အဲလိုလုပ်တဲ့ နှစ်တိုင်း ပြန်စဉ်းစားကြည့်တယ်... ကိုယ့်မွေးနေ့ကိုလာတဲ့သူ ဘယ်နှစ်ယောက်က ကိုယ့်ကို Appreciate ရှိရှိလာကြတာလဲ... ဖိတ်လို့ မကောင်းတတ်လို့လာတယ်... တချို့ကလဲ ဖိတ်သည့်အချိန်တွင် စိတ်ထဲလေးလံသွားသည်.. "လာပြန်ပြီ ဒီမွေးနေ့... လက်ဆောင်ကပေးရအုံးမယ်"..
တချို့ကလဲ... "အိမ်က မသုံးပဲထားထားတဲ့ ပစ္စည်းလေးတစ်ခုလောက် ပတ်ကင်ထုတ်ပြီးပေးလိုက်တာပေါ့" ...
"ဟာကွာ အလုပ်ပိတ်ရက်လေး ကောင်းကောင်းအိပ်မလို့ဟာ ဒီလူမှုရေးတွေက တမှောက်" ... တချို့ကျပြန်တော့ "နောက်ဆုံးအချိန်ထိ လာမယ်... လာမယ်...ပြောမယ်... ပြီးမှ စိတ်မရှိတော့ အရေးကြီးကိစ္စပေါ်လာလို့ မလာနိုင်တော့ဘူး သူငယ်ချင်းရယ်" ဆိုတာလေးနဲ့ အချိုသတ်တတ်တယ်...
တချို့လာတဲ့သူတွေကလဲ မွေးနေ့ရှင်တောင် Happy Birthday ပြောဖို့ စိတ်မ၀င်စားဘူး... ဘယ်လိုပဲဖြစ်ဖြစ် လာတယ် စားသွားတယ်ဆိုတဲ့သူတွေအားလုံးဟာ လုံးဝပေါ်မလာတဲ့လူတွေထက်စာရင် ကိုယ့်ကို အလေးထားသေးတယ်... ပြီးတော့ သူတို့ကို အလှူ မြောက်အောင်လာစားပေးတဲ့အတွက် ကျေးဇူးလဲတင်ပါတယ်...
အလွန်နည်းလှတဲ့ ပမာဏ၊ ကိုယ့်ကို တကယ်စိတ်ထဲရှိတဲ့ သူငယ်ချင်းတွေကတော့ အဲဒိနေ့ ရောက်လာတယ်.... ဧည့်သည်တွေများနေရင် ဖြစ်သလို နေရာလေးမှာပဲ ရရာပန်းကန်နဲ့ စုပေါင်းစားဖြစ်ချင်လဲစားဖြစ်တယ်... နောက်ဖေးမှာ လိုရင် ၀င်ကူကြတယ်... သူတို့ကို ဧည့်မခံလဲ သူတို့ဘာသာ သူတို့နေနေတယ်... အဲဒိအချိန်မှာ သူတို့ လက်ဆောင်ယူချင်မှလဲ ယူလာတယ်... ကျွန်မအတွက် လက်ဆောင်ပေးခြင်း မပေးခြင်းဆိုတာ အဓိကမကျဘူး... ကျွန်မ စေတနာရှိလို့ စိတ်ထဲရှိလို့ ဖိတ်တဲ့ အလှူကို လာတဲ့သူတွေမှန်သမျှကို ကျွန်မကျေးဇူးတင်တယ်... သူတို့ရှိနေခြင်းနဲ့ သူတို့ ကျွန်မမွေးနေ့ကို appreciate ဖြစ်ဖြစ်လာခြင်းကသာ ကျွန်မအတွက် အဓိကကျတယ်... တကယ်တော့ ကျွန်မမွေးနေ့မှာ တစ်ယောက်တည်း အထီးကျန် ပျင်းခြောက်ခြောက်ဖြစ်နေမှာကို ကျွန်မကြောက်နေခဲ့တယ်... မွေးနေ့မှာ မုန့်ကျွေးတယ်ဆိုတာ ဘာလို့မှန်းမသိတဲ့ ဓလေ့ကြီးကို ဘာကြောင့်လဲဆိုတာ သေသေချာချာမစဉ်းစားမိဘူး...
ဒါပေမဲ့ ဖိတ်ခံရတဲ့ သူတွေဘက်ကလဲ ပြန်စဉ်းစားကြည့်လိုက်တယ်... ကိုယ်နေတဲ့ အိမ်နဲ့ ဝေးတဲ့သူတွေအတွက် အချိန်ကုန် လူပင်ပန်းခံပြီး အစားတစ်လုတ်အတွက် လာရမှာ ကိုယ်နဲ့ သိပ်ရင်းနှီးပြီး ကိုယ်အလေးထားတဲ့သူမဟုတ်ရင်ဘယ်လာချင်မလဲ... ဟိုးးး အရင်တုန်းက စကာင်္ပူလို မြန်မာဆိုင်တွေ များများမရှိခင်တုန်းကတော့ ဒီလိုမျိုး အိမ်ချက်တွေနဲ့ အလှူလုပ်ရတာ ပျော်ဖို့ကောင်းသလို လာတဲ့သူတွေကလဲ ဟပ်ဟပ်ပက်ပက်စားကြတော့ ကြည်နူးရတယ်... ခုတော့ နေရာတော်တော်များများမှာ ၄ ၅ဒေါ်လာ အကုန်ခံလိုက်တာနဲ့ ကိုယ်ကြိုက်တာကို ကျေးဇူးတင်စရာမလိုပဲ စားလို့ရနေတဲ့အချိန်မှာ ဒီလူမှုရေးအတွက် အရေးမပါတဲ့သူတွေကို ဘယ်အချိန်ပေးချင်ပါ့မလဲ... ကျွန်မလဲ လူပေါ်မူတည်ပြီး ခံစားချက်တွေ အလေးထားမှုတွေပြောင်းလဲတာပဲ... အထူးသဖြင့် ပွဲသွားပြီး ဟိုလူ့စိတ်မပါသွားဖြဲ... ဒီလူ့ စိတ်မပါ ဟန်လုပ်စကားပြော ပွဲများကို တက်ရတာမကြိုက်ပဲ အခန်းတွင်းအောင်း ရုပ်ရှင်ကြည့်ရတာပဲ ကြိုက်တဲ့ ကျွန်မလိုသူအတွက် တော်ရုံတန်ရုံဆို ဘယ်မှ မသွားဖြစ်ခဲ့ပါဘူး... လူမှုရေးအလွန်တရာမှ ညံ့တဲ့အထဲမှာ ကျွန်မပါပါတယ်... ဟန်ဆောင်အပေါ်ယံ ရွှေမှုန်ဖြူး အရေမရ အဖတ်မရ စပ်စု အတင်းစကားများကို ပြောပြီး သွားဖြဲနေတဲ့အချိန်မှာ ငါပြောလိုက်တာ... ငါလုပ်လိုက်တဲ့ အမူအရာ တစ်ခုခုများ မှားသွားပြီလားဆိုတဲ့ အတွေးကို ကြောက်ပါတယ်... ဘာလို့လဲဆိုတော့ ကိုယ်က အမြဲ ကိုယ့်စိတ်ထဲရှိတာတွေပဲ ပြောဖြစ်လို့ပါ... နောက်တစ်ချက်က ကျွန်မ ရန်သူမှန်းမသိ မိတ်ဆွေမှန်းမသိ ကျွန်မတွေ့လို့ စိတ်ထဲက အရမ်းရင်းနှီးသွားရင် အကုန်ပြောတော့တာ... တချို့လူတွေက သိပ်ဖတ်ရခက်ပါတယ်... ကိုယ့်ကို သူတို့စိတ်ထဲမှာ ဒီလောက်လဲ မရင်းနှီးပဲနဲ့ ... ကိုယ့်ကိုလဲ စိတ်ထဲမရှိပင်မဲ့... ဖက်လဲတကင်း ဟပ်ဟပ်ပတ်ပတ် ရင်းရင်းနှီးနှီး ရီရီမောမော နေနိုင် ပြောနိုင်ကြတယ်... ကိုယ်က ဒီလိုမလုပ်နိုင်ဘူး... အဲလိုလူတွေကို အကြောက်ဆုံးပဲ... ကိုယ့်ကို တကယ်ခင်တယ်ပဲထင် ဒီတော့ ကိုယ်ကတော့ စိတ်ရင်းတွေနဲ့ အမှန်တွေပဲပြောတယ်... သူတို့ကတော့ ဟိုဟာ အုပ် ဒီဟာလျှို... နောက်ဆုံးကျတော့ ကိုယ့်အကြောင်းကို နောက်ကွယ်လျှောက်ပြောတဲ့ သူတွေလဲ တွေ့ဖူးတယ်... ဒီလိုမျိုး ဟန်တွေပန်တွေလုပ်နေရပြီး ကိုယ့်ကိုယ်ကိုယ်လဲ အချိန်ကုန်လူပမ်း မဖြစ်အောင် ... သူများတွေလဲ မုန့်တခွက်နဲ့ အားနာပါးနာ ကိုယ့်ဆီလာပြီး အချိန်မကုန်ရလေအောင်... ဒီနှစ်မှာ ဘာဆို ဘာမှ မလုပ်ဘူးလို့ ကျွန်မစိတ်ကူးထားတယ်...
ပြီးတော့ ဒီနှစ်မှာ မွေးနေ့နဲ့ ပတ်သတ်ပြီး စဉ်းစားမိတဲ့ ကျွန်မ အမြင်လေးကို နည်းနည်းပြောချင်ပါတယ်...မြန်မာတွေ အယူအရ မွေးနေ့မှာ အလှူအတန်းလုပ်တယ် ကောင်းမှုကုသိုလ်လုပ်တဲ့အနေနဲ့ ရင်းနှီးတဲ့သူတွေကို ဖိတ်ကြွေးကြတယ်... မိတ်ဆွေတွေကလဲ မွေးနေ့ရှင်ပျော်အောင် ရည်ရွယ်ချက်လေးနဲ့ လက်ဆောင်လေးတွေပြန်ပေးကြတယ်... အမှန်တော့ အဲဒိ မွေးနေ့ရှင်က ဒိထက် အချိန်နဲ့ လုပ်အားတက်နိုင်ရင် တကယ်လိုအပ်နေတဲ့ မိဘမဲ့ကလေးကျောင်းတို့ ဘိုးဘွားရိပ်သာတို့ကို သွားရောက်လှူဒါန်းရင်လဲရတယ်... ဒါပေမဲ့ ငွေအား လူအား အချိန်အားကြောင့် မြန်မာတွေသုံးနေကျ စကားအတိုင်း "စတိ" အနေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကိုပဲ ဖိတ်ကြွေးလိုက်တဲ့ ဓလေ့က ဖြစ်လာတယ်... မွေးနေ့လာတဲ့လူတွေအနေနဲ့ကလဲ အမှန်တော့ မွေးနေ့ရှင် ပျော်စေကြောင်း ဆန္ဒကောင်းနဲ့ လက်ဆောင်လေးတွေယူလာပြီး ပေးကြတယ်... အမှန်တော့ လက်ဆောင်မပေးလဲဖြစ်တယ်... ဒီလိုမှမဟုတ်ပဲ... မွေးနေ့ရှင်ကဘာမှမလုပ်လဲ သူငယ်ချင်းတွေက ကိုယ့်အတွက် အရေးပါတဲ့လူတစ်ယောက် ကိုယ်ခင်တဲ့သူတစ်ယောက်အတွက် လက်ဆောင်ပေးချင်စိတ်ရှိရင်လဲ ဘာပွဲမှ မလုပ်လဲ ပေးလို့ရတယ်... ဒီတော့ မွေးနေ့ရှင်က ကျွေးတာရော ... ဖိတ်ခံရတဲ့သူက လက်ဆောင်ပေးတာရောက မလုပ်မနေရအလုပ်မဟုတ်ဘူး...
တနည်းအားဖြင့် သေချာသွားအောင် တဖက်လှည့်ပြောရရင် မွေးနေ့ရှင်မှာလဲ သူ့မွေးနေ့မှာ ကျွေးချင်တယ်မကျွေးချင်ဘူးဆိုတာက သူ့အပေါ်ပဲမူတည်ပြီးတော့ သူဘာမှမလုပ်ရင်လဲ လူမှုရေးခေါင်းပါးတဲ့သူလို ဆက်ဆံခံရစရာမလိုပါဘူး.... သူငယ်ချင်းတွေအနေနဲ့ကလဲ လက်ဆောင်ပေးချင်တယ်မပေးချင်ဘူးဆိုတာ မွေးနေ့လုပ်တာ မလုပ်တာနဲ့ မဆိုင်ပဲ အဲဒိသူငယ်ချင်းကို အလေးထားမှုဘယ်လောက်ရှိမရှိပေါ်မှာပဲဆိုင်တယ်.... သူတို့ ပေးချင်တဲ့ စေတနာရှိတယ် မရှိဘူးနဲ့ပဲဆိုင်တယ်... ဒါပေမဲ့ ယနေ့ခေတ်မှာတွေ့ နေရတာကတော့ "နင့်မွေးနေ့ရှိတယ်နော်... ဘာကျွေးမှာလဲ" "ဟောရှိသေးတယ်... ဖေ့ဘွတ်ပေါ်မှာ notification တွေ့မှ ကိုယ့်မွေးနေ့သတိရပြီး အတင်းလာကြွေးခိုင်းနေတာကရှိသေး... အရင်က နှစ်ချီ Friendlist ထဲလဲရှိပါရဲ့... စကာင်္ပူဘယ်တုန်းကရောက်နေမှန်းတောင် မသိတဲ့ ကိုယ်နဲ့ မျက်မှန်းတန်းမိယုံလောက်လူကလဲ ဇွတ်မုန့်ကြွေးခိုင်းတယ်... မုန့်မကြွေးရင်ပဲ မွေးနေ့ရှင်က အပြစ်လိုလို... ဖေ့ဘွတ်က မွေးနေ့ပဲ ဖြုတ်ထားရတော့မလိုဖြစ်နေတယ်...
