Friday, August 22, 2014

တစ်ခါက စာသင်ခန်း (သို့) စကာင်္ပူရောက်အလွဲများ (၁၃)

ဒီအလွဲကို ရေးရမှာရှက်လို့ မရေးပဲနေတာပါ… ဒါပေမဲ့ အဲ့ဒိအကြောင်းပြောရင် မဗေဒါအစ်မက သဘောကျလွန်းလို့ စကာင်္ပူရောက်အလွဲများပိုစ့်ရေးပါလားပြောလေ့ရှိပါတယ်… မဗေဒါတစ်ယောက် ပေါ်လီတက်တုန်းက ဘယ်လောက်တောင် အနီးကပ်မှစာလုပ်လဲ၊ စာထဲဘယ်လောက် စိတ်ဝင်စားလဲဆိုတာ ဒီပိုစ့်က ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေတော့မယ်ထင်ပါတယ်… ကိုယ့်ကိုကိုယ်လဲ ပေါ်လီကို တစ်နှစ်မှ မကျပဲ မှန်မှန်အောင်လာတာ မယုံ့တယုံပါပဲ… (ပေါ်လီကပဲ အောင်ဖို့ လွယ်တယ်ထင်ပါ့)…

ပုံပြင်လေးကတော့ ဒီလိုပါ…
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ၁၀တန်းအောင်ပြီးခါစ မိန်းကလေးတစ်ယောက်ဟာ စကာင်္ပူဆိုတဲ့ နိုင်ငံခြားကြီးမှာ ပေါ်လီဆိုတဲ့ ဘာအဓိပ္ပါယ်မှန်း ကောင်းကောင်းနားမလည်တဲ့ ကျောင်းကြီးတက်ရန်၊ ၀ါသနာပါလား မပါလားလဲသေချာမသိတဲ့ မေဂျာကို လူကြီးတွေလျှောက်ခိုင်းလို့ လျှောက်ပြီး ပထမဆုံးအကြိမ် မျက်စိသူငယ် နားသူငယ်နဲ့ရောက်ရှိလာခဲ့ပါတယ်…
အဲ့ဒိအချိန်အခါတုန်းက သူမဟာ အင်တာနက်မပြောနဲ့ ကွန်ပြူတာတောင် အဖွင့်အပိတ်ကောင်းကောင်းမလုပ်တတ်သေးတဲ့ သူတစ်ယောက်ပေါ့… သူ့ကို အင်တာနက်နဲ့ စတင်မိတ်ဆက်တုန်းက အလွဲကိုလဲ စကာင်္ပူရောက် အလွဲများ (၂)  မှာဖတ်ကြည့်လို့ရပါတယ်။


