Tuesday, February 15, 2022

တစေ္ဆညဉ်းသံ (သို့) မဗေဒါနှင့် စကာင်္ပူရောက် အလွဲများ (၅)

မဗေဒါရဲ့ အလွဲတွေထဲမှာ ယနေ့ထက်ထိ မိသားစုထဲမှာ ပြန်ပြန်ပြောပြီး အဟားခံနေရတဲ့ အကြောင်းလေးကို လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်က ဖြစ်ပျက်ခဲ့ပါတယ်... အမှန်ဆိုရင်တော့ ရီကြကြေးဆိုရင် မဗေဒါတစ်ယောက်ထဲကို ရီရမှာမဟုတ်ပါဘူး.. အဲဒိညက သူတွေအားလုံးတူတူပါပဲ... 

 အဲဒိညမတိုင်ခင် ၄ ၅လ လောက်တုန်းက မဗေဒါရဲ့ အရင်အလုပ်က ၄ထပ်မှာ မန်နေဂျာကိုယ်တိုင် သရဲခြောက်ခံရတယ်လို့ သတင်းထွက်ပြီး မကြာမှီမှာပဲ ရုံးပိတ်ရက် စနေနေ့မှာ တရုတ်ဘုန်းကြီးတစ်ပါးကို ပင့်ပြီး ပရိတ်သဘောမျိုး ရွတ်ခိုင်းခဲ့တယ်လို့ စနေနေ့မှာ အချိန်ပို ပြန်လာခဲ့တဲ့ ဘော်ဒါတွေကပြောပါတယ်.. ဖြစ်ပျက်ပုံကိုလဲ အသေးစိတ်ပြောပါတယ်.. တရုတ်ဘုန်းကြီးဆိုတော့ အုန်းမုန့်ခွက်လိုဟာလေးကို တစ်ခေါက်ခေါက်နဲ့.. တောက် တောက် တောက် တောက် ခေါက်လိုက် ရွတ်လိုက်နဲ့ နေရာအနှံ့ကို လိုက်ရွတ်တယ်ဆိုပဲ... တရုတ်ဘုန်းကြီးတွေ အဲဒါလေးခေါက်တာကို မဗေဒါ ရုပ်ရှင်တွေထဲမှာ မြင်ဘူးပါတယ်..တရုတ် သရဲကားတွေထဲမှာလဲ ပါတတ်ပါတယ်... နောက်ပြီး အဲဒိည မရောက်ခင် ၂ ရက် ၃ရက် က မဗေဒါ နဲ့ မဗေဒါ အစ်မနဲ့ "Apartment" ဆိုတဲ့ ကိုရီးယားသရဲကားကို လတ်လတ်ဆတ်ဆတ်ကြည့်ထားပါတယ်.. အဲဒိ သရဲကားထဲမှာ ညရောက်ပြီဆိုရင် Apartment ရဲ့ ကော်ရက်တာမှာ ဆံပင်ရှည် အကျီင်္နက်ကြီးနဲ့ အမျိုးသမီးတစ်ယောက်က စင်္ကြလျှောက်ပြီး အိမ်တွေကို ဝင်ဝင်ပြီး သတ်ပြစ်တာပါ.. ကျမလဲ ကြောက်ကြောက်နဲ့ မကြည့်တစ်ချက် ကြည့်တစ်ချက် ကြည့်တာတစ်ကြောင်း.. ကိုရီးယားသရဲကားများ ထုံးစံအတိုင်း မရှင်း မရှင်း ရိုက်ပြတတ်တာကတစ်ကြောင်းကြောင့် ဇာတ်လမ်းသေချာနားမလည်ပေမဲ့.. သရဲမလာပြီဆိုရင်တော့ တုန်နေအောင်ကို ကြောက်တာပါ.. 

မဗေဒါရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ကြည့်ပြီးရင် ပြန်ပြန်စဉ်းစားပြီး နေတတ်တော့ သရဲကားများဖြင့် ကြည့်ပြီးရင် သိပ်မကြောက်ရင် ၁ပတ်.. အရမ်းကြောက်တဲ့ "shutter" လိုကားမျိုးဆိုရင် ၁နှစ်တိတိကြောက်တာပါ.. (အဲဒါကြောင့် ရုံမှာ သရဲကားသွားကြည့်ရင် တန်တယ်ထင်တယ်.. ၁ခါကြည့်ပြီး ၁နှစ်လောက် သရဲကားကို မလွမ်းတော့ဘူး ထပ်ကာ ထပ်ကာလဲ တွေးပြီး ကြောက်ရတယ် - ဤကား စကားချက်) 

အကြောင်းပြချက်တွေကို ပျိုးနေရတာနဲ့ ခုမှ ဇာတ်လမ်းရဲ့ အဓိကနေရာကို ရောက်ပါပြီ.. ဒန် တန် တန်.... 

အဲဒိတုန်းက ကျမတို့ ယခုနေတဲ့ အိမ်လေးကို ပြောင်းလာတာသိပ်မကြာသေးပါဘူး.. ဖေဖေနဲ့ မေမေကလဲ မြန်မာပြည်ကနေ စကာင်္ပူရောက်တာ သိပ်မကြာသေးပါဘူး.. ထိုညဦးပိုင်းက ကောင်းကင်ကြီးက နီရဲလို့နေပင်မဲ့ အတော်လေညိမ်ပါတယ်.. ဒါနဲ့ ကျမတို့ မိသားစုလဲ ခါတိုင်းလိုပဲ ဝင်အိပ်ကြတာပေါ့.. အစ်မအကြီးဆုံးက ၁ယောက်ထဲ ၁ခန်းအိပ်ပါတယ်... ဖေဖေရယ် မေမေရယ် ကျမရယ် အစ်မအလတ်ရယ်က မာစတာဘက်ရွန်းမှာ တူတူအိပ်ပါတယ်.. အငယ်ဆုံးတော်တော်များများ၏ ထုံးစံအတိုင်း အဖေ အမေနဲ့အိပ်တဲ့ အကျင့်က မဗေဒါမှာရှိပါတယ်.. မာစတာဘက်ရွန်းမှာ လေအေးစက်ရှိလို့ု ကြိုက်တာလဲပါပါတယ်.. မဗေဒါတို့အိမ်လေးက ထောင့်ခန်းမို့ ပြတင်းပေါက်များပြီး အိမ်ပတ်ပတ်လည်နီးပါးဟာ ကော်ရက်တာရှိပါတယ်.. ကျမတို့ အိပ်ရင် ပြတင်းပေါက်တွေကိုပိတ် လေအေးစက်ဖွင့်ပြီးအိပ်တော့ အပြင်မှာ ဘာဖြစ်လို့ဖြစ်မှန်းလဲမသိနိုင်ပါဘူး.. ကျမတို့ အိပ်ယာရဲ့ ခြေရင်းမှာတော့ အခန်းတွင်း အိမ်သာရေချိုးခန်းနောက်တစ်လုံးရှိပါတယ်.. အိမ်သာမှာ တရုတ်ကပ်မှန်ပြတင်းလေးတွေလဲ ရှိပါတယ်.. အစွန်ဆုံးမှာ ဖေဖေ.. ပြီးတော့ မေမေ.. မေမေ့ဘေးမှာ မဗေဒါ.. မဗေဒါဘေးမှာ အစ်မအလတ်အိပ်ပါတယ်.. မဗေဒါအိပ်ရင် ဘယ်လောက်အိုက်အိုက် စောင်ခြုံအိပ်တတ်ပါတယ်.. အရမ်းအိုက်ရင် စောင်ပါးလေးခြုံအိပ်ပါတယ်.. (ခြေထောက်လွတ်နေရင် သရဲဆွဲမှာကြောက်လို့ပါ.. အဲလို စိတ်ကူးဉာဏ်ရွှင်တာ ဒါရိုက်တာလုပ်စားလို့တော့ ရပြီထင်တယ် ဇာတ်လမ်းဆင်ကောင်းလွန်းလို့ -- ဤကားစကားချက် ဟိဟိ) ညလယ်လောက်ရောက်တော့ အသံတစ်ခုကြောင့် မဗေဒါ ရုတ်တရက်လန့်နိုးသွားပါတယ်..... 


ဟင်းးးးးးးးးးးးးးးးးးးးးး... ဟင်းးးးးးးးးးးးးးးးးးးးးးး.... 

 မိန်းမတစ်ယောက် ပါးစပ်ကိုပိတ်ပြီး အာခေါင်သံနဲ့ ညဉ်းနေတဲ့ အသံမျိုးပါ... တစ်ခါတစ်လေကျတော့လဲ ကြောင် ၂ကောင် ကိုက်နေရင် မာန်ဖီတဲ့ အသံမျိုးနဲ့ တူပြန်ရော...သေချာတာတော့ တော်တော်ခြောက်ခြားဖို့ကောင်းတဲ့ ညဉ်းသံပါ.. အဲဒိညဉ်းသံကို တစ်ခါတစ်ခါ ခြေရင်းက ကြားနေတယ်လို့ ထင်ရပင်မဲ့ သေချာ အာရုံ စိုက်နားထောင်ကြည့်ရင် ခေါင်းရင်း ကော်ရက်တာဘက်က လာနေတဲ့ အသံပါ... 

ဟင်းးးးးးးးးး... ဟင်းးးးးးးးးးးးး... 

အဝေးကနေပြေးလာပြီး ကိုယ့်ခေါင်းရင်းကနေဖျတ်သွားတဲ့ အသံမျိုးပါ... မဗေဒါလဲ ကျောတွေချမ်းလာပြီး တုတ်တုတ်တောင်မလှုပ်ရဲပါဘူး.. မျက်လုံးလဲဖွင့်မကြည့်ရဲပါဘူး.. မဗေဒါအရမ်းကြောက်ရင် အဲလိုပဲ တုန့်ပြန်တတ်ပါတယ်.. သရဲဆိုရင်လဲ သတ်သွား.. ဇွန်ဘီဆိုရင်လဲ စားသွား.. သွေးစုတ်ဖုတ်ကောင်ဆိုရင်လဲ စုတ်သွား.. အလွန်ဆုံးမှ သေရုံပါပဲ... မသေခင် ခြောက်ခြားစရာကြီးတွေ မမြင်ချင်ပါ.. အသံတစ်ချက်ပျောက်သွားတုန်း မျက်လုံးလေးမှေးပြီး ဘေးဘီကို အသာဖွင့်ကြည့်ပြန်တော့လဲ အားလုံးက အိပ်မောကျနေပါတယ်.. 

"ဟုတ်နေပါပြီ.. ငါတစ်ယောက်ထဲ သရဲခြောက်ခံနေရပြီထင်တယ်" ဒီလိုနဲ့ပဲ ပြန်အိပ်လို့မရပေမဲ့.. သရဲကို အိပ်ချင်ယောင်ဆောင်ပြီး နားစွင့်နေလိုက်ပါတယ်.. ဒီတော့ ကျမနောက်အသံတစ်ခုကို ကြားရပါတယ်.. 

တောက် တောက်.. တောက်.. တောက်... 

"ဟာ.. ဘုန်းကြီးဘုရားစာရွတ်တဲ့အသံပါလား.. ကြည့်ရတာ တစ်နေရာရာမှာ သရဲသောင်းကျန်းလို့ ဘုန်းကြီးခေါ်ပြီးပရိတ်ရွတ်တာဖြစ်မယ်.. သရဲမက တော်တော်အားကြီးတဲ့ပုံပဲ.. ပရိတ်ရွတ်လိုက်လို့ သရဲမ နဂိုနေရာကနေ ငါတို့ ကော်ရိုက်တာကိုများ ပြေးလာပြီး ဘုံပြောင်းလာရင် ဒွတ်ခ..." 

 ဘုန်ကြီးရွတ်သံနဲနဲကြားတော့ အားကိုးရှိတော့ မျက်လုံးလေးအသာထပ်မှေးပြီး ကြည့်လိုက်ပါတယ်.. မေမေ့ဘက်လှည့်ပြီး ကြည့်လိုက်တော့ မေမေ မျက်လုံးပွင့်နေပါတယ်.. မေမေကလဲ မျက်လုံးကြီးပွင့်ပြီးဘာမှမပြောတော့ ကျမတောင် ကိုယ့်အမေကိုယ်ပြန်လန့်သွားပါသေးတယ်.. နောက်မှ ... 

"သမီး ကြားလား... " လို့ မေမေက လှမ်းမေးပါတယ်.. 

ကျမလဲ.. " အင်း.. ကြားတယ်" လို့လေသံလေးနဲ့ပဲ ပြောလိုက်ပါတယ်.. 

မေမေက " ဘာသံလဲ... " လို့ဆက်မေးပါတယ်.... 

ကျမလဲ အရင်က သိထားတဲ့ ဟာတွေရော စောစောက ကျမစဉ်းစားမိတာတွေရော အကြောင်းကြောင်းတွေကြောင့် " ဘာသံမှန်းတော့ မသိဘူးအမေ.. ဒါပေမဲ့ ဘုရားစာသာ ရွတ်နေပေတော့ " လို့ ပြောလိုက်ပါရော.... 

 မေမေက " ဘာလို့လဲ... " လို့ထပ်မေးပြန်ပါတယ်... 

