ကျမနဲ့သူ စတွေ့ပုံက ရိုးစင်းလှပါသည်.. မနက်အလုပ်သွားတိုင်း စကာၤပူလို ဘဝကို အချိန် ယန္တယားလိုလည်နေသော နိုင်ငံတစ်နိုင်ငံတွင် အလုပ်ချိန်တူ စီးတဲ့ဘတ်စ်ကားတူတော့ မချိန်းထားလဲ အမြဲသူ့ကိုတွေ့နေမိသည်.. သူက အသားဖြူဖြူ နှာတံစင်းစင်း ခပ်ပိန်ပိန် ဆံပင်အရှည်နှင့် အတော်ကြည့်ကောင်းသော ယောကျာၤးတစ်ယောက်..
သူ့ကိုစတွေ့ထဲက ကျမစိတ်ထဲက ကျိတ်၍ခင်ချင်မိခဲ့သည်.. အမြဲလိုလို စာအုပ်တစ်အုပ်နှင့် ခပ်အေးအေးနေတတ်တဲ့ သူ့ကို ကျမခိုးကြည့်ခဲ့ရသော အကြိမ်မနည်းပေ..
မိုးတွေသည်းကြီးမဲကြီးရွာတဲ့တစ်နေ့ ကျမတွင် ထီးကပါမလာ.. ဒီပုံအတိုင်းဆို အလုပ်ထဲတွင် မိုးရေစက်လက်နှင့်တနေကုန်နေရမည့်ကိန်း. ဆင်းရမည့်မှတ်တိုင်ရောက်ခါနီးလေ ကျမ အကြံအိုက်နေလေသည်... မှတ်တိုင်ရောက်ခါနီးဆင်းဖို့ပြင်တော့ သူကလဲ ဆင်းဖို့အပေါက်မှာရပ်နေသည်.. အဝါရောင်ထီးလှလှလေး တစ်လက်ကိုကိုင်ထားသည်.. သူနဲ့လဲ အရင်က မျက်မှန်းတမ်းမိနေတော့ ကျမလဲ အရဲစွန့်ရီပြပြီး.. ထီးကြုံလိုက်လို့ရမလား မေးလိုက်သည်.. သူကကြည်ကြည်ဖြူဖြူ ကူညီသည်.. ကျမအလုပ်နှင့်သူ့အလုပ်က ခြံခြင်းကပ်.. ကျမအလုပ်ထိပ်ထိ သေသေချာချာလိုက်ပို့ပေးသည်.. ပျော်လိုက်သည့်ဖြစ်ခြင်း... သူ့ဆံပင်ရှည်ရှည်ဆီက ခေါင်းလျှော်ရည်နံ့မွှေးမွှေး.. ရေမွှေးန့ံ့သင်းသင်းကို ကျမအားရပါးရရှိုက်သွင်းခဲ့သည်... ဘာမဆိုင်ညာမဆိုင် ရှက်သဖြင့် ကျမခိုးကြည့်နေကျ သူ့မျက်နှာကိုပင် စေ့စေ့မကြည့်ရဲ.. သူ့ရဲ့ နုညံ့တဲ့ အမူအရာနဲ့ ပျော့ပြောင်းတဲ့ အသံက နွေးထွေးမှုအပြည့်....
ဒီလိုနဲ့ ကျမတို့ ၂ယောက် ခင်မင်ခွင့်ရခဲ့သည်.. အလုပ်သွားအတူ လာအတူအပြင်.. အလုပ်အားရက်များတွင် Shopping ထွက်ခြင်း.. ရုပ်ရှင်ကြည့်ခြင်း.. ကျမသွားချင်သမျှကို သူ မညီးမညူ အဖော်လိုက်ပေးသည်.. ကျမ အဝတ်အစားတွေ စမ်းဝတ်ကြည့်တာပဲဖြစ်ဖြစ်.. ဖိနပ်ဝယ်တာပဲ ဖြစ်ဖြစ်.. သူစိတ်လိုလက်ရ လိုက်ကြည့်ပေးတတ်သည်.. ဘယ်လောက်ကြာကြာ သူ စိတ်မဆိုး.. တခါတလေသူရွေးပေးတဲ့ အကျီၤလေးတွေက ကျမရွေးတာထက်ပင်ပိုလှသည်.. ဒီလိုနဲ့ ကျမရင်ထဲက သူ့အတွက်ခံစားချက်တွေ အမြစ်တွယ်ခဲ့ကြသည်.. ကျမလဲ သူ၏ရင်ထဲတွင် တစ်နေရာစာတော့ ရထားသည်မှာသေချာသည်..
