Monday, January 30, 2012

အဆင်ပြေလား phobia

Know when/who/which situation to ask

“အဆင်ပြေလား?” “အဆင်ပြေရဲ့လား?” “အဆင်ပြေပြီလား?” စတဲ့ မေးခွန်းမျိုးတွေကို သင်တို့ဘယ်လို အခြေအနေမျိုးမှာ မေးလေ့ရှိပါသလဲ? သာမာန်အားဖြင့်တော့ ဒီစကားတွေဟာ ကောင်းတဲ့ရည်ရွယ်ချက် တစ်ဦးကိုတစ်ဦး ဂရုစိုက်တဲ့ အနေနဲ့ မေးလေ့ရှိတဲ့စကားတွေပါ… သို့သော် ဒီမေးခွန်းလေးတွေကို သုံးတဲ့အခါမှာ ဘယ်သူ့အတွက်သုံးတာလဲ ဘယ်လိုအခြေအနေမျိုးမှာသုံးတာလဲ အဲဒိလိုမေးတိုင်း လူတစ်ယောက်ကို ဂရုစိုက်ရာကျသလား ဆိုတာကို ကျွန်မတွေ့ကြုံခံစားဖူးတာလေးနဲ့ ယှဉ်ပြီး ပြောပြချင်ပါတယ်…
ဒါဆို ကျွန်မဒီစကားလေးတွေကို ဘယ်လိုအချိန်မှာသုံးလဲ… ဘယ်သူ့ကိုသုံးလဲ ဆိုတာလေးကို ပြောပြဖို့လိုလာပါပြီ… ဘာလို့လဲဆိုတော့ ခုတစ်လော ကျွန်မအယူအဆများမှားနေပြီး သူတစ်ပါးကို အထင်လွဲမိနေ သလားဆိုတဲ့ ဒွိဟပွားစရာကိစ္စတွေအတွက် မိမိကိုယ်ကို သုံးသပ်ချက်တစ်ခုချမလို့ပါ…

ကျွန်မအတွက်တော့ “အဆင်ပြေလား” “အဆင်ပြေရဲ့လား?” ဆိုတဲ့ မေးခွန်းမျိုးကို ကျွန်မနဲ့ ရင်းနှီးတဲ့ ကျွန်မဂရုစိုက်တဲ့ ကျွန်မပတ်ဝန်းကျင်က လူတွေထဲမှာ လုပ်ဆောင်စရာကိစ္စတစ်ခုခုရှိတယ်ဆိုတာ သိရင် အဲဒိကိစ္စ အဆင်ပြေလား ချောချောချူချူမှပြီးရဲ့လားဆိုတဲ့ စိုးရိမ်စိတ် ဂရုစိုက်စိတ်နဲ့ မေးတဲ့အခါမှာသုံးပါတယ်… တကယ်လို့သူတို့မှာ ဘာမှ ထွေထွေထူးထူး လုပ်ဆောင်စရာကိစ္စမရှိဘူးဆိုရင် ဒီမေးခွန်းက မေးစရာမလိုဘူးလို့သတ်မှတ်ပါတယ်…
နောက်ထပ် ဒီမေးခွန်းလေးတွေကို အသုံးပြုဖို့လိုအပ်မယ်လို့ထင်တဲ့ အခြေအနေလေးတွေကတော့ ကျွန်မပတ်ဝန်းကျင်က တစ်စုံတစ်ယောက်ရဲ့ အပြုအမူတွေ ပုံမှန်မဟုတ်ပဲ ထူးခြားနေမယ်… စိတ်ဓာတ်ကျတဲ့ပုံပေါက်နေမယ် စတဲ့ အချိန်တွေမှာ ဒီလိုမေးခွန်းမျိုးမေးဖို့လိုအပ်မယ်ဆိုတာကို ကျွန်မလက်ခံပါတယ်…

မည်သို့ပင်ဆိုစေ “အဆင်ပြေလား?” “အဆင်ပြေရဲ့လား?” ဆိုသည့် မေးခွန်းဟာ အဆင်မပြေခြင်း ခက်ခဲသောကိစ္စရှိနေနိုင်ခြင်း အတွက် အဆင်မှပြေရဲ့လားဟု မေးသည့်မေးခွန်းလို့ ကျွန်မကောက်ချက်ချမည်ဆိုလျှင် ကျွန်မကို ကပ်သတ်တွေးသောသူဟု ဆိုနိုင်မည်လော… အမြဲတစေ အခက်တွေ့နေသောသူဟု ယူဆ၍လူတွေ့တိုင်း ကိစ္စထွေထွေထူးထူးမရှိပဲ အဆင်ပြေရဲ့လား ဟုမေးခြင်းလို့ရော မှတ်ယူလို့ရမည်လား...