ကျမလဲ မေမေတော့ သရဲမ ကိုက်ခံရတော့မယ်.. ကိုယ့်သမီးကိုယ်မယုံဘူး.. ရှင်းပြရအုံးမယ်ဆိုပြီး.. ကျမပုံစံကလဲ ကြောက်တော့ ပြူးတူးပြာတာနဲ့ တကယ့်ကို သရဲကားထဲက မင်းသမီးပုံအတိုင်းပါပဲ.. ဟဲ.. ဟဲ.. သရဲမ မကြားအောင် အသံကလဲ တိုးတိုးလေးနဲ့... " မေကြီး တောက်တောက် ခေါက်သံမကြားဘူးလား.. အဲဒါ ဘုန်းကြီးခေါ်ပြီး သရဲတွေကို ပရိတ်ရွတ်တဲ့ အသံ.. သရဲနှင်နေတဲ့ အသံ.. ဘာမှ ထပ်မမေးနဲ့တော့.. ဘုရားစာရွတ်တော့.." လို့ ပြောလိုက်ပါတယ်.. 

 ဒါနဲ့ မဗေဒါ မေမေလဲ သံဗုဒ္ဓေ သံဗုဒ္ဓေ ပေါ့နော်.. ရွတ်တာပေါ့.... ၂ခေါက် ၃ခေါက်လောက်ရွတ်ပြီးတော့မှ မေမေလဲ.. ဖေဖေ့ကို ဘယ်အချိန်က လက်တို့လိုက်လဲ မသိပါဘူး.. ဖေဖေနိုးသွားရော.. 

မေမေက " ရှင် အသံ ကြားလား.. " ဆိုတော့... ဖေဖေက ဘာမပြောညာမပြော... ဝုန်းဆိုထပြီး ကျမအစ်မအကြီးဆုံးတစ်ယောက်ထဲ အခန်းကို တန်းပြီး လျှောက်သွားတော့တာပါပဲ.. ကျမနဲ့ ကျမအမေလဲ ဖေဖေ ဘာဖြစ်သွားတာလဲလို့.. ၂ယောက်သား အကြောင်သားကျန်ခဲ့ပါတယ်.. သရဲများ ဝင်ပူးသွားသလားပေါ့... ကြောက်ပြီး ဘုရားစာကျိတ်ရွတ်နေတာပေါ့နော်... နောက်မှ ကျမ အစ်မအကြီး အခန်းဘက်ကနေ ဖေဖေနဲ့ အစ်မအကြီး စကားပြောသံကို ကြားရပါတော့တယ်.. 

" သမီး အိပ်သေးဘူးလား.. တစ်ယောက်ထဲ အဆင်ပြေလား" ဘာညာသာရကာပေါ့နော်.. ကျမအစ်မက စာကျက်နေလို့ အိပ်တောင်မအိပ်သေးပါဘူး... "အပြင်မှာ မိုးတွေရွာနေတယ်.. " လို့ အစ်မကြီးနဲ့ ဖေဖေပြောသံ သဲ့သဲ့ကိုလဲ ကြားလိုက်ပါတယ်... အဖေဒီဘက်ခန်းပြန်လာတော့မှ အပြင်မှာ မိုးကြီးလေကြီးချနေတာ သိပါတော့တယ်.. မိုးရောလေရောချတာ တိုက်အပြင်က အပင်တွေတောင် တော်တော် ညွန့်ညွန့်ကျနေပါတယ်.. ဖေဖေလဲ အဲကွန်းပိတ် ပြတင်းပေါက်တွေလဲ ဖွင့်လိုက်ရော.. စောစောက ညဉ်းသံကြီး ပျောက်သွားပြီး လေတွေ အခန်းထဲကို ဝင်လာပါတော့တယ်... နောက်မှ ဇာတ်ရည်လည်တာကတော့.. စောစောက ညဉ်းသံက အခန်းခြေရင်း အိမ်သာ တရုတ်ကပ်မှန်လေးတွေကြားကို လေပြင်းတိုးတဲ့ အခါမှာ .. ကျမတို့ က ဒီဘက်က အိမ်သာ တံခါးကို ပိတ်ထားတော့ လေက ထွက်စရာမရှိပဲ အဲဒိထဲမှာ လည်ပြီး လေချွန်တဲ့ သဘောတရားမျိုးဖြစ်နေတာပါ.. တောက်တောက် ကတော့ ဘယ်က မြည်တဲ့ အသံလဲ ယခုထိမသိရသေးပါ.. အကြောင်းတစ်စုံတစ်ရာကြောင့် မြည်တဲ့ အသံဖြစ်မယ်ထင်ပါသည်.. မိုးကြီးလေကြီးချတိုင်း အဲဒိအသံတွေကို ကျမတို့ ကြားရပါတယ်.. အဲလိုမျိုးများ ကြားရပြီဆိုရင် မဗေဒါကို အိမ်သားတွေ ၀ိုင်းဟားလို့ မဆုံးတော့ ပြီပေါ့ကွယ်......................... (ဘာပဲပြောပြော ကိုယ့်အိမ်သားတွေ ကိုယ့်ကြောင့်ပျော်ရတာ ဝမ်းသာပါဒယ်.. ဝမ်းသာပါဒယ်...) Photo Credit goes to http://www.ceticismoaberto.com/imagens3/corredor.gif

Saturday, September 14, 2019

တစ်ဆစ်ချိုး...

ဒီဘလော့လေးကို မရေးဖြစ်တာ ၂ နှစ်နီးပါးရှိနေပြီ။ ဒီ ၂ နှစ်အတွင်းမှာလဲ ကိုယ့်ဘဝ အတွက် အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တယ်။ ဒီဘလော့လေးက ကိုယ်အိမ်ထောင်မကျခင်ကတည်းက ကိုယ့်ရဲ့ အပန်းဖြေရနေရာ၊ ရင်ဖွင့်စရာ အဖော်၊ အဖြစ်အမြဲရှိလာခဲ့တာ အခုတော့ ကိုယ် မိခင်တစ်ယောက်ဖြစ်လာတဲ့အထိပဲမို့ သံယောဇဉ်ကတော့ အတေယ်ရှိပါတယ်။

ဘလော့လေးမရေးဖြစ်တာကတော့ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ့်ဘဝ အဆစ်အချိုး မိခင်တစ်ယောက်ဖြစ်လာလို့ မအားတာရော၊ နောက်ထပ် တဆစ်ချိုး ကတော့ ကိုယ့်တို့ တစ်မိသားစုလုံး သြစတေးလျနိုင်ငံကို ပြောင်းရွေ့နေထိုင်ပြီး ပထမ တစ်နှစ်မှာ အခြေကျအောင် လုပ်နေရတာရော၊ အရင်ကလို အိမ်အလုပ်တွေ လုပ်စရာမလို ကိုယ့်အတွက် အမြဲရှိတဲ့ ကိုယ့် မိဘတွေမရှိတော့ တစ်ယောက်တည်း လုံးချာလည်လိုက်နေတာ ပြောရရင်တော့ ကိုယ့်အတွက် တစ်အိုးတစ်အိမ်ထူထောင်တယ်ဆိုတာ အခုမှ နှဖူးတွေ့ ဒူးတွေ့ ကြုံရတာပေါ့နော်။ ရေမြေအသစ်၊ ယဉ်ကျေးမှု သစ်၊ မိသားစု သူငယ်ချင်းအဟောင်းတွေနဲ့အဝေးမှာ၊ ပတ်ဝန်းကျင်သစ် အသိုင်းဝိုင်းသစ်နဲ့ ညှိနှိုင်းနေရသေးတဲ့ အချိန်မို့ ဘလော့ကို မဝင်ဖြစ်တာ ပတ်စဝေါ့ပါ မေ့တဲ့အထိပဲ။

ဖေ့ဘွတ်ပေချ့်လေးမှာတော့ ကိုယ်ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေအကြောင်းတင်ဖြစ်ပါတယ်။ ဒါပေမဲ့ မဗေဒါ ဘလော့ကို မရေးတော့ဖူးလားလို့ မှတ်မှတ်ရရ လာမေးတဲ့ အစ်ကိုတစ်​ယောက်ကြောင့် ဒီပိုစ့်လေးရေးပြီး အကြောင်းကြားတာပါ။

ဒီဘလော့ပေါ်မှာရေးချင်တာတွေမှ အများကြီးပါ။ ကိုယ့်ရဲ့ တစ်နိုင်ငံပြောင်း အတွေ့အကြုံတွေ။ အခု သြစီမှာ ကိုယ်နေနေတဲ့ မြို့လေးအကြောင်း၊ နေရာသစ်တွေကြောင်း ပြောပြချင်တာ။ ဘယ်ကရေးရမှန်းတောင်မသိဘူး။

အခု ပတ်စဝေါ့ပြန်ရပြီဆိုတော့ နောက်ပိုင်းတွေ ရေးဖြစ်အောင်ကြိုးစားပါ့မယ်လို့ သတင်းပို့ရင်း......

မဗေဒါဘလော့လေးကို လာဖတ်သေးတဲ့လူများရှိရင် ကွန်မန့်လေးမှာ အားဆေးလေးကြွေးခဲ့ပါအုံးနော်...ဘလော့ဆိုတာက ဟိုးရှေးရှေးကလို့ ပြောရမဲ့ ပုံပြင်တစ်ပုဒ်လိုတောင် ဖြစ်နေပေမဲ့ ဘလော့ခေတ်က ဘလော့တွေ လိုက်ဖတ်ရတဲ့ ခံစယးချက်လေးကလဲ တစ်မျိုးကောင်းတာ ခံစားဖူးတဲ့သူပဲ သိပါလိမ့်မယ်။ ဖေ့ဘွတ်က မြန်တယ်၊ ကောင်းတယ်ဆိုပေမဲ့ လူတော်တော်များများက ဖေ့ဘွတ်နဲ့ အပြင်မှာ double life နေနေသလိုတောင်ဖြစ်နေငြတယ်။ ဘလော့ခေတ်တုန်းကပိုပြီး ရိုးသားပွင့်လင်းတယ် ခံစားရတယ်။

ဘာပဲပြောပြော "May your life be as awesome as you pretended on facebook" ဆိုတဲ့ ဆုတောင်းလေးကတော့ ခနဲ့တဲ့တဲ့နဲ့ ထိရှနေဆဲ...





Wednesday, October 25, 2017

Honeymoon to New Zealand Day 12: Ziplining and Romantic Gondola Buffet

၁၃ရက် မေလ ၂၀၁၅

ပြန်ဖို့ရက်နီးလာတာနဲ့အမျှ ကျွန်မတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်လေးကလဲ တဖြည်းဖြည်းနဲ့ နှေးလာပါတယ်။ နေရာတွေလုပ်ချင်တာတွေ အများကြီး အလျင်စလိုမလုပ်တော့ပဲ တစ်ရက်မှာ တစ်ခု ၂ခုပဲ ဖြေးဖြေးလုပ်ပါတယ်။ ပြီးတော့ ဟန်းနီးမွန်းဆိုတော့ ဂွန်ဒိုလာတောင်ထိပ်က ရိုမန်တစ် ဘူဖေးလေးဘာလေးစားရင်း တခြားနေ့တွေထက်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ တကယ်သွားစားတော့ ဟန်းနီးမွန်းမဟုတ်လဲ Queenstown ရောက်ရင် Gondola ပေါ်က ဘူဖေးစားဖို့ တိုက်တွန်းချင်ပါတယ်။ ရှုခင်းလှလှ… အစားအသောက်ကောင်းကောင်းနဲ့ အတော်လေးကို စိတ်ကြည်နူးစေပါတယ်။


Let's go to Gondola with cable car

Ziplining Ride


Photo: EverythingQueenstown
မနက် ၉ကိုးနာရီခွဲ Cable ကားနဲ့ Queenstown တောင်ခြေ ကနေ Gondola တောင်ထိပ်ကိုတက်ခဲ့ပါတယ်။ မိုးတွေက ဖွဲဖွဲကျနေလို့ တောင်ပေါ်မှာ လူတောင် သိပ်မရှိပါဘူး။ ကိုယ်လဲ Zipline မှ လုပ်လို့ရပါ့မလားဆိုတဲ့ ကြောက်စိတ်နဲ့ပေါ့။ တောင်ပေါ်လဲတောင်ပေါ်သွားမှာ မိုးကလဲ ရွာနေတယ်ဆိုတော့ ရာသီဥတုအရမ်းအေးမှာကို ကြောက်ကြောက်နဲ့ ဟိုတယ်က ထွက်လာကတည်းက ဘောင်းဘီ ၃ထပ်၊ အင်္ကျီ ၄ထပ်ဝတ်လာမိတော့ လူက တကယ်ကို ပစ်တိုင်းထောင်လို လုံးနေတာပေါ့။ 

