Monday, January 11, 2016

သင်မသိသေးတဲ့ “Cheese in the Trap” က မင်းသား Park Hae-Jin အကြောင်း


ခုပြနေတဲ့ Cheese In the Trap ဆိုတဲ့ ကားလေးကို ဘာမှ သိပ်မမျှော်လင့်ထားပဲ မင်းသားက မဆိုးပါဘူးထင်လို့ စမ်းကြည့်မိတယ်။ သာမာန်အားဖြင့်တော့ မဗေဒါ ကြိုက်မယ်ထင်တဲ့ကားတွေဆို မကြည့်သေးပဲ စုထားပြီး အပိုင်း တော်တော်များများပြပြီးမှ ဆက်တိုက်ကြည့်ချင်တယ်။ မဟုတ်ရင် တစ်ပတ် တစ်ပတ် ဆန့်တငင်ငင်နဲ့ အရသာပျက်လို့။ ဒါပေမဲ့ သိပ်မမျှော်လင့်ထားဘူး။ ဇာတ်လမ်းကလဲ သာမာန်လောက်ပဲထင်ရင်တော့ တစ်ပတ် တစ်ပတ်စောင့်ကြည့်ရလဲ ကိစ္စမရှိလို့ ကြည့်ဖြစ်တယ်။ ခု Cheese In the trap ကားကိုလဲ အဲလိုပဲ ထင်လို ၂ပိုင်းပဲ ပြပြီးပေမဲ့ စကြည့်ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မ မှားသွားပြီထင်တယ်။ ခု အပိုင်း ၂ပိုင်းအပြီးမှာ ဆက်ကြည့်ချင်လို့ နေမထိ ထိုင်မသာတွေကို ဖြစ်ရော။ ခု အပိုင်း ၂ပိုင်းအထိတော့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်ဆောင်တွေကလဲ သူတို့ သရုပ်ဆောင်ရတဲ့ နေရာနဲ့ အံဝင်ဂွင်ကျရှိပါတယ်။ မဗေဒါ ဘလော့မှာ ကိုရီးယားကားတွေ မင်းသားတွေနဲ့ ပတ်သတ်ပြီး မတင်ဖြစ်တာ ကြာနေလို့ ဒီပိုစ့်လေးကို ဒီမှာတင်လိုက်ပါတယ်။ ခုနောက်ပိုင်း ဇာတ်လမ်းတွဲ၊ ရုပ်ရှင်နဲ့ ပတ်သတ်တာတွေက mabaydarpage ပေါ်မှာပဲ ရေးဖြစ်တာ များနေလို့။



ဒါနဲ့ အဲဒိကားထဲက မင်းသား Park Hae-Jin ကို အားလုံးလဲ ရင်းနှီးပြီးသားဖြစ်မှာပါ။ နာမည်ကြီး My love from the stars ကားထဲက ဒုတိယမင်းသားပါ။ သူ့ကို အဲ့ဒိကားမှာကတည်းက သဘောကျခဲ့တာပါ။ (Kim Soo Hyun လောက်တော့ ခရေဇီမဖြစ်ခဲ့ဘူးပေါ့နော်။) နောက်တော့ Bad Guys ကားမှာ စိတ္တဇ Serial killer လူသတ်သမားကနေ ရဲတွေကို အမှုကူလိုက်ပေးတဲ့ ထောင်သားအဖြစ် သူ့ကို ပိုကြိုက်ခဲ့ပြန်တယ်။ နောက်ပိုင်းလဲ အမေကြည့်နေတဲ့ တီဗွီမှာပြတဲ့ကားထဲ မကြာခဏမြင်မိတယ်။ ခုတော့ Cheese in the Trap ကားမှာ ၂ပိုင်းပဲ ကြည့်ရသေးတယ် အတော်လေး သဘောကျသွားလို့ သူ့အကြောင်းတွေ ဖတ်မိတယ်။

