Tuesday, August 14, 2012

Hong Kong Trip - Day 2 report (Trip to Tian Tan Buddha)



ခရီးစဉ် Highlight ဘုရားကြီးဆီသို့.... 

ပန်းတိုင်
မနက်စာ Hong Kong Famous Dim Sum...

ကျွန်မအတွက်တော့ ခရီးတစ်ခုကို ကိုယ့်ဘာသာကိုယ်စီစဉ်ပြီး Backpacker အနေနဲ့ သွားတာဟာ ခရီးသွားအဖွဲ့တွေနဲ့သွားတာထက် ရင်ခုန်စရာပိုကောင်းတဲ့ အချက်တွေထဲမှာ ကိုယ်စားချင်တာကို ရင်ခုန်စွာလိုက်ရှာရတာလဲ တစ်ခုအပါအ၀င်ပါပဲ…
ဒုတိယနေ့အစမှာတော့ ၂ယောက်လုံး ဇွဲရှိရှိနဲ့ မနက် ၅နာရီခွဲလောက်ကတည်းက အိပ်ယာထ ပြင်ဆင်ပြီး ၇နာရီလောက်မှာ ထွက်ခဲ့ပါတယ်... ဒီနေ့မှာတော့ ကျွန်မဟောင်ကောင်ကို လာရခြင်းအကြောင်းထဲက အဓိကဖြစ်တဲ့ ဒင်းဆန်း (Dim Sum) စားခြင်းနဲ့ Tian Tan Giant Buddha ဘုရားကြီးရှိတဲ့နေရာကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ်...

ကံအားလျော်စွာပဲ ဟော်တယ်နဲ့ မနီးမဝေးမှာပဲ ဆိုင်အပြင်အဆင်အသင့်အတင့်နဲ့ ဒင်းဆန်းဆိုင်လေးဖွင့်နေပါပြီ... ဒင်းဆန်းက စကာင်္ပူနဲ့ ယှဉ်ရင် အရမ်းသက်သာမယ်လို့ မျှော်လင့်ခဲ့သော်လည်း အဲဒိဆိုင်ကတော့ ထင်သလောက်အရမ်းတော့ မသက်သာပါဘူး ("အရမ်း" လို့ပြောထားတဲ့အတွက် သက်တော့ သက်သာတယ်လို့ ဆိုလိုပါတယ်)... အရသာနဲ့ပတ်သတ်လို့ကတော့ ပြောစရာမရှိပါဘူး... ကျွန်မစားချင်တဲ့ ဒင်းဆန်းအရသာမျိုးကို ထိထိမိမိစားလိုက်ရတဲ့အတွက် ကျေနပ်မိပါတယ်... နိုင်လွန်ပုဇွန်ကလဲ လတ်ဆတ်ပြီး စားလိုက်ရင် ထုတ်ထုတ်မြည်ကာ ပုဇွန်တွေလဲ များပါတယ်... ပူနွေးနွေး အသားကင်ပေါက်စီကလဲ ဂျုံသားကနူးညံ့လတ်ဆတ်ပြီး အထဲက အသားအရသာကလဲ ပေါ့ပျက်ပျက်မဟုတ်ပဲ ထိထိမိမိရှိပါတယ်... ၀က်နံရိုးကလဲ အနှံ့ကမွှေးကြိုင်နေပြီး အသားကနူးအိ အရသာစိမ့်ဝင်လို့နေပါတယ်... သာမာန်အားဖြင့် စကာင်္ပူမှာရော မြန်မာပြည်တုန်းကရော အသားလုံးမကြိုက်တဲ့ကျွန်မ ဟောင်ကောင်မှာစားသမျှ အသားလုံးတိုင်းက ကျွန်မကို အသားလုံးတကယ်ကောင်းရင် စားလို့ကောင်းပါလားဆိုတဲ့ အသိကိုပေးခဲ့ပါတယ်... ထပ်စားချင်ပေမဲ့ အချိန်မမှီမှာရော နောက်နေရာတွေမှာ အစားကောင်းတွေ ထပ်တွေ့အုံးမယ်လို့ မျှော်လင့်တာရောကြောင့် ဒီလောက်ပဲစားပြီး ထွက်ခဲ့ပါတယ်... ဒါတောင် တော်တော်ဗိုက်ပြည့်သွားပါတယ်...  စုစုပေါင်း ဟောင်ကောင် ၇၈ ဒေါ်လာကျပါတယ်... ၆နဲ့စားရင် စလုံးဒေါ်လာ ၁၃ လောက်ကျပါတယ်...
Hong Kong ကို နောက်တစ်ခေါက်ထပ်သွားဖို့စဉ်းစားရင် ဒင်းဆန်းစားချင်တာလဲ အချက်၁ချက်ဖြစ်မယ်...

Tian Tan Giant Buddha ဆီသို့...

Tian Tan Giant Buddha က Lantau Island ပေါ်မှာရှိတာပါ... လေယာဉ်ကွင်းရှိတဲ့ ကျွန်းပေါ့... ကျွန်မတို့နေတဲ့ မြို့လည်ခေါင်ကနေ Tung Chung MTR ဂိတ်ကိုရောက်ဖို့ ၄၅ မိနစ်လောက်စီးလိုက်ရပါတယ်... LanTau ကျွန်းဘက်ကို အဖြတ်ကနေ စပြီး မြို့ပြရှုခင်းမျိုးတွေ မဟုတ်တော့ပဲ သဘာဝရှုခင်းတွေကလဲ ကြည့်ရတာ စိတ်ထဲကြည့်နူးစရာပါ... ပင်လယ်ပြင်ကြီးဘေးကနေ MTR ဖြတ်စီးတဲ့ ခံစားမှုမျိုးနဲ့ ရှုခင်းကလဲ ကျွန်မတွက်တော့ ပထမဆုံးပေါ့... အစက အိပ်ငိုက်နေတာတောင် ပြေသွားပါတယ်...

