Wednesday, December 31, 2008

Myanmar Genius Forum

သူငယ်ချင်း ဘလော့ဂါ BlackDream က သူ့ရဲ့ဖိုရမ် မြန်မာဂျီးနီးရက်စ်ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းကြေငြာပေးဖို့ ပြောလာတာနဲ့ ဖိုရမ်စိတ်ဝင်စားသူများအတွက် နောင်တစ်ချိန်မှာ အသုံးဝင်မဲ့ မြန်မာဖိုရမ်လေးအကြောင်းကို သတင်းကောင်းပါးလိုက်ပါတယ်... မန်ဘာတွေအတွက် အကျိုးအမြတ်တွေလဲရှိတယ်.. ဗဟုသုတလဲရ.. သူငယ်ချင်းလဲတိုးမှာမို့.....အမြန်ဆုံးသာသွား sing up လုပ်လိုက်ကြပါလို့......
အောက်မှာတော့ သူ့ဖိုရမ်ရဲ့ ရည်ရွယ်ချက်လေးနဲ့ မန်ဘာတွေအတွက် အခွင့်အရေးလေးတွေကို သူပို့တဲ့မေးလ်အတိုင်းပြန်လည်တင်ပြလိုက်ပါတယ်...

စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်...။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက်စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်...။ထို့ကြောင့် ကျွန်တော်တို့ သိထား၊ တတ်ထားသည်များကို ဝေမျှရန်၊ မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြနိုင်စေရန်အတွက် ကျွန်တော်တို့ ရဲ့ Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်...။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့ ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင်ကြိုးစားရင်း မိမိတို့ရဲ့ တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့ Myanmar Genius ၀ိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။

ကျွန်တော်တို့ ရဲ့ Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်...။


Novice Member (0 Post to 50) - Download Role

Beginner Member (50 Posts to 100 Posts) - Wordpress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) - Wordpress+Subdomain+ FTP account with Database

VIP Member & Special Member - (Wordpress, Joomla, Phpbb3, Icyphoenix, Vbulletin) + Subdomain + FTP account with Database

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

Saturday, December 27, 2008

Jungle Walk to Tree Top in Singapore

Photobucket

စကာင်္ပူလို သေးငယ်လှတဲ့နိုင်ငံလေးမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချင်တယ်ဆိုရင်.. တစ်ခါလာလဲ ဘာဘီကျူ.. တစ်ခါလာလဲ East Coast.. Parsir Ris.. Santosa.. Shopping Mall.. Restaurant.. Peninsula Plaza ဒါနဲ့ပဲ ကုန်ပါတယ်.. ပိုက်ပိုက် အကုန်ခံနိုင်ရင်တော့ ကာရာအိုကေ(အင်္ဂလိပ်လိုပဲဆိုရတဲ့အတွက် အာသာသိပ်မပြေလှပါ).. ရုပ်ရှင်ကြည့်(ရုပ်ရှင်ကြည့်လျှင် ဆုံတုံး သူငယ်ချင်းများနှင့် စကားမပြောရသဖြင့် အဆင်မပြေလှပါ).. စသည်ဖြင့် ကျမအတွက် သူငယ်ချင်းဆုံစရာနေရာ အလွန်ရှားပါးလှပါတယ်..

ယနေ့တော့ ကျမတို့တွေ အလုပ်မှာ ကိုယ်လက်လှုပ်ရှားမှုမရှိ .. မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့လဲ ဝေးတဲ့ Tree Top Walk ကို သွားခဲ့ကြပါတယ်.. အဲဒိနေရာကတော့ MacRitchie Reservior ကနေစပါတယ်.. ကျမတို့ကတော့ တိုက်စီနဲ့ MacRitchie Reservior Tree Talk walk လို့ပြောပြီးသွားလိုက်လို့ ဘယ်လိုသွားရလဲ မပြောပြတတ်ပါဘူး.. Ang Mo Kio နဲ့ နီးတယ်လို့တော့ ပြောပါတယ်.. Upp Thomson Road မှာ တည်ရှိပါတယ်..

MacRitchie Reservior Park က ရေကန်နားမှ ကျမတို့သူငယ်ချင်း ၄ယောက်ပါ..
Photobucket


ဦးတည်ချက် HSBC Tree Top Walk ကိုရောက်ဖို့ MacRitchie Reservior ဘက်ကနေတက်မယ်ဆိုရင် ၄.၅ ကီလိုမီတာရှိပြီး ၁နာရီခွဲ ၂နာရီလောက်တောလမ်းလေးကို လျှောက်ရပါတယ်.. စစချင်းတောလမ်းမရောက်ခင် ပန်းခြံလေးထဲမှာကတည်းက စတင်တွေ့ရမဲ့ တိရိစ္ဆာန်ကတော့ မျောက်တွေပါ.. လူကိုဘာမှမလုပ်ပင်မဲ့.. မုန့်ထုတ်ပါရင်တော့ လိုက်ဆွဲပါတယ်.. ဒါပေမဲ့ မျောက်စာကြွေးခွင့်မရှိပါ.. ကျမတို့ ထမင်းထုတ်ကို လာဆွဲတဲ့ မျောက်ကိုသေချာဓာတ်ပုံရိုက်ထားတာပါ (စခန်းမှာတိုင်ဖို့..) မစိုးရိမ်ပါနဲ့ ကျမသူငယ်ချင်းက အသက်နဲ့လဲပြီး ထမင်းထုတ်ကို ကာကွယ်ခဲ့ပါတယ်..




သတိ... မျောက်စာမကြွေးရ.. စက်ဘီးမစီးရ.. သစ်ကိုင်းကျိုးကျတတ်သည်.. (မသိမှာစိုးလို့ရှင်းပြတာ..)
Photobucket


မည်သည့်ဈေးဆိုင်မှ မရှိသဖြင့်.. လိုအပ်သော ရေဘူးတို့ တစ်ရှူးတို့ စားစရာသောက်စရာတို့ မိမိဘာသာ ယူဆောင်သွားရပါမယ်.. တောလမ်းဖြစ်သောကြောင့် သက်တောင့်သက်သာအ၀တ်အစားနှင့် ဖိနပ်များကို ၀တ်ဆင်ပြီးသွားသင့်ပါတယ်.. ကျမတို့ ရောက်သောအချိန်မှာ ၁၁နာရီထိုးလုဖြစ်နေသဖြင့် နေအနည်းငယ်ပူနေပါတယ်.. တောအုပ်ထဲရောက်သွားလျှင်တော့ နေမပူတော့ပါ.. ဒါပေမဲ့ မိတ်ဆွေသွားမည်ဆိုလျှင် စောစောသွားဖို့တိုက်တွန်းချင်ပါတယ်.. ဖွင့်ချိန် Tues to Fri: 9am - 5pm, Sat, Sun and PHs :8.30am - 5pm, Closed on Mon except PH ဖြစ်ပါတယ်..


ခရီးအဆုံးမှာတော့ စကာင်္ပူမှာ ပထမဆုံးဆောက်ခဲ့တဲ့ အမြင့်ပေ ၂၅ မီတာ(တစ်ချို့ website မှာတော့ ၂၇မီတာလို့ပြောတယ်) ရှိတဲ့ ကြိုးတံတားကို သစ်ပင်ထိပ်အမြင့်တွေကြားမှာ ဆောက်ထားတာတွေ့ရပါလိမ့်မယ်..
တစ်ချို့ကပြောတော့ တံတားကို အသံတိတ်တိတ်နဲ့ လျှောက်ရင် ကျေးငှက်လေးတွေကို အနီးကပ်ကြည့်လို့ရတယ်လို့လဲပြောပါတယ်.. ကျမတို့ကတော့ စကားတွေ ပြော.. ဓာတ်ပုံတွေရိုက်.. ဗွီဒီယိုတွေရိုက်လုပ်နေလို့ ဘာငှက်မှ မတွေ့ခဲ့ပါဘူး.. တံတားကမြင့်တော့ လမ်းလျှောက်ရတာ အသဲထဲအေးပြီး.. ခြေဖ၀ါးတွေ ယားနေပါတယ်..


အပြန်တောလမ်းလှေကားထစ်တွေပေါ်က ကျမ
Photobucket

တံတားပေါ်မှာနဲ့ တံတားပြီးပြီးချင်းလမ်းတွေမှာတော့ နောက်ပြန်မလှည့်ရ လမ်းပြောင်းပြန်ပြန်မလျှောက်ရဆိုတဲ့ အချက်ပေး ဆိုင်းဘုတ်လေးတွေကိုတွေ့ရပါတယ်.. လူတစ်ယောက်စာသာသာ လမ်းလေးတွေမို့ လူရှုပ်မည်စိုး၍ ထင်ပါသည်.. အပြန်တွင်တော့ ခရီးပိုနီးတဲ့ Venus Drive Carpark ဘက်ကနေထွက်လာခဲ့ပါတယ်.. Tree Top Walk မှ ၂.၅ ကီလိုမီတာဝေးပြီး.. ၄၅မိနစ်မှ ၁နာရီအတွင်းလောက် ပြန်လျှောက်ရပါတယ်.. ထို့ကြောင့် စုစုပေါင်း အသွားအပြန် ၇ကီလိုမီတာမှ ၁၀ ကီလိုမီတာအထိ (၃နာရီက ၅နာရီ သင်လမ်းလျှောက်မှုပေါ်မူတည်ပြီးလျှောက်ရမှာပါ) ရှိပါတယ်..

တစ်လမ်းသွားပါ.. နောက်ပြန်မလှည့်ရပါ.. ဂျီတော့မှာ ပုံတင်ချင်လို့ ရိုက်လာလိုက်တာပါ..
Photobucket


အပြန်လမ်းမှာတော့ အားလုံး ပင်ပန်း နွမ်းနယ်နေကြပါပြီ.. ဒါပေမဲ့ ကျမတို့ ပင်ပန်းရကျိုးနပ်ပါတယ်.. ယခုတစ်ကြိမ် သူငယ်ချင်းတွေ ဆုံတွေ့ချင်းမှာ ဟန်ဆောင်ခြင်း.. ပြိုင်ဆိုင်ချင်းမရှိဘူး... ဖေးမကူညီချင်း.. ပွင့်လင်းခြင်း နဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အကုန်အကျသက်သာတဲ့ ဆုံဆည်းမှုလေးဖြစ်တဲ့ အပြင် ကျမတို့ အားလုံးရဲ့ ဘ၀စာမျက်နှာမှာ ချိုမြိန်ဖွယ်လေးအဖြစ် မှတ်ကျောက်တင် တည်ရှိသွားမှာပါ.... (သေချာတာကတော့ သူတို့အားလုံး ဒီနေ့ည အပူအပင်တွေ မတွေးနိုင်ပဲ အိပ်ကောင်းကြမှာပါ...)

အောက်ကပုံလေးတွေကတော့ ကျမတို့ ခရီးစဉ်အမှတ်တရပေါ့...

တစ်ခုတည်းသော နားနေစခန်း ဘာဆိုင်မှမရှိ ရေဖြည့်ရန် ရေသန့်စက်၁ခုသာရှိ..
Photobucket

တံတားပေါ်မှာပေါ့

Photobucket

အပြန်လမ်းမှာတော့ အသံတွေတိတ်နေကြတယ်..

Photobucket

တဖြည်းဖြည်းနဲ့ စူစူအောင့်အောင့် တောလမ်းလျှောက်လာပါပြီ..

Photobucket

မောတော့မောတာပေါ့.. ဒါပေမဲ့.... မောတယ်..

Photobucket

အပြင် Car Park ပြန်ရောက်ခါနီးလမ်းလေး..
Photobucket

Wednesday, December 24, 2008

Singapore Christmas @ Orchard

၂၀ရက်နေ့ညက Twilight ကို ဒိုဘီဂေါ့က Grand Cathay ( Grand Hall ကတော်တော်သားနားတယ်.. ) မှာ သွားကြည့်ရင်း ရုပ်ရှင်ပြီးတော့ မိသားစုနဲ့ Orchard ကို ဆက်လျှောက်ဖြစ်ရင်း ဓာတ်ပုံတွေရိုက်ဖြစ်တယ်..
နှစ်စဉ်နှစ်တိုင်း စလုံးမှာ ခရစ်စမတ်ရောက်ရင် Orchard လမ်းကိုတော့ အပျံစားပြင်တတ်တယ်လေ.. အဲဒိနေ့က ရုပ်ရှင်ပြီးချိန် ည ၁၁နာရီဝန်းကျင်လောက်ကနေ.. Orchard လမ်းဘက်ကို လျှောက်သွားတော့ ၁၂နာရီလောက်ရှိပြီ.. လူတွေ အတော်ရှင်းနေတော့ ဓာတ်ပုံရိုက်ရတော်တော်ကောင်းတယ်.. လမ်းတစ်လျှောက်လဲ ခရစ်စမတ်သီချင်းလေးတွေ ဖွင့်ထားတော့ ဘာကို သတိရမှန်းမသိ.(သေချာစဉ်းစားကြည့်တော့လဲ ဘာမှ သတိရစရာကမရှိ).. ခရစ်စမတ်ပိုးထနေတော့ ခရစ်စမတ် attire အနီနဲ့ အဖြူပေါတောတော လုပ်ပြီး ၀တ်လာတယ်.. ဟီး... ဓာတ်ပုံလေးတွေ ဝေမျှလိုက်ပါတယ်..
Slide show လုပ်ထားပင်မဲ့ Slide show မှာ သေချာမမြင်ရဘူးထင်တဲ့ပုံလေးတွေကို ဒီတိုင်းတင်ပေးလိုက်တယ်..
Orchard လမ်းထိပ်ကနေ လမ်းလယ်တည့်တည့် မီးပွိုင့်နီနေတုန်း ပြေးရိုက်ထားတာ..


A Sweet Christmas in Singapore (Sweet until My work shut down and so free to take pictures Sob.. sob !_! )


Should I name it as Delicious Christmas??

Christmas @ Orchard 2008




Saturday, December 20, 2008

Twilight (A Very good Movie)


မနေ့က ရုပ်ရှင်သွားကြည့်ဖြစ်တယ်.. supernatural ကားလေးတကား.. လူငယ်ကြိုက်ကားလေး.. အချစ်လဲပါတယ်.. မင်းသားနဲ့မင်းသမီးကလဲ ပြောစရာမလိုလောက်အောင် ချောပြီး ကြည့်လို့ကောင်းတယ်..
အင်္ဂလိပ်ကားပင်မဲ့ အရှေ့တိုင်းကားတွေနဲ့ အချစ်ကို logic တော်တော်တူအောင်ရိုက်ထားတယ်လို့ ခံစားရတယ်.. အဲဒါကတော့ မင်းသားက မင်းသမီးလိုအပ်နေတဲ့ အချိန် အမြဲရောက်လာတယ်.. မင်းသမီးတစ်ယောက်ထဲကိုပဲ ဖူးဖူးမှုတ်ချစ်တယ်.. ကျောင်းမှာလဲ နာမည်ကြီးတယ်.. အရင်က ဘယ်မိန်းမကိုမှ စိတ်မ၀င်စားဘူး.. မင်းသမီးကို အမြဲ ကာကွယ်တယ်.. သဘာဝချင်းဆန့်ကျင်တာတောင် သူတို့အချစ်က ဂန္တ၀င်တယ်.. အဲလိုရိုက်ပြထားတယ်..
Vampire နဲ့ လူရဲ့ချစ်ဇာတ်လမ်းလေးပေါ့.. မင်းသားနဲ့ မင်းသမီးကို ငမ်းနေရတာနဲ့ပဲ.. ဇာတ်လမ်းပြီးသွားတာတောင် ကြည့်မ၀ဖြစ်နေတယ်.. နောက်တစ်ခေါက်တောင် ထပ်ကြည့်ချင်တယ်.. မင်းသားက ဟယ်ရီပေါ်တာမှာတုန်းက senoir ကျောင်းသားလုပ်တဲ့ ခပ်ချောချောကောင်လေး အနေနဲ့ အရင်က ပရိတ်သတ်မြင်ဘူးထားလိမ့်မယ်.. ဒါပေမဲ့ ဒီကားမှာ ဟယ်ရီပေါ်တာကားက ပုံနဲ့တော်တော်ကွာပြီး cool ဖြစ်တယ်.. ကင်မရာရိုက်ချက်တွေလဲ တော်တော်ကောင်းတယ်.. အောက်မှာ ဓာတ်ပုံလေးတွေ google ကရှာပြီးတင်ပေးထားတယ်.. Trailer လဲ Youtube ကရှာပြီးတင်ပေးထားတယ်.. အနှစ်အခန်းလေးတွေပါတယ်.. လူငယ်ကားထဲမှာ အတော်ကြည့်ကောင်းတဲ့ ကားတစ်ကားပါ.. (ကြော်ငြာဝင်လိုက်ပါအုံးမယ်.. ကျမသာ ကောင်မလေးနေရာမှာဆိုရင်လဲ ဒီလောက် ချောပြီး ဂရုစိုက်တတ် ချစ်တတ်တဲ့ ယောကျာင်္းတစ်ယောက်ကို Vampire ဖြစ်လဲ အဲဒိကောင်းမလေးလိုပဲ ကျမသွေးကို စုတ်ပြီး သူနဲ့ အမျိုးတူလုပ်ဖို့ တောင်းဆိုမိမှာပါ.. ကျမသွေးစုတ်လိုက်ရင်တောင် မသေတော့ပဲ immortal တောင်ဖြစ်သွားအုံးမယ်.. အဟိ.. ဟဲ.. ဟဲ)


Photo credits goes to Google.

