Wednesday, August 26, 2015

Honeymoon to New Zealand Day 5: Journey to Rotorua


၆ရက် မေလ ၂၀၁၅ (ဗုဒ္ဓဟူးနေ့)


နေရာတစ်ခုအကြောင်းကို မကြားဖူး၊ မသိခဲ့ဘူးဆိုရင် ခရီးသွားခြင်းဆိုတာ ဖြစ်လာမှာ မဟုတ်သလို၊ ခရီးမသွားပဲနဲ့လဲ အဲ့ဒိနေရာအကြောင်းကို အမှန်တကယ် မှတ်သားဖြစ်မယ်မထင်ပါဘူး။

ခရီးဆိုတာ ရှေ့ဆက်ဖို့ကတော့ လိုလာပြီလေ။ ဒီနေ့တော့ ကျွန်မတို့တွေ သဘာဝ ရေပူစမ်းတွေ၊ နဂါးဗွက်အိုင်တွေ၊ သဘာဝလှိုက်ဂူတွေရှိတဲ့ Rotorua ဆိုတဲ့ မြို့လေးကို ဆက်ဆင်းမှာပါ။ Rotorua အကြောင်း အသေးစိတ်ကို နောက်တစ်နေ့ လည်တဲ့အခါကျရင် တစ်ခါတည်းရေးပေးပါအုံးမယ်။

သူ့ဒဏ်ရာကို ဆေးထပ်လဲဖို့ ဝိုင်ဟီကီကို မထွက်ခွာခင် မနက် ၁၀နာရီလောက် မှာ ဆေးခန်းကို ကြိုချိန်းထားလိုက်တယ်။ မနက် ၉နာရီ အခန်းတွင်းပစ္စည်းအကုန်လုံး ထုတ်ပိုးပြီး မနက်စာစားပြီး ဆေးခန်းထွက်ခဲ့ကြတယ်။ ရာသီဥတုက အေးတော့ အနာရင်းမှာ စိုးရိမ်ခဲ့ပေမဲ့ ဒဏ်ရာက ထင်ထားတာထက် ကျက်တာ ပိုလွယ်လို့ စိတ်အေးရတယ်။


ဝိုင်ဟီကီက လမ်းလေးတွေ... လူတွေ တိုးဝှေ့နေစရာမလိုတာလဲ ကိုယ့်အတွက်တော့ အသစ်အဆန်းပဲလေ။

ဆေးခန်းက အပြန် အချိန်နည်းနည်းရသေးတာနဲ့ ဘတ်စ်ကားနဲ့ ကျွန်းတစ်ပတ်လောက်ပတ်မလို့ဟာ ဘတ်စ်ကားက မလာ မလာနဲ့ အချိန်တွေ အတော်ကုန်သွားလို့ နောက်မှ ရှေ့ဂိတ်ကို လမ်းလျှောက်မယ်။ လာရင်လဲ အဲ့က တက်မယ် မလာလဲ လမ်းလျှောက်ပဲ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ နယူးဇီလန်နိုင်ငံသားတွေက အကူအညီပေးတတ်ရုံမကဘူး ဖော်လည်းဖော်ရွေကြပါတယ်။ ကျွန်မတို့ လမ်းလျှောက်နေတုန်း အပင်တွေရိတ်နေတဲ့ လူကြီးတစ်ယောက်က ကျွန်မတို့ကို တရင်းတနှီး လှမ်းနှုတ်ဆက်လို့ ပထမတော့ ခပ်ကြောင်ကြောင်ဖြစ်သွားသေးတယ်။ ခုလိုမျိုး မသိတဲ့သူက နှုတ်ဆက်တာမှ မခံဖူးတာ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်မယ်ဆိုရင် မြန်မာပြည်ကို Tourists တွေလာရင်လဲ လမ်းမှာ ကလေးတွေနှုတ်ဆက်ကြ လက်ပြကြ လုပ်ကြတာပဲဆိုတော့ ကိုယ် အံ့သြသင့်တဲ့ အရာတော့ မဟုတ်ပါဘူး။ ကိုယ်လဲ ပြန်နှုတ်ဆက်လိုက်ပါတယ်။

ဒီလမ်းလေးအတိုင်းဆင်းသွားရင် နောက်က ကမ်းခြေလေးကို ရောက်တာပေါ့။

တောင်စောင်းပေါ်ကနေ မြင်နေရတဲ့ အောက်က ကမ်းခြေနဲ့ ကျောက်ဆောင်တွေ


အပြင်ကအတိုင်း ဓာတ်ပုံထဲများရမလားလို့ ရိုက်ကြည့်တာ။ အပြင်မှာတော့ ဒိထက်ပိုလှတယ်။ အဲ့ဒိ ဘုရားကျောင်းသွားတဲ့ လမ်းလေးဘေးက ကမ်းခြေဘက်ကို ချောက်ပဲလေ။

အပေါ်က ကျွန်မနဲ့ ဘုရားကျောင်းပုံကို သူက ဟိုဘက်ကနေ ဒီလိုရိုက်ပေးတာ။ ကျွန်မတို့ ၂ယောက်ကြားမှာတော့ ချောက်ပေါ့။ ကမ်းပါးက ပ-စောက်ပုံဖြစ်နေတာလေ။

ကမ်းခြေဘက်ကို ဆင်းကြည့်ကြမယ်နော်။ သူ့နောက်ကနေလိုက်ပါ။

ဆက်လျှောက်ရင်းနဲ့ လူတွေတစ်ယောက်မှ မရှိတဲ့ နောက်ထပ် ကမ်းခြေဝလေးတစ်ခုကိုရောက်ပြန်ရော။ ကမ်းခြေနဲ့ ကုန်းမြင့်နဲ့က အတော်လေး အမြင့်ကွာတယ်။ ကုန်းမြင့် တောင်စွန်းမှာ ခရစ်ယာန် ဘုရားကျောင်းလေးရှိတယ်။ ခရစ်ယာန်ဘုရားကျောင်းလေးကို သွားတဲ့ လမ်းလေးက ချောက်ကမ်းပါးလေးတစ်လျှောက်ဆိုတော့ လှတယ်။ အပြင်မှာ ဓာတ်ပုံထဲထက် ပိုလှတယ်။

အောက်ဘက် ကမ်းခြေလေးကို ဆင်းသွားတဲ့လမ်းအတိုင်း ဆင်းလိုက်တော့ ကလေးကစားစရာ ပန်းခြံလေးနဲ့ လူတစ်ယောက်မှ မရှိတဲ့ ကမ်းခြေလေးကို ကျွန်မတို့ ၂ယောက်တည်း ပိုင်ဆိုင်မိနေပြန်ရော…။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အော့ကလန်းပြန်ဖို့ သင်္ဘောချိန်နီးလာပြီလေ။ သင်္ဘောက ၁၁နာရီခွဲထွက်တာကို ယူထားတယ် ဘာလို့လဲဆိုတော့ Auckland ကနေ Rotorua (ရိုတိုရူဝါ) ကိုသွားမဲ့ အဝေပြေးကား intercity bus က နေ့လည် ၁နာရီထွက်မှာလေ။

