
ကျွန်မတို့မိသားစုက ခရီးထွက်တာ အရမ်းဝါသနာပါပါတယ်.. ကျွန်မတို့ငယ်ငယ်တုန်းကဆိုရင် ခဏခဏခရီးထွက်ဖြစ်ပါတယ်.. အထူးသဖြင့်တော့ ကျိုက်ထီးရိုးကို စိတ်ပေါက်ရင်ပေါက်သလို ထထသွားတတ်ပါတယ်.. ကျိုက်ထီးရိုးကို ငယ်ငယ်ကဆိုရင် ၁နှစ်မှာ အနည်းဆုံး ၂ကြိမ် ၃ကြိမ်လောက်ရောက်ပါတယ်.. ၂ညအိပ်၃ရက်ခရီးကိုပြောတာပါ..
အရင်က ကျိုက်ထီးရိုး
ကျွန်မတို့ငယ်ငယ်တုန်းကကျိုက်ထီးရိုးနဲ့ ခုကျိုက်ထီးရိုးနဲ့မတူပါဘူး.. တကယ်ကို တောနေတောသဘာဝလေးပါ.. ကားလမ်းလဲမရှိသေးတော့ ပျော်ပျော်ပါးပါး နားနားနေနေ အားလုံးလမ်းလျှောက်တတ်ကြရပါတယ်.. အဲလိုလမ်းလျှောက်တက်ရင်း ခရီးသွားချင်း ခင်ခင်မင်မင် စကြနောက်ကြတာလေးကလဲ ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုပါပဲ.. တစ်လမ်းလုံးလဲ ဒီလူတွေနဲ့ချည်းတွေ့နေရတာဆိုတော့ မိတ်ဆွေလိုတောင်ဖြစ်သွားတတ်ကြပါတယ်... ကျွန်မကလေးဘ၀တုန်းကဆိုရင်တော့.. ကလေးတွေကို ထမ်းတဲ့ ပလိုင်းလေးကိုစီးပြီးတက်ပါတယ်.. ပလိုင်းလေးကိုစီးပြီး အောက်ကနေ မေမေတို့ဖေဖေတို့ပစ်ပေးတဲ့ မုန့်တွေ ပလိုင်းထဲမှာအပြည့်နဲ့ပေါ့.. ပလိုင်းထမ်းပေးတဲ့ ဦးလေးကြီးတွေကလဲ တကယ်ကိုရိုးသားတဲ့ တောင်သားကြီးတွေပါ..
ဗိုက်စာရင် လမ်းကအကြော်ဆိုင်လေးတွေမှာ ဗူးသီးကြော်ဝင်စားရင်းနားလိုက်.. အုန်းစိမ်းရည်သောက်ရင်းလဲ ၀ါးရုံပင်လေးတွေကို လေတိုးတဲ့အသံ.. တောင်ကြားလေးတွေကနေဖြတ်တိုက်လာတဲ့ ချမ်းစိမ့်စိမ့်လေနုအေးနဲ့ တောတောင်သဘာဝတွေကို အပြည့်အ၀ခံစားလို့ရပါတယ်.. အကြော်မစားလဲ အမောပြေရေသောက်ပြီး နားလို့ရပါတယ်... မြို့ပြမှာမွန်းကြပ်ခဲ့သမျှအမောအပန်းတွေကို စားရိတ်စားခသိပ်မကုန်ပဲ ဘုရားလဲဖူးရင်းစိတ်ဖြေလျော့လို့ရလို့ ကျွန်မတို့မိသားစုရဲ့ အကြိုက်ဆုံးနေရာတစ်နေရာဖြစ်ခဲ့တာပါပဲ...
ခရီးတ၀က်ကျိုးလို့ရှိရင်တော့ ရေမြှောင်ကြီးကိုရောက်ပါတယ်.. ရေမြှောင်ကြီးမှာ စိမ့်စမ်းရေအေးအေးလေးနဲ့ချိုးရတဲ့ ရေချိုးဆိပ်ရှိပါတယ်.. စိမ့်စမ်းရေအေးလေးနဲ့ရေချိုးလိုက်တယ်ဆိုရင်ပဲ ခရီးတ၀က်က အမောအပန်းတွေလုံးဝပြေလျော့ပြီး လန်းဆန်းသွားပါတယ်..ပြီးရင်ထမင်းဆိုင်တွေမှာ နားပြီးထမင်းစားကြ.. အရင်တုန်းက လမ်းပန်းဆက်သွယ်ရေးမကောင်းသေးတုန်းက တောင်ခြေရောက်တာနောက်ကျတော့ တခါတလေ အေးဆေးတောင်တက်မယ်ဆိုရင် ရေမြှောင်ကြီးလောက်ရောက်ရင် မှောင်နေတတ်ပါပြီ.. အဲဒိအခါကျရင် ရေမြှောင်ကြီးမှာညအိပ်ရတဲ့အခါတွေရှိပါတယ်.. တခါတလေမှပါ.. ကျွန်မတို့မိသားစုကတော့ ကလေးတွေနဲ့ဆိုတော့ တောင်တက်နှေးတော့ အိပ်လေ့ရှိပါတယ်.. ရေမြှောင်ကြီးက တောင်ကျစမ်းရေရှိတော့ ရေချိုးရတာတောင်ပေါ်နဲ့ ယှဉ်ရင်တော်တော်လေးသက်သာပါတယ်.. တစ်ခါပေးပြီးရင် ရေအ၀ချိုးပါ.. တောင်ပေါ်မှာတော့ ရေပုံးတစ်ပုံးကိုဘယ်လောက်ဆိုပြီး ပုံးလိုက်ရောင်းတာပါ.. ရေနွေးဆိုဈေးတစ်မျိုးပါ.. ရေဈေးကြီးလို့ ချွေတာပြီးချိုးရပါတယ်..
