Monday, June 04, 2012

Most Embarrasing Awkward Moment in my life

လူတော်တော်များများဘ၀မှာ awkward Moment လေးတွေ ရှိခဲ့ကြမှာပါ... Awkward Moment ကို မြန်မာလိုပြောရရင် ရှက်စရာလဲကောင်း၊ ကိုယ်ဆိုလိုတာက တစ်မျိုး အဓိပ္ပါယ်ပေါက်သွားတာကတစ်မျိုး တဖက်က နားလည်သွားတာက တစ်မျိုး၊ ဒါမှမဟုတ် ကြောင်အမ်းအမ်းနဲ့ ရုတ်တရက်ကြီး လူ၂ဦးကြား စကားစပြတ် တိတ်သွားပြီးတာမျိုး စသည်ဖြင့် အခြေအနေမျိုးတွေကို ပြောတာဖြစ်နိုင်ပါတယ်... Awkward Moment ဆိုတဲ့ စကားကို လူတွေက သူတို့ဘာသာ သူတို့ အရှက်ရစရာ၊ ကြောင်တောင်တောင်ဖြစ်စရာ နေရာတွေမှာ သင့်တော်သလိုသုံးတတ်ကြပါတယ်... 

ကျွန်မဘ၀ရဲ့ အရှက်ရစရာ အကောင်းဆုံး Awkward Moment အလွဲလေးကတော့ ကျွန်မ ၂၀၁၁ မတ်လ ရန်ကုန်ပြန်တုန်းကပေါ့... 

ကျွန်မက တရုတ်တန်း ၁၅လမ်းထိပ်က လိုင်လိုင်း ဟိုတယ်မှာ တည်းပါတယ်... ကိုယ်ရောက်တယ်ဆိုတဲ့ သတင်းကြားတော့ မေမေ့ မိတ်ဆွေရဲ့သား၊ ကျွန်မနဲ့ ၁၀တန်းတစ်လျှောက် ကျူရှင်တူတူတက်ခဲ့တဲ့ သူငယ်ချင်းက ထူးထူးခြားခြားတွေ့ရအောင်လို့ ဖုန်းဆက်လာပါတယ်... 

သူက ဟိန္ဒူလူမျိုးပါ.... ငယ်ငယ်က မြန်မာစာသူ့ကို သင်ရင် အမြဲရီနေခံရတဲ့သူဟာ... ခုတော့ ကျွန်မလို လခစားမဟုတ်ပဲ... စီးပွားရေးသမားကြီး ဖြစ်လို့ နေပါတယ်...

 ခါတိုင်း ကျွန်မပြန်လာရင် “အေး... တစ်ရက်တွေ့မယ်လေ” လောက်ပဲ စကားအဖြစ်ပြောဖြစ်ပင်မဲ့ ဘယ်တော့မှ မတွေ့ဖြစ်ပါဘူး... အဲဒိတစ်ခေါက်မှာတော့ သူက ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်မတည်းတဲ့ ဟိုတယ်ကို တိုက်ဆီနဲ့ ရောက်ချလာပါတယ်... အဲဒိကတည်းက တိုက်စီသမား မျက်နှာပေးက စပ်ဖြီးဖြီးလုပ်နေလို့ ကျွန်မ မသွားချင်ခဲ့ပါဘူး... ဒါနဲ့ နီးနီးနားနား Junction မော်တင်ကိုပဲ သွားဖို့ ကျွန်မ အကြံပြုလိုက်ပါတယ်... Junction မော်တင်ရောက်တော့လဲ လူတွေက အလွန်တရာမှ ကြည့်ကြပါတယ်... တရုတ်မ မျက်နှာကျွန်မနဲ့ ဟိန္ဒူ မျက်နှာနဲ့ သူ့က သူငယ်ချင်းမို့ တူတူလာတာကို ဘာလို့ ထိုသို့သော အကြည့်မျိုးဖြင့် ကြည့်ခံရမှန်းမသိပါ... ဒါတောင် ကျွန်မတို့ ၂ယောက် စကားကို အကျယ်ကြီးပြော... ခပ်ခွာခွာလမ်းလျှောက်ပြီး သူငယ်ချင်းပုံစံအတိုင်းပဲနေတာပါ...

