Friday, February 21, 2014

Repulse Bay Beach, Stanley Market & Tin Hua Temple – Day 5

                                                                                       ၂၁ရက် ဇန်န၀ါရီ ၂၀၁၂ မှတ်တမ်း

ခရီးသွားခြင်းဟာ သင်ဝယ်သမျှပစ္စည်းတွေထဲမှာ သင့်ကို ပိုကြွယ်ဝအောင်လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာ...


ဒီပိုစ့်လေးမှာတော့ အထူးဧည့်သည်အနေနဲ့ ၀တ္တုတိုတွေရေးလေ့ရှိတဲ့ စာရေးအရမ်းကောင်းတဲ့ အရမ်းလဲသဘောကောင်းတဲ့ ဟောင်ကောင်က ဘလော့ဂါအစ်မတစ်ယောက်နဲ့ တွေ့ဆုံဖြစ်တဲ့အကြောင်းလေးပါမှာဖြစ်ပါတယ်… မဗေဒါက ဟောင်ကောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ ပိုစ့်လေးရေးအပြီး cbox မှာ ဆွေလေးမွန်ဆိုတဲ့ အစ်မက ဟောင်ကောင်ကနေကြိုဆိုကြောင်းပြောသွားရင်း မသွားခင်ကတည်းက ဂျီတော့မှာ ရင်းနှီးခဲ့ပါတယ်…

ရောက်ရောက်ချင်းနေ့မှာ ဟော်တယ်က ဖုန်းနဲ့ ဖုန်းဆက်ဖြစ်ပေမဲ့ မတွေ့ဖြစ်ပါဘူး…
၅ရက်မြောက်နေ့မှာတော့… ကျွန်မတို့တွေ Tourist attraction ဖြစ်တဲ့ Repulse Bay နဲ့ ဈေးဝယ်လို့ကောင်းတဲ့ Stanley Market ကိုသွားဖို့ စီစဉ်လိုက်ပါတယ်…
ကျွန်မအွန်လိုင်းမှာရှာလာတဲ့ အင်ဖိုတွေအတိုင်းပဲ သူငယ်ချင်း ၂ယောက် အေးအေးဆေးဆေးသွားဖြစ်ပါတယ်…

အဲဒိနေ့မှာတော့ ရှေ့နေ့တွေက ပင်ပန်းထားတာကြောင့် ပြန်ရခံနီးပေမဲ့ ကျွန်မတို့ ၂ယောက် လုံးဝ အလျင်စလို မလုပ်တော့ပါဘူး… ကိုယ်ရောက်တဲ့နေရာကို ရောက်တဲ့အချိန်မှာ ပျော်ပျော်ကြီးပဲ ခံစားလိုက်တော့မယ်လို့ စိတ်ထဲထည့်ထားလိုက်ပါတယ်… အပျော်ခရီးထွက်လာပြီး ပင်ပန်းနွမ်းနယ် အလုပ်ပြန်ဝင်ရင်လဲ ပိုဆိုးလိမ့်မယ်လို့ထင်တယ်လေ…

မနက်စာကိုတော့ ကျွန်မတို့ စားနေကျ ဟိုတယ်နားက ဒင်းဆန်းဆိုင်ကိုပဲ သစ္စာရှိရှိခြေဦးတည့်လိုက်ပါတယ်… ဟဲ ဟဲ…. ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ဒီနေ့တော့ ဒင်းဆန်းအပြင် ၀က်သားကင် (Roasted pork) နဲ့ ဟောင်ကောင်ဘဲကင် (Roasted Duck) နဲ့ ထမင်းမှာစားဖြစ်ပါတယ်… ဟောင်ကောင်ရောက်မှတော့ ဟောင်ကောင်စတိုင် အသားကင်တွေစားသင့်တာပေါ့နော်…. မြန်မာပြည်မှာဆို ဈေးကကြီးသေး… မြန်မာပြည်က အရသာနဲ့တူမတူလဲ မြည်းစမ်းကြည့်တာပေါ့…
အသားတွေမှ အများကြီးပဲ… စားရတာ တန်တယ်လို့ခံစားရတယ်… ၀က်သားခေါက်ကင်ကလဲ ကျွတ်ရွပြီး စားလို့ကောင်းမှကောင်း… ဘဲကင်ကလဲ နည်းနည်းလေးမာပေမဲ့ ချိုတိုတို ကျွတ်ရွရွလေး…. ဟင်းးးး… (ရေးရင် သားရည်ပြန်ကျလာပြီ)….

ဒါလေးကလဲ အသည်းစွဲကြိုက်

Going to Repulse Bay


အးဆေးစားပြီးမှ ကျွန်မတို့တွေ Repulse Bay သွားတဲ့ ဘတ်စ်ကား စီးဖို့ Hong Kong ဘူတာရုံကို သွားပါတယ်… ကျွန်မတို့ကတော့ တင်းရှဆွေ ဘူတာကနေ ဟောင်ကောင်ဘူတာကို ရထားစီးပြီး ထွက်ပေါက် ဒီ (Exit D) ကနေထွက်ပြီး မြှားအတိုင်းလျှောက်လိုက်ရင် ကုန်းကျော်တံတားတစ်ခုဖြတ်ပြီး တံတားအောက်ဆင်းလိုက်ရင် အဲဒိ ဘတ်စ်ကားတွေထွက်တဲ့ Interchange လိုဂိတ်စကိုရောက်ပါတယ်… 