ဈေးဆိုင်တွေကလဲ ခုလိုမဟုတ်ပဲ.. စည်စည်ကားကားရှိလှပါတယ်..
ရေမြှောင်ကြီးကို ဖြတ်ပြီးရင်တော့ လမ်းကသိပ်မကြမ်းတော့ပါဘူး.. ဒါပေမဲ့ မတ်တော့ပိုမတ်လာပါတယ်.. ကင်ပွန်းစခန်းကတက်စ "ရွှေရင်ဆို့" စခန်းတို့ဘာတို့ဆို ကျောက်တုံးကျောက်ဆောင်တော်တော်များပါတယ်.. ရေမြှောင်ကြီးကျော်သွားပြီးတော့ "စိုင်တမော့" စခန်း.. "ဖိုးပြန်တောင်".. "နဂါးပတ်"တောင်.. "မြေဖြူတောင်"စသည်ဖြင့် ပေါ့.. ပေးထားတဲ့တောင်နာမည်လေးတွေကလဲ အဲဒိတောင်တွေရဲ့သဘာဝနဲ့လိုက်ဖက်လှပါပေတယ်.. စိုင်တမော့ဆိုရင် မတ်လို့မော့တောင်ကြည့်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ.. ဖိုးပြန်တောင်ဆိုရင်လှေကားတွေနဲ့ အတက်ချည်းပဲမို့.. အဖိုးကြီးတွေမတက်ပဲ ပြန်သွားတယ်ဆိုပြီး တင်စားထားတယ်လို့ထင်ပါတယ်. နဂါးပတ်တောင်ဆိုရင် လူသွားလမ်းက တောင်ကြီးကို ပတ်ပြီး နဂါးပတ်ပုံစံဖောက်ထားလို့ပါ.. မြေဖြူတောင်ရောက်ရင်လဲ မြေကြီးရဲ့အရောင်ကတခြားတောင်တွေနဲ့မတူပဲ.. ကျောက်မှုန်လေးတွေရောပြီး ဖြူဖျော့ဖျော့လေးတွေပါ.. အဲဒိလိုမျိုးတောတောင်အလှကို ခံစားပြီးသွားရတာမှ တကယ်ကို ပိုက်ဆံကုန်ရကျိုးလဲနပ်.. စိတ်လဲအပန်းပြေ ဗဟုသုတလဲရတယ်လို့ထင်လို့ ကျွန်မကတော့ နှစ်သက်မိတာအမှန်ပဲ..
တောင်ပေါ်ရောက်ပြီဆိုရင်ဖြင့် အရင်ခေတ်က ကျောက်ပြားလေးတွေမှာ ရုပ်ကြွပုံလေးတွေနဲ့ နေပူခံကျောက်ပြားလေးတွေက တကယ်ကိုပဲလှပပြီး အပူအအေးသင့်တင့်တဲ့ အကောင်းစားကျောက်ပြားလေးတွေကို စတင်တွေ့ရပါပြီ.. ဘုရားကို ဦးတိုက်ရှိခိုးပြီးရင်တော့.. နေဖို့အတွက် ထမင်းဆိုင်တန်းကို ဆင်းရပါပြီ.. အရင်က ဟိုတယ်မရှိသေးပါဘူး.. တိဿဆောင်တို့ သီဟဆောင်တို့ကလဲ သိတဲ့အတိုင်း VIP မှရတာပါ.. ခုမှ တိဿဆောင်ကပိုက်ဆံပေးတည်းလို့ရတာပါ.. အရင်ကထမင်းဆိုင်တန်းမှာပဲလူတိုင်းတည်းကြပါတယ်.. အဲဒိမှာတည်းရင် ပိုက်ဆံမပေးရပါဘူး.. ဒါပေမဲ့သူတို့ဆိုင်မှာ ထမင်းစားရပါတယ်.. ဘုရားဆွမ်းတော်တို့ဘာတို့လဲ သူတို့ဆီကပဲဝယ်ကပ်ရပါတယ်.. မ၀ယ်မနေရတော့မဟုတ်ပေမဲ့..နားလည်မှုပေါ့..သူတို့ကကိုယ့်ကို အလကားအိပ်ခွင့်ပေးတယ်ဆိုတာ ဒါရောင်းချင်တာကိုး.. တရားမျှတတယ်လို့ထင်ပါတယ်..
