Thursday, February 06, 2014

မိုင်တိုင်တစ်ခု အကျော် အတွေးစများ...

ဒီဘလော့လေးဖွင့်ပြီးမှ မွေးနေ့တွေကျော်ဖြတ်ရတာ ၈ခါတောင်ရှိသွားပြီ… ဘလော့လေးရေးဖြစ်နေသေးတာ… ရေးလိုက်မရေးလိုက်ပေမဲ့ လုံးလုံးသေမသွားသေးတာ… ဖတ်တဲ့သူတွေလဲ အနည်းနဲ့အများတော့ရှိနေသေးတာ ကို ကျေနပ်သလို ကျေးဇူးလဲတင်တယ်… ဟိုးးး အရင်ကစိတ်နဲ့ရေးထားတဲ့ စာလေးတွေ ကိုယ်တွေ့ကြုံခဲ့ရတာတွေ ကိုယ့်အတွေးအခေါ်တွေပြောင်းလဲလာတာတွေ ပြန်ဖတ်ရင် ဒီဘလော့လေးဟာလဲ မဗေဒါနဲ့ အတူကြီးပြင်လာနေတယ်ဆိုတာ သိသာပါတယ်…

ဒါပေမဲ့လဲ ကိုယ့်ကိုကိုယ် ကိုယ့်အရွယ်နဲ့ လိုက်ဖတ်တဲ့ အတွေးအခေါ် အပြုအမူကြီးပြင်းမှုမရှိသေးဘူးလို့ပဲ ခံစားနေရပါတယ်… ဒါပေမဲ့ တချို့တချို့ တွေ့ဖူးတဲ့ ပတ်ဝန်းကျင်က လူတွေထဲမှာ အသက်တွေကြီးပြီး ကိုယ့်အရွယ်နဲ့ လိုက်ဖက်အောင် မနေတတ် မစားတတ် မ၀တ်တတ် သူတွေ၊ အသက်အရွယ်နဲ့အလိုက် စိတ်မထားတတ် မပြောတတ် မပြုမူတတ်သူတွေတွေ့နေ ရှိနေသေးတော့ သူတို့ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်အမြဲ reflect လုပ်ဖို့ကြိုးစားတယ်…


တစ်ခါတစ်လေကျတော့ ရင့်ကျက်ချင်ယောင် သဘောထားကြီးချင်ယောင်ဆောင်သင့်လား… တစ်ခါတစ်လေကျတော့ ပွင့်ပွင့်လင်းလင်း ကိုယ်စိတ်ထဲရှိတာကို ဖော်ပြပြီး ရိုးသားသင့်သလား မသိတော့ဘူး…


အသက်ကြီးလာတော့ တစ်ခါတစ်လေ ပွင့်လင်းတာကို စိတ်ရင်းက ရှင်းလင်းတယ် ဖြူစင်တယ်လို့ မယူဆတော့ပဲ ကလေးဆန်တယ် မရင့်ကျက်ဘူးလို့ ဆိုကြတယ်…
ဒါဆိုရင် သဘောထားကြီးချင်ယောင်ဆောင်ပြီး အတွင်းက မှတ်တေး ကောက်ကျစ်ရမလား… လူတွေကပြောတော့ မဟုတ်ဘူးလေ… အဲဒါမှားတယ်လို့ ဆရာလာလုပ်ကြမယ်ဆိုပေမဲ့… လူတိုင်းရော အဲလိုလုပ်နေကြတာမဟုတ်ဘူးလား… မရီပြချင်လဲ ရီပြနေရ… တချို့လူတွေကို စိတ်ထဲကမရင်းနှီး မခင်မင်ပေမဲ့ (ပြောရရင် စိတ်ထဲကကို အမြင်ကပ် မုန်းတီးနေပေမဲ့… သူလဲ ကိုယ့်ကို မုန်းနေတာကို သိနေပေမဲ့) အတူသွားအတူလာ ခင်မင်သယောင် နေနေတာကိုရော ရင့်ကျက်တဲ့ ပေါင်းသင်းဆက်ဆံမှုလို့ခေါ်သလား… ဒါမှမဟုတ် အတွင်းပုတ်ဆက်ဆံရေးလို့ခေါ်သလား…
ကိုယ့်ကို မလိုတမျိုး လိုတမျိုး ဆက်ဆံခဲ့တဲ့သူတွေကိုရော… သူတို့လိုလို့မှ အပြောချိုချိုလေးနဲ့ လာခွင့်တောင်းတတ်တဲ့သူတွေကိုရော စိတ်ထဲကတော့ မကျေနပ်ပေမဲ့… ကိုယ့်ကို မရင့်ကျက်ဘူး၊ သဘောထားမကြီးဘူးပြောခံရမှာ၊ ကိုယ့်အသက်နဲ့အလိုက် မပြုမူတတ်ဖူးလို့ ဝေဖန်ခံရမှာစိုးလို့ အပြုံးနဲ့ သကာလူးပြီး ငါကြုံမှ ပြန်နှံမယ်ဆိုသလိုနေတာကိုရော ရင့်ကျက်တယ်လို့ခေါ်သလား... ကိုယ့်ကို လာပူးသတ်တဲ့သူကို သိသိကြီးနဲ့ ကိုယ်ကလဲ ပူးသတ်တာပေါ့ဆိုပြီး ပူးသတ်ဆက်ဆံရေးကြီးက အော်ကလီဆန်စရာကောင်းလွန်းပါတယ်…