ရောက်ရောက်ချင်း zipline နေရာကို ရှာဖို့ အပြင်ထွက်လိုက်တော့ zipline စီးမဲ့ တခြား အုပ်စု တစ်စုနဲ့တွေ့ပါတယ်။ သူတို့နောက်လိုက်သွားရင်း စီးမဲ့နေရာရောက်တော့ ဘယ်သူမှ မရှိပါဘူး။ ဒါနဲ့ စောနေသေးတယ်ထင်တယ်ဆိုပြီး အဆောက်အဦးရှိတဲ့ဘက်ပြန်လျှောက်လာပါတယ်။ တချိန်တည်းမှာပဲ မိုးက အနည်းငယ်သည်းလာပါတယ်။ မိုးသာမရွာရင်တော့ အောက်က Queenstown မြို့ကို လှမ်းမြင်နေရမှာပါ။ ဒီလိုနဲ့ အဆောင်ထဲက စားသောက်ဆိုင်တစ်ခုမှာပဲ ကော်ဖီနဲ့ မုန့်စားရင် ထိုင်စောင့်နေလိုက်ပါတယ်။ နာရီဝက်လောက်နေမှ မိုးနည်းနည်းစဲသွားလို့ zipline နေရာပြန်ထွက်ကြည့်တော့မှ စီးလို့ရနေပါပြီတဲ့။ zipline 4 lines စီးတာ ကျွန်မနဲ့ သူ ၂ယောက်တည်းရှိတယ်။ တခြား လာလည်သူ ဘယ်သူမှ မရှိဘူး။ ကိုယ်တောင်မှ ဟုတ်ရဲ့လား။ ဒီရာသီဥတုနဲ့ စီးလို့ရရဲ့လား စိတ်ထဲ ဇဝေဇဝါ။ မိုးက တောအုပ်ထဲ ထင်းရှုးပင်တွေအုပ်နေတော့ မရွာသလောက်တော့ရှိပါတယ်။ သူတို့က Zipline 4 lines စီးတာ စုစုပေါင်းကြာချိန်က ၄၅ မိနစ် ၁နာရီလောက်ရှိတယ်ဆိုတော့ အစက ကိုယ်က ခပ်လန့်လန့်ဖြစ်နေတာ။ (ကိုရီးယား နာမီကျွန်းမှာစီးတုန်းက မြစ်ကိုဖြတ်ဆောက်ထားတဲ့ zipline တောင် ၅မိနစ်လောက်ပဲကြာတာလေ။ ဒါတောင် အသည်းအေးတာ ခုအကြာကြီးပဲလို့ ထင်မိလိုက်တာပေါ့)။ နောက်မှ သူက ၄ lines ဆိုတာ ziplines အတိုလေးတွေ ၄ခါဖြတ်ဖြတ်စီးရသလိုဖြစ်နေတာ။ တစ်လိုင်းစီးပြီးတိုင်း ကြိုးတွေတပ်ရ ပြန်ဖြုတ်ရ။ ပြီးတော့ သူတို့ Queenstown မြို့အကြောင်း ရှင်းပြလိုက်နဲ့ ကြာတာ။ စီးရတာက ဘယ်လောက်မှ မကြာဘူး။


မနက်စာ၀င်စားခဲ့တဲ့ Gondola ထိပ်က ကော်ဖီဆိုင်လေး


စစီးမယ်ဆိုတော့ သူတို့ပေးတဲ့ မိုးကာဝတ်စုံလိုဟာမျိုးတွေကိုလဲ ဝတ်ရသေးတယ်။ ပါလာတဲ့ အိတ်တွေ အထုတ်တွေ အကုန်ထားခဲ့ရတယ်။ လော့ကာလဲ မဟုတ်တော့ ပစ္စည်းတွေ သိပ်စိတ်မချချင်ဘူး။ ဒါပေမဲ့ သူတို့က စိတ်ချရပါတယ်ပြောတော့လဲ ပိုက်ဆံအိတ်နဲ့ Gopro ကင်မရာလေးတော့ ကိုယ်နဲ့ယူလာလိုက်တယ်။ ကိုယ် zipline စီးတာကို ရိုက်စေချင်တော့ Gopro ကင်မရာကို Mr.Right ရင်ဘတ်မှာ တပ်ပေးလိုက်မိတယ်။ (ဘဝမှာ ပြန်ပြင်လို့မရတဲ့ အမှားပဲ)။ ကိုယ်ကတော့ သူတို့ အတန်တန်ပစ္စည်းကျမယ်နော်ဘာညာပြောနေပေမဲ့ ကိုယ့်ဖုန်းကိုတော့ သူတို့ပေးတဲ့ မိုးကာဝတ်စုံ အပြင်အိတ်ထဲထည့်ထားလိုက်တယ်။ Mr.Right စီးတာကို ကိုယ်က ဖုန်းနဲ့ရိုက်ပေးလို့ရအောင်။ အာ့ကြောင့် ခု zipline စီးတဲ့ ကိုယ့်ဗွီဒီယို ဘာတစ်ခုမှ ကောင်းကောင်းမရခဲ့ဘူးလေ။

ခဏတာ တွေ့ဆုံခဲ့တဲ့ စတီဗင် ၂ဦး

စီးတဲ့တောက်လျှောက် လိုက်လုပ်ပေးတဲ့ လူ ၂ငယ် ၂ယောက်က ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူတို့ရဲ့ အလုပ်ကြောင့် တာဝန်အရ ကာစတန်မာ စိတ်ချမ်းသာအောင် ပျော်ပျော်ရွှင်ရွှင်ပဲ ဆက်ဆံ ဆက်ဆံ၊ တကယ်ပဲ သူတို့က ပျော်ပျော်နေတတ်တဲ့သူတွေပဲဖြစ်ဖြစ် ကာစတန်မာတစ်ယောက်အနေနဲ့တော့ သူတို service ကို ကျေနပ်တယ်။ သူတို့က ကျွန်မတို့ရဲ့ ဗွီဒီယိုကင်မရာကိုတော့ သိပ် သက်တောင့်သက်သာရှိပုံမရဘူး။ သူတို့ကို မရိုက်စေချင်ဘူးထင်တယ်။ ဒါကလဲ personal privacy protection အရတော့ မရိုက်စေချင်လဲ သူတို့ မလွန်ပါဘူးလေ။ ဒါပေမဲ့ ကိုယ်တွေကလဲ လာတုန်း အကုန်မှတ်တမ်းတင်ချင်တာကိုး။ တကယ်တန်းပိုက်ဆံပေးပြီး ရွေးရတဲ့ ပုံမှာတော့ သူတို့က မျက်နှာပြောင်တွေနဲ့ အိုက်တင်လုပ်ပေးရှာပါတယ်။ ပြီးတော့ သူတို့ ၂ယောက်ရဲ့ ဝန်ဆောင်မှုမှာ စီးတဲ့ zipline 4 လိုင်းမှာ တစ်လိုင်းနဲ့ တစ်လိုင်း ရိုးရိုးစီးတာမဟုတ်ပဲ ဇောက်ထိုးစီးနီးတို့ ဘာတို့ကို ပျော်အောင် သင်ပေးတယ်။ ဇောက်ထိုးစီးဖို့က ဇ နည်းနည်းရှိမှရတာ။ သင်ပေးနေတုန်းကတော့ ကိုယ်က ကြောက်ပြီး မလုပ်ရဲဘူးပြောတယ်။ Mr.Right က ဘာဖြစ်လဲ လုပ်ကြည့်တာပေါ့ ပျော်စရာကြီးဆိုပြီး တကယ်စီးတော့ ကိုယ်က တကယ်ဇောက်ထိုးလုပ်ပြီး ပျော်ပြီးစီးသွားတယ်။ သူက ဇ သိပ်မရှိတော့ ခြေပစ်လက်ပစ် ကိုယ်ကို နောက်ပြန်လှန်လိုက်ရမှာကို တကယ်တန်းကတော့ မလုပ်နိုင်ဘူး။ တဝက်လောက်ပဲရောက်ပြီး ပြီးတော့ ကြိုးလေးမှာ ငြိမ်ငြိမ်လေးပါလာလို့ ကိုယ်ကတော့ လှောင်တာပဲ မရဘူး။

With the Remarkable mountain rage

My baby Mr.Right

ခရီးတစ်ခုသွားတယ်ဆိုတာ ဘယ်လိုလှတဲ့ နေရာတွေရောက်ခဲ့သလဲ၊ ဘယ်လိုကောင်းတဲ့ လိုကယ်စာတွေစားခဲ့သလဲဆိုတာအပြင် ဘယ်လို လူတွေနဲ့ တွေ့ခဲ့လဲဆိုတဲ့ အတွေ့အကြုံက နှလုံးသားထဲ အစွဲကျန်ဆုံးလို့ထင်တယ်။ ကြားဖူးတာက ကိုယ့်ဘဝမှာ တွေ့ဆုံတဲ့သူတိုင်းက ကိုယ်နဲ့ အရင်ဘဝတွေတစ်ခုခုမှာ ရေစက် ပါလို့တွေ့ကြတာတဲ့။ လမ်းသွားရင်းဖြစ်စေ၊ ရထားစီးရင်းဖြစ်စေ ခဏတဖြုတ်လေးကြုံဆုံတာတောင် အဲ့လို ခဏတဖြုတ်ကြုံဆုံးဖို့ ရေစက်ပါလာလို့တဲ့။ အဲ့ဒါကြောင့် ဘယ်တော့မှ ပြန်မတွေ့တော့မဲသူတွေ၊ ဘယ်တော့မှလဲ အဆက်အသွယ်ရှိမှာမဟုတ်သူတွေရဲ့ Hospitability နဲ့ သူတို့ပြောတဲ့ သူတို့အကြောင်းဆိုတာ ကိုယ့်အတွက်တော့ မှန်းလို့မရတဲ့ ဝတ္ထုတစ်ပုဒ်ဖတ်နေရသလိုဖြစ်တဲ့အပြင် ဒီလူတွေနဲ့ ငါတို့နဲ့ ရှေးဘဝက ဘယ်လိုရေစက်ပါခဲ့လို့ ခုလို ကြုံဆုံကြသလဲလို့လဲ တွေးမိတယ်။

ခု ဒီပိုစ့်ကိုရေးနေတာ မဗေဒါတကယ်ခရီးသွားခဲ့တဲ့ရက်နဲ့ဆို ၂ နှစ်ခွဲကြာနေပေမဲ့ တွေ့ခဲ့တဲ့ လူတွေအကြောင်းကျတော့ စာအုပ်နဲ့ ချမှတ် မထားတာတောင်မှ ကိုယ့်ဦးနှောက်ထဲမှာ မှတ်မိနေတာသာကြည့်။ သူတို့အကြောင်း ထူးခြားတာလေးက သူတို့ ၂ယောက်လုံးနာမည်က စတီဗင်လေ။ ၂ယောက်စလုံးက နယူးဇီလန်နိုင်ငံက မဟုတ်ဘူး။ တစ်ယောက်က ယူအက်စ်က၊ နောက်တစ်ယောက်က သြစီက အလုပ်လာလုပ်ကြတာ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ ၂ယောက်လုံးရဲ့ ကောင်မလေးတွေ နာမည်ကလဲ ဂျန်နီပဲတဲ့။ zipline စီးပြီး Gondola ထိပ်ကို ခြေကျင်ပြန်တက်တဲ့လမ်းမှာ ကိုယ်တို့ အတွဲကို ဓာတ်ပုံရိုက်ခိုင်းပြီး ဓာတ်ပုံပြန်ကြည့်တော့မှ ကိုယ်ဟာ ၄ထပ်လောက်ဝတ်လာလို့ ဘောလုံးဖြစ်နေတာ ကွကိုယ် သတိထားမိသွားတယ်။ Queenstown မြို့လေးက အေးတဲ့အပြင် မိုးကလဲ ရွာနေ ကိုယ်တွေကလဲ တောင်ထိပ်ကို ထပ်တက်လိုက်သေးတယ်ဆိုတော့ စာတွေထဲမှာ တောင်ထိပ်ကပိုအေးတယ်။ နွေးနွေးထွေးထွေးဝတ်သွားဆိုတော့ လန့်ပြီး ဝတ်လာလိုက်တာ လွန်သွားတယ်။

အဲ့ဒိမှာ ငှက်ကုလားအုပ်အကြီးကြီးတွေနဲ့ သိမ်းငှက် အကြီးကြီးတွေ ရှိခဲ့ဖူးတယ်။

ရှုခင်းအရမ်းလှ

ဒီစာတမ်းကို အသံထွက်မှန်မှန်နဲ့ ဖတ်တတ်လားတဲ့။ ကိုယ်ဖတ်တာ မှန်လို့ သူတို့တွေအံ့သြနေတယ်။ ဘိုတွေ မှန်အောင် မဖတ်တတ်ဖူးတဲ့...

Gondola ထိပ်က luge ride စီးတဲ့နေရာ...

