Monday, June 29, 2015

Honeymoon to New Zealand: Day2- Paihia(Bay of Islands)> A visit to Russell


၃ရက် မေလ ၂၀၁၅



Lovely Scenery of Russell, Bay Of Islands
ဟန်းနီးမွန်းဆိုတာ လူ၂ဦး ဘဝကို အတူတူဖြတ်သန်းဖို့အတွက် စတင်ပေးတဲ့ ခရီးတစ်ခုလို့ယူဆမယ်ဆိုရင် ထင်သလို မဖြစ်တတ်တဲ့ ဘဝခရီးလမ်းမှာ ဖြစ်လာသမျှကို ၂ဦးသားအတူတူပျော်ပျော်ပါးပါး ဖြေရှင်းဖြတ်သန်းဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့များ ကျွန်မတို့ရဲ့ ပျားရည်ဆမ်းခရီးဟာ အရာအားလုံး ချောမွေ့မနေတာထင်ပါရဲ့။ ခက်တာက ဘယ်လိုပဲ စိတ်ဇနိုးဇနောင့်တွေနဲ့ ကြုံကြုံ ကျွန်မတို့ ၂ယောက်ကလဲ မညိုးလုံး အတူတူဆုံးဖြတ်ပြီး ပျော်နေခဲ့တာပါပဲ။ တစ်ခုဖြစ်မလာမှတော့ တန်ဖိုးရှိတဲ့အချိန်တွေကို နှမြောတသပြီးကုန်မဲ့အစား ရတာကိုပဲ ပျော်ပျော်ပါးပါးလုပ်ရတာ ကောင်းပါတယ်။ ဒီလောက် ကြီးတဲ့နိုင်ငံကို ၂ပတ်ထဲနဲ့ မြို့အကုန်စုံအောင်လည်ဖို့ဆိုတာတင် သူများတွေအတွက် တော်တော်လေး ခက်ခဲတဲ့အရာဆိုတော့ ခုကိုယ် အစုံ မရောက်ဖြစ်ခဲ့တဲ့နေရာတွေကို နှမြောမိတာလဲ ကိုယ့်ရဲ့ လောဘသက်သက်ဖြစ်တာမို့ လွတ်တဲ့နေရာလဲ လွတ်စေတော့လို့ စိတ်ထားလိုက်တော့လဲ သက်သာပါတယ်လေ။

ဒုတိယနေ့မှာတော့ ကျွန်မတို့တွေ Paihia လို့ခေါ်တဲ့ Auckland အရှေ့မြောက်ဘက်က မြို့လေးကိုသွားပြီး Tourist Attraction ဖြစ်တဲ့ Hole in the Rock ကျောက်ဆောင်ဆီကို Cruise စီးဖို့ Intercity bus ကနေ လက်မှတ်ဝယ်ထားပါတယ်။ ဒီနေရာမှာ ကျွန်မကြုံတုန်း နယူးဇီလန်မှာ ကိုယ်တိုင်ကားမောင်းစရာမလိုပဲ တစ်နိုင်ငံလုံးသွားလို့ရတဲ့ နည်းဖြစ်တဲ့ Public Transportaiton စနစ်ကို တစ်ခါတည်းပဲ ရှင်းပြလိုက်ပါတော့မယ်။

You can travel around New Zealand without Driving

US နဲ့ နယူးဇီလန်ရွေးဖို့ အားပြိုင်ကြရင်း နယူးဇီလန်အားသာသွားတဲ့ အချက်ထဲမှာ ကားမောင်းတတ်စရာမလိုပဲ တစ်နိုင်ငံလုံးပတ်လို့ရတဲ့ နည်းရှိနေလို့ပါပဲ။ အမှန်ပြောရရင် မဗေဒါလဲ နယူးဇီလန်ရဲ့ မြို့တွေ နေရာတွေဆိုတာကို စပြီး ကြားဖူးတာ ဒီခရီးထွက်မယ်ဆိုပြီး Research ရှာတော့မှပါပဲ။ ဗဟုသုတတွေ အရမ်းရှိနေလို့ ခရီးတွေထွက်နေတာမဟုတ်ပါဘူး။ ခရီးတွေထွက်ရင်းနဲ့မှ ဗဟုသုတတွေကို စုဆောင်းနေတာပါ။ အဲ့ဒါကြောင့် ငါကတော့ ဘာမှ မသိလို့ ဘယ်မှ မသွားတတ်ဘူးဆိုတဲ့သူတွေကို မသွားချင်လို့ကိုး သိအောင်မလုပ်တာလို့ယူဆပါတယ်။ ထားပါတော့လေ။ New Zealand လမ်းပန်းဆက်သွယ်ရေးအကြောင်းပြောရမှာ။

နယူးဇီလန်မှာ မြို့ကြီးတွေ တစ်မြို့နဲ့ တစ်မြို့ကိုစွဲတဲ့ အဝေးပြေးကားတွေရှိပါတယ်။ အထင်ရှားဆုံး ကားဝန်ဆောင်မှုကုမ္ဗဏီ၂ခုကတော့ Intercity နဲ့ Naked (နာမည်တွေကို နှိပ်ကာ သူတို့ ဝက်ဆိုဒ်ကို ကြည့်ပါ) ဆိုတဲ့ ကုမ္ဗဏီ ၂ခုပါ။


Intercity Bus

ကျွန်မတို့ခရီးစဉ်တစ်လျှောက်သုံးဖြစ်ခဲ့တဲ့ ကားကတော့ Intercity ပါ။ ဘာလို့ Intercity ကိုရွေးခဲ့တာလဲဆိုတော့ သူက ကုမ္ဗဏီပိုကြီးပြီး ပြေးဆွဲတဲ့ နေရာပိုများသလို ပြေးဆွဲတဲ့ အချိန်လဲ ပိုများပါတယ်။ နောက်တစ်ခု အားသာချက်က Intercity ကားတွေပေါ်မှာ Free Wifi ရပါတယ်။ (နယူးဇီလန်က သွားခဲ့ဖူးတဲ့ နိုင်ငံတွေမှာ အင်တာနက် အတော်လေးဈေးကြီးပြီး Free wifi ဆိုတာကလဲ ရှားပါတယ်) ဒါပေမဲ့ wifi က တစ်ချို့ Intercity ကားတွေပေါ်မှာ Signal သိပ်မကောင်းပြန်ပါဘူး။ ဒါပေမဲ့ မရှိတာထက်ဆာရင် တော်သေးတာပေါ့နော်။ Intercity ရဲ့ အားနည်းချက်ကတော့ သူများတွေထက် ဈေးတော်တော်လေး ကြီးပါတယ်။

Intercity မှာ ခရီးသည်တွေကို Flexible ဖြစ်အောင် လုပ်ပေးထားတာတွေတော့ရှိတယ်။ အဲဒါက Intercity Flexipass နဲ့ Interciy travelpass ဆိုပြီး ၂မျိုးရှိတယ်။
Interciy Flexipass ဆိုတာက သူတို့ ဘတ်စ်ကားကို နာရီနဲ့ ကြာချိန်ပုတ်ဖြတ်ဝယ်ထားတာ။ ဥပမာ Auckland ကနေ Rotorua ကို ၄နာရီကြာမယ်။ Auckland ကနေ Paihia ကိုလဲ ၄နာရီပဲထား။ အဲဒါကို ဝယ်တဲ့အချိန်မှာ ဘယ်နေရာသွားမယ်ဆိုတာကို ကြိုပြောစရာမလိုဘူး။ ကိုယ်ဝယ်ထားတဲ့အချိန်အတိုင်းအတာအတွင်း သူတို့ကားကို စီးလို့ရတယ်။ ဒါပေမဲ့ မစီးခင်တော့ ကြိုဘွတ်ရမှာပေါ့နော်။ ကားစီချိန်ကို ဝယ်တဲ့သဘောပေါ့။

Intercity travelpass ကကျတော့ ကိုယ်သွားမဲ့မြို့တွေကို ကြိုဝယ်ထားတာ။ တကယ်သွားမဲ့နေ့ကျမှ ဝယ်ထားတဲ့ လက်မှတ် ကူပွန်နဲ့ ဘွတ်ကင်းလုပ်ရတယ်။ ၂မျိုးလုံးကတော့ Flexible ဖြစ်ပါတယ်။ (အောက်မှာ မဗေဒါတို့အတွေ့အကြုံကို ပြောပြမယ်)



