Thursday, August 22, 2013

Elysium - IMAX Movie Review


Movie Name: Elysium
Genre: science fiction action thriller
Language : English
My rating : 3/5

Main Cast :
Matt Damon as Max Da Costa
Jodie Foster as Secretary of Defense Jessica Delacourt
Sharlto Copley as Agent C.M. Kruger
Alice Braga as Frey Santiago
Diego Luna as Julio
Wagner Moura as Spider
William Fichtner as John Carlyle

ဇာတ်လမ်းအကျဉ်း

၂၁၅၄ ခုနှစ်မှာ လူအုပ်စု ၂စုပဲရှိတယ်… ၁စုက အရမ်းချမ်းသာလွန်းလို့ Elysium ဆိုတဲ့ ဖန်တီးထားတဲ့ ဂြိုလ်ပေါ်မှာ သီးသန့်နေတဲ့ လူနည်းစုဖြစ်တယ်။ ကျန်တဲ့ လူတွေကတော့ လူဦးရေထူထပ်ပြီး ပျက်စီးယိုယွင့်နေတဲ့ ကမ္ဘာပေါ်မှာ ဆင်းဆင်းရဲရဲနေရတဲ့ လူအုပ်စုဖြစ်တယ်။ အဲဒိလူတွေကို Elysium က ထိမ်းချုပ်ထားတဲ့ စက်ရုပ်တွေနဲ့ အုပ်ချုပ်ပြီး လုပ်အားကို မတန်တဆခိုင်းတယ်။ ဆေးပညာအရမ်းကောင်းပြီး ဘာရောဂါကိုမဆို မိနစ်ပိုင်းအတွင်းကုနိုင်တဲ့ Med pods ဆိုတဲ့ စက်ကို Elysium မှာ အိမ်တိုင်းပိုင်ပေမဲ့ ကမ္ဘာပေါ်က လူသားတွေအတွက်ကတော့ ပျက်စီးပြီး မပြည့်စုံတဲ့ ဆေးရုံပဲရှိတဲ့အတွက် ကမ္ဘာက လူတွေက Elysium ကို ခိုးသွားပြီး ဆေးကုဖို့ အမြဲအားထုတ်လေ့ရှိတယ်။ သို့သော် Elysium ရဲ့ ကာကွယ်ရေးဝန်ကြီး Jessica Delacourt က သူတို့ဆီ ချဉ်းကပ်လာသမျှ ယာဉ်တွေကို ရက်ရက်စက်စက် အမြှောက်နဲ့ပစ်သတ်ဖို့ Kruger ဆိုတဲ့ သူကို ခိုင်းစေခဲ့တယ်။ ထို့သို့ကိုင်တွယ်ပုံကို Elysium ရဲ့ သမ္မတ Patel က သဘောမတူတဲ့အတွက် Delacourt ဟာ သမ္မတကို ဖြုတ်ချပြီး သူမ အာဏာသိမ်းဖို့အတွက် Elysium ကို ထိမ်းချုပ်တဲ့ ကွန်ပြူတာပရိုဂရမ်ကို Hacked တဲ့ နောက် ပရိုဂရမ်တစ်ခုကို စက်ရုပ်တွေထုတ်တဲ့ ကုမ္ဗဏီသူဋ္ဌေး John Carlyle ကို စေခိုင်းခဲ့တယ်။
Max ဟာ အရည်အချင်းရှိသော်လည်း သူ့ဟာသူ အေးအေးဆေးဆေးသာမာန် စက်ရုံအလုပ်သမားတစ်ယောက်အဖြစ် ကမ္ဘာပေါ်မှာ ဆင်းဆင်းရဲရဲနေထိုင်တယ်။ ဒါပေမဲ့ သူဟာအလုပ်လုပ်ရင်း ရေဒီယိုသတ္တုလှိုင်းတွေထိပြီး ၅ရက်ပဲ အသက်ဆက်ရှင်ဖို့ကျန်တော့တဲ့အခါ သူ့ကို အလုပ်ထုတ်ခြင်းခံခဲ့ရတယ်။ မသေချင်တဲ့ Max ဟာ Elysium ကို အောက်လမ်းနည်းနဲ့သွားဖို့ မြေအောက်အဖွဲ့အစည်းခေါင်းဆောင် Spider နဲ့ ဆက်သွယ်ခဲ့တယ်။ အလဲအလှယ်အနေနဲ့ Spider က သူဋ္ဌေး John Carlyle ဦးနှောက်ထဲက အချက်အလက်တွေကို ခိုးယူခိုင်းတယ်။ သူမလုပ်နိုင်လောက်ဖူး သူမတတ်နိုင်ဘူးလို့ တစ်ချိန်လုံးထင်နေတဲ့ Max ဟာ အသက်ဘေးနဲ့ကြုံလာတဲ့အခါမှာတော့ ဒီလုပ်ငန်းကို လက်ခံလိုက်တယ်။ သူတို့ဝင်လုတဲ့အချိန်မှာ သူတို့ရလိုက်တာက သူဋ္ဌေးရဲ့ အချက်အလက်တွေမဟုတ်ပဲ။ Elysium system တစ်ခုလုံးကို ပြောင်းနိုင်တဲ့ ပရိုဂရမ်ဖြစ်နေတယ်။ ဒီအခါ Max အတွက် ကမ္ဘာပေါ်က လူတွေအားလုံးကို ကယ်ဖို့ တာဝန်ကျလာပြန်ပါတော့တယ်…… သူတို့ ဘယ်လိုကယ်မလဲ။ အတ္တကြီးတဲ့ လူနည်းစုကာကွယ်ရေးဝန်ကြီးချုပ်နဲ့ သူငှားထားတဲ့ လူမိုက် Kruger ကိုဘယ်လိုတိုက်ထုတ်မလဲ။ ဖန်သားပြင်မှာ ရှုစားပေါ့နော်…