အဲဒိ ကုန်းကျော်တံတာရဲ့ဟိုဘက်ခြမ်း (တံတားက ဟောင်ကောင်ရုပ်ရှင်တွေထဲမှာ မြင်နေကျ ပုံမျိုး)
တံတားရှေ့ကပန်းခင်းကြီး
ကားနံပါတ် 6, 6A, 6X, 66 or 260 စီးပြီး Repulse Bay Beach မှတ်တိုင်မှာ ဆင်းရင်ရောက်ပါပြီ… အဲဒိမှာ တခြားခရီးသွားပုံစံမျိုးတွေ အဖြူတွေလဲ ရှိတဲ့အတွက် မှန်လား မှားလားမှန်းရလွယ်ပါတယ်… ဒါပေမဲ့ သေချာအောင် မေးကြည့်ရင်တော့ ကောင်းတာပေါ့… ကားက တော်တော်ကြာကြာလေးစီးရတယ်… တောင်ပေါ်လမ်းတွေပေါ်တက်သွားတော့… ဟုတ်မှဟုတ်ရဲ့လား မှားများမှားနေပြီလားဆိုပြီး စိတ်ထဲထင်မိတယ်… ဒါပေမဲ့ ပါလာတဲ့ အဖြူတွေကို ကြိတ်အားကိုးပြီး သူတို့တောင် မဆင်းသေးတာ မှန်မှာပါလို့ စိတ်ထဲ အားတင်းထားမိတယ်… ၁နာရီကျော်လောက် တောင်ပေါ်လမ်းတွေ ခြံဝန်းလေးတွေကို ဖြတ်မောင်းနေတာ… ကိုယ်သွားမှာက ပင်လယ်ကမ်းခြေ ဘယ့်နှယ့် တောင်ပေါ်ကိုတက်နေလဲဆိုပြီး စိုးရိမ်စိတ်က ကိုယ်အားကိုးနေတဲ့ အဖြူတွေကားပေါ်က ဆင်းတော့ ပိုဆိုးပါလေရော… ဂိတ် တစ်ဂိတ်အရောက်မှာ သူတို့တော်တော်များများ ဆင်းကုန်တယ်… ဒါပေမဲ့ ဘာ ပင်လယ်မှလဲ မမြင်ရသေးပါဘူး… ကားမှတ်တိုင်နာမည်လှမ်းကြည့်တော့လဲ Repulse Bay Beach လို့ ရေးမထားဘူး… ဒါနဲ့ပဲအားတင်းပြီး ဆက်စီးလိုက်တယ်… နောက်ထပ် မိနစ် ၁၅ မိနစ် မိနစ် ၂၀လောက်နေတော့မှ Repulse Bay ဆိုတဲ့ လမ်းပြဆိုင်းဘုတ်တွေတွေ့တော့ နည်းနည်း စိတ်အေးရတယ်… နောက်တော့လဲ ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ပင်လယ်လဲ တောင်ကုန်းပေါ်ကနေ ခပ်လှမ်းလှမ်းမြင်ရတယ်…. Repulse Bay Beach ဆိုတဲ့ ကားမှတ်တိုင်မှာရေးထားတာတွေ့တော့မှ ဆင်းလိုက်တယ်… အဲဒိကားလမ်းကျဉ်းလေးရဲ့ တစ်ဖက်ကို ဆင်းလိုက်ရင်ဖြင့် Repulse Bay Beach ကို ရောက်ပါတယ်…


Repulse Bay Beach တစ်ယောက်မှရှိဘူး...


ကားပေါ်က ဆင်းလိုက်တော့ ချမ်းတက်သွားတာပဲ… ပင်လယ်ဘက်က လာတဲ့လေကို တောင်နံရံနံ တန်ပြန်တိုက်တော့ လေကလဲ တဖြူးဖြူး… လေတိုက်လိုက်တိုင်း ကျွန်မတို့ သူငယ်ချင်း ၂ယောက် အရိုးထဲထိ ချမ်းစိမ့်တက်သွားတယ်… တုန်တောင်တုန်လာတယ်… ကျွန်မတို့ရောက်တဲ့ အချိန် ကမ်းခြေက လူအတော်ရှင်းတယ်…. အေးအေးနဲ့ ဆီးသွားချင်တာနဲ့ အိမ်သာတန်းပြေးဖြစ်သေးတယ်… လူတွေမတွေ့လို့ Zombie မြို့ကြီးများဖြစ်နေလား… ငါတို့ကို ထွက်ကိုက်အုံးမယ်ဆိုတဲ့ ကလေးဆန်ဆန်အတွေးကလဲဖြစ်တယ်… Tourist attraction ဆိုပြီး ဘယ်သူမှလဲမရှိ… အစောက ကားစီးလာတဲ့ အဖြူတွေဆင်းသွားတဲ့နေရာက ဘယ်နေရာလဲတော့ မသိ… ဒါပေမဲ့ လူ ၁ယောက်စ ၂ယောက်စတွေ့တာရော နေရာကို နည်းနည်း အသားကျသွားတာရောကြောင့် မကြောက်တော့ဘူး…

Tin Hau Temple





အဲဒိ Repulse Bay မှာက ပင်လယ်ကို မျက်နှာမူပြီးဆောက်လုပ်ထားတဲ့ Tin Hau ဘုရားကျောင်းရှိတယ်… အရင်က တံငါသည်တွေကို စောင့်ရှောက်တဲ့ ဘိုးတော်ပေါ့နော်… ပြီးတော့ အဲဒိ ဘုရားကျောင်းထဲမှာ ဟောင်ကောင်ရဲ့ နောက်ဆုံးကျားအရေခွံရှိတယ်တဲ့… (ခုမှရေးဖို့ရှာရင်းနဲ့တွေ့တာ… မဗေဒါက ဘုရားကျောင်းအတွင်းဘက်ကို မ၀င်ခဲ့ဘူး… ဟိ) (Source: http://www.nextstophongkong.com/attractions/top-attractions/repulse-bay/ ) အဲဒိ ဘုရားကျောင်းရဲ့ရှေ့မှာတော့ Tin Hau ရုပ်ထုအကြီးကြီးနဲ့ ကွမ်ယင်မယ်တော်ရုပ်ထု အကြီးကြီး ၂ ခုက ပင်လယ်ဘက်ကို မျက်နှာမူပြီးရှိတယ်… ကွမ်ယင်မယ်တော်က မတ်တပ်ရပ်နေတာ… Tin Hau ကတော့ ထိုင်နေတာ… အဲဒိ ဘုရားကျောင်းရဲ့ ရှေ့ဝန်းထဲ ပင်လယ်ဘက်မှာတော့ တရုတ်စတိုင် ပန်းခြံတစ်ခုရှိတယ်… အဲဒိထဲမှာ တရုတ်စတိုင် အမိုးလေးနဲ့ ဇရပ်လေးရယ်… အဲဒိရှေ့မှာတော့ တခြား မဗေဒါမသိတဲ့ ရုပ်ထုတွေရှိတယ်… အဲဒိနေရာလေးက စိတ်ထဲမှာ အိပ်မက်ဆန်ဆန်လိုလို သိုက်အဆက်ရှိနေသလိုလို (တော်ရုံတော့ အဲဒါတွေမယုံပါဘူး… ဒါပေမဲ့ အဲလိုရေတွေ လေတွေနဲ့ ဘုရားကျောင်းတွေရောက်ရင် စိတ်ထဲက ကြောက်တယ်) အဲဒိ ပန်းခြံလေးက ရေထဲကို ထိုးဆောက်ထားတော့ ရေထဲကပဲ နဂါးကြီးထွက်လာတော့မလိုလို…

