Monday, March 09, 2015

Kingsman, The Secret Service - English Movie Review

ပြီးခဲ့တဲ့အပတ်က ရုပ်ရှင်ရုံမှာ ဘာကားကြည့်ရကောင်းမလဲ ရွေးရင်း Jackie Chan ကား Dragon Blade နဲ့ Kingsman: The secret Service ၂ကားကြား ဝေခွဲမရဖြစ်ခဲ့ပြီးမှ Jackie Chan ကားက မကောင်းတာ မရှိပါဘူးဆိုပြီး Dragon Blade ကိုရွေးခဲ့တယ်။ နောက်မှ အလုပ်ကသူငယ်ချင်းတွေက Kingsman ကောင်းတယ်ဆိုတော့ မနေ့ကမှ ထပ်သွားကြည့်ရတယ်။ Dragon Blade က Kingsman လောက်မကောင်းဘူး။ ဒါပေမဲ့ လုံး၀မကောင်းတာကို ဆိုလိုတာ မဟုတ်ပါဘူး။ တကယ်လို့များ အဲ့ ၂ကား ဘယ်ကားရွေးရမှန်းမသိရင် Kingsman ကိုရွေးဖို့ တိုက်တွန်းချင်တာ။ ဒီတော့ Kingsman review လေး ရေးချင်မိတယ်။

Movie Name: Kingsman, The secret service
Genre: spy action comedy film
Language: English

My Rating: 4/5

Main Cast:
- Colin Firth as Harry Hart/Galahad, a veteran Kingsman agent
- Taron Egerton as Gary "Eggsy" Unwin, a delinquent young adult who undergoes training under Hart's wing
- Samuel L. Jackson as Richmond Valentine, a billionaire philanthropist who speaks with a lisp and has a weak stomach for blood and violence
- Mark Strong as Merlin, a senior Kingsman agent and trainer
- Michael Caine as Chester King/Arthur, the leader of the Kingsman organization
- Sophie Cookson as Roxy, a trainee who befriends Eggsy
- Sofia Boutella as Gazelle, Valentine's amputee henchwoman with bladed prosthetic legs




Kingsman ဇာတ်လမ်းအကျဉ်း

အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတစ်ခုမှာ secret agent တစ်ယောက်ဟာ သူ့အသက်စတေးပြီး သူ့အဖွဲ့သားတွေအားလုံးကို ကယ်ဆယ်သွားခဲ့တယ်။ အဲ့ဒိအတွက် သူ့အဖွဲ့သား Harry Hart (အဖွဲ့၀င်နာမည် Galahad) ဟာ သူကိုယ်တိုင် ကျန်ရစ်သူမိသားစုဆီကိုသွားပြီး ရဲရင့်မှုအတွက် တံဆိပ်တစ်ခု ချီးမြှင့်ရင်း အကူအညီလိုရင် အဲဒိ တံဆိပ်နောက်က ဖုန်းနံပါတ်ကို လှို့ဝှက်စကားပြောပြီး ဆက်ဖို့ ဆုံးသွားတဲ့ သူ့သူငယ်ချင်းရဲ့သားလေးကို မှာခဲ့တယ်။

၁၇နှစ်ကြာပြီးနောက်မှာ ပရိုဖက်ဆာ James Arnold ဆိုတဲ့ သူတစ်ယောက်ကို ဘယ်ကမှန်းမသိတဲ့ အဖွဲ့အစည်းတစ်ခုက ပြန်ပေးစွဲသွားတယ်။ အဲ့ဒိအဖွဲ့အစည်ကို ဦးဆောင်သူကတော့ အပြင်ပန်းမှာ လူမှုရေးအလုပ်တွေလုပ်တဲ့ သူဌေးကြီး Valentine နဲ့ ခြေထောက်မှာ သံချွန် ၂ချောင်းတပ်ထားတဲ့ သူ့တပည့်မ Gazelle တို့ပဲဖြစ်တယ်။ Hart ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ ပရိုဖက်ဆာကို ကယ်ဖို့ကြိုးစားခဲ့ပေမဲ့ Gazelle ရဲ့ လက်ထဲ အသက်ဆုံးခဲ့တယ်။ လူသားတွေကို မြတ်နိုးပြီး ဂရုစိုက်တယ်လို့ လူသိများတဲ့ သူဌေးကြီး Valentine ဟာ နာမည်ကျော်ကြားသူများနဲ့ VIPs အများစုကို ခေါ်ယူတွေ့စုံပြီး သူ့ရဲ့ စီမံကိန်းတွေကို တင်ပြတယ်။ သူ့သဘောကို လက်မခံသူတိုင်းဟာ ပျောက်ဆုံးသွားကြတယ်။ သူဟာ မကြာမီမှာလူတွေအားလုံးကို Free SIM Cards တွေပေးမယ်၊ ဖုန်းနဲ့ အင်တာနက် အလကားရစေရမယ်လို့ ကြေငြာခဲ့တယ်။