ရွှေပြည်အေးတရားဟောချင်တဲ့သူတွေကတော့ forgive and forget ဟာ အကောင်းဆုံးပါပဲတို့ဘာတို့ ပြောတတ်ပါတယ်… ဒါပေါ့ ကျွန်မရော မသိဘူးမှတ်နေလို့လား… နာ တာတွေကို forgive and forget လုပ်တယ်ဆိုတာ ဘယ်သူကောင်းဖို့မှမဟုတ်ဘူး ကိုယ့်အတွက်အကောင်းဆုံးဆိုတာကို မဗေဒါလဲ သိပါတယ် သဘောပေါက်ပါတယ်… ဒါပေမဲ့ အဲဒိ ရင့်ကျက် သဘောထားကြီးပါတယ်ဆိုပြီး လာဆုံးမနေသူတွေရော တကယ်စိတ်ထဲက ဘယ်နှခေါက်လုပ်နိုင်နေပြီလဲလို့ သိချင်တယ်… ကိုယ်က forgive and forget လုပ်ပေးတယ်ထားအုံး… တဖက်က ဆက်လက်ပြီး ပတ်သတ်ချင်နေသေးတယ် (အထူးသဖြင့် ကိုယ့်ဆီက အကျိုးလိုနေလို့ သကာလူးလာပတ်သတ်နေသေးတယ်) ဆိုလဲ သိသိကြီးနဲ့ forgive and forget နေရမှာလား… အဲဒါ ရင့်ကျက်တဲ့နည်းနဲ့ အနိုင်ကျင့်တယ်ခေါ်သလား… အရှက် သိက္ခာမရှိတဲ့နည်းနဲ့ ချဉ်းကပ်တယ်ခေါ်သလား… မသိတော့ပါဘူး… အဲဒါတွေကို ဒွိဟပွားရလေ… ငါ့မှာ ငါ့အသက်နဲ့ ကိုက်ညီတဲ့ ရင့်ကျက်မှုမျိုးမှ ရှိရဲ့လား၊ ပြုမူပြောဆိုနေထိုင် ကျင့်ကြံနေရဲ့လားလို့ စိုးရိမ်စိတ်ဝင်မိသလို ရှေ့ဆက်ရမဲ့ (လူကြီးလုပ်ရမဲ့) နှစ်တွေအတွက် ရင်လေးမိတယ်… (ခုလဲ လူကြီးပါပဲလေ… ၈နှစ်အောက် ကလေးငယ်များအားလုံးက မဗေဒါကို အန်တီခေါ်လျှင် ကြည်ကြည်ဖြူဖြူလက်ခံမည်)… :D


ဖြတ်သန်းလာရတဲ့ နှစ်ပေါင်းများစွာထဲမှာ တွေ့ကြုံဆုံကွဲတွေကလည်းမနည်းပါပဲ… အပေါ်ကပြောခဲ့တဲ့လူတွေကတော့ မပတ်သတ်လဲ မနေလို့မရတဲ့သူတွေလို့ပဲဆိုပါစို့… ခုဆက်ပြောမှာကတော့ ကိုယ်ကြုံတွေ့ခဲ့ဖူးတဲ့ အပေါင်းအသင်းတွေပေါ့… မှတ်မှတ်ရရ ခုအချိန်အထိ ဘ၀မှာ ခင်မင်မှုကို အလွဲသုံးစားလုပ်လို့ ကိုယ်ကခင်ခဲ့သလောက် ကိုယ့်ကို သကာလူးစကားတွေနဲ့ အသုံးချပြီး နောက်ကျောဓားနဲ့ထိုးခဲ့တဲ့ သူငယ်ချင်း ၁ ယောက်နဲ့ ကိုယ်ဘ၀ နှိမ့်ကျနေချိန်ဖြစ်ဖြစ် အောင်မြင်နေချိန်ဖြစ်ဖြစ် ကိုယ့်ရန်သူနဲ့ယှဉ်ရင်ပဲဖြစ်ဖြစ် ကိုယ့်ဘက်က ဘယ်တုန်းကမှ ရပ်တည်မပေးခဲ့တဲ့ သူငယ်ချင်း နောက်တစ်ယောက် သူတို့ ၂ယောက်ကိုတော့ လုံးဝ forget လုပ်ထားလိုက်တယ်… သူတို့ကိုလဲ ဘာမှ ပြန်မလုပ်ချင်ဘူး… သူတို့နဲ့လဲ ဘာမှ ပြန်မပတ်သတ်ချင်ဘူး… မေ့ထားလိုက်တယ်… ဘာလို့လဲဆိုတော့ သူတို့ကို ကိုယ်ခင်ခဲ့တာ စိတ်သန့်တယ်… သူတို့ကို ကိုယ့်ဘ၀ထဲက ထုတ်လိုက်တာ သူတို့အတွက် ငါ့လို သူငယ်ချင်းဆုံးသွားတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုပဲ… ငါ့ဦးနှောက်ထဲက သူတို့ကိုထုတ်လိုက်တာဟာ ငါပေးနိုင်တဲ့ အကြီးဆုံး ပစ်ဒဏ်ပဲ… ပြီးတော့ ငါရသင့်တဲ့ အကောင်းဆုံး ဆုလာဒ်ပဲလေ… (သူတို့ဘက်ကတော့ ဂရုမစိုက်ပေါင်လို့ တွေးချင်လဲတွေးပါစေ… ကိုယ်မရှိလဲ သူတို့ဘ၀က Just fine ပါပဲ)… 