ပင်မဘုရားကျောင်းဘက်ကနေ အဲဒိ တရုတ်စတိုင် ပန်းခြံလေးကို ဆက်ထာတဲ့ တံတားလေးနာမည်ကတော့ Longevity Bridge တဲ့ (သက်ရှည်တံတား) အဲဒိ တံတားလေးကို တစ်ကြိမ်ဖြတ်ရင် ၃ရက်အသက်ရှည်တယ်တဲ့… မဗေဒါ ၄ခေါက်လောက်ဖြတ်ဖြစ်ခဲ့တယ်ထင်တယ်… ၁၂ရက် အသက်ပိုရှည်ပြီပေါ့နော်…


Longevity တံတား
The statues, the beach, mountain and the high rise building... Am I dreaming?

Longing for you...

ကျွန်မတို့ ဓာတ်ပုံရိုက်နေတာနဲ့ဘာနဲ့ နောက်ပိုင်းတော့ တိုးရစ်ကားတွေနဲ့ ဧည့်သည်တွေရောက်လာလိုက် ပြန်သွားလိုက်ပဲ… ကျွန်မတို့ ၂ယောက်ကလဲ အေးဆေးသမားတွေဖြစ်နေတာ… ကွမ်ယင်ရုပ်ထုနဲ့ အ၀င်ပေါက်နဲ့ ကြားမှာ ရုပ်ထု အလတ်စားလေးတစ်ခုရှိတယ်… God of Wealth ချမ်းသားကြွယ်ဝမှုတွေပေးတဲ့ နတ်ဘုရား လို့ ဘာသာပြန်လို့ရမယ်ထင်တယ်.. တိုးကားတွေလာတိုင်း တိုးဂိုက်ကရှင်းပြပြီးရင် တန်းစီပြီး အဲဒိအရုပ်ကို ပွတ်သပ်ပြီး ဘာမှ မပါလာတဲ့ဟာကို အိတ်ထဲထည့်သွားကြတယ်… ကျွန်မတို့ ၂ယောက်လဲ ဟုတ်ဟုတ်မဟုတ်ဟုတ် လုပ်လိုက်တာ မမှားဘူးလေ…. ဒီတော့ လိုက်လုပ်တာပေါ့… အများကြီး အများကြီး ပွတ်သပ်ပြီးတော့ကို ကျွန်မအိတ်ထဲ ထည့်ခဲ့တာ… ဟော… ရေးနေရင်းနဲ့မှ ခုပဲသတိရတယ်… အဲဒိက ပြန်လာပြီး ကုမ္ဗဏီက D&D မှာ ကံစမ်းမဲ စတုထ္ထဆု Ipad2 ပေါက်လို့ ရောင်းစားလိုက်တာ ပိုက်ဆံ ဒေါ်လာ ၁၀၀၀ တောင်ရတယ်… ဒီမှာအိုင်ပက်ရောင်းဖို့ ကြော်ငြာတဲ့ပိုစ့်.... အဲဒိရောင်းရတဲ့ ပိုက်ဆံထဲကနေ မဗေဒါ မိဘတွေ ရန်ကုန်ပြန်တော့ ရန်ကုန်အိမ် ဆေးသုတ်ဖို့တောင် ပေးဖြစ်ခဲ့သေးတယ်… အဲဒိတုန်းက မစပ်ဆက်မိဘူး… အဲဒိ နတ်ရုတ်ကို ပွတ်သပ်ပေးခဲ့လို့များလား တိုက်ဆိုင်မှုတစ်ခုပဲလား ဆိုတာတော့ တွေးစရာပေါ့နော်… ဘာပဲဖြစ်ဖြစ် အဲဒိရောက်ရင်တော့ အဲဒိရုပ်ထုကို ပွတ်သပ်ပြီး အိတ်ထဲထည့်တဲ့ အမူအယာလုပ်ခဲ့နော်… :D


တကယ်စွမ်းတယ်နော်... ဒါတောင် နောက်ပြီးလုပ်ခဲ့တာ... နောက်တစ်ခါရောက်ရင်တော့ တစ်ခုခုလှူမှပဲ...
Repulse Bay အကြောင်း သေချာသိချင်ရင် ဖတ်ကြည့် ဓာတ်ပုံရိုက်လာတယ်...

Stanley Market

I was at Stanley Market, Hong Kong
အဲဒိ Repulse bay ရဲ့ ဘေးကပ်ရပ်မှာပဲ Stanley Market ဆိုတာရှိတယ်... အဲဒိဈေးလေးက ခမ်းခမ်းနားနားတော့မဟုတ်ဘူး... ပျံကျဈေးလေးလိုပဲ... ဒါပေမဲ့ အဲဒိဈေးလေးကလဲ tourist attraction နေရာလေးပါပဲတဲ့... အဲဒိအချိန်တုန်းကတော့ မသိခဲ့ပါဘူး... ဒီလိုပဲတွေ့လို့ ၀င်လိုက်တာပဲရှိတယ်... (research မရှာခဲ့တဲ့ အကျိုးတွေလေ... ဘယ်ရောက်လို့ ရောက်နေမှန်းမသိတာ)... ဈေးလေးက လက်ဆောင်ပစ္စည်းတွေ... အ၀တ်အထည်တွေ၊ အိတ်တွေ စသည်ဖြင့် စုံစိနေတာပါပဲ... ဈေးကလဲ ဆစ်လို့ရတယ်... ဈေးက ဆစ်ကိုဆစ်သင့်တယ်လို့ တစ်ချို့ဆိုဒ်တွေမှာရေးထားတာတွေ့ပါတယ်... မဗေဒါကတော့ အဲဒိက ပ၀ါလေးတွေ လှလဲလှ သက်လဲသက်သာတာနဲ့ လက်ဆောင်ပေးဖို့ရော ကိုယ့်အတွက်ရော ၀ယ်လာဖြစ်တယ်... ဘေးလွယ်အိတ် ပိုက်ဆံအိတ်လေးတစ်လုံးလဲဝယ်ဖြစ်တယ်... ပထမဆုံးနေ့မှာ စလုံးကယူလာတဲ့ ပိုက်ဆံအိတ်က ကြိုးပျက်ကျထားတာဆိုတော့ ၀ယ်သင့်တယ်လေ... ပြီးတော့ ပိုလိုတီရှပ်လေး ဆင်တူ ၂ထည်ဝယ်ဖြစ်တယ်... (ကိုယ်က ဆင်တူဝတ်ချင်တဲ့ သူရှိတယ်လေ)... အဲဒိဈေးလေးမှာ လျှောက်ကြည့်ရတာတော့ တော်တော်ပျော်ပါတယ်... အပြန်ကီလိုမလောက်မှာစိုးလို့သာ အရမ်းလွှတ်မ၀ယ်ရဲတာ...

