Wednesday, June 26, 2013

Mabaydar in the Wonderland with Bestie - Sydney day 2 (Ausi day 5)

ဘလော့ရေးဖို့က ပျင်းနေတတ်ပင်မဲ့ အရာတစ်ခုကို ဆုံးခန်းတိုင်အောင် ရေးဖြစ်တယ်ဆိုတာလေးကို ခံစားဖို့ အကြွေးတင်နေသေးတဲ့ ဒီပိုစ့်ကို ဆပ်ဖို့ ရေးပါအုံးမယ် ဆစ်ဒနီ ဒုတိယမြောက်နေ့အကြောင်းပေါ့

သြစီခရီး ၅ရက်မြောက်နေ့ (ဆစ်ဒနီကိုရောက်တာ ဒုတိယမြောက်နေ့) ကိုရေးရမှာ လက်တွန့်နေပါတယ်။ အဲဒိနေ့က ရောက်ခဲ့တာတွေနဲ့ ဖြစ်ပျက်ခဲ့တာတွေ သူငယ်ချင်းတွေနဲ့ သောင်းကျန်းတာတွေနဲ့ လုပ်ခဲ့တာတွေများနေလို့ပါ။


Manly Beach သို့ ခရီးတစ်ခေါက်


အဲဒိနေ့မနက်မှာတော့ ကျွန်မတို့ စောစောထပြီး Museum (ပြတိုက်) ဘူတာရုံကို မနက် ၇နာရီမှာရောက်ပါတယ် ရှေ့နေ့က ဘူတာ၀င်၀ကို ဓာတ်ပုံမရိုက်ခဲ့ရတော့ ဒီနေ့မှ ရိုက်ဖြစ်တာပေါ့။

Museum ဘူတာရုံ ၀င်ပေါက်

၂ထပ်ရထား... စီးလို့ မ၀ခဲ့ဘူး (နောက်တစ်ခေါက်ထပ်သွားမယ်)

ရုပ်ရှင်ထဲမှာ တွေ့ဖူးတဲ့ ဘူတာဟောင်းပုံစံကြီးနော်... ဟိ

မနေ့ညက ညီအစ်မ ၂ယောက် ဘယ်သွားမလဲ တိုင်ပင်တာမှာ ဆုံးဖြတ်ချက်ကတော့ Manly Beach ကိုသွားဖို့ဖြစ်လာပါတယ်။ နာမည်ကြီး Bondi Beach ကို လက်လွှတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ တခြားသူတွေရဲ့ review တွေမှာလဲ Manly ကလဲ လှပြီး လူပိုရှင်းကြောင်း Bondi က အရမ်းလာလည်တဲ့သူတွေများပြီး ကိုယ်ပိုင်အချိန်နည်းကြောင်း ပြောထားကြတော့ စိတ်ထဲ Manly beach ကို ပိုအားသာသွားတာပါ။ ဘယ် ကမ်းခြေသွားသွားတော့ Circular Quay ကနေ သင်္ဘောစီးပြီး သွားရမှာပါပဲ။ Circular Quay ရောက်တော့ ရှေ့နေ့က မစားလိုက်ရတဲ့ Fish & Chip ကို မကြေပွဲနွှဲရင်း ညီအစ်မ ၂ယောက် မနက်စာအဖြစ် ၀ယ်စားကြပါတယ် အဲဒိနားမှာ ဇင်ယော်တွေအများကြီးကလဲ သူတို့များစားရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝဲလည်နေကြတော့ မြန်မာပီပီ သနားတာနဲ့ ကျွေးချင်စိတ်ကဖြစ်လာရော။ အဲဒါနဲ့ တစ်ဖက် ၂ဖက်ချကျွေးတော့ အလုအယက်ပဲစားကြတာ။ အမှိုက်ကျန်ရင်တော့ ကိုယ်ပဲ ပြန်ကောက်ပေးဖို့လုပ်ထားပါတယ်။ ဒါပေမဲ့ အမှိုက်ကျန်ဖို့နေနေသာသာ လောက်တောင် မလောက်ပါဘူး။ ဒါပေမဲ့ ဇင်ယော်တွေက ကျွေးတာကို အေးအေးလူလူမစားဘူး။ အော်ဟစ်ဆူညံနေတော့တာပဲ။ 


ကျွေးလိုက်ရင် ဟောဒိလို အလုအယက် အော်ဟစ်ပြီး စားကြတယ်...
ဇင်ယော်အော်တဲ့အသံကြီးတွေကလဲ မသာယာဘူး။ ကျီးကန်းအော်သံနဲ့ နင်လားငါလားပဲ။ ခက်တာက သူတို့အော်တော့ ကိုယ်က သိုသိုသိပ်သိပ် ကျွေးချင်တာ (သူများနိုင်ငံမှာ ဒါမျိုးက ကျွေးလေ့ရှိမရှိမှ မသေချာတာလေ) ဒါပေမဲ့ အဲဒိနားကလူတွေက ငှက်တွေတအားအော်တော့ ဝိုင်းကြည့်ကြတယ်။ ငှက်တွေကလဲ တကယ်ကို အလိုက်မသိတာ ကိုယ်သူတို့ကိုကျွေးနေတဲ့ တရားခံပါဆိုတာ သိသာအောင်ကိုး ကိုယ့်ဘေးမှာ ဝိုင်းနေပြီး ကိုယ့်ကိုကြည့်ပြီး အော်နေကြတာ။ နောက်ဆုံးတော့ ဒီလောက်တောင် အလိုက်ကန်းဆိုးမသိတဲ့ ငှက်တွေ ငတ်ဟယ်ဆိုပြီးပဲ မကျွေးတော့ဘူး။ ဒါတောင် အာလူးချောင်းကြော်တွေက အများကြီးပိုသေးတော့ အစ်မက နှမြောတာနဲ့ လမ်းမှာစားလို့ရတယ်ဆိုပြီး ယူလာတယ်။(ယူလာတာလဲကောင်းပါတယ် မဗေဒါ သင်္ဘောစီးလို့ မူးရင် စားလိုက်မှ သက်သာမှာ) ပြီးတော့ သင်္ဘောလက်မှတ်သွား၀ယ်ကြတယ်။ သင်္ဘောလက်မှတ်က စက်က၀ယ်ရတာ။ အသွားအပြန် တစ်ယောက်ကို AUD 14.50 လောက်ကျတယ်။ Fish & Chip တစ်ပွဲ AUD 10.50အဲဒါပဲကြည့် အစားအသောက်ဈေးကြီးပုံက

သူတို့ အော်လွန်းလို့ ဘေးကလူတွေမသိအောင် ခပ်တည်တည်နေနေပြီး မကျွေးတော့ရင် ကိုယ်တရားခံဆိုတာ ဘေးလူသိအောင် ဟောသလိုလုပ်တယ်


> သင်္ဘောစီးရတာတော့ အားလုံး ကြည်ကြည်နူးနူး သာသာယာယာပါပဲ။ ကျွန်မတို့စီးတဲ့ သင်္ဘောဆိပ်ရဲ့ဘေးမှာရပ်ထားတဲ့ သင်္ဘောအဖြူရောင် အကြီးကြီးကတော့ Oversea သွား အပျော်စီးခရီးသည် သင်္ဘောကြီးလို့ထင်ပါတယ်။ (ဘာလို့လဲဆိုတော့ အဲဒိ အ၀င်၀မှာ ပတ်စပို့တွေဘာတွေစစ်တဲ့ immigration ကောင်တာတွေ့ပါတယ်)။ ကျွန်မတို့စီးမဲ့ သင်္ဘောပေါ်ရောက်တော့ ကျွန်မတို့ ညီအစ်မ လွယ်လင့်တကူပဲ အပြင်ဘက်လှေဦးရဲ့ အမိုးအောက်မှာ နေရာရပါတယ်။ သင်္ဘောစထွက်တာနဲ့ လေက တဖြူးဖြူးတိုက်လာပါတယ်။ ဆစ်ဒနီ Opera House နဲ့ Harbor Bridge ၂ခုလုံးနဲ့ တူတူလဲ ဓာတ်ပုံတစ်ပုံထဲမှာပါအောင် ရိုက်လို့ရပါတယ်။ လမ်းတလျှောက် ရှုခင်းတွေကလဲ တစ်ချက်ကလေးမှ ပျင်းဖို့မကောင်းပါဘူး။ သင်္ဘောက မိနစ် ၃၀မှ ၄၀ကြားလောက်ပဲ စီးရပါတယ်။ Manly Wharf ကိုရောက်တော့ သူများတွေလိုပဲ လိုက်ဆင်းပြီး ဘယ်သွားရမှန်း မသိပါဘူး ဒါနဲ့ပဲ လုပ်နေကျအတိုင်း ဓာတ်ပုံရိုက်ကြရင်း အဲဒိနားက လမ်းညွှန်အတိုင်း ရှုခင်းသာလမ်းလျှောက်ချင်ရင် ဆိုတဲ့ဘက်ကို လျှောက်လာလိုက်ပါတယ်။ လူတော်တော်များများကတော့ သင်္ဘောဆိပ်နဲ့တည့်တည့်ဘက်ကို လမ်းကူးသွားကြပါတယ်။


ဟိုဘက်ကတော့ oversea သွားတဲ့ အပျော်စီးသင်္ဘောကြီးပေါ့။ ကိုယ်တို့ စီးတာက လာနေတဲ့ ဒီဘက်က သင်္ဘော...

Sydney Harbor ကြီးရေ ခေတ္တခွဲကြသေးတာပေါ့နော်...

ဝေးသထက် ဝေး ဝေး

ခုမှပဲ Opera House နဲ့ တံတားကို တစ်ပုံထဲမှာ ပါအောင် ရိုက်လို့ရတော့တယ်...
လှတယ်နော်...

ပဲကလဲလုပ်ချင်ပင်မဲ့ လေကလဲတိုက်နေ... အမှောင်ကလဲ ကွယ်နေ...

Manly Wharf ကို သင်္ဘောကပ်နေပြီ...

Manly Wharf ရောက်ပါပြီ...

