Monday, December 08, 2008

တစ္ဆေညဉ်းသံ (သို့) မဗေဒါနှင့် စကာင်္ပူရောက် အလွဲများ (၅)

မဗေဒါရဲ့ အလွဲတွေထဲမှာ ယနေ့ထက်ထိ မိသားစုထဲမှာ ပြန်ပြန်ပြောပြီး အဟားခံနေရတဲ့ အကြောင်းလေးကို လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်က ဖြစ်ပျက်ခဲ့ပါတယ်... အမှန်ဆိုရင်တော့ ရီကြကြေးဆိုရင် မဗေဒါတစ်ယောက်ထဲကို ရီရမှာမဟုတ်ပါဘူး.. အဲဒိညက သူတွေအားလုံးတူတူပါပဲ...

အဲဒိညမတိုင်ခင် ၄ ၅လ လောက်တုန်းက မဗေဒါရဲ့ အရင်အလုပ်က ၄ထပ်မှာ မန်နေဂျာကိုယ်တိုင် သရဲခြောက်ခံရတယ်လို့ သတင်းထွက်ပြီး မကြာမှီမှာပဲ ရုံးပိတ်ရက် စနေနေ့မှာ တရုတ်ဘုန်းကြီးတစ်ပါးကို ပင့်ပြီး ပရိတ်သဘောမျိုး ရွတ်ခိုင်းခဲ့တယ်လို့ စနေနေ့မှာ အချိန်ပို ပြန်လာခဲ့တဲ့ ဘော်ဒါတွေကပြောပါတယ်.. ဖြစ်ပျက်ပုံကိုလဲ အသေးစိတ်ပြောပါတယ်.. တရုတ်ဘုန်းကြီးဆိုတော့ အုန်းမုန့်ခွက်လိုဟာလေးကို တစ်ခေါက်ခေါက်နဲ့.. တောက် တောက် တောက် တောက် ခေါက်လိုက် ရွတ်လိုက်နဲ့ နေရာအနှံ့ကို လိုက်ရွတ်တယ်ဆိုပဲ... တရုတ်ဘုန်းကြီးတွေ အဲဒါလေးခေါက်တာကို မဗေဒါ ရုပ်ရှင်တွေထဲမှာ မြင်ဘူးပါတယ်..တရုတ် သရဲကားတွေထဲမှာလဲ ပါတတ်ပါတယ်...

နောက်ပြီး အဲဒိည မရောက်ခင် ၂ ရက် ၃ရက် က မဗေဒါ နဲ့ မဗေဒါ အစ်မနဲ့ "Apartment" ဆိုတဲ့ ကိုရီးယားသရဲကားကို လတ်လတ်ဆတ်ဆတ်ကြည့်ထားပါတယ်.. အဲဒိ သရဲကားထဲမှာ ညရောက်ပြီဆိုရင် Apartment ရဲ့ ကော်ရက်တာမှာ ဆံပင်ရှည် အကျီင်္နက်ကြီးနဲ့ အမျိုးသမီးတစ်ယောက်က စင်္ကြလျှောက်ပြီး အိမ်တွေကို ၀င်ဝင်ပြီး သတ်ပြစ်တာပါ.. ကျမလဲ ကြောက်ကြောက်နဲ့ မကြည့်တစ်ချက် ကြည့်တစ်ချက် ကြည့်တာတစ်ကြောင်း.. ကိုရီးယားသရဲကားများ ထုံးစံအတိုင်း မရှင်း မရှင်း ရိုက်ပြတတ်တာကတစ်ကြောင်းကြောင့် ဇာတ်လမ်းသေချာနားမလည်ပေမဲ့.. သရဲမလာပြီဆိုရင်တော့ တုန်နေအောင်ကို ကြောက်တာပါ.. မဗေဒါရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ကြည့်ပြီးရင် ပြန်ပြန်စဉ်းစားပြီး နေတတ်တော့ သရဲကားများဖြင့် ကြည့်ပြီးရင် သိပ်မကြောက်ရင် ၁ပတ်.. အရမ်းကြောက်တဲ့ "shutter" လိုကားမျိုးဆိုရင် ၁နှစ်တိတိကြောက်တာပါ.. (အဲဒါကြောင့် ရုံမှာ သရဲကားသွားကြည့်ရင် တန်တယ်ထင်တယ်.. ၁ခါကြည့်ပြီး ၁နှစ်လောက် သရဲကားကို မလွမ်းတော့ဘူး ထပ်ကာ ထပ်ကာလဲ တွေးပြီး ကြောက်ရတယ် - ဤကား စကားချက်)

