Friday, February 25, 2011

My First Wedding Emcee Experience

@my friends wedding as an honorable Emcee

အဲဒိနေ့က အားလုံးပြင်ဆင်ပြီးမှ တိုက်စီငှားမရတာတစ်ကြောင်း ပြောဖို့ စာရွက်က ၂ရွက်ရှိတာ ဒုတိယတစ်ရွက်က အိမ်မှာကျန်ခဲ့လို့ ပြန်ယူရတာတစ်ကြောင်းကြောင့် နည်းနည်းနောက်ကျသွားတယ်... တိုက်စီတွေကလဲ ငှားမယ်ဆို တစ်စီးမှမလာဘူး... on call ခေါ်တော့လဲ ဘယ်ဟာမှ မအားဘူး... တော်တော်ကို စိတ်တိုဖို့ကောင်းတယ်... လူက ပွဲပြီးရင် အလုပ်ဆက်သွားရမှာဆိုတော့ အလုပ်သွားဖို့ အကျီင်္တွေကလဲ ထည့်လာရသေးတယ်... အထုတ်တွေအပိုးတွေနဲ့ ရှိုးပျက်တယ်... အိမ်က အစ်မတွေကတော့ ပြောတယ်... လက်မှတ်ထိုးပွဲက ရှေ့နေက သူ့ဘာသာသူ ပြောစရာရှိတာပြောမှာ MC မလိုဘူးတဲ့... အဲဒါ သေချာအောင် မေးကြည့်လိုက်အုံးတဲ့... ဒါပေမဲ့ ဟိုရောက်တော့ မေးစရာတောင် မလိုတော့ပါဘူး လက်မှတ်ထိုးပွဲက စတောင်စနေပြီ... သတို့သမီးကို အားတယ်မှတ်လို့ ဖုန်းခေါ်ပြီး ဘယ်မှာလဲလို့ မေးမိတာတောင် တော်တော်အားနာသွားတယ်... အဲလိုမှန်းသိ တခြားအသိတစ်ယောက် ဖုန်းခေါ်ပါတယ်... ပွဲစနေပြီမှန်းမသိလို့... သတို့သမီးကတော့ ဖုန်းထဲမှာ အသံက အေးအေးပဲ ပုံမှန်ပဲဆိုတော့ ပွဲစနေမယ်လို့ မထင်မိဘူး... သူတို့လဲ ကိုယ့်ကို stress မပေးချင်ဘူးထင်ပါတယ်... အားနာလိုက်တာ မပြောနဲ့...

လက်မှတ်ထိုးနေတဲ့ ဥယျာဉ်လေးထဲကို အထုတ်တွေအပိုးတွေနဲ့ ကိုယ်နဲ့ သိတဲ့ သူ ၂ယောက်က ပရိတ်သတ်ရှေ့မှာရောက်နေတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိဘူး... အဲဒိအချိန်မှာ ကယ်တင်ရှင် မေခလာ နတ်သမီးအသံကို ကြားလိုက်ရတယ်... "မဗေဒါလားဟင်... လာ ဒီမှာလာထိုင်" တဲ့... ကျေးဇူးတင်လိုက်တာ ခုလို စကားလာပြောတာ... မေခလာ နတ်သမီးကတော့ အများသိကြတဲ့ ချစ်စရာ မေလေး ပါပဲ... မေခလာနတ်သမီးနဲ့ surname ချင်းတူတော့ အမျိုးတော်တယ်ထင်တယ်... ဟတ်... ဟတ်... (ဓာတ်ပုံတွေ ဗွီဒီယိုတွေ တင်တဲ့ အကျိုးကျေးဇူး ကိုယ့်ကို မြင်ဖူးနေကြလို့ သိနေတာ တော်သေးတယ်) ... မဗေဒါလဲ အားရ၀မ်းသာ နှုတ်ဆက်ရင်း ဘယ်သူလဲလို့မေးရတယ်... သူက ဓာတ်ပုံမှ မတင်ဖူးတာ... နာမည်ကတော့ သိတာကြာပေါ့... ဟင်းချက်ကောင်းတာလဲ သိပါ့... နောက်တော့ ဓာတ်ပုံတွေတွဲရိုက်တော့ ကိုယ်လဲ ဘာရယ်ညာရယ်မဟုတ် ဇွတ်တိုးရိုက်လိုက်သေးတယ်... အဟိ... ၀ါသနာပါ...