ဒီမေးခွန်းမေးခံရခြင်းအပေါ် ကျွန်မအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ Scenario လေး ၂ခုကို ပြောပြပါမယ်… ပထမ တစ်ခုကတော့ အလုပ်က ကိုယ်နဲ့ ခင်တဲ့ မြန်မာအစ်ကိုကြီးတစ်ယောက်ရှင်းပေးလိုက်လို့ ကိုယ့်အယူအဆ မှားတာမဟုတ်လောက်ဖူးလို့ ကျွန်မယုံကြည်တယ်…

အဆင်ပြေလား ပြဿနာ (၁)

ပြောပြရရင်ဖြင့်… ကျွန်မရဲ့ အရင်အလုပ်မှာ လုပ်သက် ၃နှစ်နီးပါးရလောက်တဲ့အချိန်တုန်းကပေါ့… အလုပ်ကို မြန်မာအစ်မကြီးတစ်ယောက် အသစ်ဝင်ပါတယ်… ဖြစ်ချင်တော့ သူက ကျွန်မလုပ်ရတဲ့ စက်ကို ကိုင်ဖို့တာဝန်ကျပါတယ်… သို့သော် သူနဲ့ ကျွန်မက Shift မတူတဲ့အတွက် သူနေ့ဆို ကျွန်မက ည… သူညဆို ကျွန်မက နေ့ပါ… တစ်ဦးနဲ့တစ်ဦး အလုပ်ချိန်အပြောင်းမှာ စက်နဲ့ပတ်သတ်တဲ့ အလုပ်နဲ့ပတ်သတ်တဲ့အရာတွေကို Passdown လုပ်ရပါတယ်…

သူ့ကို အသစ်ဖြစ်တာရော သိပ်အသားမကျသေးတာရောကြောင့် အထက်အရာရှိကိုယ်တိုင်က ကျွန်မနဲ့တကွ တစ်ခြားအဟောင်းတွေကို သင်ပြပေးဖို့ပြောထားပါတယ်… သို့သော် သူမမှာ အကျင့်တစ်ခုရှိတာက ကိစ္စတစ်ခုကို မသိလို့ ကျွန်မကိုလာမေးတယ်… ပြီးရင် အဲဒိမေးခွန်းကိုပဲ နောက်တစ်ယောက်ကိုသွားမေးတယ်… လူဆိုတာ ကိစ္စတစ်ခုတည်းကိုပဲ လုပ်ဆောင်ပုံခြင်းကွဲပြားပါတယ်… ဒီအခါ အဖြေ ၂ခုမတူရင် ဟိုကဒီလိုပြောတယ် ဒီကဒီလိုပြောတယ်နဲ့ ပြောပြသင်ပြရတဲ့သူ စိတ်အနှောင့်အယှက်ဖြစ်ပါတယ်… အမှန်တော့ “ဆရာများ သားသေ” ဖြစ်နေတာပါ… မေးပြီး ကိုယ်နဲ့ အကိုက်ညီဆုံး နည်းလမ်းကိုသုံးဖို့က အဓိကပါ… လုပ်ငန်းခွင်မှာ မည်သူမှ ဇွန်း ခွံ့ (Spoon feed) မကျွေးပါဘူး… ဒါကိုပဲ ကျွန်မထက် အသက်ကြီးတဲ့ ထိုအစ်မကြီးမသိလေရော့သလား…

ကျွန်မမှာအကျင့်တစ်ခုရှိတာက သူများကို ဆရာသွားလုပ်ရမှာနဲ့ ဆရာလုပ်သလိုဖြစ်သွားမှာကိုစိုးရိမ်တာပါ… အရာရှိက သူ့ကိုဆရာလုပ်ဖို့ အမိန့်ပေးထားပင်မဲ့ ကျွန်မက အားနာပါတယ်… ကိုယ်အသစ်ဝင်စတုန်းကလဲ အဟောင်းတွေက သူတို့လုပ်တာမှ အမှန်ဆိုပြီး လာဆရာလုပ်ခဲ့တုန်းကလဲ ခေါင်းအတော်စားခဲ့ရပါတယ်… အလုပ်ကလဲ ကျွန်မအမြင်တော့ ဘာမှ ခက်ခဲနေတဲ့ အရာလဲမဟုတ်ပါဘူး… ဒီတော့ သူအဆင်မပြေရင်လာမေးပါစေ… သူသိချင်လို့မေးမှပဲ ကျွန်မပြောပြလေ့ရှိပါတယ်… နောက်တစ်ချက်ကတော့ ကျွန်မကသူနဲ့ အသင်းမတူတော့ အ၀င်အထွက်ပဲတွေ့တာပါ… သူမနဲ့ အသင်းတူတဲ့ မြန်မာတွေလဲ အများကြီးမေးစရာရှိပါတယ်…