ဝေဖန်ရေး

ဒီကားဟာ ဟိုးတစ်လောက ထွက်ခဲ့တဲ့ Justin Timberlake ရဲ့ In Time ဆိုတဲ့ကားနဲ့ ကျောရိုး သဘောထားချင်းတူတယ်လို့ပြောလို့ရတယ်။ သိပ်ချမ်းသာတဲ့သူတွေနဲ့ သိပ်ဆင်းရဲတဲ့ လူမျိုး ၁ရပ်ရဲ့ ကွာခြားပုံနဲ့ ဆင်းရဲသားတွေနှိပ်ကွပ်ခံရတဲ့ ဘ၀အခြေခံသဘောတူတာကိုပြောတာပါ။ ကျန်တာကတော့ ကွဲပါတယ်။ ဒီကားက In Time ထက် သွေးသံရဲရဲ နည်းနည်းပိုပါတယ်။ ဥပမာ မင်းသားကို ရေဒီယို သတ္တုကြွ ဓာတ်ငွေ့ထိပြီး လမ်းလျှောက်နိုင်အောင် သံ၀တ်စုံကြီးကို အသားနဲ့ပူးနေအောင် မူလီနဲ့ ရစ်တာတို့ ဘာတို့ပေါ့။ ဒီကားမှာဇာတ်လမ်းအခြေခံက သိပ်မရှိပေမဲ့ တိုက်ခိုက်တဲ့ Action ခန်းတွေများပါတယ်။ Visual effects တွေကို ကောင်းမွန်စွာပြုလုပ်ထားပါတယ်။ (ဥပမာ… လူဆိုးကြီးမျက်နှာပျက်စီးသွားတာကို ပြန်ကုတာတို့ဘာတို့ပေါ့)… 