Inside the Intercity Bus


Naked Bus

Naked ရဲ့ ကောင်းချက်ကတော့ ဈေးတော်တော်လေးကို သက်သာပါတယ်။ Intercity နဲ့ ဈေးကွာချက်က မယုံနိုင်လောက်အောင်ပါပဲ။ အားနည်းချက်ကတော့ အပေါ်မှာပြောခဲ့သလိုပဲ သူက မြို့ကြီးတွေကိုပဲ ပြေးဆွဲပါတယ်။ ပြီးတော့ ကားထွက်တဲ့ ကြိမ်ရည်နည်းတဲ့အတွက် ကိုယ်လိုချင်တဲ့အချိန်ရဖို့ ခက်ပါတယ်။ wifi မပါဘူးပေါ့နော်။ ကိုယ်သွားချင်တဲ့အချိန်နဲ့လဲ ကိုက်တယ်။ wifi ကလဲ ကိုယ့်အတွက် အရေးမကြီးဘူးဆိုရင်တော့ naked ဘတ်စ်ကားက ဈေးချိုတာနဲ့တင် တော်တော်လေး တန်နေပါပြီ။ ဒါပေမဲ့ အင်တာနက်ပေါ်က ဝေဖန်ရေးတွေအရ တချို့ကျတော့လဲ naked ဘတ်စ်ကားမောင်းတဲ့သူတွေက ထားခဲ့တယ်တို့ ဘာတို့ တော်တော်များများကရေးကြတယ်။ Intercity bus လဲ ထွက်မယ်ဆိုတဲ့ အချိန် အတိအကျထွက်တယ် ၁မိနစ်တောင် မစောင့်ဘူး။ ကိုယ်က အချိန်မှီသွားတော့ ကိုယ့်ကိုယ်ထားခဲ့တာတော့ မကြုံဖူးဘူး။ review တွေကတော့ mixed တွေပဲ။


Booking Intercity Travel Pass

ပထမနေ့ညက ကျွန်မတို့ Intercity bus ကို သူတို့ website ကနေ ဝယ်ကြည့်ပါတယ်။ ကျွန်မတို့ ဝယ်လိုက်တဲ့ Pass ကတော့ Bay Escape Travelpass (လင့်ခ်ကိုနှိပ်ပါ)  ပဲဖြစ်ပါတယ်။ အဲ့ဒိ Pass ထဲမှာ ဘာပါလဲဆိုတော့

Auckland > Paihia (ပိုင်ဟိရ လို့ အသံထွက်ပါတယ်) > Hole in the Rock (Half day cruise) > Paihia > Auckland ပဲဖြစ်ပါတယ်။ သူက minimum 1 day of travel လို့ရေးထားတော့ နေ့ချင်းပြန်လုပ်လို့ရတဲ့သဘောပါပဲ။ ကျွန်မတို့ အဲဒိ Pass ဝယ်ပြီးတော့မှ နောက်တစ်ဆင့်က ဘယ်နေ့သွားမလဲဆိုတာ ဘွတ်ရတာပါ။ လုပ်ရတဲ့ ပုံစံက နည်းနည်းရှုပ်ပါတယ်။ အမှန်ဆို Pass ဝယ်တဲ့အချိန်မှာ တစ်ခါတည်း ရက်ရွေးခိုင်းလိုက်ရင် ပြီးနေပေမဲ့ သူက ရက်အသေအချာ မစီစဉ်ရသေးတဲ့သူတွေအတွက် ပို Flexible ဖြစ်အောင် လုပ်ထားတယ်ထင်ပါရဲ့။ ဒီတော့ အကောင့်ဖွင့် Pass ဝယ်ပြီး Login ဝင်ပြီးတော့မှ အီးမေလ်းက code နဲ့ သွားမဲ့ နေ့ရယ်၊ သွားမဲ့ပြန်မဲ့ ကားအချိန်ရယ်ကို ရွေးရပါတယ်။ အဲ့ဒိမှာ တစ်ခုရှိတာက သူက Auckland ကနေ Paihia ကိုကားစီးရမဲ့ ကြာချိန်က ၄နာရီလို့ ရေးထားပါတယ်။ ၂၂၇.၃ ကီလိုမီတာ ဝေးပါတယ်။ မြန်မာပြည်နဲ့ဆိုရင်တော့ ရန်ကုန်-ပြည်က ၂၈၁.၅ ကီလိုမီတာရှိတယ်ဆိုတော့ ပြည် မရောက်ခင် ပေါင်းတည်မြို့ (၂၂၅ ကီလိုမီတာ) လောက် အကွာအဝေးဖြစ်မယ်ထင်ပါတယ်။ ပြဿနာက အဲ့ဒိဝက်ဆိုဒ်မှာ ကားမောင်းတဲ့ ကြာချိန်ကိုသာရေးထားပြီး Cruise စီးတဲ့ ကြာချိန်ကို ရေးမထားပါဘူး။ သူက Pass ဝယ်တုန်းက နေ့ချင်းပြန်သွားလို့ရတယ်လို့ရေးထားပါတယ်။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် နေ့ချင်းမပြန်ပဲ အဲ့မှာ တစ်ညအိပ်ပြီး နောက်နေ့ မှပြန်မယ်ဆိုလဲ ဝယ်ထားတဲ့ကားလက်မှတ်က ကိုယ် ရက်ရယ်၊ အချိန်ရယ် Book မလုပ်ခင်အထိတော့ Flexible ဖြစ်ပါတယ်။ Intercity bus website မှာ ရက်ရယ်အချိန်ရက် Booking လုပ်တော့ ကိုယ်လဲနေ့ချင်းပြန်ဖို့ပဲစဉ်းစားတာပေါ့။ ကိုယ့်အိတ်တွေမှ ရောက်မလာသေးတာလေ။ မနက်အစောဆုံးထွက်တဲ့ ၇နာရီ ၄၅မိနစ်ကားကို အသွားအတွက် ဘွတ်လိုက်ပါတယ်။ အပြန်အတွက် နောက်အကျဆုံးကားက ညနေ ၄နာရီခွဲပါ။ ဒါပေမဲ့ ၄နာရီခွဲပြန်ထွက်တဲ့ကားက ပြည့်နေပါပြီ။ ၄နာရီကားပဲကျန်တော့ မိနစ် ၃၀လောက်နဲ့တော့ Cruise ကနေ ပြန်ရောက်လောက်ပါတယ်ဆိုပြီး အဲ့ဒိအချိန်ကားပဲ Book လိုက်ပါတယ်။ စိတ်ထဲတော့ ပြန်မရောက်ရင်တော့ ဒုက္ခဆိုတဲ့ စိတ်တထင့်ထင့်ဖြစ်နေပေမဲ့လဲ ရောက်ရင်လဲရောက်မှာပါလို့ပဲ ဖြေလိုက်မိတယ်။

Day 2 Beginning

မနက် အိပ်ယာနိုးတော့ ရေမိုးချိုးပြီး ရှိတဲ့ တစ်စုံတည်းသော ဝတ်စုံကို ပြန်ဝတ် ပါလာတဲ့ အိတ်ဆောင် Moisturizer လိမ်းပြီးတာနဲ့ အဆင်သင့်ကိုဖြစ်နေတာပါပဲ။ ဘာမှ ခက်ခက်ခဲခဲ မိတ်ကပ်လိမ်းစရာ အချိန်ပေးမနေရတော့လဲ အဆင်သင့်ဖြစ်တာ မြန်မှမြန်။ အဲ့ဒိက ကားတွေက နောက်ကျရင် မစောင့်ဘူးဆိုတာ အွန်လိုင်းမှာ ဖတ်ထားရတော့ စောစောစီးစီးသွားတာ ကောင်းပါတယ်လေ။ ကိုယ်လဲ သေချာမှ မသိပဲကိုး။ ကားဂိတ်က ကျွန်မတို့တည်းတဲ့ Crowne Plaza Hotel ကနေ လမ်းလျှောက်သွားလို့ရပါတယ်။ Auckland sky tower ရဲ့နောက်လေးမှာပါပဲ။ အဝေးပြေးဂိတ်ပုံစံမျိုးဆိုတော့ သိတော့ သိသာပါတယ်။ ၁၅မိနစ်စောလာပြီး သတင်းပို့ပါလို့ ပြောထားတော့ အဲဒိ Service counter ကိုသွားပြီး သတင်းပို့ ကိုယ်က ပထမဆုံးအကြိမ် သိပ်မသိသေးတော့ ဟိုမေးဒီမေးလုပ်ကြည့်တော့ အားလုံးအဆင်ပြေပါတယ်။ ပိုင်ဟိရကိုသွားမှာက No.3 ဂိတ်ဆိုလားအဲလိုပြန်ပြောပါတယ်။ အမှန်တော့ သွားမဲ့နေရာတွေကို အဲ့ မှတ်တိုင်လေးတွေအောက်မှာလဲ ရေးထားပါတယ်။ ဒါပေမဲ့ မှတ်တိုင်တစ်ခုမှာ ၂နေရာ ၃နေရာသွားတာလဲ ရှိနိုင်တဲ့အတွက် အချိန်ပေါ်မူတည်ပြီး ကားတက်မမှားဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ ကားပေါ်မတက်ခင် Driver ကို အကြောင်းကြားပါ။ Driver မှာလဲ နာမည်စာရင်းရှိပါတယ်။ နောက်ပိုင်းခရီးစဉ်တစ်လျှောက်လုံး ကျွန်မတို့ Driver ကိုပဲ ပြောပြီးတက်ဖြစ်သွားတာပါ။

