Thursday, August 30, 2012

Hong Kong trip Day 3 - Visit to Ocean Park and Victoria Harbour

၂၀ ရက် ၁လ ၂၀၁၂
Welcome to Ocean Park Hong Kong

ကျွန်မတို့ရဲ့ လမ်းဘေး ဒင်းဆန်းဆိုင်ရှာဖွေရေး mission ကို ဒီနေ့မှာ အထူးအကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်... သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်က ဟောင်ကောင်မှာ လမ်းဘေးဒင်းဆန်းဆိုင်လေးတွေက အရမ်းဈေးသက်သာတယ်လို့ပြောလိုက်လို့ ကျွန်မသူငယ်ချင်းရဲ့ဆန္ဒက အဲလိုဆိုင်မျိုးကို မစားလိုက်ရမရှိရလေအောင် လိုက်ရှာစားချင်တာပါပဲ... ဒါကသူ့ရဲ့ မလုပ်မဖြစ်လုပ်မယ်ဆိုတဲ့ စာရင်းထဲပါပုံထောက်တာရော၊ ကိုယ်လဲ ဒင်းဆန်းကို ဈေးပေါပေါနဲ့တဝကြီးစားချင်တာရော၊ လမ်းဘေးဒင်းဆန်းဆိုင်တွေ ရှာရလွယ်မယ်ထင်တာရောကြောင့် ကျွန်မတို့ ၂ယောက်ရဲ့ ရှာဘုံတော်ခရီးစဉ်ကိုစခဲ့ပါတယ်...

အဲဒိနေ့က ဟော်တယ်ကို Morning Call မနက် ၆နာရီခေါ်ခိုင်းထားပေမဲ့ ၂ယောက်လုံးပြန်အိပ်လိုက်ကြတာ ၇နာရီခွဲမှနိုးပါတယ်... သိတဲ့အတိုင်း ပြင်ဆင်ကြာမြင့်ချိန် ၁နာရီခွဲဆိုတော့ ၉နာရီမှဟော်တယ်ကထွက်ဖြစ်ပါတယ်... ဒီနေရာမှာပြောချင်တာက ကျွန်မအမြင် ဟောင်ကောင်က စကာၤပူထက် Night life ပိုရှည်ပါတယ်... ညဘက်တော်တော်နောက်ကျတဲ့အထိ လူစည်ပါတယ် (ကိုယ်နေတဲ့နေရာက Orchard လို လူစည်တဲ့နေရာဖြစ်နေလို့လားတော့ မသိပါ).. ဒါပေမဲ့ မနက် ၇နာရီ ၈နာရီလောက်ဆိုရင်လဲ လမ်းသွယ်တွေထဲ လူအတော်ရှင်းပါသေးတယ်... (ဘယ်အချိန်အလုပ်သွားကြလဲတော့မသိပါ...)

ကျွန်မတို့ နေတဲ့ ဟိုတယ်က Tim Sha Tsui (တင်မ်ရှဆွေ) ဘူတာနဲ့ ဂျော်ဒန်ဘူတာကြားမှာပါ... တင်မ်ရှဆွေနဲ့တော့ ပိုနီးမယ်ထင်ပါတယ်... ဂျော်ဒန်ဘက်မှာ လမ်းဘေးဆိုင်တွေများမယ်ထင်တာနဲ့ အဲဒိဘက်ကို ဦးတည်ကြပါတယ်... လမ်းမတန်းပေါ်ရောက်တော့ လူတွေများပါတယ်... လမ်းတစ်လျှောက်လဲ ကျွန်မတို့စားချင်တဲ့ပုံစံမျိုးဆိုင်မတွေ့တာနဲ့ မနေ့ကရခဲ့တဲ့ သင်ခန်းစာကြောင့် ရှေ့မှာအကောင်းတွေရှိအုံးမယ်ဆိုပြီး ဆက်လျှောက်လာပါတယ်... လမ်းမတန်းအတိုင်းလျှောက်လာတာ လမ်းမပေါ်မှာတော့ ကျွန်မတို့စားချင်တဲ့ လမ်းဘေးဆိုင်ပုံစံမျိုးမတွေ့ပါဘူး... ဒါနဲ့ လမ်းသွယ်တွေထဲကို ဝင်ရှာပါတော့တယ်... ဟိုလမ်းဝင် ဒီလမ်းထွက်လုပ်သလို ကိုယ်သွားလာတဲ့ လားရားလမ်းတွေကိုလဲ မျက်စိမလည်အောင် သတိနဲ့ မှတ်နေရပါတယ်... ဒါလဲ မတွေ့ပါဘူး... နေမြင့်လေ အရူးရင့်လေမဟုတ်ပဲ... နေမြင့်လေ ဗိုက်ဆာလာလေပါပဲ... အတွေးထဲမှာ လွယ်လွယ်နဲ့ တွေ့မယ်ထင်တဲ့ လမ်းဘေးဒင်းဆန်းဆိုင်က ၄၅မိနစ်လောက်ရှာပြီးတဲ့အထိ အရိပ်အယောင်တောင်မမြင်တော့ ကျွန်မအနေနဲ့ လက်လျှော့ချင်လာတယ်... ဘာလို့လဲဆိုတော့ မသေချာတဲ့အရာတစ်ခုအတွက်နဲ့ အချိန်တွေကုန် အားအင်တွေခမ်းဖြစ်တာကို မလိုလားလို့... အချိန်နဲ့ ခွန်အားကို ပိုက်ဆံနဲ့ပဲလဲလိုက်ချင်တယ်... ဈေးကြီးရင်ကြီးပါစေ တွေ့တဲ့ဆိုင်ပဲ ဝင်စားလိုက်ချင်တယ်...

