Monday, March 30, 2015

မျက်နှာပြောင်တိုက်ခဲ့တဲ့ Presentation (စင်္ကာပူရောက် အလွဲများ ၁၄)

လူတွေအားလုံးမှာ ချော်လဲ ရောထိုင်လုပ်ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေရှိကြမှာပေါ့။ တခါတစ်လေကျတော့လဲ ရောထိုင်လို့မရပဲ အရမ်းသိသာသွားရင်တော့ မျက်နှာပြောင်လေးတိုက်ပြီး စပ်ဖြီးဖြီး ပြုံးပြရတဲ့ ကလေးရှက်တော့ ငိုတယ်၊ လူကြီးရှက်တော့ ရီတယ်ဆိုတဲ့ အခြေအနေလေးတွေလဲ ကြုံတွေ့ဖူးမှာပေါ့။ တကယ်လို့ အဲ့လို မျက်နှာပြောင်တိုက်ခဲ့ရတာ တစ်ယောက်နှစ်ယောက်ရှေ့မှာမဟုတ်ပဲ၊ တစ်တန်းလုံးရဲ့ရှေ့၊ ကိုယ့်ကို အမှတ်ပေးနေတဲ့ ဆရာရဲ့ ရှေ့မှာ ဖြစ်နေတယ်ဆိုရင် သင်တို့ရော ဘယ်လိုဖြေရှင်းဖို့ စဉ်းစားလဲဟင်?

မဗေဒါတစ်ယောက် ပိုလီတက်ခဲ့တဲ့ကာလတွေမှာ ကျောင်းဆင်းတာနဲ့ Part time အလုပ်ကို ပြေး အိမ်ပြန်ရောက်ရင် ပင်ပန်းပြီးအိပ်… တစ်ခါတစ်လေလောက်လေးများအားရင်တော့ တီဗွီလေးဘာလေးကြည့်၊ ဘာညာနဲ့ စာကျက်ချိန်ကို မရတာပေါ့… (ဆင်ခြေနည်းနည်းလဲပါသည်)။ အဲ့ဒိအချိန်က စင်္ကာပူအိမ်ကလဲ Dial up internet လေးပဲရှိတာတောင် တစ်ခါတစ်ခါ ဘာမှန်းမသိ ပျက်ပျက်သွားသေးတယ်။ ကွန်ပြူတာက အစ်မကွန်ပြူတာဖြစ်သလို သူက အိုင်တီဆိုတော့ သူ့ကို ပိုဦးစားပေးဖြစ်တယ်။ ဒီတော့ ပရောဂျက်လုပ်ရင် ကျောင်းက စာကြည့်တိုက် ဒါမှမဟုတ် Lab အခန်းတွေမှာပဲ သွားလုပ်ဖြစ်တာများပါတယ်။ ပိုလီ ဒုတိယနှစ်မှာ specialized major တွေ ရွေးရတော့ ကိုယ်က Microelectronic ကိုရွေးတယ်။ Micro ဆိုတဲ့အတိုင်း အသေးငယ်ဆုံး သာမာန်လူမျက်စိနဲ့တောင် မြင်ဖို့ခက်တဲ့ အိုင်စီလေးတွေအကြောင်း သင်ရတာပေါ့။ ခုခေတ်မှာ အီလက်ထရောနစ်ပစ္စည်းတွေ သေးသေးလာတာ Microelectronic ရဲ့ကျေးဇူးတွေပေါ့။ တခါတည်း မျက်လုံးထဲပေါ်အောင်ပြောရရင်တော့ အဲ့ဒိ Lab အခန်းခေါ် Cleanroom ဆိုတာထဲမှာ အကြီးမားဆုံး အမှိုက်ဆိုတာ ဆံပင်ပဲ။ အဲဒိ ဝေဖာလို့ ခေါ်တဲ့ Chip ပြားလေးတွေပေါ်မှာ လက်ဗွေရာထင်တာကိုတောင် အမှိုက်လို့ သတ်မှတ်တယ်။

