Wednesday, October 25, 2017

Honeymoon to New Zealand Day 12: Ziplining and Romantic Gondola Buffet

၁၃ရက် မေလ ၂၀၁၅

ပြန်ဖို့ရက်နီးလာတာနဲ့အမျှ ကျွန်မတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်လေးကလဲ တဖြည်းဖြည်းနဲ့ နှေးလာပါတယ်။ နေရာတွေလုပ်ချင်တာတွေ အများကြီး အလျင်စလိုမလုပ်တော့ပဲ တစ်ရက်မှာ တစ်ခု ၂ခုပဲ ဖြေးဖြေးလုပ်ပါတယ်။ ပြီးတော့ ဟန်းနီးမွန်းဆိုတော့ ဂွန်ဒိုလာတောင်ထိပ်က ရိုမန်တစ် ဘူဖေးလေးဘာလေးစားရင်း တခြားနေ့တွေထက်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ တကယ်သွားစားတော့ ဟန်းနီးမွန်းမဟုတ်လဲ Queenstown ရောက်ရင် Gondola ပေါ်က ဘူဖေးစားဖို့ တိုက်တွန်းချင်ပါတယ်။ ရှုခင်းလှလှ… အစားအသောက်ကောင်းကောင်းနဲ့ အတော်လေးကို စိတ်ကြည်နူးစေပါတယ်။


Let's go to Gondola with cable car

Ziplining Ride


Photo: EverythingQueenstown
မနက် ၉ကိုးနာရီခွဲ Cable ကားနဲ့ Queenstown တောင်ခြေ ကနေ Gondola တောင်ထိပ်ကိုတက်ခဲ့ပါတယ်။ မိုးတွေက ဖွဲဖွဲကျနေလို့ တောင်ပေါ်မှာ လူတောင် သိပ်မရှိပါဘူး။ ကိုယ်လဲ Zipline မှ လုပ်လို့ရပါ့မလားဆိုတဲ့ ကြောက်စိတ်နဲ့ပေါ့။ တောင်ပေါ်လဲတောင်ပေါ်သွားမှာ မိုးကလဲ ရွာနေတယ်ဆိုတော့ ရာသီဥတုအရမ်းအေးမှာကို ကြောက်ကြောက်နဲ့ ဟိုတယ်က ထွက်လာကတည်းက ဘောင်းဘီ ၃ထပ်၊ အင်္ကျီ ၄ထပ်ဝတ်လာမိတော့ လူက တကယ်ကို ပစ်တိုင်းထောင်လို လုံးနေတာပေါ့။ 

ရောက်ရောက်ချင်း zipline နေရာကို ရှာဖို့ အပြင်ထွက်လိုက်တော့ zipline စီးမဲ့ တခြား အုပ်စု တစ်စုနဲ့တွေ့ပါတယ်။ သူတို့နောက်လိုက်သွားရင်း စီးမဲ့နေရာရောက်တော့ ဘယ်သူမှ မရှိပါဘူး။ ဒါနဲ့ စောနေသေးတယ်ထင်တယ်ဆိုပြီး အဆောက်အဦးရှိတဲ့ဘက်ပြန်လျှောက်လာပါတယ်။ တချိန်တည်းမှာပဲ မိုးက အနည်းငယ်သည်းလာပါတယ်။ မိုးသာမရွာရင်တော့ အောက်က Queenstown မြို့ကို လှမ်းမြင်နေရမှာပါ။ ဒီလိုနဲ့ အဆောင်ထဲက စားသောက်ဆိုင်တစ်ခုမှာပဲ ကော်ဖီနဲ့ မုန့်စားရင် ထိုင်စောင့်နေလိုက်ပါတယ်။ နာရီဝက်လောက်နေမှ မိုးနည်းနည်းစဲသွားလို့ zipline နေရာပြန်ထွက်ကြည့်တော့မှ စီးလို့ရနေပါပြီတဲ့။ zipline 4 lines စီးတာ ကျွန်မနဲ့ သူ ၂ယောက်တည်းရှိတယ်။ တခြား လာလည်သူ ဘယ်သူမှ မရှိဘူး။ ကိုယ်တောင်မှ ဟုတ်ရဲ့လား။ ဒီရာသီဥတုနဲ့ စီးလို့ရရဲ့လား စိတ်ထဲ ဇဝေဇဝါ။ မိုးက တောအုပ်ထဲ ထင်းရှုးပင်တွေအုပ်နေတော့ မရွာသလောက်တော့ရှိပါတယ်။ သူတို့က Zipline 4 lines စီးတာ စုစုပေါင်းကြာချိန်က ၄၅ မိနစ် ၁နာရီလောက်ရှိတယ်ဆိုတော့ အစက ကိုယ်က ခပ်လန့်လန့်ဖြစ်နေတာ။ (ကိုရီးယား နာမီကျွန်းမှာစီးတုန်းက မြစ်ကိုဖြတ်ဆောက်ထားတဲ့ zipline တောင် ၅မိနစ်လောက်ပဲကြာတာလေ။ ဒါတောင် အသည်းအေးတာ ခုအကြာကြီးပဲလို့ ထင်မိလိုက်တာပေါ့)။ နောက်မှ သူက ၄ lines ဆိုတာ ziplines အတိုလေးတွေ ၄ခါဖြတ်ဖြတ်စီးရသလိုဖြစ်နေတာ။ တစ်လိုင်းစီးပြီးတိုင်း ကြိုးတွေတပ်ရ ပြန်ဖြုတ်ရ။ ပြီးတော့ သူတို့ Queenstown မြို့အကြောင်း ရှင်းပြလိုက်နဲ့ ကြာတာ။ စီးရတာက ဘယ်လောက်မှ မကြာဘူး။


