Tuesday, February 24, 2015

ကျွန်မရဲ့ MidSummer Night Dream

“ဟယ်… တော်လိုက်တာ… ဟင်းချက်တတ်တယ်ဆိုတော့… ငါတော့ သိပ်မချက်တတ်ဘူး”…

နောက်ရင်းပြောင်ရင်း ပြောပြောဆိုဆို ကျွန်မ သူ့ပါးကို ကလေးတစ်ယောက်ကို ချီးမြှောက်သည့် ပုံစံ လက်ဝါးဖြင့် လှမ်းပွတ်လိုက်သည်။

သူငယ်ချင်းတွေ စကားဝိုင်းပြောနေတုန်း သူက ဟင်းချက်တတ်သည်ဟု ပြောလိုက်သောကြောင့် ကလေးတစ်ယောက်ကို လိမ္မာသည်ဟု ပြောသည့် ပုံစံမျိုးဖြင့် နောက်လိုက်ခြင်းဖြစ်သည်။
ရုတ်တရက် ရီမောနေရင်းမှ သူမျက်နှာ ခပ်ပြုံးပြုံးဖြင့် ကျွန်မလက်ဝါးဘက် မျက်နှာအသာစောင်းလိုက်သဖြင့် နမ်း လုဆဲဆဲ အခြေအနေဖြစ်သွားသောကြောင့် ကျွန်မရှက်ရှက်ဖြင့် လက်ကို ပြန်ရုပ် မလိုအလုပ်တွင် သူက ကျွန်မလက်ကို ညင်သာစွာ စုတ်ကိုင်လျက် ကျွန်မ မျက်လုံးအစုံကို အကြည့်ရဲရဲများဖြင့် စိုက်ကြည့်ကြည့်ကာ…

“I will cook for you” တဲ့…

သူ ကျွန်မကို ချစ်တယ်ဆိုတာ သူ့မျက်လုံးတွေမှ တဆင့် အကြွင်းမဲ့ ယုံနေမိသည်။ ယုံနေတယ်ဆိုလို့ တုံး အ လိုက်တဲ့ မိန်းမ သူ့လိုလူက နင့်ကို အတည်ကြိုက်ပါ့မလားလို့ တနင့်တပိုးပြောကောင်းပြောကြလိမ့်မည်။ ဘယ်သူ့ကို ချစ်ချစ် ဖောက်ပြန်မည့်သူက ဖောက်ပြန်မည်ပင်။ ရုပ်ဆိုးသူဖြစ်စေ ရုပ်ချောသူဖြစ်စေ ချမ်းသာသူဖြစ်စေ မပြေလည်သူဖြစ်စေ ကိုယ့်ကို မချစ်လို့ ထားသွားမည်ဆိုလျှင် ကြိုးချည် ခေါ်ထားလို့မရချေ။ အဲ့ဒိအတွက် ဘယ်သူ့ကို ချစ်ချစ် ကိုယ်ရပ်တည်မှုအတွက် စိတ်ကို ပြင်ဆင်ထားရမည်ပင်။ ရုပ်ချောသူ၊ ချမ်းသာသူကတော့ သူကမပတ်သတ်ချင်လဲ လာပတ်သတ်ကြမည့်သူများသဖြင့် ဖောက်ပြန်ဖို့အတွက် အလားအလာပိုများသူဟုသာ ယူဆလို့ ရပေမည်။

ထို့အတွက် သူ့လိုလူ ကျွန်မကို ချစ်သဖြင့်လဲ ကိုယ့်ကိုကိုယ် သိမ်ငယ်မည်မဟုတ်။ အချစ်ဆိုတာ ရုပ်ချောချော ရုပ်ဆိုးဆိုး ဘယ်လောက်နာမည်ကြီးကြီး ကာယကံရှင်က ကိုယ့်ကို ချစ်နေသည်ဆိုလျှင် ကိုယ်က အချစ်ခံထိုက်သူမို့ပင်ဟု ယူဆသည်။

