Tuesday, January 05, 2016

Flatmates (သို့) စင်္ကာပူရောက်အလွဲများ အပိုင်း ၁၅


ဒီအကြောင်းကို ပြောပြချင်ခဲ့ပေမဲ့ ဒီထဲမှာ ပါဝင်ပတ်သတ်နေတဲ့သူတွေကြောင့် ရေးသင့်မရေးသင့်စဉ်းစားရင်း မရေးဖြစ်တာပါ။ ဒါပေမဲ့ ခုတော့ ၁၀စုနှစ်တစ်ခုကျော်တောင် ခြားသွားပြီး ပါဝင်ပတ်သတ်နေသူ အတော်များများတောင် စင်္ကာပူမှာ မရှိကြတော့ဘူးဆိုတော့ တချိန်က စိတ်ရှုပ်ရတာတွေဟာ ဒီအချိန်မှာ ဟာသတွေအဖြစ်နဲ့ ပြန်ပြောမိတာကို မတော်တဆ ဒီဘလော့ကို လာဖတ်မိရင်တောင် စိတ်မဆိုးကြလောက်ဖူးလို့ မျှော်လင့်မိပါတယ်။ ဒီထဲမှာ ပါဝင်တဲ့ သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာထက် ဒီအဖြစ်အပျက်လေးက ဘယ်လိုဆိုတာကိုသာ စာဖတ်သူတွေကလဲ စိတ်ဝင်စားကြမှာပါ။

လူဆိုတာက အသက်တစ်ရာ မနေရ အမှုတစ်ရာ ပွေရဆိုတဲ့စကားအတိုင်းပဲ လူပေါင်းစုံနဲ့ ဘဝမှာ တွေ့ခဲ့ကြမှာပါ။ ကိုယ်ကြုံတွေ့ဆက်ဆံနေရတဲ့သူတွေကို အပြင်ဘန်းကလွဲလို့ သူ့ကိုတော့ ငါသိပါတယ်လို့ သေချာပေါက်ပြောရဲလား? ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံမှာ လူတစ်ယောက်ဟာ ကိုယ်သိထား ထင်ထားတာနဲ့ တခြားစီဖြစ်နေတတ်လို့ပဲ။

စင်္ကာပူကို ကျောင်းစတက်ဖို့လာကြရင် များသောအားဖြင့်တော့ တစ်ခြားသူတွေနဲ့ အိမ်ငှားပြီးစုနေကြတာပါပဲ။ အားလုံးသိကြတဲ့ လူတစ်ကိုယ် စရိုက်တမျိုးဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက်ကတော့ ဘယ်တူနိုင်ပါ့မလဲ။ အဲ့ဒိအိမ်မှာ နေတဲ့လူတွေအကြောင်းပြောရရင်လဲ ရီစရာပါ။



အကြွားသန်နဲ့ အစားမြန်

တစ်ယောက်က အကြွားသန်တယ် သူ့ကိုယ်သူ မင်းမျိုးမင်းနွယ်လို့ထင်ရလောက်အောင် စကားပြောတတ်တယ်။ သူလုပ်တာမှ အကောင်း သူလုပ်တာကလွဲ ကျန်တဲ့သူလုပ်တာဆို မကောင်းဘူး။ လူတိုင်းအနည်းနဲ့အများ အဲ့လိုပဲ ဆိုပေမဲ့ သူက အသေးအဖွဲကအစ ဥပမာ၊ သူက မျက်ခုံးမွှေးရိပ်လေ့မရှိဘူး၊ အာ့ဆို မျက်ခုံးမွှေးရိပ်တဲ့ တခြားမိန်းကလေးတွေက မျက်ခုံးမွှေးမရိပ်ပဲ မျက်ခုံးမွှေးကောင်းတဲ့မိန်းကလေးတွေလောက် မမြင့်မြတ်ဘူး စသည်ဖြင့်ပေါ့နော်။ (ခုတော့ သူ အမြင်ကျယ် လောက်ပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူ့ကို လမ်းမှာ တွေ့လိုက်တာ မျက်ခုံးမွှေးရိပ်ထားလေရဲ့။) ဒါပေမဲ့ သူ့ဆီလာလည်တဲ့ သူ့ဘဲကြီးကကျ ငတ်တီးတအားထချက်။ သူက အချက်အပြုတ်ကောင်းတယ် ဉာဏ်သိပ်မကောင်ဘူး၊ သူ့ဘဲက စာတော်တယ် ငတ်တီးထတယ်။ လိုက်လဲလိုက်တယ်ဟုတ်? သူ့ဘဲအိမ်လာလည်ရင် သူ့ခမျာ နောက်ဖေးက မထွက်တန်းကို ချက်ပြုတ်ရတာပါ။ ဒါတောင် သူချက်ပြုတ်နေတဲ့အချိန်အတွင်း ကျွန်မတို့တွေ ချက်ထားတာကို “ဘာတွေချက်စားလဲဟေ?”ဆိုပြီး ပြုံးဖြီးဖြီးနဲ့ အမြဲတောင်းစားတတ်သေးတာ။ တစ်ခါကဆို ကျွန်မအခန်းဖော် အစ်မကြီးချက်ထားတဲ့တစ်ယောက်စာဟင်းလေးကို နည်းနည်းဆိုပြီးတောင်းစားရင်း ကုန်ခါနီးဖြစ်တော့မှ “ဟယ်တော့… ငါစားလိုက်တာ လက်လွန်သွားတယ်”ဆိုပြီး စပ်ဖြီးဖြီးပြောမှတော့ ဟိုအစ်မကြီးလဲ အောင့်သက်သက်နဲ့ “ရပါတယ်” ဆိုပြီး မချိပြုံးနေရတော့တာပေါ့။ အဲ့ဒိကတည်းက သူလာပြီဆိုရင် ကိုယ်မကျွေးချင်ရင် သူမမြင်အောင်ထားရင်ထား၊ မဟုတ်ရင်လဲ ကိုယ်သာ အမြန်စားဖို့ပဲ ကျန်တဲ့သူတွေအားလုံး Heads up လုပ်ထားရတယ်။ သူ့ဆော် ကောင်မလေးကတော့ သူကြွားခဲ့သမျှ သူ့ဘဲလာရင် အရှက်ကိုကွဲရောပဲ။