Jordan ရဲ့ ညဈေး လှည်းလေးတွေနဲ့ ရောင်းတဲ့နေရာကိုလဲ ရောက်တယ်... ဒါပေမဲ့ မနက်ဆိုတော့ အားလုံးပိတ်ထားလေရဲ့... ၄၅ မိနစ်လောက်ရှာပြီးမှ အငွေ့တစ်ဝေေ၀နဲ့ လမ်းထောင့်က အိမ်ဆိုင်လိုလေးရောင်းနေတာကိုတွေ့တယ်... အဲဒိနားကို ဖြတ်လျှောက်ပြီးပြီလိုစိတ်ထဲထင်နေတယ်... ဘာလို့မတွေ့ခဲ့လဲ မသိဘူး... မဖွင့်သေးတာများလား... ဒါပေမဲ့ခုတော့ ကန္တာရထဲမှာ အိုအေစစ်တွေ့တဲ့သူလို ကျွန်မတို့၂ယောက် ဟုတ်ရဲ့လား ဟုတ်ပါ့မလားနဲ့ သွားကြည့်တော့ ဟုတ်နေတယ်... ဒါပေမဲ့ ဆိုင်က ထိုင်စားလို့မရဘူး... ဖော့ဘူးနဲ့ထည့်ပေးတာ... ဒါပေမဲ့ မတတ်နိုင်ဘူး အချိန်မဖြုန်းချင်တာနဲ့ စားချင်တာတွေလက်ညှိုးထိုးပြီးမှာလိုက်ရော... အမဲသားလုံး၊ ဝက်သာလုံး စုံလို့ပဲ... ပြီးတော့ ၂ယောက်သား အဲဆိုင်ထောင့်လေးမှာကပ်ပြီး မတ်တပ်လေးစားနေတော့ ဆိုင်ရှင်မိန်းမကြီးက ခုံလေးထုတ်လာပေးတယ်... ၁လုံးတည်းမို့ မုန့်ကိုအဲပေါ်တင်ပြီး ကျွန်မတို့ရပ်စားကြတယ်... အရသာကကောင်းလွန်းလို့ ကျန်တာတွေတောင် မေ့သွားတယ်... ၂ယောက်သား ပျော်ရွှင်ပြီးစားကြတယ်... လောကကြီးက အချိန်တွေကို ခဏမေ့ထားပြီး မုန့်ကိုပဲခံစားလိုက်တယ်... အဲဒီလို မျိုးစုံထည့်စားတာတောင် ဟောင်ကောင်ဒေါ်လာ ၂၀ ပဲကျတယ်... စကာၤပူဒေါ်လာ ၃ကျပ်ကျော်ပဲ... 

ဗိုက်ကလဲတင်း မုန့်တွေကလဲ မကုန်... ဒါတောင် ပေါက်စီဝယ်လိုက်သေးတယ်... မကုန်တဲ့ အသားလုံးတွေကို ဖော့ဘူးနဲ့ပဲ ယူသွားမယ်ဆိုပြီး သယ်လာပြီးမှ လမ်းမှာ ဆီတွေပေါက်ကျလို့ ၂ယောက်သား လမ်းမလယ်မှာ ရပ်စားနေတော့ လူတွေဝိုင်းကြည့်တာခံလိုက်ရတယ်... 