Friday, December 19, 2008

ပီတိကိုစား ခါးချိပါ၏...

အဟီး... ကြွားချင်တာလေးကတော့ ကျမလုပ်ထားတဲ့ editing လေးပါ.. Adobe Premier Pro ကို ကိုပုလုကွေးကပေးပင်မဲ့ အဲဒါကို သင်ယူဖို့အတွက် စာဖတ်ဖို့ အချိန်မရလို့ (အမှန်တော့ ပျင်းနေလို့) မူလလက်ဟောင်း Window Movie Maker နဲ့ပဲ တည်းဖြတ်ဖြစ်ခဲ့ပါတယ်..
အဲဒါတောင် အတော် အလုပ်ရှုပ်ပါတယ်.. ကျမ၀ယ်ထားတဲ့ ဗွီဒီယို ကင်မရာက JVC Hardisk အပျော်တမ်းကင်မရာဖြစ်ပြီး သူ့မှာပါလာတဲ့ software နဲ့ကျမှ အဲဒိကင်မရာထဲက file အမျိုးအစားကို မှတ်မိပြီး အက်ဒစ်လုပ်လို့ရပါတယ်.. ဒါပေမဲ့ software ကလဲ သုံးရရုံလောက်ပေးလိုက်ပြီး effect အစုံသုံးချင်ရင် ၀ယ်ရမယ်တဲ့.. စီးပွားရေးသမားတွေ လူလည်ကျပုံများ.. အဲလိုပါ.. ကျမကလဲ အလွန်မှ ကပ်ဖဲ့ရက်ဖဲ့ ကပ်စီးနဲတတ်သောသူဆိုတော့.. သူနဲ့ပြိုင်တင်းပြီး မ၀ယ်ပါဘူး.. ဒီတော့ ကိုယ့်ဒုက္ခကိုယ်ရှာ ရိုက်လာသမျှ ဗွီဒီယို အကြမ်းတွေကို နေ့အလိုက် တစ်ရက်ပြီးတစ်ရက် အဲဒိ software နဲ့ AVI Format ကို အရင်ပြောင်း ပြီးမှ window movie maker ထဲမှာ သွားပြီး edit လုပ်ရပါတယ်.. ခုတော့ ပင်ပင်ပန်းပန်းလုပ်ရတာလေး ပြီးပါပြီ...

ဒီဗွီဒီယိုလေးကတော့ ကျမရဲ့ ဂျပန်ခရီးစဉ် ၁၀ရက်မှာ ၄ရက်ရိုက်ထားတဲ့ ဗွီဒီယိုလေးတွေပါ.. ရိုက်ခဲ့တဲ့နေရာတွေကတော့..

(၁) စကာင်္ပူလေဆိပ် နှင့် ဂျပန်လေဆိပ်
(၂) ကမကုရာ ဘုရား
(၃) Ikebukuro (အီကဲဘုကူရို) (ဂျပန်နိုင်ငံ၏ ရှော့ပင်မောများရှိရာနေရာတွင် တစ်ခုအပါအ၀င်)
(၄) Imperial Palace (နန်းတော်)
(၅) ဖူဂျီတောင် နှင့် ဟာကိုနဲက အာရှိ(ဆိုလားဘာလား) ရေကန် (ဓာတ်ပုံများသာ.. ဗွီဒီယိုမပါ မကြာမှီလာမည် ဗွီဒီယိုက)
(၆) Yokohama (ကျမ သွားခဲ့သမျှထဲမှာ အနှစ်သက်ဆုံးနေရာတွင် တစ်ခုအပါအ၀င်ဖြစ်သော)

  • လူတွေများနေတဲ့ကြားက ကိုယ့်ကိုကိုယ်ကင်မရာနဲ့ချိန်ရိုက်တော့ လက်ကြီးဆန့်ထားရပြီး ဘေးလူတွေကို သွားရိုက်မိတာ..
  • ရိုးရိုးကင်မရာထုတ်ရိုက်ရ ဗွီဒီယိုကင်မရာထုတ်ရိုက်ရနဲ့ အလွန်တရာမှ အလုပ်ရှုတ်ခဲ့ရတာ..
  • အပြင်သွားတိုင်း ပိုက်ဆံအိတ် မိတ်ကပ်ဘူး ရေဗူး မိန်းကလေးအသုံးအဆောင်များထည့်ထားသော လေးပင်လှသော ဆလင်းဘက်အိတ်ကြီးအပြင်
  • ကင်မရာအိတ် နှင့် ထောက်တိုင် စတန်းကို လဲ ကိုယ့်ဘာသာကိုယ် ပခုံးတောင့်အောင် သယ်ခဲ့ရတာ...
  • ရထားပေါ်ကားပေါ်မရှောင် အိမ်သာထဲလဲ ကင်မရာမလွှတ် လူကြည့်ခံကာ အရှက်ကွဲခဲ့ရတာ...
  • တစ်ယောက်ထဲလျှောက်သွားနေရပင်မဲ့ ဒီကင်မရာလေးရိုက်နေလို့ ဘယ်လိုမှ ပျင်းချိန် အထီးကျန်ချိန်မရခဲ့တာ..
  • ကင်မရာကြီးကြည့်ကြည့်ပြီး စကားပြောလိုက် ဟိုရိုက်ဒီရိုက်လုပ်နေရလို့ လူရီခံရတာ... ဒါတွေအားလုံးဟာ ကျမအတွက် အမှတ်တရတွေပါ.. ပြန်စဉ်းစားတိုင်း အိပ်မက်ကောင်းတစ်ခုလိုပါပဲ..အိပ်မက်ထဲမှာ ကျမမိသားစုပါရင်တော့ ပိုပြည့်စုံသွားမှာပါ.. နောက်တစ်ခေါက်လဲ ကျမမိသားစုနဲ့အတူ သွားနိုင်အောင် ကြိုးစားပါအုံးမယ်...

ကျမဗွီဒီယိုလေးက ၀ါသနာရှင်အဆင့်မို့ ထင်သလောက်ကောင်းချင်မှလဲကောင်းမယ်.. ဒါပေမဲ့ ကိုယ်အချိန်ပေး အပင်ပန်းခံလုပ်ထားရတာဆိုတော့ ကိုယ့်ဘာကိုယ်ကြည့်ပြီး ပီတိဖြစ်နေတာပဲ.. အဲဒိဗွီဒီယို Youtube မှာတင်ပြီး နာရီပိုင်းအတွင်းမှာပဲ rating ရပါတယ်.. 1 out of 5 ပါ.. ဆိုလိုတာကတော့ Poor ပေါ့.. စိတ်မကောင်းတော့ အစကဖြစ်သွားတယ်.. ခုတလော အလကားနေ စိတ်က ဟိုး အ၀ီစိကျနေလို့ ညစ်တာတွေ ရှားထားပြီး ကိုယ့်ဝါသနာပါတာလေးကို အာရုံထားလုပ်နေပါမှ အဲလိုပေးခံရတော့ ရင်ထဲမှာ စူးကနဲပဲ.. ဒါပေမဲ့ ကိုယ့်ဘာကိုယ် ဖြေတွေးမိတယ်.. ကျမဗွီဒီယိုက ၀ါသနာရှင် အဆင့်ပါ... video editing ပညာကိုလဲ ဘယ်သင်တန်းမှ တက်ပြီး လုပ်တတ်နေတာမဟုတ်ပါဘူး.. ကွန်ပြူတာထဲက software ကို ၀ါသနာအရ အချိန်ပေးလေ့လာပြီး လက်ကလိခြင်းသာဖြစ်ပါတယ်.. Professional တွေနဲ့ ယှဉ်ရင်ပဲဖြစ်ဖြစ် နိုင်ငံတကာက ၀ါရင့် ၀ါသနာရှင် တွေနဲ့ယှဉ်လို့တောင် မရသေးပါဘူး.. အမှန်ဆိုရင်တော့ ကျမဗွီဒီယိုက မိသားစုတွင်းလောက် အပေါင်းအသင်းထဲလောက် ကြွားလောက်ရုံသက်သက်ပါ.. ခုတော့ ကျမဗွီဒီယို တင်တင်ပြီးချင်း အရေးတယူ rating ပေးခံရတယ်.. ပြီးတော့ ပေးတဲ့သူက ကျမအခြေအနေကို မသိပဲ international က ကျမထက် အဆပေါင်းများစွာတော်တဲ့သူတွေနဲ့ ယှဉ်ပြီး 1 out of 5 (Poor) ပေးတယ်ဆိုတာ.. တော်တော်မဆိုးတာပဲ.. ကျမကတောင် ကျမကိုယ်ကျမ ဘယ်သူနဲ့မှတောင် မနှိုင်းရဲဘူး.. သူက ကျမကို ဒီလိုမျိုး အကောင်းတွေနဲ့ နှိုင်းသွားတယ်ဆိုတော့ ထိုသူကိုကျမခုပိုစ့်ရေးနေရင်းနဲ့တောင် အတော်ကျေးဇူးတင်နေပါပြီ...

အပင်မြင့်လေ လေတိုက်ခံရလေပါ... ကိုယ့်ကိုကိုယ် မြောက်သွားလို့ပြောချင်းမဟုတ်ပါ... ခုလို ကျမရဲ့အလုပ်ကို အရေးတယူနဲ့ လေလာတိုက်ပေးတဲ့ ထိုသူ (မြန်မာဖြစ်ချင်မှလဲ ဖြစ်နိုင်သလို.. ကျမရဲ့ အပြင်အပေါင်းအသင်းများထဲမှ ကျမလုပ်သမျှကို မနာလိုလိုက်ဖြစ်နေသော်လဲ မိတ်ဆွေယောင်ဆောင်နေသူလဲ ဖြစ်နိုင်ပါတယ်) ကို ကျေးဇူးအရမ်းကို တင်ပါတယ်.. ကိုယ်လဲ သူများကို ဝေဖန်သလို.. ကိုယ့်ကိုလဲ အရေးတယူလုပ်ပြီး ဝေဖန် အဆင့်ပေးတဲ့သူရှိတဲ့အတွက်လဲ ဒီနယ်ပယ်မှာ ရလိုက်တဲ့ နေရာလေး တဒင်္ဂ အတွက် သိပ်ပီတိဖြစ်မိပါတယ်.. လောက မှာ အမည်းဆိုတာကို မရှိရင် အဖြူဆိုတာကို ဖြူတယ်ဆိုပြီး ပြောလို့မရပါ.. နှိုင်းစရာ တစ်ခုခုရှိမှ နှိုင်းလို့ရတာပါ.. ယခုလဲ (Poor) ဆိုတဲ့ rating က Perfect ဆိုတဲ့ စံနဲ့ အနှိုင်းခံရလို့သာ Poor ဆိုတာဖြစ်လာတာပါ.. နှိုင်းစရာမရှိရင် Poor ဆိုတဲ့ အသုံးအနှုန်းလဲ ဖြစ်မလာပါ..

ဒီဗွီဒီယိုဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီကြသော...
ကျမဘာလုပ်လုပ် အားပေးသော... မှားတာဆိုရင် ပြင်ပေး အကြံပေးသော.. ကျမ၏ မိသားစု..
ဂျပန်အလည်လာမည်ကို ကျေကျေနပ်နပ် ခေါ်သော ကျမ၏ အချစ်ရဆုံး သူငယ်ချင်း...
ကျမကို လိုလေသေးမရှိ သမီးအရင်းကဲ့သို့ ချစ်ချစ်ခင်ခင် ကူညီစောင့်ရှောက်ခဲ့သော.. သူမ၏ မေမေ (အန်တီ)...
ကျမဗွီဒီယိုအက်ဒစ်လုပ်ရမှာ ပျင်းနေလို့ ဆက်မလုပ်ဖြစ်ပင်မဲ့ စိတ်အနှောင့်အယှက်တစ်ခုကြောင့် အာရုံပြောင်းအောင် ၀ါသနာပါတဲ့ ဒီဗွီဒီယိုကို အပြီးထိဆက်လုပ်ဖြစ်ခဲ့တဲ့အတွက်.. စိတ်အနှောင့်ယှက်ဖြစ်အောင် လုပ်ခဲ့သော တစုံတယောက်အား လည်းကောင်း....

ပါဝင်ကူညီကျသော....
မဗေဒါ ၁ယောက်ထဲရှိသော ၀ိုင်းတော်သားများ... ဟီး..ဟီး...
အထုတ်ထမ်း(ကူလီ)မှ အစ နည်းပညာပိုင်းဆိုင်ရာများအားလုံးကို ၁ယောက်ထဲ အပင်ပန်းခံလုပ်ခဲ့သော ကျမကိုယ်ကျမအာလည်းကောင်း..
အထူးသဖြင့် အားပေးကြည့်ရှုကြသော ပရိတ်သတ်များနှင့် ဘလော့ဂါ မိတ်ဆွေ မောင်နှမများ အားလုံးကို ကျေးဇူးတင်စကားပြောကြားလိုပါတယ်..

ဖြစ်နိုင်မယ်ဆိုလျှင် ကျမ၏ အပင်ပန်းခံထားသော ဗွီဒီယိုလေးကို Youtube တွင် rating လုပ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်...

မှတ်ချက်... ရုပ်ပုံပိုမိုကြည်လင်စေရန် အထက်ပါ ဗွီဒီယိုကို Double click နှိပ်ပြီး Youtube ၌ Watch in High Quility ဆိုတာကို နှိပ်၍ ကြည့်ရှုကြပါရန်...

ဒိထက်လဲ ပိုကောင်းအောင် ကြိုးစားသွားမှာပါ.. ကျမမှာ self learning ကလွဲလို့ ဒီအနုပညာလောကနဲ့ ဘာဆိုဘာမှ အဆက်အသွယ်မရှိတာကတစ်ကြောင်းနဲ့ အစစ အရာရာ ကိုယ်တစ်ယောက်ထဲ သွားရင်း လာရင်း ရိုက်ရတဲ့အတွက် မပြည့်စုံမှုလေးတွေရှီခဲ့တာလေးတွေကို မြန်မာရုပ်ရှင်ပရိတ်သတ်ထုံးစံအတိုင်း ဖြည့်တွေးနားလည်လျက်ကြည့်ပေးကြပါလို့.............

Tuesday, December 16, 2008

စိတ်သားဟင်းအတွက် ဆားချက်ခြင်း...

ဟာကွာ.. ဘာတွေမှန်းကိုမသိဘူး.. ဒီနေ့ ကံကိုမကောင်းတာ.... အလုပ်ရောက်တာနဲ့ new year night မလုပ်ချင်ပါဘူးဆိုမှ အဲဒိနေ့တည့်တည့် duty ကျတယ်.. ယုတ်မာကြတာ.. မပြောချင်ဘူး... ဘာမှ ထွေထွေထူးထူးသွားစရာ လုပ်စရာရှိလို့တော့ မဟုတ်ပါဘူး..

မနှစ်က New year တုန်းကလဲ ဘာမဟုတ်တဲ့ သစ္စာမရှိတဲ့ အကောင်ကြောင့် ကိုယ့်ကိုကိုယ် အချစ်သူရဲကောင်းမကြီးလုပ်ပြီး အလုပ်သွားပြစ်လိုက်တယ်.. ဟိုကတော့ ပျော်လို့ပါးလို့ ဘာမှတောင် ခံစားလိုက်ရမှာမဟုတ်ဘူး.. နောက်ဆို ဘယ်ကောင်အတွက်မှ ကိုယ့်ပျော်ရွှင်မှုနဲ့ ကိုယ့်လမ်းကြောင်း ကိုယ်လုပ်စရာရှိတာကို အပျက်မခံတော့ဘူး.. တန်တဲ့ဟာတွေမဟုတ်ဘူး.. ဖတ်... ဖတ်.. ထွီ... ပြောနေရတာ လက်ညောင်းတယ်..

အော်.. ပြောချင်တာက ဒီနှစ်တော့ New Year လေး မနှစ်က လိုမဖြစ်ရအောင် အိမ်က မိသားစုနဲ့နေမယ်ပေါ့ဆိုမှ သောက်လုပ်က လုပ်ရအုံးမယ်.. (ကန်တော့ ကန်တော့)...

ဘာလို့ခုလောက်ထိဒေါသထွက်နေလဲဆိုတော့.. ဖြစ်ပုံကဒီလို....
စီးပွားရေးကျတော့ Public holiday တွေမှာ အလုပ်သမားတွေကို OT ကြေးပေးပြီး မခိုင်းချင်တော့.. ၂၂ရက်နေ့ကနေ နောက်လ ၂ ရက်နေ့ထိ ခွင့်ယူရမယ်တဲ့.. Public holiday, work off day နှုတ်တော့ စုစုပေါင်း ၅ရက်လောက်ယူရမယ်.. ရှိစုမဲ့စု ခွင့်အလွန်မှ ရှားပါးပါတယ်ဆိုမှ ယူခိုင်းတယ်...

အဲ.. ကံကောင်းချင်တော့ ၁ယောက်ကို ၂ရက်တော့ ပြန်လာခွင့်ရှိတယ်တဲ့... ဒီလိုနဲ့ပျော်သွားတာပေါ့... ခွင့်ယူရမဲ့အတူတူ မလေးရှားကမရောက်ဖူးသေးတဲ့နေရာကို အဖေနဲ့ အမေကို လိုက်ပို့ရင်းလစ်လိုက်မယ်ပေါ့ဆိုပြီး.. ကိုယ့်အမအားတဲ့ စနေ တနင်္ဂနွေနဲ့ဆက်နေတဲ့ ခရစ်စမတ်နေ့နောက်က ၂၆ ၂၇ ကို ခွင့်ယူလိုက်တယ်... ပြီးတော့ new year night လေးမှာ မနှစ်က မပျော်ခဲ့ရတော့ ဒီနှစ်တော့ ပျော်မယ်ဆိုပြီး အဲဒိနေ့လဲ ယူမယ်ပေါ့...