ထိုသို့ အတွေးတွေ လွန်နေချိန် ကျွန်မလက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်သည်။ သူ့လို ရုပ်ရှင်မင်းသားတစ်ယောက်က ကျွန်မလို သာမာန်မိန်းကလေးတစ်ယောက်ကို ချစ်နေတာ တခြားသူတွေသိလျှင် မနာလိုစိတ်ဖြင့် ကျွန်မကို ၀ိုင်းမုန်းကြလိမ့်မည်။ ရုပ်ရှင်မင်းသား၏ ချစ်သူမို့ သူ့အောင်မြင်မှုအတွက် တိတ်တိတ်လေး နေပေးသည့် ချစ်သူတော့ ကျွန်မ မဟုတ်။ အလကားနေ အရေပြားတစ်ထောက်စာသာကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ လူ့သဘာဝကြောင့် “ဟယ် ကောင်လေးက ချောပြီး ကောင်မလေးက ရုပ်ဆိုးတယ်တော့” ဆိုတာမျိုးတွေ။ ကိုယ့်ကို သူတို့ စိတ်ထဲက မနာလိုတာကို ဝန်မခံပဲ ဘလိုင်းကြီး အမြင်ကပ်ပုဒ်မ အတပ်ခံကာ အသိုင်းအဝိုင်းတွင် သူ့ချစ်သူဖြစ်မိ၍ ဂျေကြည့်ကြည့်ခံရ ဆက်ဆံခံရမည့် ကယိကထက ကျွန်မအတွက် အလွန်မှ စိတ်ရှုပ်ဖို့ကောင်းသဖြင့် သူချစ်နေမှန်း ကျွန်မကသိသော်လည်း၊ ကျွန်မက သူ့ကို ချစ်မှန်း သူသိသော်လည်း လူသိရှင်ကြားတွဲဖို့အတွက်တော့ ကျွန်မ အဆင်သင့်မဖြစ်သေးပါ။ အတ္တကြီးတယ်ဆိုချင်ဆို … လူတစ်ယောက်ကို မှန်မှန်ကန်ကန်ချစ်တတ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးချစ်တတ်ဖို့ လိုတယ်လို့ ကျွန်မယူဆတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မချစ်တတ် တန်ဖိုးမထားတတ်လျှင် တဖတ်လူကလဲ ကိုယ့်အပေါ် တန်ဖိုးထားမှု စိတ်ဝင်စားမှုလျော့နည်းလာပေလိမ့်မည်။

မျက်လုံးဖြင့် အရိပ်အကဲပြကာ သူငယ်ချင်းတွေရှေ့ ရဲတင်းတဲ့ သူ့အပြုအမူအတွက် ကျွန်မ မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ သူနဲ့ ကျွန်မ တစ်ယောက်နဲ့ တစ်ယောက် ခုလို ချစ်နေကြတာကိုမဆိုထားနှင့် သူက တခြားမိန်းကလေးတွေထက် ကျွန်မကို ခုလို ထူးကဲဆက်ဆံလိုက်ရင်တောင် သူငယ်ချင်းအမည်ခံ အုပ်စုတွင်းမှ တခြားမိန်းကလေးများကပင် ကျွန်မကို ၀ိုင်း ကျင် ခံထားရဖို့မြင်နေသည်။ သူတို့မရနိုင်ပေမဲ့ မနာလိုစိတ်ဆိုတာကလဲ အဆန်းသားလား။ တခြားတခြားသော အတွဲလေးများကဲ့သို့ ယောကျာင်္းလေးနှင့် မိန်းကလေး ချစ်သည်ကိုပင် ယောကျာင်္းလေးနှင့် မိန်းကလေးဟု ပုံမှန်ကဲ့သို့ ယူဆခံရမည်မဟုတ်။ “ရုပ်ရှင်မင်းသားကို မတန်မရာ မှန်းတဲ့ ရုပ်ဆိုးမ” (သာမာန်ရုပ်ရည်ရှိပေမဲ့ ရုပ်ဆိုးမ နာမည်အတပ်ခံရအုံးမည်)။ “ကြည့်ပါ ဟိုက မော်ဒယ်အလန်းတွေနောက်ပါသွားမှ ဒူးနဲ့ မျက်ရည်သုတ်နေရလိမ့်မည်” ဟု ပြောသောစကားများကိုကြားလျှင် ပြန်ရန်မတွေ့ မစွာပဲ ကျွန်မနေနိုင်မည်မဟုတ်ပါ။ ထို့အတွက် ကျွန်မဘက်မှစကာ သူနဲ့ အကြောင်းကို မည်သူ့ကိုမှ မပြောပြချင်ခဲ့ခြင်းဖြစ်သည်။

