Sunday, October 23, 2011

တို့ဖေဖေ

တို့ဖေဖေ
စားဝတ်နေရေး ငွေရှာပေး
ကျေးဇူးကြီးပေ တို့ဖေဖေ။

ကိစ္စများဖြင့် ပေါ်ပေါက်လျှင်
စီရင်တက်ပေ တို့ဖေဖေ။

အိမ်ထောင်အရေး စီမံပေး
လေးစားလောက်ပေ တို့ဖေဖေ။

စဉ်းစားမြော်မြင် ဥာဏ်နှင့်ယှဉ်
ပဲ့ပြင်တတ်ပေ တို့ဖေဖေ။

နိုင်ငံအကျိုး တို့အကျိုး
သယ်ပိုးနိုင်ပေ တို့ဖေဖေ။

"ဟာ... နေ့တိုင်း ထမင်းဗူးယူလာတယ်... ချွေတာလှချည်းလား..." အိမ်မှ အလုပ်ကို ထမင်းဗူးယူလေ့ရှိသော ကျွန်မကို အသိမြန်မာတစ်ယောက်ကကောက်ချက်ချ နှုတ်ဆက်လိုက်ခြင်းဖြစ်သည်... ထိုသူကို ကျွန်မ အပြုံးတစ်ပွင့်သာပေးလိုက်သည်... ဘာမှဖြေရှင်းပြမနေချင်တော့ပါ... တချို့အရာများသည် ဖြေရှင်းပြနေစရာပင်မလိုတော့ပေ... လူတစ်ဦး၏ခံယူချက်ပေါ်တွင်သာ မူတည်ပေသည်...

အမှန်တော့ ထိုသူမမြင်လိုက်သည်မှာ ထမင်းဗူးထဲတွင် သေသပ်စွာထည့်ပေးထားသော ကျွန်မဖေဖေ၏ စေတနာနှင့် ထိုထမင်းဗူးကို စားသုံးခြင်းဖြင့် ကျွန်မရရှိသော စိတ်ဓာတ်ခွန်အား ပီတိ လုံခြုံမှုတို့ကို ထိုသူ မခံစားဖူးသောကြောင့် ထိုသို့ကောက်ချက်ချခြင်း သာဖြစ်ကြောင်း ကျွန်မယူဆလို့ရသည်... ကျွန်မသည် အိမ်ထမင်း အိမ်ဟင်းကို ခုံမင်သူဖြစ်သည်... အပြင်စာကို ၁ပတ်လောက် ဆက်တိုက်စားနေရလျှင်ပင် နောက်နေ့ အဲဒိ food court တို့ hawker center တို့ကို အကြိမ်ကြိမ်ပတ်သော်လည်း စားချင်တာ ရှာမတွေ့တတ်သော သူဖြစ်သည်... အလွန်တရာမှ အစားဂျီးများသော ကျွန်မအတွက် အိမ်မှ ကျွန်မအကြိုက် မေမေစီစဉ်ကာ ဖေဖေ ချက်ပြုတ်ပေးတတ်သောအိမ်ထမင်း အိမ်ဟင်းက အသင့်တော်ဆုံးဖြစ်သည်...

ထိုထမင်းဗူးကိုစားတိုင်း ကျွန်မဖေဖေ၏ ကျွန်မတို့ အပေါ်ထားသော မေတ္တာနှင့် စေတနာကို ခံစားလို့ရသည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ မိသားစုဘ၀လေး မပြိုကွဲမပျက်စီးပဲ သိုက်သိုက်ဝန်းဝန်းရှိအောင် စောင့်ရှောက်ဖန်တီးပေးခဲ့သော ဖေဖေ့ကို လေးစားသည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ သားသမီးတွေနှင့် ခင်ခင်မင်မင် ပျော်ပျော်ပါးပါးနေတတ်ကာ ပျော်ရွှင်တဲ့ မိသားစုလေးကို ထူထောင်ပေးခဲ့သော ဖေဖေ့ကို ကျေးဇူးတင်သည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ငယ်စဉ်အခါမှ စ၍ ယခုအချိန်အထိ ဖခင်တစ်ယောက်ရဲ့တာဝန်ကို ရရာနေရာကနေ အတတ်နိုင်ဆုံး ကျေပွန်အောင် လုပ်ပေးနေတဲ့ ဖေဖေ့ကို အားကိုးသည်...
ထိုထမင်းဗူးသည် ကမ္ဘာပေါ်တွင် မည်သူ့အတွက်မှ ပိုက်ဆံမည်မျှနှင့်မှ အဖိုးဖြတ်လို့မရပဲ ကျွန်မအတွက်သီးသန့်ဖြင့်သာ စီမံထားသော အထူးစပ္ပါယ်ရှယ် ထမင်းဗူးဖြစ်သည်...
အထူးသဖြင့် ထိုထမင်းဗူးကို စားတိုင်း ကျွန်မ၏ မိဘနှစ်ပါးလုံး ကျန်းကျန်းမာမာဖြင့် သက်ရှိထင်ရှား မိသားစု တသိုက်တ၀န်းထဲရှိနေတဲ့ အဖြစ်ကို သိရတိုင်း ကျွန်မစိတ်အေးရသည်...
ယခုအချိန်အထိ ကျွန်မဘာသာ မည်မျှပင် ရပ်တည်ရှာဖွေနိုင်ပါစေ ကျွန်မ မိဘများမရှိတော့လျှင်ဆိုသည့်အတွေးသည် ကျွန်မကို တစ်ထိုင်တည်း မျက်ရည်ကျ ချောက်ချားကာ အားအငယ်ဆုံးခံစားချက်ကို ပေးနိုင်စွမ်းရှိသည်... ကျွန်မ အကြောက်ဆုံးဖြစ်သည်...

