Friday, December 14, 2012

Life Of Pi - Movie review


Name: Life of PI
Cast:
Irfan Khan as Piscine Molitor "Pi" Patel, adult
Suraj Sharma as Pi, age 16
Ayush Tandon as Pi, age 11/12
Gautam Belur as Pi, age 5

Genere: Fantasy, Adventure

My rating : 4.5/5




ဟိုတစ်လောက မထင်မှတ်ပဲ Life of PI ဆိုတဲ့ကားကို ရုံမှာသွားကြည့်ဖြစ်တယ်... ရေးမယ်ဆိုပြီး အလုပ်များနေတာနဲ့ ခုမှရေးဖြစ်တယ်... မင်းသားက India မင်းသားဆိုတော့ Bollywood ကရိုက်တာလို့ထင်ခဲ့ပင်မဲ့ ခု ပိုစ့်ရေးဖို့ ရှာကြည့်တော့ Bollywood ကရိုက်တာ မဟုတ်လောက်ဘူးထင်တယ်... အဲလိုရေးထားတာ မတွေ့ဘူး... (ထားပါတော့)
အစက ဒီကားကို သိပ်မမျှော်လင့်ထားပင်မဲ့ ဇာတ်လမ်းက ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား ဆွဲဆောင်မှုရှိတဲ့အတွက် သဘောကျမိပါတယ်...

ဇာတ်လမ်းအကျဉ်းကတော့...

ပိုင် က ဟိန္ဒူ မိသားစုကပေါက်ဖွားလာတာ... စူးစမ်းလေ့လာချင်တဲ့စိတ်ရှိတယ်... ပိုင် အသက် ၁၂နှစ်မှာ ခရစ်ယာန်ဘာသာနဲ့ မွတ်စလင်ဘာသာကို သိလာတယ်... အဲဒိအခါမှာ သူဟာ ဘာသာအားလုံးကို ကိုးကွယ်တယ်... သူ့အဖေက "ဘာသာအားလုံးကို ယုံကြည်တာ... ဘယ်ဘာသာမှကို မယုံကြည်တာနဲ့ အတူတူပဲ... တကယ်တော့ ဘယ်အရာကိုမဆို ကိုယ့်အသိဥာဏ်နဲ့ ခွဲခြားဆုံးဖြတ်တာဟာ အကောင်းဆုံးပဲ" လို့ ဆုံးမခဲ့တယ်... သူတို့မိသားစုပိုင် တိရိစ္ဆာန်ဥယျာဉ်ထဲက ကျားနာမည်က ရစ်ချက်ပါကာ လို့ခေါ်တယ်... သူအရွယ်ရောက်လာတဲ့အခါ သူတို့မိသားစုရဲ့ တိရိစ္ဆာန်ရုံစီးပွားရေးက မကောင်းတဲ့အတွက် မြေကိုရောင်းပြီး တိရိစ္ဆာန်တွေကို ကနေဒါမှာရောင်းရင် အပြီးပြောင်းဖို့ ဂျပန်ကုန်ကူးသဘောင်္နဲ့ ထွက်လာတဲ့လမ်းမှာ မုန်တိုင်းမိပြီး သူ့မိသားစုနဲ့တကွ ကျန်တဲ့သူတွေအားလုံး သေသွားခဲ့တယ်... သူကတော့ ကံကောင်းထောက်မစွာ အသက်ကယ်လှေသေးသေးပေါ်မှာ ဒဏ်ရာရနေတဲ့ မြင်းကျားတစ်ကောင်နဲ့ လွတ်မြောက်လာခဲ့တယ်... ဒါပေမဲ့ လှေပေါ်မှာ ပြဿနာရှာတဲ့ နောက်အကောင်ရိုင်းတစ်ကောင်ပါလာတယ်... အဲဒါက ခွေးအ... သူက ပိုင့်ကိုရော မြင်းကျားကိုပါ ကိုက်ဖို့ကြိုးစားတယ်... ဒါပေမဲ့ ပိုင်က လှေဦးပိုင်းက မိုးကာဖျဉ်ကာထားတဲ့ ပေါ်လေးမှာနေတော့ ခွေးအက တက်လာလို့မရဖြစ်နေတယ်... မနက်ရောက်တော့ ငပျောခိုင်တွေပေါလောနဲ့ မျောလာတာက မျောက်မကြီးတစ်ကောင်... မျောက်မကြီးကိုလဲ သူ့လှေလေးပေါ်တင်လိုက်တယ်... ခွေးအက ကြိမ်ဖန်များစွာကိုက်တော့ ဒဏ်ရာရနေတဲ့ မြင်းကျားခမျာ အသက်ဆုံးသွားရှာတယ်... မြင်းကျားပြီးတော့ မျောက်ကိုကိုက်တယ်... မျောက်လဲဆုံးသွားတယ်... လှေပေါ်မှာ သောင်းကျန်းနေတဲ့ ခွေးအကို သူ စိတ်တိုနေတဲ့အချိန်မှာ သူတက်ထိုင်နေတဲ့ မိုးကားဖျဉ်အောက် အခန်းလေးထဲကနေ ရစ်ချက်ပါကာ (ကျား) ထွက်လာပြီး ခွေးအ ကိုကိုက်လိုက်ပါတယ်... ရစ်ချက်ပါကာ က ပိုင့်ကိုလဲ ကိုက်ဖို့ကြိုးစားပင်မဲ့ လက်သည်းတွေနဲ့ ရွက်ဖျဉ်နဲ့ ညှိတာရော လျောလျောကျတာရောကြောင့် ပိုင့်နားမလာနိုင်ဘူး... နောက်ဆုံး အသက်ကယ်လှေ သေးသေးလေးပေါ်မှာ ပိုင်နဲ့ ရစ်ချက်ပါကာ(ကျား)နဲ့ ၂ယောက်ပဲ ၁နှစ်ကျော်ကျော် ဘယ်လို ၂ပါးသွားကြသလဲဆိုတာ စိတ်ဝင်စားဖွယ် ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါ...

ဝေဖန်ရေး

ကားအစမှာ God ဆိုတာ ဘာလဲဆိုတဲ့ သဘောမျိုးနဲ့ အစချီထားတော့ ဘာသာရေးကားလို့ထင်ခဲ့တာ... သူငယ်ချင်းက ဆွဲခေါ်လို့ လိုက်ကြည့်တာဆိုတော့ အဲဒိကား ဘာကားမှန်းကို သေချာမသိခဲ့တာ... ကားရဲ့ နောက်ဆုံးမှာ ပေးချင်တဲ့ သင်ခန်းစာက ကိုယ်ဒုက္ခရောက်တဲ့အချိန် ကိုယ်ကလွဲလို့ ဘယ် God မှ မကယ်နိုင်ဘူး... အရာရာ မိမိဘာသာ စဉ်းစားဆင်ခြင်ပြီးပဲ လုပ်မှရတယ်လို့ ပြောချင်တဲ့သဘောလို့ ထင်တယ်... ဒါဆိုရင်တော့ ပိုင်ဟာ အဆုံးမှာ ဗုဒ္ဓဘာသာအယူဖြစ်သွားတယ်လို့ ကျွန်မယူဆရင် ကျွန်မဘက်လိုက်ပြောတဲ့ပုံများပေါက်နေမလားတော့ မသိ... ဒါပေမဲ့ ကျွန်မကတော့ ဒီလိုပဲယူဆပါတယ်... (ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်)... သူက ဗုဒ္ဓဘာသာနဲ့ မထိတွေ့ခဲ့ရလို့ ဘယ်အရာမဆို ကိုယ့်ဥာဏ်နဲ့ ဆင်ခြင်ဆုံးဖြတ်ပြီးမှ ယုံပါဆိုတဲ့ အယူဟာ ဗုဒ္ဓဘာသာမှန်း မသိခဲ့တာဖြစ်မယ်... 
ဘာသာရေးကတော့ ထားပါတော့... ကျွန်မ အမြင်နဲ့ ကျွန်မ ယူလိုက်တာပဲ...

ဇာတ်လမ်းအရလဲ မပျင်းပါဘူး... ဖြစ်နိုင်တာ မဖြစ်နိုင်တာဘေးချိတ်ထားအုံး Entertaining တော့ ဖြစ်ပါတယ်... Graphic တွေလဲ အတော်လေးကောင်းတော့ ကျားနဲ့ အခန်းတွေမှာလဲ သိပ်ပြီး သိသိသာသာကြီးမဆိုးဘူး... အားလုံးကောင်းတယ်... ကားဆုံးခါနီးလောက်မှာ သူနဲ့ ကျား သူ့စည်း ကိုယ့်စည်းနဲ့ လေ့ကျင့်ဆက်သွယ်ပြီး အေးအေးလူလူ နေလို့ရသွားတာကြည့်ပြီး မြန်မာပြည်က သူတို့ကိုယ်သူတို့ အမည်ခံ ရိုဟင်ဂျာတွေကို ကျားလောက်တောင် အတူနေထိုင်လို့ မရတဲ့ဟာတွေလို့ သွားသတိရမိသေးတယ်... 

ဘယ်လိုပဲပြောပြော Life of Pi ဆိုတဲ့ကားလေးက သင်အချိန်ပေးရကြိုးနပ်တဲ့ ကားကောင်းလေးတစ်ကားပါပဲ...

Thursday, November 29, 2012

အွန်လိုင်းမှာ အဝတ်အထည်ဝယ်ချင်ရင်...

မဗေဒါ အွန်လိုင်းကနေ ပစ္စည်းဝယ်ရတာ သဘောကျတာကို အရင်ကလဲ ပြောပြဖူးပါတယ်... ဒါပေမဲ့ မဗေဒါတစ်ယောက် အွန်လိုင်းကနေ အဝတ်အစားတစ်ခါမှ မဝယ်ဖူးပါဘူး... ဘာလို့လဲဆိုတော့ ၂ချက်ရှိပါတယ်... ၁ချက်က ဝယ်ပြီးမှ ကိုယ်နဲ့ မတော်မှာစိုးလို့ပါ... တကယ်တော့ အွန်လိုင်းမှာ အဝတ်အစားရောင်းတဲ့ဆိုင်တွေက ကိုယ်တိုင်းတွေကို ပေးထားပြီးသားပါ... ကိုယ့်ကိုကိုယ်တိုင်းရင် မှားမှာစိုးလို့လဲပါပါတယ်... နောက်တစ်ချက်ကတော့ တစ်ခါတစ်လေမှာ ပုံပြထားတုန်းကကိုယ်ထင်တဲ့ ပစ္စည်းအရည်အသွေးကတစ်မျိုး ရလာတဲ့ ပစ္စည်းအရည်အသွေးကတစ်မျိုးလဲဖြစ်နေမှာစိုးလို့ပါ... ဒါပေမဲ့ ခုတော့ ဘယ်လိုဝယ်ရမလဲ ကိုယ့်ဘက်က သေသေချာချာဖတ်ပြီး သိရင် အွန်လိုင်းမှာ အကျီင်္ဝယ်ရတာက စျေးပိုသက်သာတဲ့အပြင် ကိုယ့်အကျီင်္လေးရလာမဲ့နေ့ကို ရင်ခုန်စွာစောင့်ရတဲ့ အရသာကိုလဲ သဘောကျပါတယ်... ပြီးခဲ့တဲ့လက ဂျီမားကတ်က စကတ်တစ်ထည်ဝယ်ပထမဆုံးဝယ်ဖြစ်တယ်... ကိုယ်က စျေးကြီးကြီးမပေးချင်ဘူးဆိုရင်တော့ နံပါတ်တစ် အရည်အသွေးမျိုးကို မှန်းထားရင်မှားလိမ့်မယ်... ခု Dress လေးကတော့ စျေးမဆိုးပဲ ဝတ်ရတာလဲ တော်တယ် အဆင်ပြေတယ်ဆိုတော့ အကြိုက်ပါပဲ... နောက်မှ ဓာတ်ပုံရိုက်ပြီး တင်ပေးပါအုံးမယ်...

ဒီတော့ အွန်လိုင်းမှာ အဝတ်အစားဝယ်ချင်ပင်မဲ့ မသေချာတဲ့သူတွေအတွက် သတိထားသင့်တာလေးတွေနဲ့ ကိုယ်အတိုင်းဘယ်လိုတိုင်းလဲဆိုတာ ဒီပိုစ့်လေးနဲ့ ပြောပြမယ်နော်...

ကိုယ်တိုင်းမတိုင်းခင် သတိပြုရမဲ့ အချက်တွေကိုအရင်ပြောပြပါမယ်...
၁) ပြုလုပ်တဲ့ပစ္စည်း
၂) ဒီဇိုင်း 
၃) အတိုင်းအထွာ Cutting (သို့) တခြားဝယ်သူများရဲ့ ကွန်မန့်
၄) မိမိကိုယ်ကို သိပါ

၁) ပြုလုပ်တဲ့ ပစ္စည်း

ဝယ်မဲ့ အဝတ်အစားဘာအသားနဲ့ ချုပ်လဲဆိုတာ ဆိုင်က ပေးထားတဲ့ အင်ဖော်မေးရှင်းမှာ ပါပြီးသားပါ... မပါရင်လဲ ဆိုင်ကိုမတ်စေ့ဖြစ်စေ အီးမေးလ်ဖြစ်စေနဲ့ မေးမြန်းနိုင်ပါတယ်... ဆွဲသားလား၊ ချီဖွန်(ကြော်ချက်)သားလား၊ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်... ဆွဲသားဆိုရင်လဲ ဘယ်လောက်ကနေ ဘယ်လောက်ထိ ဆွဲနိုင်တဲ့ Range ကိုလဲ ဆိုင် တော်တော်များများက ပေးထားတတ်ပါတယ်... ချည်သားဆိုရင် လျှော်ပြီးရင်း ရှုံ့သွားတတ်ပါသေးတယ်... ဒီတော့ အတိုင်းအထွာကို စဉ်းစားတဲ့အခါ ဘာပစ္စည်းနဲ့လုပ်လဲဆိုတာက အနည်းနဲ့အများ အကြမ်းဖျင်းလောက်တော့ သိရင်လုံလောက်ပါတယ်...

၂) ဒီဇိုင်း

ဒီဇိုင်းပေါ်မူတည်ပြီးလဲ အတိုင်းအထွာကို ချင့်ချိန်ရပါမယ်... တချို့ Dress တွေရဲ့ အကျီင်္လက်က ကိုယ်ဝတ်နေကျ အိမ်နေရင်းတွေထက် သေးပြီးယူထားတတ်ပါတယ်... ကိုယ်က ကိုယ်ဝတ်နေကျ ညအိပ်အကျီင်္က ပခုံးအတိုင်း တိုင်းပြီးယူမယ်ဆိုရင် ကိုယ့် size ကိုကြီးနေတယ်ထင်ပြီး ကိုယ်နဲ့ ဝယ်ချင်တဲ့ Dress နဲ့ မတော်ဘူးလို့ထင်နိုင်ပါတယ်... နောက်ဥပမာတစ်ခုကတော့ ကုတ်အကျီင်္တွေဝယ်ရင် ရင်ဘတ်အတိုင်းကို စိုးရိမ်ရပါတယ်... မြန်မာမိန်းကလေးတွေက ရင်ဖွံ့ထွားသူတွေဆိုတော့ ငါနဲ့ မတော်လောက်ဘူးထင်တတ်ပါတယ်... ဒါပေမဲ့ တစ်ချို့ ကုတ်အကျင်္ီတွေက ရင်စေ့ပြီး ကြယ်သီးတတ်ပြီး ဝတ်စရာမလိုပါဘူး... ဒီဇိုင်းကိုက အပေါ်ကအထပ်အနေနဲ့ပဲဆိုရင် ရင်စေ့ဝတ်စရာမလိုတဲ့အတွက် ရင်ဆိုဒ်က သေးတတ်ပါတယ်... အဓိက ကတော့ ပုခုံးနဲ့ ရင်အတိုင်းအဆင်ပြေရင် အားကျန်တာက အဆင်ပြေတတ်ပါတယ်... ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးရွေးတတ်ဖို့လဲလိုတာပေါ့နော်...