အဲဒိ လက်မှတ်ထိုးတဲ့နေရာကို မရောက်ခင်ကတည်းက သူတို့ အခန်းအနားလုပ်မဲ့ ခန်းမကို ဖြတ်လာခဲ့စဉ်တုန်းက ၀င်မေးခဲ့တော့ မင်္ဂလာခန်းမက ဘယ်မှာဆိုတာ ကိုယ်က ကြိုသိနေတယ်... နောက်တော့ ပါလာတဲ့အထုတ်တွေ ဘယ်နားထားရမှန်းမသိတာနဲ့... ကိုယ်ထိုင်ရမဲ့ စားပွဲကို သတို့သမီးက အရင်တည်းက ကြိုပြောပြထားတော့ အဲဒိစားပွဲအောက်ထဲပဲ ထည့်ထားလိုက်တယ်... ပြီးတော့ ဟိုတယ် Stuff တွေကို သူတို့ Captain နဲ့ စကားပြောချင်လို့ ခေါ်ပေးပါဆိုတော့ အဲဒိလူရောက်လာတယ်... ဒီတော့ သတို့သမီး သတို့သားဝင်ခါနီးမှာ အချက်ပေးဖို့ ဘာညာသာရကာ ကိုယ်စဉ်းစားခဲ့တာ စိုးရိမ်တာမှန်သမျှ ပြောပြီး သူ့နဲ့ စီးဝါးရိုက်ထားရတယ်... နောက်တော့ မင်္ဂလာမောင်နှံကို သေသေချာချာ သိချင်တာလေးတွေနဲ့ ကိုယ်ပြင်ဆင်လာတဲ့ script ကို နောက်ဆုံးတစ်ခေါက် သူတို့နဲ့ ထပ်တိုက်ချင်လို့ သူတို့နဲ့ တစ်ခါစကားသွားပြောတယ်... လက်မှတ်ထိုးပွဲက လုပ်ပြီးပြီဆိုတော့ script ထဲက လက်မှတ်ထိုးပွဲနဲ့ ပတ်သတ်တာတွေကို ဖယ်လိုက်တယ်... ပြီးတော့ သတို့သားက ဗွီဒီယို presentation လုပ်နေတာ တွေ့တာနဲ့ ဗွီဒီယိုပြအုံးမှာလားဆိုတော့ ပြမှာတဲ့... ဒီတော့ ဒီလိုဆိုရင်တော့ ကြေငြာရမှာပေါ့လို့ MC က မပြောပဲနဲ့ ဗွီဒီယိုကြီးလာလို့ ဘယ်ဖြစ်မလဲလို့ဆိုတော့ သတို့သားကလဲ "ဟုတ်ကဲ့ မဗေဒါ သဘောပဲ"တဲ့... သူတို့ ၂ယောက်လုံးက မဗေဒါ သဘောချည်းဆိုပြီး Demand မများတော့ ဒီက အားတောင် နာတယ်... ဒီလိုနဲ့ သတို့သားနဲ့ အောက်က မင်္ဂလာခန်းမထဲကို ပြန်ဆင်းလာတော့မှ သူနဲ့ကိုယ်နဲ့ နားလည်မှုလွဲနေတာသိတော့တယ်... မဗေဒါထင်တာက သီချင်းတွေဘာတွေနဲ့ အကျအန သူတို့ matching မလုပ်ခင်ပြမယ်ထင်နေတာ... သူတို့က ရိုးရိုး photo presentation ကိုပဲ slideshow လုပ်ပြီး ပရိုဂျက်တာမှာ ပွဲမစမှီနဲ့ စားသောက်နေတုန်း ဖွင့်ထားမှာကို ဆိုလိုတာ... ဒီလိုဆိုရင်တော့ မဗေဒါ ကြေငြာစရာမလိုဘူးပေါ့... ဒါနဲ့ မဗေဒါလဲ သတို့သားကို ဗွီဒီယိုဆိုတာ ဒါလားဆိုတော့ ဟုတ်တယ်တဲ့... အဟီး... ကိုယ့်ဟာကိုယ် ဇွတ်ကြေငြာမယ်ပြောမိတာတော့ ရှက်သွားတယ်... "ဒါဆိုရင်တော့ ဒီလိုပဲ ဖွင့်ထားမှာမဟုတ်လား... မကြေငြာတော့ပါဘူး" လို့ ပြောလိုက်တယ်... သူတို့ကလဲ "ဟုတ် ... ရပါတယ်" တဲ့... ရော...... သူကတောင် အားနာပြီး လာတောင်းပန်နေသေးတယ်.... မဗေဒါကလဲ အားနာလိုက်တာလွန်ရော....

