Friday, February 21, 2014

Repulse Bay Beach, Stanley Market & Tin Hua Temple – Day 5

                                                                                       ၂၁ရက် ဇန်န၀ါရီ ၂၀၁၂ မှတ်တမ်း

ခရီးသွားခြင်းဟာ သင်ဝယ်သမျှပစ္စည်းတွေထဲမှာ သင့်ကို ပိုကြွယ်ဝအောင်လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာ...


ဒီပိုစ့်လေးမှာတော့ အထူးဧည့်သည်အနေနဲ့ ဝတ္တုတိုတွေရေးလေ့ရှိတဲ့ စာရေးအရမ်းကောင်းတဲ့ အရမ်းလဲသဘောကောင်းတဲ့ ဟောင်ကောင်က ဘလော့ဂါအစ်မတစ်ယောက်နဲ့ တွေ့ဆုံဖြစ်တဲ့အကြောင်းလေးပါမှာဖြစ်ပါတယ်… မဗေဒါက ဟောင်ကောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ ပိုစ့်လေးရေးအပြီး cbox မှာ ဆွေလေးမွန်ဆိုတဲ့ အစ်မက ဟောင်ကောင်ကနေကြိုဆိုကြောင်းပြောသွားရင်း မသွားခင်ကတည်းက ဂျီတော့မှာ ရင်းနှီးခဲ့ပါတယ်…

ရောက်ရောက်ချင်းနေ့မှာ ဟော်တယ်က ဖုန်းနဲ့ ဖုန်းဆက်ဖြစ်ပေမဲ့ မတွေ့ဖြစ်ပါဘူး…
၅ရက်မြောက်နေ့မှာတော့… ကျွန်မတို့တွေ Tourist attraction ဖြစ်တဲ့ Repulse Bay နဲ့ စျေးဝယ်လို့ကောင်းတဲ့ Stanley Market ကိုသွားဖို့ စီစဉ်လိုက်ပါတယ်…
ကျွန်မအွန်လိုင်းမှာရှာလာတဲ့ အင်ဖိုတွေအတိုင်းပဲ သူငယ်ချင်း ၂ယောက် အေးအေးဆေးဆေးသွားဖြစ်ပါတယ်…

အဲဒိနေ့မှာတော့ ရှေ့နေ့တွေက ပင်ပန်းထားတာကြောင့် ပြန်ရခံနီးပေမဲ့ ကျွန်မတို့ ၂ယောက် လုံးဝ အလျင်စလို မလုပ်တော့ပါဘူး… ကိုယ်ရောက်တဲ့နေရာကို ရောက်တဲ့အချိန်မှာ ပျော်ပျော်ကြီးပဲ ခံစားလိုက်တော့မယ်လို့ စိတ်ထဲထည့်ထားလိုက်ပါတယ်… အပျော်ခရီးထွက်လာပြီး ပင်ပန်းနွမ်းနယ် အလုပ်ပြန်ဝင်ရင်လဲ ပိုဆိုးလိမ့်မယ်လို့ထင်တယ်လေ…

မနက်စာကိုတော့ ကျွန်မတို့ စားနေကျ ဟိုတယ်နားက ဒင်းဆန်းဆိုင်ကိုပဲ သစ္စာရှိရှိခြေဦးတည့်လိုက်ပါတယ်… ဟဲ ဟဲ…. ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ဒီနေ့တော့ ဒင်းဆန်းအပြင် ဝက်သားကင် (Roasted pork) နဲ့ ဟောင်ကောင်ဘဲကင် (Roasted Duck) နဲ့ ထမင်းမှာစားဖြစ်ပါတယ်… ဟောင်ကောင်ရောက်မှတော့ ဟောင်ကောင်စတိုင် အသားကင်တွေစားသင့်တာပေါ့နော်…. မြန်မာပြည်မှာဆို စျေးကကြီးသေး… မြန်မာပြည်က အရသာနဲ့တူမတူလဲ မြည်းစမ်းကြည့်တာပေါ့…
အသားတွေမှ အများကြီးပဲ… စားရတာ တန်တယ်လို့ခံစားရတယ်… ဝက်သားခေါက်ကင်ကလဲ ကျွတ်ရွပြီး စားလို့ကောင်းမှကောင်း… ဘဲကင်ကလဲ နည်းနည်းလေးမာပေမဲ့ ချိုတိုတို ကျွတ်ရွရွလေး…. ဟင်းးးး… (ရေးရင် သားရည်ပြန်ကျလာပြီ)….

ဒါလေးကလဲ အသည်းစွဲကြိုက်

Going to Repulse Bay


အေးဆေးစားပြီးမှ ကျွန်မတို့တွေ Repulse Bay သွားတဲ့ ဘတ်စ်ကား စီးဖို့ Hong Kong ဘူတာရုံကို သွားပါတယ်… ကျွန်မတို့ကတော့ တင်းရှဆွေ ဘူတာကနေ ဟောင်ကောင်ဘူတာကို ရထားစီးပြီး ထွက်ပေါက် ဒီ (Exit D) ကနေထွက်ပြီး မြှားအတိုင်းလျှောက်လိုက်ရင် ကုန်းကျော်တံတားတစ်ခုဖြတ်ပြီး တံတားအောက်ဆင်းလိုက်ရင် အဲဒိ ဘတ်စ်ကားတွေထွက်တဲ့ Interchange လိုဂိတ်စကိုရောက်ပါတယ်… 


အဲဒိ ကုန်းကျော်တံတာရဲ့ဟိုဘက်ခြမ်း (တံတားက ဟောင်ကောင်ရုပ်ရှင်တွေထဲမှာ မြင်နေကျ ပုံမျိုး)
တံတားရှေ့ကပန်းခင်းကြီး
ကားနံပါတ် 6, 6A, 6X, 66 or 260 စီးပြီး Repulse Bay Beach မှတ်တိုင်မှာ ဆင်းရင်ရောက်ပါပြီ… အဲဒိမှာ တခြားခရီးသွားပုံစံမျိုးတွေ အဖြူတွေလဲ ရှိတဲ့အတွက် မှန်လား မှားလားမှန်းရလွယ်ပါတယ်… ဒါပေမဲ့ သေချာအောင် မေးကြည့်ရင်တော့ ကောင်းတာပေါ့… ကားက တော်တော်ကြာကြာလေးစီးရတယ်… တောင်ပေါ်လမ်းတွေပေါ်တက်သွားတော့… ဟုတ်မှဟုတ်ရဲ့လား မှားများမှားနေပြီလားဆိုပြီး စိတ်ထဲထင်မိတယ်… ဒါပေမဲ့ ပါလာတဲ့ အဖြူတွေကို ကြိတ်အားကိုးပြီး သူတို့တောင် မဆင်းသေးတာ မှန်မှာပါလို့ စိတ်ထဲ အားတင်းထားမိတယ်… ၁နာရီကျော်လောက် တောင်ပေါ်လမ်းတွေ ခြံဝန်းလေးတွေကို ဖြတ်မောင်းနေတာ… ကိုယ်သွားမှာက ပင်လယ်ကမ်းခြေ ဘယ့်နှယ့် တောင်ပေါ်ကိုတက်နေလဲဆိုပြီး စိုးရိမ််စိတ်က ကိုယ်အားကိုးနေတဲ့ အဖြူတွေကားပေါ်က ဆင်းတော့ ပိုဆိုးပါလေရော… ဂိတ် တစ်ဂိတ်အရောက်မှာ သူတို့တော်တော်များများ ဆင်းကုန်တယ်… ဒါပေမဲ့ ဘာ ပင်လယ်မှလဲ မမြင်ရသေးပါဘူး… ကားမှတ်တိုင်နာမည်လှမ်းကြည့်တော့လဲ Repulse Bay Beach လို့ ရေးမထားဘူး… ဒါနဲ့ပဲအားတင်းပြီး ဆက်စီးလိုက်တယ်… နောက်ထပ် မိနစ် ၁၅ မိနစ် မိနစ် ၂ဝလောက်နေတော့မှ Repulse Bay ဆိုတဲ့ လမ်းပြဆိုင်းဘုတ်တွေတွေ့တော့ နည်းနည်း စိတ်အေးရတယ်… နောက်တော့လဲ ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ပင်လယ်လဲ တောင်ကုန်းပေါ်ကနေ ခပ်လှမ်းလှမ်းမြင်ရတယ်…. Repulse Bay Beach ဆိုတဲ့ ကားမှတ်တိုင်မှာရေးထားတာတွေ့တော့မှ ဆင်းလိုက်တယ်… အဲဒိကားလမ်းကျဉ်းလေးရဲ့ တစ်ဖက်ကို ဆင်းလိုက်ရင်ဖြင့် Repulse Bay Beach ကို ရောက်ပါတယ်…


Repulse Bay Beach တစ္ေယာက္မွရွိဘူး...