အမှန်ဆိုရင် ဖြစ်သင့်တာက သူ့မွေးနေ့မှာ မွေးနေ့ရှင်ကို စိတ်ကြည်ရွှင်အောင်ထားသင့်တာလား... ဒီနေ့ နင်လူ့လောကကို စရောက်တဲ့နေ့ဖြစ်တဲ့အတွက် လောကဓံ အထုအထောင်းတွေခံနိုင်အောင်ဆိုပြီးများ ၀ိုင်းထုထောင်းသင့်သလား.... ဘယ်ဟာက ပိုဖြစ်သင့်တယ်ထင်လဲ... ကျွန်မ စကာင်္ပူကို ရောက်စက စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တုန်းကဆိုရင် ခဏခဏတွေ့ဖူးတယ်... သူငယ်ချင်းတွေအားလုံးက စုပြီး မွေးနေ့ရှင်မသိအောင် စီစဉ်ထားပြီး surprised လုပ်တာ... မွေးနေ့ရှင်ကောင်မလေးက မသိလို့ အ၀တ်တောင် တော်ရုံတန်ရုံပဲဝတ်လာတယ်.... အဲဒိကောင်မလေးအစား ကိုယ်တောင်ပျော်တယ်... ကိုယ့်မှာ သူ့လို သူငယ်ချင်းမျိုးတွေမရှိတာ ကိုယ်က သူ့လောက်မကောင်းလို့လဲဖြစ်နိုင်တယ်... ဘာ လို့ဆိုရင် ထုံးစံအတိုင်း လူမှူရေးညံ့ဖျင်းပြီး အလွန်မေ့တတ်သော မဗေဒါက နေ့စွဲတွေမှတ်ဖို့ တအားမေ့ တတ်တယ်... အိမ်က အိမ်သားတွေ မွေးနေ့ရှိရင်တော့ မဗေဒါကို လာလာသတိပေးတတ်လို့ ကြိုသိတယ်... အဲလိုဆိုရင်တော့ မဗေဒါက သူတို့မသိအောင် လက်ဆောင်လေးတွေဝယ်ပေးထားတတ်တယ်... အစ်မအကြီးမွေးနေ့ဆိုရင် အစ်မလတ်နဲ့ တိုင်ပင်ပြီး ကိတ်မုန့်တွေဘာတွေ သူမသိအောင် ၀ယ်ထားတယ်... ဖေဖေမေမေ မွေးနေ့ဆိုရင် ညီအစ်မတွေတိုင်ပင်ပြီး တစ်ခုခုလုပ်ပေးတယ်... ဒီလိုဆိုတော့ မွေးနေ့ရှင်လဲ ကြည်နူးရတယ်... အဲဒိ မွေးနေ့ရှင် ပျော်တာကိုကြည့်ပြီး လုပ်ပေးတဲ့သူကလဲ ပျော်တယ်... တကယ်လို့ မွေးနေ့ရှင်က စေတနာရှိတယ်ဆိုလဲ သူက မုန့်လိုက်ကြွေးမယ်... မဟုတ်လဲ လုပ်ပေးတဲ့သူတွေကပဲ မျှရှင်းကြတယ်... ဒီလိုလုပ်ပေးဖို့ဆိုတာကလဲ မလွယ်ပါဘူး... တော်တော်လေးလဲခင်ပြီး အားလုံးလဲညီမှရတာပါ... အဲဒိအတွက်ကြောင့် ကိုယ့်ကို တကယ်ခင်တဲ့ ချစ်တဲ့ သူ.... ကိုယ့်ကို အလေးထားတဲ့သူတွေကပဲ လုပ်ပေးနိုင်ပါတယ်... မဗေဒါလိုချင်တဲ့ မွေးနေ့လေးက အဲလိုမျိုးလေးပါ.... ကိုယ့်မွေးနေ့မှာ ကိုယ့်ကို အလေးထားတဲ့သူ.... ကိုယ်ကလဲ အလေးထားပြီး ကိုယ့်အတွက် အရေးပါတဲ့သူတွေနဲ့ပဲ တူတူရှိနေချင်ပါတယ်....
ဒီတော့ ဒီနှစ်မွေးနေ့မှာ ကိုယ်နဲ့ ဆိုးတူ ကောင်းဖက် ကြမ်းတမ်းလဲတူတူ အဆင်ပြေလဲတူတူ ကိုယ့်ကို နားအလည်ဆုံးလူတွေလဲဖြစ်... ကိုယ်လဲ နေရထိုင်ရတာ သူတို့နဲ့ သက်တောင့် သက်သာအရှိဆုံးဖြစ်တဲ့ ကိုယ့်မိသားစုနဲ့ပဲ မုန့်ထွက်စားမယ်စိတ်ကူးထားတယ်... ဒါပေမဲ့ သူတို့ကိုလဲ မပြောဖြစ်လိုက်ဘူး... ၅ ရက်နေ့က အလုပ်အားတော့ ဘာရယ်မဟုတ်ဘူး မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ ချယ်ရီမေမှာ တွေ့ဖို့ချိန်းထားမိတယ်... (သူငယ်ချင်းတွေဆိုတာ ၂ယောက်ထဲပါ...) အိမ်ကိုလဲ မပြောဖြစ်ဘူး.. ဒါပေမဲ့ သွားမယ်လုပ်တော့မှ အမေက သူတို့တွေ ဒီည family dinner ကျွန်မမွေးနေ့အထိမ်းအမှတ် သွားဖို့ရှိကြောင်း အမလတ် လင်မယားကိုလဲ ခေါ်ထားကြောင်း (ကျွန်မကို surprise အနေနဲ့ မေမေက လုပ်ပေးမှာမို့ မပြောပဲထားတာလဲ ဖြစ်နိုင်တယ်) ပြောတော့ မိသားစုနဲ့လဲနေချင်.. ဟိုကိုလဲ ချိန်းပြီးနေတော့ ဘာလုပ်ရမှန်းမသိတော့ဘူး... (ဒါပေမဲ့ သူတို့က ကိုယ့်မွေးနေ့ကို လုပ်ပေးချင်တယ်ဆိုတဲ့ အတွေးနဲ့တင် ကျွန်မ ၀မ်းသာနေပါပြီ.... ဒီတော့ သူတို့ကို မငြင်းချင်ဘူး) ဒါနဲ့ အိမ်ကတစ်မိသားစုလုံးကိုပါ ချယ်ရီမေမှာ ကာရာအိုကေဆိုရင်း ဒီနေ့အတွက် ဒကာခံမယ် လိုက်ခဲ့ကြလို့ ပါးစပ်က အလိုလိုထွက်သွားတယ်... ဒါပေမဲ့ ကျွန်မသူငယ်ချင်းတွေနဲ့ ဘွတ်ထားတဲ့ ၆နာရီအချိန်ကို ထပ်မရတော့ဘူး.. ည ၉နာရီမှရတယ်... ဒါနဲ့ Fish and Co စားသောက်ဆိုင်မှာ အရင်စားပြီးမှ အဲဒိကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်... သူငယ်ချင်း ၂ယောက်ကို ပါ အချိန်ပြောင်းခိုင်းပြီး ခေါ်လိုက်တယ်... ကိုယ့်အတွက် အမြဲရှိပေးတဲ့ ကိုယ့်မိသားစုလေး ကိုယ့်ဘ၀အတွက် အရေးပါတဲ့လူတွေနဲ့ပဲ မွေးနေ့ပွဲလေးကို လုပ်ဖြစ်သွားတယ်... .