အရင်က ထမင်းဆိုင်လေးတွေက အခုလိုတိုက်အိမ်တွေမဟုတ်ပါဘူး.. ဓနိတွေ..ပျဉ်တွေ..၀ါးတွေနဲ့ဆောက်ထားတာပါ.. အိပ်ခန်းလေးတွေက ကျဉ်းပြီးတိုးဝှေ့အိပ်ရလို့ အပြစ်မတင်လိုက်နဲ့နော်.. ညညဆို တောင်ပေါ်မှာတိုက်တဲ့လေက အဲဒိ ၀ါးကြမ်းခင်းလေးကြားက တိုးဝင်လိုက်ရင်ဖြင့် ချမ်းကနဲစိမ့်ကနဲနဲ့ ဘေးကလူကို ပြေးကပ်ရတော့တာပါပဲ.. မိုးလင်းခါနီးလို့အာရုံဆွမ်းကပ်ချိန်ရောက်ရင်တော့ဖြင့်ကျွန်မတို့ကလေးတွေမနိုးခင်.. တခြားအခန်းတွေကလူတွေနိုးတော့ လမ်းလျှောက်သံစကားပြောသံ.. မနက်စာစားတဲ့အသံလေးတွေကို ကြားရပါပြီ.. အခန်းပြင်က ပျဉ်ခင်းပေါ်ကို နင်းလျှောက်သွားတဲ့ခြေသံတွေကြောင့် အိပ်မရတော့လို့ ထပြီးစောစောစီးစီးနိုးရတာကလဲ အရသာတစ်မျိုးကောင်းလှပါတယ်..
စားစရာဆိုလဲ ကားလမ်းမပေါက်သေးတော့ ရှိတာလေးကို တစ်ပွဲတစ်ပွဲနဲနဲပဲပေးပေမဲ့.. အရသာရှိရှိနဲ့ စေတနာပါပါတယ်..
တခြားတောင်တွေကို အလည်အပတ်သွားမယ်ဆိုရင်လဲ အလှူခံသိပ်မရှိပါဘူး.. ၁ခု၂ခုလောက်ပါပဲ.. မထည့်သွားလဲ ဘာမှမပြောပါဘူး... အဲဒိတုန်းက(လွန်ခဲ့သော အနှစ် ၂၀တုန်းက) ဘုရားကို ရွှေသင်္ကန်းကပ်.. ကြေးခေါင်းလောင်းလေးတွေလှူတုန်းက ဂေါပကကို အာလဘ သလဘပြောရင်း ...
ကျွန်မဖေဖေမေးခဲ့ဖူးပါတယ်.. "ဒီခေါင်းလောင်းလေးတွေအများကြီးကို လှူပြီးတော့များလာရင် ဂေါပကကဘာလုပ်မှာလဲ"လို့မေးတော့...
ဂေါပကက "ကျွန်တော်တို့သိမ်းထားပြီးတော့.. အားလုံးစုပြီး.. မင်းကွန်းခေါင်းလောင်းကြီးလိုလုပ်ပြီး.. ပြန်လှူပေးမယ်"
လို့ပြန်ဖြေခဲ့ဖူးတာ မှတ်မိနေပါသေးတယ်..
ခုတော့ ဘယ်တော့များ ကျိုက်ထီးရိုးပေါ်ကို ခေါင်းလောင်းကြီးရောက်လာမလဲလို့ သံသယ၀င်မိပါတယ်...
အဲဒိတုန်းက စိတ်ညစ်စရာကောင်းတာဆိုလို့.. အိမ်သာတက်ရတာပဲရှိပါတယ်.. အဲဒါတော့ ညစ်ပတ်တယ်လို့ခံစားရတယ်.. တောင်ပေါ်သူတောင်ပေါ်သားတွေက လောဘနည်းပြီး ဖော်ရွေကြပါတယ်..
ယနေ့ခေတ် ကျိုက်ထီးရိုး...
ယနေ့ခေတ်ကျိုက်ထီးရိုးကို ခုလိုမြင်တော့ ဟိုးတုန်းကကျိုက်ထီးရိုးလေးကို အောက်မေ့မိပါတယ်.. တချို့တချို့နေရာတွေမှာ ပိုမို အဆင်ပြေလာပေမဲ့.. အများစု အထူးသဖြင့် လူတွေရဲ့စိတ်ဓာတ်တွေက ဆိုးလာတယ်လို့ထင်မိပါတယ်.. (ဒါကကျွန်မအမြင်ပါ)..
၁) တောင်တက်ကား...