အကြောင်းပြချက်တွေကို ပျိုးနေရတာနဲ့ ခုမှ ဇာတ်လမ်းရဲ့ အဓိကနေရာကို ရောက်ပါပြီ.. ဒန် တန် တန်....

အဲဒိတုန်းက ကျမတို့ ယခုနေတဲ့ အိမ်လေးကို ပြောင်းလာတာသိပ်မကြာသေးပါဘူး.. ဖေဖေနဲ့ မေမေကလဲ မြန်မာပြည်ကနေ စကာင်္ပူရောက်တာ သိပ်မကြာသေးပါဘူး..

ထိုညဦးပိုင်းက ကောင်းကင်ကြီးက နီရဲလို့နေပင်မဲ့ အတော်လေညိမ်ပါတယ်.. ဒါနဲ့ ကျမတို့ မိသားစုလဲ ခါတိုင်းလိုပဲ ၀င်အိပ်ကြတာပေါ့.. အစ်မအကြီးဆုံးက ၁ယောက်ထဲ ၁ခန်းအိပ်ပါတယ်... ဖေဖေရယ် မေမေရယ် ကျမရယ် အစ်မအလတ်ရယ်က မာစတာဘက်ရွန်းမှာ တူတူအိပ်ပါတယ်.. အငယ်ဆုံးတော်တော်များများ၏ ထုံးစံအတိုင်း အဖေ အမေနဲ့အိပ်တဲ့ အကျင့်က မဗေဒါမှာရှိပါတယ်.. မာစတာဘက်ရွန်းမှာ လေအေးစက်ရှိလို့ ကြိုက်တာလဲပါပါတယ်..

မဗေဒါတို့အိမ်လေးက ထောင့်ခန်းမို့ ပြတင်းပေါက်များပြီး အိမ်ပတ်ပတ်လည်နီးပါးဟာ ကော်ရက်တာရှိပါတယ်.. ကျမတို့ အိပ်ရင် ပြတင်းပေါက်တွေကိုပိတ် လေအေးစက်ဖွင့်ပြီးအိပ်တော့ အပြင်မှာ
ဘာဖြစ်လို့ဖြစ်မှန်းလဲမသိနိုင်ပါဘူး.. ကျမတို့ အိပ်ယာရဲ့ ခြေရင်းမှာတော့ အခန်းတွင်း အိမ်သာရေချိုးခန်းနောက်တစ်လုံးရှိပါတယ်.. အိမ်သာမှာ တရုတ်ကပ်မှန်ပြတင်းလေးတွေလဲ ရှိပါတယ်..
အစွန်ဆုံးမှာ ဖေဖေ.. ပြီးတော့ မေမေ.. မေမေ့ဘေးမှာ မဗေဒါ.. မဗေဒါဘေးမှာ အစ်မအလတ်အိပ်ပါတယ်..
မဗေဒါအိပ်ရင် ဘယ်လောက်အိုက်အိုက် စောင်ခြုံအိပ်တတ်ပါတယ်.. အရမ်းအိုက်ရင် စောင်ပါးလေးခြုံအိပ်ပါတယ်.. (ခြေထောက်လွတ်နေရင် သရဲဆွဲမှာကြောက်လို့ပါ.. အဲလို စိတ်ကူးဥာဏ်ရွှင်တာ ဒါရိုက်တာလုပ်စားလို့တော့ ရပြီထင်တယ် ဇာတ်လမ်းဆင်ကောင်းလွန်းလို့ -- ဤကားစကားချက် ဟိဟိ)

ညလယ်လောက်ရောက်တော့ အသံတစ်ခုကြောင့် မဗေဒါ ရုတ်တရက်လန့်နိုးသွားပါတယ်.....