ကားကြာကြာမစီးခင် လုပ်ထားသင့်တဲ့ အပေါ့သွားတာကို လုပ်ဖို့ Driver ကို အချိန်ရမလားဆိုတော့ သူက ရသေးတယ် လို့ပြောတော့မှ ကားဂိတ်က အိမ်သာကိုပြေး အိမ်သာရောက်မှ ကိုယ့်မျက်နှာပြောင်ကိုမှန်ထဲတွေ့ပြီး ကရင်ဖတ်လေး နှုတ်ခမ်းနီလေး ကောက်လိမ်းရတယ်။ အိမ်သာက ထွက်တော့မှာ ကားဂိတ်နားမှာတရုတ်တွေရောင်းနေတဲ့ ကော်ဖီဆိုင်လေးမှာ မနက်စာ အမြန်ဝယ်စားတယ်။ ကိုယ်က Toast နဲ့ သူက Cup noodle စားတယ်။ ရာသီဥတုအေးအေးဆိုတော့ အရည်သောက် ပူပူလေးက စားကောင်းတော့ သူစားတာကို ဝင်ရှုတ်လိုက်တယ်။ Toast က အမှန်တော့ ထိုင်စားရင် အချိန်မရမှာစိုးလို့ လွယ်တာမှာတာ။ သိပ်ကြိုက်လှတယ်တော့မဟုတ်ဘူး။ ကားပေါ်ယူသွားပေမဲ့ ကားပေါ်စားလို့ရမရ မသေချာလို့ မစားတော့ဘူး။ (နောက်မှသိတာက အမှိုက်မပွမဲ့ မပေကျန်မဲ့ Finger tips အစားအစာတွေတော့ စားလို့ရပါတယ်တဲ့)။ သူတို့ကားက မြန်မာပြည်က အမြန်ယာဉ်တွေလို ရေသန့်လေးတောင် မတိုက်ဘူး။ ကားကတော့ Free seating။ လူလဲ မပြည့်ပါဘူး။ ၇နာရီ၄၅မိနစ် ဒေါင်ဆိုတာနဲ့ ဘယ်သူ့မှမစောင့်ဘူး ထွက်တယ်။ သူကလမ်းမှာ စောင့်နေတဲ့သူတွေကိုလဲ လိုက်ခေါ်ရသေးတာဆိုတော့ အချိန်တိကျတယ်။ အဲ့ဒါလေးတစ်ခုကို သဘောကျတယ်။ အားနာပြီး ၅မိနစ်စောင့် ၁၀မိနစ်စောင့်နဲ့ဆို အချိန်မှန်တဲ့သူတွေအတွက် နစ်နာတယ်လေ။ ခုကျတော့ စည်းထဲကအတိုင်းလုပ်တာပဲ။ အချိန်ကို အရမ်းလေးစားကြတာကို သဘောကျတယ်။ 



Auckland က ထွက်လာကာစ လမ်းပေါ်ရှုခင်း

ဟိုးပြပြက သိုးကလေးတွေ

သူတို့ဆီက mega grocery mall ကြီးတွေက မြို့ပြင်တွေမှာ ကားနဲ့ သွားဝယ်ကြရတာ။ဈေးက မြို့ထဲမှာ ဝယ်တာထက် သက်သာလားတော့ မသိ

Aucland မြို့ပြင်နားက အိမ်လေးတွေ

Auckland နဲ့ တော်တော်ဝေးလာတဲ့ လမ်းတစ်နေရာ။ အပင်ကြီးလှလို့ အမြန်ရိုက်လာတာ

လမ်းမှာ တစ်ထောက်နားတဲ့ ကော်ဖီဆိုင်လေး


၂နာရီလောက် ကားစီးပြီးတော့ မနက်စာနဲ့ အပေါ့အပါးသွားဖို့ လမ်းက ကော်ဖီဆိုင်လေးမှာရပ်တယ်။ ကော်ဖီဆိုင်လေးက ချစ်စရာ အိမ်အဖြူရောင်လေး။ သူတို့ တစ်ဆိုင်ပဲရှိတယ်။ ကိုယ့်ပါးစပ်နဲ့ ကိုက်မဲ့ မုန့်တွေတော့ သိပ်မရှိပါဘူး။ ပုံမှန် အနောက်တိုင်းစာတွေပေါ့။ Sandwich တို့။ Pie တို့၊ Muffin တို့ပေါ့။ လူကလဲ အကျင့်ကို မကောင်းဘူး။ ကိုယ်အရှေ့တိုင်းမှာနေရင်တော့ အနောက်တိုင်းစာစားချင်တယ်။ အနောက်တိုင်းရောက်တော့ သူတို့ မုန့်အကြီးကြီးတွေကို ကြည့်ပြီးတော့ကို ရင်ပြည့်နေဘီ။ ကော်ဖီပဲ ၂ယောက် ၁ခွက်မှာသောက်ပြီးနေဖြစ်တယ်။ အဲ့ဒိနေရာမှာ ကားပေါ်က လူတစ်ချို့က နောက်ထပ် Minibus လေးပေါ်ပြောင်းသွားကြတယ်။ ကားသမားက မစိုးရိမ်ပါနဲ့ သူတို့က မြန်မြန်ရောက်ချင်လို့ ပြောင်းကြတာတဲ့၊ ဘာကို ဆိုလိုမှန်းနားတော့မလည်ဘူး။ ဒါပေမဲ့ သွားမဲ့နေရာ မတူလို့ ပြောင်းကြတာလဲ ဖြစ်မယ်ထင်တယ်။ အဲ့ဒိကနေ ပြန်ထွက်တော့ ကျွန်မတို့ ကားကြီးပေါ်မှာ ၁၀ယောက်တောင် မပြည့်လောက်ဘူးထင်တယ်။ 



ဆိုင်ထဲက မုန့်တွေ

ဒီမြင်းတွေရဖို့ ကားပေါ်ကနေ မနည်းမနော ရိုက်ယူရတယ်။

နွားပုံ ကြည်ကြည်လင်လင်ရဖို့ ကားပေါ်မအိပ်ပဲ ထိုင်စောင့်ပြီး ပုံ ၁၀၀ လောက်ရိုက်ယူရတယ်
Mr.Right က ဂိမ်းဆော့၊ ကလေးက စာဖတ်... ပြောချင်ဘူး


Paihia ကို နေ့လည် ၁၂နာရီလောက် ရောက်တော့ ဘေးက အင်ဖိုမေးရှင်းကောင်တာကို Cruise အကြောင်းဝင်မေးတော့ အပြန်ကားက 4:10PM ကို ဘွတ်ထားတာဆိုတော့ အဲ့မိန်းမကြီးက အပြန်ကားကို မမှီလောက်ဘူးတဲ့။ ၄နာရီခွဲကားဆိုရင် မှီလောက်ပေမဲ့ ၄နာရီ ၁၀မိနစ်ကားဆိုရင်တော့ မမှီလောက်ဖူးတဲ့။ ကျွန်မတို့ မြန်မာအတွေးနဲ့ကတော့ မိနစ်လေး ၂၀လောက် ကွာလို့ မှီလောက်မယ်လို့ စိတ်ထဲက ဖြစ်နေပေမဲ့။ သူတို့တွေ အချိန်တိကျတာ ပြီးတော့ နောက်ကျရင် မစောင့်တာကို သဘောပေါက်လေတော့ သူမမှီလောက်ဘူးဆိုတော့လဲ မမှီလောက်ဖူးပေါ့။ ဒီတော့ Dolphin viewing and hole in the Rock Cruise က ပိုက်ဆံသာပေးပြီး အလကားဖြစ်လေသတည်းပေါ့။ တကယ်လို့ ကိုယ်သာ အော့ကလန်းမှာ ဟော်တယ်မဘွတ်ထားရင်ပဲဖြစ်ဖြစ်၊ အထုတ်တွေတပါတည်း သွားလေရာသယ်လာပြီး Backpacker စစ်စစ်ဆိုရင်တော့ Paihia မှာ တစ်ညအိပ်မယ်ဆိုရင်တော့ နောက်နေ့မနက်ကားနဲ့ ပြန်လာလို့ရတာပေါ့လေ။ ကား ဘွတ်ကင်ချိန်ကို ပြောင်းလိုက်ရုံပဲကိုး။ အဲ့ဒိ ကား system က အဲလိုတော့ flexible တော့ဖြစ်ပေမဲ့။ Flexible အဖြစ်လွန်နေတယ်ပဲ ပြောရမလားတောင်မသိတော့ပါဘူး။ 



Paihia ကားဂိတ်နားက သင်္ဘောဆိပ်နားနဲ့နီးပြီး စားသောက်ဆိုင်လေးလဲရှိပါတယ်

ကားဂိတ်နားမှာ isite လဲရှိပါတယ်။ isite က တိုးရစ်တွေကို လိုအပ်တဲ့ အင်ဖိုတွေအားလုံး အကူအညီပေးနိုင်တဲ့ နေရာပါ။