လန်ဒန်မှာ အလုပ်အကိုင်မဲ့ Eggsy ဆိုတဲ့ ကောင်လေးကတော့ ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့အတူကြီးပြင်းလာခဲ့တယ်။ သူ့မှာ လူမမယ်သေးတဲ့ အမေတူ အဖေကွဲညီမလေးတစ်ယောက်တော့ ရှိတယ်။ သူဟာ ဉာဏ်ကောင်းပြီး လုပ်နိုင်စွမ်းရှိပေမဲ့ သူ့ဘ၀ကို ပေပေတေတေပဲ နေခဲ့တယ်။ တစ်နေ့မှာ သူများကားခိုးယူဖြတ်စီးမှုနဲ့ ရဲစခန်းအရောက် သူဟာ ငယ်ငယ်က သူရခဲ့တဲ့ တံဆိပ်နောက်က ဖုန်းနံပါတ်ကို နှိပ်ကာ အကူအညီတောင်းခံခဲ့တယ်။ Harry က သူ့ကို ရဲစခန်းကနေ ထုတ်ယူခဲ့ပြီး Kingsman agent တစ်ယောက်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ အဲ့ဒိအတွက် ခက်ခဲတဲ့ အရည်အချင်စ စမ်းသပ်မှု စာမေးပွဲတွေကို သူ၀င်ပြိုင်ရမှာဖြစ်တယ်။ အဲ့ဒိမှာပဲ Agent အဖြစ်၀င်ပြိုင်ကြတဲ့ တစ်ခြားသူတွေနဲ့ စုံခဲ့တယ်။ သူတို့ကို အရည်အချင်းစစ်တဲ့သူကတော့ Merlin ဆိုသူဖြစ်တယ်။ Eggsy နဲ့ Roxy ဆိုတဲ့ ကောင်မလေး ၂ယောက်ပဲ နောက်ဆုံးအဆင့်ထိရောက်ခဲ့သော်လည်း။ Eggsy ဟာ နောက်ဆုံးအဆင့်မှာ ရှုံးခဲ့တယ်။

တစ်ချိန်တည်းမှာပဲ Kingsman ဟာ Valenting ကို စုံးစမ်းနေခဲ့တယ်။ ပြန်ပေးစွဲခံရတဲ့ ပရိုဖက်ဆာပြန်ရောက်နေတာကို သတင်းရတော့ Harry ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့ပေမဲ့ ပရိုဖက်ဆာရဲ့ နားနောက်ထဲကို ထည့်ထားတဲ့ Chip လေး ပေါက်ကွဲပြီး ပရိုဖက်ဆာ သေဆုံးခဲ့သလို Harry လဲ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်။ ဇွဲမလျော့တဲ့ Harry ဟာ ဘီလီယံနာယောင် ဟန်ဆောင်ပြီး Valentine နဲ့တွေ့ဆုံစကားပြောခဲ့တယ်။ Valentine ရဲ့ အတွေးကတော့ လူတွေဟာ ကမ္ဘာကြီးနဲ့ယှဉ်ရင် Virus တွေလိုပဲ။ Global warming ဆိုတာ လူတွေလိုပြောမယ်ဆိုရင် ကမ္ဘာကြီးအဖျားတက်နေတာနဲ့တူတယ်။ ကမ္ဘာကြီးပျက်စီသွားရင် Virus တွေလဲ နေစရာမရှိဖြစ်သွားမယ်။ ဒီတော့ သူ့ဘက်ပါတဲ့သူတွေကိုပဲ အသက်ရှင်သန်ခွင့်ပေးပြီး။ သူ့ဘက်မပါတဲ့ သူတွေကိုတော့ Virus တွေ သုတ်သင်တဲ့အနေနဲ့ အားလုံးကို သုတ်သင်ဖို့ဖြစ်တယ်။