၃) အတိုင်းအထွာ Cutting (သို့) တခြားဝယ်သူများရဲ့ ကွန်မန့်

များသောအားဖြင့် Small, Medium, Large နဲ့ ရေးတဲ့ဆိုင်တွေက Small ဆို ဘာဆိုဒ်ဆိုပြီး Table လေးနဲ့ ပြထားတဲ့ အင်ဖိုအမြဲရှိပါတယ်... မရှိရင် မေးပါ... နောက်ပြီး တခြား ဝယ်သူတွေရဲ့ ကွန်မန့်တွေလဲရှိတတ်ပါတယ်... တစ်ဆိုင်နဲ့ တစ်ဆိုင် Small, Medium, Large အတိုင်းတွေက တူချင်မှတူပါတယ်... ကိုယ်က Small ဝတ်နေကျဆိုပေမဲ့ တစ်ခါတစ်လေ အဲဒိဆိုင်က Medium ကမှ ကိုယ့်ဆိုဒ်ဖြစ်နေတတ်ပါတယ်... ၁ဆိုဒ်ကြီးဝယ်ဖို့ ၁ဆိုဒ်သေးဝယ်ဖို့ အရင်ဝယ်ဖူးတဲ့သူတွေရေးတဲ့ ကွန်မန့်တွေကနေသိနိုင်ပါတယ်... ကွန်မန့်တွေမရှိရင်တော့ အတိုင်းအထွာကို သေချာတိုင်းပြီးဝယ်ပါ... စိတ်မချရင်တော့ စျေးသိပ်မကြီးတာကိုအရင် စမ်းဝယ်ကြည့်လို့ရပါတယ်... တစ်ခါတစ်လေ အွန်လိုင်းက အဝတ်အထည်ဝယ်ယူတဲ့အခါ ကိုယ့်ကွန်ပြူတာ Screen ပေါ်မှာ မြင်တဲ့ အရောင်နဲ့ တကယ့်အရောင်နဲ့ အနည်းငယ်ကွဲလွဲတတ်ပါတယ်... ထိုအချက်ကိုလဲ နားလည်ထားဖို့လိုပါတယ်...

၄) မိမိကိုယ်ကို သိပါ...

ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်အသိဆုံးပါ... ဥပမာ ဗိုက်ပူတဲ့သူက ခါးကိုတိုင်းတဲ့အခါ ကိုယ့်ရှိတဲ့ ခါးထက် ၂လက်မလောက်ပိုယူပါ... ဒါမှ ထမင်းစားပြီးချိန်တို့ဘာတို့ဆို နေသာထိုင်သာရှိမှာပါ... ခါးသေးပြီး တင်ကားတဲ့မိန်းကလေးတွေအတွက်လဲ အကျီင်္ဒီဇိုင်းကိုလဲ သတိပြုပြီး ဝတ်တဲ့အခါ တင်မှာကျပ်နေတာမျိုးမဖြစ်အောင် ပိုယူသင့်ယူ... ဒါမှမဟုတ် အကျီင်္ဒီဇိုင်းက နောက်က ဇစ်က အောက်ထိဆွဲလို့ရတဲ့ပုံမျိုးဆိုရင်တော့ ပိုယူစရာမလိုဘူးပေါ့... ကိုယ့်ပင်ကိုယ်ဉာဏ်နဲ့ ဆုံးဖြတ်လို့ရတဲ့ အရာတွေပါ...

ခု ကိုယ်တိုင်းနည်းကို ပြောပါမယ်..
How to take your body measurements

1. Shoulder

ဘေးက ပုံမှာ ပြထားတဲ့အတိုင်းပဲ တစ်ဖက် ပုခုံးအစွန်းကနေ နောက်ပုခုံးအစွန်းထိ တိုင်းပါ...

2. Burst

ရင်ကိုတိုင်းတာပါ။ တိုင်းတဲ့ကြိုးကို ချိုင်းအောက်ကနေ ကိုယ်ကိုပတ်ပါ။ ရင်သားရဲ့ အပြည့်မောက်ဆုံးနေရာကနေတိုင်းရပါမယ်။ ဘေးမှာ လက်နှလုံးလောက် ခြောင်ခြောင်ထားပါ။ ပြီးလျှင်အတိုင်းကို မှတ်သားပါ...

3. Natural Waist

ခါးကိုတိုင်းတဲ့အခါမှာ ကျွန်မတို့မိန်းကလေးတွေက မသိမသာပဲဖြစ်စေ၊ သတိတောင်မထားလိုက်မိချိန်မှာ အသက်အောင့်တတ်ကြပါတယ်။ အဲလိုမဖြစ်ပါစေနဲ့။ တိကျတဲ့အတိုင်းအတာကိုရဖို့အတွက် သက်တောင့်သက်သာအဖြစ်ဆုံး အနေအထားကိုတိုင်းပါ။ 


4 and 6. Inseam

ဘောင်းဘီ ဝယ်သူတွေအတွက် အရှည်ကိုတိုင်းတာပါ...


5. Hip

ခြေကိုစုပြီး ကိုယ့်တင်ပါးရဲ့ အကျယ်ဆုံးနေရာကို ပတ်ပြီးတိုင်းပါ။ ပုံမှန်အားဖြင့် တင်းပါးရိုးရှိတဲ့နေရာကိုတိုင်းပါတယ်။


အောက်ကပုံလေးမှာပြထားတဲ့အတိုင်းလဲ ကြည့်နိုင်ပါတယ်...


Tuesday, November 06, 2012

My Favorite Galaxy Note 2 Features

ပြီးခဲ့တဲ့အပတ်ကမှ မဗေဒါရဲ့ ပထမဦးဆုံး smart Phone အဖြစ် Samsung Galaxy Note 2 LTE ကို ၀ယ်ဖြစ်လိုက်ပါတယ်... ဖုန်းကို ဖုန်းပြောရုံ မတ်စေ့ပို့ရုံ အပျင်းပြေဖုန်းထဲမှာပါပြီးသား ဂိမ်းဆော့ရုံလောက်နဲ့ ကျေနပ်တတ်ပြီး မေ့တတ် ဖုန်းပျောက်တတ်တဲ့ မဗေဒါအတွက် Smart Phone တွေနဲ့ ကင်းကင်းရှင်းရှင်းနေနိုင်ခဲ့တာ ယခုချိန်ထိပါ... ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ်က Whatsapp မရှိ... ဘာမရှိ.... သူငယ်ချင်းတွေနဲ့လဲ update တွေမဖြစ်တော့ဘူး... အရင်က ရုံးကပေးတဲ့ Blackberry က Smart phone ဆိုပင်မဲ့ Privacy issue ကြောင့် သိပ်မသုံးချင်တော့ဘူး... ဒီလိုနဲ့ပဲ Smart phone နဲ့ ပတ်သတ်ရပါတော့တယ်... 

ခုဝယ်လိုက်တဲ့ Galaxy Note 2 မှာ ကျွန်မလို ဖုန်းခဏခဏ ပျောက်တတ်တဲ့သူ အတွက် အကြိုက်ဆုံး Security Feature တစ်ခုပါတယ်... (ဒီ Feature လေးက Samsung Product တော်တော်များများမှာ သုံးလို့ရပါတယ်... SIII, Galaxy Tab, Galaxy Wave, Galaxy Ace စသည်ဖြင့်.. အသေးစိတ်သိချင်ရင် ဒီလင့်ခ့်နေရာမှာ သွားကြည့်လို့ရပါတယ်... ) Remote control ဘယ်လိုဖွင့်ရလဲဆိုတာလဲ အဲဒိမှာ Samsung ပစ္စည်းအမျိုးအစားလိုက် တဆင့်ချင်းရှင်းထားပါတယ်...

Lock My Mobile

ကိုယ့်ဖုန်းကိုယူသွားတဲ့သူ သုံးလို့မရအောင် ကိုယ်က အဝေးကနေ lock လုပ်လိုက်လို့ရပါတယ်... သူ PIN မသိရင် ဖွင့်လို့မရတော့ပါဘူး... အဲဒိလို lock လုပ်လိုက်ရင် ဖုန်းမှာ "This mobile is lost. Please keep it for awhile. I will contact you. Thank you" ဆိုတဲ့ မတ်စေ့ ဖုန်းပေါ်မှာပေါ်လာပါလိမ့်မယ်... တကယ်လို့ ဒုတိယဖုန်းနံပါတ်တစ်ခုကို ကိုယ်က ဖြည့်ထားမယ်ဆိုရင် ဒုတိယဖုန်းနံပါတ်ကို ခေါ်ပြီး ပိုင်ရှင်ကို ဆက်သွယ်ပါလို့ပါပါတယ်...



Track My Mobile

ဒီ Feature လေးက သင်ဖုန်းပျောက်သွားရင် website ပေါ်ကနေ သင့်ဖုန်းဘယ်နေရာမှာလဲ GPS auto On ပြီး ရှာလို့ရပါတယ်...  တစ်စုံတစ်ယောက်က ကောက်ရလို့ ယူသွားရင်လဲ ၁၂နာရီအတွင်း ၁၅မိနစ်ခြားတစ်ခါ Track လုပ်ပြီး ဖုန်းရှိတဲ့နေရာကို ရှာလို့ရပါတယ်... (အဲဒိ Feature ကို ဟိုနေ့က စမ်းကြည့်တာတော့ မရပါဘူး)... 


 Ring My Mobile

ဟိုတစ်နေ့ကပဲ ရုံးမှာ ဖုန်းကို ဘယ်နားချခဲ့မှန်းမသိလို့ ဖုန်းခေါ်ကြည့်တော့လဲ Silent ဖြစ်နေတဲ့အတွက် အသံမကြားရဖြစ်နေတာ ခေါင်းမီးတောက်အောက် ရှာလိုက်ရတယ်... အဲဒိလို မဖြစ်အောင်လဲ Ring My Mobile ဆိုတဲ့ Feature လေးကို အသုံးပြုလို့ရပါတယ်... အဲဒိ website ကိုသွား log in ၀င်ပြီးလို့ "Ring My mobile"ကို နှိပ်လိုက်ရင် silent လုပ်ထားတဲ့ ဖုန်းပင်ဖြစ်စေ အကျယ်ဆုံး အသံနှုန်းနဲ့ ကိုယ်မပိတ်မချင်း ၁မိနစ်တိတိမြည်နေမှာပါ... (ကောက်ရတဲ့သူကလဲ ပိတ်လို့မရပါဘူး... ဖုန်းကနေပိတ်ဖို့အတွက် PIN လိုပါတယ်)... 



View Call Logs Remotely

နောက် Samsung dive ရဲ့ ၀န်ဆောင်မှုတစ်ခုကတော့ ဖုန်းရဲ့ Call Log ကို ကြည့်လို့ရပါတယ်... အဲဒါက ဘာကောင်းလဲဆိုရင် (မဗေဒါ ဥာဏ်မှီသလောက်စဉ်းစားကြည့်ရင်တော့) တစ်စုံတစ်ယောက်က သင့်ဖုန်းကိုကောက်ရသွားပြီး သင့်ဖုန်းနဲ့ ဖုန်းတွေလျှောက်ဆက်နေမယ်ဆိုရင် အဲဒိ Call Log ကိုကြည့်ပြီး သူဘယ်သူ့တွေခေါ်သလဲသိနိုင်ပြီး အဲဒိကတစ်ဆင့် ကောက်ရသူရဲ့ အချက်အလက်တွေကို စုံစမ်းသိနိုင်တယ်လို့ထင်ပါတယ်... ဒီအဆင့်ကတော့ သင်ဖုန်းကို Lock မလုပ်မိတာပဲဖြစ်စေ... ဖုန်းပျောက်တာကို အတော်လေးကြာမှ သတိထားမိရင်ပဲဖြစ်စေ အသုံးဝင်မယ်ထင်ပါတယ်... ဒိထက်ဘယ်လို အသုံးဝင်အုံးမလဲတော့ မပြောတတ်ပါ...



Wipe Out My Mobile

နောက် Wipe Out My Mobile ဆိုတဲ့ ၀န်ဆောင်မှုကို သုံးမယ်ဆိုရင်တော့ သတိထားရပါမယ်... တချို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ ဖုန်းထဲမှာ သိမ်းထားတဲ့လူတွေအတွက်တော့ အသုံးဝင်ပါတယ်... (မဗေဒါအတွက်တော့ သိပ်မလိုလှပါ)... ပျောက်သွားတဲ့ဖုန်းရဲ့ SIM Card နဲ့ Memory Card ထဲမှာ ရှိသမျှ အချက်အလက်တွေအားလုံးကို ဖျက်ပစ်လိုက်လို့ရပါတယ်... စက်ရုံကထွက်လာတဲ့ Setting အတိုင်းပြန်လုပ်လိုက်လို့ရပါတယ်... ဒါပေမဲ့ အဲဒိ Wipe Out My Mobile ကို သုံးပြီးရင် Samsung Dive service ကို သုံးလို့မရတော့ပါဘူး...



Iphone5 က Siri လိုလဲ Voice command ပေးလို့ရပါတယ်...
ကျွန်မကြိုက်တာနောက်တစ်ခုက တခြားအရင်က ဖုန်းကင်မရာတွေလို ကိုယ့်ပုံကိုယ်ရိုက်ရင် လက်နဲ့ သွားနှိပ်စရာမလိုပါဘူး.... Samsung Galaxy Note 2 LTE ကင်မရာကို "Cheese" "Smile" "Shoot" "Capture" ကြိုက်ရာ တစ်လုံးကို အသံနဲ့ အမိန့်ပေးလိုက်ရင် သူ့အလိုလိုရိုက်ပါတယ်... Smile detection shoot လဲ လုပ်လို့ရပါတယ်... ကင်မရာကို ရီပြလိုက်ရုံနဲ့ သူ့အလိုလိုရိုက်ပါတယ်... ဒီတော့ ခလုပ်ကို လှမ်းနှိပ်လိုက်လို့ ကင်မရာတုန်ပြီး Blur သွားတာ မဖြစ်တော့ဘူးပေါ့... Burst Shoot နဲ့ ရိုက်ပြီး Best face detection လဲပါပါတယ်... 

Samsung Galaxy Note 2 ရဲ့ ကြော်ငြာမယ်လဲဟုတ်ရပါဘူး... ပထမဆုံးသုံးတဲ့ smart phone ကို သဘောကျနေတာပါ... တခြားဖုန်းတွေ ဘယ်လောက်ကောင်းမလဲ ဘာတွေလုပ်လို့ရသလဲတော့ မသေချာပါ... Screen Size ကြီးတာကို ကြိုက်တဲ့ ကျွန်မကတော့ ကျွန်မဖုန်းနဲ့ ကျွန်မ ကျေနပ်နေတော့တာပါပဲ... ဒိထက်ကောင်းတဲ့ အသုံးဝင်တဲ့ တခြား Function တွေလဲ အများကြီးရှိပါသေးတယ်... မဗေဒါလဲ အပြည့်အ၀ Explore မလုပ်ရသေးတော့ သိသလောက်နဲ့ ကိုယ်ကြိုက်တဲ့ Function လေးတွေပဲ ပြောပြလိုက်ပါတယ်... 

Samsung Galaxy Note 2 ၀ယ်ဖို့ စဉ်းစားနေတဲ့သူတွေ အမြန်ဝယ်လိုက်ကြနော်... မဗေဒါတောင် Pre Order နဲ့ ၀ယ်ရတယ်... သွားဝယ်တဲ့နေ့ ဆိုင်မှာ မကျန်တော့လို့...

Sunday, November 04, 2012

မဗေဒါ FB page Give Away Activity


မဗေဒါရဲ့ Facebook page လေး ဖွင့်ပြီး ၁လခွဲအတွင်း လူအယောက် ၁၀၀ ကျော်သွားတဲ့အတွက် အလွန်ပဲ ကျေးဇူးတင်ဝမ်းသာမိပါတယ်... 