 ဒါနဲ့ အပေါ်ဆုံးထပ်က Wall ရေခဲမုန့်ဆိုင်မှာ ခဏထိုင် စကားပြော... နောက်ပြီး ကျွန်မ မောင် တစ်ဝမ်းကွဲ ၁၀တန်းတုန်းက သူနဲ့လဲ ကျူရှင်တူတူပဲ... သူ့ကို ဖုန်းလှမ်းဆက်ပြီး ခေါ်လိုက်ပါတယ်... အဲဒိအတောအတွင်းမှာတော့ ရေခဲမုန့်ဆိုင်က ၀န်ထမ်းကောင်မလေးတွေရဲ့ စူးစမ်းတဲ့ အဓိပ္ပါယ်တွေနဲ့ အကြည့်တွေကိုလဲ ခံနေရလို့ ခံပြင်းလှပါတယ်... သို့သော် အသက်တွေလဲကြီးပြီ ကိုယ်မှန်နေရင်လဲ ဒါမျိုးက ရှက်ကြောက်ကြောက်လုပ်နေစရာမလို... ကိုယ့်အကြောင်းနဲ့ကိုယ်... ကိုယ့်ကို တကူးတကလာတွေ့တဲ့ သူငယ်ချင်းကိုလဲ ပြောမထုတ်လိုက်ချင်... မိဘချင်းလဲ လုပ်ငန်းတူသည်... အမှန်တော့ အဓိက သူကျွန်မကို တွေ့ချင်တဲ့အကြောင်းက သူ့စီးပွားရေးနဲ့ ပတ်သတ်နေ၍ပင်ဖြစ်သည်... သူနှင့် စီးပွားလုပ်ထားသူကို ငွေကျွံပြီးမှ ထိုမိသားစုက စကာင်္ပူရောက်နေသောကြောင့်... ထိုမိသားစုကိုလဲ ကျွန်မက သိသောကြောင့် သူတို့သတင်း တီးခေါက်လိုခြင်းဖြစ်သည်... ဒီထက်ပိုသည့် အကူအညီတောင်းရန်လဲ သူ့စိတ်ထဲရှိကောင်းရှိမည်...

ကျွန်မ မောင်တစ်ဝမ်းကွဲကလဲ ဖုန်းခေါ်ပြီး ချက်ချင်းလာမည်ဆိုပြီး တော်တော်နှင့်ပေါ်မလာ... ဒီတော့ ကျွန်မတို့ အောက်ပြန်ဆင်းလာကြသည်... သူနှင့် ၂ယောက် ကြောင်တောင်တောင်ဖြစ်စပြုလာ၍ ကိုယ်စိတ်ဝင်စားသော အလုပ် ရှော့ပင်းသာကြည့်မိတော့သည်... အလယ်ထပ်တွင် ကျွန်မ သဘောကျသော စလင်းဘတ်အိတ်လေးတွေ့သဖြင့် ဈေးမေးနေစဉ်... အဲဒိ သူငယ်ချင်းက ဇွတ်အတင်း ပိုက်ဆံဝင်ရှင်းတော့သည်... ကျွန်မအတွေးထဲတွင် အရင်ဆုံးရောက်လာသည်က ဆိုင်ကကောင်မလေးတွေ တစ်မျိုးထင်မှာကိုပင်... မပေးပါနဲ့လို့ပြောလဲ မရ ဇွတ်အတင်းပေးတော့သည်... ဒိထက် ငြင်းလျှင် ပိုဆိုး၍ လူကြည့်မည်စိုးသဖြင့် “အေးပါ... နင့်ကို ငါမုန့်ပြန်ကျွေးပါ့မယ်/ စကာင်္ပူလာလည်ရင် လျှောက်လိုက်ပို့ပေးပါ့မယ်” စသည်ဖြင့် ကိုယ်နှင့်သူ သူငယ်ချင်းမှန်း သိသာမည့်စကားလုံးမျိုး ကိုယ်သည် သူ့ကို ချူစားနေသော သူမဟုတ်ဟု ထင်သာသော စကားများကို အရောင်းစာရေးမလေးတွေ ရှေ့ကြားအောင်ပြောရသည်... ဒီတော့မှ သူတို့ အကြည့်နည်းနည်းပြောင်းသွားသည်... သူကလဲ ကျွန်မဆီက ဘာအကူအညီတောင်းချင်၍ လက်ဆောင်ပေးသည်မသိ... သို့သော် ကျွန်မအတွက်တော့ အလွန်အနေခက်လှသည်... 