ကားပေါ်က ဆင်းလိုက်တော့ ချမ်းတက်သွားတာပဲ… ပင်လယ်ဘက်က လာတဲ့လေကို တောင်နံရံနံ တန်ပြန်တိုက်တော့ လေကလဲ တဖြူးဖြူး… လေတိုက်လိုက်တိုင်း ကျွန်မတို့ သူငယ်ချင်း ၂ယောက် အရိုးထဲထိ ချမ်းစိမ့်တက်သွားတယ်… တုန်တောင်တုန်လာတယ်… ကျွန်မတို့ရောက်တဲ့ အချိန် ကမ်းခြေက လူအတော်ရှင်းတယ်…. အေးအေးနဲ့ ဆီးသွားချင်တာနဲ့ အိမ်သာတန်းပြေးဖြစ်သေးတယ်… လူတွေမတွေ့လို့ Zombie မြို့ကြီးများဖြစ်နေလား… ငါတို့ကို ထွက်ကိုက်အုံးမယ်ဆိုတဲ့ ကလေးဆန်ဆန်အတွေးကလဲဖြစ်တယ်… Tourist attraction ဆိုပြီး ဘယ်သူမှလဲမရှိ… အစောက ကားစီးလာတဲ့ အဖြူတွေဆင်းသွားတဲ့နေရာက ဘယ်နေရာလဲတော့ မသိ… ဒါပေမဲ့ လူ ၁ယောက်စ ၂ယောက်စတွေ့တာရော နေရာကို နည်းနည်း အသားကျသွားတာရောကြောင့် မကြောက်တော့ဘူး…

Tin Hau Temple





အဲဒိ Repulse Bay မှာက ပင်လယ်ကို မျက်နှာမူပြီးဆောက်လုပ်ထားတဲ့ Tin Hau ဘုရားကျောင်းရှိတယ်… အရင်က တံငါသည်တွေကို စောင့်ရှောက်တဲ့ ဘိုးတော်ပေါ့နော်… ပြီးတော့ အဲဒိ ဘုရားကျောင်းထဲမှာ ဟောင်ကောင်ရဲ့ နောက်ဆုံးကျားအရေခွံရှိတယ်တဲ့… (ခုမှရေးဖို့ရှာရင်းနဲ့တွေ့တာ… မဗေဒါက ဘုရားကျောင်းအတွင်းဘက်ကို မဝင်ခဲ့ဘူး… ဟိ) (Source: http://www.nextstophongkong.com/attractions/top-attractions/repulse-bay/ ) အဲဒိ ဘုရားကျောင်းရဲ့ရှေ့မှာတော့ Tin Hau ရုပ်ထုအကြီးကြီးနဲ့ ကွမ်ယင်မယ်တော်ရုပ်ထု အကြီးကြီး ၂ ခုက ပင်လယ်ဘက်ကို မျက်နှာမူပြီးရှိတယ်… ကွမ်ယင်မယ်တော်က မတ်တပ်ရပ်နေတာ… Tin Hau ကတော့ ထိုင်နေတာ… အဲဒိ ဘုရားကျောင်းရဲ့ ရှေ့ဝန်းထဲ ပင်လယ်ဘက်မှာတော့ တရုတ်စတိုင် ပန်းခြံတစ်ခုရှိတယ်… အဲဒိထဲမှာ တရုတ်စတိုင် အမိုးလေးနဲ့ ဇရပ်လေးရယ်… အဲဒိရှေ့မှာတော့ တခြား မဗေဒါမသိတဲ့ ရုပ်ထုတွေရှိတယ်… အဲဒိနေရာလေးက စိတ်ထဲမှာ အိပ်မက်ဆန်ဆန်လိုလို သိုက်အဆက်ရှိနေသလိုလို (တော်ရုံတော့ အဲဒါတွေမယုံပါဘူး… ဒါပေမဲ့ အဲလိုရေတွေ လေတွေနဲ့ ဘုရားကျောင်းတွေရောက်ရင် စိတ်ထဲက ကြောက်တယ်) အဲဒိ ပန်းခြံလေးက ရေထဲကို ထိုးဆောက်ထားတော့ ရေထဲကပဲ နဂါးကြီးထွက်လာတော့မလိုလို…

ပင်မဘုရားကျောင်းဘက်ကနေ အဲဒိ တရုတ်စတိုင် ပန်းခြံလေးကို ဆက်ထာတဲ့ တံတားလေးနာမည်ကတော့ Longevity Bridge တဲ့ (သက်ရှည်တံတား) အဲဒိ တံတားလေးကို တစ်ကြိမ်ဖြတ်ရင် ၃ရက်အသက်ရှည်တယ်တဲ့… မဗေဒါ ၄ခေါက်လောက်ဖြတ်ဖြစ်ခဲ့တယ်ထင်တယ်… ၁၂ရက် အသက်ပိုရှည်ပြီပေါ့နော်…


Longevity တံတား
The statues, the beach, mountain and the high rise building... Am I dreaming?

Longing for you...

ကျွန်မတို့ ဓာတ်ပုံရိုက်နေတာနဲ့ဘာနဲ့ နောက်ပိုင်းတော့ တိုးရစ်ကားတွေနဲ့ ဧည့်သည်တွေရောက်လာလိုက် ပြန်သွားလိုက်ပဲ… ကျွန်မတို့ ၂ယောက်ကလဲ အေးဆေးသမားတွေဖြစ်နေတာ… ကွမ်ယင်ရုပ်ထုနဲ့ အဝင်ပေါက်နဲ့ ကြားမှာ ရုပ်ထု အလတ်စားလေးတစ်ခုရှိတယ်… God of Wealth ချမ်းသားကြွယ်ဝမှုတွေပေးတဲ့ နတ်ဘုရား လို့ ဘာသာပြန်လို့ရမယ်ထင်တယ်.. တိုးကားတွေလာတိုင်း တိုးဂိုက်ကရှင်းပြပြီးရင် တန်းစီပြီး အဲဒိအရုပ်ကို ပွတ်သပ်ပြီး ဘာမှ မပါလာတဲ့ဟာကို အိတ်ထဲထည့်သွားကြတယ်… ကျွန်မတို့ ၂ယောက်လဲ ဟုတ်ဟုတ်မဟုတ်ဟုတ် လုပ်လိုက်တာ မမှားဘူးလေ…. ဒီတော့ လိုက်လုပ်တာပေါ့… အများကြီး အများကြီး ပွတ်သပ်ပြီးတော့ကို ကျွန်မအိတ်ထဲ ထည့်ခဲ့တာ… ဟော… ရေးနေရင်းနဲ့မှ ခုပဲသတိရတယ်… အဲဒိက ပြန်လာပြီး ကုမ္ဗဏီက D&D မှာ ကံစမ်းမဲ စတုထ္ထဆု Ipad2 ပေါက်လို့ ရောင်းစားလိုက်တာ ပိုက်ဆံ ဒေါ်လာ ၁၀၀၀ တောင်ရတယ်… ဒီမှာအိုင်ပက်ရောင်းဖို့ ကြော်ငြာတဲ့ပိုစ့်.... အဲဒိရောင်းရတဲ့ ပိုက်ဆံထဲကနေ မဗေဒါ မိဘတွေ ရန်ကုန်ပြန်တော့ ရန်ကုန်အိမ် ဆေးသုတ်ဖို့တောင် ပေးဖြစ်ခဲ့သေးတယ်… အဲဒိတုန်းက မစပ်ဆက်မိဘူး… အဲဒိ နတ်ရုတ်ကို ပွတ်သပ်ပေးခဲ့လို့များလား တိုက်ဆိုင်မှုတစ်ခုပဲလား ဆိုတာတော့ တွေးစရာပေါ့နော်… ဘာပဲဖြစ်ဖြစ် အဲဒိရောက်ရင်တော့ အဲဒိရုပ်ထုကို ပွတ်သပ်ပြီး အိတ်ထဲထည့်တဲ့ အမူအယာလုပ်ခဲ့နော်… :D


တကယ်စွမ်းတယ်နော်... ဒါတောင် နောက်ပြီးလုပ်ခဲ့တာ... နောက်တစ်ခါရောက်ရင်တော့ တစ်ခုခုလှူမှပဲ...
Repulse Bay အကြောင်း သေချာသိချင်ရင် ဖတ်ကြည့် ဓာတ်ပုံရိုက်လာတယ်...

Stanley Market

I was at Stanley Market, Hong Kong
အဲဒိ Repulse bay ရဲ့ ဘေးကပ်ရပ်မှာပဲ Stanley Market ဆိုတာရှိတယ်... အဲဒိစျေးလေးက ခမ်းခမ်းနားနားတော့မဟုတ်ဘူး... ပျံကျစျေးလေးလိုပဲ... ဒါပေမဲ့ အဲဒိစျေးလေးကလဲ tourist attraction နေရာလေးပါပဲတဲ့... အဲဒိအချိန်တုန်းကတော့ မသိခဲ့ပါဘူး... ဒီလိုပဲတွေ့လို့ ဝင်လိုက်တာပဲရှိတယ်... (research မရှာခဲ့တဲ့ အကျိုးတွေလေ... ဘယ်ရောက်လို့ ရောက်နေမှန်းမသိတာ)... စျေးလေးက လက်ဆောင်ပစ္စည်းတွေ... အဝတ်အထည်တွေ၊ အိတ်တွေ စသည်ဖြင့် စုံစိနေတာပါပဲ... စျေးကလဲ ဆစ်လို့ရတယ်... စျေးက ဆစ်ကိုဆစ်သင့်တယ်လို့ တစ်ချို့ဆိုဒ်တွေမှာရေးထားတာတွေ့ပါတယ်... မဗေဒါကတော့ အဲဒိက ပဝါလေးတွေ လှလဲလှ သက်လဲသက်သာတာနဲ့ လက်ဆောင်ပေးဖို့ရော ကိုယ့်အတွက်ရော ဝယ်လာဖြစ်တယ်... ဘေးလွယ်အိတ် ပိုက်ဆံအိတ်လေးတစ်လုံးလဲဝယ်ဖြစ်တယ်... ပထမဆုံးနေ့မှာ စလုံးကယူလာတဲ့ ပိုက်ဆံအိတ်က ကြိုးပျက်ကျထားတာဆိုတော့ ဝယ်သင့်တယ်လေ... ပြီးတော့ ပိုလိုတီရှပ်လေး ဆင်တူ ၂ထည််ဝယ်ဖြစ်တယ်... (ကိုယ်က ဆင်တူဝတ်ချင်တဲ့ သူရှိတယ်လေ)... အဲဒိစျေးလေးမှာ လျှောက်ကြည့်ရတာတော့ တော်တော်ပျော်ပါတယ်... အပြန်ကီလိုမလောက်မှာစိုးလို့သာ အရမ်းလွှတ်မဝယ်ရဲတာ...