မနက်စာ၀င်စားခဲ့တဲ့ Gondola ထိပ်က ကော်ဖီဆိုင်လေး


စစီးမယ်ဆိုတော့ သူတို့ပေးတဲ့ မိုးကာဝတ်စုံလိုဟာမျိုးတွေကိုလဲ ဝတ်ရသေးတယ်။ ပါလာတဲ့ အိတ်တွေ အထုတ်တွေ အကုန်ထားခဲ့ရတယ်။ လော့ကာလဲ မဟုတ်တော့ ပစ္စည်းတွေ သိပ်စိတ်မချချင်ဘူး။ ဒါပေမဲ့ သူတို့က စိတ်ချရပါတယ်ပြောတော့လဲ ပိုက်ဆံအိတ်နဲ့ Gopro ကင်မရာလေးတော့ ကိုယ်နဲ့ယူလာလိုက်တယ်။ ကိုယ် zipline စီးတာကို ရိုက်စေချင်တော့ Gopro ကင်မရာကို Mr.Right ရင်ဘတ်မှာ တပ်ပေးလိုက်မိတယ်။ (ဘဝမှာ ပြန်ပြင်လို့မရတဲ့ အမှားပဲ)။ ကိုယ်ကတော့ သူတို့ အတန်တန်ပစ္စည်းကျမယ်နော်ဘာညာပြောနေပေမဲ့ ကိုယ့်ဖုန်းကိုတော့ သူတို့ပေးတဲ့ မိုးကာဝတ်စုံ အပြင်အိတ်ထဲထည့်ထားလိုက်တယ်။ Mr.Right စီးတာကို ကိုယ်က ဖုန်းနဲ့ရိုက်ပေးလို့ရအောင်။ အာ့ကြောင့် ခု zipline စီးတဲ့ ကိုယ့်ဗွီဒီယို ဘာတစ်ခုမှ ကောင်းကောင်းမရခဲ့ဘူးလေ။