Harry ဟာ Valentine ရဲ့ ဆက်စပ်မှုတွေကို လိုက်ရင်း US က အမုန်းတရားတွေဟောတဲ့ ဘုရားကျောင်းတစ်ခုကို သွားရောက်ခဲ့တယ်။ အမှန်တော့ Valentine ဟာ အဲဒိ ဘုရားကျောင်းမှာ သူ့စမ်းသပ်မှုကိုပြုလုပ်နေတာ။ သူဟာ ဘုရားကျောင်းတစ်ခုလုံးက လူတွေရဲ့ ဖုန်းတွေထဲကို သူ့ Valentine Signal လွှတ်လိုက်တာနဲ့ လူတွေအားလုံးဟာ ကြမ်းတမ်းစိတ်တွေကြွလာပြီး တစ်ယောက်နဲ့တစ်ယောက် ရက်စက်စွာ သတ်ဖြတ်ကြတော့တယ်။ Harry ကိုယ်တိုင်လဲ အဲ့ဒိ Signal ဒဏ်ကို ခံခဲ့ရပြီး ထိန်းချုပ်လို့မရတော့ပဲ ဘုရားကျောင်းတစ်ခုလုံးကို သတ်ခဲ့တယ်။ Harry ဟာ Secret agent မှန်းပေါ်သွားခဲ့တဲ့အတွက် Valentine ဟာ သူ့ကို သတ်ခဲ့တယ်။ ဘုရားကျောင်းထဲက အဖြစ်အပျက်မှန်သမျှကို Harry ရဲ့ လှို့ဝှက်မျက်မှန် ကင်မရာကနေတဆင့် Merlin, Eggsy နဲ့ Kingsman အဖွဲ့ခေါင်းဆောင် Arthur တို့တွေ့ခဲ့တယ်။

Eggsy ဟာ Kingsman အဖွဲ့ချုပ်ကို သွားရောက်ခဲ့တဲ့အချိန်မှာတော့ မမျှော်လင့်တာတွေကို တွေ့ရှိခဲ့ရတော့တယ်။
Eggsy ဟာ Kingsman agent အရည်အချင်းစစ်ပွဲတောင် အောင်မြင်ခဲ့သူမဟုတ်ပဲ Valentine ရဲ့ တစ်ဖက်စွန်းရောက် အကြံအစည်တွေနဲ့ ကမ္ဘာလုံးက လူအများစုကို သုတ်သင်တဲ့ လုပ်ရပ်ကြီးကို သူဘယ်လိုတားဆီးမလဲဆိုတာကို Action အပြည့်ပြကွက်တွေနဲ့ ဟာသလေးလဲ ရန်ဖန်ရန်ခါနှောပြီးပြသချက်တွေကို ဖန်သားပြင်ပေါ် ဆက်လက်ရှုစားကြပါလို့။

ဝေဖန်ရေး

ဒီကားဟာ ဘက်ဂျက် ၈၁ မီလီယံနဲ့ ရိုက်ကူးခဲ့ပြီး ခုဆိုရင် ရုံတင်ပြသရာမှာ ၂၄၈.၃ မီလီယံနှင့် ယခုထက်ထိ တိုးတက်နေတဲ့ အမြတ်အစွန်းကို ရရှိနေပါပြီ။ နာမည်ကြီး ရုပ်ရှင် ဝေဖန်ရေး ဝက်ဆိုဒ် Rotton Tomato မှာလဲ ပျမ်းမျှ Rating 4.1/5 ရရှိထားတဲ့ကားဖြစ်ပါတယ်။