ဒါနဲ့ပဲ ငါငြိမ်ငြိမ်ထိုင်နေတာပဲကောင်းပါတယ်ဆိုပြီး ထိုင်နေတော့ ကျွန်မနဲ့ အတူထိုင်မဲ့ ၀ိုင်းထဲက လူတွေရောက်လာတယ်... အားလုံးခင်ဖို့ကောင်းတယ်... သူတို့က ကျွန်မကို MC လုပ်မှာလားလို့ စပြီး စကားပြောကြတယ်... အဲဒိထဲက အစ်ကိုကြီးတစ်ယောက်ကို စလုံးလို့ပဲထင်နေတာ... သူက တရုတ်လိုလဲပြောတတ်တော့... နောက်မှ သူက သူလဲ မြန်မာပဲဆိုတာကို အင်္ဂလိပ်လိုပြောတယ်... ၀ိုင်းထဲကလူတွေနားလည်အောင် ကျွန်မတို့ချင်းလဲ အင်္ဂလိပ်လိုပဲ ပြောဖြစ်တယ်... ဓာတ်ပုံ Slideshow က ပြထားပင်မဲ့ အဲဒိနေရာမီးက လင်းနေတော့ ကောင်းကောင်းမမြင်ရဘူး... အဲဒိ မြန်မာအစ်ကိုကြီးက အဲဒိ Screen နေရာကို မီးလေးမှိန်ပေးရင်ကောင်းမယ်လို့ပြောတော့... ကျွန်မလဲ အဲလိုပဲ သဘောတူတာနဲ့ Captain ကိုရှာပြီး မီးလေးမှိန်ပေးဖို့ပြောလိုက်တယ်... (သူလဲ ကျွန်မကို အတော် အမြင်ကပ်နေမယ်ထင်တယ်... Demand တွေများလို့... အဟိ) ခဏနေတော့ ကျွန်မ ဘယ်ဘက်ခုန်လွတ်နေတဲ့နေရာကို အဖြူတစ်ယောက်ရောက်လာတယ်... ဘာရယ်တော့မဟုတ်ဘူး အဖြူတွေ့ရင် အင်္ဂလိပ်လိုပြောရတာ ပါးစပ်သိပ်မရဲတော့ဘူး... အဟိ.... နောက်တော့ မိတ်ဆက်ပေးတော့ သူက ဘရာဇီး ကတဲ့... ဘရာဇီး က ဘာစကားပြောလဲလို့မေးတော့ ပေါ်တူကီစကားတဲ့... ဘရာဇီး မှာ အားလုံး အင်္ဂလိပ်လိုပြောတတ်လားဆိုတော့ မပြောတတ်ဘူးတဲ့... ဒါဆိုရင်တော့ အင်္ဂလိပ်လိုသူ့ရှေ့ပြောရတာ မဗေဒါ ပြန်ပြီး Confident ရှိသွားတယ်... ဒါပေမဲ့လဲ သူက အင်္ဂလန်ကလာတယ်ထားအုံး ရင်းနှီးသွားရင်တော့ မဗေဒါ စကားပြောရမှာ မရှက်တော့ပါဘူး... ကိုယ့် Mother tongue က အင်္ဂလိပ်မှမဟုတ်တာ ဘာရှက်စရာရှိလဲနော်... နော်... :) .... နောက်တော့ ၀ိုင်းကို မြန်မာအစ်မကြီးတစ်ယောက်ရောက်လာတယ်... စကားပြောကြရင်းနဲ့ မဗေဒါရဲ့ဘလော့ကို မေးတော့ သူလဲ ဖတ်ဖူးတယ်တဲ့... ဒီလိုနဲ့ပဲ facebook တွေဘာတွေမှာ အက်ဖြစ်သွားတယ်... ဘရားဇီး ကြီးကလဲ အတော်လေးတော့ ခင်ဖို့ကောင်းပါတယ်... စကားတွေအများကြီးပြောဖြစ်တယ်... အထူးသဖြင့်တော့ ခရီးသွားရတာ ၀ါသနာပါတယ်ဆိုတော့ သူ့နိုင်ငံလာလည်ဖို့ဖိတ်တယ်... ကိုယ်ကလဲ ကမ္ဘာ့မြေပုံတော်တော်ကျွမ်းတော့ ဘရာဇီးဘယ်နားမှန်းမသိဘူး... အဲလိုတော်တာ... ဘရာဇီးဆို ဘောလုံးကောင်းတယ်ဆိုတာပဲသိတယ်... အဲဒါတောင် update ဖြစ်ရဲ့လားမသိဘူး...

ကြေငြာနေပြီနော်...

နောက်တော့ သတို့သားကိုယ်တိုင် လာပြောတယ်... "မဗေဒါ ခဏနေကျွန်တော်တို့ ၀င်လာတော့မယ်"တဲ့... စိတ်တော့ အတော်လေး လှုပ်ရှားသွားတယ်... ဒီလိုနဲ့ ထိုင်မနေနိုင်တော့ပဲ အခြေအနေသိချင်လို့ ခန်းမပြင်ဘက်ကို ထွက်လာလိုက်တယ်... သတို့သမီးက reception မှာစောင့်နေတယ်... ဒါနဲ့ အပြင်မှာရပ်နေသေးတဲ့သူတွေကို အထဲဝင်ခိုင်းလိုက်တယ်... ပြီးတော့ တံခါးတွေ လိုက်ပိတ်လိုက်တယ်... နောက်ဆုံးအနေနဲ့ ဟိုတယ် Captain ရယ် သတို့သားရယ် ကျွန်မရယ် စကားပြောတိုင်ပင်ကြတယ်... သူက သူ့စားစရာတွေ Stand By ဖြစ်မှ အားလုံးကို စခိုင်းတယ်... ဟုတ်တယ်... အားလုံး အဆင်သင့် Stand By ဆိုမှ စတာကောင်းဆုံးပဲ... ဒီလိုနဲ့ မဗေဒါ အထဲမှာ ပြန်ထိုင်နေလိုက်တယ်... ခဏနေတော့ တစ်ယောက်ကလာပြောတယ်... မဗေဒါ ပြောဖို့ အသင့်လုပ်တော့တဲ့ ဒီတော့ ကျွန်မ လူတွေအားလုံးရှေ့ထွက်ရပ်လိုက်တယ်.... ကျွန်မ ရပ်လိုက်တယ်ဆိုရင်ပဲ ခန်းမထဲက စကားပြောသံတွေ အားလုံး စက္ကန့်ပိုင်းအတွင်း တိတ်သွားပြီး မျက်လုံးပေါင်းများစွာနဲ့ စရင်ဆိုင်လိုက်ရတယ်.... လှပ်လှပ် လှပ်လှပ်ဖြစ်သွားတဲ့ ရင်ထဲမှာ ကိုယ့်ကိုကိုယ်ပြန်အားပေးလိုက်တယ်.... "ငါလုပ်နိုင်တယ်... ငါလုပ်နိုင်တယ်" ... အောက်က ဒူးလေးကတော့ သိပ်သဘောမတူစွာနဲ့ "ဖြစ်ပါ့မလား ဖြစ်ပါ့မလား" ဆိုပြီး ဆပ်ဆပ်ခါနေတာ ကိုယ်တစ်ယောက်ပဲ သိနိုင်တယ်... ဒါပေမဲ့ စင်္ကာပူရောက်စ ကျောင်းသူဘ၀ ပထမဆုံး ပြောခဲ့ရတဲ့ Presentation လောက်တော့ မကြောက်ခဲ့ပါဘူး... ကျွန်မ ပြင်ဆင်လေ့ကျင့်ခဲ့တာရော... ကျွန်မလုပ်နိုင်တယ်ဆိုတာကိုရော ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ဘက်ကများတဲ့အတွက် ပထမ တစ်ခွန်းပြောအပြီးလောက်မှာပဲ လုံးဝမကြောက်တော့ပါဘူး...

