Thursday, May 28, 2015

Honeymoon to New Zealand: Day1- Adventure to Auckland Begin (A visit to Auckland Tower)

၁ရက် မေလ ၂၀၁၅ညနေ နှင့် ၂ရက် မေလ ၂၀၁၅

ရှေ့ပိုစ့်က နယူးဇီလန်ဗီဇာလျှောက်တာလေးဖတ်ပြီးရုံနဲ့တင် ရင်မမောကြပါနဲ့အုံး။ ဗီဇာကို မဗေဒါတို့လို အနီးကပ်မှ မလျှောက်ပဲ သူပြောသလို ၃လကြိုလျှောက်ထားရင် အဆင်ပြေမှာပါ။ စောစောလျှောက်လေ ပိုကောင်းလေလို့ပဲ ပြောပါရစေ။ ခုမှ ဖေ့ဘွတ်ပေ့ချ်မှာ စာဖတ်သူတွေ ကွန်မန့်အရ တော်တော်များများကိုလဲ ထပ်တိုးစာရွက်စာတမ်းတွေနဲ့ INZ1200 Form တောင်းတာ သိရတယ်။ ကိုယ်သူတို့ဆီသွားချင်တယ်ဆိုမှတော့လဲ ကိုယ်က မှန်မှန်ကန်ကန် သွားမဲ့သူပဲ သူတို့တောင်းသမျှ တင်ရုံပေါ့ ဟုတ်ဘူးလား။

ဒီခရီးမှာ အချစ်၊အကြမ်း၊ စွန့်စားခန်းတွေနဲ့ ရသစုံပေးဖို့ ဖြစ်ပျက်ခဲ့တဲ့ နောက်ထပ်ရင်မောစရာတွေ ဆက်တိုက်ရှိသေးတယ်။ ဒါပေမဲ့လဲ ခရီးတစ်ခုသွားလို့ လူအသက်အန္တရာယ်ဘာမှ ဆိုးဆိုးရွားရွားမဖြစ်ဘူး။ ကူးစက်ရောဂါ၊ အကြမ်းဖက်သမား ဒါမျိုးတွေနဲ့ မတွေ့ခဲ့ရဘူးဆိုရင်တော့ ဖြစ်ပျက်သမျှ ပြဿနာတွေက တချိန် အမှတ်ရစရာ ရီစရာတွေအဖြစ်နဲ့ပဲ ပြန်ပြောပြနေဖြစ်တော့မှာပါ။
စာကြွင်း။ ။အိတ်ထည့်တဲ့ Tips and Tricks လေးတွေတော့ ခရီးသွားတဲ့အကြောင်းအားလုံးရေးပြီးမှပဲ ပိုစ့်တစ်ပုဒ်နေနဲ့ ရေးပါတော့မယ်။
ဒီတော့ ချန်ဂီလေဆိပ်မှာ ချက်အင်ဝင်တာကနေ စရေးပါပြီ။


Travelling - It leaves you speechless then turns you into Storyteller.


ပြဿနာ @ CheckIn ကောင်တာ


လေယာဉ်လက်မှတ်က မသွားခင် ၁ရက်ကမှ ကြိုဝယ်လိုက်တော့ အွန်လိုင်းချက်အင်တောင် လုပ်လို့ရနေပြီဆိုပြီး လုပ်ကြည့်တယ်။ ဒါပေမဲ့ မြန်မာပတ်စပိုစ့်ကိုင်ဆောင်သူဆိုတော့ ထုံးစံအတိုင်း သူများတန်းတူမရဘူး။ ဘာလို့လဲဆိုတော့ သွားမဲ့နိုင်ငံဗီဇာလိုတဲ့အတွက် ချက်အင်ကောင်တာမှာ သူတို့ လူတွေက တရားဝင်ဗီဇာရှိမရှိကို စစ်တယ်။ (အဲ့ဒိအကြောင်းအရင်းကြောင့်လို့တော့ ထင်တာပဲ။ မဟုတ်ဘူးဆိုရင် သိတဲ့သူပြောပြသွားနော်)

ပုံမှန်ဆိုရင်တော့ အမြဲတမ်း ကိုယ်သွားမဲ့ နိုင်ငံကို တိုက်ရိုက်ပျံရတာ ကြိုက်တယ်။ ဒါပေမဲ့ ကိုယ်ဝယ်တဲ့ရက်က အရမ်းကပ်နေတော့ ကိုယ်စစကြည့်ချင်းတုန်းက လေယာဉ်လက်မှတ်ဈေး စလုံး ၁၂၀၀ လောက်ပဲရှိရာကနေ ၂၉ရက်နေ့ ဝယ်မယ်ဆိုတော့ Air New Zealand ရော၊ Singapore Airline ရောက စလုံး ၂၁၀၀ အထိ ခုန်တက်သွားတော့ ကပ်စီးနည်းပြီး ဆစ်ဒနီမှာ Transit ၃နာရီ အချိန်အနည်းဆုံးဝင်မဲ့ လမ်းကို တစ်ယောက် စလုံးဒေါ်လာ ၁၅၀၀ ဝန်းကျင်နဲ့ ဝယ်လိုက်တယ်။ Emirate Airline ကနေ Qatar Airways ကို ပြောင်းစီးရမှာ။ ချက်အင်ကောင်တာကိုရောက်တော့ ကျွန်မတို့ကို ချက်အင်ပေးမဝင်ပါဘူး။ အကြောင်းကတော့ ကျွန်မတို့မှာ သြစီ Transit Visa မရှိလို့ပါပဲ။

ကျွန်မ သြစီ Transit Visa လိုမလို သြစီအင်မီဂရေးရှင်းဝက်ဆိုဒ်မှာ ဖတ်ခဲ့ပါသေးတယ်။ အဲ့ဒိမှာ ၈နာရီအောက်ဆိုရင် Destination country visa နဲ့ အထွက်လေယာဉ်လက်မှတ် ပြနိုင်တယ်၊ လေဆိပ်ထဲကလဲ မထွက်ဖူးဆိုရင် Transit visa မလိုဘူးလို့ ရေးထားတာ ဖတ်လိုက်ရပါတယ်။ အမှန်တော့ ကျွန်မ စာကို အသေးစိတ် သေချာမဖတ်ဖြစ်ခဲ့တာ ကျွန်မအမှားပါ။ အပေါ်ကဟာတွေက သူတို့ခွင့်ပြုထားတဲ့ နိုင်ငံတွေက ပတ်စပိုစ့်တွေကိုသာ အကြုံးဝင်ပါတယ်။ စလုံးတွေတောင် ၈နာရီကျော် Transit ဝင်မယ်ဆိုရင် Transit visa လိုပါတယ်။ သူတို့ Transit Visa ကတော့ အွန်လိုင်းကနေ အဖိုးအခနည်းနည်း၊ သက်သေစာရွက်စာတမ်း သိပ်မလိုနဲ့ လျှောက်လို့ရပါတယ်။ ကျွန်မတို့ရဲ့ ခေတ်မီဖွတ်ဖြိုးတဲ့နိုင်ငံ ပတ်စပိုစ့်တွေကသာ စာရွက်စာတမ်းတသီကြီးနဲ့ “မရှိခိုးနိုး မလှစုန်းမျိုး” ပုံစံမျိုး စစ်ဆေးခံရလေ့ရှိတာပါ။ (ကဲ… မြန်မာပတ်စပိုစ့်ကိုင်ရတာ ဂုဏ်ယူတဲ့သူတွေ ပြောကြပါအုံး။ ပြည်ဝင်ခွင့်ရတာ တစ်ခုတည်းနဲ့ မြန်မာပတ်စပိုစ့်ကိုင်ရတာကို ဂုဏ်ယူမနေနဲ့။ ပြည်ဝင်ခွင့်ကို နိုင်ငံတိုင်းလျှောက်ထားနေရတာကိုက အလုပ်မဟုတ်တာ ဆိုတာကို သိ)။

သူများနိုင်ငံသားတွေ ခုလို အေးအေးလူလူ အဆင့်အတန်းရှိရှိသွားလို့ရနေအောင် ဘယ်သူက လုပ်ပေးထားတာလဲ။ အစိုးရအားကိုးနေ အလကားပဲ အရာရာ ကိုယ်ထူကိုယ်ထ လုပ်ပေါ့ဟယ်လို့ပြောတဲ့သူတွေ ကိုယ့်ပတ်စပိုစ့်ကို ကမ္ဘာ့အလည်မှာ တန်ဖိုးရှိလာအောင် ခုလိုမျိုး ကန့်သက်ချက်တွေ အဆင်မပြေမှုတွေ လိုအပ်ချက်တွေ နည်းအောင် ကိုယ်ထူကိုယ်ထ လုပ်လို့ရလား?

ဥပမာပြောပြမယ်နော်။ “အမှိုက်တွေပွနေတာ အစိုးရအပြစ်မဟုတ်ဘူး။ လူတွေက စည်းကမ်းမရှိနဲ့ အဆင့်မရှိတာ။ ကိုယ်ထူကိုယ်ထ အမှိုက်သိမ်းကြ၊ ကိုယ်တိုင်ကျတော့ မပြောင်းလဲ့ချင်ဘူး အစိုးရလိုက်အပြစ်တင်နေတယ်” လို့ ပြောတဲ့သူတွေ။ စည်ပင်မှာ တာဝန်ရှိတာ မသိဘူးလား? အမှိုက်မပြစ်ရပညာပေးတွေ၊ လိုအပ်တဲ့ အမှိုက်ပုံးတွေ အမှိုက်သိမ်း ဝန်ဆောင်မှုတွေ တစ်တိုင်းတစ်ပြည်လုံးအင်အားနဲ့ ဆော်အောရမှာဘယ်သူ့အလုပ်လဲ? Singapore သန့်ရှင်းတာ စလုံးတွေ အစကတည်းက စည်းကမ်းရှိခဲ့ကြလို့ထင်လား? ဒဏ်ကြေးတစ်ခုတည်းချည်းပဲကြောင့် အမှိုက်မပြစ်တော့တာ မဟုတ်ဘူး။ နိုင်ငံသားတွေရဲ့ အကျင့်စရိုက် အရိုးထဲစွဲသွားအောင် အစိုးရက လမ်းကြောင်းပေးခဲ့တာ။ ကိုယ်တွေ့မို့ပြောတာ။ ကိုယ်တောင် ဒီမှာအနေကြာတော့ အမှိုက်ကို စည်းကမ်းတကျပဲ ပြစ်တဲ့အကျင့်ပါနေပြီ။

“လမ်းတွေပျက်နေတာ ကိုယ်ထူကိုယ်ထပြင်ရမှာပဲလေ။ ကိုယ်မပြင်လို့ဘယ်သူလာပြင်ပေးမှာလဲ။ အစိုးရကို အပြစ်မပြောနဲ့” ဆိုတာတွေ။ ရန်ကုန်ကနေ တောင်ကြီးအထိသွားမဲ့ပြည်သူက လမ်းခွန်တွေတော့ ဆောင်ရပါရဲ့ ၁ခါဖျက်မဲ့လမ်းကို ၁နှစ်လောက် ကိုယ်ထူကိုယ်ထပြင်ရမှာလား။ ဆောင်ထားတဲ့ လမ်းခွန်တွေက ဘာလုပ်ဖို့လဲ။

ကဲ ခုကိစ္စ ဒီပတ်စပိုစ့်ကိုင်လို့ ဒီလိုတွေဆက်ဆံခံရ၊ ဒီလိုတွေ အခက်အခဲတွေတွေ့ရ၊ ဒီလိုတွေ လိုအပ်ချက်တွေများရ၊ “မသွားနဲ့လေ။ ဘယ်သူကလျှာရှည်ပြီး သွားခိုင်းနေလို့လဲ။ ကိုယ့်နိုင်ငံလဲ လှနေတာ ကိုယ့်နိုင်ငံတော့ ကိုယ်မလည်ပဲ လျှာရှည်တာ နည်းတောင် နည်းသေး” လို့ပြောကြအုံးမဲ့ဖင်နာတစ်စုကိုလေ ပြောတော့ ပြောပြချင်တယ်။ နားလည်မယ်တော့မထင်ပါဘူး။