ဒါပေမဲ့ အဲလိုအဟောင်းဖြစ်ပင်မဲ့ အစွယ်မပြတဲ့ကျွန်မကို သူမစိတ်ထဲမှာ ဘယ်လိုသဘောထားလဲတော့ကျွန်မ မသိပါ… သူမ အထင်မှာ ကျွန်မက သူ့ထက်အရင် ၁ပတ်လောက်မှ ဒီအလုပ်ကိုရောက်တဲ့သူများမှတ်နေလားမသိပါဘူး… လူကိုတွေ့ရင် “အဆင်ပြေလား ညီမ” ဆိုပြီးမေးပါတယ်… ပထမတစ်ခေါက်မေး… ကျွန်မ ဘယ်လိုမှ သဘောမထားပါဘူး… “ပြေတယ် အစ်မ” လို့ပဲ ပြုံးပြီးပြန်ဖြေပါတယ်… နောက်တစ်ခေါက်တွေ့လဲ “အဆင်ပြေရဲ့လား ညီမ” ထပ်မေးပါတယ်… ဒီအခါလဲ “အော် သူနှုတ်ဆက်ချင်တာ ပြောစရာမရှိလို့ ရှာကျန်မေးတာပါလေ”ဆိုပြီး “ပြေတယ် အစ်မ” လို့ပဲ ဖြေပါတယ်…
ဒါပေမဲ့ သူ့ရဲ့ အပြုအမူကိုမူတည်ပြီး ကျွန်မခံစားရတာက တဖြည်းဖြည်းနဲ့ သူက Senior ကျွန်မက Junior ဆိုတဲ့ပုံစံမျိုးလာပြုမူနေသလိုခံစားရပါတယ်… အထူးသဖြင့် သူမသည် အသစ်ဝင်လာသူဖြစ်ရုံမက လုပ်ငန်းခွင်ဖြင့် အချိန်အတော်ကြာသည်အထိ အံဝင်ခွင်ကျမရှိသေးသည့် သူက ကျွန်မလို ပြဿနာမလုပ်ချင်လို့ ကိုယ့်ဘာသာကိုယ်နေတဲ့ အဟောင်းကို “အဆင်ပြေရဲ့လား” လို့မေးနေတာ သိပ်တော့ မဟုတ်လှပါ… မှန်ပါသည် တစ်ခါတစ်ရံ သူမ ထားသွားသော အမှားမှားအယွင်းယွင်းဖြင့် တန်းလန်းအလုပ်များကို ဆက်လုပ်ရလျှင်တော့ အခက်အခဲများရှိပါသည်… သို့သော် ကိုယ့်ကိုယ်ကိုယ် အဆင်ပြေသလို ပြဿနာကို ကြည့်ဖြေရှင်းပါသည်… သို့သော် အောင့်သက်သက်တော့ ရှိလှသည်… ကျွန်မ၏အကျင့်သည် ရှေ့လူမှားလုပ်သွားတာ သိသော်ညား ကိုယ်တတ်နိုင်သေးလျှင် ပြင်ပေးလိုက်သည်… ထိုသူမှားသည်ဟု သွားလက်ညှိုးထိုး ဆရာလုပ်ရမှာ အလွန်မှ ပျင်းသည်… အရာရှိကိုယ်တိုင်က သူမအမှားလုပ်လျှင် ပြန်ပြောဖို့ မှာထားသော်လည်း ထောင်သလိုဖြစ်မည်ဆိုး၍တစ်ကြောင်း ကိုယ့်မြန်မာအချင်ချင်းဖြစ်သဖြင့်တစ်ကြောင်း အကြီးအကျယ်မဟုတ်လျှင် ကျွန်မသိပ်မပြောဖြစ်ချေ….

သို့သော် တစ်နေ့တစ်နေ့ လူကိုတွေ့လျှင် “အဆင်ပြေရဲ့လား ညီမ…” ဆိုသည့် မေးခွန်းသည် ကျွန်မ၏ ရိုးတွင်းချဉ်စည်ထဲရှိ မနည်းကြိုးတုတ်ထားရသော ဒေါသနဂါးကို ကလိလာလာထိုးနေသလိုဖြစ်နေသည်… ကိုယ့်ဒေါသကို ဆွဆွပေးနေသောသူကို အတတ်နိုင်ဆုံး ကျွန်မရှောင်သည်… ယခင်စိတ်ဖြင့်သာဆို ပတ်ကနဲပြန်ပြောဖြစ်ပြီး ရန်သူတစ်ယောက်ဖွဲ့မိအုံးမည်ဖြစ်သည်… ထိုအချိန်က အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ်သုံးသပ်ပြီး ပြုပြင်နေတဲ့အချိန်မို့ ကိုယ့်ကို ကံတရားက စမ်းသပ်ဖို့လူတစ်ယောက်လွှတ်လိုက်သည်ဟုပဲ ယူဆသည်… နောက်တစ်ချက် ကျွန်မဒွိဟပွားရသည်မှာ သူမ မေးသည့် “အဆင်ပြေလား ညီမ” ဆိုသည့်မေးခွန်းသည် သူမလုပ်သွားသမျှ တလွဲများကို ပြန်လိုက်လုပ်ရတာကို မေးသည်လော မသိပါ… “အစ်မ အမှားမလုပ်သ၍ ညီမ အဆင်ပြေပါတယ်” ဆိုသည့် အဖြေပေးလိုက်လျှင်လဲ သူမကို ထိခိုက်မည်စိုးသဖြင့် မပြောလိုပါ…

ဒီအခါ ကျွန်မနှင့်ရင်းနှီးသော အလုပ်အတွင်းမှ မြန်မာအစ်ကိုကြီးတစ်ယောက်ကို ဒီကိစ္စပြောဖြစ်သည်… သူက “အဲဒိအစ်မကြီး မမေးခင် ညီမက သူ့ကို အဆင်ပြေရဲ့လား အစ်မ လို့ အရင်မေးလိုက်ပါလား” တဲ့… ကျွန်မအယူအဆအားဖြင့် အပေါ်မှာပြောခဲ့သည့်အတိုင်း အဆင်မပြေသော ကိစ္စရှိနေသူကိုမှ အဆင်ပြေရဲ့လားဟုမေးလေ့ရှိသည်… သူမတွင် အလုပ်နှင့်ပတ်သတ်၍ အားနည်းချက်အများအပြားရှိသည်… သို့သော် အမှားလုပ်တတ်၍ အဆူခံရတတ်သော သူမကို အဆင်ပြေရဲ့လား ဟူသော မေးခွန်းဖြင့် နှိမ်မေး မမေးချင်ပါ…