ခဏတာ တွေ့ဆုံခဲ့တဲ့ စတီဗင် ၂ဦး

စီးတဲ့တောက်လျှောက် လိုက်လုပ်ပေးတဲ့ လူ ၂ငယ် ၂ယောက်က ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူတို့ရဲ့ အလုပ်ကြောင့် တာဝန်အရ ကာစတန်မာ စိတ်ချမ်းသာအောင် ပျော်ပျော်ရွှင်ရွှင်ပဲ ဆက်ဆံ ဆက်ဆံ၊ တကယ်ပဲ သူတို့က ပျော်ပျော်နေတတ်တဲ့သူတွေပဲဖြစ်ဖြစ် ကာစတန်မာတစ်ယောက်အနေနဲ့တော့ သူတို service ကို ကျေနပ်တယ်။ သူတို့က ကျွန်မတို့ရဲ့ ဗွီဒီယိုကင်မရာကိုတော့ သိပ် သက်တောင့်သက်သာရှိပုံမရဘူး။ သူတို့ကို မရိုက်စေချင်ဘူးထင်တယ်။ ဒါကလဲ personal privacy protection အရတော့ မရိုက်စေချင်လဲ သူတို့ မလွန်ပါဘူးလေ။ ဒါပေမဲ့ ကိုယ်တွေကလဲ လာတုန်း အကုန်မှတ်တမ်းတင်ချင်တာကိုး။ တကယ်တန်းပိုက်ဆံပေးပြီး ရွေးရတဲ့ ပုံမှာတော့ သူတို့က မျက်နှာပြောင်တွေနဲ့ အိုက်တင်လုပ်ပေးရှာပါတယ်။ ပြီးတော့ သူတို့ ၂ယောက်ရဲ့ ဝန်ဆောင်မှုမှာ စီးတဲ့ zipline 4 လိုင်းမှာ တစ်လိုင်းနဲ့ တစ်လိုင်း ရိုးရိုးစီးတာမဟုတ်ပဲ ဇောက်ထိုးစီးနီးတို့ ဘာတို့ကို ပျော်အောင် သင်ပေးတယ်။ ဇောက်ထိုးစီးဖို့က ဇ နည်းနည်းရှိမှရတာ။ သင်ပေးနေတုန်းကတော့ ကိုယ်က ကြောက်ပြီး မလုပ်ရဲဘူးပြောတယ်။ Mr.Right က ဘာဖြစ်လဲ လုပ်ကြည့်တာပေါ့ ပျော်စရာကြီးဆိုပြီး တကယ်စီးတော့ ကိုယ်က တကယ်ဇောက်ထိုးလုပ်ပြီး ပျော်ပြီးစီးသွားတယ်။ သူက ဇ သိပ်မရှိတော့ ခြေပစ်လက်ပစ် ကိုယ်ကို နောက်ပြန်လှန်လိုက်ရမှာကို တကယ်တန်းကတော့ မလုပ်နိုင်ဘူး။ တဝက်လောက်ပဲရောက်ပြီး ပြီးတော့ ကြိုးလေးမှာ ငြိမ်ငြိမ်လေးပါလာလို့ ကိုယ်ကတော့ လှောင်တာပဲ မရဘူး။

With the Remarkable mountain rage

My baby Mr.Right

ခရီးတစ်ခုသွားတယ်ဆိုတာ ဘယ်လိုလှတဲ့ နေရာတွေရောက်ခဲ့သလဲ၊ ဘယ်လိုကောင်းတဲ့ လိုကယ်စာတွေစားခဲ့သလဲဆိုတာအပြင် ဘယ်လို လူတွေနဲ့ တွေ့ခဲ့လဲဆိုတဲ့ အတွေ့အကြုံက နှလုံးသားထဲ အစွဲကျန်ဆုံးလို့ထင်တယ်။ ကြားဖူးတာက ကိုယ့်ဘဝမှာ တွေ့ဆုံတဲ့သူတိုင်းက ကိုယ်နဲ့ အရင်ဘဝတွေတစ်ခုခုမှာ ရေစက် ပါလို့တွေ့ကြတာတဲ့။ လမ်းသွားရင်းဖြစ်စေ၊ ရထားစီးရင်းဖြစ်စေ ခဏတဖြုတ်လေးကြုံဆုံတာတောင် အဲ့လို ခဏတဖြုတ်ကြုံဆုံးဖို့ ရေစက်ပါလာလို့တဲ့။ အဲ့ဒါကြောင့် ဘယ်တော့မှ ပြန်မတွေ့တော့မဲသူတွေ၊ ဘယ်တော့မှလဲ အဆက်အသွယ်ရှိမှာမဟုတ်သူတွေရဲ့ Hospitability နဲ့ သူတို့ပြောတဲ့ သူတို့အကြောင်းဆိုတာ ကိုယ့်အတွက်တော့ မှန်းလို့မရတဲ့ ဝတ္ထုတစ်ပုဒ်ဖတ်နေရသလိုဖြစ်တဲ့အပြင် ဒီလူတွေနဲ့ ငါတို့နဲ့ ရှေးဘဝက ဘယ်လိုရေစက်ပါခဲ့လို့ ခုလို ကြုံဆုံကြသလဲလို့လဲ တွေးမိတယ်။