တကယ်တော့ Repulse Bay နဲ့ Stanley မှာ လည်စရာတခြားနေရာတွေအများကြီးရှိပါသေးတယ်... ကိုယ်က ဘာမှ ကြိုမရှာပဲ ဒီတိုင်းသွားချလိုက်တော့ အချိန်တွေရှိပေမဲ့ ဘယ်သွားရမှန်းမသိတာနဲ့ ပြန်လာဖြစ်လိုက်တယ်... သွားစရာတခြားနေရာတွေက Stanley Market ကနေ ဆက်လျှောက်ရင် ရောက်တယ်လို့ပြောပါတယ်... 
တခြားနေရာတွေကတော့ -
၁) Stanley Promenade and waterfront Mart (စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေနဲ့ ပင်လယ်ပြင်အလှကို ခံစားရင်းလဲ ဈေးဝယ်လို့ရတယ်ဆိုပါတယ်... အဲဒိနားကရှုခင်းတွေက ဥရောပရောက်နေသလို ခံစားရပါလိမ့်မယ်လို့ပြောပါတယ်)
၂) Murray House and Blake Piers (Waterfront ကနေ ဆက်လျှောက်သွားရင်ရောက်တဲ့ ကိုလိုနီခေတ်အဆောက်အဦးတွေပါ... သမိုင်းဝင်နေရာလို့လဲပြောပါတယ်)
ပိုတိတိကျကျသိချင်ရင်တော့ နောက်ကလင့်မှာသွားဖတ်လို့ရပါတယ်
(Source: http://www.nextstophongkong.com/attractions/top-attractions/repulse-bay-stanley-market/#site4 )


ဖြူစင်သော စိတ်ကလေး ဘလော့ပိုင်ရှင်နှင့်တွေ့ဆုံခြင်း



ဟောင်ကောင်ရောက်တော့ မဆွေလေးမွန်ဆီ ဖုန်းဆက်ဖြစ်တယ်... ဒါပေမဲ့ ဘယ်တော့တွေ့မယ် အသေအချာမချိန်းဖြစ်ဘူး... ဒီနေ့တော့ ပြန်ခါနီးတာရော စနေနေ့ဖြစ်တာရောကြောင့် သူလဲအားလောက်မယ်ထင်တာနဲ့ တွေ့ဖို့ချိန်းဖြစ်ကြတယ်... ဖုန်းပေါ်မှာ သူ့အသံကနုတာရော... ကိုယ့်ကိုအစ်မခေါ်တာရောကြောင့် ကိုယ်လဲ ညီမလေးဆိုပြီးပဲခေါ်ဖြစ်တယ်... (ဟုတ်တယ်လေ ကိုယ့်ထက် အသက်ငယ်တဲ့ လူဦးရေက တနေ့တခြားတိုးပွားလာနေတော့ ခုနောက်ပိုင်းဆို အသက်မသိရင် ကိုယ်က အကြီးလုပ်ပြစ်လိုက်တာများတယ်... ခွိ)... စစချင်းနေကတည်းက အစ်မ မဗေဒါနဲ့ ညီမလေး ဆွေလေးမွန်ပဲသုံးဖြစ်ကြတယ်... တွေ့ဖို့ချိန်းတော့ သူက ဂျော်ဒန်ဘူတာရုံအ၀ကိုလာခဲ့မယ်တဲ့... ဒီလိုနဲ့ သူငယ်ချင်း ၂ယောက် ဟိုတယ်ကနေပြန်ထွက်လာကြတယ်... ဘာအကျီင်္အရောင်ဝတ်ထားလဲဆိုတော့ အညိုရောင်အနွေးထည်တဲ့... သူ့ဘလော့မှာလဲ ဓာတ်ပုံတင်လေ့မရှိတော့ ဘယ်လိုပုံလဲ ကိုယ်က မှန်းလို့မရ... နောက်တော့ ဘူတာပေါက်နားမှာ သူငယ်ချင်း ၂ယောက် မြန်မာလိုပြောလိုက်တော့ အဲဒိက မိန်းကလေးတစ်ယောက်က လှည့်အကြည့် ၂ယောက်သားတွေ့သွားကြတယ်... "မဗေဒါလား"... "မဆွေလေးမွန်လား" ပေါ့... ၂ယောက်လုံးကလဲ ကလောင်အမည်တွေ... (ထင်တာမမှားဘူးဆိုရင် သူ့နာမည်လဲ ကလောင်နာမည်ပဲလို့ ပြောဖူးသလိုပဲ... ၂နှစ်ရှိပြီဆိုတော့ မေ့ပြီ ဦးနှောက်က... ကိုယ့်နာမည်အရင်းလဲ သူမှတ်မိမယ်ထင်ပါဘူး... ကိုယ့်စိတ်နဲ့နှိုင်းတာ... ဟီး) 