နောက်နေ့ အဲဒိအစ်မကြီး အလုပ်လာတော့ ကျွန်မပြောပြခဲ့တဲ့ အစ်ကိုကြီးက သူမကို “အစ်မ ဘယ်လိုလဲ အဆင်ပြေရဲ့လား” လို့ မေးလိုက်ပါတယ်… ထိုအခါ သူမက “ဘာဖြစ်လို့လဲ…” ဆိုပြီး ခပ်ဆပ်ဆပ်ပြန်မေးပါတယ်… “အော် ဘာမှ မဟုတ်ပါဘူး… ဒီလိုပဲမေးကြည့်တာပါ အကူအညီလိုရင်ပေးရအောင်လို့ပါ” လို့ပဲ ပြန်ပြောလိုက်ပါတယ်… သို့သော် သူမ၏ မျက်ဝန်းပေါ်က မခံချင်လေးကိုတော့ ကျွန်မတို့ ၂ယောက်လုံး ကောင်းစွာသတိထားလိုက်မိပါတယ်…

ဒါတောင် ကျွန်မတို့ ၂ယောက်လုံးက သူ့ရဲ့ Senior တွေပါ… လုပ်သက်ကြာနေတဲ့သူက အသစ်ဝင်တဲ့သူကို အဆင်ပြေလား မေးတာက သဘာဝကျပါသေးတယ်… အမှားပေါင်းစုံလုပ်နေတဲ့ အသစ်က အဟောင်းကို တွေ့တိုင်း အဆင်ပြေလားမေးနေတာတော့ သိပ်မဟုတ်သေးပါ… ကျွန်မကိုယ်ကျွန်မ ပြန်သုံးသပ်ကြည့်တယ်… တကယ်တော့ တချို့နေရာတွေမှာ သင်ပြရဲတာ ဆရာလုပ်တာမဟုတ်ပါ… Leadership skill (ဦးဆောင်နိုင်စွမ်း) ဟုသာခေါ်မည်ထင်ပါတယ်… ပြဿနာမဖြစ်ချင်၍ အေးအေးနေလို့မရပါ… တစ်ခါတစ်ရံ နဂါးမှန်းသိရန် အမောက်ထောင်ပြဖို့လိုပေလိမ့်မည်…

ထိုနေ့မှစ၍ ကျွန်မသူမကို တွေ့လျှင် “အစ်မ အဆင်ပြေရဲ့လား” ကို အရင်မေးသည်… သူမ မျက်နှာပျက်သွားသည်ကို ကြည့်ခြင်းအားဖြင့် ဒီစကားအမေးခံရတာကို သူမလဲ မကြိုက်ဟု ကျွန်မယူဆသည်… မည်သို့ပင်ဆိုစေ သူမကို ဒီစကားမေးဖို့ ကျွန်မတွင်တာဝန်ရှိသည်… သူမ အမှားလုပ်သွားလျှင် ကျွန်မပြောသည်… သူမ အလုပ်များ တန်းလန်းပေးလျှင် အပြီးလုပ်ခိုင်းသည်… ကျွန်မကိုယ်ကျွန်မရသည့်သင်ခန်းစာကတော့ တစ်ခါတစ်ရံ ဦးဆောင်နိုင်စွမ်းသည် ဆရာလုပ်ခြင်းမဟုတ်…
သူမကို ကြည့်၍ရသော သင်ခန်းစာသည် အလုပ်တွင် အသစ်ဝင်လျှင် အသစ်လိုနေ အဲဒိအလုပ်က လူတွေအကြောင်းမသိခင် အမောက်မထောင်ရန်ဖြစ်ပေသည်… (လူတွေအကြောင်းကလဲ လအနည်းငယ်ဖြင့်ပင် သိနိုင်သည် မဟုတ်ခြေ)…


Is it really Okay to say I'm not bcoz of ur question "R U OK?"
အဆင်ပြေလား ပြဿနာ (၂)

ယခု ကျွန်မ အလုပ်သစ်ကိုရောက်တာ ၆လပင်ရှိခြေပြီ… ရှေ့အလုပ်က သူများတွေကို သင်ခန်းစာယူကာ တတ်နိုင်သမျှ ကွန်ပလိမ်းမများ အသစ်လိုနေသည်… အသစ်ဖြစ်၍ ကိုယ့်အလုပ်မှန်းမသိ သူများအလုပ်မှန်းမသိ လာခိုင်းသမျှကိုလဲ တတ်နိုင်သလောက်လုပ်ပေးသည်… ကျွန်မလက်ရှိရောက်နေသော ကုမ္ဗဏီသည် အရင်အလုပ်ဖြင့် ဆန့်ကျင်ဖက်… မြန်မာနည်းလှသည်… ရှားရှားပါးပါး ကျွန်မ အထပ်တွင် ကျွန်မနှင့် တခြားဋ္ဌာနမှ မြန်မာ အစ်ကိုကြီး ၂ယောက်သာရှိသည်… ကျွန်မသူဋ္ဌေးက အလုပ်စ၀င်တဲ့နေ့ကပင် ရှားပါး မြန်မာမို့ မိတ်ဆက်ပေးသည်… ကိုယ်တိုင်လဲ မြန်မာလူမျိုး တစ်ယောက်ရှိ၍ အားတက်မိသည်… သို့သော် စစချင်း စောက်နဲ့ထွင်း မေးခံရတဲ့ မေးခွန်းကတော့ “ညီမက ဒီမှာ ဘယ်လို အလုပ်ရတာလဲ” တဲ့…. ရောာာာာာာာာာာာာ…