ကျွန်မစာဖတ်ပျင်းသော်လည်း ယခုကဲ့သို့ စာတွေ အနည်းနဲ့ အများရေးနိုင်နေခြင်းသည် ကျွန်မ ဖေဖေ ဖတ်သောစာများကို ပြန်လည် ဝေငှပြောပြတတ်သောကြောင့်ဖြစ်သည်...
သူငယ်ချင်းများအလည်တွင် အရင်ခေတ်က သမိုင်းကြောင်းများ အထ္တုပတ္တိများနှင့် ပတ်သတ်၍ အသိရှိကာပြောနိုင်နေခြင်းမှာလဲ ဖေဖေစာဖတ်ကာ ပြန်ပြောပြလေ့ရှိသောကြောင့်ဖြစ်သည်...
မြန်မာပြည်အတွင်း နေရာဒေသတော်တော်များများနှင့် ပတ်သတ်၍ ခရီးသွားနှင့်ပတ်သတ်၍ ကျွန်မတွင် ဝေငှစရာများရှိနေခြင်းမှာလဲ ငယ်ငယ်ကတည်းက နေရာတော်တော်များများကို ဖေဖေနှင့်မေမေတို့ လိုက်ပို့ပေးခဲ့ကြ၍ဖြစ်သည်...
ကျွန်မ ရှေးသီချင်းတွေ (တွံတေးသိန်းတန်၊ ပြည်လှဖေ၊ မေရှင်၊ မမြရင်၊ သုမောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ၊ စသည်ဖြင့်)သီချင်းတွေကို ထန်ကတိုင်းကျကျ သီဆိုတတ်ခြင်းသည်လည်း ကျွန်မဖေဖေ၏ အလွန်အကျူး သီချင်းကြိုက်တတ်ကာ တနေကုန်ဖွင့်ထားသော (တနည်းအားဖြင့်) ကျွန်မတို့အား နားဒုက္ခပေးတတ်သော သီချင်းများကို ကြိမ်ဖန်များစွာကြားနေရခြင်းကြောင့်ဖြစ်သည်...

ကျွန်မရံဖန်ရံခါ ဖေဖေနှင့် သဘောထားကွဲလွဲသော အချိန်များရှိသော်လည်း ကျွန်မဘ၀ရဲ့ အဓိက အရေးကြီးဆုံး နေ့စဉ်လည်ပတ်မှုများတွင် ကျွန်မ ဖေဖေနှင့် မေမေက မရှိမဖြစ်သာဖြစ်သည်... သူတို့ မြန်မာပြည် ခေတ္တပြန်သွားလျှင်ပင် အိမ်ပြန်လာတိုင်း ကြိုသူမရှိသောကြောင့် ကိုယ့်ဘာသာကိုယ် တံခါးဖွင့်ဝင်ရကာ တိတ်ဆိတ် မှောင်မဲနေသော အိမ်ထဲကို ၀င်ရတာပင် ကျွန်မအတွက် လစ်ဟာချက်တစ်ခုပင်... နေ့တိုင်း နားဒုက္ခမခံနိုင်၍ ငြူစူဖြစ်သော ဖေဖေ့၏ သီချင်းကြီး သီချင်းခံ အသံများမကြားတော့လဲ အိမ်ကြီးက ခြောက်သွေ့လွန်းလှသည်... နေ့တိုင်း မြန်မာပြည်နှင့်ပတ်သတ်သော သတင်းများကို ဖွင့်မည့်သူမရှိတော့ ကျွန်မတို့ မြန်မာပြည်တွင် ဖြစ်ပျက်နေသည့် သတင်းများ အဆက်ပျက်ရသည်...