နောက်ပြီး ဒီကားမှာ ပေးချင်တဲ့စကားလေးက လူတွေဟာ လူရယ်လို့ဖြစ်လာကတည်းက ကိုယ်လုပ်မှရမဲ့ တာ၀န်ဆိုတာ ကိုယ်စီရှိလာကြတာချည်းပါပဲ။ ငါမလုပ်နိုင်လောက်ပါဘူး ငါလုပ်လို့ မဖြစ်လောက်ပါဘူးလို့ထင်နေပင်မဲ့ တကယ်တမ်းတော့ တချို့အလုပ်တွေက ကိုယ်လုပ်ရင်ဖြစ်တယ်ဆိုတဲ့ သဘောလေးပြသွားတာကို သတိထားမိပါတယ်။ တစ်ခါတစ်လေ ကျွန်မတို့တွေမှာ ငါလုပ်လို့ဖြစ်ပါ့မလား၊ ဒါမျိုးက ငါမလုပ်နိုင်ပါဘူးဆိုပြီး စစ်မရောက်ခင် မျှားကုန်တတ်တဲ့ စိတ်ကြောင့် ဘာမှ စမလုပ်ဖြစ်ပါဘူး။ တကယ်တော့ ကိုယ်လုပ်ကြည့်ရင်လဲ ဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်။ နောက်တစ်ခုက လူတွေဟာ ကိုယ့်မွေးရပ်ကို ဘယ်တော့မှ မမေ့ဖို့ သူ့အဖွားဆုံးမ စကားလေးကလဲ စိတ်ထဲတစ်ခုခုတော့ စဉ်းစားစရာဖြစ်စေပါတယ်။ 


ဒီကားဟာ တခြား နာမည်ကြီးကားတွေလောက်တော့ အသေးစိတ်စဉ်းစားရိုက်မထားဘူးလို့ခံစားရပါတယ်။ Character Development မှာလဲ ဘာလိုနေမှန်းမသိ နည်းနည်းလေးလိုနေပါတယ်။ ဥပမာ Max ရပ်ကွက်ထဲမှာ သူတစ်ယောက်ပဲအလုပ်လုပ်ပြီး ကျန်တဲ့သူတွေကျ ဘာအလုပ်မှ မလုပ်သလိုဖြစ်နေတယ်။ နောက်ပြီး သူတို့ပြတဲ့ Elysium ဆိုတဲ့ နေရာကို ကျွန်မအနေနဲ့တော့ သွားနေချင်လိုက်တာဆိုတဲ့ စိတ်မဖြစ်မိဘူး။ နေရာကျဉ်းကျဉ်းလေးမှာ စင်္ကာပူလိုမျိုး တောတောင်မရှိ ဘာမရှိနဲ့။ ပရိတ်သတ်ဖြစ်တဲ့ ကျွန်မက အသေးစိတ်ခုလိုပြောလို့ ကပ်ပြောသလိုဖြစ်ကောင်းဖြစ်မယ်… ဒါပေမဲ့ အဲဒိ သေးသေးလေးတွေက ကြည့်တဲ့ ပရိတ်သတ် အဲဒိ ဇာတ်ကားထဲကို ဘယ်လောက် ထဲထဲ၀င်၀င် ခံစားလဲဆိုတာ ဆုံးဖြတ်တယ်လို့ ထင်တယ်။ ဒီ့အတွက်ကြောင့် ဒီကားဟာ ပျင်းနေတယ် Sci-fi science fiction action တွေကားမျိုးကြည့်ချင်တယ်ဆိုရင်တော့ ကြည့်လို့ပျော်တဲ့အထဲမှာပါပင်မဲ့ အရမ်းအရမ်းကောင်းပြီး စိတ်ထဲစွဲကျန်တဲ့အထဲတော့မပါဘူး။ 