ကားလမ်းဖောက်လိုက်လို့ သက်ကြီးရွယ်အိုတွေနဲ့ အမောမခံနိုင်သူတွေ အချိန်မရှိသူတွေ ကျန်းမာရေးမကောင်းသူတွေကအစ ဘုရားကို လွယ်လွယ်ကူကူလာဖူးလို့ရတယ်ဆိုပေမဲ့.. ကျိုက်ထီးရိုးပသာဓ တောလမ်းလေးကတော့ ခြောက်ကပ်ခဲ့ရပါပြီ..
ကားစီးတဲ့သူတွေကို ငါးပိသိပ် ငါးချဉ်သိပ်တင်.. နေပူထဲကားထိုးပြီး နောက်လူစောင့်.. တစ်တန်းကို လူငါးယောက်ဆိုပေမဲ့..၀တဲ့သူပါရင် အတိုးအလျော့လုပ်ပေးသင့်တာကိုလဲနားမလည်.. ထိုင်ရတဲ့ခုန်လေးတွေက ဒူးလေးတွေထောင်ပြီး.. ကားများစပြီးတောင်ပေါ်တက်တာနဲ့ ဖင်က ခုံပေါ်မှာတင်လို့မရတော့ဘူး.. နောက်လူရဲ့ဒူးကခါးကိုထိုး... ရှေ့လူကလဲ ကိုယ့်ကိုဖိ.. အလယ်မှာထိုင်ရင်ဖြင့်.. ကိုင်စရာကမရှိ.. တကယ်ကိုပဲ ခိုးကိုးရာမဲ့နေတဲ့ ခံစားချက်မျိုးပါ.. ခုဆိုနောက်တစ်ခုပိုဆိုးလာသေး.. ကားပေါ်လူတွေ အကျအနထိုင်ပြီးမှ နေပူထဲကားရပ်ပြီး.. အလှူခံတာ.. ၁ယောက်၂ယောက် မထည့်မချင်းလူတွေကို ငါးခြောက်ဖုတ်လို နေလှန်းထားတာ.. ဓားပြတိုက်နေတဲ့အတိုင်းပါပဲ.. စေတနာမပါပဲလှူတော့ရော ကုသိုလ်ရမယ်ထင်လား... ကြည့်နေတယ်.. တောင်တက်ကားစီးတိုင်း ရန်မဖြစ်တဲ့အခေါက်မရှိဘူး.. ကိုယ်နဲ့မဖြစ်ရင်.. တခြားအုပ်စုနဲ့အဲဒိကားသမားနဲ့ဖြစ်ရတော့တာပါပဲ.. ရန်မဖြစ်ရင်တောင်..ခရီးသည်တွေရဲ့ စောင်းမြောင်းလှောင်ပြောင်သံလေးတွေ..ကွန်မလိန်းလေးတွေကိုကြားရတာပါပဲ..

နောက်ပိုင်းကျိုက်ထီးရိုးရောက်တိုင်း.. တောင်တက်ကားမစီးချင်ဘူးပြောတိုင်း ဖေဖေမေမေနဲ့စကားများရတာလဲ စိတ်ညစ်စရာပါ.. ဖေဖေမေမေက လူကြီးဖြစ်လာတော့ လမ်းမလျှောက်နိုင်တော့..ကျွန်မတို့ကိုလဲ ခြေကျင်လမ်းကို စိတ်မချ..ဒီတော့အားလုံးကားနဲ့ပဲတက်ရပါတယ်.. ကားနဲ့တက်လို့ ရှိရင်တော့ မဗေဒါ စကားတစ်လုံးမှလဲမပြောတော့ပါဘူး.. ကွန်ပလိန်းလဲ ကားသမားကို မတက်တော့ပါဘူး.. ကားပေါ်ရောက်ရင် သူတို့လက်ခုပ်ထဲကရေဘ၀ရောက်ရပြီဆိုပြီး စိတ်ကို လျော့ထားလိုက်ပါတော့တယ်.. တစ်ခါတစ်လေကံကောင်းရင်တော့ ကားရှေ့မှာ မတ်တပ်ရပ်ပြီးစီးပါတယ်.. အဲဒါကမှ ထိုင်ရတာထက်စာရင်သက်သာပါသေးတယ်.. အဲလိုစီးရဖို့ကလဲ ကိုယ့်အုပ်စုမှာ ယောင်္ကျားလေးပါရင်ပါ(အစ်ကိုတ၀မ်းကွဲလိုမျိုး)ကျမှ ကျမဖေဖေကစီးခွင့်ပြုတာပါ.. ဒါပေမဲ့မျက်နှာကို လေစားလို့ မျက်နှာတွေမဲပါတယ်... လမ်းလျှောက်တက်ရင် အေးအေးဆေးဆေး တောတောင်သဘာဝခံစားရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ဘယ်သူနဲ့မှလဲ ရန်ဖြစ်စရာမလိုပါဘူး..