“မြန်မာပြည်သာ အမှန်တကယ် သန့်စင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ရင် ကြိုးစားသူတိုင်း ကိုယ်ရပိုင်ခွင့်နဲ့ ဘယ်သူ့ ထမိန်မှ လျှော်ပေးစရာမလိုပဲ၊ ဘောမလုပ်စရာမလို၊ ဘယ်ပြည်သူ့မေတ္တာပို့တာမှ ခံစရာမလိုပဲ ကြက်သားဟင်းနဲ့ စားလို့ရမဲ့ အခွင့်အရေး သူတို့လဲ ရနိုင်တယ်ဆိုတာကို နားလည်စေချင်တယ်။ ရေရှည်ကို မကြည့်ပဲ အရိုးအရင်းကိုက်နေရတဲ့ ဘဝကို ပျော်မွေ့နေတာလားလို့ပဲ မေးပါရစေ။”

ကဲပါ။ စိတ်ထဲက ခံစားချက်ကို ပြောတာ Lecture ရိုက်သလိုဖြစ်သွားရင် ဆောရီးပါ။ ချက်အင်ကောင်တာအကြောင်း ပြန်ဆက်မယ်။

ဒီတော့ ကျွန်မတို့က Refund ပြန်ရမှာလားဆိုတော့။ (သိပါတယ် မရဘူးဆိုတာ။ မေးကြည့်တာပါ)။ ဗီဇာလိုအပ်ချက်က ခရီးသည်မှာတာဝန်ရှိတာမို့ Refund ပြန်မပေးပါဘူးတဲ့။ စလုံး ၃၀၀၀ ပလုံ… (အဘရေ… အမျှ ၊ အမျှ)။ မျှော်လင့်ချက် အမျှင်တန်းလေးနောက်တစ်ခုကတော့ မသွားခင် မနက်ကမှ ထူးထူးဆန်းဆန်း Mr.Right က Initiative ဖြစ်ဖြစ်နဲ့ “ချစ်ရေ… ငါတို့ Travel Insurance (ခရီးသွားအာမခံ) ဝယ်ရင်ကောင်းမယ်ထင်တယ်။ ၂ယောက်လုံးကို cover တဲ့ဟာမှ စလုံး ၁၂၀ ဝန်းကျင်လောက်ပဲရှိတယ်” ဆိုတော့ ခါတိုင်း Insurance ဝယ်လေ့မရှိတဲ့ကိုယ်က ဒီခရီးမှာ Insurance ဝယ်ချင်စိတ်ဖြစ်မိတာနဲ့ “ဝယ်လိုက်လေ” ဆိုပြီး ဝယ်ဖြစ်ခဲ့တယ်။

ဒါနဲ့ ချက်အင်ကောင်တာက မိန်းမတွေကို အာမခံဝယ်ထားတာကို ရလို့ရငြား ပြန်တောင်းဖို့ မေးတော့လဲ လေကြောင်းလိုင်းအမှားမဟုတ်ရင် အာမခံရဖို့မရှိဘူးတဲ့။ အဲ့ဒိအချိန်မှာ ခံစားချက်က အိပ်မက်ဆိုးတစ်ခုလိုပဲ။ တစ်ခါတစ်လေ မက်တက်ကြတယ်လေ။ အိမ်မက်ထဲမှာ ဘယ်လောက်ပြေးပြေး မရွေ့တာတို့။ စာမေးပွဲအချိန် နောက်ကျပြီးမှရောက်သွားလို့ ဘာမှမတတ်နိုင်ပဲ ငိုချရတာတို့ စသည်ဖြင့်ပေါ့။ ခု ဟန်းနီးမွန်းကတော့ တကယ်ကို အိပ်မက်တွေ အကောင်အထည်ဖော်ရတာပါပဲ။ ကိုယ်က ဗီဇာ ကိစ္စအတွက် မနေ့ကအထိ စိတ်တထင့်ထင့်ဖြစ်ခဲ့ရပြီးအားလုံး အဆင်ပြေပြီ နောက်ဆုံးတော့ ငါတို့ သွားရပြီဆိုပြီ အိတ်တောင် ကမန်းကတန်းထည့်လာပေမဲ့ ခရီးထွက်ရမှာမို့ ပျော်နေတဲ့စိတ်ကလေးက နေ့တစ်ဝက်တောင် မခံဘူး ပျောက်သွားရတယ်။ ဒီတော့ ဘာလုပ်ရမလဲ ဝယ်ထားတဲ့ လေယာဉ်လက်မှတ် ၃၀၀၀ကျော်လဲ ဆုံး ဒီနေ့လဲ ခရီးထွက်လို့မရ။ ခရီးသွားရမဲ့ရက်က တစ်ရက်နောက်ဆုတ်ပြီးပြီ ထပ်နောက်ဆုတ်ရရင် ခွင့်ရက်တွေပဲ့ပါတော့မယ်။


တောင်ကုန်းတွေနဲ့ Auckland မြို့လေး

ဒါပေမဲ့ မဗေဒါရဲ့ စိတ်ကလဲ ခေါင်းတော့ အတော်မာတာ။ တဒင်္ဂတော့ စိတ်ညစ်သွားတယ်။ ဆုံးတော့မဲ့ ပိုက်ဆံရော ထပ်ဝယ်ရမဲ့ လေယာဉ်လက်မှတ်ရော စိတ်ထဲတွေးပြီး ရင်ထဲအောင့်ကနည်းတော့ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ဒီလောက်တောင် ဘာလို့ အခက်အခဲတွေများနေရတာလဲ။ ကံကြမ္မာက ဘာလို့ လာစိန်ခေါ်နေတာလဲ။ အဖြေမရှိတာမဟုတ်ဘူး။ အဖြေရှိတယ်။ ဒီပြဿနာက ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ပြဿနာ။ ငါ့ကို မသွားဖြစ်အောင် အနှောင့်အယှက်အမျိုးမျိုးပေးနေတဲ့ ကံကြမ္မာကို ငါကလဲ ပိုက်ဆံလက်နက်နဲ့ ပြန်တိုက်မယ်ဆိုပြီး ဖုန်းနဲ့ ဒီနေ့ထွက်မဲ့ Air New Zealand နဲ့ Singapore Air (SQ) ကို ရှာပါတယ်။ Air New Zealand က လက်မှတ်ကုန်သွားပြီ။ Singapore Air ကတော့ ကျန်သေးတယ်။ စလုံး ၂၅၀၀ နဲ့။ ည ၉နာရီခွဲလောက်ထွက်မှာ။ ကျွန်မတို့က ခုလေဆိပ်မှာ ၈နာရီထိုးခါနီးလောက်ဖြစ်နေပြီလေ။ အွန်လိုင်းကနေ ဝယ်လိုက်ရင်တော့ လက်မှတ် တစ်စောင် စလုံးငွေ ၂၅၀၀ လောက်နဲ့ ရမယ်ဆိုပေမဲ့ လေယာဉ်ချိန်က အရမ်းနီးနေတော့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တယ်လေ။ ဒီတော့ SQ လက်မှတ်ရောင်းတဲ့ကောင်တာက ဘယ်မှာလဲဆိုတော့ တာမီနယ် ၂မှာတဲ့။ Emirate Airline က တာမီနယ် ၁ ဆိုတော့ တာမီနယ် ၂ကို လေဆိပ်တွင်း ရထားနဲ့ အမြန်ပြေး။ Singapore Airline Customer Service ကောင်တာကိုသွားပြီး ဒီနေ့ည ထွက်မဲ့လေယာဉ်အတွက် လေယာဉ်လက်မှတ် ၂စောင်ကျန်သေးလားလို့မေးတော့။ ကောင်တာက အမျိုးသမီးကြီးကချက်ချင်း စစ်ပေးတယ်။ လေယာဉ်ပေါ်တက်တဲ့ Gate တာဝန်ကျ အရာရှိကိုလဲ ဖုန်းဆက်ပြီး confirm လုပ်တယ်။ အကြောင်းကြားတယ်။ အရာရှိက ၂ခုံ ကျန်တယ်ဆိုမှ လက်မှတ်ရမယ်တဲ့ ခုသွားချင်တာ သေချာလားတဲ့။ ဒီကောင်တာမှာ တိုက်ရိုက်ဝယ်ရင် Service Charge SGD 80 ပိုပေးရမယ်နော်တဲ့။ လူက အဲ့ဒိအချိန် ခုံကျန်သေးတယ်ဆိုတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီလေ။ ဒီနေ့သွားရမှဆို သွားရမှပဲ။ စိတ်တောင် တိုချင်စိတ် မရှိတော့ဘူး။ လက်ဆုတ်လက်ကိုင်ပြလို့မရတဲ့ ကံကြမ္မာကိုသာ ဟားတိုက်ရီပလိုက်ချင်တာ။ ဒါနဲ့ ဝယ်မယ်လို့ပြောတော့။ အဲ့မိန်းမကြီးက ချက်ချင်းလုပ်ပေးတယ်။ ဟား ဟား… (ခုဒီပိုစ့်ကို အိမ်သားတွေဖတ်ရင်း ရင်ထုနေလောက်ပြီ။ ပိုက်ဆံက ပြန်ရှာ ပြန်စုလို့ရပါတယ်။)

လေယာဉ်လက်မှတ် Print Out စာရွက်ကတောင် အရမ်း ရက်နီးနေလို့ ၁ရက်နေ့ နေ့စွဲနဲ့ ထုတ်လို့မရတော့ဘူး။ ၂ရက်နေ့ ည နေ့စွဲနဲ့ထွက်လာတယ်။ ဒါပေမဲ့ ကောင်တာက အမျိုးသမီးက အဲ့ဒိ နေ့စွဲကို ဘောပင်နဲ့ ချစ်ပြီး နေ့စွဲက ၂ရက်နေ့ပေမဲ့ ငါ အရာရှိကို ဖုန်းဆက်ထားပြီးပြီ နင်တို့ ခုသွားလို့ရတယ်တဲ့။ ချက်အင်ကောင်တာက တာမီနယ် ၃ မှာတဲ့။ အဲ့ဒိ တစ်ရက်တည်းနဲ့ ချန်ကီက ပြည်ပထွက်ခွာ တာမီနယ် ၃ခုလုံးအစုံရောက်ခဲ့တာပေါ့။ ဒါနဲ့ လက်မှတ်ရတာနဲ့ တာမီနယ် ၃ Singapore Airline ချက်အင်ကောင်တာကို အမြန်ပြန်ပြေးရတာပေါ့။

Refund for NO SHOW AIRTICKET


မဗေဒါလေယာဉ်လက်မှတ်ဝယ်နေတဲ့ အချိန်မှာ Mr.Right က Emirate လေယာဉ်လက်မှတ် ဝယ်ခဲ့တဲ့ Online website CheapOair ကို ဖုန်းလှမ်းဆက်ပြီး ဖြစ်ကြောင်းကုန်စင်ပြောပြပြီး Refund ရလို့ရငြား ကြိုးစားကြည့်နေတယ်။ ပထမ Customer service ကုလားက (ဖုန်းထဲကလေသံအရ ကုလားမှန်းသိ) မရဖူးချည်းပြောနေတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ သူသွားမေးပေးမယ် ဖုန်းခဏကိုင်ပြီးစောင့်ပါလုပ်နေတုန်း ဖုန်းက ကျသွားတယ်။ ဒါနဲ့ တာမီနယ် ၃ကို လမ်းလျှောက်နေတုန်း ထပ်ခေါ်လိုက်တော့ နောက်ထပ် Customer Service ကုလားတစ်ယောက်လာကိုင်တယ်။ အဖြစ်အပျက်ရော သူ့ရှေ့က ဝန်ထမ်းနဲ့ပြောခဲ့တာတွေရော ပြန်ရှင်းပြလိုက်တော့ ခုကုလားက ရတယ်ခုချက်ချင်း Cancel ပေးမယ်။ ဒါပေမဲ့ Service Charge ၁၅၂.၆၀ တော့ ဖြတ်မယ်တဲ့။ ၃၀၀၀ လုံးဆုံးတာထက်စာရင် ၁၀၀ လောက်ဆုံးတာက မတော်သေးဘူးလား။ ဒီလိုနဲ့ သူက ချက်ချင်း Cancel ပေးလိုက်တယ်။ တာမီနယ် ၃ရောက်လို့ ချက်အင်ဝင်တော့မှ ပထမကုလားက ဖုန်းပြန်ဆက်တော့ ရတယ် နင့်လုပ်ဖော်ကိုင်ဖက်က ငါတို့ကို Cancel ပေးလိုက်ပြီလို့ပြောထည့်လိုက်တယ်။

