် ကျွန်မတို့ Nampo ကိုသွားဖို့ သိမှာမဟုတ်ပါဘူး... သူ့ကားခကတော့ Gemcheon Culture Village ကနေ Jagalchi Fish Market ကို Won 4200 ကျပါတယ်... ဒီလိုနဲ့ Jagalchi Fish Market လမ်းထဲကို ၀င်လိုက်တော့ လမ်းတစ်လျှောက်ဆိုင်တွေမှာလဲ Live Seafood တွေရောင်းကြပါတယ်... ဒါပေမဲ့ Fish Market ကိုပဲ ဦးတည်သွားလိုက်ပါတယ်... အချိန်ကတော့ မရှိဘူးဆိုရင် ည ၈နာရီခွဲလောက်ဖြစ်မယ်ထင်ပါတယ်...

ဈေးအောက်ဆုံးထပ်ကတော့ ပိတ်နေပါပြီ... ကျွန်မစိတ်ထဲမှာ ဆိုင်တွေပိတ်သွားရင်တော့ ဒီည ညစာ ဘယ်မှာစားရပါ့တွေးနေရသလို ကိုယ့် ခရီးသွားအစီအစဉ်ထဲမှာပါတဲ့ နေရာတစ်ခု မဖြည့်စီးလိုက်ရသလိုဖြစ်တော့မှာမို့ စိုးရိမ်းစိတ်အနည်းငယ်တော့ ဖြစ်မိပါတယ်... ပင်လယ်စာရောင်းတဲ့ Wet Market လိုဈေးဆိုတော့ ငါးညှီနံ့တွေကတော့ နံပါတယ်... ငါးညှီနံ့မကြိုက်လို့ ငါးတောင် အနံ့လုံးလုံးပျောက်အောင်ချက်မှ စားတဲ့ကျွန်မအတွက်တော့ မကိုက်ပေမဲ့ ခရီးသွားကောင်းတစ်ယောက်ဖြစ်ချင်တာနဲ့ သူတို့ ဒေသစာကို ငါကြိုးစားပြီးစားမှဖြစ်မယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဖိအားပေးပြီးလာခဲ့တာပါ... ဓာတ်လှေကားစီးဖို့ကြည့်တော့ ၅ထပ်မှာ စားသောက်ဆိုင်တွေရှိတယ်ဆိုလို့ ၅ထပ်တက်သွားတာ အပေါ်ရောက်တော့ ဂိုဒေါင်လိုလို ရုံးခန်းလိုလိုတွေနဲ့ လူခြေလဲပြတ်တာနဲ့ ၁ထပ်ကိုပြန်ဆင်းလာကြပါတယ်... အဲဒိက အစောင့်ကလဲ ဘာမှ တတ်တဲ့ပုံလဲမပေါ်တာနဲ့ မမေးတော့ပါဘူး... တော်သေးတာက အဆောက်အဦးလမ်းညွှန်က အင်္ဂလိပ်လိုရှိနေပါတယ်... ဒီတော့ ၂ထပ်မှာတော့ ဈေးနဲ့ တွဲရက်စားသောက်ဆိုင်တွေရှိတယ်လို့ရေးထားတာနဲ့ ကျွန်မရဲ့ စေ့စပ်သေချာတဲ့ သူငယ်ချင်း ခရီသွားဖော်က တက်ကြည့်ရအောင်ဆိုတာနဲ့ တက်ကြည့်တော့ ကျွန်မ ခရီးမသွားခင် သူများ Blog ပေါ်မှာ ဖတ်ဖူးတဲ့ ဆိုင်လေးတွေပါပဲ... ကျွန်မတို့ ၀င်ဝင်ချင်းဆိုင်တစ်ဆိုင်ပဲ လူ ၂၀ိုင်းလောက်ရှိပြီး အဲဒိက အာဂျူမာတွေကလဲ ခေါ်တာနဲ့ ရှုပ်ပါတယ် အားလုံးတူတူပဲဖြစ်မှာပါဆိုပြီး အဲ့ဆိုင်ပဲဝင်စားလိုက်တယ်... ဆိုင်တော်တော်များများကတောင် ပိတ်နေကြပြီလေ...