မဗေဒါလို့ ခေါ်ခံရတာ ဂျပန်သွားတုန်းက ဘလော့ဂါ မယ်ဂုမိနဲ့တွေ့ခဲ့တုန်းက ပထမဆုံးပဲ... အဲဒိတုန်းကတော့ နားထောင်ရတာရော ခံရတာရော အတော်ခက်တယ်... ခုတစ်ခေါက်တော့ သိပ်မခက်တော့ဘူး... အွန်လိုင်းသူငယ်ချင်းတော်တော်များများ မပြောနဲ့ ကိုယ့်အပြင်သူငယ်ချင်းတချို့တောင် နာမည်အရင်း မခေါ်ပဲ မဗေဒါလုပ်နေကြတာ... တွေ့တွေ့ချင်းတော့ နည်းနည်းလေးကြောင်သွားတယ်... ကိုယ်က ညီမလေးနဲ့ချည်းခေါ်လာတော့ အားနာသွားတယ်... မလေးစားသလိုဖြစ်သွားမလားလို့... ချက်ချင်းကြီး အစ်မနဲ့ ညီမကို ပြောင်းရမယ်ဆိုတော့ ဒီလိုပဲ ပွင့်ပွင့်လင်းလင်းပြောပြီး ရီဖြစ်သွားတယ်... မဆွေလေးမွန်က ၀တ္တုတိုလေးတွေအရမ်းအရေးကောင်းသလို အပြင်မှာလဲ ခင်မင်စရာကောင်းတဲ့ သူတစ်ယောက်... ဟန်ဆောင်မှုမရှိဘူး... တချို့လူတွေတွေ့ဖူးတယ် တွေ့တွေ့ချင်းဆို စတယ်ကြီးတွေနဲ့ နေကြတာလေ... မဆွေလေးမွန်က အဲလိုမဟုတ်ဘူး... ရီရီမောမောပဲ... ၀တ္တုတိုတွေဖတ်ရတာကြိုက်ရင် ဟောင်ကောင်က သဘောကောင်းတဲ့ ဘလော့ဂါ မဆွေလေးမွန်ရဲ့ "ဖြူစင်သောစိတ်ကလေး" ဘလော့ကို သွားဖတ်လိုက်နော်... ဘယ်သွားမလဲ... ဘယ်လိုက်ပို့ရမလဲဆိုတော့ ကိုယ်တွေလဲ သေချာမသိ... ဒါနဲ့ သူက Ladies Market ရောက်ပြီးပြီလားဆိုတော့ မရောက်သေးဘူးဆိုတာနဲ့ အဲဒိပဲ သွားဖြစ်တယ်...


စာရေးလဲကောင်း ခင်ဖို့လဲကောင်းတဲ့ ဟောင်ကောင်က မြန်မာဘလော့ဂါ မဆွေလေးမွန်

လမ်းမှာ ဒင်းဆန်းဆိုင်တွေ့တာနဲ့ Menu ၀င်ဖတ်ရင်း စားချင်စိတ်ဖြစ်မိတယ်... ဗိုက်ကတော့ အရမ်းအဆာကြီးမဟုတ်ပေမဲ့ စားချင်လဲဖြစ်တယ်... ဒီလိုနဲ့ပဲ အဲဒိဆိုင်ကိုဝင်ဖြစ်တယ်... မဆွေလေးမွန်က သူဧည့်ခံမယ်ဆိုတော့ အားလဲနားတယ်... (ခင်လဲခင်တယ် ပေါ့နော်)... မဗေဒါသူငယ်ချင်းကလဲ အားတွေနာနေတယ်... ငြင်းပေမဲ့ အစ်မက အိမ်ရှင်ဆိုတော့ ကျွေးရမယ်တဲ့... ဘယ်လောက်မှရှိတာမဟုတ်ဘူးတဲ့... အားမနာနဲ့တဲ့... မဗေဒါမှာ အကျင့်တစ်ခုရှိတယ်... ၂ ခါပဲငြင်းတယ်... တကယ်စားချင်နေတယ်ဆိုရင် ၂ခါထက်ပိုမငြင်းဘူး... မဗေဒါ၂ခါထက် ပိုငြင်းနေရင် တကယ်မစားချင်လို့ပဲ... (၃၊ ၄ခါလောက်ငြင်းနေရရင် စိတ်ကတိုလာတတ်တယ်... ခိ ခိ)... အဲဒိလိုပဲ ကိုယ်က offer ပေးလဲ ၂ခါလောက်ပဲ... တဖက်လူက အဲဒါကို ပဲပိုလွန်းပြီးငြင်းနေတာပဲထားအုံး ကိုယ်ကတော့ ကိုယ့်စိတ်နဲ့နှိုင်းပြီး "အော်... သူတစ်ကယ်မစားချင်တာဖြစ်မှာ" ဆိုပြီး ဆက်မကျွေးတော့ဘူး... အဲဒါကြောင့် မဗေဒါကို ပဲများတဲ့သူတွေက အမြင်ကပ်ကြတယ်... (အလိုက်မသိတဲ့လူလိုလို၊ ငတ်တီးထတဲ့သူလိုလို မျက်လုံးမျိုးတွေနဲ့လဲ ကြည့်ခံရတတ်ပါ့လေ... သူတို့စာအုပ်ထဲမှာတော့ အဲလိုအဓိပ္ပါယ်ဖွင့်မှာပေါ့... ကြည့်လဲကြည့်ပေါ့ ကိုယ့်မှာလဲ ပြန်ကြည့်စရာ မျက်လုံးမရှိတာကျ) ဟိုငြင်းဒီငြင်းနဲ့ မျက်စိနောက်လွန်းလို့... 


