Wednesday, December 14, 2011

Scariest Roller Coaster I've ever ride (or) Japan Trip Day 6

မရေးတာကြာနေမှ ဆက်လိုက်ပါအုံးမယ်... ရေးဖို့ စိတ်ကူးပေါ်သွားတာကတော့ မနေ့က Tokyo Dome နဲ့ပတ်သတ်ပြီး စကားပြောဖြစ်ရာက အဲဒိက ကျွန်မတစ်သက်စီးဖူးသမျှ ရိုလာကိုစတာထဲမှာကြောက်စရာအကောင်းဆုံးရိုလာကိုစတာအကြောင်းကို ရေးချင်စိတ်ဖြစ်မိသွားပါတယ်...

29 OCT 2008 (Day 6)

ကျွန်မရဲ့ဂျပန်ခရီးစဉ် ၆ရက်မြောက်နေ့မှာတော့ ကျွန်မ Research ရှာလာတဲ့အထဲကမြို့တွင်းတိုက်ကို ဖောက်ဆောက်ထားတဲ့ မြို့လည်ကောင်က ရိုလာကိုစတာကို သွားဖို့စီစဉ်ထားပါတယ်... ကျွန်မရဲ့ ချစ်သူငယ်ချင်း အလုပ်ရှိတာကြောင့် မလိုက်နိုင်ပါဘူး... ဒါပေမဲ့ ကျွန်မကလဲ (၁၀)ရက်တည်းနေမှာဆိုတော့ ကိုယ့်အချိန်တွေကို အကျိုးရှိရှိအသုံးချရမှာပါ... ၅ရက်မြောက်နေ့ညက အရင်က ဂျပန်ကနေဘလော့ရေးတဲ့ မယ်ဂုမိနဲ့ ဆက်သွယ်ဖြစ်ပါတယ်... သူက နောက်နေ့အားတဲ့အတွက် သူလိုက်ပို့ပေးနိုင်ကြောင်းနဲ့ ကျွန်မတို့လဲ ပထမဆုံးအကြိမ်တွေ့ဖို့ ချိန်းလိုက်ပါတယ်... မနက်မှာ ရှင်းဂျုကု ဘူတာရုံ (စင်္ကာပူက အော့ချက်လိုပဲ interchange နဲ့ မြို့လည်ခေါင် ရှော့ပင်းမောတွေရှိတဲ့ဘူတာရုံ) မှာတွေ့ဖို့ချိန်းထားပါတယ်... အဲဒိမှာ ဂျပန်ရောက်နေသူတွေ ရထားချိန်ပြောရင် တစ်မျိုးလေး ထူးခြားတာကိုတွေ့ရပါတယ်... ဘာလဲဆိုတော့.. ကျွန်မသိသလောက် ဂျပန်က ရထားတွေက ၂မိနစ်ခြားတစ်ခါလောက်လာတယ်... စကာင်္ပူက ရထားတွေထပ်တောင် စိတ်သေးတယ်... ဒါပေမဲ့ ကျွန်မသူငယ်ချင်းရဲ့ မေမေရော... မယ်ဂုမိရောက ရထားချိန်တွေကိုပြောရင် အတိအကျပြောတယ်... ဥပမာ။ ။မနက် ၈နာရီ ၄၇ မိနစ်ရထားကို စီးလာရင် ဟိုကို ၉နာရီ ၃မိနစ်မှာရောက်မယ်... ကျွန်မကြားရတာ နည်းနည်းခေါင်းရှုပ်သွားတယ်... ဘာလို့ မိနစ်တွေ အတိအကျပြောနေရတာလဲ ပထမရထားလွတ်တော့လဲ နောက်ထပ်ရထားက ၂မိနစ်နေရင်လာမှာပဲဟာ... ဒါပေမဲ့ ဂျပန်ရောက်မြန်မာတွေမှာ (တွေ့ခဲ့သော သူများကို ချုံငုံ၍ပြောသည်) အဲဒိလို ပြောတဲ့အကျင့်ရှိနေတာ အကြောင်းတစ်ခုခုတော့ရှိရမယ်...

မနက်ရောက်တော့ ရှင်းဂျုကုဘူတာကို ချိန်းထားချိန်ထက် ကျွန်မ စောရောက်ခဲ့ပါတယ်... မယ်ဂုမိကို စောင့်ရင်း ဟိုကြည့်ဒီကြည့်ပေါ့... လူတွေကတော့ တအားရှုပ်ပါတယ်... Udon ခေါက်ဆွဲဆိုင်လေးရှေ့မှာ ရှုပ်နေတဲ့ လူတွေကိုငေးရင်း တစ်ယောက်ထဲ ဗွီဒီယိုရိုက်လိုက် ဟိုကြည့်ဒီကြည့်လုပ်လိုက်လုပ်နေပါတယ်... ချိန်းထားတဲ့ အချိန်ရောက်တော့ မယ်ဂုမိလို့ထင်ရတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့ပါတယ် (ဂျပန်မလေးပုံစံမျိုးပါပဲဘောင်းဘီတိုလေးနဲ့ အကျီင်္အဖြုလက်ရှည်မှာ အနီရောင် ကုတ်လက်ပြတ်လေးထပ်ထားပါတယ်)... ကျွန်မက သူမကို တစ်ခါမှ မမြင်ဖူးပါဘူး.. သူမဘလော့မှာ သူမဓာတ်ပုံမတင်ပါဘူး... ကျွန်မကိုတော့မြင်ဖူးပါတယ်... သူလဲ အနားလာ ယောင်ချာချာနဲ့ နောက်တော့ ၂ယောက်မျက်လုံးချင်းစုံတော့မှ "မဗေဒါ လား" ဆိုပြီး ဆုံဖြစ်ကြတယ်... oversea က ဘလော့ဂါနဲ့တွေ့တာ ပထမဆုံးပါပဲ...