ကျွန်မတို့မိသားစု ပျော်ပျော်ပါးပါးစားသောက် လျှောက်သွားပြီးတော့ အဲဒိ ၅ရက်နေ့ညကို ကျော်ဖြတ်တယ်... credit card Bill ကတော့ နောက်လ မျက်ခုံးလှုပ်ပေါ့... ဒါပေမဲ့လဲ ပိုက်ဆံနဲ့ ကိုယ့်ရဲ့ Memory နဲ့ လဲလို့ရနေသေးတာ တန်ပါသေးတယ်... ကျွန်မအစ်မအလတ်က သူ့ဝါသနာနဲ့ အညီ ကျွန်မအတွက် သူ ဟိုးအရင်ထဲက တိတ်တိတ်လေး လုပ်ထားတဲ့ ကျွန်မအကြောင်း Scrap Book လေးကို မွေးနေ့လက်ဆောင်အဖြစ်ပေးတယ်... သူက ပိုစ့်ကဒ်တို့ Scrap Book တို့ လုပ်ရတာ ၀ါသနာပါတယ်... သူက အဲဒါကို စီးပွားရေးအနေနဲ့တောင် လုပ်ချင်တယ်... ခုဆိုရင် သူ့ လက်လုပ် Customize ပိုစ့်ကဒ်လေးတွေကို အနီးနားကလူတွေက မှာယူဝယ်လေ့ရှိတယ်... သူလုပ်ထားတာလေးတွေကို နောင်အချိန်ရမှ ဘလော့မှာ ပြပါအုံးမယ်... ခုတော့ သူပေးတဲ့ မွေးနေ့လက်ဆောင်လေးကို အောက်မှာကြည့်လိုက်ပါ... အဲဒိ Scrap Book လေးရဲ့ နေရာတိုင်း နေရာတိုင်း ထောင့်တိုင်း ထောင့်တိုင်းကို လုပ်နေတဲ့ အချိန်မှာ ကျွန်မအတွက်ဆိုတဲ့ စေတနာတွေနဲ့ စက္ကူတွေ ကပ်ကြေးတွေ ဖဲကြိုးတွေ စတစ်ကာတွေ ရှုပ်ပွနေတဲ့ အထဲမှာထိုင်ရင်း ဒီဇိုင်းစဉ်းစားနေမဲ့ အစ်မလတ်ကိုမျက်လုံးထဲ မြင်ယောင်မိပါတယ်...
ပထမဆုံး စာမျက်နှာဖုံး... |
ဒုတိယစာမျက်နှာ ကျွန်မဓာတ်ပုံလေးတွေကို အဲဒိကဒ်လေးတွေမှာ ကပ်ရမှာ |
ဓာတ်ပုံ ၃ပုံ ကဒ်ရမယ်... ဘာပုံကဒ်ရမှန်းမသိဘူး.. |
၎မျက်နှာမြောက်... |
ထီးလေးက အောက်ကို လှန်လို့ရအောင် လုပ်ထားတယ်တဲ့.. |
ကျွန်မဓာတ်ပုံလေးက အစိမ်းစာရွက်ပေါ်မှာ ပြီးတော့ ဘေးမှာ memo လေးရေးလို့ရတယ်... |
ဒါကနောက်ဆုံး စာမျက်နှာ... |
အဲဒိညက ပင်ပန်းပြီး အိပ်ပျော်သွားတယ်... နောက်နေ့ ကျွန်မမွေးနေ့မှာ ဖုန်းမြည်သံကြားတော့မှ လန့်နိုးသွားတယ်... ဖုန်းကို ကိုင်လိုက်တော့ ကျွန်မဦးနှောက်တွေ ကောင်းကောင်းအလုပ်မလုပ်သေးဘူး... ဖုန်းထဲကနေ အသံရှင်တစ်ဦးက သူပြောနေကျလေသံအတိုင်း "ဘယ်သူလဲ" လို့ စမေးတယ်... အဲဒိ အသံကို ကျွန်မ နောက်ထပ်ဘယ်တော့မှ မကြားရတော့ဘူးလို့ ထင်ထားတာပါ... အဲဒိ အသံကို မကြားတာလဲ ၃နှစ်လောက်ရှိနေပါပြီ.... ကျွန်မရဲ့ ဖုန်းလဲ ဘဏ်က ကြော်ငြာလူတွေ ခေါ်တာမဟုတ်ရင် မမြည်တာ ၃နှစ်လောက်ရှိနေပါပြီ... ကျွန်မ အသက် ၂၀ ပြည့်မွေးနေ့မှာ ကျွန်မဘ၀ရဲ့ ပထမဆုံး mp3 player လေးကို မွေးနေ့လက်ဆောင် သူပို့ပေးခဲ့ဖူးတယ်... ကျွန်မရဲ့ ဘလော့ကို သူသိလား မသိလား... ဖတ်လား မဖတ်လား ကျွန်မ မသိဘူး... ဒါပေမဲ့ ဒီနေရာ ဒီပိုစ့်လေးကနေ ကျွန်မပြောချင်တာကတော့ သူရော ကျွန်မရော ဘယ်လိုအခြေအနေတွေပဲ ပြောင်းပြောင်း ဘယ်နေရာတွေမှာပဲရှိရှိ ကျွန်မရဲ့သူ့အပေါ် ခင်မင်မှုကတော့ မေ့ပျောက်ပြောင်းလဲသွားမှာ မဟုတ်ပါဘူးဆိုတာကို သိစေချင်တယ်... နောက်ပြီး ဒီနှစ်မွေးနေ့လက်ဆောင်အဖြစ် သူ့ရဲ့ surprised call အတွက် ကျွန်မအရမ်းကို ကျေးဇူးတင်သလို ခုချိန်ထိ ကျွန်မကို သတိတရရှိသေးတယ်ဆိုတာ သိရတဲ့အတွက် ကျွန်မရဲ့ အပျော်ဆုံးမွေးနေ့တစ်ခုကို သူ့ဖုန်း call နဲ့ စတင်ခဲ့ပါတယ်...