အဲဒိ MTR ကထွက်ထွက်ချင်းမှာ Factory outlet sale ရှိပြီး Branded တွေကို wholesale price မျိုးနဲ့ ရောင်းတဲ့ shopping mall ရှိပါတယ်… ကျွန်မတို့ရောက်သွားတဲ့ မနက် ၉နာရီလောက်မှာ မဖွင့်သေးပါဘူး… ကိုယ်လဲ နောက်ကျမှာစိုးတာနဲ့ အပြန်မှပဲ ၀င်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်… သူငယ်ချင်းကတော့ အဲဒိကို အတော်ဝင်ချင်ပုံရပါတယ်… ဒီလိုနဲ့ ဆိုင်းဘုတ်အတိုင်း ဟိုယောင်ယောင်ဒီယောင်ယောင် လျှောက်လိုက်ရင်ပဲ Tourist လို ပုံစံမျိုးတွေတွေ့တဲ့နေရာမှာ မေးမြန်းကြည့်တော့ Cable car က မဖွင့်သေးဘူးတဲ့… Cable car ကို Ngong Ping 360 လို့ခေါ်ပါတယ်...
 အဲဒိအချိန်မှာပဲ လူကြီးတစ်ယောက်က တန်းစီလို့ရဘီဆိုပြီး စီခိုင်းပါတယ်… ကျွန်မတို့လဲ ယောင်ဝါးဝါးနဲ့ ၀င်စီလိုက်ပါတယ်… လက်မှတ်လဲ မ၀ယ်ရသေးပါဘူး… ဘယ်မှာဝယ်ရမှန်းလဲ မသိပါဘူး… နောက်မှ ကျွန်မတို့ရှေ့က ဘိုမ ၂ယောက်နဲ့ စကားပြောရင်း သူတို့က အသွားကို Cable car စီးပြီး အပြန်ကားနဲ့ ဆင်းဖို့ ၀ယ်လာပါတယ်… ဘာလို့လဲဆိုတော့ ကားနဲ့ အပေါ်ကိုတက်ရင် ဘယ်ဂိတ်က ဘယ်လိုစစီးပြီး ဘယ်ဂိတ်ဆင်းရမှန်း ရေရေရာရာ မသိတာရော ဘာရောမို့ပါ… ဒါနဲ့ ကျွန်မတို့လဲ လက်မှတ်ရောင်းတဲ့ ကောင်တာကိုသွား ရှိတဲ့ Package တွေကို တိုက်ကြည့်… ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစား…. နောက်တော့လဲ သူတို့လိုအစီအစဉ်က အကောင်းဆုံးမို့ ကျွန်မတို့လဲ အဲလိုပဲ ၀ယ်လိုက်ပါတယ်… ဘာလို့လဲဆိုတော့ အပေါ်မှာ ဘာတွေရှိမှန်းကိုယ်က မသေချာသေးတော့ ဘတ်စ်ကားစီးပြီးတက်ရင် အချိန်ကုန်မှာမို့ အသွားကို cable car စီးပြီး အပြန် bus နဲ့ အေးဆေးဆင်းဖို့ပါ... cable car ၁ကြောင်းနဲ့ ဘတ်စ်ကား ၁နေကုန် ကြိုက်သလောက်စီးကို ဟောင်ကောင် ၁၀၄ ဒေါ်လာကျပါတယ်...

ရင်ခုန်စရာ Cable Car...

မကြာခင်ပဲ Cable car ဖွင့်ပါတယ်… Cable car က ၂မျိုးရှိပါတယ်…. ၁မျိုးက car အောက်ခြေက ဖန်အကြည်ဖြစ်ပြီး အောက်ကို မြင်နေရတာရယ်… နောက်တစ်မျိုးကတော့ ရိုးရိုးအပိတ်ပါပဲ… မှန်အကြည်နဲ့က ဈေးပိုပေးရပါတယ်... သူငယ်ချင်းက ဖန်အကြည်နဲ့ဟာမစီးရဲတာနဲ့ ရိုးရိုးအပိတ်ပဲစီးပါတယ်... cable car ထဲရောက်ပြီး အဆောက်အအုံထဲက ထွက်လိုက်တာနဲ့ တောင်လေအေးအေးတွေက ရှိတဲ့ အပေါက်တွေကနေ စိမ့်ကနဲ အေးကနဲဝင်လာပါတော့တယ်... တဖြည်းဖြည်းမြင့်လာတာနဲ့အမျှ အနောက်မှာကျန်ခဲ့တဲ့ မြို့ပြနဲ့ ပင်လယ်ဝရဲ့ ရှုခင်းက ကြည့်ချင်စရာကောင်းသလို ကျွန်မတို့ သူငယ်ချင်း၂ယောက်လဲ ဓာတ်ပုံရိုက်ခြင်းလုပ်ငန်းကို စကြပါတော့တယ်... :) ...


တောင်ကြားက မြို့ပြ

Cable car ပေါ် ၅မိနစ်လောက်ရောက်အပြီး မြင်ကွင်း...


တဖြည်းဖြည်းဝေး...

ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေဝေ.....

ရှူခင်းတွေ ခံစားရင်း...

တောင်တန်းတွေဆီ ငါလာဘီ...