တကယ်တော့ Repulse Bay နဲ့ Stanley မှာ လည်စရာတခြားနေရာတွေအများကြီးရှိပါသေးတယ်... ကိုယ်က ဘာမှ ကြိုမရှာပဲ ဒီတိုင်းသွားချလိုက်တော့ အချိန်တွေရှိပေမဲ့ ဘယ်သွားရမှန်းမသိတာနဲ့ ပြန်လာဖြစ်လိုက်တယ်... သွားစရာတခြားနေရာတွေက Stanley Market ကနေ ဆက်လျှောက်ရင် ရောက်တယ်လို့ပြောပါတယ်... 
တခြားနေရာတွေကတော့ -
၁) Stanley Promenade and waterfront Mart (စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေနဲ့ ပင်လယ်ပြင်အလှကို ခံစားရင်းလဲ စျေးဝယ်လို့ရတယ်ဆိုပါတယ်... အဲဒိနားကရှုခင်းတွေက ဥရောပရောက်နေသလို ခံစားရပါလိမ့်မယ်လို့ပြောပါတယ်)
၂) Murray House and Blake Piers (Waterfront ကနေ ဆက်လျှောက်သွားရင်ရောက်တဲ့ ကိုလိုနီခေတ်အဆောက်အဦးတွေပါ... သမိုင်းဝင်နေရာလို့လဲပြောပါတယ်)
ပိုတိတိကျကျသိချင်ရင်တော့ နောက်ကလင့်မှာသွားဖတ်လို့ရပါတယ်
(Source: http://www.nextstophongkong.com/attractions/top-attractions/repulse-bay-stanley-market/#site4 )


ဖြူစင်သော စိတ်ကလေး ဘလော့ပိုင်ရှင်နှင့်တွေ့ဆုံခြင်း


ဟောင်ကောင်ရောက်တော့ မဆွေလေးမွန်ဆီ ဖုန်းဆက်ဖြစ်တယ်... ဒါပေမဲ့ ဘယ်တော့တွေ့မယ် အသေအချာမချိန်းဖြစ်ဘူး... ဒီနေ့တော့ ပြန်ခါနီးတာရော စနေနေ့ဖြစ်တာရောကြောင့် သူလဲအားလောက်မယ်ထင်တာနဲ့ တွေ့ဖို့ချိန်းဖြစ်ကြတယ်... ဖုန်းပေါ်မှာ သူ့အသံကနုတာရော... ကိုယ့်ကိုအစ်မခေါ်တာရောကြောင့် ကိုယ်လဲ ညီမလေးဆိုပြီးပဲခေါ်ဖြစ်တယ်... (ဟုတ်တယ်လေ ကိုယ့်ထက် အသက်ငယ်တဲ့ လူဦးရေက တနေ့တခြားတိုးပွားလာနေတော့ ခုနောက်ပိုင်းဆို အသက်မသိရင် ကိုယ်က အကြီးလုပ်ပြစ်လိုက်တာများတယ်... ခွိ)... စစချင်းနေကတည်းက အစ်မ မဗေဒါနဲ့ ညီမလေး ဆွေလေးမွန်ပဲသုံးဖြစ်ကြတယ်... တွေ့ဖို့ချိန်းတော့ သူက ဂျော်ဒန်ဘူတာရုံအဝကိုလာခဲ့မယ်တဲ့... ဒီလိုနဲ့ သူငယ်ချင်း ၂ယောက် ဟိုတယ်ကနေပြန်ထွက်လာကြတယ်... ဘာအကျီင်္အရောင်ဝတ်ထားလဲဆိုတော့ အညိုရောင်အနွေးထည်တဲ့... သူ့ဘလော့မှာလဲ ဓာတ်ပုံတင်လေ့မရှိတော့ ဘယ်လိုပုံလဲ ကိုယ်က မှန်းလို့မရ... နောက်တော့ ဘူတာပေါက်နားမှာ သူငယ်ချင်း ၂ယောက် မြန်မာလိုပြောလိုက်တော့ အဲဒိက မိန်းကလေးတစ်ယောက်က လှည့်အကြည့် ၂ယောက်သားတွေ့သွားကြတယ်... "မဗေဒါလား"... "မဆွေလေးမွန်လား" ပေါ့... ၂ယောက်လုံးကလဲ ကလောင်အမည်တွေ... (ထင်တာမမှားဘူးဆိုရင် သူ့နာမည်လဲ ကလောင်နာမည်ပဲလို့ ပြောဖူးသလိုပဲ... ၂နှစ်ရှိပြီဆိုတော့ မေ့ပြီ ဦးနှောက်က... ကိုယ့်နာမည်အရင်းလဲ သူမှတ်မိမယ်ထင်ပါဘူး... ကိုယ့်စိတ်နဲ့နှိုင်းတာ... ဟီး) 

မဗေဒါလို့ ခေါ်ခံရတာ ဂျပန်သွားတုန်းက ဘလော့ဂါ မယ်ဂုမိနဲ့တွေ့ခဲ့တုန်းက ပထမဆုံးပဲ... အဲဒိတုန်းကတော့ နားထောင်ရတာရော ခံရတာရော အတော်ခက်တယ်... ခုတစ်ခေါက်တော့ သိပ်မခက်တော့ဘူး... အွန်လိုင်းသူငယ်ချင်းတော်တော်များများ မပြောနဲ့ ကိုယ့်အပြင်သူငယ်ချင်းတချို့တောင် နာမည်အရင်း မခေါ်ပဲ မဗေဒါလုပ်နေကြတာ... တွေ့တွေ့ချင်းတော့ နည်းနည်းလေးကြောင်သွားတယ်... ကိုယ်က ညီမလေးနဲ့ချည်းခေါ်လာတော့ အားနာသွားတယ်... မလေးစားသလိုဖြစ်သွားမလားလို့... ချက်ချင်းကြီး အစ်မနဲ့ ညီမကို ပြောင်းရမယ်ဆိုတော့ ဒီလိုပဲ ပွင့်ပွင့်လင်းလင်းပြောပြီး ရီဖြစ်သွားတယ်... မဆွေလေးမွန်က ဝတ္တုတိုလေးတွေအရမ်းအရေးကောင်းသလို အပြင်မှာလဲ ခင်မင်စရာကောင်းတဲ့ သူတစ်ယောက်... ဟန်ဆောင်မှုမရှိဘူး... တချို့လူတွေတွေ့ဖူးတယ် တွေ့တွေ့ချင်းဆို စတယ်ကြီးတွေနဲ့ နေကြတာလေ... မဆွေလေးမွန်က အဲလိုမဟုတ်ဘူး... ရီရီမောမောပဲ... ဝတ္တုတိုတွေဖတ်ရတာကြိုက်ရင် ဟောင်ကောင်က သဘောကောင်းတဲ့ ဘလော့ဂါ မဆွေလေးမွန်ရဲ့ "ဖြူစင်သောစိတ်ကလေး" ဘလော့ကို သွားဖတ်လိုက်နော်... ဘယ်သွားမလဲ... ဘယ်လိုက်ပို့ရမလဲဆိုတော့ ကိုယ်တွေလဲ သေချာမသိ... ဒါနဲ့ သူက Ladies Market ရောက်ပြီးပြီလားဆိုတော့ မရောက်သေးဘူးဆိုတာနဲ့ အဲဒိပဲ သွားဖြစ်တယ်...



စာရေးလဲကောင်း ခင်ဖို့လဲကောင်းတဲ့ ဟောင်ကောင်က မြန်မာဘလော့ဂါ မဆွေလေးမွန်
လမ်းမှာ ဒင်းဆန်းဆိုင်တွေ့တာနဲ့ Menu ဝင်ဖတ်ရင်း စားချင်စိတ်ဖြစ်မိတယ်... ဗိုက်ကတော့ အရမ်းအဆာကြီးမဟုတ်ပေမဲ့ စားချင်လဲဖြစ်တယ်... ဒီလိုနဲ့ပဲ အဲဒိဆိုင်ကိုဝင်ဖြစ်တယ်... မဆွေလေးမွန်က သူဧည့်ခံမယ်ဆိုတော့ အားလဲနားတယ်... (ခင်လဲခင်တယ် ပေါ့နော်)... မဗေဒါသူငယ်ချင်းကလဲ အားတွေနာနေတယ်... ငြင်းပေမဲ့ အစ်မက အိမ်ရှင်ဆိုတော့ ကျွေးရမယ်တဲ့... ဘယ်လောက်မှရှိတာမဟုတ်ဘူးတဲ့... အားမနာနဲ့တဲ့... မဗေဒါမှာ အကျင့်တစ်ခုရှိတယ်... ၂ ခါပဲငြင်းတယ်... တကယ်စားချင်နေတယ်ဆိုရင် ၂ခါထက်ပိုမငြင်းဘူး... မဗေဒါ၂ခါထက် ပိုငြင်းနေရင် တကယ်မစားချင်လို့ပဲ... (၃၊ ၄ခါလောက်ငြင်းနေရရင် စိတ်ကတိုလာတတ်တယ်... ခိ ခိ)... အဲဒိလိုပဲ ကိုယ်က offer ပေးလဲ ၂ခါလောက်ပဲ... တဖက်လူက အဲဒါကို ပဲပိုလွန်းပြီးငြင်းနေတာပဲထားအုံး ကိုယ်ကတော့ ကိုယ့်စိတ်နဲ့နှိုင်းပြီး "အော်... သူတစ်ကယ်မစားချင်တာဖြစ်မှာ" ဆိုပြီး ဆက်မကျွေးတော့ဘူး... အဲဒါကြောင့် မဗေဒါကို ပဲများတဲ့သူတွေက အမြင်ကပ်ကြတယ်... (အလိုက်မသိတဲ့လူလိုလို၊ ငတ်တီးထတဲ့သူလိုလို မျက်လုံးမျိုးတွေနဲ့လဲ ကြည့်ခံရတတ်ပါ့လေ... သူတို့စာအုပ်ထဲမှာတော့ အဲလိုအဓိပ္ပါယ်ဖွင့်မှာပေါ့... ကြည့်လဲကြည့်ပေါ့ ကိုယ့်မှာလဲ ပြန်ကြည့်စရာ မျက်လုံးမရှိတာကျ) ဟိုငြင်းဒီငြင်းနဲ့ မျက်စိနောက်လွန်းလို့... 