၁။ anti-fan တွေနဲ့အတူ လူမှုရေးလိုက်လုပ်တဲ့ မင်းသား




မင်းသားချော Park Hae-Jin ဟာဆိုရင် သူ့ကိုမုန်းပြီး အင်တာနက်မှာ မဟုတ်တမ်းတရား ကောလဟာလလျှောက်ရေးတဲ့ anti-fan တွေကို နှစ်စဉ်နှစ်တိုင်း တရားစွဲပြီး သူ့ကိုတောင်းပန်တဲ့သူတွေကို သူနဲ့အတူ ပရဟိတ အလုပ်တွေ လိုက်လုပ်မယ်ဆိုရင် တရားရေးရာ ကျေအေးပေးခဲ့ပါတယ်။ သူ့ရဲ့ Fans တွေ၊ anti-fans တွေထဲက တောင်းပန်တဲ့သူတွေနဲ့ အတူ ပရဟိတလုပ်ခဲ့တာ ၂၀၁၅ အောက်တိုဘာဆိုရင် ၃နှစ်ဆက်တိုက်ရှိခဲ့ပါပြီ။ အလှူအနေနဲ့ လိုအပ်တဲ့ ရပ်ကွက်တွေမှာ အိမ်မီးဖိုဖို့ မီးသွေးတုန်းတွေ သွားရောက်လှူဒါန်းပါတယ်။ တခြား လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေလဲ လှူဒါန်းတယ်လို့ သိရပါတယ်။ အဲ့ဒိ အလှူအတောအတွင်းမှာလဲ သူက သူ့ Fan တွေ၊ သူ့ anti-fan တွေအားလုံးကို စတင်ချဉ်းကပ်စကားပြောပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်အားပေးခဲ့တယ်လို့ဆိုပါတယ်။
ကဲ… anti-fans တွေကို ကိုင်တွယ်တဲ့ နေရာမှာ ဘယ်လောက်တော်တဲ့ မင်းသားလဲ။ ကိုယ်တောင် anti-fan ယောင်ဆောင်ပြီး သူ့အလှူမှာ လုပ်အားပေးချင်စိတ်ဖြစ်မိပါ့။

Source: http://www.soompi.com/2015/10/04/park-hae-jin-volunteers-with-anti-fans-for-the-third-year-running/
http://www.soompi.com/2014/11/04/park-hae-jin-keeps-his-promise-volunteers-with-his-anti-fans/

၂။ Fashion Designer တစ်ဖြစ်လဲ Park Hae-Jin


Park Hae-Jin ဟာ သရုပ်ဆောင်လောကမှာပါမက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အနေနဲ့လဲ သူ့ကိုယ်ပိုင် Brand V-modern ဆိုတာကိုလဲ တရုတ်ပြည်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ My love from the stars ကားပြအပြီးမှာ သူ့ရဲ့ လွတ်လပ်ပေါ့ပါးပေမဲ့ စတိုင်မိုက်တဲ့ ဝတ်စားဆင်ယင်ပုံတွေ၊ အရောင်စပ်ဆက်တတ်မှုတွေ၊ အပေါ်အောက် လိုက်ဖက်ညီအောင် တွဲဝတ်တတ်မှုတွေကြောင့် သူ့ဖက်ရှင်ဟာ တရုတ်ပြည်မှာ အတော်လေး နာမည်ကြီးခဲ့ပါတယ်။

Park Hae-Jin က “ကျွန်တော့ ဒီဇိုင်းတွေက ခုဈေးကွက်မှာ ခေတ်စားနေတဲ့ Trend နဲ့ ကိုက်ညီမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ သက်တောင့်သက်သာရှိတဲ့ ဒီဇိုင်းတွေကို ကျွန်တော်က အားပေးပါတယ်။ သက်တောင့်သက်သာရှိခြင်းက အကောင်းဆုံး ဒီဇိုင်းပဲလေ” လို့ ရှင်းပြပါတယ်။

သူ့ရဲ့ ပထမဆုံး ဖက်ရှင်ရှိုးပွဲကို ဇူလိုင် ၁၇ရက် ၂၀၁၄ တုန်းက တရုတ်ပြည် ဘေဂျင်းမြို့မှာ ကျင်းပခဲ့ပြီး မင်းသားတစ်ယောက်အနေနဲ့ မဟုတ်ပဲ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အနေနဲ့ပဲ ဧည့်ခံခြင်း၊ အင်တာဗျူးဖြေခြင်း၊ ပွဲအတွက် လိုအပ်တာတွေ စီစဉ်ခြင်းပြုလုပ်ပြီး ဒီပွဲကို တက်ရောက်ခဲ့ပါတယ်။

Source: http://www.allkpop.com/article/2014/07/park-hae-jin-to-make-his-debut-as-a-designer-in-china
http://www.kpopstarz.com/articles/86067/20140401/park-hae-jin-brand-fashion-mark-jang.htm