အဲဒိအတွက် မဗေဒါ facebook page လေးမှာ မဗေဒါကို အစဉ်အမြဲအားပေးတဲ့ စာဖတ်သူတွေအတွက် အစီအစဉ်လေးတစ်ခု လုပ်ဖို့စဉ်းစားထားပါတယ်... Give away အစီအစဉ်လေးပါ... အရင်ကပြောခဲ့တဲ့အတိုင်းပဲ မဗေဒါရဲ့ ဘလော့နဲ့ပတ်သတ်တဲ့ မေးခွန်းလေးတွေ Page ပေါ်မှာ မေးမယ်... ပထမဆုံးအဖြေမှန် ဖြေနိုင်တဲ့သူကို လက်ဆောင်ပစ္စည်းလေးတွေ ဆုချမယ်... ဒီတစ်ခေါက်လက်ဆောင်ပစ္စည်းကတော့ မဗေဒါရဲ့ သူငယ်ချင်း ခုမှ အသစ်ဆက်ဆက်ဖွင့်လိုက်တဲ့ "Fashion Mint" ဆိုတဲ့ online shopping page လေးကနေ ၁သောင်း၃ထောင်နှင့် အောက် သင်ကြိုက်ရာ အ၀တ်အစားတစ်ခု ဆုချမယ်... (သူငယ်ချင်းဆိုင်ကိုလဲ အားပေးရာရောက်၊ မဗေဒါကို အားပေးတဲ့ စာဖတ်သူတွေကိုလဲ ခုလို အထူးအစီအစဉ်လေးအနေနဲ့ လက်ဆောင်ပေးရလို့ ၀မ်းသာပါတယ်) 






အဲဒိ ဆိုင်လေးက စကာင်္ပူက အကျီင်္တွေကို မြန်မာပြည်ကိုပို့ပေးသလို စကာင်္ပူတွင်းလဲ ဈေးချိုသာစွာရောင်းပါတယ်... တကယ်လို့ ပထမဆုံး အဖြေမှန် ဖြေနိုင်သူက ရန်ကုန်ကဖြစ်ခဲ့မယ်ဆိုရင်လဲ အဆင်ပြေတယ်... အဲဒိဆိုင်ကနေပို့လိုက်မယ်... အဲဒိဆိုင်လေးက တခြား မြန်မာပြည်ကို ပို့တဲ့ online fashion ဆိုင်တွေလိုပဲ အော်ဒါရက်ကို ၁၅ရက်နေ့တစ်ကြိမ်၊ လကုန် တစ်ကြိမ်ပိတ်တယ်... ဆိုလိုတာက ၁ရက်နေ့ကနေ့ ၁၅ရက်နေ့မှာတဲ့ အော်ဒါက ၁၅ရက်အော်ဒါပိတ်တဲ့ အသုတ်ထဲပါမယ်... ၁၆ရက်ကနေ လကုန်ရက်အတွင်းမှာတဲ့သူတွေက လကုန်ရက်အော်ဒါပိတ်တဲ့ အသုတ်ထဲပါမယ်... အော်ဒါပိတ်ရက်ကနေ အများဆုံး ၂ပတ်ကြာအတွင်း မြန်မာပြည်ကို ပို့ပေးမယ်... (ပို့ဆောင်တဲ့လုပ်ငန်းသမားပေါ်မူတည်ပြီး ဒိထက်လဲ မြန်ကောင်းမြန်မယ်)... ရန်ကုန်က Fashion Mint ရုံးခွဲက ဖုန်းခေါ်အကြောင်းကြားတဲ့အခါမှာ သွားယူလိုက်ရုံပါပဲ... 

အဲဒိ Fashion Mint facebook page လေးကို Like လုပ်ပြီးရင် Order Form အောက်က အ၀တ်အစားလှလှလေးတွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ မှာယူပုံ အဆင့်ဆင့်ကို ဟောဒီလင့်ခ် Note မှာ ဖတ်ကြည့်နိုင်ပါတယ်... သိပ်တော့ မခက်လှပါဘူး...

ဒီတော့ မဗေဒါရဲ့ side bar မှာမြင်နေရတဲ့ Facebook page လေးကို Like လုပ်ပြီး မဗေဒါဘလော့နဲ့ ပတ်သတ်တဲ့ မေးခွန်းလေးတွေကို ဖြေကြည့်လိုက်စို့နော်... မေးခွန်းတွေကို မနက်ဖြန် နေ့လည်လောက်မှာ တင်မယ်လို့ ကြိုတင်အကြောင်းကြားလိုက်ပါတယ်... 

အဖြေမှန်သူက Fashion Mint မှာ မိမိနှစ်သက်တဲ့ ၁သောင်း၃ထောင်နှင့်အောက်ပစ္စည်းတစ်ခုကို အဲဒိမှာ မှာယူပြီးလျှင် မဗေဒါကို အကြောင်းကြားပါ ဒီဘက်ကနေ မဗေဒါ ပိုက်ဆံရှင်းလိုက်ပါ့မယ်... အဟဲ... ကိုယ့်အတွက်ကိုယ်လဲ လိုချင်တဲ့ အင်္ကျီတွေအဲဒိမှာ သွား Browse ဖြစ်အုံးမှာပါ....


တကယ်လို့ ပထမဆုံး အဖြေမှန်ရတဲ့သူက ယောကျာင်္းလေးဆိုရင်တော့ Cube shape 4 port USB HUB with Box (ဘေးကပုံလေးထဲက) ကို လက်ဆောင်ပေးမယ်... စကာင်္ပူကဆိုရင်တော့ တွေ့ပြီးပေးမယ်၊ မြန်မာပြည်ကဆိုရင်တော့ ဒီဇင်ဘာပြန်လာမှပဲ တွေ့ပြီးပေးတော့မယ်... ပထမတစ်ခေါက်က အဖြေမှန်းပေးနိုင်ခဲ့တဲ့သူကို Facemask လေး ၃ခု စာတိုက်ကပို့လိုက်တာ ကိုယ်လဲ ဒီမှာ ပစ္စည်းတန်ဖိုးထက်တောင်များအောင်ပေးလိုက်ရသလို၊ သူလဲ ဟိုဘက်မှာ စာတိုက်ကနေတော်တော်ဒုက္ခခံထုတ်လိုက်ရတယ်ဆိုလို့... ခု ဒီဇင်ဘာပြန်လာမှပဲ ပေးတော့မယ်နော်... အဲဒိအခါကျတော့ မုန့်လေးဘာလေးလဲ လိုက်ကျွေးပါ့မယ်... အဟဲ... အချိန်ရရင်ပေါ့...

မှတ်ချက်။ ။ တကယ်လို့ အဖြေမှန်တဲ့သူက စကာင်္ပူကလဲ ဟုတ်ဘူး၊ မြန်မာကလဲ မဟုတ်ပဲ တခြားနိုင်ငံကဆိုရင်တော့ Fashion Mint က ကြည့်ပြီး မဗေဒါကို အကြောင်းကြားပါ... မဗေဒါ ၀ယ်ပြီး အဲဒိကို ပို့ပေးမှာဖြစ်ပါတယ်...


Friday, October 26, 2012

Story of Sithu & Su Wai



ဖူးစာဆိုတာ တစ်ခါတစ်ရံမှာ ရှာဖွေနေလည်းမတွေ့ နိုင်ပေမဲ့... အမှတ်မထင်လိုက်တဲ့ အချိန်မှာပဲ ကိုယ့်အနီးအနားလေးမှာရှိနေတတ်တယ်... ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်တယ်ဆိုတာ ဒီချစ်စရာကောင်းပြီး ပျော်တတ်တဲ့ ကိုစည်သူ နဲ့ မဆုဝေ စုံတွဲအတွက်တော့ လက်တွေ့ပါပဲ... အလုပ်နောက်ကျနေတဲ့ ဆုဝေကို မထင်မှတ်တဲ့အချိန်မှာ ဆိုင်ကယ်နဲ့ လက်ပို့ပေးဖို့ ကမ်းလှမ်းလာတဲ့ ထိုသူဟာ ဆုဝေရဲ့ အနီးနားမှာ သူမကို သတိထားမိနေတဲ့သူတစ်ယောက်ပေါ့... နီးမဲ့နီးတော့ နီးလွန်းလို့ တစ်တိုက်ထည်းနေတဲ့ အိမ်နီးချင်းတွေမှန်း သူမ မသိခဲ့လေဘူး... ဒီလိုနဲ့ စခဲ့တဲ့ ချစ်ဇာတ်လမ်းလေးဟာ နှစ်တွေသာဟောင်းခဲ့ပင်မဲ့ အချစ်တွေက မပြောင်းလဲပဲ ပျော်စရာဇာတ်သိမ်းလေးတစ်ခုဖြစ်ခဲ့ပါတယ်...

ဘလော့က စီဗုံးထဲမှာ ဓာတ်ပုံဆလိုက်ရှိုး ဘယ်လိုလုပ်ရသလဲ မဗေဒါရေလို့ လာမေးတဲ့ ခရေဖြူနဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက လင်းလက်ကြယ်စင်ရဲ့ မင်္ဂလာဆောင်မှာ စတင်ခင်မင်ခဲ့တာပါ... သူမရဲ့စာတွေကို သံလွင်အိပ်မက်အွန်လိုင်း မဂ္ဂဇင်းမှာလဲ ဖတ်ဖူးခဲ့ပါတယ်... မင်္ဂလာဆောင်အပြီးမှာလဲ အဆက်အသွယ်မရှိခဲ့ကြပါဘူး... ဒိနောက်တော့ ဓာတ်ပုံစလိုက်ရှိုးလောက်တော့ ကိုယ်လုပ်ပေးလို့ရပါတယ်... ဗွီဒီယိုရိုက်ချင်လဲ လုပ်ပေးမယ်... အသစ်စက်စက် ဗွီဒီိယိုကင်မရာလေးကို စမ်းချင်နေတာ... ဒါပေမဲ့ တောင်းဆိုသူက Pre-wedding ဓာတ်ပုံရိုက်တဲ့နေ့ လိုက်ရိုက်ပေးပါတဲ့... မဗေဒါက ဗွီဒီယိုရိုက်ရတာကို ပိုဝါသနာပါပေမဲ့ ဓာတ်ပုံလဲ အတွေ့ကြုံရအောင် လိုက်ရိုက်ပေးဖြစ်ခဲ့တယ်... ပင်ပန်းပင်မဲ့ ပျော်စရာကောင်းတဲ့ နေ့လေးတစ်နေ့ပါပဲ... ကိုယ်လဲ တတ်နိုင်သလောက် ရိုက်ဖြစ်ပါတယ်... ၀ါသနာမနေသာတော့ အဖော်ခေါ်လာပြီး ဗွီဒီယိုကင်မရာနဲ့ ရသလောက် အဖြစ်အပျက်သာမာန်ကိုပဲ footage အနေနဲ့ ရိုက်ဖြစ်ခဲ့တယ်... ဒါနဲ့ ခုပြောနေတဲ့ ခရေဖြူဆိုတာ ကေခိုင်ဆုဝေ ဆိုတဲ့ သတို့သမီးရဲ့ ကလောင်အမည်ပေါ့...

သူတို့ ၂ယောက်ရဲ့ Wedding Celebration ကတော့ ၂၇ရက် မေလ ၂၀၁၂ တုန်းက MBS မှာ ကျင်းပခဲ့ပါတယ်... (မင်္ဂလာဆောင်က မေလတုန်းက စာမေးပွဲတွေရယ် အလုပ်မှာ မလစ်တာရယ်ကြောင့် ဘလော့ပေါ်ခုမှတင်ဖြစ်တယ်...) သူတို့ မင်္ဂလာဆောင်အကြောင်းကို ကိုတီဇက်အေရဲ့ ဟောဒီပိုစ့်လေးမှာဖတ်နိုင်ပါတယ်... 

ကိုယ့်စာမေးပွဲရယ်၊ ကိုယ့်အလုပ်နဲ့ ခရီးခဏသွားရတာရယ်နဲ့ အတော်လေးတော့ အချိန်လုလုပ်ပေးခဲ့ရလို့ မကောင်းမှာ စိုးရိမ်ခဲ့ပေမဲ့ မဗေဒါလုပ်ပေးတဲ့ ဗွီဒီယိုစလိုက်ရှိုးလေးကို သူတို့ မင်္ဂလာခမ်းမမှာ ပြသတဲ့အချိန်မှာ ပီတိဖြစ်ခဲ့ရပါတယ်... တစ်ဝိုင်းတည်းထိုင်တဲ့သူတွေကလဲ မဗေဒါလုပ်ထားမှန်းမသိပေမဲ့ သူတို့ချင်းတီးတိုး ချီးကျူးသံကြားတော့ ကျေနပ်မိပါတယ်... ဒါတောင် ကိုယ်ဟာနဲ့ ကိုယ်တော့ ကျေနပ်မှုမရှိသေးပါဘူး... ဒိထက်ပိုကောင်းအောင် အဆင့်မီမီရိုက်ချင်ပါတယ်... သတို့သမီး သတို့သား သရုပ်ဆောင်ပေးမယ်ဆိုရင်ပေါ့... 

ဒါနဲ့ ဘာရယ်မဟုတ် BayDar Production ဆိုပြီး ဖေ့ဘွတ်မှာ like page လေး လုပ်ဖြစ်ပါတယ်... မဗေဒါရဲ့ လက်ရာလေးတွေကို တစ်နေရာတည်းစုစုစည်းစည်းကြည့်လို့ရမှာဖြစ်သလို နောက်လုပ်ဖြစ်မဲ့ဗွီဒီယိုလေးတွေလဲ အလွယ်တကူကြည့်လို့ရတဲ့အပြင် မဗေဒါကို အလုပ်အပ်ချင်လဲ အချိန်မရွေးဆက်သွယ်ရလွယ်ကူစေဖို့ပါပဲ... (ကြော်ငြာဝင်တာပါ... ဟဲ... ဟဲ) ကိုယ်က ပညာရှင်မဟုတ်သေးပဲ ၀ါသနာရှင်ဆိုပေမဲ့ အလုပ်အပ်သူရော မဗေဒါရော ဒီအလုပ်ကို တန်ဖိုးထားလေးစားဖို့အတွက် မုန့်ဖိုးသဘောလောက်တော့ နောက်ပိုင်းယူဖို့ စိတ်ကူးပါတယ်... ဒီလိုမှလဲ ၂ဦး၂ဘက်လုံးက ကိုယ့်တာဝန်ကိုယ်သိပြီး အလေးထားဖို့ရည်ရွယ်ပါတယ်... (မဗေဒါလဲ အလုပ်ကို  အချိန်လေးလေးစားစားလုပ်ဖို့ တွန်းအားဖြစ်မယ်လို့ထင်ပါတယ်... ဟိဟိ) မဗေဒါ နောက်လဲ ဒိထက်ကြိုးစားသွားပါမယ်လို့ ကတိပေးပါတယ်...

လူသားတိုင်း ချစ်သူတိုင်းဟာ သူတို့ဘ၀ရဲ့ ဇာတ်လိုက်တွေချည်းပဲမို့ အားလုံးရဲ့ Magical Moments လေးကို မှတ်တမ်းတင်ပေးချင်တဲ့...
မဗေဒါ...

စာကြွင်း။     ။ ဓာတ်ပုံတွေကတော့ သူတို့ Pre-wedding ရိုက်တဲ့နေ့မှာ ဘေးကနေရသလောက် ကြိုက်သလိုရိုက်ပေးပါဆိုတာနဲ့ ကိုယ်လဲအတွေ့အကြုံရအောင်ဆိုပြီးရိုက်ဖြစ်ခဲ့ပါတယ်... ဆိုင်ကဓာတ်ပုံဆရာနဲ့လဲ လွတ်လွတ်ကျွတ်ကျွတ်နေပြီး ရတဲ့နေရာ ရတဲ့ View ကနေ တတ်နိုင်သလောက်ရိုက်ခဲ့တာပါ... ဒါကြောင့် ပုံတွေက ကိုယ့်ကင်မရာကို ကြည့်နေတဲ့ပုံမရှိသလောက်ပါပဲ... ဗွီဒီယိုလေးနဲ့ ဓာတ်ပုံလေးတွေကို ရှုစားသွားကြပါကုန်.... 














Life & Love Journey of Sithu & Su Wai (First video)




All for Love (Before 2nd Marching)

Friday, September 14, 2012

MaBayDar Facebook Page activities

ပြီးခဲ့တဲ့ အပတ်ကမှ facebook like လေး ဘေးက ဘားမှာထည့်ချင်လို့ ဘယ်လိုလုပ်လဲရှာတော့မှ... သူက ဖေ့ဘွတ်မှာ like page ဖွင့်မှရတယ်ဆိုတာ သိလိုက်ရပါတယ်... စမ်းကြည့်ချင်တာနဲ့ လုပ်ဖြစ်ခဲ့ပါတယ်...