ကောင်မလေးနဲ့ လက်တွေ့စာမေးပွဲ

မြန်မာအများဆုံးရှိတဲ့ ပေါ်လီမှာတက်ရပေမဲ့ ကံဆိုးစွာပဲ ကျောင်းအပ်နောက်ကျလို့ မြန်မာတစ်ယောက်မှ မရှိတဲ့အတန်းကို ရောက်သွားပါတယ်… ကံက လုံးလုံးမဆိုးသေးတော့လဲ လက်တွေ့လုပ်ရတဲ့အတန်းတစ်တန်းမှာ ၂တန်းပေါင်းသင်တော့ တခြားအတန်းက မြန်မာအစ်မကြီးတွေနဲ့ ဆုံဖြစ်တယ်… ဒါပေမဲ့လဲ သူတို့က သူတို့အုပ်စုဖြစ်ပြီးသားဆိုတော့ ကိုယ်နဲ့တော့ မျက်မှန်းတန်းမိယုံလောက်ပဲ သိတာပေါ့… မြန်မာပြည်က နှုတ်တိုက်မှတ် အလွတ်ကျက် ဒါသင် ဒါမေး စပေါ့ရိုက် စနစ်နဲ့ကြီးပြင်းလာခဲ့တော့ ကောင်မလေး ဒုက္ခအရောက်ဆုံးအချိန်တွေကတော့ လက်တွေ့လုပ်ရတဲ့ Lab အချိန်တွေပေါ့… IC (integrated circuit) က ခြေထောက်တွေကို ဘယ်လို ရေတွက်ရမှန်းမသိ… resistor color code ကို ဘယ်လိုဖတ်ရမှန်းမသိ… ဘာသာစကားနေသားမကျတာအပြင် သင်ပုံသင်နည်းကိုလုံးဝကို လိုက်မမှီတာ… ဘယ်လောက်တောင်လဲဆို ကျောင်းစဖွင့်ပြီး ၂ပတ်လောက်တက်ပြီးတဲ့အထိ ဆရာတွေ ဘာမှ မသင်ပဲ အင်ထရို (intro) လုပ်နေတုန်းလို့ထင်ပြီး ဘာမှကို လိုက်မမှတ်တာ… သိဘူးလေ… မြန်မာပြည်မှာလို သင်ပုန်းပေါ်ရေးပြတာ လိုက်ကူးရင်ကူး မဟုတ်ရင် ဆရာမတွေ ၀ိုင်းဖွဲ့ လဖက်သုတ်စားနေတုန်း အတန်းခေါင်းဆောင် စာခေါ်တာကို လိုက်ရေး… စာမေးပွဲမှာလဲ အဲဒိထဲက မေးခွန်းအတိုင်း တသွေမတိမ်းပဲမေးတာလေ… ဒီလိုပဲ သိခဲ့တာ… 


Lab အတန်းထဲက ဆရာက ကျောင်းဖွင့်တာတော်တော်ကြာတဲ့အထိ IC မကြည့်တတ်၊ Resistor မသိသေးလို့ စိုးရိမ်ပြီး သီအိုရီ စာတွေ့အတန်းမှာရော လိုက်နိုင်ရဲ့လားလို့မေးတာခံရတယ်… (ကံကောင်းချင်တော့ အဲဒိဘာသာ စာတွေ့ Quiz မှာ ၂မှတ်ပဲရော့ပြီး အတန်းထဲက အမှတ်အများဆုံး ၂ယောက်ထဲက တစ်ယောက်ဖြစ်ခဲ့လို့ စင်းဂလိပ်မတတ် တတတ်နဲ့ လက်တွေ့ဆရာကို သွားကြွားခဲ့ရသေး…)…


တစ်ရက်လဲကျရော မြန်မာအစ်မကြီးတွေနဲ့ တူတဲ့ လက်တွေ့အတန်းကို အရောက် အားလုံးက ဒီနေ့ Lab Test ရှိတယ်နော်တဲ့… (အဲဒိ Lab Test က သူမ ပေါ်လီကျောင်းသားဘ၀မှာ ပထမဆုံးဖြေရတဲ့ လက်တွေ့ စာမေးပွဲအသေးစားလေးပေါ့)… ဒါပေမဲ့ သူမအတွက် အဲဒိအချိန်မှာခံစားရတာက Time Machine ကြီးစီးလိုက်လို့ပဲ သူမ Lab Test ကိုစောရောက်သွားတာလား… အဲဒိနေ့မတိုင်ခင်ကလဲ အတန်းထဲကလူတွေရော၊ ဆရာတွေရောကလဲ ဒီနေ့ Lab Test ရှိတာကို ဘယ်သူ့ကိုမှ မပြောဘူး… (ငယ်ငယ်ကလို ဆရာမက ကျောက်သင်ပုန်းပေါ် စာမေးပွဲ အချိန်စာရင်းရေးပြီး ကိုယ်က လိုက်ကူး၊ မိဘလက်မှတ်ထိုး ယူခဲ့ ဆိုတာမျိုး မျှော်လင့်မိတယ်ထင်ပါ့)… တစ်တန်းလုံးက လူတွေသိတယ် ငါပဲမသိဘူးဆိုတော့ သူတို့အားလုံးငါ့ကို အနိုင်ကျင့်ကြတာလားဆိုပြီး သူများကို သွားသံသယ၀င်ဖြစ်ခဲ့သေး… နောက်တော့မှ မြန်မာအစ်မကြီးတွေကို အစ်မတို့က Lab Test ရှိမှန်းဘယ်လိုသိလဲလို့မေးတော့… နှစ်စကတည်းက စာအုပ်ရဲ့ရှေ့မှာ Quiz/ Lab Test/ Exam timetable တွေ ပေးပြီးသားလေတဲ့… 