အဲဒိသင်္ဘောဆိပ်နားမှာလဲ ဇင်ယော်တွေထပ်တွေ့တာရော Circular Quay လောက်လဲ လူမများတာရောကြောင့် ပါလာတဲ့ အာလူးချောင်းကြော်တွေကို သဒ္ဒါပေါက်ပြီး ထပ်ကျွေးဖြစ်ပါတယ်။ ငှက်ကတော့ ငှက်ပါပဲ။ အလိုက်မသိပါဘူး။ တဂွမ်းဂွမ်းနဲ့ အော်တော့တာပါပဲ။ အချင်းချင်းလဲ လုယက်ပြီး ဆူညံသွားတော့တာပါပဲ။ လူအများကြီးမရှိဘူးဆိုပေမဲ့ အဲဒိနားမှာ ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ အဖြူမိသားစုတစ်စုက လှမ်းကြည့်တော့ မလုပ်တာပဲကောင်းပါတယ်လေ။ ဒါမျိုးက Asia မှာလုပ်ရင် ဘာမှ မဖြစ်တာသိပေမဲ့ သူတို့ဆီမှာ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ တော်ကြာ အာရှသားတွေကို ကိုယ့်အပြုအမူကြောင့် အထင်သေးခံနေရအုံးမယ်ဆိုပြီး မကျွေးတော့ဘူး အာလူးကြော်တွေကို ကိုယ်လဲ မစားချင်တော့တာနဲ့ စားချင်နေတဲ့ ငှက်တွေရှိသော်လည်း စိတ်မကောင်းစွားနဲ့ အမှိုက်ပုံးထဲပဲ သွားထည့်လိုက်ပါတယ်


သင်္ဘောဆိပ်က ထွက်ထွက်ခြင်း ဘယ်ဘက်ခြမ်း မြင်ကွင်း...

ဒီမှာလဲ အော်ဟစ်ပြီး စားကြပြန်ပြီ...

ငါ့ကို တရားခံမှန်းသိအောင် ဟောဒိလို ဝိုင်းအုံးကြည့်နေကြတယ်...

ဒီလိုနဲ့ ညီအစ်မ၂ယောက်ကမ်းခြေအတိုင်းလမ်းလျှောက်ရင်း ရှုခင်းသာဆိုတာဘယ်မှာလဲ ရှာကြပါတယ်။ ဒါပေမဲ့ ကမ်းခြေသာကုန်သွားတယ်(ကမ်းခြေလေးက သင်္ဘောဆိပ်ဘက်မှာတိုတိုလေးပါ ဟိုဘက်က တောင်ကပါးနဲ့ဆက်သွားတယ်) နောက်ထပ်ဆိုင်းဘုတ်မတွေ့သလို ဘယ်ဆက်သွားရမှန်းမသိတာရော ကားလမ်းအတိုင်းတောင်ကုန်းလေးပေါ်တက်ဖို့လမ်းရှိပေမဲ့ ဟိုဘက်မှာ ဘယ်လောက်ဝေးဝေးလျှောက်ရအုံးမယ် မသေချာတာနဲ့ပဲ တပ်ခေါက်ပြီးပြန်လှည့်လာလိုက်ပါတယ်။ (နောက်မှ သိတာက ရှုခင်းသာဘက်ကို အတော်လေး လမ်းလျှောက်ရတယ်ထင်ပါတယ် ဘတ်စ်ကားတွေ့ခဲ့ပင်မဲ့ ရောက်မရောက် မသေချာပါဘူး)

ဒီလိုနဲ့ပဲ သူများတွေသွားတဲ့ဘက်ပဲ လိုက်တာကောင်းပါတယ်ဆိုပြီး လျှောက်လာပြီး အဲဒိက လမ်းညွှန်ကိုကြည့်လိုက်တော့မှ Manly Beach ဆိုပြီး အဲဒိဘက်ကို မျှားပြထားတာတွေ့တယ်။ ဒါနဲ့ ညီအစ်မ ၂ယောက်လဲ အေးအေးဆေးဆေးပဲလမ်းမှာ ဓာတ်ပုံရိုက်လိုက် ဟိုကြည့်ဒီကြည့်ပေါ့။ မုန့်ဆိုင်တွေ လက်ဆောင်ပစ္စည်းဆိုင်တွေနဲ့ ဘဏ်တွေကိုတွေ့ပါတယ် ဘဏ်တွေ့တော့ ပိုက်ဆံထပ်လဲချင်တာနဲ့ ၀င်မေးဖြစ်ပါတယ်။ သြစီရဲ့ ပိုက်ဆံလဲတဲ့စနစ်က ကျွန်မရောက်ဖူးသမျှနိုင်ငံတွေနဲ့ မတူပါဘူး။ သူက ပိုက်ဆံကို ပေါက်ဈေးလိုလဲ ပေးရသေးသလို လဲတဲ့တန်ဖိုးပေါ်မူတည်ပြီး ရာခိုင်းနှုန်းအလိုက်လဲ ၀န်ဆောင်ခဆိုပြီး ထပ်ပေးရပါတယ်။ (မတရားဘူးနော်)ပိုက်ဆံဈေးကလဲ စင်္ကာပူမှာလဲတာနဲ့ ယှဉ်ရင်တော်တော်လေး များနေတယ်။ service charge က ထပ်ပေးရမယ်ဆိုတော့ လဲချင်စိတ်မရှိတော့ပါဘူး လဲဖြစ်နေရင်လဲ လဲဖြစ်သလောက်အကုန်သုံးမိလိမ့်မယ်လေ ဒါနဲ့ဆက်လျှောက်ရင်း တွေ့တဲ့ လက်ဆောင်ပစ္စည်းဆိုင်ကနေ အိမ်ပြန်လက်ဆောင်တွေ၀ယ်ဖြစ်ပါတယ်။ အဲဒိမှာ ဖေဖေ့အတွက် အ၀တ်အစား လက်ဆောင်၀ယ်ရတာ ကောင်းပါတယ်။ စင်္ကာပူမှာ သူ့ကို အင်္ကျီ၀ယ်ပေးမယ်ဆိုရင် Excelsior အောက်က Jumbo ဆိုင်မှာပဲ ဆိုဒ်ရှိပါတယ်။ ခု သြစီရောက်တော့ အင်္ကျီတွေက သူ့ဆိုဒ်တွေများတယ်။ ဒီတစ်ခေါက်တော့ သူ့အတွက် လက်ဆောင်များတာပေါ့။ မိန်းမအင်္ကျီတွေကျတော့ စင်္ကာပူနဲ့ သိပ်မကွာဘူး။ သူတို့ဆီမှာ ၁၀ ဆိုတာက စင်္ကာပူမှာလဲ စလုံး ၁၀လောက်နဲ့ရတယ်လေ။ သူတို့ ၁၀က စလုံး ၁၃ကျပ်လောက်သွားကျတာကိုး ပြီးတော့လဲ မထူးဘူး.. Make in China, Make in Bangladesh ဆိုတာချည်းပဲ။  


ရပ်ကွက်ကောင်စီရုံးထင်တယ်... အဆောက်အဦးလေး လှလို့ ဓာတ်ပုံတွဲရိုက်ခဲ့တယ်...

သစ်ပင်ကြီးကြီး ထိုင်ခုံကြီးကြီးဆိုတော့ လူသေးသလိုထင်ရတာပေါ့...

ခရစ်ယာန်ဘုရားကျောင်းကြီး လှတယ်နော်....

Manly Beach ကို လှမ်းမြင်နေရပြီ...


အဲဒိလမ်းအဆုံးမှာ Manly Beach ရှိတယ်။ Pine Tree ကြီးတွေ ကမ်းခြေတစ်လျှောက်ရှိတယ်။ လေလဲ တဖြူးဖြူးတိုက်နေတယ်။ ဒါပေမဲ့ အဲဒိ Manly Beach ဘက်ကနေ ဆစ်ဒနီကိုပြန်မဲ့ နောက်ဆုံး သင်္ဘောက ညနေ ၃နာရီထွက်မှာ။ တော်သေးတယ်အဲဒါကို သင်္ဘောပေါ်က အဆင်းတုန်းက ဖတ်ခဲ့မိလို့။ ဒီတော့ Beach မှာ ရေဆော့ဖို့လဲ အချိန်မရဘူး။ လူလဲ လက်ဆောင်ပစ္စည်းတွေ၀ယ်လာတဲ့ အထုတ်တွေတိုးနေတော့ သစ်ပင်ကြီးတွေအောက် မှာပဲ အေးအေးဆေးဆေးထိုင်ရင် ပတ်၀န်းကျင်ကို လေ့လာခံစားတော့မယ်ဆုံးဖြတ်လိုက်တယ်။ ကျွန်မအစ်မက သစ်ပင်ကြီးတွေအောက်ထိုင်နေတုန်း ကျွန်မကတော့ ဟိုနားဒီနားလျှောက်ကြည့်ဖြစ်တယ်။ ကမ်းစပ်မှာ surfing (ရေလှိုင်းစီးသင်တန်း)ပေးနေတယ်။ တချို့တွေကလဲ ဘော်လီဘော ကစားနေကြတယ်။ ဟောလိဝုဒ် ရုပ်ရှင်ထဲမှာ မြင်ဖူးတဲ့ ကမ်းခြေပုံစံမျိုးပဲပေါ့.. ဘစ်ကနီလေးတွေနဲ့ပေါ့။ ကောင်လေးတွေကလဲ ဖြူဖြူဖွေးဖွေး ဗလကောင်းကောင်းလေးတွေပေါ့။ (ကိုယ်ပဲ လှတဲ့သူတွေချည်းရွေးမြင်သလားတော့မသိ)။ ရသလောက်လေး ဓာတ်ပုံရိုက်ပြီး ပြန်လာလိုက်တယ်။

Pine tree ကြီးတွေ အမြင့်ကြီးပဲ...

surfing သင်တန်း တက်ကြအုံးမလား... ဘီကနီလေးတွေ ဘေးပဲ နေပူစာလှုံချင်လား...

ဒါတောင် Bondi Beach ထက် စာရင် လူနည်းပေလို့ပဲ...