ဒီနေ့မနက်ရုံးရောက်တော့ အီးမေးလ်ကရောက်နေတယ်.. အလုပ်လုပ်ရမဲ့ Duty ကျတဲ့ရက်တွေကို supervisor ကပို့ထားတာ.. ၃၀ ၃၁ရက်နေ့တဲ့.. ၁ရက်နေ့လုပ်ခိုင်းပါလား.. အဲနေ့က ပိုက်ဆံလဲပိုရမယ်.. ပျော်ရမယ့်ရက်နဲ့လဲ လွတ်တယ်.. အရေးကိုမပါတာပါ....

နောက်နေ့လည်ကျတော့... အစ်မနဲ့ချက်တော့... ခရီးသွားမဲ့အစီအစဉ်က ပျက်တယ်... ခရီးသွားချင်လို့ ဒီ ခရစ်စမတ်နောက်ရက်တွေကို အားအောင်လုပ်လိုက်ပါတယ်.. ခုတော့ ဘာမဟုတ်တာနဲ့ မသွားဖြစ်တော့ဘူး...
စိတ်ရှိရှိနဲ့ ဂျပန်ထပ်သွားပြစ်လိုက်ချင်တယ်... အဲဒိ သူငယ်ချင်းနဲ့တွေ့ရင် ပျော်တယ်..

(* Some Text missing due to some ridiculous requests and reasons*)

ဒီနေ့တင်းတဲ့ အထဲမှာ နောက်တစ်ခုရှိသေးတယ်.. အဲဒါကတော့ တင်းတာလဲ မဟုတ်ဘူး.. စိတ်အနှောင့်အယှက်ဖြစ်တာ.. ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှုမရှိတော့ဘူး.. သိမ်ငယ်သွားတယ်... အဲဒါကတော့ လှို့ဝှက်ချက်ပဲထားလိုက်ပါတော့.. ဘာမှတော့မဟုတ်ပါဘူး.. ဘယ်သူ့အပြစ်မှလဲမဟုတ်ဘူး.. ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပါတယ်...

စိတ်က ခုတလော ကစဥ့်ကလျားဖြစ်နေတော့.. ကိုယ့်စိတ်ကိုယ်တောင် မနဲလိုက်ဖမ်းနေရတော့.. ဂျီတော့မှာ သူငယ်ချင်းတွေနဲ့ စကားပြောတော့ အပေါက်လမ်းက မတည့်.. ဟိုတစ်ရက်က မရည်ရွယ်ပဲ အော်လိုက်မိတယ် ဘော်ဒါတစ်ယောက်ကို... မရည်ရွယ်ပါဘူး သယ်ရင်းရေ.. မှားသောရှိ မှန်သောရှိ ဗွေမယူပါနဲ့.. ကျွန်တော့်သားလေးရဲ့ အမိုက်မှားကို ခွင့်လွှတ်တော်မူပါ.. အဲလေ.. ဘာတွေနဲ့ရောပြီး ယောင်ကုန်ပြီလဲမသိဘူး... ထားလိုက်ပါတော့..

အမှန်တော့ မဗေဒါမှာ တစ်ခါတစ်လေ အလကားနေ အားငယ်လိုက် သိမ်ငယ်လိုက်.. ဘာဖြစ်နေမှန်းကို မသိဘူး.. အားအားရှိ ငိုချင်နေတဲ့အကျင့်ကိုက မကောင်းတာ... တခါတလေပြောတာပါ.. လူကကြည့်တော့ မာသလိုလိုနဲ့ အလွန်တရာမှ စိတ်ပျော့တဲ့ အကျင့်ကလဲ 10 Things i hate about myself မှာ Tag တဲ့သူများရှိရင် ထည့်ရေးဖြစ်မှာ.. ခုမရှိတော့လဲ ဒီလိုရေးတယ်ကွာ.. ဟဲ. ဟဲ...

တကယ်ကိုပဲ လက်ရှိနေရာကနေ ထွက်ပြေးသွားချင်တယ်... အပြောင်းအလဲ တစ်ခုခုလိုချင်တယ်.... ဗေဒင်မေးတော့.. အညံ့ထဲရောက်နေတယ်တဲ့... ညံ့နေတော့.. မပြီးတော့ဘူး.. ဟိုးအရင် ရန်ကုန်မှာ ဗေဒင်မေးတော့.. ကောင်းလိုက်တဲ့ကံ... အချစ်ရေးတွေကံကောင်းလို့... ဟား.. ဟား.. လူလိမ်လူညာ နဲ့တန်းတိုးတာ... သွားမမေးနဲ့ စက်ဆန်းနားကဗေဒင်.. ဟီး... ဟီး... အဲလိုလဲဟုတ်ပါဘူး.. မှန်မှာပါ... မပြောနိုင်ဘူး အဲဒိအချိန်တုန်းက Justin Timberlake ရဲ့ အိမ်မက်တွေထဲ ငါများစိုးမိုးထားခဲ့လားမှမသိတာ.. ထားပါတော့.. ထားပါတော့.. (ဘယ်သွားထားတာလဲ.. ခေါင်းပေါ်ရွက်ထားခိုင်းတာ.. ဟီး...)

ဒါနဲ့ ဂျီတော့မှာ သူငယ်ချင်း အရင်းခေါက်ခေါက်နဲ့ ချက်ရင်း စိတ်ညစ်ကြောင်းပြောမိတော့ ဒါဆို ပိုစ့်ရေးတဲ့.. ဘာရေးရမှန်းလဲမသိဘူး.. ဒီတော့ မုန်တိုင်းပဲထန်လိုက်တယ်..... (ခက်ဆစ်... သူငယ်ချင်းအရင်းခေါက်ခေါက် = အွန်လိုင်းအမြဲတွေ့နေသော်လည်း စကားမပြောဖြစ်သူ။ တစ်နိုင်ငံတည်းနေသော်လည်း မတွေ့ဖြစ်သူ ဒါပေမဲ့ လိုအပ်လျှင်စကားသွားပြောက နွေးထွေးမှုကိုခံစားရသူ..(နောက်ဆုံးတစ်လုံးနဲ့ စားသွားပြီ))

(* Here also some text missing* )

ကျမသူငယ်ချင်းအရင်းများထဲတွင် မော်ဒယ်အရပ်နဲ့ အိမ်ဂျလီနာ ဂျိုလှိုင် တစ်ယောက်ပဲ အစဉ်တစိုက်အားပေးသူရှိသည်.. (သူတစ်ယောက်ပဲ ဥာဏ်မှီတာကိုး.. အဟိဟိ)...

အိုကေ lah.. အိုကေ lah (ခက်ဆစ် Lah = စကာင်္ပူတွင်သုံးသော အိုကေနောက်မှလိုက်သည့် အင်္ဂလိပ် အသုံးအနှုန်း) ဘာမှမဟုတ်ဘူး... စိတ်ညစ်.. စိတ်ဓာတ်ကျ.. အလိုမကျ.. စိတ် ကလိကလိ.. စိတ် ယားကျိကျိဖြစ်နေသောကြောင့် ဒီပိုစ့်နှင့် ဆားချက်လိုက်ခြင်းဖြစ်သည်... ကွန်မန့်များ လာစေသော်.......... ဒူဝေေ၀...

ရေပြင် ဘဝ

ငြိမ်သက်နေတဲ့ ရေပြင်ကို သူပဲ ခဲလေးနဲ့ပေါက်သွားတယ် ...
သူကလာရာလမ်းကို ကျောခိုင်းသွားပေမဲ့ ...
ရေပြင်လေးကတော့ လှိုင်းကြက်ခွက်လေးတွေနဲ့ တုန်ရီကျန်ခဲ့တယ်..
ဒီလှိုင်းလေးတွေ အချိန်တန်ရင်..
ပြန်ငြိမ်သက်မှာပါလေ....

Saturday, December 13, 2008

နိုင်ငံအလိုက် အာမေဋိတ်

ကမ္ဘာပေါ်မှာ လူမျိုးတွေအများကြီးရှိသလို ဘာသာစကားတွေလဲ အများကြီးရှိတယ်.. ဒီပါးစပ်ရယ် လျှာရယ် လည်ချောင်းရယ်လေးနဲ့ပြောတာတောင်မှ အသံမျိုးစုံရှိတယ်.. ဆင်တူရင်တူမယ်.. ဒါပေမဲ့ ဘာသာစကားတွေမှ လေ့လာလို့မကုန်နိုင်လောက်အောင်ပဲ သန်းချီရှိကြတယ်..

ကျမရဲ့ ဟိုစပ်စပ်ဒီစပ်စပ်အကျင့်ထဲမှာ Languages နဲ့ လူမျိုးအလိုက် culture တွေကိုစိတ်ဝင်စားတာလဲပါတယ်.. တရုတ်ကားကြည့်ပြီး တရုတ်စကားကို တော်တော်နားလည် ပြန်ပြောတတ်နေတာပဲကြည့်.. ဟီး.. ဟီး... တရုတ်လိုတော့ ကိုယ့်ရှေ့အတင်းလာမပြောနဲ့.. ပွဲစည်သွားမယ်မှတ်... ရုပ်ရှင်ကြည့်ပြီးတတ်တာဆိုတော့ အချစ်နဲ့ပတ်သတ်တဲ့ စကားလုံးလေးတွေကို ပိုရ၏...(အဲဒါက ကြော်ငြာဝင်တာ..)

မဗေဒါခုတစ်လော ခေါင်းထဲမှာ စိတ်ဝင်စားနေတဲ့ အရာလေးကတော့.. နိုင်ငံအလိုက် ဘာသာစကားတွေကွားခြားသလို အာမေဋိတ်သံတွေလဲ ကွားခြားကြတယ်ဆိုတာပါ.. ဒီပိုစ့်ကိုရေးဖို့ အလုပ်ထဲမှာရှိတဲ့ ပြည်ကြီးတရုတ် စလုံးတရုတ် စလုံးမလေး မလေးရှားတရုတ် လုပ်ဖော်ကိုင်ဖက်တွေလဲ မနေရပါဘူး.. အကုန်လုံးကို လိုက်မေးတာပါ.. သူတို့နိုင်ငံအလိုက် အရာဝတ္တုတွေရဲ့အသံ တိရိစ္ဆာန်တွေအော်သံကို ဘယ်လိုကြားကြလဲ.. ဘယ်လိုပြန်သုံးကြလဲ ဆိုတာကိုပါ..

ဒီအကြောင်းကို စဉ်းစားမိတာကတော့ အလုပ်ထဲက ပြည်ကြီးတရုတ် တစ်ယောက်နဲ့ စကားပြောမိရာကပါ..
ရုပ်ရှင်ဇာတ်လမ်းအကြောင်းပြောရင် သေနတ်ပစ်သံနေရာရောက်တော့...
ပျန့်.. ပျန့် ဆိုပြီး သေနတ်သံကိုသုံးပါတယ်... ကျမလဲ ကြားရတာ တမျိုးကြီးဖြစ်သွားတယ်...

မြန်မာတွေက သေနတ်သံကို ဒိုင်း... ဒိုင်း လို့ကြားတယ်..
သမိန်ပေါသွပ်ကာတွန်းထဲမှာတော့ ဒိုင်းညွန့်..... လို့သုံးတယ်...

ဒါနဲ့ ခင်တဲ့ စလုံးတစ်ရုတ်တစ်ယောက်ကိုသွားမေးတယ်.. သေနတ်သံကို နင်ဘယ်လိုပြောလဲလို့..
သူက.. ဖျွန့်.... ဖျွန့်... တဲ့...

မလေးတရုတ်တွေကို မေးတော့.. Bang Bang တဲ့.. (ကျမအထင် အင်္ဂလိပ်တွေလဲ ဘန်း.. ဘန်း လို့ပဲထွက်တယ်ထင်တယ်... )..

စလုံးမလေးမ ကိုမေးတော့လဲ Bang Bang ပဲ...

အဲ ပြည်ကြီးတရုတ်မလေးတစ်ယောက်ကို ထပ်မေးတော့လဲ.. ပျန့်... ပျန့် လို့ပဲ ထွက်ပါတယ်...

နိုင်ငံအလိုက် အသံကြားပုံ မတူတာက ကျမအတွက်တော့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်.. ရီလဲ ရီရတယ်.. သူတို့ကလဲ ကျမတို့ မြန်မာတွေက ဒိုင်း(die)... ဒိုင်း(die) (အင်္ဂလိပ်လို သေ.. သေ) လို့ ပြောတယ်ဆိုတော့.. ရက်စက်လိုက်တာတဲ့ ရီပြီး ပြန်နောက်ကြတယ်.. ဟား... ဟား...
ကြည့်ရတာ သေနတ်မှာမှ ပစ်စတိုတို့.. စနိုက်ပါတို့.. အမျိုးအစားချင်းမတူတဲ့ အသံတွေထင်တယ်...

ဒါနဲ့ ကြောင်အော်သံကို ဘယ်လိုကြားလဲလို့မေးတော့..
အထက်ဖော်ပြပါ လူမျိုးအားလုံးက .. မြှောင်.. မြှောင် လို့ဖြေကြတယ်..
ကျမတို့ ရွှေတွေကျတော့.. ညှောင်.. ညှောင်.... လို့ထွက်တယ်..

ခွေးအော်သံကျပြန်တော့.. အားလုံးတူတယ်... နဲနဲပါးပါးကွဲတာပဲရှိတယ်.. ၀ုတ်.. ၀ုတ်.. လို့ပဲပြောကြတယ်..
ကျမလဲ ခေါင်းထဲရှိသမျှအသံတွေ ဘယ်လိုထွက်လဲ စဉ်းစားပြီး အပြန်အလှန် ဖလှယ်ဖြစ်ကြတယ်...

အဲ.. အဲလို တိရိစ္ဆာန်တွေ ပစ္စည်းတွေက အသံတွေပြောပြီးပြန်တော့.. စိတ်လှုပ်ရှားမှုဖြစ်တဲ့အခါအော်တဲ့ အသံမျိုးတွေ.. အံ့သြတဲ့ အသံ.. စိတ်ပျက်တဲ့ အသံ...




အားးးး... ဆိုတဲ့အသံကတော့ လူတွေရဲ့ Autonervous System က ကြောက်လန့်နာကျင်တဲ့ အခါ အလိုအလျှောက် ထွက်တဲ့ အသံမို့ ထိုသို့သော အသံများကို မဆိုလိုပေ...




ဥပမာဆိုရရင်.. စင်္ကာပူမှာ "၀ လောင်း ဝေ့" ဆိုတဲ့ အာမေဋိတ် ကို တော်တော်သုံးကြတယ်.. သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ် လယ်ဗယ်တန်းပဲဖြစ်ဖြစ်တွေမှာ သုံးတယ်.. စိတ်ပျက်တဲ့အသံ.. လုပ်ချလိုက်ပြန်ပြီဆိုတဲ့နေရာမျိုး.. အံ့သြတဲ့ နေရာမျိုး.. ခြုံပြောရရင် သင်မျှော်လင့်ထားတဲ့ အရာတစ်ခုက ထင်သလိုမဖြစ်လာတဲ့အချိန်မျိုးမှာလဲ အဲဒိအာမေဋိတ်ကို သုံးကြတယ်.. နေရာအတော်များများပြောတဲ့ စင်္ကာပူရဲ့ အာမေဋိတ်စစ်စစ်လို့ထင်ပါတယ်.. ဘယ်ကဆင်းသက်လာလဲတော့ သေချာမသိပါ...
ကျမမှာတောင် အဲဒိအာမေဋိတ်ကို တော်တော်လေးသုံးတဲ့ အကျင့်ရှိနေပါပြီ.. အဲလိုမှမပြောရင်.. စကားပြောရင်း.. မြန်မာလို "လုပ်ချလိုက်ပြန်ပြီ.." " ဟာဗျာ..... " "နင်ကတော့လေ... တယ်!! .... " အဲလိုမျိုးပြောလို့ သူတို့က ကျမစိတ်ခံစားချက်ကို သဘောမပေါက်ဘူးလေ... ဥပမာ - "၀ လောင်းဝေ့... I am waiting for u damn long" "Wa lao way... u did it again".. "Wa lao way... You damn stupid" အဲလိုပြောမှ သူတို့ကို ထိထိမိမိရှိစေတယ်... ပြောရတာ အသက်ဝင်တယ်...
တစ်ခါတစ်လေလဲ စိတ်ထဲကလဲ သိပ်မကျေနပ်ဘူး.. မိတ်လဲမပျက်ချင်ဘူးဆို.. နောက်သလိုလိုနဲ့ "၀ လောင်း ဝေ့" ဆိုပြီးရီပြီး ပြောချလိုက်တာပါပဲ.. ကိုယ့်ကို အဲလိုလာပြောတာလဲ ခံရတာပါပဲ...