Blog ခရီး (သို့) အွန်လိုင်းခရီး…


ဘလော့ပေါ်မှာရော အွန်လိုင်း၊ ဖေ့ဘွတ် စတာတွေမှာတော့ တစ်ခါတစ်လေ ကိုယ်ပြောတာလေးတစ်ခု ကိုယ်လုပ်တာလေးတစ်ခုကြောင့် ဝေဖန်ခံရတာမျိုးတွေ… အထင်မှားပြီး ဆဲခံရတာမျိုးတွေ ကြုံခဲ့ရပါတယ်… အဲဒါကြောင့်လဲ နောက်ပိုင်း ဘလော့သိပ်မရေးဖြစ်တော့ တာလဲ ပါပါတယ်… ကိုယ်တာဝန်ယူနိုင်တဲ့အရာလဲဖြစ်ရမယ်… ကိုယ်ရေးတဲ့အရာကို အချိန်မရွေး ကိုယ့် အမြင်ဘက်ကရှင်းပြနိုင်ရမယ်… အတတ်နိုင်ဆုံး Originility ဖြစ်ရမယ်… မဟုတ်ရင် Proper credit ပေးရမယ် စတဲ့ စတဲ့ အွန်လိုင်းEthic ကို လိုက်နာတဲ့ အဆင့်ရှိတဲ့ အွန်လိုင်းသုံးစွဲသူတစ်ယောက်ဖြစ်ချင်လေလေ… အွန်လိုင်းမှာ စာရေးဖို့ လက်တွန့်လာလေလေပါပဲ… အွန်လိုင်းမှာ တွေ့ကြုံခဲ့တဲ့ အဖြစ်တွေက စဉ်းစားကြည့်ရင် ရီလဲရီချင်စရာ စိတ်လဲ လှုပ်ရှားစရာအတွေ့အကြုံတွေပါပဲ… တခါတစ်လေမှာ ရန်ဖြစ်ရင်းနဲ့ နောက်မှ ရင်းနှီးခဲ့တဲ့ အွန်လိုင်းက သူငယ်ချင်းတွေရှိသလို… တစ်ခါတစ်လေ ဘာမဟုတ်တဲ့ ကိစ္စတစ်ခုကို ငြင်းခုန်ဆွေးနွေးရင်း ကြည့်မရတဲ့ လူတွေလဲရှိပါတယ်… (ဟတ်ဟတ်… ကိုယ့်ကိုလဲ သူက ကြည့်မရပေါ့နော်)… အဲဒါကြောင့် အိမ်မှာဆို မဗေဒါဟာ အွန်လိုင်းပေါ်တက် ပြဿနာမီးထိုးရှာတဲ့ သူတစ်ယောက်လို့ပြောကြတာပေါ့… ဒါတောင် ပြောချင်တဲ့အရာတိုင်းမပြောလို့ နည်းနည်းတော်သေးတာ… 


အွန်လိုင်းသက်တမ်းတစ်လျှောက်မှာတော့ အကြီးအကျယ် မဗေဒါဆီကို ပြဿန်ာမရှာပဲ ဆိုက်ဆိုက်မြိုက်မြိုက် ထိပ်တိုက်ရောက်လာတာ ၂ကြိမ်ကြုံခဲ့ရတယ်…
ပထမ တစ်ကြိမ်ကတော့ ၂၀၁၀ မေလ က မဗေဒါ ဘာလုပ်သင့်လဲဆိုတဲ့ ( http://mabaydar.blogspot.sg/2010/05/blog-post_15.html ) ပိုစ့်လေးကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်… အွန်လိုင်းမှာ gmail စပေါ်တဲ့အချိန်ကတည်းက ကိုယ့်နာမည်အရင်းနဲ့တောင် မေးလ် မဖွင့်ပဲ ဒီ မဗေဒါဆိုတဲ့ nick name လေးနဲ့ အရင်ဖွင့်ဖြစ်ခဲ့တာပါ… ဘလော့ဂါမှာဆိုလဲ ၂၀၀၆ ကတည်းက မဗေဒါ ပါပဲ… ၂၀၁၀ လောက်မှ ပေါ်လာတဲ့ မဗေဒါတစ်ယောက်က နာမည်တူနေကြောင်း အကြောင်းလာကြားသွားတဲ့အချိန်မှာ စိတ်ထဲ ထင့်ကနဲ (နာမည်တွေအများကြီးရှိတဲ့အထဲကမှ ဘာလို့ နာမည်တူလာပေးနေသေးလဲလို့) ဖြစ်ခဲ့ပေမဲ့ ရင့်ကျက်သင့်တယ် နာမည်တူမရှာ လူတူမရှားဆိုတာရှိတယ်… သဘောထားမသေးသိမ်သင့်ဘူး အွန်လိုင်းမှာ စီနီယာကျတဲ့လူတစ်ယောက်အနေနဲ့ ရင့်ကျက်ပြခဲ့တယ်…. ဒါပေမဲ့ ကိုယ်လဲဘာမှမလုပ် ကိုယ်နဲ့လဲ မသိသူတွေက ကိုယ့်ဆီဗုံးမှာ လာပြီးဆဲတာခံရတော့ မဗေဒါရဲ့ ရင့်ကျက်မှု အတိုင်းအတာက နည်းတယ်ထင်ပါတယ် (၀န်ခံပါတယ်… အဆုံးထိ ကျွန်မ မရင့်ကျက်နိုင်ပါဘူး… တစ်ခါတစ်လေ ကိုယ်သဘောမတူရင်တောင် ဘာမှ ကွန်မန့်မပေးတဲ့ကျွန်မအတွက် ဒီလိုပြောခံရတာတွေဟာ ကျွန်မရဲ့ ဆက်ကနဲထိ ကပ်ကပ်လန်ချင်တဲ့စိတ်ကို တုတ်နဲ့လာထိုးသလိုဖြစ်ခဲ့တာကိုး)… ဒီပိုစ့်ကို ဒဏ်ပြန်တဲ့ ပိုစ့်တစ်ပုဒ်ကို သူကလဲ ပြန်ရေးတယ်… ဒီလိုနဲ့ အွန်လိုင်း အငြင်းပွားပွဲကြီးနဲ့ ဘေးတီးသူ ပွဲကြည့်သူတွေ အတော်စည်ကားခဲ့တယ်… ဒီလိုမျိုးဖြစ်တိုင်း မှားတယ်မှန်တယ် သေချာခွဲခြမ်းပြီး ကိုယ့်ဘက်ကရပ်တည်တဲ့သူတွေက ကိုယ်နဲ့ မသိတဲ့ သူတွေများတယ်… အဲဒိကနေမှ သူငယ်ချင်းတွေ ထပ်ရပြန်တယ်… ကိုယ့်အတွက်ပြောပေးတဲ့ သူတွေအားလုံးကို မဗေဒါ စိတ်ထဲက ကျေးဇူးတင်တာ ကွန်မန့်တွေ ပြန်ဖတ်တိုင်း မျက်ရည်လည်တယ်ဆို (emo လို့ပြောမလား)…