အချုပ်ပြောရရင်..ကျိုက်ထီးရိုးကို ဘာကြောင့်လာကြပါသလဲ... ဘုရားဖူးဖို့ရယ် တောတောင်သဘာဝခံစားဖို့ရယ်ပါ.. ရင်ပြင်တော်ပေါ်စောစောရောက်တော့ရော ဘာထူးခြားသွားပါသလဲ.. ဘုရားကို အချိန်ပိုကြာကြာရှိခိုးရလို့လား.. တခြားနေရာတွေလျှောက်သွားချင်လို့ စောစောရောက်ချင်တာလား.. တခြားနေရာတွေတောင် လျှောက်သွားချင်သေးတာ တောင်တက်တောလမ်းနဲ့ အခြားနေရာကတောလမ်းနဲ့ ဘယ်လောက်များကွာခြားနေလို့လဲ.. ဒီတော့ ကျွန်မအနေနဲ့ကတော့ ကုန်ကျစရိတ်လဲသက်သာ..စိတ်အနှောင့်အယှက်လဲသက်သာ.. တောတောင်သဘာဝခံစားရင်း လူငယ်ပီပီ ပျော်ပျော်ပါးပါးလမ်းလျှောက်ပဲတက်သင့်ပါတယ်.. တောင်ပေါ်ရောက်တော့ ပင်ပင်ပန်းပန်းနဲ့ ထမင်းဆိုင်တွေက သိပ်မကောင်းတဲ့ အစားအစာတွေကို ခပ်များများလေးလွေးလိုက်.. ပြီးတော့ ရင်ပြင်တော်မှာနေပူနေတုန်း တောင်လေလေးအခန်းထဲတိုးဝင်ပြီးအေးတုန်း ပင်ပင်ပန်းပန်းတောင်တက်လာရတဲ့ အမောတွေကို အပြည့်အ၀အိပ်ပြီးဖြေလိုက်.. အိပ်လို့ကောင်းလိုက်တဲ့ ဖြစ်ခြင်း...
လူဆိုတာတော့ ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ကားနဲ့ပိုအဆင်ပြေတယ်ဆိုတဲ့သူများကတော့ ကားနဲ့ပဲတက်ပေါ့နော်..လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲလေ..
၂) ယခုခေတ် ထမင်းဆိုင်
နောက်တစ်ခုပြောချင်တာကတော့ ထမင်းဆိုင်တွေပါ.. မီးလောင်မှုမဖြစ်ခင်ထိ ပျဉ်နဲ့ဝါးခင်းလေးတွေနဲ့ဆောက်ခဲ့ပင်မဲ့.. မီးလောင်ပီးနောက်ပိုင်း လုံခြုံရေးအတွက် တိုက်အိမ်တွေပြောင်းဆောက်လိုက်တာကို ဘာမှမပြောလိုပေမဲ့.. တိုက်အိမ်တွေထဲမှာနေရမှတော့ မဗေဒါအတွက်မြို့ပြနဲ့သိပ်မထူးပါဘူး.. အဆိုးဆုံးက လေမ၀င်ပါဘူး..

စားသောက်ဆိုင်တွေကလဲ တည်းခိုရင်ပိုက်ဆံယူပါတယ်... တည်းခပိုက်ဆံယူမှတော့ သူတို့ဆိုင်မှာ ထမင်းစားတာမစားတာက အဓိကမကျတော့ဘူးကျွန်မထင်ပါတယ်.. ကြိုက်တဲ့နေရာမှာ ကြိုက်တာစားမှာပေါ့..ဒါကျပြန်တော့ ထမင်းဆိုင်ကလူတွေက ငြူစူပြန်ပါရော.. ခရီးသည်နဲ့ ဒေသခံကြားမှာပြဿနာတွေပိုလာပါတယ်.. ဒီတော့သူတို့အမြတ်ရအောင် အစားအသောက်မှာ ခိုလာပါတယ်.. ထမင်းပေါင်းဆိုရင် ဂေါ်ပီရိုးပဲပါပါတယ်(စင်္ကာပူက အင်းလေးအတိုင်းပဲ).. အရင်က လမ်းပန်းမကောင်းလို့ ရှိတာလေးကို တောင်ပေါ်ဈေးပေးပြီးစားရတာ ကိစ္စမရှိပေမဲ့.. ယခုခေတ် ကားလမ်းပေါက်ပြီး ပို့ဆောင်ရေးလွယ်ကူနေတဲ့အထိ တောင်ပေါ်ဈေးပေးပြီး အစားသောက်မကောင်းတာတော့ နဲနဲလွန်တယ်ထင်ပါတယ်.. ပိုက်ဆံပေးရတာကိုထားပါတော့.. service တော့ ကုန်တာနဲ့တန်အောင်ရသင့်တယ်ထင်ပါတယ်... အရင်က ဒေသခံနဲ့ ခရီးသွားကြား ရိုင်းပင်း စေတနာထားတတ်တဲ့ ယဉ်ကျေးမှုလေးပျောက်ကွယ်နေပါပြီ.. လောဘနဲ့ ရိတ်မယ်ဝါးမယ်ဆိုတာချည်းပါပဲ.. ဘုရားဖူးခရီးထွက်လာတုန်းခဏမို့ ခရီးသွားတွေက ပြဿနာမရှာပဲပေးနေပင်မဲ့ အားလုံးကမသိပဲတော့မနေဘူးလို့ထင်ပါတယ်..