နောက်တစ်ခုရှိသေးတယ်... " အား လ မား" တဲ့... အဲဒိ "အား လ မား" ကျတော့ မြန်မာလို "အား ပါး ပါး" ဆိုတာနဲ့ အဓိပ္ပါယ်နဲ့ သုံးစွဲတဲ့ နေရာ တော်တော် နီးစပ်တယ် ထင်ပါတယ်.. ဒီပိုစ့်ကိုရေးနေတဲ့ အချိန်မှာပဲ ဘေးက တရုတ်ကို ဘယ်လိုနေရာမျိုးမှာ သုံးလဲလို့မေးတော့... သူက ၀ လောင်း ဝေ့ တုန်းကတော့ ရှင်းပြတတ်ပြီး... အား လမား ကျတော့ မသိဘူးတဲ့.. အဲဒါက မလေးစကားက ဆင်းသက်တာတဲ့.. သူမရှင်းပြတတ်တော့ဘူး.. ဒါနဲ့ အသင်းခေါင်းဆောင် မလေးတရုတ်ကို သွားမေးတော့... အား လမား က "very bad situation" or " You forget Something" အဲလိုအခြေအနေတွေမှာသုံးတယ်တဲ့.. တော်တော်တော့ စဉ်းစားစရာပါပဲ.. အဲဒိ အာမေဋိတ်တွေကို ကျမ နေရာမှန်မှန်တော့ သုံးတတ်တယ်.. ခုလိုပိုစ့်အနေနဲ့ကျတော့ ကွက်တိကျအောင် မပြောပြတတ်ဘူး..

ခုလို လူမျိုးလေး ၃ ၄ မျိုးလောက်နဲ့ အာမေဋိတ်သံတွေ ဒီလောက် ကွဲပြားစုံလင်နေတာ.. တစ်ကမ္ဘာလုံးက တစ်ခြားလူမျိုးတွေရော... အရာဝတ္တုတွေ.. တိရိစ္ဆာန်အော်သံတွေကို ဘယ်လိုကြားပြီး.. ဘယ်လိုပြန်ပြောကြလဲ ဆိုတာ ကျမတွေးမဆုံးနိုင်အောင်ပါပဲ...

( ဤပိုစ့်ဖြစ်မြောက်ရေးအတွက် စိတ်ရှည်လက်ရှည်ဖြေကြား ဖလှယ်ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်များကိုလဲ blog ကိုလာမဖတ်မှန်းသိပေမဲ့ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်...
Special Thank to all my Collagues who answer all the non-sense questions of me patiently and helping me to think of the meaning of Exclamation)


Picture Credits goes to -
http://olegvolk.net/gallery/d/23433-3/bangbang7555.jpg
http://www.pawsitivelybestfriends.com/images/t_meow-lg.jpg

Friday, December 12, 2008

လွန်တာရှိရင် ၀န္တာမိပါ...

ဒီနေ့ အလုပ်ရောက်တော့ လုပ်စရာကမရှိ.. အလုပ်မလုပ်ပြန်တော့လဲ စီးပွားရေးက မကောင်းလို့ အလုပ်သမားလျော့တဲ့ထဲ ပါသွားမှာက ကြောက်ရသေး.... ဘယ်သူ့အပြစ်တင်ရမှန်းကို မသိဘူး... Mood က တွေ့သမျှအကုန် ရမ်းချင်နေတယ်.. ဟီး.. ဟီး.... ထွက်မပြေးပါနဲ့.. ဆက်ဖက်ပါ...

ဒီလိုနဲ့ အွန်လိုင်းမှာ TommyGirl နဲ့တွေ့လို့ စကားပြောရင်း.. သူနဲ့ကိုယ်ကလဲ ၀ါသနာတူတော့ ရုပ်ရှင် အကြောင်းပြောဖြစ်တာများတယ်.. ဒါနဲ့ သူ့ဘလော့က cello vs cello remake ပိုစ့်အကြောင်းရောက်သွားတယ်.. မဗေဒါလဲ သူ့ပိုစ့်ဖတ်ပြီးတော့ အဲဒိ ကြိုးအော်သံဆိုတဲ့ ကိုရီးယားကားကို ခိုးချထားတဲ့ ကားကိုသွားကြည့်လိုက်သေးတယ်.. တမင် အဲဒိနေ့က အားနေလို့.. ရီချင်လို့ကိုသွားကြည့်တာ... မူရင်းကားတော့ မကြည့်ရသေးပါဘူး.. ဒါပေမဲ့ ကိုရီးယားကားရိုက်ချက်တွေ ဘယ်လိုရှိတယ်ဆိုတာတော့ ကြည့်နေကျ ဆိုတော့ မှန်းလို့ရပါတယ်... ကိုရီးယားသရဲကားကိုတော့ ခုတလော မဗေဒါအသည်းငယ်နေလို့ မကြည့်ပါဘူး.. မြန်မာသရဲကိုတော့ ရီရမယ်မှန်းသိလို့ ကြည့်တာပါ.. ဥပမာ ကုတင် ခြေရင်းကနေ စောင်ကို ဆွဲချတဲ့ အခန်းဆို နိုင်ငံတကာ သရဲကားတော်တော်များများမှာပါပါတယ်.. အဲဒိ မြန်မာပြန်ရိုက် ကြိုးအော်သံမှာလဲ ပါပါတယ်.. စောင်က အောက်လျောပြီး သရဲက စောင်ထဲကတက်လာပါတယ်... ပြီးတော့ သရဲ(နေဆန်း) က အထီးပါ... ခြောက်ခံရတဲ့ လူမင်း(မင်းသား)ကလဲ ယောကျာင်္းပါ.. ပြီးတော့ ဘွားဆိုပြီး နေဆန်းမျက်နှာကို အနီးကပ်ရိုက်လိုက်တယ်.. ဒါပါပဲ.. အဲလိုအခန်းမျိုးတစ်ပုံစံထဲ Thailand shutter သရဲကားမှာပါပါတယ်.. စောင်ကအောက်ကိုလျောလျောလာပြီး ခြေရင်းကို ကြည့်လိုက်တော့ သရဲမက ကတင်အောက်ကနေတွယ်တက်လာတာကို တကယ်ကျက်သရေတုံးတုံးရိုက်ပြသွားနိုင်ပါတယ်.. ကျမဖြင့်ကြောက်လွန်းလို့.. ညအိပ်ရင် စောင်ကို သေချာထုတ်ပြီးမှအိပ်တဲ့အထိပဲ...

ပြီးတော့ ရုပ်ရှင် ဇာတ်လမ်းခိုးတာက ထားပါတော့ (ယဉ်ယဉ်ကျေးကျေးပြောရင်တော့ ပြန်ရိုက်ကားပေါ့) ပိုစတာလောက်တော့ ကိုယ့် အိုင်ဒီယာနဲ့ကိုယ်ရိုက်ကြပါလား... မဟုတ်ဘူး.. ပိုစတာ ဒီဇိုင်းကအစခိုးတယ်... သူများလိုမှီအောင်ကျလိုက်မလုပ်နိုင်ဘူး... အဲ ဇာတ်လမ်းနဲ့သိပ်မဆိုင်ပဲ တစ်ခုတိုးတက်လာတာတော့ရှိတယ်...နန္ဒာလှိုင်အပြင်မသွားခင်ဖြစ်ဖြစ်.. လူမင်းအပြင်မသွားခင်ဖြစ်ဖြစ်.. နမ်းပြီးမှသွားတာ.... ဒါမျိုးကျတော့ သူတို့လိုက်လုပ်ချင်တယ်.. ကျန်တာကို မြန်မာကားမို့ နားလည်ပြီးကြည့်ပေးပါ.. ဖြည့်ကြည့်ပေးလို့ရတယ်... ခုတော့ ပါတိတ်ထမီဝတ်ပြီး သူု့ကိုယ်သူ မြန်မာဆန်ပြနေတဲ့ မင်းသမီး.. ဇာတ်လမ်းနဲ့လဲ အဓိကမကျတဲ့ အခန်းမျိုးတွေကျတော့ရော ရိုက်သင့်သလား.. ဇာတ်လမ်းအရ လင်မယားမို့ ရင်းနှီးကြောင်းပြချင်တယ်ဆိုလဲ တခြားနည်းနဲ့ပြလို့ရတယ်.. ဒါမှမဟုတ် နမ်းချင်ရင်လဲ အသက်ပါပါသရုပ်ဆောင်ကြပေါ့....

ခေတ်နဲ့ အညီမို့ နမ်းခန်းမထည့်ရဘူး မပြောပါဘူး.. ခုခေတ်မှာ မင်းသမီးတွေ ဒိထက်ဆိုးတဲ့ ဗွီဒီယိုတွေတောင် နာမည်ကြီးချင်ဇောနဲ့ အပြိုင်အဆိုင် အခမဲ့ ဖြန့်ဝေနေကြတာ.. ဒါပေမဲ့ သရုပ်ဆောင်နေတဲ့ အချိန်မှာ ပရိတ်သတ်ကို မစော်ကားနဲ့.. သဏ္ဍာန်လုပ် သရုပ်ပေါ်အောင်လုပ်... နမ်းခန်းလေးရိုက်ရတာကို အရသာခံနေတဲ့ ရုပ်တွေနဲ့... လင်မယားနဲ့တူအောင် သရုပ်မဆောင်ဘူး.. နမ်းရတာကို အရသာခံနေကြတယ်.. အဲဒါကိုပြောချင်တာ.. စာဖတ်သူ သဘောပေါက်မလားတော့ မသိဘူး.. ကျမပြောချင်တာကို...

အဲကားဆုံးတော့ ရိုက်တာတွေတော့ ပြန်ပြပါတယ်.. ဟုတ်ပါတယ်.. ပင်ပန်းတယ်ဆိုတာ... မြန်မာပြည်လို ပစ္စည်းလုံလောက်မှုမရှိ ရုံးဘက်ဆိုင်ရာ လွတ်လပ်မှုမရှိ.. ဘက်ဂျပ်ကမရှိ... ပရိသတ်ကမရှိတဲ့ ရုပ်ရှင်လောကအတွက်.. သူတို့ အားတော့ စိုက်ထုတ်ပါတယ်... အဲမှာ စဉ်းစားမိတာ... တကယ်ကို quality ကောင်းတဲ့ မူရင်းဖန်တီးရှင်တွေဆိုရင် ဘယ်လောက်တောင် အပင်ပန်းခံခဲ့ကြမလဲလို့... ပြန်ရိုက်တဲ့ လူမင်းရော.. ဒီလောက်အပင်ပန်းခံပြီးမှ ပရိတ်သတ်က အဲလိုပြောတာခံရတော့ စိတ်ကောင်းပါ့မလား.. အပင်ပန်းခံပြီးမှတော့ အားနဲနဲပိုစိုက်ထုတ်ပြီး ပိုကောင်းအောင် မတီထွင်သင့်ဘူးလား.. သိပ်မပြောချင်ပါဘူး.. မြန်မာပြည်အကြောင်းလဲ သိတော့ မြန်မာပြည်က အနုပညာသမားတွေကိုလဲ သနားပါတယ်.. ဒါပေမဲ့..... ဒါပေမဲ့ပေါ့နော်........


အဲ.. အပေါ်မှာပြောသွားတာက မမှီ့တမှီခိုးချတဲ့ သရဲကား... နောက်တစ်ကား.. ကျမရှာတွေ့ထားတာရှိသေးတယ်... လူမင်းပဲ.. အိန္ဒြာကျော်ဇင်နဲ့.. ၀ိညာဉ်လိပ်ပြာ တဲ့ အင်္ဂလိပ်ကား Dragonfly ကို ခိုးချ.. (အဲလေ).. ပြန်ရိုက်ထားတာ... မူရင်းကားက မင်းသား မင်းသမီး အဖိုးကြီးတွေဆိုပေမဲ့ တကယ်ဖြစ်နေတဲ့အတိုင်းပဲ.. လူမင်းများတော်တာ တကယ်သရုပ်ဆောင်နေတဲ့ အတိုင်းပဲ... ဆေးရုံကတော့ တော်တော်သားသားနားနားပါပဲ... ဘယ်ဆေးရုံလဲသိဘူး.. သူငယ်ချင်းတယောက်တော့ပြောတယ်.. မေ့သွားပြီ.. အဲမှာ.. လူမင်းက ခိုးချ... (အဲလေ.. ဒီလက်ကလဲ...) ပြန်ရိုက် ကားတွေမှာတော့.. တော်တော်ကြိုးစားပမ်းစား.. ခိုးချ.. (အာ.... လက်ကလဲ ရိုက်မိပြန်ပြီ...) ပြန်ရိုက်ထားပါတယ်.. ခက်တာက လိုက်မမှီတာပဲရှိပါတယ်...

ထားလိုက်ပါတော့.. သရဲကားတွေလိုက်မမှီတာကို.. မြန်မာရုပ်ရှင်တွေ အရင်က အချစ်ကလွဲလို့ ဘာမှရိုက်ခွင့်မရှိခင်ထဲက အချစ်ကို လက်သုတ်စုံလာတာ.. ခု မျက်စိပွင့်နားပွင့် သူများနိုင်ငံက ကားတွေကြည့်ရတော့.. အချစ်ကားတောင် မြန်မာရုပ်ရှင်တွေ ကောင်းကောင်းမရိုက်နိုင်ကြတော့ဘူး.. သရုပ်ဆောင်ပိုင်း.. အသံပိုင်း.. စက်ပစ္စည်းပိုင်း.. အားလုံး သူများတွေကို လိုက်မမှီရတဲ့အထဲ.. အချစ်ကားဇာတ်လမ်းတောင် သူများဆီက ခိုးချ.. (အဲ).. ပြန်ရိုက်တယ်ဆိုတော့.. ဒါဟာ တော်တော် impression down စရာဖြစ်လာပါတယ်.. မဗေဒါပဲ အသားထဲကလောက်ဖြစ်ပြီး.. ကိုယ့်လူမျိုးကိုယ် အထင်သေးနေတယ်လို့ထင်နေကြပြီလား... မဟုတ်ပါဘူး.. ဖြစ်စေချင်တာပါ.. ဖြစ်စေချင်လွန်းတာပါ.. မဖြစ်တော့ စိတ်ပျက်မိတာ....

မဒီဂျွန်ရဲ့ ဖီလင်ဆိုတဲ့ ပိုစ့်ကို TommyGirl ပြောလို့သွားဖတ်ဖြစ်တော့.. သူနဲ့ ထပ်တူထပ်မျှ မခံချိမခံသာဖြစ်ရပါတယ်.. Sorry! I love you ဆိုတဲ့ ကိုရီးယား ဇာတ်လမ်းတွဲကို ကျမတစ်ဝက်ထိကြည့်ဖူးပါတယ်.. ဇာတ်သိမ်းက ၀မ်းနည်းစရာမို့ ဆက်မကြည့်တော့တာပါ.. အဲဒိကားကိုလဲ ပြန်ရိုက်တယ်...

My Tutor Friend လို ဒီလောက်နာမည်ကြီးတဲ့ကားကိုလဲ ပြန်ရိုက်တယ်.. ကျမ မြန်မာကားတွေ မကြည့်ရသေးပင်မဲ့.. မူရင်းကိုရီးယားကားတွေ တော်တော်များများကြည့်ဖူးပါတယ်..100 days with Mr Arrogant, My Sassy Girl, Turn left Turn right ပြောရင်ကုန်မှာတောင်မဟုတ်ပါဘူး.. ဒါတောင် ကျမတို့ တွေ့ရှိသလောက်ပါ..

"Love me not" ဆိုတဲ့ ကိုရီးယားကားဆိုရင် တော်တော်ကောင်းတာပါ... TommyGirl ပြောလို့ နေကြတ်ချိန် ဆိုတဲ့ နေတိုးနဲ့ စိုးပြည့်သဇင်ပြန်ရိုက်ထားတဲ့ ဟာကိုကြည့်ဖြစ်တော့.. စိုးပြည့်သဇင် သရုပ်ဆောင်တာ အဲဒိကားရိုက်ပြီး လိပ်ခေါင်းများထွက်သွားပြီလားလို့ ထင်မိပါတယ်.. ဘာမဆိုင် ညာမဆိုင်ကုန်းကုန်းအော်နေတာ.. မြန်မာကား အသံဖမ်းက ကောင်းကောင်းဆိုတော့ အသံကျယ်ရင် အရမ်းကျယ်.. တိုးတော့ တအားတိုး.. တီးလုံးကကျယ်.. လူသံကတိုးလို့ အားစိုက်နားထောင်တဲ့ အချိန်မှ.. စိုးပြည့်သဇင်က ကုန်းအော်.. ဒီအချစ်ကားကမှ သူ့ကိုကြည့်ပြီး သရဲကားနဲ့တူသေးတယ်.. မျက်စိကန်းပြီး စိတ်တိုနေတတ်တဲ့ သူဋ္ဌေးမြေးမလေး အနေနဲ့ သရုပ်ဆောင်တာ ငါးစိမ်းသည်နဲ့ နင်လားငါလားပါပဲ.. ကိုရီယားကို အထင်ကြီးလွန်းလို့တော့ မဟုတ်ပါဘူး.. ဒါပေမဲ့.. ကွာတယ်ဆိုတာပဲပြောချင်ပါတယ်... အွန်စောငယ်ဘ၀ကို သရုပ်ဆောင်တဲ့ မင်းသမီးလေး Love me Not မှာသရုပ်ဆောင်ထားတာပါ.. တော်တော်ချစ်စရာကောင်းပါတယ်..