အဲဒိ အတွေ့အကြုံကြောင့် “ငဂျစ်လေးရဲ့ ပုံပြင်” ( http://mabaydar.blogspot.sg/2010/05/blog-post_19.html ) ဆိုပြီး ဆောင်းပါးလိုလို ၀တ္တုတိုလိုလို သရော်စာလိုလိုလေးရေးဖြစ်တယ်… စိတ်ထဲက မုပါနေတုန်းရေးလို့လားမသိဘူး… အဲဒိ ပိုစ့်လေးကို ဘယ်အချိန်ပြန်ဖတ်ဖတ် သဘောကျတယ်…
နောက်တစ်ခေါက် အွန်လိုင်းမှာပါးချခံရတဲ့ ဖြစ်ရပ်ကတော့ လောလောလပ်လပ် ပြီးခဲ့တဲ့နှစ် ဂျူလိုင်လကုန်လောက်က ဖြစ်ခဲ့တာပေါ့… ဖြစ်ပုံကတော့ မဗေဒါက မြန်မာပြည်ခရီးသွားအကြောင်း ရေးတဲ့ travel blog တွေ လိုက်ဖတ်လေ့ရှိတယ်… တနေ့မှာ မထင်မှတ်ပဲ ချက်ရီပက်ဗလစ်က အဖြူကောင်က ကောင်းမှုတော်ဘုရားနဲ့ တခြား မြန်မာ့ယဉ်ကျေးမှုတွေကို မထိမဲ့မြင်လုပ်နေတာကို ထောက်ပြပြီး tourist တွေအတွက် ဥပဒေ စည်းမျဉ်းတွေထုတ်သင့်ပြီလို့ မဗေဒါရဲ့ ဖေ့ဘွတ် fan page မှာ တင်လိုက်တယ်… (ပုံဘယ်ကယူလဲ source ကအစ တင်ပေးထားတာနော်)… blog post “သူလို tourist” ( http://mabaydar.blogspot.sg/2013/07/tourist.html ) ဆိုပြီးတော့လဲ တင်ထားတယ်… ( အဲဒါကို မြန်မာပြည်က Tour guide အစ်မကြီးတစ်ယောက်က သူ့ friendlist ထဲက လူတစ်ယောက် Tour guide တွေကို ထိပါးရေးပြီး ပြန်ရှယ်တာကို ဖတ်မိပြီး tourist guide တွေကို မဗေဒါက စော်ကားပါတယ်ဆိုပြီး ဘယ်လိုက ဘယ်လိုအထင်မှားသွားသလဲတော့ မသိ အောက်က screen shoot လေးသာကြည့်လိုက်ပါတော့… 