သို့သော်.. သူတစ်ခါတစ်လေ ငေးငေးငိုင်ငိုင်ဖြစ်နေတတ်သည်.. တခါတလေလဲ အားငယ်စိတ်ဓာတ်ကျနေသည့်ပုံမျိုး... အဆိုးဆုံးက သူ့ကိုယ်သူ မနှစ်မြို့တဲ့ပုံစံ.. သူ့ရဲ့ အပူအပင်တွေကို ကျမ မျှဝေခံစားပေးချင်သည်.. သူ ကျမကို ယခုလောက်လိုက်လျောရက်နှင့် ချစ်ခွင့်မပန်သေးသည်မှာ ထိုအကြောင်းတစ်ခုခုနှင့် ပတ်သတ်မှုရှိနေရမည်.. သူ့မိသားစုအခြေအနေကြောင့်လား.. သူ့အတိတ်က အချစ်ဟောင်းကြောင့်လား ကျမသိချင်လှသည်.. မည်သို့ပင်ဆိုစေ ကျမ ယခင်ထားခဲ့ဖူးသော ရည်းစားများနှင့် ယှဉ်လျှင် သူက သိမ်မွေ့နုညံ့သူ ဂရုဏာထားတတ်သူ.. ကျမကို နားလည်မှု အပေးနိုင်ဆုံးသူ.. သူနှင့် ကျမ စိတ်တူကိုယ်တူ.. ကျမ shopping ပတ်သမျှကို ကျေကျေနပ်နပ်လိုက်ပေးသူ.. သူ့ရင်ထဲမှာ ရှိနေတဲ့ ဝမ်းနည်းမှု ဆိုတဲ့ ဆူးလေးကို ကျမ မည်သည့်နည်းနဲ့မဆို ဖယ်ရှားပေးချင်သည်.. သူ့ အချစ်ဟောင်းကိုတမ်းတနေလျှင် ကျမ အောင်သွယ်ပေးလိုက်မည်..
သူ့ရဲ့ ဟတ်ဟတ်ပတ်ပတ်အပြုံး တစ်ခုအတွက် ကျမနှလုံးသား သွေးချောင်းစီးသွားပါစေ..
"ဘာတွေပဲဖြစ်ဖြစ်.. ကိုမျိုးဘက်က နွေနှင်းအမြဲရပ်တည်ပေးမယ်.." ဘယ်လိုစိတ်ညစ်မှုမျိုးပဲဖြစ်ဖြစ် ဒီစကားနဲ့တော့ အားပေးနိုင်သည် မဟုတ်ပါလား..
~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့ နွေနှင်း အလှဆုံးပြင်ထားမိသည်.. အလုပ်ဆင်းလျှင် လေဆိပ်သွားကြိုစရာရှိသည်.. သူ.... သူ့ရောဂါကို ခွဲစိတ်ကုသရန်ထွက်သွားသည်မှာ ၁လပင်ရှိပြီ... သူ့ကျန်းမာရေးကြောင့် သူစိတ်ညစ်နေရခြင်းဖြစ်ပြီး ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း ပြောခဲ့စဉ်က ကျမအားပေးခဲ့သည်.. ထိုအားပေးမှုနှင့်ပင် သူယိုးဒယားတွင် ခွဲစိတ်ခံယူဖို့ထွက်သွားခဲ့ခြင်းဖြစ်သည်..
အလုပ်ရောက်တော့.. လုပ်ဖော်ကိုင်ဖက် ချယ်ရီက ထုံးစံအတိုင်း အလုပ်ထဲကလူများအကြောင်းနှင့် သူသိသမျှသတင်းထူးများကို အတိုးချပြောတော့သည်..
"ဟဲ့.. ဟိုကောင်နဲ့.. ဟိုမိန်းကလေးနဲ့လေ ဖြစ်သွားကြပြီ.......... ....................
ငါ့အသိထဲက အကိုကြီး တစ်ယောက်လေ.. ယောင်္ကျားကနေ မိန်းမသွာပြောင်းတယ်တဲ့"
ဒီနေ့အတွက်တော့ ကျမဘာကိုမှ စိတ်မဝင်စားနိုင်.. ကျမရုံးမြန်မြန်ဆင်းချင်လှပြီ.. သူပြန်လာလျှင် သူခံစားရသမျှ ကျမကို ဖွင့်ပြောမည်ဟုလဲ ပြောခဲ့သည်.. ခင်မင်မှုပျက်ပြားမှာစိုး၍ သူမပြောပဲမြိုသိပ်ခဲ့ရသည်ဟုလဲ ပြောသည်..
