Monday, March 05, 2012

ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် အပိုင်း ၆


အတတ်နိုင်ဆုံး ကြိုးစားပြီးရေးနေ တင်နေပါတယ်... စာမေးပွဲတွေ Assignment တွေမရှိရင်တော့ ပိုရေးဖြစ်မယ်ထင်ပါတယ်... အပိုင်း ၁ ကနေ ၅ ကို ဒီနေရာမှာ ကလစ်လုပ်ပြီးဖတ်ပါ...



“ကလင် ကလင်”

“ဟလို… အန်တီဝေလား? ဖြူပါ… နွေနှင်း ကိုပြောစရာရှိလို့.. သမီးနဲ့ သမီးအဒေါ် အထက်မြန်မာပြည်ခရီးသွားဖို့ စီစဉ်ထားတာ ခုအဒေါ်က မလိုက်ဖြစ်တော့ဘူးတဲ့… အဲဒါ နွေနှင်းလဲ စိတ်ပြေလက်ပျောက် ဖြစ်သွားအောင်… သူ့ကို ခေါ်သွားဖို့ ခွင့်တောင်းချင်လို့ အန်တီ…”

နွေနှင်းကို တိုက်ရိုက်ပြောလျှင် အကြောင်းအမျိုးမျိုးပြကာ ငြင်းမှာစိုး၍ သူ့အမေကို အရင်ခွင့်တောင်းခြင်းဖြစ်သည်…

ဖြူနှင့်ဆိုလျှင် နွေနှင်းတို့ အိမ်က စိတ်ချသည်..
“အေးကွယ်… အန်တီတို့က ဖြူနဲ့ဆို စိတ်ချပါတယ်… သမီးကိုလဲ စိတ်ပျော်သွားအောင် သွားစေချင်တယ်… သူလဲ အလုပ်ထွက်ထားတော့ အားနေတာပဲ… ခဏနော် ခေါ်လိုက်မယ်… သမီးရေ”

နိုင်ငံခြားက ခေတ္တပြန်လာသည့် ဖြူ့အဒေါ်နှင့် သူမ အထက်မြန်မာပြည်ခရီးစီစဉ်ထားတာကို နွေနှင်းသိပြီးသားဖြစ်သည်… နွေနှင်းကို သီရိဖြူက မရမကခေါ်သလို သူမမေမေရဲ့ တိုက်တွန်းမှုကြောင့် အဆုံးတွင်…

“အင်း… ဒါဆို ဘယ်တော့လဲ”

“ဒီနေ့ နေ့လည် ၃နာရီလောက် ကားဂိတ်သွားဖို့ ငါလာခေါ်မယ် အဆင်သင့်စောင့်နေနော်…”

