Friday, February 27, 2015

Pinocchio (K-drama Review)

Name: Pinocchio
Genre: Romance, Drama, Comedy
No. of Episode: 20
Broadcast Network: SBS
Broadcast Period: November 12, 2014 – January 15, 2015
Main Cast:
Lee Jong-suk as Choi Dal-po/Ki Ha-myung
Park Shin-hye as Choi In-ha
Kim Young-kwang as Seo Beom-jo
Lee Yu-bi as Yoon Yoo-rae

My Rating: 4/5

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းလေးကတော့ ၂၀၀၀ ခုနှစ်မှာ အမှိုက်ရုံ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်သမား ၉ဦး သေဆုံးခဲ့ရာကစပါတယ်။ အဲဒိမီးသတ်သမားခေါင်းဆောင် Ki Ho Sang ရဲ့ ရုပ်အလောင်းကို ရှာဖွေမတွေ့ရှိခဲ့ပါဘူး။ အားလုံးပူဆွေးနေတဲ့အချိန်မှာ Pinocchio syndrome (လိမ်ပြောရင် ကျွတ်ထိုးတတ်တဲ့အကျင့်) ရှိတဲ့သူတစ်ယောက်က Ki Ho Sang နဲ့ တူတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာကို Ki Ho Sang ကို တွေ့လိုက်တယ်လို့ ထွက်ချက်ပေးရာမှစကာ Ki Ho Sang ကို မီးသတ်သမားတွေသေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးစွပ်စွဲအပြစ်တင်မှုတွေ မီဒီယာတွေမှ စကာ လူထုကြားပြန့်နှံ့သွားပါတော့တယ်။ ထိုကိစ္စအတွက်နဲ့ လူထုရဲ့မုန်းတီးရန်ရှာခြင်းကို ခါးစည်းခံခဲ့ရသူတွေကတော့ Ki Ho Sang ရဲ့ ကျန်ရစ်သူမိသားစုဖြစ်တဲ့ သူ့မိန်းမနဲ့ သား၂ယောက်ဖြစ်တဲ့ အကြီး Ki Jae-Myung နဲ့ သားငယ် Ki Ha-Myung တို့ပဲဖြစ်ပါတယ်။ သတင်းမီဒီယာတွေရဲ့ အားမနာပ မေးခွန်းထုတ်ခြင်းနဲ့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကြောင့် သူတို့ မိခင်ဟာလဲ သားငယ်ကိုခေါ်ကာ ပင်လယ်ထဲ ခုန်ချ အဆုံးစီရင်ခဲ့ပါတယ်။ သူတို့ကို အဆိုးရွားဆုံးမေးခွန်းတွေကို မေးခဲ့ပြီး သူတို့အဖေကို တာဝန်မဲ့တဲ့ မီးသတ်သမားခေါင်းဆောင်အဖြစ် စွတ်စွဲတဲ့ သတင်းထောက်ကတော့ MSC အသံလွှင့် ဋ္ဌာန က Song Cha-ok ပဲဖြစ်တယ်။ ကံကောင်းထောက်မစွာ သားငယ်ကို Hyangri ကျွန်းမှာနေတဲ့ အဖိုးအို Choi Gong-pil က သူ့သားအမှတ်နဲ့ မွေးစားခဲ့ပါတယ်။ အဖိုးအိုမှာ အရင်က သားတစ်ယောက်ရှိခဲ့ပြီး ပင်လယ်ထဲ ရေနစ်သေဆုံးခဲ့တဲ့အတွက် Ha Myung ကို သူ့သားလို ထင်မှတ်နေခဲ့တာဖြစ်ပါတယ်။ အဖိုးအိုက အယ်ဇိုင်းမားရောဂါဆန်ဆန် ခံစားနေရသူတစ်ဦးဖြစ်တဲ့အတွက် ဉာဏ်ရည်ထက်မြက်တဲ့ Ha Myung က အဖိုးအိုရဲ့ သေဆုံးသွားတဲ့ ဉာဏ်တုံးတဲ့ သား Choi Dal Po အနေနဲ့ပဲ နေထိုင်ခဲ့တယ်။ အဖိုးအိုရဲ့ မြို့ပေါ်က သားဟာ သတင်းကြေငြာသူ သူ့မိန်းမနဲ့ကွာရှင်းကာ သမီးဖြစ်သူ Choi In Ha နဲ့ တောမှာလာနေတဲ့အခါမှာတော့ မွေးစားသား Dal po နဲ့ ဆုံစည်းဖြစ်ခဲ့ကြတယ်။ Dal po ဟာ Choi In ha နဲ့ ရွယ်တူဖြစ်ပေမဲ့ အဖိုးအိုရဲ့ ရောဂါအခြေအနေကြောင့် Choi In ha က သူ့ကို ဦးလေးလို့ခေါ်ရပြီး Choi In ha ရဲ့ အဖေဟာ သူ့သားအရွယ် Dal po ကို Hyun (အစ်ကို) လို့ ခေါ်ရတယ်။