အပေါ်က Microelectronic အကြောင်းရှင်းပြနေတာ တခြားတော့မဟုတ်ဘူး အဲ့ဒိလောက် သေးငယ်တဲ့အရာလေးတွေအကြောင်းကို တလွဲ research ရှာပြီး လူရှေ့သူရှေ့ တလွဲ Presentation လုပ်ခဲ့တဲ့အလွန်တရာမှ ပြန်စဉ်းစားတိုင်း “ငါသေသင့်တယ်” (တကယ်တော့ မသေရဲပါဘူး) ဆိုတဲ့ အတွေးမျိုးပေးတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ပြောမလို့။

မှတ်မိတာမမှားဘူးဆိုရင်တော့ Molding အကြောင်း presentation လုပ်ရတာထင်ပါတယ်။ (Presentation က စာမေးပွဲအစဉ်ကြီး မဟုတ်ပေမဲ့ အောင်ဖို့ ရာခိုင်နှုန်းဘယ်လောက်လဲမသိဘူး ရှိပါတယ်) ကိုယ့် Research report ကို Presentation ပြန်လုပ်ရတာပေါ့။ အဲ့ဆရာနာမည်ကိုတောင် ကောင်းကောင်းမှတ်မိနေပါသေးတယ် မစ်စတာ အန်ကီဝီ တဲ့ အသီးနာမည်နဲ့ ဆင်တယ်။ ကိုယ့်ကို ဘယ်လောက်များ စိတ်ကုန်လို့ နောက်နှစ်ထပ်မတွေ့ချင်လို့ အအောင်ပေးခဲ့လဲမသိ။ ဟိ…

ကိုယ်လဲ အဲ့တုန်းက အချိန်ပိုင်းအလုပ်ကို အသေလုပ်တော့ အနီးကပ်မှာ အလုပ်ကပြန်လာတဲ့ ညတစ်ညမှာ ပင်ပန်းပြီး အိပ်ချင်နေတဲ့ကြားက research လုပ်ပြီး စာလုံး molding process ဘာညာတွေ့တာနဲ့ တန်းပြီး ကော်ပီထည့်လိုက်တော့တာပါပဲ။ ကိုယ် copy လိုက်တဲ့ content ကို တောင် မဖက်ကြည့်ခဲ့တာလား နားပဲမလည်ခဲ့တာလား ကိုယ့်ကိုကိုယ်လဲ မသိပါဘူး။ ငါ့ report လဲ ဆရာတွေက သေချာဖတ်မှာမဟုတ်ပါဘူး။ အတန်းထဲမှာ Presentation လုပ်ရင်လဲ သူများလုပ်လဲ ကိုယ်အာရုံစိုက်ဖြစ်တာမဟုတ်ဘူး။ ကိုယ်လုပ်လဲ သူများတွေ နားထောင်နေမှာ မဟုတ်လောက်ပါဘူး။ ဆရာကလဲ အသင်အပြ သိပ်မကောင်းဘူး (ကန်တော့ပါရဲ့နော် စော်ကားတာမဟုတ်ရပါ အမှန်တိုင်းပြောတာပါ)။ ဒီတော့ ဆရာကိုယ်တိုင်လဲ နားထောင်မယ် မထင်မိဘူး။

မနက်ကျ သေချာလေး Print ထုတ်ပြီး အဲ့ဒိ ဘာသာ အချိန်ကျတော့ တစ်ယောက်ပြီး တစ်ယောက် Presentation လုပ်ကြတာပေါ့။ သူများတွေလုပ်သွားတာလဲ ဘယ်သူမှလဲ နားထောင်မနေပါဘူး။ စကားများမနေကြပေမဲ့။ ဖုန်းဆော့သူဆော့၊ နောက်တစ်ဘာသာရဲ့ ပရောဂျက်ကို ခုမှ ခိုးလုပ်နေသူလုပ်။ စာရေးပြီး စကားပြောသူပြော။ ဒါတောင် အဲ့ခေတ်က စမတ်ဖုန်းတွေ မပေါ်သေးဘူး။