ဒီလိုနဲ့ ဗိုက်လဲဝပြီး ဆိုတော့ Ocean Park ကို ဦးတည်လိုက်တယ်... Disney Land တော့ မသွားဖို့ ၂ယောက်လုံးသဘောတူလိုက်တယ်... သူဘာလို့မသွားချင်လဲတော့ မသိ.. ကျွန်မကတော့ ဂျပန်တုန်းကလဲ ရောက်ဖူးလို့ Ocean Park ကိုရွေးလိုက်တာ... Ocean Park သွားပုံလမ်းညွှန်ကတော့...

Admiralty ဘူတာကိုစီး... ထွက်ပေါက် B ကထွက်...
Special City Bus no. 629 ကို ၂၅ မိနစ်လောက်စီးရင် Ocean Park တည့်တည့်ရောက်တယ်....
ဘတ်စ်ကားခ တစ်ယောက်ကို $10.6 ကျတယ်... (တတိယမြောက်နေ့မှာ ဘတ်စ်ကားကဒ်ကို HK$50 ထပ်ဖြည့်ရတယ်... ဝယ်တုန်းက အထဲမှာ Value HK$100, card deposit HK$50 ရှိတယ်)...
Ocean Park သွားတဲ့ လမ်းတစ်လျှောက်

ရုပ်ရှင်ထဲက ဟောင်ကောင်အက်ရှင်ကားတွေမှာ မင်းသားတွေပြေးတဲ့လမ်းမျိုး... :)

မြို့ပြ၊တောင်တန်းနဲ့ အားကစားကွင်း...

ဘတ်စ်ကားပေါ်ကနေ ဟောင်ကောင်မြို့ကို လှည့်လည်ကြည့်ရှုရလို့ ဘတ်စ်ကားစီးရတာလဲ အလကားတော့မဖြစ်ပါဘူး... Ocean Park ဝင်ကြေးက တစ်ယောက်ကို HK$250 (Ard SGD 42)

အထဲရောက်တော့ အရင်ဆုံးလူတွေအများကြီးဝင်နေတဲ့ Aquarium ကို လိုက်ဝင်လိုက်ပါတယ်... ဂျပန်နဲ့ ကိုရီးယားမှာ မြင်ဖူးခဲ့တဲ့ Aquarium တွေလိုပါပဲ... ဒီမှာက ကစားကွင်းကို လာလည်တဲ့ ပြည်ကြီးတရုတ်တွေများတဲ့အတွက် အလိုက်ကမ်းဆိုးမသိစွာ ပြုမူတာတွေကြောင့် တစ်ခါတစ်ရံ စိတ်အနှောင့်အယှက်ဖြစ်ရတာပဲကွာပါတယ်... 


Big Aquarium 

မနက်က လမ်းအတော်လေးလျှောက်လိုက်ရတာရော၊ လူတွေများတာရော၊ ရှေ့ရက်က ပင်ပန်းထားတာရောကြောင့် လူက နှုံးချင်ချင်ဖြစ်နေတယ်... သို့သော် အနည်းငယ်တော့ စီးဖြစ်ပါတယ်... နောက်ဆုံး ခြောက်ကပါးနားက Roller Coaster ကိုစီးမယ်ဆိုပြီး ၂ယောက်သား တွန့်ဆုတ်ဆုတ်နဲ့ တန်းစီလိုက်ပါတယ်... သူငယ်ချင်းက "ဖြစ်ပါ့မလား... ငါကြောက်လာဘီ... ထွက်ရင်မှီသေးတယ်" ပြောနေတုန်း ကျွန်မက သူ့ကို ဘာမှမကြောက်နဲ့ ငါတို့ မသေလောက်ပါဘူး... ကြောက်စရာမရှိပါဘူး... ဆိုပြီး အားပေးနေရင်း တဖြည်းဖြည်း စီးရခါနီးလေ ကျွန်မစိတ်ထဲမှာလဲ ဖြစ်ပါ့မလားဆိုပြီး ကြောက်လာလေပါပဲ... ဘာလို့လဲဆိုတော့ ပင်ပန်းထားပြီးလူက အားနည်းသလိုဖြစ်နေတော့ ဒါစီးပြီးရင် မူးပြီး တစ်နေကုန်အလကားဖြစ်မှာကိုကြောက်တာပါ... သို့သော် ခြောက်ကပါးနားမှာဆောက်ထားပြီး ဘေးက ပင်လယ်ဝကို မြင်နေရသလို... ပင်လယ်ဝအထက်ကနေသွားနေတဲ့ Cable car လေးတွေကိုမြင်နေရတဲ့ ရှုခင်းကလဲ အတော်လှပါတယ်... ဒီလို ရှုခင်းနဲ့ ဒီလိုခြောက်ကပါးပေါ်က Roller Coaster ကိုစီးရင် ဘယ်လောက်ထိကြောက်ဖို့ကောင်းမလဲ သိချင်ပါတယ်...
Roller Coaster ဘေးကမြင်ကွင်း...