အောက်က ပုံတွေကတော့ ဝိုင်ဟီကီကျွန်းပေါ်က အိုနဲရိုရာမြို့လေးတဝိုက်ရိုက်ဖြစ်ခဲ့တာလေးတွေပါ။


လမ်း ၂သွယ်

အဲဒိကမ်းခြေနေရာလေးရဲ့ နာမည်ထင်တယ်။



သူများခြံရှေ့က အပင်ပုလေးတွေကို လှမလားလို့ ရိုက်ကြည့်တာ။ ဓာတ်ပုံဆရာတွေရိုက်သလိုတော့ သိပ်မလှဘူးပေါ့နော်။


ကျွန်းကလေးမှာ ၂ယောက်တည်း ဇာတ်ကားလာရိုက်လို့ရပြီ


လှလိုက်တဲ့ အပင်ကြီးတွေ


အဲဒိ ပင်လယ်ဝထဲကို စီးဝင်နေတဲ့ သဲချောင်းသေးသေးလေးရှိတယ်။ ဒီပုံထဲက Did You know? အချက်တွေအောက်မှာရေးထားတော့ ချောင်းလေးကအန္တရာယ်မရှိဘူးလို့ထင်ရပေမဲ့ အန္တရာယ်ရှိတယ်တဲ့။ အဲ့ဒါကြောင့် ခု ပရောဂျက်နဲ့ သဘာဝဘေးအန္တရာယ်နဲ့ အဲ့ဒိချောင်းထဲက တိရိစ္ဆာန်တွေကိုလဲ ထိန်းသိမ်းဖို့ အစိုးရက ပရောဂျက်လုပ်နေတာဆိုပဲ။


အဲဒိချောင်းထဲမှာ အဓိကအားဖြင့် ငါး ၃မျိုးရှိတယ်ဆိုပဲ။ ကိုယ်ကတော့ ဘဲငမ်းရိုင်းလေးတွေတွေ့တော့ တပျော်တပါး ဓာတ်ပုံရိုက်လာတယ်။


စိန်ရွှေနဲ့၊ အိမ်တွေနဲ့ လူတွေနဲ့ ကင်းကွာနေရာ... အိုး... ဆန်းဆန်းပြားပြား


The Oyster Inn အခန်းကိုသွားတဲ့ အဆောင်ထဲက လမ်းလေး။ ဘယ်ဘက်က စားသောက်ဆိုင်၊မနက်စာစားတဲ့နေရာ၊ ညာဘက်က လက်ဆောင်ပစ္စည်းဆိုင်။


The Oyster Inn က တိုက်စီငှားပေးလိုက်တဲ့ ကီဝီနိုင်ငံသား

၁၁နာရီ ၁၀မိနစ်မှာ ကျွန်မတို့ နယူးဇီလန်မှာ တည်းခဲ့သမျှတွေထဲက အကြိုက်ဆုံးတစ်ခုအဖြစ်ရှိတဲ့ The Oyster Inn လေးကနေ Check out လုပ်ဖြစ်တယ်။ ဒီနေ့ကျတော့ ခါတိုင်း အမျိုးသမီးကြီးမဟုတ်ပဲ အမျိုးသားကြီးတစ်ယောက်ဖြစ်နေတယ်။ သူလဲ အရမ်းသဘောကောင်းတယ်။ Mr.Right ကို ဘယ်တုန်းကပြောလိုက်လဲမသိဘူး Taxi ငှားပေးမယ်တဲ့ ကျွန်မတို့ ပိုက်ဆံပေးစရာမလိုဘူးတဲ့။ Mr.Right ကိုကြည့်ပြီး သနားသွားသလားတော့ မသိ။ (သတိထားမိတယ်။ Mr.Right ပုံက တကယ် ဂရုဏာသက်စရာပုံပဲကျသလား။ လူချစ်တာလားတော့ မသိဘူး။ သူ့ကိုဆို စလုံးမှာ MC ယူလဲ ဆရာဝန်က အမြဲ ၂ရက်။ ကိုယ်ဆို တကယ်နေမကောင်းလို့ သွားတောင်းရင်တောင် ဒီလောက်က ရုံးတက်လို့ရပါတယ်ပြောခံရဖူးတယ်။ ကံကိုက ကွာပါတယ်)

ကိုယ်လဲနည်းနည်းတော့ အံ့သြသွားပေမဲ့ ဟုတ်ရဲ့လားလို့တောင် စိတ်ထဲဖြစ်မိတယ်။ ဒီနဲ့ သင်္ဘောဆိပ်က နီးနီးလေးပါတဲ့ သိပ်မကျပါဘူးတဲ့။ သူတို့ပေးလိုက်မယ်ဆိုပြီး တိုက်စီလဲ သူပဲခေါ်ပေးတယ်။ ပြီးတော့ နောက်လိုက်သေးတယ “မင်းမျက်နှာက မသိရင် မင်းမိန်းမ ရိုက်တာခံထားရသလိုပဲ” တဲ့။ ဟုတ်ပါပြီ ဟုတ်ပါပြီ။


အပြန်သင်္ဘောပေါ်မှာ...

ကျွန်မတို့ အော့ဂလန်းကို နေ့လည် ၁၂:၀၅ နာရီမှာပြန်ရောက်ပါတယ်။ ဘတ်စ်ကားက ၁၁နာရီဆိုတော့ ကျွန်မတို့သင်္ဘောပေါ်ကဆင်းတာနဲ့ ဘာနဲ့ဆို နောက်ထပ် မိနစ် ၅၀လောက်ပဲ အချိန်ရပါတယ်။ သင်္ဘောဆိပ်ကနေအဲ့ဒိ ဘတ်စ်ကားဂိတ်(Auckland tower အနောက်ဘက်) ကို အထုတ်အပိုးမပါလမ်းအေးဆေးလျှောက်မယ်ဆို မိနစ် ၂၀လောက်တော့ ကြာမယ်ထင်ပါတယ်။ ကျွန်မတို့က နေ့လည်စာလဲ မစားရသေးတော့ အဲ့ဒိလမ်းပေါ်မှာပဲ ကြုံလဲကြုံ ကိုယ်လဲကြိုက်တဲ့ Food Alley က အာရှစာတွေပဲ ဝင်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒိမှာ နေ့လည် ထမင်းစားချိန်ဆိုတော့ လူတော့များသား။ ရုံးဝန်ထမ်းတွေ အဖွဲ့လိုက် စားနေကြတာတွေ့တယ်။ Mr.Right ကတော့ ကြက်သားအစပ်ဟင်း ကုလားဆိုင်က စားတယ်။ ကျွန်မကတော့ ယိုဒယားဆိုင်က အမဲသားအစပ်နဲ့ ထမင်းနဲ့စားတယ်။ ငရုတ်သီးကို ပုံမှန်ထည့် ငါအစပ်စားနိုင်တယ်လို့ပြောလိုက်လို့လားမသိဘူး အတော်စပ်တယ်။ သာမာန်ဆိုရင်တော့ အဲဒိအစပ်လောက်က ကောင်းကောင်းစားနိုင်ပါတယ်။ ဒါပေမဲ့ ကားချိန်မှီအောင် အမြန်စားရတာက တစ်ကြောင်း လူများတော့ ကျွန်မ မှာတဲ့ဟာက နည်းနည်းနောက်ကျမှ ရောက်လာတာကတစ်ကြောင်းမို့ အကုန်မစားတော့ပဲ အချိန်ကြည့်ပြီး ထားခဲ့လိုက်ရတယ်။ ခုတော့ ပြန်စားချင်သား။ ဂလု…