မနက်အိပ်ရာက နိုးနိုးချင်း ကိုယ့်ပါးရိုက်မယ်ဆိုတာတွေရော အဲဒိ အဖြူကောင် ငမိုက်သားနဲ့လဲ ပေးစားဆဲခံရသေးတာ… ဘာမှမပြောနိုင်ပဲ ကွန်ပြူတာရှေ့မှာ ပါးစပ်အဟောင်းသားထိုင်နေတဲ့ ကျွန်မကို အလုပ်သွားဖို့ မပြင်ဘူးလားဆိုပြီး လာမေးတဲ့ အမေတွေ့တော့ ဘာဖြစ်နေတာလဲဆိုပြီး သူဝင်ကြည့်တော့ အမေလဲ နှလုံးတွေနာ… ကိုယ်တကယ်လုပ်ထားလို့ အဲသလို အဆဲခံရတယ်ဆို ဖြေသာသေး… ပြန်ဆဲဆိုလဲ ဆဲတတ်ပါတယ်… ဒါပေမဲ့ ကိုယ့်အဆင့်ကို အဲလောက်ထိ ဆွဲချစရာအကြောင်းမရှိဘူး… ရင်ထဲမှာ ခုနေသလို ဒေါသကြောင့်လိုလို မတရားလိုက်တာလို့ စိတ်ထဲဖြစ်ပြီး ခြေလက်တွေအေးပြီး တုန်ရီနေတာ… အလုပ်မှာတောင် လူတွေနဲ့ စကားသိပ်မပြောနိုင်ဘူး… အမှားပါမှာစိုးလို့…
ဒီလိုအချိန်မျိုးမှာ ဟိုးတုန်းကလိုပဲ ကိုယ်နဲ့တောင် အပြင်မှာ မသိ မမြင်ဖူး မခင်မင်တဲ့ သူတွေကပဲ ကိုယ့်ဘက်က ရှင်းပြပေးကြတာ ရပ်တည်ပေးကြတာတွေ့ရတော့… ငါတို့ မြန်မာအွန်လိုင်း community ကြီးလဲ တစ်ဆိတ်ထိ မျက်လုံးမှိတ် အမှန်အမှားမခွဲခြားပဲ ဆဲနေတဲ့သူတွေချည်းမဟုတ်ပါဘူး… ပြဿနာကို သေချာခွဲခြမ်းစိတ်ဖြာပြီး ကိုယ်မှန်တယ်ထင်တဲ့ဘက်က ရပ်တည်တဲ့သူတွေရှိပါသေးတယ်ဆိုပြီး အားတက်ရပြန်တယ်… 





သူကလဲ မာန်တင်းပြီး ပြန်ရန်တွေ့နေပေမဲ့ နောက်ဆုံးတော့ သူ့အပေါင်းအသင်းထဲက အွန်လိုင်းအနေကြာနေသူတစ်ယောက်က ၀င်ပြောပေးတာရော… အဲဒိ ပိုစ့်ကို tourist တွေကို ဆဲပြီးရှယ်တဲ့ ကာယကံယှဉ်ကတောင် မနေနိုင်တော့လို့ သူ့ကို မတ်စေ့ပို့ ၀န်ခံတော့မှ မဗေဒါကို မတ်စေ့ပို့ပြီး တောင်းပန်သွားပါတယ်… အဲဒိကိစ္စကြောင့် ခင်မင်သွားတဲ့ သူငယ်ချင်းတွေကိုတော့ စိတ်ထဲက တကယ်ခင်တာတစ်ကြေင်း ကိုယ်လဲ BBQ လုပ်စားချင်စိတ်ဖြစ်နေတာက တစ်ကြောင်းကြောင့် တွေ့ချင် စကားပြောချင်တာနဲ့ BBQ လုပ်ဖြစ်တယ်… ဒါပေမဲ့လဲ အပြောမလွတ်မပါဘူး… သူတပါးရှုံးနှိမ့်တာကို မဗေဒါက အောင်ပွဲခံတာ မကောင်းပါဘူးတဲ့… ဟုတ်ပါတယ်… ကိုယ်ကလဲ စရင်းနောက်ရင်း Event name ကို မစဉ်းစားပဲ တင်လိုက်မိတာကိုး…. ကိုယ့်ရင်ထဲက အလုံးကြီး အထင်လွဲမှားမှုကြီးပြုတ်ကျသွားတော့ အပျော်လွန်သွားတယ်ထင်ပါ့… ကိုယ့်ရည်ရွယ်ချက်ကို အထင်မှားသွားလို့ စိတ်ထဲတော့ စိတ်မကောင်းဖြစ်သွားပေမဲ့ အထင်မှားချင်လဲ မှားလောက်တဲ့ အခြေအနေမို့ ဖြေလဲ မဖြေရှင်းချင်တော့သလို ကိုယ်စိတ်သန့်ရင်ပြီးတာပါပဲဆိုပြီးထားလိုက်တယ်…
ဒီလိုပါပဲ တစ်ခါတစ်လေ လောကကြီးမှ ရှင်းလေ ရှုပ်လေ… အဲဒါကြောင့် ဟိုစကားပုံလေးလိုပေါ့… “လူတွေကို ရှင်းပြနေစရာမလိုပါဘူး… မိတ်ဆွေစစ်တွေကို ရှင်းပြစရာမလိုသလို၊ ရန်သူကိုရှင်းပြလဲ သူတို့က ယုံမှာမဟုတ်ပါဘူး” တဲ့… 





ကဲပါလေ… မွေးနေ့မှာ ပျော်စရာတွေရေးမို့ဟာ… ခုတော့ အတိတ်တွေ အောင့်မေ့လို့ မပြီးနိုင်တော့ဘူး… အသက်ကြီးလာတာ သိသာလိုက်တာနော်… ငယ်ကအဟောင်းတွေ ပြောရတာကြိုက်လာတာ…
ဒါနဲ့ မဗေဒါ အသက်ဘယ်လောက်ရှိလဲ မှန်းနိုင်လား? လျော့လဲမမှန်းနဲ့ ပိုလဲမပြောနဲ့ လူကြည့်ပြီး စိတ်ထဲပေါ်လာတဲ့ နံပါတ်ကိုပြော… ဟဲဟဲ..