အဲဒါမပြောမီ... လူကထွက်ရပ်လိုက်ပြီး နောက်က Captain က ခဏနေအုံးဆို လက်လှမ်းပြတော့.... လူတွေအားလုံးရဲ့မျက်လုံးတွေကို ၅မိနစ်လောက် အလူးအလဲခံလိုက်ရတယ်... နောက်မှ အနောက်ကနေ ရပြီဆိုတဲ့ အချက်ပြတော့.. စပြောရတော့တာပေါ့.... ကျွန်မအကျင့်က ကြောက်လေ စိတ်လှုပ်ရှားလေ အသံကျယ်လေပဲ... မေမေက အိမ်မှာတုန်းက ကြောက်ပြီး အသံမထွက်ပဲနေအုံးမယ်ပြောတော့ ကျွန်မအကြောင်း (အကျင့်တူမို့) ကောင်းကောင်းသိတဲ့ အစ်မတွေက "မေကြီး သမီးကို အသံမကျယ်ဖို့ မှာရမှာ"လို့ပြောခဲ့တဲ့ Feedback က ခေါင်းထဲမှာစွဲနေတယ်... ဒါနဲ့ ကိုယ့်အသံကို အရမ်းမကျယ်မိအောင် ထိန်းပြီး စနှုတ်ဆက်လိုက်တယ်... အသံအတိုးအကျယ်ကို သတိနဲ့ပြောနေရတော့ ဒီလောက်လေ့ကျင့်လာတာတောင် ပြုံးပြီး ပြောဖို့မေ့သွားတယ်.... လူက တစ်ခုကို အာရုံစိုက်နေရင် တစ်ခုလုပ်ဖို့မေ့တယ်... Multi task မရဘူးထင်တယ်... အရမ်းကို Serious မျက်နှာဖြစ်နေတယ်.... ဓာတ်ပုံဆရာတွေကလဲ ၄ ၅ ယောက်လောက်ရှိတယ်... တဖျက်ဖျက်ပဲ... ခါတိုင်း ကင်မရာချိန်ရင် ပဲလုပ်နေကျ ကျွန်မ ခုတော့ ကိုယ့် ဇောနဲ့ကိုယ် မေ့နေတယ်... ဒီလိုနဲ့ မိတ်ဆက်ပြီးတော့ သတို့သား သတို့သမီးကို မင်္ဂလာခမ်းမထဲကို ဖိတ်လိုက်တယ်.... သတို့သားသတို့သမီးကို မဗေဒါကြေငြာပြီးမှ ထွက်မလာရင် ငိုမှာနော်လို့ ဘလော့ပေါ်မှာလဲ ရေးခဲ့သလို... အပြင်မှာလဲ ကြေငြာပြီးရင် ထွက်ခဲ့နော်လို့ မှာထားတော့ သူတို့ကလဲ မဗေဒါ ငိုမှာစိုးလို့ထင်တယ်... ချက်ချင်းကို ထွက်လာကြတာ... Audio သမားကလဲ သီချင်းဖွင့်တာ နည်းနည်းလေး နောက်ကျတာရော... သတို့သား သတို့သမီး ထွက်လာတာ နည်းနည်းလေး မြန်တာရောကြောင့် သိပ်တော့ ကွက်တိမဖြစ်လိုက်ဖူး... "ငါများ မြန်မြန်ထွက်လာနော်လို့ မှာထားမိလို့လားဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်ရှိသလိုခံစားလိုက်ရတယ်" မင်္ဂလာဇနီးမောင်နှံရေ စိတ်မရှိနဲ့နော်... အမှားဆိုလဲ စေတနာအမှားပဲဖြစ်မှာပါ...

ရီဖို့မေ့ပြီး မျက်နှာက တည်နေရော...