ကျွန်မတို့အတွက် အင်္ဂလိပ် လိုပါတဲ့ Menu တစ်ခု သက်သက်ပေးပါတယ်... (အဲဒိ Menu ထဲက ဈေးတွေက သူတို့ Local Menu ထဲက ဈေးတွေထက် ဘယ်လောက်ပိုများလဲတော့ မသေချာပါ)... ဒါပေမဲ့ ဒီမလာခင် အလုပ်က ကိုရီးယားသူငယ်ချင်းတစ်ယောက်က အဲဒိဈေးသွားရင် ဈေးဆစ်နော်လို့ သေချာပြောလိုက်တော့ သူတို့ခေါ်ဈေး menu ထဲက ဈေးရဲ့ ထက်ဝက်ကို ဆစ်တာ သိပ်တောင် မဆစ်လိုက်ရဘူး ရပါတယ်.. ငါးဟင်းချိုကို ၃သောင်းခေါ်တာ ၁သောင်းခွဲနဲ့ရပါတယ်... ငါးကင်လဲ ထက်ဝက်ဈေးရပါတယ်.. (ချက်ချင်းပေးတယ်ဆိုတော့ ကျွန်မတို့ ဆစ်လိုက်တဲ့ ဈေးက များများ သွားသလားတော့မသိပါ)... ဒါပေမဲ့လဲ ကိုယ့်အတွက်တန်ရင် ကိုယ်ကြေနပ်တဲ့ဈေးဆိုရင် ဈေးအဆစ်ဘယ်လောက်ဖြစ်လဲ သိစရာမလိုအပ်တော့ပါဘူး.. ကိုယ့်အတွက် တန်နေတယ်ထင်ပြီးတာပါပဲ... အဲဒိမှာက ငါးအစိမ်း Sashimi နဲ့ Oysters တို့ ဘာတို့ တခြား ပင်လယ်စာ အစိမ်းတွေ ရေဘ၀ဲ အရှင်တွေက နာမည်ပိုကြီးပါတယ်... ဒါပေမဲ့ ကျွန်မလဲ ဘယ်လောက်ပဲ ခရီးသွားကောင်းလုပ်ချင် လုပ်ချင် ကိုယ် ငါးဟင်းစားမယ်ဆိုတာတောင် အတော်လေး လွန်လှပါပြီ... ကျွန်မတို့ ၃ယောက်လုံးလဲ အစိမ်းမကြိုက်ကြပါဘူး... ဒါနဲ့ Rockfish Soup ရယ် (Running Man ထဲမှာတော့ Rockfish Soup ဆို သူတို့တွေ အားရပါးရ စားနေကြတာတွေ့တာပဲလေ)... နောက် ပုဇွန်ကင်ရယ်မှာတာ... ပုဇွန်က မရတော့ဘူး ငါးကင်ပဲ ယူမလားဆိုတော့ ရတာပဲ ယူလိုက်ပါတယ်... အဲဒိဆိုင်က အာဂျူမာ က ကျွန်မတို့ကို "ဇဘိုင်း ဇီး? ဇဘိုင်း ဇီး?" လို့ လာပြောတော့ ကျွန်မတို့လဲ ဘာမှန်းနားမလည်လို့ လက်တွေဇွတ်ခါဖြစ်တယ်... တော်တော်လေး ဒုက္ခများတယ်... နောက်မှ အဲဒိ အာဂျူမာက Menu ကြီးယူလာပြီး ဟင်းချို အချိုချက်နဲ့ အစပ်ချက်ကိုပြတော့မှ သူ Spicy ကိုပြောနေမှန်းသိတယ်... ကျွန်မတို့က အစပ်ကြိုက်တဲ့သူဆိုတော့ "Yes... We want Spicy" လို့ပြောတာကို သူက သိပ်နားမလည်သေးတဲ့ပုံပေါက်တာနဲ့... ဂျပန်မှာသုံးခဲ့တဲ့ အလွယ်ကူဆုံးနဲ့ သူတို့အနားလည်ဆုံး စကားလုံးကို ထုတ်သုံးလိုက်တယ် "OK... Spicy" လို့ ကျွန်မပြောလိုက်တော့မှ အာဂျူမာ သဘောပေါက်သွားတဲ့ပုံဖြစ်သွားတယ်... ကျွန်မတို့နားမှာလဲ အသက်ကြီးကြီး ဟယ်မိုနီး တစ်ယောက်ကလဲ လာထိုင်နေပြီး ကိုရီးယားလိုတွေထိုင်စကားပြောနေတယ်... ဟုတ်မဟုတ်တော့ မသိဘူး ကျွန်မတို့ နားလည်သလောက်တော့ သူတို့ဆီက လူငယ်တွေက ဆာဂျူရီတွေလုပ်ကြလို့ လူနဲ့ မတူတော့ဘူး ကျွန်မတို့ မျက်နှာလေးတွေက ကျက်သရေရှိတယ်လို့ ပြောချင်တယ်ထင်တယ်... ပြီးတော့ ကျွန်မတို့ရဲ့ နှာခေါင်းလုံးလုံးတွေကို ပြပြီး လက်မထောင်ပြလိုက် ပြီးတော့ သူ့ ပိုက်ဆံတွေကို ပြလိုက်နဲ့ ဒီလို နှာခေါင်းလုံးပိုင်ရှင်တွေက ချမ်းသာမယ်လို့ပြောချင်တာလားတော့မသိ... ကိုယ်လဲ ကိုယ်လိုချင်တာ ဆွဲတွေးတာပေါ့နော်... ခွိ... အဲဒါကြောင့် ဘူဆန်းက လူတွေကို ပိုခင်တာ... ဆိုလ်းကတော့ တကယ်ကို အပေါ်ယံအရေပြားတစ်ထောက်စာကို ပိုဦးစားပေးကြတာများတယ်...