ဒီနေ့ဟာ ကျွန်မချစ်လှစွာသော ဖေဖေရဲ့ မွေးနေ့ဖြစ်တယ်... ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားသိပ်မရှိတဲ့ ကျွန်မ ဖေဖေအတွက် ကျန်းမာရေးကို အနည်းနဲ့ အများလိုက်စားဖြစ်အောင် သူ့အတွက် Wii game စက်လေး မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးလိုက်တယ်... စက်ပစ္စည်းအသစ်အဆန်းပဲဖြစ်ဖြစ် ဂိမ်းပဲဖြစ်ဖြစ် ၀ါသနာပါတတ်တဲ့ ဖေဖေ့အတွက် ကျန်းမာရေးအရလဲ လှုပ်ရှားဖြစ်အောင်တစ်ကြောင်း စင်္ကာပူရောက်ကာ ပျင်းနေသော ဖေဖေအတွက် အပျင်းပြေစရာ အသစ်တစ်ခုရသွားစေရန် ကျွန်မ စီစဉ်ဝယ်ပေးခဲ့တာဖြစ်တယ်... နောက်တစ်ချက်ကတော့ အလုပ်က ပြန်လာတာနဲ့ အခန်းထဲဝင် ရတဲ့အချိန်ကို ကွန်ပြူတာရှေ့ထိုင်တတ်တဲ့ ကျွန်မတို့တွေလဲ ဖေဖေနဲ့ အနည်းနဲ့ အများအချိန်တူတူသုံးကာ မိသားစုကြိုးပိုမိုခိုင်မြဲစေရန်ဖြစ်သည်... ဒါပေမဲ့ ခုဝယ်လာတဲ့ ဂိမ်းခွေက Mario sport Mix ထဲမှာ ကျွန်မထင်သလောက် ကိုယ်လက်လှုပ်ရှားစရာသိပ်မလိုဘူးဖြစ်နေတယ်... လက်ထဲက wii remote လေး နည်းနည်းလှုပ်ရုံနဲ့တင်လုံလောက်နေတယ်... အဲဒါ ဘာဂိမ်းက ကောင်းလဲ သိရင် အကြံပေးသွားကြပါအုံး...

ဂိမ်းတွေကို အရမ်း စိတ်မ၀င်စားခဲ့တဲ့ ကျွန်မ ဒီနေ့ဝယ်လာပြီးမှ ဟိုကြည့်ဒီကြည့်တော့ Wii က Function

အတော်လေးစုံသဗျို့.... လတ်တလော Wii Channels ပါပြီးသားတွေက Wii နဲ့ Nintendo GameCube games တွေ ကစားလို့ရတယ်... Mii channel ဆိုတာမှာ ကိုယ်ကြိုက်တဲ့ အကောင်ကို Customize လုပ်လို့ရတယ်... Photo Channel ဆိုတာမှာ SD card က ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို တီဗွီမှာ တခါတည်းကြည့်လို့ရတယ်... အင်တာနက်နဲ့ ဆက်လိုက်ရင် Wii Shop Channel မှာ channel အသစ်တွေနဲ့ တခြားဟာတွေ Download လုပ်လုပ် ရှော့ပင်းပဲလုပ်လုပ်ရတယ်... Forecast Channel မှာ ကမ္ဘာအနှံ့က ရာသီဥတု အခြေအနေတွေကို ကြည့်လို့ရတယ်... News channel မှာ ကမ္ဘာအနှံ့က သတင်းတွေကြည့်လို့ရတယ်... function တွေကတော့ အများကြီးပဲ ဒါပေမဲ့ အကုန်တော့လုပ်မကြည့်ရသေးဘူး... သိပ်မလုပ်တတ်သေးတာလဲပါတယ်... သိတဲ့သူများ အကြံပေးသွားကြပါအုံး...

ဒါနဲ့ လိုရင်းကိုပြန်သွားရရင်... ဒီနှစ် ဖေဖေ့မွေးနေ့အတွက် သမီးစိတ်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်တာကတော့ ဖေဖေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ချစ်မေမေရယ် သမီးတွေရယ်နဲ့အတူ နှစ်ပေါင်းများစွာနေထိုင်နိုင်ပါစေလို့...