Unexpected journey to Russell

ကောင်တာက အမျိုးသမီးကြီးက ကျွန်မတို့ သွားချင်ရင် ဒီနားက မော်တော်စီးပြီးသွားရတဲ့ Russell မြို့လေးကိုသွားဖို့တိုက်တွန်းပါတယ်။ ကျွန်မက Paihia ထဲမှာရော ဘာရှိမလဲ မြို့ထဲလျှောက်ပတ်လို့ရောမရဘူးလားဆိုတော့ သူက Russell ကပိုကောင်းမယ်ထင်တယ်။ ဒီမှာက ထွေထွေထူးထူးသိပ်မရှိသလို ထွေထွေထူးထူးရှိတဲ့အထိသွားချင်ရင်လဲ အပြန် ကားမမှီဘူးတဲ့ Russell က နီးနီးနားနားနဲ့ မော်တော်လဲစီးရမယ်။ ကြည့်စရာလည်စရာနဲ့ စားသောက်ဆိုင်တွေလဲရှိတယ်ဆိုတော့ ကျွန်မတို့လဲ သူပြောတာနားထောင်လိုက်ပါတယ်။ သူကလဲ ယိုးဒယားတို့ ဘာတို့ သွားလည်တုန်းကလို ကိုယ့်ကို ရိတ်ချင်လို့ အကြံဖန်ပုံစံမဟုတ်ပဲ စေတနာနဲ့ အကြံပေးနေတဲ့ပုံပါပဲ။ မော်တော်ခက အသွားအပြန် တစ်ယောက်ကို NZD 12 ကျပါတယ်။

ကျွန်မတို့ရဲ့ တိုးဆိုင် အင်ဖိုကောင်တာပါ
သင်္ဘောဆိပ်ကို အမှီလေးပြေးမှ


မော်တော်က မိနစ် ၃၀ခြားတစ်ခါထွက်ပါတယ်။ ကျွန်မတို့ကို ညနေ ၃နာရီခွဲထွက်တဲ့ မော်တော်နဲ့ပြန်လာဖို့ မှာလိုက်ပါတယ်။ မော်တော်စီးတာက ၁၅ မိနစ်လောက်ပဲကြာပါတယ်။ ဒါပေမဲ့ တစ်စီးကို မိနစ် ၃၀ခြားထွက်တယ်ဆိုတော့ ၄နာရီမော်တော်နဲ့ ပြန်လာရင် ကားကို ကပ်လွတ်နိုင်တယ်လေ။ မော်တော်ဆိပ်ကို ဆင်းတော့ Russell ကိုသွားမဲ့ မော်တော်က အဆင်သင့်ပါပဲ။ တက်လို့ရပြီတဲ့။ ကိုယ်က ခုမှ စစရောက်ချင်းဆိုတော့ Kiwi တွေ (New Zealand နိုင်ငံသားတွေကို Kiwi လို့ ခေါ်ကြပါတယ်) ရဲ့ အင်္ဂလိပ်လေသံကို သိပ်မဖမ်းမိသေးပါဘူး။ ဒီမှာတော့ ကိုယ့်ထက် Listening Skill ကောင်းတဲ့ Mr. Right က သူတို့ ဘာပြောပြော သူနားလည်တယ်။ ကျွန်မက တော်တော်လေး အာရုံစိုက်မှ နားလည်တယ်။ သူတို့ စကားပြောတာပဲ ဝဲတာလား (ဟဲဟဲ ကိုယ်က နေးတစ်စပီကာဆိုတော့ ခွိ) ကိုယ်ပဲ အကျင့်မရသေးတာလားတော့ မသိပါဘူး။ Singapore မှာ က This one, That one, Yes, No, Can.. Can ဆိုတာနဲ့တင် မေးခွန်းကို လိုရင်းသိနေပြီ။ ဟိုရောက်တော့ ဒါက Russell သွားမဲ့ မော်တော်လား။ တက်လို့ရပြီလားမေးရင်။ “Absolutely Darling blah blah blah” ဆိုတော့ကာ ကိုယ်က သူပြောလိုက်တဲ့ စာကြောင်းအရှည်ကြီးကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ ဘာလုပ်ရမှန်းမသိတော့ဘူး။ ခွိ… နောက်ဆုံးတော့လဲ စင်္ကာပူအသုံးအနှုံးနဲ့သာဆိုရင် “Yes, Can Can” လို့ ဖြေလိုက်ရင် ပြီးသွားမှာ။ Mr.Right က သူတို့ ဘာပြောပြောကြားတော့ ကိုယ့်ယောက်ျားကိုယ် အထင်နည်းနည်းကြီးသွားသလိုလို မနာလိုသလိုလိုပေါ့။ ကိုယ်မကြားလိုက်တဲ့ စကားလုံးကို သူ့ကို ဇွတ်အတင်း ပြန်မေးတော့တာ။ သူတကယ်ကြားတာလား မှန်းပြောတာလား စမ်းတာလေ။ 

Yay... We catch the boat

Russell မြို့လေးအကြောင်း နည်းနည်းပြောပြရရင်ဖြင့် ကြည့်တော့သာ ကျွန်းသေးသေးလေးပေါ်က ဘာမှထွေထွေထူးထူးမရှိ လူခြေတိတ်တိတ်မြို့လေးပေမဲ့ နယူးဇီလန်ရဲ့ သမိုင်းမှာတော့ ဒီမြို့လေးဟာ အထင်ကရရှိခဲ့ပါတယ်။ နယူးဇီလန်ကို ဥရောပသားနဲ့ အမေရိကန်သားတွေ စတင်ရောက်ရှိလာခဲ့တဲ့ နေရာဟာ Russell မြို့လေးဖြစ်လာမဲ့ Kororareka လို့ အရင်က ခေါ်တွင်တဲ့ မြို့လေးကိုပေါ့။ ၁၈၀၀ ခုနှစ် အစောပိုင်းလောက်က အနောက်တိုင်းသားသင်္ဘောတွေဟာ Kororareka မြို့လေးကို စတင်စိုက်ကပ်ပြီး အဲ့ဒိကနယ်ခံတွေဖြစ်တဲ့ Maori (မာအိုရီ) လူမျိုးတွေနဲ့ ကုန်သွယ်စီးပွားလုပ်ခဲ့ကြတယ်။ နယ်ခံ မာအိုရီတွေဟာ အနောက်တိုင်းသားတွေနဲ့ ခုလို ကုန်သွယ်လဲလှယ်အလုပ်ကို လုပ်ကိုင်ရေးကို သဘောကျတဲ့အတွက် သူတို့ဆီ သင်္ဘောတွေ ကမ်းဆိုက်စေရန် အစားအစာနဲ့ ကြေးနီတွေကို ရောင်းချခဲ့တယ်။ သူတို့ ပြန်လိုချင်ခဲ့တာက ကုန်သည်တွေဆီက လေးစားမှု၊ လက်နက်၊ နိုင်ငံခြား ယမကာနဲ့ တခြား ဥရောပထွက်ပစ္စည်းတွေဖြစ်တယ်။

ဒီလိုစီးပွားဖြစ်တဲ့မြို့လေးရဲ့ အေးချမ်းမှုက မကြာခင်ပဲပျက်စီးခဲ့တယ်။ ဥပဒေ မစိုးမိုးတဲ့ဒီမြို့လေးမှာ ပြည့်တန်ဆာလုပ်ငန်းတွေ ပေါများလာခဲ့တယ်။ ဥရောပဥပဒေလဲ မရှိသေး၊ နယ်ခံ မာအိုရီဥပဒေကလဲ မထိန်းချုပ်နိုင်ဖြစ်ပြီး ပတ်စိဖိတ်ရဲ့ ငရဲပေါက် "Hell Hole of the Pacific" တောင် အမည်ပေးခံခဲ့ရတယ်။ မတ်လ ၁၈၃၀ မှာဆိုရင် အဲဒိ ပင်လယ်ကမ်းစပ်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို Girl’s War လို့တောင် ခေါ်တယ်လို့ သိရတယ်။ နောက်ပိုင်း နယူးဇီလန်ကို ကိုလိုနီပြုလိုက်တဲ့အချိန်မှာ နယ်ပိုင် Gobson က Kororareka မြို့ရဲ့ နာမည်ဆိုးတွေကြောင့် မြို့တော်အဖြစ် လုပ်ရမှာစိုးရိမ်ခဲ့တယ်။ ပြီးတော့နောက်ပိုင်းမှာ Kororareka မြို့လေးရဲ့ နာမည်ကို ကိုလိုနီအတွင်းရေးမှူး အရာရှိ Lord John Russell ကို အမှတ်ထားပြီး အဲ့ဒိမြို့လေးကို Russell လို့ ပြောင်းလဲ ခေါ်တွင်စေခဲ့တယ်။ 





Romantic Russell 


Russell မြို့လေးကို ကမ်းကပ်တော့မယ်...