သူများမမြင်အောင် မျက်လုံးပြုး မျက်စောင်းမသိမသာထိုးလိုက်တော့ သူက ရယ်နေသည်။ ဘာပဲပြောပြော သူချက်ကျွေးမည့် ဟင်းက ကျွန်မအတွက်ချည်း ရည်စူးသည်မဟုတ်ပါလား…


~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~

တီ တီ တီ

အိပ်မက်မှန်းသိပေမဲ့လဲ ကျွန်မ မထချင်ပါ။ သံပတ်သံမှန်းသိပေမဲ့လဲ ဆက်ပြီး အိပ်ချင်နေသေးသည်။
အိပ်ချင်ဆို ညက Lee Jong Suk နဲ့ Park Shin Hye ကား Pinocchio ကြည့်တာ ၂နာရီခွဲမှ အိပ်ယာဝင်ခဲ့သည်ကိုး။

“ဟင့်… မထချင်ဘူးကွာ… Lee Jong Suk ဟင်းချက်ကျွေးတာလေးတော့ စားချင်သေးတာ… သံပတ်ကလဲ ကောင်းခန်းဆို အမြဲမည်ပြီ…. ကတောက်!”

ဒါပေမဲ့လဲ ဘေးက ကိုယ့် Mr. Right က သံပတ်သံကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ အမြန်ထပိတ်ရသည်။ Lee Jong Suk က နောက်။ ကိုယ့် Mr.Right က အရင်လေ။ ညကလဲ သူအိပ်သည်အထိ အခန်းမီးမပိတ်ပဲ တော်တော်ကြာ ရုပ်ရှင်ထိုင်ကြည့်နေမိသည်လေ။ Lee Jong Suk နဲ့ ဘယ်လိုက ဘယ်လို မရည်ရွယ်ပဲ ရုပ်ရှင်တွေပဲ စိတ်စွဲပြီး အိပ်မက်ထဲ ချစ်သူဖြစ်သွားတဲ့အတွက် ယောကျာင်္ကို အားနာပါတယ်။ ဒါပေမဲ့ အိပ်ခါနီး သွားတိုက်၊ မျက်နှာသစ်ဖို့ ကြောက်လို့ လိုက်စောင့်ဖို့ သူ့ကို နှိုးတာ ထ ထိုင်ပြီး ပြန်အိပ်သွားလို့ တအိမ်လုံးမီးတွေဖွင့်ပြီး ညက တစ်ယောက်တည်း နောက်ဖေးပြေးသွားခဲ့ရတာ အမှတ်ရသွားတော့ မတတ်နိုင်ဘူး အိပ်မက်ဆိုတာ ကိုယ်က Control လို့ရတာမှ မဟုတ်တာ။ (Control လို့ရရင် Lee Jong Suk ဟင်းချက်ကျွေးတဲ့အထိ ဆက်မက်မှာပေါ့… ဟီး)…

ဒါပေမဲ့လဲ Lee Jong Suk နဲ့ အိပ်မက်ထဲ ချစ်သူဖြစ်ရသဖြင့် နိုးလာတော့ Mr. Right အတွက် အပြစ်ရှိသလိုခံစားရသည်။ သို့သော် အိပ်မက်ကို စဉ်းစားလိုက်တော့ မပြုံးပဲ မနေနိုင်။

