Friday, July 14, 2017

ဂရိနိုင်ငံ Zakynthos ကျွန်းပေါ်က အမှတ်ရနေမဲ့ စကားဝိုင်း


“We work for 7 months and rest for 5 months a year”

“ကျွန်တော်တို့ တစ်နှစ်မှာ ၇လအလုပ်လုပ်ပြီး ၅လ နားတယ်လေ” လို့ Zakynthos ကျွန်းပေါ်က Beijing Chinese Restaurant ဆိုင်ပိုင်ရှင်က ပြောလိုက်တော့ ကျွန်မတို့၂ယောက်လုံး အားကျလိုက်မိတယ်။



-------------------- ။ --------------------


DOTS ရိုက်ခဲ့တဲ့ သင်္ဘောပျက်ကမ်းခြေရှိတဲ့ ဂရိနိုင်ငံက Zakynthos ကျွန်းရဲ့မြို့ငယ်လေးပေါ်က Beijing Chinese Restaurant လို့ခေါ်တဲ့ စားသောက်ဆိုင်လေးကို ကျွန်မတို့ ပြန်မဲ့နေ့လေးမှာ သွားစားဖြစ်ခဲ့ပါတယ်။ ကျွန်မက အဲ့ဒိအချိန်တုန်းက ကိုယ်ဝန်နုသေးတော့ ကိုယ်စားချင်တာစားမှ အစာကောင်းကောင်းဝင်ပြီး အပင်ပန်းခံနိုင်မှာကိုး။ ဒီတော့ အဲ့ဒိခရီးစဉ်တစ်လျှောက် အာရှစာရောင်းတဲ့ဆိုင်တွေပဲ လိုက်စားဖြစ်တာများတယ်။ ခရီးသွားရင် လိုကယ်အစားအစာ စားသင့်တယ်ဆိုတာ လက်ခံပေမဲ့ ကိုယ့်အခြေအနေအရ အားရှိအောင် ဝင်တာစားရမယ်လေ။ ဒါတောင် လိုကယ်စာကို တစ်ရက်တစ်လေတော့ စားဖြစ်ခဲ့ပါသေးတယ်။ ဒါတွေ ထားပါလေ။

အဲ့ဒိကျွန်းပေါ်မှာ တရုတ်စားသောက်ဆိုင် ၂ဆိုင်ပဲရှိတယ် ပထမဆိုင်က အရင်နေ့တွေက စားပြီးသွားပြီ အရသာကောင်းတယ်။ (နောက်မှ အဲ့ဆိုင်အကြောင်းပြောပြမယ်နော်)။ အခုဆိုင်ထဲကို ဝင်တော့ ဆိုင်ရှင်တရုတ်လင်မယား ၂ယောက်က ဖော်ဖော်ရွေရွေ ကြိုဆိုပါတယ်။ အမျိုးသားကြီးက အင်္ဂလိပ်လို တော်တော်လေး မပြောတတ်ဘူး။ ဒါပေမဲ့ သူ့လောက် ကျွန်မတို့ကို စကားပြောချင်တာ ၂ယောက်မရှိဘူး။ အမျိုးသမီးကြီးကတော့ ဆက်သွယ်လို့ရရုံ နည်းနည်းပါးပါးပြောတတ်တယ်။ ကျွန်မတို့သွားတဲ့အချိန်က မေလဆိုတော့ ခရီးသွားများတဲ့အချိန်မဟုတ်သေးတော့ ဆိုင်ထဲမှာ ကာစတန်မာ တစ်ယောက်မှ မရှိဘူး။ သူတို့ပေးတဲ့ မန်နျူးမှာ ၂ ယောက်စာ Set meal က အသားဟင်း ၂မျိုး ဟင်းချိုတစ်ပွဲရတယ် အဲ့ဒါကို Euro 25 လောက်ရှိတယ်ဆိုတော့ ဒီတိုင်း တစ်ပွဲချင်းမှာတာထက် သက်သာလို့ တွဲထားတဲ့ ဟင်းတွေ ကိုယ့်အမြင်မှာ အစပ်အဟပ်သိပ်မတည့်ပေမဲ့ Set meal ပဲ မှာလိုက်တယ်။ ဒါတောင် ၂ခုလုံးက ဝက်သားချည်းပဲတွဲထားလို့ ချိုချဉ်ကြော်ကို ဝက်သား၊ ကာရီကို ကြက်သားနဲ့ရမလားဆိုတော့ ရတယ်ဆိုတာနဲ့ အဲ့လိုမှာလိုက်တယ်။