ပြီးတော့ လာလမ်းအတိုင်းပြန်လျှောက်လာတော့ Billabong ဆိုင်တွေ့တော့ သြစီက စတင်ခဲ့တဲ့ Brand (ပြောရရင်တော့ Gold Coast, Queensland က စတင်ခဲ့တဲ့ အော်ရီဂျင်နယ် ဘရမ်း) ဆိုတော့ ၀င်ကြည့်မလို့။ အဲဒါကျတော့ စင်္ကာပူထပ် ဈေးချိုတယ်လို့ထင်မိတယ်။ ချိုချိုမချိုချို အနည်းဆုံး သြစီထုတ် ဘရမ်းကို သြစီမှာ ၀ယ်သင့်တာပေါ့။ ဒီဇိုင်းလေးတွေ ကြိုက်တာလေးတွေကို ဆိုင်ရှေ့ဖြတ်သွားတုန်းတွေ့တယ်။ ၀င်ပြီး ငန်းမယ်စိတ်ကူးပြီး အချိန်ဘယ်လောက်ကျန်သလဲ ကြည့်မိတော့။ ၂နာရီ၄၅မိနစ်ရှိနေပြီ။ နောက်ဆုံးသင်္ဘောထွက်ဖို့ ၁၅ မိနစ်ပဲလိုတော့တယ်။

“ဘုရားရေ၊ ငါတို့တော့ ကျန်ခဲ့တော့မယ်” လို့စိတ်ပူပြီး အိတ်တွေဆွဲ ပြေးကြတော့တာပဲ။ ကျွန်မပြေးတော့ ကျွန်မအစ်မကလဲ လိုက်ပြေးတယ်။ ဟိုရောက်တော့ လူတွေလဲ သိပ်မတွေ့ သင်္ဘောလဲ မတွေ့တော့ ခေါင်းတွေထူပူသွားတယ်။ လွတ်သွားပြီထင်ပြီး။ (ကိုရီးယားကားမှာ မင်းသမီး ကျွန်းပေါ်ကျန်ရင် မင်းသားရှိသေးတယ်၊ ခု ကျွန်မတို့ ညီအစ်မကို ဘယ်မင်းသားမှ လာကယ်မှာမဟုတ်ဘူး) ဒါပေမဲ့ ကြည့်တော့ သင်္ဘောဆိပ်မှာရှိတဲ့ စားသောက်ဆိုင်လေးတွေက မပိတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ။ သင်္ဘောမရှိတော့ရင် ဘယ်လိုလုပ် ဆိုင်တွေက ဆက်ဖွင့်မလဲ ဟုတ်သေးဘူး ဆိုပြီး နာရီသေချာပြန်ကြည့်တော့ ခုမှ ၂နာရီ ကျော်ကျော်။ စောစောက ၁နာရီ ၄၅မိနစ်ကို ၂နာရီ ၄၅မိနစ်ဆိုပြီး မှားကြည့်မိတာဖြစ်နေတယ်Billabong နဲ့ ကံမပါတော့ဘူး ပြန်လဲ မလျှောက်နိုင်တော့သလို အချိန်လဲ မရှိတော့ဘူး။ သြစီ ၂နာရီကျော်ပြီဆိုတော့ စင်္ကာပူ နေ့လည် ၁၂နာရီရှိပြီဆိုတော့ ဗိုက်နာရီက အချိန်မှန်တယ်။ သူ့ကို မျက်စေ့လှည့်လို့မရဘူး။  

အဲဒိသင်္ဘောဆိပ်မှာ မဗေဒါတို့အတွက် ဟန်ကျတာက ထိုင်းစားသောက်ဆိုင်ရှိတယ်... ဒါနဲ့ပဲ အဲဒိမှာ ၀င်စားဖြစ်တယ်... ဆိုင်နာမည်က "Chat" တဲ့... သူတို့က တစ်ပွဲဆို ပေးတာကများတတ်လို့... ထမင်းကြော် ၁ပွဲရယ်၊ သင်္ဘောသီးထောင်းတစ်ပွဲရယ် အားလုံးပေါင်းမှ ၃၀ ကျော်ကျော်လောက်ကျတယ်။ သင်္ဘောသီးထောင်း မှာတော့ ဆိုင်က ယိုးဒယားမလေးက အစပ်လျော့မှာလားလို့ မေးတော့ ကျွန်မတို့ ညီအစ်မ ၂ယောက်က အစပ်များများဆိုပြီး ပြန်ဖြေလိုက်တာ သူတောင်လန့်သွားတယ်။ ဟတ်... ဟတ်... 


သင်္ဘောသီးထောင် ယိုးဒယား အရသာစစ်စစ်... စပ်စပ်လေး...

ကိုက်လံနဲ့ ထမင်းကြော် ကောင်းမှကောင်း...

Manly Beach သင်္ဘောဆိပ်ထဲက သကြားလုံးဆိုင်လေး... ချစ်စရာလေး...

ဆိုင်က အလုပ်လုပ်တာ နှေးတယ်။ အတော်လေး စောင့်လိုက်ရတယ်။ သင်္ဘောမမှီရင်တော့ ဒုက္ခ ဆိုပြီး တွေးမိတယ်။ စားစရာတွေ ရောက်လာတော့ ကျွန်မတို့ စားနှုန်းက မြန်တော့ သင်္ဘောချိန်နဲ့ အကိုက်ပါပဲ။ အဲဒိတော့မှ အလာတုန်းက ပါလာတဲ့ လူတချို့ကိုလဲ ပြန်တွေ့တယ်လေ။ အပြန်သင်္ဘောပေါ်မှာတော့ နည်းနည်း နောက်ကျမှတက်ဖြစ်တော့ ရှေ့ဆုံးအပြင်ကို မရဘူး။ ဒါပေမဲ့ အပြင်ဘက် ဘေးလမ်းကခုံတွေမှာထိုင်ဖြစ်တယ်။ ကျွန်မတို့ ခုံနဲ့ ခပ်လှမ်းလှမ်းမှာ အာရှသား (တရုတ်တွေထင်တာပဲ) သူတို့တွေက ဇင်ယော်တွေကို သင်္ဘောပေါ်ကနေ မုန့်တွေပြစ်ကျွေးနေတာတွေ့တယ်။ ခဏလောက်ကြာတော့ သူတို့ဘေးနားမှာထိုင်နေတဲ့ ဘိုတွေက ထထွက်သွားကြတယ်။ စိတ်ရှုပ်လို့ပဲလား၊ မကြိုက်လို့လား၊ တခြား သူ့အကြောင်းနဲ့သူလားတော့မသိဘူး။ တရုတ်တွေကတော့ လူတွေရဲ့ attention အတော်ရလိုက်တယ်။ ကောင်းသော attention လား၊ ဆိုးသော attention လားဆိုတာကိုတော့ သူတို့ ဂရုစိုက်ပုံမရဘူး။ သူတို့ဘာသာ ပျော်နေကြတာပဲ။ သူတို့ဆီမှာ ငှက်အစာကြွေးတာကို ဘယ်လိုထင်လဲဆိုတာကို  ခုချိန်ထိလဲ ကျွန်မကိုယ်တိုင် ဒွိဟပါပဲ။ ဒါပေမဲ့ မသေချာရင် အနေအထိုင် ဆင်ချင်တာပဲကောင်းပါတယ်။


တာ့တာ... Manly Beach ကြီးရေ... အခွင့်သာရင် ထပ်လာချင်ပါသေးတယ်...

ရှုခင်းသာဆိုတာ ဒီပုံမှာမြင်နေရတဲ့ တောင်ကြားထဲက နေရာလေးလာမသိဘူး.. ဘယ်လိုသွားရလဲ မသိ...

Captain Jack Sparrow တို့နဲ့ တွေ့ခဲ့တယ်...

Journey To the ROCK


ဒီဘက် Circular Quay ကမ်းဘက်ကို ပြန်ရောက်တော့ ညနေ ၄နာရီလောက်ပဲရှိသေးတယ်။ Sydney Tower ကိုသွားဖို့ အနည်းငယ်စောနေပါသေးတယ်။ ဒါနဲ့ Tourist Attraction တစ်ခုဖြစ်တဲ့ The Rock ဘက်ကို ညီအစ်မ ၂ယောက်လျှောက်ကြပါတယ်။ The Rock က Circular Quay ဘူတာကနေ Opera House ဘက်မလျှောက်ပဲ ဆန့်ကျင်ဘက်ကို လျှောက်ရမှာပါ။ လျှောက်လာတဲ့ လမ်းတစ်လျှောက် လမ်းဘေး အနုပညာသည်တွေ အများကြီးတွေ့ပါတယ် လူတွေကလဲ စိတ်၀င်တစားကြည့်နေကြပါတယ်။ ရာသီဥတုက မိုးနည်းနည်းအုံ့နေပြီး လေတဖြူးဖြူးတိုက်နေတော့ သွားရလာရတာ အရမ်းမပင်ပန်းပါဘူး။ သစ်သားတံတား ဆိပ်ကမ်းလေးအတိုင်း လျှောက်လာလိုက်ရင် The Rock ကိုရောက်ပါတယ်။

The Rock ဆိုတာက ဟိုးအရင် ၁၇၈၈ ခုနှစ် ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကတည်းက စတင်တည်ဆောက်ခဲ့တယ်။ ၁၈၇၀ လောက်ကာလအထိ အိမ်ယာမဲ့လမ်းသရဲတွေ၊ သင်္ဘောသားတွေနဲ့ မကောင်းတဲ့မိန်းမတွေ ကျက်စားတဲ့နေရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ အစိုးရက အဲဒိနေရာကို ဖြတ်ပြီးပြင်မယ်ဆိုတော့ ပြည်သူတွေကန့်ကွက်တာကို ခံခဲ့ရပြီး အဆုံးမှာတော့ ဖြတ်မဲ့အစား ရှေးဟောင်းအဆောက်အဦးအဖြစ်နဲ့ ပြုပြင်မွန်းမံပြီး ခုတော့ Tourist attraction နေရာတစ်ခုဖြစ်နေပြီလေ။ မဗေဒါတို့သွားတုန်းက အချက်အလက်တွေ သေချာမရှာသွားတော့ The Rock မှာ ဘာရှိလဲ ဘာလို့ နာမည်ကြီးတာလဲဆိုတာသေချာမသိခဲ့ဘူး။ ဒါပေမဲ့ ရှေးဟောင်းအဆောက်အဦးတွေနဲ့ သစ်သားသင်္ဘောဆိပ်ကမ်းတံတားလေးကိုတော့ သတိပြု ခံစားခဲ့ပါတယ်။ အင်တာနက်မှာတွေ့တာတော့ The Rock မှာ လက်ဆောင်ပစ္စည်းဆိုင်တွေရှိမယ်၊ ရှေးဟောင်းအဆောက်အဦးတွေ လေ့လာလို့ရမယ်၊ စားသောက်ဆိုင်တွေရှိမယ်၊ အနုပညာနဲ့ပတ်သတ်တဲ့ ပြတိုက်အမြောက်အများရှိတယ်လို့ဆိုပါတယ်။ အနုပညာပြတိုက်တွေကတော့ ၀င်မကြည့်ဖြစ်ခဲ့ပါဘူး။ ကျွန်မတို့ရောက်တဲ့အချိန် ညနေ ၅နာရီလောက်မှာ စားသောက်ဆိုင်တွေက မဖွင့်သေးတာလား ပိတ်သွားတာလားတော့မသိပါဘူး။ လူများများမရှိပါဘူး... တချို့ဖွင့်တဲ့ ဆိုင်တွေကလဲ ဈေးကြီးမဲ့ပုံရှိပါတယ်။ လက်ဆောင်ပစ္စည်းဆိုင်ကတော့ ဘယ်နားသွားဖွင့်ထားလဲမသိပါဘူး။ ကျွန်မတို့ ဓာတ်ပုံအနည်းအကျဉ်းရိုက်ပြီးတော့ သင်္ဘောကမ်းစပ်တစ်လျှောက်ပဲ လမ်းလျှောက်ဖြစ်ပါတယ်။ အော်... ပြီးတော့ စွန့်စားရတာ ကြိုက်တဲ့သူတွေအတွက်Harbor bridge ပေါ်ကို တက်ပြီး ရှုခင်းကြည့်ချင်ရင်လဲ အဲဒိမှာ လက်မှတ် ၀ယ်လို့ရတယ်ကြားပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အချိန်သိပ်မရှိတာရော မသိတာရောကြောင့် အကြမ်းဖျင်းလောက်ပဲ ဟိုလျှောက် ဒီလျှောက်ကြည့်ဖြစ်ခဲ့ပါတယ်။ မိုးလေး တစ်ပေါက်နှစ်ပေါက်ကျလာလို့ Sydney Tower ပေါ်တက်ဖို့ ၀ယ်ထားတဲ့ လက်မှတ် အတွက် နည်းနည်းစိုးရိမ်စိတ်ဖြစ်မိခဲ့ပါတယ်။ အဲဒိနားက လမ်းကူးလိုက်ရင် ရောက်သွားတဲ့ တောင်ကုန်းလေးပေါ်က သစ်ပင်အကြီးကြီးတွေနဲ့ လမ်းလေးကို အရမ်းသဘောကျတယ်။ ကဗျာဆန်လို့။ 