သူကလဲ ကိုယ့်နာမည်အရင်းပြောပြလိုက်ပင်မဲ့ သူအကျင့်ပါပြီးသားဖြစ်တဲ့ မဗေဒါ မဗေဒါ ဆိုပြီးပဲခေါ်တော့ ကျွန်မအတွက် တစ်မျိုးကြီးဖြစ်နေပါတယ်... ကိုယ့်ကို ဘလော့ပေါ်မှာ မဗေဒါဆိုတဲ့နာမည်နဲ့ ဘယ်လောက်ပဲ နေသားကျနေပါစေ အပြင်မှာ မဗေဒါဆိုပြီး တွင်တွင်ခေါ်ခံရတာ အဲဒါ ပထမဆုံးပါ... ကိုယ့်ဘာကိုယ်လဲ ပြုံးမိပါတယ်... သူ့နာမည်ကိုတော့ မယ်ဂုမိလို့ပဲသိပါတယ်... သူနဲ့တွေ့တော့ မဗေဒါလဲ အမြဲအားကိုးတဲ့မြေပုံကို သိမ်းပြီး သူ့နောက်ပဲလိုက်ပါတော့တယ်... ဒါနဲ့ Tokyo Dome ကို သူသွားတတ်တယ်ဆိုပြီး ဦးဆောင်သွားပါတယ်...

ရှင်းဂျုကု ဘူတာက interchange သဘောမျိုးဆိုတော့ လိုင်းတွေအများကြီးရှိပါတယ်... စကာင်္ပူထက် ၈ဆလောက်ပိုများတဲ့ လိုင်းတွေပါ... မရှိဘူးဆို ကျွန်မအထင် ပလက်ဖောင် ၄ခု ( ၁ခုမှာ ရထား ၂ဖက်ရပ်လို့ရတော့ ၈ လမ်းလောက်) ရှိပါတယ်... မြေအောက်မှာကတည်းက ကိုယ်တက်မဲ့ ပလက်ဖောင်းကို မှန်အောင်တက်ရပါတယ်... အဲဒိနေ့ရမှ တိုကျိုရဲ့ ရထားချိန်တွေကို ပညာရလိုက်တာကတော့ ရှေ့ကပြောခဲ့သလို ရထားလိုင်းတွေ အများကြီးရှိတဲ့ အပြင်တချို့ပလက်ဖောင်းတွေက အချိန်ပေါ်မူတည်ပြီး သွားတဲ့ နေရာကွဲတတ်ပါသေးတယ်တဲ့... ယခု ဆိုက်တဲ့ ရထားက ဒီနေရာကို သွားတာဆိုရင် နောက်ဆိုက်မဲ့ ရထားက ပလက်ဖောင်းတူပေမဲ့ သွားတဲ့နေရာမတူပါဘူးတဲ့... အဲဒါကြောင့် ဂျပန်ကလူတွေကရထားချိန်ကိုအတိအကျပြောတာပါတဲ့...ဘာလို့လဲဆိုတော့၁စီးလွတ်သွားရင် နောက်ဆက်တိုက်ပြောင်းစီးရမဲ့ အစီးတွေနဲ့ အချိတ်အဆက်လွတ်ပြီး အလုပ်နောက်ကျတတ်လို့ပါတဲ့... (အဲလိုပြောတာပဲ မှားရင်လဲ ပြင်ပေးနော်)

မဗေဒါနဲ့ မယ်ဂုမိလဲ စကားတွေဖောင်ဖွဲ့ပြီး သူခေါ်တဲ့ ရထားပေါ်တက်စီး... တော်တော်လေးကြာတော့ မြို့ပြင်လိုလို ဘာလိုလို လယ်ကွင်းတွေ ပျဉ်ထောင်အိမ်လေးတွေကို တွေ့လာတော့မှ မယ်ဂုမိက သူမ ရထားမှားစီးမိမှန်းသိတယ်... ဒွတ်ခပဲ..နယ်ခံကိုအားကိုးမိကာမှ သွားချင်တာက မြို့လယ်ခေါင်... ရောက်သွားတာက မြို့ပြင်... ကျွန်မက လက်ဆွဲတော် ရထားမြေပုံကြီးကို ထုတ်ကြည့်မယ်ပြောတော့ အမိက မကြည့်ပါနဲ့ ရှက်စရာကြီးတဲ့... သူမေးကြည့်မယ်ဆိုပြီး... ရောက်တဲ့ မှတ်တိုင်ဆင်း ဘူတာက တာဝန်ရှိသူကို သူက ဂျပန်လိုမေး... ဒီတော့မှ အစောကပြောခဲ့သလိုပဲ ပလက်ဖောင်းတူပေမဲ့ အချိန်ပေါ်မူတည်ပြီးသွားတဲ့နေရာမတူတဲ့ ရထားကိုတက်စီးမိတာ... တော်တော်လေးတောင် ဝေးနေပြီ... ဒါပေမဲ့ တစ်ခုကောင်းတယ်ရှင့်... ကိုယ့်ဘာကိုယ် ရထားမှားစီးတာကို မယ်ဂုမိကပြန်အမ်းငွေ (Refund) ပြန်တောင်းတော့ ပေးတယ်ရှင့်... စကာင်္ပူမှာ ဒါမျိုးမရဘူး ဖြတ်ဖို့ပဲသိတယ်... ဒါပေမဲ့ ဂျပန်ရထားကတော့ စကာင်္ပူရထားထက် ဈေးပိုကြီးတယ်...

ဒါနဲ့ ဘယ်နေရာမှန်းမသိတဲ့ ရောက်နေတဲ့ ဘူတာမှာ အမှတ်တရ ဓာတ်ပုံရိုက်... မယ်ဂုမိကို ယုံစားမိလို့ လမ်းမှားရောက်ခဲ့တယ်လို့ဆိုပြီး ဘလော့ပေါ်တင်မယ်လို့ သူ့ကိုနောက်နေသေးတယ်... ဟတ်ဟတ်.. (၃ နှစ်ကျော်မှ တင်ဖြစ်တော့တယ်)... ဒါပေမဲ့လဲ ဘယ်နေရာရောက်ရောက်ပါ ကိုယ်မရောက်ဖူးတဲ့ နေရာကို ရောက်လို့ မဗေဒါကတော့ လမ်းမှားမှား မှန်မှန် အတွေ့အကြုံအသစ်တွေမှာ ပျော်နေတာပါပဲ...


ဝဲ - ဘူတာရုံအမှားတွင် ယာ - Suido Bashi ဘူတာကထွက်ရင်တွေ့ရတဲ့ အဆောက်အဦး...