ခုလို သမိုင်းကြောင်းတွေရှိခဲ့တဲ့ Russell မြို့လေးဟာ ကျွန်မတို့ ရောက်သွားတဲ့အချိန်မှာတော့ အေးချမ်းပြီး စိတ်နှလုံးကြည်ရွှင်စေတဲ့ တိုးရစ်မြို့လေးတစ်မြို့လိုဖြစ်နေလေရဲ့။ မော်တော်ကမ်းနားနီးလာတာနဲ့ ကမ်းတောက်လျှောက်က ဥရောပစတိုင် လုံးချင်းအိမ်ပုံစံ စားသောက်ဆိုင်လေးတွေတန်းစီပြီးတွေ့ရသလို Fish & Chips အနံ့ကလဲ မွှေးပျံ့ပြီးနေတာပါပဲ။ စားသောက်ဆိုင်တွေမှာ ရောင်းနေတဲ့ သူတွေရယ် သင်္ဘောမောင်းတဲ့သူတွေရယ်ကလွဲလို့ ကျန်တာအကုန်က တိုးရစ်တွေချည်းပဲလို့ ထင်မိတယ်။ တိုးရစ်တော်တော်များများက Hole in the Rock cruise ကိုပဲ သွားကြလို့ Russell မှာ လူသိပ်မများတာလား၊ နယူးဇီလန်က နဂိုကတည်းက လူနည်းလို့ ဘယ်သွားသွား လူနည်းတာလားတော့ မဝေခွဲတတ်ပါ။ ဒါပေမဲ့ သစ်ပင်လေးတွေနဲ့ ကားလမ်းလေးဘေးမှာ ခင်းကျင်းထားတဲ့ စားပွဲခုံလှလှလေးတွေနဲ့ Fish and chips အနံ့ မွှေးမွှေးကတော့ နေ့လည်စာ မစားရသေးတဲ့ ကျွန်မတို့ကို ဆိုင်ဝင်ထိုင်ချင်စိတ်ဖြစ်မိပါတယ်။ ဆိုင်တန်း အဆုံးထိ ကောင်းနိုးရာရာ ကျွန်မတို့ ကြိုက်မဲ့အစားအစာရောင်းတဲ့ဆိုင်ရှိမရှိ အရင်ကြည့်ပြီး အားလုံးက ဥရောပစာရောင်းတဲ့ဆိုင်တွေချည်းတူတူပဲဆိုတော့ ရှေ့ဆုံးက အလှဆုံးနဲ့ လူတွေလဲ အများဆုံးဖြစ်တဲ့ “Sally’s” ဆိုတဲ့ ဆိုင်ကိုပဲ ဝင်ထိုင်ဖြစ်ပါတယ်။ သူတို့ဆိုင်က တခြားဆိုင်နဲ့ယှဉ်ရင် လူများတာလဲမပြောနဲ့လေ။ တခြားဆိုင်ရှေ့မှာ ဝင်စားမလို့ ရပ်ကြည့်ဖြစ်သေးတယ်။ ဆိုင်ထဲက ဘယ်သူမှလဲ မရှိ ဖွင့်လား မဖွင့်လားတောင် မသေချာ။ Sally’s ကို ဝင်တော့ ဆိုင်ရှင်လို့ထင်ရတဲ့ အမျိုးသမီးက ချက်ချင်းကိုယ့်ကို ဘာစားမလဲ ဘာညာ လာမေးတယ်လေ။ အဲ့ဒါ စီးပွားဖြစ်တဲ့ဆိုင်နဲ့ စီးပွားမဖြစ်တဲ့ဆိုင်ရဲ့ ကွာခြားချက်ပဲ။ 



First, We Just Passed by Sally's

Sally's yummy Fish and Chips... I love fresh vegetables and dressing.

Everything seems peaceful and plasent in Russell...

My all time favourite travel partner since 2008

ကျွန်မတို့လဲ ဖြစ်ချင်တာမဖြစ်တဲ့ လောကကြီးမှာ ဖြစ်နေတာကိုပဲ ၂ယောက်အတူ ခံစားတော့မယ်ဆိုတဲ့ Honeymoon စုံတွဲပီပီ Romantic ဆန်တဲ့ဒီဆိုင်လေးမှာ အေးအေးဆေးဆေး ထိုင်စားနေလိုက်ပါတယ်။ လေညင်းခံရင်း ပြာလဲနေတဲ့ ပင်လယ်ပြင်ကိုငေးရင်းနဲ့ပေါ့။ နေ့လည် ၁နာရီမိနစ်၂၀လောက်ကျမှ ဟိုဟိုဒီဒီလျှောက်ကြည့်ဖို့ ထွက်လာကြပါတယ်။ အင်ဖိုမေးရှင်းကောင်တာက ယူလာတဲ့ စာရွက်ထဲက အနီးစပ်ဆုံးနဲ့ သိပ်မဝေးမဲ့နေရာတွေကို ဦးတည်သွားလိုက်ပါတယ်။ နယူးဇီလန်ရဲ့ ပထမဆုံး ဘုရားကျောင်းဖြစ်တဲ့ Christ Church ကို ရှုခင်းကြည့်ရင်း ဓာတ်ပုံရိုက်ရင်း လိုက်ရှာကြပါတယ်။ သူတို့ပြောတဲ့ သမိုင်းဝင် ပြတိုက်ကိုလဲတွေ့ပါတယ်။ Russell မြို့ရဲ့ သမိုင်းဝင်ပြတိုက်ဆိုတာ တကယ်တော့ အပြင်ကကြည့်ရင် လုံးချင်းအိမ်လေး တစ်လုံးလောက်ပဲရှိပါတယ်။ ကိုယ်တွေလဲ ရှုခင်းကြည့်ချင်တာက များတော့ ပြတိုက်ဝင်မကြည့်ဖြစ်ခဲ့ပါဘူး။ 

အဲ့ဒိ ပြတိုက်နားမှာပဲ Christ Church ရှိပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ ဒီဘုရားကျောင်းဟာ နယူးဇီလန်မှာ သက်တန်းအရင့်ဆုံးဘုရားကျောင်းပါ။ နယူးဇီလန်စစ်တွင်းက ကျည်ဆန်ပေါက်တွေတောင် ခုချိန်ထိ တွေ့နိုင်သေးတယ်လို့ဆိုပါတယ်။ ဘုရားကျောင်းဝန်းအတွင်းမှာတော့ အုတ်ဂူတွေကို တွေ့မြင်နိုင်ပါတယ်။ ၁၈၄၅ ခုနှစ် စစ်တွင်းကျဆုံးခဲ့တဲ့ စစ်သည်တွေကို အမှတ်တရအထိမ်းအမှတ် အဖြစ် စိုက်ထူးထားတဲ့ ကျောက်တိုင်လဲ ရှိပါတယ်။ လူသူရှင်းပြီး တခြားဘယ်တိုးရစ်တစ်ယောက်မှ မရှိလို့ အဲ့ဒိ အေးချမ်းတဲ့ နေရာလေးကို သူနဲ့ ကျွန်မ ၂ယောက်တည်းအတွက်ရထားပါတယ်။ ဘုရားကျောင်းနာက အပင်လေးအောက်မှာ ခုံတန်းလေးရှိပြီး လေက တဖြူးဖြူးတိုက်နေတော့ အဲ့ဒိကနေထချင်စိတ်တောင် မရှိဖြစ်မိတယ်။ ဘုရားကျောင်းထဲဝင်ကြည့်မလို့ပဲ။ ဘယ်သူမှလဲ မရှိ။ ဝင်လို့ ရမရလဲ မသေချာတော့ အပေါက်ဝကပဲ ကြည့်ခဲ့တယ်။ ပြီးတော့ Russell Trail 2 လျှောက်လမ်းပေါ်က အလံတိုင်ရှိတဲ့နေရာကို ခရီးဆက်ခဲ့ကြတယ်။ အချိန်က ၂နာရီ မိနစ် ၂၀ရှိပြီ။

ပြတိုက် အပြင်က ဆိုင်းဘုတ်နဲ့

ဒီလမ်းမကြီးရဲ့ အလယ် တို့တွေ ချစ်သက်သေ တိုင်တည်။ ခိခိ

သမိုင်းဝင် နယူးဇီလန် သက်တမ်းအရင့်ဆုံး ဘုရားကျောင်း

ဘုရားကျောင်းထဲက အုတ်ဂူများ

အေးချမ်းတဲ့ အပင်ရိပ်

ဘုရားကျောင်းအတွင်းဘက်...