တဖြည်းဖြည်းနဲ့ တောင်တွေဘက်ကိုရောက်လာတော့လဲ အောက်က လူသွားတောလမ်းသေးသေးလေးကိုမြင်နေရပြီး လျှောက်ချင်စိတ်ဖြစ်မိပါတယ်... သူငယ်ချင်းကတော့ "မလျှောက်ရဲပေါင်" လို့ချက်ချင်းဖြေပါတယ်... အဲဒိတောင်ကုန်းတွေပေါ်မှာ Pre-wedding ဓာတ်ပုံရိုက်ရင်လှမှာပဲလို့တွေးမိတယ်... ဒါပေမဲ့ အဲလိုဝတ်စုံကြီးတွေဝတ်ပြီး ဒီတောင်ကုန်းပေါ်ရောက်ဖို့တော့ ခက်လိမ့်မယ်... ရာသီဥတုနဲ့ ရှုခင်းတွေ တ၀ကြီး ခံစားခွင့်ရတဲ့အတွက် cable car စီးရတာ တန်တယ်လို့ထင်မိတယ်... မိနစ် ၂၀ လောက်စီးအပြီးမှာတော့ တောင်ထိပ်ပေါ်က ဘုရားဆင်းတုတော်ကြီးကို လှမ်းမြင်ဖူးမြှော်နိုင်ပါပြီ... တောင်တန်းတွေထဲက တောင်ထိပ်ပေါ်မှာပေါ်နေတဲ့ ဘုရားဆင်းတုတော်ကြီးကို မြင်တွေ့ရတာ စိတ်ထဲမှာ ကြည်ညိုမိသလို... ကိုယ်တစ်နေ့တော့ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့နေရာထဲက တစ်နေရာကို ရောက်ပြီဆိုတဲ့ အတွေးကလဲ ၀မ်းသာမဆုံးပါပဲ...
ဖူးမျှော်ချင်တဲ့ ဘုရားကြီးကို ဖူးမျှော်ရတဲ့အတွက် အိပ်မက်လိုပါပဲ...

ဒီဓာတ်ပုံတွေသာ ကိုယ်တိုင်မရိုက်ခဲ့ရင် ဒီအိပ်မက်ဆန်ဆန် ရှူခင်းကို တွေ့ကြုံခဲ့ရတာကို ယုံဖို့ခက်မယ်...
နောက် ၅ မိနစ် ၆ မိနစ်လောက်မှာတော့ cable car station ဖြစ်တဲ့ ဘုရားကြီးတောင်ခြေမှာရှိတဲ့ Ngong Ping Village ကိုရောက်ပါတယ်... ရွာသာပြောတယ် လူနေအိမ်ခြေလဲမရှိဘူးထင်ပါတယ်... ဈေးဆိုင်တွေ ပြတိုက်တွေပဲ ရှိပါတယ်... ကျွန်မတို့ရောက်တဲ့အချိန်က အနည်းငယ်စောနေသေးတဲ့အတွက် အဲဒိ ရွာထဲမှာ ဘာဆိုင်မှ သိပ်မဖွင့်သေးပါဘူး... ဒီလိုနဲ့ အဲဒိရွာလမ်းအတိုင်း လျှောက်လာရင်း ဘုရားကြီးနဲ့ ပိုပိုနီးနီးလာပါတယ်.... နောက်ဆုံး ဘုရားကြီးတောင်ခြေရောက်တော့ တွေ့လိုက်ရတဲ့ လှေကားထစ်တွေ ပုံထဲကအတိုင်းပါပဲ... ကျွန်မအရင်ကထင်ထားတာက လှေကားက မတက်ချင်ရင် ဓာတ်လှေကားဖြစ်စေ... တခြားသယ်ယူပို့ဆောင်ရေးဖြစ်စေ ရှိမယ်ထင်ခဲ့တာ... ဒါပေမဲ့ မရှိပါဘူး... အဲဒိလှေကားတွေကို ကိုယ်တိုင်တက်ရပါမယ်... သူငယ်ချင်း၂ယောက်လဲ မိန်းကလေးပီပီ တစ်ယောက်ကို အလှပြင်ပစ္စည်း ပိုက်ဆံအိပ် ပတ်စပို့ရေဗူး စသည်ဖြင့် ဘာညာသာရကာတွေပါတဲ့အထဲကမှ... ဗွီဒီယိုကင်မရာရယ်... ဓာတ်ပုံကင်မရာရယ်.. ဒေါက်တံရယ်နဲ့ ပစ္စည်းတွေက မနည်းမနောပါပဲ... ကဲ... ယူလာချင်အုံး.. ဓာတ်ပုံရိုက်ရင် လှချင်အုံးဟဲ့... သယ်လိုက်အုံးဟဲ့.... ဆိုပြီး လှေကားတစ်ကန့်တက်လိုက် နားလိုက်နဲ့ ကိုယ့်နောက်မှတက်တဲ့ သက်ကြီးရွယ်အို နိုင်ငံခြားသားတွေတောင် ကိုယ့်ပြန်ကျော်တက်သွားပါတယ်...


Cable car station က အထွက် Ngong Ping ရွာဝင်ဝ
ဘုရားကြီးတောင် ခြေတော်ရင်း...


The Weather is just perfect

အေးချမ်းတဲ့ ဘုရားရိပ်...

တကယ်ရောက်ချင် တကယ်သွား အဟုတ်ရောက်ရမည်...

ဘုရားကြီးရင်ပြင်ပေါ်ရောက်တော့ ဘုရားဖူးပြီး ၂ယောက်သား ထိုင်နားနေလိုက်ပါသေးတယ်... နေ့လည်ရောက်ခါနီးနေဆိုတော့ အနည်းငယ်ပူပင်မဲ့ အရိပ်ထဲရောက်သွားတာနဲ့ ရာသီဥတုက အေးစိမ့်နေပါတယ်... နားနေပီးမှ အတွင်းဘက်ဝင်ကြည့်တော့ ဆုံးပါးပြီးသွားသူများရဲ့ နာမည်တွေနဲ့ ပြာအိုး(ရှိမရှိမသေချာပါ) ထားတာတွေ့ရပါတယ်... အဲဒိအထဲမှာ ဓာတ်ပုံ ဗွီဒီယို ရိုက်ခွင့်မရှိပါဘူး... အဲဒိထဲမှာ ဟောင်ကောင်နာမည်ကျော် အဆိုတော် မင်းသမီး Anita Mui ရဲ့ အရိုးပြာအိုးနဲ့ နာမည်ကိုလဲတွေ့ရပါတယ်... သူ့နာမည်ထားထားတဲ့နေရာမှာ လက်ဆောင်ပစ္စည်းတွေနဲ့ အမှတ်တရရေးဖို့ စာအုပ်ထားထားပါတယ်... နိုင်ငံတကာက ပရိတ်သတ်တွေရဲ့ဆုတောင်းတွေကို တွေ့နိုင်ပါတယ်... ကျွန်မနဲ့ သူငယ်ချင်းလဲ မြန်မာက ပရိတ်သတ်အနေနဲ့ မြန်မာလိုရေးပြီး ဆုတောင်းပေးခဲ့ပါတယ်...