Ladies  Market

Ladies Market - Why men are there? :P

Ladies Market က Mong Kok station နားမှာရှိတာ... ဒါပေမဲ့ မဗေဒါတို့ကတော့ Nathan Road အတိုင်း စကားတစ်ပြောပြော ဟိုငေးဒီငေးနဲ့ လမ်းလျှောက်သွားကြတာ... နယ်ခံပါတော့ ဘယ်ကဘယ်လိုသွားလဲ မမှတ်တော့ဘူး... သူ့နောက်ပဲလိုက်တော့တာပဲ... အားကိုးရှိရင် ဦးနှောက်ကို မသုံးချင်ဘူး... ဟိုရောက်တော့ တော်ဝင်ပလာဇာလို ကုန်တိုက်မျိုးပါပဲ... ဆိုင်ခန်းတွေက ပြွတ်သိပ်နေတာပဲ... မိန်းကလေး အဝတ်အထည်၊ အလှကုန်၊ accessories၊ အသုံးအဆောင်ပစ္စည်းတွေ အစုံပါပဲ... ဂါဝန်တွေဆိုလဲ တော်တော်လေးလှတယ်... စျေးလဲဆစ်လို့ရတယ်... အထူးသဖြင့် အမွှေးပွ အနွေးထည်အရှည်တွေဆို စလုံးနဲ့ယှဉ်ရင် စျေးချိုတယ်ထင်တာပဲ... ဒါပေမဲ့ စလုံးမှာ ဝတ်စရာနေရာမရှိတာနဲ့ပဲ ဝယ်ချင်တဲ့စိတ်တွေ မြိုသိပ်ခဲ့တယ်... ဂါဝန်ဒီဇိုင်းတွေကလဲ Gmarket (Qoo10) မှာရောင်းတဲ့ ပုံစံမျိုးတွေ... ဒါပေမဲ့ တစ်ခုဆိုးတာက ဆိုဒ်မရှိဘူး... ဝက်ခြမ်းပြားသာသာလောက်ဆိုဒ်လေးတွေရယ်...(ဟီး.. ကိုယ်နဲ့ မတော်တိုင်း)... ပြီးတော့ စမ်းဝတ်ကြည့်လို့လဲမရဘူး... ဒါတောင် မနေနိုင် မထိုင်နိုင် ဂါဝန်၁ထည်ဝယ်ဖြစ်တယ်... ၁ခါပဲဝတ်ဖြစ်တယ်... ခုထက်ထိ ဗီရိုထဲမှာ ဒီတိုင်းပဲ... အဲဒိမှာ ကျပ်ကျပ်သိပ်သိပ်တိုးပြီး အသက်ရှူတွေကျပ် ခေါင်းတွေရှုပ်လာတော့ လမ်းမပေါ်ပြန်ထွက်ပြီး မြို့လယ်ခေါင်အတိုင်း လမ်းလျှောက်ရင် H&M မှာ Sale ချနေတာနဲ့ ဝင်ကြည့်ဖြစ်တယ်... အဲဒိမှာ သူငယ်ချင်းက သူ့မောင်လေးအတွက် လက်ဆောင်ဝယ်ဖို့ကြည့်နေရင်း ကိုယ်နဲ့ မဆွေလေးမွန်လဲ ဟိုကြည့်ဒီကြည့်နဲ့ အကျီင်္ဆင်တူ ၁ထည်ဝယ်ဖြစ်တယ်... စောစောက Ladies Market က အကျီင်္ဆိုဒ်တွေ စိတ်နာနာနဲ့ ခုကျတော့ ခပ်ကျယ်ကျယ်လေးယူလိုက်တာ... အဲဒိ အကျီင်္လဲ ပွလွန်းလို့ ဗီရိုထဲမှာ ဒီတိုင်းလေး.. (ဒါပေမဲ့ သူကတော့ သက်တောင့်သက်သာနေရာတွေဝတ်လို့တော့ရပါတယ်...)


Ladies Market, Hong Kong

လမ်းမခွဲခင် အမှတ်တရ

Lan Kwai Fong သို့ အလည်တစ်ခေါက်...

သူတို့ အုပ်စုနောက်ကနေ ခိုးလိုက်ခဲ့တယ်...
လန်ကွေးဖုန်းဆိုတဲ့နေရာကတော့ tourist Attraction နေရာတစ်ခုလို့အမြဲပြောကြပါတယ်… အဲဒိနေရာကတော့ စကာင်္ပူက Clark Quay လိုမျိုး နိုက်ကလပ်တွေ အရက်ဘားတွေ စားသောက်ဆိုင်တွေ ဆိုင် ၉ဝလောက်ရှိတဲ့နေရာပါ… လန်ကွေးဖုန်းဆိုတဲ့ ဆိုင်းဘုတ်က အဲဒိကိုလာတဲ့ ဟောင်ကောင်နာမည်ကြီး သရုပ်ဆောင်တွေထက်တောင် ပိုပြီးဓာတ်ပုံရိုက်ခံရတယ်ဆိုပါတယ်… အဲဒိနားတစ်ဝိုက် မြို့လယ်ခေါင်က ရုံးတွေကလူတွေ ညနေဘက်ဆို သောက်ရင်းစားရင်းအပန်းဖြေတဲ့နေရာတစ်ခုလို့လဲဆိုပါတယ်…


ဘယ်လိုသွားရသလဲဆိုရင်တော့ Central Station ကနေ Exit D2 ကနေထွက် Theatre Lane အတိုင်းလျှောက် D'Aguilar Street လမ်းပေါ်ကိုတက်ရရင်ရောက်ပါတယ်တဲ့…

မဗေဒါတို့ သူငယ်ချင်း ၂ယောက်ကတော့ အဲဒိနေရာက နာမည်ကြီးလို့ ဘာများရှိမလဲလို့သွားတာရယ်၊ မပြန်ခင်ညမှာ ညဘက်သွားစရာ စည်စည်ကားကားဖြစ်မဲ့နေရာဆိုလို့ အဲဒိနေရာပဲရှိတာနဲ့ ရောက်ဖူးတယ်ရှိအောင်သွားပေမဲ့ ကိုယ်တွေကြိုက်တဲ့နေရာတော့မဟုတ်ပါဘူး… သောက်တတ်တဲ့သူတွေဆိုရင်တော့ အဲဒိမှာ ဘီယာလေး ၀ိုင်လေးသောက် Local တွေကိုလေ့လာ စကားပြောချင်ပြော၊ တခြားနိုင်ငံခြားသား အနောက်တိုင်းသားတွေကတောင် ပိုများသေးတယ်… အေးအေးဆေးဆေး သောက်ရင်း အနားယူ အချိန်ဖြုန်းလို့ကောင်းမဲ့နေရာလေးပါပဲ… ကိုယ်က မသောက်တတ်လို့ အဲဒိနေရာမျိုးကို ကိုယ်နဲ့မကိုက်လို့ မကြိုက်ဘူးဆိုပေမဲ့… တစ်ဦးနဲ့တစ်ဦးက အကြိုက်ချင်းမှ မတူကြတာလေ… ဟောင်ကောင်ရဲ့ Night life နဲ့ စည်ကားတာပေါ့…




အဲဒိနေရာကို မဗေဒါတို့ ဘယ်လိုသွားခဲ့သလဲဆိုတော့… Central Station ကို ရထားစီးရမှာပဲသိတယ်… ကျန်တာဘာမှ မသိဘူး… ကြည့်ကျပ်လုပ်မယ်ဆိုပြီးသွားတာ… (တော်ချက်)… ဘူတာရောက်တော့ ခပ်ဟော့ဟော့ ခပ်တိုတို တွေဝတ်ထားတဲ့ ကောင်မလေးတွေနဲ့ လန်ပြန်နေတဲ့ ကောင်လေးတွေ အုပ်စုတစ်စုလဲ ကိုယ်တွေနဲ့တူတူ ဘူတာကထွက်တယ်… သူတို့လိုပုံစံမျိုးဆိုရင်တော့ အဲဒိနေရာသွားတာသေချာမှာပဲ… အချိန်က ည ၁ဝနာရီခွဲလောက်ရှိနေပြီဆိုတော့ တခြားနေရာတွေလဲ သွားစရာသိပ်မရှိတော့ဘူးလေ… ဒီလို အပျင်းကြီးပင်မဲ့ ဉာဏ်လေးကူပြီး သူတို့နောက်ပဲ ခပ်အေးအေးလိုက်လိုက်တယ်… သူတို့က ဘူတာဝနားလောက်မှာ သူတို့ တခြားဘော်တာကိုစောင့်နေသေးတော့ ကိုယ်တွေလဲ စုံထောက်တွေလို ဟိုဟိုဒီဒီစောင့်နေလိုက်သေးတယ်… (အဲလို အလုပ်မဟုတ်တာတွေ ပေါတောတောလုပ်တတ်တယ်) နောက်တော့ သူတို့သွားတဲ့နောက်လိုက်ရင်း လိုက်ရင်း လူတွေတော်တော်စည်ကားတဲ့နားရောက်လာတော့ ကိုယ်လဲ အနီးနားတော့ရောက်နေပြီဆိုတာသေချာတော့ မလိုက်တော့ဘူး…. လမ်းမှာ သီချင်းဆိုနေတဲ့သူတွေဝင်ကြည့်… ဟိုကြည့်ဒီကြည့်နဲ့ လျှောက်လိုက်တာ လန်ကွေးဖုန်းကိုရောက်သွားပါလေရော…

 ရောက်တော့လဲ ကိုယ်တွေက အားလုံးထဲမှာ ကလေး ၂ယောက်လိုဖြစ်နေတာပါ… အနွေးထည်တွေ အထပ်ထပ်ဝတ်ပြီး လုံခြုံနေတဲ့အပြင်…. ဖိနပ်အပြားလေးတွေနဲ့ သေးညှပ်နေတယ်… မိန်းကလေးတွေ က ဒေါက်မြင့်ကြီးတွေနဲ့ အတိုအပြတ်အကပ်လည်ဟိုက် တွေနဲ့ ယောကျာင်္းလေးတွေကလည်း လန်ထွက်ပေါ့… သေချာတာတော့ ကိုယ်တို့ ၂ယောက်က အဲဒိနေရာမှာ ၀ိဉာဉ်ဘဝရောက်နေတာ… ကိုယ်တွေကို သူတို့ မမြင်သလိုပဲ… ဓာတ်ပုံရိုက်လိုက် ဟိုနားရပ်ကြည့်လိုက် ဒီနားရပ်ကြည့်လိုက် လူတွေလိုက်ကြည့်… ရဲကား အချက်ပြသံနဲ့အတူ ဖြတ်သွားတော့ လန့်ဖြန့်ပြီး နည်းနည်းကြောက်သွားတယ်… ဘာများဖြစ်တာလဲပေါ့… တော်ကြာနေ လူဆိုးက ရုပ်ရှင်ထဲကလို ကိုယ်တွေကို ဓားစာခံလုပ်နေအုံးမယ်ဆိုပြီး စိတ်ကူးယဉ် စိုးရိမ်လိုက်သေးတယ်… ကြည့်ရတာ ရန်ဖြစ်ကြတယ်ထင်ပါတယ်….