စိတ်ထဲတွင် လေးပင်လာပြီး မရောက်လာသေးသည် မောင်တစ်ဝမ်းကွဲကိုသာ ကြိမ်ဆဲနေမိသည်... ရှော့ပင်းလဲ လျှောက်မကြည့်ရဲတော့... တော်ကြာမှ ဟိန္ဒူသူဋ္ဌေးကို ချူစားနေတဲ့ ကာရာအိုကေမယ်ပုံပေါက်နေအုံးမည်... ပို၍ ပို၍ Awkward ဖြစ်လာသည်မှာ သေချာလှသည်... ကျွန်မတည်းသော ဟိုတယ်ကိုသာ ပြန်ချင်တော့သည်... ဆက်လဲ မစောင့်ချင်တော့...

 ဒီလိုနဲ့ ရှော့ပင်းစင်တာ အပြင်ဘက်ထွက်လာတော့ ကျွန်မကလဲ ရှော့ပင်းထုတ်ကြီးနဲ့ ဘေးကသူကလဲ ရပ်နေတော့ တိုက်စီတွေကလဲ ငှားမလား ငှားမလားပေါ့... Awkward ဖြစ်လာတော့ သူက “နင်ဘယ်သွားချင်သေးလဲ ဘယ်မရောက်သေးဘူးလဲ... လိုက်ပို့ပေးမယ်... ဟိုကောင်ကို အဲဒိလိုက်ခိုင်းလိုက်မယ်”တဲ့... အမှန်တော့ ကျွန်မလဲ သူနဲ့ ၂ယောက်တည်း ဆက်မသွားချင်တော့တာကြောင့် မြန်မြန်ပြတ်အာင် “မသိဘူး... ဘယ်မှ သွားစရာလဲ မရှိဘူး..." ဘူးခံညင်းတော့တာပါပဲ... 

သူကလဲ အထာမပေါက်တာလား... ယောကျာင်္းလေးမို့ ဘေးက အကြည့်တွေကို ဂရုမစိုက်တာလား... ဒါမှမဟုတ် သူလိုချင်တဲ့ အကူအညီကျွန်မကို မတောင်းရသေးလို့လား... ၃ယောက်လုံး တွေ့ပြီး စကားပြောရအောင် နောက်တစ်နေရာသွားဖို့ ပြောပါတယ်... 
သူက “ကန်တော်ကြီး နင်မရောက်သေးဘူးမှတ်လား... ကန်တော်ကြီးသွားရအောင်” ဆိုပြီး... 

ကားသမားတွေကို “ကန်တော်ကြီး ဘယ်လောက်လဲ” လို့မေးလိုက်ပါတယ်... 

အဲဒိ ကားသမားတွေရဲ့ ကွမ်းတမြုံမြုံနဲ့ ပြုံးစိစိ အကြည့်က သူတို့ ဘာကို စဉ်းစားနေလဲဆိုတာ ကျွန်မပဲ အဓိပ္ပါယ်ကောက်လွဲနေသလားမသိပါ... သို့သော် ခံရခက်လှပါတယ်.. စိတ်ထဲလဲ အရမ်းမွမ်းကြပ်ရတဲ့အထဲ... ကားသမားအမြင်မှာတော့ သူနဲ့ ၂ယောက်တည်း ကန်တော်ကြီးပန်းခြံ သွားတယ်ပဲထင်မှာပါ...

 အဲလိုထင်ခံရမှာစိုးလို့ ကျွန်မလဲ ကမန်းကတန်းပဲ သူနဲ့ လမ်းခွဲချင်တာနဲ့ ကိုယ်ပြန်ချင်တာကို ပြတ်ပြတ်သားသား အမြန်ထုတ်ပြောလိုက်ပါတော့တယ်... 

 “ဟင့်အင်း မသွားဘူး... ဟိုတယ်ပဲ သွားတော့မယ်” လို့ပါပဲ... ပြောပြီးမှ သေစမ်းဟယ်... အဲဒိနေရာမှာတင် ဟယ်ရီပေါ်တာရဲ့ ၀တ်ရုံကြီးနဲ့ ကိုယ်ဖျောက်ပြစ်လိုက်ချင်တော့တာပါပဲ... ကိုယ်ဆိုလိုတာ ကိုယ်သိတယ်.. ကိုယ့်သူငယ်ချင်းသိတယ်... သို့သော် ကွမ်းတမြုံမြုံဝါးနေသော ကားသမားများ မသိပါ... 