စီးဖြစ်တော့ ဇောက်ထိုးက အနည်းဆုံး ၃ ၄ ခါလောက်ဖြစ်ပါတယ်... ကျွန်မလဲ မျက်စိမှိတ်ပြီး စီးနေပင်မဲ့ တစ်ချက် တစ်ချက်တော့ ဇောက်ထိုးမဖြစ်တဲ့အချိန်ဆို ဖွင့်ကြည့်ပါတယ်... တစ်ချိန်မှာ ကံဆိုးချင်တော့ ကျွန်မမျက်လုံး ဖွင့်ကြည့်ချိန် ဇောက်ထိုးဖြစ်တာနဲ့ကြုံတော့ ပင်လယ်ဝနဲ့ တောင်တန်းတွေ ရုပ်ရှင်ထဲကအတိုင်း ၃၆၀ ဒီဂရီလည်ထွက်သွားတာကို ကြုံလိုက်ပါတော့တယ်... အဲဒိအချိန်မှာ လူက အံချင်သလိုဖြစ်ပြီး အရမ်းမူးနေပါပြီ... မြန်မာပြည်က Roller Coaster စီးရင် "ဒါပဲလား... ဘာမှတောင် မဖြစ်လိုက်ဘူး" ဆိုပြီး complaint များနေကျ ကျွန်မ ခုတော့ "ဘယ်တော့မှ ပြီးမှာလဲ... မြန်မြန်ပြီးပါတော့" လို့သာ မျက်စိလုံးလုံးမှိတ်ရင်း ဆုတောင်းမိနေပါတော့တယ်...

စီးပြီးတော့ မူးပြီး အီလည်လည်ကြီးဖြစ်သွားလို့... တစ်ခုခုအမြန်စားဖို့ ရှာရပါတော့တယ်... ဒီလိုနဲ့ပဲ ဝက်သားနဲ့ခရမ်းချဉ်သီးအရည်နဲ့ ထမင်းကို HKD60 နဲ့ဝယ်စားဖြစ်တယ်... စာလို့လဲ မကောင်းပါ... အာသာလဲ မပြေပါ... သူငယ်ချင်းဝယ်လာတဲ့ မနက်က ဒင်းဆန်းဆိုင်က ပေါက်စီလဲစားလိုက်ပါတယ်... ဟီး... (Dolphin Show ကြည့်ပြီးတော့ ပိုအားရှိသွားအောင် Ice-cream နဲ့ ပြောင်းဖူးပြုတ်လဲ စားပါသေးတယ်... Ice-cream + water = HKD45, Steam Corn = HKD18)
စားလို့မကောင်းတဲ့ HKD60 တန် Lunch...