ကျွန်မအတွက်က ထမင်းကြော်လဲမှာလိုက်တယ်။ ဟင်းတွေရောက်လာပြီး စားကြည့်တော့ ကာရီဟင်းက အရသာအတော်ပြင်းတာနဲ့ တခြားဟင်းတွေနဲ့ ရောစားရင် တခြားဟင်းအရသာတွေပျောက်ကုန်မှာရော။ ဝက်သားချိုချဉ်ဟင်းကလဲ ကောင်းတာနဲ့ ဝက်သားချိုချဉ်နဲ့ပဲ ကျွန်မတို့ ၂ယောက်လုံး စားနေကြတာတွေ့တော့ ဆိုင်ရှင် လင်မယားက ...

“ဘာဖြစ်လို့လဲ? စားမကောင်းလို့လား? သူတို့ဟင်းမကြိုက်ရင်ပြောပါ ဘာလိုလဲ ပွင့်ပွင့်လင်းလင်းပြောပါ” ဆိုပြီး ကိုယ့်ကို အတင်းမေးတော့တာပဲ။ သူတို့ပုံစံက ရိုးသားပြီး ကျွန်မတို့ သူတို့ဟင်းကို မကြိုက်လို့တောင် သူတို့ဘက်က ပြန်အားနာနေတဲ့ ပုံစံမျိုး။ ကျွန်မတို့ကသာ ဟင်းအသစ်စားမယ်ဆိုရင် ပိုက်ဆံမယူပဲ ထပ်ချက်ပေးမဲ့ ပုံမျိုးမှာရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ကလဲ ဗိုက်ပြည့်နေပြီ။ ထပ်လဲ မစားနိုင်တော့ဘူးလေ။





သူတို့ရဲ့ မျက်လုံးတွေကိုကြည့်တော့ ရိုးသားပြီး သူတို့ဟင်း စားမကောင်းတာကို စိတ်မကောင်းဖြစ်နေတဲ့ပုံမှာရှိတော့ စိတ်ထဲအားနာသနားလဲဖြစ်မိပါတယ်။ ကိုယ့်ရဲ့ မကောင်းတဲ့အကျင့်ပဲပြောရမလား ကောင်းတဲ့ အကျင့်ပဲပြောရမလားက သူတို့ကို ခဏပဲတွေ့ရတဲ့သူတွေပဲဆိုပြီး စိတ်ချမ်းသာအောင် ဆင်ခြေတစ်ခုခုပေးပြီး ဖြေသိမ့်လိုက်လဲ ဖြစ်ပေမဲ့ သူတို့ဆိုင်တိုးတက်အောင် တကယ်ပဲ အကြံကောင်းဉာဏ်ကောင်း စိတ်ရင်းနဲ့ပေးချင်တာနဲ့ သူတို့ရဲ့ Set Menu က ဟင်းတွဲထားတာ အစပ်အဟပ်မတည့်ကြောင်း၊ ကာရီလို အရသာအရမ်းပျင်းတဲ့ဟင်းကို ချိုချဉ်ကြော်နဲ့ တွဲထားတာမလိုက်ဖက်ကြောင်း၊ အသားဟင်း ၂မျိုးပေးမဲ့အစား ဖြစ်နိုင်ရင် အရွက်ကြော်တစ်မျိုး၊ အသားဟင်းတစ်မျိုး၊ဟင်းချိုနဲ့ အတွဲဆိုရင် အစပ်အဟပ်လိုက်ဖက်ပြီး လူကြိုက်ပိုများနိုင်ကြောင်း မျက်နှာမကြည့်ပဲနဲ့ကို တရက်စပ်ပြောလိုက်မိတယ်။