10 comments :

Green said...

ဖတ်သွားတယ်အမ

ကျနော်က အဖေဆိုတာ ငယ်ငယ်တည်းက သိဝူး

ဘာပဲဖြစ်ဖြစ် အမရဲ့ချစ်ခြင်းမေတ္တာလေးကို ခံစားသွားပါတယ်

ဂိမ်းကတော့ ကျနော် ဆော့လေ့မရှိတော့သိဘူးနော်

:P said...

Happy Birthday Ma Baydar's daddy...

Anonymous said...

ဒီမိသားစုလေးချစ်ချစ်ခင်ခင်
စည်းစည်းလုံးလုံးနဲ့
အသက်ထက်ဆုံး
ပျော်ရွှင်ချမ်းမြေ့စွာ
နေ့ရက်ပေါင်းများစွာကို
ဖြတ်သန်းသွားနိုင်ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ

Anonymous said...

Happy Birthday, Ma Baydar's Phay Phay!

with love,
nm

Candy said...

Happy Birthday to your Dad sis... :D

Anonymous said...

တိုက်ဆိုင်တာလို့ပဲ ထင်ပါတယ်...
အလုပ်မှာ တွေ့ဖူးတဲ့ မြန်မာတော်တော်များများက စကားပြောရင် စည်း သိပ် မစောင့်ကြဘူး...
Casual comment တွေ သိပ်များတယ်...
ဝါးလုံးရှည်နဲ့ သိမ်း ရိုက် သလို ဖြစ်နေရင် ခွင့်လွှတ်...

မယ့်ကိုး said...

မင်္ဂလာမွေးနေ့မြတ်ပါ ဦးလေး...
ချစ်သောမိသားစုနဲ့ ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့ပါစေ...း)

ခိုင် said...

ညီမလေး စာတွေ အရင်က မဖတ်ဘူးဘူး.... ခုတလော ဖတ်မိတော့ ပို့စ်လေးတွေ အားလုံးကြိုက်လို့ ဖတ်နေတာ ညကတောင် ၃နာရီ ထိုးသွားတယ်.....

mabaydar said...

အောင်မင်းဦး၊ :P ၊ မိစံ ၊ nm ၊ Candy ခုလို ဆုတောင်းပေးပြီး မန့်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်...

Anonymous ဟုတ်တယ်... စကားတစ်ခွန်း ကောက်ချက်ချတယ်ဆိုတာကို စည်းကမ်းရှိသင့်တယ်... ကိုယ့် အမြင်နဲ့ပဲကြည့်လို့မရဘူး... ဘာပဲပြောပြောပေါ့ လူတွေက ကိုယ့်အထင်နဲ့ကိုယ်နေနေတာပဲ... ကိုယ်လဲ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပေါ့... သူဒီလို လွယ်လွယ်ပြောလိုက်တဲ့စကားကြောင့် သူ့အကျိုးပဲဆုတ်ယုတ်သွားတာပဲလေ... ကျွန်မပြိုင်ရန်ဖြစ်နေစရာမလိုပါဘူး....

မမယ်ကိုး ရေ... ဆုတောင်းအတွက်ကျေးဇူးတင်ပါတယ်... ဖေဖေကလဲ အစ်မ ဆုတောင်းအတွက် ၀မ်းသာပါတယ်... အားရင်လဲ အိမ်လာလည်ပါအုံးတဲ့...

မခိုင်ရေ... အစ်မပြောမှပဲ အားရှိသွားပြီ... ညီမက ကိုယ့်စာကိုယ်အားမရဖြစ်နေလို့ မရေးတာတောင် အတော်ကြာပါပြီ... အစ်မက ဘယ်လိုပိုစ့်တွေကို ကြိုက်တာလဲ... ညီမက မင်းသမီး မင်းသား ရုပ်ရှင်အကြောင်းတွေလဲရေးတော့ မကြိုက်တဲ့ သူတွေအတွက် အားနာတယ်...

ခိုင် said...

အမှန်ကတော့ မင်းသား အကြောင်းလေးတွေ ရေးတာကို ရှာဖတ်ရာက ရောက်လာတာ ဒါပေမယ့် ဖတ်ရင်းနဲ့ ပို့စ်အားလုံးနီးပါး တညလုံးဖတ်မိသွားတာကတော့ ညီမလေးရဲ့ ရေးသားချက်လေးတွေမှာ ပေါ်နေတဲ့ ခံယူချက်လေးတွေက ဖတ်ကောင်းပြီးနှစ်သက်လို့ပါ