သဲလွန်စပေးလိုက်မယ်… အိမ်ထောင်ပြုဖို့ တော်တော်လေး အချိန်တန်တဲ့ အသက်အရွယ်ရောက်နေပြီ… ဟိ


ဒီနေ့ ဖေ့ဘွတ်ပေါ်မှာ မွေးနေ့ဆုတောင်းပေးတဲ့သူတွေအများကြီးပဲ… Virtually ဆိုပေမဲ့ အဲဒိလို အမှတ်တရ လာဆုတောင်းပေးတဲ့သူတွေ အများကြီးရှိတာ အရမ်းဝမ်းသာတယ်… ငယ်ငယ်ကလို ကိုယ့်မွေးနေ့မှာ သူငယ်ချင်းတွေခေါ် ကိုယ့်ပိုက်ဆံတွေအကုန်ခံပြီး လုပ်ရတဲ့ မွေးနေ့တွေက ခုချိန်မှာတော့ သိပ်အဓိပ္ပါယ်မရှိလှဘူး… ခုလို ကိုယ့်ဆီက ဘာမှလဲ မမျှော်လင့်ဘူး … ဆုမတောင်းပေးလဲ အနေသာကြီးပေမဲ့ ဆုတောင်းပေးဖို့ရွေးချယ်ပြီး အချိန်တွေ၊ ခွန်အားတွေအသုံးချပြီး ဆုတောင်းပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောရင်တောင် မဗေဒါစိတ်ထဲမှာ ခံစားရတဲ့ ကြည်နူးဝမ်းသာမှုကို အပြည့်အ၀ဖော်ပြရာရောက်မှာမဟုတ်သေးဘူး… အသက်တွေကြီးလာတာနဲ့အမျှ မွေးနေ့ဆိုတာလဲ တခြားနေ့တွေထဲက တစ်နေ့အဖြစ် သတ်မှတ်လာနေပေမဲ့.. ခုလို မွေးနေ့မှာ ကိုယ့်ဝေါပေါ်လာဆုတောင်းပေးတဲ့သူတွေကြောင့် Feeling special (ဖေ့ဘွတ်အသုံးများတဲ့ အကျိုးတွေ) ဖြစ်ရပါတယ်…


အသက်အရွယ်နဲ့ ရင့်ကျက်မှု၊ ဆုံးဖြတ်ချက် တစ်ထပ်တည်း ကျပါစေလို့ ကိုယ့်ကိုကိုယ်ဆုတောင်းရင်း နောင်လာမဲ့ နှစ်တွေကို အေးအေးလူလူ ဆက်လက် ကျော်ဖြတ်ချင် မိပါတယ်..
ကဲ…ကဲ ဟိုးအရင်တုန်းကလိုပဲ မုန့်တွေနဲ့တည်ခင်း ဧည့်ခံမယ်နော်… ဒီတစ်ခါတော့ မဗေဒါ ကိုယ်တိုင်ရိုက်ပုံလေးတွေပေါ့နော်… :D သုံးဆောင်ကြပါကုန်…


ငါးရှဥ့်ခြောက်စပ် ကြွပ်ကြွပ်လေး...

ရွှေဘဲက ငါးချိုချဉ်

၁၉လမ်းက ငါးကောင်လုံးကင်

ခရုဆီ ကိုက်လန်ကြော်

ဂေါ်ဖီပန်းဆို ရှမ်းပန်း အရိုးစိမ်းစိမ်းလေးမှ ကြိုက်တယ်ကွယ်...

ဘဲကင်မှာ ရွှေဘဲ.... ရွှေဘဲဆိုရင် ဘဲကင်...

ယိုးဒယား တုမ်ယန်းဟင်းချို ချဉ်စပ်လေးသောက်နော်...

Feel က ကြေးအိုးဆီချက်

Feel က ကြေးအိုး... (ရွှေတောင်တန်းလမ်းက ကြေးအိုးတွေလောက်တော့ မကောင်း)

စကာင်္ပူ အင်းလေးစားသောက်ဆိုင်က အရွက်နည်း အသားနည်း အရသာကြာဇံပြုတ်ကြေးအိုး...

မြန်မာ့အစားအစာနဲ့ လက်သုတ်စုံများ
ညှပ်ခေါက်ဆွဲသုတ်နဲ့ ကြာဇံဟင်းခါး...

မုန့်ဟင်းခါးသုတ်... သရေယိုလာပြီ..

အုန့်နို့ခေါက်ဆွဲ... ပဲသွေး... နတ်သုဒ္ဒါနဲ့ မလဲနိုင်ဘူးနော်...

မလောက်ရင် ဟောဒီမှာ တရုတ်တန်းက အကြော်စုံ...

လဘက်ထမင်း၊ ကြက်ဥအုပ် နဲ့ လျှောက်သီးသုတ်....

နန်းထိုက်က ရှမ်းခေါက်ဆွဲ... အသားကနည်း..

မဗေဒါရဲ့ အမေခေါက်ဆွဲသုတ်က ကောင်းလွန်းလို့ ရန်ကုန်ပြန်ရင်တောင် ဆိုင်က ခေါက်ဆွဲသုတ်ကို သိပ်မစားဖြစ်ဘူး...

သတ်သတ်လွတ်သမားတွေအတွက်ကတော့ ရွှေမြို့တော်က အော်ဒါမှာထားတယ်

ပူရီဖောင်းကားကား...

ကြက်ဥတိုရှည်... ဟင်းကြိုက်သလောက် အလိုက်ပေးအုံးမှာ...

Korea BBQ လေးကြိုက်ရင်စားသွားနော်...

ကဲ ဘာလိုသေးလဲပြော...