နောက်တစ်ကားရှိသေးတယ်.. ကျမရဲ့ ရှာဖွေတွေ့ရှိချက်ပါ.. တွေ့တာကြာပြီ.. သိပ်မပြောချင်လို့ မရေးတာ.. ကိုယ်ကလဲ ဘာကောင်မှမဟုတ်တော့.. ကိုယ့်ထက်တတ်တဲ့ အနုပညာ အသိုင်းအ၀ိုင်းကလူတွေကို သိပ်မဝေဖန်ချင်ဘူး... 18 Vs 29 ဆိုတဲ့ ကိုရီးယားဟာသ ဇာတ်လမ်းတွဲကနေ နဲနဲခိုးချပြီးရိုက်ထားတာ... လွင်မိုးနဲ့ ထွန်းအိန္ဒြာဗို.. "အချစ်မှာ အပြစ်မရှိပါ" တဲ့... အဲဒိမြန်မာကား ၃ ၄ခန်းပြပြီးတာနဲ့.. ခိုးချထားမှန်းသိတယ်... ခင်ပွန်းနဲ့ ရန်ဖြစ်ပြီး ကားမောင်းထွက်လာရင်း ယာဉ်တိုက်မှုဖြစ်ပြီး လွန်ခဲ့တဲ့ ၁၁နှစ်ကျော်ထိပဲ မှတ်မိတော့တာ.. သူ့ကိုယ်သူ အသက် ၁၈နှစ်လိုထင်နေတာ.. သူ့ယောင်္ကျားကိုမမှတ်မိတော့တာ.. သူ့အမေဆုံးသွားပြီဆိုတာကို မေ့သွားတာ.. အားလုံးခိုးချထားတာတူတူပဲ.. အဲဒိကားမှာ မူရင်းကိုရီးယားမင်းသမီးကို မကြိုက်ပါဘူး... ဒါပေမဲ့ သူသရုပ်ဆောင်တာ တကယ် ၁၈နှစ်သမီးလို ပေါ့ပါးတယ်.. အသက်ဝင်တယ်.. ရီရတယ်... ထွန်းအိန္ဒြာဗိုလို ၀ါရင့် သရုပ်ဆောင်ကို ကျမကြိုက်ပါတယ်.. သူမ အရင်က သရုပ်ဆောင်ခဲ့တဲ့ကားတွေဆို တော်တော်ကောင်းပါတယ်.. ဒါပေမဲ့ ခုနောက်ပိုင်းမြန်မာကားတွေက ပေါ့ပျက်ပျက်ဖြစ်လာတာလဲမပြောနဲ့.. ၀ါရင့်သရုပ်ဆောင်တွေကတောင် ပေါ့ပျက်ပျက်သရုပ်ဆောင်လာတယ်.. ဆားမပါတဲ့ ဟင်းစားရသလိုပဲ.. အရင်ခေတ်က ရုပ်ရှင်တွေက တကယ်ပဲကောင်းခဲ့တာလား.. ခိုးချထားတာကို ကျမပဲ မသိတာလားတော့မသိဘူး.. အနည်းဆုံး မြန်မာသရုပ်ဆောင်တွေကကောင်းသေးတယ်...

နောက် ရှိသေးတယ်.. " တစ္ဆေတစ်ကောင်း၏အငြိုး" ဝေဋ္ဌုကျော်နဲ့ သဇင်ပါ.. English နာမည်ကြီး လူသတ်ကား "I know what u did last summer" ကိုပြန်ရိုက်ထားတာပါ.. စစချင်း ဝေဋ္ဌုကျော်က ကားတိုက်ခံရတဲ့ သူနေရာကမို့ ကျမတောင် ကြောင်သွားပါသေးတယ်.. မြန်မာကားမှာ မင်းသားကို လူဆိုးနေရာထားတာ ခပ်ရှားရှားရယ်ပါပေါ့... သဇင့်ဘဲက ကားနဲ့တိုက်လိုက်တဲ့သူပါ... အဲဒိထိအားလုံးတူပါတယ်.. အဲ လိုက်သတ်တဲ့ အခန်းတွေကတော့ သိတဲ့အတိုင်း.. ကလေးတူတူပုန်းတမ်းကစားသလောက်တောင် ရင်ခုန်ဖို့မကောင်းဘူးပေါ့နော်.. စာတွေလာတယ်..English ကားမှာ " I know what u did last summer " ဆိုပြီးရေးထားတယ်.. မြန်မာကားကျတော့ " မင်းတို့ဘာလုပ်ခဲ့လဲ ငါသိတယ်" တဲ့.. ဟီး.. ဟီး.. အဲဒိစာကြီးတွေ့တော့ ကျမဖြင့် ရီလိုက်ရတာ အူကိုနာနေတာပဲ... ခိုးချတာတော့ ခိုးချပါ မြန်မာမှုပြုသင့်တဲ့နေရာပြုပေါ့... တခြားနည်းနဲ့ ချိန်းခြောက်ချင်လဲ ချိန်းခြောက်ပေါ့.. တစ်ကွက် ၂ကွက် ကိုယ့်ဦးနှောက်သုံးလိုက်ရတာ ဒီလောက်မပင်ပန်းပါဘူး... အဲ.. မြန်မာမှု မပြုသင့်တဲ့ နေရာကို ပြုတာရှိသေးတယ်ဗျာ့.... နောက်ဆုံးခန်းကျတော့ လူသတ်သမားက ဝေဋ္ဌုကျော်မဟုတ်ပဲ.. (မြန်မာကားတွင် မင်းသားသည် ဘယ်တော့မှ လူဆိုးမဖြစ်).. သဇင့်ရည်းစား ကားနဲ့တိုက်တဲ့ကောင်က လူဆိုးဖြစ်နေတယ်.. မြန်မာအဆန်ဆုံးပြကွက်ကတော့.. နောက်ဆုံးခန်းမှာ...ဒန် တန်တန်တန် ဆိုပြီး.. "မင်းတို့အားလုံးကို ပြည့်သူ့ဝိုင်းတွေ ရဲနေကြပြီ" ဆိုပြီး ပြီးသွားတော့တာပါပဲ... ဟား... ဟား.....

အင်္ဂလိပ်ကား Cellulor ကို လူမင်း မို့မို့မြင့်အောင် ပြန်ရိုက်ထားတဲ့ "ဆယ်လူလာ" ဆိုတဲ့ကားရှိတယ်... မင်းသမီးက လူဆိုးတွေဖမ်းထားတဲ့ အခန်းထဲကနေ ဖုန်းနဲ့ အပြင်က မင်းသားကို ဆက်သွယ်တဲ့ action ကားလေး.. အင်္ဂလိပ်ကားကတော့ ရင်တဖိုဖိုနဲ့ တော်တော်ကြည့်ကောင်းတယ်.. မြန်မာကားလဲ ကောင်းတယ်.. ရီဖို့... ဘယ့်နဲ့.. ဆယ်လူလာဆိုပြီး လူမင်းတစ်ယောက်နားမှာတပ်ထားတာကြီးက ကွန်ပြူတာမှာသုံးတဲ့ မိုက်နဲ့ နားကျပ်သေးသေးကောက်ကောက်လေးလေ.. သိလားတော့မသိဘူး.. မသိတာကျနေတာပဲ.. Bluetooth လိုလိုဘာလိုလိုပေါ့.. ဒါဆိုလဲ Bluetooth နားကျပ်စစ်စစ်နဲ့ပဲ သရုပ်ဆောင်လိုက်ပါလား... မြန်မာပြည်ကလူတွေကို မသိဘူးများအောင့်မေ့နေလားမသိ... (ဒါနဲ့ စကားမစပ်.. Rဇာနည်ကလဲ ဗွီစီဒီတစ်ခုထဲမှာ Bluetooth ကြီးနားမှာတပ်ပြီ သီချင်းဆိုသဗျ.. ဆိုနေတုန်း ဖုန်းလာရင် ဖြေဖို့ထင်ပါ့.. ဟား.. ဟား.. ) အင်္ဂလိပ်ကားက မင်းသားတောင် ဖုန်းကို လက်နဲ့ကိုင်ပြီး နားမှာကပ်ပြီး တစ်ကားလုံး သရုပ်ဆောင်သွားတယ်.. သူက ပိုသဲကဲ ခေတ်မှီကြောင်းကြွားပြလိုက်သေးတယ်.. ဟား.. ဟား.. ပြောရင်း မြင်ယောင် ပြီး ရီချင်လာပြီ.......... lol....

ပြောရမယ်ဆိုရှိသေးတယ်.... ဟိုးအရင်က ကား... ဒွေး+ ထက်ထက်မိုးဦး+စိုးမြတ်နန္ဒာရဲ့ "ရင်ထဲမှာဘာညာဘာညာ " ဆိုတာ.. ကုလားကား.. ရှာရွတ်ခန်ရဲ့ "Kuch Kuch Hota Hai" ဆိုတဲ့ကားကို ပြန်ရိုက်ထားတာ.. အများကြီးပဲ.... ခုလောလောဆယ်ဒိလောက်ပဲမှတ်မိတယ်.. ဒါတောင် မြန်မာကားတွေ ကြည့်တာရပ်လိုက်လို့.. ဆက်ကြည့်ရင် ထပ်တွေ့အုံးမှာပဲ.. ပုဂံဘုရားတွေကို တင်စားသလို လက်ညှိုးထိုးမလွဲ ဘုရားရှိသလို့.. မကြည့်လိုက်နဲ့.. ကြည့်လိုက်လို့ ဇာတ်လမ်းများ နဲနဲကောင်းရင် No Doubt ခိုးချ..အဲ ယဉ်ယဉ်ကျေးကျေးပြောရင် ပြန်ရိုက်တွေချည်းပဲ....

ကျမပြောချင်တာက တစ်ချို့ကိုရီယားကား ကောင်းကောင်းလေးတွေဆိုရင် သူတို့ ကိုရီးယားဖိုရမ်တွေထဲက ၀ါသနာရှင်လေးတွေရေးထားတာကို ပုံဖော်ဆေးရောင်ခြယ်လိုက်တာပါ... ဒီလိုနဲ့ နာမည်ကြီးကားတွေဖြစ်လာတာပါပဲ... ခုဆို မြန်မာဘလော့တွေမှာလဲ တချို့ဆို ရသမြောက်တဲ့ ဇာတ်လမ်းလေးတွေ ရှိနေတာပဲ.. ရိုက်ကျပါလား.. စာရေးသူက ၀ါသနာရှင်ဖြစ်တဲ့ အတွက် အနုပညာဖိုးလဲ များများပေးစရာမလိုပါဘူး.. Credits ပေးရင်တောင် ကျမဆိုကျေနပ်တယ်.. ဟိုတစ်လောက မနိုင်းနိုင်းစနေ ရဲ့ ဘလော့ပေါ်က ၀တ္တုကို ရုပ်ရှင်ရိုက်မဲ့သတင်းကြားတော့ ကျေနပ်မိပါတယ်.. သူများဇာတ်လမ်းတွေကူးမဲ့အစား.. ကိုယ်တတ်နိုင်သလောက်ကို အကောင်းဆုံးကြိုးစားပြီး.. ကိုယ့်လုပ်ပိုင်ခွင့်ရှိသလောက်ထဲကနေ.. အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်သွားလို့ရမှာပါ...

ခုတော့ သူတို့က မြို့ပရိတ်သတ်က သူတို့ ခိုးချတာသိလို့မကြည့်လဲ .. နယ်ပရိတ်သတ်ရှိတယ်.. ငါတို့လွယ်လွယ်ပဲဖြစ်သလိုပုံမျိုးဖြစ်နေပါတယ်.. မြန်မာပြည် လက်ရှိအရေးတွေနဲ့လဲ ဒီအနုပညာလုပ်ငန်းက ထွန်းထွန်းပေါက်ပေါက် မဖြစ်ဘူး.. အထက်က မီဒီယာဆိုတာကို ပေါက်ပေါက်ရောက်ရောက်မဖြစ်စေချင်လို့ တမင်ပိတ်ပင်တယ်.. ပိတ်ပင်သင့်တာတွေကျတော့ မပိတ်ပင်ဘူး.. အဲလိုမျိုးတွေဖြစ်နေတဲ့ အချိန်မှာ... ရိုက်မယ်ဆိုလဲ ကောင်းကောင်းမွန်မွန် ကိုယ့်အိတ်စိုက်ပြီး ၀ါသနာ စေတနာနဲ့ ရိုက်.. မဟုတ်ရင်တော့.. အနုပညာသမားတွေလဲ တခြားအလုပ်သာ လုပ်စားကြဖို့ အကြံပေးချင်ပါတယ်...

တော်လောက်ပြီနော်... ဒီပိုစ့်က ကျမအရင်က ရေးခဲ့တဲ့.. ရှက်တတ်ရင်လဲသေဖို့ကောင်းတဲ့ ခိုးချထားသော မြန်မာဇာတ်လမ်းများရဲ့ အဆက်လို့လဲပြောလို့ရပါတယ်... စိတ်ထဲရှိသမျှ အားမရမှု... ဖြစ်စေချင်မှု.. ရှက်မှု.. အားကျမှု... ဂရုဏာဒေါသ.. စေတနာ... တွေပေါင်းပြီး ရေးချလိုက်မိပြီ... တစ်ဦးတစ်ရောက်ကို ထိခိုက်နစ်နာစေလိုတဲ့ သဘောအလျင်းမရှိပါ... ကျမခုလိုပြောလိုက်လို့.. ကျမလဲ သူတို့လောက်တောင် သရုပ်မဆောင်တတ်သေးပါ.. သူတို့လောက်တောင် အနုပညာကို မတတ်သေးပါ.. လုပ်ကြည့်လျှင်ခက်မှန်းသိပါသည်... ဒါပေမဲ့ Professional လုပ်နေကြပြီဆိုရင်တော့ ဒိထက် ကောင်းသင့်သည်ဟုထင်ပါသည်... ပရိသတ်တစ်ယောက်အနေနှင့် ခံစားရသည်များကို ဖွင့်အန်လိုက်ခြင်းသာဖြစ်ပါသည်... မြန်မာ့ရုပ်ရှင် လောကကြီး အဆင့်တန်းမှီရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်............................

Thursday, December 11, 2008

ဂျပန်ခရီးစဉ် Day 3 (သို့) တိုကျို ဒစ်စနေလမ်း..

အဲဒိနေ့က ထင်ထားတဲ့ အချိန်ထက် အိပ်ယာထနောက်ကျတယ်.. ၇နာရီလောက်နိုးတယ်.. ထုံးစံအတိုင်း မဗေဒါနောက်ဆုံးမှနိုးတယ်... ချမ်းချမ်းမှာ ရေမိုးချိုး.. သူ့အမေ ပြင်ထားတဲ့ မနက်စာကို စားရသေးတယ်.. တကယ်အိမ်ကထွက်ဖြစ်တော့ ၈နာရီခွဲလောက်ရှိမယ်ထင်တယ်.. ထမင်းဘူးလဲထည့်ခဲ့တယ်.. ဒီလိုနဲ့ အိမ်ကနေထွက်လာကြတယ်..

JR Yamanote line ဆိုတော့ Tokyo Station ကို အရင်သွားအဲဒိကနေ.. မှတ်မိသလောက်တော့ JR Keiyo Line ကိုပြောင်းစီးတယ်.. ရထားပြောင်းတာကလဲ တော်တော်လျှောက်ရတယ်.. မဗေဒါကတော့ စင်္ကာပူမှာ ကျင့်သားရပြီးသားအတိုင်း မျှားနောက်လိုက်တယ်..
JR Keiyo Line ပေါ်က Maihama station မှာ ဆင်းလိုက်ရင်.. ထွက်ထွက်ချင်းပဲ တိုကျိုဒစ်စနေလမ်းကို ရောက်ပါတယ်.. လူတွေ.. လူတွေ များတာမှ.. ရေကျော်က သတင်းကျွတ်ပွဲဈေးတန်းအတိုင်းပဲ
.. အဲဒိနေ့က မိုးကလဲ ဖွဲဖွဲရွာနေတယ်.. ဒါနဲ့ ကိုယ်လဲ တချို့လူတွေ လက်လျှော့ပြီး ပြန်ရင်ပြန်မှာပဲလေဆိုပြီး.. ဆက်လျှောက်ခဲ့တာပေါ့.. ဒါပေမဲ့ ဂျပန်တွေက ကိုယ့်ထက်ဇွဲကောင်းတယ်.. ဟား.. ဟား.. မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူး.. လက်မှတ်ဝယ်တဲ့ နေရာတောင်မရောက်သေးဘူး.. အိတ်စစ်တဲ့နေရာမှာတင် တော်တော်တန်းစီလိုက်ရတယ်..
မဗေဒါရဲ့ ကင်မရာစတန်းကို ယူလို့မရဘူးတဲ့... ခက်ပါရော...
နောက်တော့.. လက်မှတ်ဝယ်ဖို့ ကောင်တာတွေဒီလောက်များပြီး. ဒီလောက်မိုးရွာနေတာတောင်.. လူတွေက နဲတာမဟုတ်ဘူး.. တော်တော်စိတ်ပျက်ပြီး လှည့်ပြန်ဖို့ စိတ်ကူးမိတော့.. ကျမသူငယ်ချင်းက အဲဒိနေ့ပဲအားလေရဲ့..

ဂျပန်တွေကတော့ တန်းစီရတာ မပင်ပန်းသလိုပဲ.. တန်းစီရင် တူတူကနေတဲ့ အတွဲတွေတောင်တွေ့သေးရဲ့.. ပြီးတော့ ကြောင်တောင်တောင် မစ်ကီးမောက်လို ၀တ်လာတာတို့.. အရိုးခြောက်ပုံဝတ်လာတာတို့လဲတွေ့ပါ့... ရုပ်ရှင်ထဲမှာတွေ့ဖူးတဲ့ hollowen နေ့မှာ ၀တ်သလိုမျိုးတွေလေ.. ရှက်လဲရှက်ကြဘူး.. ဟီး.. ဟီး... အဲဒိအကျီင်္တွေ နောက်ဘယ်နေရာသွားဝတ်မလဲမသိ...