Ladies  Market

Ladies Market - Why men are there? :P

Ladies Market က Mong Kok station နားမှာရှိတာ... ဒါပေမဲ့ မဗေဒါတို့ကတော့ Nathan Road အတိုင်း စကားတစ်ပြောပြော ဟိုငေးဒီငေးနဲ့ လမ်းလျှောက်သွားကြတာ... နယ်ခံပါတော့ ဘယ်ကဘယ်လိုသွားလဲ မမှတ်တော့ဘူး... သူ့နောက်ပဲလိုက်တော့တာပဲ... အားကိုးရှိရင် ဦးနှောက်ကို မသုံးချင်ဘူး... ဟိုရောက်တော့ တော်ဝင်ပလာဇာလို ကုန်တိုက်မျိုးပါပဲ... ဆိုင်ခန်းတွေက ပြွတ်သိပ်နေတာပဲ... မိန်းကလေး အ၀တ်အထည်၊ အလှကုန်၊ accessories၊ အသုံးအဆောင်ပစ္စည်းတွေ အစုံပါပဲ... ဂါဝန်တွေဆိုလဲ တော်တော်လေးလှတယ်... ဈေးလဲဆစ်လို့ရတယ်... အထူးသဖြင့် အမွှေးပွ အနွေးထည်အရှည်တွေဆို စလုံးနဲ့ယှဉ်ရင် ဈေးချိုတယ်ထင်တာပဲ... ဒါပေမဲ့ စလုံးမှာ ၀တ်စရာနေရာမရှိတာနဲ့ပဲ ၀ယ်ချင်တဲ့စိတ်တွေ မြိုသိပ်ခဲ့တယ်... ဂါဝန်ဒီဇိုင်းတွေကလဲ Gmarket (Qoo10) မှာရောင်းတဲ့ ပုံစံမျိုးတွေ... ဒါပေမဲ့ တစ်ခုဆိုးတာက ဆိုဒ်မရှိဘူး... ၀က်ခြမ်းပြားသာသာလောက်ဆိုဒ်လေးတွေရယ်...(ဟီး.. ကိုယ်နဲ့ မတော်တိုင်း)... ပြီးတော့ စမ်းဝတ်ကြည့်လို့လဲမရဘူး... ဒါတောင် မနေနိုင် မထိုင်နိုင် ဂါဝန်၁ထည်ဝယ်ဖြစ်တယ်... ၁ခါပဲဝတ်ဖြစ်တယ်... ခုထက်ထိ ဗီရိုထဲမှာ ဒီတိုင်းပဲ... အဲဒိမှာ ကျပ်ကျပ်သိပ်သိပ်တိုးပြီး အသက်ရှူတွေကျပ် ခေါင်းတွေရှုပ်လာတော့ လမ်းမပေါ်ပြန်ထွက်ပြီး မြို့လယ်ခေါင်အတိုင်း လမ်းလျှောက်ရင် H&M မှာ Sale ချနေတာနဲ့ ၀င်ကြည့်ဖြစ်တယ်... အဲဒိမှာ သူငယ်ချင်းက သူ့မောင်လေးအတွက် လက်ဆောင်ဝယ်ဖို့ကြည့်နေရင်း ကိုယ်နဲ့ မဆွေလေးမွန်လဲ ဟိုကြည့်ဒီကြည့်နဲ့ အကျီင်္ဆင်တူ ၁ထည်ဝယ်ဖြစ်တယ်... စောစောက Ladies Market က အကျီင်္ဆိုဒ်တွေ စိတ်နာနာနဲ့ ခုကျတော့ ခပ်ကျယ်ကျယ်လေးယူလိုက်တာ... အဲဒိ အကျီင်္လဲ ပွလွန်းလို့ ဗီရိုထဲမှာ ဒီတိုင်းလေး.. (ဒါပေမဲ့ သူကတော့ သက်တောင့်သက်သာနေရာတွေဝတ်လို့တော့ရပါတယ်...)

Ladies Market, Hong Kong

လမ်းမခွဲခင် အမှတ်တရ

Lan Kwai Fong သို့ အလည်တစ်ခေါက်...

သူတို့ အုပ်စုနောက်ကနေ ခိုးလိုက်ခဲ့တယ်...
လန်ကွေးဖုန်းဆိုတဲ့နေရာကတော့ tourist Attraction နေရာတစ်ခုလို့အမြဲပြောကြပါတယ်… အဲဒိနေရာကတော့ စကာင်္ပူက Clark Quay လိုမျိုး နိုက်ကလပ်တွေ အရက်ဘားတွေ စားသောက်ဆိုင်တွေ ဆိုင် ၉၀လောက်ရှိတဲ့နေရာပါ… လန်ကွေးဖုန်းဆိုတဲ့ ဆိုင်းဘုတ်က အဲဒိကိုလာတဲ့ ဟောင်ကောင်နာမည်ကြီး သရုပ်ဆောင်တွေထက်တောင် ပိုပြီးဓာတ်ပုံရိုက်ခံရတယ်ဆိုပါတယ်… အဲဒိနားတစ်ဝိုက် မြို့လယ်ခေါင်က ရုံးတွေကလူတွေ ညနေဘက်ဆို သောက်ရင်းစားရင်းအပန်းဖြေတဲ့နေရာတစ်ခုလို့လဲဆိုပါတယ်…


ဘယ်လိုသွားရသလဲဆိုရင်တော့ Central Station ကနေ Exit D2 ကနေထွက် Theatre Lane အတိုင်းလျှောက် D'Aguilar Street လမ်းပေါ်ကိုတက်ရရင်ရောက်ပါတယ်တဲ့…

မဗေဒါတို့ သူငယ်ချင်း ၂ယောက်ကတော့ အဲဒိနေရာက နာမည်ကြီးလို့ ဘာများရှိမလဲလို့သွားတာရယ်၊ မပြန်ခင်ညမှာ ညဘက်သွားစရာ စည်စည်ကားကားဖြစ်မဲ့နေရာဆိုလို့ အဲဒိနေရာပဲရှိတာနဲ့ ရောက်ဖူးတယ်ရှိအောင်သွားပေမဲ့ ကိုယ်တွေကြိုက်တဲ့နေရာတော့မဟုတ်ပါဘူး… သောက်တတ်တဲ့သူတွေဆိုရင်တော့ အဲဒိမှာ ဘီယာလေး ၀ိုင်လေးသောက် Local တွေကိုလေ့လာ စကားပြောချင်ပြော၊ တခြားနိုင်ငံခြားသား အနောက်တိုင်းသားတွေကတောင် ပိုများသေးတယ်… အေးအေးဆေးဆေး သောက်ရင်း အနားယူ အချိန်ဖြုန်းလို့ကောင်းမဲ့နေရာလေးပါပဲ… ကိုယ်က မသောက်တတ်လို့ အဲဒိနေရာမျိုးကို ကိုယ်နဲ့မကိုက်လို့ မကြိုက်ဘူးဆိုပေမဲ့… တစ်ဦးနဲ့တစ်ဦးက အကြိုက်ချင်းမှ မတူကြတာလေ… ဟောင်ကောင်ရဲ့ Night life နဲ့ စည်ကားတာပေါ့…