ဒါနဲ့ ရထားကို ရှင်းဂျုကုဘူတာကို ပြန်စီး ရထားပြန်ပြောင်းလိုက်ရပါတယ်... JR CHUOU Line ကို စီးရင် SUIDO BASHI ဆိုတဲ့ ဘူတာမှာဆင်းရမှာပါ... အဲဒိက ထွက်လိုက်ပြီး ဘယ်ဘက်ကို ကွေ့ (ထင်တာပဲ ၃နှစ်ရှိပြီဆိုတော့ သိပ်တော့ မသေချာဘူး... ဘေးက လူမေးကြည့်နော်) ၅ မိနစ်လောက် လမ်းလျှောက်တာနဲ့ Tokyo Dome
ကိုရောက်ရော.... မဗေဒါဂျပန်သွားတဲ့အချိန်က Halloween နီးနေတော့ Halloween အပြင်အဆင်လေးတွေနဲ့ ဓာတ်ပုံရိုက်ဖြစ်တယ်...ပြီးတော့ မလာခင်ကတည်းက စီးချင်လှပါသော ကြောက်စရာ့ Thunder Dolphin Roller Coaster ကို စီးဖို့လက်မှတ်မေးတော့ အဲဒါ တစ်ခုတည်းအတွက် ယမ်း ၁၀၀၀ ပါ စကာင်္ပူ ၁၆ ဒေါ်လာလောက်ပဲကျမှာပါ... ဈေးမဆိုးဖူးလို့ပြောလို့ရပါတယ်... အဲဒိနားမှာ အဲလို စီးစရာ Attraction ၅ ခုလောက်တော့ရှိပါတယ်... အားလုံးကို Package နဲ့ဝယ်ရင်တော့ တစ်ခုချင်းဝယ်စီးတာထက် သက်သာပါတယ်... ဈေးတော့ မမှတ်မိတော့ပါ... ဒါပေမဲ့ မယ်ဂုမိက မစီးရဲတော့ အဖော်မရှိတာနဲ့ Thunder Dolphin ကို ကိုယ့်ဒုက္ခကိုယ်ရှာကာ တစ်ယောက်တည်း စီးဖို့ဝယ်ခဲ့ပါတယ်... (ရှာခဲ့တဲ့ ဒုက္ခအတွက်တော့ စီးနေတဲ့အချိန်ကလွဲလို့ ယခုအချိန်မှာ နောင်တမရပါဘူး) ... ဒီတော့ ကျွန်မတစ်ယောက်ပဲ ဒူးတုန်တုန်နဲ့ တက်သွားတယ်... ၁သက်မှာ ၁ခါလောက်စီးဖူးရင်တော်ပြီ... အတွေ့အကြုံပေါ့...





Thunder Dolphin အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်...
ဒီ ရိုလာကိုစတာဟာ ကမ္ဘာမှာ ဆဋ္ဌမမြောက် (6th tallest continues roller coaster) အမြင့်ဆုံး ရိုလာကိုစတာဖြစ်ပါတယ်...
အမြင့် - ပေ ၂၆၂ (မီတာ ၈၀) အထိမြင့်ပါတယ် (ဂျပန်မှာ အမြင့်ဆုံး)
(Source - http://listverse.com)
အရှည် - ပေ ၃၅၀၀ (၁၁၀၀ မီတာ) ရှည်ပါတယ်..
အရှိန် - ၁ နာရီ ၁၃၀ ကီလိုမီတာ နှုန်း (81 mph). (ဂျပန်မှာ အမြန်ဆုံး)
(Source-http://listverse.com)
စုစုပေါင်း ကြာချိန် - ၁မိနစ် ၃၀ စက္ကန့်
အမတ်ဆုံး ဇောက် - ၈၀ ဒီဂရီ
တစ်စီးကို တွဲ ၆တွဲပါပြီး ၂ယောက်တစ်တွဲထိုင်လို့ရလို့ တစ်ကြိမ်မှာ ၂၄ ယောက် အများဆုံးစီးလို့ရပါတယ်...
စတင်ဖွင့်လှစ်တဲ့ ရက်ကတော့ - 5/1/2003

လမ်းတည်ဆောက်ပုံ - တိုက်များကြား၊ LaQua အဆောက်အအုံကို ဖောက်ထွက်ကာ ကမ္ဘာ့ ပထမဆုံး Centerless Ferris Wheel ဖြစ်တဲ့ BigO ရဲ့ အလယ်ကနေ ဖြတ်သွားပါတယ်... (BigO ကလဲ အဲဒိက Attraction တစ်ခုပါပဲ... စကာင်္ပူ Flyer လို ရဟတ်ကြီးပါ ဒါပေမဲ့ ထူးခြားတာက သူက အလယ်မှာ ထောက်ကန်ထားတဲ့ နေရာမပါပဲ ဆောက်ထားတဲ့ ကမ္ဘာ့ ပထမဆုံး ချားရဟတ်ဖြစ်ပါတယ်)...
(info source - wiki and rcdb.com)


ဘာကြောင့်မှန်းမသိ အဲဒိနေ့က လူသိပ်အများကြီးမရှိပါဘူး... ဒီလိုပဲ လူနည်းလေ့ရှိလားတော့ ကျွန်မ မသိပါ... လူနည်းတော့လဲ ဘာကြောင့်များလဲဆိုပြီး စိတ်ချောက်ချားရပြန်ပါတယ်... ၀င်လိုက်တာနဲ့ တစ်သုတ်အပြီးမှာ ကျွန်မတို့ အသုတ်အလှည့်ရောက်လာပါတယ်... ကိုင်ထားတဲ့ အပိုပစ္စည်းတွေအတွက် လော်ကာထဲမှာ ထည့်ထားခဲ့ရပါတယ်... ဦးထုပ်တို့ မာဖလာတို့ လက်ကိုင်ပ၀ါတို့ကအစ ၀တ်လို့မရပါဘူး... (ဆံပင်တုစွပ်ထားရင်လဲ ချွတ်ခဲ့ရမယ်ထင်တယ် Safety အတွက်ပါ) ဂျပန်ရဲ့ Amusement service ကို ကြိုက်တဲ့အထဲမှာ အုပ်စု မတူရင် ဇွတ်အတင်း တူတူမထိုင်ခိုင်းပါဘူး... သီးသန့်ပေးပါတယ်... ကျွန်မက တစ်ယောက်ထည်းလာတော့ တစ်ကိုယ်ထီး နောက်ဆုံးတွဲမှာထိုင်ရပါတယ်... ကျွန်မလိုပဲ တစ်ယောက်တည်းသမားတွေကိုလဲ ရှေ့တွဲတွေမှာ တစ်ယောက်တည်းပါပဲ...

စတင်တက်ပါပြီ...