Po Ling သတ်သတ်လွတ် ဘုန်းကြီးကျောင်းသို့ အလည်တစ်ခေါက်...


Po Ling Monastery အပြင်ရှိ မုဒ်ဦး... ဘုရာကြီးတောင်ခြေ... 

ဘုန်းကြီးကျောင်း အ၀င်...
ဘုန်းကြီးကျောင်းမှာ သတ်သတ်လွတ်ထမင်း အလကားကျွေးတယ်တော့ပြောတယ်... ဘယ်မှာသွားစားရမှန်းမသိခဲ့ဘူး...
ဘုန်းကြီးကျောင်းအထွက်က မြင်ရတဲ့ မြင်ကွင်းပါ...

တောင်အောက်ကိုပြန်ဆင်းလာပြီး အနီးနားက Po Lin ဘုန်းကြီးကျောင်းကို ၀င်ပါတယ်... ဒီဘုရားကြီးကို Po Lin ဘုန်းကြီးကျောင်းက ၁၉၉၃ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာလို့ ၀ီကီမှာတွေ့ရပါတယ်... ဘုန်းကြီးကျောင်းကအထွက် လာလမ်းတိုင်း ပြန်လျှောက်ရင်း တွေ့တဲ့ဆိုင်တွေက သိပ်ကောင်းမဲ့ပုံမပေါ်ပင်မဲ့ ဖြတ်လျှောက်ခဲ့တဲ့ Ngong Ping Village မှာ ဆိုင်တွေရှိတယ်ဆိုတာ ကျွန်မတို့ မသိခဲ့ပါဘူး... ကျွန်မတို့ မနက်ကလာတုန်းက စောသေးတော့ အဲဒိရွာက ဘာဆိုင်မှ ဖွင့်မထားပါဘူး... ဒီတော့ ရှေ့ဆက်သွားလို့ မရှိရင် ပြန်လျှောက်ပြီး အချိန်ကုန်မှာစိုးတာနဲ့ နီးနားကတွေ့တဲ့ဆိုင်မှာပဲ ဖြစ်သလိုစားလိုက်ကြပါတယ်... အမဲသား ကြာဇံပြုတ်ပါ... ဘာအရသာမှ သိပ်မရှိပါဘူး... ဗိုက်မ၀လို့ ရှေ့က ပြောင်းဖူးပြုတ်ဝယ်စားပါတယ်... နောက် soya bean curd ၀ယ်စားပါတယ်... တော်ရုံကျွန်မ Soya Bean Curd မကြိုက်ပင်မဲ့ အဲဒိက Bean Curd ကတော့ ဂျင်းနံ့မွှေးမွှေးလေးမို့ ကြိုက်နှစ်သက်ခဲ့ပါတယ်...


နောင်တရခဲ့တဲ့ နေ့လည်စာ.. ဂျင်းနံ့နဲ့ soya Bean လေးကတော့ တမျိုးလေးကောင်းတယ်...


ကျွန်မအဲဒိမှာသွားချင်တဲ့နေရာတစ်ခုက Wisdom Path ဆိုတဲ့နေရာပါ... အနီးနားမှာရှိတယ်ဆိုတာသိပေမဲ့ ဘယ်လိုသွားရမှန်းမသိပါဘူး... ကျွန်မထင်ခဲ့တာက ဘတ်စ်ကားစီးပြီး နောက်တစ်တောင်ကို သွားရမယ်ထင်နေတာပါ... သေချာ Research မရှာခဲ့တဲ့ အပြစ်တွေပေါ့... ဟိုရောက်မှ ကြည့်လုပ်မယ်ဆိုပြီး ပြင်ဆင်မှုမရှိခဲ့တာ နောက်မလုပ်မိအောင် သင်ခန်းစာရပါတယ်... နေ့လည်စာ စားပြီး Ngong Ping Village ကို ပြန်အဖြတ်မှာ နောင်တကြီးစွာရပါတော့တယ်... စားသောက်ဆိုင်တွေအများကြီးမှ ကိုယ့်ပါးစပ်နဲ့ကိုက်မဲ့ အစားအစာမျိုးတွေ Starbuck တို့ ဘာတို့လိုဆိုင်မျိုးတွေအစုံနဲ့ စည်စည်ကားကားဖြစ်နေတာတွေ့တော့ အရသာမရှိတဲ့ ကြာဇံပြုတ်ကြောင့် ပြည့်နေတဲ့ဗိုက်ရယ်၊ အဲဒိဆိုင်မှာ ထိုင်စားခဲ့တဲ့အချိန်ရယ်ပြန်မရနိုင်တော့တာမို့ ရင်နာစွာနဲ့ မစားဖြစ်ခဲ့ပါဘူး... 


Ngong Ping Village က ဗုဒ္ဓ၀င်ပြခန်းရှေ့... ၀င်မကြည့်ဖြစ်ခဲ့ဘူး... သူများတွေပြောတော့ ကောင်းတယ်တော့ပြောတယ်...

Ngong Ping ရွာထဲမှာ ဟောသလို ဆိုင်ကောင်းတွေ စားဖို့ရှိတယ်... အဟင့်....

စားသောက်ဆိုင်မှ ပေါလွန်းလို့ပေါ့....

မျက်စိလည် ရောက်ခဲ့တဲ့ Tai O Fisherman Village...