ခု ဒီပိုစ့်ကိုရေးနေတာ မဗေဒါတကယ်ခရီးသွားခဲ့တဲ့ရက်နဲ့ဆို ၂ နှစ်ခွဲကြာနေပေမဲ့ တွေ့ခဲ့တဲ့ လူတွေအကြောင်းကျတော့ စာအုပ်နဲ့ ချမှတ် မထားတာတောင်မှ ကိုယ့်ဦးနှောက်ထဲမှာ မှတ်မိနေတာသာကြည့်။ သူတို့အကြောင်း ထူးခြားတာလေးက သူတို့ ၂ယောက်လုံးနာမည်က စတီဗင်လေ။ ၂ယောက်စလုံးက နယူးဇီလန်နိုင်ငံက မဟုတ်ဘူး။ တစ်ယောက်က ယူအက်စ်က၊ နောက်တစ်ယောက်က သြစီက အလုပ်လာလုပ်ကြတာ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ ၂ယောက်လုံးရဲ့ ကောင်မလေးတွေ နာမည်ကလဲ ဂျန်နီပဲတဲ့။ zipline စီးပြီး Gondola ထိပ်ကို ခြေကျင်ပြန်တက်တဲ့လမ်းမှာ ကိုယ်တို့ အတွဲကို ဓာတ်ပုံရိုက်ခိုင်းပြီး ဓာတ်ပုံပြန်ကြည့်တော့မှ ကိုယ်ဟာ ၄ထပ်လောက်ဝတ်လာလို့ ဘောလုံးဖြစ်နေတာ ကွကိုယ် သတိထားမိသွားတယ်။ Queenstown မြို့လေးက အေးတဲ့အပြင် မိုးကလဲ ရွာနေ ကိုယ်တွေကလဲ တောင်ထိပ်ကို ထပ်တက်လိုက်သေးတယ်ဆိုတော့ စာတွေထဲမှာ တောင်ထိပ်ကပိုအေးတယ်။ နွေးနွေးထွေးထွေးဝတ်သွားဆိုတော့ လန့်ပြီး ဝတ်လာလိုက်တာ လွန်သွားတယ်။

အဲ့ဒိမှာ ငှက်ကုလားအုပ်အကြီးကြီးတွေနဲ့ သိမ်းငှက် အကြီးကြီးတွေ ရှိခဲ့ဖူးတယ်။

ရှုခင်းအရမ်းလှ

ဒီစာတမ်းကို အသံထွက်မှန်မှန်နဲ့ ဖတ်တတ်လားတဲ့။ ကိုယ်ဖတ်တာ မှန်လို့ သူတို့တွေအံ့သြနေတယ်။ ဘိုတွေ မှန်အောင် မဖတ်တတ်ဖူးတဲ့...

Gondola ထိပ်က luge ride စီးတဲ့နေရာ...