“ဟောတော့… ဗြုံးစားကြီး…”

~~~~~~~~~~~ ။ ~~~~~~~~~~~~~


ကားဟွန်းသံကြားလို့ ထွက်ကြည့်လိုက်တော့ ဖြူရောက်နေပြီ…

နွေနှင်းလဲ မေမေကို ကန်တော့ကာ…

“သမီး သွားတော့မယ်နော်… ဖေဖေ့ကိုလဲ ကန်တော့သွားပါတယ်လို့…”

“အေး အေး…. အစစ အရာရာ ခလုတ်မထိ ဆူးမငြိပဲ… သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ်…”

မေမေ့ဆုပေး အပြီး အသင့်ပြင်ထားသော အထုတ်ဆွဲကာ ဖြူတို့ အိမ်က ကားပေါ်တက်ကာ ကားမောင်းထွက်သွားတော့သည်…

နောက်ကို လှည့်ကြည့်လိုက်တော့ မေမေကတော့ လက်ပြလျက်…

~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~


“မောင်ရင်ရယ်… ကြီးတော်တို့က အသက်ကြီးတဲ့သူတွေမို့ အလယ်ခုံ မထိုင်နိုင်လို့ပါ… ပိုက်ဆံပိုပေးဆိုလဲ ပေးပါ့မယ်…”

“ခက်တာပဲဗျာ… မရဘူးဗျ… နောက်ဆုံးအချိန်မှ ကပ်ဝယ်ရင်တော့ ဒီခုံပဲကျန်တော့တယ်…”

“၀ယ်တုန်းကတော့ အလယ်ခုံလို့ မပြောပဲနဲ့ကွယ်”

အသံကြားရာဘက်ကို နွေနှင်းကြည့်လိုက်တော့ ချည်သားပုဝါကို ခေါင်းပေါ်ပေါင်းထားပြီး ရှန်သား အင်္ကျီအဖြူ ရောဂီထမိန်ဝတ်ထားပြီး မြန်မာလွယ်အိတ်ကို ထိတ်တွင်လုံးချည်ကာလွယ်ထားသော အသက် ၅၀ ကျော်ခန့် အဒေါ်ကြီးတစ်ယောက်နဲ့ ကားသမား ပြောနေကြခြင်းဖြစ်သည်…

အဒေါ်ကြီးတွေ အဖွဲ့လိုက် ဘုရားဖူးထွက်ကြခြင်းဖြစ်မည်ထင်သည်… တစ်အုပ်စုလုံးတွင် ထို အဒေါ်ကြီးတစ်ယောက်တည်းသာ အလယ်ခုံထိုင်ရခြင်းဖြစ်သည်… ခရီးရှည်အတွက် အလယ်ခုံသည် လူကြီးအတွက်မဆိုထားနှင့် နွေနှင်းတို့လို လူငယ်တွေအတွက်ပင် မသက်မသာရှိလှသည်…

အဒေါ်ကြီးကိုလဲ သနားမိသည်… ထို အဒေါ်ကြီးထိုင်မည့် အလယ်ခုံသည် နွေနှင်းတို့ ခုံဘေးတွင်ပင်ဖြစ်သည်… ပြောမရသည့်အဆုံး အဒေါ်ကြီးသာ အလျော့ပေးပြီး အလယ်ခုံတွင် ထိုင်လိုက်သည်…

နွေနှင်းကြည့်လိုက်တော့ ခုံကသေးသေး နောက်မှီက အပြည့်မရှိသည့်အပြင် နောက်ကလူများထွက်ချင်လျှင်လဲ ဖယ်ပေးရမည်ဖြစ်၍ နွေနှင်း ပင်ကိုယ်စိတ်အတိုင်း မကြည့်ရက်သဖြင့် အဒေါ်ကြီးကို ပြောလိုက်မိသည်…

“အဒေါ်.. ဒီမှာထိုင်လိုက်ပါ… သမီးအလယ်ခုံမှာထိုင်လိုက်ပါ့မယ်…”

အဒေါ်ကြီးလဲ အားနာနာဖြင့် “ရပါတယ်သမီးရယ်… ဒီမှာ ထိုင်လို့ရပါတယ်”

“ရပါတယ် အဒေါ်ရယ် သမီးတို့က လူငယ်ဆိုတော့ ထိုင်ရတာ ဘာမှ မဖြစ်ပါဘူး… သမီးလဲ ကုသိုလ်ရတာပေါ့… ထိုင်ပါ အားမနာပါနဲ့”

“အင်း ဒါဆိုလဲ အလှည့်ကျ ထိုင်ကြတာပေါ့ကွယ်…”

အလယ်ခုံတွင်ထိုင်ရသည်မှာ မသက်သာလှသော်လည်း ကိုယ့်ထက်လိုအပ်သောသူကို အကူအညီပေးလိုက်ရ၍ နွေနှင်း ကြည်နူးမိသည်…