ဘယ်လိုပဲဖြစ်ဖြစ် Lab Test က ၅မိနစ်ဆိုစပြီ… Test တစ်ခုကို ဘာဆို ဘာမှ မပြင်ဆင်ထားပဲ… ဘလိုင်းကြီးဖြေခဲ့ရတာ ဘ၀မှာ အဲဒိတစ်ကြိမ်ပဲရှိသေးတယ်…. (သိသိကြီးနဲ့ စာမကျက်လို့ မရတာ မပါဘူး)… တစ်ခါတစ်လေ ဘာမှန်းမသိ စာမေးပွဲဖြေရတယ်လို့ အိပ်မက် မက်ဖူးလား… အဲဒိ ခံစားချက်အတိုင်းပဲ… အိပ်မက်ဖြစ်မှာစိုးလို့ ကိုယ့်ကိုကိုယ် ဆိတ်ဆွဲကြည့်မိသေး… မှတ်မိသလောက်တော့ အဲဒိ Test က အရမ်းမခက်ဘူးထင်ပါတယ်… LED display ပေါ်မှာ နံပါတ် ၁ ကနေ ၀ အထိ run အောင် circuit ကို ဆင်ရမှာ… သူများတွေ တစ်ယောက်ပြီးတစ်ယောက်က ပြီးလို့ ထွက်သွားကြတယ်… ကိုယ်က ဘာမှကို မလုပ်တတ်တာ… နောက်တော့ မြန်မာအစ်မကြီးတွေလဲ ပြီးကုန်ကြတယ်… အဲဒိအချိန် တော်တော်များများလဲပြီးတော့ ဆရာတွေလဲ သူတို့ ဆာကစ်တွေကို သွားစမ်းနေရတော့ သိပ်မအားတော့ဘူး…. အဲဒါနဲ့ ကိုယ်လဲ ကြောက်ပြီး ငိုချလိုက်ရော… ဆရာတွေလဲ နည်းနည်းတော့ သနားသွားတာပဲလား ဘာလားတော့ မသိဘူး… မြန်မာအစ်မကြီးတွေကလဲ ဆရာ့ကို ငါတို့သူ့ကို ဘာမှ မပြောပြပါဘူး ၀ါယာလေးတွေ ကူညှပ်ပေးရုံလောက်ပါပဲပြောတော့ ခွင့်ပြုလိုက်တယ်… ပြီးတော့လဲ ဆရာလစ်ရင် လစ်သလို မြန်မာလိုတွေပြောပြီး ရရင် ရသလိုပြောပြကြတာပေါ့… လူလဲ ငိုလိုက် ရှိုက်လိုက်နဲ့ ကြားသလောက်လိုက်တပ်ပြီး အချိန်ပြည့်တော့ ပြလိုက်တော့ အပြည့်အလုပ်မလုပ်ပေမဲ့ နည်းနည်းတော့ အလုပ်လုပ်တော့ သုညတော့ မရခဲ့ဘူးပေါ့… 