ဒီလိုနဲ့ အားလုံး ပြဿနာတွေ အေးဆေးသွားတော့ ချက်အင်ကောင်တာမှာ ဘယ်သူမှတောင်မရှိတော့ဘူး ကျွန်မတို့က နောက်အကျဆုံးပဲဖြစ်မယ်။ ချက်အင်ကောင်တာကလဲ ကုလားမပဲ။ ပြုံးပြုံးပြုံးပြုံးနဲ့ ပုံမှန်ဆိုရင်တော့ Service ချိုသာတယ်ပြောရမှာပေါ့။ Budget airline က လူတွေလိုတော့ မဟုတ်ပါဘူး။ ချက်အင်ဝင်ပြီး boarding pass ရတော့ သူက ထုံးစံအတိုင်း စစ်ခိုင်းပါတယ်။ နာမည် ထွက်မဲ့အချိန်။ ဒီလောက်ပဲ ကိုယ်လဲ ကြည့်ဖြစ်တာပေါ့။ နေ့စွဲက ၂ရက်နေ့ဖြစ်နေပေမဲ့ ကိုယ်က ဟိုဖြတ်ပိုင်းမှာကတည်းက ၂ရက်နေ့ပေမဲ့ ဒီနေ့သွားလို့ရတယ် အရာရှိနာမည်တောင် ရေးပေးထားတယ်ဆိုတော့ ဘာမှ မဖြစ်လောက်ဘူးဆိုပြီး ပြဿနာတွေပြီးဆုံးပြီဆိုပြီ ၂ယောက်သား အင်မီဂရေးရှင်းဖြတ်။ အစက လေဆိပ်မှာ SKII ဝင်ဝယ်မို့တောင် နောက်ကျနေလို့ ပြဿနာထပ်မဖြစ်ချင်တာနဲ့ ၂ယောက်သား ခပ်သုတ်သုတ်လေး Gate ကို သွားကြတယ်။

ဂိတ်ရောက်တော့မှ ကိုယ်နဲ့တူတူ ခရီးသွားဖော်တွေတွေ့တော့ စိတ်အေးရတယ်။ သေချာအောင်တောင် လေယာဉ်ဝန်ထမ်းတွေကို ကိုယ့်လေယာဉ် boarding မလုပ်ရသေးကြောင်း မေးလိုက်သေးတယ်။ Selfie ဓာတ်ပုံရိုက်ပြီး “ဘာတွေပဲဖြစ်ဖြစ် ငါတို့ဒီခရီးကို enjoy အုံးမှာ” ဆိုပြီး ဖေ့ဘွတ်မှာ တင်လိုက်သေးတယ်။ Mr.Right ကတော့ long face နဲ့ပဲ။ အိမ်သားတွေကတောင့် သူ့မျက်နှာကြည့်ပြီး တစ်ခုခုဖြစ်တာ စဉ်းစားလို့ရနေပြီ။

အားလုံးအဆင်ပြေနေပြီဆိုပေမဲ့ စိတ်ထဲတော့ ထင့်နေသေးတာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုကိုယ်ဖြေသိမ့်ပြီး ဘာမှ မဖြစ်တော့ပါဘူး။ ခုပဲ Boarding Gate တောင်ရောက်နေမှ ဘာပြဿနာမှ ထပ်မလာတော့ဘူးဆိုပြီး နေနေတာ။ လေယာဉ်ပေါ်တက်ဖို့ ထိုင်ခုံနံပါတ်အလိုက်ခေါ်ပြီး ကိုယ့်အလှည့် Boarding Pass ကိုလဲ scan လိုက်ရော မီးနီပြနေတယ်။ ဘာဖြစ်တာလဲဆိုတော့။ ကျွန်မတို့က ဒီနေ့လေယာဉ်မှာ ချက်အင်ထားတာ မဟုတ်ဘူးတဲ့။ ၂ရက်နေ့ ညလေယာဉ်မှာ ချက်အင်ထားတာတဲ့။

ပင်လယ်ကြီး ကိုယ်ဖြတ်သန်း...

“ဟမ်! … မဖြစ်နိုင်ဘူး။ ငါတို့စောစောကမှ ဒီညလေယာဉ်အတွက် နင်တို့ ကောင်တာကနေဝယ်ထားတာ။ နင်တို့ အရာရှိက နေရာကျန်တယ်လို့ ခွင်ပြုပြီးပြီ” ဆိုပြီးပြောတော့ သူတို့အရာရှိကို ဖုန်းဆက်မေးတယ်။ အရာရှိက ဟုတ်တယ်ပြောတော့ ပြဿနာက နင်တို့လိုက်ချင်ရင်တော့ လိုက်လို့ရမယ်။ ဒါပေမဲ့ နင်တို့အိတ်တွေကတော့ ဒီလေယာဉ်နဲ့ ပါလာမှာ မဟုတ်ဘူးတဲ့။ Boarding Gate ဝက ဝန်ထမ်းအကောင်က မရိုင်းစိုင်းပေမဲ့ အချိုးတော့ သိပ်မပြေဘူး စကားပြောပုံက။ မျက်နှာဘေး ကိုယ့်ကိုမပြပေမဲ့ Customer အခက်အခဲကို လိုလိုချင်ချင် ဖြေရှင်းပေးချင်တဲ့ပုံမရှိဘူး။ ပြီးတော့ပြောသေးတယ် “နင်တို့ကို Boarding Pass ပေးတုန်းက စစ်ခိုင်းသေးတယ်လေ။ ဒီတော့ နင်တို့မှာလဲ တာဝန်ရှိတယ်” တဲ့။ ပြောပုံက သိပ်တော့ အလုပ်မဟုတ်ဘူးလို့ ခံစားရတာပဲ။ “ငါတို့ကို စစ်ခိုင်းတာဟုတ်တယ်။ ဒါပေမဲ့ နင်တို့ဟာ service provider တစ်ယောက်အနေနဲ့ အစကတည်းက အမှားမလုပ်သင့်တာ မဟုတ်ဘူးလား” လို့ ကိုယ်လဲ ပြန်ပြော။ ဒါပေမဲ့ စိတ်ထဲမလဲ ပြဿနာတော့ အကျယ်အကျယ်မတက်ချင်တော့ဘူး။ ဒီဟန်းနီးမွန်းခရီးအတွက် ပြဿနာက ကျွန်မတို့အတွက် လုံလောက်နေပြီ။ တော်ကြာနေမှ အမြင်ကပ်ပုဒ်မနဲ့ ကိုယ့်ကို မနက်ဖြန်လေယာဉ်နဲ့ပဲ လိုက်ရမယ်ဆို ဒုက္ခ။ ဒါပေမဲ့ အဲ့လိုပြောလို့ကတော့ တစ်စောင် ၂၅၀၀ ကျော်ပေးဝယ်ထားရတာ ဒီနေ့သွားချင်လို့။ ရေဆုံးမြေဆုံး တိုက်ဖို့ အားတင်းထားတယ်။

ဒါပေမဲ့ သူတို့က “ဒီနေ့သွားချင်ရင် အိတ်ပါမှာ မဟုတ်ဘူး။ မနက်ဖြန်ညမှ အိတ်နဲ့တူတူသွားလဲရတယ်” လို့ပြောလာတယ်။ ဒါနဲ့ “ငါဒီနေ့သွားချင်လို့ ဈေးကြီးပေးပြီး ဝယ်ထားတာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငါဒီနေ့သွားရမှ ဖြစ်မယ်” လို့ပြောလိုက်တယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ လေယာဉ်ပေါ်ကို နောက်ဆုံးမှ တက်ခဲ့ရတယ်။ နေရာကတော့ မဆိုးပါဘူး။ ရှေ့ဆုံးတန်း More Leg Room (ခြေကောင်းကောင်းဆန့်လို့ရတဲ့နေရာ) ရတယ်။ လေယာဉ်ပေါ်ရောက်တဲ့အထိတောင် စိတ်တော့ ဒုန်းဒုန်းမချရဲတော့ဘူး။ ဒီလောက်အခက်အခဲတွေများတာ တစ်ခုခုထပ်ဖြစ်မှာကြောက်နေရတယ်။ လေယာဉ်ကတော့ SQ ဆိုတော့ သိတဲ့အတိုင်းပဲ ဝန်ဆောင်မှု အတော်ကောင်းတယ်။ ကြွေးလိုက်တဲ့ မုန့်တွေကလဲ ခဏခဏပဲ။ စောင်၊ ခေါင်းအုံး၊ inflight entertainment ရုပ်ရှင်ကားကောင်းတွေနဲ့ ပေါ့။ လေယာဉ်ထွက်တော့မှ Mr.Right နဲ့ ကျွန်မ စိတ်တွေရှုတ်ပြီး ဖြစ်ခဲ့သမျှ ရယ်မိတော့တယ်။ ဟုတ်တယ်လေ။ ငိုနေဖို့တောင် အင်အားမရှိတော့ဘူး။

ကိုယ်လာပြီ မင်းဆီကို

“ဟေး… နိုင်ငံရပ်ခြား ဟန်းနီးမွန်းကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ခဲ့ဖူးပြီဟေ့။ ငါတို့ ဟန်းနီးမွန်းလောက် အမှတ်တရတွေ များတာ ရှိတော့မှာ မဟုတ်ဘူး။ ဖြစ်လာမှတော့ စိတ်ညစ်နေမဲ့အစား ရီပဲနေလိုက်တော့မယ်။ ” ဆိုပြီး ပြောပြော ရီနေကြတာ။ အဲ့ဒါကြောင့် လောကဓံကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့တဲ့သူတွေဟာ ဘာမှကို သိပ်ဂရုမစိုက် သိပ်မကြောက်ကြတော့တာကို သဘောပေါက်သွားတယ်။ နောက်ထပ်ထပ်ဖြစ်လာမဲ့ ပြဿနာတွေကို မကြောက်တာမဟုတ်ဘူး။ မဖြစ်ခင်စိုးရိမ်နေတာထက် ဖြစ်လာသမျှကို ရင်ဆိုင်လိုက်ရင် တစ်ချိန်တော့ ပြီးသွားမှာပဲဆိုတာကို လက်ခံလိုက်တဲ့ ခံစားချက်မျိုး။

တော်သေးတယ် ကျွန်မတို့ ၂ယောက်လုံးကိုယ်ပေါ်မှာတော့ အနွေးထည်လေးတွေ ဝတ်ထားမိလို့။ ဒီလိုနဲ့ စင်္ကာပူကနေ သြစတေးလျကိုဖြတ်ပြီး Auckland ကိုရောက်ဖို့ ၉နာရီလောက် စီးခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ Snack မြေပဲအရင်ကြွေးတယ်။ နောက်တော့ Dinner ကြွေးတယ်။ မနက်ကျတော့ Breakfast ထပ်ကြွေးတယ်။ လျောလျောရှူရှူပဲ Auckland အချိန် နေ့လည် ၁၁နာရီဝန်းကျင်မှာ ရောက်သွားပါတယ်။ (နယူးဇီလန်က စင်္ကာပူအချိန်ထက် ၄နာရီ ပိုစောတယ်)။ Auckland လေဆိပ်ရောက်ရင် အိတ်ပျောက်တွေကို သတင်းပို့တဲ့ ကောင်တာမှာ ကိုယ်က သတင်းသွားပို့ပါလို့ပြောလိုက်တော့။ အဲ့ဒိကောင်တာကိုသွားပါတယ်။ ကျွန်မတို့အပြင် Baggage delay ဖြစ်တဲ့သူ နောက်ထပ် ၂ယောက်လောက်တွေ့ရပေမဲ့ သူတို့အိတ်တွေက တကယ်တန်းတော့ ပါလာပါတယ်။ အဲ့ဒါကြောင့် အဲ့ဒိကောင်တာက Maori (New Zealand Native လူမျိုး) အမျိုးသမီးကြီးက အိတ်တွေကို စောင့်ကြည့်ပါအုံး ပါရင် ပါလာမှာပါဆိုလို့ ထိုင်စောင့်နေရသေးတယ်။ အစက ကိုယ်ထင်တာ ကိုယ်တွေကတော့ အိတ်ယူစရာမလိုပဲ Report လုပ်ပြီးတာနဲ့ တန်းထွက်လို့ရပြီမှတ်နေတာ။ ခုတော့ အိတ်တွေ အားလုံး ကုန်လို့ ကိုယ့်အိတ်မပါလာမှပဲ ထွက်ရတော့တယ်။