၃) ကန်ထရိုက် အလှူခံမဏ္ဍပ်များ
နောက်အဆိုးဝါးဆုံးကိစ္စကြီးကတော့ အလှူခံမဏ္ဍပ်တွေပါ.. အရင်ကဒီလောက်မများပါဘူး.. ခုတော့ ကန်ထရိုက်တွေနဲ့လုပ်စားနေတာပါ.. ကျွန်မသိသလောက် တစ်နှစ်တစ်နှစ် တာဝန်ရှိသူတွေက နေရာတွေကို လေလံပစ်ပါတယ်.. ပြီးရင် ပုတ်ဖြတ်ပေးပြီး အလှူခံစား.. မြတ်ရင်မြတ်သလိုပေါ့.. အဲဒိမှာတင် လောဘတွေစတင်ပါလာပါတော့တယ်.. ခရီးသွားတွေကို လမ်းပိတ်ပြီး အလှူခံမဏ္ဍပ်ဆောက်...
ပြီးရင်.. "ဘုရားလေးတော့ ၀င်ကန်တော့သွားပါအုံး.. ရေချမ်းစင်က ရေလေးသောက်သွားပါအုံး" လို့မြူဆွယ်.. ဘုရားဖူးတွေက ၀င်ကန်တော့ရင် "ရွှေသင်္ကန်းလေး.. ကျောက်ပြားလေး..ရေအိုးစင်လေး.."စသည်ဖြင့် များရာကနေ နည်းရာ မလှူမချင်း ထလို့မရအောင် ဇွတ်အလှူခံ.. မလှူရင်ပဲ ငရဲလားတော့မဲ့ပုံမျိုးပြော.. ကျွန်မနှစ်တိုင်းသွားတိုင်း ငယ်ငယ်ထဲကလှူတာတွေပေါင်းရင် အဲဒိကစေတီတွေ ရွှေအတိပြီးနေပါပြီ..
သူတို့အကြောင်းသိလို့ ၀င်မကန်တော့ပဲသွားရင်လဲ.. "ဘုရားလာပြီး ဘုရားတောင်ဝင်မကန်တော့ဘူး.. ဘာဖြစ်ပါစေ..ညာဖြစ်ပါစေ" ဆိုပြီး လှမ်းကြိမ်ဆဲတဲ့အသံခပ်သဲ့သဲ့ကိုလဲ ကြားခဲ့ဖူးတဲ့ကြိမ်ရေမနဲတော့ပါဘူး.. ဒီလိုမျိုးတွေဖြစ်လာတော့ ကျိုက်ထီးရိုးရဲ့ လှပတဲ့ဓလေ့လေးတွေ အကျဉ်းတန်ခဲ့ရပါတယ်..
၎) ရင်ပြင်တော်ပေါ်က ကျောက်ပြားများ
ပြောချင်တာတွေရှိပါသေးတယ်.. ရင်ပြင်တော်ပေါ်ကကျောက်ပြားတွေကို လဲတာ.. အရင်ကကျောက်ပြားလေးတွေက ပန်းပုံဖောင်းကြွလေးတွေ (အောက်ကခရီးသွားဗွီဒီယို ဆီမီးပူဇော်နေတဲ့ပုံတွေက ကျောက်ပြားမျိုးပါ)ဟာ အလွန်မှ နေပူခံပြီး လှလဲလှပါတယ်.. တချို့ဆိုဘယ်သူကစလိုက်လဲတော့မသိ ပုံလေးတွေကို အစဉ်တိုင်းလိုက်နင်းပြီး အောင်မြေနင်းတဲ့ ဓလေ့လေးတောင်ရှိပါတယ်.. တချို့နေရာလေးတွေကတော့ နှစ်တွေကြာပြီး ကြွတက်နေပါတယ်.. အဲဒါကို ပြင်သင့်တဲ့နေရာပဲမပြင်ပဲ ယဉ်ပြင်တော်တစ်ခုလုံးက ကျောက်ပြားတွေကို လဲပြစ်တာပါ..