ဒီကိစ္စ အကြောင်းပြုကာ လူကြီးသူမများနှင့် စကားစမြည်ပြောကာ ခင်မင်ခွင့်ရသဖြင့် မိန်းကလေး ၂ယောက်တည်းထွက်သော ခရီးစဉ်အတွက် လုံခြုံသည်ဟုခံစားရသည်… အသက်ကြီးသူများပင်ဖြစ်လင့်ကစား ပျော်ပျော်နေတတ်ကာ နားလည်မှုရှိသဖြင့် နွေနှင်းတို့လဲ ပျော်ရသည်… မိတ်သစ် ပတ်ဝန်းကျင်သစ် တွေဖြင့် ကျွမ်းဝင်ရသဖြင့် စိတ်ညစ်စရာများကို မေ့ပျောက်ဖြေသာဖို့ အခွင့်ရခဲ့သည်… ခရီးထွက်ခြင်းသည် စိတ်ပြေပျောက်စေမှုကို အတော်လေး အထောက်အပံ့ပေးသည်ကို နွေနှင်းလက်ခံလိုက်သည့်အပြင် ဒီခရီးစဉ်ကို ခေါ်လာပေးသော ဖြူ့ကိုလဲ ကျေးဇူးတင်မိသည်…

လမ်းတွင် စကားစမြည်ပြောရင်း ယခုခရီးစဉ်က တရားစခန်းမှ ရွယ်တူသူငယ်ချင်းများ စီစဉ်ထားသော ခရီးစဉ်ကို နောက်ဆုံးအချိန်မှ လိုက်ဖြစ်ခဲ့ကြောင်း... ထို အဒေါ်ကြီးတွင် အလုပ်လုပ်နေသော လူလွတ် သားတစ်ယောက်ရှိကြောင်း… ထိုသားက အမေကို မည်မျှချစ် မည်မျှဂရုစိုက် တတ်ကြောင်း… အများအားဖြင့်တော့ သူမ၏ သားအကြောင်းများကိုသာ ငယ်ဘ၀မှစ၍ မမောနိုင်မပန်းနိုင် အမွှန်းတင်ပြောတတ်သည်… မျက်လုံးအရောင်များတောက်ကာ သားအကြောင်းကို ပြောတတ်သာ အဒေါ်ကြီးကို ကြည့်ကာ အမေ့မေတ္တာကို ခံစားလို့ရသည်…

သို့သော် ခုလို အမေတစ်ယောက်လုံးခရီးသွားမှာကို ထိုသားက အဖော်မလိုက်ပေးနိုင်လောက်အောင်ပင် ဘယ်လောက်များ အလုပ်ရှုပ်နေပါသနည်း… ဒီအချက်ကတော့ နွေနှင်း စဉ်းစားမရဖြစ်သလို ထိုသားဆိုသူကိုလဲ အပြစ်တင်ချင်မိသည်…

တဖက်က ပြန်စဉ်းစားပေးပြန်လျှင်လည်း ၂ယောက်လုံးစာ မတတ်နိုင်လို့ အမေတစ်ယောက်တည်းကိုပဲ ကျိုးကျိုးကုတ်ကုတ် ရှာထားတဲ့ ပိုက်ဆံနဲ့ လွှတ်လိုက်တယ်ထင်ပါ့… ထိုအဒေါ်ကြီးတို့လို ချို့တဲ့သူတွေအတွက် တရားစခန်းက စီစဉ်တဲ့ ခရီးစဉ်ကို လိုက်ဖို့ စားရိတ်တောင် သားဖြစ်သူက အနိုင်နိုင်ရှာပေးရရှာမှာပါလေ… ယခုလိုဆိုတော့ နွေနှင်း ဂရုဏာသက်မိပြန်သည်…

“အို… လူတစ်ယောက်ကို မသိပဲနဲ့ ငါမဆုံးဖြတ်တာကောင်းပါတယ်လေ… သူ့အကြောင်းနဲ့ သူရှိကြမှာပေါ့…”

သို့သော် ထိုအဒေါ်ကြီးစကားထဲတွင် ပါပါလာတတ်သော သူမ၏သား မင်းထက်ပိုင် ဆိုသည့်နာမည်နှင့်တော့ နွေနှင်း အတော်ရင်းနှီးခဲ့သည်…


အပိုင်း ၇ ကို ဖတ်ရန် ဒီနေရာကို နှိပ်ပါ...

5 comments :

Anonymous said...

ဒေါ်ထိပ်ထားခင်နဲ့ဒီအဒေါ်ကြီးကြားမှာ
တစ်ခုခုတော့ရှိနေပြီ :)
မင်းထက်ပိုင်က.နာမည်တူနေတာများလားးးးး
စိတ်ဝင်စားတယ်အစ်မး)
မအားတဲ့ကြားက တစ်ကူးတစ်က
ရေးပေးတဲ့အတွက်..ကျေးကျေးပါနော်အစ်မ..

Anonymous said...

ဇာတ်လမ်းကကောင်းလာပြီမင်းထက်ပိုင်နဲ့ဘယ်လိုတွေ့မှာလဲမြန်မြန်ရေးပါဗျို့ :D

KK said...

မဗေဒါရေးတာတွေ ကိုဖတ်လေ့ရှိပါတယ်commentသာမရေးတာဒီဇာတ်လမ်းကိုတော့ဖတ်ချင်လွန်းလို့ဆက်ရေးပါwaitနေမယ်နော်

ဆွေလေးမွန် said...

ဒီတစ်ပိုဒ်မှာ ကြတော့ စာဖတ်ရတာနည်းလိုက်တာ..
ဘာမှန်းတောင် သိသေးဘူး တစ်ပိုင်းပြီးသွားပြီ.

mabaydar said...

ဟုတ်အစ်မ... ပြောရမယ်ဆိုရင်တော့ စာရေးသူ ခိုနေတာပါ... အဟိ...
တင်ကလဲ တင်ချင်တော့ ရသလောက်အရင်တင်လိုက်တာပါ.... ခွေးလွှတ်နော်...