Rockfish Soup and BBQ fish... 

တကယ်တမ်း Rockfish soup ရောက်လာတော့ ငါးညှီနံ့က တော်တော်လေးပြင်းပါတယ်... ကျွန်မ ငါးမကြိုက်တဲ့သူမပြောနဲ့ ကျွန်မအစ်မနဲ့ သူငယ်ချင်းလို ငါးစားတဲ့သူတွေအတွက်တောင် အတော်လေး ညှီပါတယ်... ဒါတောင် ကြိုးစားပြီး ကျိတ်မှိတ်စားသေးတယ်... ဗိုက်ကလဲ အတော်ဆာနေပြီကိုး... နောက်ဆုံးကျတော့ Side Dish အဖြစ်ချပေးတဲ့ အာလူးပြုတ်ကယ်သွားပါတယ်... (စာကြွင်း... တစ်ခါက မြန်မာပြည်ခရီးသွားတုန်းက မြန်မာ ထမင်း၊ဟင်း Main Dish ထက် ဘေးက အပိုပေးတဲ့ ဘာဂျီကြော် ဂေါ်ဘီကြော်တွေနဲ့ပဲ ထမင်းစားနေကြတဲ့ တိုးရစ်တွေ အဖြစ်နဲ့ ငါတို့တူနေပါလားလို့တွေးမိပါသေးတယ်)... ငါးကင်လာချတော့ သိပ်တောင် လက်မရဲဘူး ညှီမှာစိုးလို့... ဒါပေမဲ့ မထင်မှတ်ထားစွာပဲ ငါးကင်က လုံးဝမညှီပါဘူး... အသားတွေကလဲ ကြက်သားစားရသလို အ၀ါးခံပါတယ်... ငါးကင်ကတော့ တကယ်ကို လက်မထောင်ပါတယ်... (စကာင်္ပူက ကိုရီးယား Set တွေမှာတောင် ကျွန်မ အဲ့ငါးမကြိုက်လို့ စားနေကျမဟုတ်ပေမဲ့ အဲဒိဈေးက ငါးကင်ကိုတော့ အတော်လေးကြိုက်ပါတယ်)... ကျွန်မလောက် အစားအသောက် ချေးမများတဲ့ ကျွန်မသူငယ်ချင်းကတော့ ငါးဟင်းကို နှမြောပြီး သူအတော်လေး စားလိုက်ပါတယ်... တကယ်ကိုပဲ ချီးကျူးပါတယ်... အစားအသောက်ချေးများတဲ့ ကိုယ့်ကိုကိုယ်လဲ တကယ်ကို စိတ်ပျက်မိပါတယ်... အဲဒိမှာစားတာ Won ၃သောင်းခွဲလောက် ကျပါတယ်...


