Thursday, March 12, 2015

စင်္ကာပူမှာ မင်္ဂလာလက်မှတ်ထိုးမယ်ဆိုရင်

စင်္ကာပူမှာ မင်္ဂလာလက်မှတ်ထိုးချင်တယ် ဘယ်လိုလုပ်ရမှန်းမသိသော စုံတွဲများအတွက် ဒီပိုစ့်လေးကို ရေးပေးပါတယ်။ ဒီပိုစ့်လေးကတော့ သာမာန် မင်္ဂလာဆောင်ခွင့်ရှိတဲ့သူများအတွက်ရည်ရွယ်ပါတယ်။ ဆိုလိုတာက အသက်၁၈နှစ်အောက်မဟုတ်ဘူး။ တခြားနိုင်ငံရဲ့ ဥပဒေအောက်မှာလဲ တခြား အိမ်ထောင်မရှိသူ စတဲ့သူတွေပေါ့။ (ဥပမာ မြန်မာပြည်မှာ တရား၀င်အိမ်ထောင်ဖက်ရှိပြီး ဒီမှာ နောက်တစ်ယောက်ထပ်ယူတာဟာ ဒီနိုင်ငံက ဥပဒေနဲ့ မညီပါဘူး။)
နောက်ပြီး အမျိုးအချင်းချင်း ဒီစာရင်းထဲကလို ပတ်သတ်မှုမျိုးတွေရှိနေရင်လဲ ယူလို့မရပါဘူး။ တရား၀င် အိမ်ထောင်ဖက်က နောက်တစ်ယောက်ယူခွင့်ပြုတယ်ဆိုရင်တောင် နောက်တစ်ယောက်ကို ထပ်ယူလို့မရတဲ့ တစ်လင်တစ်မယားစနစ် စစ်စစ်ပါ။
ကဲပါ… လက်ထပ်ဖို့အကြောင်းပြောမလို့ဟာ ယူလို့မရတဲ့ Category တွေအကြောင်းပြောတာ များသွားတယ်။

အဆင့့်် ၁: မင်္ဂလာလက်မှတ်ထိုးချင်တဲ့ ရက်နဲ့အချိန်

ကိုယ် မင်္ဂလာလက်မှတ်ထိုးချင်တဲ့ ရက်နဲ့အချိန်ကို အရင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သိထားရမှာက မင်္ဂလာတရားရုံး၀က်ဆိုဒ်မှာ စာရင်းသွင်းပြီး အနည်းဆုံး ၂၁ရက်နေမှ လက်မှတ်ထိုးလို့ရမှာဖြစ်ပါတယ်။ ချက်ချင်းမရပါဘူး။ ဆိုလိုတာက မင်္ဂလာလက်မှတ်ထိုးဖို့ ၀က်ဆိုဒ်မှာ စာရင်းသွင်းဖောင်တင်တဲ့နေ့က ၃၀ရက် ဇန်နဝါရီဆိုရင် သင်တကယ်လက်မှတ်ထိုးလို့ရမဲ့အစောဆုံးနေ့ က ၂၁ ဖေဖော်ရီ ပဲဖြစ်ပါတယ်။

စာရင်းသွင်းပြီး ၃လအတွင်း မင်္ဂလာလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ဆိုလိုတာက မင်္ဂလာလက်မှတ်ထိုးဖို့ စာရင်းသွင်းတဲ့ရက်က ၃၀ရက် ဇန်နဝါရီဆိုရင် ၊ ၃၀ရက် ဧပြီနောက်ဆုံးထားပြီး လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ဒီတော့ အချုပ်ဆိုရရင် စာရင်းတင်ပြီး ၂၁ရက်ကနေ ၃လအတွင်း မင်္ဂလာလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