နောက်တော့ ဘာရယ်မဟုတ် မေမေနဲ့ ရှော့ပင်းထွက်ဖို့ ခေါ်တော့ ခြေထောက်နာနေတဲ့ကြားက ကျွန်မ မေမေလိုက်ပေးတယ်... အမှန်တော့ မင်္ဂလာဆောင် စီးဖို့ ဖိနပ်ဝယ်ချင်တာရယ်... Body Shop တို့ Face Shop တို့က မန်ဘာ အခွင့်အရေး မွေးနေ့မှာ ဒစ်စကောင့်ပိုရတာနဲ့ လိုချင်တာလေးတွေဝယ်... facial ဆိုင်လေးဘာလေးသွား... ကိုယ့်မွေးနေ့မှာ ကိုယ့်ဘာသာကိုယ် ချီးမြှင့်မလို့ စဉ်းစားထားတာ... ဒါပေမဲ့ facial ဆိုင်ကခုမှ CNY ပြီးစ ပြန်ဖွင့်တော့ အလုပ်သမားမလောက်ဖူးထင်တယ်... ဒါနဲ့ မလုပ်တော့ဘူး...
Body shop မှာ Eyeshadow black နဲ့ pink lipstick တစ်ချောင်းဝယ်တယ်... နှုတ်ခမ်းနီက ဒစ်စကောင့်ဖြစ်ပြီးသားမို့ Birthday Treat 20% off မရဘူးတဲ့... နားလည်ပါးရိုက်ကလဲ အလွန်မှလုပ်တယ်... ၂ခုပေါင်းတော့ ၂၈ဒေါ်လာကျတယ်... stamp redemption ထုပေးဖို့ပေးတော့ ၃၀ ပြည့်မှ တစ်ခုရမှာတဲ့... ဟိုးးးး အရင်တစ်ခေါက်ကလဲ အဲဒါမျိုး ကြုံပြီးပြီ... သူတို့ဆိုင်မှာ ကိုယ်လိုအပ်တာထဲက ဘာ ၂ ကျပ်တန်ရှိမလဲ... Shower cap တို့ ဘာတို့က ကိုယ့်ဆီမှာရှိသေးတယ်... Stamp ကို လောဘတက်လို့ ထပ်ယူရင် ကိုယ်ပဲ ထပ်ကုန်မယ်... အမြင်ကကပ်လာတာနဲ့ နေပါစေ... ဘာမှ ထပ်မယူဘူး ဒါပဲလို့... မရရင်လဲ မထုပေးနဲ့လို့ပြောလိုက်တော့ ဆိုင်သမားက ထူးဆန်းအံ့သြစွာ စိုက်ကြည့်တာ ခံလိုက်ရသေးတယ်...
ဖေ့ရှော့မှာ ဘာမှ ရေရေရာရာ ၀ယ်စရာမရှိပင်မဲ့ ၀င်ပြီး ပိုက်ဆံသုံးချင်လွန်းလို့ ခြေ၀င်ရှည်လိုက်တာ... မျက်တောင် တု ၂ ခု... တစ်ခုက အနားလေးပဲ ကော့နေတာ.. တစ်ခါမှ မသုံးဖူးဘူး... စမ်းကြည့်မလို့.. နောက် အလွန်တရာမှ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်ခဲသော လက်သည်းဆိုးဆေးတစ်ပုလင်းဝယ်ခဲ့တယ်...
Helen ဆိုင်ကထွက်တော့ တော်ပြီ ဘယ်ဆိုင်မှ မ၀င်တော့ဘူး... ဖိနပ်ဆိုင်ပဲ ၀င်တော့မယ်ဆိုပြီး ဖိနပ်ဆိုင်တွေဝင်ကြည့်တယ်... နောက်ဆုံးတော့လဲ ကိုယ်စိတ်တိုင်းကျတဲ့ ဒီဇိုင်းလဲရှိ ဈေးလဲ သိပ်မကြီးတဲ့ Mondo ဆိုင်ကိုပဲ ရောက်သွားတာပါပဲ... Mondo ဖိနပ်တွေက လှပင်မဲ့ ကျွန်မပဲ အစီးကြမ်းလို့လားမသိဘူး... မခိုင်သလိုပဲ.... အဲဒိအတွက် ဖိနပ်တွေ မခိုင်ဘူးလို့ယူဆပြီး အဲဒိဆိုင်နာမည်ကို ကျွန်မတို့ မိသားစုတွေက "မခိုင် (လူနာမည် "မတ်ခိုင်" ဆိုတဲ့ အသံထွက်အတိုင်းထွက်ရန်) ဖိနပ်ဆိုင်လို့ နာမည်ပေးထားတယ်... အဲဒိရောက်မှ ကိုယ်ကြိုက်တဲ့ ဖိနပ်ပုံစံမျိုးတွေ့တယ်... စိန်လေးတွေ စီထားတာ.... အဲဒါက S$59.90 ပေးရတယ်... ကိုယ့်ကိုကိုယ် ထပ်လက်ဆောင်ပေးလိုက်တယ်... ကမ္ဘာပေါ်မှာ ကိုယ့်ကိုအချစ်ဆုံးက ကိုယ်ပဲရှိတယ်လေ... အဲဒိဆိုင်ရောက်တိုင်း ကြည့်ဖြစ်ပြီး မ၀ယ်ဖြစ်တဲ့ ဖိနပ်လေး တစ်ရံရှိတယ်... အပြင်သွားအပြင်လား သာမာန် အချိန်လေးတွေမှာ စီးဖို့ သင့်တော်တယ်.... အဲဒါလေးကို အဲနေ့က ထပ် Try ဖြစ်ပြန်တယ်.... ခု စီးနေတဲ့ အိမ်က ဖိနပ်ကလဲ ပျက်ခါနီးပြီဆိုတော့ မေမေက ၀ယ်ချင်ဝယ်ပေါ့လို့ support ရတော့ အဲဒါပါဝယ်ဖြစ်သွားတယ်.. S$25 ပေးရတယ်...