ကျွန်မတို့ယာဉ်ကြီးစအထွက်မှာအဲဒိကအလုပ်သမားတွေကရှေ့တန်းသွားတော့မယ်ရဲဘော်တွေကို အပြုံးနဲ့ လက်ပြနှုတ်ဆက်ပါတယ်... ဒီလိုနဲ့ ကျွန်မတို့ယာဉ်က အမြင့်ဆုံးနေရာကို စတင်တက်ပါတော့တယ်... အဲဒိအချိန်မှာ ကျွန်မစီးမိတာ မှားပြီဆိုတဲ့အတွေးမျိုး ဘယ်အရာတက်စီးစီးရတတ်တဲ့အကျင့်အတိုင်းနောင်တရနေပါပြီ... အရမ်းကြောက်လွန်းပြီးနှလုံးရှော့ဖြစ်မှာကိုယ့်ကိုကိုယ်စိုးရိမ်လို့ မနည်းစိတ်ကို ၀င်သက်ထွက်သက်ပြန်မှတ် ခါးပတ်တွေ အကာတွေကို အကြိမ်ကြိမ်စစ်စေး လုံခြုံတယ် စိတ်ချရတယ် ခိုင်တယ် ဂျပန်လုပ် သဗ္ဗုဒ္ဓေကို ၃ခေါက်လောက် အမြန်ရွတ်... "အားတင်းထား ခုချိန်မှတော့ ပြန်ဆင်းလို့လဲရတော့ဝူး.. ဘာမှ ဖြစ်ဘူး ဘာမှဖြစ်ဘူး" ဆိုပြီး နည်းပေါင်းစုံနဲ့ ကိုယ့်ကိုကိုယ်အားပေးလိုက်တော့ နည်းနည်းတော့ စိတ်ကပြေသွားတယ်... ကုန်းကလဲ အမြင့်ကြီးဆိုတော့ အချိန်တော်တော်ကြာတယ် အောက်ကိုကြည့်ရင်တော့ တိုကျိုမြို့ကြီးကို ဟာလာဟင်းလင်းကနေမြင်နေရသလိုပဲ... ငါဒီအမြင့်ကနေပြန်ကျမှာပါလားဆိုတာစိတ်ထဲရောက်လာတော့ကြောက်ကြောက်နဲ့ မျက်လုံးကိုပိတ်မိလိုက်တယ်...


မဗေဒါ နောင်တရနေလောက်တဲ့ နေရာပါ...

အမြင့်ဆုံးနားရောက်တော့ မျက်လုံးလဲ မဖွင့်ရဲဘူး ဒါပေမဲ့ကျတော့မလား ကျတော့မလားသိချင်တော့ ခိုးကြည့်မိတယ်... စက္ကန့်ပိုင်းတင်ပဲ ငရဲခန်းစပါပြီ........ ကျပါပြီ...မြင်တဲ့အတိုင်းပဲ အကျက ၈၀ ဒီဂရီသာပြောတယ် အတွင်းပိုင်းကို ၀ိုက်ဝိုက်ကြီးဖြစ်နေတော့ ရှေ့ကရထားလမ်းကို မမြင်ရပဲ ကိုယ်ကထိုင်ခုံနဲ့မထိပဲ ကြွတက်နေပါတယ်... ကိုယ်ကိုသိုင်းထားတဲ့ ဂိုင်းတွေကို ကျော်ပြီး ခေါင်းပြူကြည့်ရင် တိုးတဲ့လေကြောင့်ဇာတ်ကိုမနည်းပြန်ထိမ်းပြီးသိုင်းထားတဲ့ဂိုင်းတွေထဲကိုပြန်ဝင်နေလိုက်ရပါတယ်... မျက်လုံးကို လုံးဝဖွင့်မကြည့်ရဲသော်လဲ ငါဖွင့်မကြည့်ရင်တန်ဘူးဆိုပြီး တစ်ခါတစ်ရံတော့ ကြိုးစားပြီးဖွင့်ပါတယ်...လေကအေးအေး အရှိန်ကပြင်းပြင်းဆိုတော့ မျက်နှာနဲ့ မျက်လုံးကိုလာရိုက်တဲ့လေက ကျောက်စရစ်ခဲ့သေးသေးလေးတွေလာစင်နေတဲ့အတိုင်း စစ်ကနဲ စစ်ကနဲနဲ့ မျက်လုံးတွေလဲ ခြောက်ပြီးစပ်လာပါတယ်...(မျက်ကပ်မှန်တပ်သူများ သတိပြုရန်)... ကျွန်မလဲ အဲဒိတုန်းက မတောက်တခေါက်နဲ့ မျက်တောင်တုတက်လာတော့ ကျွန်မမျက်တောင်တုကြီများ နှဖူးတပ်ကပ်နေပြီလားဆိုပြီးစိုးရိမ်စိတ်ဖြစ်ရပါသေးတယ်... ဒါပေမဲ့ ဒီအချိန်မှာဒါတွေကိုသိပ်ပူနေလို့မရပါဘူး... အသက်တောင်ဘယ်နားကထွက်ရမှန်းမသိလို့ထင်တယ်ပြန်ဝင်သွားတာ... ဒီလိုနဲ့ ပိုက်ဆံပေးပြီးကြောက်ရတဲ့ မဟာငရဲခန်းအတွေ့အကြုံကြီးကို ၁မိနစ် ၃၀စက္ကန့် ဘ၀ခရီးလမ်းလိုမြင့်တခါ နိမ့်တလှည့်ခံစားပြီနောက်မှာ အောင်မြင်စွာပဲ ပန်းတိုင်ကို ပြန်ရောက်ပါတယ်... ဒါကြောင့် ရိုနမ်ကင်းတင်းက "Life is a roller coaster" လို့ သီချင်းဆိုထားတာဖြစ်မယ်...


ဘာမှမတတ်နိုင်တော့ဘူး... ကျပြီ.....


နိမ့်တချီ မြင့်တလှည့် အဆောက်အဦးများကြား....



BigO ကို တစောင်းကြီးဖြတ်နေတဲ့အချိန်....