Spoiler


Spoiler ဖြစ်မှာဆိုးလို့ မပြောလိုပေမဲ့ ခုတော့ ပြောလိုက်အုံးမယ် ဇာတ်သိမ်းကို သိပ်သဘောမကျဘူး။ မင်းသားက Radiation ထိတာတောင် ဒီလောက် ဖိုက်လာနိုင်ပြီးမှ data transfer လုပ်ရင် သူသေမယ်ဆိုတဲ့ concept က ဘယ်ကရောက်လာတာလဲ။ data transfer ရုံပဲဟာ။ ပြီးတာနဲ့ ဟို Med-pods ပေါ်တင်ပြီး ကုလိုက်ပေါ့။ မျက်နှာကြီးတစ်ခုလုံးဗုံးကြောင့်ပေါက်သွားတဲ့လူဆိုးကျတော့ ဦးနှောက်မပျက်စီးလို့ဆိုပြီး ပြန်ကယ်လို့ရတယ်။ ဦးနှောက်မပျက်စီးပေမဲ့ လူသေပြီး ဘယ်နှမိနစ်နေရင်လဲမသိဘူး ဦးနှောက်လဲသေသွားတာပဲဟာ။ ပြီးတော့ အတွေးတန်းလန်းဖြစ်စေတာက Elysium ရဲ့ system ကို reboot ပြန်ချပြီး ကမ္ဘာက လူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်တဲ့ system ကို သွင်းလိုက်တယ်။ ဒါဆို သမ္မတက အသစ်က ဘယ်သူဖြစ်မှာလဲ။ Spider လား။ ဒါပေမဲ့ Spider ကလဲ အရင်က ပိုက်ဆံရရင် အကုန်လုပ်တဲ့ ကောင်ပဲ။ သိပ်ကောင်းတဲ့ လူမှမဟုတ်တာ။ သူအာဏာရသွားတော့ရော တစ်ချိန် အာဏာရှင်ဖြစ်ပြီး Elysium က လူတွေလိုပဲ ကိုယ့်အကျိုးအတွက် အများကို မနှိမ်တော့ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ ဇာတ်လမ်းက ကမ္ဘာက လူတွေအတွက် ဆေးပညာအကူတွေရောက်လာတယ် ဒုက္ခလွတ်သွားတယ်ပြပေမဲ့ ကျွန်မရင်ထဲတော့ ခုလို တန်းလန်းကျန်နေတဲ့ မရှင်းမရှင်းတွေကို ကျေနပ်မှုမပေးခဲ့ဘူး…


IMAX Experience


ဒီကားကို မဗေဒါက IMAX နဲ့ ကြည့်တာပါ။ IMAX ကိုပထမဆုံးစပြီး ကြည့်ဖူးတာပါ။ IMAX ဆိုတာ တကယ်တော့ ပိုကြီးတဲ့ ဖန်သားပြင်နဲ့ ပိုကြည်တဲ့ ရုပ်ပုံကို အကြီးကြီးမြင်ရတာပါ။ 3D လို မျက်မှန်တွေဘာတွေ တပ်ကြည့်စရာမလိုပါဘူး။ ဒါပေမဲ့ ကားအစပိုင်းမှာ မင်းသားလမ်းလျှောက်လာတဲ့ ဆင်းရဲသားရပ်ကွက်တစ်လျှောက် ကင်မရာကို hand held ရိုက်ကွက်မျိုးနဲ့ရိုက်ထားတော့ screen အကြီးကြီးကို အနီးကပ်မြင်ရသလိုဖြစ်ပြီး လူက မူးချင်သလိုတောင်ဖြစ်ပါတယ်။ ပုံမှန် အခန်းတွေမှာတော့ မမူးပါဘူး။ နောက်ဆုံးခန်း ကမ္ဘာပေါ်ကို ဆေးကူ ယာဉ်ကြီးဆိုက်ပြီး ယာဉ်နောက်ဖုံးတံခါးကြီးပွင့်တဲ့အခန်းမှာတော့ ကိုယ့်ရှေ့မှာ ပွင့်လာသလို တကယ်ခံစားရပါတယ်။ ဒီတော့ IMAX က တစ်ချို့ အခန်းတွေလောက်အတွက်ပဲ ကြည့်ကောင်းပြီး တော်တော်များများအခန်းတွေကတော့ သာမာန် ရုပ်ရှင်ရုံထက် Screen ပိုကြီးတာကလွဲလို့ ဘာမှ မကွာပါဘူး။ ကင်မရာတုန်ရင် ပိုလို့တောင် ခေါင်းမူးပါသေးတယ်။ မဗေဒါကတော့ ခေတ်အောက်တယ်ပဲပြောပြော 3D ရော၊ IMAX ရောကို ရိုးရိုး cinema လောက် မကြိုက်ပါဘူး… IMAX က ပေးရတော့ ရိုးရိုးထက် ၂ဆပိုပေးရပြီး ၂ဆ ထူးကဲမကောင်းဘူးလို့ပဲ ခံစားရပါတယ်…

8 comments :

Anonymous said...

နောက်ပိုင်း အဲ့လို visual effects တွေအရမ်းများတဲ့ကားမျိုး ကြည့်ရတာငြီးငွေ့လာတယ်

shin said...