Page လေးဖြစ်သွားတော့လဲ Friend list ထဲက ကိုယ့်စာဖတ်သူတွေကို အရင်ဆုံး invite လုပ်ဖြစ်ပါတယ်...  တစ်ခါတစ်လေ မဗေဒါရဲ့ စာဖတ်ပရိတ်သတ်မှန်းမသိ ဖေ့ဘွတ်ပေါ်တွေ့လို့ တွေ့ကရာလျှောက်အက်နေမှန်းမသိလို့ ခုနောက်ပိုင်း Friend request တွေကို သိပ်လက်မခံဖြစ်တော့ တကယ့်စာဖတ်သူများဖြစ်နေမလားဆိုပြီး စိတ်ထဲမကောင်းဖြစ်ရတယ်... နောက်ဆို မဗေဒါဘလော့ကို ဖတ်တဲ့ စာဖတ်သူတွေအတွက် အဲဒိ MaBayDar Page လေးကို like ထားရင် update တွေမြင်ရမယ်...
အဲဒိအချိန်ထိ ကိုယ့် page လေးမှာ ဘယ်လိုအရာတွေနဲ့ တစ်ခုခုပြန်ပေးနိုင်မလဲလို့ စဉ်းစားလို့မရခဲ့ပါဘူး... အစက ကိုယ်က ဘလော့ပေါ်က ဆိုဒ်ဘားမှာပဲ like လေးလုပ်ချင်ခဲ့တာဆိုတော့ ဘာအတွေးမှ မရှိခဲ့ဘူး... ဒါပေမဲ့ ကိုယ့် Page ကို ကြိုက်တဲ့ စာဖတ်သူတွေကို အလကား Like လုပ်ခိုင်းတော့လဲ မကောင်းပြန်ဘူးလေ...

စဉ်းစားမိတာက မဗေဒါဘလော့ကိုဖတ်သူတွေက ရုပ်ရှင်ကြိုက်ရင်ကြိုက် မဟုတ်ရင် ခရီးသွားတာကိုကြိုက်တဲ့ ပရိတ်သတ်တွေများတယ်လေ... ကိုရီးယား ဇာတ်လမ်းတွဲပဲဖြစ်ဖြစ်... အင်္ဂလိပ်ရုပ်ရှင်ကားပဲဖြစ်ဖြစ်... ကိုယ်ကြည့်ဖြစ်တဲ့ကားတွေ ကိုယ်ကြိုက်တဲ့ကားတွေတိုင်းကလဲ ဘလော့ပေါ်မှာ မရေးဖြစ်ဘူး... တခါတလေကြည့်နေရင်းကြိုက်တယ် အဆုံးပိုင်းမှ မကောင်းတော့လို့ရေးချင်စိတ်မရှိတော့တာတွေ... ဇာတ်လမ်းပြနေတဲ့အတောအတွင်း ရိုက်ကွင်းပေါ်က အကြောင်းတွေ ပြောပြချင်ပင်မဲ့ ပိုစ့်ကြီးတစ်ပုဒ်အနေနဲ့ မရေးဖြစ်ဘူး... ဒီတော့ ဒီ Page လေးပေါ်မှာ မဗေဒါရဲ့ လက်ရှိကြည့်နေတဲ့ကားတွေ ဇာတ်လမ်းတွေ ခံစားချက်လေးတွေကို ၀ါသနာတူတွေဆီ ဝေမျှမယ်လို့ စိတ်ကူးတယ်... 

နောက်ပြီး ကိုရီးယားရုပ်ရှင်လေးတွေနဲ့ ပတ်သတ်တဲ့ Facebook cover ပုံလေးတွေကို ဝေမျှမယ်... ယူသုံးချင်တဲ့သူ သုံးလို့ရတာပေါ့... 

နောက်တစ်ခုကတော့ အထူးအစီအစဉ်အနေနဲ့ မဗေဒါကို အမြဲအားပေးနေတဲ့ သူငယ်ချင်း ပရိတ်သတ်တွေနဲ့ ပိုမိုရင်းနှီးမှုလဲရအောင်... ပြီးတော့ အားလုံးလဲပျော်ရအောင် မဗေဒါက ၁လတစ်ကြိမ်လောက်  မေးခွန်းလေးတွေမေးပြီး ပထမဆုံးအဖြေမှန်တဲ့သူကို လက်ဆောင်ပစ္စည်းလေးတွေပို့ပေးဖို့ စဉ်းစားထာတယ်... 

ခင်မင်တဲ့သဘောနဲ့ရော အားပေးတဲ့အတွက် ကျေးဇူးတင်တဲ့သဘောနဲ့ရော အားလုံးလဲပျော်စေဖို့ ပို့ပေးချင်တာပါ... အရမ်းချမ်းသာနေလို့တော့မဟုတ်ပါဘူး... ဒီတော့ လက်ဆောင်ပစ္စည်းဆိုလို့ အိုင်ပက်တွေ၊ iphone တွေမထင်နဲ့အုံး.. (မထင်ဘူးဆိုတာ သိပါတယ်).... မဗေဒါတတ်နိုင်သလောက် မဗေဒါတွေ့လို့ သဘောကျတဲ့ ပစ္စည်းလေးတွေ ကြိုက်တဲ့ပစ္စည်းလေးတွေ စာဖတ်သူတွေကို လက်ဆောင်အဖြစ်ပေးချင်ယုံသက်သက်ပါပဲ...

ပထမဆုံးလက်ဆောင်ပစ္စည်းကို မခင်မီမီသိန်း ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ လက်ဆောင်ပစ္စည်းပို့ဖြစ်ခဲ့ပါတယ်... Register နဲ့ပို့လို့ ၁၂ရက်ကြာမယ်လို့ပြောပါတယ်... ပို့တဲ့ပစ္စည်းထက် ပို့ခကပိုလို့တောင် ဈေးကြီးနေပါတယ်... မဗေဒါဆီလာလည်တဲ့ စာဖတ်သူတွေအားလုံး 
မဗေဒါ ဘလော့ကို ကြိုက်တယ်ဆိုရင် ဘေးက sidebar မှာပေါ်နေတဲ့ fb Like လေးကို နှိပ်သွားကြပါလို့....

အမြဲအားပေးတဲ့ မခင်မီမီသိန်းအတွက် လက်ဆောင်...



Thursday, August 30, 2012

Hong Kong trip Day 3 - Visit to Ocean Park and Victoria Harbour

၂၀ ရကျ ၁လ ၂၀၁၂
Welcome to Ocean Park Hong Kong

ကျွန်မတို့ရဲ့ လမ်းဘေး ဒင်းဆန်းဆိုင်ရှာဖွေရေး mission ကို ဒီနေ့မှာ အထူးအကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်... သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်က ဟောင်ကောင်မှာ လမ်းဘေးဒင်းဆန်းဆိုင်လေးတွေက အရမ်းဈေးသက်သာတယ်လို့ပြောလိုက်လို့ ကျွန်မသူငယ်ချင်းရဲ့ဆန္ဒက အဲလိုဆိုင်မျိုးကို မစားလိုက်ရမရှိရလေအောင် လိုက်ရှာစားချင်တာပါပဲ... ဒါကသူ့ရဲ့ မလုပ်မဖြစ်လုပ်မယ်ဆိုတဲ့ စာရင်းထဲပါပုံထောက်တာရော၊ ကိုယ်လဲ ဒင်းဆန်းကို ဈေးပေါပေါနဲ့တဝကြီးစားချင်တာရော၊ လမ်းဘေးဒင်းဆန်းဆိုင်တွေ ရှာရလွယ်မယ်ထင်တာရောကြောင့် ကျွန်မတို့ ၂ယောက်ရဲ့ ရှာဘုံတော်ခရီးစဉ်ကိုစခဲ့ပါတယ်...

အဲဒိနေ့က ဟော်တယ်ကို Morning Call မနက် ၆နာရီခေါ်ခိုင်းထားပေမဲ့ ၂ယောက်လုံးပြန်အိပ်လိုက်ကြတာ ၇နာရီခွဲမှနိုးပါတယ်... သိတဲ့အတိုင်း ပြင်ဆင်ကြာမြင့်ချိန် ၁နာရီခွဲဆိုတော့ ၉နာရီမှဟော်တယ်ကထွက်ဖြစ်ပါတယ်... ဒီနေရာမှာပြောချင်တာက ကျွန်မအမြင် ဟောင်ကောင်က စကာၤပူထက် Night life ပိုရှည်ပါတယ်... ညဘက်တော်တော်နောက်ကျတဲ့အထိ လူစည်ပါတယ် (ကိုယ်နေတဲ့နေရာက Orchard လို လူစည်တဲ့နေရာဖြစ်နေလို့လားတော့ မသိပါ).. ဒါပေမဲ့ မနက် ၇နာရီ ၈နာရီလောက်ဆိုရင်လဲ လမ်းသွယ်တွေထဲ လူအတော်ရှင်းပါသေးတယ်... (ဘယ်အချိန်အလုပ်သွားကြလဲတော့မသိပါ...)

ကျွန်မတို့ နေတဲ့ ဟိုတယ်က Tim Sha Tsui (တင်မ်ရှဆွေ) ဘူတာနဲ့ ဂျော်ဒန်ဘူတာကြားမှာပါ... တင်မ်ရှဆွေနဲ့တော့ ပိုနီးမယ်ထင်ပါတယ်... ဂျော်ဒန်ဘက်မှာ လမ်းဘေးဆိုင်တွေများမယ်ထင်တာနဲ့ အဲဒိဘက်ကို ဦးတည်ကြပါတယ်... လမ်းမတန်းပေါ်ရောက်တော့ လူတွေများပါတယ်... လမ်းတစ်လျှောက်လဲ ကျွန်မတို့စားချင်တဲ့ပုံစံမျိုးဆိုင်မတွေ့တာနဲ့ မနေ့ကရခဲ့တဲ့ သင်ခန်းစာကြောင့် ရှေ့မှာအကောင်းတွေရှိအုံးမယ်ဆိုပြီး ဆက်လျှောက်လာပါတယ်... လမ်းမတန်းအတိုင်းလျှောက်လာတာ လမ်းမပေါ်မှာတော့ ကျွန်မတို့စားချင်တဲ့ လမ်းဘေးဆိုင်ပုံစံမျိုးမတွေ့ပါဘူး... ဒါနဲ့ လမ်းသွယ်တွေထဲကို ဝင်ရှာပါတော့တယ်... ဟိုလမ်းဝင် ဒီလမ်းထွက်လုပ်သလို ကိုယ်သွားလာတဲ့ လားရားလမ်းတွေကိုလဲ မျက်စိမလည်အောင် သတိနဲ့ မှတ်နေရပါတယ်... ဒါလဲ မတွေ့ပါဘူး... နေမြင့်လေ အရူးရင့်လေမဟုတ်ပဲ... နေမြင့်လေ ဗိုက်ဆာလာလေပါပဲ... အတွေးထဲမှာ လွယ်လွယ်နဲ့ တွေ့မယ်ထင်တဲ့ လမ်းဘေးဒင်းဆန်းဆိုင်က ၄၅မိနစ်လောက်ရှာပြီးတဲ့အထိ အရိပ်အယောင်တောင်မမြင်တော့ ကျွန်မအနေနဲ့ လက်လျှော့ချင်လာတယ်... ဘာလို့လဲဆိုတော့ မသေချာတဲ့အရာတစ်ခုအတွက်နဲ့ အချိန်တွေကုန် အားအင်တွေခမ်းဖြစ်တာကို မလိုလားလို့... အချိန်နဲ့ ခွန်အားကို ပိုက်ဆံနဲ့ပဲလဲလိုက်ချင်တယ်... ဈေးကြီးရင်ကြီးပါစေ တွေ့တဲ့ဆိုင်ပဲ ဝင်စားလိုက်ချင်တယ်...

Jordan ရဲ့ ညဈေး လှည်းလေးတွေနဲ့ ရောင်းတဲ့နေရာကိုလဲ ရောက်တယ်... ဒါပေမဲ့ မနက်ဆိုတော့ အားလုံးပိတ်ထားလေရဲ့... ၄၅ မိနစ်လောက်ရှာပြီးမှ အငွေ့တစ်ဝေေ၀နဲ့ လမ်းထောင့်က အိမ်ဆိုင်လိုလေးရောင်းနေတာကိုတွေ့တယ်... အဲဒိနားကို ဖြတ်လျှောက်ပြီးပြီလိုစိတ်ထဲထင်နေတယ်... ဘာလို့မတွေ့ခဲ့လဲ မသိဘူး... မဖွင့်သေးတာများလား... ဒါပေမဲ့ခုတော့ ကန္တာရထဲမှာ အိုအေစစ်တွေ့တဲ့သူလို ကျွန်မတို့၂ယောက် ဟုတ်ရဲ့လား ဟုတ်ပါ့မလားနဲ့ သွားကြည့်တော့ ဟုတ်နေတယ်... ဒါပေမဲ့ ဆိုင်က ထိုင်စားလို့မရဘူး... ဖော့ဘူးနဲ့ထည့်ပေးတာ... ဒါပေမဲ့ မတတ်နိုင်ဘူး အချိန်မဖြုန်းချင်တာနဲ့ စားချင်တာတွေလက်ညှိုးထိုးပြီးမှာလိုက်ရော... အမဲသားလုံး၊ ဝက်သာလုံး စုံလို့ပဲ... ပြီးတော့ ၂ယောက်သား အဲဆိုင်ထောင့်လေးမှာကပ်ပြီး မတ်တပ်လေးစားနေတော့ ဆိုင်ရှင်မိန်းမကြီးက ခုံလေးထုတ်လာပေးတယ်... ၁လုံးတည်းမို့ မုန့်ကိုအဲပေါ်တင်ပြီး ကျွန်မတို့ရပ်စားကြတယ်... အရသာကကောင်းလွန်းလို့ ကျန်တာတွေတောင် မေ့သွားတယ်... ၂ယောက်သား ပျော်ရွှင်ပြီးစားကြတယ်... လောကကြီးက အချိန်တွေကို ခဏမေ့ထားပြီး မုန့်ကိုပဲခံစားလိုက်တယ်... အဲဒီလို မျိုးစုံထည့်စားတာတောင် ဟောင်ကောင်ဒေါ်လာ ၂၀ ပဲကျတယ်... စကာၤပူဒေါ်လာ ၃ကျပ်ကျော်ပဲ... 

ဗိုက်ကလဲတင်း မုန့်တွေကလဲ မကုန်... ဒါတောင် ပေါက်စီဝယ်လိုက်သေးတယ်... မကုန်တဲ့ အသားလုံးတွေကို ဖော့ဘူးနဲ့ပဲ ယူသွားမယ်ဆိုပြီး သယ်လာပြီးမှ လမ်းမှာ ဆီတွေပေါက်ကျလို့ ၂ယောက်သား လမ်းမလယ်မှာ ရပ်စားနေတော့ လူတွေဝိုင်းကြည့်တာခံလိုက်ရတယ်... 

ဒီလိုနဲ့ ဗိုက်လဲဝပြီး ဆိုတော့ Ocean Park ကို ဦးတည်လိုက်တယ်... Disney Land တော့ မသွားဖို့ ၂ယောက်လုံးသဘောတူလိုက်တယ်... သူဘာလို့မသွားချင်လဲတော့ မသိ.. ကျွန်မကတော့ ဂျပန်တုန်းကလဲ ရောက်ဖူးလို့ Ocean Park ကိုရွေးလိုက်တာ... Ocean Park သွားပုံလမ်းညွှန်ကတော့...

Admiralty ဘူတာကိုစီး... ထွက်ပေါက် B ကထွက်...
Special City Bus no. 629 ကို ၂၅ မိနစ်လောက်စီးရင် Ocean Park တည့်တည့်ရောက်တယ်....
ဘတ်စ်ကားခ တစ်ယောက်ကို $10.6 ကျတယ်... (တတိယမြောက်နေ့မှာ ဘတ်စ်ကားကဒ်ကို HK$50 ထပ်ဖြည့်ရတယ်... ဝယ်တုန်းက အထဲမှာ Value HK$100, card deposit HK$50 ရှိတယ်)...
Ocean Park သွားတဲ့ လမ်းတစ်လျှောက်

ရုပ်ရှင်ထဲက ဟောင်ကောင်အက်ရှင်ကားတွေမှာ မင်းသားတွေပြေးတဲ့လမ်းမျိုး... :)

မြို့ပြ၊တောင်တန်းနဲ့ အားကစားကွင်း...