ကျွန်မတို့ ၂ယောက်လဲ ဘတ်စ်ကားဂိတ်ကို သွားပြီး သူများတန်းစီနေတဲ့နေရာကို စီလိုက်ပါတယ်... စီနေတဲ့သူတွေက စလုံးလူမျိုးတွေပါပဲ... မမေးမမြန်းပဲ သူများစီလို့လိုက်စီတာ မကောင်းမှန်း သင်ခန်းစာရခဲ့တာပါ... သို့သော် လုံးလုံးတော့ မဆိုးဝါးခဲ့ပါဘူး... အတွေ့ကြုံသစ်ပေါ့... အဲလိုသာ မမှားခဲ့ရင်  Tai O Fisherman Village ကို ကျွန်မရောက်ခဲ့မှာ မဟုတ်ပါဘူး... စစချင်းတော့ သွားချင်တဲ့ Wisdom Path ကို မရောက်လို့ စိတ်အတော်လေးတိုခဲ့ပါတယ်... ဒါပေမဲ့ Tai O Fisherman village ကလဲ ကျွန်မသွားချင်တဲ့ list ထဲမှာပါပါတယ်... ကျွန်မကအဲဒိကို သွားချင်ခဲ့ပင်မဲ့ သူငယ်ချင်းက သိပ်သွားချင်ပုံမရလို့ မသွားတော့ပါဘူးဆိုပြီး ဆုံးဖြတ်ထားခဲ့တာပါ... ဒါပေမဲ့ ရောက်သွားပါတယ်... တံငါရွာလေးပါပဲ... ခြေတံရှည်အိမ်လေးတွေကို ရေစပ်မှာဆောက်ထားတာလဲ တွေ့ရပါတယ်... ပင်လယ်စာ ငါးခြောက်တွေ ကမာတွေ အစုံရောင်းတဲ့ ဈေးတန်းလေးကို ဖြတ်ပြီး ရွာအတွင်းပိုင်းကို ၀င်လာပါတယ်... ငါးခြောက်တွေကတော့ အတော်လေး ဈေးချိုမဲ့ပုံပါပဲ... သို့သော် မသယ်နိုင်တာရယ်၊ ကျွန်မက ငါးမကြိုက်တာရယ်၊ အနံ့နံတာရယ်ကြောင့် ငါးကြိုက်တဲ့ ဖေဖေသာပါရင် ဆိုပြီး စိတ်ထဲတွေးမိပါတယ်...


Mood မကောင်းသော်လည်း ဆိုင်းဘုတ်နဲ့ အမှတ်တရ ပြုံးပြုံးလေးနော်...


ရွာဝင်ဝက ပင်လယ်စာ ဈေးတန်းလေး... လတ်လတ်ဆတ်ဆတ်နဲ့ ဈေးချိုတယ်...

တံငါရွာဘ၀.... တံငါရွာ အလှ...

ရွာလည် တံတားပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းပါ... ရွာထဲမှာတော့ သဗ္ဗာန်၊ စက်ဘီး၊ ဆိုက်ကားနဲ့ ခြေလျင် ပို့ဆောင်ရေးပဲသုံးကြတယ်ထင်တယ်... ရွာထိပ်က ဘတ်စ်ကားဂိတ်ကလွဲလို့...

စားခဲ့တဲ့ နေ့လည်စာကို နောင်တနောက်တစ်ကြိမ်အကြီးအကျယ်ရတာကတော့ Seafood restaurant ကိုတွေ့လိုက်ရတဲ့အချိန်မှာပါ... တံငါရွာမှာ Seafood လတ်လတ်ဆတ်ဆတ်ကို ဟောင်ကောင်စတိုင်ချက်လေးနဲ့ လွေးလိုက်ရရင်ဖြင့် ဟင်း.... ဟင်း.... အဲဒိအချိန်မှာလူက Wisdom path သွားချင်တာ မရောက်... မကောင်းတဲ့နေ့လည်စာကြီးစားလာလို့ စိတ်ကတို... အထုတ်တွေသယ်လာရတာ လူက ပန်းနေပါဘီ... ဈေးတန်းထဲမှာ လိမ္မော်သီးအကြီးကြီးတွေရောင်းတာတွေ့တာနဲ့ ဈေးမေးတော့ ၄လုံးမှ ဟောင်ကောင် ၁၀ တဲ့... လိမ္မော်သီး အကြီးကြီး ၄လုံးကို စကာင်္ပူဒေါ်လာ ၁ကျပ်ကျော်လောက်ပဲကျပါတယ်... ဒါပေမဲ့ ဘာဆိုဘာမှ သယ်ချင်စိတ်မရှိဖြစ်နေတဲ့ ကျွန်မက လက်တလောစားဖို့ ၂လုံးလောက်ပဲရောင်းပါဆိုတော့ ဈေးသယ်အဘွားအိုက သဘောကောင်းစွာပဲရောင်းပါတယ်... ပိုက်ဆံတောင် ပြန်အမ်းစရာ သူ့ခမျာမရှိပါဘူး... လိမ္မော်သီးဝယ်ပြီး ရွာထဲကို ဆက်လျှောက်ရင်းစားတော့မှ ပြီးပြည့်စုံပြီး လန်းဆန်းသွားစေတဲ့ အရသာရှိလှတဲ့ လိမ္မော်သီးကြောင့် ကျွန်မအားတွေပြန်ပြည့်ခဲ့ပါတယ်.... ၄လုံးဝယ်ခဲ့ကောင်းသားဆိုပြီး မိန်းမသားသဘာဝ လောဘကြီးနောင်တရလိုက်ပါတယ်... အဲဒိအချိန်မှာ မိန်းကလေးတွေချည်းပဲမလာပဲ ချစ်သူဖြစ်စေ၊ ယောကျာင်္းလေး သူငယ်ချင်းဖြစ်စေ၊ မောင်တွေဖြစ်စေ အထုတ်သယ်ပေးခိုင်းဖို့ ပါလာရင်သိပ်ကောင်းမှာပဲလို့ တောင့်တမိပြန်ပါတယ်... (ဒီလိုအချိန်တွေဆို သူတို့လေးတွေကို သတိတရပေါ့)


ရွာလမ်းဆုံးမှာ ဟောဒီဘုရားကျောင်းလေးနဲ့ ရှောင်လင်သိုင်းကျင့်တဲ့ ကွင်းလေးတွေ့ပါတယ်...