အဆင့် ၂: လက်မှတ်ထိုးပွဲ နေရာ

ဘယ်မှာလက်မှတ်ထိုးပွဲလုပ်ချင်တာလဲ။ တကယ်လို့ Registry of Marriage (ROM) တရားရုံးမှာပဲ လက်မှတ်ထိုးချင်တယ်ဆိုရင်လဲ အဲဒိမှာရှိတဲ့ လိုင်စင်ရ တရားသူကြီးနဲ့ ရပါတယ်။ ဒါပေမဲ့ အချိန်နေရာ အားတဲ့အခါပဲရပါမယ်။ အဲ့ဒါကတော့ first come, first serve စနစ်နဲ့ပါ။
တကယ်လို့သင်ဟာ လက်မှတ်ထိုးပွဲကို တရားရုံးမှာ မလုပ်ချင်ပဲ တခြား သင့်မင်္ဂလာပွဲ နေရာမှာလုပ်ချင်တယ်ဆိုရင်တော့…
သင့်ကို လက်ထပ်ပေးမဲ့ လိုင်စင်ရ Solmonizer ကို ခွင့်တောင်းတဲ့စာကို ဒီနေရာမှာ  ဒေါင်းလုပ်လုပ်ပါ။ ဖောင်ဖြည့်ပြီးလျှင် ကိုယ် ရွေးချယ်ထားတဲ့ Solemnizer ကို လက်မှတ်ထိုးခိုင်းဖို့အတွက်ပါ။

အဆင့် ၃: လိုင်စင်ရ Solemnizer ရှာခြင်း

ROM မဟုတ်ပဲ မိမိတို့ ကြိုက်ရာနေရာမှာဆောင်ဖို့ Solemnizer ကို ရှာရပါမယ်။ ROM website က ဟောဒီနေရာမှာ လိုင်စင်ရ solemnizer တွေရဲ့ စာရင်းရှိပါတယ်။ ဘာသာရေးဆိုင်ရာ Solemnizer၊ ရပ်ကွက်ရေးရာဆိုင်ရာ နဲ့ တခြားတခြားသော solemnizer တွေအများကြီးရှိပါတယ်။ ကိုယ်လုပ်မဲ့ရက်ကို သူတို့အားမအား အရင်ဆက်သွယ်မေးမြန်းပါ အားတယ်ဆိုရင် အပေါ်က ဖောင်ကို ဖြည့်ပြီး သူတို့ကို Sign ထိုးခိုင်းပါ။ သူတို့က အီးမေလ်းနဲ့ ပြန်လဲ ရပါတယ်။ လူကိုယ်တိုင်သွားစရာမလိုပါဘူး။ သတိပြုရမှာက သူတို့ဟာ volunteer တွေဖြစ်တာကြောင့် အခကြေးငွေသတ်မှတ်မထားပေမဲ့ ယဉ်ကျေးမှုအရ သူတို့ကို မိမိတို့ သဒ္ဒါသလောက် သင့်လျှော်တဲ့ ငွေကြေးပေးရပါတယ်။ ပုံမှန်တော့ စင်္ကာပူငွေ ၈၀ ကနေ ၁၂၀ကြား ပေးပါတယ်။ သူတို့ တရုတ်တွေကတော့ ၈၈ ကျပ်တို့ ၁၀၈ ကျပ်တို့ ၈နဲ့ဆုံးတဲ့ ဂဏန်းပေးတာများပါတယ်။(ပိုပေးချင်လဲရတယ်)

အဆင့် ၄ : လက်ထပ်ခွင့်လျှောက်ထားခြင်း

အပေါ်က အချက်တွေ ပြီးပြီဆိုရင်တော့ ROM website ရဲ့ အွန်လိုင်း ဒီနေရာမှာ လက်ထပ်ခွင့်လျှောက်ထားရပါမယ်။ အဲ့ဒိအတွက် ဘာတွေလိုအပ်သလဲဆိုတော့
၁) Credit Card (cashcard/NETS ကတော့ ROM မှာပဲရပါတယ်)
(တကယ်လို့ စုံတွဲထဲက တစ်ယောက်က စလုံးနိုင်ငံသား ဒါမှမဟုတ် PR ဖြစ်ခဲ့ရင် လျှောက်လွှာ ကျသင့်ငွေ ဒေါ်လာ၂၆၊
တကယ်လို့ စလုံးနိုင်ငံသား၊ ပီအာ မဟုတ်တဲ့ နိုင်ငံခြားသားဆိုရင် လျှောက်လွှာကျသင့်ငွေ က
တနင်္လာကနေ ကြာသပတေးနေ့ဆောင်သူတွေအတွက် ဒေါ်လာ ၁၂၈၊
သောင်္ကြာ၊ စနေ၊ တနင်္ဂနွေဆောင်သူတွေအတွက် ဒေါ်လာ ၁၉၈၊
ပေါ်ပြူလာရက်တွေမှာဆောင်သူတွေအတွက် ဒေါ်လာ ၂၉၈၊ ပေးဆောင်ရမယ်။)