ကိုယ့်အလှည့်ရောက်တော့ ကိုယ်လဲ အေးဆေးပဲ အတန်းရှေ့ထွက် Print လာတဲ့ စာရွက်ကို စာဖတ်သလို Presentation လုပ်တာပေါ့။ တမင်တကာ စာဖတ်သလို လုပ်တာ။ အဲ့ဒါမှ နားထောင်ရပျင်းပြီး ဘယ်သူမှ အာရုံမစိုက်အောင်လို့။ Molding measurement တွေအကြောင်းရောက်တော့လဲ အေးဆေးပဲ ဆက်ဖတ်နေတာပေါ့။ ရုတ်တရက်ကြီး ဆရာက ရပ်စမ်း။ နင်စောစောက ဖတ်လိုက်တဲ့ Measurement တွေက ဘယ်လောက်? ကိုယ်လဲ ပြန် repeat ပြတာပေါ့။ ဆရာက အဲ့လိုထောက်လိုက်တော့ အတန်းသားတွေကလဲ ကိုယ့်ကို ကြည့်ကြတာပေါ့။ ဆရာက ရှေ့လူတွေတုန်းက ဘာသံမှ မှ ထွက်မလာတာ။ ကိုယ် Repeat ပြတဲ့ measurement တွေက မီတာကျူ m3 တွေ၊ Units per gram တွေလေ။ ဆရာက နင့် Measurement တွေက တလွဲတွေချည်းပါလား။ ကိုယ့်ကိုကိုယ် ဘာ presentation လုပ်နေတာရော သိရဲ့လားတဲ့။ ကိုယ်လဲ သဘောပေါက်လိုက်တယ်။ ကိုယ် copy လာတဲ့ research တွေက တလွဲကြီးဖြစ်နေပြီဆိုတာ။ ဘာနဲ့ လွဲမှန်းသာ မသိတာ။ ဆရာက မေးတော့လဲ ပြန်ဖြေရတာပေါ့။ Molding လေလို့။ ဘာလွဲနေလဲ သိလားတဲ့။ ကိုယ်လဲ ဆရာကို မျက်လုံး အဝိုင်းသားနဲ့ ပြန်ကြည့်ပြီး လွဲတာတော့ လွဲနေမယ်။ ဘာလွဲမှန်းတော့ မသိဘူးလို့ပြောလိုက်တယ်။

အဲ့ဒိအချိန်မှာ ရှက်လဲရှက် ကြောက်လဲကြောက်နေပေမဲ့။ မျက်ရည်ထွက်လာရင် ကိုယ့်ကို အာရုံမရှိသေးတဲ့ တခြားကျောင်းသားတွေပါ သတိထားမိမှာစိုးတာရော။ သေချာတာကတော့ ကျွန်မ Presentation content ကို ကျောင်းသားထဲက တစ်ယောက်မှ သတိမထားမိဘူး။ ဆရာနဲ့ ကျွန်မပဲ သိတယ်။ ဆရာစကားစပြောလို့သာ တချို့ကျောင်းသားတွေက မော့ကြည့်တာပဲရှိတယ်။ ကိုယ်ငိုချလိုက်မှ “ဘာဖြစ်တာလဲ။ ဘာလို့လဲ။ နင့် report ကိုပြပါ” ဆိုမှ အားလုံးရဲ့ laughing stock ဖြစ်လိမ့်မယ်။ ဒီနိုင်ငံက ကျောင်းက အတန်းဖော်တွေဆိုတာ သူတို့အတွက် အကျိုးအမြတ်တစ်ခုခု မပေးနိုင်တဲ့သူဆို အပေါင်းအသင်းလုပ်ချင်ကြတာမဟုတ်ဘူး။

ဒီတော့ ဆရာက ဘာမှားလဲ သိလားလို့မေးတဲ့အချိန်။ တစ်ခုခုမှားနေမှာပေါ့ဆိုတာပဲ သိတယ် ဘာမှားလဲတောင်ကိုယ့်အဖြစ် ကိုယ်မသိဘူး။ အဲလို ပြောပြီးတော့ ဆရာက ဘာမှ ဆက်မပြောပဲ ခေါင်းတစ်ခါခါနဲ့ပေါ့။ ကိုယ်လဲ အတန်းရှေ့မှာ ဘာဆက်ပြောရမလဲ မသိတော့ဘူး။ ကိုယ့် report က တလွဲကြီးမှန်း ခုမှ သိတော့လဲ ဆက်ပြီး ဖတ်ရမှာ ကြောက်နေပြီ။ ဆက်ဖတ်လဲ အရှက်ပိုကွဲတော့မယ်။ အာ့နဲ့ပဲ မျက်နှာပြောင်ပဲတိုက်ပြီး စပ်ဖြီးဖြီးလုပ် ဆရာ့ကို မေးလိုက်တယ်…