ပြီးတော့ ဖိနပ်ဆိုင်ဘေးက Fancy ဆိုင်မှာ မေမေက ကလစ်ဝယ်ချင်တယ်... ကျွန်မကလဲ ဆွဲကြိုးဝယ်ချင်တယ်... (အဲလိုဆိုင်မျိုးလေးတွေက ပိစိပိစိနဲ့ ချစ်စရာလေးတွေမို့ ၀င်ကြည့်နေရတာကို ကြိုက်တယ်).... ကျွန်မလိုချင်တဲ့ ဆွဲကြိုးပုံစံမျိုးလေးတွေ့တော့ ဈေးလဲ သိပ်မကြီးတာနဲ့ မေမေ့ကို မွေးနေ့လက်ဆောင်ပေးဖို့ တောင်းလိုက်တယ်.... ဟား... ဟား.... S$13.90.... (ကိုယ့်မိသားစုပဲ ကိုယ့်ကို ဘယ်လိုမှ မထင်ပဲ ခုလို ကိုယ်လိုချင်တဲ့လက်ဆောင် တောင်းလို့ရနိုင်တာလေ)... အသဲပုံ လက်စွပ်သေးသေးလေး တစ်ခုလဲ ၀ယ်လာတယ်...
အဲဒိအချိန်မှာ အစ်မအကြီးက အပြန် NTUC က စဗျစ်သီးဝယ်ခဲ့ဖို့ ဖုန်းဆက်တယ်.... NTUC က စောစောက Helen ရှိတဲ့ဘက်ပဲလေ... ဒီလိုနဲ့ သံယောဇဉ်မပျက်တဲ့ ရေစက်နားဆွဲလေးကို ၀ယ်မယ်ကွာလို့ ဆုံးဖြတ်လိုက်တယ်.. ၀ယ်မယ်ဆုံးဖြတ်ပြီးမှ သူများယူသွားမှာစိုးတဲ့ Shopaholic များရဲ့ စိုးရိမ်စိတ်နဲ့ အမြန်လေး ပြန်လျှောက်ရတယ်... စိတ်ထဲမှာတော့ ကပ်စေးနဲ့ မဗေဒါနဲ့ Shopaholic မဗေဒါက လွန်ဆွဲနေတယ်... Shopaholic မဗေဒါရဲ့ ဂါထာက ဒီနေ့ပိုစွမ်းတယ်.. "ဘာဖြစ်လဲ မွေးနေ့ပဲ" တဲ့.... ဟား.. ဟား.... ဒီတော့ ဆိုင်လဲရောက်ရော ၀ယ်ဖြစ်တယ်... Shopaholic မဗေဒါက ယူလိုက်လို့ လစ်ဟာသွားတဲ့ နားဆွဲနေရာလေးကို ကြည့်ပြီး "ငါရသွားပြီ" ဆိုပြီး ပြုံးလိုက်တဲ့အချိန်မှာ... ကပ်စေနဲ့ မဗေဒါက သက်ပြင်းကြီးတစ်ချက်ချပြီး ဘဏ်ကဒ်ကို တုန်တုန်ချိချိ ထုတ်နေပြန်တယ်.... အဲဒိအချိန်မှာပဲ ဒန်..... တန်...... တန်..... မေမေက "နင့်အစ်မအကြီးက နင်လိုချင်တာ မွေးနေ့လက်ဆောင် အဖြစ်ဝယ်ပေးလိုက်လို့ပြောထားတယ်... ဒါသူဝယ်ပေးလိုက်မယ် " ဆိုတဲ့ ကယ်တင်ရှင် အသံကြားတော့ စိတ်ထဲမှာ ပျော်လို့ တရုတ်နဂါးဖြတ်က သွားတယ်.... ဒါမျိုး Surprise တွေ ကြိုက်တယ်.... များများလုပ်နိုင်ပါစေနော်...
အပြန်လမ်းမှာ မွေးနေ့ကောင်းမှုအနေနဲ့ လမ်းက ချို့တဲ့ တဲ့ အလှူခံကို ပိုက်ဆံထည့်ခဲ့တယ်.... မြန်မာပြည်ပြန်ဖြစ်ရင် ဟိုတစ်ခေါက်ကလိုပဲ လိုအပ်နေတဲ့ ကလေးတွေ လူတွေကို ထပ်လှူအုံးမယ်... အိမ်ပြန်ရောက်တော့ ကိုယ့်ဘာကိုယ်ဝယ်တဲ့လက်ဆောင်တွေရယ် အိမ်သားတွေပေးတဲ့ လက်ဆောင်တွေရယ်ကို ဓာတ်ပုံရိုက်ရင်း အလုပ်သွားဖို့ အချိန်ရောက်သွားတယ်... မွေးနေ့က အလုပ်ရက်ဖြစ်နေတော့လဲ သွားရအုံးမပေါ့ကွယ်...
မဗေဒါ မွေးနေ့ မတိုင်မှီကတည်းက Gmarket က မှာထားတဲ့ Eyeshadow Palette က မွေးနေ့ အတိရောက်မယ်ထင်တာ.... ၁ရက်နောက်ကျပြီးမှရောက်လာတယ်.... Parcel ထုတ်ကို ဖောက်ပြီး ကိုယ့်ဘာသာကို ဘာပါမှန်းမသိတဲ့ပုံမျိုးနဲ့ ပျော်နေတဲ့ ပုံစံ ကျွန်မလုပ်တော့... ဖေဖေက " ငါ့သမီးက ဒီနှစ်မွေးနေ့ကို Mr.Bean Christmas ကျင်းပသလိုလုပ်နေတာပဲ"တဲ့... Mr.Bean Christmas ခွေထဲမှာ သူ့ဘာသာသူ လက်ဆောင်ပြန်ပေးပြီး သူ့ဘာသာသူ အံ့သြပြီး ပျော်တာလုပ်နေတာကို ပြောတာ.... ဘယ်လိုပဲဖြစ်ဖြစ်.. ပျော်တာပဲ.... Eyeshadow Palette က S$25 ကျတယ်... ၈၈ ရောင် ပါတယ်....