အဲဒိလမ်းထဲမှာ ရုပ်ဆိုးတဲ့ ဖြစ်ရပ်တစ်ခုကိုတွေ့ခဲ့ရတာကတော့… ရှောင်လင်ဘုန်းကြီးလို ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက အဖြူတွေကို ပိုက်ဆံလိုက်တောင်းနေတယ်… ရိုးရိုးတောင်းတာမဟုတ်ဘူးနော်… လိုက်နှောင့်ယှက်ပြီးတော့ကို တောင်းတာ… သူက လက်အုပ်တောင်ချီပြီးတောင်းသေးတာ… အဖြူမလေးက မပေးဘူးဆိုတော့ အတင်းလမ်းပိတ်ပြီး သူ့ခေါင်းနဲ့ မြေကြီးပေါ်ကိုထောက်ပြီး ရပ်ပြတယ်… (ခြေ ၂ချောင်းက မိုးပေါ်ကိုမြောက်နေတာပေါ့နော်)… အဲဒါကိုတွေ့ပြီး ကိုယ့်နိုင်ငံမှာလဲ သာသနာ့ဝန်ထမ်းယောင်ဆောင်ပြီး တိုးရစ်တွေများလာတာနဲ့အမျှ အဲလိုမျိုး ဝတ်ရုံဝတ်ပြီး အမြင်မတော်တာတွေလုပ်လာမှာကို သိပ်စိုးရိမ်မိတယ်… ဒါပေမဲ့လဲ ကိုယ့်နိုင်ငံကတော့ အမြင်မတော်တာကို မဆိုင်သလိုနေကြမှာမဟုတ်လောက်ပါဘူးလို့ပဲ စိတ်အားတင်းမိပါတယ်… ပြန်တော့မယ်ဆိုပြီး ထွက်လာတော့မှ ကိုယ်တို့ ၂ယောက် ၀ိဉာဉ်မဟုတ်သေးဘူး ဆိုတာကို ခပ်ချောချော ကောင်လေးတစ်ယောက်က ကိုယ်တွေ ဓာတ်ပုံရိုက်နေတာကို လာနောက်သွားတော့မှ အော်… ငါတို့ကို မြင်ရသားပဲဖြစ်တော့တယ်…. 



ရထားဘူတာရုံဘက်လျှောက်လာတော့ ဘူတာရုံဝနားမှာ မူးရူးပြီး အော်ဟစ်နေတဲ့ ဘိုမလေးတွေနဲ့ကောင်လေးတွေအုပ်စုတွေ့တယ်… အော် သူတို့လဲ တောကလူတွေလို စကားကို အော်ကြီးဟစ်ကျယ်ပြောတတ်ကြတာပဲနော်… ဘယ်လိုပဲဖြစ်ဖြစ် လန်ကွေးဖုန်းလိုနေရာမျိုးကတော့ မဗေဒါရဲ့ ခရီးသွားရည်ရွယ်ချက်အတွက်တော့ မသွားလဲဖြစ်တဲ့ နေရာတစ်ခုပါပဲ… ဘာများထူးခြားမလဲဆိုပြီး သွားခဲ့ပေမဲ့ ကိုယ်က အဲဒိနေရာကို အလိုက်အထိုက် အဲဒိနေရာရဲ့ Purpose ကို ကိုယ်ကမှ မလုပ်ချင်တော့ ကိုယ့်အတွက်ကတော့ ပျင်းစရာကောင်းတဲ့ နေရာလို့ပဲ သတ်မှတ်ချင်ပါတော့တယ်… ဒါပေမဲ့ Party ကြိုက်တယ်… သောက်ရတာကြိုက်တယ်… သူငယ်ချင်းအုပ်စုလဲ များတယ်ဆိုရင်တော့ ဒီနေရာကို သဘောကျကြမယ်ထင်ပါတယ်… မဗေဒါမကြိုက်ပေမဲ့ စာဖတ်သူတွေထဲက တစ်ယောက်ယောက်ကတော့ ကြိုက်ချင်လဲကြိုက်မှာပဲလေ… အဲဒါကြောင့် ကောင်းတယ်မကောင်းဘူး မဆိုလိုဘူး ကိုယ့်အကြိုက်နဲ့ကိုယ်မို့ ကိုယ့်ဘာသာပဲ ဆုံးဖြတ်ကြပေါ့နော်….


ဒီလိုနဲ့ ည ၁၁နာရီလောက်လဲထိုးရော ဟော်တယ်ကိုပြန်လာခဲ့တယ်… နောက်နေ့ည ရနာရီခွဲ လေယာဉ်နဲ့ပြန်ရမှာဆိုတော့ မနက်ဖက်ကို အရမ်းအဝေးကြီးတွေလဲ မသွားချင်တော့ဘူး… ဟိုတယ် ချက်အောက်ကလဲ လုပ်ရအုံးမယ်လေ… ဒီနေ့ညမှာတော့ အချိန်ရှိတဲ့အထိ သွားလိုက်ပေမဲ့… တစ်နေ့လုံးသွားခဲ့သမျှကတော့ အလျင်လိုမနေပဲ အေးအေးဆေးဆေးသွားဖြစ်ခဲ့ပါတယ်…

Thursday, February 06, 2014

မိုင်တိုင်တစ်ခု အကျော် အတွေးစများ...

ဒီဘလော့လေးဖွင့်ပြီးမှ မွေးနေ့တွေကျော်ဖြတ်ရတာ ၈ခါတောင်ရှိသွားပြီ… ဘလော့လေးရေးဖြစ်နေသေးတာ… ရေးလိုက်မရေးလိုက်ပေမဲ့ လုံးလုံးသေမသွားသေးတာ… ဖတ်တဲ့သူတွေလဲ အနည်းနဲ့အများတော့ရှိနေသေးတာ ကို ကျေနပ်သလို ကျေးဇူးလဲတင်တယ်… ဟိုးးး အရင်ကစိတ်နဲ့ရေးထားတဲ့ စာလေးတွေ ကိုယ်တွေ့ကြုံခဲ့ရတာတွေ ကိုယ့်အတွေးအခေါ်တွေပြောင်းလဲလာတာတွေ ပြန်ဖတ်ရင် ဒီဘလော့လေးဟာလဲ မဗေဒါနဲ့ အတူကြီးပြင်လာနေတယ်ဆိုတာ သိသာပါတယ်…

ဒါပေမဲ့လဲ ကိုယ့်ကိုကိုယ် ကိုယ့်အရွယ်နဲ့ လိုက်ဖတ်တဲ့ အတွေးအခေါ် အပြုအမူကြီးပြင်းမှုမရှိသေးဘူးလို့ပဲ ခံစားနေရပါတယ်… ဒါပေမဲ့ တချို့တချို့ တွေ့ဖူးတဲ့ ပတ်ဝန်းကျင်က လူတွေထဲမှာ အသက်တွေကြီးပြီး ကိုယ့်အရွယ်နဲ့ လိုက်ဖက်အောင် မနေတတ် မစားတတ် မဝတ်တတ် သူတွေ၊ အသက်အရွယ်နဲ့အလိုက် စိတ်မထားတတ် မပြောတတ် မပြုမူတတ်သူတွေတွေ့နေ ရှိနေသေးတော့ သူတို့ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်အမြဲ reflect လုပ်ဖို့ကြိုးစားတယ်…

တစ်ခါတစ်လေကျတော့ ရင့်ကျက်ချင်ယောင် သဘောထားကြီးချင်ယောင်ဆောင်သင့်လား… တစ်ခါတစ်လေကျတော့ ပွင့်ပွင့်လင်းလင်း ကိုယ်စိတ်ထဲရှိတာကို ဖော်ပြပြီး ရိုးသားသင့်သလား မသိတော့ဘူး…