“Do I still need to continue?” လို့ မေးလိုက်တော့…

ဆရာလဲ စိတ်ပျက်ပျက်နဲ့ လက်ခါပြီး “nevermind, Just go” ဆိုပြီး ဆူချင်စိတ်တောင် မရှိတော့တဲ့ပုံနဲ့ သူသင်ထားတဲ့ တပည့် ဒီလောက်တော်တာ သူ့အပြစ်တွေချည်းပါပဲဆိုတဲ့ ခံစားချက်ဖြစ်နေပုံမျိုးနဲ့ ကျွန်မကို ပြန်လွှတ်လိုက်တော့တယ်။


အတန်းပြီးတော့မှ ကိုယ် ကော်ပီလာတဲ့စာတွေကို အင်တာနက်မှာ ပြန်ရှာတော့ ဘာတွေ့လဲဆိုတော့ Building Molding အဆောက်အဦးဆောက်တဲ့နေရာမှာသုံးတဲ့ Molding Measurement တွေဖြစ်နေတယ်။ အမှားမရှိခဲ့ရင် အသစ်တွေဘယ်လို သင်ယူဖြစ်ခဲ့မလဲနော်။ ခုတော့ Building မှာလဲ Molding ရှိတယ်။ Building Molding ဆိုတာ ဘာ ဆိုတဲ့အကြောင်းလေးပါ ဖတ်ဖြစ်သွားတာပေါ့နော်။ (ခုထက်ထိ မျက်နှာပြောင်တိုက်မြဲပဲ။ မြန်မာနိုင်ငံသားဆိုတော့ ပြောင်ပြောင်ပဲ)

အဲ့ report ကတော့ ကျပါတယ်။ ဒါပေမဲ့ အာ့ကြောင့်ပဲ စာမေးပွဲမှာ ကိုယ်ပို ကျိုးစားလိုက်ဖြစ်တယ်ထင်တယ်။ အဲ့ဘာသာ အောင်တယ်။ ဆရာပဲ ကိုယ့်မမြင်ချင်တော့လို့လားမသိဘူး…
သူငယ်ချင်းတို့မှာရော ချော်လဲရောထိုင်းခဲ့ရတာတို့၊ ရှက်ရှက်နဲ့ မျက်နှာပြောင်တိုက်ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ ရှိလား? ကွန်မန့်မှာ ပျော်ပျော်ပါးပါး စိတ်ထဲပေါ့သွားအောင် မျှဝေသွားကြအုံးနော်…

ကဲ… ဒီပိုစ့်နဲ့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းပြီးသကာလ… နားမယ်ကွယ်… တစ်ခါရယ်ရင် တစ်ရက်အသက်ပိုရှည်ပါစေနော်…

8 comments :

Vista said...

ဘေ ဘေ ကွ ဒုန်ဒဒုန်း ဟိ

Thant said...

ဆရာကလဲနော်...အိပ်ငိုက်နေတာမဟုတ်ဘူး :D

mabaydar said...

hee hee... Proud of myself... :D

mabaydar said...

@Thant : အဟုတ်ပဲ... ဆရာ့ကို အိပ်ငိုက်နေတယ် ထင်ခဲ့တာ... (ကိုယ့်ထက်မိုက်တဲ့သူ ရှိအုံးမလား)

ဆုမြတ်မိုး said...

လွဲချက်မဗေဒါရယ်....။
အကျိုး မရှိရင်မပေါင်းဘူးဆိုတာအသေချာပဲ... ပြည်ကြီးတွေလဲအဲတိုင်းပဲ...အိန်ဒယတွေကတော့ ရရ မရရ ပေါင်းကြတယ်...ကိုယ်တွေလိုပဲ..:P

shin said...