Choi In Ha ဟာ Pinocchio syndrome ရှိသူတစ်ဦးဖြစ်ပြီး သူလိမ်ပြောလျှင် ကျွတ်ထိုးတတ်တဲ့ အကျင့်ရှိတယ်။ သူဟာ သူ့အမေ သတင်းထောက် Song Cha ok ကို အရမ်း ဂုဏ်ယူချစ်မြတ်နိုးတယ်။ In Ha ရဲ့ အမေဟာ သူတို့မိသားစုကို ဖြတ်စီးခဲ့တဲ့ သတင်းထောက် Song Cha Ok ဆိုတာကို Ha Myung သိသွားတဲ့အခါ In Ha နဲ့ Ha Myung (Dal po) တို့ရဲ့ ဆက်ဆံရေးကို အစပိုင်းမှာ ခါးသီးစေခဲ့တယ်။ သူတို့ ၂ဦး အတူတူကြီးပြင်းလာတဲ့အခါမှာတော့ Dal Po ဟာ In ha ကို တိတ်တိတ်လေးချစ်နေမိတယ်။ In ha ကို အတန်းထဲက စာတော်တဲ့ ကျောင်းသား Ann Chan Soo က တီဗွီက ဉာဏ်စမ်းအစီအစဉ်မှာ သူ ဆုရရင် အဖြေတောင်းမယ်လို့ပြောတာကို Dal Po ကြားပြီး ဉာဏ်တုံးချင်ယောင်ဆောင်နေခဲ့တဲ့ Dal Po တစ်ယောက် ဉာဏ်စမ်းအစီအစဉ်ကို ၀င်ပြိုင်ရင်း သူ့ရဲ့ ဉာဏ်ထက်မြက်မှုကို အားလုံးက အံ့ဩခဲ့ကြတယ်။ အဲ့ဒိအချိန်ကစပြီး In Ha ဟာလဲ တီဗွီထဲကနေ လူတိုင်းကို တစ်ခါတည်းနဲ့ သက်သေပြလို့ရတယ်ဆိုတာကို အရမ်းသဘောကျသွားပြီး သတင်းထောက်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ကံကြမ္မာရဲ့ စိန်ခေါ်မှုတွေ မခံချင်စိတ်တွေနဲ့ အချစ်စိတ်အတွက်ကြောင့် In Ha ရော Dal Po ပါ အပြိုင်အဆိုင် အသံလွှင့်ဋ္ဌာန ၂ခုရဲ့ သတင်းထောက်ကိုယ်စီ ဖြစ်လာခဲ့တယ်။ သို့သော် သူတို့ထင်ခဲ့သလို သတင်းထောက်နဲ့ မီဒီယာဆိုတာ တကယ်ရော မှန်ကန်တဲ့ဘက်က ရပ်တည်သလား။ လူစိတ်၀င်စားဖို့အတွက် အဓိကလား။ အာဏာရှင်တွေရဲ့ ခုတုံး ဝါဒဖြန့်ဖို့အတွက် သက်သက်လား။ သတင်းထောက်အစစ်အမှန်ဆိုတာ ဘယ်လိုမျိုးလဲ။ Ha Myung သူ့အစ်ကိုအရင်း Jae Myung ကို ပြန်ရှာတွေ့တဲ့အခါမှာ သူ့အစ်ကိုဟာ သူ့နည်းသူ့ဟန်နဲ့ ခြေလွန်လက်လွန် ကလဲစားခြေပြီးသွားတာကို သိတဲ့အခါ သူဘယ်လို လုပ်မလဲ။ စတဲ့ စတဲ့ ရသ၊ ဗဟုသုတနဲ့ သင်ခန်းစာတွေအများကြီးပေးတဲ့အတွက် ဒီကားဟာ ကားကောင်းတစ်ကားဖြစ်တယ်လို့ ဆိုခြင်ပါတယ်။