ဒါပေမဲ့ Auckland ဘက်ရောက်တော့ Service က ပိုဖော်ရွေတယ်ခံစားရတယ်။ သူက ကျွန်မတို့ အိတ်ကျန်ခဲ့လို့ စိတ်မကောင်းကြောင်းပြောပြီး NZD 200 ကို အလျှော်ထုတ်ပေးဖို့ ချလန်လေးတစ်ခုပေးတယ်။ လေဆိပ်ထဲက Money Changer တွေမှာ ဒီချလန်နဲ့ ငွေ ဒေါ်လာ၂၀၀ သွားထုတ်ပါတဲ့။ အဲ့ဒိအပြင် ဒီကြားထဲ ကျွန်မတို့ သုံးဖို့ အမျိုးသားသုံး Toiletries တစ်ထုတ်၊ အမျိုးသမီးသုံး Toiletries တစ်ထုတ် လက်ဆောင်ပေးတယ်။ အဲ့ဒိထဲမှာ မျက်နှာသစ်ဆေးရည်၊ သွားတိုက်ဆေး။သွားတိုက်တံ၊ မှန်ပါပါတဲ့ ဘီး၊ lotion၊ Deodorant၊ ခေါင်းလျှော်ရည် နဲ့ တီရှပ် အဖြူရောင် တစ်ထည်ပါတယ်။ တီရှပ်ဆိုဒ်ကတော့ XL ဆိုတော့ ကိုယ်ဝတ်ရင် ပြာကလောင်၊ ပြာလချောင်လိုဖြစ်နေပေမဲ့ ညဝတ်အိပ်လို့တော့ရတာပေါ့။ ဒါပေမဲ့ ကိုယ်က ရောက်ရောက်ချင်းတော့ ဟော်တယ်ကောင်းကောင်း ဘွတ်ထားတော့ အဲ့ဒိမှာ Bathrobe ပေးတော့ အဲဒါပဲ ဝတ်ဖြစ်တယ်။ အမျိုးသားသုံးအိတ်ထဲမှာဆိုရင်တော့ Shaving Cream နဲ့ မုတ်ဆိတ်ရိတ်တံတို့ဘာတို့ အစုံပါပါတယ်။

Singapore Airline က ပေးတဲ့အမျိုးသမီး အသုံးအဆောင်အိတ်

New Zealand Custom ဖြတ်ခြင်း


ဒီလိုနဲ့ ၂ယောက်သား ကျွန်မလက်ထဲဆွဲလာတဲ့ ဖိနပ်အပိုနဲ့ Snack လေးနည်နည်းပါတဲ့အထုတ်ရယ်။ Sling bag ရယ်။ သူ့ laptop ကျောပိုးအိတ်ရယ်၊ သူလွယ်လာတဲ့ ကင်မရာအိတ်ရယ်၊ ခရီးသွားရင် အိတ်တဲ့ ဂငယ်ပုံ ခေါင်းအုံးလေးရယ်နဲ့ပဲ နယူးဇီလန်မြေကြီးကို ခြေချခဲ့ကြပြီပေါ့။ အိတ်တွေမပါလာတာလဲ ခပ်ကောင်းကောင်းပါ။ ပါလာရင် သူတို့ရဲ့ တင်းကျပ်လှတဲ့ Custom က ဘာစစ်အုံးမလဲမသိ။ ကြည့်တော့ မြန်မာပတ်စပိုစ့်ဆိုတော့ သိတဲ့အတိုင်းပဲ အထူးဆက်ဆံခံရတာပေါ့။ အိတ်တွေ မပါလာတာတောင်မှ သည်းသန့်လုပ်ထားတဲ့ လမ်းထဲဝင်ရတာပေါ့။ အဲ့ဒိလမ်းထဲကို ပြည်ကြီးတရုတ်မတစ်ယောက်နဲ့ ကျွန်မတို့ ၂ယောက် သွားရတယ်။ ကောင်တာမှာ အရာရှိမိန်းမက သဘောတော့ကောင်းပါတယ်။ သြစီတုန်းက ကာစတန်က မိန်းမလိုပဲ။ အလာဘ သလာဘ ပြောသလိုလိုနဲ့ ကျွန်မတို့အကြောင်းတွေကို မေးတာ မေးတာဆိုတာ ရစရာကိုး မရှိဘူး။ ဒီခရီးစဉ်နဲ့ ပတ်သတ်တာတွေလဲ မေးတယ်။ ဘယ်တွေသွားဖို့ စီစဉ်ထားလဲဆိုတော့ ငါတို့က မြို့အားလုံးသွားမယ်။ ဒါပေမဲ့ itinerary အတိအကျတော့ ငါတို့ မစဉ်းစားရသေးဘူးဆိုတော့ သူက ဒါဆို Research ရှာလာတာတော့ ရှိမှာပေါ့တဲ့။ ရှိတယ် ကြည့်မလားဆိုတော့ ပြဆိုလို့ ကိုယ်ရှာလာတဲ့ ၁၈ မျက်နှာ Research Table ကြီး ထုတ်ပြလိုက်တော့ သူ နည်းနည်းပါးပါးဖတ်ပြီး မျက်ခုံးပင့်သွားတယ်။ အသေအချာကို ရှာလာတာဟွန့်။ ဘယ်သူရှာတာလဲတဲ့။ ငါရှာတာလို့ပြောတော။ ဒါဆို အမျိုးသမီးက Research ရှာ၊ အမျိုးသားက ပိုက်ဆံထုတ်ရုံပဲလားတဲ့။ ဟုတ်တယ်လို့ပြောလိုက်တယ်။

ကိုယ့် Research စာရွက်လဲ Mr.Right က စိတ်ဝင်တစားဖတ်နေတာမဟုတ်တော့ သူ့မေးလဲ သိမှာဟုတ်ဘူးလေ။ သူက Research ရှာပါဆို App တွေပဲ ဒေါင်းလုပ်လုပ်ပြီး ဒီ App ကောင်းတယ် ဟိုApp ကောင်းတယ်နဲ့ ဘာမှ ချမရေးဘူး။ ကျွန်မအမြင်ကတော့ ချမရေးပဲ စိတ်ထဲမှတ်ထားရင် ပြန်မေ့မှာပဲ။ ပြီးတော့ လည်စရာနေရာတစ်ခုတည်းရှာရတာမဟုတ်ဘူး။ အဲ့ဒိနေရာ ဘယ်လိုသွားရမလဲ။ ဘယ်လောက်ကြာမလဲ။ အဲ့ဒိနေရာနဲ့ တစ်လမ်းကြောထဲ တစ်ခြားဘယ်တွေရှိသေးလဲ။ ဘယ်လောက်ကုန်မလဲ။ စသည်ဖြင့် အချက်အလက်အကုန် ရှာမှ အဆင်ပြေမှာလေ။ ထားပါတော့လေ။ Custom officer က Mr.Right ကို ဘာအလုပ်လုပ်လဲ။ လခဘယ်လောက်ရသလဲကအစ အကုန်မေးတာ။ နောက်ဆုံး သူစိတ်ကျေနပ်တော့မှ ကျွန်မတို့ကို ဒီလမ်းအတိုင်းသွားလို့ရပြီဆိုပြီး လွှတ်လိုက်တယ်။

Auckland လေဆိပ်သို့ ဆိုက်ရောက်

ဘေးကောင်တာမှာ ပြည်ကြီးတရုတ်မကို စစ်နေတဲ့ အရာရှိဝတုတ်ကြီးနဲ့ အဲ့တရုတ်မ တိုင်ပတ်နေတဲ့ ရီစရာပြောပြအုံးမယ်။ အဲ့တရုတ်မက အင်္ဂလိပ်စာလုံး Visa နဲ့ Passport ကို ကွဲပုံမရဘူး။ Officer က သူ့ကို ဘာနဲ့ပတ်သတ်ပြီးတော့လဲမသိဘူး “So do you have Australia Visa? Where is it?” လို့ မေးတော့ အဲ့တရုတ်မက “Yes, I am going to get Australia Passport. But I haven’t get Australia Passport” ဆိုပြီးဖြေတယ်။ အစက သူ Visa နဲ့ Passport ကို မသဲကွဲမှန်း ဘယ်သူက သိမလဲ။

ဒါနဲ့ Officer က “So are you going to be Australia’s Citizen?” လို့ ထပ်မေးတော့။

သူက “No, My friend is Australia Citizen. She will apply Australia passport for me” တဲ့… အဲ့လိုတိုင်ပတ်နေတာ။ Officer ကြီးက သူ့ခုံကထွက်သွားသေးတယ်။ နောက်တော့ ပြုံးစိစိနဲ့ ပြန်လာတယ်။ သူ့ပုံစံက ငါနဲ့ တရုတ်မတော့ ဟုတ်နေပြီဆိုတဲ့ ပုံစံမျိုး။ သူတရုတ်မ Visa နဲ့ Passport မသဲကွဲတာကို ကျွန်မလိုပဲ သဘောပေါက်လို့ ပြုံးစိစိလုပ်နေသလားတော့ ကျွန်မလဲ မပြောတတ်ဘူး။ ဘာလို့လဲဆိုတော့ တရုတ်မက မှားနေတာကိုလဲ သူက မရှင်းပြဘူး။ ပြုံးစိစိနဲ့ပဲ စောစောက မေးခွန်းတွေ ပြန်မေးပြီး ချာလည်ရိုက်နေကြတာ။ ကျွန်မတို့ Officer က စစ်ဆေးပြီးသွားခွင့်ပြုလိုက်တော့ ဘာဆက်ဖြစ်ကျန်ခဲ့လဲတော့ မသိဘူး။ ကိုယ်လဲ သူတို့ နားလည်မှုလွဲနေကြတာကို သိပေမဲ့ ဝင်လျှာမရှည်ရဲဘူးလေ။ ကိုယ့်ကံကလဲ သိပ်ကောင်းနေတာမဟုတ်တော့ အေးအေးဆေးဆေးနေတာကောင်းတယ်။

အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဟန်းနီးမွန်း အောင်မြင်စွာ စတင်


ဒီလိုနဲ့ အပြင်ရောက်မှ Money Changer မှာ အလျော်ပေးလိုက်တဲ့ ဒေါ်လာ ၂၀၀ ထုတ်။ Vodafone ဖုန်းကဒ်ဝယ်။ 3GB plan 300 mins free ကို ၄၉ကျပ်နဲ့ဝယ်။ Mr.Right က 2GB plan ကိုဝယ်တယ်။ သြစီသွားတုန်းက ဖုန်းမိနစ်တွေကို အင်တာနက်အဖြစ် ပြောင်းလို့ရတယ်။ ဒါပေမဲ့ ဒီမှာက မရဘူး။ အမှန်တော့ 3GB က စလုံးမှာ အတော်သုံးရပါတယ်။ ခုက ၂ပတ်ပဲနေမှာ လောက်သင့်တာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ၅ရက်နဲ့ ကုန်သွားတယ်ရှင့်။ အံ့သြကုန်နိုင်ဖွယ်ပဲ။ အချဉ်မိသွားတာလားတော့မသိ။

i-site ရဲ့ တံဆိပ်လေးလေ... အရမ်းတော့ လင်းနေတယ်.. ဒါပေမဲ့ i-site ဆိုတာကို ပြတာ

နယူးဇီလန်မှာ တိုးရစ်တွေကို ဝန်ဆောင်မှုပေးတဲ့ isite information desk လေးတွေ မြို့တိုင်းမှာရှိတယ်။ အဲ့ဒိမှာ အချက်အလက်တွေမေးလို့ရသလို။ တိုးလ်ပတ်ကေ့တွေဘာတွေလဲ ဝယ်လို့ရတယ်။ အစိုးရက ဝန်ဆောင်မှုအနေနဲ့ ဘွတ်ပေးတာဆိုတော့ အချဉ်မမိဘူးပေါ့။ လေဆိပ်က isite ကနေ Airport Transfer လက်မှတ်ဝယ်တယ်။ လေဆိပ်ကနေ Auckland ကို NZD 16ကျပ်။ ကျွန်မတို့ ဟော်တယ်ကိုပြောတော့ ဆင်းရမဲ့ မှတ်တိုင်က Queenstreet ပေါ်ရောက်ရင် No.3 gate ကို ဆင်းတဲ့။ ကားမောင်းတဲ့သူက အသိပေးလိမ့်မယ်တဲ့။ လေဆိပ်ကထွက်လာဖြစ်တော့ နေ့လည် ၁၂ခွဲလောက်ရှိပြီ။ လေဆိပ်ကနေ မြို့ထဲကို ၄၅မိနစ်ကနေ ၁နာရီလောက်တော့ စီးရတယ်။
အရာရာတိုင်းက မျက်လုံးထဲ စိမ်းလန်းစိုပြေပြီး လှပနေတယ်။ လေဆိပ်ကနေ အထုတ်အပိုးအများကြီး ပင်ပင်ပန်းပန်းသယ်စရာမလိုပဲ ခုလိုရောက်လာရတော့လဲ ကောင်းတော့ ကောင်းသား။ ပိုက်ဆံရှိနေရင် ဝယ်ဝတ်လို့ရတာပဲ။ အိတ်က အလွန်ဆုံးနောက်ကျမှ ၂ရက်ပေါ့။ အားလုံးကို စိတ်လျော့ထားလိုက်တယ်။ ကံကြမ္မာကိုတောင် စိန်ခေါ်ချင်စိတ်မရှိတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ စိတ်ကြည်ကြည်ရွှင်ရွှင်ဖြစ်နေတယ်။