အသက်ကြီးလာတော့ တစ်ခါတစ်လေ ပွင့်လင်းတာကို စိတ်ရင်းက ရှင်းလင်းတယ် ဖြူစင်တယ်လို့ မယူဆတော့ပဲ ကလေးဆန်တယ် မရင့်ကျက်ဘူးလို့ ဆိုကြတယ်…
ဒါဆိုရင် သဘောထားကြီးချင်ယောင်ဆောင်ပြီး အတွင်းက မှတ်တေး ကောက်ကျစ်ရမလား… လူတွေကပြောတော့ မဟုတ်ဘူးလေ… အဲဒါမှားတယ်လို့ ဆရာလာလုပ်ကြမယ်ဆိုပေမဲ့… လူတိုင်းရော အဲလိုလုပ်နေကြတာမဟုတ်ဘူးလား… မရီပြချင်လဲ ရီပြနေရ… တချို့လူတွေကို စိတ်ထဲကမရင်းနှီး မခင်မင်ပေမဲ့ (ပြောရရင် စိတ်ထဲကကို အမြင်ကပ် မုန်းတီးနေပေမဲ့… သူလဲ ကိုယ့်ကို မုန်းနေတာကို သိနေပေမဲ့) အတူသွားအတူလာ ခင်မင်သယောင် နေနေတာကိုရော ရင့်ကျက်တဲ့ ပေါင်းသင်းဆက်ဆံမှုလို့ခေါ်သလား… ဒါမှမဟုတ် အတွင်းပုတ်ဆက်ဆံရေးလို့ခေါ်သလား…
ကိုယ့်ကို မလိုတမျိုး လိုတမျိုး ဆက်ဆံခဲ့တဲ့သူတွေကိုရော… သူတို့လိုလို့မှ အပြောချိုချိုလေးနဲ့ လာခွင့်တောင်းတတ်တဲ့သူတွေကိုရော စိတ်ထဲကတော့ မကျေနပ်ပေမဲ့… ကိုယ့်ကို မရင့်ကျက်ဘူး၊ သဘောထားမကြီးဘူးပြောခံရမှာ၊ ကိုယ့်အသက်နဲ့အလိုက် မပြုမူတတ်ဖူးလို့ ဝေဖန်ခံရမှာစိုးလို့ အပြုံးနဲ့ သကာလူးပြီး ငါကြုံမှ ပြန်နှံမယ်ဆိုသလိုနေတာကိုရော ရင့်ကျက်တယ်လို့ခေါ်သလား... ကိုယ့်ကို လာပူးသတ်တဲ့သူကို သိသိကြီးနဲ့ ကိုယ်ကလဲ ပူးသတ်တာပေါ့ဆိုပြီး ပူးသတ်ဆက်ဆံရေးကြီးက အော်ကလီဆန်စရာကောင်းလွန်းပါတယ်…

ရွှေပြည်အေးတရားဟောချင်တဲ့သူတွေကတော့ forgive and forget ဟာ အကောင်းဆုံးပါပဲတို့ဘာတို့ ပြောတတ်ပါတယ်… ဒါပေါ့ ကျွန်မရော မသိဘူးမှတ်နေလို့လား… နာ တာတွေကို forgive and forget လုပ်တယ်ဆိုတာ ဘယ်သူကောင်းဖို့မှမဟုတ်ဘူး ကိုယ့်အတွက်အကောင်းဆုံးဆိုတာကို မဗေဒါလဲ သိပါတယ် သဘောပေါက်ပါတယ်… ဒါပေမဲ့ အဲဒိ ရင့်ကျက် သဘောထားကြီးပါတယ်ဆိုပြီး လာဆုံးမနေသူတွေရော တကယ်စိတ်ထဲက ဘယ်နှခေါက်လုပ်နိုင်နေပြီလဲလို့ သိချင်တယ်… ကိုယ်က forgive and forget လုပ်ပေးတယ်ထားအုံး… တဖက်က ဆက်လက်ပြီး ပတ်သတ်ချင်နေသေးတယ် (အထူးသဖြင့် ကိုယ့်ဆီက အကျိုးလိုနေလို့ သကာလူးလာပတ်သတ်နေသေးတယ်) ဆိုလဲ သိသိကြီးနဲ့ forgive and forget နေရမှာလား… အဲဒါ ရင့်ကျက်တဲ့နည်းနဲ့ အနိုင်ကျင့်တယ်ခေါ်သလား… အရှက် သိက္ခာမရှိတဲ့နည်းနဲ့ ချဉ်းကပ်တယ်ခေါ်သလား… မသိတော့ပါဘူး… အဲဒါတွေကို ဒွိဟပွားရလေ… ငါ့မှာ ငါ့အသက်နဲ့ ကိုက်ညီတဲ့ ရင့်ကျက်မှုမျိုးမှ ရှိရဲ့လား၊ ပြုမူပြောဆိုနေထိုင် ကျင့်ကြံနေရဲ့လားလို့ စိုးရိမ်စိတ်ဝင်မိသလို ရှေ့ဆက်ရမဲ့ (လူကြီးလုပ်ရမဲ့) နှစ်တွေအတွက် ရင်လေးမိတယ်… (ခုလဲ လူကြီးပါပဲလေ… ၈နှစ်အောက် ကလေးငယ်များအားလုံးက မဗေဒါကို အန်တီခေါ်လျှင် ကြည်ကြည်ဖြူဖြူလက်ခံမည်)… :D

ဖြတ်သန်းလာရတဲ့ နှစ်ပေါင်းများစွာထဲမှာ တွေ့ကြုံဆုံကွဲတွေကလည်းမနည်းပါပဲ… အပေါ်ကပြောခဲ့တဲ့လူတွေကတော့ မပတ်သတ်လဲ မနေလို့မရတဲ့သူတွေလို့ပဲဆိုပါစို့… ခုဆက်ပြောမှာကတော့ ကိုယ်ကြုံတွေ့ခဲ့ဖူးတဲ့ အပေါင်းအသင်းတွေပေါ့… မှတ်မှတ်ရရ ခုအချိန်အထိ ဘဝမှာ ခင်မင်မှုကို အလွဲသုံးစားလုပ်လို့ ကိုယ်ကခင်ခဲ့သလောက် ကိုယ့်ကို သကာလူးစကားတွေနဲ့ အသုံးချပြီး နောက်ကျောဓားနဲ့ထိုးခဲ့တဲ့ သူငယ်ချင်း ၁ ယောက်နဲ့ ကိုယ်ဘဝ နှိမ့်ကျနေချိန်ဖြစ်ဖြစ် အောင်မြင်နေချိန်ဖြစ်ဖြစ် ကိုယ့်ရန်သူနဲ့ယှဉ်ရင်ပဲဖြစ်ဖြစ် ကိုယ့်ဘက်က ဘယ်တုန်းကမှ ရပ်တည်မပေးခဲ့တဲ့ သူငယ်ချင်း နောက်တစ်ယောက် သူတို့ ၂ယောက်ကိုတော့ လုံးဝ forget လုပ်ထားလိုက်တယ်… သူတို့ကိုလဲ ဘာမှ ပြန်မလုပ်ချင်ဘူး… သူတို့နဲ့လဲ ဘာမှ ပြန်မပတ်သတ်ချင်ဘူး… မေ့ထားလိုက်တယ်… ဘာလို့လဲဆိုတော့ သူတို့ကို ကိုယ်ခင်ခဲ့တာ စိတ်သန့်တယ်… သူတို့ကို ကိုယ့်ဘဝထဲက ထုတ်လိုက်တာ သူတို့အတွက် ငါ့လို သူငယ်ချင်းဆုံးသွားတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုပဲ… ငါ့ဦးနှောက်ထဲက သူတို့ကိုထုတ်လိုက်တာဟာ ငါပေးနိုင်တဲ့ အကြီးဆုံး ပစ်ဒဏ်ပဲ… ပြီးတော့ ငါရသင့်တဲ့ အကောင်းဆုံး ဆုလာဒ်ပဲလေ… (သူတို့ဘက်ကတော့ ဂရုမစိုက်ပေါင်လို့ တွေးချင်လဲတွေးပါစေ… ကိုယ်မရှိလဲ သူတို့ဘဝက Just fine ပါပဲ)… 

Blog ခရီး (သို့) အွန်လိုင်းခရီး…

ဘလော့ပေါ်မှာရော အွန်လိုင်း၊ ဖေ့ဘွတ် စတာတွေမှာတော့ တစ်ခါတစ်လေ ကိုယ်ပြောတာလေးတစ်ခု ကိုယ်လုပ်တာလေးတစ်ခုကြောင့် ဝေဖန်ခံရတာမျိုးတွေ… အထင်မှားပြီး ဆဲခံရတာမျိုးတွေ ကြုံခဲ့ရပါတယ်… အဲဒါကြောင့်လဲ နောက်ပိုင်း ဘလော့သိပ်မရေးဖြစ်တော့ တာလဲ ပါပါတယ်… ကိုယ်တာဝန်ယူနိုင်တဲ့အရာလဲဖြစ်ရမယ်… ကိုယ်ရေးတဲ့အရာကို အချိန်မရွေး ကိုယ့် အမြင်ဘက်ကရှင်းပြနိုင်ရမယ်… အတတ်နိုင်ဆုံး Originility ဖြစ်ရမယ်… မဟုတ်ရင် Proper credit ပေးရမယ် စတဲ့ စတဲ့ အွန်လိုင်းEthic ကို လိုက်နာတဲ့ အဆင့်ရှိတဲ့ အွန်လိုင်းသုံးစွဲသူတစ်ယောက်ဖြစ်ချင်လေလေ… အွန်လိုင်းမှာ စာရေးဖို့ လက်တွန့်လာလေလေပါပဲ… အွန်လိုင်းမှာ တွေ့ကြုံခဲ့တဲ့ အဖြစ်တွေက စဉ်းစားကြည့်ရင် ရီလဲရီချင်စရာ စိတ်လဲ လှုပ်ရှားစရာအတွေ့အကြုံတွေပါပဲ… တခါတစ်လေမှာ ရန်ဖြစ်ရင်းနဲ့ နောက်မှ ရင်းနှီးခဲ့တဲ့ အွန်လိုင်းက သူငယ်ချင်းတွေရှိသလို… တစ်ခါတစ်လေ ဘာမဟုတ်တဲ့ ကိစ္စတစ်ခုကို ငြင်းခုန်ဆွေးနွေးရင်း ကြည့်မရတဲ့ လူတွေလဲရှိပါတယ်… (ဟတ်ဟတ်… ကိုယ့်ကိုလဲ သူက ကြည့်မရပေါ့နော်)… အဲဒါကြောင့် အိမ်မှာဆို မဗေဒါဟာ အွန်လိုင်းပေါ်တက် ပြဿနာမီးထိုးရှာတဲ့ သူတစ်ယောက်လို့ပြောကြတာပေါ့… ဒါတောင် ပြောချင်တဲ့အရာတိုင်းမပြောလို့ နည်းနည်းတော်သေးတာ… 