ယနေ့ခေတ် ကျောက်ပြားများဖြင့် ရင်ပြင်တော်
စိတ်ကောင်းစေတနာနဲ့လုပ်တာလဲ ဖြစ်ချင်ဖြစ်မယ်ဆိုပေမဲ့.. နှစ်စဉ်နှစ်တိုင်း ကျိုက်ထီးရိုးကို အိမ်ဦးနဲ့ကြမ်းပြင်သွားနေတဲ့ ကျွန်မအဖို့တော့ သိသိသာသာကွဲလွဲတာကို မြင်ပါတယ်.. အဲဒါဘာလဲဆိုတော့.. ခုလဲလိုက်ပြီးနောက်ပိုင်းမှ နေ့လည်ဘက်ဆိုရင် ယဉ်ပြင်တော်ပေါ်မှာ ခရီးသွားတွေ ပြေးနေရတာပါ.. ခြေထောက်ပူလွန်းလို့ပါ.. အရင်ကဒါမျိုးမရှိခဲ့ပါဘူး.. ကျွန်မကိုယ်တိုင် ပြေးရတိုင်း ကျောက်ပြားလဲလိုက်တဲ့သူကို အပြစ်တင်မိပါတယ်.. ပျက်နေရင် ပျက်တဲ့နေရာကိုပြင်ပါ.. ပျက်တာကလဲ ကြွတက်နေတာပါ..ပြန်အင်္ဂတေကိုင်လိုက်ရင်ပြီးနေတာကို.. အကောင်းစားကျောက်ပြားတွေနေရာမှာ.. အပေါစားကျောက်ပြားတွေနဲ့ အစားထိုးလိုက်တာကတော့ ခရီးသွားဘုရားဖူးတွေ အတွက်ဒုက္ခပိုစေပါတယ်... (စစချင်းပြောင်းတုန်းက အားလုံးကျောက်ပြားအပူတွေပါ.. ခုတော့ လူတွေဒုက္ခများလွန်းလို့ စေတနာထက်သန်စွာနဲ့ အပူခံကျောက်ပြားနဲ့ ပူတဲ့ကျောက်ပြားနဲ့ကို ရောပေးပြီးပြောင်းပေးထားကြောင်းသိရ.. အရင်ခေတ်ကျောက်ပြားလောက်တော့မကောင်းကြောင်း)..
၅) မတရားကောက်တဲ့ ကင်မရာခွန်
နောက်ပြီး.. အပန်းမကြီးပင်မဲ့..စိတ်ထဲဘ၀င်မကျတာလေးကတော့ ရင်ပြင်တော်ပေါ် ဓာတ်ပုံရိုက်တဲ့ကိစ္စပါ.. မြန်မာပြည်ရဲ့နေရာတိုင်းလိုလိုမှာ ဓလေ့ကြီးလိုဖြစ်နေတဲ့ ကင်မရာခွန်ဆိုတာကြီးကို ကျွန်မသူတို့နဲ့ပြိုင်ပြီး ကွန်ပလိန်းတက်မနေချင်တော့ပဲ မရှိတဲ့သူတွေမို့ သနားတယ်ဆိုတဲ့သဘောနဲ့ ပေးလေ့ရှိပါတယ်.. ဘယ်နိုင်ငံမှာမှ မရှိပဲ ကျွန်မတို့ရဲ့ဖော်ရွေလှပါတယ်ဆိုတဲ့ ရွှေနိုင်ငံကြီးမှာ အရာရာ ငွေမျက်နှာလိုက်ပြီး.. ကင်မရာကြေးဆောင်ရတာ အလွန်မှရှက်ဖို့ကောင်းပါတယ်.. ဓာတ်ပုံရိုက်တာ ဂေါပကဘာနစ်နာသွားပါသလဲ.. တခြားခရီးသွား ဘယ်သူ့ကိုထိခိုက်သွားပါသလဲ.. လေထုညစ်ညမ်းသွားသလား.. ဘာမှအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပဲ သဘာဝရှိနေတဲ့ရှုခင်းလေးတွေကို မှတ်တမ်းတင်တာကို ကင်မရာခွန်ဆိုတာကြီးကောက်တာ လွန်လွန်းတယ်လို့ထင်ပါတယ်.. ထိခိုက်မယ်ဆိုရင်တောင် ရင်ပြင်တော်ပေါ်လုပ်စားနေတဲ့ ကင်မရာဆရာတွေပဲထိခိုက်တာပါ.. ခုခေတ်မှာတော့ ဟန်းဖုန်းနဲ့လဲ ဓာတ်ပုံရိုက်လို့ရနေပါပြီ.. ကဲသူတို့ဘယ်လို ကွန်ထရိုးလုပ်မလဲ စောင့်ကြည့်ချင်သေးပါတယ်..
၆) တောင်ပေါ်က ရေ (အလှူရှင်အတွက် စိတ်မကောင်းစရာ)
အရင်ကတောင်ပေါ်ကို ရေထမ်းပဲရှိလို့ ရေဈေးတွေကြီးနေပင်မဲ့..ခုဆို သီတဂူရေလှူအသင်းက တောင်ပေါ်အရောက်ရေပိုက်လှူဒါန်းပြီး တာတောင်.. ဂေါပကက တစ်နှစ်တစ်ခါလေလံဆွဲပြီး ကန်ထရိုက်ရောင်းစားနေတော့.. ဘုရားဖူးခရီးသည်တွေအတွက် ရေဈေးကကြီးမြဲကြီးနေတာပါပဲ...