တန်ဖိုးကြီး အမှိုက်ပုံး


နောက်ထပ် ရှမ်းတရုတ်မတစ်ယောက်ကျတော့ သိပ်တော့ ဟင်းချက်စားလေးတော့မရှိပါဘူး။ အပြင်သွားရင်တော့ ရေမွှေးတစ်ပုလင်းလုံးမှောက်သလား လိုးရှင်း တစ်ဗူးလုံးပဲ သုံးသလားထင်ရလောက်အောင် မွှေးကြိုင်နေတတ်ပါတယ်။ ဟင်းချက်လေ့ရှိရှိ မရှိရှိ၊ လူဆိုတာ အမှိုက်တော့ ရှိတာပါပဲ။ ဥပမာ ခေါက်ဆွဲပြုတ်စားတာတို့ဘာတို့ပေါ့။ အရင်က အားလုံးဘုံပစ်တဲ့ အမှိုက်ပုံးထားပါတယ်။ ဒါပေမဲ့ အဲ့အမှိုက်ပုံးကိုပစ်ဖို့ကျ ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ အိမ်မှာ ဟင်းအများဆုံးချက်တဲ့ ကျွန်မတို့ အခန်းက ပစ်ရတာ များပါတယ်။ အဲ့လို ပစ်ပေးနေလေ ထန်းတက်လက်မှတ်ရပြီး အမှိုက်ပုံးပစ်တာပဲ ကိုယ့်တာဝန်လိုဖြစ်လာတော့ ကျွန်မတို့ အခန်းကလူတွေကလဲ အဲ့အမှိုက်ပုံးထဲ မထည့်တော့ပဲ ကိုယ့်အမှိုက်ကိုယ်ချက်ချင်းပစ်ပြီး အမှိုက်ပုံးနဲ့ ဝေးဝေးနေလိုက်ပါတယ်။ အမှန်ဆို အမှိုက်များတဲ့သူက ၅ခါအမှိုက်ပုံးရှင်းပေးရင် အမှိုက်နည်းသူက တစ်ခါလောက်တော့ အလိုက်တသိရှင်းပေါ့။ တူတူနေနေတာ မိသားစုမှ မဟုတ်တာပဲ။ အားလုံး မြန်မာပြည်မှာဆို ကိုယ်လုပ်စရာမလိုခဲ့တဲ့ သူတွေချည်းပဲလေ။ ကျွန်မတို့ ညီအစ်မကတော့ ကိုယ်ဟင်းချက်တဲ့အချိန် အမှိုက်ကို ကျွတ်ကျွတ်အိပ်နဲ့ တခါတည်းထည့်ပြီး ဟိုးအမှိုက်ပိုက်လိုင်းထဲကို တစ်ခါတည်း ပစ်ပါတယ်။ တစ်ခြားအစ်မကြီးတွေကတော့ ကိုယ်ပိုင် အမှိုက်ပုံးလေး သပ်သပ်ဝယ်ထားတာရှိပါတယ်။ အဲ့လိုလဲဖြစ်ရော အိမ်မှာ ခေါက်ဆွဲပြုတ်တွေ၊ သားရေစာတွေ အများဆုံးစားတဲ့ ရှမ်းတရုတ်မ အကျပ်ရိုက်ရပြီပေါ့။ သူ့အမှိုက်က ကျွန်မတို့ဟင်းချက်တဲ့သူတွေလို သိပ်မများတော့ အမြဲတမ်း သူလုပ်စရာမလိုဘူးဆိုပြီး အမှိုက်ပုံးမပစ်တာ။ ခုတော့ သူ့အမှိုက်လဲ ပစ်ပေးမဲ့သူမရှိတော့ဘူးလေ။ အဲ့ကျတော့ လူလစ်ရင် လစ်သလို သူ့ခေါက်ဆွဲပြုတ်အထုတ်တွေ ဘီစကွပ်ထုတ်တွေကို သူများအမှိုက်ပုံးထဲ လိုက်ထည့်ပါတော့တယ်။ အဲ့တုန်းက ဆိုရင် ကိစ္စလေးက သေးပေမဲ့ များလာတော့ အဆိုင်အခဲက နောက်ပိုင်းအတော်ကြီးလာပါတယ်။ နင့်အမှိုက် ငါ့ထဲလာမထည့်နဲ့ ပြောရင်လဲ ပြောတဲ့သူက အလွန်၊ ဒါပေမဲ့ Principle အရတော့လဲ အဲ့မိန်းကလေးက နားလည်မှုမရှိတာပါပဲ။ အဲ့တုန်းကဆို ကိုယ့်အမှိုက်ပုံးထဲ ရောက်နေတဲ့ အမှိုက်ကို ဘယ်သူ့အမှိုက်လဲ analyze လုပ်ကြ၊ အမှိုက်ပစ်သခိုးစောင့်ဖမ်းကြ၊ အမှိုက်ပုံးကို မီးခံသတ္တာလို လက်ဗွေနဲ့မှ ဖွင့်လို့ရတာတို့၊ သော့ခတ်ထားလို့ရတာတို့၊ ကိုယ့်အသံနဲ့မှ ဖွင့်လို့ရတာတို့ ဝယ်ရမဲ့ပုံပဲဆိုပြီး ကျန်တဲ့သူတွေ စောင်းမြောင်းပြောကြနဲ့ ဇာတ်လမ်းတွဲရိုက်ရင်တောင် Rating ကောင်းကောင်းရနိုင်ပါတယ်။ ခုချိန်စဉ်းစားကြည့်ရင်ရီချင်စရာ။

My Biggest Culture Shock

အဲ့ဒိ ရှမ်းတရုတ်မနဲ့ တစ်ခန်းထဲနေတဲ့ ပြည်ကြီးတရုတ်မတစ်ယောက်ရှိတယ်။ သူကတော့ လုံးဝ ထမင်းဟင်းချက်မစားပါဘူး။ သူ့ဟာသူလဲနေတတ်ပါတယ်။ မြန်မာတွေနဲ့နေတော့ မြန်မာအစားအစာတော့ အတော်ကြိုက်တယ်။ အဲ့ဒိတုန်းက ကျွန်မတို့ကျောင်း ကန်တီးက မြန်မာထမင်းဆိုင်ရှိတော့ သူက မုန့်ဟင်းခါးတို့ ကြာဇံချက်တို့ အဲ့ဒိက ဝယ်စားတယ်။ တစ်ခါတစ်လေ အိမ်မှာ ကိုယ်ချက်စားရင်တော့ သူ့ကို အားလုံးက ကျွေးဖြစ်ပါတယ်။ ကြာဇံချက်တော့ သူအတော်လေးကြိုက်တယ်။ တစ်ခါတစ်လေ ပစ္စည်းတွေ ဝယ်ပေးပြီးတောင် ချက်ခိုင်းတယ်။ လဘက်သုတ်ဆိုလဲ ကိုယ်စားသလို စားနိုင်တယ်။ မကျွေးရင်တော့ မစားပါဘူး။ အလိုက်သိပါတယ်။ ဒါပေမဲ့ တရုတ်မဆိုတော့ မြန်မာမိန်းကလေးတွေနဲ့ ယှဉ်ရင် နည်းနည်း အနေထိုင် ပက်စက်တယ်လို့ ခံစားရတယ်။ တစ်ရက် အိမ်က ဧည့်ခန်းထဲမှာ တီဗွီကြည့်နေတုန်း နောက်ဖေးကနေ ဖြူဖြူကြီး လမ်းလျှောက်လာတာ မျက်လုံးထောင့်ကနေ ဖြတ်ကနည်းတွေ့လို့ ကြောက်ကြောက်နဲ့ မကြည့်ရဲကြည့်ရဲကြည့်လိုက်တော့မှ ရေချိုးခန်းထဲကနေ ကိုယ်လုံးတီး ဖင်ပြောင်ကြီးနဲ့ ထွက်လာတာ၊ ကိုယ်ကလဲ လန့်လဲ လန့် သူ့ကိုမြင်တော့လဲ သူ့အစားကိုယ်ကရှက်။ ဒါတောင် သူက ရီကျဲကျဲနဲ့ ရှင်းပြသေးတယ်။ သူ တာဝါယူဖို့ မေ့ကျန်ခဲ့လို့တဲ့။ ကိုယ်တွေသာဆို ဝင်သွားတဲ့ အင်္ကျီနဲ့ ပြန်ဝတ်ထွက်လာမှာပေါ့။ မြန်မာပြည်က ရောက်စ ကျွန်မအတွက်တော့ Culture Shock ပါပဲ။ ဒါပေမဲ့လဲ ခုတော့ ကိုရီးယား ဆောင်နာတွေဘာတွေသွား၊ သူတို့ တရုတ်ပြည်မှာ အိမ်သာက တံခါးတောင် မရှိဘူးကြားမိတော့ သူ့အနေနဲ့ မိန်းကလေးတွေချည်းပဲ ဆိုပြီး သိပ်ဂရုမစိုက်တာ ဖြစ်နိုင်တယ်။