သူစားတဲ့ ကြက်သားအစပ် ကုလားဟင်း


ယိုးဒယား အမဲသားစပ်... အပေါ်က ကြက်သွန်ကြော်လေးတွေက မွှေးမှ မွှေး

Journey to the Rotorua (A Land with many Geysers)


ဒီပုံလေး ဘတ်စ်ကားပေါ်ကနေ ကိုယ့်ဟာကိုယ်ရိုက်ပြီး ကိုယ့်ဟာကိုယ် သဘောကျ...

၂ယောက်သား အဲ့ဒိကနေ ကုန်းတက်ကို အထုတ်ပိုးတွေနဲ့ အသေပြေးရတယ်။ သိနေတယ်လေ… ဒီက ကားတွေက နောက်ကျရင် မစောင့်ဘူးဆိုတာ။ ကျွန်မတို့မလဲ ဟန်းနီးမွန်းထက် Backpacker ပိုဆန်မလားမသိဘူး။ ဒါပေမဲ့ Backpacker လို အရမ်း Budget ဟိုတယ်တွေ သူများတွေနဲ့ ရှယ်နေတဲ့ hostel တွေကျတော့ မနေနိုင်ပြန်ပါဘူး။ ဒါပေမဲ့ မကောင်းဘူးလို့ နှိမ်တာမဟုတ်ဘူးနော် ကိုယ်တိုင်တကယ် Backpacker လို လုပ်ဖူးချင်တယ်။ ကားဂိတ်ရောက်တော့ ကွက်တိ နေ့လည် ၁နာရီထိုးနေပါပြီ။

ဒီလိုနဲ့ ကားပေါ်ငိုက်လိုက် ကြည့်လိုက်နဲ့ ခရီးလမ်းတဝက်ကြိုးလောက်ကျတော့ Hamilton မြို့ကို ညနေ ၃နာရီ ရောက်တော့ ၁၅ မိနစ် နားရတယ်။ အပေါ့အပါးသွား၊ ကားဓာတ်ဆီထည့်ပေါ့။ ရာသီဥတုကတော့ ကားပြင်ထွက်လိုက်တာနဲ့ အေးနေတာပဲ။ သူက နယူးဇီလန်နိုင်ငံရဲ့ တောင်ဘက်ကို ဆင်းလာလေ အီကွေတာနဲ့ ဝေးလာတော့ ရာသီဥတုက အေးလေပဲလေ။ အမှန်တော့ Hamilton မြို့ကလဲ Tourist attraction တွေထဲမှာတော့ တွေ့ပါတယ်။ သူလဲ လည်စရာတော့ရှိမှာပါ။ များသောအားဖြင့်တော့ အော့ကလန်းကနေ နေ့ချင်းပြန်တိုးတွေ ယူပြီးလည်ကြတာများပါတယ်။ Hamilton မြို့က MataMata (မာတာ မာတာမြို့) နဲ့ ၁နာရီလောက်ပဲ မောင်းရတာလေ။ မာတာ မာတာမြို့လေးက Lord of the ring နဲ့ The Hobbit ရုပ်ရှင်ကားတွေ ထွက်အပြီးမှာမှ ကမ္ဘာလှည့်ခရီးသည်တွေ ရုပ်ရှင်ပရိတ်သတ်တွေနဲ့ အရမ်းစည်ကားလာတဲ့မြို့လေးပေါ့။ အဲ့မြို့အကြောင်းတော့ နောက်သွားလည်တဲ့နေ့မှ ပြောတော့မယ်နော်။


Hamilton မြို့ ကားဂိတ်ရှေ့က ဂီတဆိုင်လေး။ ဒီလိုလေး ဆေးချယ်ထားတော့ လူစိတ်ဝင်စားတာပေါ့။ ရှေ့ခုံမှာထိုင်နေတဲ့ အပြာဝတ်ထားတဲ့ အမျိုးသမီးစုံတွဲ နေပူထဲ ဘာလုပ်?


ချမ်းပေမဲ့ အနွေးထည် ဒီတစ်ထည်ကိုပဲ ခရီးစဉ်တစ်လျှောက်လုံး ဓာတ်ပုံထဲပါနေလို့ အနွေးထည်ချွတ်ရိုက်တော့တာပဲ။


Hamilton မြို့လေး တစ်နေရာ..


Hamilton မြို့လေးရဲ့ ညနေ ၃နာရီကလဲ ဒီလို လူစည်စည်ကားကားလေးပဲ


ညနေ ၄နာရီ မာတမာတ မြို့လေးကိုဖြတ်တယ်။


မာတမာတ မြို့လေးဆိုတာ Lord of the Ring, The Hobbit တို့ကားတွေထဲက ကမ္ဘာ့အလည်မြို့လေးပေါ့


မာတမာတက တိုးရစ်အင်ဖိုမေးရှင်းကောင်တာလေးက Hobbit အိမ်ပုံစံလေး... ချစ်ဖို့ကောင်းပါ့။