The Rock က စားသောက်ဆိုင်တွေ...

ဆိပ်ကမ်းလေးနဲ့ အမှတ်တရ... အဲဒိနားမှာ Pre-weddding ဓာတ်ပုံရိုက်နေတဲ့ အာရှအတွဲတွေ့ခဲ့တယ်... စင်္ကာပူကတော့ မဟုတ်ဘူး..

The Rock ကနေ တံတားကြီးဘက် ဆက်လျှောက်လာခဲ့တယ်...

တောင်ကုန်းပေါ်က အပင်ကြီးတွေနဲ့ လမ်းကလေး...

အပင်လေးက လှတယ်နော်... အပင်ခုတ်တဲ့သူကို အမြှောက်နဲ့ ဆော်မယ်တဲ့... :P

ကဗျာဆန်တယ်နော်... အဲနားလေးမှာ ဗွီစီဒီတောင်ရိုက်ရင်လှမှာ... ဟိ...

The Place that Made me felt like Super Hero (Sydney Tower)


အချိန်လဲနီးလာပြီမို့ ညီအစ်မ ၂ယောက် Sydney Tower ကို ဦးတည်လိုက်ကြပါတယ်။ Circular Quay ကနေ St.James ကို ၁မှတ်တိုင် ရထားစီးပြီး သွားပါတယ်။ အမှန်တော့ လမ်းလျှောက်နိုင်မယ်ဆိုရင်လဲ လျှောက်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့က လမ်းပျောက်ပြီး အချိန်မမှီမှာ စိုးတာနဲ့ ရထားစီးလိုက်တာပါ။ တာဝါပေါ်တက်တဲ့  လက်မှတ်က ရှေ့ညက အင်တာနက်ကနေ ကြို၀ယ်ပြီးသားမို့ ရောက်တာနဲ့တန်း၀င်ရုံပါပဲ။ တာဝါအောက်က ရှော့ပင်းမောနဲ့ဆက်နေတာလေ။ ရှာရတာ မခက်ပါဘူး။ ဓာတ်လှေကား ကျဉ်းကျဉ်းလေးနဲ့ အမြင့်ကိုတက်သွားတော့ နားတွေအူသွားပါတယ်။ Australia မှာ Gold Coast က တာဝါကြီးပြီးရင် ဒီဟာက ဒုတိယအမြင့်ဆုံးလေ။ ဟိုရောက်တော့လဲ လူတွေသွားတဲ့နောက်လိုက်ရင်း မတ်တပ်ရပ်ကြည့်ရတဲ့ 4D Theater ကြီးထဲကိုရောက်သွားပါတယ်။ ပြတဲ့ Screen နဲ့ အနီးဆုံးတန်းက ရေတွေတော်တော်ဆိုနေလို့ ရေစိုမယ်ဆိုတာကို ကြိုသတိထားမိပေမဲ့ ရှေ့ဆုံးတန်းကိုပဲ ၀င်ရပ်မိပါတယ်။ သြစတေးလျနိုင်ငံအကြောင်း အကျဉ်းနဲ့ Opera House ကို ဘယ်လို ခက်ခက်ခဲခဲဆောက်ခဲ့တယ်ဆိုတဲ့ အကြောင်းကို 4D video လေးနဲ့ပြသွားပါတယ် အတော်ကြည့်ကောင်းပါတယ်။ ဥပမာ မီးတောင်အကြောင်းပြနေတဲ့အချိန်ဆို ကျွန်မတို့ရပ်နေတဲ့ ပျဉ်ခင်းကြီးကလဲ လှုပ်ပါတယ်။ တချို့အခန်းတွေမှာတော့ ရေတွေလဲ စင်ပါတယ်။ လေတွေလဲတိုက်ပါတယ်။ ကြည့်ရတာ ကောင်းပါတယ်။ ဝီကီမှာတွေ့တာတော့ အဲဒိ 4D Theater ကို ၂၀၁၁ ခုနှစ် စက်တင်ဘာမှာ စဖွင့်ခဲ့ပြီး ဒီTheater မျိုးတွေထဲမှာတော့  သြစတေးလျရဲ့ ပထမဆုံးဖြစ်တယ်လို့သိရပါတယ်။ Theater ကနေ Observatory deck ကိုသွားတဲ့ လမ်းတစ်လျှောက်မှာလဲ စောစောကပြသွားတဲ့ ဗွီဒီယိုကို ဘယ်လိုခက်ခက်ခဲခဲ ရိုက်ယူခဲ့ရတယ်ဆိုတဲ့ အကြောင်းနဲ့ ဓာတ်ပုံတွေကို ပြသထားပါတယ်။


လက်မှတ် collect လုပ်တဲ့ ကောင်တာဘေးက အရုပ်... မဗေဒါလဲ ပြီးရင် အဲလို၀တ်ရမယ်...
တာဝါပေါ်ရောက်တော့Observatory deck ကို ထွက်ဖို့နည်းနည်းစောနေသေးတာနဲ့ အတွင်းဘက်က မှန်ခန်းထဲကနေ လျှောက်ကြည့်ရင်း ဆစ်ဒနီမြို့ကြီးကို အပေါ်စီးကနေ မှန်ဘောင်အတွင်းခံစားကြတာပေါ့။ ခဏနေတော့ အဲဒိက ၀န်ထန်း သြစီကောင်လေးက လာခေါ်တယ်။ ပြီးတော့ ကျွန်မတို့ကို အတံလေး တစ်ချောင်းကို ပါးစပ်ရှေ့တပ်ပြီး ၁ကနေ ၅ အထိ ဆိုခိုင်းတယ်။ အဲဒါက အရက်သောက်ထားလားဆိုတာကို စမ်းတာ။ အရက်သောက်ထားတဲ့ သူတွေ အပြင် Observatory Deck ကို ထွက်ခွင့်မရှိဘူးလေ။ စောင့်တဲ့ ဧရိယာလေးမှာ ကျွန်မတို့ ညီအစ်မ အရင်ဆုံးထိုင်စောင့်နေတယ်။ နောက်တော့ သားအဖ နှစ်ယောက် ရောက်လာတယ်။ သားကတော့ ၂၀ ၀န်းကျင်အရွယ်လောက်တော့ရှိမယ်ထင်တယ်။ နောက်မှ သိရတာ သူတို့က ဆစ်ဒနီကပဲတဲ့။ ဒါပေမဲ့ ဒီ Observatory Deck ကိုတော့ ပထမဆုံးအကြိမ်ရောက်ဖူးတာတဲ့။ နောက်တော့ လူတွေထပ်ရောက်လာကြတယ်။ အချိန်ကျပြီး ရှေ့တစ်သုတ်ပြန်ဆင်းလာပြီးတော့မှ ကျွန်မတို့ ၀တ်ဖို့ Jumpsuit တွေထုတ်ပေးတယ်။ ကျွန်မကို S size ထုတ်ပေးလို့ အဲဒိ ၀န်ထမ်းကောင်လေးကို ၁မှတ်ပိုပေးလိုက်တယ်။ ဟီး... တော်သေးတာပေါ့ S size ကတော်လို့... :P


တာဝါပေါ်က မြင်ကွင်း...

ဒါလင်တံတားနဲ့ ဆိပ်ကမ်း... ညကျရင် အစီအစဉ်မရှိပဲ ရောက်သွားမဲ့ နေရာပေါ့...
ပစ္စည်းထားတဲ့ ဘီရိုလေးတွေမှာ ပါလာသမျှ ပစ္စည်းတွေထားခဲ့ရတယ်။ ဖုန်းနဲ့ ကင်မရာတွေပါ ထားခဲ့ရတယ်။ ပြီးတော့ အဲဒိ ၀န်ထမ်းကောင်လေးခေါ်တဲ့နောက်ကို ကျွန်မတို့ အုပ်စု လိုက်သွားကြတယ်။ အပြင်ထွက်တဲ့ တံခါးနားမှာ ၀န်ထမ်းကောင်မလေးတစ်ယောက်နဲ့ ထပ်တွေ့တယ်။ ကျွန်မတို့တွေအားလုံး ထောင်သားတွေလို သံကြိုးတွေ သိုင်းပြီး၀တ်ရတယ်။ သူတို့က အမြင့်ကြောက်တဲ့သူပါလားတို့။ ဘာမှ ကြောက်စရာမရှိပါဘူး။ သူတို့လုပ်နိုင်ရင် မင်းလဲ လုပ်နိုင်ပါတယ်လို့ပြောလေ။ ကိုယ်က ပိုကြောက်လေပဲ။ ကျွန်မအစ်မကတောင် ကျွန်မကို ဖြစ်ရဲ့လားလို့ မေးပါတယ်။ ကျွန်မလဲစိတ်ထဲတော့ ကြောက်ပင်မဲ့ပိုက်ဆံပေးပြီးမှတော့ ဖြစ်ရမှာပေါ့။ တံခါးဖွင့်ပြီး အပြင်ထွက်တော့ ဂိုက်ကောင်လေးက ရှေ့ဆုံးကနေ ကိုယ်မှာ သိုင်းထားတဲ့ သံကြိုးနဲ့ အပြင်ပတ်လမ်းသွားတဲ့ လက်တန်းကို ဘယ်လိုချိတ်ရလဲဆိုတာပြပြီး တစ်ယောက်ပြီးတစ်ယောက် တန်းစီပြီး သူ့နောက်က လိုက်ကြပါတယ်။ 