Jagalchi Fish Market First floor

အဲဒိကနေထွက်လာတော့ အပြင်မှာ မိုးလေး စွတ်စွတ်ရွာနေသေးတာနဲ့ မိုးကာပြန်ဝတ်ဖြစ်ပါတယ်... ကားသမားပြသွားတဲ့ Nampo ဘက်ကို ကူးပြီး လမ်းတစ်လျှောက်ကြည့်တော့ Busan International flim festival လမ်းထင်ပါတယ်... အဲလိုရေးထားတာပဲလေ... လမ်းပေါ်မှာလဲ နိုင်ငံတကာက ဒါရိုက်တာတွေရဲ့ လက်ဝါးရာတွေ ရှိပါတယ်... အဲဒိလမ်းတစ်လျှောက်တော့ လမ်းဘေးလှည်းစားသောက်ဆိုင်တွေ တောက်လျှောက်ရှိပါတယ်... ကျွန်မတို့လဲ မမှာတတ်တာနဲ့ ၀င်မစားခဲ့တော့ဘာပါ... ရေဘ၀ဲတွေကိုတော့ ဆိုင်တိုင်းလိုလိုမှာတွေ့ပါတယ်... ဒီလိုနဲ့ ဟိုကြည့်ဒီကြည့်ဓာတ်ပုံရိုက်ပြီး Nampo ဘူတာကနေ ရထားစီးပြီး Busan ဘူတာကိုပြန်လာဖြစ်ကြပါတယ်... အဲဒိတော့မှ ဟော်တယ်မှာ ချက်အင်ဝင် အခန်းသော့ယူပြီး ကိုယ့်အခန်းကိုယ်သွား ရေမိုးချိုးပြီး မနေ့ညကတည်းက စလုံးကထွက်လာကတည်းက မနားရတဲ့ ခန္ဓာကိုယ်ကို အပြည့်အ၀ အနားပေးလိုက်ပါတယ်... အနားမပေးခင် ကိုယ့်ဆီမှာပါလာသမျှ အီလက်ထရောနစ်ပစ္စည်းတွေကိုလဲ အာဟာရ ကောင်းကောင်းဖြည့်ပေးရသေးတာပေါ့... နောက်နေ့ သူတို့ကို ထပ်ခိုင်းရအုံးမှာလေ... တီဗွီဖွင့်ကြည့်တော့ You are all surrounded ပြနေပါတယ်...

Nampo

Let's go and explore there

Many Many Street shops



But we have eaten dinner.
Let's take our first Subway in Korea

Toyoko Inn Busan Station No.1 Room
ကိုရီးယား ပထမဆုံးနေ့ ဒီတင်ပြီးဆုံးပါပြီ... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေရှင်....

PS. ဒီထဲက ရှုခင်းပုံတော်တော်များများကို ထောင့်စေ့အောင် မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့တဲ့ ကျွန်မခရီသွားဖော် ၂ယောက်လုံးကို အများကြီး ကျေးဇူးတင်ပါတယ်...

16 comments :

Anonymous said...