နတ် ‘မ’ တဲ့ အလွဲ

နောက်ပြီး ပထမနှစ် ပထမ ဆန်မစ်စတာ စာမေးပွဲ အစဉ်ကြီးဖြေကာနီး အတန်းထဲက စလုံးတွေရယ် ပြည်ကြီးတွေရယ် ဗီယက်နမ်မတွေရယ် လူကိုစုံနေတာပဲ ကျောင်းက စာကြည့်တိုက်မှာ သချာင်္ကို စုပြီး လေ့ကျင့်မယ်ပေါ့... စလုံးတွေက သချာင်္ဆို အတော်လေးယောင်ဝါးဝါးဖြစ်တတ်ကြတော့ သူတို့က စုပြီး စာလုပ်ချင်တယ်… ကိုယ်ကတော့ စာစုလုပ်လဲ သူငယ်ချင်းရတာပေါ့ဆိုပြီး သွားဖြစ်တယ်… ကိုယ်တိုင်လဲ စာဒီလောက်မရပါဘူး… ဒါပေမဲ့လဲ စာကြည့်တိုက်က Study Room ထဲမှာ စကားတွေများ မုန့်တွေ ခိုးစားပြီး အချိန်ကုန်တာပဲရှိတယ်… ပြီးတော့ ပြန်ဖြစ်ကြတယ်… အဲဒါ စာမေးပွဲမတိုင်ခင် ၂ ပတ်လောက်အလိုပေါ့… အဲဒိနေ့ကတည်းက သချာင်္ကို တစ်စက်မှ မကြည့်တာ သချာင်္စာအုပ်ပျောက်နေမှန်း နောက်နေ့ သချာင်္ဖြေရမယ်ဆိုမှ သတိထားမိတယ်… ငယ်ငယ်ကတည်းက စာမေးပွဲနီးရင် စာအုပ်ပျောက်တတ်တာ အကျင့်ဆိုပေမဲ့ ဒီတစ်ခေါက်ကတော့ တော်တော်ဆိုးသွားပြီ… မနက်ဖြန်ဖြေမယ်ဆို ဒီနေ့မှစကြည့်ဖို့ စိတ်ကူးရုံတင်မကဘူး ကြည့်ဖို့စာအုပ်ပျောက်နေတာပါ ခုမှသိတယ်ဆိုတော့ ကိုယ်လွန်မှန်းလဲ သိပါတယ်… ဒါပေမဲ့ စာအုပ်ပျောက်တာ နတ်ကောင်းနတ်မြတ်မစတယ်လို့ ဆိုရမယ်… စာအုပ်ပျောက်တော့မှ ဟိုဘက်အတန်းက မြန်မာအစ်မကြီးဆီမှာ စာအုပ်လေးငှားဖို့ ဖုန်းဆက်မိတယ်… ဒါပေါ့ သူလဲ စာမေးပွဲဖြေရမဲ့သူ ဘယ်ငှားမလဲ… ဟီး… ဒါပေမဲ့ သူက သဘောထားကြီးစွာ သူ့အိမ်လာပြီး တူတူစာလုပ်လေတဲ့… သူနဲ့အဲ့ဒိတုန်းက သိပ်မရင်းနှီးပေမဲ့ သူ့အိမ်သွားစာလုပ်လိုက်တယ်… သူနဲ့စာတူတူလုပ်မှ ကိုယ်က သချာင်္မှာ ကြည့်စရာရှိတယ်ဆိုတာ ရှေ့ Chapter 3 ခုလောက်ထိပဲ ထင်တာ… အမှန်တော့ Chapter 6 ခုလောက်ရှိတာ… နောက် ၃ chapter က လုံးလုံးကို မကြားဖူးတာ… အဲ့လောက်ထိပဲ… စာလိုက်မလုပ်လို့မဟုတ်ဘူး… အတန်းထဲမှာ ဆရာဘာသင်နေမှန်းမသိတာနဲ့ ပြတ်ကျန်ခဲ့ရင်း အဲဒိစာတွေ ရှိတယ်မှန်းကို မသိတာ… အဲ့အစ်မကြီးက “ညီမလေး Vector တွေသိလား…” ဆိုတော့ အတန်းထဲက ဘယ် စလုံး Victor ကို လာမေးနေလဲ စဉ်းစားမိတဲ့အထိ… အဲဒါ ည ၉နာရီထိုးနေပြီး နောက်နေ့ နေ့လည် စာမေးပွဲဖြေရမဲ့လူတဲ့…