ညနေ ၄နာရီလောက် မာတာ မာတာမြို့ကို ဖြတ်ပါတယ်။ Mr.Right ကတော့ အိပ်ပျော်နေတယ်။ ကျွန်မက တစ်ရေးနိုးလာတာ။ ကားပေါ်ကနေ ကြည့်ရတဲ့ ရှုခင်းတွေက လှတယ်ဆိုပေမဲ့ ဟိုနေ့က Paihia သွားတုန်းက ရှုခင်းတွေလိုပဲ သိပ်မပြောင်းလဲပါဘူး။ တကယ်တမ်းရှုခင်းပြောင်းတာက နယူးဇီလန်တောင်ဘက်ကျွန်းကိုရောက်သွားမှ ရှုခင်းထပ်ပြောင်းတာပါ။ သူတို့နိုင်ငံက ဘတ်စ်ကားမောင်းတဲ့လူကြီးတွေကို သဘောကျတာက ကားချည်းမောင်းနေတာ မဟုတ်ပါဘူး။ ကြုံရင် ကြုံသလို ဒေသံသရ ဗဟုသုတအနေနဲ့ စကားစမြည်ပြောတဲ့ပုံစံမျိုး မိုက်တစ်လုံးနဲ့ ပြောပြနေတာပါ။ ကျွန်မကတော့ သိတဲ့အတိုင်း Mr.Right လောက် listening မကောင်းတာရော၊ သူတို့ စကားပြောတဲ့ လေသံကို သိပ်ဖမ်းမမိသေးတာရောကြောင့် ကြားတစ်ချက် မကြားတစ်ချက်ပေါ့။ ဒါပေမဲ့ သိပ်တော့ သိချင်ပါတယ်။ နားထောင်ရတာလဲ ကြိုက်တယ်။ ငယ်ငယ်က မိသားစု ခရီးထွက်ရင် ဖေဖေက ကားမောင်းရင်း ဒီပြည်နယ်မှာ ဘာပင်တွေစိုက်တယ်၊ ဘာမြေအရောင်ပြောင်းသွားတယ် စသည်ဖြင့် ပြောခဲ့လို့ ၁၀တန်း မြန်မာစာ စာစီစာကုံး “စိတ်ဝင်စားဖွယ် ခရီးတစ်ခေါက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂုဏ်ထူးထွက်ခဲ့ပါပေါ့လား။ မဗေဒါက စာအုပ်ဖတ်ပျင်းတော့ သူများပြောတာကို နားထောင်ပြီး မှတ်ထားတာ ပိုအားသန်တယ်။ အင်းပေါ့လေ ပြောတဲ့သူက အမှားကြီးပြောရင်တော့ ကိုယ်လဲ အမှားကြီး မှတ်ထားမိမပေါ့။ ဒါပေမဲ့ သူတို့ပြောပြတာလေးတွေက အဲ့ဒိလမ်းက အပင်လေးတွေအကြောင်း၊ သူတို့ရဲ့ စိုက်ပျိုးမွေးမြူရေးအကြောင်း၊ လမ်းမှာတွေ့တဲ့ တောင်တန်းကြီးတွေအကြောင်း စသည်ဖြင့်ပေါ့။ ကားမောင်းတဲ့သူ တစ်ယောက်နဲ့ တစ်ယောက်တော့ ပြောတာချင်း မတူဘူးပေါ့။ ဒါပေမဲ့ အဝေးပြေးကားစီးပြီး တိုးကားလိုပဲ ရှင်းပြနေတော့ သဘောကျမိတယ်။ သူတို့မောင်းတဲ့သူတွေအနေနဲ့လဲ စကားပြောနေတော့ အိပ်မငိုက်တော့ဘူးလေ။ အဲ့ဒါကောင်းတယ်။

အောက်ကပုံတွေကတော့ အော့ကလန်းကနေ ရိုတိုရူဝါ လမ်းတစ်လျှောက် ရိုက်လာဖြစ်တဲ့ပုံလေးတွေထဲက တစ်ချို့ပါ။ ကြည့်ချင်ကြမလားတော့ မသိပါဘူး။ ဒါပေမဲ့ ဓာတ်ပုံလေးတွေကတဆင့် နယူးဇီလန်နိုင်ငံရဲ့ အေးချမ်းတဲ့ လူနေမှုစရိုက်နဲ့ လှပတဲ့ ရေမြေရှုခင်းတွေကို လေ့လာနိုင်ပါတယ်။ ဒီဓာတ်ပုံတွေကြည့်ရင်း နယူးဇီလန်သွားချင်စိတ် တဖွားဖွားပေါ်လာမယ်ဆိုရင် ရိုက်ရတဲ့သူ တင်ရတဲ့သူ ကျေနပ်မိမှာပါ။


လမ်းမှာဖြတ်သွားတဲ့ အသီးဆိုင်... ကားသာရပ်ပေးရင် ဝင်ဝယ်ချင်သေးတာ


မြက်ခင်းတွေက နယူးဇီလန်မှာ ပိုစိမ်းတယ်လို့ ထင်ရတယ်။


တစ်ဝန်းထဲရှိတဲ့ မြင်းလေးတွေ... သိပ်ပျော်မှာပဲလေ။ ပျော်မှာပေါ့... မော်မှာပေါ့... ချစ်သူနဲ့ပဲလေ...


နွားတွေဘက်မှာ မြက်တွေ ကုန်လုပြီ။ ဟိုဘက်ခြံက မြက်က အမြဲပိုစိမ်းနေတယ်ဆိုတဲ့ စကားပုံက သူတို့အတွက်တော့ မှန်တာပဲလေ...


အဲဒိ ဝန်းဝင်ပေါက် မုဒ်ဦးအနီလေးက မာအိုရီတွေရဲ့ ရိုးရာတဲ့။ အန္တရာယ်ကင်းလားဘာလားတော့ သေချာမသိ...


နွားတွေ မြက်စားပြီးဘာလို့ အသားတိုးလဲဆိုရင် ၂၄နာရီ စားနေလို့ထင်တယ်လို့ တွေးမိတာပဲလေ။


ဒီလို အဖြူအမဲနွားတွေက ဆွစ်ဇလန်ကနေ ဝယ်ယူတင်သွင်းတာတဲ့။ မှတ်မိတာ မမှားဘူးဆိုရင်တော့ သူတို့က နို့စားနွားမျိုးတွေ။နို့ထွက်အားကောင်းတယ်တဲ့။ ဒီအင်ဖိုတွေကတော့ နောက်နေ့သွားတဲ့ ကားသမားဦးလေးကြီးပြောပြတာ။ ဒါပေမဲ့ ခုကြုံလို့ တစ်ခါတည်းပြောလိုက်တာ။


ဒီလို နွားညိုတွေကတော့ အာရှကတင်သွင်းတာတဲ့။ ဟိုဟာက နို့စားနွားဆိုတော့ သူတို့က အသားစားနွားတွေပေါ့။ သနားပါတယ်နော်။ ဒါပေမဲ့ အမဲသားချည်းရှောင်ပြီး ကျန်တဲ့ ကြက်၊ဝက်၊ဆိတ်၊ငါး၊ပုဇွန်တွေ ဖိစားတော့လဲ ကျန်တဲ့အကောင်တွေ မတရားရာကျတာပေါ့။ အမဲသားစားအားလျော့သွားရင် ကျန်တဲ့အကောင်အသားစားအားတိုးလာတာပဲလေ။ အာ့ကြောင့် အမဲသားကို ကျေးဇူးရှင်သားမို့ ရှောင်တာဘာညာဆိုပြီး သူတော်ကောင်းလိုလိုပြောရင် သူတို့စားဖို့ သေရတဲ့ ကြက်၊ဘဲ၊ဆိတ်၊ငါးတွေအတွက် မတရားဘူးလို့ခံစားရတယ်။ နွားလဲ တစ်သက်ပဲ၊ ကြက်လဲ တစ်သက်ပဲ၊ ငါးလဲ တစ်သက်ပဲလေ။ သူတော်ကောင်းလုပ်ချင်ရင် အပြီးသတ်သတ်လွတ်စားပြီးမှပဲ အဲလိုလာပြောစေချင်တယ်။ ဒါဆိုရင်တော့ သာဓုကို လှိုက်လှိုက်လှဲလှဲခေါ်ပေးမယ်။ ကြုံရင် အဲ့ဒိ သာဓုက ရတဲ့ကုသိုလ်ကို မသိသေးတဲ့သူကို ပြောပြပြီး ထပ်တောင် ဝေပေးအုံးမယ်။ ဓာတ်ပုံ caption ကနေ စာပိုဒ်တစ်ပိုဒ်ဖြစ်သွားတာ တောင်းပန်ပါတယ်နော်။