ဟင်းးးးးးးးးးးးးးးးးးးးးး... ဟင်းးးးးးးးးးးးးးးးးးးးးးး....

မိန်းမတစ်ယောက် ပါးစပ်ကိုပိတ်ပြီး အာခေါင်သံနဲ့ ညဉ်းနေတဲ့ အသံမျိုးပါ... တစ်ခါတစ်လေကျတော့လဲ ကြောင် ၂ကောင် ကိုက်နေရင် မာန်ဖီတဲ့ အသံမျိုးနဲ့ တူပြန်ရော...သေချာတာတော့ တော်တော်ခြောက်ခြားဖို့ကောင်းတဲ့ ညဉ်းသံပါ.. အဲဒိညဉ်းသံကို တစ်ခါတစ်ခါ ခြေရင်းက ကြားနေ
တယ်လို့ ထင်ရပင်မဲ့ သေချာ အာရုံ စိုက်နားထောင်ကြည့်ရင် ခေါင်းရင်း ကော်ရက်တာဘက်က လာနေတဲ့ အသံပါ...

ဟင်းးးးးးးးးး... ဟင်းးးးးးးးးးးးး...

အဝေးကနေပြေးလာပြီး ကိုယ့်ခေါင်းရင်းကနေဖျတ်သွားတဲ့ အသံမျိုးပါ... မဗေဒါလဲ ကျောတွေချမ်းလာပြီး တုတ်တုတ်တောင်မလှုပ်ရဲပါဘူး.. မျက်လုံးလဲဖွင့်မကြည့်ရဲပါဘူး.. မဗေဒါအရမ်းကြောက်ရင် အဲလိုပဲ တုန့်ပြန်တတ်ပါတယ်.. သရဲဆိုရင်လဲ သတ်သွား.. ဇွန်ဘီဆိုရင်လဲ စားသွား.. သွေးစုတ်ဖုတ်ကောင်ဆိုရင်လဲ စုတ်သွား.. အလွန်ဆုံးမှ သေရုံပါပဲ... မသေခင် ခြောက်ခြားစရာကြီးတွေ မမြင်ချင်ပါ..

အသံတစ်ချက်ပျောက်သွားတုန်း မျက်လုံးလေးမှေးပြီး ဘေးဘီကို အသာဖွင့်ကြည့်ပြန်တော့လဲ အားလုံးက အိပ်မောကျနေပါတယ်..

"ဟုတ်နေပါပြီ.. ငါတစ်ယောက်ထဲ သရဲခြောက်ခံနေရပြီထင်တယ်"

ဒီလိုနဲ့ပဲ ပြန်အိပ်လို့မရပေမဲ့.. သရဲကို အိပ်ချင်ယောင်ဆောင်ပြီး နားစွင့်နေလိုက်ပါတယ်.. ဒီတော့ ကျမနောက်အသံတစ်ခုကို ကြားရပါတယ်..

တောက် တောက်.. တောက်.. တောက်...

"ဟာ.. ဘုန်းကြီးဘုရားစာရွတ်တဲ့အသံပါလား.. ကြည့်ရတာ တစ်နေရာရာမှာ သရဲသောင်းကျန်းလို့ ဘုန်းကြီးခေါ်ပြီးပရိတ်ရွတ်တာဖြစ်မယ်.. သရဲမက တော်တော်အားကြီးတဲ့ပုံပဲ.. ပရိတ်ရွတ်လိုက်လို့ သရဲမ နဂိုနေရာကနေ ငါတို့ ကော်ရိုက်တာကိုများ ပြေးလာပြီး ဘုံပြောင်းလာရင် ဒွတ်ခ..."

ဘုန်ကြီးရွတ်သံနဲနဲကြားတော့ အားကိုးရှိတော့ မျက်လုံးလေးအသာထပ်မှေးပြီး ကြည့်လိုက်ပါတယ်.. မေမေ့ဘက်လှည့်ပြီး ကြည့်လိုက်တော့ မေမေ မျက်လုံးပွင့်နေပါတယ်.. မေမေကလဲ မျက်လုံးကြီးပွင့်ပြီးဘာမှမပြောတော့ ကျမတောင် ကိုယ့်အမေကိုယ်ပြန်လန့်သွားပါသေးတယ်..