ဝေဖန်ရေး

ဒီကားကို အစက Park Shin Hye မို့ သိပ်မကြည့်ချင်ခဲ့ပါဘူး။ မကြည့်ဖူးလို့တောင် ကြေငြာထားတာပါ။ အကြောင်းကတော့ Park Shin Hye ကို မုန်းလို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပေါ်လာသမျှ မင်းသားငယ်ငယ် ချောချောဆို သူနဲ့ တွဲရိုက်ရင် အဲ့ဒိကားက အောင်မြင်တယ်ဆိုတဲ့ ကိုရီးယားက ဒါရိုက်တာတွေ ပရိုဂျူဆာတွေရဲ့ အတွေးကို လက်မခံချင်တာပါ။ ပြောရမယ်ဆိုရင်တော့ Park Shin Hye ကို အကပ်ကောင်းတဲ့ မင်းသမီးလို့ပဲဆိုရမလား၊ ဇာတ်လမ်းအရွေးတော်၊ သူနဲ့တွဲဖက်သရုပ်ဆောင်မဲ့ မင်းသား အရွေးတော်တဲ့ မင်းသမီးလို့ပဲ ပြောရမလားပါပဲ။ Lee Si Young တို့ Moon Chae Won တို့လောက်တောင် သရုပ်ဆောင်မကောင်းပဲ ရိုက်တဲ့ကားတိုင်းပေါက်နေတာ ဇာတ်ကားရဲ့ ဇာတ်လမ်းရယ်၊ တွဲဖက်တဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ နာမည်ကျော် မင်းသားလေးတွေကြောင့် သူရိုက်တဲ့ ကားတိုင်း ပေါက်နေသလိုဖြစ်နေတာပါ။ သူကောင်းလွန်းလို့တော့ မဟုတ်ဘူးထင်ပါသည်။ သူမဟုတ်ပဲ တခြားမင်းသမီးဆိုလျှင်လဲ ထိုကားများက ပေါက်မှာသေချာပါသည်။ (Park Shin Hye ကို သရုပ်ဆောင် မကောင်းဘူး ဆိုးတယ်လို့ ဆိုလိုခြင်းမဟုတ်။ အထိုက်အလျောက် သရုပ်ဆောင်ကောင်းသူအဖြစ် လက်ခံသည်)

ကဲပါ အစပျိုးတာများနေပြီ။ အတိုချုံးရလျှင်တော့ မကြည့်ဖူးဆုံးဖြတ်ထားပြီး သူများတွေက ကောင်းတယ်ပြောတာတစ်ကြောင်း၊ ကြည့်စရာတခြားကား ကုန်သွားတာက တစ်ကြောင်း၊ မင်းသားမျက်နှာငဲ့ကွက်ပြီး ကြည့်ဖြစ်သွားသည်ပေါ့။
ဒီကားကိုကြည့်ပြီး သူများတွေတော့ မသိဘူး။ မဗေဒါအတွက်ကတော့ သင်ခန်းစာတွေအတော်ရတယ်။ ဘာလို့လဲဆိုတော့ သတင်းမီဒီယာတွေရဲ့သဘောတရားတွေ စောင့်စည်းသင့်တဲ့ စည်းကမ်းတွေကို အသေအချာလေး ပါးပါးလေးပြသွားတယ်။ အထူးသဖြင့် မင်းသားဇာတ်ကောင် Ha Myung ကနေတစ်ဆင့်ပေါ့။ သတင်းထောက်မဆန်ပဲ ပြချင်တာကိုသာပြ အလိမ်အညာ အပိုတွေပြောပြီး နာမည်ရနေတဲ့ သတင်းထောက် Song Cha Ok ကို သူက သတင်းထောက်အစစ်အမှန်ဆိုတာဘာလဲ သိအောင် ပညာသားပါပါပြခဲ့တယ်။ သူ့လက်စားခြေပုံနဲ့ သူ့အစ်ကို လက်စားချေပုံက ကွာခြားတယ်။ သူ့အစ်ကိုကတော့ ဒေါသအလျှောက် သူ့အဖေကို နာမည်ဖျက်တဲ့သူတွေကို သတ်ခဲ့တယ်။ အဲ့ဒါကနောက်ဆုံးမှာ သူနာမည်ကြီး သူရဲကောင်းဖြစ်တာတောင်မှ ထောင်နန်းစံခဲ့ရတယ်။ ပြဿနာတွေက အနောက်ကနေ ရေဆုံးမြေဆုံးလိုက်တာ ပြန်ပြင်လို့မရဘူး။ ပြီးတော့ သူသိလိုက်တဲ့ လူတွေကိုပဲ သတ်ပြစ်နိုင်ခဲ့တယ်။ တကယ့် ပြဿနာအရင်းအမြစ်ကို မထုတ်ဖော်နိုင်ခဲ့ဘူး။