ခြံလေးတွေထဲက လုံးချင်းတစ်ထပ်အိမ်လေးတွေရှိတဲ့ ရပ်ကွက်အတိုင်းလမ်းလျှောက်လာပေမဲ့ ရံဖန်ရံခါ ဖြတ်မောင်းသွားတဲ့ ကားတစ်စီး နှစ်စီးကလွဲလို့ ကျွန်မတို့ချည်းပဲ လမ်းပေါ်မှာရှိပါတယ်။ လူအလွန်ရှုပ်တဲ့ မြို့က လာတဲ့ သူတွေမို့ လူအလွန်ရှင်းတဲ့ အရသာကို ခံစားရတာ တမျိုးကြီးဖြစ်နေပါတယ်။ ဒါက ပုံမှန်ရော ဟုတ်ရဲ့လား။ ဇွန်ဘီတွေများဖြစ်နေကြပြီလား။ I am legend ထဲက Will Smith ရဲ့ ခံစားချက်က ဒါမျိုးထင်တယ်။ အဲဒါကြောင့် သူနဲ့ ကျန်ခဲ့တဲ့ သူ့ခွေးလေးကို သူသိပ်ချစ်တာနေမှာ။

ရပ်ကွက်လမ်းက မြက်ခင်းများပြီး အရိပ်ရအပင်မရှိတော့ နေရှိန်လို့ ကျွန်မခရီးသွားတိုင်း အမြဲပါတဲ့ ဂျပန်ခရီးစဉ်ကတည်းက ဝယ်ထားတဲ့ ဦးထုပ်လေးကို ဆောင်းထားလိုက်မှ နေပူသက်သာသွားတယ်။ ရပ်ကွက်လမ်းဆုံးတော့မှ တောင်ကုန်းကို စတက်ရတော့တယ်။ တောင်ကုန်းတက်တော့ အပင်တွေရှိလာပြီ။ တည်းခိုခန်းတွေလဲတွေ့ပါတယ်။ တောင်ပေါ်ကို ကားတွေနဲ့ တက်တာ တွေ့တယ်။ (ဒါပေမဲ့ အလံတိုင်ရောက်တော့ ကားတွေမတွေ့ဘူး။ သူတို့ ဘယ်အထိသွားလဲတော့ မသိ) တောင်ကုန်းက အတော်တက်ရတယ်။ ညနေ ၃နာရီထိုးတော့ ကျွန်မတို့သွားချင်တဲ့ Maiki Hill (Flagstaff Hill) ကိုရောက်တယ်။ အဲ့မှာ စုံတွဲ တစ်တွဲက လွဲလို့ တခြားဘယ်သူမှ မရှိဘူး။ အမျိုးသားက အပေါ်ပိုင်း ဗလာနဲ့ မျက်ခင်းပေါ်နေပူဆာလှုံနေတယ် (ပူပြီးသားနေကို ထပ်လှုံနေတာ)။ အမျိုးသမီးကတော့ ကျွန်မတို့ တက်လာတဲ့အချိန်မှာ အလံတိုင်နားရပ်နေတာပဲ။ ဒါပေမဲ့ သူတို့ပုံစံက သိပ်တော့ Friendly ဖြစ်လှပုံမရဘူး။ ရန်ပဲဖြစ်ထားတာလား။ ကျွန်မတို့လာလို့ပဲ အနှောင့်အယှက်ဖြစ်လို့လားတော့မသိဘူး။ ကျွန်မတို့ကလဲ ၃နာရီခွဲ မော်တော်ဘုတ်နဲ့ ပြန်ရမှာဆိုတော့ အချိန်သိပ်မရလှတာတစ်ကြောင်း၊ Mr.Right ကလဲ အလကားနေ အဲ့စုံတွဲကို အားနာပြီး မြန်မြန်လုပ် မြန်မြန်လုပ် လိုက်လောနေတာက တစ်ကြောင်းကြောင့် ဓာတ်ပုံရိုက် ခဏရှုခင်းကြည့်ပြီး ပြန်ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ရှူခင်းကတော့ အတော်လှပါတယ်။ ကမ်းခြေတစ်လျှောက်ရယ်၊ အဲဒိအနားက ခြုံတွေက Frame လိုဖြစ်နေတယ်။ ကြားတာတော့ အဲ့ဒိ ခြုံတွေထဲမှာ Kiwi ငှက်လေးတွေနေတယ်လို့ပြောတယ်။ ငှက်လေးတွေက လူကြောက်လို့ တွေ့ရဖို့တော့ သိပ်မလွယ်လှဘူးတဲ့။



ကားမောင်းတတ်ရင် အိမ်ကားကြီးနဲ့ လျှောက်လည်တာ ကောင်းမလား

I AM LEGEND မဗေဒါ's Version

အပြန်ဆင်းတော့ ဒီဘက် Beach ရှုခင်းရှိတဲ့ တောလမ်း ဘက်က ဆင်းရင် လမ်းက နည်းနည်းမတ်စောက်ပေမဲ့ အချိန်က နည်းနည်းပိုမြန်မယ်ဆိုတော့ အဲဒိလမ်းဘက်ကနေ ဆင်းခဲ့တယ်။ အစပိုင်းတော့ တောလမ်းခပ်မတ်မတ်ပဲ ဒါပေမဲ့ လျှောက်လို့ကောင်းပါတယ်။ နောက်ပိုင်းကျတော့ ကတ္တရာလမ်းနဲ့ ဆုံသွားတယ်။ အဲဒိကားလမ်းတောင်ဆင်းကနေ ပင်လမ်းကမ်းစပ်ရှုခင်းကို အပေါ်စီးကမြင်နေရတယ်။ မဗေဒါအကြိုက်ဆုံးကတော့ တောင်စောင်းတစ်လျှောက် တစ်ခါတစ်လေတွေ့ရတဲ့ လုံးချင်းအိမ် ခြံဝန်းလေးတွေ။ သူတို့က ကျနေကြီးထိုးနေတယ်ဆိုပေမဲ့ Sunset view နဲ့ ပင်လယ်နဲ့ တော်တော်လှမှာ။ တချို့အိမ်လေးတွေက မှန်ပြတင်းပေါက်တွေဆိုတော့ လှတယ်။ အဲလိုအိမ်လေးတွေ နေချင်လိုက်တာလို့ စိတ်ထဲက ဖြစ်မိပေမဲ့ တကယ်တမ်းနေဆိုရင်ကျပြန်တော့ ပျင်းလို့သေမှာပဲ။ ခိ ခိ။ ပိုက်ဆံသာရှိလို့ကတော့ အဲ့လိုအိမ်မျိုးကို အပန်းဖြေအိမ်လုပ်ဖို့ ဝယ်ပစ်မယ်။ ပြီးရင် မဗေဒါရဲ့ စာဖတ်သူတွေတည်းချင်ရင်လဲ ပေးတည်းမှာပေါ့နော်။ ငှဲ ငှဲ…



အလံတိုင်တောင်ထိပ် ရှုခင်းကိုရောက်တော့ Selfie stick နဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်မကို Mr.Right ရဲ့ ရိုက်ချက်

တောင်အောက်အမြန်ပြန်ဆင်းပါမယ်ဆိုမှ သူက နောက်က ဓာတ်ပုံရိုက်လို့ မပြီး

ဟယ်... ဘေးက အိမ်လေးတွေလှလိုက်တာ...

ရိုက်ထားအုံးမှ

တောင်ကုန်းပေါ်က ကမ်းစပ်ကို မျက်နှာမူထားတဲ့ အိမ်လေးတွေ

တောင်ဆင်းကနေ သင်္ဘောဆိပ်မှာ မော်တော်လေး ဆိုက်နေတာတွေ့တော့ သုတ်ခြေတင် အမြန်ပြေးကြတယ်။ ကမ်းစပ်နားက အပင်လေးမှာ ဒန်းလေးလုပ်ထားတော့ မနေနိုင် မထိုင်နိုင် ဝင်စီးလိုက်သေးတယ်။ ၁၀မိနစ်လောက် လိုသေးတယ်လေ။ ပြီးကျ အသေပြန်ပြေးကြပြန်ရော။ မြင်နေရပေမဲ့ ဝေးသေးတာကိုး။ သင်္ဘောဆိပ်နားရောက်လေ သင်္ဘောလွတ်သွားမှာကြောက်လေပဲ။ သူတို့က ၁မိနစ်နောက်ကျတောင် စောင့်တာတွေ မဟုတ်ဘူးလေ။ အထူးသဖြင့် သင်္ဘောပေါ် တခြားဧည့်သည်တွေရောက်နှင့်နေတော့ အားနာတယ်။ တော်သေးတယ် ကျွန်မတို့ မှီလိုက်တယ်။ ဒီလိုနဲ့ Paihia ဘက်ကို ပြန်ခဲ့ကြတယ်။



ဒန်းစီး လေဒီ

Paihia ကို ၃နာရီ ၄၅မိနစ်လောက်ရောက်သွားတော့ ၂၅ မိနစ်လောက် အချိန်ရသေးတာနဲ့ အိမ်သာလေးဘာလေးရှာရင်း အဲ့မြို့လေးနားက ဈေးတန်းလေးကို လျှောက်ကြည့်လိုက်သေးတယ်။ တိုးရစ်လက်ဆောင်ပစ္စည်းတွေနဲ့ စားသောက်ဆိုင်တန်းလေးတွေပါ။ ရေခဲမုန့်တော့ စားချင်စိတ်ဖြစ်မိတယ်။ ဒါပေမဲ့ ကိုယ်က ထိုင်စားချင်တာ။ အေးဆေးထိုင်စားဖို့တော့ အချိန်သိပ်မကျန်ဘူးလေ။ ဒီလိုနဲ့ပဲ ကားဂိတ်ကို ပြန်လာပြီး စောင့်နေလိုက်တယ်။ ကိုယ့်လိုပဲ စောင့်နေတဲ့ လူငယ် ၂ယောက်လောက်ရှိတယ်။ ကားလာခါနီးကျတော့ နောက်ထပ် အုပ်စုတစ်စုရောက်လာတယ်။ ဒါပဲ။ ၄နာရီ ၂၀လောက်မှာ ကားရောက်လာတယ်။ ရောက်တာနဲ့ စောင့်နေတဲ့ လူတွေ တက်ပြီးတာနဲ့ တန်းထွက်တော့တာပဲ။ အဝေးပြေးကားသာပြောတယ် တစ်စက်ကလေးမှ မစောင့်ဘူး။