ဝါးးး ဗိုက်ဆာနေတုန်းဖတ်မိတယ် ငါးကင်စားချင်လိုက်တာကွယ် ဟိုတာလပတ်မိုးထားတဲ့ဆိုင်တွေမှာ ဆိုဂျူးနဲ့အကင်တွေဝင်တွယ်လို့ရလားဟင် .. အာ့တွေဒရာမာတွေထဲမြင်မြင်နေလို့ ချဉ်ချင်းတပ်ရတာလဲကြာပါဘီ..ဟိုရွာလေးကလဲလှလိုက်တာ.. အိမ်ကြိုအိမ်ကြားဖြတ်လမ်းကလဲလှတယ်တော့ .. ဝိုင်းက ဟိုတခါပြောသလိုအမြင့်ကြောက်တာတော့မဟုတ်ဘူး အဆင်းကြောက်တာ အဆင်းကို ၃ပေလောက်မြင့်လဲကြောက်တယ် အဲလိုလှေကားလေးနဲ့ဘေးကလက်တန်းပါရင်တော့ဆင်းတယ် အရေးထဲမှာသူကလူကို Park Hoon နဲ့ဆွဲဆောင်နေသေးတယ် ဝါးးးး အာဂျီးရှိက ဟွန်းနဲတူလားဟင်.. အဲ့ရွာကိုအပေါ်စီးကရိုက်ပြတော့ ပြီးတော့လှေကားလိုအိမ်တွေကအနိမ့်အမြင့်နဲ့လို့ပြောတော့ ဝိုင်းက ဟိုဒရာမာတွေထဲပြပြနေတဲ့ အိမ်စုတ်လေးတွေထင်တာ လှေကားထစ်တွေနဲ့လေ မင်းသမီးက ဇာတ်နာရင်အဲ့မှာနေတာတို့ဘာတို့ အဲလိုထင်တာ တကယ်ကျတော့သူက သပ်ရပ်လှပနေတာပဲ အေးလေ tourist attraction မဖြစ်ခင်က အဲလိုမျိုးဖြစ်ရမယ်. ..နောက်နှစ်ကျ ကိုရီးယားသွားလည်ရင်ကောင်းမလား အစားနဲ့Park Hoon ဖတ်လိုက်ရလို့ စိတ်မထိန်းနိုင်တော့ဘူး

ခင်တဲ့
Wine

Anonymous said...

ဒီလောက်အပင်ပန်းခံနိုင်ကျတာကိုချီးကျူးးပါတယ်။ညစာစစားတာတောင်၈ခွဲလောက်ရှိပြီဆိုတော့ Nampo မှာလျှောက်တာနဲ့တော်တော်မိုးချုပ်ရောပေါ့။သတ္တိတွေကိုလဲချီးကျူးးပါတယ်။

mabaydar said...

ဟုတ်တယ် ကိုရီးယားမှာ နေခဲ့တဲ့ ရက်တွေတိုင်း ဟော်တယ်ကို အစောဆုံးပြန်ရောက်တဲ့နေ့က ည ၁၀နာရီပဲ... နောက်အကျဆုံးပြန်ရောက်တဲ့နေ့က ည ၃နာရီ... ဟီး... Nampo မှာ လူတွေ ရှိနေပါသေးတယ်... လူသိပ်မပြတ်တော့ မကြောက်ဘူး.. မျက်ကန်း တစေမကြောက်ဆိုသလိုဖြစ်နေမလားတော့ မသိဘူး... ဟီး... ဒီခရီးကို ထွက်လာမှတော့ သတ္တိက ရှိရမယ်လေ... ကြောက်တတ်ရင် ခရီးမထွက်တော့ဘူးပေါ့.... :D ... comment အတွက် ကျေးဇူးနော်... အမည်မသိစာဖတ်သူရေ...

mabaydar said...

Wine ရေ... သွားသာသွား... :D

ဆုမြတ်မိုး said...