စံပြ ချစ်သူ

နောက်အစ်မကြီးတစ်ယောက်ကျတော့ ကိုယ်တွေနဲ့ အတော်လေးကို ခင်ပါတယ်။ တစ်ခန်းထဲနေတာပေါ့။ သူ့ချစ်သူက အမေရိကားမှာဆိုတော့ သူက ၂၄နာရီနီးပါ ဖုန်းပြောတယ်။ လွန်ခဲ့တဲ့ ၁၃နှစ်လောက်က ဟန်းဖုန်းတွေက နည်းနည်း ဈေးကြီးသေးတော့ လိုင်းဖုန်းသုံးပြီး ဖုန်းကဒ်ဝယ်ပြောတာပေါ့နော်။ စင်္ကာပူနဲ့ အမေရိကားကျတော့ ဖုန်းကဒ်တစ်ကဒ်က ၃၊ ၄နာရီအပြောခံတယ်လေ။ ဟိုဘက်က ခေါ်တာတော့ များပါတယ်။ အဲ့ဒိတုန်းက မြန်မာပြည်ခေါ်ရင် ၁၀ဒေါ်လာကဒ်က ၈မိနစ် ကနေ ၁၀မိနစ်လောက်ပဲရတာ။ ဒီကြားထဲ လူကြီးမင်းနဲ့တွေ့ရင် ပိုက်ဆံက ဖြတ်ခံရသေးတယ်။ သူ့လိုင်းဖုန်းကြိုးကြီးက အရှည်ကြီးပဲ တစ်အိမ်လုံးသွားလေရာ ယူသွားလို့ရအောင်လေ။ တစ်ချိန်လုံး ဖုန်းပြောနေတဲ့သူဆိုတော့လဲ တစ်နေရာတည်းဘာမှ မလုပ်ပဲ နေလို့မရဘူးလေ။ အဲပြောချင်တာက သူဖုန်းပြောတဲ့ကိစ္စမဟုတ်ဘူး။

သူက သူ့ရည်းစားကို အရမ်းချစ်တာ။ ဒိအထိလဲ နားလည်ပေးလို့ရပါတယ်။ လူတိုင်းကိုယ့်ရည်းစားကို ချစ်ကြပါတယ်။ သူစကားပြောရင် “ကို ကလေ…” လို့ အစချီပြီး သူ့ရည်းစားအကြောင်းမပါတာ မရှိဘူး။ ဘယ်အကြောင်းအရာပြောနေနေ “ကို ကလေ…” ဆိုပြီး ဆက်စပ် ပလိုက်တာပါပဲ။ နည်းနည်းလေး စိတ်အနှောင့်အယှက်ဖြစ်ပေမဲ့ ခင်မင်မှုရှိနေတော့ သူ့အကျင့်လေးကို လက်ခံပြီး နားလည်ပေးပါတယ်။ အဲ! ဆိုးတာက… တီဗွီကြည့်တဲ့အချိန်… ကျွန်မက ကျွန်မကြိုက်တဲ့ ရုပ်ရှင်ကြည့်ရင် ကျွန်မကို လာနှောင့်ယှက်တာ စကားလာပြောတာ သိပ်မကြိုက်ပါဘူး။ ပြီးတော့ ရန်ကုန်အိမ်မှာတောင် တီဗွီစောင့်နတ်မင်းလို့ အမည်ရခဲ့တာနဲ့ အတူ စင်္ကာပူရောက်တော့လဲ တီဗွီရှေ့မှာ များသောအားဖြင့် ကျွန်မရှိတာများပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကြည့်နေတဲ့ ဇာတ်လမ်းတွဲက ည ၈နာရီပြမယ်ဆိုရင် အများနဲ့ နေတော့ ဦးသူစနစ်လေ။ ဦးတဲ့သူကြည့်နေတဲ့ Channel ကို လိုက်ကြည့်ရတာပါ။ မပြောင်းကြပါဘူး။ (ကိုယ့်က အိမ်ကသူတွေနဲ့ ဘာရှော့မှ မရှိခဲ့ပေမဲ့ ကိုယ့်ကိုလဲ အဲဒါနဲ့ပတ်သတ်ပြီး ဘာနာမည်ပေးထားကြမလဲတော့ မသိပါ။ ပေးထားလဲ စိတ်မဆိုးပါဘူး။ :P ကိုယ်တွေ တီဗွီကြည့်တာ စာမေးပွဲတွင်း တစ်အိမ်လုံး ဖင်ကုန်း စာကျက်နေချိန်တောင် တီဗွီရှေ့ စာအုပ်လေးနဲ့ ထိုင်နေတတ်လို့ အတူနေတဲ့ တစ်အိမ်လုံးက လူတွေက ကိုယ့်ကို စာမေးပွဲပြီးသွားပြီလားလို့ မေးခံရတဲ့အထိ)

အဲ အစောက ကိစ္စဆက်ရရင်ဖြင့် အဲလို ဇာတ်လမ်းတစ်ခုကို တလေးတစားနဲ့ အာရုံစိုက်ကြည့်၊ ဖီးလ်အပြည့်နဲ့ကြည့်တဲ့ကျွန်မဘေးကို အဲ့ဒိ အစ်မကြီးရောက်လာပြီဆိုရင် ပြဿနာက စတာပဲ။ သူက သူ့ရဲ့ “ကို” အကြောင်းစတော့တာပဲ။ သူ့ကို လှည့်ကြည့် ရီပြမိလို့ “ကို ကလေ…” ဆိုပြီး စမှာစိုးလို့ ရုပ်ရှင်ထဲ အရမ်းစိတ်ဝင်စားနေတဲ့ပုံစံမျိုးနဲ့ မသိချင်ယောင်ဆောင်နေရင်တောင် ရုပ်ရှင်ထဲက မင်းသားက မင်းသမီးကို ဂရုစိုက်တဲ့အခန်း၊ ချစ်ပြတဲ့အခန်း၊ ဂျေဝင်တဲ့အခန်း (ပုံမှန်အားဖြင့် ပရိတ်သတ်တွေ ရင်ခုန်တဲ့ အခန်းလေးတွေပေါ့) မျိုးတွေလာပြီဆိုရင်

“ဟယ်… ကို လဲ အဲ့အတိုင်းပဲသိလား။ အစ်မကို သိပ် ချစ်တာ”။
“ဟယ်… ကို ကလေ… အဲ့မင်းသားလိုပဲ သဝန်တိုတတ်တယ်သိလား။”
“ဟယ်… မင်းသား သနားပါတယ်။ ကို့ ကိုတော့ အစ်မက အဲ့လို မလုပ်ရက်ပါဘူး” ပြီးကျရင် ဘေးမှာ တရွှတ်ရွှတ် ငိုသေးတာ။


ကိုယ်လဲ ရုပ်ရှင်ကြည့်လို့ စိတ်ပါဝင်စားလာရင် ငိုတတ်ပါတယ်။ လူတွေရှေ့ဆိုရင်တော့ မငိုပဲ ထိန်းထားတာပေါ့။ အခုတော့ ရင်ခုန်ရမဲ့ အခန်းတွေ လာရင်တောင် “ကို ကလေ…” ဆိုတဲ့ အသံကြီးလာမှာကို ထိတ်လန့်စွာ စောင့်စားနေရတဲ့ ဘဝ၊ မင်းသားလေးကို သနားလို့ ငိုချင်နေရင်တောင် “ကို ကလေ…” ဆိုပြီး ရုပ်ရှင်ကြည့်ရင်း ကိုယ့်ဘေး တရွှတ်ရွှတ်လာငိုနေတော့ ကိုယ့်ဖီးလ်တွေပါငုတ်ရောပေါ့။
တစ်နေ့ တီဗွီကနေ King Kong (မျောက်ဝံ)ကြီး ကားပြနေတာ အားလုံးထိုင်ကြည့်နေကြတာပေါ့။ အဲ့ထဲမှာ မျောက်ဝံမကြီးကို ကျည်ဆံထိသွားတော့ မျောက်ဝံထီးကြီးက အသည်းတွေကွဲပြီး တိရိစ္ဆာန်ပင်ဖြစ်လင့်ကစား မျောက်ဝံမကြီးဘေး အသာထိုင်ဖက်ပြီး ဝမ်းနည်းနေတာပေါ့။ အဲ့ အစ်မကြီးကလဲ ထုံးစံအတိုင်းမျက်ရည် တရွှဲရွှဲပေါ့ ဒါပေမဲ့ လူမဟုတ်ပဲ မျောက်ဝံမည်းမည်းကြီးတွေဆိုတော့ “ကို နဲ့ အစ်မ အတိုင်းပဲ”လို့ ထွက်မလာဘူး။ အဲ့အချိန်မှာ သူ့ကို ဘယ်တုန်းကတည်းက အမြင်ကပ်နေမှန်းမသိတဲ့ တခြား အစ်မကြီးတစ်ယောက်က