ဟော်တယ်က Crowne Plaza Auckland ဆိုတော့ လူတိုင်းသိကြတယ်။ ကားမောင်းတဲ့သူက ကျွန်မတို့ကို ဘယ်လိုသွားရလဲတောင် သေချာရှင်းပြနေသေးတယ်။ Queenstreet ကနေ တစ် ဘလောက်တက်လိုက်ရုံပါပဲ Albert St ပေါ်မှာ။ သူတို့လမ်းတွေက မြန်မာပြည် မြို့ထဲကလိုပဲ လမ်းမကြီးတွေက အပြိုင်ရှိနေတော့ ကိုယ်နဲ့ သွားရလာရတဲ့လမ်းအနေအထားက မစိမ်းဘူး။ တစ်ခုပဲ တက်လိုက်ရတဲ့ တောင်ကုန်းတွေ။ Queenstreet တစ်ခုပဲ မြေနည်းနည်းပြန့်တယ်ထင်ရတယ်။ Queenstreet ကနေ Albert St ကိုသွားမယ်ဆိုတောင်ကုန်းတက်ရတယ်။ မြို့ထဲမှာ တောင်ကုန်းတွေနဲ့ဆိုတော့ ကိုယ့်အတွက်တော့ အဆန်းပဲ။ Local တွေအတွက် သာမာန် သတိမထားမိတဲ့ နေ့စဉ်အဖြစ်အပျက်တွေက Tourist တွေအတွက်တော့ အသစ်အဆန်းတွေချည်းပဲဟုတ်? အဲ့ဒါကိုကလဲ ခရီးတွေသွားရတာကို ကြိုက်တဲ့အချက်တွေပဲလေ။ အိတ်တွေမပါလာတော့ တောင်ကုန်းတက်ရတာ သက်သာပါတယ်။

ဟော်တယ်ခန်းထဲက စာကြည့်စားပွဲ

အခန်းထောင့်မျိုးစုံက ရိုက်ထားတာ။ ရှန်ပိန်က ၁ခွက်ပဲသောက်ပြီး မသောက်ဖြစ်တော့ဘူး။ အဲ့ဒိနေ့က အမေများနေ့လေ။

ကော်ဖီ၊လဘက်ရည်၊ hot chocolate တွေကတော့ complementary but I am not sure about WINE 

Crowne Plaza Auckland hotel ရဲ့ ရေချိုးခန်း

ဟော်တယ်က ရေချိုးခန်းအသုံးအဆောင်

ဟော်တယ်က နာမည်ရှိပေမဲ့ Lobby ကတော့ ဒီလောက် အထင်ကြီးစရာ သားသားနားနား သိပ်မရှိဘူး။ ချက်အင်ဝင်တုန်းက Honeymoon လို့ပြောတော့ ကျွန်မတို့ကို အထပ်မြင့်ရှုခင်းကောင်းအခန်းပေးပါတယ်။ ပြီးတော့ အခန်းထဲကို ရှန်ပိန် တစ်ပုလင်းလက်ဆောင်လာပို့တယ်။ ဒါပေမဲ့ ခက်တာက ရှန်ပိန်ကိုယ်ကမှ မကြိုက်တာ။ Mr.Right ကလဲ ဒီလောက် Heavy Drinker မဟုတ်တော့ သိပ်အသုံးမဝင်ဘူး။ အဲ့ဒိအစား Complimentary Breakfast ဆိုရင်မှ အသုံးဝင်အုံးမယ်။ ဒီကဟော်တယ်တွေက မနက်စာနဲ့ အင်တာနက် မပါတာများတယ်။ Backpacker နေရာတွေကမှ အင်တာနက် အလကားပေးကြသေးတယ်။ အခန်းထဲမှာ ခဏနားပြီး ညနေ ၄နာရီလောက်ကျမှ နေ့လည်စာထွက်စားမယ်ဆိုပြီး ပြန်ထွက်ခဲ့ကြတယ်။ ဟုတ်တယ်လေ Auckland မှာ ၄နာရီဆိုမှ စလုံး နေ့လည် ၁၂နာရီဆိုတော့ ဗိုက်တွေက နေနိုင်နေတယ်။

Kebab ဆိုင် အပြင်ကို လှမ်းရိုက်ထားတာ

Lamb Kebab, Meat and chips (Mr.Right's favourite)

အပြင်ထွက်ပြီး ပတ်ဝန်းကျင်တဝိုက် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့။ Auckland Tower ပေါ်တက်မယ်ဆိုပြီး သွားကြည့်ဖြစ်သေးတယ်။ ဘယ်အချိန်ထိဖွင့်လဲဆိုတော့ ည ၁၀နာရီ ထိဖွင့်တယ်ဆိုတာနဲ့ လက်မှတ်ဝယ်ပြီး တစ်ခုခုစားပြီးမှပဲ အေးဆေးလာတက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မြို့ထဲဘက် လမ်းလျှောက်ကြမယ်ဆိုတော့ လမ်းမှာတွေ့ခဲ့တဲ့ ကုလားတွေရောင်းတဲ့ Kebab အစာပြေ စားချင်တယ်ဆိုလို့ ဝင်စားဖြစ်တယ်။ Lamb (သိုးသား) Kabab နဲ့ အာလူးချောင်းကြော် သူသိပ်ကြိုက်တယ်။ မဗေဒါက စားဆိုရင်တော့ စားနိုင်ပေမဲ့ အကြိုက်ကြီးတော့ မဟုတ်ဘူး။ နည်းနည်းလေး ညှီတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ဗိုက်ဆာနေတော့ စားလို့ဝင်တယ်။ အစာပြေသာပြောတယ် စားစရိတ်က Auckland မှာ အတော်ကြီးတယ်။ အဲဒါလေးကိုတောင် NZD 8 လာမသိဘူးပေးရတယ်။ ရေသောက်ချင်လို့ ရေသန့်ဗူးဝယ်တော့ တစ်ဗူး NZD 3.5 ဆိုလို့ မျက်လုံးပြူးရတယ်။ အဲ့ဒါစားပြီး Albert Street တစ်လျှောက် လမ်းလျှောက်ရင်း Brito Mart ဘက်ကိုသွားကြတယ်။ Brito Mart က မြန်မာပြည်က ကမ်းနားလမ်းလိုပေါ့။ (မြန်မာပြည်ထက်တော့ ပိုသန့်တာပေါ့နော်)။ သူက သင်္ဘောဆိပ်လေ။ အဲ့ဒိကနေ Rangitoto Volcano ရှိတဲ့ ကျွန်းတို့၊ Waiheke ကျွန်းတို့ကို သင်္ဘောစီးရတာ။ ရထားဘူတာရုံလဲ အဲ့မှာရှိတယ်ဆိုပေမဲ့ ရှာလို့ မတွေ့ခဲ့ဘူး။ ကိုယ် အားစိုက်ထုတ်ပြီး မရှာခဲ့တာလဲ ပါတာပေါ့နော်။ ဘတ်စ်ကားအားလုံးနီးပါးလဲ Brito Mart ကို ရောက်တော့ အချက်အချာတော့ ကျတာပေါ့။ မဗေဒါတို့အတွက်ကတော့ ဟော်တယ်နဲ့ လမ်းလျှောက်သွားလို့ရနေတဲ့ အကွာအဝေးဆိုတော့ ဘာမှ မစီးဖြစ်ဘူး။

Brito Mart ရောက်တုန်း သင်္ဘောဆိပ်ကိုဝင်ပြီး Waiheke သွားဖို့ သင်္ဘောအကြောင်း နည်းနည်းစုံစမ်းခဲ့သေးတယ်။ ညနေ ၆နာရီလောက်ထိုးသွားတော့ မြို့ကမှောင်လာပြီ ဒါနဲ့ Queenstreet အတိုင်း ပြန်တက်လာကြတယ်။ Mr.Right က Sport Shoe ဝယ်ချင်တယ်ဆိုလို့ Queenstreet က စင်္ကာပူ Orchard Road လိုဆိုတော့ ဆိုင်တွေရှိတော့ တက်လာတာ။ တစ်ဆိုင်ဝင်ကြည့်တယ် ကြိုက်တာမတွေ့တာ နဲ့ ပြန်ထွက်ပြီး ဟိုဓာတ်ပုံရိုက် ဒီဓာတ်ပုံရိုက်လုပ်ရုံရှိသေးတယ်။ ညနေ ၆နာရီခွဲလောက် ဆိုင်တွေအကုန် ပိတ်ကုန်ရော။ လမ်းပေါ်မှာတော့ သွားလာနေတဲ့ လူတွေရှိသေးပေမဲ့ ဈေးဆိုင်တွေကတော့ ပိတ်ကုန်ပြီ။ လမ်းပေါ်က လူတွေရှိသေးတယ်ဆိုတာကလဲ စင်္ကာပူက တိုပါးရိုးအင်တာချိန်းလောက်တောင် လူမများဘူး။ ပုံထဲသာကြည့်လိုက်တော့ အခြေအနေကို။ လူကနေ့လည်စာနဲ့ ညစာပေါင်းစားရပါမယ်ဆိုမှ ခု ညစာပါ ငတ်ကိန်းဆိုဒ်နေတယ်။

Britomart က သင်္ဘောဆိပ်

အဲ့ဒိမှာ မီးအနီ Blink Blink ဖြစ်နေတာက လမ်းကူးလို့ရသေးတယ် (စလုံးက မီးစိမ်း Blink နေတာတဲ့ အဓိပ္ပါယ်တူတူပဲ) ရောက်ရောက်ချင်း တော်တော် ကြောင်တယ်။

Waiheke သွားဖို့ သင်္ဘောဆိပ်

Queenstreet လမ်းထိပ်

ဘာရယ်မဟုတ် လှလို့ရိုက်သည်

ဟင်... ဘယ်အချိန်ရှိပြီမို့လဲ? အာ... ၆နာရီခွဲပဲရှိသေးတာဟ...