ဘတ်စ်ကားပေါ်ကနေ ဟောင်ကောင်မြို့ကို လှည့်လည်ကြည့်ရှုရလို့ ဘတ်စ်ကားစီးရတာလဲ အလကားတော့မဖြစ်ပါဘူး... Ocean Park ဝင်ကြေးက တစ်ယောက်ကို HK$250 (Ard SGD 42)

အထဲရောက်တော့ အရင်ဆုံးလူတွေအများကြီးဝင်နေတဲ့ Aquarium ကို လိုက်ဝင်လိုက်ပါတယ်... ဂျပန်နဲ့ ကိုရီးယားမှာ မြင်ဖူးခဲ့တဲ့ Aquarium တွေလိုပါပဲ... ဒီမှာက ကစားကွင်းကို လာလည်တဲ့ ပြည်ကြီးတရုတ်တွေများတဲ့အတွက် အလိုက်ကမ်းဆိုးမသိစွာ ပြုမူတာတွေကြောင့် တစ်ခါတစ်ရံ စိတ်အနှောင့်အယှက်ဖြစ်ရတာပဲကွာပါတယ်... 


Big Aquarium 

မနက်က လမ်းအတော်လေးလျှောက်လိုက်ရတာရော၊ လူတွေများတာရော၊ ရှေ့ရက်က ပင်ပန်းထားတာရောကြောင့် လူက နှုံးချင်ချင်ဖြစ်နေတယ်... သို့သော် အနည်းငယ်တော့ စီးဖြစ်ပါတယ်... နောက်ဆုံး ခြောက်ကပါးနားက Roller Coaster ကိုစီးမယ်ဆိုပြီး ၂ယောက်သား တွန့်ဆုတ်ဆုတ်နဲ့ တန်းစီလိုက်ပါတယ်... သူငယ်ချင်းက "ဖြစ်ပါ့မလား... ငါကြောက်လာဘီ... ထွက်ရင်မှီသေးတယ်" ပြောနေတုန်း ကျွန်မက သူ့ကို ဘာမှမကြောက်နဲ့ ငါတို့ မသေလောက်ပါဘူး... ကြောက်စရာမရှိပါဘူး... ဆိုပြီး အားပေးနေရင်း တဖြည်းဖြည်း စီးရခါနီးလေ ကျွန်မစိတ်ထဲမှာလဲ ဖြစ်ပါ့မလားဆိုပြီး ကြောက်လာလေပါပဲ... ဘာလို့လဲဆိုတော့ ပင်ပန်းထားပြီးလူက အားနည်းသလိုဖြစ်နေတော့ ဒါစီးပြီးရင် မူးပြီး တစ်နေကုန်အလကားဖြစ်မှာကိုကြောက်တာပါ... သို့သော် ခြောက်ကပါးနားမှာဆောက်ထားပြီး ဘေးက ပင်လယ်ဝကို မြင်နေရသလို... ပင်လယ်ဝအထက်ကနေသွားနေတဲ့ Cable car လေးတွေကိုမြင်နေရတဲ့ ရှုခင်းကလဲ အတော်လှပါတယ်... ဒီလို ရှုခင်းနဲ့ ဒီလိုခြောက်ကပါးပေါ်က Roller Coaster ကိုစီးရင် ဘယ်လောက်ထိကြောက်ဖို့ကောင်းမလဲ သိချင်ပါတယ်...
Roller Coaster ဘေးကမြင်ကွင်း...

စီးဖြစ်တော့ ဇောက်ထိုးက အနည်းဆုံး ၃ ၄ ခါလောက်ဖြစ်ပါတယ်... ကျွန်မလဲ မျက်စိမှိတ်ပြီး စီးနေပင်မဲ့ တစ်ချက် တစ်ချက်တော့ ဇောက်ထိုးမဖြစ်တဲ့အချိန်ဆို ဖွင့်ကြည့်ပါတယ်... တစ်ချိန်မှာ ကံဆိုးချင်တော့ ကျွန်မမျက်လုံး ဖွင့်ကြည့်ချိန် ဇောက်ထိုးဖြစ်တာနဲ့ကြုံတော့ ပင်လယ်ဝနဲ့ တောင်တန်းတွေ ရုပ်ရှင်ထဲကအတိုင်း ၃၆၀ ဒီဂရီလည်ထွက်သွားတာကို ကြုံလိုက်ပါတော့တယ်... အဲဒိအချိန်မှာ လူက အံချင်သလိုဖြစ်ပြီး အရမ်းမူးနေပါပြီ... မြန်မာပြည်က Roller Coaster စီးရင် "ဒါပဲလား... ဘာမှတောင် မဖြစ်လိုက်ဘူး" ဆိုပြီး complaint များနေကျ ကျွန်မ ခုတော့ "ဘယ်တော့မှ ပြီးမှာလဲ... မြန်မြန်ပြီးပါတော့" လို့သာ မျက်စိလုံးလုံးမှိတ်ရင်း ဆုတောင်းမိနေပါတော့တယ်...

စီးပြီးတော့ မူးပြီး အီလည်လည်ကြီးဖြစ်သွားလို့... တစ်ခုခုအမြန်စားဖို့ ရှာရပါတော့တယ်... ဒီလိုနဲ့ပဲ ဝက်သားနဲ့ခရမ်းချဉ်သီးအရည်နဲ့ ထမင်းကို HKD60 နဲ့ဝယ်စားဖြစ်တယ်... စာလို့လဲ မကောင်းပါ... အာသာလဲ မပြေပါ... သူငယ်ချင်းဝယ်လာတဲ့ မနက်က ဒင်းဆန်းဆိုင်က ပေါက်စီလဲစားလိုက်ပါတယ်... ဟီး... (Dolphin Show ကြည့်ပြီးတော့ ပိုအားရှိသွားအောင် Ice-cream နဲ့ ပြောင်းဖူးပြုတ်လဲ စားပါသေးတယ်... Ice-cream + water = HKD45, Steam Corn = HKD18)
စားလို့မကောင်းတဲ့ HKD60 တန် Lunch...


ပြီးတော့ Dolphin show ကြည့်ဖို့သွားတော့ ၃ခွဲမှပြမယ်တဲ့... ခုမှ ၂ခွဲပဲရှိသေးတော့ စောင့်ရမယ်... ဒါပေမဲ့ ကျွန်မလဲ မူးနေတာနဲ့ ခုံဦးရင်း ထိုင်စောင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်... သူငယ်ချင်းကိုတော့ ကိုယ့်ကြောင့်ဆွဲထားသလိုဖြစ်မှာစိုးလို့ တခြားသွားချင်ရင်သွား ကျွန်မကတော့ ဒီမှာထိုင်ကျန်ခဲ့မယ်လို့ပြောလိုက်တော့ သူထွက်သွားပါတယ်... အဲဒိမှာ ငုတ်တုတ်ထိုင်ရင်း အထုတ်တွေပေါ်ခေါင်းတင်ပြီး ခဏအိပ်ပျော်သွားပါသေးတယ်... ဘေးက ပြည်ကြီးတရုတ်တွေ ဆူဆူညံညံရောက်လာမှ နိုးသွားပါတယ်... ကြည့်လိုက်တော့ ခုံတွေအားလုံးပြည့်နေကြပြီ... သူငယ်ချင်းက ပြန်မလာသေးတော့ ကျွန်မဦးထားတဲ့ ခုံကို မျက်စောင်းထိုးနေကြတဲ့သူတွေလဲရှိနေတယ်... အိပ်လိုက်တော့ ခေါင်းနည်းနည်းပြန်ကြည်သွားတယ်... အနောက်တမ်းက ပြည်ကြီးတရုတ်မိသားစုက Burger တွေဝယ်စားပြီး ကလေးကို စပိုးနင့်အောင်ကျွေးနေကတည်းက တစ်ခုခုဖြစ်တော့မယ်စိတ်ထဲထင်နေတာ... ပွဲပြီးခါနီးလောက်မှာ ဒီလောက် လူတွေများတဲ့ပွဲခင်းထဲမှာ ထင်တဲ့အတိုင်းပဲ အန်ချပါတော့တယ်... ဒါတောင် ဘေးကလူတွေကို တောင်းပန်ခြင်းလုံးဝမရှိပါဘူး... ကံကောင်းလို့ ကျွန်မဘက်မဟုတ်လို့ ဘေးက စုံတွဲကတော့ အနည်းငယ်ပေချင်သလိုဖြစ်သွားတယ်... ဒါပေမဲ့ ဘာမှ commotion လုပ်ပုံမပေါက်ပဲ manner ရှိပုံထောက်တော့ ဟောင်ကောင်စုံတွဲဖြစ်မယ်ထင်ပါတယ်... ကိုယ်လဲ သူငယ်ချင်းအတွက်ဦးထားတဲ့ ခုံဘက် အသာပြောင်းထိုင်လိုက်ပါတယ်... မကြာမီပဲ ပွဲပြီးသွားလို့သာတော်တော့တယ်... နိုင်ငံတစ်နိုင်ငံကို လည်တဲ့အခါမှာ အဲဒိနိုင်ငံက ယဉ်ကျေးမှု၊ ရှုခင်း၊ အစားအသောက်တွေအပြင်၊ ကြုံတွေ့ရတဲ့ လူပေါင်းစုံကလဲ အမှတ်ရစရာတွေဖြစ်စေသလို ဗဟုသုတ အတွေ့အကြုံတွေလဲ ပေးတတ်တဲ့အတွက် ဒါကိုလဲ အလေးထားဖို့လိုအပ်ပါတယ်...


Dolphin show view...


အဲဒိနောက်တော့ ဘာမှထပ်မစီးဖြစ်တော့ပဲ ပန်ဒါတွေထားတဲ့နေရာဘက်လျှောက်ရင်း ဓာတ်ပုံပဲရိုက်ဖြစ်ပါတော့တယ်... ညနေစောင်းတော့မှ Hotel ခဏပြန်ပြီး သယ်ရရှုပ်တဲ့ Stand ကြီးထားခဲ့ပါတော့တယ်... (မထားခဲ့သင့်ဘူး.. ညဘက်ရှုခင်းက Stand နဲ့မှလှတာ) အဲဒိနေ့အတွက် နောက်တစ်နေရာကို သွားဖြစ်ပါတော့တယ်...






Panda လေး ၂ကောင်ပဲကျန်တော့တယ်... ဒါက အမလေး...

Symphony of Light & Avenue of Star (Victoria Harbor) 
ကိုယ်ရိုက်လာတာတွေမလှတော့ photo credit to www.Discoverhongkong.com

လူက ဘာရယ်မှန်းမသိ ပင်ပန်းနေတော့ စတန်းကို မသယ်ချင်တော့ပါဘူး... ဘာလို့လဲဆိုတော့ စတန်းသိပ်သုံးပြီးလဲ မရိုက်ဖြစ်လို့ပါ... အဲဒိနေရာက ကျွန်မတို့ ဟော်တယ်နဲ့ နီးပါးတယ်... Tim Sha Tsui MRT ကနေ Exit J ကိုထွက်ပြီး ၅မိနစ်ပဲလမ်းလျှောက်ရပါတယ်တဲ့... ကျွန်မတို့လဲ မမေးမဆန်းပဲ ဆိုင်းဘုတ်အားကိုးနဲ့ပဲလျှောက်လာပါတယ်... သူတို့ MTR ရဲ့ လှိုင်ခေါင်းတွေက စကာၤပူလို သိပ် မနီးပဲ အဝေးကြီး လျှောက်ရပါတယ်... အတော်လေးလျှောက်မှ Exit J ရောက်သွားပါတယ်... ထွက်ထွက်ချင်း မျှားနဲ့ ဆိုင်းဘုတ်တွေ့လို့ အဲဒိအတိုင်းသွားပါတယ်... သွားနေရင်းကို နောက်ဆိုင်းဘုတ်တစ်ခုကို မတွေ့တော့ပါဘူး... လမ်းလည်မှာတင် လမ်းပျောက်သွားပါတယ်... မြေပုံထုတ်ကြည့်တော့လဲ ကိုယ်ဘယ်ရောက်နေမှန်းရေရာ မသိ... နောက်ဆုံးတော့ အဖြူစုံတွဲကိုတွေ့တာနဲ့ သူတို့လဲ အဲသွားမှာထင်တယ်ဆိုတဲ့ စိတ်မှန်းနဲ့ သူတို့သွားတဲ့နောက် ခပ်မှောင်မှောင်ပန်းခြံဘက်ကို လိုက်သွားပါတယ်... မဟုတ်ရင်တော့ သွားဘီဆိုတဲ့ ဇနိုးဇနောင့်စိတ်ကလဲဖြစ်နေပါသေးတယ်.... အဲဒိစုံတွဲက ပန်းခြံတစ်နေရာရောက်တော့ သူတို့ကိုစောင့်နေတဲ့ အုပ်စုနဲ့တွေ့ပြီး စကားပြောပြီးကျန်ခဲ့ပါတယ်... ကိုယ်ကတော့ စမ်းတဝါးဝါးနဲ့ ဆက်လျှောက်ရင်း လူတော်တော်များများ သွားတဲ့ ဘက်ကိုလိုက်ကာ နောက်ဆုံတော့ ရောက်သွားပါတယ်...

မြစ်ဘက်ကလာတဲ့ လေအေးအေးက မျက်နှာကို ရိုက်ခတ်တဲ့အချိန်မှာ လူက လန်းဆန်းသွားသလို အရိုးထဲ တစ်ချက် ချမ်းစိမ့်ဝင်သွားပါတယ်... အဲဒိမှာ ရှိတဲ့ ဖျော်ဖြေရေးကို ခဏဝင်နားထောင်ပြီး ၂ယောက်သား symphony of light ကြည့်ဖို့နေရာယူလိုက်ပါတယ်... ၂ယောက်လုံးက အရပ်ပုတော့ အရှေ့မှာနေရာရမှ ဖြစ်မှာလေ... ဟဲ ဟဲ... ရှိုးကို စောင့်ရင်း သူငယ်ချင်း ၂ယောက် ရာသီဥတုအေးအေးမှာ စကားတွေပြောကြ ရီကြတာလဲ ခင်မင်မှုကိုပိုခိုင်မြဲစေပြီး YUFL တက္ကသိုလ်တူတူတက်ခဲ့တဲ့ ကာလတွေကို ပြန်လည်သတိရမိပါတယ်...

ည ၈နာရီမှာ Symphony of Light show စပါတယ်... ဒီဘက်ကမ်းကနေ တီးလုံးတွေနဲ့ ဟိုဘက်ကမ်းက အဆောက်အအုံးက မီးတွေ စီးချက်ညီညီကတဲ့ light show ပါ... Tourist attraction တစ်ခုအနေနဲ့ ညတိုင်း အလကားပြတာပါ... ကြည့်နေရင်းနဲ့ ငါတို့ နိုင်ငံက ရန်ကုန်မြစ်တို့ လှိုင်မြစ်တို့ကို အဲလို တစ်ဖက်တစ်ချက်ကနေ Light show လုပ်ရင်လဲ လှမှာ.... ကမ်းနားလမ်းက နန်းသီတာဆိပ်ကမ်းကို သားသားနားနား ပန်းခြံလေးလောက် လေညင်းခံဖို့လုပ်ပေးရင်တောင် အတော်ကောင်းမှာလို့တွေးမိတယ်... (ငယ်ငယ်က မီးပျက်ရင် မိသားစုတွေ နန်းသီတာဆိပ်ကမ်းကို ကားမောင်းပြီး လေညင်းခံ နေကြာစေ့စား စကားထိုင်ပြောတာ သတိရမိတယ်)...


At Victoria Harbor... လေလေးတဖြူးဖြူးနဲ့ ရာသီဥအေးအေးနဲ့ အေးဆေးလမ်းလျှောက်ရတာကိုကြိုက်တယ်...