“ဟယ်… မျောက်ဝံကြီးသူ့ ရည်းစားကို ချစ်တာ ငါနဲ့ ငါရည်းစားအတိုင်းပဲ”

ဆိုပြီး ရွှဲ့ပြောလိုက်တော့ အားလုံး ဘာကိုဆိုလိုလဲ သိပြီး ထရီကြပါလေရော။ မျက်ရည်ရွှဲလဲနဲ့ အစ်မကြီးကတော့ သူ့အကျင့်ကို သူသိလို့ပဲ ရှက်ပြီး လိုက်ရီသလား။ သူများပြောတာကို ပေါက်တတ်ကရဆိုပြီး ရီစရာတစ်ခုအဖြစ်နဲ့ပဲ နားလည်လို့ လိုက်ရီသလားဆိုတာတော့ သူပဲ သိမယ်ထင်ပါတယ်။


ကျွန်မ မဟုတ်သော ကျွန်မ

ဒီလိုနဲ့ လူအမျိုးမျိုး စိတ်အထွေထွေ နေလာပြီး အိမ်ပြောင်းသွားကြ နောက်ထပ် အခန်းငှားမဲ့သူအသစ်ရောက်လာလိုက်နဲ့ တွေ့ဆုံကြုံကွဲ ဓမ္မတာပါပဲ။ အသစ်ပြောင်းလာတဲ့ တစ်ခန်းမှာ ရန်ကုန်တုန်းက မော်ဒယ်လုပ်ဖူးပြီး ခု စလုံးရောက်တော့လဲ အချောအလှ သတင်းကြီးတဲ့ မော်ဒယ်မလေးတစ်ယောက်ရယ် နောက်တစ်ယောက်ကတော့ ကျောင်းပြီးခါနီး စီနီယာတစ်ယောက်ရယ် တစ်ခန်းတူတူနေပါတယ်။ မော်ဒယ်မလေးကတော့ သူ့ဟာသူ အေးဆေးပါပဲ ဘယ်သူနဲ့မှလဲ ပြဿနာမဖြစ်ဘူး။ သူ့အခန်းဖော် စီနီယာဆီကို အမြဲလာလည်တဲ့ သူငယ်ချင်း ဂျိုဂျို (နာမည်အရင်းမဟုတ်) ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အဲ့ကောင်မလေးလာရင် သူကလဲ အခန်းထဲဝင်တော့ မော်ဒယ်မလေးလဲ စိတ်ရှုပ်လို့ထင်တယ် အပြင်ထွက်ထွက်သွားတယ်။ ကိုယ်တွေကတော့ တစ်ခန်းထဲ မဟုတ်တော့ ဘာမှ သိပ်မထိခိုက်ဘူးလေ။ အဲ့ဒိ ဂျိုဂျိုးဆိုတဲ့ ကောင်မလေးက ခေတ်ဆန်ဆန်ပိန်ပိန်ပါးပါးလေး။ သူဝတ်တဲ့ အဝတ်အစားလေးတွေဆို Floral အဆင်လေးတွေ ဇာလေးတွေနဲ့ အရမ်းလှတာပဲ။ အိမ်ရှေ့ဖိနပ်ချွတ်မှာ ဒေါက်ဖိနပ်အမြင့်ကြီး ချွတ်ထားတာတွေ့ရင် သူအိမ်ကိုအလည်ရောက်နေလို့ပဲ။ အမြဲလာလည်နေကျဆိုတော့ အိမ်က လူတွေအားလုံးနဲ့လဲ ရင်းနှီးပါတယ်။ သူကလဲ ခင်ခင်မင်မင်ရှိပါတယ်။

တစ်ရက် အိမ်မှာ တခြားလူတွေသိပ်မရှိကြဘူး။ အိမ်က စံပြချစ်သူအစ်မကြီးက ထုံးစံအတိုင်း ဖုန်းပြောရင်း အခန်းထဲကထွက်...နောက်ဖေးကို ချိုးအကွေ့၊ သူကလဲလက်ထဲမှာ ပန်းကန်ကိုင်ထားပြီး ဖုန်းကိုပုခုံးနဲ့ ညှပ်ပြောကြည်နူးနေတော့ ကြမ်းပြင်ပေါ်ပဲ မျက်လုံးက အရင်ရောက်တာပေါ့။ မီးဖိုရှေ့မှာ ခြေသလုံးမွှေးတွေနဲ့ ယောက်ျားခြေထောက်ကြီးကို စတွေ့တာပေါ့။ သူလဲ အလန့်ထညက်နဲ့ ခြေထောက်ကနေ တဖြည်းဖြည်း မော့ကြည့်တော့မှ ဂျိုဂျိုဖြစ်နေတယ်။ ခါတိုင်းဆို သူက အိမ်လာရင် အသာကပ်ခြေအိပ်ရှည်အမြဲဝတ်ထားတော့ သတိသိပ်မထားမိဘူးလေ။ အဲ့နေ့ကတော့ သူလဲ အိမ်မှာ လူမရှိဘူးဆိုပြီး နောက်ဖေးဝင် ဟင်းချက်နေတော့ ခြေအိတ်ချွတ်ထားလိုက်ပုံရတယ်။ စံပြချစ်သူအစ်မကြီးကလဲ အသည်းခတ်ငယ်ငယ်ဆိုတော့ စိတ္တဇလူသတ်သမားတွေ့တာကျနေတာပဲ သူ့ရှေ့တော့ ဟန်မပျက် ပြန်လှည့်လာပြီး အခန်းထဲဝင်လာတော့မှ