ငယ်ငယ်က မြန်မာ့အသံမှာပြတဲ့ cowboy ဇာတ်လမ်းတွေက အိမ်လေးတွေလိုပဲ


သချိုင်းဂုံးလဲ မလွတ်ရအောင် ကားပေါ်ကနေ အမြန်ဆွဲတာပဲ။ ညာဘက်ထောင့်နားလေးမှာ ထူးခြားတဲ့ အရိပ်တစ်ခုတွေ့လား... သေချာကြည့်ကြည့်။


Fastfood ဆိုင်တွေက အဲ့မှာတော့ တကယ့် Fastfood ပဲ မြို့ထဲတွေမှာ မတွေ့ဘူး။ လမ်းက ဓာတ်ဆီဆိုင်နားတွေမှာပဲ တွေ့တယ်။


ဒီလိုမျိုး မြက်ခင်းပြင်နဲ့တောင်ကုန်းကြီးတွေက ကိုယ့်အတွက် အမြင်ဆန်းတယ်။ မြန်မာပြည်မှာကျတော့ တောင်ကုန်းတိုင်းက အပင်တွေရှိတယ်လေ။ (အဲ... ခုတော့ ခုတ်ခံရလို့ ကျန်သေးလားတော့ မသိ)ဥပမာ ကျိုက်ထီးရိုးလို တော်နဲ့တောင်ရောရှိတာကိုပြောတာ။


အသက်ကြီးရင် နယူးဇီလန်လာပြီး Farmer ပဲလုပ်စားတော့ အေးချမ်းတယ် ထင်တာပဲ...

Kuirau Park Motor Lodge in Rotorua (A place to feel like in the movie)


ရိုတိုရူရာက ကျွန်မတို့တည်းခိုမဲ့နေရာလေး

မဗေဒါတို့ရဲ့ ဦးတည်ရာခရီးစဉ် ရိုတိုရူရာမြို့လေးကို ညနေ ၅နာရီမှာရောက်တယ်။ သိတဲ့အတိုင်းပဲ ညတော့ မိုးမချုပ်သေးပေမဲ့ မှောင်ရီပျိုးပြဖြစ်နေပြီ။ isite office ရှေ့မှာရပ်တော့ အထဲဝင်ပြီး flyer လေးတွေ ဘာလေးတွေ ယူကြည့်လိုက်သေးတယ်။ ဒါပေမဲ့ သိပ်မကြာဘူး isite ကလဲ ပိတ်ပြီဆိုတော့ မဗေဒါတို့ မနေ့ညက ဘွတ်ခဲ့တဲ့ Kuirau Park Motor Lodge ဆိုတဲ့ တည်းခိုခန်းလေးကို လိုက်ရှာကြတယ်။ အဲ့ဒိ တည်းခိုခန်းလေးက အင်္ဂလိပ်ကားတွေထဲက အဝေးပြေးလမ်းတွေမှာ ကားထိုးပြီး ဝင်အိပ်လို့ရတဲ့ တည်းခိုခန်းပုံစံမျိုး။ ဈေးကလဲ ချိုတယ်လေး တစ်ညကို NZD 90 ပဲပေးရတယ်။ သူက ဝင်းခြံမရှိဘူး ကားလမ်းဘေးမှာ ၂ထပ်တန်းရားအိမ်လေး။ အခန်းတွေရှေ့မှာ ကိုယ့်ကားပါလာရင် ကားထိုးပြီးထားလို့ရတယ်။ ပိုင်ရှင်တွေကတော့ Maori လူမျိုးတွေပဲ။ မဗေဒါတို့ကို အောက်ထပ်အခန်းရတယ်။


ကားရပ်ထားတဲ့အခန်းဘေးက အခန်းက ကျွန်မတို့အခန်းပေါ့... ရှေ့က လမ်းမကြီးပဲရှိတယ်။

အခန်းထဲရောက်ရောက်ချင်းတော့ ပေးထားတဲ့ ပိုက်ဆံနဲ့ တန်တယ်ဆိုပြီး ပျော်တာပဲ။ ၂ယောက်အိပ်ကုတင် ၁လုံး၊ တစ်ယောက်အိပ်ကုတင် ၁လုံးတောင်ရှိတယ်။ နောက်ဖေးမီးဖိုချောင်နဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေလဲရှိတယ်။ ရေနွေးအိုး၊ ကော်ဖီ၊ hot chocolate၊ လဘက်ရည်ထုတ်လေးတွေလဲ complementary ရတယ်။ ရေချိုးခန်းအိမ်သာ ရေပူရေအေး၊ ဒါတင်မကဘူး wifi လဲ အလကားရတယ်။ နယူးဇီလန် ဝိုင်ဖိုင်ကတော့ မြန်မာပြည် ဝိုင်ဖိုင်ထက်တောင် နှေးပါတယ်။ မြန်မာပြည် မန္တလေးလဘက်ရည်ဆိုင်တွေမှာ ဝိုင်ဖိုင်သုံးတုန်းက စလုံးထက်တောင် မြန်တယ်ထင်မိတယ်။ ဒါပေမဲ့ ဟော်တယ်ကြီးတွေဆို ဝိုင်ဖိုင်အလကားမပေးဘူးလေ။ နားကို မလည်နိုင်ဘူး။ ခုလို ဈေးပေါတဲ့ Lodge လေးတွေ၊ Guest house လေးတွေတောင် ပေးနိုင်တယ်။ သူတို့ကို မပေးနိုင်ဘူးဆိုတာ။ အဲ… ဒါပေမဲ့ အဲ့ဒိ ဝိုင်ဖိုင်ကလဲ unlimited တော့ မဟုတ်ဘူး။ တစ်ရက်မှာ ဘယ်နှ ဂစ်ပဲလဲ မသိဘူးရတယ်။ ဒါပေမဲ့ တကယ်သုံးကြည့်ရင် အဲ့ ရတာကလဲ ဓာတ်ပုံ ၃ပုံလောက်တင်လိုက် ဖေ့ဘွတ်ကြည့်လိုက်ရင် ပြောင်တာပဲ။ ဒါပေမဲ့ အိပ်ခါနီးကျတော့ Mr.Right က တံခါးကို ခုံတွေနဲ့ ခုနေတော့မှ ကိုယ်ပါ ကြောက်လာတယ်။ ဒီနေရာက တံခါးတစ်ခုပဲရှိတာ အချိန်မရွေးတံခါးကို ကန်ပြီး ဝင်လာလို့ရတယ်တဲ့။ Safety တော့ သိပ်မရှိဘူးတဲ့။ အဲ့ကျမှ အင်္ဂလိပ်ကားတွေကလို လူသတ်သမားကြီး ဝင်လာပြီး ဒိုင်း ဒိုင်း ဒိုင်း လုပ်မှာ တွေးကြောက်ပြီး မေတ္တာသုတ်တွေ၊ မင်္ဂလသုတ်တွေ၊ အကုတ်ရှိသမျှ ထပ်ဖွင့် လိုက်ဆိုရတယ်။ ပြောနိုင်တာမဟုတ်ဘူးလေ။ accident ဖြစ်ပြီးကတည်းက အားလုံးကို အသင့်အနေအထားရှိနေမှရမယ်။ ဘာမှ လွတ်လို့မဖြစ်။