အွန်လိုင်းသက်တမ်းတစ်လျှောက်မှာတော့ အကြီးအကျယ် မဗေဒါဆီကို ပြဿနာ ်မရှာပဲ ဆိုက်ဆိုက်မြိုက်မြိုက် ထိပ်တိုက်ရောက်လာတာ ၂ကြိမ်ကြုံခဲ့ရတယ်…
ပထမ တစ်ကြိမ်ကတော့ ၂၀၁၀ မေလ က မဗေဒါ ဘာလုပ်သင့်လဲဆိုတဲ့ (
 http://mabaydar.blogspot.sg/2010/05/blog-post_15.html ) ပိုစ့်လေးကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်… အွန်လို်င်းမှာ gmail စပေါ်တဲ့အချိန်ကတည်းက ကိုယ့်နာမည်အရင်းနဲ့တောင် မေးလ် မဖွင့်ပဲ ဒီ မဗေဒါဆိုတဲ့ nick name လေးနဲ့ အရင်ဖွင့်ဖြစ်ခဲ့တာပါ… ဘလော့ဂါမှာဆိုလဲ ၂၀၀၆ ကတည်းက မဗေဒါ ပါပဲ… ၂၀၁၀ လောက်မှ ပေါ်လာတဲ့ မဗေဒါတစ်ယောက်က နာမည်တူနေကြောင်း အကြောင်းလာကြားသွားတဲ့အချိန်မှာ စိတ်ထဲ ထင့်ကနဲ (နာမည်တွေအများကြီးရှိတဲ့အထဲကမှ ဘာလို့ နာမည်တူလာပေးနေသေးလဲလို့) ဖြစ်ခဲ့ပေမဲ့ ရင့်ကျက်သင့်တယ် နာမည်တူမရှာ လူတူမရှားဆိုတာရှိတယ်… သဘောထားမသေးသိမ်သင့်ဘူး အွန်လိုင်းမှာ စီနီယာကျတဲ့လူတစ်ယောက်အနေနဲ့ ရင့်ကျက်ပြခဲ့တယ်…. ဒါပေမဲ့ ကိုယ်လဲဘာမှမလုပ် ကိုယ်နဲ့လဲ မသိသူတွေက ကိုယ့်ဆီဗုံးမှာ လာပြီးဆဲတာခံရတော့ မဗေဒါရဲ့ ရင့်ကျက်မှု အတိုင်းအတာက နည်းတယ်ထင်ပါတယ် (ဝန်ခံပါတယ်… အဆုံးထိ ကျွန်မ မရင့်ကျက်နိုင်ပါဘူး… တစ်ခါတစ်လေ ကိုယ်သဘောမတူရင်တောင် ဘာမှ ကွန်မန့်မပေးတဲ့ကျွန်မအတွက် ဒီလိုပြောခံရတာတွေဟာ ကျွန်မရဲ့ ဆက်ကနဲထိ ကပ်ကပ်လန်ချင်တဲ့စိတ်ကို တုတ်နဲ့လာထိုးသလိုဖြစ်ခဲ့တာကိုး)… ဒီပိုစ့်ကို ဒဏ်ပြန်တဲ့ ပိုစ့်တစ်ပုဒ်ကို သူကလဲ ပြန်ရေးတယ်… ဒီလိုနဲ့ အွန်လိုင်း အငြင်းပွားပွဲကြီးနဲ့ ဘေးတီးသူ ပွဲကြည့်သူတွေ အတော်စည်ကားခဲ့တယ်… ဒီလိုမျိုးဖြစ်တိုင်း မှားတယ်မှန်တယ် သေချာခွဲခြမ်းပြီး ကိုယ့်ဘက်ကရပ်တည်တဲ့သူတွေက ကိုယ်နဲ့ မသိတဲ့ သူတွေများတယ်… အဲဒိကနေမှ သူငယ်ချင်းတွေ ထပ်ရပြန်တယ်… ကိုယ့်အတွက်ပြောပေးတဲ့ သူတွေအားလုံးကို မဗေဒါ စိတ်ထဲက ကျေးဇူးတင်တာ ကွန်မန့်တွေ ပြန်ဖတ်တိုင်း မျက်ရည်လည်တယ်ဆို (emo လို့ပြောမလား)…


အဲဒိ အတွေ့အကြုံကြောင့် “ငဂျစ်လေးရဲ့ ပုံပြင်” (
 http://mabaydar.blogspot.sg/2010/05/blog-post_19.html ) ဆိုပြီး ဆောင်းပါးလိုလို ဝတ္တုတိုလိုလို သရော်စာလိုလိုလေးရေးဖြစ်တယ်… စိတ်ထဲက မုပါနေတုန်းရေးလို့လားမသိဘူး… အဲဒိ ပိုစ့်လေးကို ဘယ်အချိန်ပြန်ဖတ်ဖတ် သဘောကျတယ်…

နောက်တစ်ခေါက် အွန်လိုင်းမှာပါးချခံရတဲ့ ဖြစ်ရပ်ကတော့ လောလောလပ်လပ် ပြီးခဲ့တဲ့နှစ် ဂျူလိုင်လကုန်လောက်က ဖြစ်ခဲ့တာပေါ့… ဖြစ်ပုံကတော့ မဗေဒါက မြန်မာပြည်ခရီးသွားအကြောင်း ရေးတဲ့ travel blog တွေ လိုက်ဖတ်လေ့ရှိတယ်… တနေ့မှာ မထင်မှတ်ပဲ ချက်ရီပက်ဗလစ်က အဖြူကောင်က ကောင်းမှုတော်ဘုရားနဲ့ တခြား မြန်မာ့ယဉ်ကျေးမှုတွေကို မထိမဲ့မြင်လုပ်နေတာကို ထောက်ပြပြီး tourist တွေအတွက် ဥပဒေ စည်းမျဉ်းတွေထုတ်သင့်ပြီလို့ မဗေဒါရဲ့ ဖေ့ဘွတ် fan page မှာ တင်လိုက်တယ်… (ပုံဘယ်ကယူလဲ source ကအစ တင်ပေးထားတာနော်)… blog post “သူလို tourist” (
 http://mabaydar.blogspot.sg/2013/07/tourist.html ) ဆိုပြီးတော့လဲ တင်ထားတယ်… ( အဲဒါကို မြန်မာပြည်က Tour guide အစ်မကြီးတစ်ယောက်က သူ့ friendlist ထဲက လူတစ်ယောက် Tour guide တွေကို ထိပါးရေးပြီး ပြန်ရှယ်တာကို ဖတ်မိပြီး tourist guide တွေကို မဗေဒါက စော်ကားပါတယ်ဆိုပြီး ဘယ်လိုက ဘယ်လိုအထင်မှားသွားသလဲတော့ မသိ အောက်က screen shoot လေးသာကြည့်လိုက်ပါတော့… 




မနက်အိပ်ရာက နိုးနိုးချင်း ကိုယ့်ပါးရိုက်မယ်ဆိုတာတွေရော အဲဒိ အဖြူကောင် ငမိုက်သားနဲ့လဲ ပေးစားဆဲခံရသေးတာ… ဘာမှမပြောနိုင်ပဲ ကွန်ပြူတာရှေ့မှာ ပါးစပ်အဟောင်းသားထိုင်နေတဲ့ ကျွန်မကို အလုပ်သွားဖို့ မပြင်ဘူးလားဆိုပြီး လာမေးတဲ့ အမေတွေ့တော့ ဘာဖြစ်နေတာလဲဆိုပြီး သူဝင်ကြည့်တော့ အမေလဲ နှလုံးတွေနာ… ကိုယ်တကယ်လုပ်ထားလို့ အဲသလို အဆဲခံရတယ်ဆို ဖြေသာသေး… ပြန်ဆဲဆိုလဲ ဆဲတတ်ပါတယ်… ဒါပေမဲ့ ကိုယ့်အဆင့်ကို အဲလောက်ထိ ဆွဲချစရာအကြောင်းမရှိဘူး… ရင်ထဲမှာ ခုနေသလို ဒေါသကြောင့်လိုလို မတရားလိုက်တာလို့ စိတ်ထဲဖြစ်ပြီး ခြေလက်တွေအေးပြီး တုန်ရီနေတာ… အလုပ်မှာတောင် လူတွေနဲ့ စကားသိပ်မပြောနိုင်ဘူး… အမှားပါမှာစိုးလို့…
ဒီလိုအချိန်မျိုးမှာ ဟိုးတုန်းကလိုပဲ ကိုယ်နဲ့တောင် အပြင်မှာ မသိ မမြင်ဖူး မခင်မင်တဲ့ သူတွေကပဲ ကိုယ့်ဘက်က ရှင်းပြပေးကြတာ ရပ်တည်ပေးကြတာတွေ့ရတော့… ငါတို့ မြန်မာအွန်လိုင်း community ကြီးလဲ တစ်ဆိတ်ထိ မျက်လုံးမှိတ် အမှန်အမှားမခွဲခြားပဲ ဆဲနေတဲ့သူတွေချည်းမဟုတ်ပါဘူး… ပြဿနာကို သေချာခွဲခြမ်းစိတ်ဖြာပြီး ကိုယ်မှန်တယ်ထင်တဲ့ဘက်က ရပ်တည်တဲ့သူတွေရှိပါသေးတယ်ဆိုပြီး အားတက်ရပြန်တယ်… 