ချဉ်စည်ထဲက ဒေါကနဂါးကို တုတ်နဲ့ လာထိုးပြန်ပါပြီ… “Jobstreet မှာတွေ့လို့ အလုပ်လျှောက်လိုက်ပြီး အင်တာဗျူးဝင်ပြီး ရတာပါ” လို့ပဲဖြေလိုက်ပါတယ်… ဟုတ်တယ်လေ… အလုပ်ဘယ်လိုရလဲဆိုတော့ ရှင်းရှင်းလေးပဲ လျှောက်လို့ရတာပေါ့… သူတစ်ယောက်ပဲ ဒီကုမ္ဗဏီမှာ အလုပ်ရလား… တခြားမြန်မာ မရရဘူးလား… သူကတော့ လုပ်ငန်းအတွေ့အကြုံတွေလဲ အတော်ရှိခဲ့သလို ဒီကုမ္ဗဏီမှာလဲ အတော်ကြာနေတဲ့ Senior Engineer ပေါ့… ကျွန်မက သူ့လောက်တော့ ရာထူးမရှိပါဘူး… ကိုယ်က ပိုလီပဲပြီးထားတယ်… သူ့လောက်လဲ လုပ်သက်မရှိသလို အသက်လဲမကြီးသေးပါဘူး…
နောက်ရက်တစ်ရက်မှာ မြန်မာအချင်းချင်းရင်းနှီးအောင် ဋ္ဌာနချင်းမတူသော်ငြား နေ့လည်စာတူတူသွားစားဖြစ်ပါတယ်… အဲဒိမှာလဲ မေးလိုက်တဲ့ မေးခွန်းတွေက ကျွန်မနဲ့ အပေါက်လမ်းသိပ်မတည့်ပါဘူး… ကျွန်မကပဲ သိပ်အတွေးလွန်ပြီး ကပ်သပ်တတ်တာလား လို့ ဝေခွဲမရဖြစ်ရပါတယ်… မှတ်မိသလောက် မေးခွန်းလေးတွေ ဥပမာပြောပြပါမယ်…

၁) ညီမက ဒီမှာ ဘာလုပ်ရတာလဲ (လတ်တလောတော့ အသစ်ဆိုတော့ သင်ယူနေတုန်းပေါ့)

၂) Techinical နဲ့ ပတ်သတ်တာတွေကို ညီမလုပ်နိုင်လို့လား

၃) ဘာစတေးနဲ့ နေနေတာလဲ
(Personal မေးခွန်း သို့သော် မြန်မာအချင်းချင်း အလိုက်မသိသူများမေးလေ့ရှိသဖြင့် စိတ်မဆိုးသေးပါ… ဖြေတော့ မယုံသည့်ပုံစံဖြင့်… ရောက်တာ ၉နှစ်ရှိတဲ့သူကိုများ… သူရောက်တာမေးကြည့်တော့ ၄နှစ်လောက်ပဲရှိပြီးတော့… )

၎) အိမ်ဝယ်ထားတယ်ဟုတ်လား၊ ဘယ်လိုလုပ်ပြီး အိမ်ဝယ်လို့ရတာလဲ…

၅) အိမ်ထောင်ကျနေပြီလား
(ကျွန်မအသက်အရွယ်မှာ အိမ်ထောင်ကျနေတဲ့ သူငယ်ချင်းတွေရှိတဲ့အတွက် ဒီမေးခွန်းကို ကျွန်မစိတ်မဆိုးပါဘူး… သို့သော် စိတ်ထဲ အမြင်မတူဖြစ်မိတာက နောက်ဆက်တွဲလာတဲ့ သူ့ရဲ့ သုံးသပ်ချက်ကိုပါ)

၆) ခုခေတ်မှာ မိန်းကလေးတွေက အိမ်ထောင်ကျစောကြတယ်လေ…
(ဘုရားရေ… ကျွန်မ မြင်တွေ့နေတဲ့ စကာင်္ပူက မိန်းကလေးတွေကတော့ ကျောင်း အလုပ် စာ စသည်ဖြင့် အနာဂတ်အတွက် ရုန်းကန်လှုပ်ရှားနေလို့ ပျမ်းမျှအားဖြင့် အသက် ၃၀ ၀န်းကျင်လောက်မှ အိမ်ထောင်ပြုကြသူများပါတယ်… သူ့ သုံးသပ်ချက်က ဘာကိုကြည့်ပြီးပြောလဲမသိပါ)

ထိုသို့ထိုသို့သော် မေးခွန်းများကိုသည်းခံကာ နေ့လည်စာတစ်နှပ်ကို ကျော်ဖြတ်ပြီးနောက် ထိုသူဖြင့် နောက်လုံးဝ ထမင်းထွက်မစားဖြစ်တော့ပါ… သို့သော် တစ်ခါတစ်ရံ သူနှင့် Office Pantry တွင်သော်လည်းကောင်း ၀င်ပေါက်တွင်သော်လည်းကောင်းတွေ့လျှင် နှုတ်ဆက်သည့်အနေဖြင့် သူကျွန်မကို မေးတတ်သည့်စကားက “အဆင်ပြေရဲ့လား” တဲ့…