ဒီလိုနဲ့ အားလုံး ချောချောမောမောပါပဲ... မုန့်စားလို့ရပါပြီကြေငြာပြီးတော့ ကိုယ့်နေရာကိုယ်ထိုင်ပြီး စားနေလိုက်တယ်... စိတ်ကလှုပ်ရှားနေတော့ ကောင်းမှကောင်းရဲ့လားလို့ ဘေးက ခုမှမိတ်ဆွေဖြစ်သွားတဲ့သူတွေကိုပဲ မေးရတယ်... ဘရာဇီးကတော့ အကုန်ကောင်းဆိုပဲ.. အလွန်မှ Supportive ဖြစ်တာ... သူ့လိုလူမျိုးဘေးချပေးတဲ့အတွက် နေရာချကောင်းတယ်လို့ ပြောရမယ်... မိတ်ဆွေသစ်တွေလဲရ အားပေးမဲ့သူတွေလဲရ... မဗေဒါအတွက်ကတော့ ဟုတ်နေတာပဲ... အစကတော့ သတို့သား သတို့သမီးက 2nd marching ကို MC မကြေငြာနဲ့လို့ တိုင်ပင်ထားပင်မဲ့... အဲနေ့မနက်ပွဲမစခင်မှာပဲ... မဗေဒါက အဲဒါပါ ကြေငြာမှ ပိုကောင်းမယ်လို့ ပြောတော့... သူတို့က ထုံးစံအတိုင်း မဗေဒါ သဘောတဲ့... ဒါနဲ့ ပဲ တစ်ခါထပ်လာပြောတယ်... သူတို့ အဆင်သင့်ဖြစ်ပြီဆိုတော့... Audio သမားကလဲ ပျောက်ပျောက်နေတယ် သူ့ဘယ်နားဖမ်းရမှန်းမသိဘူး... နောက်တော့ Captain ကိုပဲ ပြောတော့ သူက မစိုးရိမ်ဖို့နဲ့... သိပ်မြန်လွန်းတာပဲဆိုပြီး ပြောတယ်... အေးဆေးပေါ့တဲ့... ဒါနဲ့ ကိုယ်လဲ စောစောကလို့မဖြစ်အောင် စိတ်လျော့လိုက်တယ်... အားလုံး အချက်ပြ အဆင်သင့်ဖြစ်တော့ ကျွန်မက 2nd marching ကို ကြေငြာတယ်... ဒီတစ်ခါတော့ အမိုက်စားနော်... From This Moment သီချင်းက ၂ မိနစ် ၃ မိနစ်လောက် အရင်လာနေတာ... သတို့သား သတို့သမီးက ၀င်မလာသေးဘူး အားလုံးက မျှော်နေကြတာပေါ့... တချို့ကလဲ မဗေဒါကို ပြန်လှည့်ကြည့်တယ်.... ဒီတစ်ခါတော့ ကိုယ်လဲ ပထမတစ်ခေါက်က အတွေ့အကြုံအရ အေးဆေးပဲ... မသိချင်ယောင်လေးဆောင် မျက်နှာလေးပြုံးပြီး လူတွေအားလုံးမျက်လုံးနဲ့ မစုံအောင် မင်္ဂလာစုံတွဲဝင်လာမဲ့နေရာကိုပဲ စိုက်ကြည့်နေလိုက်တယ်... သီချင်း Chorus အပိုဒ်လောက်ရောက်မှ သူတို့ဝင်လာတယ်... အော် အတွေ့အကြုံဆိုတာ ဒါပဲ... ခုကျတော့ Perfect.... အားကျလိုက်တာ ကျက်သီးတောင်ထတယ်... ပြီးတော့ ကိုယ်ပါဝင်ရတဲ့ ခုလိုပွဲလေး အချိန်လေးမှာ ခုလို Perfect လေးဖြစ်တာကို စိတ်ထဲကြည်နူးမိတယ်... Captain က နောက်ကနေ သေချာ ထွက်ဆိုတဲ့ အချိန်မှ ထွက်လာတာထင်တယ်... ဒါဆို ပထမအကြိမ်တုန်းက Captain က ဘာလုပ်နေလဲ မထိန်းထားဘူးလားလို့တွေးမိတယ်... မဗေဒါ တောင် ၂ခါ ဆောင်ရမဲ့ပုံပေါက်နေပြီ perfect ဖြစ်အောင်လို့... အဟိ...

မင်္ဂလာစုံတွဲထိပ်ရောက်တော့ Champagne pouring Ceremony ကို ဆက်လက်ကျင်းပဖို့ ကြေငြာလိုက်တယ်... သူတို့ Champagne လောင်းပြီးတော့ သူတို့အချင်းချင်း Toast လုပ်ခိုင်းတယ်... တော်သေးတယ်... အဲလိုလုပ်ခိုင်းမယ်ဆိုတာကို မနက်က သူတို့ ၂ယောက်ကို ထပ်သတိပေးလိုက်လို့... ခုတော့ အားလုံး ok ပဲ....သူတို့ သောက်ပြီးတော့ သတို့သားက ကျေးဇူးတင်စကားပြောတယ်... ပြီးလဲ ပြီးရော ကိုယ်နဲ့ မင်္ဂလာစုံတွဲနဲ့ တိုင်ပင်ထားတာက ဒါပဲ.... ဒါပေမဲ့ မထင်မှတ်တာတွေကို မှန်းထားရမယ်ဆိုတာ မှန်တယ်... ဟိုတယ် Captain က ကျွန်မကိုလာပြောတယ်... ပရိတ်သတ်နဲ့ အတူ cheer လုပ်ဖို့ ကြေငြာပေးပါတဲ့... အစက ကျွန်မ မင်္ဂလာမောင်နှံကို အဲဒါလုပ်မှာလားလို့မေးခဲ့သေးတယ်... သူတို့က ရပါတယ် မလုပ်ဘူးဆိုတော့ ကိုယ်လဲ မရေးလာမိဘူး... ဒါပေမဲ့ အစဉ်အလာအရတော့ လုပ်တယ်ဆိုတာသိတယ်... ဒါပေမဲ့လဲ ပွဲတစ်ခုက ကာယကံရှင်ရဲ့ဆန္ဒက အဓိကမို့ ကျွန်မလဲ အော် ဒီလိုဆိုလဲ ဖြစ်မှာပါလို့ ထင်ခဲ့တာ... ခုတော့ ဘာကြေငြာရမှန်းမသိပဲ... စကားလုံးမရှိတဲ့ ကောင်းကင်ဖြစ်နေရော.... နောက်တော့ Captain က အမျိုးတွေကို စင်ပေါ်ဖိတ်လေတဲ့... ဒါနဲ့ သူပြောတဲ့အတိုင်းပဲ မဗေဒါလဲ အမျိုးတွေ ၀ိုင်းပြီး cheer ရအောင် ရှေ့ကိုလာပေးပါလို့ လက်တမ်းပြောလိုက်တယ်... အားလုံးရောက်လာတော့ မင်္ဂလာစုံတွဲကို အမြန်ကပ်မေးရတယ်... Cheer အော်မှာလား... Yam seng (စကာင်္ပူရိုးရာ မင်္ဂလာ သြဘာသံ) အော်မှာလားမေးတော့.... Yammmmmmm Seng ဆိုပြီး အော်ရမှာကျတော့ မြန်မာတွေအတွက် နဲနဲကြောင်တယ်လို့ထင်ပုံရတယ်.... သူတို့ ၂ယောက်က Cheer ပဲ အော်မယ်တဲ့.... ဒါနဲ့ ကျွန်မလဲ အားလုံးပဲ မင်္ဂလာစုံတွဲကို Cheer ရအောင် ဆိုပြီး အင်္ဂလိပ်လိုကြေငြာပြီး ကျွန်မက ဦးဆောင်ပြီး ၁ ၂ ၃ cheer လုပ်လိုက်တယ်...
ရှန်ပိန် ၁စက်သောက်ပြီး ဒုက္ခတွေ့နေတဲ့ အချိန်လေးကို ကိုသီဟသစ်က အမိအရရိုက်ထားပါတယ်...