နိဂုံး
ပြောရမယ်ဆိုရင်တော့ ပြောချင်တာတွေကျန်ပါသေးတယ်...ရွှေသင်္ကန်းကို ၄၈၀ကျပ်ရေးထားပြီး.. ၅၀၀တန်ပေးရင်ပြန်မအမ်းတာ.. မိန်းကလေးတွေကို သရုပ်ပျက်အ၀တ်အစားဆိုပြီး ဘောင်းဘီပေးမ၀တ်တာ..(လုံလုံချုံချုံရှိပြီးသပ်သပ်ရပ်ရပ်ရှိရင် ဘောင်းဘီဝတ်တာသရုပ်မပျက်ဘူးလို့ထင်ပါတယ်)သူတို့စည်းကမ်းထုတ်မှ ဘောင်းဘီပေါ် လုံချည်ထပ်ပြီး ပိုသရုပ်ပျက်တာ.. အသေးစိတ်တွေပြောရင် ပိုစ့်လဲတအားရှည်နေပြီဖြစ်လို့ ဒီလောက်နဲ့နားပါရစေ..
မဗေဒါအနေနဲ့တိုက်တွန်းချင်တာကတော့ လူငယ်တွေအတွက် လူငယ်ပီပီ အခြေအနေပေးမယ်ဆိုရင် တောတောင်သဘာဝခံစားရင်း ပျော်ပျော်ပါးပါး လမ်းလျှောက်တက်ကြဖို့... တက်ကြည့်ရင်အရသာသိသွားမှာပါ.. အရင်ခေတ်လို ခြေကျင်တက်တဲ့သူသိပ်မရှိတော့ ဆိုင်တွေတော့သိပ်မရှိတော့လို့ အရသာကတော့ တထပ်ထဲကျမှာမဟုတ်ပေမဲ့ ကားနဲ့တက်တာထက်စာရင် စိတ်ချမ်းသာပါသေးတယ်..
ယခုလို တိုးတက်လာတဲ့ခေတ်ကြီးမှာ.. လူတွေရဲ့လောဘလေးတွေကို ရှိသင့်သလောက်သာထားပြီး.. ဆင်ဖြူတော်မှီပြီး ကြံစုတ်တဲ့ အလုပ်မျိုးမလုပ်သင့်ပါဘူး.. ခရီးသွားတွေပိုက်ဆံကုန်ပြီး တန်ရာတန်ကြေးဝန်ဆောင်မှုလေးတွေပြန်ရမယ်ဆိုရင်.. ကောင်းတဲ့ဘက်က မှန်မှန်ကန်ကန် ပြုပြင်မွမ်းမံ ထိန်းသိမ်းမယ်ဆိုရင်ဖြင့်... ကျွန်မတို့ ယုံကြည်မြတ်နိုးပြီး လှပတဲ့ ကျိုက်ထီးရိုးစေတီဟာ ဒိထက်မက နာမည်ကြီးလူသိများကာ ကမ္ဘာကအံ့သြရှုမောလောက်ပြီး.. ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နိုင်တဲ့နေရာလေးဖြစ်သွားမှာပါ..
အမှန်တော့လဲ ဒီလိုစနစ်တွေဖြစ်နေတာရဲ့ အဓိကတရားခံဟာ... စိုင်းထီးဆိုင်သီချင်းထဲကလို.. "လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ်" ဆိုတဲ့ လူတစ်စုကြောင့်လို့ ထင်မိပါတော့တယ်... မဗေဒါဖြစ်စေချင်သော ကျိုက်ထီးရိုးစေတီနဲ့ ယခင်က ကြည်နူးဖို့ကောင်းတဲ့ ဓလေ့လေးကို တမ်းတရင်း ဤပိုစ့်လေးနဲ့ ဂါရ၀ပြုလိုက်ပါတယ်..
စာကြွင်း။ ။ ဤပိုစ့်ကို မဗေဒါ၏တစ်ဦးတစ်ယောက်ထဲ ထင်မြင်ချက်ဖြင့်ရေးသားခြင်းဖြစ်၍ ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ်..
ဤပိုစ့်မှ ယနေ့ခေတ် ကျိုက်ထီးရိုးဘုရား ဓာတ်ပုံများကို ကိုပီကေ၏ ကျိုက်ထီးရိုးသွားတောလား ဆိုသည့်ပိုစ့်မှ ကိုပီကေခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်..
အောက်က ဗွီဒီယိုလေးကတော့ ကျွန်မတို့မိသားစုနှစ်စဉ်နှစ်တိုင်း ကျိုက်ထီးရိုးသွားပြီးရိုက်ဖြစ်တဲ့ ဓာတ်ပုံစုဆောင်းမှုပါ.. မဗေဒါမမွေးခင်ထဲကပုံလေးတွေလဲပါပါတယ်.. ခန့်မှန်းခြေ ၁၉၈၃ မှ ၁၉၉၅ ထိကပုံတွေပါ.. ပုံထဲမှာပါတဲ့ အသေးဆုံးလေးက မဗေဒါပေါ့နော်.. ဟဲဟဲ...