မဗေဒါ နာမည်မတပ်ထားတဲ့ ဓာတ်ပုံတွေကတော့ ဒီ ၀က်ဆိုဒ်က ယူထားတာပါ.. http://rcdb.com/1845.htm?p=0
(The photo without watermark with my site name are taken from rcdb.com )

ပန်းတိုင်မှာတော့ အစောက ကျွန်မတို့ကို တာ့တာ ပြလိုက်တဲ့အလုပ်သမားတွေက သတိပြန်လည်အောင် အပြုံးနဲ့ လက်ခုပ်တွေတီးပြီးကြိုနေပါတယ်... "ဟူး တော်ပါသေးရဲ့ ငါမသေဘူး"... ကမ္ဘာ့ အမြင့်ဆုံး နံပါတ် ၆ ရိုလာကိုစတာကြီးကို ငါအောင်မြင်စွာစီးဖူးလိုက်ပြီ... ငါလုပ်ချင်တဲ့ ဆန္ဒပြည့်ပြီ... ကမ္ဘာ့ အမြင့်ဆုံး ၁ ကနေ ၅ ကို စီးဖို့တော့ ခုထက်ထိစိတ်ကူးမရှိဘူး... ခုထက်ထိတော့ မစီးရဲသေးဘူး...(ဒါပေမဲ့ တွေ့ရင်လဲ နောင်တတွေတပိုက်ကြီးနဲ့ ယာဉ်ပေါ်တက်မိအုံးမယ်ထင်ပါတယ်... Thunder Dolphin ပြီးတော့ ရိုလာကိုစတာ မစီးတော့ဘူးဆုံးဖြတ်ခဲ့ပင်မဲ့ ကိုရီးယား Everland ရောက်တော့ T-Express wooden roller coaster ကို နောင်တတွေတပိုက်ကြီးနဲ့ တက်စီးလိုက်ပါသေးတယ်... နောက်ကြုံမှပြောပြမယ်နော်)...


With Thunder Dolphin and with Tokyo Dome stadium


ကိုယ်တိုင်ရိုက် Thunder dolphin ပုံ


အပေါက်ထဲကထွက်လာပြီ...
သူများတွေက အဲဒါမျိုးတွေစီးမယ်ဆို အစားအများကြီးမစားရဲဘူး အစာမကြေပဲ အံထွက်မှာစိုးလို့တဲ့... ကျွန်မကတော့ အဲဒါမျိုးတွေကို ဗိုက်မပြည့်ပဲ စီးလို့မရဘူး... မအော်ပဲစီးလို့မရဘူး... အဲလိုစီးရင် ကတုန်ကရင်နဲ့မူးတတ်တယ်... မိသားစုနဲ့သွားရင် မေမေဆို မုန့်အဆင်သင့်နဲ့စောင့်နေရတယ် ကျွန်မမူးရင်ကျွေးဖို့... သူများတွေလှောင်မှာစိုးလို့ မတ်တပ်ပြန်ရပ်ပြီး ထားခဲ့တဲ့ မာဖလာလေးပြန်သွားယူ... ခြေထောက်နဲ့ဒူးတွေတုန်နေသေးတာ ကိုယ်တစ်ယောက်ပဲသိတယ်... အဆင်းမှာ အိမ်သာအမြန်ဝင်ပြီး မျက်တောင်တုကို ကြည့်တော့ နှဖူးတော့ တပ်မကပ်နေပါဘူး ဒါပေမဲ့ တ၀က်ကကွာပြီးလန်နေတာတွေ့တော့ အကုန်ဖြုတ်လိုက်ရတယ်... (ရှက်လိုက်တဲ့ဖြစ်ချင်း... ခုချိန်ဆိုရင်တော့ အဲလိုမဖြစ်လောက်တော့ပါဘူ...)

ဂျပန် KFC

အောက်ရောက်တော့ မယ်ဂုမိကိုအမြန် တစ်ခုခုစားရအောင် တစ်ခုခုစားမှဖြစ်မယ်ဆိုပြီးမေးတော့... သူက ဘာစားမလဲမေးတယ်... ကျွန်မကလဲ ဂျပန်စာတော်တော်များများမကြိုက်တော့ မကြိုက်တဲ့အစာဖြစ်မှာစိုးလို့ အလွယ်ဆုံးနဲ့ အသေချာဆုံး... KFC ရှိလားလို့မေးပြီး အဲနားက KFC ဆိုင်ကိုသွားစားကြတယ်... စကာင်္ပူလိုပဲ set မှာ အစုံပါမယ်ထင်တာ... ကြက်ကြော်နဲ့ အအေးပဲပါတယ်... Coleslaw တို့ Mash potatoes တို့မပါဘူး... ကြက်ကြော်လေးကလဲ သေးသေးလေး ၂တုန်းပဲပါတယ်... KFC မှာတော့ မလေးရှားမှာစားရတာ အကောင်းဆုံးပဲ... ကြက်သားတုန်းကြီးတွေ အကြီးကြီး... စကာင်္ပူနဲ့ မလေးရှားကတော့ သိပ်မကွာပါဘူး... မ၀လို့ အားလူးကြော်တွေထပ်ဝယ်ရတယ်... အဲဒိမှာမယ်ဂုမိနဲ့တော်တော်ကြာကြာလေးထိုင်ပြီးစကားတွေပြော ဗွီဒီယိုတွေရိုက်ဖြစ်တယ် ရေပန်းအလှလေးတွေကလဲ တီးလုံးနဲ့အညီအဲနားမှ ကနေကြတယ်...

BigO

တော်တော်လေး အပန်းပြေတော့မှ... လမ်းလျှောက်ဓာတ်ပုံရိုက်ကြရင်း BigO ဆီကိုရောက်တယ်... BigO က ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့ အလယ်မှတ်ထောက်ကူထားတာမပါတဲ့ Ferris Wheel ဖြစ်တယ်...
၂၀၀၆ ခုနှစ်အထိတော့ အကြီးဆုံး အချင်းပေ၂၀၀ (၆၀မီတာ)ရှိတဲ့ ချားရဟတ်ဖြစ်တယ်...
2007 ခုနှစ် Guinness World Records မှာလဲပါတဲ့ ချားရဟတ်ဖြစ်တယ်..
မယ်ဂုမိကို အတင်းအဖော်စပ်ပြီးလိုက်စီးခိုင်းရတယ်... လည်တာကနှေးနှေးလေးဆိုတော့ သူအောက်မှာ အကြာကြီးစောင့်နေရမှာလေ.. ကျွန်မတစ်ယောက်တည်းစီးတော့လဲ ပျင်းစရာကြီးပေါ့... ကြောက်ဖို့မကောင်းပါဘူး လိုက်ခဲ့ပါဆိုတော့ သူလဲ လိုက်စီးတယ် အထဲရောက်မှသူကတော်တော်လေးကြောက်ပြီး ကျွန်မကိုအတင်းဆွဲထာရော... ဒါပေမဲ့ကြာလာတော့အောက်ကရှုခင်းတွေလဲတွေ့ရော ဘလော့ဂါသွေးမနေသာဖြစ်ပြီး ဓာတ်ပုံတွေတဖျက်ဖျက်ရိုက်ရောပဲ... ကမ္ဘာ့ Guinness Records ထဲပါလို့ဝင်စီးပြီး ဂုဏ်ယူတာပဲရှိပါတယ်... စီးရတဲ့အရသာကတော့ စကာင်္ပူက flyer နဲ့တူတူပါပဲ... သူ့ယာဉ်ကတောင် ကျဉ်းပါသေးတယ် (Santosa Cable car အကျယ်လောက်ပဲရှိတယ်)...