Avenue of Stars

Symphony of Light ပြတဲ့ နေရာမှာပဲ Avenue of stars ရှိပါတယ်... ဟောင်ကောင် နာမည်ကြီး အနုပညာသမားတွေရဲ့ လက်ရာတွေကို လမ်းတစ်လျှောက် မြေပေါ်မှာ မြုပ်ထားပါတယ်... ရာသီဥတုလေးက လေတဖြူးဖြူးနဲ့ စိတ်လက်ကြည်နေပင်မဲ့ တစ်ခါတစ်လေတော့ ပတ်ဝန်းကျင်က ပြည်ကြီးတွေကြောင့် စိတ်ရှုပ်ရပါတယ်... ဥပမာ အစကဘယ်သူမှ မရှိတဲ့နေရာ ကိုယ်ဓာတ်ပုံရိုက်မှ အတင်းပြုံဝင်လာပြီးရိုက်တာတို့... သူများရိုက်နေလဲ ဖြတ်လျှောက်တာတို့... သူတို့ရိုက်ပြီးသွားလဲ အဲဒိနေရာမှာရပ်ပြီး မဖယ်ပေးပဲ ဓာတ်ပုံကို ပြန်ကြည့်နေတာတို့... ဒါပေမဲ့ သူတို့ကြောင့် စိတ်ရှုပ်ရတာ မတန်တာရော ညဘက်ဖြစ်တာရောကြောင့် သိပ်တောင် ဓာတ်ပုံမရိုက်ဖြစ်တော့ပဲ... ရောက်နေတဲ့အချိန်လေးကိုပဲ အပြည့်အဝခံစားလိုက်ပါတယ်... ဓာတ်ပုံရိုက်များတဲ့ နေရာတွေလဲ ကိုယ်ပဲ ရှောင်နေလိုက်ပါတယ်... Moment ကိုပဲ enjoy နေလိုက်ပါတယ်...




ချောင်ယွမ်ဖက်... ကျွန်မရဲ့ killer မင်းသားကြီး...

ဂျက်လီနဲ့ပေါ့...

Tony Leong, နဂါးနိုင်ဓားက မင်းသား.. တခြားသူ့ကားတွေလဲ အများကြီးကြည့်ဖူးတယ်..


Stephen Chow - ဟာသမင်းသား...


Hong Kong pride Bruce Lee

ငါးခြောက်နံ့မွှေးမွှေးလေးက လေအဝှေ့မှာ တစ်ချက်တစ်ချက်ရနေတော့ ငါးမကြိုက်တဲ့ ကျွန်မတောင် စားချင်စိတ်ဖြစ်မိပါတယ်... အဲဒိ တောက်လျှောက်မှာ လှည်းလေးတွေနဲ့ ပြည်ကြီးငါးကို စက်နဲ့ပြားနေအောင်လုပ်ပြီး ကင်တဲ့ဆိုင်လေးတွေရှိပါတယ်... ဒီလိုနဲ့ ရာသီဥတုအေးအေးမှာ အဲဒိပူပူလေးစားရင်ကောင်းမှာပဲ... လိုက်ဖက်လို့ ရောင်းတာဖြစ်မယ်ဆိုပြီး Try ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်... စားကြည့်မှ ညှီလိုက်တာ မပြောပါနဲ့... ကိုယ်က ငါးမကြိုက်လို့လားတော့ မသိဘူး... အရမ်းညှီတယ်လို့ ခံစားရတယ်... ပြီးတော့ ငါးခြောက်က စိတ်ထဲထင်ထားတဲ့ မြန်မာငါးခြောက်လို လုံးလုံးခြောက်တာမဟုတ်ဘူး... ပြည်ကြီးငါး အစိုအပြားကို မြန်မာပြည်က ကြံရည်ကျိတ်စက်လိုမျိုး သူတို့ကတော့ အပူဒလိမ့်တုံး ၂ခုကြားကို ၃ ၄ ၅ခါလောက် ဖြတ်ထည့်လိုက်တာ... ကိုယ်တင်မဟုတ်ဘူး... သူငယ်ချင်းလဲ မကြိုက်ဘူး... 

အပြန်ကိုတော့ ကျွန်မတို့ ၂ယောက် ဟိုတယ်ကို လမ်းလျှောက်ပြန်ရင်း တွေ့တဲ့ restaurent မှာပဲ ဝင်စားဖြစ်တယ်... ကျွန်မက ထမင်းကြော်စားတယ်... HKD55 ကျတယ်... ပြီးတော့ SaSa Store ဝင်ဖြစ်တယ်... SaSa store က ဟောင်ကောင်က လမ်းတိုင်း နေရာတိုင်းလိုလိုမှာရှိတယ်... စကာၤပူမှာရှိတဲ့ SaSa store တွေထက်တောင်ကြီးတယ်... အစုံလဲရတယ်... သူ့သူငယ်ချင်းမှာလိုက်တဲ့ Face mask ဝင်ဝယ်... ကျွန်မကတော့ လျှောက်ကြည့်ရင်း လိုချင်တာဝယ် အပြီး ဟိုတယ်ပြန်ရောက်တယ်...

နောက်နေ့တော့ ရေလမ်းခရီး မကာအိုကိုသွားပြီး နာမည်ကျော် ခရစ်ယာဉ် Saint Paul ဘုရားကျောင်းပျက် ကြီးဆီ အရောက်သွားရအုံးမယ်...

Tuesday, August 14, 2012

Hong Kong Trip - Day 2 report (Trip to Tian Tan Buddha)



ခရီးစဉ် Highlight ဘုရားကြီးဆီသို့.... 

ပန်းတိုင်
မနက်စာ Hong Kong Famous Dim Sum...

ကျွန်မအတွက်တော့ ခရီးတစ်ခုကို ကိုယ့်ဘာသာကိုယ်စီစဉ်ပြီး Backpacker အနေနဲ့ သွားတာဟာ ခရီးသွားအဖွဲ့တွေနဲ့သွားတာထက် ရင်ခုန်စရာပိုကောင်းတဲ့ အချက်တွေထဲမှာ ကိုယ်စားချင်တာကို ရင်ခုန်စွာလိုက်ရှာရတာလဲ တစ်ခုအပါအဝင်ပါပဲ…
ဒုတိယနေ့အစမှာတော့ ၂ယောက်လုံး ဇွဲရှိရှိနဲ့ မနက် ၅နာရီခွဲလောက်ကတည်းက အိပ်ယာထ ပြင်ဆင်ပြီး ၇နာရီလောက်မှာ ထွက်ခဲ့ပါတယ်... ဒီနေ့မှာတော့ ကျွန်မဟောင်ကောင်ကို လာရခြင်းအကြောင်းထဲက အဓိကဖြစ်တဲ့ ဒင်းဆန်း (Dim Sum) စားခြင်းနဲ့ Tian Tan Giant Buddha ဘုရားကြီးရှိတဲ့နေရာကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ်...

ကံအားလျော်စွာပဲ ဟော်တယ်နဲ့ မနီးမဝေးမှာပဲ ဆိုင်အပြင်အဆင်အသင့်အတင့်နဲ့ ဒင်းဆန်းဆိုင်လေးဖွင့်နေပါပြီ... ဒင်းဆန်းက စကာၤပူနဲ့ ယှဉ်ရင် အရမ်းသက်သာမယ်လို့ မျှော်လင့်ခဲ့သော်လည်း အဲဒိဆိုင်ကတော့ ထင်သလောက်အရမ်းတော့ မသက်သာပါဘူး ("အရမ်း" လို့ပြောထားတဲ့အတွက် သက်တော့ သက်သာတယ်လို့ ဆိုလိုပါတယ်)... အရသာနဲ့ပတ်သတ်လို့ကတော့ ပြောစရာမရှိပါဘူး... ကျွန်မစားချင်တဲ့ ဒင်းဆန်းအရသာမျိုးကို ထိထိမိမိစားလိုက်ရတဲ့အတွက် ကျေနပ်မိပါတယ်... နိုင်လွန်ပုဇွန်ကလဲ လတ်ဆတ်ပြီး စားလိုက်ရင် ထုတ်ထုတ်မြည်ကာ ပုဇွန်တွေလဲ များပါတယ်... ပူနွေးနွေး အသားကင်ပေါက်စီကလဲ ဂျုံသားကနူးညံ့လတ်ဆတ်ပြီး အထဲက အသားအရသာကလဲ ပေါ့ပျက်ပျက်မဟုတ်ပဲ ထိထိမိမိရှိပါတယ်... ဝက်နံရိုးကလဲ အနှံ့ကမွှေးကြိုင်နေပြီး အသားကနူးအိ အရသာစိမ့်ဝင်လို့နေပါတယ်... သာမာန်အားဖြင့် စကာၤပူမှာရော မြန်မာပြည်တုန်းကရော အသားလုံးမကြိုက်တဲ့ကျွန်မ ဟောင်ကောင်မှာစားသမျှ အသားလုံးတိုင်းက ကျွန်မကို အသားလုံးတကယ်ကောင်းရင် စားလို့ကောင်းပါလားဆိုတဲ့ အသိကိုပေးခဲ့ပါတယ်... ထပ်စားချင်ပေမဲ့ အချိန်မမှီမှာရော နောက်နေရာတွေမှာ အစားကောင်းတွေ ထပ်တွေ့အုံးမယ်လို့ မျှော်လင့်တာရောကြောင့် ဒီလောက်ပဲစားပြီး ထွက်ခဲ့ပါတယ်... ဒါတောင် တော်တော်ဗိုက်ပြည့်သွားပါတယ်...  စုစုပေါင်း ဟောင်ကောင် ၇၈ ဒေါ်လာကျပါတယ်... ၆နဲ့စားရင် စလုံးဒေါ်လာ ၁၃ လောက်ကျပါတယ်...
Hong Kong ကို နောက်တစ်ခေါက်ထပ်သွားဖို့စဉ်းစားရင် ဒင်းဆန်းစားချင်တာလဲ အချက်၁ချက်ဖြစ်မယ်...

Tian Tan Giant Buddha ဆီသို့...

Tian Tan Giant Buddha က Lantau Island ပေါ်မှာရှိတာပါ... လေယာဉ်ကွင်းရှိတဲ့ ကျွန်းပေါ့... ကျွန်မတို့နေတဲ့ မြို့လည်ခေါင်ကနေ Tung Chung MTR ဂိတ်ကိုရောက်ဖို့ ၄၅ မိနစ်လောက်စီးလိုက်ရပါတယ်... LanTau ကျွန်းဘက်ကို အဖြတ်ကနေ စပြီး မြို့ပြရှုခင်းမျိုးတွေ မဟုတ်တော့ပဲ သဘာဝရှုခင်းတွေကလဲ ကြည့်ရတာ စိတ်ထဲကြည့်နူးစရာပါ... ပင်လယ်ပြင်ကြီးဘေးကနေ MTR ဖြတ်စီးတဲ့ ခံစားမှုမျိုးနဲ့ ရှုခင်းကလဲ ကျွန်မတွက်တော့ ပထမဆုံးပေါ့... အစက အိပ်ငိုက်နေတာတောင် ပြေသွားပါတယ်...

အဲဒိ MTR ကထွက်ထွက်ချင်းမှာ Factory outlet sale ရှိပြီး Branded တွေကို wholesale price မျိုးနဲ့ ရောင်းတဲ့ shopping mall ရှိပါတယ်… ကျွန်မတို့ရောက်သွားတဲ့ မနက် ၉နာရီလောက်မှာ မဖွင့်သေးပါဘူး… ကိုယ်လဲ နောက်ကျမှာစိုးတာနဲ့ အပြန်မှပဲ ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်… သူငယ်ချင်းကတော့ အဲဒိကို အတော်ဝင်ချင်ပုံရပါတယ်… ဒီလိုနဲ့ ဆိုင်းဘုတ်အတိုင်း ဟိုယောင်ယောင်ဒီယောင်ယောင် လျှောက်လိုက်ရင်ပဲ Tourist လို ပုံစံမျိုးတွေတွေ့တဲ့နေရာမှာ မေးမြန်းကြည့်တော့ Cable car က မဖွင့်သေးဘူးတဲ့… Cable car ကို Ngong Ping 360 လို့ခေါ်ပါတယ်...
 အဲဒိအချိန်မှာပဲ လူကြီးတစ်ယောက်က တန်းစီလို့ရဘီဆိုပြီး စီခိုင်းပါတယ်… ကျွန်မတို့လဲ ယောင်ဝါးဝါးနဲ့ ဝင်စီလိုက်ပါတယ်… လက်မှတ်လဲ မဝယ်ရသေးပါဘူး… ဘယ်မှာဝယ်ရမှန်းလဲ မသိပါဘူး… နောက်မှ ကျွန်မတို့ရှေ့က ဘိုမ ၂ယောက်နဲ့ စကားပြောရင်း သူတို့က အသွားကို Cable car စီးပြီး အပြန်ကားနဲ့ ဆင်းဖို့ ဝယ်လာပါတယ်… ဘာလို့လဲဆိုတော့ ကားနဲ့ အပေါ်ကိုတက်ရင် ဘယ်ဂိတ်က ဘယ်လိုစစီးပြီး ဘယ်ဂိတ်ဆင်းရမှန်း ရေရေရာရာ မသိတာရော ဘာရောမို့ပါ… ဒါနဲ့ ကျွန်မတို့လဲ လက်မှတ်ရောင်းတဲ့ ကောင်တာကိုသွား ရှိတဲ့ Package တွေကို တိုက်ကြည့်… ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစား…. နောက်တော့လဲ သူတို့လိုအစီအစဉ်က အကောင်းဆုံးမို့ ကျွန်မတို့လဲ အဲလိုပဲ ဝယ်လိုက်ပါတယ်… ဘာလို့လဲဆိုတော့ အပေါ်မှာ ဘာတွေရှိမှန်းကိုယ်က မသေချာသေးတော့ ဘတ်စ်ကားစီးပြီးတက်ရင် အချိန်ကုန်မှာမို့ အသွားကို cable car စီးပြီး အပြန် bus နဲ့ အေးဆေးဆင်းဖို့ပါ... cable car ၁ကြောင်းနဲ့ ဘတ်စ်ကား ၁နေကုန် ကြိုက်သလောက်စီးကို ဟောင်ကောင် ၁၀၄ ဒေါ်လာကျပါတယ်...

ရင်ခုန်စရာ Cable Car...

မကြာခင်ပဲ Cable car ဖွင့်ပါတယ်… Cable car က ၂မျိုးရှိပါတယ်…. ၁မျိုးက car အောက်ခြေက ဖန်အကြည်ဖြစ်ပြီး အောက်ကို မြင်နေရတာရယ်… နောက်တစ်မျိုးကတော့ ရိုးရိုးအပိတ်ပါပဲ… မှန်အကြည်နဲ့က ဈေးပိုပေးရပါတယ်... သူငယ်ချင်းက ဖန်အကြည်နဲ့ဟာမစီးရဲတာနဲ့ ရိုးရိုးအပိတ်ပဲစီးပါတယ်... cable car ထဲရောက်ပြီး အဆောက်အအုံထဲက ထွက်လိုက်တာနဲ့ တောင်လေအေးအေးတွေက ရှိတဲ့ အပေါက်တွေကနေ စိမ့်ကနဲ အေးကနဲဝင်လာပါတော့တယ်... တဖြည်းဖြည်းမြင့်လာတာနဲ့အမျှ အနောက်မှာကျန်ခဲ့တဲ့ မြို့ပြနဲ့ ပင်လယ်ဝရဲ့ ရှုခင်းက ကြည့်ချင်စရာကောင်းသလို ကျွန်မတို့ သူငယ်ချင်း၂ယောက်လဲ ဓာတ်ပုံရိုက်ခြင်းလုပ်ငန်းကို စကြပါတော့တယ်... :) ...


တောင်ကြားက မြို့ပြ

Cable car ပေါ် ၅မိနစ်လောက်ရောက်အပြီး မြင်ကွင်း...


တဖြည်းဖြည်းဝေး...

ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေဝေ.....

ရှူခင်းတွေ ခံစားရင်း...

တောင်တန်းတွေဆီ ငါလာဘီ...