အပြင်လဲရောက်ရော "ဟင်... သူတို့ ပြောနေတဲ့ ဟာက ဒါလောက်လေးလား" ဆိုတဲ့ စိတ်ဖြစ်မိပါတယ်။ ဟုတ်ပါတယ် အမြင့်ကြီးပါ။ အောက်က သွားနေတဲ့ ကားလေးတွေဆိုတာ အရုပ်ကားဆိုဒ်လောက်ပဲရှိပါတယ်။ လူလေးတွေဆိုလဲ ပုရွက်ဆိတ်လောက်ဖြစ်သွားပါတယ်။ မြို့ကြီးတစ်ခုလုံးကို အပေါ်စီးကနေ အရပ်ရှစ်မျက်နှာမြင်ရပါတယ်။ ဒါပေမဲ့ အခိုင်အမာဆောက်ထားတဲ့ သံလူသွားလမ်းပေါ်မှာ သွားလမ်းကိုသံကြိုးနဲ့ မျောက်ကြိုးနဲ့ချည်ထားသလို တွဲထားမှတော့ ကျွန်မလို ကျိုက်ထီးရိုး မုဆိုးတောင်ပေါ်က ရေညှိတွေတက်နေတဲ့ ခြောက်ကပါးနားက ကျောက်တုံးကြီးတွေပေါ် တက်လာသူအတွက်ရီစရာပင်ကောင်းနေပါတယ်။ ကိုယ့်ကိုကိုယ်လဲ သူများခြောက်တိုင်းကြောက်ခဲ့လို့ ခံစမ်းလို့ ပြောဖြစ်ပါတယ်။ 

လိုက်ရှင်းပြတဲ့ သြစီကောင်လေးကတော့ ကျွန်မအရင်ကပြောခဲ့သလိုပဲ ဧည့်သည်တွေကို customer လိုဆက်ဆံတာထက် သူငယ်ချင်းတွေကို လိုက်ပြနေသလို ပေါ့ပေါ့ပါးပါး ပုံစံနဲ့ပဲ စကားပြောပါတယ်။ စစချင်း မပြောခင်မှာလဲ ဒီထဲမှာ ဆစ်ဒနီကလူတွေပါလို့ သူပြောတာတွေ မမှန်လို့ရှိခဲ့ရင်လဲ မသိချင်ယောင်ဆောင်နေပါဆိုပြီး ဟာသလေးနှောပြောပါတယ်။ တာဝါရဲ့ အလည်တည့်တည့်ရောက်တော့ ရပ်ပြီး သူက ဘယ်အရပ်မှာတော့ ဘာရှိတယ်ဆိုတာရှင်းပြတဲ့အပြင် Spider man ရုပ်ရှင်ကားထဲမှာ ပြိုကျတယ်လို့ရိုက်ခဲ့တဲ့ အဆောက်အအုံကြီးတွေနဲ့ Sydney Tower ပေါ်မှာ သူတွေ့ကြုံခဲ့ရတဲ့ လူတွေအကြောင်းကို အလ္လဘ သလ္လဘ ပုံစံမျိုးပြောပါတယ်။ ပွင့်ပွင့်လင်းလင်းပေါ့ပေါ့ပါးပါး ပုံစံမျိုးနဲ့ တရင်းတနှီးရှိပါတယ်။ သူတို့ရဲ့ Customer service က အဲလိုပုံစံမျိုးပေါ့နော်။ ကျွန်မတို့ရပ်နေတဲ့ လမ်းကျဉ်းလေးကို သူက ခလုပ်နှိပ်လိုက်တော့ ဖန်သားကြမ်းပြင်နဲ့ ၀ရံတာပုံစံမျိုးကြီး ရှည်ထွက်လာပါတယ်။ ကျွန်မတို့ရပ်နေတဲ့ ကြမ်းခင်းကြီးလှုပ်ပြီး ရွေ့သွားတော့ ကြောက်ဖို့လဲကောင်း ပျော်ဖို့လဲကောင်းပါတယ်။ ဖန်ကြမ်းပြင်ကနေငုံကြည့်လိုက်ရင် အောက်က လျှော့ပင်းဆင်တာအမိုးပေါ်က ပန်ကာအကြီးကြီးတွေလည်နေတာတွေ့ရပါတယ်။ လိုက်ရှင်းပြတဲ့ ကောင်လေးက "ခင်များတို့တွေ ကြောက်လား" လို့မေးပါတယ်။ ကျွန်မတို့က သိပ်မကြောက်ပါဘူးလို့ ပြောတော့ "အဲဒိမှန်တွေက Renovation မလုပ်တာကြာပြီ" လို့ ရုပ်တည်ကြီးနဲ့ နောက်ပါတယ်။ နောက်နေမှန်းသိပင်မဲ့ ရုပ်တည်နဲ့ပြောတော့ နည်းနည်းတော့ စိုးရိမ်သွားတာပေါ့။ ကျွန်မတို့ကို အပြင်ဘက်ဘောင်ပေါ်ကို နောက်မှီ ခေါင်းတင်ပြီး ကောင်းကင်ကို ကြည့်ခိုင်းတယ်။ အဲဒိအရသာက ကောင်းတယ်လို့သူကပြောတယ်။ ကောင်းလဲကောင်းတယ်။ ကြောလဲချမ်းတယ်။ ဒါပေမဲ့ ကြာကြာတော့ မလုပ်ရဲဘူး... 


ရေး..... တစ်ခဏတာ ကြုံလာတဲ့ ခရီးသွားဖော်တွေ...

Everybody Jump!!!... But someone is not JUMPING! Guess who?? :P
အဲဒိနောက်မှာတော့ တစ်ဖွဲ့ချင်းစီသူ ဓာတ်ပုံရိုက်ပေးတယ်။ ရပ်နေတဲ့ပုံတွေရော ခုန်နေတဲ့ပုံတွေရော စိတ်ကြိုက် ရိုက်ပေးတယ်။ အုပ်စုလိုက်လဲ အများကြီးရိုက်ပေးတယ်။ အုပ်စုလိုက် ခုန်တဲ့ပုံလဲပါတယ်။ မဗေဒါကတော့ ခုန်ခိုင်းရင် ခုန်ပစ်လိုက်တာပဲ။ မဗေဒါအစ်မကတောင် ကြောက်လို့ သိပ်မခုန်ရဲဘူး... ခုန်နေတဲ့ပုံတွေ ပြန်ကြည့်တော့ စူပါဝူးမန်းတောင်ဖြစ်နေတယ် ဟိဟိ။ ဓာတ်ပုံတွေကို ပြီးတော့ CD နဲ့ပေးတယ်။ ကျွန်မတို့ရိုက်သမျှ ဓာတ်ပုံတွေအပြင် ဆစ်ဒနီတာဝါနဲ့ ပတ်၀န်းကျင်ကို နေ့၊ည ရိုက်ထားတဲ့ pro ဓာတ်ပုံတွေပါ ပါတဲ့ CD ပါ။ ဈေးတော့ နည်းနည်းကြီးတယ်။ ဒါပေမဲ့ အတိအကျ မမှတ်မိတော့ဘူး။ credit card နဲ့ ကျွန်မအစ်မရှင်းလိုက်လို့ မမှတ်ထားမိဘူး။
နောက်တော့မပြန်ခင်မှာ အဲဒိ ၀န်ထမ်းကောင်လေးက ဆစ်ဒနီတာဝါပေါ်က Westfield ဆိုတဲ့စာသားထဲက ကြိုက်တဲ့ စာလုံးတစ်လုံးကို ကိုင်ခိုင်းပါတယ်။ ကျွန်မတို့လဲ ဘာအတွက်မှန်းမသိပင်မဲ့ ကြောင်တောင်တောင်နဲ့ ပဲ "t" ဆိုတဲ့ စာလုံးလေးကို ကျွန်မတို့ ညီအစ်မ ၂ယောက် ကိုင်ခဲ့ပါတယ်။ ပြီးတော့ အဲကောင်လေးက နောက်ဆို သူငယ်ချင်းတွေကို "ငါ ဆစ်ဒနီတာဝါပေါ်က စာလုံး × ကို ကိုင်ခဲ့ဖူးတယ်"ဆိုပြီး ကြွားလို့ရပြီ တဲ့။ ကဲ ဒီပိုစ့်လေးနဲ့ မဗေဒါလဲ ကြွားလိုက်ပြီနော်။


လေကောင်းလေးသန့်ကို လွမ်းလိုက်တာ...

One of my Best travel companion...

တိမ်ပေါ်ခုန်တက် က လိုက်ကြစို့...