ကြွေးထူတဲ့သူ မပူ၊ သန်းထူတဲ့သူ မယား ဆိုသလိုပဲ ဘာမှ မသိတော့ ဘာမှ မစိုးရိမ်တဲ့ ကျွန်မကို အဲ့ဒိ အစ်မကြီးက အလန့်တကြား ကြောက်လန့်ပြီး စာတွေထိုင်သင်တော့တာ… သူနဲ့ ကိုယ်က ၁၀နှစ်ကွာတယ်… သူက မြန်မာပြည်မှာတုန်းက တက္ကသိုလ်မှာ ကျူတာလုပ်ခဲ့တာ… ဒါနဲ့ Chapter ၁ ခုပြီး ၁ခု ကျွန်မကို အကျဉ်းချုံးသင်လိုက် အရေးကြီးမယ်ထင်တဲ့ ပုစ္ဆာတွေ လေ့ကျင့်ခိုင်းလိုက်နဲ့ ၁၀တန်း အနီးကပ် ၁၀ရက်တက်သလိုဖြစ်မယ်ထင်တယ်… ရှေ့ရက်တွေမှာ Part Time အလုပ်တွေဆင်းထားတော့ လူက ကောင်းကောင်းမနားရဖြစ်နေတာ… ၁၁ နာရီလောက်ကျတော့ အိပ်ချင်လာရော… ဒါနဲ့ စာသင်ပေးတဲ့သူက ကော်ဖီတွေ ဖျော်တိုက်၊ လဘက်တွေသုတ်ကြွေး… (ပြန်စဉ်းစားရင် တကယ်ကို ကျေးဇူးတင်ပါတယ်)… “ဟဲ့… မအိပ်နဲ့ ဒီတစ်ပုဒ်တော့ တွက်လိုက်ပါအုံး” ဆိုပြီး သင်တာ… အဲ… စာတွေကို နည်းနည်းသိလာတော့ ၁၂နာရီလောက်ကျတော့ ကြောက်စိတ်ဝင်လာတယ်… 




“ဟာ… တကယ် ငါမသိတာတွေ အများကြီးပါလား… ငါဒီလောက်သိရုံနဲ့ အောင်ပါ့မလား” ဆိုပြီး မအိပ်ချင်တော့ဘူး… ကော်ဖီနဲ့ လဘက်သုတ် အစွမ်းတွေလဲ ပါမှာပေါ့… ဒီလိုနဲ့ အခန်း ၆ ခန်းလုံးကို အပြတ် မနက် ၄ နာရီမှာ ပြီးသွားတယ်… မနက် ၄နာရီမှာတော့ ခေါင်းက လုံးဝမရတော့ဘူး အိပ်ချင်တာ လူက ယိမ်းထိုးနေပြီ… တော်ရုံတန်ရုံမေးခွန်းဆို အောင်မှတ်လောက်လဲရလောက်ပြီလို့ ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်ကလေးကတီးတိုး နှစ်သိမ့်တော့ “အိပ်ချင်ပြီအစ်မရာ… အိပ်တော့မယ်” ဆိုပြီး သူ့အိပ်ယာပေါ်ပြစ်လဲသွားရော… ကိုယ့်အကြောင်းကိုယ်သိတယ်… ဆက်လုပ်နေရင် စိတ်လဲပါတော့မှာမဟုတ်ဘူး… ပြီးတော့ စာမေးပွဲခန်းထဲကျမှ ခေါင်းမူးတာတို့ အိပ်ပျော်သွားတာတို့ဖြစ်ရင် တစ်ညလုံး လေ့ကျင့်ထားတာလေးတွေပါ အလဟသ ဖြစ်မှာ… နောက်ပြီး မဗေဒါရဲ့ ယုံကြည်ချက်ကတော့ စာလုပ်တယ်ဆိုတာ အာရုံစိုက်မှုနဲ့အများကြီးဆိုင်တယ်… လုပ်တဲ့အချိန် ဘယ်လောက်ပဲ နည်းပါစေ လုပ်နေတဲ့အချိန် အာရုံစိုက်နိုင်ရင် စာတွေခေါင်းထဲဝင်တယ်… စာအုပ်ကြီး ၂၄နာရီရှေ့ချပြီး အာရုံမစိုက်ဘူး စိတ်မ၀င်စားဘူးဆိုရင် ဘာစာမှရမှာ မဟုတ်ဘူး… 