မဗေဒါ rating ၄ ပေးထားတယ်ဆိုတော့ ကြိုက်လို့ပေါ့နော်။ ဒီကားလေးဟာ James Bond လိုကားမျိုးကြိုက်တဲ့သူတွေ ကြိုက်နှစ်သက်မဲ့ကားလေးပါပဲ။ ဒီကားထဲမှာလဲ James Bond ဇာတ်လမ်းအကြောင်းပြောတဲ့ ဟာသလေးတွေတောင် တွေ့ရမှာဖြစ်ပါတယ်။ ဒီကားလေးဟာ ပစ္စည်းအစမ်းလေးတွေနဲ့ တိုက်ကွက်လေးတွေကို ပြသွားတာမှာ ချိတ်ဆက်မိနေတဲ့အတွက် ပျင်းသွားတယ်ရယ်လို့မရှိပါဘူး။ သူတို့ အရည်အချင်းစစ်ပွဲနဲ့ နောက်ဆုံး လူဆိုးနဲ့ ချတာတွေအထိ ပရိတ်သတ်က သူ့ဟာနဲ့သူ ချိတ်ဆက်စီးမြောသွားတာပါပဲ။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ ချကွက်တွေ လူတွေသတ်ကြတဲ့အခန်းတွေက အတော်လေး ကြမ်းတယ်လို့ မဗေဒါထင်ပေမဲ့ သူက တီးလုံးမြူးမြူးတွေနဲ့ ဟာသ သဘောနှောပြလိုက်တဲ့အတွက် အရမ်းပြင်းထန်တဲ့ သက်ရောက်မှုကို မပေးတော့ပါဘူး။ အပြင်းအထန် ဆိုးရွာစွာ သတ်ဖြတ်ပြတယ်ဆိုပေမဲ့ ပရိတ်သတ်တွေက ဟာသ သဖွယ်ဖြစ်သွားပါတယ်။ (ဒါပေမဲ့ မဗေဒါကတော့ ဘုရားကျောင်းထဲမှာ သတ်တာတွေကို ကြည့်ရတာတော့ သိပ်စိတ်မချမ်းသာလှပါဘူး)။ နောက်ဆုံးခန်းမှာ ခေါင်းတွေ ပွင့်ထွက်ပြီး ပေါက်ကွဲတာကို ပြတာတော့ သူက မီးရှူးမီးမပန်သဖွယ် တီးလုံးနဲ့လိုက်ပြီးပြတော့ ရီရပါတယ်။ သဘောတရား ကြမ်းပေမဲ့ တင်ဆက်သွားပုံကတော့ ဟာသနှောသွားလို့ တင်ဆက်မှုပိုင်းကို တော်တယ်ပြောရမှာပါပဲ။

ပါ၀င်သရုပ်ဆောင်သူတွေကလဲ သူ့နေရာနဲ့သူကြည့်လို့ကောင်းပါတယ်။ ကောင်းဆို Harry အဖြစ်သရုပ်ဆောင်တဲ့ Colin Firth ဟာ 2010 က The King’s Speech ကားနဲ့ အော်စကာအပြင် တခြား ဆုတွေ အများကြီး ဆွတ်ခူးခဲ့တဲ့သူလေ။ Eggsy လုပ်တဲ့ မင်းသားအငယ်ကလဲ တစ်ချက် တစ်ချက် Titanic တုန်းက Leonardo နဲ့ ခပ်ဆင်ဆင်တူတယ်။ ဇာတ်လမ်း ဇာတ်အိမ်နဲ့ အကွက်ချမှု အားလုံးလဲကောင်းတယ်။ နောက်ပြီး မကြည့်ရသေးတဲ့သူတွေကို မှာချင်တာက ဇာတ်လမ်းပြီးပြီးချင်း စာတမ်းတက်လာတဲ့အခါ မပြန်ပါနဲ့အုံး။ နောက်မှာ တချို့အခန်းလေးတွေ နည်းနည်းထပ်ပြပါသေးတယ်။ မဟုတ်ရင် မတ်တပ်ကြီး ကြည့်နေရအုံးမယ်။