အပြန်လဲ အလာတုန်းက ကော်ဖီဆိုဒ်လေးမှာ ရပ်တယ်။ ကော်ဖီဆိုင်က အလုပ်သမားတွေက ပျော်ပျော်ရွှင်ရွှင် စစနောက်နောက်နဲ့ သူတို့ကိုကြည့်နေရတာ မပျင်းဘူး။ ကိုယ် Muffin နဲ့ Hot chocolate သွားဝယ်တော့ ကိုယ့်ကိုတောင် နောက်လိုက်လို့ ကိုယ်လို အာရှတိုက်သူ စစ်စစ်ပီပီ ကြောင်အမ်းအမ်းဖြစ်ရတယ်။ ကိုယ်တွေက မသိတဲ့သူနောက်မှ မနောက်ပဲကိုး။ ပြီးတော့ သူတို့ အဖြူတွေနောက်ရင်လဲ သူတို့ဘာပြောလဲဆိုတာ နားလည်ပေမဲ့ သူတို့ ဘာကိုဆိုလိုလဲဆိုတာကို အတော်တွေးရတယ်။ Culture ကွဲရုံမကဘူး တစ်ချို့ Joke တွေကလဲ သူတို့နဲ့ ကိုယ်က ကွဲတာကိုး။ အပြင်မှာသာ ကြောင်အမ်းအမ်းဖြစ်တာ အင်္ဂလိပ်ကားတွေကြည့်ရင်ကျတော့ သူတို့ Joke တွေကို နားလည်တယ်။ အပြင်မှာကျတော့ သူတို့ Joke ကို သိရင်တောင် ကိုယ်က ဘယ်လို တုံ့ပြန်ရမလဲ မသိဘူး။ ဒီလောက် ခရီးတွေသွားနေလဲ ခုထက်ထိ အနည်းနဲ့ အများလူကြောက်နေသေးတဲ့ ကိုယ့်ကိုကိုယ် အားမရဘူး။ ဒါဟာ ကိုယ်တိုးတက်ရမဲ့ အရည်အချင်းတစ်ခုပဲဆိုတာကို ကောင်းကောင်း သတိထားမိတယ်။

Auckland ကို ည ၈နာရီလောက်ပြန်ရောက်တော့မှ ညစာကို သူကြိုက်တဲ့ Kebab ဆိုင်မှာပဲ သွားစားဖြစ်တယ်။ တချို့တွေက ပြောတာကြားဖူးတယ် ယောင်္ကျားဆိုတာ နေ့တိုင်း ကြက်သားဟင်းနဲ့ စားနေရရင် ငြီးငွေ့ပြီး ငပိရည်လေးလဲ တစ်ခါတစ်လေပြောင်းစားချင်တတ်ကြတယ်တဲ့။ (ယောင်္ကျားတွေ ဖောက်ပြန်တတ်တဲ့ စိတ်သဘောလေးကို တင်စားတာပေါ့လေ)။ ဒါပေမဲ့ ကျွန်မ Mr.Right ကတော့ သူကြိုက်ပြီလာဟေ့ဆို အဲ့တစ်ခုပဲ စွဲစားတော့တာ။ ခုချိန်ထိ သူကြိုက်တဲ့ အစားအစာ အမျိုးအစား အနည်းကျဉ်းကိုပဲ လှည့်ပတ် ထပ်ကာထပ်ကာစားနေတာ။ ဒါတောင် ကျွန်မနဲ့ အကြောင်းပါပြီးမှ သူကြိုက်တဲ့ အစားအစာ အသစ်တွေ နည်းနည်းထပ်တိုးလာတာ။ အသစ်အဆန်း မြည်းစမ်းစားကြည့်ရမှာလဲ အလွန်တရာမှ တွန့်ဆုတ်တာ။ ခုလဲ ရောက်တဲ့ နေ့က Kebab၊ ဒီနေ့လဲ Kebab ကျွန်မလဲ ၁ရက် ၂ရက်တော့ လိုက်စားနိုင်သေးတယ်။ (နောက်ပိုင်းရက်တွေကျတော့ Kebab ချည်းစားချင်နေတဲ့သူ့ကို လိုက်မစားပေးနိုင်တော့ဘူး။ နောက်ပိုစ့်ကျမှ ပြောပြရအုံမယ် အကြောင်းတွေ) ဒီတစ်ခေါက်တော့ ကျွန်မက Kebab ဆိုင်ကရောင်းတဲ့ ဘာဂါကို စားတယ်။ Kebab စားရတာ မမုန်းပါဘူး။ ဒါပေမဲ့ Lamb အသားက အရမ်းအညှီကြီး မဟုတ်ပေမဲ့ အနံ့တော့ရှိတယ်။ အစက ကိုယ်က အဲ့ဒိအနံ့ကို ခံနိုင်ပေမဲ့ နေ့တိုင်းကြီး Lamb meat and chips ကြီးပဲကျတော့ မခံနိုင်ဘူး။ 


Burger နဲ့ပဲ ကျေနပ်ရတဲ့ ဘဝ

Mr.Right သိပ်သိပ်ကြိုက်တဲ့ Lamb meat and chips


ဟော်တယ်ကို ပြန်ရောက်တော့ အောက်က အိတ်သိမ်းတဲ့နေရာမှာ ငါတို့ရဲ့ အိတ်တွေရောက်လားဆိုတော့ အဲ့ဒိက မသိဘူး။ ဒါနဲ့ မရောက်သေးဘူးထင်ပြီး စိတ်ပျက်ပျက်နဲ့ အခန်းပေါ်တက်ခဲ့ကြတယ်။ အထဲဝင်လိုက်တော့ အိတ်လေးတွေ နေရာတကျရောက်နေပြီ။ ပျော်လိုက်တာ။ ခုမှပဲ ရောက်ကတည်းက ဝတ်နေရတဲ့ အင်္ကျီလဲရတော့မယ်။
နောက်နေ့ Waiheke သွားရင်း ခရီးဆက်လို့ရပြီဆိုပြီး စိတ်အေးရတယ်။ ဒီလိုနဲ့ ဟန်နီးမွန်းအိပ်မက် Day 2 ကို အဆုံးသတ်လိုက်ပါပြီ။


Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day6 (Part 2)

9 comments :

Anonymous said...

လှပတဲ့ရှုခင်းလေးတွေ မျှဝေခံစားခွင့် ရတဲ့ အတွက်ကျေးဇူးပါ.. အပန်းဖြေအိမ်ဝယ်ပြီးရင်လည်း လက်တို့ပါဦးနော်..
TZN

Anonymous said...

စောင့်ဖတ်ရတာ အမော ခုမှပဲအမောပြေတယ်။ သွားလည်ဖို့အစီအစဉ်ရှိတယ်။ အဲခါကျ အလွတ်လာကျက်မယ် ဟိ။ ဟုတ်ပ အဲ Caravan နဲ့လျှောက်သွားချင်တယ်။ ဟိုတလောကပဲ အလုပ်တူတူလုပ်တဲ့ Queensland က တစ်ယောက် သူ့ ရည်းစားနဲ့ ဒီကနေPerth ကိုအဲကားနဲ့ပဲ မောင်းသွားကျတယ်.အေးအေးဆေးဆေးပဲ တစ်ပတ်လောက်တော့ကြာတယ်ပြောတယ်။

Yum

Anonymous said...

ရှူခင်းတွေ တဝကြီး ကြည့်သွားတယ်

မိုးဦးစံပယ် said...

ရှုခင်းတွေကြည့်ရုံနဲ့ လန်းဆန်းအေးမြခြင်းကို ခံစားလိုက်ရတယ်။ တနင်္လာနေ့ ပျင်းရိစွာနဲ့ရုံးကိုလာပြီး ကွန်ပြူတာဖွင့်လိုက်တော့ မဗေဒါရဲ့ ပိုစ့်လေးဖတ်လိုက်ပြီး လူက လန်းဆန်းသွားတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ပိုစ့်လေးလဲမြန်မြန်တင်ပါနော်။

mabaydar said...

@TZN - ပိုစ့်တင်တင်ပြီးချင်း ဖေ့ဘွတ်page မှာတောင် မရှယ်ခင် လာပြီး အားပေးသွားတဲ့အတွက် အတိုင်းထက် အလွန် ပျော်မိသလို ကျေးဇူးတင်မိပါတယ်။ မနက်က TZN ကွန်မန့်ကြောင့် တမနက်လုံး စိတ်ကြည်လင်ပြီး ပြုံးနေမိတယ်။ ကျေးဇူးပါ။ ဒါနဲ့ TZN က facebook page ရော like ထားလားဟင်?