တခြားစကားတွေဖြင့် အများကြီးနှုတ်ဆက်လို့ရသည်… အဘယ်ကြောင့် ဤစကားကိုမှ သုံးသနည်း… သူက အဟောင်း ကိုယ့်ထက်လဲ လုပ်ငန်းအတွေ့အကြုံ နည်းပညာအတွေ့အကြုံရှိသဖြင့် မေးခြင်းဖြစ်သည်ဟု ယူဆကာ ယခုထက်ထိဖြေသိမ့်နေသေးသည်…

သို့သော် စိတ်ထဲမှတော့ စပ်ကနဲ ပြန်မေးမိသည် “အဆင်မပြေတော့ အစ်ကိုက ဘယ်လိုကူညီပေးနိုင်မှာမို့လဲ” ဟု ဆိုလျှင် ကိုယ်က ဘုပြောသည်ဖြစ်မည်… ဟုတ်သည်… သူက ကျွန်မနှင့်လဲ ဋ္ဌာနမတူ… ကျွန်မတို့ ဋ္ဌာနဘာလုပ်သနည်းဆိုတာတောင် သူသိပုံမပေါ်… ယခုထက်ထိလဲ သူ့အကူအညီဘာမှ မလိုပဲ အဆင်ပြေနေသည်…
ကိုယ်ပဲ သိပ်အတွေးခေါင်နေသလား လူမှုရေးခေါင်းပါးနေသလား… ကိုယ်ပဲ “အဆင်ပြေရဲ့လား” ဆိုတဲ့ မေးခွန်း အသုံးပြုပုံကို သေချာမတတ်တာလား… ထိုသူပဲ တစ်ခုခုမှားနေသလား ကျွန်မဝေခွဲမရပါ… သို့သော် ထိုသူမေးသော အဆင်ပြေရဲ့လားဆိုသည့် မေးခွန်းအပေါ် ကျွန်မစိတ်ထဲ သိပ်သဘောမကျလှပေ…
တွေးမိသည်က…

၁) မြန်မာအချင်းချင်း အဆင်မပြေမှာစိုးရိမ်၍ (ဂရုစိုက်၍) မေးခြင်းလော
(သို့သော် သူ့မျက်နှာတွင် Sincere ဖြစ်သောပုံတော့ မတွေ့ချေ)

၂) ဒီကောင်မလေး ဘာမှမလုပ်နိုင်ပါဘူးဆိုပြီး အထင်သေးသဖြင့် မေးခြင်းလော

ယခုလောလောဆယ်အထိတော့ ကျွန်မ အတတ်နိုင်ဆုံးရှောင်နေပါတယ်… အ၀င်အထွက် မျက်လုံးချင်းမစုံအောင် နေပါတယ်… စုံခဲ့လျှင်လဲ သူဘာမှ မပြောခင် ပြုံးပြ ရီပြကာ အလုပ်များချင်ယောင်ဆောင်ကာ သုတ်သုတ်လျှောက်ပါတယ်…
ဤပိုစ့်ကို ရေးဖြစ်ခြင်းမှာ ဟိုနေ့က မတော်တစ်ဆ Pantry ထဲမှာ သွားဆုံတော့ မေးခံလိုက်ရတဲ့ အဆင်ပြေရဲ့လား ဆိုတာကြောင့်ပါပဲ…. ၆လရှိပြီ…

မေးလိုက်ချင်သည်က… စာဖတ်သူတွေရော “အဆင်ပြေရဲ့လား” ဆိုတဲ့ မေးခွန်းကို ဘယ်လိုနေရာတွေမှာ သုံးတတ်ပါသလဲ…


ဘယ်သူတွေကို ဘယ်လိုအခြေအနေမျိုးမှာ မေးမှာလဲ...

10 comments :

Anonymous said...

အဆင်ပြေလား၊နေကောင်းလား၊အရင်အိမ်မှာပဲလား
ဆိုတာတော့..လိုင်းပေါ်မှာတွေ့တဲ့သူမှန်သမျှကို
မေးနေကြပဲအစ်မး)
(တကယ်တော့.နောက်ပြီးမေးတာပါ။)
ခုလို.အစ်မရေးလိုက်မှပဲ..တွေးမိပါတော့တယ်။
ညီမဖက်ကတော့..ဘယ်လိုမှသဘောမထားပေမယ့်
ဒီမေးခွန်းအပေါ်မကြိုက်တဲ့သူရှိရင်တော့.
စိတ်ထဲ.ခု.သွားနိုင်တာပေါ့နော်အစ်မ..
အပြင်ကသူငယ်ချင်း၊မိတ်ဆွေတွေ..တွေ့ရင်တော့
တစ်ခါမှအဲလိုမမေးဖူးပါဘူး။
ညီမကတော့..ကိုယ်မကြိုက်တဲ့.မေးခွန်းမျိုးကြုံရင်
နောက်သလိုပြောင်သလိုနဲ့..
မကြိုက်ဘူးဆိုတဲ့အကြောင်းထည့်ပြောတတ်ပါတယ်း)
(တစ်ချက်ခုတ်.နှစ်ချက်ပြတ်ပေါ့း)
အဆင်ပြေလား..ဆိုတာကတော့
အခြေနေနဲ့.အချိန်ခါကိုကြည့်ပြီး
မေးသင့်တဲ့..မေးခွန်းလို့..မြင်ပါတယ်။

ချစ်ခင်လျှက်
မိစံ

Candy said...