ကျွန်မက အစက ကိုယ့်ဝိုင်းက ရေခွက်ပြေးယူတာ... champagne မှ မသောက်တတ်တာ... ဒါပေမဲ့ Captain က လက်ထဲကို Champagne ခွက်လာထည့်ပေးပြီး ရေခွက်ကို ပြန်ယူသွားတယ်... ဒါနဲ့ ခွက်လေးကလဲ လှတော့ ပိုတော့ စမတ်ကျပါတယ်... အဲလိုပဲဖြစ်သင့်ပါတယ်... ခက်တာက အထဲက အရည်ကို မသောက်တတ်တာ... ဒါပေမဲ့ Cheer လုပ်ရင် အဲဒိ မောင်နှံအတွက် သောက်ပေးရတယ် (အမှန်တော့ အကုန်သောက်ရတယ်ဆိုလား ကြားဖူးတာပဲ) ပြီးတော့ Champagne က အအေးလိုပဲ မပြင်းဘူးလို့ကြားဖူးတာရော... ကိုယ်ကလဲ မထင်မှတ်တာတွေဖြစ်နေတော့ စိတ်ထဲ ဗျာများနေတာရော... အနံ့ကလဲ တခြားဟာတွေလို အရက်ပြန်နံ့သိပ်မရတော့ သောက်နိုင်လောက်မယ်ထင်လို့ ၁စက်လောက်လေး ပါးစပ်ထဲထည့်လိုက်တာ... ဘယ်လိုကြီးမှန်းလဲမသိဘူး.. ပါးစပ်ထဲရောက်မှ အရက်ပြန်နံ့ရတယ်... အီး...... မကောင်းဘူး.... ဒူးရင်းသီးကို အခွံမခွာပဲ အရက်ပြန်စိမ် မျိုလိုက်ရသလိုပဲ... ၁စက်သောက်ပြီး ကိုယ့်ကိုကိုယ် မူးများသွားပြီလားလို့ စိတ်ကထင်နေတယ်... ကိုယ့်ဘာကိုယ် ဒီဘက်မှာ တစ်ယောက်ထဲ ဒုက္ခများနေတာ ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး... နောက်ဆုံး အားလုံးက ကိုယ့်ကို လှည့်ကြည့်နေတာ သတိထားမိတော့မှ ရှက်လိုက်တာ မပြောနဲ့.. ဘာပြောရမှန်း ဘာလုပ်ရမှန်း ဦးနှောက်က ချက်ချင်း မသိတော့ဘူး... အားလုံးက ကိုယ့်ကြောင့် မတ်တပ်ရပ်နေရတာဆိုတော့ ပြန်ထိုင်ခိုင်းလိုက်တယ်... "You may please be seated" လို့... ရီသံလေးတွေ နည်းနည်း ကြားလိုက်ရတယ်... ရှက်လိုက်တာ ကိုယ့်မျက်နှာကိုယ် ရေခဲစိမ်လိုက်ချင်တယ်... မျက်နှာပူလို့.... ဒါပေမဲ့လဲ အပြင်မှာတော့ ဘာမှ မဖြစ်တဲ့ပုံပဲ ခပ်တည်တည်နေလိုက်တယ်... ရှက်တယ်ဆိုပြီး အနြေ္ဒမရရင် ပိုအရှက်ကွဲမှာလေ... ကိုယ်လဲ ဒါ ပထမဆုံးအကြိမ်ဆိုတော့ အားလုံးလဲ နားလည်ပေးနိုင်မှာပါ....

ဘယ်အချိန်ကလှမ်းရိုက်လိုက်မှန်းမသိတဲ့ Candid ရိုက်ချက်ပါ...