အဲဒိနေရာကို မဗေဒါတို့ ဘယ်လိုသွားခဲ့သလဲဆိုတော့… Central Station ကို ရထားစီးရမှာပဲသိတယ်… ကျန်တာဘာမှ မသိဘူး… ကြည့်ကျပ်လုပ်မယ်ဆိုပြီးသွားတာ… (တော်ချက်)… ဘူတာရောက်တော့ ခပ်ဟော့ဟော့ ခပ်တိုတို တွေဝတ်ထားတဲ့ ကောင်မလေးတွေနဲ့ လန်ပြန်နေတဲ့ ကောင်လေးတွေ အုပ်စုတစ်စုလဲ ကိုယ်တွေနဲ့တူတူ ဘူတာကထွက်တယ်… သူတို့လိုပုံစံမျိုးဆိုရင်တော့ အဲဒိနေရာသွားတာသေချာမှာပဲ… အချိန်က ည ၁၀နာရီခွဲလောက်ရှိနေပြီဆိုတော့ တခြားနေရာတွေလဲ သွားစရာသိပ်မရှိတော့ဘူးလေ… ဒီလို အပျင်းကြီးပင်မဲ့ ဥာဏ်လေးကူပြီး သူတို့နောက်ပဲ ခပ်အေးအေးလိုက်လိုက်တယ်… သူတို့က ဘူတာဝနားလောက်မှာ သူတို့ တခြားဘော်တာကိုစောင့်နေသေးတော့ ကိုယ်တွေလဲ စုံထောက်တွေလို ဟိုဟိုဒီဒီစောင့်နေလိုက်သေးတယ်… (အဲလို အလုပ်မဟုတ်တာတွေ ပေါတောတောလုပ်တတ်တယ်) နောက်တော့ သူတို့သွားတဲ့နောက်လိုက်ရင်း လိုက်ရင်း လူတွေတော်တော်စည်ကားတဲ့နားရောက်လာတော့ ကိုယ်လဲ အနီးနားတော့ရောက်နေပြီဆိုတာသေချာတော့ မလိုက်တော့ဘူး…. လမ်းမှာ သီချင်းဆိုနေတဲ့သူတွေဝင်ကြည့်… ဟိုကြည့်ဒီကြည့်နဲ့ လျှောက်လိုက်တာ လန်ကွေးဖုန်းကိုရောက်သွားပါလေရော…



ရောက်တော့လဲ ကိုယ်တွေက အားလုံးထဲမှာ ကလေး ၂ယောက်လိုဖြစ်နေတာပါ… အနွေးထည်တွေ အထပ်ထပ်ဝတ်ပြီး လုံခြုံနေတဲ့အပြင်…. ဖိနပ်အပြားလေးတွေနဲ့ သေးညှပ်နေတယ်… မိန်းကလေးတွေ က ဒေါက်မြင့်ကြီးတွေနဲ့ အတိုအပြတ်အကပ်လည်ဟိုက် တွေနဲ့ ယောကျာင်္းလေးတွေကလည်း လန်ထွက်ပေါ့… သေချာတာတော့ ကိုယ်တို့ ၂ယောက်က အဲဒိနေရာမှာ ၀ိဥာဉ်ဘ၀ရောက်နေတာ… ကိုယ်တွေကို သူတို့ မမြင်သလိုပဲ… ဓာတ်ပုံရိုက်လိုက် ဟိုနားရပ်ကြည့်လိုက် ဒီနားရပ်ကြည့်လိုက် လူတွေလိုက်ကြည့်… ရဲကား အချက်ပြသံနဲ့အတူ ဖြတ်သွားတော့ လန့်ဖြန့်ပြီး နည်းနည်းကြောက်သွားတယ်… ဘာများဖြစ်တာလဲပေါ့… တော်ကြာနေ လူဆိုးက ရုပ်ရှင်ထဲကလို ကိုယ်တွေကို ဓားစာခံလုပ်နေအုံးမယ်ဆိုပြီး စိတ်ကူးယဉ် စိုးရိမ်လိုက်သေးတယ်… ကြည့်ရတာ ရန်ဖြစ်ကြတယ်ထင်ပါတယ်….

အဲဒိလမ်းထဲမှာ ရုပ်ဆိုးတဲ့ ဖြစ်ရပ်တစ်ခုကိုတွေ့ခဲ့ရတာကတော့… ရှောင်လင်ဘုန်းကြီးလို ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက အဖြူတွေကို ပိုက်ဆံလိုက်တောင်းနေတယ်… ရိုးရိုးတောင်းတာမဟုတ်ဘူးနော်… လိုက်နှောင့်ယှက်ပြီးတော့ကို တောင်းတာ… သူက လက်အုပ်တောင်ချီပြီးတောင်းသေးတာ… အဖြူမလေးက မပေးဘူးဆိုတော့ အတင်းလမ်းပိတ်ပြီး သူ့ခေါင်းနဲ့ မြေကြီးပေါ်ကိုထောက်ပြီး ရပ်ပြတယ်… (ခြေ ၂ချောင်းက မိုးပေါ်ကိုမြောက်နေတာပေါ့နော်)… အဲဒါကိုတွေ့ပြီး ကိုယ့်နိုင်ငံမှာလဲ သာသနာ့ဝန်ထမ်းယောင်ဆောင်ပြီး တိုးရစ်တွေများလာတာနဲ့အမျှ အဲလိုမျိုး ၀တ်ရုံဝတ်ပြီး အမြင်မတော်တာတွေလုပ်လာမှာကို သိပ်စိုးရိမ်မိတယ်… ဒါပေမဲ့လဲ ကိုယ့်နိုင်ငံကတော့ အမြင်မတော်တာကို မဆိုင်သလိုနေကြမှာမဟုတ်လောက်ပါဘူးလို့ပဲ စိတ်အားတင်းမိပါတယ်… ပြန်တော့မယ်ဆိုပြီး ထွက်လာတော့မှ ကိုယ်တို့ ၂ယောက် ၀ိဥာဉ်မဟုတ်သေးဘူး ဆိုတာကို ခပ်ချောချော ကောင်လေးတစ်ယောက်က ကိုယ်တွေ ဓာတ်ပုံရိုက်နေတာကို လာနောက်သွားတော့မှ အော်… ငါတို့ကို မြင်ရသားပဲဖြစ်တော့တယ်…. 




ရထားဘူတာရုံဘက်လျှောက်လာတော့ ဘူတာရုံဝနားမှာ မူးရူးပြီး အော်ဟစ်နေတဲ့ ဘိုမလေးတွေနဲ့ကောင်လေးတွေအုပ်စုတွေ့တယ်… အော် သူတို့လဲ တောကလူတွေလို စကားကို အော်ကြီးဟစ်ကျယ်ပြောတတ်ကြတာပဲနော်… ဘယ်လိုပဲဖြစ်ဖြစ် လန်ကွေးဖုန်းလိုနေရာမျိုးကတော့ မဗေဒါရဲ့ ခရီးသွားရည်ရွယ်ချက်အတွက်တော့ မသွားလဲဖြစ်တဲ့ နေရာတစ်ခုပါပဲ… ဘာများထူးခြားမလဲဆိုပြီး သွားခဲ့ပေမဲ့ ကိုယ်က အဲဒိနေရာကို အလိုက်အထိုက် အဲဒိနေရာရဲ့ Purpose ကို ကိုယ်ကမှ မလုပ်ချင်တော့ ကိုယ့်အတွက်ကတော့ ပျင်းစရာကောင်းတဲ့ နေရာလို့ပဲ သတ်မှတ်ချင်ပါတော့တယ်… ဒါပေမဲ့ Party ကြိုက်တယ်… သောက်ရတာကြိုက်တယ်… သူငယ်ချင်းအုပ်စုလဲ များတယ်ဆိုရင်တော့ ဒီနေရာကို သဘောကျကြမယ်ထင်ပါတယ်… မဗေဒါမကြိုက်ပေမဲ့ စာဖတ်သူတွေထဲက တစ်ယောက်ယောက်ကတော့ ကြိုက်ချင်လဲကြိုက်မှာပဲလေ… အဲဒါကြောင့် ကောင်းတယ်မကောင်းဘူး မဆိုလိုဘူး ကိုယ့်အကြိုက်နဲ့ကိုယ်မို့ ကိုယ့်ဘာသာပဲ ဆုံးဖြတ်ကြပေါ့နော်….