“အမလေး… ဂျိုဂျိုက အခြောက်ကြီးလားမသိဘူး” ဆိုပြီး စပြောပါတော့တယ်။ ကိုယ်တွေလဲ အမြဲ မိန်းမလို့ သတ်မှတ်ပြောဆိုနေတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆိုတော့ ဘယ်လက်ခံနိုင်မလဲ။ သူက ယောက်ျားဆိုရင်တော့ လူကောင်သေးတဲ့အထဲ ပါမယ်။ အသံက မိန်းမအသံလို မညောင်ပေမဲ့ တချို့ သူ့ထက် အသံသြတဲ့ မိန်းမတွေတောင် ကိုယ်တွေ့ဖူးတော့ သူလဲ အသံသြတဲ့ မိန်းကလေးဖြစ်မယ်ပဲ ယူဆထားတာ။ ပြီးတော့ အခြောက်တွေနဲ့ မိန်းမတွေရဲ့ စကားပြောပုံကလဲ မတူပါဘူး။ အခြောက်တွေက တကယ့်မိန်းမတွေထက် ပိုနွဲ့နေတတ်တယ်လေ။ ဒါပေမဲ့ ဂျိုဂျိုးကတော့ ကျွန်မတို့မိန်းမတွေလိုပဲ ပွင့်ပွင့်လင်းလင်း စကားပြောလဲ “နင်ဟယ်… ငါဟယ်” နဲ့ အပိုတွေ သိပ်မရှိပါဘူး။ ဒီလိုနဲ့ အိမ်မှာရှိတဲ့ အခန်းဖော်တွေကြားလဲ ဟုတ်လားမသိဘူး။ မဟုတ်ပဲနဲ့ပဲ စွပ်စွဲမိတာလား။ ခြေသလုံးမွှေးရှည်တဲ့ မိန်းကလေး လဲရှိနိုင်တာပဲလေ။ ဒါပေမဲ့ စံပြချစ်သူမမကတော့ သူ့ခြေသလုံးမွှေးက မိန်းကလေး အမွှေးနဲ့ကို မတူဘူးတဲ့။ သူကတော့ သေချာတယ်တဲ့။ ဒါကြောင့်မို့ တစ်ခန်းထဲနေတဲ့ မော်ဒယ်မလေးက ရိပ်မိလို့ သူလာရင် အပြင်ထွက်ထွက်သွားတာကိုးလို့ တွေးမိကြတာပေါ့။

အဲ့ဒိအကြောင်းကို ကျွန်မအစ်မတွေနဲ့ ခင်တဲ့ မအေး ဆိုတဲ့ အစ်မကြီးကိုပြောပြတော့မှ “ဂျိုဂျိုးကို သိတာပေါ့။ သူ့အိမ်မှာ သူနဲ့ တစ်ခန်းထဲ နေသွားတာတောင် အခြောက်မှန်း တော်တော်နဲ့ မသိခဲ့ဖူး”တဲ့။ သူက အရမ်းသိုသိပ်တာတဲ့။ အင်္ကျီလဲရင်တောင် တစ်ခန်းထဲပေမဲ့ အိမ်သာထဲ ဝင်လဲလို့ အားလုံးက သိုသိပ်တဲ့ မိန်းကလေးပဲထင်တာ။ ကျောင်းမှာ “မအေး က ယောက်ျားနဲ့ အခန်းရှယ်နေတာဆိုပြီး သတင်းတွေထွက်တော့ သူက ငါယောက်ျားနဲ့ အခန်းမရှယ်ပါဘူး။ အိမ်တော့ရှယ်နေတယ်။ သူက အိမ်သူကြီးဆိုတော့ အိမ်က အိပ်ခန်းတစ်ခုမှာတော့ ယောက်ျားလေး ၂ယောက်နေတယ်။ ဒါကလဲ စင်္ကာပူမှာ ပုံမှန်လိုဖြစ်နေတာပဲလေ။ သူ့ကို ယောက်ျားနဲ့ တစ်ခန်းထဲ အိပ်တာဆိုတဲ့ သတင်းကြီးကြောင့် တစ်ရက် သူ့အသိကောင်လေးကို အတင်းပြောပြဆိုပြီးမေးတော့မှ ဂျိုဂျိုးက ယောက်ျားတဲ့။ သူကျောင်းကို ပထမဆုံးလာတက်တုန်းကတောင် ယောက်ျားလေးလို ဝတ်သေးတယ်တဲ့။ ဒါပေမဲ့ ခပ်နွဲ့နွဲ့ပဲပေါ့နော်။ ခုတော့ ကျောင်းတက်မမှန်လို့ ကျောင်းထုတ်ခံလိုက်ရပြီး လူကလဲ လုံးဝ မိန်းမလိုဖြစ်သွားတာတဲ့။ မြန်မာပြည်ပြန်ရင် သူ့မိဘတွေ သိမှာစိုးလို့ ဒီမှာ မိန်းမလို နေရတာ ပျော်တယ်ဆိုပြီး နေနေတာတဲ့။ သူ့ရည်မှန်းချက်ကတော့ ပိုက်ဆံစုပြီး ဖြတ်ဖောက်ချုပ်လုပ်မယ်ပေါ့။ အဲ့တော့မှ သူလဲ အားတော့နာတယ် ဒါပေမဲ့ တစ်ခန်းတည်းနေရတာတော့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူးလေ။ ဒီတော့ အခြောက်လဲ ယောက်ျားပဲဆိုပြီး ဘေးက ယောက်ျားလေး ၂ယောက်ခန်းမှာ သွားအိပ်ဆိုပြီး ပို့လိုက်တော့။ ဟိုဘေးက ယောက်ျား ၂ယောက်လဲ စကပ်တွေ အတွင်းခံတွေနဲ့ဘယ်လိုလုပ် အခန်းရှယ်မတုန်း။ အဖြစ်ကိုတွေးပြီး ရီလဲရီရသလို ကာယကံရှင် ဂျိုဂျိုးကိုလဲ ဂရုဏာသက်မိပါတယ်။

ကိုယ်တွေလဲ စစချင်း သိသိချင်းတော့ နည်းနည်းဟန့်သွားပေမဲ့ နောက်ပိုင်းကျတော့ သူ့ဟာသူ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ပုံမှန်ပေါ့။ အိမ်မှာ တခြားလူတွေရဲ့ သူငယ်ချင်းတွေ ဘဲတွေ ယောက်ျားလေးတွေ လာလည်နေရင်တောင် ပုံမှန်နေနိုင်တာ။ သူ့ကိုလဲ နောက်ပိုင်းတော့ ပုံမှန်ပဲ အားလုံးက ဆက်ဆံဖြစ်သွားပါတော့တယ်။

အဲ့ဒါကြောင့် စင်္ကာပူရောက်တုန်း လွဲလိုက်တဲ့ အလွဲတွေကတော့ ကျွန်မ မဟုတ်သော ကျွန်မတွေနဲ့လဲ ခင်မင်ခွင့်ရခဲ့တာပါပဲ။