မြန်မာပြည်မှာ အဲ့လိုသာ Feedback သွားပေးကြည့် ရိုက်ထုတ်ခံရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ကျွန်မပြောတာတွေကို သေသေချာချာနားထောင်ပြီး အခု ကာရီဟင်းကို အရွက်ကြော်နဲ့ လဲပေးရမလားလို့ သူတို့ပြန်ပြောတော့ အတော်လေး အံ့အားသင့်သွားသလို စားနေတုန်းက Mr.Right နဲ့ ပြောဖြစ်တဲ့ “နောက်တဆိုင်က ပိုကောင်းတယ်၊ ဒီဆိုင်သိပ်မကြိုက်ဘူး၊ ပြန်ရောက်လို့ရှိရင် ဘလော့ပေါ်မှာရေးရမယ်” ဆိုတဲ့ ခံစားချက်တွေ ပျောက်သွားတယ်။ သေချာတာကတော့ ဒီဆိုင်က ဆိုင်ရှင်တွေမှာ စားသုံးသူကို စေတနာထားတယ်။ တိုးတက်ချင်စိတ်ရှိတယ်။ အဲ့ဒါက အဓိကမဟုတ်ဘူးလား? ကျွန်မတို့ ဗိုက်လဲပြည့်ပြီမို့ နောက်ထပ်ဟင်းလဲ ထပ်မစားနိုင်တော့တာနဲ့ ဟင်းအသစ်လဲ မယူတော့ပါဘူး။


ဒီလိုနဲ့ ကျွန်မတို့ စားပွဲနားတဝိုက်အရိပ်တကြည့်ကြည့်နဲ့ အလွန်တရာမှ စကားပြောချင်ဟန်ရှိသော ဆိုင်ရှင်တရုတ်ကြီးတဖြစ်လဲ စားဖိုမှူးကြီးကို အားနာနာနဲ့ စကားစမြည်စပြောဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နဲ့ စကားဝိုင်းဟာ ၁နာရီခွဲလောက် အသာလေးကုန်သွားလိမ့်မယ်လို့ သတိတောင် မထားမိခဲ့ဘူး။

သူတို့ ဘဝအကြောင်းတွေ တရုတ်ပြည်မကြီးကနေ ဂရိကိုဘယ်လိုလာပြီး ဘယ်လိုရုံးကန်ခဲ့တယ်ဆိုတဲ့အကြောင်း ဘယ် နှနှစ်နေပြီး ဘယ်လိုစုဆောင်းခဲ့တယ်ဆိုတဲ့အကြောင်းတွေ မေးမြန်းရင်း ဗဟုသုတတွေ အများကြီးရခဲ့တယ်။
“ကျွန်တော်တို့ ဂရိမှာနေတာ နှစ် ၂၀ကျော်ပြီ။ ပထမ ၁၀နှစ်က သူများ စားသောက်ဆိုင်မှာ စားဖိုမှူးလုပ်ရင်း ဂရိအစိုးရကို အခွန်မှန်မှန်ဆောင်ရတယ်။ အဲ့လို အခွန်မှန်မှန်ဆောင်လို့ ၁၀နှစ်ပြည့်ရင် အမြဲနေထိုင်ခွင့် ရတယ်။ နောက်ထပ် ၅နှစ် အလုပ်လုပ်ပြီး အခွန်မပျက်ဆောင်ရတယ်။ အဲ့ဒါပြီးရင် နိုင်ငံသားဖြစ်တယ်။ တကယ်လို့ အခွန်ဆောင်တာ ပျက်ကွပ်ခဲ့ရင်တော့ အစကနေ ပြန်ဆောင်ရမယ်။ အဲ့ဒါကြောင့် နိုင်ငံသားမဖြစ်ခင်တုန်းက အလုပ်ရှင်ကို အခွန်ဆောင်ပေးဖို့ အမြဲသတိပေးနေရတယ်။”

ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေကိုလဲ သူတို့က မေးတယ်။ ပြီးတော့ ပညာတတ်တာကောင်းတယ်။ သက်တောင့်သက်သာငွေရှာလို့ရတယ်တဲ့။ သူကတော့ ပညာမတတ်ဘူးတဲ့။ ဒါပေမဲ့ ဟင်းချက်ရတာကို ဝါသနာပါတယ်။ သူချက်နေတဲ့ဟင်းကို လူတွေကြိုက်တယ်ဆို ပီတိဖြစ်တယ်တဲ့။ ကျွန်မတွေးမိတယ် ပညာတတ်လို့ အလုပ်အကိုင်ကောင်းကောင်းရပေမဲ့ ကျွန်မတို့ဘဝက လခစား သူများအလုပ်သမားလေ။ သူက သူကိုယ်တိုင် စားဖိုမှူး သူကိုယ့်ပိုင်စီးပွားနဲ့ သူဝါသနာပါရာအလုပ်ကို လုပ်နေနိုင်တာ သူ့အိပ်မက်အတိုင်းနေနေရတဲ့ ဘဝမို့ ကျွန်မတို့ထက်သာပါတယ်။ အဲ့လို ကျွန်မက ပြောလိုက်တော့… သူက… ငယ်တုန်း ပိုက်ဆံကိုစုဖို့နဲ့ ကြီးလာတော့ ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ပေါ့လို့ အကြံပေးတယ်။ ပညာတတ်တော့ အဲလို စုဆောင်းဖို့ အချိန်တိုတို မပင်မပန်းပဲဖြစ်တယ်။ ပညာမတတ်တော့ ငါတို့လို နှစ်ရှည်လများ ပင်ပင်ပန်းပန်းအလုပ်လုပ် စုဆောင်းပြီးမှ ဖြစ်တာလေတဲ့။ အဓိကက ပိုက်ဆံစုဖို့ပဲတဲ့။


ဒါပေမဲ့ ကျွန်မက အထွန့်တက်ခဲ့သေးတယ်။ ကိုယ်အသုံးမကျတာ လူသိတာပေါ့နော်။ အန်ကယ်က ဟင်းချက်တတ်တော့ ခုလို ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး ဦးစီးနိုင်တဲ့ အရည်အချင်းရှိတယ်လေ။ ကိုယ်တွေက Electronic Engineer ဆိုပြီး အိမ်က မီးလုံးဘာလို့ပျက်မှန်းမသိတဲ့သူမို့ စက်ရုံကြီးထတည်ဖို့လဲ မဖြစ်နိုင်ဘူးလေလို့။ အန်ကယ့်လို လုပ်နိုင်ဖို့က ကိုယ်တိုင် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုတတ်မှရမှာ။ ကိုယ့်ပညာကို သူများလခစားအလုပ်ကလွဲလို့ ကိုယ်ပိုင်စီးပွားရေး ဘယ်လိုလုပ်ရမှန်း အိုင်ဒီယာမရှိဘူးဆိုလဲ ခံရမှာပဲ။

“ငါတို့က ချမ်းသာဖို့မလိုဘူး။ ဒီဆိုင်ခန်းငှားခကြေပြီး နည်းနည်းပါးပါးနေလို့စားလို့ရရင် ကျေနပ်တယ်။ ငါတို့ ဘဝက ပျော်တယ်။ တစ်နှစ်မှာ လူလာများတဲ့ အချိန် ၇လပဲ ဆိုင်ဖွင့်ပြီး ၅လ ဘာအလုပ်မှ မလုပ်ပဲ တရုတ်ပြည်ပြန်နေတယ်။ ငါ့သမီးကတော့ ဒီမှာမွေးတော့ တရုတ်ပြည်ကို သိပ်မကြိုက်ဘူး”

ဥရောပနိုင်ငံတွေမှာ ဝင်ငွေခွန်ဆောင်ရတာ များတာကျတော့ရောဆိုတော့၊ ဂရိက အစိုးရသာ ဆင်းရဲတာ နိုင်ငံသားတွေက မဆင်းရဲဘူးတဲ့။ အခွန်မှ မှန်မှန်မဆောင်ကြတာတဲ့။ ဂရိမှာ အခွန်က လိမ်ပြလို့ရတယ်တဲ့။ သူတို့နိုင်ငံသားတွေဆို ပတ်ပြေးနေတာတဲ့။ 