နောက် မင်္ဂလာစုံတွဲက စားပွဲတွေမှာ ဓာတ်ပုံလိုက်ရိုက်ခံတယ်... အားလုံးအေးဆေးပဲဖြစ်သွားပြီ ကိုယ်လဲ ဘာမှ ကြေငြာစရာသိပ်မကျန်တော့ဘူး... ဘေးကလူတွေနဲ့ စကားတစ်ပြောပြောပဲပေါ့... ကျွန်မ Champagne တစ်ခွက်နဲ့ ဒုက္ခများနေတုန်းက ဘရာဇီးက ကြည့်ပြီး ရီနေတာ... စားပွဲရောက်တော့ ကျွန်မ မသောက်တတ်ကြောင်းပြောဖြစ်တယ်... ၀ိုင် ရော မသောက်တတ်ဘူးလားတဲ့.. ကျွန်မအဲလိုအရေတွေမပြောနဲ့ Coke တို့ Pepsi တို့လို Gas ပါတဲ့ အအေးတွေတောင် မသောက်နိုင်လို့ မင်္ဂလာဆောင်မှာ ရိုးရိုးရေနဲ့ ရေနွေးကြမ်းပဲ ထိုင်သောက်နေတာလို့ပြောလိုက်တယ်... ဘရာဇီးက Champagne ကို သောက်ချင်ပုံရတယ်... ဒါပေမဲ့ ကျွန်မ သောက်ပြီးသားဖြစ်နေတာရော အရမ်းလဲ ရင်းနှီးတဲ့သူမဟုတ်တော့ သောက်ချင်သောက်လေလို့ မပြောရဲဘူးလေ... ဒါပေမဲ့ သူက နင်မသောက်နိုင်တာ ဘယ်လောက် ပြင်းလို့လဲ နည်းနည်း မြည်းကြည့်မယ်တဲ့... အစတည်းက သူ အာရှရောက်တာ အာရှအစားအစာတွေနဲ့ သဟဇာတမဖြစ်တဲ့အကြောင်းတွေ ပြောဖြစ်တယ်... ပြီးတော့ အစားအသောက်တွေလဲ တို့ကဏန်း စိတ်ကဏန်းပဲ စားတော့ သူ့ကို ကိုယ်ချင်းစာတယ်... သူတို့ အနောက်တိုင်းက ဒါမျိုးတွေ ရေလိုသောက်တာဆိုတော့ သူသောက်ချင်မှာပေါ့...အဲဒိအခါကျမှ ကျွန်မလဲ ပြောလိုက်တယ်... နင်စိတ်မရှိရင် အကုန်သောက်လိုက်လို့ရပါတယ်လို့ဆိုတော့ သောက်ထည့်လိုက်တာ ၁ချက်တည်းပဲ... အင်းး... ကောင်းပါတယ်တဲ့... သနားတောင် သနားသွားတယ်... သူတော်တော်သောက်ချင်နေရှာတာဖြစ်မယ်...

နောက်ဆုံး အချိုပွဲပြီးရင် အစီအစဉ်ပြီးကြောင်းကြေငြာဖို့ Script ထဲမှာ ပြင်ဆင်ထားတယ်... ဒါပေမဲ့ တချို့တွေက ထပြန်တာ အရမ်းမြန်တယ်... ဒါနဲ့ မဗေဒါလဲ ပါးစပ်က ဒီလိုပဲ ဘေးကလူတွေ အကြံဥာဏ်တောင်းလိုက်တယ်... အစီအစဉ်ပြီးကြောင်း ကြေငြာစရာလိုသေးလားမသိဘူးဆိုတော့ ဘေးက စလုံးမ တွေက မလိုတော့ပါဘူး လူတွေတောင် ပြန်နေကြပြီပဲတဲ့... ဒါနဲ့ မင်္ဂလာမောင်နှံကို ထွက်ပြီး အကြောင်းစုံပြောတော့ သူတို့ကလဲ "ရပါတယ်... မဗေဒါ သဘောပဲ" တဲ့.... အဟိ... ဒီ MC နဲ့ ဒီမောင်နှံက အတော်လဲ လိုက်တယ်နော်... နောက်သူများတွေပြန်တော့ နေချင်သေးပင်မဲ့လဲ သွားစရာကရှိနေသေးတာနဲ့ ကိုယ်လဲ နှုတ်ဆက်ပြီးပြန်လာလိုက်တယ်...

ဒီပိုစ့်လေးနဲ့အတူ မဗေဒါကို အတွေ့အကြုံအသစ်တွေ ရရှိခွင့်ပေးခဲ့သလို မဗေဒါရဲ့ လိုအပ်ချက်လေးတွေကို ဗွေမယူတဲ့ အသစ်ဆက်ဆက် မင်္ဂလာဦး ဇနီးမောင်နှံကို ဒီနေရာကနေ ကျေးဇူးလဲတင်တယ်.... သူတို့ ၂ယောက် ၂၀-၀၂-၂၀၁၁ နေ့မှစပြီး နောင်နှစ်ပေါင်း များစွာတိုင် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ သာယာတဲ့အိမ်ထောင်ရေးကို တည်ထောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.... ခုချိန်လောက်ဆိုရင်တော့ Honeymoon ခရီးမှာ ပျော်နေကြရောပေါ့.... နောင်နှစ် Anniversary တွေလုပ်ရင်လဲ MC လုပ်ဖို့ခေါ်အုံးနော်... Perfect လုပ်ပေးမယ်... ဟိဟိ....

P.S ဇနီးမောင်နှံဓာတ်ပုံတွေကတော့ သူတို့ဆီက ခွင့်ပြုချက်မယူရသေးလို့ ယခုလိုပဲ တင်လိုက်ပါတယ်... ဒီဓာတ်ပုံ အပြန်စားတွေကို ရိုက်တဲ့ ဓာတ်ပုံဆရာကတော့ နာမည်ကျော်ဘလော့ဂါကြီး ကိုသီဟသစ်ပဲဖြစ်ပါတယ်....

13 comments :

Than Yaw Zin said...