၃။ Cheese in the Trap က Park Hae-Jin

Cheese in the Trap ဆိုတဲ့ ဇာတ်ကားက အွန်လိုင်းပေါ်က ပေါ်ပြူလာ ကာတွန်းဖြစ်တဲ့ Cheese In the Trap ကို ပြန်ပြီး အသက်သွင်းထားတာပါ။ အဲ့ဒိ ကာတွန်း အွန်လိုင်းမှာ စတင်ပြီး ခေတ်စားလာကတည်းက ပရိတ်သတ်တော်တော်များများက ဒီဇာတ်ကောင် Yoo Jung ဟာ Park Hae-Jin နဲ့ လိုက်ဖက်တယ်ဆိုပြီး လူပြောများခဲ့ပါတယ်။ အခု ရုပ်ရှင်ကိုလဲ မင်းသား Park Hae-Jin နဲ့ပဲ ရိုက်မယ်ဆိုတော့ ပရိတ်သတ်အားလုံးအတွက် ပိုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်ခဲ့ပါတယ်။


Star News နဲ့ အင်တာဗျူးတစ်ခုမှာ Park Hae-Jin က

“တကယ်တော့ ကျွန်တော် ကောင်းကောင်းမှ သရုပ်ဆောင်နိုင်ပါ့မလားလို့ စိုးရိမ်မိတယ်” လို့ သူ့ရဲ့ ဇာတ်ကောင်စရိုက်အတွက် ပြောပါတယ်။

“ကျွန်တော့်ထက် Yoo Jung ဇာတ်ကောင်နဲ့ ဆင်တူတဲ့ တခြားမင်းသားတွေလဲ အများကြီးရှိတော့ ဒီဇာတ်ကောင်ကို လက်ခံလိုက်ရတာ နည်းနည်းတော့ ရှက်မိပါတယ်။ အမှန်တိုင်း ဝန်ခံရရင်၊ ကျွန်တော် ဒီဇာတ်ကား ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါသေးတယ်”

အဲ့ဒိနောက် သူဘာလို့ ဒီဇာတ်ကောင်ကို လက်ခံဖြစ်ခဲ့သလဲဆိုတာကို ဆက်ပြောပါတယ်။

“ကျွန်တော်က ခုဆိုရင် အသက် ၃၀ကျော်ပြီလေ။ ဒီဇာတ်လမ်း အကျဉ်းကို ဖတ်ကြည့်တော့ စဉ်းစားမိတာ တစ်ခုရှိတယ်။ ငါ ဇာတ်ကောင် စရိုက်တော်တော်များများကို သရုပ်ဆောင်ခဲ့ပြီးပြီ။ နောက်ထပ် ဇာတ်ကောင်တွေကိုလဲ အနာဂတ်မှာ သရုပ်ဆောင်ဖြစ်အုံးမှာပဲ။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်အဖြစ် သရုပ်ဆောင်ရဖို့ အခွင့်အရေးကတော့ ဒါနောက်ဆုံးဖြစ်နိုင်တယ်။
နောက်တော့ ဇာတ်ညွှန်းကို ဖတ်ကြည့်ဖြစ်တယ်။ အဲ့ဒိမှာတင် ဒီဇာတ်လမ်းဟာ အတော်လေး လက်ရာကောင်းမယ်လို့ ထင်ခဲ့တယ်။”

သူက ဆက်လက်ပြီး “ဇာတ်ကောင် စရိုက်တွေကလဲ ကောင်းတယ်လေ။ အဲဒါကြောင့် လက်ခံဖြစ်သွားတာ။ ပြီးတော့လဲ အခုအချိန် တက္ကသိုလ်ကျောင်းသားမလုပ်ရင် နောက်ဆို ကျောင်းသားဇာတ်ကောင် အဖြစ် ကမ်းလှမ်းမှုဆိုတာ ရှိလာမှာ မဟုတ်ဘူးလေ”

သူက ထပ်ပြီး “ကျွန်တော်တို့ ဒါရိုက်တာကလဲ Yoo Jung ဇာတ်ကောင်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ပို့ပေးတယ်လေ။ အဲ့ဒါတွေကို ဖတ်ပြီး လေ့ကျင့်ဖြစ်တယ်။ ကျွန်တော့်ကိုယ်ပိုင် ဇာတ်ကောင်တစ်ကောင်ကို ဖန်တီးဖြစ်တယ်။ ပရိတ်သတ်တွေ အမြင်မှာ ကျွန်တော်ဟာ တက္ကသိုလ်ကျောင်းသားဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်အောင် ကျွန်တော် တကယ်ကို ကြိုးစားနေပါတယ်။”

Source: http://www.soompi.com/2015/09/12/park-hae-jin-explains-why-he-accepted-the-lead-role-in-cheese-in-the-trap/

