Monday, March 15, 2010

တစ်ကျွန်းရောက် ညဉ်းတွားခြင်း

သတိပေးကြေငြာချက် ။ ။ နားပူမည်... အဲလေ.. မျက်စိပူမည်... ညဉ်းတွားခြင်းဖြစ်သောကြောင့် စိတ်ပျော်ရွှင်ဖွယ်မရှိ... ညစ်နေသူများ အစထဲက မဖတ်ကြပါရန်...

တစ်ခါတစ်လေ ကိုယ်ရွေးချယ်ခဲ့လို့ရောက်နေတဲ့နေရာကို ကျေနပ်သလား... ငါမှားများ မှားခဲ့သလားလို့ တွေးမိဖူးသလား... ဟုတ်ကော ဟုတ်ရဲ့လားလို့ တွေဝေဖူးသလား... ဒီလောက်ရင်းနှီး ရုန်းကန်ရတာ တန်ရဲ့လားလို့ရော စိတ်ကူးမိဖူးလား... ဒါဆိုရင်လဲ ငါ ပြန်တာပဲကောင်းပါတယ်လို့တွေးလိုက်ချိန်ကျတော့လဲ ပြန်ရောက်ရင် ငါဘာလုပ်စားမလဲ... ဘယ်လိုရပ်တည်မလဲ... ဒီမှာလို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ပါ့မလား... သုံးလောက်မဲ့ ပုံမှန်ဝင်ငွေရှိပါ့မလား... ဒီလိုတွေ ဒီလိုတွေနဲ့ပဲ ဝေခွဲမရဖြစ်ဖူးသလား... ဒီမှာနေတာ ကြာနေတော့လဲ ဘာပဲပြောပြော ဒီက လူနေမှု အဆင့်ကို အသားကျနေပြီ... စိတ်ဖိစီးမှုများတာက လွဲလို့ သွားရေးလာရေး အဆင်ပြေတာ... ရေမီးအစုံအလင်ရှိတာ... သန့်ရှင်းသပ်ရပ်တာ... ဒါတွေကို ကျင့်သားရနေပြီ... ဒီလိုနဲ့ ဟိုမရောက် ဒီမရောက်လူသားအဖြစ် ရပ်တည်နေရသလို ခံစားဖူးသလား...

စိတ်အရင်းခံနဲ့ ခင်မင်တတ်တဲ့ နားလည်မှုရှိတဲ့ သူငယ်ချင်းတွေမရှိပဲ... အမုန်းကို ဟန်လုပ် မျက်နှာဖုံးစွပ်ထားတဲ့ အပေါင်းအသင်းတွေရော ခင်ဗျားမှာ များလာသလား... တစ်ခါတစ်လေ ခင်ဗျားကိုယ်တိုင်တောင် အဲဒိထဲက တစ်ယောက်ဖြစ်လိုက်သေးတတ်တယ် မဟုတ်လား... အသက်တွေပဲကြီးလားလို့ ဒီလိုမျိုးတွေဖြစ်လာသလား... ဒီနိုင်ငံရောက်လာလို့ပဲ ဒါမျိုးတွေ များလားသလားဆိုတာတော့ စဉ်းစားလို့မရနိုင်ဘူး... အမှန်တော့လဲ စဉ်းစားနေရလောက်အောင်လဲ အရေးတော့မပါပါဘူး... တချို့မိန်းကလေးတွေ အားငယ်လို့ အားကိုးရှာ ချစ်သူထားကြတယ်... သူတို့တွေရော မြင်နေရတဲ့အတိုင်း အပူအပင်တကယ်ကင်းကြရဲ့လား... နည်းနည်း အသုံးကျတာလေးကတော့... ကိုယ်အပြင်လေးဘာလေးသွားချင်ရင် ကိုယ့်ကို အချိန်ပေး အဖော်လုပ်ပေးဖို့ အပြန်အလှန် လိုင်စင်ယူလိုက်တဲ့သဘောပဲ... ဘော်ဒါတွေကလဲ ကိုယ့်ကိုအချိန်ပြည့် အဖော်မလုပ်နိုင်ကြဘူးလေ... ဒီတော့ ဒီလိုလေးတွေ လိုင်စင်ယူလိုက်ကြ တယ်ထင်ပါ့... 


မြန်မာပြည်မှာကျတော့ကောင်းတယ်... ဘော်ဒါတွေက တစ်ယောက်မဟုတ် တစ်ယောက်က အားနေတာပဲ... မြန်မာပြည်မှာကျတော့ ပုံမှန်အလုပ်ထက် ဂွင်စောင့်နေကြတာဆိုတော့ အားကြတယ်လေ... ဂွင်များဝင်လို့ကတော့ ထောချက်က အောချရမလောက်ပဲ... ပုံမှန်ရုံးလုပ်တဲ့ သူတွေကျတော့လဲ ရုံးချိန်က flexible ဖြစ်တယ်ပြောရမလား... ညနေဘက်လောက်ဆို အေးဆေးတွေ့ဖို့ ရသေးတယ်... တစ်ခါတစ်လေကျတော့လဲ ဘာမှ မစဉ်းစားပဲ အဲလိုပဲ ပြန်နေလိုက်ရကောင်းမလားလို့ အားကျမိတယ်... ဒါပေမဲ့ တကယ်တမ်းပြန်နေမလားဆိုတော့လဲ ကိုယ့်ဘ၀ရဲ့ ၁၀စုနှစ်လောက် ရပ်တည်အခြေကျနေတဲ့ ဒီတစ်ကျွန်းသူဘ၀ကို မစွန့်ရဲဘူး...