ဖတ်နေရင်း ရင်မောလိုက်တာ... ဘာများအမှားဖြစ်မလဲလို့.. :P နောက်ဆုံးချောချောမောမောနဲ့ ပြီးသွားမှ သက်ပြင်းချနိုင်တယ်... စိတ်လှုပ်ရှားအောင် ရေးနိုင်တဲ့သူ.....

kyaw kyaw lin said...

့ရှန်ပိန် လေးတော့သောက်တတ်အောင်လုပ်ထားမပေါ့ဗျ .... :D ဟီဟီ photo ထဲမှာတော့တော်တော် ရုန်းကန် လိုက်ရတဲ့ပုံဘဲ ...

မြူးမြူး said...

အဲဒီနေ့က ပြောသွားတာ အားလုံးကောင်းပါတယ်.. နောက်ကွယ်ကဖြစ်ရပ်လေးတွေတော့ ခုမှသိရတာပေါ့လေ..း)

mabaydar said...

မြူးမြူးက PMZ လားမသိဘူး... မဟုတ်ဘူးဆိုရင် အဲဒိနေ့က ဘာအကျီင်္ဝတ်ထားလဲမသိဘူး... အားလုံးနဲ့ စကားပြောမိတ်ဆက် ဓာတ်ပုံတွဲရိုက်ချင်တာ... မရိုက်ဖြစ်ခဲ့ဘူး...

Minn Yoon said...

ရှန်​ပိန် သောက်​နေ​တဲ့​ပုံစံ​က ရီ​ရ​တယ်​ဟ.. ဘာ​ပဲ​ပြော​ပြော အဲ့​ဒိ အင်္ကျီ​လေး​နဲ့​တော့ နင်​နဲ့တော်တော် လိုက်​တယ် ထင်​တာ​ပဲ။ လှ​တယ်.. :)

Anonymous said...

မဗေဒါနဲ့ဒါပုံတူတူတွဲရိုက်တဲ့ခရမ်းရောင်မမလှလှလေးလေ မမြူးက
မဗေဒါပြောသွားတာအကုန်ကောင်းတယ်..
ပျော်စရာနေ့လေးကိုအမြဲအမှတ်ရနေမှာပါ..

ချစ်တဲ့
မေလေး

မြူးမြူး said...

မြူးမြူးက PMZ ပါ..အဲဒီနေ့က ဒါ့ပုံရိုက်ဖြစ်ခဲ့ပါတယ် မဗေဒါရဲ့.. :)
မမ ၀၀လေးပါ မေလေးရယ်.. :)

ZT said...

မှိန်ထားပေမယ့် ဒီသတို့သားပုံက မှားစရာ မရှိပါဘူး။ :D

KK said...

ဝိတ်ချထားတာလား။ ပိန်သွားသလိုပဲနော်။ အရမ်းလှနေတယ် မဗေဒါက။ ဖတ်လို့လဲကောင်းတယ်။ ကျေးဇူး။

သီဟသစ် said...

ပထမဆုံးEmcee လုပ်တာ ဆိုပေမယ့် မဗေဒါ ပြောဆိုတာ လုပ်ကိုင်တာတွေက အစီအစဉ်ကျပါတယ်။ smart လည်းကျတယ်။

ငါလည်း အဲဒီနေ့ကမှ မင်္ဂလာဆောင် ဓါတ်ပုံစရိုက်ဖူးတာပဲ။
ရှန်ပိန် တစ်စက်သောက်ထားတဲ့ပုံမှာ ကျန်တဲ့သူတွေကို ၀ါးထားလိုက်တာ ငါတောင်မျက်စိလယ်သွားတယ်။ အဲလိုလုပ်ပေးထားတာ မှန်ပါတယ်။

စကားမစပ် နာမည်ကျော် ဘလော့ဂါကြီး ဆိုပြီးတော့ နာမည်မတပ်ပါနဲ့ကွယ်။ ခုက စာလည်း အသစ်မရေးဖြစ်တော့ ကိုယ့်ကိုယ်ကိုတောင် ဘလော့ဂါ နာမည်ခံရမှာ စိတ်မလုံဘူး။ :)

ခင်မင်စွာဖြင့်
သီဟသစ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမ မဗေဒါလေးက ချစ်စရာသိပ်ကောင်းတာဘဲ
ခုမှ ဓာတ်ပုံကိုသေချာတွေ့ဖူးတာ
ကြော့ရှင်း စမတ်ကျနေတာ တွေ့ရတော့ ၀မ်းသာမိတယ်။
စာရေးကောင်းသလို စကားပြောလဲကောင်းမှာပါ။ နောက်ပွဲတွေမှာလည်း Emcee ချောချော ကောင်းကောင်းတစ်ယောက် ဖြစ်လာဦးတော့မှာပါ။ ပွင့်လင်းတဲ့ စာရေးဟန်လေးတွေကို သဘောကျမိတယ်.

နွေးနေခြည် said...

ခုမှဖတ်ရတယ်။ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ အားလုံးက အမှတ်တရပါပဲ။း) မဗေဒါနဲ့ ဘရာဇီးနဲ့ ၂ယောက်ပုံရှိတယ်။ ပို့လိုက်မယ်.. အဲ့ဒီ တဝိုင်းလုံးက နေခြည့်ရုံးက လူတွေပါ။ အားနာစရာမလိုပါဘူး။ ကူညီပေးတဲ့အတွက်တောင် ပြန်ကျေးဇူးတင်သေးတယ်။

TMH said...

Thanks for your support and help sis.
We started posting photos on FB already and only FB. :)

All finish perfect. :)