ကျွန်မက ဆိုင်ခန်းငှားခဘယ်လောက်ပေးရပြီး ခုလိုအာရှအစားအစာကို အဖြူတွေလာမစားပုံနဲ့ ကိုက်ရဲ့လားဆိုတော့ ခရီးသွားရာသီဆို သူတို့ဆိုင်က လူပြည့်ပါတယ်တဲ့။ သူတို့ဆိုင်ခန်းငှားခကလဲ စင်္ကာပူတို့ မြန်မာတို့နဲ့ယှဉ်တော့ သက်သာတယ်။ ကိုယ်တွေတောင် အဲ့မှာပဲ ချက်ချင်း ဆိုင်တခန်းတောင် ဖွင့်ချင်သွားတယ်။ (ဒါမဲ့ နိုင်ငံသားဖြစ်မှ အဲ့ဒိဈေးနဲ့ရနိုင်မှာ)

ပြီးခဲ့တဲ့နှစ် ၂၀၁၅ အောက်တိုဘာတုန်းက ရုပ်ရှင်အဖွဲ့တွေ သူတို့ဆိုင်ကိုလာစားတာအများကြီးပဲတဲ့။

ကျွန်မတို့က အဲ့ဒိကားကြည့်ပြီး ဒီ သင်္ဘောပျက်ကမ်းခြေကို လာလည်တဲ့အကြောင်းပြောတော့မှ အခုနောက်ပိုင်း အာရှသားတွေကို တွေ့လာရတာ ဒါ့ကြောင့်ကိုးတဲ့။ သူတို့ကတော့ ကိုးရီးယားကားဘာမှန်းတောင် သိပုံမရဘူး။ ကိုယ်ကတော့ ဒီဆိုင်ရဲ့ ဘယ်စားပွဲမှာ Song-Song couple ထိုင်ခဲ့မလဲလို့ တွေးမိသွားတယ်။



ဒီလိုနဲ့ စကားပြောကောင်း၊ သူတို့ ဘဝအတွေ့အကြုံတွေကို ကိုယ်မေးသမျှ စိတ်မဆိုးပဲ မတတ်တခေါက် အင်္ဂလိပ်နဲ့ ခြေဟန်လက်ဟန်အစုံ၊ (တခါတရံ သူ့အမျိုးသမီးက သိသလောက်ဝင်ထောက်ပြရ၊) အကုန်လုံး ပွင့်ပွင့်လင်းလင်း ဝမ်းပန်းတသာ စကားပြောရလို့ ကျွန်မစိတ်ထဲ

“အော်… တခါတရံမှာ ခရီးသွားခြင်းဆိုတာ သူများတွေပြန်ပြဖို့ ဓာတ်ပုံတွေ လန်ထွက်နေအောင်ရိုက်၊ ဘယ်လောက်ပျော်နေကြောင်း၊ ဘယ်လို နေရာသစ်တွေကို ရောက်ခဲ့ကြောင်း Like တွေ Followers တွေများဖို့ ထက်ပိုကြောင်း၊
ဟန်းဖုန်းတွေကို ခဏလေး မေ့ပျောက်ပြီး လိုကယ်တွေနဲ့ ခုလို စကားပြောရတဲ့ အနှစ်သာရ၊ ရရှိတဲ့ ဗဟုသုတ၊ အွန်လိုင်းက မမြင်ရတဲ့ လူတွေရဲ့ Likes တွေ ကွန်မန့်တွေထက် ကိုယ့်ရှေ့မှာရှိနေတဲ့သူရဲ့ မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး စကားပြောရတဲ့ အရသာဆိုတာကို ခံစားသင့်ကြောင်း မဗေဒါရဲ့ စာဖတ်သူတွေကို ပြောပြရအုံးမယ်” လို့…

1 comment :

Unknown said...

မဗေဒါ ရေ အမြဲလာဖတ်တယ် တစ်ခါမှ ကောမက်မရေးဖြစ်ဘူး ကိုးရီးယားကား ဘာကားကောင်းလဲဆိုတာ မဗေဒါ ရီဗျူးဖတ်ပြီးကြည့်တယ် မလက်ကာသွားဖို့လုပ်တုန်းက မဗေဒါရဲ့ ပို့စ်ကိုဖတ်ပြီးသွားတာ ကျေးဇူးပါနော် :) ချစ်တဲ့
ရဲရဲ