အဲဒိအစ်မကြီးကတော့ ဒိထက်ခက်တဲ့ ပုစ္ဆာတွေ ဆက်လေ့ကျင့်နေတယ်… ကျွန်မကတော့ အိပ်ပျော်သွားတယ်… ၁၀နာရီလောက် ကျွန်မနိုးတော့ သူလဲ နိုးနေပြီ… အစ်မ မအိပ်ဘူးလားဆိုတော့ သူခဏတော့ အိပ်လိုက်သေးတယ်တဲ့… စာမေးပွဲချိန်နီးပြီဆိုတော့ နောက်ဆုံးတစ်ခေါက် ကိုယ်မရဘူးထင်တာလေးကို မျက်လုံးနဲ့ တစ်ချက်ပြန်ကြည့်ပြီး စိတ်ဒုန်းဒုန်းချလိုက်တယ်… ရသလောက်ပေါ့… (All is well… All is well… ခွင် ချနာ… ခွင် ချနာ…)( ခေါင်းတောင် သိပ်မလှုပ်ရဲဘူး စာတွေ ထွက်ကျပြီး မေ့ကုန်မှာစိုးလို့...)


စာမေးပွဲမှာ နောက်ဆုံး ၁၅မှတ်တန် ဥာဏ်စမ်းအပုဒ်ကြီးကလွဲလို့ ကျန်တာ အကုန်ဖြေနိုင်တယ်… မေးခွန်းတစ်ခါဖတ်လိုက်တယ်… ၁ခါ ကြိုးစားကြည့်တယ်… ဘယ်လိုမှ မရတော့လဲ နေဟာ အောင်မှတ်ရနေပြီဆိုပြီး မဖြေပဲထားခဲ့တယ်… စာမေးပွဲပြီးတော့ ကျန်တဲ့သူတွေအားလုံးက အဖြေတွေတိုက်ကြ စာအကြောင်းတွေပြောကြပေါ့… အရင်ကတည်းက ပြောဖူးတယ်… မဗေဒါက ပြီးသွားတဲ့အရာတစ်ခု ပြန်လဲပြင်လို့မရတော့တဲ့အရာတစ်ခုကို တစ်နုတ်နုတ်သိပ်မဖြစ်ချင်လို့ အဲဒါတွေသိပ်မလုပ်ဘူး… အဖြေတိုက်ရင်တော့ နောက်ဆုံးထွက်တဲ့ အဖြေလောက်ပဲတိုက်လိုက်တယ်… မရတဲ့ ပုစ္ဆာကို အဲ့ဒါ ဘယ်လိုလုပ်ရသလဲတို့ဘာတို့ မေးရတာ စိတ်ကုန်လို့… (အဲ့ဒါဘယ်လိုတွက်ရသလဲဆိုတာက စာမေးပွဲမတိုင်ခင်ကတည်းက သိထားရမဲ့အလုပ်… စာမေးပွဲအောင်ဖို့တစ်ခုတည်းမဟုတ်ဘူး ဘ၀အတွက်မေးတာဆိုလဲ အိမ်ပြန်ရောက်မှ စာအုပ်ပြန်ဖတ်ပြီး ကိုယ့်ဟာကိုယ် ကြိုးစားကြည့်လိုက်ပေါ့)… အဲဒိအစ်မကြီးကလဲ ကိုယ့်ကို ဖြေနိုင်လား လာမေးတယ်… ကိုယ်ကလဲ “အစ်မ ကျေးဇူးကြောင့် အောင်မှာတော့ သေချာတယ်” လို့ တကယ် ကျေးဇူးတင်လို့ ပြန်ပြောလိုက်တယ်… 