Finally To Wisdom Path...

အဲဒိရွာက ကားဂိတ်မှာပဲ Wisdom Path ကို ဘယ်လိုသွားရလဲသွားမေးတော့... တော်တော်များများကလဲ အင်္ဂလိပ်လိုသိပ်မပြောတတ်ပါဘူး... တတ်သလောက် Chinese နဲ့ ၂ယောက်သားမေးတော့လဲ သူတို့က ကားလာရင်ပြောမယ်တဲ့... ကားလာတော့ တက်လိုက်သွားပါတယ်... ရောက်သွားတဲ့နေရာက Ngong Ping Village ကိုပါပဲ.. အဲဒိအချိန်မှာ အချိန်က ညနေတောင်စောင်းနေပါပြီ... လူကလဲ ကိုယ်သွားဖြစ်အောင်သွားမယ်ဆိုတဲ့နေရာကို မရောက်လိုက်မှာကို စိုးရိမ်ပြီ စိတ်တွေတိုလာပါပြီ... သူငယ်ချင်းကတော့ သိပ်တောင် မသွားချင်တော့တဲ့ပုံပေါက်ပင်မဲ့ ကျွန်မ သွားချင်နေတော့ သူ့ခမျာလိုက်မေးပေးရှာပါတယ်... (တစ်ခါတစ်လေ ကျွန်မက စိတ်တိုလွယ် စိတ်ပျော့လွယ်မို့ ကိုယ့်သူငယ်ချင်းတွေထဲမှာ ခုလို သည်းခံနိုင်တဲ့သူတွေရှိနေတာကို သိပ်ကျေးဇူးတင်မိပါတယ်)... လူတွေတစ်ယောက်မေးရင်လဲ ပြတဲ့ လားရားက တစ်ယောက်တစ်မျိုးဖြစ်နေပါတယ်... နောက်ဆုံးအဲဒိမှာ မဏ္ဍပ်ထိုးအလှူခံနေတဲ့သူတွေကိုသွားမေးမှ အဲဒိက ခပ်ချောချောအင်္ဂလိပ်လိုလဲ အတော်လေး ဘိုသံပေါက်အောင်ပြောတတ်တဲ့ လူတစ်ယောက်က လည်လည်ဝယ်ဝယ်ဖြေပါတော့တယ်... ဒါတောင် သိပ်နားမလည်လို့ သူ့ကို အဲဒိနားက မြေပုံထောင်ထားတဲ့နေရာကို ခေါ်ထုတ်လာပြီး ပြခိုင်းတော့မှ ဘုရားကြီးတောင်ခြေကနေ တည့်တည့် (ဘုရားကြီးတောင်ရဲ့ ဘယ်ဘက်ခြမ်းတောလမ်း)ထဲကို မိနစ် ၃၀လောက်လျှောက်ရမယ်လို့ပြောပါတယ်... သူက "ဝေးတယ်နော် လျှောက်နိုင်ပါ့မလား တောလမ်းနော်" လို့ သတိပေးတော့ ကျွန်မသူငယ်ချင်းမျက်နှာသေးသေးလေးပဲကျန်ပါတယ်... 


ဘုရားကြီးကနေ Wisdom Path သွားတဲ့မြေပုံ

ကျွန်မကတော့ ကျွန်မသွားချင်တဲ့နေရာကို မရောက်အောင် အဖျက်တွေတားနေတယ်လို့ခံစားရပြီး... "ငါ့ကို ဒီလိုလာတားလို့မရဘူး" ဆိုပြီး သွားမယ်ပဲဆုံးဖြတ်ထားပါတယ်... အင်တာနက်ပေါ်မှာ ကြိုဖတ်ခဲ့လို့ လက်မှိတ်ဓာတ်မီး တစ်ခု ကျွန်မထည့်လာပါတယ်... ညနေစောင်းရင် တောလမ်းတွေက မြို့ပြထက် ပိုမှောင်တယ်ဆိုတာကိုလဲ ကျွန်မသိပါတယ်... ကျွန်မသူငယ်ချင်းကို "မလိုက်ချင်လဲ နင်ဒီမှာစောင့်နေခဲ့... ငါကတော့ မရောက်ရောက်အောင်သွားမယ်... မဟုတ်ရင် ဒီကို ကားနဲ့ ပြန်တက်လာတဲ့ အချိန်အလကားဖြစ်သွားမယ်" လို့ပြောလိုက်ပါတယ်... ဒါပေမဲ့ သူမလိုက်ရင်တော့ ကျွန်မတစ်ယောက်တည်း တောလမ်းလျှောက်ရမှာတော့ ကျွန်မကြောက်ပါတယ်... ကြောက်သော်ငြားလဲ ကျွန်မသွားမှာပါ... သို့သော် သူငယ်ချင်းကလဲ နေခဲ့ရမှာလဲ ကြောက်... သူလဲ အဲဒိနေရာကို ရောက်ချင်ပုံရပါတယ်... လိုက်လာပါတယ်... ပါးစပ်ကတော့ တပ်ခေါက်ဖို့ပဲ ကျွန်မကို အကြိမ်ကြိမ်နားချချင်ပါတယ်... တောစပ်ဝကို ရောက်တော့ အပေါ်တောလမ်းကနေ အမေရိကန် လင်မယား ၂ယောက် ဆင်းလာပါတယ်... ဒါနဲ့ ကျွန်မလဲ သူတို့ကို wisdom Path ကို ဘယ်လမ်းလဲမေးတော့ သူတို့လဲ အဲဒိသွားမှာလို့ပြောပါတယ်... "အတော်ပဲ ငါတို့လဲ ကြောက်လို့ မသွားလဲမသွားတတ်ဘူး" လို့ပြောတော့ သူက ကြောက်စရာမရှိပါဘူးတဲ့... ယောကျာင်္းက အသက်ကြီးကြီးဆိုပေမဲ့ ပျော်တတ်တဲ့ပုံပါပဲ... မိန်းမက အရမ်းမငယ်ပေမဲ့ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့ လှတယ်... အဲလူကြီးက အမေရိကန်လေသံနဲ့ ဘာတွေပြောပြီး ရီသလဲမသိဘူး... ကျွန်မရော သူငယ်ချင်းရောကလဲ ကြောက်စိတ်ရယ် အတွေးကိုယ်စီရယ်ဆိုတော့ သူ့လေသံကိုလဲ မဖမ်းမိပါဘူး... သူရီတော့ ကိုယ်လဲလိုက်ရီ... သူက မေးခွန်းပဲမေးသလားဘာလားတော့မသိဘူး... နောက်တော့ အဲလူကြီးလဲ ပါးစပ်ပိတ်သွားရော... အဟိ... 