နောက်ဆုံး ကောင်တာရောက်တော့ ၁၈နှစ်အထက်လက်မှတ်က...
၁ရက်လက်မှတ်က ယမ်း ၅၈၀၀ ...
၂ရက်လက်မှတ်က ယမ်း ၁၀၀၀၀...

၃ရက်လက်မှတ်က ယမ်း ၁၂၉၀၀..

၎ရက် လက်မှတ်က ယမ်း ၁၅၀၀၀...


သူက Disney land ရယ် Disney Sea ရယ်ဆိုပြီး ၂ခုရှိတယ်.. ကျမကတော့ ၂ခုလုံးသွားချင်တယ်.. ဘလော့တွေ ဖိုရမ်တွေမှာ ဖတ်ဖူးတော့ အဲဒိမှာ တန်းစီရတာတော်တော်ကြာတယ်ဆိုတာ သိတယ်.. ၁ရက်နဲ့ ဘယ်လိုမှ မလောက်နိုင်ဘူး.. ဒါနဲ့.. သူငယ်ချင်းကို ၂ရက်ဝယ်ဖို့ တိုက်တွန်းတယ်.. သူ့အစ်ကိုနဲ့ အဒေါ်ကတော့ မ၀ယ်ဘူး.. နောက်ဆုံး မဗေဒါ အပြောကောင်းတော့ သူငယ်ချင်းလဲ နောက်နေ့ အလုပ်ဖျက်ပြီး.. ၂ရက်လက်မှတ်ဝယ်လိုက်တယ်.. ၃ရက် ၄ရက်လက်မှတ်ဝယ်ရင်တော့ အစုံရောက်မယ်ဆိုပေမဲ့.. Disney land တစ်ခုထဲနဲ့ မဗေဒါရဲ့ ခရီးစဉ်အချိန်ကို အကုန်မခံနိုင်ဘူးလေ.. တခြားနေရာတွေသွားဖို့ရှိသေးတယ်မှတ်လား..

ဝယ်ပြီးအထဲဝင်လိုက်တာနဲ့.. ကာတွန်းကားထဲကလိုမျိုး တီးလုံးသံတွေက ပန်းခြံဘယ်သွားသွားကြားနေရတယ်.. စင်ဒရဲလားနန်းတော်ကြီးကိုလဲ မြင်နေရတော့ ကိုယ်တိုင် ကားတွန်းကမ္ဘာထဲရောက်သွားသလိုပါပဲ.. နောက် တီးဝိုင်းနဲ့ ဖျော်ဖြေရေးတွေမှာလဲ လူတွေက ကြည့်နေကြတယ်.. ကျမလဲ ဟိုကြည့်ဒီကြည့်လိုက်.. ဓာတ်ပုံရိုက်လိုက် ကင်မရာရိုက်လိုက်.. ကိုယ့်အုပ်စုနောက်ပြေးလိုက်လိုက်နဲ့.. အားကို မအားရဘူး.. hollowen day special ဆိုတော့ ကြိုက်တဲ့ costume ငှားဝတ်လို့ရတဲ့ အစီအစဉ်ရှိတော့.. စင်ဒရဲလားတွေ စနိုးဝှိက်တွေကလဲ မှိုလိုပေါက်ပဲ.. ၀၀တုတ်တုတ် စနိုးဝှိက်တွေတောင် တွေ့သေး... အဲလို ငှားဝတ်တဲ့သူတွေကတော့ တချို့ဟာတွေ စီးခွင့်မရှိပါဘူး.. များသောအားဖြင့်တော့ Alice in the wonder land ထဲက ကောင်မလေးပုံမျိုးဝတ်ကြပါတယ်.. သူက ပေါ့ပေါ့ပါးပါးရှိတာကိုး... စကာင်္ပူမှာဆိုရင် ပန်းခြံက ၀န်ထမ်းတွေကပဲ အဲလိုဝတ်ပြီး သူတို့နဲ့ ဓာတ်ပုံတွဲရိုက်လို့ရတယ်.. ဒါပေမဲ့ ဂျပန်မှာက လာလည်တဲ့သူတွေက ၀တ်တော့ ဓာတ်ပုံရိုက်ဖို့ပြောလို့မရဘူး.. သူတို့ဟာသူတို့တောင် ဓာတ်ပုံရိုက်မ၀ဖြစ်နေတာ.. မဗေဒါလဲ အချိန်ပိုရင်တော့ စင်ဒရဲလားလိုဝတ်မလားလို့ စဉ်းစားနေတာ.. ဟီး.. ဟီး...


Pirates Of the Caribbean



ဒါနဲ့ ဘာမှန်းတော့မသိ လူတွေတန်းစီနေတဲ့ Q တန်းကြီးတွေ့တာနဲ့ မြန်မြန်ဝင်စီလိုက်တယ်.. နောက်မှ မြေပုံမှာရှာကြည့်တော့ Pirates of the Caribbean တဲ့ ဘာမှန်းတော့မသိဘူး.. Q ကမြန်တော့မြန်တယ်.. အိမ်ထဲရောက်ရင် စီးလို့ရပြီပေါ့.. ထင်နေတာ.. လွဲတာပဲ.. အပြင်မှာ ၃၀မိနစ်လောက်စီပြီး အိမ်ထဲရောက်ပြန်တော့.. မြွေလိမ်မြွေကောက် တန်းကြီးမှ တစ်အိမ်လုံးအပြည့်ပဲ... ပြန်ထွက်လို့လဲမရတော့ ဆက်စီ.. နောက်ထပ် ၄၅မိနစ်လောက်စီလိုက်ရတယ်... မဗေဒါနဲ့ သူငယ်ချင်းလဲ.. အထဲရောက်လို့တန်ရင်တန် မတန်ရင်တော့ ဒစ်စနေလမ်းနာမည်ဖျက်ပြစ်မယ်လို့.. ဟီး.. ဟီး.....
နောက်တော့ လှေလေးနဲ့... လှေပေါ်ကိုတက်.. ပြီးတော့ လှေလေးက ဖြည်းဖြည်းလေးသွားတယ်.. ဒါနဲ့ မဗေဒါနဲ့ သူငယ်ချင်းလဲ ဟာ.. ဒါလေးပဲလားဆိုပြီး တော်တော်စိတ်ပျက်သွားတယ်.. နောက်တော့ ဘာမှမမြင်ရအောင်မှောင်နေတဲ့ ဂူလေးထဲကို ၀င်ပြီး တော်တော်မတ်တဲ့ ရေတံခွန်လိုဟာမျိုးကို ဝေါကနဲ့ ဆင်းပြီးတော့မှ.. အထဲမှာ.. အားပါးပါး.. ဂရက်ဖစ်ရယ်.. ဆလိုက်ရယ်.. အရုပ်တွေရယ်.. အသံရယ်.. ကောင်းလို့လားမသိ.. တကယ့်ကို Pirates ရုပ်ရှင်ကားကို အပြင်မှာ မြင်ရသလိုပဲ.. ကိုယ်က အိမ်မက်ထဲကလိုလေ... သူတို့ဖြစ်နေတာကို မြင်ရတယ်.. ဒါပေမဲ့ ကိုယ်က ဘာမှမဖြစ်ဘူး.. အဲလိုမျိုး.. အကြိုက်ဆုံးကတော့ သဘောင်္ကြီး ၂စင်း အမြှောက်တွေနဲ့ ဆော်နေကြတဲ့ ကြားမှ ကျမတို့ သဗ္ဗာန်လေးကသွားနေတယ်.. ဟိုဘက်က ဆော်လိုက်ရင် တဘက် သဘောင်္မှာ အမြှောက်ထိတယ်.. မီးထွက်တယ်.. အသံတွေကလဲ တကယ့်စစ်ဖြစ်နေသလိုမျိုး.. အုံးဒိုင်းနဲ့.. indoor လုပ်ထားပင်မဲ့ ခံစားချက်က တကယ့် ညမှောင်မှောင် ကြယ်တွေနဲ့မိုးကောင်းကင်အောက်အတိုင်းပဲ... အဲဒိမှာတော့ တော်တော်ကြိုက်သွားတယ်... စီးတာကတော့ ဘာမှသိပ်ကြောက်ဖို့မကောင်းဘူး.. ဒါပေမဲ့ အဲဒိရုပ်ရှင်ထဲရောက်သွားတဲ့ အတိုင်း ခံစားရအောင်လုပ်နိုင်တဲ့ ဖီးလင်ကကောင်းတာ..
မဗေဒါနဲ့ သူငယ်ချင်းလဲ ထွက်လာတော့ တပြုံးပြုံးပေါ့.. စောင့်လိုက်ရတာ တန်တယ်.. ဒစ်စနေလမ်းဆိုတဲ့အတိုင်း နာမည်နဲ့လိုက်ပါပေတယ်ပေါ့.. နောက်ဟာတွေကိုလဲ စီပြီး စီးဖို့ အားရှိသွားတယ်.. ကဲ .. ဒစ်စနေလမ်းကို ရောက်ရင် Pirates Of the Caribbean ကို စီးဖြစ်အောင်စီးနော်....

Toy Story

မြေပုံကလဲ ကောင်းကောင်းမကြည့်တတ်သေးတော့ တော်တော်ကြည့်ရတယ်.. ပြီးမှ ဟိုသွားဒီသွားတော်တော်ရှာရင်း နောက်တစ်ခုကိုရောက်တယ်.. အဲဒိမှာတော့ အတော်ကိုစောင့်ရတာ.. နေ့လည် ၁၂ထိုးတယ်... တန်းစီနေရင်းဗိုက်ဆာလို့.. ထမင်းဘူးကလဲ သူ့အဒေါ်တွေနဲ့ ပါသွားတော့ မုန့်သွားဝယ်ပြီး တန်းစီရင်းစားမယ်ဆိုပြီး.. မဗေဒါ ထွက်လာတယ်.. သူငယ်ချင်းက ဆက်စီတယ်.. မုန့်ဆိုင်လဲရောက်ရော.. အားပါးပါး... တန်းစီနေတဲ့ သူတွေ.. မုန့်စားဖို့လဲ ဒီလိုစီရမယ်... ဟင်း... တော်တော်ဆိုးတယ်... ဒါနဲ့ စိတ်ပျက်ပြီး ပြန်ထွက်လာလိုက်တယ်.. အဲဒါလဲ ၁နာရီခွဲလောက် တန်းစီလိုက်ရတယ်.. ဒစ်စနေလမ်းမှာ ဓာတ်ပုံရိုက်မယ်ဆိုပြီး ပဲများပြီး ၀တ်လာမိတာက လည်ရှည်ဖိနပ်.. ခြေထောက်တွေလဲနာလိုက်တာမပြောနဲ့.. ဗိုက်ကဆာ.. လူကများတော့ စိတ်တွေကို တိုနေတာပဲ.. နေ့ဝက်ကျိုးပြီ ခုမှ ၁ခုပဲစီးရသေးတယ်... တော်တော်ကို စိတ်ပျက်လာတာ.. ဒါပေမဲ့ Fast pass ဆိုတာရှိတယ်.. တန်းစီစရာမလိုပဲ အဲဒိ Fast pass ရှိတဲ့သူတွေက ၀င်-င်သွားတယ်.. ကျမထင်တာက ပိုက်ဆံပိုပေးပြီး ၀ယ်ရတယ်ထင်နေတာ.. Fast pass ကိုဘယ်လိုလုပ်ရလဲဆိုတာလဲ ကျမတို့မသိဘူး..
ဒီလိုနဲ့ Toy Story ထဲကို ၀င်ဖြစ်တယ်.. အဲဒါကတော့ Pirates လောက်မကောင်းဘူး.. စီးတဲ့ယာဉ်ပေါ်မှာ သေနတ်လေးတွေနဲ့.. စီးရင်းနဲ့ အဲဒိမှာပေးထားတဲ့ Target လေးတွေကို လိုက်ပစ်ရတာ.. ကိုယ်ပစ်လို့ထိတာလား.. သူများပစ်လို့ထိသလားလဲ မသိရ.. လည်လည် လည်လည်နဲ့ ကလေးစီးလေး.. ကျမတို့ကကြောက်စရာတွေ စီးချင်တာ.. အသဲကမာတော့.. ဟီး... ဒါနဲ့ ဒီတစ်ခုတော့ သိပ်စိတ်တိုင်းမကျပဲ ပြန်ထွက်လာတယ်.. မကောင်းဘူးတော့ မဟုတ်ဘူး.. ဒါပေမဲ့ စောင့်ရပြီး ဒိထက်ပိုကောင်းစေချင်တာ..

နေ့လည်စာတွေ ယူခဲ့နော်....

ထွက်လာတော့ ဗိုက်ဆာဆာနဲ့ သူ့အဒေါ်ဆီက ထမင်းဘူးကို ၂ယောက်သား တူတူဆွဲကြတယ်.. မနက်က သူ့အမေထမင်းဘူးထည့်တုံးကတော့ အလုပ်ရှုတ်တယ်ထင်နေတာ.. ခုမှ တန်းစီရမှာတွေးပြီး ကျေးဇူးတင်မိတယ်.. လူကြီးစကားဆိုတာ လိုက်နာကောင်း၏.. ဟိ.. ဟိ....

နောက်တော့ ကျမတို့ရဲ့ survivor ခရီးဆက်.. မြေပုံကြည့် .. ကျမတို့ကလဲ သေချာမသွားတတ်တော့ အစီအစဉ်တွေက မကျ.. တစ်နေရာနဲ့ တစ်နေရာတော်တောလျှောက်ရသေးတယ်.. ခြေထောက်ကနာတော့ ဖြည်းဖြည်းပဲလျှောက်နိုင်တယ်.. ဓာတ်ပုံကလဲ အလျှင်မှီအောင်ရိုက်ရတယ်.. လူတွေလဲ ရှောင်ရိုက်လို့မရဘူး.. လူကများလွန်းလို့.. တစ်နေရာရောက်ရင် ဘယ်လောက်စောင့်ရမလဲ မေးရင် ၁နာရီ ၂နာရီ ဆိုတော့ ၀င်မစီတော့ဘူး..

Battery Car

နောက် ဘတ်ထရီကားလိုနေရာမျိုးကျတော့ ၄၅ မိနစ်တဲ့... ဒါနဲ့ ၀င်စီလိုက်တယ်.. အဲဒါစီးတယ်..
မလေးရှားနဲ့ စကာင်္ပူ ဘတ်ထရီကားလောက်မကြိုက်ဘူး.. သူက သံလမ်းပေးထာတယ်.. ကားက အဲဒိလမ်းအတိုင်းမောင်းတာ.. ကိုယ့်ခြေကိုယ့်လက်မောင်းလို့မရဘူး.. စိတ်လှုပ်ရှားဖို့မကောင်းဘူး... ကိုယ်က ခြေထောက်နင်းထားရုံပဲတောင်ရပြီ...


Rollar Coster


နောက်ဆုံး မြေပုံထဲမှာ တွေ့ရတဲ့ တောင်ပုံကြီးနဲ့.. စီရတာ နဲနဲကြောက်ဖို့ကောင်းမယ်ထင်တဲ့ Splash Mountain နေရာကိုပဲ တည့်တည့်မတ်မတ်သွားစီးတော့မယ်လို့ စိတ်ကူးလိုက်တယ်.. အဲဒိကို ခြေဦးလှည့်တော့ Toon Town ဆိုတာကိုဖြတ်ရတယ်.. ဓာတ်ပုံရိုက်ဖြစ်တာများတယ်.. နောက်တော့ Roller coster လိုဟာမျိုးလေး.. ၄၅မိနစ်စောင့်ချိန်ဆိုလို့.. မဆိုးဘူးဆိုပြီး ၀င်စီလိုက်တယ်.. အထဲမှာ ပြင်ထားတာလေးကတော့ တကယ့် ကာတွန်းကမ္ဘာအတိုင်းပဲ.. စီးရတာတော့ မြန်မာပြည်က သံဂျီးတက် Rollar coster လောက်တောင် ကြောက်ဖို့မကောင်း.. စိတ်ချရမှန်းသိလို့လားတော့ မသိ.. ဟိ... ဟိ...

Cartoon Spin (Cabco)


အဲဒိမှာတော့ စီးဖို့တန်းစီရတာ စိတ်ပျက်တာနဲ့ ဓာတ်ပုံပဲ ဖိရိုက်ဖြစ်တယ်.. နောက် ဦးတည်ချက်နေရာကို ဆက်သွားတယ်.. Cartoon Spin (cabco)ဆိုပြီး ရထားဦးခေါင်းလေးက အိမ်ပျက်ထဲကနေ လှုပ်စိ လှုပ်စိထွက်နေတာတွေ့တော့.. စိတ်ဝင်စားပြီး ၀င်စီဖြစ်တယ်.. ညနေ ၄နာရီလောက်ရှိနေပြီ... အမယ်လေး.. စီလိုက်ရတာမပြောနဲ့.. အိမ်ထဲရောက်တော့လဲ မြွေလိမ်မြွေကောက်တန်း...နောက်ဆုံးရောက်တော့..
ဖန်ခွက်လို ၀ိုင်းဝိုင်းယာဉ်လေးထဲမှာ.. လှည့်လို့ရတဲ့ ဂီယာလို အတံလေးပါတယ်.. အထဲမှာတော့ ကာတွန်းတွေ...ကာတွန်းတွေအများကြီးပဲ.. တကယ့် ကာတွန်းတိုင်းပြည်ပဲ.. ဘယ်လိုလုပ်ထားလဲတော့မသိဘူး.. အလင်းအမှောင်.. အသံ.. ဒစ်ဂျစ်တယ် အရုပ်တွေလားမသိဘူး.. ကိုင်ဖို့မမှီတော့ မီးနဲ့လုပ်တာလား... တကယ့်အရုပ်တွေလားမသိဘူး.. အောက်ကပုံကိုကြည့်ကြည့်.. မဗေဒါတို့ယာဉ်အလာကို တံခါးဖွင့်ပေးတဲ့ ဘန်နီရုပ်လေး..