"ကိုမျိုးရယ်.. ရပါတယ်.. ကိုမျိုးဘာပြောပြောစိတ်မဆိုးပါဘူး ခင်မင်မှုလဲ မပျက်ပါဘူး" ဟု ကျမ အခွင့်အရေးပေးခဲ့သည်..
ရင်တွေခုန်လိုက်တာ... ကျမစောင့်စားခဲ့ရသည့် အချိန်လေးကို ရောက်တော့မည်..
~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~
ချိုင်ကီလေဆိပ်တွင် သူနှင့်တွေ့ရန် ရင်ခုန်စွာစောင့်စားနေမိသည်.. ယိုးဒယားမှလာသောလေယာဉ်ဆိုက်၍ လူတော်တော်များများ အိတ်ရွေးနေသော အချိန်ထိကျမ သူ့ကိုရှာမတွေ့ခဲ့.. လူတော်တော်များများ ကုန်စပြုလာသည်.. သူ့အရိပ်ပင်မတွေ့...
"ဟိတ်.. နွေနှင်း! "
နောက်မှ ရုတ်တရက် သူ့အသံကို ကြားလိုက်ရသည်.. ကျမဝမ်းသာအားရလှည့်ကြည့်လိုက်သည်.. သူ့ကိုမတွေ့....
ဂါဝန် နက်ပြာရောင်နှင့် အရပ်မြင့်မြင့် အမျိုးသမီးတစ်ယောက်... ပိန်ပိန်ပါးပါးနှင့် အတော်လှသည့် အမျိုးသမီး...
ကျမလဲ သူမကိုကျော်၍ နောက်ကိုကြည့်သည်.. စောစောက ကိုမျိုးအသံကိုကြားလိုက်သည်မှာသေချာသည်...
"ဘယ်တွေလျှောက်ကြည့်နေတာလဲ.. မမှတ်မိဘူးလား.. " ထိုအမျိုးသမီး ထံမှ ကြားလိုက်ရသော အသံသည်.. အလွန် ရင်းရင်းနှီးနှီးရှိလှသည်..
"မျိုးအောင်လေ.. မမှတ်မိတော့ဘူးလား.. " ကျမ ကမ္ဘာကြီးပြောင်းပြန်လန်သွားသလား.. မိုးကြိုး ငယ်ထိပ်တည့်တည့်ကိုပစ်လိုက်သလား..
ထိုအမျိုးသမီး ဘာတွေလာပြောနေသနည်း.. သူ့ကိုသူ ကိုမျိုးဆိုပါလား...
"အံ့သြနေလား... ဒီကိစ္စကြောင့် တစ်ဘဝလုံး စိတ်ညစ်နေခဲ့ရတာ... လူတွေကလဲ အထင်သေး နှာခေါင်းရှုံ့ချင်ကြတယ်.. ဒါပေမဲ့.. မတတ်နိုင်ဘူးလေ.. နွေနှင်းနဲ့တွေ့မှ အားပေးမှုဆိုတာကို ရခဲ့တယ်.. ကျေးဇူးတင်ပါတယ်.. ဘာတွေပဲ ဖြစ်ဖြစ် ကိုမျိုးဘက်ကရပ်တည်ပေးမယ်လို့ နွေနှင်းပြောခဲ့တုန်းက အရမ်းကို အားတက်ခဲ့တာ.. .. နောက်ဆို နွေနှင်းနဲ့တူတူ shopping ထွက်ရင် အစ်မလဲ လွတ်လွတ်လပ်လပ်လိုက်လို့ရပြီ.. တူတူ အကျီၤစမ်းဝတ်ကြည့်လို့ရပြီ.. ခစ်.. ခစ်.... ဒီမှာကြည့်စမ်း.. ဂါဝန်လေး မလှဘူးလား....
!@#$%^..... ...... "
အဆက်မပြတ် ပြောနေသော.. ကိုမျိုးဖြစ်ခဲ့သော ထိုအမျိုးသမီး၏ မျက်လုံးသည် ပျော်ရွှင်မှုအတိ.. အားမာန်အပြည့်.. မျှော်လင့်ချက်ပေါင်းများစွာ.. စိတ်ကူးပေါင်းများစွာ...
သေချာကြည့်တော့လဲ သူမ မျက်လုံးသည်.. ကိုမျိုး၏ မျက်လုံး.. စင်းနေသော နှာတံလေးကလဲ စွဲလမ်းခဲ့ရသော ကိုမျိုးနှာတံ..