ဒီကားကို ကြည့်ပြီးတော့ ခုအပြင်လောကမှာ အထူးသဖြင့် ဖေ့ဘွတ်ပေါ်မှာ ဖြစ်ပျက်နေတဲ့သတင်းတွေ ရှယ်တာတွေ ပြီးစလွယ်ကွန်မန့်ကြတာတွေ၊ မှားမှန်းနောက်သိရင်တောင် ဘူးခံငြင်းတာတွေတွေ့ရတော့ ဒီရုပ်ရှင်ဇာတ်လမ်းနဲ့သွား ဆက်စပ်မိတယ်။ (ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးက အရေးကြီးတာကို စိတ်ပြောင်းအောင် ကုလားကိစ္စလုပ်ပြစ်တာမျိုးတို့လိုပေါ့။ ဖေ့ဘွတ်သုံးတဲ့သူတော်တော်များများလဲ ဘယ်ဟာက အဓိကကျလဲဆိုတာကို သေချာစဉ်းစားပြီးမှ ဖွကြဖို့မျှော်လင့်တယ်။) တကယ်တော့ မီဒီယာတွေ သတင်းတွေဆိုတာလဲ အဆုံးမှာတော့ ကိုယ့်စဉ်းစားနိုင်စွမ်းနဲ့ ချင့်ယုံသင့်တာတွေချည်းပဲ။ တကယ်တမ်း သတင်းထောက်တာ၀န်က ဘယ်ဘက်ကိုမှ မလိုက်ပဲ အပိုမပြောပဲ ခန့်မှန်းခြေနဲ့ မပြောပဲ ၂ဘက် သက်သေ အပြည့်အ၀ရှိမှ ထုတ်ဖော်ရမယ်။ သက်သေအပြည့်အ၀မရှိရင်တောင်မှ အရှိကို အရှိအတိုင်းပဲပြောရမယ်။ အပိုအလို ကောက်နှုတ်ချက်တွေမပြောသင့်ဘူး စသည် စသည်ဖြင့်ပေါ့နော်။ (ရှင်းပြရတာ နည်းနည်းရှုတ်တယ်။ အဲ့ကားကြည့်လိုက်ရင် သဘောပိုပေါက်လိမ့်မယ်)။

ပြီးတော့ နောက်ဆုံးအပိုင်းမှာ မင်းသားက တကယ့်တရားခံအစစ် သူဠေးမကြီးကို အင်တာဗျူးတဲ့အခန်းမှာဆိုရင်လဲ ကိုယ်လိုချင်တဲ့ ကိုယ်မေးချင်တဲ့ မေးခွန်းကို ပုံစံတစ်မျိုးပြောင်းပြီး ရအောင်မေးသွားတာလေးကို ပြသွားတာ ပညာသားပါတယ်။ မင်းသားတကယ်မေးချင် ပြောချင်တဲ့ မေးခွန်းကို မင်းသားစဉ်းစားတဲ့ပုံစံနဲ့ နောက်ခံစကားပြောထည့်ထားပြီး မင်းသားတကယ်မေးလိုက်တဲ့ မေးခွန်းက ဟိုသူဠေးမကြီးကို ဂျက်ကျလက်ကျ ထိမိသွားတာကို ပြတာကို သဘောကျတယ်။ အဲ့လို စကားပြောတတ်ချင်တယ်။ အဲ့လို မေးခွန်းမျိုး မေးတတ်ချင်တယ်။