နောက်မှ ... "သမီး ကြားလား... " လို့ မေမေက လှမ်းမေးပါတယ်..
ကျမလဲ.. " အင်း.. ကြားတယ်" လို့လေသံလေးနဲ့ပဲ ပြောလိုက်ပါတယ်..
မေမေက " ဘာသံလဲ... " လို့ဆက်မေးပါတယ်....
ကျမလဲ အရင်က သိထားတဲ့ ဟာတွေရော စောစောက ကျမစဉ်းစားမိတာတွေရော အကြောင်းကြောင်းတွေကြောင့် " ဘာသံမှန်းတော့ မသိဘူးအမေ.. ဒါပေမဲ့ ဘုရားစာသာ ရွတ်နေပေတော့ " လို့ ပြောလိုက်ပါရော....

မေမေက " ဘာလို့လဲ... " လို့ထပ်မေးပြန်ပါတယ်...
ကျမလဲ မေမေတော့ သရဲမ ကိုက်ခံရတော့မယ်.. ကိုယ့်သမီးကိုယ်မယုံဘူး.. ရှင်းပြရအုံးမယ်ဆိုပြီး..
ကျမပုံစံကလဲ ကြောက်တော့ ပြူးတူးပြာတာနဲ့ တကယ့်ကို သရဲကားထဲက မင်းသမီးပုံအတိုင်းပါပဲ.. ဟဲ.. ဟဲ..
သရဲမ မကြားအောင် အသံကလဲ တိုးတိုးလေးနဲ့...
" မေကြီး တောက်တောက် ခေါက်သံမကြားဘူးလား.. အဲဒါ ဘုန်းကြီးခေါ်ပြီး သရဲတွေကို ပရိတ်ရွတ်တဲ့ အသံ.. သရဲနှင်နေတဲ့ အသံ.. ဘာမှ ထပ်မမေးနဲ့တော့.. ဘုရားစာရွတ်တော့.." လို့ ပြောလိုက်ပါတယ်..

ဒါနဲ့ မဗေဒါ မေမေလဲ သံဗုဒ္ဓေ သံဗုဒ္ဓေ ပေါ့နော်.. ရွတ်တာပေါ့....
၂ခေါက် ၃ခေါက်လောက်ရွတ်ပြီးတော့မှ မေမေလဲ.. ဖေဖေ့ကို ဘယ်အချိန်က လက်တို့လိုက်လဲ မသိပါဘူး.. ဖေဖေနိုးသွားရော..
မေမေက " ရှင် အသံ ကြားလား.. " ဆိုတော့...
ဖေဖေက ဘာမပြောညာမပြော... ၀ုန်းဆိုထပြီး ကျမအစ်မအကြီးဆုံးတစ်ယောက်ထဲ အခန်းကို တန်းပြီး လျှောက်သွားတော့တာပါပဲ.. ကျမနဲ့ ကျမအမေလဲ ဖေဖေ ဘာဖြစ်သွားတာလဲလို့.. ၂ယောက်သား အကြောင်သားကျန်ခဲ့ပါတယ်.. သရဲများ ၀င်ပူးသွားသလားပေါ့... ကြောက်ပြီး ဘုရားစာကျိတ်ရွတ်နေတာပေါ့နော်...

နောက်မှ ကျမ အစ်မအကြီး အခန်းဘက်ကနေ ဖေဖေနဲ့ အစ်မအကြီး စကားပြောသံကို ကြားရပါတော့တယ်..
" သမီး အိပ်သေးဘူးလား.. တစ်ယောက်ထဲ အဆင်ပြေလား" ဘာညာသာရကာပေါ့နော်..
ကျမအစ်မက စာကျက်နေလို့ အိပ်တောင်မအိပ်သေးပါဘူး...
"အပြင်မှာ မိုးတွေရွာနေတယ်.. " လို့ အစ်မကြီးနဲ့ ဖေဖေပြောသံ သဲ့သဲ့ကိုလဲ ကြားလိုက်ပါတယ်...