တဖြည်းဖြည်းနဲ့ တောင်တွေဘက်ကိုရောက်လာတော့လဲ အောက်က လူသွားတောလမ်းသေးသေးလေးကိုမြင်နေရပြီး လျှောက်ချင်စိတ်ဖြစ်မိပါတယ်... သူငယ်ချင်းကတော့ "မလျှောက်ရဲပေါင်" လို့ချက်ချင်းဖြေပါတယ်... အဲဒိတောင်ကုန်းတွေပေါ်မှာ Pre-wedding ဓာတ်ပုံရိုက်ရင်လှမှာပဲလို့တွေးမိတယ်... ဒါပေမဲ့ အဲလိုဝတ်စုံကြီးတွေဝတ်ပြီး ဒီတောင်ကုန်းပေါ်ရောက်ဖို့တော့ ခက်လိမ့်မယ်... ရာသီဥတုနဲ့ ရှုခင်းတွေ တဝကြီး ခံစားခွင့်ရတဲ့အတွက် cable car စီးရတာ တန်တယ်လို့ထင်မိတယ်... မိနစ် ၂၀ လောက်စီးအပြီးမှာတော့ တောင်ထိပ်ပေါ်က ဘုရားဆင်းတုတော်ကြီးကို လှမ်းမြင်ဖူးမြှော်နိုင်ပါပြီ... တောင်တန်းတွေထဲက တောင်ထိပ်ပေါ်မှာပေါ်နေတဲ့ ဘုရားဆင်းတုတော်ကြီးကို မြင်တွေ့ရတာ စိတ်ထဲမှာ ကြည်ညိုမိသလို... ကိုယ်တစ်နေ့တော့ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့နေရာထဲက တစ်နေရာကို ရောက်ပြီဆိုတဲ့ အတွေးကလဲ ဝမ်းသာမဆုံးပါပဲ...
ဖူးမျှော်ချင်တဲ့ ဘုရားကြီးကို ဖူးမျှော်ရတဲ့အတွက် အိပ်မက်လိုပါပဲ...

ဒီဓာတ်ပုံတွေသာ ကိုယ်တိုင်မရိုက်ခဲ့ရင် ဒီအိပ်မက်ဆန်ဆန် ရှူခင်းကို တွေ့ကြုံခဲ့ရတာကို ယုံဖို့ခက်မယ်...
နောက် ၅ မိနစ် ၆ မိနစ်လောက်မှာတော့ cable car station ဖြစ်တဲ့ ဘုရားကြီးတောင်ခြေမှာရှိတဲ့ Ngong Ping Village ကိုရောက်ပါတယ်... ရွာသာပြောတယ် လူနေအိမ်ခြေလဲမရှိဘူးထင်ပါတယ်... ဈေးဆိုင်တွေ ပြတိုက်တွေပဲ ရှိပါတယ်... ကျွန်မတို့ရောက်တဲ့အချိန်က အနည်းငယ်စောနေသေးတဲ့အတွက် အဲဒိ ရွာထဲမှာ ဘာဆိုင်မှ သိပ်မဖွင့်သေးပါဘူး... ဒီလိုနဲ့ အဲဒိရွာလမ်းအတိုင်း လျှောက်လာရင်း ဘုရားကြီးနဲ့ ပိုပိုနီးနီးလာပါတယ်.... နောက်ဆုံး ဘုရားကြီးတောင်ခြေရောက်တော့ တွေ့လိုက်ရတဲ့ လှေကားထစ်တွေ ပုံထဲကအတိုင်းပါပဲ... ကျွန်မအရင်ကထင်ထားတာက လှေကားက မတက်ချင်ရင် ဓာတ်လှေကားဖြစ်စေ... တခြားသယ်ယူပို့ဆောင်ရေးဖြစ်စေ ရှိမယ်ထင်ခဲ့တာ... ဒါပေမဲ့ မရှိပါဘူး... အဲဒိလှေကားတွေကို ကိုယ်တိုင်တက်ရပါမယ်... သူငယ်ချင်း၂ယောက်လဲ မိန်းကလေးပီပီ တစ်ယောက်ကို အလှပြင်ပစ္စည်း ပိုက်ဆံအိပ် ပတ်စပို့ရေဗူး စသည်ဖြင့် ဘာညာသာရကာတွေပါတဲ့အထဲကမှ... ဗွီဒီယိုကင်မရာရယ်... ဓာတ်ပုံကင်မရာရယ်.. ဒေါက်တံရယ်နဲ့ ပစ္စည်းတွေက မနည်းမနောပါပဲ... ကဲ... ယူလာချင်အုံး.. ဓာတ်ပုံရိုက်ရင် လှချင်အုံးဟဲ့... သယ်လိုက်အုံးဟဲ့.... ဆိုပြီး လှေကားတစ်ကန့်တက်လိုက် နားလိုက်နဲ့ ကိုယ့်နောက်မှတက်တဲ့ သက်ကြီးရွယ်အို နိုင်ငံခြားသားတွေတောင် ကိုယ့်ပြန်ကျော်တက်သွားပါတယ်...


Cable car station က အထွက် Ngong Ping ရွာဝင်ဝ
ဘုရားကြီးတောင် ခြေတော်ရင်း...


The Weather is just perfect

အေးချမ်းတဲ့ ဘုရားရိပ်...

တကယ်ရောက်ချင် တကယ်သွား အဟုတ်ရောက်ရမည်...

ဘုရားကြီးရင်ပြင်ပေါ်ရောက်တော့ ဘုရားဖူးပြီး ၂ယောက်သား ထိုင်နားနေလိုက်ပါသေးတယ်... နေ့လည်ရောက်ခါနီးနေဆိုတော့ အနည်းငယ်ပူပင်မဲ့ အရိပ်ထဲရောက်သွားတာနဲ့ ရာသီဥတုက အေးစိမ့်နေပါတယ်... နားနေပီးမှ အတွင်းဘက်ဝင်ကြည့်တော့ ဆုံးပါးပြီးသွားသူများရဲ့ နာမည်တွေနဲ့ ပြာအိုး(ရှိမရှိမသေချာပါ) ထားတာတွေ့ရပါတယ်... အဲဒိအထဲမှာ ဓာတ်ပုံ ဗွီဒီယို ရိုက်ခွင့်မရှိပါဘူး... အဲဒိထဲမှာ ဟောင်ကောင်နာမည်ကျော် အဆိုတော် မင်းသမီး Anita Mui ရဲ့ အရိုးပြာအိုးနဲ့ နာမည်ကိုလဲတွေ့ရပါတယ်... သူ့နာမည်ထားထားတဲ့နေရာမှာ လက်ဆောင်ပစ္စည်းတွေနဲ့ အမှတ်တရရေးဖို့ စာအုပ်ထားထားပါတယ်... နိုင်ငံတကာက ပရိတ်သတ်တွေရဲ့ဆုတောင်းတွေကို တွေ့နိုင်ပါတယ်... ကျွန်မနဲ့ သူငယ်ချင်းလဲ မြန်မာက ပရိတ်သတ်အနေနဲ့ မြန်မာလိုရေးပြီး ဆုတောင်းပေးခဲ့ပါတယ်...

Po Ling သတ်သတ်လွတ် ဘုန်းကြီးကျောင်းသို့ အလည်တစ်ခေါက်...


Po Ling Monastery အပြင်ရှိ မုဒ်ဦး... ဘုရာကြီးတောင်ခြေ... 

ဘုန်းကြီးကျောင်း အဝင်...
ဘုန်းကြီးကျောင်းမှာ သတ်သတ်လွတ်ထမင်း အလကားကျွေးတယ်တော့ပြောတယ်... ဘယ်မှာသွားစားရမှန်းမသိခဲ့ဘူး...
ဘုန်းကြီးကျောင်းအထွက်က မြင်ရတဲ့ မြင်ကွင်းပါ...

တောင်အောက်ကိုပြန်ဆင်းလာပြီး အနီးနားက Po Lin ဘုန်းကြီးကျောင်းကို ဝင်ပါတယ်... ဒီဘုရားကြီးကို Po Lin ဘုန်းကြီးကျောင်းက ၁၉၉၃ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာလို့ ဝီကီမှာတွေ့ရပါတယ်... ဘုန်းကြီးကျောင်းကအထွက် လာလမ်းတိုင်း ပြန်လျှောက်ရင်း တွေ့တဲ့ဆိုင်တွေက သိပ်ကောင်းမဲ့ပုံမပေါ်ပင်မဲ့ ဖြတ်လျှောက်ခဲ့တဲ့ Ngong Ping Village မှာ ဆိုင်တွေရှိတယ်ဆိုတာ ကျွန်မတို့ မသိခဲ့ပါဘူး... ကျွန်မတို့ မနက်ကလာတုန်းက စောသေးတော့ အဲဒိရွာက ဘာဆိုင်မှ ဖွင့်မထားပါဘူး... ဒီတော့ ရှေ့ဆက်သွားလို့ မရှိရင် ပြန်လျှောက်ပြီး အချိန်ကုန်မှာစိုးတာနဲ့ နီးနားကတွေ့တဲ့ဆိုင်မှာပဲ ဖြစ်သလိုစားလိုက်ကြပါတယ်... အမဲသား ကြာဇံပြုတ်ပါ... ဘာအရသာမှ သိပ်မရှိပါဘူး... ဗိုက်မဝလို့ ရှေ့က ပြောင်းဖူးပြုတ်ဝယ်စားပါတယ်... နောက် soya bean curd ဝယ်စားပါတယ်... တော်ရုံကျွန်မ Soya Bean Curd မကြိုက်ပင်မဲ့ အဲဒိက Bean Curd ကတော့ ဂျင်းနံ့မွှေးမွှေးလေးမို့ ကြိုက်နှစ်သက်ခဲ့ပါတယ်...


နောင်တရခဲ့တဲ့ နေ့လည်စာ.. ဂျင်းနံ့နဲ့ soya Bean လေးကတော့ တမျိုးလေးကောင်းတယ်...


ကျွန်မအဲဒိမှာသွားချင်တဲ့နေရာတစ်ခုက Wisdom Path ဆိုတဲ့နေရာပါ... အနီးနားမှာရှိတယ်ဆိုတာသိပေမဲ့ ဘယ်လိုသွားရမှန်းမသိပါဘူး... ကျွန်မထင်ခဲ့တာက ဘတ်စ်ကားစီးပြီး နောက်တစ်တောင်ကို သွားရမယ်ထင်နေတာပါ... သေချာ Research မရှာခဲ့တဲ့ အပြစ်တွေပေါ့... ဟိုရောက်မှ ကြည့်လုပ်မယ်ဆိုပြီး ပြင်ဆင်မှုမရှိခဲ့တာ နောက်မလုပ်မိအောင် သင်ခန်းစာရပါတယ်... နေ့လည်စာ စားပြီး Ngong Ping Village ကို ပြန်အဖြတ်မှာ နောင်တကြီးစွာရပါတော့တယ်... စားသောက်ဆိုင်တွေအများကြီးမှ ကိုယ့်ပါးစပ်နဲ့ကိုက်မဲ့ အစားအစာမျိုးတွေ Starbuck တို့ ဘာတို့လိုဆိုင်မျိုးတွေအစုံနဲ့ စည်စည်ကားကားဖြစ်နေတာတွေ့တော့ အရသာမရှိတဲ့ ကြာဇံပြုတ်ကြောင့် ပြည့်နေတဲ့ဗိုက်ရယ်၊ အဲဒိဆိုင်မှာ ထိုင်စားခဲ့တဲ့အချိန်ရယ်ပြန်မရနိုင်တော့တာမို့ ရင်နာစွာနဲ့ မစားဖြစ်ခဲ့ပါဘူး... 


Ngong Ping Village က ဗုဒ္ဓဝင်ပြခန်းရှေ့... ဝင်မကြည့်ဖြစ်ခဲ့ဘူး... သူများတွေပြောတော့ ကောင်းတယ်တော့ပြောတယ်...

Ngong Ping ရွာထဲမှာ ဟောသလို ဆိုင်ကောင်းတွေ စားဖို့ရှိတယ်... အဟင့်....

စားသောက်ဆိုင်မှ ပေါလွန်းလို့ပေါ့....

မျက်စိလည် ရောက်ခဲ့တဲ့ Tai O Fisherman Village...

ကျွန်မတို့ ၂ယောက်လဲ ဘတ်စ်ကားဂိတ်ကို သွားပြီး သူများတန်းစီနေတဲ့နေရာကို စီလိုက်ပါတယ်... စီနေတဲ့သူတွေက စလုံးလူမျိုးတွေပါပဲ... မမေးမမြန်းပဲ သူများစီလို့လိုက်စီတာ မကောင်းမှန်း သင်ခန်းစာရခဲ့တာပါ... သို့သော် လုံးလုံးတော့ မဆိုးဝါးခဲ့ပါဘူး... အတွေ့ကြုံသစ်ပေါ့... အဲလိုသာ မမှားခဲ့ရင်  Tai O Fisherman Village ကို ကျွန်မရောက်ခဲ့မှာ မဟုတ်ပါဘူး... စစချင်းတော့ သွားချင်တဲ့ Wisdom Path ကို မရောက်လို့ စိတ်အတော်လေးတိုခဲ့ပါတယ်... ဒါပေမဲ့ Tai O Fisherman village ကလဲ ကျွန်မသွားချင်တဲ့ list ထဲမှာပါပါတယ်... ကျွန်မကအဲဒိကို သွားချင်ခဲ့ပင်မဲ့ သူငယ်ချင်းက သိပ်သွားချင်ပုံမရလို့ မသွားတော့ပါဘူးဆိုပြီး ဆုံးဖြတ်ထားခဲ့တာပါ... ဒါပေမဲ့ ရောက်သွားပါတယ်... တံငါရွာလေးပါပဲ... ခြေတံရှည်အိမ်လေးတွေကို ရေစပ်မှာဆောက်ထားတာလဲ တွေ့ရပါတယ်... ပင်လယ်စာ ငါးခြောက်တွေ ကမာတွေ အစုံရောင်းတဲ့ ဈေးတန်းလေးကို ဖြတ်ပြီး ရွာအတွင်းပိုင်းကို ဝင်လာပါတယ်... ငါးခြောက်တွေကတော့ အတော်လေး ဈေးချိုမဲ့ပုံပါပဲ... သို့သော် မသယ်နိုင်တာရယ်၊ ကျွန်မက ငါးမကြိုက်တာရယ်၊ အနံ့နံတာရယ်ကြောင့် ငါးကြိုက်တဲ့ ဖေဖေသာပါရင် ဆိုပြီး စိတ်ထဲတွေးမိပါတယ်...


Mood မကောင်းသော်လည်း ဆိုင်းဘုတ်နဲ့ အမှတ်တရ ပြုံးပြုံးလေးနော်...


ရွာဝင်ဝက ပင်လယ်စာ ဈေးတန်းလေး... လတ်လတ်ဆတ်ဆတ်နဲ့ ဈေးချိုတယ်...

တံငါရွာဘဝ.... တံငါရွာ အလှ...

ရွာလည် တံတားပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းပါ... ရွာထဲမှာတော့ သဗ္ဗာန်၊ စက်ဘီး၊ ဆိုက်ကားနဲ့ ခြေလျင် ပို့ဆောင်ရေးပဲသုံးကြတယ်ထင်တယ်... ရွာထိပ်က ဘတ်စ်ကားဂိတ်ကလွဲလို့...