ကျွန်မကြောက်တာက သရဲထက် လူကို ပိုကြောက်ပါတယ်... (ကြောက်စရာ လူမရှိရင်တော့ သရဲကြောက်ပါတယ်) သူငယ်ချင်းကတော့ အဲဒိလူတွေနဲ့ ထပ်ချက်မခွာလိုက်ချင်ပါတယ်... တဖက်က ကျွန်မအနေနဲ့ကတော့ ခပ်လှမ်းလှမ်းမြင်ရရုံလောက်ကပဲ လိုက်ချင်ပါတယ်... ကျွန်မဆန္ဒပြည့်ပါတယ်... ဘာလို့လဲဆိုတော့ သူတို့က ခြေလှမ်းကျဲကြီးတွေနဲ့ ဘာပစ္စည်းမှလဲ မသယ်ထားတော့ အရမ်းမြန်ပါတယ်... ကျွန်မတို့လိုက်မမှီပါဘူး... အဲဒိအသွားလမ်းမှာ စားသောက်ဆိုင်အဟောင်းကြီးမှာ(မြေပုံထဲက Tea Garden) ဘယ်သူမှလဲ မရှိပဲ အရုပ်တွေကိုပဲ တိုင်တွေမှာချည်ပြီး စာခြောက်ရုပ်သဘောမျိုးထားထားတဲ့ ဆိုင်ကိုတွေ့တော့ Creepy ဖြစ်တယ်လို့ ကျွန်မခံစားရပင်မဲ့ အတွေးကို ချက်ချင်းဖြတ် ကြောက်စိတ်ကို အမြစ်ဖျက်လိုက်ပါတယ်... ကိုယ်ကြောက်နေရင် သူငယ်ချင်းကပိုကြောက်လိမ့်မယ်... သေချာပါတယ်... နောက်မှသူပြောတော့ သူအဲဒိမှာ အတော်ကြောက်နေပါတယ်... 


ခဏတာကြုံတွေ့ခဲ့ရတဲ့ ခရီးသွား လင်မယား... မမေ့နိုင်တဲ့ အတွေ့အကြုံလေးပေါ့...

ဒါပေမဲ့ ဟိုလူပြောသလို တောလမ်းက ဒီလောက်လဲ မကြမ်းပါဘူး... ကျိုက်ထီးရိုးတက်ဖူးတဲ့ကျွန်မအတွက်ကတော့ သနားတောင် သနားသေးတယ်လို့ပြောချင်ပါတယ်... တကယ့်ကို ရိုးရိုးတောလမ်းလေးပါ... မိနစ် ၃၀မပြောနဲ့ ကျွန်မစိတ်ထင် ၁၅မိနစ် လောက်လျှောက်ပြီးတော့ အောင်မြင်စွာပဲ Wisdom Path ကိုရောက်သွားပါတယ်... အဲဒိရောက်တော့ တခြားခရီးသွားတွေလဲတွေ့ပါတယ်... တောရိပ်တောင်ခိုးတွေနဲ့ လေကောင်းလေသန့်ကလဲ စိတ်ကို ကြည်နူးသွားစေပါတယ်... အဲဒိကနေဆက်ပြီး ၄နာရီစာ တောင်တက်ချင်ရင်ရပါသေးတယ်... တခြားခရီးသွားတွေ ဆက်တက်တာတွေ့ပါတယ်... ကိုယ်က အချိန်မရှိတာရော၊ လူစုနည်းတာရောကြောင့် မလုပ်တော့ပါဘူး... Wisdom Path မှာပဲ အေးဆေးထိုင် လေကောင်းလေသန့်ရှူ ဓာတ်ပုံရိုက်ဖြစ်ပါတယ်...  စကာင်္ပူမှာ တောတောင်မရှိတော့ တောတောင်ရေမြေသဘာဝကို အလွန်ပဲ နှစ်သက်တဲ့ ကျွန်မအတွက်တော့ ရောက်အောင်လာခဲ့တာ တန်တယ်လို့ထင်ပါတယ်... တိုခဲ့သမျှ စိတ်တွေအရိပ်တောင်မမြင်ရပဲ စိတ်လဲ ကြည်ရွှင်သွားပါတယ်... သူငယ်ချင်းကတောင် တောလမ်းဆက်လျှောက်ချင်လိုက်တာလို့ပြောပါသေးတယ်...


ဒီရှုခင်းကတော့ စိတ်ရှုပ်ခဲ့သမျှတွေကို မေ့သွားစေတယ်...

နှစ်ပေါင်းရာချီကြာနေတဲ့ ဆုတောင်းတိုင်ကြီးတွေပါ... Infinity သင်္ကေတပုံစံမျိုး ထောင်ထားတာပါ...