Splash Mountain


နောက်ဆုံး Splash Mountain ကိုရောက်တော့.. တန်းစီချိန် ၂နာရီ ၄၅မိနစ်ပါတဲ့.. ဒါနဲ့ စဉ်းစားနေ ကြာတယ်ဆိုပြီး စိတ်ဒုံးဒုံးချပြီး ၀င်စီလိုက်တယ်.. တကယ်ပါ ဂျပန်တွေ ညာမပြောတတ်ဘူး.. ကိုယ်ကတော့ ဒီလောက်ကြာချင်မှလဲ ကြာမှာပါပေါ့.. လှိုင်ဂူထဲရောက်ပြီးရင် သိပ်မစောင့်ရလောက်တော့ပါဘူးပေါ့.. လှိုင်ဂူရောက်ဖို့တောင် ဟိုလိမ်ဒီကောက် Q တန်းနဲ့ ၁နာရီခွဲလောက်စီလိုက်ရတယ်.. ဂူထဲရောက်ပြန်တော့လဲ Q တန်းမှ အခိုင်အမာ... အမြဲတမ်း ဒီလိုပဲထင်တယ်.. အရေးထဲ Fast Pass ကိုင်ထားတဲ့သူတွေက ရှေ့က၀င်ဝင်သွားတာခံရသေးတယ်.. တကယ်ကို ၂နာရီ ၄၅မိနစ်မှ စီးရတယ်.. စီးရတော့လဲ ဒီလောက်လဲကြောက်ဖို့မကောင်းပါဘူး.. ရှုခင်းသာက ရေလွှာမိကျောင်းလိုပါပဲ.. သူကောင်းတာက.. အဲဒိလှေသွားတဲ့ လှိုင်ဂူတစ်ရှောက် Walt disney character Cartoon စက်ရုပ်တွေကို အသံရော.. တီးလုံးရောနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိတယ်.. အရုပ်တွေက အရုပ်နဲ့တောင် မတူဘူး.. လှုပ်ရှာမှုက smooth ဖြစ်တယ်.. ကြောက်စရာ အဆင်းက ၁ခါပဲရှိတယ်.. အဲဒိမှာ အလိုအလျှောက် ကင်မရာက လျှက်တစ်ပြက်ဓာတ်ပုံရိုက်ပေးတယ်...
ဓာတ်ပုံလိုချင်ရင် ယမ်း ၁၂၅၀ နဲ့ အောက်ရောက်ရင် ရွေးလို့ရတယ်.. မဗေဒါကတော့ ဒါမျိုးဓာတ်ပုံက ကိုယ့်ကင်မရာနဲ့မှ ရိုက်လို့မရနိုင်တာ.. ပြီးတော့ အမှတ်တရလဲရှိအောင် ယူတယ်.. ဒီမှာ ကြည့်.. ကြောက်ကလဲကြောက်သေး... ပဲကလဲများချင်တော့ လက်ကို အရဲစွန့်ပြီးမြှောက်ထားသေး... အာကတော့ ပြဲနေတာပဲ....



Peter Pan Flight


အဲဒါလဲစီးပြီးရော လူလဲတော်တော်ပြိုင်းနေပြီ... ခြေထောက်က မထောက်နိုင်တော့ဘူး.. ဒါနဲ့ ပိုက်ပိုက်မတန်လဲနေတော့ အေးဆေးထိုင်ဖို့စဉ်းစားတယ်.. လူတော်တော်များများကတော့ သူတို့အခင်းလေးတွေနဲ့ လမ်းဘေးတစ်ဖက်တစ်ချက်မှာ နေရာတွေဦးပြီးထိုင်နေကြတာမြင်တော့ ၀န်ထမ်းတစ်ရောက်ကို ဘာရှိလို့ထိုင်နေကြတာလဲမေးတော့.. အင်္ဂလိပ်လို မတောက်တစ်ခေါက်နဲ့ ကြိုးစားပြီးဖြေရှာတယ်.. ဒီလောက်တစ်နေကုန်ပင်ပန်းပြီး ညမိုးချုပ်ခါနီးတောင် အဲဒိက၀န်ထမ်းတွေက ဧည့်သည်ကိုပြုံးပြီးဆက်ဆံနိုင်ကြတယ်.. နောက်မှ အလှပြယာဉ်နဲ့ show ပွဲကို စောင့်နေကြမှန်းသိတယ်.. ၇နာရီခွဲပြမယ်ဆိုလားပဲ.. မဗေဒါကတော့ ကြည့်ချင်တယ်.. ဒါပေမဲ့သူငယ်ချင်းက လူတွေဒီရောက်နေတုံး သူက ခဏပဲတန်းစီပြီး ကျန်တာတွေစီးချင်တာနဲ့ပဲ.. နေ့လည်ကလွတ်သွားတဲ့ ပီတာပန်ကို ၀င်စီးကြတယ်.. ၃၀မိနစ်လောက်ပဲစောင့်ရတယ်.. အစကတော့ ဒီလောက်မထင်ထားဘူး.. အထဲရောက်တော့လဲ ဒစ်စနေလမ်းဆိုတဲ့ အတိုင်း ကိုယ်ကတကယ့် ပီတာပန်နေရာရောက်သွားသလိုပဲ.. လှေပြန်လေးကိုစီးပြီး.. စစချင်း.. ပီတာပန်တို့မောင်နှမပုံပြောပြီး အိပ်သွားတဲ့ အိပ်ခန်းလေး.. ပြီးတော့ ကျမတို့ လှေပျံလေးက ပြတင်းပေါက်လေးကနေထွက်သွားတယ်.. ပြီးတော့ မြို့ မော်ဒယ်သေးသေးလေးတွေ.. မသိရင်ပဲ ကောင်းကင်ကနေ သေးသေးလေးလှမ်းမြင်နေရတဲ့ပုံမျိုးပေါ့.. ကြည့်လို့တော့ကောင်းတယ်.. ထင်ထားတာထက်သာတယ်.. သိပ်မစောင့်လိုက်ရတော့ ကျေနပ်တယ်...

Mikey Mouse Musical Show

နောက်ဆုံးအနေနဲ့တော့ ဘာမှန်းမသိပဲ Mikey Mouse ပြပွဲခန်းမှာလူနည်းတာရော.. စောင့်ချိန် ၁၀မိနစ်ပဲဆိုတာရော ၀င်ကြည့်လိုက်တယ်.. စစချင်း ဂျပန်မကလဲ ဘာတွေပြောမှန်းမသိဘူး.. နောက်ပြပွဲခန်း လိုက်ကာဖွင့်တော့မှ အထဲဝင်.. ရှေ့ကနေ ရောက်ရောက်ရောက်လုပ်ပြီး လုဝင်လိုက်တာ.. အထဲရောက်တော့ screen နဲ့ အနီးဆုံးမှာ ခေါင်းမော့ပြီးကြည့်လိုက်ရတယ်... ဒစ်စနေလမ်းမှာ ရှေ့ဆုံးက ၀င်တိုင်းလဲမကောင်းဘူး.. လူကြီးလူကောင်းဆန်ဆန် ကိုယ်ကျရာနေရာ ကံအတိုင်းထိုင်ရတယ်.. ဂျီးများလို့ရဘူး.. ဂျီးများချင်ရင်တော့ရတယ်.. ကိုယ့်အဆင့်အတန်းကိုယ်ဖော်သလိုဖြစ်နေမှာလေ.. စိတ်ဓာတ်သေးသိမ်ရာကျမှာစိုးလို့.. မြန်မာဆို သိတဲ့အတိုင်း အစထဲက တခြားနိုင်ငံက အထင်သေးနေတာ.. ဒီတော့ နိုင်ငံ့သိက္ခာဆယ်နေခဲ့တယ်... ပြီးတော့ Mikey Mouse ဖြစ်ပေါ်လာပုံကို ရိုးရိုး ရုပ်ရှင်ရုံလို ဂျပန်လိုတွေပြောပြီးပြပါလေရော.. သွားတာပဲ.. အိပ်တောင်ငိုက်တယ်.. ဘာမှမှ နားမလည်တာ.. အစထဲကလဲ Mikey Mouse သိပ်ကြိုက်တာမဟုတ်တော့... အိပ်ခဲ့တယ်.. စိတ်တိုင်းတော့မကျဘူး.. ဒါပဲလားဆိုပြီးတော့... အဲ... မဟုတ်ဘူးရှင့်...

အဲဒါပြီးတော့ နောက်ထပ်အတွင်းပိုင်း ဟောခန်းတစ်ခုထပ်ဖွင့်ပြီး ခန်းမတစ်ခုကို ထပ်ဝင်ရတယ်.. တော်တော်သားနားတယ်... ဆိုဖာတွေနဲ့ ဇာတ်ဆင်ကလဲ အမိုက်စား.. တကယ့်နန်းတော်ထဲက ခန်းမပုံမျိုးဆောက်ထားတာ.. ပြီးတော့ စင်ပေါ်မှာ မစ်ကီးမောက် Musical ရော.. ပြီးတော့ walt disney က ဖန်တီးခဲ့တဲ့ Character အားလုံး တစ်ခုပြီးတစ်ခု ပေါ်လာပြီး ဆိုကြတယ်... အကုန်လုံးက အရုပ်တွေချည်းပဲ.. လူမဟုတ်ဘူး.. ဒါပေမဲ့.. ပါးစပ်လှုပ်ပုံ.. လက်ရွေ့လျားပုံ.. မျက်နှာအမူအရာ.. အကုန်လုံးက အသက်ဝင်အောင်လုပ်ထားနိုင်ပြီး.. ကျမကို ဖမ်းစားနိုင်ခဲ့တယ်.. ဒီတော့မှ... အင်း... ဒါမှ ဒစ်စနေလမ်းဆိုတာလဲ နာမည်နဲ့ လိုက်ဖက်တော့သကိုး..............

အလှပြကားများ.. အကနှင့် သီချင်း...

ပြန်ထွက်လာတော့ အလှကားနဲ့ Musical ရယ် Dance performence တွေစနေပြီ.. Hollowen special အတွက် Walt Disney ရဲ့ လူဆိုး Character တွေနဲ့ အလှကားတွေလဲ ပါမယ်တဲ့.. လူတွေကြည့်နေတာနဲ့ မဗေဒါလဲတိုးမပေါက်ပဲ.. ဘ၀ပေးအရပ်ကလဲ အပုထဲမပါပင်မဲ့... မဗေဒါထက်ရှည်တဲ့သူကလဲ အများသား.. နဲနဲလေး ပုတယ်ပြောရမလား.. ဟီး.... ဒါနဲ့ ပေမမှီထောင့်မမှီနဲ့ ဗွီဒီယိုကင်မရာကိုပဲ လက်မြှောက်ရိုက်ပြီး အဲဒိကနေပြန်ကြည့်ရတယ်.. ဟဲ.. ဟဲ... ပြီးတော့ ညက ၁၀နာရီထိုးခါနီးပြီ.. လူလဲတော်တော် ကျိုးနေပြီ.. ဒီလိုနဲ့ပဲ ပြန်ခဲ့ကြတယ်.. အပြန်ကျမှပဲ အ၀င်က Tokyo Disneyland ဆိုတဲ့ စာတမ်းနဲ့ ဓာတ်ပုံရိုက်ဖြစ်တော့တယ်...

အချိန်မလောက်လို့ မ၀င်ဖြစ်ခဲ့တာတွေအများကြီးပဲ... ဓာတ်ပုံတော့ ရိုက်လာဖြစ်တယ်... ဆလိုက်ရှိုးမှာကြည့်လိုက်နော်...




ဟင်းးးးးး.. မနက်ဖြန်လဲ Tokyo Disney Sea ကို ထပ်လာရအုံးမယ်.. မနက်ဖြန်တော့ အကြောင်းသိသွားပြီ.. ဒီလည်ရှည်ဒေါက်ဖိနပ်ကို လုံးဝမစီးတော့ဘူး.. အသက်သာဆုံး အကျီင်္ကို ရွေးဝတ်ခဲ့ရမယ်.. .. အိမ်ပြန်ရောက်တော့ ခြေထောက်တွေနာလိုက်တာ.. အထိတောင်မခံဘူး.. ဆေးလိမ်း.. ကိုယ့်ခြေထောက်လေးကို သနားလို့ နှိပ်နယ်ပြီး မနက်ဖြန်အတွက် အားမွေးပြီး အိပ်လိုက်တာ.. ခလောာာာာာာာာာာ.......


Wednesday, December 03, 2008

လက်ကလိခြင်း၏ အကျိုးကျေးဇူး...

တင်းသွားပြီ.. အရမ်းကိုတင်းသွားပြီ (ဗိုက်မဟုတ်ဘူး.. ) ..
ဘေးက ဆိုဒ်ဘားကိုကြည့်... တွေ့လား.. ဘာတွေဖြစ်သွားပြီလဲဆိုတာ...
အဲဒါပဲ... ဘာဖြစ်တာလဲသိလား....
အပေါ်ကခေါင်းစဉ်ကိုကြည့်...
အဲဒါပဲ...

အော်.. ဒီဇင်ဘာရယ်.. ခရစ်စမတ်ရယ်.. ဆောင်းလေလေးရယ်.. သတိရရနဲ့. တခါမှမတွေ့ဖူးတဲ့.. ဆန်တာကလော့နဲ့.. နှင်းတွေ တန်းပလိတ်ကို လျှာရှည်ပြီးပြောင်းလိုက်တာ...
အဲဒါမပြောင်းခင်လဲ.. အရင် တန်းပလိတ်ကို သိမ်းလိုက်တယ်.. ဒါပေမဲ့.. ဒါပေမဲ့ပေါ့နော်.. expand widget ကိုမနှိပ်မိလို့လား.. ဘာလား.. ဘယ်နေရာမှားသွားလဲတော့မသိဘူး....

လာမမေးနဲ့.. ဘယ်လိုဖြစ်တာလဲလို့.... ဘယ်လိုဖြစ်မှန်းသိရင် ပြင်လိုက်တာကြာပေါ့..
အဲဒါပေမဲ့ ဘယ်လို့ဖြစ်ပြီး ဒီပုံဖြစ်သွားတယ်ဆိုတာသိရင်ပဲဖြစ်ဖြစ်.. ပြန်ပြင်လို့ရမဲ့ အဖြေကိုသိရင်ပဲဖြစ်ဖြစ် ပြောပြမယ်ဆိုရင်.. ကူညီနိုင်မယ်ဆိုရင်တော့.. ၇ ရက် အိမ်ခေါ်ထမင်းကြွေးမယ်... ရန်ကုန်ကလူဆိုရင်.. ၇ ရက်လိုက်ကြွေးမယ်...

ခု ဆီပုံးတော့ ပြန်ရတယ်.... neo counter!!!!!!!!!!!!!!!!!!!! garrrrrrrrrrrr... စုစုပေါင်းမှတ်မိသလောက် အယောက် ၇၀၀၀ ကျော်ရှိတယ်... အဟင့်.. မပြောချင်ဘူး......
ဟောဒီမှာ မယုံရင်ကြည့်.. တော်သေးတယ်မလုပ်ခင်လေး ဖွင့်ထားမိတဲ့ ဟာလေးရှိလို့.. လိမ်ဘူးနော်... မမြင်ရရင် ကလစ်လုပ်ကြည့် ၇၂၆၇ ယောက်...


ခုအဲဒိဆိုဒ်ကို ၀င်ဖို့ user name လေး password လေးမှတ်မိလို့ ပျော်သွားတာ.. သူက ဆီပုံးလိုလဲဟုတ်ဘူး....
total visitor ၂၆ယောက်တဲ့... အရပ်ကတို့ရေ....
ဟောဒီက မဗေဒါဆိုတဲ့ မယ်မင်းကြီးမ ရင်၂ချမ်းဗြမ်းဗြမ်းကွဲတာပဲ....
စိတ်နာတယ်.. စိတ်နာတယ်...
ဆက်မလုပ်ချင်တော့ဘူး... အိပ်တော့မယ်.... ဆီပုံးပြန်ရတာပဲ ကံကောင်း..
လင်ခ့်တွေလဲ မရှိတော့ဘူး.. အကုန် အစဆုံး ၁ခုချင်းစီလုပ်ရတော့မယ်ထင်တယ်.....
ရတယ်... လုပ်အုံးမှာ.. လုပ်သလို မဖြစ်ရင် ဖြစ်သလိုကို လုပ်မှာ.... ဟင်း.. ဟင်း.......


ခုလောက်ဆို ဖတ်ပြီးရီနေလောက်ရောပေါ့... ရီပါ.. ရီပါ......... တော်ပြီ..
အိပ်မက်လှလှမက်အောင် သွားအိပ်တော့မယ်.. အိပ်မက်ထဲမှာတော့... တွန်ခရုလေးနဲ့ ပျော်လို့..........
အပြုံးမပျက် ပန်းပန်လျက်ပဲ..