ပြီးတော့ Dolphin show ကြည့်ဖို့သွားတော့ ၃ခွဲမှပြမယ်တဲ့... ခုမှ ၂ခွဲပဲရှိသေးတော့ စောင့်ရမယ်... ဒါပေမဲ့ ကျွန်မလဲ မူးနေတာနဲ့ ခုံဦးရင်း ထိုင်စောင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်... သူငယ်ချင်းကိုတော့ ကိုယ့်ကြောင့်ဆွဲထားသလိုဖြစ်မှာစိုးလို့ တခြားသွားချင်ရင်သွား ကျွန်မကတော့ ဒီမှာထိုင်ကျန်ခဲ့မယ်လို့ပြောလိုက်တော့ သူထွက်သွားပါတယ်... အဲဒိမှာ ငုတ်တုတ်ထိုင်ရင်း အထုတ်တွေပေါ်ခေါင်းတင်ပြီး ခဏအိပ်ပျော်သွားပါသေးတယ်... ဘေးက ပြည်ကြီးတရုတ်တွေ ဆူဆူညံညံရောက်လာမှ နိုးသွားပါတယ်... ကြည့်လိုက်တော့ ခုံတွေအားလုံးပြည့်နေကြပြီ... သူငယ်ချင်းက ပြန်မလာသေးတော့ ကျွန်မဦးထားတဲ့ ခုံကို မျက်စောင်းထိုးနေကြတဲ့သူတွေလဲရှိနေတယ်... အိပ်လိုက်တော့ ခေါင်းနည်းနည်းပြန်ကြည်သွားတယ်... အနောက်တမ်းက ပြည်ကြီးတရုတ်မိသားစုက Burger တွေဝယ်စားပြီး ကလေးကို စပိုးနင့်အောင်ကျွေးနေကတည်းက တစ်ခုခုဖြစ်တော့မယ်စိတ်ထဲထင်နေတာ... ပွဲပြီးခါနီးလောက်မှာ ဒီလောက် လူတွေများတဲ့ပွဲခင်းထဲမှာ ထင်တဲ့အတိုင်းပဲ အန်ချပါတော့တယ်... ဒါတောင် ဘေးကလူတွေကို တောင်းပန်ခြင်းလုံးဝမရှိပါဘူး... ကံကောင်းလို့ ကျွန်မဘက်မဟုတ်လို့ ဘေးက စုံတွဲကတော့ အနည်းငယ်ပေချင်သလိုဖြစ်သွားတယ်... ဒါပေမဲ့ ဘာမှ commotion လုပ်ပုံမပေါက်ပဲ manner ရှိပုံထောက်တော့ ဟောင်ကောင်စုံတွဲဖြစ်မယ်ထင်ပါတယ်... ကိုယ်လဲ သူငယ်ချင်းအတွက်ဦးထားတဲ့ ခုံဘက် အသာပြောင်းထိုင်လိုက်ပါတယ်... မကြာမီပဲ ပွဲပြီးသွားလို့သာတော်တော့တယ်... နိုင်ငံတစ်နိုင်ငံကို လည်တဲ့အခါမှာ အဲဒိနိုင်ငံက ယဉ်ကျေးမှု၊ ရှုခင်း၊ အစားအသောက်တွေအပြင်၊ ကြုံတွေ့ရတဲ့ လူပေါင်းစုံကလဲ အမှတ်ရစရာတွေဖြစ်စေသလို ဗဟုသုတ အတွေ့အကြုံတွေလဲ ပေးတတ်တဲ့အတွက် ဒါကိုလဲ အလေးထားဖို့လိုအပ်ပါတယ်...


Dolphin show view...


အဲဒိနောက်တော့ ဘာမှထပ်မစီးဖြစ်တော့ပဲ ပန်ဒါတွေထားတဲ့နေရာဘက်လျှောက်ရင်း ဓာတ်ပုံပဲရိုက်ဖြစ်ပါတော့တယ်... ညနေစောင်းတော့မှ Hotel ခဏပြန်ပြီး သယ်ရရှုပ်တဲ့ Stand ကြီးထားခဲ့ပါတော့တယ်... (မထားခဲ့သင့်ဘူး.. ညဘက်ရှုခင်းက Stand နဲ့မှလှတာ) အဲဒိနေ့အတွက် နောက်တစ်နေရာကို သွားဖြစ်ပါတော့တယ်...






Panda လေး ၂ကောင်ပဲကျန်တော့တယ်... ဒါက အမလေး...

Symphony of Light & Avenue of Star (Victoria Harbor) 
ကိုယ်ရိုက်လာတာတွေမလှတော့ photo credit to www.Discoverhongkong.com