အဖေဒီဘက်ခန်းပြန်လာတော့မှ အပြင်မှာ မိုးကြီးလေကြီးချနေတာ သိပါတော့တယ်.. မိုးရောလေရောချတာ တိုက်အပြင်က အပင်တွေတောင် တော်တော် ညွန့်ညွန့်ကျနေပါတယ်.. ဖေဖေလဲ အဲကွန်းပိတ် ပြတင်းပေါက်တွေလဲ ဖွင့်လိုက်ရော.. စောစောက ညဉ်းသံကြီး ပျောက်သွားပြီး လေတွေ အခန်းထဲကို ၀င်လာပါတော့တယ်...

နောက်မှ ဇာတ်ရည်လည်တာကတော့.. စောစောက ညဉ်းသံက အခန်းခြေရင်း အိမ်သာ တရုတ်ကပ်မှန်လေးတွေကြားကို လေပြင်းတိုးတဲ့ အခါမှာ .. ကျမတို့ က ဒီဘက်က အိမ်သာ တံခါးကို ပိတ်ထားတော့ လေက ထွက်စရာမရှိပဲ အဲဒိထဲမှာ လည်ပြီး လေချွန်တဲ့ သဘောတရားမျိုးဖြစ်နေတာပါ.. တောက်တောက် ကတော့ ဘယ်က မြည်တဲ့ အသံလဲ ယခုထိမသိရသေးပါ.. အကြောင်းတစ်စုံတစ်ရာကြောင့် မြည်တဲ့ အသံဖြစ်မယ်ထင်ပါသည်.. မိုးကြီးလေကြီးချတိုင်း အဲဒိအသံတွေကို ကျမတို့ ကြားရပါတယ်.. အဲလိုမျိုးများ ကြားရပြီဆိုရင် မဗေဒါကို အိမ်သားတွေ ၀ိုင်းဟားလို့ မဆုံးတော့ ပြီပေါ့ကွယ်.........................

(ဘာပဲပြောပြော ကိုယ့်အိမ်သားတွေ ကိုယ့်ကြောင့်ပျော်ရတာ ၀မ်းသာပါဒယ်.. ၀မ်းသာပါဒယ်...)


Photo Credit goes to
http://www.ceticismoaberto.com/imagens3/corredor.gif

12 comments :

kokomaung.uk said...

မဗေဒါရဲ့  အိမ်မှာ အခုကော သရဲ မခြောက်တော့ဘူးလား။ မိုးရာသီဆိုရင် ပိုခြောက်မယ်ထင်တယ်နော်။ သံဗုဒ္ဓေဂါထာကတော့ အလွတ်ရရောပေါ့နော်။ မိုးတွင်းရောက်ရင် ပိုပြီး ဘုရားတရားသတိရမယ်ထင်တယ်။ အဟဲ။
ဖတ်နေလျက်ပါဘဲ။

ကိုထိုက် said...

ဟားဟားရီရတယ်၊မဗေဒါတို့ ကတော့နောက်ကောဘာတွေ င်္တေလွဲသေလဲထက်ရေပါဦ။

NovemberSoe said...

Apartment သရဲမ ပေါ်မှာ shutter သရဲမ က ဂုတ်ခွစီး ပြီး Wishing Stairs က သရဲမ နဲ့ Last Flight စီးပြီး လာ ရင် The middle man မဖြစ်စေ နဲ့။ hahahahah ... just kidding!!

အမှတ်တယ ဟာသလေး တခုပေါ့။

အလှတရား said...

ရေးတာကတော့
ဂွတ်တယ်ဗျာ
ကျနော်လည်းသူရဲကားဆို
အကျယ်ကြီးထထအော်တဲ့ အကျင့်ရှိတယ်။
တော်ရုံတန်၇ုံ အဖော်မကောင်းရင် မကြည့်ဘူး
ဟီးး။

အိပ်မက်ရှင် said...

သဘောကျတယ်ဗျာ အရေးကောင်းလို့လား မသိဘူး ရင်တဖိုဖိုနဲ့ကို မျောပါသွားတယ် ... ဒီနေရာလေး ကို ရေးထားတာ သိပ်အသက်ဝင်ပြီး ဟာသစွက်ထားတော့ ရယ်ရတာ တဟားဟားပါပဲ -
“ဟင်းးးးးးးးးး... ဟင်းးးးးးးးးးးးး...