နှုတ်ခမ်းပါးလေးတွေကလဲ သိမ်မွေ့တဲ့ ကိုမျိုးရဲ့နှုတ်ခမ်း.. တုန်ခါနေသော ဆံနွယ်လေးတွေကလဲ တချိန်က ကျမခိုးရှုရှိုက်ခဲ့သော ကိုမျိုးရဲ့ ရောခ့်ကာပုံဟု ကျမယူဆခဲ့မိသော ဆံပင်ရှည်အတိုင်းပင်... ကျမ နှလုံးသားကို ဆူးစူးရုံမက ပေါက်ဆိန်နှင့် ဆက်ကနဲ တစ်ကြိမ်ထဲနှင့် အကွဲပေါက်လိုက်သည့် အတိုင်းပင်.. နာကျည်ရကောင်းမှန်းတောင် မသိတော့.... ကျမဘာမှပြန်မပြောနိုင်...
အဲဒိနေ့အတွက် ကျမတစ်ခွန်းမှသူ့ကိုစကားမပြောနိုင်ခဲ့.. သူ ကချည်း ပြောနေခဲ့သည်.. သူ့ကို အိမ်လိုက်ပို့ပြီး.. ကျမနေသိပ်မကောင်းဟုပြောကာပြန်ခဲ့သည်...
ငိုသည်... မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သဖြင့် ကျမငိုသည်... ၁ပတ်လောက်အိမ်ပြင်မထွက်ပဲ တစ်ယောက်ထဲနေခဲ့သည်..
ထိုအတောအတွင်း ကျမမျက်လုံးထဲဝင်လာသည်က ကိုမျိုးတစ်ဖြစ်လဲ ထိုအမျိုးသမီး၏ တောက်ပသောမျက်လုံးနှင့် လှိုက်လှိုက်လှဲလှဲ ရှိလှသော အပြုံး... သူမပျော်ရွှင်နေသည်.. ကျမချစ်ခဲ့ဖူးသော ကိုမျိုးတစ်ဖြစ်လဲ သူမ ခုပျော်ရွှင်မှုအစစ်ကို တွေ့ရှိသွားပြီ.. အဲဒိအတွက် ကောင်းကျိုး ဆိုးကျိုးကိုလဲ သူမခံယူဖို့ အဆင်သင့်ဖြစ်နေသည့်ပုံ....
ဘယ်လိုပဲ ဖြစ်ဖြစ် ကျမချစ်သောသူ ပျော်ရွှင်ဖို့ အရာရာကို လိုက်လျောနိုင်သည်ဟု ကျမတစ်ချိန်က ဆုံးဖြတ်ခဲ့ဖူးသည်..
ယခု ကျမချစ်ရသူ အမှန်တကယ်ပျော်ရွှင်နေသည်.. ဒါပေမဲ့ ပတ်ဝန်းကျင်မှာ လှောင်ပြောင်ခံရမည်.. ယခုအချိန်တွင် သူ့ကို နားလည်ပေးမည့်သူတစ်ယောက်လိုသည်.. အားပေးမည့်သူတစ်ယောက်လိုသည်..
လောကမှာ အချစ်ဆိုတာ ပုံစံမျိုးစုံနှင့်ရှိနိုင်သည်.. ကျမ၏ချစ်ခြင်းသည် ပိုင်ဆိုင်လိုခြင်းမရှိ.. သန့်စင်သည်..
ထိုသန့်စင်သော ကျမအချစ်အတွက် ကျမပုံစံပြောင်းယူနိုင်သည်.. ခင်မင်မှုဆိုတာ အမြဲမပြောင်းလဲပဲ အေးချမ်းစေတဲ့ အချစ်ပဲမို့လား..
သူ.... ကျမ၏ အခင်ရဆုံး မမ....
~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~
ကလင်.. ကလင်...
"ဟဲလို.. "
" " မမမျိုးလား.. နွေနှင်းပါ.. shopping သွားရအောင်လိုက်မလား""

~~~~~~~~~~~~~~~~~~~~
ပြီးပါပြီ ~~~~~~~~~~~~~~~~~~~~~~
Pictures Credit Goes to: http://i202.photobucket.com/albums/aa190/ydoow_a/friendship.jpgwww.fijilive.com/ecards/
http://www.imeem.com/danica12/blogs/2007/09/22/rUKvpcJO/friendship_poem
(ဘတ်စ်ကားပေါ်တွင်နေ့တိုင်းဆုံတွေ့နေသော သူများကို အကြောင်းပြု၍ စိတ်ထဲပေါ်လာသော အတွေးပုံရိပ်ကို ရင်တွင်းဖြစ်ခံစားချက်များဖြင့် မဗေဒါမှ ခံစားတင်ပြသည်။)