@Yumm - တော်တော်ကြာမှ တင်မိလို့ တောင်းပန်ပါတယ်။ SEA Game ဘောပွဲရယ် နောက်ပိုင်း အလုပ်ရှုပ်တာရယ်နဲ့ မရေးဖြစ်တာ အတော်ကြာသွားတယ်။ Yumm အလွတ်ကျက်မယ်ဆိုမှ... ကိုယ့်ဟာကိုယ်တောင် ခရီးသွားပိုစ့် ပေါင်းချုပ် စာအုပ်လေးလုပ်ပြီး readers တွေ လက်ဆောင်ပေးချင်တာ။ ဟီး။ အင်း အိမ်ကားနဲ့က သွားချင်တဲ့ နေရာသွားလို့ရပေမဲ့ သူ့ဟာနဲ့သူ Drawback တွေ ရှိတာတွေလဲ ရှိမယ်ထင်တယ်။ ဒါပေမဲ့ မလုပ်ဖူးတော့ စွန့်စားခန်းတစ်ခုအနေနဲ့တော့ လုပ်ချင်တယ်။

@Anonymous - ကျေးဇူး။ ဓာတ်ပုံတွေက ကားပေါ်ကနေ ရိုက်ထားတာ။ မြင်းတွေ နွားတွေနား သွားရိုက်ချင်တာ ကားက မရပ်တော့လဲ ဖြတ်သွားတုန်း အမှီပဲ။ လှတယ်ဆိုလို့ ၀မ်းသာပါတယ်။

@မိုးဦးစံပယ် - ညီမရေ။ ခုလို လာပြီး ပြောပြသွားတာ ကျေးဇူးပါ။ ရေးရတာလဲ အားရှိတယ်။ မြန်မြန်ရေးနိုင်အောင် ကြိုးစားမယ်နော်။

Anonymous said...

အရမ်းအရမ်းကို စိတ်ကြည်နူးစရာလေး Russell မြို့လေး ကြိုက်လိုက်တာဟယ် အခုတလော မြို့ပြကနေ ထွက်ပြေးချင်စိတ်ပေါက်နေတယ် အဲလိုနေရာမျိုးလေးမှာ တစ်ပါတ်ဆယ်ရက်အမုန်းကိုနေပလိုက်ချင်နေပြီ ဇွန်ဘီမြို့မှာ ထိုင်ပြီး ဘာမှမလုပ်ပဲနဲ့ကို အဲ့လူမရှိတဲ့လမ်းနဲ့အိမ်တွေနဲ့ကို တနေကုန်ထိုင်ကြည့်နေလိုက်ချင်တာ ဟွင်းးး 2014 က ဆွီဒင်က Gothernburg ကိုသွားတုန်းက မဗေဒါတွေးသလိုပဲ အိမ်လေးတွေလှလွန်းလို့ ဟောလီးဒေးဟုမ်းမ်လိုချင်ခဲ့ဖူးတယ် အဲ့မှာလဲ လူအရမ်းနည်းတယ် လူတွေကလဲ တော်တော်သဘောကောင်းကြတယ် ပြန်သွားမယ် နှစ်မကုန်ခင် ပြီးတော့ ဝိုင်းလက်ထပ်ပြီးကာစက Isle of whight ဆိုတဲ့ ကျွန်းမြို့လေးကိုသွားဖူးတယ် နေရာတွေတခုနဲ့တခုဝေးပြီး ထိုင်ငေးနေချင်စရာပဲကောင်းတယ် လာလည်ကြပါလားအေ
တိုးဘတ်စ်တွေအကြောင်းသေချာလေးရေးပြတာ ကျေးဇူးပဲ အဲလိုနာရီနဲ့ဝယ်စီးဖို့လုပ်ပေးထားတဲ့ အိုင်ဒီယာလေးကောင်းသားနော် တခါမှမကြားဖူးဘူး ဒါဝတ်မင်းသားနဲ့မင်းသမီးကလဲ အထုပ်တွေမရောက်ခင် ဒါလေးတွေပဲဝတ်နေရပေမယ့် ချစ်စရာလေးတွေဟယ် လူတွေ ဟန်းနီးမွန်းမှာလှကိုလှတယ် ပျော်နေလို့လားမသိဘူးနော် ဖြစ်တဲ့အခြေအနေကို အကောင်းဆုံးအသုံးချတဲ့ မဗေဒါနဲ့ ချစ်ချစ်ကိုတော့ သဘောကျပြီးကျရင်းပဲ အစာတစ်ခုကိုမပြောင်းမလဲစားတဲ့ အခြေအနေနဲ့လိုက်လျောညီထွေနေရှာတဲ့ Mr.Right ကိုလဲ လေးစားပြီးရင်းလေးစားလျက်

ခင်တဲ့
Wine

ဆုမြတ်မိုး said...

မဗေဒါရယ်... ပိုစ့်လေးတွေမျှော်နေတယ်နော်.. ဒီပိုစ့်ဖတ်ရတာမ၀ဘူး...အဆုံးထိကိုဖတ်ပစ်ချင်ပြီ...း)
စာဖတ်သူတွေကို ပေးတည်းမယ်ဆိုတာတော့ သဘောကျတယ်..ခစ်ခစ်...အိမ်ဝယ်ရင်ပြော လာလည်မယ်နော်..။

Anonymous said...

ကိုယ့်စိတ်ထဲရှိတာလေးကို ပြောခွင့်ရပြီး မဗေဒါ ပျော်ရွှင်ရတယ်ဆိုတော့ ထပ်တူပျော်ရပါတယ် .. Facebook page တော့ Like မထားရသေးပါဘူး..ပျော်ရွှင်စရာ နေ့သစ်များကို ပိုင်ဆိုင်နိုင်ပါစေ
TZN

mabaydar said...

@Wine - ၀ိုင်းက လူရှင်းပြီး တိတ်ဆိတ်တာကို ကြိုက်တာလား? မဗေဒါကတော့ လူအရမ်းကြီးရှုတ်တာမကြိုက်ပေမဲ့ တစ်ယောက်မှ မရှိပဲ ရှင်းနေရင်လဲ ပျင်းမှာသေချာတယ်။ ဟိ... ၀ိုင်းတို့ အနောက်တိုင်းဘက် လာလည်ဖို့ စိတ်ကူးရှိပါတယ်။ ဥရောပခရီးကို သူများတွေသွားသလို ၁ပတ် ၁၀ရက်လောက်နဲ့ ဥရောပနိုင်ငံတွေအားလုံး တိုးနဲ့ ပက်စိတ်တိုက် သွားတာမျိုး မလုပ်ချင်ဘူး။ ရောက်တဲ့ နိုင်ငံတစ်ခုမှာ အထိုက်အလျောက်အေးဆေး explore ချင်တာ။ အဲလိုလုပ်မယ်ဆိုရင်တော့ အရှေ့တိုင်းမှာနေတဲ့ သူအတွက်က အချိန်ရော ပိုက်ဆံရောစကားပြောတယ်။ အလုပ်ကလဲ ခွင့်ရအုံးမှ။ ဒါပေမဲ့ စိတ်ချပါ။ လာဖို့ တကယ်စိတ်ကူးရှိပါတယ်။ Isle of whight ကတော့ ခု ၀ိုင်းပြောမှ google လိုက်တာ တော်တော်လှတယ်။ နောက်လာမယ်ဆိုမှပဲ ဘယ်တွေလည်ချင်လဲ အသေးစိတ် Google ဖြစ်တော့မယ်ထင်တယ်။ အနောက်တိုင်းမှာ နေနေတုန်း အဲ့ဒိဝန်းကျင်နိုင်ငံတွေကို လည်သာလည်ထား။

@ဆုမြတ်မိုး - မဗေဒါလဲ အမြန်ရေးချင်ပါတယ်။ ခုတစ်လောမှ အလုပ်က တစ်ယောက်က အလုပ်ထွက်သွားတော့ ၂ယောက်စာလုပ်ပြီး အလုပ်တွေ လက်မလည်ဖြစ်နေလို့။ အလုပ်မှာ ဘလော့ရေးတဲ့အကျင့်ကို ဖျောက်ပြီး အိမ်က ကိုရီးယားကားကြည့်တဲ့ အချိန်ထဲက ဖဲ့ပေးပြီး ဘလော့ရေးဖို့ စိတ်ကူးထားပါတယ်။ ကြိုးစားရမယ်။ မရေးတာ နည်းနည်းပျက်သွားတာနဲ့ ပုံမှန် စာဖတ်သူတွေလျော့သွားတာတွေ့ရတယ်။ အိမ်ဝယ်ဖြစ်ရင် တကယ်လာမှာ သေချာလား?

@TZN - အရင်ကလဲ ကွန်မန့်တွေ တွေ့လို့ မဗေဒါဘလော့ကို ပုံမှန် ဖတ်တဲ့သူဆိုတာ သတိထားမိပါတယ်။ ဒီမှာ ပုံမှန်ဖတ်သူတော်တော်များများက ဖေ့ဘွတ် page ကို like ထားပြီး အဲ့မှာ update လုပ်မှသာ ဒီကို လာကြတာလေ။ အာ့ကြောင့် မေးကြည့်တာ။ ခုလို မှတ်မှတ်ရရ ကိုယ့်ဘလော့ကို လာဖတ်တဲ့သူရှိတယ်ဆိုတော့ အတိုင်းထက် အလွန်ပါပဲ။ ဒါနဲ့ မဗေဒါရဲ့ အပြင် သူငယ်ချင်း တစ်ယောက်ယောက်တော့ ဟုတ်ပါဘူးနော်? :P