အဝေးကနေပြေးလာပြီး ကိုယ့်ခေါင်းရင်းကနေဖျတ်သွားတဲ့ အသံမျိုးပါ... မဗေဒါလဲ ကျောတွေချမ်းလာပြီး တုတ်တုတ်တောင်မလှုပ်ရဲပါဘူး.. မျက်လုံးလဲဖွင့်မကြည့်ရဲပါဘူး.. မဗေဒါအရမ်းကြောက်ရင် အဲလိုပဲ တုန့်ပြန်တတ်ပါတယ်.. သရဲဆိုရင်လဲ သတ်သွား.. ဇွန်ဘီဆိုရင်လဲ စားသွား.. သွေးစုတ်ဖုတ်ကောင်ဆိုရင်လဲ စုတ်သွား.. အလွန်ဆုံးမှ သေရုံပါပဲ... မသေခင် ခြောက်ခြားစရာကြီးတွေ မမြင်ချင်ပါ..”

(သူများများကြောက်နေတာကို ရယ်တာမဟုတ်ပါဘူးဗျာ ရေးထားတာလေးက သိပ်ရသမြောက်လွန်းလို့ပါ)

ခင်မင်လေးစားစွာဖြင့်

Retkhita said...

စလုံးမှာ သံဗုဒ္ဓေကို မလေးလို ကုလားလို တရုတ်လို သုံးမျိုးရမှဖြစ်မယ်။ သရဲကနားမကြားရင် ခြေဟန် လက်ဟန်နဲ့ပါ လုပ်ပြနိုင်ရမယ် ... :P

ဟန်လင်းထွန်း said...

ဖြစ်ရမယ် ဖြစ်ရမယ်။

ယောနသံစင်ရော် said...

မဗေဒါ .. အဲလိုမနောက်နဲ့လေ. .. စိတ်ဝင်စားပြီး Scroll down နဲ့ စာဖတ်ဖို့အောက်ကိုဆွဲလာတော့ .. အောင်မငေး ပလုတ်တုတ်ဆိုပြီး... တင်ထားတဲ့ ဓါတ်ပုံကို တွေ့တော့လန့်သွားလိုက်တာ ရေတောင်ထသောက်လိုက်ရပါရောလား။။

mabaydar said...

ဟား.. ဟား.. မဗေဒါအဲဒိနေ့က မျက်လုံးထဲမှာ အဲဒိပုံစံအတိုင်းမြင်တာ ယောနသံစင်ရော်ရေ... အစက အဲဒိပုံတင်ရမှာကြောက်လို့တောင် တခြားပုံတင်တာ.. ခုတော့ အရဲစွန့်ပြီး ဒီပုံတင်လိုက်ပြီ.. ဒါမှလိုက်ဖက်မှာ.. ဆော်တီး.. သောက်သောက်.. ရေသောက်လိုက်.. ဟား.. ဟား..

moe said...

အရေးကတော့ ကောင်းပါ့... ရီရလွန်းလို့ အူတောင်နာတယ်...
သရဲမပုံကိုလည်း မြင်ရော လန့်လွန်းလို့ လိပ်ပြာတောင် လွင့်သွားတယ်... ကလူ..ကလူ...
နောက်ထပ်အလွဲတွေကို စောင့်နေမယ်နော်...း)

မိုးနေ

Republic said...

အလွဲကောင်းပါ မဗေဒါ ၊၊ ပို့စ်က နာမယ်အတိုင်းခေါ်လိုက်တာ ကိုယ့်ထက် ငယ်မှန်းတော့သိတယ်ဗျ ၊၊

Heartmuseum said...

သရဲကားတော့ လွှတ်မုန်းဗျ။
ကျွန်တော်က သိတ်ပြီး မကြောက်တတ်ဘူး။
လုံးဝလို့ မဆိုလိုဘူးနော်.... ဟီးးးး နဲနဲပါးပါးပါ.....