Albert Street ကနေ ဆင်းလာတုန်းက Food Alley ဆိုပြီး အာရှအစားအစာတွေရောင်းတဲ့ Food court တစ်ခုကို တွေ့ခဲ့တော့ အဲ့ဒိကို ပြန်သွားကြည့်ကြတယ်။ အာရှအစားအစာတွေရောင်းတဲ့ဆိုင်ကတော့ ညဘက်ထိဖွင့်တယ်ရှင့်။ တရုတ်စာ၊ ထိုင်းစာ၊ ဗီယက်နက်စာ၊ ကိုရီးယားစာ၊ ဂျပန်စာ၊ အင်ဒိုစာ စုံလို့ပါပဲ။ ကိုယ်တွေအကြိုက် ထိုင်းစာကို မှာဖြစ်တာပေါ့။ Mr.Right က အမဲသားယိုးဒယားချက်နဲ့ ထမင်း၊ ကိုယ်ကတော့ ကြက်သားနဲ့သီဟိုဠ်စေ့ကြော်စားတယ်။ အရည်သောက်ရအောင် တုန်ယမ်းဟင်းချိုပါ မှာလိုက်တာ လာတော့ တုန်ရမ်းအတွက် ထမင်းတွေပါ ပါလာလို့ ၃ပွဲဖြစ်သွားတယ်။ Food Alley မှာ အဲဒိ ထမင်းဟင်း 1 set ကို ပျမ်းမျှ NZD 11 လောက်ရှိတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ Portion က များတယ်။ ဟင်းတွေလဲ အများကြီးပေးတယ်။ ခု ၃ပွဲဖြစ်သွားတော့ လုံးဝ မကုန်တော့ဘူး။

လူကဘာဖြစ်မှန်းမသိဘူး အနောက်တိုင်းသားတွေရှိတဲ့ နေရာမျိုးသွားတိုင်း ထမင်းပဲစားချင်တဲ့စိတ်ဖြစ်တယ်။ ခရီးသွားကောင်းမဟုတ်ဘူးလို့ပြောလဲ ခံရမှာပဲ။ ဒါပေမဲ့ ကျန်တာတွေ အပင်ပန်းခံနိုင်တယ်။ အဲလို ခံနိုင်ဖို့ကလဲ ကိုယ့်အတွက် တင်းတိမ်မဲ့ အစားအစာပဲစားချင်တယ်။ အနောက်တိုင်းစာတွေက အီတာပဲရှိတယ်။ ဗိုက်တော့ပြည့်ပါတယ်။ စိတ်က မတင်းတိမ်တော့ မူးသလိုလို မောသလိုလိုနဲ့။ ပေါင်မုန့်ကြီးတွေဆိုလဲ မာသေးတယ်။ Sandwich လိုဟာတွေဆိုလဲ အကြီးကြီးတွေ ကိုက်ရတာ ပါးစပ်နဲ့တောင် မဆံ့ဘူး။ နောက်တစ်ချက်ကတော့ သူတို့ အနောက်တိုင်း စားသောက်ဆိုင်တွေကလဲ ပိတ်တာမြန်ပါ့။ ညထိဖွင့်တဲ့ တော်ရုံတန်ရုံဆိုင်လေးတွေဆိုလို့ ဒီအာရှဆိုင်တွေပဲရှိတယ်။ နယူးဇီလန်မှာ သြစီထက်တော့ အာရှစာ ရှာရတာ လွယ်တယ်။ နေရာတိုင်းမှာ ရှိတယ်။ မြို့သေးလေးတွေမှာတောင် ထိုင်းဆိုင်ရှိလို့ ထိုင်းတွေ ကျိတ်ကျေးဇူးတင်နေရတယ်။ ကိုရီးယားဆိုင်၊ ဂျပန်ဆိုင်၊ တရုတ်ဆိုင်တွေလဲ လွယ်လွယ်ရှာလို့ရတယ်။

ကောင်းမှကောင်း... တုမ်ယမ်းကတော့ စပါးလင်နံ့သိပ်မရတော့ တစ်ခုခုလိုနေသလိုပဲ။ မှိုတွေကလဲ ပီဇာထဲထည့်စားတဲ့ မှိုမျိုးတွေ

Black pepper Beef 

အာရှစာ စားချင်ရင် Albert St ပေါ်မှာ ဒီဆိုင်းဘုတ်ကိုရှာ 

Food court entrance

သူ့နိုင်ငံဈေးနဲ့ဆို ဒီဆိုင်တွေက ဈေးတော့ သိပ်မကြီးပါဘူး

Auckland Sky Tower



ညစာစားပြီး ၇နာရီလောက်ကျတော့မှ Auckland tower ကိုသွားကြတယ်။ Auckland တာဝါအောက်မှာတော့ စည်ကားနေတယ်။ Free Show တွေလဲရှိတယ်။ မျက်လှည့်တို့၊ မီးနဲ့ ကစားပြတာတို့၊ ကောင်မလေးတွေ ဂွေဝိုင်းနဲ့ကပြတာတို့ စုံနေတာပဲ။ အဲ့လိုမျိုး မြေဝိုင်း free show လေးတွေတွေ့တိုင်း မြန်မာပြည်မှာလဲ မြေဝိုင်းအကတို့ ဘာတို့ မတိမ်ကောသွားရင်ကောင်းမယ်လို့တွေးမိတယ်။ ဒီအကအဖွဲ့ဆိုရင် Auckland Tower က ပဲ ပိုက်ဆံပေးပြီးငှားထားတာလားဘာလားတော့ မသိဘူးပေါ့နော်။ ဘာပဲပြောပြော ခုလို ကြေးစားအကအဖွဲ့လေးတွေအတွက် လုပ်စားရှင်သန်နေလို့ရသေးတယ်။ ဒါပေမဲ့ မြန်မာပြည်မှာလဲ နယ်ဖက်တွေမှာတော့ အငြိမ့်ပွဲလေးတွေဘာလေးတွေ ဘုရားပွဲတွေမှာရှိအုံးမယ်ထင်ပါတယ်နော်။ သို့သော်ညားလည်း အရည်အသွေးမှီ ပြပွဲတွေ ဟုတ်သေး မဟုတ်သေးတော့ မသေချာဘူး။ သဘင်ဆိုတာမြန်မာပြည်မှာ တိမ်ကောနေပြီလားလို့ အတွေးနယ်ချဲ့မိတယ်။


မျက်လှည့်ဆရာ 

ချမ်းချမ်းအေးအေးပေမဲ့ ကနေတော့ မချမ်းဘူးထင်ပါ့

သူလေးလှလား?

တာဝါအကြောင်းပြောရရင်တော့ တာဝါပေါ်တက်တဲ့ကြေးက တစ်ယောက်ကို NZD 28 ကျပါတယ်။ ဓာတ်လှေကားတွေက ဖန်တံခါးတွေဖြစ်တဲ့အပြင် ကြမ်းပြင်ကပါ ဖန်ကြမ်းပြင်ဖြစ်တဲ့အတွက် မြင့်လာနဲ့အမျှ အောက်ကို မြင်နေရတာ ကျောချမ်းချင်စရာပါ။ Observatory level အထိရောက်ဖို့ စက္ကန့် ၄၀ ပဲကြာပါတယ်။ တာဝါရဲ့ အမြင့်ပေက ၃၂၈ မီတာရှိပြီး နယူးဇီလန်တစ်နိုင်ငံလုံးမှာ လူတွေဆောက်ထားတဲ့အထဲက အမြင့်ဆုံး အဆောက်အဦးဖြစ်ပါတယ်။ တာဝါဟာ သဘာဝလေဒဏ်ကို တော်တော်လေးခံနိုင်အောင်လုပ်ထားပြီး၊ မီးဘေးအန္တရာယ်အတွက်လဲ ပြင်ဆင်မှုတွေရှိပါတယ်၊ ပြင်းအား ၈.၀ ရှိတဲ့ ငလျင် ၂၀ကီလိုမီတာအတွင်းဖြစ်ခဲ့မယ်ဆိုရင်တောင် Sky tower ကိုမပြိုကျအောင် စမ်းသပ်ချက်တွေ ပြုလုပ်ပြီး နှစ်ပေါင်းများစွာ ကြာရှည်ခံအောင် ဆောက်လုပ်ထားတာပါ။


ဒါက Sky Jump လုပ်တဲ့သူတွေ ကျလာတဲ့ စင်

SkyTower ကနေ ပတ်ပတ်လည် ၈၀ကီလိုမီတာအထိ ၃၆၀ ရှုခင်းကို မြင်နိုင်မှာဖြစ်ပြီး။ စားသောက်ဆိုင်တွေဖြစ်တဲ့ The Sugar Club, Orbit တို့မှာ စားနိုင်သလို (ဈေးကတော့ ဘယ်ဈေးလဲ မသိ)၊ Sky Lounge မှာလဲ ကော်ဖီသောက်နိုင်ပါတယ်။ ပိုပြီး စွန့်စွန့်စားစားလုပ်ချင်တယ်ဆိုရင်တော့ Skywalk တို့ sky jump တို့ လုပ်လို့ရပါတယ်။ အဲဒါကတော့ ရာကျော်တယ်ထင်ပါတယ်။ ဒါပေမဲ့ မဗေဒါတို့ မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်မြို့တွေမှာလဲ တခြား စွန့်စားတဲ့ Activities တွေကျန်နေသေးတယ်ဆိုတော့ ချန်ထားတာပါ။ အဲဒိပေါ်က ကော်ဖီဆိုင်က တစ်နာရီတစ်ကြိမ် ၃၆၀ ဒီဂရီ လှည့်တယ်ဆိုလို့ ကော်ဖီသောက်အုံးမလို့ပဲ။ ဒါပေမဲ့ ဗိုက်တွေလဲ ပြည့်နေတာတစ်ကြောင်း၊ ညဘက်ဆိုရင် ကော်ဖီဆိုင်ထက် Bar သဘောမျိုးဖြစ်သွားတော့ ကိုယ်နဲ့ သိပ်မကိုက်တော့တာရယ်၊ ကောင်းကင်ပေါ်ဆိုတော့ အနည်းနဲ့ အများတော့ ဈေးကြီးမှာပဲ ဆိုပြီး Mr.Right ကလဲ မဝင်ချင်တော့တာနဲ့ မဝင်ဖြစ်ခဲ့တော့ဘူး။ တာဝါပေါ်မှာတော့ တခြားနိုင်ငံတွေက တာဝါတွေလို လူတွေအများကြီးနဲ့ လုယက် ဓာတ်ပုံရိုက်နေစရာမလိုဘူး။ ညပိုင်းမို့ လူရှင်းတာလား။ နယူးဇီလန်မို့ ဒီလူလောက်က ပုံမှန်ပဲလား မပြောတတ်တော့ပါဘူး။

ဘယ်တာဝါပေါ်ကကြည့်ကြည့် မြို့ပြရဲ့ အလှနဲ့ အပေါ်မြင်ရတဲ့ ပုံစံတွေက တူတူပါပဲ။ သို့သော်ညားလည်း Auckland က တာဝါပေါ် ငါခြေချဖူးတဲ့ တာဝါတစ်ခုတိုးသွားပြီး ရောက်ဖူးသွားပြီဆိုတာကိုက ကိုယ့်အတွက်တော့ ပျော်စရာကောင်းနေပါပြီ။ အဲဒိကနေ ၈နာရီကျော်ကျော်လောက် ဟော်တယ်ပြန်လာပြီး နောက်နေ့အတွက် ကိုယ်လုပ်မဲ့ အစီအစဉ်ကို စီစဉ်ရပါတယ်။

Been There!

Seen that!

View of Harbour from Sky Tower 

It is possible to go New Zealand without driving (ဝေးပြေးကားတွေအကြောင်း တစ်စေ့တစ်စောင်း)

New Zealand မှာ မြို့တစ်မြို့နဲ့တစ်မြို့ကို ဆွဲတဲ့ Express car တွေလိုမျိုး ကုမ္ဗဏီရှိပါတယ်။ နာမည်ရ ၂ခုကတော့ Intercity နဲ့ Naked Bus ပါ။ Review တွေအရ Intercity က ဈေးတော်တော်လေးပိုကြီးပေမဲ့ ပိုကောင်းတယ်ပြောတာရော၊ ကားပေါ်မှာ အင်တာနက် ဝိုင်ဖိုင်ပါတာကြောင့်ရော ပြီးတော့ ထွက်တဲ့ကားများတာကြောင့် ကိုယ်လိုချင်တဲ့ အချိန်ကို Flexible ဖြစ်တာကြောင့်ရော Intercity ကိုပဲ ဝယ်ဖြစ်ပါတယ်။ Naked Bus က ဈေးအတော်ချိုပေမဲ့ ထွက်တဲ့အကြိမ်ရေနည်းတော့ အချိန် Flexible မဖြစ်သလို၊ Intercity လောက်တော့ နေရာများများမသွားပါဘူး။ အဓိက မြို့ကြီးတွေလောက်ပဲ သွားပါတယ်။

နောက်နေ့အတွက် Auckland ရဲ့ မြောက်ဘက်မှာရှိတဲ့ Paihia ဆိုတဲ့ မြို့ကလေးကနေ Hole in the Rock ကျောက်ဆောင်ကို Cruise နဲ့သွားဖို့ ဝယ်လိုက်ပါတယ်။ အစောဆုံးထွက်တဲ့ မနက် ၈နာရီကားကို ဘွတ်လိုက်ပြီး နောက်အကျဆုံးထွက်တဲ့ ညနေ ၄နာရီခွဲကားကို ဘွတ်တာ မကျန်တော့တာနဲ့ ၄နာရီကားပဲရပါတယ်။ ဒါနဲ့ ရလောက်ပါတယ်လေ။ Auckland to Paihia က ၄နာရီလောက်မောင်းရတာ သိပေမဲ့ Cruise က အချိန်ဘယ်လောက်ကြာလဲတော့ ဝက်ဆိုဒ်မှာ မရေးထားပါဘူး။ ဒါပေမဲ့ နေ့ချင်းပြန်တော့ ရတဲ့ပုံစံမျိုးမို့ အဲဒိ အချိန် ၂ခုကို ဘွတ်လိုက်ပါတယ်။ မနက်ဖြန်ရော ဘယ်လိုအကြောင်းအရာတွေ ကြုံတွေ့ရမလဲဆိုတာ မဗေဒါနဲ့အတူ ခရီးသွားရင်း စိတ်လှုပ်ရှားစွာ စောင့်မျှော်ဖတ်ရှုကြပါနော်…

အဝေးပြေးကားတွေအကြောင်း နောက်ပိုစ့်တွေကျမှပဲ သေချာ ထပ်ရှင်းပြပါတော့မယ်။ ခုတော့ ဂလောက်ပဲ တော်သေးပြီ...