ပြီးတော့ သူနဲ့ကျွန်မ လမ်းလျှောက်ရင်း ညနေကလဲ မှောင်လာပါတယ်... အဲဒိရာသီမှာ ၅နာရီခွဲလောက်ဆို မိုးချုပ်တတ်တဲ့ ဂျပန်က ခရစ်စမတ်အတွက် ဒိုင်ဂရေးရှင်းလေးတွေနည်းနည်းပါးပါးစနေပါပြီ... အဲဒိနားမှာ ဝေဖာနဲ့ ရေခဲမုန့်ရောင်းနေတာနဲ့ စားချင်စိတ်ဖြစ်ပြီး ၀ယ်စားရင်း မယ်ဂုမိကိုလဲဝယ်ကျွေးလိုက်ပါတယ်... ရာသီဥတုအေးအေးနဲ့ဝေဖာစားရင်းဘေးစားပွဲက ကျီစယ်နေကြတဲ့ အတွဲကိုဝေဖန်လေကန်ရေးလုပ်လိုက် တခြားအကြောင်းတွေပြောလိုက်ပါပဲ... ၇နာရီမှာ ကျွန်မသူငယ်ချင်းအလုပ်ဆင်းပြီမို့ သူနဲ့တွေ့ဖို့ပြန်လာရင်း ကျွန်မမယ်ဂုမိနဲ့ ရှင်းဂျုကုဘူတာမှာပဲ လမ်းခွဲလိုက်ပါတယ်...

ကျွန်မတည်းတဲ့အိမ်ကိုပြန်ပြီး သူငယ်ချင်းနဲ့ညစာတူတူစားအပြီး ဘယ်သွားမလဲစဉ်းစားကြပါတယ်... ဂျပန်ရဲ့ Night Life ကလဲ စကာင်္ပူလောက်မရှိလှတော့ စဉ်းစားရကျပ်နေပါတယ်... ကျွန်မသူငယ်ချင်းကို တိုကျိုဒုန်းအကြောင်းပြောပြတော့ သူနဲ့တူတူမသွားလို့ နည်းနည်းစိတ်ကောက်ပါသေးတယ်... ထုံးစံအတိုင်းသူက ကြာကြာတော့ စိတ်ထဲမထားပါ... ဒါနဲ့ ကျွန်မလဲ သူနဲ့တူတူ တိုကျိုတာဝါကို ခုသွားမယ်လို့ဆုံးဖြတ်လိုက်ပြီး အမြန်ပြင်ဆင်ထွက်လာလိုက်ပါတယ်...

တိုကျိုမျှော်စင်

တိုကျိုတာဝါကသွားရတာလွယ်ပါတယ် JR Yamanote line ကိုစီးပြီး Hamamatsucho ဘူတာမှာဆင်းရုံပါပဲ... JR Yamanote line က Circle line ဖြစ်ပြီး အဓိကနေရာတွေတော်တော်ရောက်တာရောကျွန်မတည်းတဲ့အိမ်ကလဲ အဲဒိလိုင်းပေါ်မှာရှိတာကြောင့်ရော အဲဒိလိုင်းကိုတော့ ကျွန်မတော်တော်လေးကျွမ်းပါတယ်... အရင်ရောက်တဲ့ သူငယ်ချင်းကို ကိုယ်ကဆရာလုပ်ပြီး မြေပုံအားကိုးနဲ့ခေါ်လာခဲ့ပါတယ်... သူငယ်ချင်းကလဲ ကျွန်မထက် ၁လသာစောရောက်တာ သူ့ဟာသူတစ်ခါမှ အပြင်မထွက်ဖူးတော့ကြောက်ပါတယ်... ဒီလိုနဲ့ မဗေဒါဆရာလုပ်တဲ့လမ်းမှာ ဘူတာအထွက်ကျတော့ ဘယ်အပေါက်မှန်းမသိတာနဲ့ ကျွန်မသူငယ်ချင်းလဲ မတောက်တစ်ခေါက် ဂျပန်လိုနဲ့မြေပုံထောက်မေးတော့ ဘူတာကတာဝန်ရှိသူကလဲ ဂျပန်လိုတွေဝူးဝူးဝါးဝါးပြန်ပြောပြီးလက်နဲ့ပြပါတယ်... အမှန်တော့ မေးနေစရာတောင်မလိုပါဘူး... အဲဒိအပေါက်ကထွက်လိုက်တာနဲ့ လမ်းဆုံးက တိုကျိုမျှော်စင်ကြီးကိုတန်းနေအောင်မြင်နေရပါတယ်... အစတည်းက ကျွန်မပြောပါတယ် လမ်းလျှောက်သွားလို့ရတယ်လို့... ဒါပေမဲ့ သူ့အကိုကဘတ်စ်ကား ၂ဂိတ်လောက်လားသိဘူးစီးရတယ်လို့ သူမကိုပြောထားလို့ ကျွန်မစကားကို မယုံဖြစ်နေတာပါ...နောက်ဆုံးတော့လဲ လမ်းပဲလျှောက်ဖြစ်ကြပါတယ်... ဘယ်လိုသွားရမှန်းမသိပင်မဲ့ တိုကျိုမျှော်စင်ရှိတဲ့ လားရာအတိုင်းလျှောက်လာပါတယ်... လမ်းဆုံးရောက်တော့ ဘုရားကျောင်းကြီးတစ်ခုကိုတွေ့လို့ လမ်းပျောက်တော့မလိုဖြစ်ပြီး အဲနားမှာနည်းနည်းယောင်လည်လည်ဖြစ်လိုက်ပါသေးတယ်... နောက်မှ ဘုရားကျောင်းဘေးက ခပ်မှောင်မှောင်လမ်းထဲကိုနိုင်ငံခြားသားပုံစံတွေဝင်သွားတာတွေ့မှ ကိုယ်လဲလိုက်ဝင်ဖြစ်ခဲ့ပါတယ်... အဲဒိခပ်မှောင်မှောင်တောင်ဂုံးလမ်းလေးအတိုင်းတက်သွားရင် အဆုံးမှာ တိုကျိုမျှော်စင်ကိုရောက်ပါတယ်... (ဘာလို့များအဲလမ်းကို မှောင်အောင်ထားပါလိမ့်...)