ဒီပိုစ်လေးနဲ့အတူ စကားလေးပါးချင်တာက တစိမ်းတွေနဲ့ နေတာ ကိုယ့်မိသားစုနဲ့နေတာနဲ့ မတူတဲ့အတွက် တစ်ဦးနဲ့တစ်ဦး အလိုက်အထိုက် ညှိနေနိုင်ဖို့လိုပါတယ်။ မိသားစုချင်းတောင် အမှတ်မထားကြပေမဲ့ တစ်ခါတစ်ရံမှာ စကားများတတ်သေးတာ။ တစိမ်းနဲ့ စကားများရင်တော့ ပြန်ခေါ်ဖို့ခက်ပါတယ်။ နိုင်ငံခြားကိုလာပြီး ကျောင်းတက်တာပဲ ဖြစ်ဖြစ် အလုပ်လုပ်နေတာပဲ ဖြစ်ဖြစ်၊ အများစုကတော့ အလွယ်တကူ စခဲ့ကြ ဖြတ်သန်းခဲ့ကြတာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်က အိမ်ငှား၊ အခန်းငှားဆိုရင် အလိုက်သိပေး၊ အိမ်မှာရှိတဲ့ စည်းကမ်းတွေ အိမ်ပေါ်မတက်ခင်ကတည်းကမေးပြီး လိုက်နာနိုင်မှ အဲ့အိမ်မှာနေ၊ ကိုယ်က အိမ်ရှင်၊ အိမ်သူကြီး ဆိုရင်လဲ ကိုယ့်အိမ်မှာ လာငှားနေတဲ့သူဆိုတာ ကိုယ့် ကာစတန်မာပဲ သူတို့ကိုလဲ အထိုက်အလျောက် နားလည်ပေး၊ အိမ်မှာ အခန်းငှားနေတာ ကိုယ့်လုပ်စာလာထိုင်စားနေတာ မဟုတ်ဘူး။ ဒီတော့ သူ့တို့ကိုလဲ သူတို့ရသင့်တဲ့ လွတ်လပ်ခွင့်ပေး။ တချို့ မျက်စိမှိတ်ပေးလို့ရတဲ့ အမှားလေးတွေရှိခဲ့ရင်တောင် ကြီးကြီးမားမားမဟုတ်ရင် ခွင့်လွှတ်ပေးလိုက်။ နောက်မလုပ်စေချင်ရင် သတိပေးလိုက်။ သူတို့ဆီက ကိုယ်ပိုက်ဆံရနေတာပဲလေ။ ကိုယ့်ဟာကိုယ် တစိမ်းနဲ့ မနေနိုင်ရင် ကိုယ်လဲ ပိုက်ဆံရမှာမဟုတ်ဘူးလေ။ ဒီတော့ အပြန်အလှန် သိတတ်နားလည်ကြဖို့ ပြောချင်ပါတယ်။
မဗေဒါနှင့် စင်္ကာပူရောက်အလွဲများကို အားပေးကြတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်ပိုစ့်လေးကတော့ အလွဲအဖြစ်အပျက်လေးကတိုပေမဲ့ ကြုံတွေ့ခဲ့တဲ့ သူတွေအကြောင်းကို ဇာတ်လမ်းလေးတစ်ပုဒ်လို ဖတ်ကောင်းမယ်မျှော်လင့်ပါတယ်။ တကယ်လို့ ကာယကံရှင်တွေက ဖတ်မိခဲ့မယ်ဆိုရင်လဲ ကိုယ့်ကိုပြောတာ ဖြစ်ရမယ်လို့ ဒေါမပွပဲ၊ ရုပ်ရှင်ထဲက ဇာတ်ကောင်တစ်ကောင်အကြောင်းလို့သာ သတ်မှတ်ပြီး ရယ်ပြုံးကြပါလို့ အကြံပြုပါရစေ။ မဟုတ်ရင် ကိုယ်က ဒီလိုပါဆိုတာ ဝန်ခံပြီးသွားဖြစ်သွားလိမ့်မယ်နော်။ :P ဒီတစ်ခေါက်အလွဲပိုစ့်လေးကိုရော ဘယ်လိုမြင်လဲ? သင်တို့ ကြုံခဲ့တဲ့ Flatmates လေးတွေအကြောင်းလဲ ပြောပြသွားကြလေ။

16 comments :

Ma Ma Ei Ei said...

��this post made me miss my ex house mate ������

Anonymous said...

ဖြူဖြူကြီးက လန့်စရာဟယ်... ပြီးတော့ တီဗွီကိုပြူးကြည့်နေတဲ့မဗေဒါနဲ့ ဖျာဝင်ခင်းဖို့စောင့်နေတဲ့ဘေးကတယောက်ကိုမြင်ယောင်ပြီး ရယ်လိုက်ရတာ... 😂
သန့်စိန်

Khine Khine Zaw said...

အခန်းဖော်ကလည်း အိပ်ချိန်ကလွဲ ပြန်မလာ.. အိမ်သူကြီးအစ်မကလည်း သဘောကောင်း ခုထိတော့ ကံကောင်းနေသေး ဘာမှ ပြသနာမရှိသေး .. :D :D

minami pandaho said...

ညီမ လဲ ဒီနှစ်​ထဲမှာ SG မှာ​ကျောင်းတက်​ဖို့
စိတ်​ကူးထားတာပါ..အဲ အဲ့ဒီ့ အခန်းပြသနာက
ညီမစိတ်​အပူဆုံးကိစ္စထဲမှာပါပါတယ်​ ကိုယ်​က
သိပ်​ flexible မဖြစ်​တတ်​တဲ့အထဲပါ​တော့ကိုယ်​နဲ့
မကိုက်​တဲ့သူ​တွေ့ရင်​​တော်​​တော်​စိတ်​ဒုက္ခ​ရောက်​မှာ..အဲ့ဒီ့လိုပဲ ဟိုမှာ​ကျောင်းတက်​​နေတဲ့သူငယ်
ချင်း​တွေကိုလဲ​အခက်​အခဲ​တွေမေးကြည့်​ ဘာကြည့်​နဲ့ ..အခု ဒီ post ​လေးမြင်​​တော့ ​ပျော်
သွားတယ်​ ​သြော်​အခန်း share ရတယ်​ဆိုတာ
ဒီလိုပါလား..လူမျိုးတူချင်း​တောင်​က​တောက်​ကဆ
ရှိတတ်​ပါလား..အဲဒီ့လို​တွေးမိတယ်​..ပြီး​တော့
အဖြစ်​အပျက်​​တွေက​ကော ​ရေးဟန်​​ကြောင့်​​ကော
ပေါ့​ပေါ့ပါးပါးနဲ့စိတ်​ထဲဝင်​သွားတယ်​..Thanks
မ​ဗေဒါ..​ဆက်​​ရေးပါ​နော်​ ^^

mabaydar said...

@Ma Ma Ei Ei - So did you like your flatmates? Was there any problems you guys encountered?

@သန့်စိန် ရေ... နေတတ်မှ နားသက်သာမယ်။ မဟုတ်ရင် လာတော့မှာ သိနေတယ်။ ဒါပေမဲ့ ကာယကံရှင်က သူ့ကိုယ်သူလဲ သတိထားမိပုံ မပေါ်ဘူး။

mabaydar said...

@Khine Khine Zaw - ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကိုယ်လုပ်ပေးစရာရှိတယ်ဆိုရင်တော့ လုပ်ပေးနော်။ သဘောကောင်းတယ်ဆိုပြီး ကိုယ်က မလုပ်ပေးဖြစ်ရင် သူချည်းလုပ်ပေးနေတော့ တစ်နေ့ ပြောစရာဖြစ်နေအုံးမယ်။ အားလုံးက အပေးအယူမျှမှ...

@minami pandaho - ညီမရေ... ပိုစ့်ထဲမှာပြောခဲ့သလိုပဲ တစိမ်းနဲ့ နေရတာ ကိုယ့်မိသားစုလိုတော့ ဟုတ်မှာ မဟုတ်ဘူး။ အစစသတိရှိရသလို အလိုက်လဲသိရတယ်။ အဲ... ဒါပေမဲ့ ကိုယ်က အလိုက်သိနေပြီး သူတို့က မသိရင်လဲ ကိုယ်ချည်းလုပ်နေရလိမ့်မယ်။ တခါတလေလဲ ကောင်းကောင်းမွန်မွန် အထှာသိသိ စကားပြောတတ်ရသေးတယ်။ သန့်ရှင်းရေး၊ အိမ်မှုကိစ္စကအစ ကိုယ်ချည်းလုပ်ရတာ။ ဥပမာ... အ၀တ်လျော်စက်လျှော်ပြီးရင် အ၀တ်တွေကို လျှော်စက်ထဲထားပြီး ချက်ချင်းမလှန်းရင် နောက်လူလျော်လို့မရတာတို့ဘာတို့ပေါ့။ နောက်ရှိသေးတယ်... ကိုယ့်အ၀တ်တွေက ခြောက်နေပြီး ချက်ချင်းမရုပ်တော့ သူများလှမ်းစရာနေရာမရှိတာဖြစ်တတ်သလို၊တခြားသူတွေ ဟင်းချက်ရင် ကိုယ့်အ၀တ်တွေ ဟင်းနှံ့တွေ စွဲကုန်တာမျိုးတွေ ဖြစ်တတ်တယ်။ အဲ့ဒါမျိုးကျတော့ ဘယ်သူ့မှ အပြစ်တင်လို့မရဘူးလေ။ တချို့ အချင်းချင်း နားလည်တဲ့ အခန်းဖော်ဆိုရင်တော့ သူတို့ ဟင်းမချက်ခင် ကိုယ့်အင်္ကျီတွေ ရုပ်ပေးထားတာတို့ ဘာတို့ လုပ်ပေးတယ်။ အဲ့လိုမျိုးအခန်းဖော်ဆိုရင်တော့ ကံကောင်းသေးတာပေါ့။ ဒါတောင် တခြားနေရာမှာ ဖောက်ရင်ဖောက်နေမှာ ဥပမာ ကိုယ်က အိပ်ချင်နေပြီး သူက အခန်းထဲမှာ မိုးချုပ်ထိ မီးဖွင့်နေတာတို့ဘာတို့ပေါ့။ အများကြီး စိတ်ကို ပြင်ဆင်လာဖို့ပဲ မှာချင်တယ်။

ဆုမြတ်မိုး said...