Scenic international Buffet Lunch on Gondola

Photo: Shutterstock

နေ့လည်စာအတွက် Gondola ပေါ်မှာ Lunch စားဖို့ လက်မှတ်ကြိုဝယ်ထားခဲ့တယ်လေ။ ကိုယ်ရောက်သွားတဲ့အချိန် ဆိုင်မဖွင့်သေးလို့ နာရီဝက်လောက် ထိုင်စောင့်လိုက်ရသေးတယ်။ ကိုယ်ကလဲ ကိုယ်တို့ ပျားရည်စမ်းအဆုံးသတ်မဲ့နေ့တွေ နီးလာလေ အရာရာကို နှေးနှေးနဲ့ အေးဆေးပဲ ခံစားချင်တော့တယ်။ ခု ဆက်တိုက် ခရီးထွက်လာတာ ၂ပတ်ရှိပြီ။ စထွက်ကတည်းက မချောမွေ့ခဲ့တဲ့ ပျားရည်ဆမ်း၊ မတော်တဆ ထိခိုက်မှုတွေနဲ့ Thiller ကားလိုလို၊ Action ကားလိုလို စခဲ့တဲ့ ပျားရည်ဆမ်းကို ခုတော့ အေးအေးလူလူပဲ ဖြတ်သန်းချင်တော့တယ်။ Gondola ပေါ်မှာ ဘူဖေးစားဖို့ ဘွတ်ထားရင် တောင်ပေါ်တက်တဲ့ Cable car အသွားအပြန် Free လေ။ ဘူဖေးစားသောက်ဆိုင်က ခန်းခန်းနားနား အောက်က Queenstown တစ်မြို့လုံးကို အုံ့မိုးမြင်ရတဲ့အပြင် ဝါကာတီပူရေကန်ကြီးနဲ့ The Remarkable နှင်းတောင်တန်းကြီးတွေခြံရံထားတဲ့ရှုခင်းကိုပါ မြင်ရတယ်။ ကိုယ့်ကိုကိုယ် နတ်ပြည်ကနေ လှမ်းကြည့်နေတဲ့ ခံစားချက်မျိုးပေါ့။ ဒီ ဘူဖေးကို အစက ကပ်စီးနည်းပြီး မဝယ်ဖို့ စဉ်းစားပေမဲ့ ပျားရည်ဆမ်းခရီးပဲ ဒီလောက်တော့ သုံးသင့်တာပေါ့ဆိုပြီး ဝယ်လိုက်တာ တကယ်ကို မှန်သွားတယ်။ အမှန်တော့ ပျားရည်ဆမ်းခရီးမဟုတ်တောင် လုပ်ဖူး စားဖူး ခံစားဖူးသင့်တယ် အတွေ့အကြုံတစ်ခုပါ။ နယူးဇီလန်အထိ ရောက်အောင်လာပြီးမှတော့ Gondola ထိပ်က ဘူဖေး ဈေးကြီးလို့ မစားဖူးဆိုတာ မဖြစ်စေနဲ့နော်။ အမှန်တော့ အရမ်းတော့ ဈေးမကြီးပါဘူး။ ရှိတဲ့ မုန့်အမျိုးတွေရယ်။ ကိုယ်ခံစားရတဲ့ ခံစားချက်ရယ်နဲ့ဆို တန်ပါတယ်။ တစ်ခုပဲ မှာချင်တာက ကိုယ်တွေကတော့ စောစောစီးစီး မိုးထဲ လေထဲ zipline စီးပြီး ကြွက်စုတ်ရုပ်ဖြစ်နေတဲ့ အချိန်မို့ စားသောက်ဆိုင်က ခန်းနား ရိုမန်တစ်ဆန်ပေမဲ့ ကိုယ့်ရဲ့ ဝတ်ထားတာနဲ့ အပြင်အဆင်ကတော့ အမြင်မှာ ဖီးလ်နည်းနည်းငုတ်စေမယ်ထင်တယ်။ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူနဲ့ မင်္ဂလာဦးပျားရည်ဆမ်းဆိုတော့ ကိုယ်ကတော့ စိတ်ချမ်းသာနေတာပါပဲ။

Waiting for buffet restaurant lunch  opening time

We sat nearby the glass window and the view of Queenstown is breathtaking

သူတို့ အဖြူတွေ ဘူဖေးစားတာကလဲ မြန်လိုက်ကြတာမပြောနဲ့။ ကိုယ်တွေက ဆိုင်ဖွင့်ကတည်းကရောက်နေပြီး စားလို့တောင် မဝသေးဘူး ဘေးခုံကလူတွေက ပြောင်းသွားပြီ။ ကိုယ်လဲ မဆန့်မပြဲသွပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်စားနေတာ စင်္ကာပူမှာ ဘူဖေးစားသလောက်အချိန်မရှိသေးပါဘူး။ ရှုခင်းလေးကြည့်လိုက် စားလိုက်နဲ့ အမှန်ဆို စားတာကြာသွားလို့သာ ဗိုက်ပြည့်တယ်ထင်ရတာ။ တကယ်တမ်း မုန့်ချည်း ထိုင်စားမယ်ဆိုရင် ဒီထက်တောင်စားနိုင်သေးတယ်။ နောက် ဘေးခုံက ၂ခါပြောင်းဖြစ်လာတော့ ကိုယ်တွေလဲ အားနာလာတာရော၊ ဗိုက်လဲပြည့်လာတာရောကြောင့် ထွက်လာလိုက်တယ်။ ဆိုင်က Service ကလဲ ကောင်းမှကောင်းပဲ။