Note: မဗေဒါတို့များ သူ တက္ကသိုလ်ကျောင်းသားအသက်ရှိမရှိ သတိမထားမိလောက်အောင်ကို သူ့ကိုကြည့်ရင် ဇာတ်လမ်းထဲ မြောပါနေတာ။ မြန်မာပြည်က ကန်ဘောင်ပေါ်လျှောက်လိုက် စားသောက်ဆိုင်ထိုင်လိုက်နဲ့ တက္ကသိုလ်က ဆရာတွေထက်တောင် အသက်ကြီးလောက်တဲ့ သရုပ်ဆောင်တွေကို တက္ကသိုလ်ကျောင်းသားလုပ်တာ မြင်နေကျဆိုတော့ ကိုယ့်အတွက်က ဘာမှ ပြဿနာကို မရှိတာ။

Cheese In The Trap ဆိုတဲ့ ဇာတ်ကားလေးက ခု အပိုင်း ၂ကြည့်ပြီးတဲ့အထိတော့ မဗေဒါကို စွဲဆောင်နေသေးတဲ့အတွက် ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်။ အားလုံးပဲ ကိုယ့်လို Cheesy fever လေးတွေ တက်နိုင်ကြပါစေနော်…

5 comments :

Anonymous said...

ဝီကီမှာသွားရှာတာ သူ့အကြောင်းဘာမှ မတွေ့ခဲ့လို့ အားမရဖြစ်နေတာ မဗေဒါရေးတာလေး ဖတ်လိုက်ရမှ နေသာထိုင်သာရှိသွားတော့တယ်
မင်းသမီးကလည်း ဒီကားမှ ခေါင်းဆောင်မင်းသမီးအနေနဲ့ စသရုပ်ဆောင်တာလို့ ဒီကားဖန်တွေစိတ်ပူတဲ့ မန့်တွေဖတ်ရတော့ သူ့အကြောင်းသွားရှာကြည့်တာ(အမှန်တော့ စီးရီးအနေနဲ့ ပထမဆုံးရိုက်တာ)
သူက စထွက်ထဲက ကားကြီးမှာ ခေါင်းဆောင်မင်းသမီး အနေနဲ့ပါခဲ့ရပြီး နောက်၂ကားကလည်း ခေါင်းဆောင်နေရာ။ မျက်နှာသစ်ဆုတွေလိုမျိုးပါ ရထားတဲ့သူ ဒါရိုက်တာကလည်း ဒီကားအတွက် မရ မက ခေါ်ထားခဲ့တဲ့သူဆိုတော့ ဇာတ်လမ်း/ညွှန်းသာပေါက်ကရ မဖြစ်ရင်
ဒီကားလည်း ပေါက်ကားဖြစ်လောက်တယ်

mabaydar said...

@Anonymous - ဟုတ်တယ်။ မင်းသမီးက သူ့ရဲ့ ပထမဆုံး ရုပ်ရှင်အတွက် Audition ကို သူများတိုက်တွန်းလို့ ၀င်တာတဲ့။ ဒါပေမဲ့ ပြိုင်ဘက် ၃၀၀ ကျော်ကို အပြတ်အသတ် နိုင်ပြီး အဲ့ဒိ role ကို ရသွားတာတဲ့။ ဘယ်ကားလဲတော့ မေ့နေပြီ။ သူက မျက်လုံးလေး သိပ်မလှပေမဲ့ သရုပ်ဆောင်တော့ကောင်းတယ်။ တချက် တချက်တော့ Suzy နဲ့ ဆင်တယ်။ သူသရုပ်ဆောင်တာ ပြေပြေလေးနဲ့ သဘာဝကျတယ်လို့ ခံစားရတယ်။ အဲ့ဒါကြောင့်လဲ ကြည့်ကောင်းတာဖြစ်မယ်။ Park Hae-Jin က သူ့ကို မုန်းတဲ့ ပရိတ်သတ်တွေကို ပညာပေး သိမ်းသွင်းတာလေး သဘောကျလို့ ရေးဖြစ်သွားတာ။ နေသာထိုင်သာရှိသွားတယ်ဆိုလို့ ၀မ်းသာပါတယ်။

Unknown said...

👍will taste cheese fever cos of your your post Sis
..hee..he

Anonymous said...

Thank u for writing about him. I like him since watched a love from star.

Anonymous said...

Dr Stranger မှာပါတာလဲ သူပဲလားဟေ သူအရပ်ရှည်တယ်နော် မျက်နှာလဲ ယောကျာ်းလေးပိုဆန်တယ် ခပ်အေးအေး ရုပ်ပေါက်တယ် you who come from star ထဲမှာ သူ့ကာရိုက်တာ ရိုးရိုးသားသားနဲ့ မင်းသမီးကိုချစ်တာ အူတူတူနိုင်တာ မနာလိုတာ အာ့တွေသဘောကျတယ်

Wine