အဆင်ပြေရဲ့လား မေးခွန်းကို လတ်တလောကိုယ့်ရှေ့မှာ အဆင်မပြေတာတွေ့မှ ဖြစ်စဉ်ကို ခေါင်းစဉ်တပ်ပြီး မေးလေ့ရှိပါတယ်.. ဥပမာ ဟိုကိစ္စအဆင်ပြေသွားပြီလား စသဖြင့်...

ဒါမှမဟုတ် မတွေ့တာကြာတဲ့လူကို ပြန်တွေ့ရတဲ့အခါမျိုးမှာ မေးပါတယ်

နေ့တိုင်းတွေ့နေတဲ့သူကိုတော့ ကိစ္စမရှိဘဲ အဲ့လို မေးမနေပါဘူး >.<

yuyu said...

ဟယ်..ဒွတ်ခပဲ...ဒို့ဆီမှာဆို တွေ့တာနဲ့ -ça va လို့မေးတယ်။
အဆင်ပြေလား.. ok လားပေါ့လေ..
ဒါပေမဲ့ မဗေဒါပြောတဲ့ ပထမ အမကြီးလိုတော့ သူတို့ကိုပြန်မေးရင် မျက်နှာမပျက်ဘူး..
အဲ့ဒီအမကတော့ သဘောရိုးဟုတ်မယ် မထင်ဘူးးး)))
ဒုတိယ အကိုကတော့ မပြောတတ်ဘူး....
စကားမစပ်...မဗေဒါရဲ့ နောက်ဆုံး ခရီးသွား ဗွီဒီယိုက ဘယ်လိုမှ ကြည့်လို့ မရဘူးတော်...လုပ်ပါဦးးးးးးးးးးးးးးးးး...

mabaydar said...

မိစံ နဲ့ ကန်ဒီ သုံးတဲ့နေရာတွေမှာပဲ မဗေဒါလဲ အဆင်ပြေလားကို သုံးတယ်... အိမ်မှာအတူနေတဲ့ လူတွေကိုမေးကြည့်တော့လဲ အဆင်ပြေလားကိုဘယ်အချိန်မှာမေးလဲဆိုတော့... အဆင်မပြေဘူးလို့ထင်တဲ့ အချိန်မှာမေးတယ်တဲ့.. တူတူပဲ..

ယုယုရေ... သူ့နိုင်ငံက အလေ့အထမို့မေးတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး... သို့သော် မြန်မာအချင်းချင်းတော့ အပေါ်ကပြောခဲ့တဲ့ အခြေအနေမျိုးဆိုမှ မေးလေ့ရှိတယ်လေ...
ဗွီဒီယိုက vimeo မှာတင်တာရော... blogger မှာတင်တာရော ကြည့်လို့မရတာလား.. ဘူလိုဖြစ်... ဗွီဒီယို ၂ခါတင်ထားတယ်... ဒါပေမဲ့ ၂ခုလုံးတူတူပဲ... ဘူလိုလုပ်ရပါ... ဘယ်ဆိုဒ်မှာတင်ရကောင်းပါ့...

yuyu said...

ဘူလိုမှ မလုပ်နဲ့ မဗေဒါရေ မရလဲနေတော့...
ရှေ့အပတ် သူငယ်ချင်းရှိတဲ့ မြို့ကို လည်လည်သွားမှာ..
အဲ့ဒီမှာ ကြည့်လို့ရမလား မသိဘူး...

mabaydar said...

ok yu yu
ကြည့်ပြီးရင်ပြောနော်.. နောက်ဗွီဒီယိုကိုတော့ အတတ်နိုင်ဆုံး Youtube မှာတင်လို့ရအောင် ကြိုးစားကြည့်မယ်...

yuyu said...

ရတွားပီ.....ကိုယ်က မသွားဖြစ်လို့ သုငယ်ချင်းကလာရတယ်လေ...သူလာတော့ အောက်ကဗွီဒီယိုလေးကို ဖွင့်တာ ချက်ချင်းရတယ်ဆရာ... ဟိုရက်တွေက သူမဟုတ်သလိုဘဲ...နေရင်းထိုင်ရင်း ကိုယ့်မှာအံ့ဘွယ်ကို ဖြစ်လို့......
အားကျတယ်ဗျာ....
ယုနဲ့သူငယ်ချင်းတောင် ပြောနေသေးတာ။
သူများတွေများ အဖြစ်ရှိလိုက်တာလို့...
ယုတို့နှစ်ယောက်လုံးကေုကာက်တတ်တာရော
ပေခေါက်တာရောပေါင်းပြီး ခရီးမထွက်ဖြစ်ဘူး...အားနေ ကိုယ်နေတဲ့ နိုင်ငံထဲမှာဘဲ
တနေ့စာရထားလက်မှတ်ဝယ်ပြီး လျှောက်ပတ်နေတာ..ဟီးးးးညံ့ချက်းး)))

KO2 said...

အဆင်ပြေလား ..အဆင်ပြေရင် ငွေငါးထောင်လောက်ပေးချည်း .. :D

Anonymous said...