“နောက်ဆုံး အပုဒ်ကြီး ဖြေတတ်လား” ဆိုတော့… ကိုယ်ကလဲ “မဖြေတတ်လို့ မဖြေဘူး” လို့ပြောလိုက်တာပေါ့… သူကလဲ ကိုယ့်ဆီက ဒီအဖြေကို မျှော်လင့်ထားပြီးသားဆိုတော့ ထပ်မမေးတော့ဘူး တစ်ခြားသူတွေနဲ့ပဲ စကားဆက်ပြောတာပေါ့…

ဒါပေမဲ့ စာမေးပွဲအောင်စာရင်းထွက်တော့ မယုံကြည်နိုင်စွာပဲ ကျွန်မ သချာင်္ကို A ရတယ်… ကျွန်မကို ဘာရလဲ မေးတော့ သူသင်ပေးတဲ့ သူ့တပည့်တစ်ယောက် အနေနဲ့ ဂုဏ်ယူလို့ A လို့ပြောလိုက်တော့… သူလဲ A ပဲဆိုပြီး (A+ ဆိုတာက ဂုဏ်ထူးပေါ့) မျက်နှာပျက်သွားတယ်လို့ ကျွန်မထင်တယ်… အမှန်ဆို သူစိတ်ချမ်းသာအောင် ကျွန်မက B ရတယ်လို့ ပြောခဲ့သင့်တာ… သူ့စိတ်ထဲမှာတော့ နဂန်းတလုံးမှ မသိတဲ့ ကျွန်မက A ရတယ်ဆိုတာ ကျွန်မ လျှိုထားလို့လို့ ထင်သွားလား ဒါမှမဟုတ် ကျွန်မ A မရပဲနဲ့ ဒီကောင်မလေး လာလိမ်နေတယ်လို့ ထင်သွားလား မသိပါ… ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မ သေချာသိတာကတော့ သူ့ဆီသာ အဲ့ညက စာအုပ်ပျောက်ပြီး မရောက်သွားရင် ကျွန်မ ကျမယ်ထင်ပါတယ်… ပြီးတော့ စာတူတူလုပ်ခဲ့တဲ့ ကော်ဖီတူတူသောက်ခဲ့တဲ့ အမှတ်တရလေးတွေကလဲ ကျွန်မဘ၀ အကြမ်းတမ်းဆုံးအချိန်တွေမှာ ကူညီခဲ့တဲ့သူတစ်ယောက်အနေနဲ့ သတိရနေမှာပါ… စာမေးပွဲခန်းထဲက ထွက်လာတော့မှ ကျွန်မစာအုပ်ကို မှားယူသွားတဲ့ စလုံးကောင်က ပြန်လာပေးတယ်… 


“မျက်နှာပြောင်တိုက်ခဲ့ရတဲ့ Presentation” လေး အကြောင်းကိုတော့ နောက်ထပ် စကာင်္ပူရောက်အလွဲများ ၁၄ မှာ မျှော်….. :D

4 comments :

Swant said...

I think you are gifted genius. Your post reminded me of my grade 10 final exam. I didn't take math tuition and the school math teacher also gave very long solving like two pages for every problems. I was really panic when final exam is a few week a way. my elder sister asked me just to choose only 6 units and just practiced these selected problems. I was really scared when I was sitting at the exam room, thinking I would fail. Well, the result is pass with 66 point. Since then math is my weakness. :)
SST

shin said...