The Moment I became a HERO... (Superwoman appear in our photo)
အဲဒါပြီးတော့ ဓာတ်ပုံအမြန်ရွေးပြီး သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့အချိန် အနည်းငယ်နောက်ကျနေပြီ ဖြစ်တဲ့အတွက် အောက်ဘက်က Westfield shopping mall ကို ဆင်းလာခဲ့ပါတယ်။ သူတို့ကို ဖုန်းခေါ်တော့ ရောက်နှင့်နေပြီ သူတို့ချင်းတောင် တွေ့ပြီတဲ့။ ၁ယောက်က ၈တန်းကတည်းက ကျောင်းထွက်သွားပေမဲ့ သူ စင်္ကာပူကို ပြီးခဲ့တဲ့နှစ်က အလည်လာတော့ တွေ့ထားပြီးသား။ သူကတော့ ငယ်ငယ်ကတည်းက စာလဲအရမ်းတော်တယ်။ အမြဲတမ်းလဲ ကျွန်မရဲ့ အစိမ်းအသင်း ခေါင်းဆောင်ကြီးပေါ့။ သူကခု နာမည်ပြောင်းထားပင်မဲ့ ကျွန်မတို့ကိုတော့ ငယ်နာမည်ခေါ်တာကို ခွင့်ပြုပါတယ်တဲ့။ ကိုယ်ကလဲ ငယ်နာမည် "မောင်မောင်__"ဆိုတာကို နှုတ်ကျိုးနေသလို ငယ်နာမည်ခေါ်ရတာကိုလဲ ပိုပြီးရင်းရင်းနှီးနှီးရှိတယ်လေ။ နောက်တစ်ယောက်ကတော့ ငယ်ငယ်က အတန်းထဲမှာ ကျွန်မတို့ ခုံပေါက်ပြေးလွှားကစားရင် သူကအမြဲ ညိမ်ညိမ်လေးပဲနေတတ်တယ်။ အမောသိပ်မခံနိုင်ဘူးတဲ့။ ကျွန်မက အတန်းထဲမှာ လူတိုင်းနဲ့ ပေါင်းတော့ သူတို့ အဖွဲ့နဲ့လဲ ရင်းနှီးတယ်။ ကိုးတန်း(ကျွန်မရုပ်အဆိုးဆုံးအချိန်)တုန်းက သူတို့သူငယ်ချင်းအဖွဲ့နဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေရှိတယ်။ (ပြဘူး)။ ဟီး။ သူ့နာမည်က "သန္တာ__" တဲ့။ သူက ဆစ်ဒနီမှာနေတာမဟုတ်ဘူး။ ဆစ်ဒနီကနေ ၂နာရီလောက် ရထားစီးရတဲ့ ဝူလုံးကုန်း ဆိုတဲ့ မြို့မှာနေတာ။ ကျွန်မနဲ့တွေ့ဖို့အတွက် သူတမင်လာရတာလေ။ အဲဒိအချိန်တုန်းကတော့ သူက ကျွန်မတို့ Blue mountain သွားရင် သူလဲလိုက်ဖို့ စိတ်ကူးထားတယ်။ သူတို့တွေနဲ့ ၁၂နှစ်လုံးလုံးအဆက်အသွယ်မရှိတဲ့ကြားက အဆက်အသွယ်ပြန်ရအောင်လုပ်ပေးတဲ့ ဖေ့ဘွတ်ကြီးကိုပဲ ကျေးဇူးတင်ရမယ်။

စက်လှေကားကနေဆင်းလာတော့ ကျွန်မအစ်မကတောင် သူတို့ ၂ယောက်ကို အရင်တွေ့ပါတယ်။ ကျွန်မ မျက်လုံးထဲမှာတော့ ကျွန်မသူငယ်ချင်း ၂ယောက်လုံး ငယ်ငယ်ကနဲ့ ယှဉ်ရင် ပိုချောလာတယ်လို ထင်မိတယ်။ ဟုတ်ပါတယ် အမှန်တကယ်လဲ ၂ယောက်လုံးချောပါတယ်။ ကျွန်မတစ်ယောက်ပဲ ၀ နေတာ။ ဟင့်... ဟင့်... ရွှတ်ဖတ်... ။ ဘယ်လောက်ပဲ နှစ်တွေ အကြာကြီး မတွေ့ပဲ ခွဲနေရပါစေ ပြန်တွေ့တဲ့အချိန်မှာ စိတ်ထဲက နှစ်နှစ်ကာကာ ဟန်ဆောင်မှုတွေမရှိပဲ ခင်မင်နေတာ ငယ်ငယ်က သံယောဇဉ်တွေကြောင့်ပေါ့။ အဲလိုမျိုးခင်မင်မှုက အသက်ကြီးတဲ့အချိန်မှာ ရှာရခက်သွားပြီလေ။ ဒါနဲ့ ဘာလုပ်ကြမလဲ စဉ်းစားတော့ ညနေ ၇နာရီထိုးနေပြီဆိုတာနဲ့ ညစာစားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဆစ်ဒနီမြို့ခံ သူငယ်ချင်းကတော့ အားလုံးကို host ရမှာပေါ့နော်။ ကျွန်မတို့က သူ့လောက်မှ မသိတာ။ ကျွန်မတို့ ညီအစ်မတွေရဲ့ အာရှစာ စားချင်တဲ့ ရောဂါက တက်နေတုန်းဆိုတော့ အာရှစာကောင်းကောင်းပဲစားချင်တယ်ဆိုတော့ နောက်ဆုံး တရုတ်တန်းက ကိုရီးယားစားသောက်ဆိုင်ကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒိကနေ စကားပြောရင်း စကြနောက်ကြနဲ့ပဲ လမ်းလျှောက်သွားလိုက်တယ်။ 

ချစ်သော ငယ်သူငယ်ချင်းများ...
အဆောက်အဦးတစ်ခုရဲ့ ဓာတ်လှေကားကို တက်လိုက်တယ်ဆိုရင်ပဲ ကိုရီးယားဆိုင်ပေါက်တည့်တည့်ကို ရောက်တယ်။ ဆိုင်နာမည်က Seoul Ria တဲ့။ စားလို့အရမ်းကောင်းတယ်။ Recommended။ အထူးသဖြင့် ကျွန်မအစ်မက ဒီပိုစ့်ကိုရေးရင် သူအဲဒိဆိုင်က ငါးဥဟင်းချိုကို အရမ်းကြိုက်တဲ့အကြောင်းထည့်ရေးပါလို့ မှာထားတယ်။ ကျွန်မလို ငါးသိပ်မကြိုက်တဲ့သူတောင် စားကောင်းတယ်လို့ ထင်မိတယ်။ ဒါပေမဲ့ ကျွန်မအစ်မနဲ့ မောင်မောင် က ငါးဥကို ကြိုက်မှန်းသိတော့ သိပ်မနှိုက်ဖြစ်ဘူး။ တခြား အသားတွေကို ဦးစားပေးစားဖြစ်တယ်။ ပြီးတော့ဖေ့ဘွတ်ပေါ်မှာ ငယ်သူငယ်ချင်းတွေချည်းပဲ အဖွဲ့လုပ်ထားတဲ့စာမျက်နှာမှာ ပြန်တင်ဖို့ နောက်ပြောင်ပြီး ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ ခု ဒစ်ဂျစ်တယ်ခေတ်ရောက်သွားပြီဆိုတော့ ဓာတ်ပုံကို မနားတမ်းကို ရိုက်တော့တာပဲ။ ငယ်ငယ်က ဓာတ်ပုံ တူတူမရိုက်ဖြစ်ခဲ့ဘူးလေ။ ခုတော့ ဒီအချိန် ဒီခံစားချက် ဒီပျော်ရွှင်မှုတွေကို နောက်ဆယ်နှစ်ကြာတဲ့အချိန်မှာလဲ ပြန်ခံစားလို့ရအောင် ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့တာပေါ့။ အဲဒိညအတွက် ညစာကိုတော့ နယ်ခံသူငယ်ချင်း ၂ယောက်က ဒကာခံသွားပါတယ်။ ကျွန်မ အစ်မက အားနာလို့ အတင်းပေးတာတောင် သူတို့က မယူပါဘူး။ ကျွန်မကတော့ ပြုံးပြုံးလေးပဲ သာဓုခေါ်နေလိုက်ပါတယ်။ ဟဲ.... ဟဲ....


စားလို့လဲကောင်းတယ်... ခင်လဲခင်တယ်... ခိခိ...

၂ရက်ဆက်တိုက် ကျွေးရင်လဲ မငြင်းပါဘူးလို့ပြောနေတာ... :P

အဲဒိကနေ ဆက်ပြီး ဘယ်သွားချင်သလဲဆိုတော့ သူငယ်ချင်းတွေ စကားပြောလို့ရမဲ့ တစ်နေရာရာသွားချင်တယ်လို့ ကျွန်မကပြောတယ်။ ပြီးတော့ ကျွန်မက ရေခဲမုန့်စားချင်တယ်လို့လဲပြောမိတယ်။ ဟိ။ ဒါပေမဲ့ သူတို့သိတဲ့ ရေခဲမုန့်ဆိုင်ထိုင်လို့ရတာလဲ အနီးနားမှာမရှိဘူးဆိုတော့ လမ်းလျှောက်သွားလို့ရတဲ့ Darling Harbor ဘက်ကိုပဲ သွားဖို့ဆုံးဖြတ်လိုက်တယ်။ ကျွန်မတို့ ညီအစ်မလဲ မရောက်သေးဘူးလေ။ ဆစ်ဒနီတာဝါပေါ်ကနေတော့ အဲဒိဘက်ကိုလှမ်းတွေ့ပါတယ်။ Darling Harbor က စင်္ကာပူကဘယ်လိုနေရာမျိုးနဲ့တူသလဲဆိုတော့ Marina Square Merlion နဲ့ Esplanade လို နေရာမျိုးပဲပြောရမယ်ထင်တယ်။ လေညင်းခံဖို့ သင်္ဘောဆိပ်ကြီးရှိတယ်။ အဲဒိနားမှာ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေလဲရှိတယ်။ ရှော့ပင်းဆင်တာတွေနဲ့ ပြတိုက်တွေရှိတယ် ပြီးတော့ တံတားရဲ့ တစ်ဖက်ခြမ်းမှာဆိုလဲ Sydney Wildlife world, Sea Aquarium (အဲဒိ ၂ခုကို နောက်ဆုံးနေ့မှာ ရောက်ခဲ့တယ်) နဲ့ MadameTussauds ဖယောင်းပြတိုက်တို့၊ Australian National Maritime Museum တို့လဲရှိတယ်။ 

ဒီလိုနဲ့ လမ်းလျှောက်ရင်း မထင်မှတ်ပဲ လမ်းမှာ ထူးခြားတဲ့ ရေခဲမုန့်ဆိုင်လေးတစ်ခုကိုတွေ့တယ်။ လူတွေလဲ အရမ်းများတယ်။ ဆိုင်နာမည်က N2 Extreme Gelato တဲ့။ ဘာထူးခြားလဲဆိုတော့ ဆိုင်ကအငွေ့တွေအများကြီး ထွက်နေတယ်လေ။ သူက အသီးဖျော်ရည်ကို အရည်အဆင့်ကနေ ကိုယ့်ရှေ့တင်ပဲ ရေခဲမုန့်လုပ်ပြတာ... ဆိုင်ထဲက ပစ္စည်းတွေက သိပ္ပံသုတေသနအခန်းထဲက ဖန်ပုလင်းတွေပုံစံမျိုးလေ။ ဆန်းတာပေါ့။ အမှန်တော့ ရေခဲမုန့်ကိုပဲ ဆန်းဆန်းလေးလုပ်ရောင်းတာပေါ့။ မစားဖူးတဲ့ flavor မျိုးတွေလဲရှိတယ်။ သူငယ်ချင်းမောင်မောင်ကတော့ အသစ်အဆန်းမို့ စမ်းချင်တာရော ကျွန်မစားချင်တယ်ပြောခဲ့တာရောကြောင့် အတင်း၀ယ်ကျွေးတော့တာပဲ။ အဲလိုဆိုတော့လဲ သူငယ်ချင်းကြီးတော်လိုက်တာဆိုပြီး ဧည့်၀တ်ကျေမှုကို ဟတ်ထိသွားတယ်။ အမှန်တော့ ကျွန်မက ရေခဲမုန့်စားချင်ခဲ့တာထက် ဆိုင်ထိုင်ချင်ခဲ့တဲ့အတွက် အကြံပေးခဲ့တာပါ။ ထမင်းစားပြီး ဗိုက်ကပြည့်နေတော့ သိပ်တောင် မစားချင်တော့ဘူး။ ဒါနဲ့ပဲ ကျွန်မတို့ မိန်းကလေး ၃ယောက်က သရက်သီး flavor ကိုစားပြီး။ သူကတော့ အထူးအဆန်း 5 Chinese spice ဆိုလားဘာလားမသိဘူး စားတယ်။ ကျွန်မကတော့ အဲဒိ flavor မကြိုက်ဘူး။ သူကတော့ ကြိုက်တယ်။ ရေခဲမုန့်ဆိုင်မှာလဲ ဓာတ်ပုံရိုက်လိုက် စကားတွေပြောလိုက်နဲ့ အူမြူးနေကြတာပေါ့။ ဘာတွေပြောမိနေမှန်းကို မသိတာ။ 


သန္တာက အေးတယ်... သောင်းကျန်းနေတာက မောင်မောင်နဲ့ ကျွန်မ... Cam whore!!.. :P

ရေခဲမုန့် လုပ်နေသည်...