မွေးနေ့တုန်းက ဖေ့ဘွတ်ပေါ်မှာလဲ ဆုတောင်းပေးတဲ့ လူတွေ အများကြီးကိုတွေ့လို့ အရမ်း ၀မ်းသာမိတယ်... စိတ်မပါတဲ့ လက်ဆောင်တွေပေးစရာမလိုဘူး.... အဲဒိနေ့မှာ ကိုယ့်မွေးနေ့ကို အချိန်စက္ကန့်ပိုင်းလောက်လေး ပေးပြီး အတွေးထဲထည့်ပေးတဲ့သူတွေရှိလို့ ကြည်နူးတယ်... အထီးမကျန်ဘူး... အထူးသဖြင့် ကျွန်မ ဘလော့ Readers တွေ လာဆုတောင်းပေးထားတာတွေ့တော့ ပျော်တယ်... မဗေဒါရဲ့ အစုံပလုံ ရေးချင်တာရေး ပေါ်လာလိုက်ပျောက်သွားလိုက် ဘလော့ကို ခုလိုဖတ်နေတဲ့အတွက် ကျေးဇူးတင်တယ်... ဘလော့လေးကလဲ မဗေဒါအတွက် အားပေးဖော်ပဲလေ.... အပြင်မှာ လူမှုရေး သိပ်မကောင်းတဲ့ ကျွန်မအတွက် စကားတွေ မပြောပဲ တိတ်တိတ်လေး ဖတ်နေကြတဲ့ Silent-reader တွေ.... facebook friendlist ထဲမှာရှိနေပြီး စစ အက်ခြင်းတုန်းက မတ်စေ့ပို့ပြီး အသိပေးခဲ့တဲ့ စာဖတ်သူတွေ... ကျွန်မတို့ချင်း စကားတွေ အများကြီး မပြောဖူးပင်မဲ့.... ကျွန်မသူတို့ ဘယ်သူတွေလဲဆိုတာ မသိပင်မဲ့... အားလုံးကို အပြင်မှာ မမြင်ဖူးပင်မဲ့.... စိတ်ထဲက ခင်ပါတယ်... ကျွန်မက စကားပြောစပ်တယ် စိတ်ထဲမှာ မအောင့်ထားတတ်ပဲ ချက်ချင်းပြောတတ်တယ်... ပြီးတော့ စကားလုံးလှလှလေးတွေနဲ့ စကားပြောရမှာ ရှက်တယ်... လိုရင်းကို တဲ့တိုးပြောတော့ များသောအားဖြင့် အပြင်က အပေါင်းအသင်းတွေ ကျွန်မကို နားမလည်တဲ့သူတွေက ရိုင်းတယ်ထင်တယ်... (အင်း အဲလိုမျိုးတွေကို လူမှုရေးမှာ ရိုင်းတယ်လို့ သတ်မှတ်ထားတော့ ကျွန်မက ရိုင်းတယ်ပေါ့)... ဒါပေမဲ့ ဟန်ဆောင် အပြုံးနဲ့ စိတ်ပုတ်နေကြတဲ့ သူတွေထပ်စာရင်တော့ ကိုယ့်ကိုကိုယ် သာတယ်ထင်တာပဲ... ဒါပေမဲ့လဲ အသက်တွေကြီးလာတာနဲ့ အမျှ လူမှုရေးမှာ ဒီလိုမျိုး တဖက်သက်ခေါင်းမမာသင့်ဘူးဆိုတာလဲ ကျွန်မနားလည်လာတော့ ခုဆိုရင် ဟန်ဆောင် အပြုံးနဲ့ လူတွေလို မဖြစ်အောင် နေပင်မဲ့... အရင်လိုတော့ စိတ်ထဲရှိတာမပြောမိအောင် ကျင့်နေပါတယ်...
ဒီနှစ် ကျွန်မ ဒီနှစ် အသက် ၂၆ ပြည့်ပါတယ်... ဒါဟာလှောင်စရာလဲ မဟုတ်ပါဘူး... ခုလိုပြောရတာက မိန်းကလေးတွေ ၃၀ ၀န်းကျင်ရောက်လို့ ၁ယောက်တည်းဖြစ်နေရင်ပဲ လူရယ်စရာလို လှောင်ပြောင်ဆက်ဆံချင်တဲ့သူတွေကိုပါ... လူတွေအားလုံးဟာ အချိန်စီးကြောင်းနဲ့ အတူ အသက်ဆိုတဲ့ သချာင်္ဂဏန်းတွေကို သတ်မှတ်ပြီး သက်တမ်းကို မှတ်သားထားတာပါ... အဓိက အဓိပ္ပါယ်ရှိရှိတိုင်းတာက ၁နှစ်အတွင်း ကိုယ်ဘယ်လောက် ပြောင်းလဲသွားလဲ ဘယ်လောက် တိုးတက်လာလဲ... ဘယ်လောက်ရင့်ကျက်လာလဲ... ပြီးတော့ ဘယ်လောက် ပိုပျော်ရွှင်လာလဲဆိုတာတွေနဲ့ပါပဲ... အတွေးအခေါ်က ရင့်ကျက်သင့်ပြီး စိတ်ကတော့ လူငယ်တွေအတိုင်း သစ်လွင်ပျော်ရွှင်နုပျိုနေသမျှ ဒီလူတစ်ယောက်ကို အသက်နဲ့ ပိုင်းခြားပိုင်ခွင့်မရှိပါဘူး.... ကိုယ့်အသက်နဲ့ အညီတော့ လိုက်ပြုမူသင့်တာပေါ့.. အသက်ကြီးလို့ စတဲ့ နောက်တဲ့သူတွေလဲ တစ်ချိန် အသက်မကြီးလာမှာ မဟုတ်ပါဘူး... ငယ်တာသာကောင်းတယ်ဆိုရင်... ထိုသို့ထင်သောသူတွေ အသက် ၂၂ နှစ်ရောက်လျှင် ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြဖို့ပဲ ရှိပါတော့မယ်... ကျွန်မအသက် ၂၉ ဖြစ်တဲ့နေ့ဆိုရင်လဲ ကျွန်မ အသက်အတွက် ဘာမှ ရှက်နေစရာမလိုပါဘူး... အသက် ၃၀... ၄၀.... ၅၀... ကျွန်မဘ၀ကို ကျွန်မအတွက် စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားမှာပါ.... လူ့ဘ၀မှာ ပျော်ရွှင်တယ် မပျော်ရွှင်ဘူးဆိုတာ ကိုယ်တိုင်းတာတဲ့ စံ အပေါ်ပဲ မူတည်တယ်... ကိုယ့် စံနဲ့ ဒါဟာ ပျော်စရာမကောင်းပါဘူးဆိုပင်မဲ့ တခြားသူတစ်ယောက် စံနဲ့ သူပျော်ချင်ပျော်နေမယ်... ဥပမာ... ကိုယ်က ရည်းစားမရှိရင် မနေနိုင်တိုင်း တခြား ကိုယ့်ဟာကိုယ် Single နေနေတဲ့သူတွေအားလုံးကို သနားစရာ ရှက်စရာပါလားလို့ ကိုယ့် စံနဲ့ လိုက်တိုင်းနေလို့မရဘူး... ကိုယ့်ဘ၀ကို ကိုယ်နေနေသလို... သူများကလဲ သူများဘ၀နဲ့ သူတို့နေနေတာ... အများသတ်မှတ်ထားတဲ့ ပျော်ရွှင်တဲ့ ဘ၀ဆိုတဲ့ စံတွေနဲ့ သွေဖယ်ခဲ့ရင်တောင်... ကျွန်မဘ၀က ကျွန်မဘ၀ပဲ... ကျွန်မဘ၀ကို ကျွန်မပျော်နေရင် စံဆိုတာတွေတိုင်းမှာ ချွင်းချက်တွေရှိနေတဲ့ အတိုင်းပဲ.... ကျွန်မဘ၀ကလဲ ပျော်ရွှင်စရာချွင်းချက်တစ်ခု အနေနဲ့ နောင်နှစ်ပေါင်းများစွာ ကျွန်မနေထိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ဆုတောင်းမိပါတော့တယ်....