မြန်မာ အမအရွယ် အကိုအရွယ်တွေက မြန်မာ ညီမငယ် တယောက်ကို တွေ့ရင် ဂရုစိုက်ကြောင်း နှုတ်ဆက်တဲ့ စကားလို့ပဲ ထင်ပါတယ်.... မောင်နှမရင်းချာလိုသဘောထားလို့ မေးတာပါနှိမ်တာ မဟုတ်နိုင်ပါဘူး.... အလုပ်နဲ့လဲ ပတ်သတ်သလိုထင်ရပေမယ့် အမှန်က overall အနေနဲ့ အဆင်ပြေတဲ့ နေ့တနေ့ပါလားလို့ မေးလိုက်တာပါ.... ဘယ်သူမှတော့ တမင် တကာနှိမ်ချင်တဲ့ စိတ်နဲ့ မေးတာ မဟုတ်လောက်ပါဘူး... မဗေဒါ က ပြန်မေးတာ သူကတမျိုးဖြစ်သွားရတာလဲ.... မဗေဒါ မေးလိုက်တဲ့ သဘောကို ပေါက်သွားလို့ ဖြစ်သွားတာလို့ထင်ပါတယ်.....

ဒီခေတ်မှာ လူငယ်တော်တော်များများ ဆီမှာ တွေ့လေ့ ရှိတဲ့.... စင်းဆစ်တဖ် ပုံစံလေးတွေပါပဲ....

ပထမ ဖတ်နေတုန်းက ဘာကို စိတ်တိုနေတယ် ဆိုတာတောင် မသိနိုင်အောင်ပါပဲ....

mabaydar said...

အဲဒိလိုတွေးပေးပြီး ခုတော့ စိတ်ကြိုးစားပြီးဖြေနေပါတယ်... ဒါပေမဲ့ နှုတ်ဆက်တဲ့စကားမှာ တခြားပြောစရာတွေ အများကြီးရှိပါတယ်...

အဆင်ပြေလားဆိုတာကို မြန်မာပြည်မှာမေးလေ့ရှိတယ်ဆိုတာလဲ သိပါတယ်.. အထူသဖြင့် မတွေ့တာကြာတဲ့သူကို ပြန်တွေ့တဲ့ အချိန်တို့ဘာတို့ဆိုရင်တော့ ဒီစကားက ပိုသင့်တော်မယ်ထင်ပါတယ်...

ဘာကိုစိတ်တိုနေလဲဆိုတာကိုလဲ အသေအချာရှင်းပြထားပါတယ်... လူတစ်ဦးနဲ့တစ်ဦး အယူအဆခြင်း တွေးခေါ်ပုံခြင်း သုံးနှုန်းမှုခြင်း တူချင်မှတူနိုင်ပါလိမ့်မယ်...

အဲဒိအတွက်ကြောင့် ကြိုက်သလို သဘောထားကွဲလွဲနိုင်ခွင့်ရှိပါတယ်... ခုလို အမြင်လေးကိုပြောပြသွားတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်... ဒီစကားကို ဒီလိုနေရာတွေမှာတချို့သုံးကြပါလားဆိုပြီး အသိတစ်ခုရပါတယ်...

ဒီပိုစ့်လေးကိုမရေးခင်လဲ အသိတွေနဲ့ ပတ်ဝန်းကျင်ကသူငယ်ချင်းတွေကိုလဲ မေးပါတယ်... အဆင်ပြေလားဆိုတဲ့ မေးခွန်းကို ဘယ်လိုအခြေအနေမှာသုံးသလဲလို့ဆိုတော့...

အဆင်မပြေဘူးလို့ ထင်တဲ့အချိန်မှာမေးတယ်လို့ပဲပြောပါတယ်...
ဒီတော့ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်မမှာထွေထွေထူးထူး ထူးခြားတဲ့ အမူအရာမရှိရင် အဲလိုမျိုးမေးတာကို သိပ်သဘောမတွေ့တာပါ...

ပြီးတော့ကြုံခဲ့တဲ့ လူ၂ယောက်လုံးကလဲ အဲဒိမေးခွန်းအပြင် တခြားမမေးသင့်တဲ့ မေးခွန်းမျိုးတွေကိုပါ တွေ့တွေ့ခြင်းမေးလို့ စိတ်တိုတာပါ...

ကိုယ်ခင်တဲ့ လူတစ်ယောက်က မေးရင်တော့ တမျိုးပေါ့...

ဂရုစိုက်တဲ့အနေနဲ့ မေးတယ်ဆိုရင် နောက်ဆိုအခက်အခဲရှိရင် အဲဒိမေးတဲ့သူက အနည်းဆုံး ကိုယ့်အခက်အခဲကို နားထောင်ပေးဖို့လောက်တော့ ကူညီနိုင်မယ်လို့ မျှော်လင့်တာပဲ... ဒါပေမဲ့ ထို ၂ယောက်လုံးမှာ အဲလို intention မရှိတာအမှန်ပါပဲ...

ဘာပဲပြောပြော ခုလိုမျိုး သုံးနှုန်းတတ်တယ်ဆိုတာ သိရတော့ နောက်ဆိုရင် စိတ်ထဲမှာ ဒီလိုပဲ မှတ်ထားလိုက်ပါ့မယ်... ကျေးဇူးပါ...