မဗေဒါရဲ့ ကျောင်းတုန်းက စာမေးပွဲ အတွေ့အကြုံတွေကို ဖတ်ပြီး ကိုယ့်အတွေ့အကြုံကိုလဲ ရှယ်ချင်စိတ်ပေါက်သွားတယ်။

ကိုယ့်ရဲ့ ပိုလီ 1st Year 1st semester အောင်စာရင်းကြည့်တုန်းကပေါ့။ အဲ့ဒီတုန်းက အိမ်မှာ internet မချိတ်ထားတော့ ကျောင်းက Library မှာ online ကနေ အောင်စာရင်းသွားကြည့်ရတယ်။ အဲ့နေ့ကအိပ်ရာထ နောက်ကျတော့ နေ့လယ် လောက်မှ ကျောင်းသွားဖြစ်တယ်။ Library မှာ result check နေတုန်း ကိုယ်နဲ့ တ batch ထဲ ( course မတူ) တဲ့ သူငယ်ချင်း ကောင်လေး ကလာ နှုတ်ဆက်တယ်။

ကောင်လေး = အမ၊ Result လာ check တာလား။
Me = အေး။ ဟုတ်တယ်။ နင်ရော?။
ကောင်လေး = ကျွန်တော်လဲ အခုမှ ကြည့်မလို့။ (ပြောရင်း ကိုယ့် ဘေးနားက computer မှာ log in လုပ်)
Me= Result check ပြီးတော့ email ကြည့်။ Internet မှာ ဟိုဟာ ဒီ ဟာ နဲနဲ ပါးပါးကြည့် နေတုန်း။
ကောင်လေး = ဟာ.......................
Me(သူ့ဘက်ကို အာရုံရောက်သွားရင်း) = ဘာဖြစ်လို့တုန်း။
ကောင်လေး = ကျွန်တော် ဘာသာအားလုံး ဂုဏ်ထူးရတယ်ဗျ။
Me = ဟယ်။ တော်လိုက်တာ။ Congratulation... (တကယ်ကို လှိုက်လှိုက် လှဲလှဲ Congrats တာပါ။)
.
.
.
.
.
.
အိမ်ပြန်ရောက်ပြီး အခန်းဖော်နဲ့တွေ့တော့ ကိုယ်က " ဟေး သိလား။ ခုနက Library မှာ XXXX(ကောင်လေး နာမယ်)နဲ့တွေ့ခဲ့တယ်။ သူလဲ Result လာ check တာ။ သူလေ ဘာသာစုံ ဂုဏ်ထူးရတယ်ဟ။ "

အခန်းဖော်(let's say မူယာ) = ဟင်။ ဟုတ်လား။ မူယာလဲ မနက်က Library မှာ Result check ရင်း သူနဲ့ တွေ့ခဲ့ သေးတယ်။ သူလဲ Result လာ check တာပဲတဲ့။ သူဘာသာစုံ ဂုဏ်ထူးရတဲ့ အကြောင်းလဲ ပြောသွားသေးတယ်။ ဒါဆို ကို သူ ရှင့်ကို ထပ်ကြွားသွားတာပေါ့။
Me = ဟမ်။ဟုတ်လား။ ဒါဆို ငါက ဘယ်နှယောက် မြှောက် အကြွားခံရတဲ့ လူ ပါလိမ့်။ သေဟ။ တိန်... :P

Vista said...

ငါသာဆို ကျပြီ .. ဖုတ်ဆိုတောင်မြည်မယ် မထင်

mabaydar said...

@Swant: Yes, panicking near to the exam is really scary. but sometime we just have to cool down abit and everything will be okay. Sometime we might just be overly worried the situation.

@Shin: အဲ့တစ်ယောက်က Grade D ရတာကို ဂုဏ်ထူးထွက်တယ်ထင်နေလားမသိဘူး။ သေချာရဲ့လား။ ဟိ...

@Vista: အဲ့လောက်တော့ မဟုတ်ပါဘူး... အမှန်တော့ အားလုံးအောင်လောက်မှာပါ။ ပေါ်လီ ပထမနှစ် သင်္ချာက ဒီလောက်မခက်ပါဘူး။