မဗေဒါ ဒီကားကြည့်နေတဲ့အချိန်နဲ့ ယခုထက်ထိ စိတ်ထဲ ဒွိဟဖြစ်နေတဲ့ မေးခွန်းလေး ၂ခုတော့ ရှိပါတယ်။ အဲ့မေးခွန်းလေးကို သူငယ်ချင်းတို့ ကြည့်ပြီးလို့ သိရင် လာဖြေပေးကြနော်။ Spoiler မို့ နောက်ဆုံးမှာ ထားမေးတာ။


ဇာတ်ဝင်ခန်း တစ်ခု

Spoiler Alert နော်

နံပါတ် ၁ က အဲ့ဒိ Kingsman Agency ကြီးကို ဘယ်သူက စတင်တည်ထောင်ပြီး ဘယ်က ငွေကြေးထောက်ပံ့မှုနဲ့ ခုလို First class လို ရပ်တည်နေတာလဲ။ ခေါင်းဆောင် Arthur ကြီး သေးသွားပြီးတော့ ဘယ်လိုဆက်ရပ်တည်လဲ?

နံပါတ် ၂ က ကားလည်လောက်မှာ Valentine ရဲ့ သတင်းကို သူတို့ စခန်းကနေ ကြည့်တော့ Valentine ရဲ့ လက်ထောက် အမျိုးသမီး နားရွက်နောက်မှာ Chip ထည့်ထားတဲ့ အမာရွတ်ကို သူတို့တွေ့ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးခန်းမှာ Chip ကို activate လုပ်လိုက်တော့ ခေါင်းတွေပေါက်ကွဲတဲ့ အခန်းမှာ ဘာလို့ အဲ့မိန်းမခေါင်း မပေါက်ကွဲတာလဲ? ဒါမှမဟုတ် သူတို့ တီဗွီထဲမှာ ကြည့်စဉ်က တွေ့လိုက်တဲ့ အမျိုးသမီးက အဲဒိ သံခြေထောက်နဲ့ တစ်ယောက် မဟုတ်ဘူးလား?


Harry Hart အဖြစ် Colin Firth

Eggsy အဖြစ် Taron Egerton


3 comments :

ဆွေလေးမွန် said...

ကြော်ငြာတော့ တွေ့နေတယ်.. အဲထဲက စိတ်ဝင်စားနေတာ ခု review လေးဖတ်ပြီး ပိုစိတ်ဝင်စားသွားပြီ .. :) :)

Anonymous said...

ကြည့်ချင်နေတာကြာပြီ တခြားကားတွေဦးစားပေးရင်းပေးရင်း ဒီကားလေးက ရုံကဆင်းတော့မယ် Colin firth က ဝိုင်းတို့လင်မယားနှစ်ယောက်လုံးအကြိုက်ဆိုတော့ အားမပေးရသေးတာ စိတ်မကောင်းဘူး
The King's speech မှာ သရုပ်ဆောင်အရမ်းကောင်းသလို Love actually တို့ Bridget Jone's diary တို့ထဲက အားပေးလာတာ King's man က Trailer ဗလးလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်
အော်စကာကားတွေမကြည့်ရသေးဘူးလို့ မဗေဒါပြောလို့ Theory of everything လေးအရင်ကြည့်လို့ အကြံပေးခဲ့တယ်နော် ယူကေကမင်းသားပဲလေ အရမ်းချစ်ဖို့ကောင်းတယ် အော်စကာရသွားတယ် ကြည်ံကြည့်နော်

Wine

mabaydar said...

Theory of Everything ကို Wine ပြောလို့ ကြည့်လိုက်တယ်.. အဲ့ရောဂါအကြောင်း ဂျပန်ကား One liter of Tear ကြည့်ကတည်းက သိတယ်။ ဂျပန်ကားတုန်းကတော့ အတော်ငိုရတယ်။ သေလဲ သေသွားတယ်။ ဒီကားကတော့ မသေပဲ ကလေးတောင် ရလိုက်သေးတော့ မဆိုးဘူး။ မင်းသား အော်စကာရတာလဲ ရလောက်ပါတယ်။ အပြင်က hawlking နဲ့တောင် အတော်တူတာ။