ကိုယ်ကျောင်းမှာတုန်းက Presentation လုပ်ရမှာ ရေလည်ကြောက်တယ်။ language သိပ်မကောင်းတာရယ်။ အတန်းဖော်တွေက စလုံးတွေချည်းပဲ ဆိုတော့ သူတို့လောက် ကောင်းအောင် present မလုပ်နိုင်တာရယ်။ အဲ့ဒါကြောင့် Presentation ဆိုရင် အမြဲ ကြိုတင် ပြင်ဆင်သွားတယ်။ မဗေဒါလိုမျိုးတာ ကြုံရင် ကိုယ်တော့ ဆက်တောင် present လုပ်နိုင်ပါ့မလားမသိ။ ဒီ post ကရီစရာထက် ကျောင်းတုံးက stress ကို ပြန်သတိရသွားတယ်။

mabaydar said...

ဆုမြတ်​မိုး​ရေ... ကိုယ်​​တွေလိုပဲဆိုတာ ဆုမြတ်​လိုပဲလို့ ​ပြောတယ်​ သ​ဘောထားလိုက်​မယ်​​နော်​... မြန်​မာ​တွေလိုပဲလို့​တော့ သ​ဘောထားလို့ သိပ်​မရဘူး... (မြန်​မာအားလုံးကို ဆိုလိုခြင်းမဟုတ်​ ​တော်​​တော်​များများကို ဆိုလိုခြင်းဖြစ်​သည်​)... အဲ့အတန်းထဲမှာ စာနည်းနည်း​တော်​တဲ့ မြန်​မာတစ်​​ယောက်​ရှိတယ်​... သူ့လာ​ပေါင်းမှာ ​ကြောက်​​နေတဲ့ရုပ်​မို့ သိပ်​​တောင်​ ​မေးထူး​ခေါ်​ပြောမလုပ်​ဖြစ်​ဘူး... ရိုးရိုးစကားသွား​ပြောရင်​​တောင်​ သူ့ဆီက ဘာများအကူညီ​တောင်းမလို့လဲဆိုတဲ့ရုပ်​နဲ့မို့... သူ​ပေါင်းတာ​တွေကလဲ သူ့လိုမျိုးအချင်းချင်း အကျိုးမြတ်​ရှိမဲ့သူ​တွေကြည့်​​ပေါင်းတဲ့ စလုံးမျိုး​တွေနဲ့... သူ့ကို အပြစ်​မ​ပြောပါဘူး... ကိုယ်​သာ သူ့​နေရာဆိုရင်​လဲ ကိုယ်​စာကြိုးစားထားတာကို လာကပ်​​မြှောင်​တယ်​ ထင်​ချင်​ထင်​မှာ​ပေါ့... မ​ဗေဒါက​တော့ ကိုယ်​စာမလုပ်​ရင်​ ကိုယ်​ဖြစ်​ကိုယ်​ခံပဲ... စာ​တော်​တဲ့သူ မကူညီလဲ ကိစ္စမရှိပါဘူး... ဒါ​ပေမဲ့ ​ကျောင်းတက်​တာ စီးပွားရှာသလို အကျိုးမြတ်​ရှိမှ သူငယ်​ချင်းလုပ်​မယ်​ဆို​တော့ ​ကျောင်းသားဘဝ သူငယ်​ချင်း​ကောင်းမရဘူး​ပေါ့... ​ကျောင်းသားဘဝဆိုတာ စာတစ်​ခုတည်း အ​ရေးကြီးတယ်​လို့ မထင်​ဘူး... သူ့လို​ပြော​ကြေးဆို သူ​ပေါင်းတဲ့ စာ​တော်​သူ​တွေက ​နောင်​တစ်​ချိန်​ ကိုယ်​​ပေါင်းခဲ့တဲ့ စာမ​တော်​သူ​တွေပိုင်​တဲ့ ကုမ္ဗဏီမှာ ဝန်​ထမ်းဖြစ်​ရင်​ဖြ်း​​နေမှာ... ​ကျောင်းသားဘဝမှာ calculative ဖြစ်​တာ မတန်​ဘူးထင်​တာပဲ...

mabaydar said...

Shin ​ရေ... မ​ဗေဒါလဲ presentation ဆက်​မလုပ်​ဖြစ်​ပါဘူး။ အာ့​ကြောင့်​ ဆရာ့ကို ဆက်​လုပ်​ရအုံးမှာလားလို့ ​မေးလိုက်​တာ​ပေါ့... ဆက်​လုပ်​ရင်​ no point ပဲ​လေ...