မွေးနေ့ဆိုတော့ Seaweed soup လေးသောက်ရမှာပေါ့ (ရှလွတ်.. မကြိုက်ဘူးဟ)

အသားစုံ အားမနာနဲ့ ကင်သာစား... မဗေဒါကတော့ အမဲသားအကြိုက်ဆုံး

Kimbap

အချိုပွဲလေးစားရင်း စကားစမြည်ပြောပေါ့နော်... 
ကော်ဖီလေး သုံးဆောင်ပါရှင့်

သောက်နော်...

Coffee club က ကော်ဖီခါးခါးနဲ့ Macaroon ချိုချို

McCafe က မိုကာနဲ့ ဘဂါဝမ်ဆိုလိုက Chestnut cake


စကာင်္ပူက အင်းလေးစားသောက်ဆိုင်က ဆနွင်းမကင်း

ပဲကျွတ်ကျော်လို့လဲခေါ်တယ်... ရန်ကုန်မှာတော့ မန္တလေး ပဲပလာတာလို့လဲ ခေါ်လားမသိ..


ဘိန်းမုန့်ပူပူ မွှေးမွှေးလေး... ခုမှ အိုးပေါ်က ကျတာ...

မွေးနေ့ကိတ်လေးစားသွားနော်...
Yamazaki က Fruit cake... (ကောင်းမှကောင်း)

SwenSens Ice-cream cake (အရမ်းကြိုက်)

ငှက်ပျောသီး ချောကလက် Fruit tart
TCC က Cheese Cake

TCC က အအေး ချဉ်ပြုံး... အအီပြေလေး...

အပိုစာဒါး ၀ါးဖို့ အိမ်သယ်သွားဖို့...

I do not own this photo... (sorry... I forget the source)

ဘဲသွေးသုတ်

ငါးခြောက်ဖုတ်

သရက်ပျဉ်... (အရမ်းမစားနဲ့ ၀မ်းလျောမယ်)

P.S ဒါနဲ့ မဗေဒါကို ခင်တယ် အပန်းလဲမကြီးဘူးဆိုရင်တော့ အလွယ်ဆုံးမွေးနေ့လက်ဆောင်ပေးလို့ရတဲ့ နည်းရှိတယ်သိလား.... ညာဘက် အောက်ထောင့်မှာပေါ်နေတဲ့ Servery လေးဖြေသွားပေးလို့ရသလို.... ဘလော့ထိပ်ဆုံးမှာပေါ်နေတဲ့ ကြော်ငြာလေးတွေ... ဘေးက "စိတ်ဝင်စားတာတွေ့ရင်" ဆိုတဲ့ ကြော်ငြာလေးတွေ ဒီပိုစ့်အောက်မှာပေါ်နေတဲ့ ကြော်ငြာလေးတွေ နှိပ်သွားပေးလို့ရတယ်နော်.... Love you... 

16 comments :

Anonymous said...

Happy Birthday
အမြဲတမ်းပျော်ရွှင်ကျန်းမာပါစေ
AMT

Anonymous said...

happy birthday ပါကွယ် မဗေဒါက ဝိုင်းနဲ့ရွယ်တူဖြစ်မယ်ထင်တယ် ၈၆မွေးတာဆို ၂၈နှစ်
survey လဲဖြေခဲ့တယ်.. အခက်အခဲတိုင်း တိုက်ခိုက်မှုတိုင်းကို မမှုပဲ ဆက်ပြီး blogging ပါလို့ we love you

Wine

mabaydar said...

AMT ဆိုတာ အေးမြတ်သူလားဟင်? ပေးတဲ့ဆုနဲ့ပြည်ပါစေ... ဘလော့ပေါ်မှာ မှတ်မှတ်ရရ လာဆုတောင်းပေးသွားတဲ့အတွက် ကျေးဇူးပါနော်...

mabaydar said...

Wine ရေ... အမြဲပဲ မဗေဒါကို ဘလော့လေးပေါ်မှာ ကွန်မန့်တွေချန်ပြီး အားပေးနေတဲ့ ၀ိုင်းကို မှတ်မှတ်ရရနဲ့ ကျေးဇူးတင်ပါတယ်... မဗေဒါက ၀ိုင်းဖက် တစ်နှစ်ကြီးတယ်... ဟီး... age limit က 21 လို့ သတ်မှတ်လို့... :D

Anonymous said...

မြန်မာလို နှစ်ဆယ်ကျော် အစိတ်ပိုင်းမို့ အရွယ်တော် တစ်စိတ် ဟိုင်း တယ် ဆိုလား..
မှန်းကြည့်လိုက်မယ်..နှစ်ဆယ့်ငါး..
=)
-m

Anonymous said...

Yes sis.Is me.:-D

Anonymous said...