မဗေဒါကိုတကယ်ချီးကျူးတယ်..။ သွားရဲလာရဲတဲ့အပြင် ထောင့်စေ့အောင်မြင်တတ်တယ်..သွားတတ်တယ်..။ အဲလိုမျိုးသွားချင်ပေမယ့်လေ...သတ္တိမရှိဘူး.. အုပ်စုတောင့်ရင်တော့နောက်ကလိုက်ချင်သား..။ နောက်ပိုစ့်တွေလည်းမျှော်နေပါတယ်ဗျို့ ။

shin said...

Gemcheon Culture Village ကို ကိုရီးယားသွားလည်ရတာကြိုက်တဲ့ သူငယ်ချင်းတယောက် Facebook မှာ ဓတ်ပုံတင်ထားတာတွေ့ကထဲက အတော်လှတာ သတိထားမိတယ်။ အသေးစိတ်လမ်းတွေကတော့ အခု မဗေဒါ ဓတ်ပုံတင်ထားတာတွေ့မှ အတော်များတာ သိတော့တယ်။ Fish Market က ကြည့်ရတာကိုယ့်အတွက်တော့ သရေယိုချင်စရာ ပဲ။ ကိုယ်က အစိမ်းရော အကျက်ရော အကုန်စားတယ်(ကြော်ငြာဝင်) ။ ဟီး။ သူတို့ဟိုကလူတွေ လမ်းအတော်လျှောက်နိုင်/လျှာက်ရ တယ် ထင်တယ်။ နေရာတော်တော်များများက လမ်းလျှောက်ရတာချည်းပဲလိုဘဲ။ ကိုယ်တော့ ဟိုရောက်မှ ဖိနပ် ခိုင်ခိုင် တရံလောက်ဝယ်မယ်စဉ်းစားတယ်။ SG မှာဝယ်တဲ့ ကိုယ့်ရဲ့ Flat shoe တွေက ၂လလောက်နဲ့ ပျက်သွားတာများတယ်။ လမ်းလျှောက်ရတာကြိုက်တော့ ဖိနပ်ပိုပွန်းတယ်။ ဟိုက Shoe တွေ Comfortable ဖြစ်ပြီး ပိုခံလားဟင်?? ကိုရီးယားက လမ်းပြဆိုင်းဘုတ်တွေက SG လို ကောင်းလားဟင်? ဆက်ရေးပါနော်။ စောင့်နေမယ်။ :)

ဆွေလေးမွန် said...

ညီမရေ ..အားလဲကျတယ် ...ခရီးသွားပို့(စ်)လေးတွေကို အသေးစိတ်လေးရေးပြထားတာ သဘောကျတယ်ကွယ်.

Anonymous said...

အားရပါးရ ဖတ်သွားတယ် အစ်မရေ ထောင့်စေ့အောင်ရေးထားတာ မိုက်တယ်. ဖတ်ရတာ ကိုယ်တိုင်သွားနေရသလိုပဲ
ကျေးဇူးတင်ပါတယ်.
AMT

Anonymous said...

နဲနဲတော့လန့်တယ် ကွကိုသွားဖို့။ သေချာလေ့လာပီးမှကိုသွားရမယ်။အသေးစိတ်ရေးပြထားတာအရမ်းကျေးဇူးတင်တယ်။ နောက်ဆက်တွဲတွေကိုအစဉ်အမြဲစောင့်မျှော်လျှက်။

Yummm

mabaydar said...