ငါတို့မိသားစုကို ဘာလို့ဖျက်စီးခဲ့တာလဲ လို့မေးမဲ့အစား။

ခင်ဗျားသားကို အပြစ်မဲ့တယ်လို့ ထင်ပါသလား လို့ သူမေးလိုက်တဲ့အခါ အဲ့မိန်းမကြီးက ငါ့သားက အပြစ်မဲ့တယ်လို့ ရှေ့နေသင်ပေးထားတဲ့အတိုင်းမဟုတ်တော့ပဲ သားဇောနဲ့ ချက်ချင်းပြန်ဖြေလိုက်တယ်။

ဒီအခန်းကို တစ်ချို့တွေကလဲ သူမေးချင်တဲ့မေးခွန်းကို မမေးပဲ သတင်းထောက်တစ်ယောက် မေးသင့်တဲ့ မေးခွန်းကိုသာမေးတယ်လို့လောက်ပဲ ထင်ချင်ထင်မယ်။
မဗေဒါကတော့ ဒိထက်ပိုနက်နဲတယ်လို့ထင်တယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ သူဟာသူသိချင်တဲ့မေးခွန်းကို အခြေခံပြီး တချိန်က သူခံစားခဲ့ရတာတွေကို ကိုယ်ချင်းစာပြီး သူမေးလိုက်တာ။ တချိန်က သူလဲ အဲ့မိန်းမကြီးနေရာမှာ သတင်းထောက်တွေဝိုင်းမေးတာခံခဲ့ရဖူးတယ်လေ။ အဲ့ဒိအချိန်မှာ သူအပြောချင်ဆုံးက သူ့အဖေဟာ အပြစ်မဲ့တယ်ဆိုတာကိုလေ။ ဒီတော့ ခုအချိန်မှာ ဒီမိန်းမကြီးပြောချင်ဆုံးအရာကလဲ သူ့သားအပြစ်မဲ့တယ်ဆိုတာကိုဆိုတာ သူသိနေလို့ သူမေးချင်တာကို တိုက်ရိုက်မမေးပေမဲ့ ခင်ဗျား ကိုယ်ချင်းစာတတ်ပြီလားဆိုတဲ့ သဘောမျိုးသက်ရောက်တဲ့ မေးခွန်းမျိုးကို သူမေးတယ်လို့ မဗေဒါကတော့ တွေးတယ်။ စကားလုံးနဲ့ အခြေအနေကို ပြောင်းလဲမေးခွန်းထုတ်လိုက်တာနဲ့ ကိုယ်လိုချင်တဲ့ အဖြေကိုရတဲ့ စကားပြော ကြွယ်၀မှု သဘောတရားကို သဘောကျတယ်။

ပြီးတော့ မင်းတို့ကို စိတ်မဆိုးတော့ပါဘူးကွာဆိုတဲ့ စကားတစ်ခွန်းကြောင့် ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူခဲ့တဲ့အတွက် သူဠေးမကြီးသား Beom Jo တစ်ယောက် သူ့အမေကို အမှား၀န်ခံလာအောင် သူကိုယ်တိုင် တစာခံလုပ်ပြီး ရဲစခန်းမှာ သွားထွက်ဆို ၀န်ခံတာကိုလဲ ပြထားတာ ကောင်းတယ်။ ခွင့်လွှတ်တာက ခွင့်လွှတ်တာဆိုပေမဲ့ အမှန်တရားကလဲ အမှန်တရာပေါ်အောင်တော့ ဖော်ထုတ်ရမှာပဲလေ။ အဲ့ဒိအတွက်ကြောင့် Beom Jo မကူညီတာကို Ha Myung ကနားလည်မှုပေးခဲ့တာပဲရှိတယ်။ သူလုပ်စရာရှိတဲ့ Beom Jo အမေရဲ့ မသမာမှုကို ထုတ်ဖော်မှာကတော့ ထုတ်ဖော်မှာပဲလေ။