အောက်က ဗွီဒီယိုလေးကတော့ ၅ရက်နေ့က ဗွီဒီယို မဟုတ်ပါဘူး... ဟိုးအရင်က သူငယ်ချင်းတွေနဲ့ သွားတုန်းက ရိုက်ထားတာပါ... ကိုယ့်လူရင်းတွေနဲ့ စိတ်လွတ်လက်လွတ် သီချင်းဆို ကရတာ စိတ်လက်ပေါ့ပါးပြီး စိတ်ညစ်တာတွေ ပြေပျောက်စေပါတယ်... သူငယ်ချင်းတို့ရေ မွေးနေ့ပိုစ့်မို့ ဒီဗွီဒီယိုလေးထည့်လိုက်တာ ချိတ်ချိုးကြနဲ့နော်... သူငယ်ချင်းတို့အားလုံးက လှပြီးသားတွေပဲနော်နော်... ဟိ...
13 comments :
မွေးနေ့မှာ လုပ်ချင်တာတွေလုပ် ၀ယ်ချင်တာတွေဝယ်နိုင်တာကိုက မင်္ဂလာတပါးပါ.. နောက်နှစ်ပေါင်းများစွာတိုင်အောင် ခုလိုပဲ ပျော်ရွှင်တဲ့မွေးနေ့လေးများစွာ ပိုင်ဆိုင်ခွင့်ရနိုင်ပါစေနော်.. :)
ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်စံနဲ့ပဲတိုင်းတယ်ဆိုတဲ့ခံယူချက်လေးကို သဘောကျတယ်။ အဲ့လိုစဉ်းစားပြီး နေရတာမှ စိတ်ချမ်းသာတယ်။
ဟုတ်တယ် လူတွေနဲ့ဟန်ဆောင်ပန်ဆောင် အရည်မရ အဖတ်မရတွေ ပြောဆိုဆက်ဆံနေရမယ့်အစား အခန်းအောင်းပြီးပဲ ရုပ်ရှင်တွေကြည့်ပစ်လိုက်တယ်။
scrap book လေး လိုချင်လိုက်တာ။ အားကျတယ်။ မွေးနေ့မှာ တကယ့်လိုအပ်တဲ့လူတွေနဲ့ပဲ အပြည့်အဝ ပျော်ရွှင်ခဲ့၊ လိုချင်တာတွေ ဝယ်ခဲ့ရတယ်ဆိုလို့ ဝမ်းသာပေးသွားပါတယ်။
သီချင်းဆိုတာတွေကြည့်ပြီး တော်တော်ပြုံးမိတယ်။ လွတ်လပ်ပွင့်လင်းနေကြရောပဲ .. Bravo~! Those are happy moments of da real life~!း)))
>>
Craton
မဗေဒါရဲ့ အရေးအသားတွေကို သဘောကျပါတယ် keep it up ....
Cheers!
စာအရှည်ကြီးကို အားရပါးရ ဖတ်သွားပါတယ်..
နောက်ကျပေမဲ့ နောက်မကျဘူး ထင်ပါတယ်နော်..
Happy Birthday ပါ မဗေဒါး)
Happy Belated Bday Sis..
I am your silent blog reader, like your writing style.. Waiting for your short stories..
Cho
Scrap Book ကို သဘောကျလို့ နောက်တစ်ခါ ပြန်လာငေးနေတယ်။
အရမ်းမိုက်တာပဲ.. အပင်ပန်းခံပြီး လှလှပပလေး လုပ်ပေးမယ့်လူရှိတာ မဗေဒါ သိပ်ကံကောင်းတာပဲ။
ရုံးမှာတည်တည်မှုန်မှုန်မျက်နှာနဲ့ဖတ်နေတဲ့ပိုစ့် အောက်ဆုံးနားရောက်မှ ထအော်ရီမိတယ်..
ိသိပ်ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေဘဲ action အပြည့်နဲ့သီချင်းဆိုနေကြတာ..
မွေးနေ့မှာ ကိုယ်လုပ်ချင်တာလုပ်လိုက်ရတာလောက် စိတ်ချမ်းမြေ့တာမရှိတော့ဘူး...
ကိုယ်မွေးနေ့လေးမှာကိုယ်လုပ်ချင်တာလုပ်ရတာ ဘယ်လောက်ကြည်နူးဖို့ကောင်းလဲကွယ်
နောက်ကျဆုတောင်းလေးပါ မဗေဒါရေ..
Happy Birthday !!!
ချစ်တဲ့
မေလေး
Hi Mabaydar,
If i want to buy from Gmarket how long u need to wait? Pls write for me how to put eyeshadow? I saw all of yr photo u r very familiar to put makeup. Thanks advance
Depend on seller... The seller indicate there how many days it take for the shipping... for this eyeshadow, it take 4 days...
I also not master in applying make up. I learn through youtube make up tutorial.
မမတို့လုပ်မှပဲလွမ်းမိုး သီချင်းလေးတွေပျက်ပါပြီဗျာ .... :) စတာနော် ချိတ်ချိုးနဲ့
မဘေဒါရေ လာလည်သွားတယ်နော်။ ဘေဒါလမ်းဆိုတဲ့ ကဗျာလေးက ငယ်ငယ်ကတည်းကကြိုက်တယ်လေ။ အဲဒိနာမည်လေးဆိုတော့ စိတ်ဝင်စားလို့ပါ။ ဆိုဒ်ကလေးလှပါတယ်။ အေးချမ်းပါစေ။ စေတနာပန်းခင်းက လာလည်သွားပါတယ်။ http://saytanarpankhinn.blogspot.com/
Post a Comment