လူက ဘာရယ်မှန်းမသိ ပင်ပန်းနေတော့ စတန်းကို မသယ်ချင်တော့ပါဘူး... ဘာလို့လဲဆိုတော့ စတန်းသိပ်သုံးပြီးလဲ မရိုက်ဖြစ်လို့ပါ... အဲဒိနေရာက ကျွန်မတို့ ဟော်တယ်နဲ့ နီးပါးတယ်... Tim Sha Tsui MRT ကနေ Exit J ကိုထွက်ပြီး ၅မိနစ်ပဲလမ်းလျှောက်ရပါတယ်တဲ့... ကျွန်မတို့လဲ မမေးမဆန်းပဲ ဆိုင်းဘုတ်အားကိုးနဲ့ပဲလျှောက်လာပါတယ်... သူတို့ MTR ရဲ့ လှိုင်ခေါင်းတွေက စကာၤပူလို သိပ် မနီးပဲ အဝေးကြီး လျှောက်ရပါတယ်... အတော်လေးလျှောက်မှ Exit J ရောက်သွားပါတယ်... ထွက်ထွက်ချင်း မျှားနဲ့ ဆိုင်းဘုတ်တွေ့လို့ အဲဒိအတိုင်းသွားပါတယ်... သွားနေရင်းကို နောက်ဆိုင်းဘုတ်တစ်ခုကို မတွေ့တော့ပါဘူး... လမ်းလည်မှာတင် လမ်းပျောက်သွားပါတယ်... မြေပုံထုတ်ကြည့်တော့လဲ ကိုယ်ဘယ်ရောက်နေမှန်းရေရာ မသိ... နောက်ဆုံးတော့ အဖြူစုံတွဲကိုတွေ့တာနဲ့ သူတို့လဲ အဲသွားမှာထင်တယ်ဆိုတဲ့ စိတ်မှန်းနဲ့ သူတို့သွားတဲ့နောက် ခပ်မှောင်မှောင်ပန်းခြံဘက်ကို လိုက်သွားပါတယ်... မဟုတ်ရင်တော့ သွားဘီဆိုတဲ့ ဇနိုးဇနောင့်စိတ်ကလဲဖြစ်နေပါသေးတယ်.... အဲဒိစုံတွဲက ပန်းခြံတစ်နေရာရောက်တော့ သူတို့ကိုစောင့်နေတဲ့ အုပ်စုနဲ့တွေ့ပြီး စကားပြောပြီးကျန်ခဲ့ပါတယ်... ကိုယ်ကတော့ စမ်းတဝါးဝါးနဲ့ ဆက်လျှောက်ရင်း လူတော်တော်များများ သွားတဲ့ ဘက်ကိုလိုက်ကာ နောက်ဆုံတော့ ရောက်သွားပါတယ်...

မြစ်ဘက်ကလာတဲ့ လေအေးအေးက မျက်နှာကို ရိုက်ခတ်တဲ့အချိန်မှာ လူက လန်းဆန်းသွားသလို အရိုးထဲ တစ်ချက် ချမ်းစိမ့်ဝင်သွားပါတယ်... အဲဒိမှာ ရှိတဲ့ ဖျော်ဖြေရေးကို ခဏဝင်နားထောင်ပြီး ၂ယောက်သား symphony of light ကြည့်ဖို့နေရာယူလိုက်ပါတယ်... ၂ယောက်လုံးက အရပ်ပုတော့ အရှေ့မှာနေရာရမှ ဖြစ်မှာလေ... ဟဲ ဟဲ... ရှိုးကို စောင့်ရင်း သူငယ်ချင်း ၂ယောက် ရာသီဥတုအေးအေးမှာ စကားတွေပြောကြ ရီကြတာလဲ ခင်မင်မှုကိုပိုခိုင်မြဲစေပြီး YUFL တက္ကသိုလ်တူတူတက်ခဲ့တဲ့ ကာလတွေကို ပြန်လည်သတိရမိပါတယ်...

ည ၈နာရီမှာ Symphony of Light show စပါတယ်... ဒီဘက်ကမ်းကနေ တီးလုံးတွေနဲ့ ဟိုဘက်ကမ်းက အဆောက်အအုံးက မီးတွေ စီးချက်ညီညီကတဲ့ light show ပါ... Tourist attraction တစ်ခုအနေနဲ့ ညတိုင်း အလကားပြတာပါ... ကြည့်နေရင်းနဲ့ ငါတို့ နိုင်ငံက ရန်ကုန်မြစ်တို့ လှိုင်မြစ်တို့ကို အဲလို တစ်ဖက်တစ်ချက်ကနေ Light show လုပ်ရင်လဲ လှမှာ.... ကမ်းနားလမ်းက နန်းသီတာဆိပ်ကမ်းကို သားသားနားနား ပန်းခြံလေးလောက် လေညင်းခံဖို့လုပ်ပေးရင်တောင် အတော်ကောင်းမှာလို့တွေးမိတယ်... (ငယ်ငယ်က မီးပျက်ရင် မိသားစုတွေ နန်းသီတာဆိပ်ကမ်းကို ကားမောင်းပြီး လေညင်းခံ နေကြာစေ့စား စကားထိုင်ပြောတာ သတိရမိတယ်)...