သရုပ်ဆောင်တွေအကြောင်းပြောရမယ်ဆိုရင်တော့ Ha Myung ငယ်ငယ်က သရုပ်ဆောင်တဲ့ ကလေးလေးကို တော်တော်သဘောကျတယ်။ ကလေးပေမဲ့ Cool ဖြစ်တယ်လို့ထင်တယ်။ တခြားသူတွေတော့မသိဘူး မဗေဒါကတော့ အဲ့ကလေးလေးကို English ကား Sixth Sense ထဲက ကလေးလေးနဲ့ ခပ်ဆင်ဆင်တူတယ်ထင်တယ် (ကိုရီးယားကလေးလေးကတော့ ပိုချောတယ်) ကြီးလာရင် မင်းသားဖြစ်နိုင်တယ်။ Nam Da-reum ဆိုတဲ့ နာမည်မှတ်ထားမှ။ ငယ်ငယ်လေးနဲ့ သူရိုက်ထားတဲ့ကားတွေကလဲ မနည်းဘူးပဲ။ ၂၀၀၂ ကမွေးပြီး ၂၀၀၉ မှာရုပ်ရှင်စရိုက်နေပြီဆိုတော့လဲ။ ကိုယ်ကတော့ ၂၀၀၂ ကတည်းက ကိုရီးယားကားတွေကြည့်နေတာ ၂၀၁၅ထိလဲ မပြောင်းမလဲကြည့်မြဲ။
နောက်တစ်ယောက်သဘောကျသူကတော့ Ki Jae Myung (အသက်ကြီးမှ) အဖြစ်သရုပ်ဆောင်တဲ့ သူ။ နာမည်က Yoon Kyun-sang တဲ့။ သူကတော့ ဒီကားမှာမှ အထင်ကရ နေရာလေးက ပါရတာထင်တယ်။ ဒီကားနဲ့ပဲ လူသိများတယ်တဲ့။ သူလဲ သရုပ်ဆောင်လဲကောင်းတယ် ရုပ်ရည်လေးလဲရှိတယ်။ ဒါပေမဲ့ ပထမမင်းသားဖြစ်လောက်တဲ့အထိ ရှိမရှိတော့ ခုမပြောတတ်သေးဘူး။ ဒါပေမဲ့ အရပ်အမောင်းနဲ့ ရုပ်ရည်လေးတော့မဆိုးဘူး။
Beom Jo လုပ်တဲ့ ဒုတိယမင်းသားကိုတော့ သိပ်မကြိုက်ဘူး။ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။ He is just not my type။ နာမည်လဲ မမှတ်တော့ပါဘူး။ ကြုံရင်ကြည့်မယ်။ မကြုံရင် မကြည့်ဘူး။ သူ့ကိုကြိုက်တဲ့သူတွေ မဗေဒါကို မမုန်းကြနဲ့နော်။ ဟိ။

ကျန်တဲ့သူတွေကတော့ အားလုံးပုံမှန်ပဲမို့ တစ်ယောက်ချင်းစီပြောမနေတော့ပါဘူးနော်။ ဒါနဲ့ ဇာတ်လမ်းထဲမှာ ဒုတိယမင်းသမီးလို့ပဲပြောရမလား။ မင်းသားရဲ့ သတင်းထောက် partner အဖြစ်သရုပ်ဆောင်ရတဲ့ Yoon Yoo Rae ဇာတ်ကောင်နဲ့ သူတို့ရဲ့ Captain ကို နောက်ဆုံး တွဲပေးလိုက်တာလေး သဘောကျတယ်။ ပြီးတော့ မင်းသားနဲ့ မင်းသမီးရဲ့ ငယ်ငယ်က အတန်းဖော် Ann Chan Soo ဆိုတဲ့ကောင်လေးကို အရင်က ကလေးသရုပ်ဆောင်အနေနဲ့ကြည့်ဖူးတယ်။ ခုထက်ထိလဲ သူ့အရပ်အမောင်းက ကလေးသာသာလေးပဲ ရှိသေးတာ။ ဒီကားမှာ လူကြီးသရုပ်ဆောင်အနေနဲ့ထည့်ထားတော့ ကြည့်ရတာ တစ်မျိုးပဲ။ Lee Joong Suk နဲ့များတွဲရပ်ရင် သူက အတော်ပုနေတာ။ ကလေးလို့ပဲမြင်တယ်။