Scenic international Buffet Lunch on Gondola

Photo: Shutterstock

နေ့လည်စာအတွက် Gondola ပေါ်မှာ Lunch စားဖို့ လက်မှတ်ကြိုဝယ်ထားခဲ့တယ်လေ။ ကိုယ်ရောက်သွားတဲ့အချိန် ဆိုင်မဖွင့်သေးလို့ နာရီဝက်လောက် ထိုင်စောင့်လိုက်ရသေးတယ်။ ကိုယ်ကလဲ ကိုယ်တို့ ပျားရည်စမ်းအဆုံးသတ်မဲ့နေ့တွေ နီးလာလေ အရာရာကို နှေးနှေးနဲ့ အေးဆေးပဲ ခံစားချင်တော့တယ်။ ခု ဆက်တိုက် ခရီးထွက်လာတာ ၂ပတ်ရှိပြီ။ စထွက်ကတည်းက မချောမွေ့ခဲ့တဲ့ ပျားရည်ဆမ်း၊ မတော်တဆ ထိခိုက်မှုတွေနဲ့ Thiller ကားလိုလို၊ Action ကားလိုလို စခဲ့တဲ့ ပျားရည်ဆမ်းကို ခုတော့ အေးအေးလူလူပဲ ဖြတ်သန်းချင်တော့တယ်။ Gondola ပေါ်မှာ ဘူဖေးစားဖို့ ဘွတ်ထားရင် တောင်ပေါ်တက်တဲ့ Cable car အသွားအပြန် Free လေ။ ဘူဖေးစားသောက်ဆိုင်က ခန်းခန်းနားနား အောက်က Queenstown တစ်မြို့လုံးကို အုံ့မိုးမြင်ရတဲ့အပြင် ဝါကာတီပူရေကန်ကြီးနဲ့ The Remarkable နှင်းတောင်တန်းကြီးတွေခြံရံထားတဲ့ရှုခင်းကိုပါ မြင်ရတယ်။ ကိုယ့်ကိုကိုယ် နတ်ပြည်ကနေ လှမ်းကြည့်နေတဲ့ ခံစားချက်မျိုးပေါ့။ ဒီ ဘူဖေးကို အစက ကပ်စီးနည်းပြီး မဝယ်ဖို့ စဉ်းစားပေမဲ့ ပျားရည်ဆမ်းခရီးပဲ ဒီလောက်တော့ သုံးသင့်တာပေါ့ဆိုပြီး ဝယ်လိုက်တာ တကယ်ကို မှန်သွားတယ်။ အမှန်တော့ ပျားရည်ဆမ်းခရီးမဟုတ်တောင် လုပ်ဖူး စားဖူး ခံစားဖူးသင့်တယ် အတွေ့အကြုံတစ်ခုပါ။ နယူးဇီလန်အထိ ရောက်အောင်လာပြီးမှတော့ Gondola ထိပ်က ဘူဖေး ဈေးကြီးလို့ မစားဖူးဆိုတာ မဖြစ်စေနဲ့နော်။ အမှန်တော့ အရမ်းတော့ ဈေးမကြီးပါဘူး။ ရှိတဲ့ မုန့်အမျိုးတွေရယ်။ ကိုယ်ခံစားရတဲ့ ခံစားချက်ရယ်နဲ့ဆို တန်ပါတယ်။ တစ်ခုပဲ မှာချင်တာက ကိုယ်တွေကတော့ စောစောစီးစီး မိုးထဲ လေထဲ zipline စီးပြီး ကြွက်စုတ်ရုပ်ဖြစ်နေတဲ့ အချိန်မို့ စားသောက်ဆိုင်က ခန်းနား ရိုမန်တစ်ဆန်ပေမဲ့ ကိုယ့်ရဲ့ ဝတ်ထားတာနဲ့ အပြင်အဆင်ကတော့ အမြင်မှာ ဖီးလ်နည်းနည်းငုတ်စေမယ်ထင်တယ်။ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူနဲ့ မင်္ဂလာဦးပျားရည်ဆမ်းဆိုတော့ ကိုယ်ကတော့ စိတ်ချမ်းသာနေတာပါပဲ။

Waiting for buffet restaurant lunch  opening time

We sat nearby the glass window and the view of Queenstown is breathtaking

သူတို့ အဖြူတွေ ဘူဖေးစားတာကလဲ မြန်လိုက်ကြတာမပြောနဲ့။ ကိုယ်တွေက ဆိုင်ဖွင့်ကတည်းကရောက်နေပြီး စားလို့တောင် မဝသေးဘူး ဘေးခုံကလူတွေက ပြောင်းသွားပြီ။ ကိုယ်လဲ မဆန့်မပြဲသွပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်စားနေတာ စင်္ကာပူမှာ ဘူဖေးစားသလောက်အချိန်မရှိသေးပါဘူး။ ရှုခင်းလေးကြည့်လိုက် စားလိုက်နဲ့ အမှန်ဆို စားတာကြာသွားလို့သာ ဗိုက်ပြည့်တယ်ထင်ရတာ။ တကယ်တမ်း မုန့်ချည်း ထိုင်စားမယ်ဆိုရင် ဒီထက်တောင်စားနိုင်သေးတယ်။ နောက် ဘေးခုံက ၂ခါပြောင်းဖြစ်လာတော့ ကိုယ်တွေလဲ အားနာလာတာရော၊ ဗိုက်လဲပြည့်လာတာရောကြောင့် ထွက်လာလိုက်တယ်။ ဆိုင်က Service ကလဲ ကောင်းမှကောင်းပဲ။

အဲ့ဒိနေ့ နေ့လည်ပိုင်းကတော့ ၂ယောက်သား ကိုယ်တွေနေတဲ့ Backpacker တည်းခိုခန်းလေးပြန်ပြီး မိုးအေးအေးနဲ့ ကွေးအိပ်ပျော်သွားကြတယ်။ ၂ပတ်ဇာတ်တိုက် run လာတဲ့ ကိုယ့် body လဲ အတော်ပင်ပန်းနေပြီလေ။ ညနေ နိုးတော့မှ Queenstown မြို့ထဲမှာ အိမ်ပြန်လက်ဆောင်ဝယ်ဖို့နဲ့ ကိုယ့်အတွက် ဘာဘာညာညာ shopping ထွက်ကြတာပေါ့။ ပူအိုက်တဲ့ နိုင်ငံကလာတော့ အနွေးထည်ကောင်းကောင်းဆိုလို အဖြူတစ်ထည်ပဲကိုယ့်မှာရှိတာ။ ဒီခရီးစဉ်တစ်လျှောက် ဒီတစ်ထည်တည်းနဲ့ချည်း ဓာတ်ပုံရိုက်နေရလို့ အနွေးထည်တစ်ထည် ထပ်ဝယ်လိုက်တယ်။ အဲ့ အနွေးထည်ကတော့ ခုဆို ၂နှစ်ခွဲရှိပြီး ဗီရိုထဲမှာငုတ်တုတ်ဖြစ်နေတာလေ။ ဒီအနွေးထည် ထပ်ဝတ်ဖြစ်မဲ့ နေ့တွေကို မျှော်နေပါသေးတယ်။










ညကျတော့မှ ကိုယ်တွေစားနေကျ အာရှစာရောင်းတဲ့ မောလေးက foodcourt မှာပဲ ကိုယ်က Tom Yum ထမင်းကြော်၊ သူကတော့ သူ့အကြိုက် lumb kebab စားတယ်။ ကိုယ့် အတွက်တော့ ညှီလို့ မကြိုက်ဘူး။ ဒီလိုနဲ့ပဲ ကိုယ်တို့ရဲ့ ပျားရည်ဆမ်းခရီးစဉ် ၁၂ရက်မြောက်နေ့လေးပြီးဆုံးပါပြီ။



၁၃ ရက်မြောက်နေ့မှာ ဟယ်လီကော်ပတာနဲ့ ရေခဲတောင်ထိပ်တက်တာရယ်၊ ပုံပြင်ထဲက မြို့လေးလို့ တင်စားချင်တဲ့ Arrow Town ကို အလည်သွားခဲ့ပါသေးတယ်။
(စာကြွင်း။ ။ ၂၀၁၅ မေလကသွားထားတဲ့ ခရီးကို အပျင်းကြီးတာရယ်၊ အခွင့်ရေးမပေးတာရယ်ကြောင့် မရေးဖြစ်ခဲ့ပေမဲ့ စိတ်ထဲမှာ ပေးစရာအကြွေးကြီးကျန်နေတယ်လို့ ကိုယ့်ကိုကိုယ်ခံစားရတယ်။ ပြီးတော့ ကိုယ်ပြန်သွားဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ရေးထားတဲ့ အင်ဖိုတွေကပဲ ကိုယ့်ကိုပြန်အထောက်အကူဖြစ်စေတယ်ဆိုတာကို အသေအချာသက်သေပြခဲ့လို့ ရေးကိုရေးမှဖြစ်မှာပါ)


EXTRA PHOTOS SESSION

How I wish it was not raining at that time.

Wet and cold but scenery is still beautiful

It was not open that time.

Which country am I pointing?

Let me go shopping for the day.

Friday, July 14, 2017

ဂရိနိုင်ငံ Zakynthos ကျွန်းပေါ်က အမှတ်ရနေမဲ့ စကားဝိုင်း


“We work for 7 months and rest for 5 months a year”

“ကျွန်တော်တို့ တစ်နှစ်မှာ ၇လအလုပ်လုပ်ပြီး ၅လ နားတယ်လေ” လို့ Zakynthos ကျွန်းပေါ်က Beijing Chinese Restaurant ဆိုင်ပိုင်ရှင်က ပြောလိုက်တော့ ကျွန်မတို့၂ယောက်လုံး အားကျလိုက်မိတယ်။



-------------------- ။ --------------------


DOTS ရိုက်ခဲ့တဲ့ သင်္ဘောပျက်ကမ်းခြေရှိတဲ့ ဂရိနိုင်ငံက Zakynthos ကျွန်းရဲ့မြို့ငယ်လေးပေါ်က Beijing Chinese Restaurant လို့ခေါ်တဲ့ စားသောက်ဆိုင်လေးကို ကျွန်မတို့ ပြန်မဲ့နေ့လေးမှာ သွားစားဖြစ်ခဲ့ပါတယ်။ ကျွန်မက အဲ့ဒိအချိန်တုန်းက ကိုယ်ဝန်နုသေးတော့ ကိုယ်စားချင်တာစားမှ အစာကောင်းကောင်းဝင်ပြီး အပင်ပန်းခံနိုင်မှာကိုး။ ဒီတော့ အဲ့ဒိခရီးစဉ်တစ်လျှောက် အာရှစာရောင်းတဲ့ဆိုင်တွေပဲ လိုက်စားဖြစ်တာများတယ်။ ခရီးသွားရင် လိုကယ်အစားအစာ စားသင့်တယ်ဆိုတာ လက်ခံပေမဲ့ ကိုယ့်အခြေအနေအရ အားရှိအောင် ဝင်တာစားရမယ်လေ။ ဒါတောင် လိုကယ်စာကို တစ်ရက်တစ်လေတော့ စားဖြစ်ခဲ့ပါသေးတယ်။ ဒါတွေ ထားပါလေ။

အဲ့ဒိကျွန်းပေါ်မှာ တရုတ်စားသောက်ဆိုင် ၂ဆိုင်ပဲရှိတယ် ပထမဆိုင်က အရင်နေ့တွေက စားပြီးသွားပြီ အရသာကောင်းတယ်။ (နောက်မှ အဲ့ဆိုင်အကြောင်းပြောပြမယ်နော်)။ အခုဆိုင်ထဲကို ဝင်တော့ ဆိုင်ရှင်တရုတ်လင်မယား ၂ယောက်က ဖော်ဖော်ရွေရွေ ကြိုဆိုပါတယ်။ အမျိုးသားကြီးက အင်္ဂလိပ်လို တော်တော်လေး မပြောတတ်ဘူး။ ဒါပေမဲ့ သူ့လောက် ကျွန်မတို့ကို စကားပြောချင်တာ ၂ယောက်မရှိဘူး။ အမျိုးသမီးကြီးကတော့ ဆက်သွယ်လို့ရရုံ နည်းနည်းပါးပါးပြောတတ်တယ်။ ကျွန်မတို့သွားတဲ့အချိန်က မေလဆိုတော့ ခရီးသွားများတဲ့အချိန်မဟုတ်သေးတော့ ဆိုင်ထဲမှာ ကာစတန်မာ တစ်ယောက်မှ မရှိဘူး။ သူတို့ပေးတဲ့ မန်နျူးမှာ ၂ ယောက်စာ Set meal က အသားဟင်း ၂မျိုး ဟင်းချိုတစ်ပွဲရတယ် အဲ့ဒါကို Euro 25 လောက်ရှိတယ်ဆိုတော့ ဒီတိုင်း တစ်ပွဲချင်းမှာတာထက် သက်သာလို့ တွဲထားတဲ့ ဟင်းတွေ ကိုယ့်အမြင်မှာ အစပ်အဟပ်သိပ်မတည့်ပေမဲ့ Set meal ပဲ မှာလိုက်တယ်။ ဒါတောင် ၂ခုလုံးက ဝက်သားချည်းပဲတွဲထားလို့ ချိုချဉ်ကြော်ကို ဝက်သား၊ ကာရီကို ကြက်သားနဲ့ရမလားဆိုတော့ ရတယ်ဆိုတာနဲ့ အဲ့လိုမှာလိုက်တယ်။



ကျွန်မအတွက်က ထမင်းကြော်လဲမှာလိုက်တယ်။ ဟင်းတွေရောက်လာပြီး စားကြည့်တော့ ကာရီဟင်းက အရသာအတော်ပြင်းတာနဲ့ တခြားဟင်းတွေနဲ့ ရောစားရင် တခြားဟင်းအရသာတွေပျောက်ကုန်မှာရော။ ဝက်သားချိုချဉ်ဟင်းကလဲ ကောင်းတာနဲ့ ဝက်သားချိုချဉ်နဲ့ပဲ ကျွန်မတို့ ၂ယောက်လုံး စားနေကြတာတွေ့တော့ ဆိုင်ရှင် လင်မယားက ...