အရင်တုန်းကသိပ်ပျော်ဖို့ကောင်းတဲ့အိမ်တစ်အိမ်မှာနေဖူးတယ်..အပျိုကြီးတွေနဲ့လေ..။ ညီမက အဲတုန်းကတော့ အပျိုပေါက်စာရင်းဝင်ပေါ့ :P အခုတော့အပျိုကြီးစာရင်းဝင်နေပါပြီ..။ ဆက်ပြောရရင် သိပ်ပျော်စရာကောင်းတာ ကိုယ်က အငယ်ဆုံး .. တစ်ယောက်တည်းသမားထုံးစံတအားအပျင်းထူတယ် စနေတနင်္ဂနွေဆိုရင်..ခေါက်ဆွဲပြုတ်စားပြီးအိပ်၇ာထဲက မထဘူး...ကော်ဖီတစ်ခွက်ပြီးတစ်ခွက်ဖျော်သောက်ပြီးအပျင်းထူတဲ့ ညီမကို .. မနေနိုင်တဲ့ အမတွေက ထမင်းကျွေးကြတယ်..။ အဲတုန်းက အမတစ်ယောက်က ညီမဘလောက်ကို ခဏခဏ၀င်ဖတ်ဖြစ်တယ်တဲ့ အချင်းချင်းလည်းမသိဘူး ။ နောက်တော့မှ ဘလော့ရေးတယ်ဆိုတော့မှ စကားစပ်ပြီး ညီမဘလော့ကိုဖတ်တဲ့သူဖြစ်နေတား)...။ ခုတော့ အဲအမတွေလည်းအိမ်ထောင်တွေကိုယ်စီကျပြီးတော့... တစ်ယောက်တစ်နေရာစီဖြစ်ကုန်ကြပြီ..။ ဘာသာမတူတဲ့ အမတစ်ယောက်လည်းရှိသေးတယ် ။ ခုထိချစ်ချစ်ခင်ခင်ပဲ ။ တြ့ခားအိမ်တွေက အခန်းဖော်တွေနဲ့တော့ မေးထူးခေါ်ပြောလောက်ပဲ ။ မှတ်မှတ်ရရတစ်ခုရှိသေးတယ်...အကောင်းတော့မဟုတ်ပါဘူး ။ အဲတုန်းက ညီမက ချစ်သူရစဆိုတော့ ဖုန်းလေဒီဖြစ်နေတာ အခန်းဖော်အသစ် အမက.. (သူက အသစ် ညီမကနေတာကြာပြီ) ညီမကို ဘဲနဲ့တချိန်လုံးဖုန်းပြောလိုက် ချတ်လိုက်လုပ်နေတယ် သူ့ကိုအဖက်မလုပ်ဘူး သူက ၀ိုင်သောက်ဖို့ခေါ်တာ မသောက်တတ်ဖူးပြောလို့ စိတ်တွေဆိုးပြီး ပြသနာတက်သေးတယ်..။ တရားခံက သူ့ကိုဂရုမစိုက်လို့တဲ့..နောက်တော့သူလည်းပြောင်းသွားတယ်..။ ညီမတော့ အဲဒီအိမ်မှာတော်တော်ကြာလိုက်သေးတယ်..နောက်မှ ခု လက်ရှိနေရာကိုထပ်ပြောင်းဖြစ်တာ..။ လောလောဆယ်အိမ်ကတော့ နေတာလည်းကြာပြီ အခန်းဖော်ကလည်းသူငယ်ချင်းဆိုတော့ အဆင်ပြေတယ်ပေါ့နော်..။ နောက်များတော့ တစ်ယောက်တည်းနေဖို့ပဲစိတ်ကူးရှိတယ်..။ ဘယ်လောက်ခင်ခင် ဘယ်လောက်ချစ်ချစ်..တစ်ယောက်တည်းနေတာလောက်တော့ မလွတ်လပ်ဘူးလေး)

Anonymous said...

တို့ကြုံဖူးတာနဲ့ မဗေဒါ နောက်ဆုံးရေးထားတာနဲ့ ကွက်စတိပဲ.. သူ့ရဲ့ရုံးအလုပ်ကို မနက် ၄ နာရီအထိ အခန်းမီးဖွင့်လုပ်တဲ့ အခန်းဖော်နဲ့ ကြုံဖူးတယ်. သူကတော့ မနက်ကို ၈ နာရီလောက်မှ ထပြီး အလုပ်သွားရတာ ကိုယ်က မနက် ၆ နာရီဆိုထပြီး ပြင်ဆင်တာတောင် မီးမဖွင့်ပဲ မီးဖိုချောင်က ဘေစင်မှာပဲ ဖီးလိမ်းတယ်။
TZN

Wai Wai Htun said...

သမီးရေ တကယ်ဖတ်လို့ ကောင်းတဲ့ ပို့စ် လေးပါ။ အများနဲ့ နေရင် ဒါမျိုးတွေ ရှိတယ်ဆိုတာ ကို ကွက်ကွက် ကွင်းကွင်း မြင်ရအောင် ရေးတတ်လိုက်တာ။ နောင်လဲ ဒီ့ထက်ပိုပြီး ဗဟုသုတ ရမဲ့ ပို့စ်များ ဖတ်ချင်ပါသေးတယ် သမီးရေ

Nint Gyi Daw said...

The rubbish story makes me laugh! People can be so serious on little things if they persist.

William said...

Did anyone bite you? 9

William said...

It made me think about what other people would think about me and what they would write about me.

What do you think people would write qbiut you Mabaydar?

William said...

It made me think about what other people would think about me and what they would write about me.

What do you think people would write qbiut you Mabaydar?

shin said...

ဒီပိုစ်ကို ခုမှ ဖတ်မိတယ်။ မဗေဒါ ပြောတဲ့ အခြောက်မကို ကိုယ်လဲသိသလိုပဲ။ flatmate(အခန်းဖော် မဟုတ်) တယောက်ရဲ့ သူငယ်ချင်းပါ။ ကိုယ်တို့ နေတဲ့ အိမ်လဲ ဝင်ထွက် ဖူးတယ်။ ဟုတ်တယ်။ ယောက်ကျားလေး နဲ့ လုံးဝ မတူသလို အခြောက်နဲ့လဲ လုံးဝ မတူဘူး။ အဲ့ဒီ flatmate က လဲ ပြောတယ်။ သူလဲ အစက မသိဘူးတဲ့။ အဲ့ အခြောက်မ နဲ့ Bra တွေ ဘာတွေ (၂ ထည် ဘယ်လောက်) ဆိုပြီး ဈေးချရင် တယောက်တထည် တောင် စပ်ဝယ် ခဲ့ဖူးတယ်ဆိုပဲ။ နောက်မှ သူများတွေက ဟဲ့ အဲ့ဒါ အခြောက်ဆိုမှ "ဟမ် ဟုတ်လား" လို့ တော်တော်တောင် လန့်သွားတယ်တဲ့။ ဒါပေမဲ့ အဲ့ဒီ အကြောင်းသိသွားပြီး နောက်ပိုင်းလဲ အခြောက်မနဲ့ သူနဲ့က ဆက်ခင်တုန်းပဲတဲ့။