အဝတ်တစ်ထည် ကိုယ်တစ်ခု မျက်နှာပြောင်နဲ့ Auckland မြို့လယ်လျှောက်သွားခဲ့တဲ့ ကျွန်မ

တက်လိုက်ကြစို့ တောင်ကုန်းတွေ


Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day6 (Part 2)


28 comments :

ဆုမြတ်မိုး said...

ဖတ်လို့မပြီးသေးဘူး မခံစားနိုင်လို့လာေ၇းလိုက်တာ...အမရယ်..။
ဗီဇာပြသနာတက်သွားတာကိုသိတယ်..။ boarding pass ပြသနာတက်တာကိုမသိဘူးရယ်..။ဖတ်ရင်းနဲ့တောင်ငိုချင်တယ် ဆက်ဖတ်လိုက်မယ်နော် ။

ဆုမြတ်မိုး said...

day 1 adventure တော့ပြီးသွားပြီး) ထပ်ပြောလိုက်ဦးမယ်..မဗေဒါခရီးသွားပိုစ့်တွေကိုကြိုက်တာတခြားမဟုတ်ဘူး အဲလိုအသေးစိတ်လေးတွေက အစ စုံနေအောင်ပြောတတ်တာရယ်ကြောင့်ပါပဲး) မြို့နာမည်တွေတခါမှမကြားဖူးဘူး သွားတော့သွားချင်တယ်..။
လေယဉ်လက်မှတ်ခ ပြန်ရသွားတာ အတော်ဝမ်းသာစရာပဲ ။ အဆိုးထဲက အကောင်းပေါ့နော် ။ ရှေ့ဆက်မယ့်ခရီးတွေကိုစောင့်နေတယ် မဗေဒါရယ်..။

btw... ၁၈ မျက်နှာ research table ကြီးကိုလည်းတွဲတင်ပါဦးဗျို့ ။

Anonymous said...

A very determined traveller. So cool. :)
I am not a korean fan and not a hardcore fan of drama review, but always love your travel related posts.
It's so exciting and I feel like I am traveling by reading the blogpost :P

Anonymous said...

A very determined traveller. So cool. :)
I am not a korean fan and not a hardcore fan of drama review, but always love your travel related posts.
It's so exciting and I feel like I am traveling by reading the blogpost :P

Anonymous said...

A very determined traveller. So cool. :)
I am not a korean fan and not a hardcore fan of drama review, but always love your travel related posts.
It's so exciting and I feel like I am traveling by reading the blogpost :P

Anonymous said...

A very determined traveller. So cool. :)
I am not a korean fan and not a hardcore fan of drama review, but always love your travel related posts.
It's so exciting and I feel like I am traveling by reading the blogpost :P

ဆုမြတ်မိုး said...

မဗေဒါ ဘယ်လိုတွန်းအားတွေနဲ့ ဒီလောက် အခက်အခဲတွေကိုရင်ဆိုင်နိုင်သွားလဲမသိဘူး ။ ညီမတော့ ပထမဆုံး smart ဖုန်းဝယ်မယ်လုပ်တုန်းက pass သက်တမ်းကုန်ခါနီးမို့ဝယ်မရဘူး ။ pass တိုးရတယ်..။ pass တိုးပြီးသွားဝယ်တော့ cooperate plan ဆိုရင် ရုံးက စာပါမှရမယ်ဆိုလို့ သောကြာနေ့သွားဝယ်တာ မရပြန်ဘူး စနေ၊ တနင်္ဂနွေ နှစ်ရက်စောင့်လိုက်ရသေးတယ် ။ တနလာင်္နေ့ရောက်လို့ ထပ်သွားဝယ်ပြန်တော့ passport သက်တမ်းကုန်ခါနီးမို့ passport သက်တမ်းတိုးပြီးမှဝယ်ပါလို့ပြောကော... M1 ဆိုင်ရှေ့မှာ ဘယ်လိုမှမထိန်းနိုင်တော့ဘူး မျက်ရည်တွေထွက်လာတာ...။ သူများတကာတွေ ဖုန်းတွေတစ်လုံးပြီးတစ်လုံးဝယ်နေကြတယ် ငါ့ကျမှ ဘာဖြစ်တာလဲဆိုပြီးတော့ ၀မ်းနည်းလို့ ငိုလိုက်တယ်ဆိုတာ..။ ပြန်တွေးကြည့်တော့ရယ်စရာကြီး ဒါပေမယ့် အဲဖုန်းလေးတစ်လုံးဝယ်ဖို့ ကိုယ်ပင်ပန်းတာကိုယ်ပဲသိတယ် ။ မဗေဒါလို လေယဉ်လက်မှတ်တွေထပ်ဝယ် ၊ boarding pass ပြသနာတွေသာတက်ရင်..သေချာတယ်....၀မ်းနည်းလို့ ဆုံးမှာမဟုတ်ဘူး ။ ဘာပဲဖြစ်ဖြစ် လေယဉ်လက်မှတ်နောက်တစ်ခုကိုဝယ်ဖို့ ပိုက်ဆံတတ်နိုင်တာရယ်ကိုက ကံကောင်းတာပါ..။ ငွေနဲ့ဝယ်လို့မရတဲ့အတွေ့အကြုံတွေကို နောင်တစ်ချိန်ကျရင်အမှတ်ရနေမှာပါ ။

ဆွေလေးမွန် said...

Day 1 တော့ဖတ်သွားပြီ.. ဒီလို ထစ်ထစ်ငေါ့ငေါ့လေးရှိတာတောင်မှ အပြုံးနဲ့လေးတွေ ကျော်ဖြတ်ခဲ့ကြတယ်ဆိုလို့ .. :) :)
နောက်တစ်ပိုင်း မျှော်နေပါတယ်ရှင့်..

Anonymous said...

ရင်တမမ နဲ့ ဖတ်ပီးပီခုပဲ။ စိတ်ဝင်စားဖို့ လည်းကောင်း။လက်မှတ်ခပြန်ရတာ လိုက်ပီးဝမ်းသာတယ်။ အစားအစာ တွေရဲ့ဈေးနှုန်းကတော့ဒီဘက်နဲ့တူတူပဲ။ ဟုတ်တယ်နော် ဘယ်ပဲရောက်ရောက် အာရှစာပဲလိုက်ရှာစားတယ်။နောက်တစ်ခုမီးပွိုင် အဲအနီရောင် ပလင်းပလင်းက လည်းတူတူပဲ.အရမ်းကြောင်တယ်။ဟီး။

yumm

mabaydar said...

@ဆုမြတ်မိုး - ဘယ်ထိဖတ်ပြီး မခံစားနိုင်တော့တာလဲ? :P boarding pass ပြဿနာတက်တာကနောက်။ Transit Visa မရှိလို့ ချက်အင်မှာ ပြဿနာတက်တာက အရင်။ ကိုယ်လဲ မြို့နာမည်တွေ သွားမယ်ဆိုမှ ရှာရင်းနဲ့ သိတာ။ တစ်ချို့မြို့တွေဆို အသံမထွက်ဘူး။ ဟိုရောက်မှ သူတို့ထွက်တာကို လိုက်ထွက်တာ။ အဲဒိ အသံထွက်တွေနဲ့ ပတ်သတ်ပြီး local ဦးလေးကြီးပြောပြတာတွေရှိသေးတယ်။ နောက်ပိုစ့်တွေမှာ ပါမယ်။ လေယာဉ်လက်မှတ်ခပြန်ရတာ အဆိုးထဲက အကောင်းထက်၊ အဆိုးဆုံးထဲက သိပ်မဆိုးတော့တာဆို ပိုမှန်မယ်ထင်တယ်။ ဟီး…

၁၈ မျက်နှာ research Table ကြီးက ရှုတ်ပွပြီး သေသေချာချာရေးထားတာတော့မဟုတ်ဘူး။ ပိုစ့်အားလုံးပြီးမှ ဘယ်လိုတင်ရမလဲ နည်းလမ်းရှာရမယ်။ ဘလော့မှာ table ဘယ်လိုတင်ရမလဲ မသိ။ ညီမလို အချိန်တစ်ခုကို စောင့်ပြီးမှ ရမယ်ဆိုရင်တော့ မဗေဒါလဲ ငိုဖြစ်ချင်ငိုဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ခု မဗေဒါတို့အဖြစ်က ထိုင်ငိုနေဖို့ အချိန်တောင်မရဘူးလေ။ တာမီနယ်ပေါင်းစုံပြေးပြီး လေယာဉ်ကို ဘီးဖက်မလိုက်ရရုံတမယ်ဆိုတော့ ရီပဲနေလိုက်တော့တယ် အေးရော။ ခုမှ ၀မ်းနည်းချင်သယောင်ဖြစ်လာဘီ။ ဟီး… ဒါပေမဲ့ ၀မ်းနည်းတာထက် ခံပြင်းတာ၊ မခံချင်ဖြစ်တာက ပိုများတယ်။ “Just bcoz I hold Myanmar Passport, I had to go through all these unfortunate events” ဆိုပြီး ခံပြင်းတာ။ ကိုယ်လဲ သိပ်တော့ ချမ်းသာနေလို့ ပိုက်ဆံနဲ့ ဖြေရှင်းတာတော့မဟုတ်ပါဘူး။ ကိုယ့်ရှိစုမဲ့စု ခြွေးနည်းစာလေးတွေ စုထားတာ လောက်နေလို့ တော်သေးတာပေါ့။

@Anonymous – The comment was under my moderation. So once u submits, it will not be on the blog. It needs to wait for my approval because I want to prevent from spam. Yes, I have two kinds of readers, Drama fans and Travel Fans. But what can I do, since I am fans of both. Haha… Thanks for your comments. I read all of your four comments although they all are the same. I just can’t enough to read my reader’s comment. Next time care to leave your name? I have some plan for my readers.

mabaydar said...

@ဆွေလေးမွန် - မပြုံးလို့လဲ ဘာမှ မတတ်နိုင်တော့ဘူးလေ။ ဒီလောက်ခက်ခက်ခဲခဲလာပြီးမှ ဒီလောက် ပိုက်ဆံတွေကုန်ပြီးမှတော့ ကိုယ်စိတ်ညစ်နေရင် ၂ဖူနာဖြစ်သွားမှာပေါ့။ နောက်တစ်ပိုင်းရေးဖို့ မနည်းအားယူရအုံးမယ်။ ဟီး…

@Yumm – ဟုတ်တယ် လက်မှတ်ခ ပြန်မရရင်တော့ ပြန်လာရင် ကိုယ်ဘယ်လိုခံစားနေရမလဲတော့ မသိဘူး။ ပြန်အမ်းပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။ ဟုတ်တယ် အစားအစာဈေးက သြစီလိုပဲ။ အာ့ကြောင့် သြစီက သူငယ်ချင်း စလုံးလာတုန်းက အားလုံးကို တန်တယ်ဆိုပြီ အများကြီး ၀ယ်စားတာ။ ဟိ။ မီးပွိုင့်အနီရောင် မှိတ်တုတ်က ကူးလို့ရတယ်ဆိုတာ သြစီမှာလဲ အဲ့တိုင်းပဲလား? အရမ်းကြောင်တယ်ဆိုတာ Yumm လဲ ကြောင်တယ်ပြောတာလား? သူတို့ရဲ့ idea ကြောင်တယ်ပြောတာလား?

Anonymous said...

အင်း အာ့လိုပဲ လူကကြောင်တောင်တောင်ဖြစ်တွားတာပြောတာပါ။ သူတို့အိုင်ဒီယာလည်းကြောင်နေတယ်လို့ထင်တယ်။ ဟုတ်တယ်စားစရာဆို ဝယ်စားပီးမကုန်နိုင်လို့။
yumm

Swant said...