ဒီလိုနဲ့ ည ၁၁နာရီလောက်လဲထိုးရော ဟော်တယ်ကိုပြန်လာခဲ့တယ်… နောက်နေ့ည ၇နာရီခွဲ လေယာဉ်နဲ့ပြန်ရမှာဆိုတော့ မနက်ဖက်ကို အရမ်းအဝေးကြီးတွေလဲ မသွားချင်တော့ဘူး… ဟိုတယ် ချက်အောက်ကလဲ လုပ်ရအုံးမယ်လေ… ဒီနေ့ညမှာတော့ အချိန်ရှိတဲ့အထိ သွားလိုက်ပေမဲ့… တစ်နေ့လုံးသွားခဲ့သမျှကတော့ အလျင်လိုမနေပဲ အေးအေးဆေးဆေးသွားဖြစ်ခဲ့ပါတယ်…

10 comments :

ဆွေလေးမွန် said...

အဲတုန်းက နာမည်အရင်းတွေ မပြောဖြစ်ကြဘူးလေ.. ကလောင်နာမည်တွေနဲ့ ရင်းနှီးခဲ့ကြတာ.. အဟဲ..နောက်တစ်ခေါက်လာလည်ရင်ပြောအုန်း ၄ နှစ်ရှိပြီဆိုတော့ ဟောင်ကောင်ပါးပိုဝလာပြီ.. သိလား..
ပြီးတော့ အိမ်နားမှာ ဒင်းဆန်း ဆိုင်အကြီးကြီးရှိတယ် စားလို့အရမ်းကောင်းပြီး ဈေးလဲသက်သာတယ် .. အဲဒီဆိုင်ကို ပထမဆုံးသွားစားတဲ့နေ့က သတိရမိသေးတယ် ညီမတို့ကို. :) :) :)

mabaydar said...

ဟုတ်လား... ပျော်စရာကြီး... တကယ်လို့ ဒီတစ်ခါလဲ ပိုက်ဆံတွေထပ်ရရင် ဟို နတ်ကို ကန်တော့ဖို့ သေချာပေါက်ထပ်လာမယ်... ဒင်းဆန်းလဲ လွမ်း... အစ်မကိုလဲ လွမ်း... ဈေးပေါတယ်ဆို များကြီး စားအုံးမှာ...

mabaydar said...

နာမည်အရင်းတွေပြောဖြစ်တယ်ထင်တယ်... ဒါပေမဲ့ ကလောင်နာမည်နဲ့ ပိုရင်းနှီးတော့ ကလောင်နာမည်ပဲ မှတ်မိတာ.... ဟီး....

Anonymous said...

ဖတ်ပြီးပုံလေးတွေလဲ ကြည့်ပြီးကြောင်းပါ
ဟောင်ကောင်သွားဖြစ်ရင် ပြန်လာဖတ်ဦးမယ်

Anonymous said...

စောစော ဒီပိုစ့်မရေးတော့ ပိုက်ဆံအိပ်ပွတ်ရမယ့် နတ်ရုပ်ဆီမရောက်ဖြစ်ဘူး စတန်နီဘေးကိုပဲ တိုက်ရိုက်ရောက်သွားတာ
ကလောင်နာမည်လည်းမရင်းနှီးတဲ့ ဘလောဂါအမကိုပါ မနှောက်ယှက်လိုက်ရဘူးကွာ နောက်တခါပေါ့
ကျန်တဲ့ခရီးစဉ်တွေလည်း ပီးအောင်ရေးပါ မြန်၂လေး မဟုတ်ရင် အခုလို ဟိုကျန်ဒီကျန်တပွဲနဲ့ တော်ရိရော်ရိနေရာတွေပဲရောက်နေမစိုးလို့ 

ပိုးပိုး

Anonymous said...

Interesting. Inspired to travel there one day though I can't speak mandarin well :P

mabaydar said...

ဖတ်ပြီးပုံလေးတွေကြည့်ရုံတင်မကဘူး ကွန်မန့်သွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

mabaydar said...

အန်... မပိုးပိုး ဟောင်ကောင်သွားတာ မဗေဒါမသွားခင်ကသွားတာဟုတ်ဘူးလား? ခုမှရေးရင်းသတိရတာ... ဟုတ်မဟုတ်တော့မသိဘူး... ခုတော့ ၂နှစ်ကြာပြီဆိုတော့ God of wealth က အစွမ်းနည်းနည်းပျယ်လာပြီထင်တယ်... ဒီနှစ် ဆုကြီးမပေါက်ဘူး....

mabaydar said...

I can't speak mandarin well too. But Hong Kong doesn't speak Mandarin. They speak Hokkien I think. If you speak Mandarin they understand but they will think you are from Mainland China. သူတို့ကလဲ ပြည်ကြီးတရုတ်တွေ ကြည့်မရဘူး...

Anonymous said...

မဗေဒါမသွားခင်ကလည်းတခါသွားတယ် ဒါပေမယ့် အဲ့တုန်းက မကာအိုကနေကူးတော့ တရက်ခရီးပဲလေ ဘယ်စုံမလဲ မဗေဒါသွားပီး နောက်တခေါက်သွားတယ် အဲ့အခါတော့ ဟောင်ကောင်သီးသန့် မလို့  မဗေဒါ ဘလော့လမ်းညွှန်းအတိုင်းသွားတာပေါ့ သူက ပီးအောင်မရေးပဲ မပြောချင်ဘူး ၂ခေါက်ရောက်တာတောင် မစုံဘူး

ပိုးပိုး