ကျွန်မလဲ အဲဒိအချိန်က အယောင်ယောင်အမှားမှား ဘာတွေပြန်ဖြေရှင်းလိုက်မှန်းလဲ မသိပါ.... သိတာတော့ အိညောင်အိညောင်ဆို အတွဲထင်ခံရမှာစိုးလို့...သူများတွေကြားအောင် အော်ကြီးဟစ်ကျယ် (ရှက်လေ အသံကျယ်လေ ထုံးစံ) နဲ့တော့ ဖြေရှင်းလိုက်ပါတယ်... “ငါတည်းတာ လိုင်လိုင်းမှာလေ... အဲဒါကြောင့်” ဆိုပြီး သိပြီးသား သူငယ်ချင်းကိုပြောသလိုလိုနဲ့ ဘေးက လူတွေကြားအောင် ဖြေရှင်းလိုက်ပါတယ်... 

ကျွန်မအဲလိုဖြစ်တော့မှပဲ ထိုကောင်လဲ သဘောပေါက်သလားတော့ မသိ... ဘာမှ မပြောတော့ပဲ ကျွန်မ မောင်ဝမ်းကွဲကိုသာ ဆက်စောင့်နေတော့သည်... ပြောလေဆိုးလေဖြစ်တော့မှာမို့... “တော်ပြီ ထင်ချင်သလိုသာ ထင်ကြတော့” ဆိုပြီး စိတ်ပျက်လက်ပျက်ဖြစ်တော့မှ မောင်မင်းကြီးသား ကျွန်မ မောင်ဝမ်းကွဲ ရောက်ချလာတော့သည်... သို့သော် သိပ်တော့ မထူးခြားသည်က ကျွန်မက တရုတ်ပုံ ကျွန်မမောင်ဝမ်းကွဲကလဲ ဟိုဘက်အမျိုးနှင့်တူ၍ ကုလားဆင်သည်... အမျိုးဟု ကြိမ်ပြောရမည်.... 

ကျွန်မဘ၀ရဲ့ ခုချိန်ထိကြုံရသမျှထဲမှာ အဆိုးရွားဆုံး အရှက်ကွဲမှုတစ်ခုအကြောင်းက ဒီမျှသာ.. ခုအခါမှာတော့ ဒီအဖြစ်အပျက်ကို ပြောတိုင်း ရီလဲ ရီရသည်... အထင်လွဲခံရမည်စိုး၍ ပြောလိုက်ကာမှ ပိုအထင်လွဲစရာဖြစ်သွားသော Awkward Moment တစ်ခုလည်း ဖြစ်ပေတော့သည်... စာဖတ်သူတွေမှာရော Awkward Moment လေးတွေရှိသလား... ပြောပြသွားကြပါအုံး...

7 comments :

မြတ်ကြည် said...

ရှိပါ့။ အဖိုးနဲ့ အဖွား anniversary မှာ အင်းယားလိတ် ခန်းမထဲဆင်းတဲ့ လှေကားမှာ ချောကျတာ။ ခန်းမထဲကို ဖင်ထိုင်ရက် ရောက်သွားတယ်။ လူတွေ အကုန် လှမ်းကြည့်ကြရော။

Vista said...

ဖြစ်ရလေဟယ် .. ဟိုတယ်ပဲသွားမယ်တဲ့ ဟိဟိ ..

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဖတ်ရင်းနဲ့ လိုက်ပြီးစိတ်ကျဉ်းကြပ် ရင်မောမိတယ်း) မောင်ဘကြိုင်လွဲတတ်ပါ့

း)

ဝိ၀ိ said...

ရှိပ...4တန်းတုန်းက..အဖေ့ကုမ္ပဏီ နှစ်သစ်ကူး
ညစားစာပွဲမှာ..သီချင်းတက်ဆိုတာ..တစ်ဝက်မှာ..
တန်းလန်းကြီး..အခွေကထစ်သွားတော့...လူတွေအများ
ကြီးရှက်လာပြီး..ကိုယ့်မျက်နှာကို ကိုယ် လက်နဲ့ ဖုံး
ထားခြင်တော့တာဘဲ.........

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

Anonymous said...

ရှိတော့ရှိတယ်..
ပြောရမှာရှက်စရာကြီး :P

Nandar said...

ရှိတယ်အဲ့လိုမျိုးတွေ အများကြီးပဲ ကိုယ်တစ်ဖတ်သတ်တဲ့ ရင်ခုန်နေတ့ အကိုကြီးနဲ့သူငယ်ချင်းတွေရော ကြေးအိုးသွားသောက်ဖို့ လိုင်းကားပေါ်ကအဆင်းမှာ ဖင်ထိုင်ရက်လဲကျလို့ ရှက်စရာကြီး ဟီးဟီး။