ကိုယ့်ရဲ့ ပထမဆုံး IMax ရုပ်ရှင်ကTransformer ပါ။ လက်မှတ်အလကားရလို့ သွားကြည့်တာ။ ကြည့်ပြီးတော့မူးလိုက်တာ။ (အမှန်တော့ကြည့်နေရင်းအလယ်မှာထဲကမူးနေပြီ) ။ဇတ်လမ်း တောင်ကောင်းကောင်းနားမလည်လိုက်ဘူး။

mabaydar said...

ဟုတ်တယ်... ခုနောက်ပိုင်း Visual effects တွေ အားကိုးနဲ့ Hollywood က Sci-fi တွေ လှိမ့်ရိုက်နေတာ... အရင်က တကယ့် Action ကားတွေကိုတောင် လွမ်းလာတယ်...

Lorem Ipsum said...

imax ကြည့်ဖူးပေမယ့် မဗေဒါလိုပဲ သိပ်မထူးသလိုခံစားမိပါတယ် (ခေါင်းပိုမူးတာပဲအဖတ်တင်တယ်..)
ဒီဇာတ်ကားနဲ့ ပက်သက်ပြီးသိပ်မကျေနပ်ကြတာတွေ့ပါတယ် ။ မဗေဒါ review လေးကိုခံစားသွားပါတယ်..။

ခင်မင်လျက်
ဆုမြတ်

mabaydar said...

@shin @ဆုမြတ် - ဒါဆို IMAX ကြောင့် ခေါင်းမူးတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးပေါ့... လူတွေက ပြောကြလို့ သွားစမ်းကြည့်တာ မကြိုက်ဘူး... ဈေးကျတော့ $20 တောင်ပေးရသေးတယ်..... နောက်မကြည့်တော့ဘူး...

Lorem Ipsum said...

မကြည့်နဲ့မကောင်းဘူး မဗေဒါ ဆုမြတ်က လည်းလက်မှတ်အလကားရလို့သွားကြည့်တာ..အစက မျက်စိမကောင်းလို့ မူးတယ်မှတ်တာ...ကြည့်ဖူးတဲ့သူတိုင်းမူးတယ်ပြောမှ သိတယ်တော့ ။ ပက်ရှင်ဟေးနဲ့ မင်ဟိုနဲ့ကားထွက်ရင် review ရှယ်ရေးပါဦးနော် ။ စောင့်နေမှာ ။

Anonymous said...

IMAX ခုထိမကြည့်ဖူးသေးဘူး မဗေဒါရေ ဝိုင်းက 3D တော့ခေါင်းမမူးတတ်ဘူး Si Fi ထဲမှာတော့ Prometheus ကြိုက်တယ် နောက်ဆုံးကြည့်မိတာ Pacific Rim နဲနဲ Cheesy ဖြစ်သလိုပဲ တခုရှိတာက ဘာလို့လဲမသိဘူး Si Fi တွေထဲမှာပဲဖြစ်ဖြစ် နောက်ဆုံး Harry Potter လိုမျိုးမှာတောင် လူကောင်းက လူဆိုးကိုခက်ခဲစွာ အနိုင်ရတဲ့အခန်းမျိုးဆို အမြဲငိုတယ် touch ဖြစ်လို့ Avenger မှာရော Deathly hallows ရော Breaking Dawn ကအစ အဲလို Climax ကျရင်ငိုတာ ရူးပါ့း)))

mabaydar said...

စိတ်ချ... မဗေဒါလဲ အဲလိုအခန်းမျိုးဆို ငိုတာပါပဲ... ဒီကား Elysium တော့ မငိုဖြစ်လိုက်ဘူး.... နားမလည်နိုင်လို့... မင်းသားက ဘာလို့ သေရသလဲဆိုတာ... IMAX ကြည့်ဖူးချင်တယ်ဆိုရင်တော့ စမ်းကြည့်ပေါ့... သူများမကြိုက်ပင်မဲ့ ကိုယ်ကြိုက်ရင် ကြိုက်မှာပါ... မကြိုက်ရင်တော့ နောက်မကြည့်ရုံပေါ့.. :)