အဲ့ဒိနေ့ နေ့လည်ပိုင်းကတော့ ၂ယောက်သား ကိုယ်တွေနေတဲ့ Backpacker တည်းခိုခန်းလေးပြန်ပြီး မိုးအေးအေးနဲ့ ကွေးအိပ်ပျော်သွားကြတယ်။ ၂ပတ်ဇာတ်တိုက် run လာတဲ့ ကိုယ့် body လဲ အတော်ပင်ပန်းနေပြီလေ။ ညနေ နိုးတော့မှ Queenstown မြို့ထဲမှာ အိမ်ပြန်လက်ဆောင်ဝယ်ဖို့နဲ့ ကိုယ့်အတွက် ဘာဘာညာညာ shopping ထွက်ကြတာပေါ့။ ပူအိုက်တဲ့ နိုင်ငံကလာတော့ အနွေးထည်ကောင်းကောင်းဆိုလို အဖြူတစ်ထည်ပဲကိုယ့်မှာရှိတာ။ ဒီခရီးစဉ်တစ်လျှောက် ဒီတစ်ထည်တည်းနဲ့ချည်း ဓာတ်ပုံရိုက်နေရလို့ အနွေးထည်တစ်ထည် ထပ်ဝယ်လိုက်တယ်။ အဲ့ အနွေးထည်ကတော့ ခုဆို ၂နှစ်ခွဲရှိပြီး ဗီရိုထဲမှာငုတ်တုတ်ဖြစ်နေတာလေ။ ဒီအနွေးထည် ထပ်ဝတ်ဖြစ်မဲ့ နေ့တွေကို မျှော်နေပါသေးတယ်။










ညကျတော့မှ ကိုယ်တွေစားနေကျ အာရှစာရောင်းတဲ့ မောလေးက foodcourt မှာပဲ ကိုယ်က Tom Yum ထမင်းကြော်၊ သူကတော့ သူ့အကြိုက် lumb kebab စားတယ်။ ကိုယ့် အတွက်တော့ ညှီလို့ မကြိုက်ဘူး။ ဒီလိုနဲ့ပဲ ကိုယ်တို့ရဲ့ ပျားရည်ဆမ်းခရီးစဉ် ၁၂ရက်မြောက်နေ့လေးပြီးဆုံးပါပြီ။



၁၃ ရက်မြောက်နေ့မှာ ဟယ်လီကော်ပတာနဲ့ ရေခဲတောင်ထိပ်တက်တာရယ်၊ ပုံပြင်ထဲက မြို့လေးလို့ တင်စားချင်တဲ့ Arrow Town ကို အလည်သွားခဲ့ပါသေးတယ်။
(စာကြွင်း။ ။ ၂၀၁၅ မေလကသွားထားတဲ့ ခရီးကို အပျင်းကြီးတာရယ်၊ အခွင့်ရေးမပေးတာရယ်ကြောင့် မရေးဖြစ်ခဲ့ပေမဲ့ စိတ်ထဲမှာ ပေးစရာအကြွေးကြီးကျန်နေတယ်လို့ ကိုယ့်ကိုကိုယ်ခံစားရတယ်။ ပြီးတော့ ကိုယ်ပြန်သွားဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ရေးထားတဲ့ အင်ဖိုတွေကပဲ ကိုယ့်ကိုပြန်အထောက်အကူဖြစ်စေတယ်ဆိုတာကို အသေအချာသက်သေပြခဲ့လို့ ရေးကိုရေးမှဖြစ်မှာပါ)


EXTRA PHOTOS SESSION

How I wish it was not raining at that time.

Wet and cold but scenery is still beautiful

It was not open that time.

Which country am I pointing?

Let me go shopping for the day.

3 comments :

Anonymous said...

လာဖတ်သွားပါကြောင်း :D

shin said...

နောက်ဆုံးက ဓတ်ပုံလေး အကြိုက်ဆုံး။ ရိုမတ်တစ် တာ။

mabaydar said...

@shin - လူ ၂ယောက်လုံး မိုးရေစို ကြွက်စုတ်ပုံဖြစ်နေတော့ လက်ပဲ ပါအောင် ရိုက်ရတယ်။ ဒါတောင် ဝိုင်ဟီကီမှာ စက်ဘီးမှောက်တဲ့ သူ့လက်က ဒဏ်ရာက ပါသေးတယ်။