အခန်းတွင်းကုတင်


ဘေးက တစ်ယောက်အိပ် ကုတင်ပေါ်ပစ္စည်းတွေ နောက်တော့တင်ထားလိုက်တာပဲ။ အယူသည်းတယ်ဆိုဆိုလေ(ကိုယ့်အတွက်လဲ အပန်းမှ မကြီးတာ) ခရီးသွားတုန်း ကုတင်ကို အလွတ်မထားရဘူးတဲ့။ လွတ်နေရင် မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေက အဲ့ဒိကုတင်ပေါ်လာနေတတ်တယ်တဲ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မဗေဒါရှိရင်တော့ အခန်းထဲ ခြေချစရာနေရာမရှိအောင် ပစ္စည်းတွေ သူ့အလိုလိုတင်ဖြစ်တာ။



ဟင်းချက်စားမှာ မဟုတ်ပေမဲ့ ခုလို မီးဖိုတွေ ပန်းကန်းခွက်ရောက်တွေမြင်တော့ ပျော်နေတာပဲ... ဘာမှန်းမသိဘူး...


ဝိုင်ခွက်တောင်ရှိသေး


အောက်မှာ မုန့်ဖုတ်စက်နဲ့


လိုအပ်သမျှအကုန်ရှိ


ပန်းကန်နဲ့ Microwave၊ ကော်ဖီ၊တီး၊ဟော့ချောကလက် (hot chocolate တော့ သောက်ဖြစ်တယ်)

Dinner @ Sushi Bar Haru

ညနေ ၆နာရီခွဲလောက် ညစာစားဖို့ ထွက်လာတော့ အံ့သြစရာကောင်းစွာပဲ လမ်းပေါ်မှာ ခွေးတစ်ကောင် ကြောင်တစ်မှီးမှ မတွေ့ပါဘူး။ ဆိုင်တွေလဲ အကုန်ပိတ်ပါပဲ။ မီးလင်းနေတဲ့ဆိုင်ကို ကြည့်လိုက်ရင် အကုန် အရှေ့တိုင်းသား(Asian) ဆိုင်တွေချည့်ပါပဲ။ လမ်းပေါ်မှာ ရံဖန်ရံခါပေါ်လာတတ်တဲ့ လူလေး ၁ယောက်စ ၂ယောက်စလောက်တွေ့ရင်ပဲ ပျော်ရမလို့၊ ကြောက်ရမလို ခံစားချက်ကြီးပါ။ လူတွေ့လို့ပျော်တယ်။ တခြား ဘယ်သူမှမရှိတဲ့နေရာမှာ အဲ့လူက လူဆိုးဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ နယူးဇီလန်ခရီးစဉ်တစ်လျှောက်မှာတော့ အဲ့လိုမျိုး လူဆိုးတွေ တစ်ယောက်နဲ့မှ မကြုံတွေ့ခဲ့ပါဘူး။ ဖော်ရွေကူညီတတ်တဲ့ သူတွေချည်းနဲ့ပဲတွေ့တာပါ။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိ။



ဆိုင်လေးက ပိတ်ဖို့အဆင်သင့် အချိန်က ညနေ ၆နာရီ ၅မိနစ်တဲ့... ဆိုင်ရှင်က ကိုရီးယားလူမျိုး


နောက်နေ့ကျ ဆိုင်ရှင်နဲ့ စကားပြောဖြစ်သေးတယ်


စားလို့တော့ ကောင်းပါတယ်


နယူးဇီလန်မှာ အစားအသောက် အဆင်ပြေတယ်

ဒီလိုနဲ့ ဂျပန်၊ ကိုရီးယား Fusion restaurant မိသားစုစားသောက်ဆိုင် သေးသေးလေးမှာပဲ ဝင်စားဖြစ်ပါတယ်။ ကျွန်မက spicy beef (အမဲသား ဂျပန်စပ်၊ ဂျပန်စပ်က ချိုစပ်ကြီးပေါ့)နဲ့ သူကတော့ Tariyaki chicken set စားပါတယ်။ ဂျပန်ဟင်းချို မီဆိုလဲ ပါပါတယ်။ ကျွန်မကို အစပ်စားနိုင်တယ်နော်လို့ မေးခံရသေးတယ်။

စားသောက်ပြီး ပြန်ထွက်လာတော့ ပတ်ဝန်းကျင် အခြေအနေကြည့်ပြီး စင်္ကာပူရဲ့ မနက် ၃နာရီလောက် အခြေအနေဖြစ်နေတော့လဲ အခန်းပြန်ပြီးတော့ပဲ နောက်နေ့အတွက် အစီအစဉ်ဆွဲ Book စရာရှိတဲ့ tour လေး အွန်လိုင်းက Book ပြီး အနားယူလိုက်ပါတော့တယ်။ နောက်နေ့အတွက် အစီအစဉ်ကတော့ နယူးဇီလန်လို့ စသိကတည်းက ကျွန်မ ပထမဦးဆုံး စသိခဲ့တဲ့ Hobbit’s hole တွေရှိတဲ့ ရုပ်ရှင်ရိုက်ကွင်းနေရာကိုပါပဲ။ အဲ့ဒိတိုးက နေ့ဝက်ပဲကြာမှာပါ။ ညနေပိုင်းမှာတော့ Rotorua မြို့လေးတဝိုက် အကြောင်းကို နောက်ပိုစ့်မှာ ဖတ်ရန်…


ညနေ ၆နာရီခွဲ အခြေအနေ...