I have read it with smile and also long face knowing your exciting and problems moments but what a nice time when two were together. As usual your writing is frank and detail . Love it!! Waiting for the next episodes.
Swe Swe Thant

ရင်ငြိမ်းသူ (Yin Nyein Thu) said...

မပြီးသေး ... ဖတ်နေဆဲ။
စိတ်ရှည်ရှည်အသေးစိတ်ကို ရေးထားတာ ...
:) :)

mabaydar said...

@Swant - Thank you so much sis. Glad to know readers are actually connected with my feeling through the post. Stay tune for next post.

@ရင်ငြိမ်းသူ - ခုရော ဖတ်လို့ပြီးပြီလား? မန့်သွားတာ ကျေးဇူးပါ.

Anonymous said...

အမလေး ဖတ်ပြီး ရင်တမမဖြစ်လိုက် ဒေါသတွေထွက်လိုက် ညက်လုံးတွေပြူးလိုက် တောက်တွေခတ်လိုက် လက်ခုပ်လက်ဈါးတီးလိုက်နဲ့ အစအဆုံး မုဒ်တွေဝင်သွားတယ် တကယ်
အဲနေ့မသွားရတော့ဘူးမှတ်လို့ ကိုယ့်မှာ ဝမ်းတွေတောင်နည်းလို့ အဟွင့် ရွှတ် ဖတ်
မြန်မာ passport ကတော့ပြောမနေနဲ့ အဲ့ဟာနဲ့ပတ်သက်ပြီး လက်ချာရိုက်တာ ဖတ်ရတာကြိုက်တယ်လို့ များများသာရိုက်
ဘာအခက်အခဲကြုံကြုံ honeymoon ကိုရအောင် enjoy နိုင်တာကိုတော့ တကယ်လေးစားတယ် salute
မဗေဒါခရီးသွားပိုစ့်တွေဖတ်တိုင်း အဲလိုစိတ်လေးကို ကိုယ့်စိတ်နဲ့ကိုယ်နှိုင်းယှဉ်ပြီး မချီးကျူးပဲကို မနေနိုင်တာ reslistic လဲဖြစ်တယ် တချိန်ထဲမှာ optimistic ဖြစ်အောင်လဲ ကိုယ့်mood ကိုယ် control လုပ်နိုင်တာ အားကျတယ် အဟုတ်
Mr right ဗနရာမှာဝင်ပြီးတော့လဲ အော် သူကံကောင်းသဟ ရတဲ့မိန်းမလေးကကျန်းးး ခရီးသွားတာ အားကိုးရသဟ ဂျီလဲမကျဘူး (ကိုယ်နဲ့ယှဉ်ပြီး) research တွေလဲ ရှာတာတော်ဒယ် ကျန်း ဆိုပြီး သဘောတွေကိုကျလို့
ဝိုင်း Jamaica သွားတာလေ မနှစ်က အဲ့တုန်းကလဲ Miami မှာ transit ကိုဝယ်လိုက်တာ သေချာမကြည့်ပဲနဲ့ အာ့ transit visa မလျှောက်မိလို့လေ အွန်လိုင်းချက်ကင်လဲဝင်ရော ဂိရော ဟိုမှာ 7 years ဝေးနေပြီးပြန်ဆုံမယ့် ငယ်သူငယ်ချင်းနဲ့ skype ပြောရင်း မလာဖြစ်တော့ဘူးဆိုပြီး ၂ယောက်သားငိုလိုက်ကြတာ ဗြဲ.. လက်မှတ် book ပေးတဲ့ယောကျာ်းခမျာလဲ ကိုယ်ငိုလို့ စိတ်မကောင်းတွေဖြစ် .. နောက်ဆုံးကျ လက်မှတ်လဲဆုံး Virgin Atlantic ကဟာကို အနားကပ်မှ ဇွတ်ဝယ်တော့ ပိုက်ပိုက်တွေလဲကုန် ဝါးးးး ဗြဲ ရအောင်တော့သွားလိုက်တာပေါ့နော်
အာရှစာမှစားဝင်တာလဲ တူတယ်တော့ ဝိုင်းကဒီမှာနေတော့ပိုဆိုး နေ့တိုင်းနေ့လည်စာထည့်ယူမသွားတတ်တော့ Sandwich တွေ Baguette တွေလဲ လုံးဝကို စားမဝင်တာ တသက်လုံးစားလို့ရမှာမဟုတ်ဘူး နေ့တိုင်းငတ်တယ် နေ့လည်စာ
အဝတ်တထည်ကိုယ်တခု မျက်နှာပြောင်လေးနဲ့ Auckland မှာ ကောင်မလေးတယောက် သနားစရာလေးဟယ် အာ့နဲ့ကောမန့်ထိုင်ရေးလိုက်တာ ညတစ်နာရီထိုးနေပြီ မျက်လုံးက ဝါးနေတာ ကီးဘုတ်ကိုမနည်းစမ်းရိုက်နေရတယ် အိပ်တော့မယ်လို့စ် နောက်ဘာဆက်လည်သေးလဲ ဘာတွေဖြစ်သေးလဲ မြန်မြန်ရေးပါ

Wine

ဆုမြတ်မိုး said...

scan လိုက်ရော မီးနီပြနေတယ်။

အဲနေရာအေ၇ာက်မှာ ဘယ်လိုမှမခံစားနိုင်တော့ဘူးရယ်...။ so climax :P

Ni Ni Lwin said...

ရင်တမမ နဲ့ ဖတ်သွားပါတယ်နော် ဘာပဲဖြစ်ဖြစ် ကိုယ်သွားချင်တာကို မဖြစ်ဖြစ်အောင် လုပ်ဖို့ ချက်ချင်းဆုံးဖြတ်ချက်ချနိုင်တာကို ချီးကျူးပါတယ်။ ကိုယ်သာဆိုရင်တော့ အဲဒီနေရာမှာတွေဝေနေမလား မသိ

shin said...

တော်သေးတယ်။ ပထမ လေယဉ်လက်မှတ်က refund ပြန်ရလို့။ ကိုယ်သာဆိုရင် လဲ အဲ့လို ဆန့်တငင်ငင်ဖြစ်ရင် အတော်စိတ်ညစ်မိမှာပဲ။ btw, ကိုယ်တို့လဲ နေ့တိုင်းဘိုစာ မစားနိုင်ခဲ့ဘူး။ တရက် ၃နပ်မှာ အနဲဆုံး ၁နပ်တော့ အာရှစာ စားဖြစ်တယ်။ ခရီးတလျှောက် indianဆိုင်မှာ ဒံပေါက်စားခဲ့ရတာ အကောင်းဆုံးပဲ။ ဟီးဟီး။

Nint Gyi Daw said...

I just rode another roller coaster by reading this post! I some point I felt so stressed that I wanted to stop reading. Yet I wanted to know what happened next and spent the longest minute of my life reading it through...thanks God everything was fine and you were able to recover some costs too. I was praying all along until the end. I like how you made the decisions and how you two worked together. Looking forward to reading another episode of your adventure!

William Tan said...

What a remarkable honeymoon aye!

mabaydar said...

@Wine ရေ - မတွေ့တာကြာပြီနော်။ မအားတဲ့ကြားက ကွန်မန့်လာရေးသွားလို့ ကျေးဇူးနော်။ မဗေဒါလဲ optimistic ဖြစ်ဖြစ် ကိုယ့် Mood ကိုယ်ထိန်းနိုင်တာ တော့ မဟုတ်ပါဘူး။ ကိုယ့်ပင်ကိုယ်စိတ်ကိုက မခံချင်စိတ်ဖြစ်သွားတာ။ ပြောရမယ်ဆိုရင်တော့ အဲ့ဒိ တစွတ်ထိုးစိတ် အရွဲ့တိုက်တဲ့စိတ်က နေရာတိုင်းတော့ မကောင်းဘူးထင်ပါတယ်။ Mr.Right က ကံကောင်းတယ်ဆိုရင်။ မဗေဒါလဲ Mr.Right လို နာလည်မှုပေး၊ အလိုလိုက်၊ ခွင့်လွှတ်၊ မဗေဒါသွားသမျှနောက်လိုက်နိုင်၊ ယောင်္ကျားဆိုပြီး အရာရာ ရှေ့က ဆရာမလုပ်ပဲ မဗေဒါလုပ်ချင်တာလုပ်ဆိုပြီး ခွင့်ပြုတတ်တာ မဗေဒါကို ချစ်လို့လို့ ယူဆလို့ရတော့ မဗေဒါကံကောင်းတယ်လို့လဲ ပြောလို့ရပါတယ်။ ၂ယောက်လုံးသား စိတ်ဆတ် စိတ်တိုတတ်ရင်တော့ လက်တွဲဖို့ တော်တော်ခက်မယ်။

ဒါဆို ၀ိုင်း Jamaica သွားတဲ့ အဖြစ်ကလဲ မဗေဒါနဲ့ တူတူပဲပေါ့။ အဲ့လိုဆို သိပ်ခံပြင်းတာပဲ။ ကိုယ့်အမှားလဲ မဟုတ်ပဲနဲ့။ ကိုယ့်တိုင်းပြည် မကောင်းလို့ လိုအပ်ချက်တွေများရတာကို ခံပြင်းတာ။ ဘာပဲပြောပြော သွားလိုက်ရသေးတာကောင်းပါတယ်။ အိပ်ငိုက်ငိုက်နဲ့ ကွန်မန့်ရေးသွားလို့ ကျေးဇူးနော်။

@ဆုမြတ်မိုး - ဒါနဲ့ ၁၈မျက်နှာ research စာရွက်လိပ်ကြီးက Skytower ပေါ်က ပုံမှာ ကိုယ့် အနွေးထည် အိတ်ထဲထည့်ထားတာကြီးပေါ့။

@shin - ဟုတ်ပါ့။ ကိုယ်တွေလဲ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ နဲ့ တရုတ်ဆိုင်တွေ လှည့်ပတ်စားနေတယ်။ လိုကယ် အစားအသောက်ခရီးသွားမဟုတ်ပေမဲ့ ကိုယ်ရောက်ဖူးတဲ့ နိုင်ငံတွေက ကွဲပြားတဲ့ အာရှစာချက်ပုံတွေ အရသာတွေကိုတော့ ကောင်းကောင်း review နိုင်ပါတယ်။

@Nint Gyi Daw - There's more roller coaster coming. I wonder that at which point did you wanted to stop reading? You can also write a good comment. Your comment really put a smile on me.

@Willian Tan - Your comment is too short!... haha... ၀တ်ကြေတမ်းကြေ လာပေးနေတာလား? Illegible ဖြစ်ဖို့ လာပေးနေတာလား? haha... (just kidding) keep coming and appreciate it.

Nint Gyi Daw said...

The point where I wanted to stop reading was when you found out the next available flight costed around $2,500 each. That's very expensive and what worse was it would depart in no time! I knew there would be more impediments until at least you got onto the flight. I was so scared to read another 1 hour and half hours of your journey! That was like the longest one minute of my life reading that part! Your portrayed the whole predicament very well in details! I felt like watching a 4D or maybe 5D movie, a 360 degree 3D movie plus seeing your thoughts and knowing your feelings happening inside you! I like how you thought positively even though both of you were left with nothing but a set of clothes! It is only the end of the world until you allow it to be, isn't it?

William Tan said...

A lot of people have already written all the comments that I want to write!

Btw, I was surprised Auckland has such a lot of high rises lol! I hope kiwis do not find this comment! lol

Anonymous said...

ကျန်သောအပိုင်းများကို ဖတ်ရန်စောင့်မျှော်လျှက်ပါ။

အခက်အခဲတွေကို ကျော်ဖြတ်သွားနိုင်တာကိုလည်း ချီးကျူးပါတယ်။။

TZ

Anonymous said...

Wow,two thumbs up for ur determaination.
Always enjoy to read ur travelling post as u always share ur happiness ,experience and memories :)

Ae'Ae'

blackroze said...

auckland က မြို့ထဲလူရှင်းတယ်နော်..
လူနေထူထပ်တဲ့ပုံစံမရှိဘူး...
တောင်ကုန်းလေးတွေနဲ့ဆိုတော့ တော်တော်လှမှာသေချာတယ်..
အပိုင်းဆက်လေးတွေ မြန်မြန်ရေးပေးပါဗျိုးးးး

ခင်တဲ့ ပစ်ပစ်

William Tan said...

I came here to check a new post! One more entry naw!