တိုကျိုမျှော်စင်ရဲ့ အကြောင်းလေးပြောရရင်တော့... ပဲရစ်က အီဖယ်မျှော်စင်နဲ့ ယှဉ်ပြောရင်ပိုမြင်သာမယ်ထင်ပါတယ်...

တိုကျိုမျှော်စင်က ၃၃၃မီတာ မြင့်ပါတယ် အီဖယ်မျှော်စင်က ၃၂၀ မီတာပဲမြင့်ပါတယ်...
တိုကျိုမျှော်စင်က ပိုမြင့်ပင်မဲ့ အလေးချိန် ၄၀၀၀ တန်ပဲရှိပါတယ်... အီဖယ်မျှော်စင်က ၇၀၀၀ တန်ရှိပါတယ်...
တိုကျိုမျှော်စင်ပေါ်မှာ အသံလွှင့်လှိုင်းပေါင်း ၂၄လိုင်းရှိပြီး တိုကျိုမြို့မှာရှိတဲ့ အသံလွှင့်ရုံတော်တော်များများက အဲဒိလှိုင်းတွေကတဆင့်ထုတ်လွှင့်နေကြတာပါ...

သူ့မှာ ၂ဆင့်ရှိပါတယ်... Main Observatory နဲ့ Special Observatory ပါ... ၂ဆင့်ကို သတ်သတ်စီ ၀င်ကြေးပေးရပါတယ်... Main Observatory က မျှော်စင်ရဲ့ အလယ်နားလောက်မရောက်ခင်မှာပါ... Special Observatory က ဟိုးထိပ်ဆုံးမှာပါ...
ဝင်ကြေးတွေကတော့ Main Observatory ကို ၈၂၀ ယမ်း ဖြစ်ပြီး
Main Observatory က နေ Special Observatory ကို ယမ်း ၆၀၀ ဖြစ်ပါတယ်... (အောက်ဆုံးကနေ အပေါ်ဆုံးထိဆိုရင် ယမ်း ၈၂၀ + ယမ်း ၆၀၀ )ပါ...

ဖွင့်ချိန်ကတော့ မနက် ၉နာရီကနေ ည ၁၀နာရီအထိပါ... (၀င်ခွင့်ကတော့ ည၉နာရီ၄၅ နောက်ဆုံးပါ)...
(Tower info source from http://www.tokyotower.co.jp/english/05_info/index.html)

ပထမတော့ ကျွန်မတို့ ၂ယောက် Main Observatory ပဲဝယ်ဖြစ်ပါတယ်... အချိန်လောက်မှ အပေါ်ကိုဆက်တက်မလို့ပါ... ထင်တဲ့အတိုင်းပဲ အချိန်မလောက်ပါဘူး... ကျွန်မတို့ရောက်သွားတဲ့အချိန်က ည ၉ နာရီလောက်ဖြစ်နေလို့ပါ... သူငယ်ချင်း ၂ယောက် စိတ်တူကိုယ်တူ ဟိုကြည့်ဒီကြည့် ဓာတ်ပုံတွေရိုက် ညရှုခင်းတွေကြည့်ရင်း ဆယ်ကျော်သက်ကောင်မလေးတွေလို အလကားနေရီချင်နေမိပါတယ်... ခဏကြာလာတော့ လမ်းလျှောက်ရ ရပ်နေရနဲ့ (အဲဒိမှာထိုင်စရာနေရာမရှိပါဘူး...) ခြေထောက်တွေအရမ်းညောင်းလာတာရော... မျှော်စင်ပေါ်က ကော်ဖီဆိုင်လေးမှာထိုင်ပြီး မြို့ကြီးကို ဇိမ်ရှိရှိကြည့်ချင်စိတ်ကဖြစ်လာပါတယ်... အပမ်းဖြေခရီးထွက်လာတာပဲ ချွေတာနေတာထက် ခံစားလိုက်ရတာကပိုကောင်းပါတယ်ဆိုပြီး သူငယ်ချင်းကို အဲဒိကော်ဖီဆိုင်မှာသောက်ရအောင်လို့ အဖော်စပ်ပါတယ်... မျှော်စင်ပေါ်က တစ်ခုတည်းသောဆိုင်ဆိုတော့ဈေးတော့ကြီးမှာပဲဆိုပြီး သူကတွန့်ဆုတ်တွန့်ဆုတ်လုပ်နေပါတယ်... ကျွန်မက ကျွန်မတိုက်မယ်ဆိုပြီးဇွတ်ခေါ်တော့ ဒေါ်မာနက သူ့ဟာသူသောက်မယ်ဆိုပြီးပြောပါတယ်... (ကျွန်မကပ်စီးနဲတတ်တာကို သူငယ်ငယ်တည်းကသိတယ်... ဒါပေမဲ့ ခုတော့ သိပ်ကပ်စေးမနည်းတတ်တော့ပါဘူး)... ဒါပေမဲ့ ကျွန်မတို့ထင်လောက် ဈေးမကြီးပါဘူး... ဘယ်လောက်လဲတော့ မမှတ်မိတော့ပါဘူး... ဒါပေမဲ့ ဈေးအသင့်အတင့်ပါပဲ... ကော်ဖီသောက်ရင်း ဗွီဒီယိုရိုက်... စကားပြော တခွီခွီရယ်ကြနဲ့ အဲဒိညက ဘာရယ်မဟုတ် ကျွန်မအတွက် ဂျပန်မှာအပျော်ဆုံးညဖြစ်ခဲ့ပါတယ်... စိတ်တူကိုယ်တူသူငယ်ချင်းနဲ့ ဟန်ဆောင်မှုကင်းလွတ်လပ်ပေါ့ပါးတဲ့ခပ်ပေါ့ပေါ့စကားတွေပြောရင်း အချိန်တွေကိုကုန်ဆုံးခဲ့ရပေမဲ့ အဲဒိညအဲဒိအဖြစ်အပျက်လေးက ကျွန်မတို့၂ယောက်လုံးရဲ့ အသိဥာဏ်ထဲမှာ မှတ်မှတ်ထင်ထင်ကျန်နေတော့မှာပါ...