လူတွေအများကြီးရှိလဲ စတန်းကြီးထောင်ရိုက်တာပဲ...

A Night at Darling Harbor



ချစ်သူတွေ ထိုင်နေတဲ့ Darling Harbor... (အတွဲတွေကို သွား အနှောင့်အယှက်ပေးလာတယ်)

ရေခဲမုန့်စားပြီးတော့ Darling Harbor မှာ ထိုင်ဖြစ်တယ်။ ချစ်သူတွေ၊ သူငယ်ချင်းတွေ အဲဒိနေရာမှာ ကျွန်မတို့လိုပဲ လာထိုင်ကြတဲ့သူတွေရှိတယ်။ ကျွန်မတို့အုပ်စုက စတန်းထောင်ပြီး ဓာတ်ပုံရိုက်နေတော့ ဘေးက ဘိုကြီးကတောင် သူရိုက်ပေးရမလားလို့ ပြောတယ်။ ဒါပေမဲ့ စတန်းရှိနေတော့လဲ မလိုအပ်ဘူးလေ။ သူများရှက်သွားလေလားတော့ မသိ။ အဲဒိညမှာ ဆယ်ကျော်သက်ဘ၀ကို ခဏပြန်ရောက်သွားတယ်။ ပြီးတော့ ကျွန်မတို့ Darling Harbor Bridge ပေါ်ကို လမ်းလျှောက်ဖြစ်တယ်။ အဲဒိကနေမှ ဆက်ပြီး STAR Casino နဲ့ ဘားတွေရှိတဲ့နေရာ သူငယ်ချင်းက လိုက်ပြမယ်ဆိုတာနဲ့ သွားဖြစ်ကြတယ်။ လူကနည်းနည်းပင်ပန်းနေပင်မဲ့ စိတ်ကတော့ တက်ကြွနေတယ်။ Casino ပေါ်ရောက်တာနဲ့ လန်ထွက်နေကြတယ်။ (စကပ်တွေလေ)... ဟိဟိ... တချို့ဆို ဒိထက်တောင်ဆိုးသေး ပြောချင်တော့ပါဘူး။ ကိုယ်တွေများ အဲထဲရောက်သွားတာ မိန်းမလို့တောင် သတ်မှတ်မခံရတော့သလိုပဲ။ ကိုယ်လဲ Casino မဆော့တတ်တော့ ဘားမှာပဲ တစ်ခုခုထိုင်သောက်ရင်း မရောက်ဖူးတဲ့နေရာမှာ ဟိုကြည့်ဒီကြည့်ပေါ့။ ရောက်ခဲ့တယ်ဆိုတဲ့ အထိမ်းအမှတ်ပဲပေါ့။ သန္တာကတော့ အတော်လေးပင်ပန်းတဲ့ပုံပေါက်နေပြီလေ။ ကျွန်မတို့လဲ အင်နာဂျီ level လျော့နေပြီဆိုတော့ ပြန်ဖြစ်ကြတယ်။ အဲဒိနေ့ကတော့ သန္တာက ကျွန်မတို့နဲ့ အတူ ဟော်တယ်မှာလိုက်အိပ်တယ်။ အစကနောက်နေ့ blue mountain သွားရင် သန္တာက လိုက်ဖို့အစီအစဉ်ရှိတယ်။ ဒါပေမဲ့ သူ့အလုပ်က ဖုန်းဆက်ခေါ်လို့ မလိုက်ဖြစ်တော့ဘူး။ ကျွန်မတို့ ညီအစ်မလဲ အဲဒိညကမှ တိုးလ် service provider တွေကို ဖုန်းဆက်တော့ အားလုံးက မရတော့ဘူးဖြစ်သွားပြီ။ နောက်အပတ်အစောဆုံးပဲရမယ်တဲ့။ အမှန်တော့ ကျွန်မအစ်မကသာ တိုလ်းနဲ့သွားချင်နေတာ။ ကျွန်မက ကိုယ့်ဘာကိုယ် ရထားစီးသွားချင်ခဲ့တာ။ စင်္ကာပူမှာကတည်းက research ရှာလာပြီးသား။ 

ဒီလိုနဲ့ ဟော်တယ်ပြန်ရောက်တော့ နောက်နေ့ ကိုယ့်ဘာသာကိုယ်ပဲ Blue Mountain သွားဖို့ ဆုံးဖြတ်ဖြစ်သွားတော့တယ်။ အဲဒိညကတော့ ခေါင်းချလိုက်တာနဲ့ အိပ်လို့ပျော်သွားပါလေရော...


သောင်းကျန်းလာတာတွေကို စုစည်းတင်ပြလိုက်တယ်.... (ခေါင်းမူးမှာစိုးလို့)

တစ်ခါတစ်လေတော့ ဒီလိုလေး ဟန်ဆောင် ငြိမ်တတ်ကြပါတယ်...

သူငယ်ချင်းတွေရဲ့ ပေါချက်ကတော့ အားလုံး တန်းတူပါပဲ...



သူငယ်ချင်းဆိုတာ ကြယ်လေးတွေလိုပါပဲ... သူတို့ကို အမြဲမတွေ့ဖြစ်ပေမဲ့ သူတို့အမြဲရှိနေတယ်ဆိုတာတော့ စိတ်ထဲက သိနေတယ်...





27 comments :

thandar win said...

Wow~~~~ ah yan kyite tal dei post ko :)

Anonymous said...

ခုလို ပုံများေ၀၂ဆာ၂နဲ့  တကူးတက တပင်တပန်းပိုစ့်ရေးတဲ့မဗေဒါလေးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပဏာမအနေနဲ့ ပြောကြားပါရစေ
(ဒါမှ နောက်ကျန်တာဆက်ရေးမှာ) လူလေးကလည်းချစ်စရာကောင်း ရှူခင်းတွေကလည်း အလွန်တရာလှ စားစရာတွေကလည်း စားချင်စရာကောင်း သူငယ်ချင်းများနဲ့ ပုံများကတော့ ကြည့်ရတာနဲ့ ကို အလွန်ပေါ့ပါးပျော်ရွှင်စရာကောင်းတာကြောင့် ဖတ်ရမြင်ရသူ ကြည်နူးဝမ်းသာမိပါကြောင်း နောက်ပိုစ့်များကိုလည်း အခုလို အားတဲ့အချိန်မှာ ဆက်ရေးပါလို့ တောင်းဆိုပါကြောင်း

ပိုးပိုး

shin said...

ရုံးရောက်တာနဲ့ Postအရှေကြီးကို အစအဆုံးပြီးအောင် တထိုင်ထဲဖတ်လိုက်တယ်။ ARRRR…ခရီးသွားချင်လိုက်တာနော်။

mabaydar said...

အထူးဧည့်သည် သရုပ်ဆောင် ၂ယောက်ပါလို့ဖြစ်မယ်... :)

mabaydar said...

ပိုးပိုးကိုတော့ ဒီဘလော့လာဖတ်တဲ့သူတွေ ကျေးဇူးတင်သင့်နေပြီထင်တယ်။ မဗေဒါကို အနောက်ကနေ တွန်းအားပေးနေလို့လေ... ဟား. ဟား... ကွန်မန့်အတွက်ကျေးဇူးပါ.... ရေးမှာပါ.. နောက်ထပ် ၂ရက်ပဲကျန်တော့တယ်...

mabaydar said...

ဟုတ်တယ်... ခု မဗေဒါလဲ ခရီးအရမ်းသွားချင်နေတယ်... နောက်နှစ်မြန်မာပြည်ပြန်ဖို့ ခွင့်မရှိမှာစိုးလို့ စုနေရတယ်... Sighhh... ရုံးရောက်တာနဲ့ မဗေဒါလိုပဲ အင်တာနက်ကြည့်နေတဲ့ Shin ရှိလို့ သဘောကျမိပါ၏။ ဟိ ဟိ... အမြဲတမ်းအားပေးတဲ့အတွက်ရော... ကွန်မန့်ပေးတဲ့အတွက်ရော ကျေးဇူးတင်ပါ၏...

shin said...

ဓတ်ပုံတွေမှာထဲမှာ မဗေဒါဝတ်ထားတဲ့ ဖိနပ်အနီရောင်လေးကို သဘောကျလိုက်တာ။ မဗေဒါရဲ့ The Rock နားက ဆိပ်ကမ်းလေးနဲ့ အမှတ်တရပုံမှာတော့ ဖိနပ်ပြောင်းသွားတာ သတိထားလိုက်မိတယ်။... :P

mabaydar said...