“ဘာဖြစ်လို့လဲ? စားမကောင်းလို့လား? သူတို့ဟင်းမကြိုက်ရင်ပြောပါ ဘာလိုလဲ ပွင့်ပွင့်လင်းလင်းပြောပါ” ဆိုပြီး ကိုယ့်ကို အတင်းမေးတော့တာပဲ။ သူတို့ပုံစံက ရိုးသားပြီး ကျွန်မတို့ သူတို့ဟင်းကို မကြိုက်လို့တောင် သူတို့ဘက်က ပြန်အားနာနေတဲ့ ပုံစံမျိုး။ ကျွန်မတို့ကသာ ဟင်းအသစ်စားမယ်ဆိုရင် ပိုက်ဆံမယူပဲ ထပ်ချက်ပေးမဲ့ ပုံမျိုးမှာရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ကလဲ ဗိုက်ပြည့်နေပြီ။ ထပ်လဲ မစားနိုင်တော့ဘူးလေ။





သူတို့ရဲ့ မျက်လုံးတွေကိုကြည့်တော့ ရိုးသားပြီး သူတို့ဟင်း စားမကောင်းတာကို စိတ်မကောင်းဖြစ်နေတဲ့ပုံမှာရှိတော့ စိတ်ထဲအားနာသနားလဲဖြစ်မိပါတယ်။ ကိုယ့်ရဲ့ မကောင်းတဲ့အကျင့်ပဲပြောရမလား ကောင်းတဲ့ အကျင့်ပဲပြောရမလားက သူတို့ကို ခဏပဲတွေ့ရတဲ့သူတွေပဲဆိုပြီး စိတ်ချမ်းသာအောင် ဆင်ခြေတစ်ခုခုပေးပြီး ဖြေသိမ့်လိုက်လဲ ဖြစ်ပေမဲ့ သူတို့ဆိုင်တိုးတက်အောင် တကယ်ပဲ အကြံကောင်းဉာဏ်ကောင်း စိတ်ရင်းနဲ့ပေးချင်တာနဲ့ သူတို့ရဲ့ Set Menu က ဟင်းတွဲထားတာ အစပ်အဟပ်မတည့်ကြောင်း၊ ကာရီလို အရသာအရမ်းပျင်းတဲ့ဟင်းကို ချိုချဉ်ကြော်နဲ့ တွဲထားတာမလိုက်ဖက်ကြောင်း၊ အသားဟင်း ၂မျိုးပေးမဲ့အစား ဖြစ်နိုင်ရင် အရွက်ကြော်တစ်မျိုး၊ အသားဟင်းတစ်မျိုး၊ဟင်းချိုနဲ့ အတွဲဆိုရင် အစပ်အဟပ်လိုက်ဖက်ပြီး လူကြိုက်ပိုများနိုင်ကြောင်း မျက်နှာမကြည့်ပဲနဲ့ကို တရက်စပ်ပြောလိုက်မိတယ်။

မြန်မာပြည်မှာ အဲ့လိုသာ Feedback သွားပေးကြည့် ရိုက်ထုတ်ခံရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ကျွန်မပြောတာတွေကို သေသေချာချာနားထောင်ပြီး အခု ကာရီဟင်းကို အရွက်ကြော်နဲ့ လဲပေးရမလားလို့ သူတို့ပြန်ပြောတော့ အတော်လေး အံ့အားသင့်သွားသလို စားနေတုန်းက Mr.Right နဲ့ ပြောဖြစ်တဲ့ “နောက်တဆိုင်က ပိုကောင်းတယ်၊ ဒီဆိုင်သိပ်မကြိုက်ဘူး၊ ပြန်ရောက်လို့ရှိရင် ဘလော့ပေါ်မှာရေးရမယ်” ဆိုတဲ့ ခံစားချက်တွေ ပျောက်သွားတယ်။ သေချာတာကတော့ ဒီဆိုင်က ဆိုင်ရှင်တွေမှာ စားသုံးသူကို စေတနာထားတယ်။ တိုးတက်ချင်စိတ်ရှိတယ်။ အဲ့ဒါက အဓိကမဟုတ်ဘူးလား? ကျွန်မတို့ ဗိုက်လဲပြည့်ပြီမို့ နောက်ထပ်ဟင်းလဲ ထပ်မစားနိုင်တော့တာနဲ့ ဟင်းအသစ်လဲ မယူတော့ပါဘူး။


ဒီလိုနဲ့ ကျွန်မတို့ စားပွဲနားတဝိုက်အရိပ်တကြည့်ကြည့်နဲ့ အလွန်တရာမှ စကားပြောချင်ဟန်ရှိသော ဆိုင်ရှင်တရုတ်ကြီးတဖြစ်လဲ စားဖိုမှူးကြီးကို အားနာနာနဲ့ စကားစမြည်စပြောဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နဲ့ စကားဝိုင်းဟာ ၁နာရီခွဲလောက် အသာလေးကုန်သွားလိမ့်မယ်လို့ သတိတောင် မထားမိခဲ့ဘူး။

သူတို့ ဘဝအကြောင်းတွေ တရုတ်ပြည်မကြီးကနေ ဂရိကိုဘယ်လိုလာပြီး ဘယ်လိုရုံးကန်ခဲ့တယ်ဆိုတဲ့အကြောင်း ဘယ် နှနှစ်နေပြီး ဘယ်လိုစုဆောင်းခဲ့တယ်ဆိုတဲ့အကြောင်းတွေ မေးမြန်းရင်း ဗဟုသုတတွေ အများကြီးရခဲ့တယ်။
“ကျွန်တော်တို့ ဂရိမှာနေတာ နှစ် ၂၀ကျော်ပြီ။ ပထမ ၁၀နှစ်က သူများ စားသောက်ဆိုင်မှာ စားဖိုမှူးလုပ်ရင်း ဂရိအစိုးရကို အခွန်မှန်မှန်ဆောင်ရတယ်။ အဲ့လို အခွန်မှန်မှန်ဆောင်လို့ ၁၀နှစ်ပြည့်ရင် အမြဲနေထိုင်ခွင့် ရတယ်။ နောက်ထပ် ၅နှစ် အလုပ်လုပ်ပြီး အခွန်မပျက်ဆောင်ရတယ်။ အဲ့ဒါပြီးရင် နိုင်ငံသားဖြစ်တယ်။ တကယ်လို့ အခွန်ဆောင်တာ ပျက်ကွပ်ခဲ့ရင်တော့ အစကနေ ပြန်ဆောင်ရမယ်။ အဲ့ဒါကြောင့် နိုင်ငံသားမဖြစ်ခင်တုန်းက အလုပ်ရှင်ကို အခွန်ဆောင်ပေးဖို့ အမြဲသတိပေးနေရတယ်။”

ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေကိုလဲ သူတို့က မေးတယ်။ ပြီးတော့ ပညာတတ်တာကောင်းတယ်။ သက်တောင့်သက်သာငွေရှာလို့ရတယ်တဲ့။ သူကတော့ ပညာမတတ်ဘူးတဲ့။ ဒါပေမဲ့ ဟင်းချက်ရတာကို ဝါသနာပါတယ်။ သူချက်နေတဲ့ဟင်းကို လူတွေကြိုက်တယ်ဆို ပီတိဖြစ်တယ်တဲ့။ ကျွန်မတွေးမိတယ် ပညာတတ်လို့ အလုပ်အကိုင်ကောင်းကောင်းရပေမဲ့ ကျွန်မတို့ဘဝက လခစား သူများအလုပ်သမားလေ။ သူက သူကိုယ်တိုင် စားဖိုမှူး သူကိုယ့်ပိုင်စီးပွားနဲ့ သူဝါသနာပါရာအလုပ်ကို လုပ်နေနိုင်တာ သူ့အိပ်မက်အတိုင်းနေနေရတဲ့ ဘဝမို့ ကျွန်မတို့ထက်သာပါတယ်။ အဲ့လို ကျွန်မက ပြောလိုက်တော့… သူက… ငယ်တုန်း ပိုက်ဆံကိုစုဖို့နဲ့ ကြီးလာတော့ ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ပေါ့လို့ အကြံပေးတယ်။ ပညာတတ်တော့ အဲလို စုဆောင်းဖို့ အချိန်တိုတို မပင်မပန်းပဲဖြစ်တယ်။ ပညာမတတ်တော့ ငါတို့လို နှစ်ရှည်လများ ပင်ပင်ပန်းပန်းအလုပ်လုပ် စုဆောင်းပြီးမှ ဖြစ်တာလေတဲ့။ အဓိကက ပိုက်ဆံစုဖို့ပဲတဲ့။


ဒါပေမဲ့ ကျွန်မက အထွန့်တက်ခဲ့သေးတယ်။ ကိုယ်အသုံးမကျတာ လူသိတာပေါ့နော်။ အန်ကယ်က ဟင်းချက်တတ်တော့ ခုလို ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး ဦးစီးနိုင်တဲ့ အရည်အချင်းရှိတယ်လေ။ ကိုယ်တွေက Electronic Engineer ဆိုပြီး အိမ်က မီးလုံးဘာလို့ပျက်မှန်းမသိတဲ့သူမို့ စက်ရုံကြီးထတည်ဖို့လဲ မဖြစ်နိုင်ဘူးလေလို့။ အန်ကယ့်လို လုပ်နိုင်ဖို့က ကိုယ်တိုင် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုတတ်မှရမှာ။ ကိုယ့်ပညာကို သူများလခစားအလုပ်ကလွဲလို့ ကိုယ်ပိုင်စီးပွားရေး ဘယ်လိုလုပ်ရမှန်း အိုင်ဒီယာမရှိဘူးဆိုလဲ ခံရမှာပဲ။

“ငါတို့က ချမ်းသာဖို့မလိုဘူး။ ဒီဆိုင်ခန်းငှားခကြေပြီး နည်းနည်းပါးပါးနေလို့စားလို့ရရင် ကျေနပ်တယ်။ ငါတို့ ဘဝက ပျော်တယ်။ တစ်နှစ်မှာ လူလာများတဲ့ အချိန် ၇လပဲ ဆိုင်ဖွင့်ပြီး ၅လ ဘာအလုပ်မှ မလုပ်ပဲ တရုတ်ပြည်ပြန်နေတယ်။ ငါ့သမီးကတော့ ဒီမှာမွေးတော့ တရုတ်ပြည်ကို သိပ်မကြိုက်ဘူး”

ဥရောပနိုင်ငံတွေမှာ ဝင်ငွေခွန်ဆောင်ရတာ များတာကျတော့ရောဆိုတော့၊ ဂရိက အစိုးရသာ ဆင်းရဲတာ နိုင်ငံသားတွေက မဆင်းရဲဘူးတဲ့။ အခွန်မှ မှန်မှန်မဆောင်ကြတာတဲ့။ ဂရိမှာ အခွန်က လိမ်ပြလို့ရတယ်တဲ့။ သူတို့နိုင်ငံသားတွေဆို ပတ်ပြေးနေတာတဲ့။ 

ကျွန်မက ဆိုင်ခန်းငှားခဘယ်လောက်ပေးရပြီး ခုလိုအာရှအစားအစာကို အဖြူတွေလာမစားပုံနဲ့ ကိုက်ရဲ့လားဆိုတော့ ခရီးသွားရာသီဆို သူတို့ဆိုင်က လူပြည့်ပါတယ်တဲ့။ သူတို့ဆိုင်ခန်းငှားခကလဲ စင်္ကာပူတို့ မြန်မာတို့နဲ့ယှဉ်တော့ သက်သာတယ်။ ကိုယ်တွေတောင် အဲ့မှာပဲ ချက်ချင်း ဆိုင်တခန်းတောင် ဖွင့်ချင်သွားတယ်။ (ဒါမဲ့ နိုင်ငံသားဖြစ်မှ အဲ့ဒိဈေးနဲ့ရနိုင်မှာ)

ပြီးခဲ့တဲ့နှစ် ၂၀၁၅ အောက်တိုဘာတုန်းက ရုပ်ရှင်အဖွဲ့တွေ သူတို့ဆိုင်ကိုလာစားတာအများကြီးပဲတဲ့။

ကျွန်မတို့က အဲ့ဒိကားကြည့်ပြီး ဒီ သင်္ဘောပျက်ကမ်းခြေကို လာလည်တဲ့အကြောင်းပြောတော့မှ အခုနောက်ပိုင်း အာရှသားတွေကို တွေ့လာရတာ ဒါ့ကြောင့်ကိုးတဲ့။ သူတို့ကတော့ ကိုးရီးယားကားဘာမှန်းတောင် သိပုံမရဘူး။ ကိုယ်ကတော့ ဒီဆိုင်ရဲ့ ဘယ်စားပွဲမှာ Song-Song couple ထိုင်ခဲ့မလဲလို့ တွေးမိသွားတယ်။



ဒီလိုနဲ့ စကားပြောကောင်း၊ သူတို့ ဘဝအတွေ့အကြုံတွေကို ကိုယ်မေးသမျှ စိတ်မဆိုးပဲ မတတ်တခေါက် အင်္ဂလိပ်နဲ့ ခြေဟန်လက်ဟန်အစုံ၊ (တခါတရံ သူ့အမျိုးသမီးက သိသလောက်ဝင်ထောက်ပြရ၊) အကုန်လုံး ပွင့်ပွင့်လင်းလင်း ဝမ်းပန်းတသာ စကားပြောရလို့ ကျွန်မစိတ်ထဲ