ထိုင်ပြီးသိပ်မကြာပါဘူးကော်ဖီဆိုင်က ပိတ်လို့ခုံတွေတင်နေတာနဲ့ မျှော်စင်ပိတ်ချိန်ကနီးနေတော့ အောက်ပြန်ဆင်းလာလိုက်ပါတယ်... အောက်မှာတော့ "Tokyo Tower" ဆိုတဲ့ စာတမ်းကို မီးစလိုက်နဲ့ မြေကြီးပေါ်တစ်ခု တစ်ကပ်ကောင်တာအပေါ်မှာတစ်ခုရေးထားလို့ ဓာတ်ပုံရိုက်ဖြစ်ပါတယ်... ဂျာမန်လိုလို ရုရှလိုလို အုပ်စုတစ်စုကလဲ အဲဒိမှာအလုအယက် အလောင်အပြောင်ပုံတွေရိုက်နေပါတယ်... ဘာလို့မှန်းမသိ ကျွန်မတို့လဲ အူမြူးပြီး ပြန်ချင်စိတ်ကိုမရှိပါဘူး... တိုကျိုမျှော်စင်ကြီးကတော့ ပိတ်သွားပါပြီ... လူအနည်းငယ်နဲ့ ကျွန်မတို့ ၂ယောက်ကတော့ အဲဒိအောက်မှာ ဓာတ်ပုံရိုက်ကောင်းတုန်းပါပဲ... နောက်လူတော်တော်ပါးလာမှ ပြန်ဖြစ်တယ်... စောစောက ကျွန်မတို့လျှောက်လာတဲ့မြို့လယ်ခေါင်လမ်းကြီးက အတော်လေးလူရှင်းနေပါတယ်... လေကလဲ ဝေ့ကနဲဝေ့ကနဲနဲ့ ပါလာသမျှလက်နက်တွေထုတ်ပြီး အအေးဒဏ်ကို ဖီဆန်ရတာကိုလဲ ကျွန်မသဘောကျနေပါတယ်... အရက်ဆိုင်တစ်ချို့က ဂျပန်စီးပွားရေးသမား အမူးတွေ Neck tie ကိုခေါင်းမှာပတ်ပြီး လမ်းပေါ်ကနေတဲ့ အုပ်စု ၁စုလောက်ကလွဲပြီး လူရှင်းလို့ နည်းနည်းတော့ကြောက်ပါတယ်... နောက်ဆုံးတော့ ကျွန်မတို့ ၂ယောက်လုံး အိမ်ကို အန္တရာယ်ကင်းစွာရောက်ခဲ့ပါတယ်...
သူမလဲ တိုကျိုဒုန်းသူနဲ့မသွားလို့ စိတ်ခုနေတာလေးပြေသွားလောက်ပါပြီ...

7 comments :

MG THANT said...

မဗေဒါ ဘလော့ကို ဖတ်ဖြစ်တာ ဒါဆို သုံးနှစ်ကျော်တောင် ရှိသွားပြီးပေါ့.. ဟားဟား
သုံးနှစ်လောက်ရှိပေမယ့် ရေးထားတဲ့ အတွေ့အကြုံလေးတွေ ဖတ်ရတာ လတ်လတ်ဆတ်ဆတ် ရှိနေတုန်း သလိုပါပဲ... အခုလို များများဆက်ပြီး ရေးနိုင်ပါစေလို့ တိုက်တွန်းပါရစေ ခင်ဗျာ...

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အမ်မလေး အဲလောက်အမြင့်ကြီး မစီးရဲပေါင် မတော် ရှုးရှုးလွတ်ထွက်ကျမှဖြင့် ရိုလာကိုစတာစီးချိန်ဆို နောင်တအမြဲရတယ် ရင်တုန်ပန်းတုန်နဲ့ အမ်မလေး အမြင့်ဆုံး တဲ့ မြင်ရုံနဲ့တင် အသည်းအေးရန်ကောလား တိန်
လေယာဉ်ပျံစီးတာနဲ့ ရိုလာကိုစတာစီးတာမတူပေါင် ဟီး

မောင်ဘကြိုင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ
ရဟတ်စီးတာတောင် တစ်ထိတ်ထိတ်နဲ့ ဖြစ်ရတာ
ရိုလာကိုစတာကို မစီးရဲဘူးရယ်
သတ္တိကလည်း ကောင်းလိုက်ပုံများ
သူများစီးတာကြည့်ရတာတောင် အသည်းတုန်လို့...
မဗေဒါလည်း ခရီးသွားတာ များတယ်နော် အတွေ့အကြုံတွေ အများကြီးရတာဘဲ.. ပျော်ဖို့ကောင်းလိုက်တာ..
ပြီးတော့ ခရီးသွားအတွေ့အကြုံလေးတွေကလည်း စိတ်ဝင်စားဖို့ကောင်းတယ်နော်

mabaydar said...

လာဖတ်သွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်..
မောင်သန့် - မောင်သန့်ကွန်မန့်က မေးလ်ထဲပဲရောက်လာတယ် ဒီမှာ ဘာလို့ မပေါ်လဲ မသိဘူး...

မောင်ဘကြိုင် - ၁ခေါက်လောက်တော့ စီးဖူးတယ်ရှိအောင် စီးကြည့်လိုက်ပါ.. ဟိ...

မချော - ဟုတ်တယ် ခရီးသွားရတာကြိုက်တယ်... အထူးသဖြင့် စကာင်္ပူက ကျဉ်းပြီး စိတ်ဖိစီးမှုများတော့ အဲလိုလေးသွားပေးမှ... စကာင်္ပူတွင်းဆို သွားစရာနေရာသိပ်မရှိဘူးလေ...

Candy said...

မဗေဒါကတော့ သတ္တိခဲ... ဟီး
ကန်ဒီဆို စီးရဲမှာ မဟုတ်ဘူး..
ပိုစ့်ဖတ်ပြီး ခရီးသွားချင်လိုက်တာ :(

Than Yaw Zin said...

ကိုရီးယား အဲဗားလန်း ရိုလာကိုစတာ စီးခဲ့လားမဗေဒါရေ... ဇောက်ထိုးကြီးကျတာ ၃ခါလောက်ရှိတယ်။ စီးပြီးတာနဲ့ နောက်တခါစီးဖို့ တော်တော်လေး စဉ်းစားရမယ်... :D

ဝေကြီး said...

ဒီဘလော့ထဲကိုဝင်ကြည့်တာအခုမှပါ ဒီလောက်မြင့်တာမစီးရဲ့ပေါင် ရန်ကုန်ကရိုလာကိုစတာတောင်မစီးရဲဘူး