အဲဒါ Ruby က၀ယ်တာ... ၂ရံ ၃၀ နဲ့... Flat shoe လေးတွေ စီးပျော်ပါတယ်။ မိန်းကလေးတွေခရီးသွားရင် အဲဒါက အပိုသယ်ရတာတွေပေါ့... ဖိနပ်အပိုလေ... ဟိ... ဓာတ်ပုံရိုက်ရင် ဒေါက်ဖိနပ်နဲ့ ပဲလုပ်ချင်တာကိုး။ မဗေဒါတို့ ညီအစ်မတွေ ဒီခရီးအတွက် ဖိနပ်သယ်လာတာ ၂ယောက်ပေါင်း ၆ ရံလောက်ရှိတယ်... မဗေဒါက ၃ရံ။ အစ်မကတော့ ၃ရံ အနည်းဆုံးပဲ (ဒိထက်များရင်တောင် များမှာ)... ဒေါက်နဲ့သာ တစ်နေကုန်လျှောက်သွားရင် အင်နာဂျီက double ကျမှာ။ အဲဒိဖိနပ်ကြီး The Rock က သစ်သားကြမ်းကြားညပ်သွားလို့ အရှက်ကွဲခဲ့သေး... ဟိဟိ

Thant said...

superwoman ကွ.... :D
ငယ်သူငယ်ချင်းတွေနဲ့ တပျော်တပါးပြန်တွေ့ရတယ်ဆိုတော့
ခရီးက ပိုပြီးပျော်ဖို့ကောင်းသွားတယ်ထင်တယ်...
အပျော်တွေ ဖတ်တဲ့သူဆီကိုတောင် ကူးတယ်.... :) :)

shin said...

Thank you for your info about red shoe...:D ...I understand about bringing more than one shoe when traveling...hee hee...

mabaydar said...

ဟုတ်တယ်.. ဒီခရီးရဲ့ ထူးခြားချက်လေးက ငယ်သူငယ်ချင်းတွေနဲ့အတူတူ ပျော်ခဲ့ရတဲ့ အမှတ်တရလေးတွေကြောင့်လဲပါတယ်... စူပါမန်းရဲ့ ချစ်သူဖြစ်ရင်တော့လဲ ကောင်းသားနော်.. အသွင်တူတော့ အိမ်သူဖြစ်လို့ရတာပေါ့...

Anonymous said...

ပုံတွေအရမ်းလှတယ် မဗေဒါရေ ဝတ်ထားတဲ့ ဂါဝန်လေးနဲ့ ဘလေဇာလေးလဲလှ
ပြီးတော့သူက ဒေါက်ဒေါက်ကြီးလဲ ဒါ့ပုံရိုက်ကာနီး လဲစီးသေးတယ် အရမ်းမိုက်း)
တနေကုန်လည်ထားပေမယ့် မျက်နှာလေးက bronzer လား highlighter လားမသိ ပြေပြေလေးနဲ့ ဘူးတီးဖိုးးးး

ခင်တဲ့
wine

mabaydar said...

ဂါဝန်လေးက Brisbane မှာဝယ်လာတာ AUD 10 ပဲ... အရမ်းတော့ မကောင်းဘူး... ကျယ်သီးတွေက ချောင်ပြီးပြုတ်ပြုတ်ထွက်တယ်... ဒီဇိုင်းလေးကြိုက်လို့ ဓာတ်ပုံရိုက်ရအောင်ဝယ်လာတာ... ဓာတ်ပုံရိုက်ခါနီးမှ ဒေါက်ဒေါက်ကြီး ထုတ်ဝတ်တာ ဘိုသိ? :P ... ဟီး...
မိတ်ကပ်က မနက်ကတည်းက ၁ခါပဲ ကရင်ပတ်ပြန်ရိုက်ဖြစ်တယ်။ ဆစ်ဒနီတာဝါမှာ သူငယ်ချင်းတွေနဲ့ မတွေ့ခင်ပေါ့... မနက်ကတည်းက မိတ်ကပ်လိမ်းထဲ moisturizer ခံလိမ်းပြီး BB cream ရယ်၊ နောက်ပြီး highlight လုပ်သင့်တဲ့နေရာလေးတွေမှာ Concealer ထည့်တယ်. ပြီးတော့ ကရင်ပတ်ရိုက်လိုက်တယ်။ မျက်လုံးကိုတော့ Green pallet လေး... Brand တောင် မဟုတ်ပါဘူး... Brand မဟုတ်ပင်မဲ့... တစ်ချို့ Brand ဟာတွေထက်တောင်ကောင်းတယ်... အဲဒါကို smoky eye ချယ်လိုက်တယ်... မျက်တောင်တုတပ်ထားတယ်... တစ်နေကုန် ထပ်ထိလို့မရဘူး... ဒီတိုင်းပဲ... နှုတ်ခမ်းနီကိုတော့ ပြေပြေပဲဆိုးတယ်... ဟီး... အဲဒိတစ်မျိုးပဲ ပြင်တတ်တာ... :P ... ကွန်မန့်ပေးလို့ မဗေဒါရဲ့ လှို့ဝှက်မိတ်ကပ်ပြင်နည်းကို ပြောပြတာ... :)

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

လှလိုက်တဲ့တိုင်းပြည်ကြီး
နှစ်ထပ်ရထားကြီးကိုအားကျလိုက်တာ
မြန်မာပြည်မှာ ဘီတော့စီးကြရမလဲသိဖူး

Anonymous said...

ငှက်တွေကိုအစာမကျွေးတာအကောင်းဆုံးပဲ။ လူတွေစားတဲ့အစာနဲ့သူတို့တွေနဲ့မတည့်ဖြစ်ပြီး သေကုန်၊ တစ်ခုခုဖြစ်ကုန်ရင် ကိုယ့်ကိုတရားဆွဲလို့ရတယ်တဲ့။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကလူတွေ၊ ရဲတွေနဲ့ တွေ့ရင်ဒဏ်ရိုက်တတ်တယ်တဲ့။ ကိုယ်လည်းစိတ်ကောင်းဝင်ပြီး ကျွေးမိလို့ သူငယ်ချင်းကရှင်းပြတာ

thandar win said...

Happy time lay ko pyan tha thei yal dei post lay ko pyan read yin ~~:)

thiri_aquarius said...

cool!! love to read your post as usual :)

thiri_aquarius said...

Cool!!! love to read your post as usual :)

ရာဇာထွေး said...

ကဲ...ဗဟုသုတတွေတော်တော်ရသွားပါပြီ...
မရောက်ဖူးသေးတဲ့ နေရာတွေကိုလည်းရောက်ဖူးသွားပြီ မဗေဒါရေ... :)
အခုလိုခရီးဆောင်းပါးသဘောလေးဓါတ်ပုံတွေနဲ့ဝေေ၀ဆာဆာဖော်ပြထား
တော့ ကျွန်တော်တို့လို မရောက်ဘူးတဲ့သူတွေအနေနဲ့ ဗဟုသုတတွေတော်တော်
တိုးပါတယ် မဗေဒါရေ... လာမယ်...လာမယ်နဲ့မရောက်ဖြစ်ခဲ့တာပါ...ဒီနေ့တော့
မှတ်မှတ်ရရ ရောက်အောင်လာခဲ့ပါတယ်ခင်ဗျာ... ပို့စ်လေးဖတ်ခွင့်ရလို့ကျေးဇူး
တင်ပါတယ် မဗေဒါရေ... ကျွန်တော်အရမ်းကြိုက်တဲ့ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း
ကဗျာစုတွေထဲက မဗေဒါက ချောင်းတွေထဲမှာသာ စုန်ဆန်မြောနေတဲ့ ဗေဒါ...
အခုဘလော့ရေးနေတဲ့ မဗေဒါ ကတော့ ကမ္ဘာပတ်နေတဲ့ ဗေဒါ နော်... :)
အားပေးလျှက်ပါ ခင်ဗျာ...

ခင်မင်စွာဖြင့်
ရာဇာထွေး

mabaydar said...

လာရောက်အားပေးပြီး ကွန်မန့်မှာ အမှတ်တရ ခြေရာချန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုရာဇာထွေးရေ...

ဆုမြတ်မိုး said...

မဗေဒါရယ်..လာဖတ်သွားပါတယ်..ဒီပိုစ့်မှာတော့ ကော့မက်တွေအများကြီးပဲ..း) အားပြည့်သွားလောက်ပြီ စာတွေအများကြီးရေးနော်..

ချစ်တဲ့
ဆုမြတ်

mabaydar said...

comment အခု ၂၀ရှိရင် ၁၀ခုက အစ်မ reply တွေပါညီမရယ်.. ဟိဟိ...
ရေးတာတော့ရေးမှာပါ... ခု နောက်ရက်ရေးနေတာ နည်းနည်းတော့ ခရီးရောက်ပြီ... လာလည် အားပေး အားဆေးကျွေးသွားတဲ့အတွက် ကျေးဇူးပါနော်...

so gyi said...

စာလုံးသတ်ပုံတွေကမမှန်တော့ဖတ်လို့ မရဘူး

so gyi said...

စာလုံးတွေကမမှန်ဘူး

mabaydar said...

ဘယ် browser နဲ့ ဖတ်လဲမသိဘူး... Chrome နဲ့ ဖတ်ကြည့်ပါလားဟင်... အမှန်တော့ မြန်မာဖောင့်မရှိတဲ့ ကွန်ပြူတာတောင် ဖတ်လို့ရအောင် လုပ်ထားတာ... ဘာလို့ ဖတ်လို့မရလဲမသိဘူး... ဖုန်းကနေ ဖတ်လို့တော့ မရဘူးထင်တယ်...

so gyi said...

google နဲ့ သုံးတာ phone နဲ့ သုံးတာတခြားဟာတွေဖတ်လို့ ရတယ်ဒီ post ကဖတ်လို့ မရတာဖတ်လို့ ရအောင်တင်ပေးလို့ မရဘူးလား internet journal ထဲမှာတွေလို့ ဝင်ကြည်တာအားကြလိုက်တာဗျာ*********

mabaydar said...

ဒီ Post တစ်ခုပဲ ဖတ်လို့မရတာလား? သြစီ Day 4 blue mountain သွားတဲ့အကြောင်းကျတော့ ဖတ်လို့ရလား? ဖုန်းနဲ့ဆိုရင်တော့ စာလုံးတွေမှန်မှာမဟုတ်ဘူး... နောက်ပိုင်းတော့ ဖုန်းနဲ့ပါကြည့်လို့ရအောင် လုပ်လို့ရရင် လုပ်ဖြစ်မှာပါ.. ခုလောလောဆယ်တော့ computer က Chrome browser နဲ့ကြည့်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်.. မဗေဒါ စမ်းကြည့်တာတော့ firefox တို့ IE တို့နဲ့တောင် ဖတ်လို့ရပါတယ်... မြန်မာဖောင့် ကွန်ပြူတာထဲမှာ မရှိတာတောင် ဖတ်လို့ရပါတယ်... အင်တာနက်ဂျာနယ်ကနေ ရောက်လာတဲ့အတွက်လဲ အများကြီး ကျေးဇူးတင်ပါတယ်.. နောက်လဲ စိတ်ဝင်စားရင် လာရောက်ဖတ်ရှူအားပေးပါနော်...