New Zealand Plug and adaptor and Tips for emergency’s charger

Photo credit to thearrivalstore.com

နယူးဇီလန်သွားရင် သတိထားရမှာကတော့ သူတို့သုံးတဲ့ ပလက်ပေါက်ပဲ။ မဗေဒါမှာက Travel adaptor ရှိတယ်လေ။ အဲ့ဒါနဲ့ ဘယ်နိုင်ငံသွားသွားအဆင်ပြေခဲ့သမျှ။ နယူးဇီလန်လဲရောက်ရော ဒုက္ခတွေများတော့တာပဲ။ ကိုယ့်မှာရှိတယ်ဆိုပြီး ကြိုမ check မိတာ ကိုယ့်အမှား။ သူတို့ ပလက်ပေါက်က ထိပ်အပြား ၃ပင် စောင်းစောင်းလေး။ တည့်တည့် ထိပ်ပြား ၂ပင်မဟုတ်ဘူး။ ဂွမ်းတာပေါ့။ ဒါပေမဲ့ Travel tip တစ်ခုပြောပြမယ်။ အဲ့ဒိ tips နဲ့ မဗေဒါ နယူးဇီလန် ခရီတစ်လျှောက် ရှင်သန်လာတာ နောက်ဆုံး ၂ရက်လောက်မှ adaptor ဝယ်လိုက်ရတော့တယ်။

မဗေဒါ နယူးဇီလန်ကို စရောက်တဲ့ ပထမနေ့ကတည်းက အဲ့ဒိပလက်ပေါက်ကိစ္စ ပြဿနာတက်တာ သိတယ်။ အဲ့တုန်းကတည်းက ဟော်တယ်က Flat TV တွေမှာ USB port ပါတယ်လေ။ အဲ့ဒိ ဟာနဲ့ သွင်းတယ်။ ဝင်တာတော့ နှေးတာပေါ့။ ဒါပေမဲ့ လုံးဝမရှိတာနဲ့ ယှဉ်ရင် သူက ဝင်နေသေးတယ်လေ။ ကိုယ့်မှာပါလာသမျှ ဖုန်းရော ကင်မရာရောက USB နဲ့ သွင်းလို့ရတဲ့ဟာမို့တော်သေးတယ်။ The Oyster Inn မှာကျတော့ ကောင်တာက ကောင်မလေးဆီက တောင်းလိုက်တာ သူကပေးတယ်။ ခု ရိုတိုရူဝါလဲ Flat TV ကပဲ သွင်းရတော့တာပဲ။ အဲ့ Mr.Right ကျတော့ ရေချိုးခန်းထဲက မုတ်ဆိတ်ရိတ်စက်အတွက် ထားပေးထားတဲ့ ပလက်ပေါက်က ၂ပင်အပြားပေမဲ့ သူက အတည့်ဆိုတော့ ပါလာတဲ့ Adaptor နဲ့ သုံးလို့ရတော့ သူ့ Laptop ကို အဲ့မှာအားသွင်း ဖုန်းကို Laptop မှာတတ်အားသွင်းရတယ်။

Photo credit to Pinterest

Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day6 (Part 2)




14 comments :

Anonymous said...

ဖတ်သွားပါတယ် ညီမလေးရေ...
နောက်ပိုစ်တွေလဲ မျော်နေမယ်နော်...

Yum Yummy said...

ဟိုသင်းချိုင်းကုန်း ကအရိပ် မတွေ့ရ ဘာအရိပ်ကြီးလည်းဟင် သိချင်တယ်။ ဟီး
အမြဲတမ်းအားပေးနေမဲ့
yummm

mabaydar said...

@Anonymous - ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်။

@Yum Yummy - တကယ်မတွေ့ဘူးလား? :P

Anonymous said...

I really happy to read your travel post. All r very nice view. I am waiting another post :) :). Poe poe

maythutun said...

arr pay nay mal loz

Anonymous said...

It is worth reading your blog. Keep it up...

Anonymous said...

ယူးဇီလန်ကို သွားလည်ချင်စိတ်ပေါက်မိတာမှ တဖွားဖွားမက တဝုန်းဝုန်း တဒိုင်းဒိုင်းပါပဲ နောက်ပိုစ့်လေးတွေ စောင့်မျှော်လျှက်

TZN

နန်း ရွှေမှုံ said...

မြက်ခင်းတွေတင်ပိုစိမ်းတာမဟုတ်ပါဘူး။ ကောင်းကင်ကြီးလည်း ပိုပြာသလိုပဲ။း) ဟုတ်တယ် အပေါ်က TZN ပြောသလိုပဲ နယူးဇီလန်ကို သွားလည်ချင်စိတ်တွေ တဝုန်းဝုန်း တဒိုင်းဒိုင်းကို ပေါက်မိတယ်။ :D

mabaydar said...

@Poe Poe - ခုမှပဲ ကွန်မန့် ပြန်တွေ့တော့တယ်။ အရင်လို အရှည်ကြီး မဟုတ်ပေမဲ့ ရေးသွားတဲ့အတွက် ကျေးဇူးပါ။

@Maythutun - ကျေးဇူးပါ ညီမရေ
@Anonymous - Thank you so much. Your comments are what keep me motivated to continuoue.
@TZN - ကွန်မန့်ဖတ်ပြီး သဘောကျလို့ ပြုံးမိတယ်။ ခရီးစဉ်အစကနေ ခုချိန်ထိ စိတ်ရှည်သည်းခံ စောင့်ဖတ်ပြီး အားပေးနေတာကို သိရတော့ ဘယ်လိုပျော်မှန်းမသိဘူး။ ကျေးဇူးပါ။
@နန်းရွှေမှုံ - ဟုတ်တယ်နော်... ကောင်းကင်ကြီးကလဲ ပိုပြာ။ မြက်ခင်းတွေကလဲ ပိုစိမ်း။ အားလုံးက ကာတွန်းကားထဲရောက်နေသလိုပဲ။ ခုပြန်စဉ်းစားကြည့်ရင် အိပ်မက်တစ်ခုလိုပဲ။ ယုံတောင် မယုံနိုင်ဘူး။

khayayphyu said...

သူ့ကိုဆို စလုံးမှာ MC ယူလဲ ဆရာဝန်က အမြဲ ၂ရက်။ ကိုယ်ဆို တကယ်နေမကောင်းလို့ သွားတောင်းရင်တောင် ဒီလောက်က ရုံးတက်လို့ရပါတယ်ပြောခံရဖူးတယ်။ ကံကိုက ကွာပါတယ်
Not luck, it is face expression. He has some kind of kind and sweet expression and u have some kind of proud and demanding expression... Hee Hee Hee ��

ငြိမ်းမိန်းကလေး said...