“အော်… တခါတရံမှာ ခရီးသွားခြင်းဆိုတာ သူများတွေပြန်ပြဖို့ ဓာတ်ပုံတွေ လန်ထွက်နေအောင်ရိုက်၊ ဘယ်လောက်ပျော်နေကြောင်း၊ ဘယ်လို နေရာသစ်တွေကို ရောက်ခဲ့ကြောင်း Like တွေ Followers တွေများဖို့ ထက်ပိုကြောင်း၊
ဟန်းဖုန်းတွေကို ခဏလေး မေ့ပျောက်ပြီး လိုကယ်တွေနဲ့ ခုလို စကားပြောရတဲ့ အနှစ်သာရ၊ ရရှိတဲ့ ဗဟုသုတ၊ အွန်လိုင်းက မမြင်ရတဲ့ လူတွေရဲ့ Likes တွေ ကွန်မန့်တွေထက် ကိုယ့်ရှေ့မှာရှိနေတဲ့သူရဲ့ မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး စကားပြောရတဲ့ အရသာဆိုတာကို ခံစားသင့်ကြောင်း မဗေဒါရဲ့ စာဖတ်သူတွေကို ပြောပြရအုံးမယ်” လို့…

Friday, February 03, 2017

Goblin - Drama Review




ဇာတ်ကားအမည် - Goblin (aka) Guardian: The lonely and Great god
Genre - Romance, Fantasy, Drama
Written by - Kim Eun Sook
Directed by - Lee Eung-bok, Kwon Hyuk-chan, Yoon Jong-ho
Starring
Gong Yoo
Kim Go-eun
Lee Dong-wook
Yoo In-na
Yook Sung-jae

Country of origin - South Korea
Original language - Korean
No. of episodes - 16
Distributor - TvN
Original release - December 2, 2016 – January 21, 2017
My Rating: 4/5


ဇာတ်လမ်းအကျဉ်း

အသက် ၉၃၉ နှစ်ရှိပြီဖြစ်တဲ့ တန်ခိုးရှင်(Goblin) ကင်မ်ရှင်း (Gong Yoo) ဟာ တကယ်တော့ သူရဲ့ သတို့သမီးကိုု လိုက်လံရှာဖွေစောင့်စားနေခဲ့တာပါ။ ဘာဖြစ်လိုု့လဲဆိုုတော့ အဲ့ဒိသတိုု့သမီးကိုတွေ့မှ သူ့ရဲ့ ရင်ဘတ်မှာ စိုက်နေတဲ့ ကြိမ်စာသင့်ဓားကို ထုတ်ခိုင်းြပီး သူ့ရဲ့ ပျင်းစရာ အထီးကျန်စရာကောင်းတဲ့ မသေနိုင်တဲ့ ဘဝကြီးကို အဆုံးသတ်နိုင်မှာမို့ပါပဲ။ သူနဲ့အတူနေထိုုင်သူကတော့ လူတွေသေရင် ဝိဉာဉ်ကိုု အတိတ်မေ့ဆေးတိုုက်ပြီး ဘဝတစ်ပါကိုုပြောင်းစေတဲ့ အလုုပ်ကိုုလုုပ်ကိုုင်တဲ့ သေမင်း (Lee Dong Wook) ပဲဖြစ်တယ်။ သူတိုု့ ၂ယောက်လုံုးဟာ ဟိုုးအရင်ဘဝက သူတိုု့ကျူးလွန်ခဲ့တဲ့ ပြုခဲ့တဲ့ ကောင်းမှု ဆိုးမှုတွေကြောင့် ခုလို ဘဝတွေကို မိုုးနတ်မင်းက အပြစ်ပေးတဲ့အနေနဲ့ ပေးထားခြင်းခံရတာဖြစ်တယ်။ အထက်တန်းကျောင်းသူလေး Ji Eun Tak (Kim Go Eun) ဟာ သူ့အမေဆုံုးပြီး ငယ်ငယ်ကတည်းက နှိပ်စက်တဲ့ အဒေါ်မိသားစုုနဲ့ နေရပေမဲ့ သူ့ဘဝကိုု အကောင်းဆုံုးနေထိုုင်တယ်။ သူ့ရဲ့ ထူးခြားချက်က သရဲတွေကိုု မြင်နုုိင်တာပဲ။ သူဟာ Goblin နဲ့ ဆုံုးစည်းပြီးနောက်ပိုုင်း Goblin ကို ချစ်ြမတ်နိုး ခဲ့တယ်။ တကယ်တော့ သူဟာလဲ Goblin လိုက်ရှာနေတဲ့ သတိုု့သမီးပဲဖြစ်တယ်။ Kim Sun (Yoo In Na) ကတော့ ကြက်ကြော်ဆိုင်ပိုင်ရှင်ဖြစ်ပြီး Eun Tak ရဲ့ အလုပ်ရှင်ဖြစ်တယ်။ သူနဲ့ သေမင်းဟာ ကံအကြောင်းဆုံုလိုု့ တွေ့ခဲ့ကြပြီး မြင်မြင်ချင်းချစ်မိသွားကြတယ်။

Goblin ရဲ့ မသေနုုိင်တဲ့ ဘဝကြီးကိုု အဆုံုးသတ်ပေးရမဲ့ သတိုု့သမီးတိုု့ စုံုတွဲ (တနည်းအားဖြင့်) သေကွဲကွဲမဲ့ စုံုတွဲနဲ့ မတူညီတဲ့ ဘဝတွေဖြစ်တဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်မလေးနဲ့ သေမင်းတိုု့ရဲ့ ချစ်ဇာတ်လမ်းက ဘယ်လိုုဇာတ်သိမ်းမလဲ။ ဘယ်လိုု ဘဝ ဘဝက ရှေးရေစက်တွေကြောင့် ခုုလိုုမျိုး စုံုတွေ့ကြရတာလဲ ဆိုုတာစိတ်ဝင်စားရင် ကြည့်လိုုက်နော်။


ဝေဖန်ရေး

ဒီဇာတ်ကားကိုု ပါဝင်တဲ့ ဇာတ်ဆောင်တွေနဲ့ သူတိုု့ရဲ့ သရုုပ်ဆောင်မှု၊ ဖက်ရှင် အတွက် ၁ မှတ်။
ဇာတ်ဝင်တေးတွေအတွက် ၁မှတ်။

လှပတဲ့ ရိုုက်ချက်တွေနဲ့ ကာလာ အရည်အသွေးကောင်းတဲ့ တင်ဆက်မှု အတွက် ၁မှတ်။
ရိုုက်ကွင်းနေရာ လှလှလေးတွေအတွက် ၁မှတ်။

ဇာတ်လမ်းက ထုံုးစံအတိုုင်း အစပိုုင်းကောင်းပြီး အလည်ပိုုင်းနည်းနည်းပျင်းလာကာ၊ နောက်ဆုံုးပိုုင်းကိုု ကိုုယ်ကတော့ သိပ်စိတ်တိုုင်းမကျတဲ့အတွက် အမှတ်ပြည့်မပေးပဲ 4/5 rating ပဲ ပေးထားတာပါ။

အပေါ်မှာ ပြောခဲ့သလိုုပဲ ဒီကားကိုု အဆုံုးထိကြည့်ဖြစ်ဖိုု့ စွဲဆောင်ခဲ့တာကတော့ ဇာတ်လမ်းက ဒီလောက်မဟုုတ်ပေမဲ့ ကျန်တာတွေကြောင့် တစ်ပတ်တစ်ပတ် ဆက်ကြည့်ချင်စိတ်ဖြစ်ခဲ့တာပါ။ rating ကိုု ၅မှတ်လုုပ်ထားလိုု့ ဇာတ်လမ်းအတွက် တစ်မှတ်မှ မရသလိုုဖြစ်နေပေမဲ့ ဇာတ်လမ်းထဲက ကောင်းတာလေးတွေလဲရှိပါတယ်။ အပေါ်က အမှတ်က အကြမ်းပျင်း သက်သက်ပါ။ ဥပမာ မင်းသား ၂ယောက်ကြားက Friendship and Bromance, မင်းသမီးနဲ့ သေမင်းကြားက ခင်မင်မှု စသဖြင့်ပေါ့။ဇာတ်လမ်းအလည်ပိုင်းမှာ မင်းသားနဲ့ မင်းသမီး အီစီကလီ ကလူအိသိုု့ မြူအိသိုု့ တွန်းလိုုက် ဆွဲလိုုက်လုုပ်နေကြတာကိုု fancy အချစ်ကားကြိုက်တဲ့သူတွေအတွက်တော့ သဘောကျချင်ကျနုုိင်ပေမဲ့ ကျွန်မကတော့ အဲ့ဒိအခန်းတွေ နည်းနည်လေးလျော့ပြီး (အဓိကက Goblin တဖြည်းဖြည်းနဲ့ ဆယ်ကျော်သက်ကောင်မလေးကိုု ချစ်လာတာကိုု တော်ရုုံပြရင်လုံုလောက်တယ်ထင်တာပဲ) Goblin နဲ့ သူ့တူကြားက သံယောဇဉ် Development နဲ့ Goblin နဲ့ သူ့ညီမကြားက ကြည့်ရှုသူတွေ ဂရုုဏာရသပေးစေမဲ့ မောင်နှမ သံယောဇဉ်ကိုုလဲ နည်းနည်းပိုုတိုုးပြသင့်တယ်လို့ထင်တယ်။ (အောက်ရောက်မှ မကျေနပ်တာအတိအကျ spoiler alert နဲ့ ရေးမယ်နော်)... ယေဘူယျ ဝေဖန်ရေးအရကတော့ များါများစားစားရေးလိုု့မရဘူး။ အပေါ်မှာပြောခဲ့သလိုုပဲ ဇာတ်လမ်းကိုု ကိုုယ့်အတွက် သိပ်သဘောမကျပေမဲ့ (ဆိုုးဆိုုးရွားရွားမဟုုတ် ကြည့်ပျော်ပါသည်) ကျန်တဲ့ အချက်တွေကတော့ ဒီကားမှာ အတော်လေး အားကောင်းတဲ့အတွက် စိတ်ဝင်စားရင်ကြည့်ဖိုု့တိုုက်တွန်းပါတယ်။

Spoiler Alert...
.
.
.
.
.


ကြည့်ပြီးသူတွေပဲ ဒီအပိုုင်းကိုု ဆက်ဖတ်မယ်ယူဆတဲ့အတွက် မေးလိုုက်မယ်နော်။ အဆုံုးသတ်ကိုု ဘယ်လိုုထင်သလဲ? မဗေဒါရဲ့ ပေချ့်ပေါ်မှာ မေးလိုုက်တော့ တော်တော်များများရဲ့ ကွန်မန့်တွေက ကိုုယ်နဲ့ တူတူပါပဲ။ ကိုုယ်တစ်ယောက်တည်းမဟုုတ်တာသိရတော့ တော်ပါသေးရဲ့ဆိုုပြီး ကျေနပ်မိတယ်။ Goblin က မသေမရှင်နဲ့ ၉ နှစ်လောက် သဲဂန္တာရထဲ ဒုုက္ဖခံပြီး ဒီလူ့ဘုံုကိုု အုုံုုးဆိုု ကိုုယ်ထင်ပြ ပြန်ရောက်လာတော့ သူ့ရဲ့ ဇာတ်သိမ်းကဘာလဲ? ကောင်မလေးက အချိ်န်တန် အသက်ကြီးပြီး သေသွားမှာ။ သူကတော့ တစ်ယောက်တည်း မသေနုုိင်ပဲ ဘယ်အချိန်ထိ ဆက်ကျန်နေရမှာလဲ? အဲ့ဒါက သူ့အတွက် ပျော်စရာ အဆုံုးသတ်လိုု့ မဗေဒါကတော့ မမြင်ဘူး။ သံသရာ ဝတ်ဆင်းရဲကြီးကနေ ဘယ်တော့မှ မလွတ်ကျွတ်တော့ဘူးပေါ့။ လူတစ်ယောက်သက်တမ်း ၁၀၀ မှာ အရွယ်ရောက်ဖိုု့ ၁၈နှစ် နှုတ်ရင် အလွန်ဆုံုး ၈၂ နှစ်ပေါင်းရရင်တောင်။ သူလိုု့ နှစ်ပေါင်း ၉၀၀ ကျော်နေပြီး ကိုုယ်ချစ်တဲ့သူတွေ သေတာကိုု အကြိမ်ကြိမ်ကြည့်နေရမဲ့ ဒုုက္ခအတွက် ကိုုယ်ကတော့ သူသေသွားတာကမှ တော်သေးတယ်လိုု့ ထင်အုံုးမယ်။ ဒါမှမဟုုတ်လဲ သူပြန်ပေါ်လာတယ်လိုု့ ဇွတ်အတင်းကြီး လုပ်ပြီးမှတော့ သူ့ကိုု Goblin အနေနဲ့ မဟုုတ်ပဲ ရိုုးရိုုးလူသာမာန်အနေနဲ့ပေါ်လာတယ်လိုု့ပဲ လုုပ်လိုုက်ပါတော့လား။ ဒါဆိုု သူတိုု့့၂ယောက်လဲ သေတပန် သက်တဆုံုးပေါင်းရလေသတည်းပေါ့။