မဗေဒါ post ဖတ်ပြီး ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ တူတူနေခဲ့တာ သတိရလိုက်တာ။ သတိ အရဆုံးက ထိုင်ဝမ် F4 ကား (meteor garden) ကို series လိုက်ဝယ်ပြီး ကိုယ့်ဟာကိုယ် ထိုင်ကြည့်နေတာ ကိုယ့်ရဲ့ အခန်းဖော်နဲ့ flatmate တွေကပါ လိုက်ကြည့်ပြီး ဟိုမေး ဒီမေး နဲ့ နောက်ဆုံး series တခုလုံးကို ဘာသာပြန်ပြောပေးခဲ့ ရတာ အလွမ်းဆုံးပဲ။ အဲ့ အာတွေလဲ ခြောက် ရေတွေလဲ ငတ်။ တအိမ်လုံးမှာ ကိုယ်တယောက်ထဲ တရုတ်လို တတ်တာကိုး။ သူတို့က ရုပ်ရှင်ကိုကြိုက်၊ မင်းသားတွေကိုလဲ ကြိုက်။ ကိုယ့်ကို အတင်းမေး။ For Example : ဟယ်။ ပြောပြ ပါဟယ်။ အဲ့ဒီ လိပ်က ဘာပြောလိုက်တာလဲဟင်။ အမေကျော့ ကရော ဘာပြောတာလဲ။ သောက်ရေစစ် က ဘာပြောတာလဲ။ ဆီးမှန် ကရော ဘာပြောသလဲ။

Explanation
လိပ် = လေ့ (ဟွားကျယ်လေ့)
သောက်ရေစစ် = သောက်မိန်စွတ်
အမေကျော့ = မေကျော့
ဆီးမှန် = စီးမန်

ကိုယ့်မှာ ရုပ်ရှင်ကို တဖက်ကကြည့်ရ။ သူတို့ကို တဖက်က ဘာသာပြန်ပေးရ။ မောတာ။ ဒါပေမဲ့ ပျော်တယ်။ ဟီးဟီး။

Anonymous said...

ရယ်ရတယ် မဗေဒါရေ

TV စောင့်နတ်မင်း ဆိုတာကိုသဘောကျတယ်

နောက်ဆက်တွအပိုင်းတွေကို မျော်နေမယ်နော်



SSS

mabaydar said...

@ဆုမြတ်မိုး - အားလုံးနဲ့ အဆင်ပြေတယ်ဆိုတော့ ကံကောင်းတာပေါ့။ ညီမကလဲ နားလည်မှုရှိ အတူနေတဲ့သူတွေကလဲ နားလည်မှုရှိလို့ ၂ဦး၂ဘက်လုံး ကောင်းလို့ အဆင်ပြေတာ။ ဟုတ်တယ်။ ဘယ်လောက် ရင်းနှီး ရင်းနှီး တစ်ယောက်တည်းနေတာလောက်တော့ မကောင်းဘူးလေ။ ဒါပေမဲ့ တစ်ယောက်တည်းကျပြန်တော့လဲ အခန်းခက ထောင်းတာ ထည့်စဉ်းစားရမယ်။

@TZN - ဟုတ်တယ်။ ဒါတွေက တော်တော်များများ ကြုံနေကျ ဖြစ်တတ်တဲ့ ပြဿနာတွေချည်းပဲလေ။ ကျန်တာတွေ ရှိသေးတယ်။ သီချင်းအကျယ်ကြီးဖွင့်တာ။ ကိုယ်ရှိနေတာတောင် မရှက် ရည်းစားနဲ့ တစ်ညလုံး ဖုန်းကျူတာ။ စားပြီး ပန်းကန်မဆေးတာ။ အပေါ့သွားပြီး ရေမဆွဲချတာ။ စသည်ဖြင့် အများကြီးပေါ့။ ဒီလိုပဲ သည်းခံညှိ နှိုင်းနေရမှာပေါ့။ မခံနိုင်တော့ရင်တော့ အခြေအနေပေးရင် ပြောင်းပေါ့။

@Wai Wai Htun - အမြဲလာပြီး အားပေးတတ်တဲ့၊ ဘလော့ပိုစ့်အောက်မှာ ကွန်မန့်ရေးရတာ သိပ်အဆင်မပြေပေမဲ့ အချိန်ယူပြီး ခုလို အားဆေးကျွေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ဗဟုသုတရတယ်ဆိုလို ၀မ်းသာပါတယ်။ ကိုယ့်အတွေ့အကြုံလေးတွေ ဝေမျှတာပါ။

@Nint Gyi Daw - yes... အမှိုက်ကစ ပြဿဒ်မီးလောင် ဆိုတာလေ။ The problem might be small, but when it is accumulate for long term, it can be big problem.

@William - Nobody gets hurt in the story. :P
To be honest, It is not very important for me that what other people might think about me. Especially, negatively. If I keep hearing about my bad habits or many people behaving strange towards me for specific situation then of course I will analyse myself then If I need to change, I will change.

But if only one or two persons talk bad about me just bcoz they didn't get their way with me or they hate me for some reasons, I wouldn't give a damn about that. How constructive their criticism for me is? What is so important about their criticism in my life? How important they are in my life? Not worth it right?

So you do cares about how people will view you and stay according to their criticism?

@Shin - ရှင်းသိတဲ့ အခြောက်မ ဖြစ်နိုင်တယ်ထင်တယ်။ ကျောင်းတူတယ်ဆိုတော့လေ။ ကိုယ်ကတော့ သူ့ကို သိတဲ့အချိန်မှာ ကျောင်းသား မဟုတ်တော့ဘူး။ အိမ်မှာ အတူနေတဲ့ သူတွေနဲ့ ဆက်ဆံရေး ပြေလည်ခဲ့တယ်ဆိုတော့ ကောင်းပါတယ်။ ကိုယ်လဲ ထိုင်ဝမ် F4 သိပ်ကြိုက်တာ သိတယ်ဟုတ်။ ကိုယ့်တုန်းကတော့ ရန်ကုန်မှာ ကြည့်တာ ဘာစာတမ်းထိုးမှ မပါဘူး။ အဲ့ဒါကို နားလည်ချင်တော့ ရုပ်ရှင်ထဲက သူတို့ပြောတဲ့ အသံတွေကို မှတ်။ ၁၈လမ်းက ခွေဆိုင်က ကိုယ့်သူငယ်ချင်း ရှမ်းတရုတ်မတွေကို ခွေသွားအပ်တိုင်း မေး။ ဒီလိုနဲ့ တရုတ်စကားတောင် နည်းနည်းတတ်သွားတယ်။ အဲ့လို မလျော့သောဇွဲ။

@SSS - နောက်ဆက်တွဲအပိုင်းတွေက အလွဲတွေ ထပ်ဖြစ်ရင် ဖြစ်စေ၊ စဉ်းစားမိတာရှိရင်ဖြစ်စေ ရေးပေးမယ်နော်။ TV စောင့်နတ်မင်းရာထူးကို ကျေပွန်စွာထမ်းဆောင်တာ။ ခုဆိုရင်တော့ တီဗွီမစောင့်တော့ဘူး အင်တာနက်ကကြည့်တာဆိုတော့ အင်တာနက် မရှိမဖြစ် ဖြစ်နေပြီ။ ကွန်မန့်အတွက် ကျေးဇူးနော်။