ဖတ်ရင်းဖတ်ရင်း.. နောက်နှစ်တော့ သွားမှဖြစ်မယ်ဆိုပြီး အစီအစဉ်တွေ စိတ်ထဲကဆွဲနေမိပြီ။
မဗေဒါ အင်္ဂလိပ်လိုသာရေးရင်ခုလောက်ဆို ခရီးသွားဘလော့ဂါဆိုပြီး ဟိုတယ် စပွန်ဆာတွေ လေယဉ်စပွန်ဆာတွေ စားသောက်ဆိုင် စပွန်ဆာတွေ ရနေလောက်ပြီ။

mabaydar said...

@Khayayphyu - I don't think it is related to expression because even if my face doesn't not expressing anything. Example Like My mind is in neutral state, my face might have been looking like strong person. I am not proud of myself or I think myself not the type of demanding. (My sis and my friend would have been more demending than me). But well, if my face normally give such idea to the person who I met, may be that's bcoz I am not lucky enough to have kind face. But I do notice myself in the photo that when I am not smiling, I look fierce although I am not angry at that time. ဘာရယ်ညာရယ်မဟုတ်ဘူး လူရှိန်တာပေါ့လေ။

@ငြိမ်းမိန်းကလေး - ဟုတ်တယ် ငြိမ်းမိန်းကလေးရေ။ မြန်မာလိုရေးရတဲ့ ရည်ရွယ်ချက်က ကိုယ့်မြန်မာတွေ ဖတ်ရပါစေတော့ဆိုပြီးရေးတာ။ (ကိုယ်တိုင်လဲ အင်္ဂလိပ်လို ညံ့တယ်ထင်လို့) အင်္ဂလိပ်လို ခရီးသွားအင်ဖိုတွေ website တွေက များကြီးရှိတယ်လေ။ မြန်မာလိုက သိပ်မရှိဘူး။ ဒါပေမဲ့လဲ တစ်ခါတစ်လေ ကိုယ်များပြောင်းလဲသင့်သလားလို့ ထင်မိတယ်။ ၂၀၁၂ ကိုယ်တောင်ဟောင်ကောင်ခရီးစဉ်တွေရေးနေတဲ့ အချိန်မှ စပြီး ရေးတဲ့ အင်္ဂလိပ် blogger တစ်ယောက်က ခုဆိုရင် full time professional blogger ဖြစ်ပြီး စပွန်ဆာတွေနဲ့ အချိန်ပြည့် ခရီးတွေ အလကားသွားနေရတယ်။ The best travel blog of year တွေဘာတွေ ရတယ်ကြားတော့ ကိုယ် မြန်မာလိုရေးနေတာ အဓိပ္ပါယ်မှ ရှိသေးရဲ့လားလို့။ ပုံမှန်လာဖတ်နေကျ တစ်ယောက်စ၊ နှစ်ယောက်စကလွဲလို့ မဗေဒါ ဘလော့ကို ဘယ်သူမှလဲ မသိကြသလိုပါပဲ။

ကိုယ်က ခရီးသွားပိုစ့်တွေရေးတာ မြန်မာ blogger မှာ one of the first လို့ ကိုယ့်ကိုကိုယ်ထင်ပေမဲ့။ဘယ် မြန်မာမဂ္ဂဇင်းကမှ ကိုယ့်ပိုစ့်လေးတွေကို လာဝယ်တာ၊ ပြန်လည်ပုံနှိပ်ချင်လို့ခွင့်တောင်းတာ တစ်ခါမှ မကြုံဖူးဘူး။ တချို့ Travel blogger မဟုတ်ပေမဲ့ လူသိများတဲ့ သူတွေရဲ့ ခရီးသွားပိုစ့်တွေကျတော့ မဂ္ဂဇင်းတွေက ပြန်လည်ဖော်ပြတာတွေ့တော့ အားကျမိပါတယ်။ ကံတွေမတူကြတာလား။ ကိုယ့်ရေးပုံရေးနည်းက ညံ့နေလို့ ပဲလားလို့ တွေးမိပါတယ်။ ခရီးသွားပိုစ့်တွေသာ အပင်ပန်းခံ Detail ရေးနေပေမဲ့ Entertaining မဖြစ်ဘူး၊ ပျင်းစရာကောင်းနေမယ်ဆိုရင် တခြားသူတွေလို အပေါ်ယံလေး ရှက်ပြီး fun and light travel post တွေပဲ ရေးဖို့ကျတော့ ကိုယ်ကိုယ်တိုင်က မရေးချင်ဘူး။ ကိုယ့်ရည်ရွယ်ချက်က ကိုယ့်ပိုစ့်ဖတ်တဲ့သူတွေ ဖတ်ပြီးတာနဲ့ အနည်းဆုံး ကိုယ့်လိုတော့ သွားနိုင်ဖို့အတွက် အင်ဖို အပြည့်ပေးချင်တယ်။ အပေါ်ယံရှက်ရေးပြီး။ "ကျွန်မတို့တွေ အော့ကလန်းပြီး ရိုတိုရူဝါကို သွားကြပါတယ်" ဆိုတဲ့ တစ်ကြောင်းလောက်နဲ့လဲ ဖြစ်တယ်။ ဒါပေမဲ့ ဘယ်လိုသွားတယ်။ ဘယ်လောက်ကြာတယ်။ လမ်းမှာ ဘာတွေရှိတယ်။ စသည်ဖြင့် ပြောပြချင်တယ်။ ဒါပေမဲ့ စာဖတ်သူတွေအတွက် ပျင်းစရာကောင်းနေလို့ သိပ်အားမပေးကြတာလားတော့ မသိဘူး။ ခုတောင် တတ်နိုင်သလောက် ခရီးသွားနဲ့ ပတ်သတ်တာကလွဲပြီး တခြား ကိုယ်နဲ့ပဲ သက်ဆိုင်တဲ့ အကြောင်းတွေ တတ်နိုင်သလောက် ထည့်မရေးတော့ဘူး။ မလိုအပ်ပဲ စာရှည်မှာစိုးလို့။

ခုတော့ duel language ဘလော့ လုပ်မလားစဉ်းစားနေတယ်။ ဒါပေမဲ့ တစ်ပိုစ့်ထဲကို ၂ခါ ပြန်ရေးရတော့မှာ။ မျက်ခုံးလှုပ်နေတယ်။ အဟီး... စာလာဖတ်တဲ့သူတွေကို နပူနဇာလုပ်သလိုဖြစ်သွားလားမသိဘူး။ :D

June Moe said...

မင်္ဂလာပါ အစ်မ
မရောက်ဖူးတဲ့ နိုင်ငံရဲ့ အတွေ့အကြုံတွေ၊ သာယာလှတဲ့ ရှုခင်းတွေနဲ့ အကြောင်းအရာတွေကို စိတ်လက်ရှည်စွာ ရေးသားတင်ပြထားတာလေး သေချာဖတ်သွားပါတယ်။
ခင်မင်စွာ -

လင်းဦး(စိတ်ပညာ) said...

သွားချင်တာ။ ရှုခင်းတွေက အရမ်းလှ။ ဓါတ်ပုံသာ ရိုက်လိုက်ရရင်ဖြင့်