သူကလဲ မာန်တင်းပြီး ပြန်ရန်တွေ့နေပေမဲ့ နောက်ဆုံးတော့ သူ့အပေါင်းအသင်းထဲက အွန်လိုင်းအနေကြာနေသူတစ်ယောက်က ဝင်ပြောပေးတာရော… အဲဒိ ပိုစ့်ကို tourist တွေကို ဆဲပြီးရှယ်တဲ့ ကာယကံယှဉ်ကတောင် မနေနိုင်တော့လို့ သူ့ကို မတ်စေ့ပို့ ဝန်ခံတော့မှ မဗေဒါကို မတ်စေ့ပို့ပြီး တောင်းပန်သွားပါတယ်… အဲဒိကိစ္စကြောင့် ခင်မင်သွားတဲ့ သူငယ်ချင်းတွေကိုတော့ စိတ်ထဲက တကယ်ခင်တာတစ်ကြေင်း ကိုယ်လဲ BBQ လုပ်စားချင်စိတ်ဖြစ်နေတာက တစ်ကြောင်းကြောင့် တွေ့ချင် စကားပြောချင်တာနဲ့ BBQ လုပ်ဖြစ်တယ်… ဒါပေမဲ့လဲ အပြောမလွတ်မပါဘူး… သူတပါးရှုံးနှိမ့်တာကို မဗေဒါက အောင်ပွဲခံတာ မကောင်းပါဘူးတဲ့… ဟုတ်ပါတယ်… ကိုယ်ကလဲ စရင်းနောက်ရင်း Event name ကို မစဉ်းစားပဲ တင်လိုက်မိတာကိုး…. ကိုယ့်ရင်ထဲက အလုံးကြီး အထင်လွဲမှားမှုကြီးပြုတ်ကျသွားတော့ အပျော်လွန်သွားတယ်ထင်ပါ့… ကိုယ့်ရည်ရွယ်ချက်ကို အထင်မှားသွားလို့ စိတ်ထဲတော့ စိတ်မကောင်းဖြစ်သွားပေမဲ့ အထင်မှားချင်လဲ မှားလောက်တဲ့ အခြေအနေမို့ ဖြေလဲ မဖြေရှင်းချင်တော့သလို ကိုယ်စိတ်သန့်ရင်ပြီးတာပါပဲဆိုပြီးထားလိုက်တယ်…
ဒီလိုပါပဲ တစ်ခါတစ်လေ လောကကြီးမှ ရှင်းလေ ရှုပ်လေ… အဲဒါကြောင့် ဟိုစကားပုံလေးလိုပေါ့… “လူတွေကို ရှင်းပြနေစရာမလိုပါဘူး… မိတ်ဆွေစစ်တွေကို ရှင်းပြစရာမလိုသလို၊ ရန်သူကိုရှင်းပြလဲ သူတို့က ယုံမှာမဟုတ်ပါဘူး” တဲ့… 




ကဲပါလေ… မွေးနေ့မှာ ပျော်စရာတွေရေးမို့ဟာ… ခုတော့ အတိတ်တွေ အောင့်မေ့လို့ မပြီးနိုင်တော့ဘူး… အသက်ကြီးလာတာ သိသာလိုက်တာနော်… ငယ်ကအဟောင်းတွေ ပြောရတာကြိုက်လာတာ…
ဒါနဲ့ မဗေဒါ အသက်ဘယ်လောက်ရှိလဲ မှန်းနိုင်လား? လျော့လဲမမှန်းနဲ့ ပိုလဲမပြောနဲ့ လူကြည့်ပြီး စိတ်ထဲပေါ်လာတဲ့ နံပါတ်ကိုပြော… ဟဲဟဲ..



သဲလွန်စပေးလိုက်မယ်… အိမ်ထောင်ပြုဖို့ တော်တော်လေး အချိန်တန်တဲ့ အသက်အရွယ်ရောက်နေပြီ… ဟိ

ဒီနေ့ ဖေ့ဘွတ်ပေါ်မှာ မွေးနေ့ဆုတောင်းပေးတဲ့သူတွေအများကြီးပဲ… Virtually ဆိုပေမဲ့ အဲဒိလို အမှတ်တရ လာဆုတောင်းပေးတဲ့သူတွေ အများကြီးရှိတာ အရမ်းဝမ်းသာတယ်… ငယ်ငယ်ကလို ကိုယ့်မွေးနေ့မှာ သူငယ်ချင်းတွေခေါ် ကိုယ့်ပိုက်ဆံတွေအကုန်ခံပြီး လုပ်ရတဲ့ မွေးနေ့တွေက ခုချိန်မှာတော့ သိပ်အဓိပ္ပါယ်မရှိလှဘူး… ခုလို ကိုယ့်ဆီက ဘာမှလဲ မမျှော်လင့်ဘူး … ဆုမတောင်းပေးလဲ အနေသာကြီးပေမဲ့ ဆုတောင်းပေးဖို့ရွေးချယ်ပြီး အချိန်တွေ၊ ခွန်အားတွေအသုံးချပြီး ဆုတောင်းပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောရင်တောင် မဗေဒါစိတ်ထဲမှာ ခံစားရတဲ့ ကြည်နူးဝမ်းသာမှုကို အပြည့်အဝဖော်ပြရာရောက်မှာမဟုတ်သေးဘူး… အသက်တွေကြီးလာတာနဲ့အမျှ မွေးနေ့ဆိုတာလဲ တခြားနေ့တွေထဲက တစ်နေ့အဖြစ် သတ်မှတ်လာနေပေမဲ့.. ခုလို မွေးနေ့မှာ ကိုယ့်ဝေါပေါ်လာဆုတောင်းပေးတဲ့သူတွေကြောင့် Feeling special (ဖေ့ဘွတ်အသုံးများတဲ့ အကျိုးတွေ) ဖြစ်ရပါတယ်…

အသက်အရွယ်နဲ့ ရင့်ကျက်မှု၊ ဆုံးဖြတ်ချက် တစ်ထပ်တည်း ကျပါစေလို့ ကိုယ့်ကိုကိုယ်ဆုတောင်းရင်း နောင်လာမဲ့ နှစ်တွေကို အေးအေးလူလူ ဆက်လက် ကျော်ဖြတ်ချင် မိပါတယ်..
ကဲ…ကဲ ဟိုးအရင်တုန်းကလိုပဲ မုန့်တွေနဲ့တည်ခင်း ဧည့်ခံမယ်နော်… ဒီတစ်ခါတော့ မဗေဒါ ကိုယ်တိုင်ရိုက်ပုံလေးတွေပေါ့နော်… :D သုံးဆောင်ကြပါကုန်…


ငါးရှဥ့်ခြောက်စပ် ကြွပ်ကြွပ်လေး...

ရွှေဘဲက ငါးချိုချဉ်

၁၉လမ်းက ငါးကောင်လုံးကင်

ခရုဆီ ကိုက်လန်ကြော်

ဂေါ်ဖီပန်းဆို ရှမ်းပန်း အရိုးစိမ်းစိမ်းလေးမှ ကြိုက်တယ်ကွယ်...

ဘဲကင်မှာ ရွှေဘဲ.... ရွှေဘဲဆိုရင် ဘဲကင်...

ယိုးဒယား တုမ်ယန်းဟင်းချို ချဉ်စပ်လေးသောက်နော်...

Feel က ကြေးအိုးဆီချက်

Feel က ကြေးအိုး... (ရွှေတောင်တန်းလမ်းက ကြေးအိုးတွေလောက်တော့ မကောင်း)

စကာင်္ပူ အင်းလေးစားသောက်ဆိုင်က အရွက်နည်း အသားနည်း အရသာကြာဇံပြုတ်ကြေးအိုး...

မြန်မာ့အစားအစာနဲ့ လက်သုတ်စုံများ
ညှပ်ခေါက်ဆွဲသုတ်နဲ့ ကြာဇံဟင်းခါး...

မုန့်ဟင်းခါးသုတ်... သရေယိုလာပြီ..

အုန့်နို့ခေါက်ဆွဲ... ပဲသွေး... နတ်သုဒ္ဒါနဲ့ မလဲနိုင်ဘူးနော်...

မလောက်ရင် ဟောဒီမှာ တရုတ်တန်းက အကြော်စုံ...

လဘက်ထမင်း၊ ကြက်ဥအုပ် နဲ့ လျှောက်သီးသုတ်....

နန်းထိုက်က ရှမ်းခေါက်ဆွဲ... အသားကနည်း..

မဗေဒါရဲ့ အမေခေါက်ဆွဲသုတ်က ကောင်းလွန်းလို့ ရန်ကုန်ပြန်ရင်တောင် ဆိုင်က ခေါက်ဆွဲသုတ်ကို သိပ်မစားဖြစ်ဘူး...

သတ်သတ်လွတ်သမားတွေအတွက်ကတော့ ရွှေမြို့တော်က အော်ဒါမှာထားတယ်

ပူရီဖောင်းကားကား...

ကြက်ဥတိုရှည်... ဟင်းကြိုက်သလောက် အလိုက်ပေးအုံးမှာ...

Korea BBQ လေးကြိုက်ရင်စားသွားနော်...

ကဲ ဘာလိုသေးလဲပြော...

မွေးနေ့ဆိုတော့ Seaweed soup လေးသောက်ရမှာပေါ့ (ရှလွတ်.. မကြိုက်ဘူးဟ)

အသားစုံ အားမနာနဲ့ ကင်သာစား... မဗေဒါကတော့ အမဲသားအကြိုက်ဆုံး

Kimbap

အချိုပွဲလေးစားရင်း စကားစမြည်ပြောပေါ့နော်... 
ကော်ဖီလေး သုံးဆောင်ပါရှင့်

သောက်နော်...

Coffee club က ကော်ဖီခါးခါးနဲ့ Macaroon ချိုချို

McCafe က မိုကာနဲ့ ဘဂါဝမ်ဆိုလိုက Chestnut cake


စကာင်္ပူက အင်းလေးစားသောက်ဆိုင်က ဆနွင်းမကင်း

ပဲကျွတ်ကျော်လို့လဲခေါ်တယ်... ရန်ကုန်မှာတော့ မန္တလေး ပဲပလာတာလို့လဲ ခေါ်လားမသိ..


ဘိန်းမုန့်ပူပူ မွှေးမွှေးလေး... ခုမှ အိုးပေါ်က ကျတာ...

မွေးနေ့ကိတ်လေးစားသွားနော်...
Yamazaki က Fruit cake... (ကောင်းမှကောင်း)

SwenSens Ice-cream cake (အရမ်းကြိုက်)

ငှက်ပျောသီး ချောကလက် Fruit tart
TCC က Cheese Cake

TCC က အအေး ချဉ်ပြုံး... အအီပြေလေး...

အပိုစာဒါး ၀ါးဖို့ အိမ်သယ်သွားဖို့...

I do not own this photo... (sorry... I forget the source)

ဘဲသွေးသုတ်

ငါးခြောက်ဖုတ်

သရက်ပျဉ်... (အရမ်းမစားနဲ့ ၀မ်းလျောမယ်)