Monday, December 01, 2008

ချစ်သူ့ ဆန္ဒ

ကျမနဲ့သူ စတွေ့ပုံက ရိုးစင်းလှပါသည်.. မနက်အလုပ်သွားတိုင်း စကာၤပူလို ဘဝကို အချိန် ယန္တယားလိုလည်နေသော နိုင်ငံတစ်နိုင်ငံတွင် အလုပ်ချိန်တူ စီးတဲ့ဘတ်စ်ကားတူတော့ မချိန်းထားလဲ အမြဲသူ့ကိုတွေ့နေမိသည်.. သူက အသားဖြူဖြူ နှာတံစင်းစင်း ခပ်ပိန်ပိန် ဆံပင်အရှည်နှင့် အတော်ကြည့်ကောင်းသော ယောကျာၤးတစ်ယောက်.. သူ့ကိုစတွေ့ထဲက ကျမစိတ်ထဲက ကျိတ်၍ခင်ချင်မိခဲ့သည်.. အမြဲလိုလို စာအုပ်တစ်အုပ်နှင့် ခပ်အေးအေးနေတတ်တဲ့ သူ့ကို ကျမခိုးကြည့်ခဲ့ရသော အကြိမ်မနည်းပေ.. မိုးတွေသည်းကြီးမဲကြီးရွာတဲ့တစ်နေ့ ကျမတွင် ထီးကပါမလာ.. ဒီပုံအတိုင်းဆို အလုပ်ထဲတွင် မိုးရေစက်လက်နှင့်တနေကုန်နေရမည့်ကိန်း. ဆင်းရမည့်မှတ်တိုင်ရောက်ခါနီးလေ ကျမ အကြံအိုက်နေလေသည်... မှတ်တိုင်ရောက်ခါနီးဆင်းဖို့ပြင်တော့ သူကလဲ ဆင်းဖို့အပေါက်မှာရပ်နေသည်.. အဝါရောင်ထီးလှလှလေး တစ်လက်ကိုကိုင်ထားသည်.. သူနဲ့လဲ အရင်က မျက်မှန်းတမ်းမိနေတော့ ကျမလဲ အရဲစွန့်ရီပြပြီး.. ထီးကြုံလိုက်လို့ရမလား မေးလိုက်သည်.. သူကကြည်ကြည်ဖြူဖြူ ကူညီသည်.. ကျမအလုပ်နှင့်သူ့အလုပ်က ခြံခြင်းကပ်.. ကျမအလုပ်ထိပ်ထိ သေသေချာချာလိုက်ပို့ပေးသည်.. ပျော်လိုက်သည့်ဖြစ်ခြင်း... သူ့ဆံပင်ရှည်ရှည်ဆီက ခေါင်းလျှော်ရည်နံ့မွှေးမွှေး.. ရေမွှေးန့ံ့သင်းသင်းကို ကျမအားရပါးရရှိုက်သွင်းခဲ့သည်... ဘာမဆိုင်ညာမဆိုင် ရှက်သဖြင့် ကျမခိုးကြည့်နေကျ သူ့မျက်နှာကိုပင် စေ့စေ့မကြည့်ရဲ.. သူ့ရဲ့ နုညံ့တဲ့ အမူအရာနဲ့ ပျော့ပြောင်းတဲ့ အသံက နွေးထွေးမှုအပြည့်....

ဒီလိုနဲ့ ကျမတို့ ၂ယောက် ခင်မင်ခွင့်ရခဲ့သည်.. အလုပ်သွားအတူ လာအတူအပြင်.. အလုပ်အားရက်များတွင် Shopping ထွက်ခြင်း.. ရုပ်ရှင်ကြည့်ခြင်း.. ကျမသွားချင်သမျှကို သူ မညီးမညူ အဖော်လိုက်ပေးသည်.. ကျမ အဝတ်အစားတွေ စမ်းဝတ်ကြည့်တာပဲဖြစ်ဖြစ်.. ဖိနပ်ဝယ်တာပဲ ဖြစ်ဖြစ်.. သူစိတ်လိုလက်ရ လိုက်ကြည့်ပေးတတ်သည်.. ဘယ်လောက်ကြာကြာ သူ စိတ်မဆိုး.. တခါတလေသူရွေးပေးတဲ့ အကျီၤလေးတွေက ကျမရွေးတာထက်ပင်ပိုလှသည်.. ဒီလိုနဲ့ ကျမရင်ထဲက သူ့အတွက်ခံစားချက်တွေ အမြစ်တွယ်ခဲ့ကြသည်.. ကျမလဲ သူ၏ရင်ထဲတွင် တစ်နေရာစာတော့ ရထားသည်မှာသေချာသည်..

သို့သော်.. သူတစ်ခါတစ်လေ ငေးငေးငိုင်ငိုင်ဖြစ်နေတတ်သည်.. တခါတလေလဲ အားငယ်စိတ်ဓာတ်ကျနေသည့်ပုံမျိုး... အဆိုးဆုံးက သူ့ကိုယ်သူ မနှစ်မြို့တဲ့ပုံစံ.. သူ့ရဲ့ အပူအပင်တွေကို ကျမ မျှဝေခံစားပေးချင်သည်.. သူ ကျမကို ယခုလောက်လိုက်လျောရက်နှင့် ချစ်ခွင့်မပန်သေးသည်မှာ ထိုအကြောင်းတစ်ခုခုနှင့် ပတ်သတ်မှုရှိနေရမည်.. သူ့မိသားစုအခြေအနေကြောင့်လား.. သူ့အတိတ်က အချစ်ဟောင်းကြောင့်လား ကျမသိချင်လှသည်.. မည်သို့ပင်ဆိုစေ ကျမ ယခင်ထားခဲ့ဖူးသော ရည်းစားများနှင့် ယှဉ်လျှင် သူက သိမ်မွေ့နုညံ့သူ ဂရုဏာထားတတ်သူ.. ကျမကို နားလည်မှု အပေးနိုင်ဆုံးသူ.. သူနှင့် ကျမ စိတ်တူကိုယ်တူ.. ကျမ shopping ပတ်သမျှကို ကျေကျေနပ်နပ်လိုက်ပေးသူ.. သူ့ရင်ထဲမှာ ရှိနေတဲ့ ဝမ်းနည်းမှု ဆိုတဲ့ ဆူးလေးကို ကျမ မည်သည့်နည်းနဲ့မဆို ဖယ်ရှားပေးချင်သည်.. သူ့ အချစ်ဟောင်းကိုတမ်းတနေလျှင် ကျမ အောင်သွယ်ပေးလိုက်မည်..
သူ့ရဲ့ ဟတ်ဟတ်ပတ်ပတ်အပြုံး တစ်ခုအတွက် ကျမနှလုံးသား သွေးချောင်းစီးသွားပါစေ..

"ဘာတွေပဲဖြစ်ဖြစ်.. ကိုမျိုးဘက်က နွေနှင်းအမြဲရပ်တည်ပေးမယ်.." ဘယ်လိုစိတ်ညစ်မှုမျိုးပဲဖြစ်ဖြစ် ဒီစကားနဲ့တော့ အားပေးနိုင်သည် မဟုတ်ပါလား..

~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့ နွေနှင်း အလှဆုံးပြင်ထားမိသည်.. အလုပ်ဆင်းလျှင် လေဆိပ်သွားကြိုစရာရှိသည်.. သူ.... သူ့ရောဂါကို ခွဲစိတ်ကုသရန်ထွက်သွားသည်မှာ ၁လပင်ရှိပြီ... သူ့ကျန်းမာရေးကြောင့် သူစိတ်ညစ်နေရခြင်းဖြစ်ပြီး ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း ပြောခဲ့စဉ်က ကျမအားပေးခဲ့သည်.. ထိုအားပေးမှုနှင့်ပင် သူယိုးဒယားတွင် ခွဲစိတ်ခံယူဖို့ထွက်သွားခဲ့ခြင်းဖြစ်သည်..

အလုပ်ရောက်တော့.. လုပ်ဖော်ကိုင်ဖက် ချယ်ရီက ထုံးစံအတိုင်း အလုပ်ထဲကလူများအကြောင်းနှင့် သူသိသမျှသတင်းထူးများကို အတိုးချပြောတော့သည်..

"ဟဲ့.. ဟိုကောင်နဲ့.. ဟိုမိန်းကလေးနဲ့လေ ဖြစ်သွားကြပြီ.......... ....................

ငါ့အသိထဲက အကိုကြီး တစ်ယောက်လေ.. ယောင်္ကျားကနေ မိန်းမသွာပြောင်းတယ်တဲ့"

ဒီနေ့အတွက်တော့ ကျမဘာကိုမှ စိတ်မဝင်စားနိုင်.. ကျမရုံးမြန်မြန်ဆင်းချင်လှပြီ.. သူပြန်လာလျှင် သူခံစားရသမျှ ကျမကို ဖွင့်ပြောမည်ဟုလဲ ပြောခဲ့သည်.. ခင်မင်မှုပျက်ပြားမှာစိုး၍ သူမပြောပဲမြိုသိပ်ခဲ့ရသည်ဟုလဲ ပြောသည်..

"ကိုမျိုးရယ်.. ရပါတယ်.. ကိုမျိုးဘာပြောပြောစိတ်မဆိုးပါဘူး ခင်မင်မှုလဲ မပျက်ပါဘူး" ဟု ကျမ အခွင့်အရေးပေးခဲ့သည်..

ရင်တွေခုန်လိုက်တာ... ကျမစောင့်စားခဲ့ရသည့် အချိန်လေးကို ရောက်တော့မည်..

~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~

ချိုင်ကီလေဆိပ်တွင် သူနှင့်တွေ့ရန် ရင်ခုန်စွာစောင့်စားနေမိသည်.. ယိုးဒယားမှလာသောလေယာဉ်ဆိုက်၍ လူတော်တော်များများ အိတ်ရွေးနေသော အချိန်ထိကျမ သူ့ကိုရှာမတွေ့ခဲ့.. လူတော်တော်များများ ကုန်စပြုလာသည်.. သူ့အရိပ်ပင်မတွေ့...

"ဟိတ်.. နွေနှင်း! "

နောက်မှ ရုတ်တရက် သူ့အသံကို ကြားလိုက်ရသည်.. ကျမဝမ်းသာအားရလှည့်ကြည့်လိုက်သည်.. သူ့ကိုမတွေ့....

ဂါဝန် နက်ပြာရောင်နှင့် အရပ်မြင့်မြင့် အမျိုးသမီးတစ်ယောက်... ပိန်ပိန်ပါးပါးနှင့် အတော်လှသည့် အမျိုးသမီး...

ကျမလဲ သူမကိုကျော်၍ နောက်ကိုကြည့်သည်.. စောစောက ကိုမျိုးအသံကိုကြားလိုက်သည်မှာသေချာသည်...

"ဘယ်တွေလျှောက်ကြည့်နေတာလဲ.. မမှတ်မိဘူးလား.. " ထိုအမျိုးသမီး ထံမှ ကြားလိုက်ရသော အသံသည်.. အလွန် ရင်းရင်းနှီးနှီးရှိလှသည်..

"မျိုးအောင်လေ.. မမှတ်မိတော့ဘူးလား.. " ကျမ ကမ္ဘာကြီးပြောင်းပြန်လန်သွားသလား.. မိုးကြိုး ငယ်ထိပ်တည့်တည့်ကိုပစ်လိုက်သလား..

ထိုအမျိုးသမီး ဘာတွေလာပြောနေသနည်း.. သူ့ကိုသူ ကိုမျိုးဆိုပါလား...

"အံ့သြနေလား... ဒီကိစ္စကြောင့် တစ်ဘဝလုံး စိတ်ညစ်နေခဲ့ရတာ... လူတွေကလဲ အထင်သေး နှာခေါင်းရှုံ့ချင်ကြတယ်.. ဒါပေမဲ့.. မတတ်နိုင်ဘူးလေ.. နွေနှင်းနဲ့တွေ့မှ အားပေးမှုဆိုတာကို ရခဲ့တယ်.. ကျေးဇူးတင်ပါတယ်.. ဘာတွေပဲ ဖြစ်ဖြစ် ကိုမျိုးဘက်ကရပ်တည်ပေးမယ်လို့ နွေနှင်းပြောခဲ့တုန်းက အရမ်းကို အားတက်ခဲ့တာ.. .. နောက်ဆို နွေနှင်းနဲ့တူတူ shopping ထွက်ရင် အစ်မလဲ လွတ်လွတ်လပ်လပ်လိုက်လို့ရပြီ.. တူတူ အကျီၤစမ်းဝတ်ကြည့်လို့ရပြီ.. ခစ်.. ခစ်.... ဒီမှာကြည့်စမ်း.. ဂါဝန်လေး မလှဘူးလား....

!@#$%^..... ...... "

အဆက်မပြတ် ပြောနေသော.. ကိုမျိုးဖြစ်ခဲ့သော ထိုအမျိုးသမီး၏ မျက်လုံးသည် ပျော်ရွှင်မှုအတိ.. အားမာန်အပြည့်.. မျှော်လင့်ချက်ပေါင်းများစွာ.. စိတ်ကူးပေါင်းများစွာ...

သေချာကြည့်တော့လဲ သူမ မျက်လုံးသည်.. ကိုမျိုး၏ မျက်လုံး.. စင်းနေသော နှာတံလေးကလဲ စွဲလမ်းခဲ့ရသော ကိုမျိုးနှာတံ..

နှုတ်ခမ်းပါးလေးတွေကလဲ သိမ်မွေ့တဲ့ ကိုမျိုးရဲ့နှုတ်ခမ်း.. တုန်ခါနေသော ဆံနွယ်လေးတွေကလဲ တချိန်က ကျမခိုးရှုရှိုက်ခဲ့သော ကိုမျိုးရဲ့ ရောခ့်ကာပုံဟု ကျမယူဆခဲ့မိသော ဆံပင်ရှည်အတိုင်းပင်... ကျမ နှလုံးသားကို ဆူးစူးရုံမက ပေါက်ဆိန်နှင့် ဆက်ကနဲ တစ်ကြိမ်ထဲနှင့် အကွဲပေါက်လိုက်သည့် အတိုင်းပင်.. နာကျည်ရကောင်းမှန်းတောင် မသိတော့.... ကျမဘာမှပြန်မပြောနိုင်...

အဲဒိနေ့အတွက် ကျမတစ်ခွန်းမှသူ့ကိုစကားမပြောနိုင်ခဲ့.. သူ ကချည်း ပြောနေခဲ့သည်.. သူ့ကို အိမ်လိုက်ပို့ပြီး.. ကျမနေသိပ်မကောင်းဟုပြောကာပြန်ခဲ့သည်...

ငိုသည်... မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သဖြင့် ကျမငိုသည်... ၁ပတ်လောက်အိမ်ပြင်မထွက်ပဲ တစ်ယောက်ထဲနေခဲ့သည်..

ထိုအတောအတွင်း ကျမမျက်လုံးထဲဝင်လာသည်က ကိုမျိုးတစ်ဖြစ်လဲ ထိုအမျိုးသမီး၏ တောက်ပသောမျက်လုံးနှင့် လှိုက်လှိုက်လှဲလှဲ ရှိလှသော အပြုံး... သူမပျော်ရွှင်နေသည်.. ကျမချစ်ခဲ့ဖူးသော ကိုမျိုးတစ်ဖြစ်လဲ သူမ ခုပျော်ရွှင်မှုအစစ်ကို တွေ့ရှိသွားပြီ.. အဲဒိအတွက် ကောင်းကျိုး ဆိုးကျိုးကိုလဲ သူမခံယူဖို့ အဆင်သင့်ဖြစ်နေသည့်ပုံ....

ဘယ်လိုပဲ ဖြစ်ဖြစ် ကျမချစ်သောသူ ပျော်ရွှင်ဖို့ အရာရာကို လိုက်လျောနိုင်သည်ဟု ကျမတစ်ချိန်က ဆုံးဖြတ်ခဲ့ဖူးသည်..

ယခု ကျမချစ်ရသူ အမှန်တကယ်ပျော်ရွှင်နေသည်.. ဒါပေမဲ့ ပတ်ဝန်းကျင်မှာ လှောင်ပြောင်ခံရမည်.. ယခုအချိန်တွင် သူ့ကို နားလည်ပေးမည့်သူတစ်ယောက်လိုသည်.. အားပေးမည့်သူတစ်ယောက်လိုသည်..

လောကမှာ အချစ်ဆိုတာ ပုံစံမျိုးစုံနှင့်ရှိနိုင်သည်.. ကျမ၏ချစ်ခြင်းသည် ပိုင်ဆိုင်လိုခြင်းမရှိ.. သန့်စင်သည်..

ထိုသန့်စင်သော ကျမအချစ်အတွက် ကျမပုံစံပြောင်းယူနိုင်သည်.. ခင်မင်မှုဆိုတာ အမြဲမပြောင်းလဲပဲ အေးချမ်းစေတဲ့ အချစ်ပဲမို့လား..

သူ.... ကျမ၏ အခင်ရဆုံး မမ....

~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~


ကလင်.. ကလင်...

"ဟဲလို.. "

" " မမမျိုးလား.. နွေနှင်းပါ.. shopping သွားရအောင်လိုက်မလား""




~~~~~~~~~~~~~~~~~~~~ ပြီးပါပြီ ~~~~~~~~~~~~~~~~~~~~~~

Pictures Credit Goes to:
http://i202.photobucket.com/albums/aa190/ydoow_a/friendship.jpg
www.fijilive.com/ecards/
http://www.imeem.com/danica12/blogs/2007/09/22/rUKvpcJO/friendship_poem

(ဘတ်စ်ကားပေါ်တွင်နေ့တိုင်းဆုံတွေ့နေသော သူများကို အကြောင်းပြု၍ စိတ်ထဲပေါ်လာသော အတွေးပုံရိပ်ကို ရင်တွင်းဖြစ်ခံစားချက်များဖြင့် မဗေဒါမှ ခံစားတင်ပြသည်။)