Wisdom Path အလယ်မှာ...

ဟိုးထိပ်ထိ ကုတ်တက်ပြီး ဓာတ်ပုံရိုက်လာတယ်...

ဒီလေ... ဒီတော... ဒီတောင်က ကြိုးစားရကျိုးနပ်ပါတယ်...


အပြန်မှာတော့ တရုတ်မိသားစု သမီး ၃ယောက်နဲ့ အဖေ အမေတို့နဲ့ သူကျော်တက်လိုက် ကိုယ်ကျော်တက်လိုက်နဲ့ အေးအေးလူလူပဲ Tian Tan Buddha တောင် ခြေတော်ရင်းကို ပြန်ရောက်လာပါတယ်... အဲဒိအချိန်မှာ ညနေ ၅ခွဲ ၆လောက်ရှိနေပါပြီ... တခြားသွားစရာ အနီးနားက ရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေရှိတယ်ဆိုပေမဲ့ အချိန်မရတော့လို့ တောင်အောက်ဆင်းတဲ့ကားနဲ့ ပြန်ဆင်းလာလိုက်ပါတယ်... ၁နာရီနီးပါးပြန်စီရပါတယ်...

အလာတုန်းက ၀င်ချင်တဲ့ Brand Factory outlet တွေရှိတဲ့ Shopping mall ကို ၀င်ကြည့်ဖြစ်ပါတယ်... သူငယ်ချင်းပြောပုံအရ စကာင်္ပူထက်စာရင် ဈေးသက်သာပေမဲ့ အရမ်းမသက်သာတာရော... ဒါတွေဝယ်ပြီး နောက်ရက်တွေ ပိုက်ဆံမလောက်မှာစိုးရတာရော (credit card တော့ မသုံးလိုပါ) အကြီးမားဆုံးအချက် မသယ်နိုင်တာရော၊ ဒီလောက်ထိ လိုချင်လောက်တဲ့ ပစ္စည်းမတွေ့တာရောကြောင့် မ၀ယ်ဖြစ်ပါဘူး... အပေါ်ထပ်မှာ Food republic ရှိတာနဲ့ အတော်ပဲဆိုပြီး စကာင်္ပူမှာစားနေကျ Pepper lunch hotplate beef ကိုပဲ စားလိုက်ပါတော့တယ်... "ဒီထမင်း ကောင်းလို့လဲစားတာပါ... ဆိုင်ရှင်လေး ချောလို့လဲသွားတာပါ".... ဟဲ ဟဲ... 

Going back to Hotel....

အပြန်မှာတော့ Hong Kong MTR ဘူတာမှာ အင်တာနက် အလကားသုံးလို့ရတာနဲ့ အီးမေးလ်ပို့ ကမ္ဘာ့ အသုံးအများဆုံး ဆိုဒ်ကိုဝင်ကြည့်ခဲ့ပါတယ်... ခုလို Free internet service ပေးထားတာ ခရီးသွားတွေအတွက် အရမ်းအဆင်ပြေပါတယ်... စကာင်္ပူမှာတောင် အဲဒါမျိုး Service မရှိပါဘူး... 


တော်တော်များများက Facebook ၀င်ကြည့်တာများပါတယ်...
ဟော်တယ်ကို ပြန်ရောက်ချိန်တော့ ၂ယောက်သား မိန်းကလေးသဘာဝ စကားတွေပြော၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ကိုယ့်ရဲ့ ဆပ်ဆပ်တုန်အောင် နာနေတဲ့ ခြေထောက်လေးတွေ ဆေးလိမ်းရင်း ကိုယ့်ဘာသာ နှိပ်နယ်ကာ အိပ်ပျော်သွားကြပြန်ပါတော့တယ်...



10 comments :

Anonymous said...

good

Anonymous said...

အဲဒီဘုရားမှာသတ်သတ်လွတ်ကျွေးတယ်ဒိုသွားတုန်းကစားခဲ့တယ်

Anonymous said...

အေးအေးလေးနဲ့ခရီးသွားရတာပျော်စရာကြီး

mabaydar said...

အင်း.. ဘယ်မှာစားရမှန်းမသိလို့ မစားခဲ့ရဘူး... ပြီးတော့ သတ်သတ်လွတ်ဆိုတော့လဲ ဒီလောက် အားသွန်ခွန်စိုက် မမေးဖြစ်ခဲ့ဘူး... ဟီး... ဟီး...

mabaydar said...

ဟုတ်တယ်... အေးတဲ့နေရာ သွားရတာ နည်းနည်း ပင်ပန်းသက်သာတယ်... ဓာတ်ပုံလဲ ရိုက်လို့ပိုကောင်းတယ်...

Anonymous said...

ဖတ်လို့ လည်းကောင်းတယ် ဘုရားလည်းဖူးရလို့  ကျေနပ်မိတယ် လူလေးကလည်း ကြည့်လို့ သိပ်ကောင်းတယ်
ဗဟုသုတရသလို ကိုယ်တကယ်လို့ သွားချင်ရင်လည်း အဲ့လိုခရီးသွားပိုစ့်တွေကနေ ဆောင်ရန်ရှောင်ရန်တွေမှတ်သွားလို့ ရလို့  သဘောကျတယ် များ၂သွားပီး များ၂သာရေး အားပေးနေတယ် မဗေဒါ

poepoe

mabaydar said...

ဟီး... ဟီး... ကျေးဇူးပါ ပိုးပိုးရေ... ခုလိုအားပေးသွားတဲ့အတွက် အရမ်းအားရှိသွားပါဘီ...

thandar win said...

i just wanna vist there after i read this post...thank u my fri..

mabaydar said...

Yeah... Just go ahead... it's enjoyable... Every trip is memorable... Plan it well... Hope we could go together.... :)

ဝိ၀ိ said...

တော်တော်ခရီးဆန့် ခဲ့တာပဲ