“နင် အိပ်ယာကနိုးကတည်းက ပြုံးပြုံး ပြုံးပြုံးနဲ့ပါလား”

သူကမေးလာတော့လဲ ဘာမဟုတ်တာအတွက် လိမ်မဲ့အထဲတော့ ကိုယ်မပါ။ ဒီတော့လဲ ပြောပြလိုက်သည်။ Mr.Right က ဂျေတော့ နည်းနည်ဝင်သွားပြီး စိတ်ဆိုးတဲ့ပုံ လုပ်ကာ …

“သွား… သွား… အဲ့ ကိုရီးယားမင်းသားတွေပဲ ကြိုက်တော့”

အဲ့လို ဘာမဟုတ်တာ မဖြစ်နိုင်တာလေးကို သူနည်းနည်းသဝန်တိုလျှင် သဘောကျသည်။ ကျွန်မက ပြန်ရှင်းပြ အယူခံဝင်လျှင် သူခွင့်လွှတ်မြဲပင် မဟုတ်ပါလား။

“ဒီအပတ် အလုပ်ပိတ်ရင် ငါ့ကို ဟင့်ချက်ကျွေးနော်”…

“ကိုရီးယားမင်းသားနေရာ လာအစားထိုးတာလား? မချက်ကျွေးဘူး”

“အိပ်မက်ဆိုတာ မသိစိတ်ကဖြစ်နေတာ။ ကိုယ့်ချစ်သူ ဟင်းချက်ကျွေးတာစားချင်နေလို့ မက်တာဖြစ်မယ်။ ညက မအိပ်ခင် အဲ့မင်းသားကားကြည့်လိုက်လို့ အိပ်မက်ထဲ အဲ့မင်းသားဖြစ်သွားတာ။ ကိုရီးယားမင်းသားနေရာ အစားထိုးတာမဟုတ်ဘူး။ ကိုရီးယားမင်းသားကို မသိစိတ်က အစားထိုးသွားတာ”…

ပြောပြောဆိုဆို ကျွန်မ သူ့လက်ကို ချိတ်ကာ အိပ်ရေးမဝသော်လည်း စိတ်လက်ကြည်လင် ပျော်ရွှင်စွာ အလုပ်ကို ထွက်ခဲ့လေသည်။
စိတ်ထဲမတော့ အဲလို့ အိပ်မက်မက်တာ အပြစ်ရှိသလား မသေချာ။

~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~

12 comments :

Lorem Ipsum said...

ဟီးဟီးးး မဗေဒါအဖြေတတ်လို့တော်သေးတယ်...။း) Mr.right ဆက်ဦးလေ ။စောင့်နေတား)
ခရီးတွေလည်းထွက်ပါဦးလို့ ။

Anonymous said...

ခစ် တို့လည်း LJS လေးကိုမက်ကြည့်ချင်တယ်။

yum

mabaydar said...

Mr.Right က နောက်ပိုင်းတွေက ဇာတ်လမ်းလို မရေးဖြစ်တော့ဘူး။ ဘယ်လိုဆက်ရေးရမလဲ စဉ်းစားနေတာ...

မေဇွန် said...

ဟိဟိ... အပြစ်ရှိတယ်... ဟင်းပြန်ချက်ကျွေးလိုက်ပါ. :P

mabaydar said...

များများကြည့် ကြည့်တဲ့ ဇာတ်လမ်းထဲ နစ်ဝင်ခံစား... အာ့ဆို LJS လေး အိပ်မက်ထဲကို လာလည်လိမ့်မယ်။

mabaydar said...