At Victoria Harbor... လေလေးတဖြူးဖြူးနဲ့ ရာသီဥအေးအေးနဲ့ အေးဆေးလမ်းလျှောက်ရတာကိုကြိုက်တယ်...


Avenue of Stars

Symphony of Light ပြတဲ့ နေရာမှာပဲ Avenue of stars ရှိပါတယ်... ဟောင်ကောင် နာမည်ကြီး အနုပညာသမားတွေရဲ့ လက်ရာတွေကို လမ်းတစ်လျှောက် မြေပေါ်မှာ မြုပ်ထားပါတယ်... ရာသီဥတုလေးက လေတဖြူးဖြူးနဲ့ စိတ်လက်ကြည်နေပင်မဲ့ တစ်ခါတစ်လေတော့ ပတ်ဝန်းကျင်က ပြည်ကြီးတွေကြောင့် စိတ်ရှုပ်ရပါတယ်... ဥပမာ အစကဘယ်သူမှ မရှိတဲ့နေရာ ကိုယ်ဓာတ်ပုံရိုက်မှ အတင်းပြုံဝင်လာပြီးရိုက်တာတို့... သူများရိုက်နေလဲ ဖြတ်လျှောက်တာတို့... သူတို့ရိုက်ပြီးသွားလဲ အဲဒိနေရာမှာရပ်ပြီး မဖယ်ပေးပဲ ဓာတ်ပုံကို ပြန်ကြည့်နေတာတို့... ဒါပေမဲ့ သူတို့ကြောင့် စိတ်ရှုပ်ရတာ မတန်တာရော ညဘက်ဖြစ်တာရောကြောင့် သိပ်တောင် ဓာတ်ပုံမရိုက်ဖြစ်တော့ပဲ... ရောက်နေတဲ့အချိန်လေးကိုပဲ အပြည့်အဝခံစားလိုက်ပါတယ်... ဓာတ်ပုံရိုက်များတဲ့ နေရာတွေလဲ ကိုယ်ပဲ ရှောင်နေလိုက်ပါတယ်... Moment ကိုပဲ enjoy နေလိုက်ပါတယ်...




ချောင်ယွမ်ဖက်... ကျွန်မရဲ့ killer မင်းသားကြီး...

ဂျက်လီနဲ့ပေါ့...

Tony Leong, နဂါးနိုင်ဓားက မင်းသား.. တခြားသူ့ကားတွေလဲ အများကြီးကြည့်ဖူးတယ်..


Stephen Chow - ဟာသမင်းသား...


Hong Kong pride Bruce Lee

ငါးခြောက်နံ့မွှေးမွှေးလေးက လေအဝှေ့မှာ တစ်ချက်တစ်ချက်ရနေတော့ ငါးမကြိုက်တဲ့ ကျွန်မတောင် စားချင်စိတ်ဖြစ်မိပါတယ်... အဲဒိ တောက်လျှောက်မှာ လှည်းလေးတွေနဲ့ ပြည်ကြီးငါးကို စက်နဲ့ပြားနေအောင်လုပ်ပြီး ကင်တဲ့ဆိုင်လေးတွေရှိပါတယ်... ဒီလိုနဲ့ ရာသီဥတုအေးအေးမှာ အဲဒိပူပူလေးစားရင်ကောင်းမှာပဲ... လိုက်ဖက်လို့ ရောင်းတာဖြစ်မယ်ဆိုပြီး Try ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်... စားကြည့်မှ ညှီလိုက်တာ မပြောပါနဲ့... ကိုယ်က ငါးမကြိုက်လို့လားတော့ မသိဘူး... အရမ်းညှီတယ်လို့ ခံစားရတယ်... ပြီးတော့ ငါးခြောက်က စိတ်ထဲထင်ထားတဲ့ မြန်မာငါးခြောက်လို လုံးလုံးခြောက်တာမဟုတ်ဘူး... ပြည်ကြီးငါး အစိုအပြားကို မြန်မာပြည်က ကြံရည်ကျိတ်စက်လိုမျိုး သူတို့ကတော့ အပူဒလိမ့်တုံး ၂ခုကြားကို ၃ ၄ ၅ခါလောက် ဖြတ်ထည့်လိုက်တာ... ကိုယ်တင်မဟုတ်ဘူး... သူငယ်ချင်းလဲ မကြိုက်ဘူး... 