မဗေဒါထက် ထောင့်စေ့တာ မဗေဒါ သူငယ်ချင်း... သူက တစ်ခုခုဆို Confirm လိုက်ရမှ ကျေနပ်တာ... ဒါပေမဲ့ တစ်ခါတစ်လေကျတော့ မကြာသင့်ပဲ ကြာသွားတာမျိုးတွေ ဖြစ်တတ်တာပေါ့... ဘာပဲပြောပြော ထောင့်စေ့တြ့သူက ကောင်းပါတယ်... မဗေဒါက ဂျပန်မှာတောင် တစ်ယောက်တည်း လျှောက်သွားခဲ့ပြီးကတည်းက သိပ်မကြောက်တော့ဘူး... လက်ပျေယက်တယ်ဆိုတာ တကယ့် ခရီးသွားကောင်းတစ်ယောက်မှာ မရှိဘူး... တစ်ခုပဲ Safety တော့ နည်းနည်းကြောက်တာပေါ့... ဒါပေမဲ့ ဒါကလဲ အစကတည်းက အန္တရယ်ရှိမဲ့နေရာတွေ ရှောင်သွားရင် ဖြစ်ပါတယ်... အဖော်ကောင်းတွေနဲ့ ခရီးသွားဖြစ်ပါစေနော်... နောက်ပိုစ့်လဲ ကွန်မန့် မျှော်နေမယ်...

mabaydar said...

ကိုရီးယားမှာ MyeongDong အထွက်က underground shopping mall လိုမျိုးက ဖိနပ်ဆိုင်တွေမှာတော့ flat ထက် ဒေါက်မြင့်တွေတွေ့တာများတယ်... MyeongDong က လမ်းဘေးလှည်းဆိုင်လိုမျိုးမှာ ခုခေတ်စားနေတဲ့ အုန်းဆံလိုလို အုန်းသားလိုလို အညိုရောင် ကြိုးသိုင်း Flat ဖိနပ်လေးဝယ်မလို့မေးတာ... ၂သောင်းခွဲ ဆိုတော့ စလုံး ၃၀ လောက်ရှိမှာပေါ့... စလုံးထက် ဈေးများတယ်ထင်တာနဲ့ မ၀ယ်ခဲ့ဘူး... ဈေးဆစ်လို့တော့ ရမှာပေါ့... ပြီးတော့ ဒီဇိုင်းက စလုံးထက်တော့ လှတယ်.. ဒါပေမဲ့ လမ်းဘေးဆိုင်မှာ စလုံး ၃၀ ဆိုတော့ စလုံးက ပိုသက်သာတယ်ထင်တာပဲ... ဒါပေမဲ့ ကိုရီးယား လမ်းဘေးဆိုင်က ပစ္စည်းလေးတွေက quality တော့ မဆိုးပါဘူး... လမ်းပြဆိုင်းဘုတ်ကတော့ ရထားဘူတာရုံမှာ သေသေချာချာကြည့်သင့်တယ်... သူက စလုံးလို့ ရထားမှားစီးလို့ ဟိုဘက် ပလက်ဖောင်းပြန်စီးလို့မရဘူး... ဆင်းမိတဲ့ ပလက်ဖောင်းမှားတာနဲ့ ပြန်တက်ပြီး အမှန်ပလက်ဖောင်းကို သွားရတယ်... စလုံးလောက်တော့ လမ်းပြဆိုင်းဘုတ်က သိပ်မကောင်းဘူးပေါ့... ဒီလိုပဲ မေးမြန်းပြီး သွားရင်တော့ ဖြစ်ပါတယ်...

mabaydar said...

ဟုတ်... လာဖတ်သွားပြီး ခြေရာချန်ခဲ့ပေးတာ ကျေးဇူးအစ်မ... hope to see you again... :D

mabaydar said...

အမြဲဖတ်ပြီး အားပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ် ညီမရေ...

mabaydar said...

မလန့်ပါနဲ့... Safe ဖြစ်ပါတယ်... ကိုယ်သာ သာမာန် သတိ အသိနဲ့ နေပေါ့... မသွားခင်တော့ သေချာ လေ့လာသွားတာ မမှားဘူးပေါ့... ခုလို အားပေးနေတဲ့ သူတွေရှိတော့ ရေးရတာ အားရှိပါတယ်... ကျေးဇူးပါ...

shin said...

Thank you... :)

Soe Yu Nwe said...

ခရီးသွားရင် အဲလို Free & Easy ပဲသွားချင်တာ ။ အားကျပါဘိ