စာအုပ်ထဲမှာတော့ ဒီလိုအသက်အရွယ်အပိုင်းအခြား ၁၈ ကနေ ၂၆-၂၇ လောက်အထိပေါ့... ခုလိုပဲ ကိုယ်ဘာဆက်လုပ်ရင်ကောင်းမလဲ ကိုယ်လုပ်နေတာတွေမှန်မှ မှန်ရဲ့လားလို့ တွေဝေ စိတ်ဓာတ်ကျတတ်ကြတယ်လို့ဖတ်ဖူးတာပဲ... တကယ် တကယ်... ကိုယ်ဘာလုပ်ချင်လို့ ဘာဖြစ်ချင်မှန်းလဲ မသေချာ... ရောက်နေတာနဲ့လဲ မတင်းတိန်... ဒါပေမဲ့ ပူပန်စရာတွေကလဲ များ... တကယ်စဉ်းစားကြည့်တော့လဲ ဘာကို ပူပန်နေမှန်း သေချာမသိ... အရေးထဲ အခွန်ဆောင်ဖို့ ပတ်စပို့သက်တမ်းတိုးဖို့... တစ်ခါရှိ ကျသွားတယ်ကို မရှိဘူး... အဲဒိ သတင်းကို ကြားမိတိုင်း နှလုံးသွေးရပ်မတတ်ပဲ... စကာင်္ပူ အစိုးရကလဲ ထောင်း... သံရုံးကလဲ ဖွတ်... လူလဲ မွဲလိုက်တာမှ ဖွတ်မင်းကပင် အဖေခေါ်ရလောက်တယ်လို့ ရေသည်လို့ တင်စားရမလိုပဲ... ရတာလေးကလဲ ဟောသလို ဟောသလိုနဲ့ လုံးပါးပါး... ဘာမှ မယ်မယ်ရရမစုမိ... ဟင်း............ ဒီတော့လဲ လောကကြီးရေ... ကောလိပ်ဂျင်နေ၀င်း ပယင်းရောင် ရုပ်ရှင်ထဲမှာ ပြောသလိုပဲ... "ဖြစ်ချင်တာ မဖြစ်ရင်... ဖြစ်ချင်ရာသာ ဖြစ်စမ်းကွာ" လို့ ရေစုန်မျှောရမဲ့ပုံပေါက်နေတယ်...


ငယ်ငယ်က ပစ္စည်းတစ်ခုလိုချင်လို့ မိဘက မ၀ယ်ပေးရင်... ငိုယိုပူဆာ... မရရင် မိဘကို စိတ်ကောက် အပြစ်တင်လို့ရသေးတယ်... ကြီးလာလို့ကတော့ လိုချင်တာတွေ ၀ယ်ပစ်မယ်ပေါ့... ခုတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်လေးကိုထိန်း... Shopping Mall လေးရောက်ရင် ဟို အိတ်လေးကိုင်လိုက်... ဒီအကျီင်္လေး try လိုက်နဲ့... နောက်ဆုံးကျတော့လဲ စိတ်ထိန်း.. စိတ်ထိန်း... ဘယ်သူ့မှလဲ အပစ်တင်လို့မရ... တကယ့်ကို biggest task ပဲ... 

ခုတလောလဲ အလုပ်သွားရခါနီးဆိုရင် စိတ်ကြီးလေးထင့်ပြီး ပျင်းတာမှ... ကလေးသာဆိုရင် ခြေချင်းပွတ်ပြီး အဟင့်ဟင့်နဲ့ ဂျီကျမိမှာ... ဘာရယ်မဟုတ်ပါဘူး... ခုတစ်လော... ဘာာာာာာာမှ ကိုယ်စီစဉ်သလို... ကိုယ်ဖြစ်ချင်သလိုမဖြစ်လို့... ညစ်လို့ ဒီမှာ ရင်ဖွင့်လိုက်တာပါ... အပြင်မှာလဲ သူများတွေကို လျှောက်နားပူမခံစေချင်ဘူးလေ... ကိုယ်တစ်ယောက်ထဲ ဒီလိုမဟုတ်ဘူး... လူတိုင်း သူ့အပူနဲ့ သူရှိတယ်ဆိုတာလဲ သိသကိုး... ကိုယ့်အပူသွားပြောမှ ကိုယ့်ထက်ပူတဲ့သူနဲ့တွေ့နေအုံးမယ်... အဲလိုကျတော့ အားနာစရာကြီးလေ...

2 comments :

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမလေး
အခက်အခဲဆိုတာ လူတိုင်းကိုယ်စီရှိကြပါတယ်..
ထုတ်ဖော်ပြောတာနဲ့ မပြောတာဘဲ ကွာမယ်ထင်ပါတယ်..
အားမငယ်နဲ့ အတူတူနဲ့ အနူနူကြီးဘဲ..
အခက်အခဲရှိရင်တော့ ဘ၀က ပိုလေးနက်တာပေါ့လေ..
သိပ်လွယ်နေရင် ပျင်းစရာကောင်းချင်ကောင်းနေမယ်..
ဒီတော့ ဆက်လက်ချီတက်ကြစို့ရဲ့.........

Unknown said...

very good ,same to u,so n so carry on lar......