အပြန်ကိုတော့ ကျွန်မတို့ ၂ယောက် ဟိုတယ်ကို လမ်းလျှောက်ပြန်ရင်း တွေ့တဲ့ restaurent မှာပဲ ဝင်စားဖြစ်တယ်... ကျွန်မက ထမင်းကြော်စားတယ်... HKD55 ကျတယ်... ပြီးတော့ SaSa Store ဝင်ဖြစ်တယ်... SaSa store က ဟောင်ကောင်က လမ်းတိုင်း နေရာတိုင်းလိုလိုမှာရှိတယ်... စကာၤပူမှာရှိတဲ့ SaSa store တွေထက်တောင်ကြီးတယ်... အစုံလဲရတယ်... သူ့သူငယ်ချင်းမှာလိုက်တဲ့ Face mask ဝင်ဝယ်... ကျွန်မကတော့ လျှောက်ကြည့်ရင်း လိုချင်တာဝယ် အပြီး ဟိုတယ်ပြန်ရောက်တယ်...

နောက်နေ့တော့ ရေလမ်းခရီး မကာအိုကိုသွားပြီး နာမည်ကျော် ခရစ်ယာဉ် Saint Paul ဘုရားကျောင်းပျက် ကြီးဆီ အရောက်သွားရအုံးမယ်...

8 comments :

AMK said...

အစ်မ ပို့ ကိုဖတ် ပြီး ဟောင်ကောင်တော့  သွားလည် အုံးမယ် ဒင်းဆန်း ကောင်းကောင်းစားဖို့ 

mabaydar said...

အင်း... ဒင်းဆန်းကတော့ ဟောင်ကောင်မှာ ဘယ်လိုနေရာ ဘယ်လိုဆိုင်မျိုးမှာစားစား မဗေဒါ စားခဲ့သမျှတော့ အကုန်ကောင်းတယ်... သွားဖြစ်အောင် သွားနော်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ခရီးတွေ သွားနေတယ်ပေါ့
ပုံတွေကြည့်ရတာကိုက ပျော်စရာကြီး
အားကျလိုက်တာ
စိတ်လွတ်လက်လွတ် ခရီးသွားရတာ တကယ်ကိုကျေနပ်စရာ

ဆွေလေးမွန် said...

ညီမလေးရော မအားလပ်လို့ ဘလော့ လောကကြီးကနေ ပျောက်နေပေမယ့်
ခုလို အလုပ်ထဲက နေ ခေါင်းဖော်နိုင်တဲ့ အချိန်လေး
ဘလော့ တွေလိုက်လည်ပြီး စာတွေဖတ်နေတယ်။
အလုပ်တွေ လုပ်ပြီး အချိန်တွေ ကုန်နေလိုက်တာ .
ဆောင်းတွင်းတောင် ပြန်ရောက်တော့ မယ်..
:) :) :)

Anonymous said...

မဗေဒါ
အနည်းငယ်
ဝလာသည်။း))

ပုံ
မရဲတရဲပြောသူတစ်ဦး :D

mabaydar said...

ဟုတ်တယ်.... စိတ်ညစ်တယ်... အသက်တွေကကြီးလာတော့ Metabolism တွေက ကျလာတယ်နဲ့တူတယ်.... ၀လာတယ်..
အစားတွေကတော့ စားကောင်းမြဲပဲ... ခံတွင်းကောင်းနေသေးတယ်ဆိုတော့ ကျန်းမာရေးတော့ ကောင်းသေးတယ်... အဟိ...

Anonymous said...

မဗေဒါရေ ..
ဟောင်ကောင် ပို့ စ်လေး ဆက်ရေးပါဦး .. :)

mabaydar said...

@Anonymous -ရေးပါ့မယ်။ သြစီပိုစ့်ကို အရင်ဖြတ်ရအုံးမယ်... သြစီပိုစ့်မရေးခင် ဒရမ်မာ review ၂၀ ရေးမယ်ဆိုတာကို အရင်ဖြတ်ရမယ်... ဟိ... ခုတော့ ၇ကားပြီးပြီဆိုတော့ ၁၃ကားကျန်တယ်...