ဇာတ်သိမ်းက အားလုံးသေသေသပ်သပ် လှလှပပလေးသိမ်းပေးသွားတယ်။ ဘယ်သူနဲ့ ဘယ်သူ အတွဲတွေဖြစ်သွားတာလဲ ပြတယ်။ ပြီးတော့ အဆုံးမှာ In Ha အမြဲသိချင်နေတဲ့ Ha Myung က သူ့ကို ဘယ်အချိန်ကတည်းက ချစ်နေတာလဲဆိုတာကို သိသွားတဲ့အခန်းလေးက ပြေပြေလေးနဲ့ heart ထိတယ်။ မနာလိုချင်စရာ Kissing Scene နဲ့ အဆုံးသတ်သွားတယ်။
မင်းသမီးရဲ့ သတို့သမီး၀တ်စုံ Off shoulder dress လေးကို သွားရည်ကျမိတယ်။



12 comments :

Anonymous said...

ဝိုင်းလဲ စိတ်မထိန်းနိုင်တော့လို့ အာ့စကြည့်နေပြီ ကြည့်မိတော့လဲ အော် မင်းသမီးလဲမဆိုးရှာပါဘူး သူ့ဟာနဲ့သူ cute ဖြစ်တာ natural ဖြစ်တာလေးတွေရှိသားလို့ boys before flower ထဲက အော့ကြောလန်မင်းသမီးထက်တော့ အများကြီးသာရှာပါတယ်လေ မင်းသမီးမျက်နှာကြည့်တိုင်း သူ့နှာခေါင်းကတခုခုလိုနေသလိုပဲ Tree of Heaven ကြည့်ကထဲက ဒီကောင်မလေးနှာခေါင်းပြင်ရင်ကောင်းမယ်လို့ပဲထင်နေတယ်
မဗေဒါ rating ကိုအားကိုးပြီး ပြီးအောင်ဆက်ကြည့်မယ်ကွာ ဘာပဲဖြစ်ဖြစ် မင်းသားကလဲ ကိုယ့်ရဲ့ celebrity crush ဆိုတော့ ကြည့်ရမှာပဲ ဟိ သူငယ်ချင်းတွေက မင်းသားက နှုတ်ခမ်းကိုအသားပေးလွန်းလို့ မကြိုက်ဘူးဆိုပဲ သို့သော် အဲ့နှုတ်ခမ်းက သူရဲ့ Trade mark ပဲမလား လူတကိုယ်အကြိုက်တမျိုးပေါ့လေ ကလေးသရုပ်ဆောင်လေးကိုတော့ ဝိုင်းလဲသဘောကျတယ် သူ့ကိုကြည့်ပြီး ကိုယ့်မြန်မာကားတွေမှာ ကလေးနဲ့လဲမတူ လူကြီးလဲမကျ အပိုတွေသိပ်လုပ်တဲ့ ကလေးသရုပ်ဆောင်တွေပဲ သတိရမိတယ်

ခင်တဲ့ Wine

Anonymous said...

ပထမနေ့က မဗေဒါ မင်းသားလေး အိမ်မက် မက်တယ်ဆိုတာနဲ့ အဲ့ကားလေး ကြည့်တာ မနေ့ညကပဲ ပြီးသွားတယ်.. ဒီကားလေးကို သဘောကျတာတခုက အားလုံးနီးပါးက ကိုယ်စီစဉ်ထားတဲ့ အရာတွေကို အမှန်အတိုင်း ဝန်ခံပြောကြတယ်. အချို့ကားတွေဆို အကြောင်းအရာက တယောက်ပဲသိပြီး အတော်ကြာမှာ နောက်တယောက်က သိသွားတာမျိုး သိပ်မတွေ့ရဘူး မင်းသားက သူ့ဘဝအကြောင်းငယ်တည်းက ဖွင့်မပြောတာတခုကလွဲလို့ပေါ့။

တခုဝန်ခံစရာက မဗေဒါ ဘလော့ကို တိတ်တဆိတ် ဖတ်ဖြစ်နေတာ ကြာပါပြီ.. တခါမှ စာမချန်ခဲ့ဘူး ဒါပထမဆုံးပါ ဟိုတနေ့က အားပေးတဲ့သူနည်းလို့ စိတ်မကောင်းဖြစ်တယ်ဆိုရေးထားတာတွေ့လို့ တိတ်တဆိတ်အားပေးနေတဲ့သူရှိပါတယ်လို့

Have a good day!
TZN

mabaydar said...