မနေ့ညကပဲ အမေချက်နေတာကို ၆၀ ရာခိုင်နှုန်းလောက် ၀ိုင်းလုပ်ပေးပြီး ကိုယ်ချက်ကျွေးပြီးပြီ... ကိုယ်အစအဆုံး ချက်ရင်လဲ သူက ဘေးက ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားနဲ့ နားညီးလွန်းလို့... သူချက်တတ်နေတော့ သူချက်ကျွေးပေါ့နော်... ဟီး...

Anonymous said...

အိုင်းစ်စ်စ်စ်စ် ကိုယ်လဲအဲ့အိပ်မက်ထဲပါမယ် ဂျောင်ဂျောင်လေးကိုလုမယ် အဲ့မင်းသမီးကလဲနော် ချောပေ့ဆိုတဲ့ မင်းသားအကုန်သူချည်းတွဲရိုက်နေတာပဲ ညင်ကတ်တယ် တကယ် ဒါပေမယ့် ဒီကလေးလေးနဲ့တွဲရိုက်တော့ သူရုပ်ကြီးရင့်ထော်မသွားဝူးလားမသိ ဟိ
ကားကကောင်းလားဟင် Doctor Stranger နဲ့ ကကြီးကားတကြောပြတ်သွားတာ သူ့ညက်နှာလေးမြင်လိုက်တော့ နေနိုင်တော့ဝူး (ဇကားတောင်မပီတော့ပါ) ကောင်းရင် Link ပေးနော် ကြည့်မယ် Mr Right ရယ်နားလည်ပေးလိုက်ပါ ကိုယ်တွေရောဂါ ကိုယ်တွေပဲသိတယ် အဲ့ခံဇားဂျက်တွေက ဆိုးတယ်နော်

ခင်တဲ့
Wine

mabaydar said...

ဝိုင်းရေ... LJS နဲ့ တွဲချင်တာများ မဗေဒါ အိပ်မက်ထဲလာပြီး ဒုတိယမင်းသမီး လုပ်စရာမလိုပါဘူး... ကိုယ့်အိပ်မက်ထဲ ကိုယ်မက်ပြီး Heirs လိုကားမျိုး ရိုက်လိုက်ပေါ့... PSH က အသက်အရမ်းမကြီးပါဘူး... LJS ထက် ၁နှစ်ပဲကြီးတာပါ။ သူက You are beautiful စရိုက်တုန်းက ၁၉နှစ်နဲ့ မင်းသမီးဖြစ်တော့ ကြာပြီလို့ထင်ရတာ။ ဟုတ်တယ် Doctor Stranger ကတော့ ဘယ်လိုမှ သည်းမခံနိုင်လို့ အပြီးထိမကြည့်ဘူး။ အဲ့မင်းသမီးကို မုန်းတာက LJS ကို ကြိုက်တာထက် ပိုတာရော။ ဇာတ်လမ်းက ကြောင်လွန်းတာရောကြောင့်။ PSH ကိုမှ အဲ့မင်းသမီးလောက် မမုန်းသေးဘူး။ Mr. Right က နားလည်ပေးပြီးသား... မပူနဲ့... ဟီး

mabaydar said...

အပေါ်က unicode နဲ့ ရေးလိုက်လို့ ခု zawgyi နဲ့ ထပ်ရေးတာ...


ငြိမ်းမိန်းကလေး said...

မဗေဒါ ၀တ္တုတို လေး ကောင်းတယ်..ပထမပိုင်းထက် ဒုတိယပိုင်းကို ပိုကြိုက်တယ်...
သာယာပျော်ရွှင်ဖွယ် နှစ်ကိုယ်တူဘ၀လေးကို ချစ်ချင်းများ၊ နားလည်မှုများနဲ့ စိန်ရတုတိုင်အောင် ဆက်လက် တည်ဆောက်နိုင်ပါစေ။

Anonymous said...

Sis , PSH is younger than LJS but she look likes older than him. May be he is baby-faced :)


Lavender

mabaydar said...

Oh yes.. PSH was born in 1990. LJS was born in 1989. PSH looks way older than her age. No wonder she debutted with 19 years old.