၂) သတို့သား၊ သတို့သမီးနဲ့ ၂၁နှစ်အထက် သက်သေ ၂ယောက်ရဲ့ NRIC (စလုံးနိုင်ငံသား နဲ့ PRများသာ) ဒါမှမဟုတ် Passport (နိုင်ငံခြားသားများ)

၃) အဆင့် ၂ မှာ ဒေါင်းပြီးဖြည့်ထားပြီး အဆင့် ၃မှာ Solemnizer ရဲ့ ကူညီဖို့ သဘောတူညီတဲ့ ဆိုင်းထိုးထားတဲ့ Consent Form (တကယ်လို့ လက်မှတ်ထိုးပွဲက ROM မဟုတ်တဲ့ နေရာမှာကျင်းပခဲ့ရင်)

၄) Printer (အားလုံးပြီးရင် “Summary of Notice of Marriage” ကို ပရင့်ထုတ်ရန်လိုအပ်သည်)။ Summary of Notice of Marriage မှာ ဘာလုပ်ရမယ် ဘယ်နေ့ဘယ်ရက်မှာ ROM ကို စာရွက်စာတမ်းစစ်ဆေးခံဖို့ သွားရမယ်။ ဘာစာရွက်စာတမ်းယူလာရမယ် စတာတွေအကုန် အစုံရေးထားပြီးသား။

ကိုယ့်ရဲ့ လျှောက်လွှာတင်တာ အောင်မြင်လာ မအောင်မြင်လာဘယ်လိုသိနိုင်သလဲဆိုတော့ ပေးလိုက်တဲ့ ပိုက်ဆံအတွက် ပြေစာရယ်၊ Summary of Marriage စာရွက်ရယ်က သက်သေပဲ။ ပြီးတော့ Search for marriage application  ဆိုတဲ့နေရာလေးကနေလဲ ရှာလို့ရတယ်။
ကဲ… ဒီတိုင်းဆိုရင်တော့ ရှုပ်တယ်လို့ထင်ရပေမဲ့။ တစ်ခုပြီးတစ်ခု အေးဆေးလုပ်သွားရင် ဒီလောက်မရှုပ်ပါဘူး။ အားလုံးပဲ ချစ်သောသူနဲ့ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေနော်။


အပေါ်ကပိုစ့် ဖတ်လို့မရဘူးဆိုတဲ့ စာဖတ်သူများအတွက်...

3 comments :

Anonymous said...

သများကတော့ ရှင်ကျားဖော်မှာဆောင်ဖို့မပြောနဲ့.. ဗာမားတောင် ဆောင်မယ့်လူမရှိ :P :P
@Thu

Anonymous said...

ဖတ်လို့ရပါတယ်.. ထပ်ဆောင်ရင်ထပ်အကြောင်းကြားမယ်နော် ;P

KTZN

Anonymous said...

မဗေဒါက လေပလာမှုအားကောင်းသလို မှတ်တမ်းတင်ထားတတ်တာလေးကို အရမ်းကိုသဘောကျတာ အဲ့မှာသူငယ်ချင်းအပျိုကြီးလေးတွေအများကြီးရှိတော့ သူတို့မင်ဂါဆောင်မယ်ဆို ဒီပို့စ်ကိုညွှန်းပေးလို့ရတယ် ဝိုင်းတုန်းကဒီက registration office မှာ book လုပ်တာ witness ဗခ်ါတာဘာညာတွေအကုန် ချစ်ချစ်ကြီးပဲလုပ်ရတာ ဝိုင်းက သူပြောသလိုလိုက်လုပ်ရုံပဲ တခုခုသူများမေးလာရင် ကိုယ်က process ကိုမမှတ်မိလို့ သူ့ကိုပဲပြန်မေးနေရတာ ဒီလိုလေး မှတ်တမ်းတင်ထားမိရင်ကောင်းသားနော်

Wine