Post မှာ ၀ိုင်း ကွန်မန့် မလာရင်တောင် ဟာတာတာဖြစ်နေပြီ... BOF ထဲက မင်းသမီးထက်တော့ သာတာပေါ့။ LJS ရဲ့ နှုတ်ခမ်းက love it or hate it ပဲလေ။ ကိုယ်တွေကတော့ ပထမ အုပ်စုထဲ ပါတာပေါ့။ မြန်မာကားက ကလေးတွေက တဗြဲ ဗြဲပဲ ငိုနေတာ...

mabaydar said...

TZN ရေ ခုလို ကွန်မန့် ချန်ရင် ရေးရတဲ့သူ အားရှိတာပေါ့... နို့မို့ ဆို ဘယ်သူမှ မဖတ်ပဲ ကိုယ့်ဘာကိုယ် စာတွေ ထိုင်ရေးနေရသလိုပဲ။ ကိုယ်နဲ့ ၀ါသနာတူလေးတွေ တွေ့ဆုံ ရင်ဖွင့်လို့ရအောင် ဒီပိုစ့်လေးတွေ ရေးတာဆိုတော့ ၀င်ဆွေးနွေး ရင်ဖွင့်ရင် ကောင်းတာပေါ့။

ဟုတ်တယ်... လူဆိုး ၁ယောက်ပဲ အားလုံးသိပြီး တကားလုံးက နောက်ဆုံမှ သိရတာတို့ ဘာတို့ ဇာတ်လမ်းတွေ ရိုးလာပြီ.ပြီးတော့ စိတ်ရှုတ်ဖို့လဲ ကောင်းတယ်... TZN ပြောမှ အဲဒါသတိထားမိတယ်။ ကျေးဇူးနော်...

ဒီပိုစ့်ကို ကိုယ့်မှာ သေချာလေး တွေးပြီး ရေးထားရတာ... one like နဲ့ ကွန်မန့်တွေ မတက်လာတော့ တော်တော်တော့ အားပျက်သွားတာ... နောက်လဲ လာဆွေးနွေးပါနော်...

Anonymous said...

မဗေဒါ review အရ ကြည့်ရမဲ့ထဲ ထည့်လိုက်ပြီ

mabaydar said...

ထည့်လိုက် ထည့်လိုက်... ဘာလို့ မကြည့်ရသေးတာလဲ?

Anonymous said...

ဟုတ်ကဲ့ နောက်ပိုင်း အမြဲ comment ချိန်နိုင်အောင် ကြိုးစားသွားပါမယ် :)

Anonymous said...

I am now watching.. :) Whichever movies/dramas you recommended, I mark to watch them, little sis.


Regular Reader..

Ma Ma Ei Ei said...

By the way would like to thank to TZN as I copy the comment from TZN ,no Myanmar font on my office PC :-P

mabaydar said...

Thank you so much. I am very happy to know my review can be reference for my readers. Please do leave your footprint when you are on my blog. :D
Comment in English are welcome too.

mabaydar said...

What is your previous comment? "မဗေဒါ review အရ ကြည့်ရမဲ့ထဲ ထည့်လိုက်ပြီ"? It is okay to write comment in English too. thanks again.

Ma Ma Ei Ei said...

မဗေဒါ ဘလော့ကို တိတ်တဆိတ် ဖတ်ဖြစ်နေတာ ကြာပါပြီ.. Most of the time စာမချန်ခဲ့ဘူး , ဟိုတနေ့က အားပေးတဲ့သူနည်းလို့ စိတ်မကောင်းဖြစ်တယ်ဆိုရေးထားတာတွေ့လို့ တိတ်တဆိတ်အားပေးနေတဲ့သူရှိပါတယ်လို့ , :-) I thougt I post it that comment