နာမည်တူတုန်းကလဲ ကိုယ်ပဲမနေနိုင်မထိုင်နိုင် အဲ့တယောက်ကို ဒီမှာမဗေဒါရဲ့ ဘလော့ရှိပြီးသားပါဆိုပြီး သွားရေး။ ဟိုကနာမည်မပြောင်းပဲ ဒီကိုရောက်လာပြီး ခပ်တည်တည် နဲ့နှုတ်ဆက်သွားလို့ ကိုယ့်မှာ အံ့သြတကြီးဖြစ်ရ၊ နောက်တော့ တခါမှမသိတဲ့ အော်ရီဂျင်နယ် မဗေဒါဘက်ကနေ ကွန်မန့်သွားရေးပေး၊ ရန်ဖြစ်နဲ့ ဟီးဟီး။ ကိုရီးယားကားတွေ အကြောင်းရေးတော့လဲ ဝေဖန်ခံရသေးတယ်လေ။ တိုးဂိုက်ကိစတော့ မသိလိုက်ဘူး။ ဘလော့နဲ့ အဆက်ပြတ်သွားလို့ ဖြစ်မယ်။ အခုကိုယ်တောင် (၂)နိုင်ငံပြောင်းပြီးသွားပြီ။ မဗေဒါရဲ့ blog ကိုဖတ်လာတာတော်တော်တောင်ကြာပါပေါ့လား။ မဗေဒါရဲ့ အသက်ကို ပုံကြည့်ခန့်မှန်းရင်တော့ ၂၁-၂၂ ပဲ။ ကွန်မန့်ရေးခဲ ပေမယ့် မဗေဒါကို သူငယ်ချင်းတယောက်လိုပဲ ရင်းနှီးနေတယ်။ စာရေးရင် ပွင့်ပွင့်လင်းလင်းနဲ့မို့ သဘောကျတယ်။ Happy Birthday Ma Bay Dar. Keep blogging.

mabaydar said...

အရွယ်တော်က ခုဆို တစ်စိတ်နဲ့ တစ်ခြမ်းလောက် ဟိုင်းသွားပြီ... အပျိုကြီးတန်းဝင်နေပြီ... ဟား... ဟား....

mabaydar said...

@Anonymous - ဟာ ဒါဆို မဗေဒါရဲ့ လှိုင်းတန်ပိုးထန်နေတဲ့ အချိန်တွေကို အတူတူကျော်ဖြတ်ခဲ့တဲ့ တကယ့် Long Friend ပဲပေါ့.. ဘလော့ကိုသေချာစရေးတာ ၂၀၀၈လောက်ကစတယ်ဆိုတော့ အဲဒိလောက်ကသာ စဖတ်နေတယ်ဆိုရင် မဗေဒါတို့ သူငယ်ချင်း သက်တမ်းက ၆နှစ်ရှိပြီပေါ့... အရင်တုန်းက အကြောင်းတွေပြန်ပြောရင် အဲဒိတုန်းကသာ စိတ်တွေတိုခဲ့ရပေမဲ့ ခုကျတော့ ရီစရာလိုကို ဖြစ်လို့.... သူငယ်ချင်းတို့လို စာဖတ်သူတွေသာမရှိရင် ပြဿနာတွေကြားမှာ စိတ်ဓာတ်ကျပြီး ဒီဘလော့လဲ ရှိတော့မှာမဟုတ်ဘူး.... ခုလို အားပေးနေတာကို ကျေးဇူးအရမ်းတင်ပါတယ်... ၂နိုင်ငံတောင်ပြောင်းသွားပြီဆိုတော့ ကောင်းလိုက်တာ... ပိုကောင်းတဲ့ နေရာတွေကို ရောက်သွားတာ သေချာတယ်လေ... မကောင်းရင် ဘယ်ပြောင်းမလဲ... ခု ဘယ်နိုင်ငံမှာလဲ? လာလည်ရင် ထမင်းဝင်စားမယ်... ဟိ.... :D

mabaydar said...

အသက်ကို ၂၁-၂၂ လို့ပြောလို့ ၀မ်းသာသွားပြီ... မိတ်ကပ်မလိမ်းထားတဲ့ပုံတင်မှထင်တယ်... ဟိ... ဒါဆို ၃၅ လောက် မှန်းမယ်ထင်တယ်... ဟိ... အသက်ကြီးလာတော့ မိတ်ကပ်နဲ့ အုပ်ရတယ်... ခွိ.... မဗေဒါ အဲဒိပုံထဲက မိတ်ကပ် Tutorial video လုပ်ပြီး youtube မှာတင်ထားတယ်... ကြည့်ပြီးပြီလား... ပြီးမှ ဘလော့မှာတင်အုံးမယ်.... :D

ဆုမြတ်မိုး said...

Happy Belated Birthday ma bay dar :)

Anonymous said...

အမြဲ လာလည် ဖတ်ဖြစ် တဲ. ဘလော.လေးပါ ညီမ ရေ ။ Comments တော. တခါ မှ မရေးဖူးဘူး ရယ်။ မွေးနေ.မှာ ပျော်ရွှင်ကျန်းမာပါစေ ။ အသက်တော.မမှန်း တတ်ဘူး ၊ ကလေး လေး လိုချစ်စရာကောင်းတာတော. အမှန်ပဲ ။

thae thae said...

Happy Birthday Ma

Anonymous said...

I don't even know how I stopped up here, however
I assumed this submit was good. I don't realize who you might be however definitely
you are going to a well-known blogger if you happen to aren't
already. Cheers!

my page - new york islanders roster

Thu said...

အသူဘလော့ဂ်လေးလာလည်တာကျေးဇူးများကြီးတင်ပါတယ်..မမရေ..
ကြည့်ရတာတော့ အသူထက်ငယ့်မယ့်ပုံပဲ..ဒါပေမယ့် အသူကငယ်ချင်တဲ့သူမို့..ဇွတ်မမခေါ်လိုက်ပြီ။
Happy Belated Birthday :)

Anonymous said...

အခုအော်စီမှာလေ။ ဟီးဟီး။ နောက်တခေါက်လာလည်မယ်ဆို ဘလော့မှာကြိုသံချောင်းခေါက်နော်။ လာတွေ့မယ် တကယ်။ တကယ်နုတယ် မဗေဒါက ပျော်ပျော်နေတတ်လို့ဖြစ်မှာ။