ဒီလိုမှ မဟုုတ်လဲ မင်းသမီးကိုုပေးမသေပဲ သူအိုတော့မှပဲ Goblin ရဲ့ ဓားကိုု ဖြုတ်ပြီး အဲ့အချိန်ထိပေါင်းကြပေါ့လိုု့အစကတွေးမိတယ်။ ဒါကိုုတော့ စာရေးဆရာမက မင်းသားဓားကိုု မနှုတ်ရင် မင်းသမီးက သေဘေးနဲ့ အမြဲတွေ့မယ်လိုု့ ပြန်ပိတ်ထားတော့ ထားပါတော့လိုု့ပဲ ပြောတော့မယ်။

ပြီးတော့ အဆုံးမှာ မင်းသမီးကိုု ဇွတ်သေခိုုင်းပြီး နောက်ဘဝမှာပြန်ဆုံုးမယ်ဘာညာဆိုုတဲ့ Concept ကြီးကိုု ကိုုယ်တော့ လက်မခံချင်တာ။ သူတိုု် ့ပြောသလိုု Eun Tak က နောက်ထပ် ၃ ဘဝကျန်သေးတယ်ဆိုုရင် အလွန်ဆုံုးထပ်ပေါင်းရ ၂၄၆နှစ်ပေါ့။ အဲ့၃ဘဝလုံုးလဲကုုန်ရော Goblin ကြီးက တစ်သက်လုံုးအထီးကျန်ပြီပေါ့။ ပြီးတော့ ၃ ဘဝလုံုး မိန်းမအဖြစ်ဝင်စားအုံးမှ။ ယောကျင်္ားအဖြစ်ဝင်စားရင် Brokebark mountain (Gay) ဇာတ်လမ်းတွေ ဆက်ရိုုက်နေရတော့မပေါ့။ အဆုံုးကြီးက ဇွတ်အတင်းပေါင်းပေးပေမဲ့ ရေရှည်အတွက် ဆက် စဉ်းစားတဲ့ ပရိတ်သတ်တွေအတွက်ကတော့ ဘာလားပေါ့။ (Mr.Right ကတောင်ပြောနေသေးတယ် Goblin ၉ နှစ်နေတော့့ ပြန်ပေါ်လာတယ် မင်းသမီးက မမှတ်မိဘူး။ တဖြည်းဖြည်းပြန်မှတ်မိလာတာကိုု နည်းနည်းရှည်ရှည်ပြပြီး ဖြတ်လိုုက်ရင်တောင် တော်အုံုးမယ်တဲ့)။ ခုုဟာက မင်းသမီးက မှတ်မိချင်တော့လဲ ချက်ချင်းကြီးဆိုုတော့ ကိုုယ်က ကြည့်နေရင်းနဲ့တောင် နောက်နေတာလားလိုု့ မေးချင်တယ်။ ကနေဒါက သရဲကလဲ မကျွတ်လွတ်တဲ့အပြင် မင်းသမီးကိုု မှတ်တောင် မှတ်မိနေသေး။

မင်းသမီးကိုု ဇွတ်အတင်း သေခိုုင်းတာနဲ့ ပတ်သတ်ပြီး ကြည့်ရတာ စာရေးဆရာက ပေးချင်တဲ့ မတ်စေ့တွေ အပေးလွန်သွားတယ်ထင်ပါ့။ သူပြချင်တာက တချို့အရာတွေဟာလဲ မိုုးနတ်မင်းရဲ့ ဆန္ဒကုုိ လွန်ဆန်နုုိင်တယ်ဆိုုတဲ့ သဘောမျိုး၊ လူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့စတေးတာဟာ မိုုးနတ်မင်းကြိုတင် တွက်ချက်လိုု့မရတဲ့ အရာဆိုုတာကိုု ပြောချင်တာများလား။ (ဒါပေမဲ့လဲ မင်းသမီး အသက် ၆၀၊ ရ၀ လောက်ကျမှ စတေးလိုု့ ရဘူးလားဟင်။ ပြောပြတာပါ)

ဘာပဲပြောပြော သေမင်းနဲ့ သူ့ကောင်မလေးဇာတ်သိမ်းကိုုမှ ကျေနပ်သေးတယ်။ သူတိုု့ ၂ယောက်က နောင်ဘဝမှာ စိတ်သစ်နဲ့ တစ်ယောက်ကိုု တစ်ယောက် မမှတ်မိကြတာကိုုလဲ သဘောကျတယ်။ သူတိုု့က တစ်ယောက်နဲ့ တစ်ယောက်မှတ်မိရင် ဘယ်လုုိမှ မပေါင်းဖတ်နိုုင်တဲ့ စုံုတွဲကိုုး။ သူတိုု့အတွဲကိုုကြည့်ပြီးတော့ ရှေးရေစက် ကြောင်းကံကြောင့် မြင်မြင်ချင်းပင် ဘာ့ကြောင့်များ ချစ်ချင်တယ်ဆိုုတဲ့ သီချင်းသွားသတိရမိတယ်။ ဒါနဲ့ Lee Dong Wook ဆံပင်ပုံုလေး ပြောင်းသွားပေမဲ့ တစ်မျိုးလေး ချောနေသေးတဲ့ အာဂျီရှီပဲနော်... ခွိ။ ဒီ အာဂျီရှီတွေ ဘာမှ မလုုပ်ပဲ လမ်းလျှောက်တာကိုု slow motion နဲ့ ပြရင်တောင် ကြည့်ကောင်းနေတာ ပြော မပြောချင်ဘူး။

အပေါ်က ဇာတ်ကောင်ပတ်သတ်မှုတွေအကြောင်းနဲ့ပတ်သတ်လိုု့ လိုုတယ်ထင်တာလေးတွေ မမေ့ခင်ရေးရရင်ဖြင့် အဆုံးမှာ Goblin က ကျန်ခဲ့ပြီး သူ့ပတ်ဝန်းကျင်ကလူတွေက အသက်တွေကြီးကုုန်တာကိုု ပြရာမှာ ကိုုယ်ကြည့်ချင်ဆုံုးက Doek Hwa ပဲ။ Doek Hwa နေရာမှာ သူ့အဖိုုးအနေနဲ့ သရုုပ်ဆောင်ခဲ့တဲ့ အဖိုုးကြီးကိုု ပြန်ထည့်ပြီး သူ့ရဲ့မျိုးဆက် နောက်ထပ် မြေးလေး (Doek Hwa နောက်တစ်ယောက်ထပ်ရောက်နေတာမျိုး) လေး ကြည့်ချင်မိတယ်။ ခုုဟာက CEO ကမှ ပြန်ပါသေးတယ်။ နောက်ပြီး Goblin နဲ့ သူ့ညီမရဲ့ သံယောဇဉ်နဲ့ပတ်သတ်မှုကိုု ပြတာတော့ သိပ်ပေါ့လွန်းတယ်ကိုုထင်တယ်။ ၉ နှစ်နေပြီး ပြန်လာတော့လဲ ဆိုင်ရှေ့ကနေ မမြင့်တမြင်ပဲ လာကြည့်တယ်ပြတာ။ အဆိုုးဆုံုးကတော့ ဇာတ်မြုပ်သွားတဲ့ ညီမ နှစ်ပေါင်းများစွာကြာလိုု့ သေတော့ သေမင်းဆီမှာ ရေနွေးကြမ်းသောက်အပြီး ဘဝတစ်ပါးမကူးခင် အစ်ကိုုနဲ့ နည်းနည်းပါးပါး စကားစမြည်ပြော အဆုံုးသတ်နှုတ်ဆက်တာလေးများ လုုပ်ပါတော့လား။ ခုုတော့ ညီမကိုု သိပ်ချစ်ပါတယ်ဆိုုပြီး ပြတင်းပေါက်ကနေပဲ လှမ်းနှုတ်ဆက်စရာလား။ အဲ့ဒိနေရာတွေမှာ Emotional scene stealer တွေ ထည့်လိုု့ရသေးတယ်လိုု့ ထင်တာပဲ။ (ကိုုယ်ပိုုကြည့်ချင်မိတာကိုု ပြောပါတယ်)။

ပြီးတော့ အဆုံုးသတ်ထိ အကျီင်္အနီနဲ့ Sexy lady ကြီးက ဘာနတ်မှန်း သေချာကိုု မသိတာ။ သူကလဲ Goblin လိုု Guardian ပဲလား။ သူကရောဘာလိုု့ လူတွေကိုု ရွေးပြီး လိုက်စောင့်ရှောက်နေတာလဲ။ သူ့ ဇာတ်ကောင်က မင်းသမီးလုုိအပ်ရင် ကူဖိုု့ထည့်ထားတာက လွဲလိုု့ ဘာမှ ရေရေရာရာ ပတ်သတ်ဆက်နွယ်မှု မရှိသလိုုပဲ။

အဲ့တော့ ဒီဇာတ်လမ်းမှာ အကောင်းဆုံုးပြနုုိင်တာဆိုုရင်တော့ အာဂျီရှီ ၂ယောက်ကြားက Bromance နဲ့ သူတိုု့ရဲ့ အလုုပ်အကိုုင်။ အထူးသဖြင့် Goblin စောင့်ရှောက်ကူညီလိုုက်တဲ့ လူတွေရဲ့ဇာတ်လမ်းနဲ့ ရန်ဖန်ရန်ခါ Grim reaper ရေနွေးကြမ်းတိုုက်တဲ့သူတွေနဲ့သူ့အလုုပ် nature ပေါ့။ နောက်ပြီး မင်းသားတွေရဲ့ စျေးအလွန်ကြီးတဲ့ ဖက်ရှင်စတိုုင် ဂျက်ကက်ကြီးတွေလဲ သဘောကျတယ်။ ဒီလိုု ဂျက်ကက်ကြီးတွေကိုု ဒီလိုု အာဂျီရှီအလန်းဇယားတွေ ဝတ်တော့မှ ဂျက်ကက်တန်ဖိုုးလဲ ပေးရတာ တန်သွားတာပေါ့။ လှတပတ မျက်စိပသာဓရှိ။

ကဲကဲ... ပြောတာတွေလဲ မှတ်မိသလောက်တော့ရေးထားတယ် အချိန်လဲ သိပ်မရှိတော့လိုု့ တော်သေးပြီ။ ပြောချင်တာထပ်ဖြည့်ချင်ရင် ထုံုးစံအတိုုင်း ကွန်မန့်မှာ လာပွားကြနော်။

Tuesday, September 27, 2016

သင်မသိကောင်း မသိသေးမဲ့ Park Bo Gum အကြောင်းလေးတွေ





Park Bo Gum ကိုယ်ရေးအကြောင်းတွေ မွေးနေ့တွေ သွေးအမျိုးအစားတွေ ဘာတွေတော့ ထွေထူးရေးမနေတော့ပါဘူး။ တခြား Facebook page တွေကလဲ တော်တော်လေး ရေးပြီးထားကြပြီဆိုတော့လေ။ အစကတော့ ကိုယ်တောင် သိပြီးတာ အားလုံးလဲ သိပြီးလောက်ပြီဆိုပြီး မရေးတော့ပဲ နေမလို့ မဗေဒါ Page က ဝါသနာတူ ဘော်ဘော်တွေက ရေးပေးပါဆိုလို့။ တချို့က Park Bo Gum အကြောင်းကို သူကိုယ်တိုင်လာပြောပြထားသလို သိနေကြတဲ့ သူတွေရှိတော့ ကိုယ်လို အွန်လိုင်းက သတင်းလေးတွေ ဟိုဖတ်ဒီဖတ်လုပ်မှ သိရတဲ့ ကိုယ်က ဆရာလုပ်သလိုဖြစ်မိမှာစိုးလို့။ ကြိုဝန်ခံပါရစေနော်… သူ့အကြောင်း လဲ ရေးတဲ့ သတင်းကို ကြုံလို့ဖတ်ရမှ သိတာပါ။ ခုလဲ ကိုယ်တွေ့တာကို ပြန်မျှတာပါ သတင်းမှားဆိုရင် မူရင်း သတင်းရေးတဲ့သူအပြစ်ပါ။

၁။ Park Bo Gum မှာ အကျအနရိုက်ထားတဲ့ မိသားစုပုံမရှိဘူး


TvN ကပြတဲ့ Youth Over Flower ခရီးသွားအစီအစဉ် Reality show မှာ Park Bo Gum နဲ့ Reply 1988 က ဒုမင်းသား Ryu Joon Yeol တို့ ၂ယောက် ရင်တွင်းဖြစ် စကားတွေပြောကြတဲ့ အချိန်… Bo Gum က ဟိုမင်းသားကို “ံဒါနဲ့ Hyung မှာ မိသားစု ဓာတ်ပုံရှိလား?” လို့ မေးရင် သူ့ မျက်ရည်တွေကို သုတ်လိုက်တယ်။ “ကျွန်တော်တို့ အိမ်မှာ မိသားစု ဓာတ်ပုံမရှိဘူး” လို့ ပြောရင် သူ့ မျက်ရည်တွေ စီးကျလာတယ်။ Bo Gum ငိုတာကို တွေ့တဲ့ Joon Yeol က သူ့ကို “ ဒီတစ်ခါ ကိုရီးယားပြန်ရောက်ရင် မင်းတို့ မိသားစု ဓာတ်ပုံ သွားရိုက်။ Hyung ပိုက်ဆံပေးမယ်” လို့ နွေးထွေးစွာပြန်ပြောတယ်။
အဲ့ဒိအကြောင်းကို Production crew တွေနဲ့ interview ချိန်ရောက်တော့ မေးတော့ Bo Gum က ငိုလျက်
“ကျွန်တော် ငယ်ငယ်က memories တွေကို မစုထားခဲ့နိုင်သလို ခံစားရတယ်။”
အကြောင်းရင်းကို သူဆက်ရှင်းပြတယ်။