စားခဲ့တဲ့ နေ့လည်စာကို နောင်တနောက်တစ်ကြိမ်အကြီးအကျယ်ရတာကတော့ Seafood restaurant ကိုတွေ့လိုက်ရတဲ့အချိန်မှာပါ... တံငါရွာမှာ Seafood လတ်လတ်ဆတ်ဆတ်ကို ဟောင်ကောင်စတိုင်ချက်လေးနဲ့ လွေးလိုက်ရရင်ဖြင့် ဟင်း.... ဟင်း.... အဲဒိအချိန်မှာလူက Wisdom path သွားချင်တာ မရောက်... မကောင်းတဲ့နေ့လည်စာကြီးစားလာလို့ စိတ်ကတို... အထုတ်တွေသယ်လာရတာ လူက ပန်းနေပါဘီ... ဈေးတန်းထဲမှာ လိမ္မော်သီးအကြီးကြီးတွေရောင်းတာတွေ့တာနဲ့ ဈေးမေးတော့ ၄လုံးမှ ဟောင်ကောင် ၁၀ တဲ့... လိမ္မော်သီး အကြီးကြီး ၄လုံးကို စကာၤပူဒေါ်လာ ၁ကျပ်ကျော်လောက်ပဲကျပါတယ်... ဒါပေမဲ့ ဘာဆိုဘာမှ သယ်ချင်စိတ်မရှိဖြစ်နေတဲ့ ကျွန်မက လက်တလောစားဖို့ ၂လုံးလောက်ပဲရောင်းပါဆိုတော့ ဈေးသယ်အဘွားအိုက သဘောကောင်းစွာပဲရောင်းပါတယ်... ပိုက်ဆံတောင် ပြန်အမ်းစရာ သူ့ခမျာမရှိပါဘူး... လိမ္မော်သီးဝယ်ပြီး ရွာထဲကို ဆက်လျှောက်ရင်းစားတော့မှ ပြီးပြည့်စုံပြီး လန်းဆန်းသွားစေတဲ့ အရသာရှိလှတဲ့ လိမ္မော်သီးကြောင့် ကျွန်မအားတွေပြန်ပြည့်ခဲ့ပါတယ်.... ၄လုံးဝယ်ခဲ့ကောင်းသားဆိုပြီး မိန်းမသားသဘာဝ လောဘကြီးနောင်တရလိုက်ပါတယ်... အဲဒိအချိန်မှာ မိန်းကလေးတွေချည်းပဲမလာပဲ ချစ်သူဖြစ်စေ၊ ယောကျာၤးလေး သူငယ်ချင်းဖြစ်စေ၊ မောင်တွေဖြစ်စေ အထုတ်သယ်ပေးခိုင်းဖို့ ပါလာရင်သိပ်ကောင်းမှာပဲလို့ တောင့်တမိပြန်ပါတယ်... (ဒီလိုအချိန်တွေဆို သူတို့လေးတွေကို သတိတရပေါ့)


ရွာလမ်းဆုံးမှာ ဟောဒီဘုရားကျောင်းလေးနဲ့ ရှောင်လင်သိုင်းကျင့်တဲ့ ကွင်းလေးတွေ့ပါတယ်...

Finally To Wisdom Path...

အဲဒိရွာက ကားဂိတ်မှာပဲ Wisdom Path ကို ဘယ်လိုသွားရလဲသွားမေးတော့... တော်တော်များများကလဲ အင်္ဂလိပ်လိုသိပ်မပြောတတ်ပါဘူး... တတ်သလောက် Chinese နဲ့ ၂ယောက်သားမေးတော့လဲ သူတို့က ကားလာရင်ပြောမယ်တဲ့... ကားလာတော့ တက်လိုက်သွားပါတယ်... ရောက်သွားတဲ့နေရာက Ngong Ping Village ကိုပါပဲ.. အဲဒိအချိန်မှာ အချိန်က ညနေတောင်စောင်းနေပါပြီ... လူကလဲ ကိုယ်သွားဖြစ်အောင်သွားမယ်ဆိုတဲ့နေရာကို မရောက်လိုက်မှာကို စိုးရိမ်ပြီ စိတ်တွေတိုလာပါပြီ... သူငယ်ချင်းကတော့ သိပ်တောင် မသွားချင်တော့တဲ့ပုံပေါက်ပင်မဲ့ ကျွန်မ သွားချင်နေတော့ သူ့ခမျာလိုက်မေးပေးရှာပါတယ်... (တစ်ခါတစ်လေ ကျွန်မက စိတ်တိုလွယ် စိတ်ပျော့လွယ်မို့ ကိုယ့်သူငယ်ချင်းတွေထဲမှာ ခုလို သည်းခံနိုင်တဲ့သူတွေရှိနေတာကို သိပ်ကျေးဇူးတင်မိပါတယ်)... လူတွေတစ်ယောက်မေးရင်လဲ ပြတဲ့ လားရားက တစ်ယောက်တစ်မျိုးဖြစ်နေပါတယ်... နောက်ဆုံးအဲဒိမှာ မဏ္ဍပ်ထိုးအလှူခံနေတဲ့သူတွေကိုသွားမေးမှ အဲဒိက ခပ်ချောချောအင်္ဂလိပ်လိုလဲ အတော်လေး ဘိုသံပေါက်အောင်ပြောတတ်တဲ့ လူတစ်ယောက်က လည်လည်ဝယ်ဝယ်ဖြေပါတော့တယ်... ဒါတောင် သိပ်နားမလည်လို့ သူ့ကို အဲဒိနားက မြေပုံထောင်ထားတဲ့နေရာကို ခေါ်ထုတ်လာပြီး ပြခိုင်းတော့မှ ဘုရားကြီးတောင်ခြေကနေ တည့်တည့် (ဘုရားကြီးတောင်ရဲ့ ဘယ်ဘက်ခြမ်းတောလမ်း)ထဲကို မိနစ် ၃၀လောက်လျှောက်ရမယ်လို့ပြောပါတယ်... သူက "ဝေးတယ်နော် လျှောက်နိုင်ပါ့မလား တောလမ်းနော်" လို့ သတိပေးတော့ ကျွန်မသူငယ်ချင်းမျက်နှာသေးသေးလေးပဲကျန်ပါတယ်... 


ဘုရားကြီးကနေ Wisdom Path သွားတဲ့မြေပုံ

ကျွန်မကတော့ ကျွန်မသွားချင်တဲ့နေရာကို မရောက်အောင် အဖျက်တွေတားနေတယ်လို့ခံစားရပြီး... "ငါ့ကို ဒီလိုလာတားလို့မရဘူး" ဆိုပြီး သွားမယ်ပဲဆုံးဖြတ်ထားပါတယ်... အင်တာနက်ပေါ်မှာ ကြိုဖတ်ခဲ့လို့ လက်မှိတ်ဓာတ်မီး တစ်ခု ကျွန်မထည့်လာပါတယ်... ညနေစောင်းရင် တောလမ်းတွေက မြို့ပြထက် ပိုမှောင်တယ်ဆိုတာကိုလဲ ကျွန်မသိပါတယ်... ကျွန်မသူငယ်ချင်းကို "မလိုက်ချင်လဲ နင်ဒီမှာစောင့်နေခဲ့... ငါကတော့ မရောက်ရောက်အောင်သွားမယ်... မဟုတ်ရင် ဒီကို ကားနဲ့ ပြန်တက်လာတဲ့ အချိန်အလကားဖြစ်သွားမယ်" လို့ပြောလိုက်ပါတယ်... ဒါပေမဲ့ သူမလိုက်ရင်တော့ ကျွန်မတစ်ယောက်တည်း တောလမ်းလျှောက်ရမှာတော့ ကျွန်မကြောက်ပါတယ်... ကြောက်သော်ငြားလဲ ကျွန်မသွားမှာပါ... သို့သော် သူငယ်ချင်းကလဲ နေခဲ့ရမှာလဲ ကြောက်... သူလဲ အဲဒိနေရာကို ရောက်ချင်ပုံရပါတယ်... လိုက်လာပါတယ်... ပါးစပ်ကတော့ တပ်ခေါက်ဖို့ပဲ ကျွန်မကို အကြိမ်ကြိမ်နားချချင်ပါတယ်... တောစပ်ဝကို ရောက်တော့ အပေါ်တောလမ်းကနေ အမေရိကန် လင်မယား ၂ယောက် ဆင်းလာပါတယ်... ဒါနဲ့ ကျွန်မလဲ သူတို့ကို wisdom Path ကို ဘယ်လမ်းလဲမေးတော့ သူတို့လဲ အဲဒိသွားမှာလို့ပြောပါတယ်... "အတော်ပဲ ငါတို့လဲ ကြောက်လို့ မသွားလဲမသွားတတ်ဘူး" လို့ပြောတော့ သူက ကြောက်စရာမရှိပါဘူးတဲ့... ယောကျာၤးက အသက်ကြီးကြီးဆိုပေမဲ့ ပျော်တတ်တဲ့ပုံပါပဲ... မိန်းမက အရမ်းမငယ်ပေမဲ့ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့ လှတယ်... အဲလူကြီးက အမေရိကန်လေသံနဲ့ ဘာတွေပြောပြီး ရီသလဲမသိဘူး... ကျွန်မရော သူငယ်ချင်းရောကလဲ ကြောက်စိတ်ရယ် အတွေးကိုယ်စီရယ်ဆိုတော့ သူ့လေသံကိုလဲ မဖမ်းမိပါဘူး... သူရီတော့ ကိုယ်လဲလိုက်ရီ... သူက မေးခွန်းပဲမေးသလားဘာလားတော့မသိဘူး... နောက်တော့ အဲလူကြီးလဲ ပါးစပ်ပိတ်သွားရော... အဟိ... 

ကျွန်မကြောက်တာက သရဲထက် လူကို ပိုကြောက်ပါတယ်... (ကြောက်စရာ လူမရှိရင်တော့ သရဲကြောက်ပါတယ်) သူငယ်ချင်းကတော့ အဲဒိလူတွေနဲ့ ထပ်ချက်မခွာလိုက်ချင်ပါတယ်... တဖက်က ကျွန်မအနေနဲ့ကတော့ ခပ်လှမ်းလှမ်းမြင်ရရုံလောက်ကပဲ လိုက်ချင်ပါတယ်... ကျွန်မဆန္ဒပြည့်ပါတယ်... ဘာလို့လဲဆိုတော့ သူတို့က ခြေလှမ်းကျဲကြီးတွေနဲ့ ဘာပစ္စည်းမှလဲ မသယ်ထားတော့ အရမ်းမြန်ပါတယ်... ကျွန်မတို့လိုက်မမှီပါဘူး... အဲဒိအသွားလမ်းမှာ စားသောက်ဆိုင်အဟောင်းကြီးမှာ(မြေပုံထဲက Tea Garden) ဘယ်သူမှလဲ မရှိပဲ အရုပ်တွေကိုပဲ တိုင်တွေမှာချည်ပြီး စာခြောက်ရုပ်သဘောမျိုးထားထားတဲ့ ဆိုင်ကိုတွေ့တော့ Creepy ဖြစ်တယ်လို့ ကျွန်မခံစားရပင်မဲ့ အတွေးကို ချက်ချင်းဖြတ် ကြောက်စိတ်ကို အမြစ်ဖျက်လိုက်ပါတယ်... ကိုယ်ကြောက်နေရင် သူငယ်ချင်းကပိုကြောက်လိမ့်မယ်... သေချာပါတယ်... နောက်မှသူပြောတော့ သူအဲဒိမှာ အတော်ကြောက်နေပါတယ်... 


ခဏတာကြုံတွေ့ခဲ့ရတဲ့ ခရီးသွား လင်မယား... မမေ့နိုင်တဲ့ အတွေ့အကြုံလေးပေါ့...

ဒါပေမဲ့ ဟိုလူပြောသလို တောလမ်းက ဒီလောက်လဲ မကြမ်းပါဘူး... ကျိုက်ထီးရိုးတက်ဖူးတဲ့ကျွန်မအတွက်ကတော့ သနားတောင် သနားသေးတယ်လို့ပြောချင်ပါတယ်... တကယ့်ကို ရိုးရိုးတောလမ်းလေးပါ... မိနစ် ၃၀မပြောနဲ့ ကျွန်မစိတ်ထင် ၁၅မိနစ် လောက်လျှောက်ပြီးတော့ အောင်မြင်စွာပဲ Wisdom Path ကိုရောက်သွားပါတယ်... အဲဒိရောက်တော့ တခြားခရီးသွားတွေလဲတွေ့ပါတယ်... တောရိပ်တောင်ခိုးတွေနဲ့ လေကောင်းလေသန့်ကလဲ စိတ်ကို ကြည်နူးသွားစေပါတယ်... အဲဒိကနေဆက်ပြီး ၄နာရီစာ တောင်တက်ချင်ရင်ရပါသေးတယ်... တခြားခရီးသွားတွေ ဆက်တက်တာတွေ့ပါတယ်... ကိုယ်က အချိန်မရှိတာရော၊ လူစုနည်းတာရောကြောင့် မလုပ်တော့ပါဘူး... Wisdom Path မှာပဲ အေးဆေးထိုင် လေကောင်းလေသန့်ရှူ ဓာတ်ပုံရိုက်ဖြစ်ပါတယ်...  စကာၤပူမှာ တောတောင်မရှိတော့ တောတောင်ရေမြေသဘာဝကို အလွန်ပဲ နှစ်သက်တဲ့ ကျွန်မအတွက်တော့ ရောက်အောင်လာခဲ့တာ တန်တယ်လို့ထင်ပါတယ်... တိုခဲ့သမျှ စိတ်တွေအရိပ်တောင်မမြင်ရပဲ စိတ်လဲ ကြည်ရွှင်သွားပါတယ်... သူငယ်ချင်းကတောင် တောလမ်းဆက်လျှောက်ချင်လိုက်တာလို့ပြောပါသေးတယ်...


ဒီရှုခင်းကတော့ စိတ်ရှုပ်ခဲ့သမျှတွေကို မေ့သွားစေတယ်...

နှစ်ပေါင်းရာချီကြာနေတဲ့ ဆုတောင်းတိုင်ကြီးတွေပါ... Infinity သင်္ကေတပုံစံမျိုး ထောင်ထားတာပါ...

Wisdom Path အလယ်မှာ...

ဟိုးထိပ်ထိ ကုတ်တက်ပြီး ဓာတ်ပုံရိုက်လာတယ်...

ဒီလေ... ဒီတော... ဒီတောင်က ကြိုးစားရကျိုးနပ်ပါတယ်...


အပြန်မှာတော့ တရုတ်မိသားစု သမီး ၃ယောက်နဲ့ အဖေ အမေတို့နဲ့ သူကျော်တက်လိုက် ကိုယ်ကျော်တက်လိုက်နဲ့ အေးအေးလူလူပဲ Tian Tan Buddha တောင် ခြေတော်ရင်းကို ပြန်ရောက်လာပါတယ်... အဲဒိအချိန်မှာ ညနေ ၅ခွဲ ၆လောက်ရှိနေပါပြီ... တခြားသွားစရာ အနီးနားက ရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေရှိတယ်ဆိုပေမဲ့ အချိန်မရတော့လို့ တောင်အောက်ဆင်းတဲ့ကားနဲ့ ပြန်ဆင်းလာလိုက်ပါတယ်... ၁နာရီနီးပါးပြန်စီရပါတယ်...

အလာတုန်းက ဝင်ချင်တဲ့ Brand Factory outlet တွေရှိတဲ့ Shopping mall ကို ဝင်ကြည့်ဖြစ်ပါတယ်... သူငယ်ချင်းပြောပုံအရ စကာၤပူထက်စာရင် ဈေးသက်သာပေမဲ့ အရမ်းမသက်သာတာရော... ဒါတွေဝယ်ပြီး နောက်ရက်တွေ ပိုက်ဆံမလောက်မှာစိုးရတာရော (credit card တော့ မသုံးလိုပါ) အကြီးမားဆုံးအချက် မသယ်နိုင်တာရော၊ ဒီလောက်ထိ လိုချင်လောက်တဲ့ ပစ္စည်းမတွေ့တာရောကြောင့် မဝယ်ဖြစ်ပါဘူး... အပေါ်ထပ်မှာ Food republic ရှိတာနဲ့ အတော်ပဲဆိုပြီး စကာၤပူမှာစားနေကျ Pepper lunch hotplate beef ကိုပဲ စားလိုက်ပါတော့တယ်... "ဒီထမင်း ကောင်းလို့လဲစားတာပါ... ဆိုင်ရှင်လေး ချောလို့လဲသွားတာပါ".... ဟဲ ဟဲ... 

Going back to Hotel....

အပြန်မှာတော့ Hong Kong MTR ဘူတာမှာ အင်တာနက် အလကားသုံးလို့ရတာနဲ့ အီးမေးလ်ပို့ ကမ္ဘာ့ အသုံးအများဆုံး ဆိုဒ်ကိုဝင်ကြည့်ခဲ့ပါတယ်... ခုလို Free internet service ပေးထားတာ ခရီးသွားတွေအတွက် အရမ်းအဆင်ပြေပါတယ်... စကာၤပူမှာတောင် အဲဒါမျိုး Service မရှိပါဘူး... 


တော်တော်များများက Facebook ဝင်ကြည့်တာများပါတယ်...
ဟော်တယ်ကို ပြန်ရောက်ချိန်တော့ ၂ယောက်သား မိန်းကလေးသဘာ၀ စကားတွေပြော၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ကိုယ့်ရဲ့ ဆပ်ဆပ်တုန်အောင် နာနေတဲ့ ခြေထောက်လေးတွေ ဆေးလိမ်းရင်း ကိုယ့်ဘာသာ နှိပ်နယ်ကာ အိပ်ပျော်သွားကြပြန်ပါတော့တယ်...