“အမေက ကျွန်တော် ကြီးလာတဲ့ တစ်လျှောက် ကျွန်တော့်ကိုပဲ ပုံတွေရိုက်ထားခဲ့တယ်။ အမေ့ပုံကျတော့ ကျွန်တော့မှာ ပြစရာ မရှိသလောက်ပဲ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ Memories တွေကို မသိမ်းဆည်းထားလိုက်နိုင်သလို ခံစားရတယ်။”

Source: http://www.allkpop.com/article/2016/02/park-bo-gum-cries-about-the-lack-of-a-family-portrait-at-his-home

၂။ သူ့ အမေအကြောင်း စဉ်းစားမိပြီး Reply 1988 Audition မှာ ငိုခဲ့တဲ့ Park Bo Gum


အရှေ့မှာပြောခဲ့တဲ့ Youth over flower အစီအစဉ်ထဲမှာပဲ သူတို့တွေ Reply 1988 အတွက် audition ဝင်ခဲ့တဲ့ ဗွီဒီယိုလေးကိုကြည့်ရတယ်။ အဲ့ဒိ လူတွေ့ စစ်ဆေးမှုမှာ အင်တာဗျူးသူတွေက သူ့အမေအကြောင်းကို မေးတဲ့အခါ “ကျွန်တော် ၄တန်းကတည်းက အမေဆုံးသွားပါပြီ” လို့ သူပြန်ဖြေခဲ့တယ်။
အဲ့ဒိနောက်မှာ အင်တာဗျူးသူတွေက သူ့ကို Reply 1994 က ဒုတိယမင်းသား Chil Bong’s ဇာတ်ကောင်ပြောခဲ့တဲ့ ဒိုင်ယာလော့ကိုပေးပြီး သရုပ်ဆောင်ခိုင်းတယ်။ ဒိုင်ယာလော့ကို စဖတ်တာနဲ့ Bo Gum ဟာ မျက်ရည်တွေဝဲလာခဲ့တယ်။
သူ့ကို ဖတ်ခိုင်းတဲ့ အခန်းက Chil Bong သူ့အမေကို ဖုန်းပေါ်ကနေ မတ်စေ့ထားခဲ့တဲ့ အခန်းက ဒိုင်ယာလော့ဖြစ်နေတယ်။ ဖတ်နေရင်း တစ်ဝက်လောက်မှာ Bo Gum ဝမ်းနည်းစွား မျက်ရည်ပေါက်ကြီးငယ် ကျလာခဲ့တယ်။
(Youth over flower ကြည့်တုန်းက အဲ့ Audition လေးကိုကြည့်ပြီး Reply 1988 မှာ တကယ်ပဲ သူ ပထမ မင်းသား ဖြစ်ထိုက်ပါတယ်ဆိုပြီး ကိုယ့် ship အတွက် ကိုယ် ကျေနပ်သလို၊ သူ့ဘဝအကြောင်းလေး သိရတော့ ကိုယ်ပါ လိုက်ငိုနေမိတယ်)

Source: http://www.soompi.com/2016/03/11/park-bo-gum-cries-talking-about-his-late-mother-during-reply-1988-audition/

၃။ Park Bo Gum ဟာ အကြွေးတွေမဆပ်နိုင်လို့ လူဆင်းရဲ့ အမည်ခံ ခဲ့ဘူးတယ် (Bankrupt)


သူဟာ သူ့နာမည်နဲ့ ချေးထားတဲ့ အကြွေးတွေ ပြန်မဆပ်နိုင်လို့ တရားဝင်လူဆင်းရဲ စာရင်းဝင်ခဲ့ဖူးတယ်။
သူ့ အေးဂျင်စီကတော့ “သူငယ်စဉ်မှာဖြစ်ခဲ့တဲ့ သူ့ကိုယ်ရေးကိုယ်တာကိစ္စမို့ ကျွန်တော်တို့ အသေးစိတ်မသိပါဘူး။ ကျွန်တော်တို့သိတာတော့ ပြဿနာတွေအားလုံး မနှစ်က ဖြေရှင်းပြီးသွားပါပြီ။ ခု ဘာပြဿနာမှ မရှိတော့ပါဘူး” လို့ဆိုပါတယ်။
ဒါပေမဲ့ တချို့ သတင်းဋ္ဌာနတွေအရ အဲ့ဒိအကြွေးဟာ ၂၀၀၈ ခုနှစ်က သူ့အဖေ စီးပွားရေးလုပ်ဖို့ သူ့နာမည်နဲ့ ချေးငှားခဲ့ပြီး စီးပွားရေး မအောင်မြင်ဖြစ်ခဲ့ပါတယ်တဲ့။ အဲ့ဒိအချိန်က Park Bo Gum ဟာ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးပြီး သူ့အဖေအကြွေးကို ပူးတွဲ ချေးငှားသူအဖြစ် ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ များပြားလာတဲ့ အတိုးနှုန်းတွေကြောင့် ခုလို ဖြစ်ခဲ့တာပါ။

၂၀၁၄ မှာ သူဟာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် တချို့ကားလေးတွေမှာ ပါဝင်လာတဲ့အခါ Loan Shark တွေက အကြွေးအကြေ ချက်ချင်းပြန်ဆပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ Bo Gum က မပေးနိုင်တဲ့အခါ တရားရုံးမှာ တရားစွဲဆိုခံခဲ့ရပါတယ်။
တရားရုံးမှာ Bo Gum က သူဟာ အဲ့ဒိအချိန်က အသက်မပြည့်သေးတဲ့ အပြင် သူ့အဖေက သူ့ကို Guarantor အဖြစ် နာမည်ထည့်ခဲ့မှန်း လုံးဝ မသိခဲ့ပါဘူးလို့ ထွက်ဆိုခဲ့တယ်။ အကြွေးပြန်မဆပ်နိုင်တဲ့အတွက် ဒီဇင်ဘာ ၂၀၁၄ မှာ Park Bo Bum ဟာ လူဆင်းရဲစာရင်း(Bankruptcy) ခံခဲ့တယ်။ မတ်လ ၂၀၁၅ မှာ သူဟာ လူဆင်းရဲ စာရင်းဝင်မို့ တရားရုံးက အကြွေးရှင်တွေကို အကြွေးတွေ လျော့ပေါ့ဖို့ စီရင်ခဲ့ပေမဲ့ အကြွေးရှင်တွေကတော့ Bo Gum ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် အကြွေးကိုပေးနိုင်တဲ့ အခြေအနေရှိတယ်လို့ စွပ်စွဲခဲ့တယ်။

အဲ့ဒိအတွက် တရားရုံးက ဘိုဂမ်းရဲ့ ဝင်ငွေကို စစ်ဆေးခဲ့ပြီး မူလချေးငွေ $243,765 USD ကနေ $24,390 USD (30 million KRW) နီးပါးကို တော့ ပေးစေခဲ့တယ်။
Reply 1988 ရဲ့ အောင်မြင်မှုကြောင့် နောက်ပိုင်းမှာ Park Bo Gum ဟာ အကြွေးအားလုံးကို ခြေနိုင်ခဲ့တယ်။

Park Bo Gum ရဲ့ အဖြစ်ဟာ သူ နာမည်မကြီးသေးခင်က ရိုက်ခဲ့တဲ့ “Coin Locker Girl” ထဲက သူ့ဇာတ်ကောင်နဲ့ တိုက်ဆိုင်နေတယ်လို့ လူတွေက ပြောကြတယ်။
(အဲ့ကား Bo Gum လေးပါလို့ ကြည့်ပြီးပြီ။ စိတ်တွေ အရမ်းဆင်းရဲပါတယ်။ အဲ့ထဲမှာလဲ သူ့အဖေက loan shark ဆီက ပိုက်ဆံချေးပြီး ထွက်ပြေးနေလို့ loan shark က သူ့ကို လာသတ်သွားတာ။ မင်းသားလေးခမျာ သူဠေးသားရုပ်လေးဖြစ်ပါရက်၊ မင်းသားမဖြစ်ခင် ခုလို ချို့ချို့တဲ့တဲ့လေးဆိုတော့ သနားထှာ။ အာ့ကြောင့် ခုလို သူအောင်မြင်လာတာ ကိုယ်က ဘာရယ်မဟုတ် ဝမ်းသာနေတယ်။)

A scene from "Coin Locker Girl" movie

Source: http://www.kdramastars.com/articles/114051/20160302/park-bo-gum-reveals-his-past-financial-woes.htm

၄။ သူဟာ ခုထက်ထိ အများသုံး ရထားစီးတုန်းပဲ


မင်းသားချော Park Bo Gum ဟာ ခုချိန်မှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသော်လည်း သူဟာ ခုထက်ထိ အများသုံး ပို့ဆောင်ရေးစနစ် (အများသုံး ရထား၊ ဘတ်စ်ကား) နဲ့သာ သွားလာနေတုန်းပါပဲ။ Moonlight Drawn by Cloud နဲ့ Music Bank ရိုက်ကူးနေတဲ့အပြင် တခြား Schedule တွေအများကြီး ရှိနေပေမဲ့ ဘိုဂမ်းဟား ခုထက်ထို အများသုံး ရထားကိုစီးကာ သူ့အတန်းတွေနဲ့ သူ့ အေဂျင်စီကို သွားလာနေတုန်းပါပဲ။ အရင်က လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ ကိုယ်ပိုင်ဘဝအကြောင်းကို အများကိုထုတ်ပြောရတာ မကောင်းပေမဲ့၊ အများသုံးရထားစီးတာကိုတော့ ဘယ်တော့မှ ရပ်မှာမဟုတ်ပါဘူးတဲ့။

သူ့လို နာမည်တက်နေတဲ့ မင်းသားတစ်ယောက်ကို အများသုံး ရထားပေါ်မှာသာ တွေ့ရင် ပရိတ်သတ်တွေအုံတာ ခံရမှာမို့ သူ့ လုံခြုံရေးအတွက် စိုးရိမ်စရာပါပဲ။ ပုံမှန်အားဖြင့် နာမည်ရ ဆယ်လီတွေဟာ အများသုံးပို့ဆောင်ရေးကို မစီးကြတော့ပဲ ကုမ္ဗဏီက စီစဉ်ပေးတဲ့ ကားနဲ့ပဲ သွားလာကြတာများပါတယ်။

သူ့ကိုနောက်ပိုင်း ရထားစီးထားရပ်လိုက်မှာလားလို့ မေးတဲ့အခါမှာ Park Bo Gum က “ဘာလို့လဲ? ရထားနဲ့သွားရတာ မြန်ပြီး အချိန်မှန်တယ်။ တစ်ယောက်ယောက်နဲ့ ချိန်းထားရင် ရထားစီးသွားတာ အကောင်းဆုံးပဲ။ ဝမ် ၁၃၀၀ ပဲပေး။ ဆိုလ်းတစ်မြို့လုံး ကြိုက်တဲ့နေရာသွားလို့ရတယ်” လို့ ရိုးရိုးလေးပဲ ပြန်ဖြေသွားတယ်။

http://www.koreaboo.com/news/korean-actor-park-bo-gum-reveals-the-one-thing-he-will-never-stop-doing-in-his-lifetime/

၅။ Bo Gum နာမည်ကြီးလာတဲ့ နှုန်းက တခြားမင်းသားတွေထက် မြန်တယ်

A scene from "Reply 1988" as genius baduk player

လွန်ခဲ့တဲ့ ၄နှစ်ကမှ Bridal Mask မှာ အဓိက ဇာတ်ပို့တောင်မဟုတ်ဘူး ရဲသားလေးတစ်ယောက်အနေနဲ့ ပါခဲ့တဲ့ (ဘယ်သူမှတောင် သတိထားမိခဲ့မှာမဟုတ်တဲ့) Park Bo Gum ဟာ ခုဆိုရင် နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်နေပြီလေ။
သူပထမဆုံး Debut ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဟာ လွန်ခဲ့တဲ့ ၅နှစ်က မင်းသမီး Kim Ha Neul ပါတဲ့ Blind ဆိုတဲ့ ကားဖြစ်တယ်။ ၂၀၁၅ မှာ သူဟာ Reply 1988 နဲ့ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရနေပြီလေ။ တချို့မင်းသားတွေဆို ဒုတိယမင်းသားကနေ တက်မလာတာတွေ။ ပထမ မင်းသားဖြစ်ပြီးမှ နောက်တစ်ကားမှာ ဒုတိယမင်းသားအဖြစ် ပြန်ကျသွားတာတွေ။ နောက်ပိုင်း ပေါ်မလာတော့တာတွေတောင် ရှိတယ်။ သူက တက်သွားတာ ဒိန်းဒိန်းဒိန်းကနဲပဲ။

A scene from "Tomorrow Cantabile" as talented Musician

A scene from "Hello, Monster" as Psychopath Killer and Lawyer and younger brother (This drama is where I found his talent and make me crazy about him)

At His Fan meeting... He was overwhelmed by the response of the fans.