Wednesday, April 21, 2010

ကိုရိးယား ကားကြိုက်တာ ကိုရီးယားကို အထင်ကြီးတာလား?

မဗေဒါတစ်ယောက် ပျောက်ချင်းမလှ ပျောက်ချက်သားကောင်းနေတာလဲ အတော်ကြာပြီဆိုတာ ကိုယ့်ကိုကိုယ်သိပါတယ်... အဲဒိအတွက် တစ်ချို့ကလဲ စိတ်ဆိုးတယ်... တစ်ချို့ကလဲ အားမရဘူး... အမျိုးမျိုးပေါ့နော်... မဗေဒါလဲ တချို့တချို့သော အကြောင်းလေးတွေကြောင့် စာမရေးဖြစ်တာပါ... တချို့တချို့သော ကိစ္စများကြောင့်... တချို့တချို့သော အလုပ်များကြောင့်... တချို့တချို့သော စိတ်ဖိစီးမှုများကြောင့်... တချို့တချို့သော သူများကြောင့်... (ကဲပါလေ... ထားလိုက်ပါတော့ ဒါတွေအားလုံးကလဲ ဆင်ခြေဆင်လက် ဆင်နားရွက်တွေပေးနေတာပါပဲ... ဟဲ... ဟဲ...)

အမှန်တော့ ကိုယ်စထားတဲ့ ၀တ္တုကိုကိုယ်ဆက်ဖို့ inspiration ယူနေရင်းနဲ့ ကိုရီးယား... ဂျပန်... ထိုင်ဝမ် ဇာတ်လမ်းတွဲတွေထဲရောက်လိုက်... Facebook ပေါ်က Game လေးတွေဘက်လှည့်လိုက်... Facebook ပေါ်မှာ ကိုယ့်စီးပွားတွေက ခပ်များများလေ... စိုက်ပျိုးမွေးမြူရေးရော... စားသောက်ဆိုင်ရော... ဟိုတယ်ရော... Resort ရော ဆိုတော့ အလုပ်က အတော်များသကိုး...

နောက်ပြီး... မဗေဒါ ခုတစ်လော ၁ရက်ကို အနည်းဆုံး ၂ခါလောက်ကြည့်ဖြစ်တဲ့ MV လေးရှိတယ်... အဲဒိထဲက အဆိုတော်လေးလိုလဲ လိုက်ကချင်တယ်... သူလေးကို obsessed ဖြစ်နေလို့ မအားနိုင်ဘူး...

ဒီအတောအတွင်းလဲ Jung Keum Suk စကာင်္ပူလာဖို့ ရက်က နီးနီးလာတော့ သူ့ Flight info လေးကို ၀က်ဆိုဒ်ပေါင်းစုံမှာ လိုက်စနည်းနာနေရသေးတယ်လေ.... ကိုရီးယားမင်းသားကိုများ အဲလောက်ရူးရသလားလို့ ပြောချင် ကောင်းပြောချင်မယ်... အဓိပ္ပါယ်မရှိတဲ့ ရူးသွပ်မှုလို့ နာမည်တပ်ချင်တပ်မယ်... အမှန်တော့ သူ့ကို ရူးသွပ်တာထက် မဗေဒါ လုပ်ချင်ခဲ့တဲ့ ကိုယ်သဘောကျတဲ့ International Star ကို ခုလို အပြင်မှာ သွားတွေ့ခွင့်ရတာကို လုပ်ချင်လို့ သူ စကာင်္ပူလာမှာနဲ့ တိုက်ဆိုင်နေလို့ ကိုယ့်ရဲ့ Life time wish လေးတစ်ခုကို ဖြည့်စည်းရုံ သက်သက်ပါပဲ...

ဒါပေမဲ့ ဟိုတစ်လောက လူတစ်ယောက်က ဆီဗုံးထဲမှာအော်သွားသေးတယ်... ကိုရီးယားတွေကို ဒီလောက် အထင်ကြီးမနေနဲ့တဲ့... မဗေဒါကတစ်ခြားသူတွေကို လမ်းမှားရောက်အောင် လုပ်နေတဲ့ သဘောမျိုးတွေ... ကိုရီးယားတွေတာဝန်မယူလို့ မြန်မာမိန်းကလေးတွေ အဆုံးမှာ ဒူးနဲ့ မျက်ရည် သုတ်ခဲ့ရတဲ့ အဖြစ်တွေ အများကြီးပဲတဲ့... (အစကတော့ ဒီအကြောင်းပြောမလို့ ပိုစ့်ရေးတာ မဟုတ်ပါဘူး... ခုတော့ စကားစပ်မိလို့ ဒီအကြောင်းကိုပဲ ဆက်ရေးလိုက်ပါတော့မယ်...)

အမှန်တော့ ကျမကြည့်တဲ့ ဇာတ်လမ်းတွဲတွေက ကိုရီးယားတစ်မျိုးတည်းမဟုတ်ပါဘူး... အစောကပြောခဲ့တဲ့အတိုင်း... လိုင်းပေါင်းစုံပါပဲ... အမှန်ဆိုရင် ဇာတ်လမ်းကောင်းရင် ကုလားကားကြည့်ရတာတောင် ကြိုက်ပါတယ်... ဒါပေမဲ့ ခုနောက်ပိုင်း ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာတဲ့ ကိုရီးယား... ဂျပန်... ထိုင်ဝမ်ဇာတ်ကားတွေကိုတော့ ခုနောက်ပိုင်း ကျမပိုပြီး ကြည့်ဖြစ်ပါတယ်... အဲဒိလို ကြည့်တဲ့အခါမှာ ကျမ နှစ်သက်တဲ့ မင်းသားတွေရှိမယ်... မင်းသမီးတွေရှိမယ်... ဇာတ်လမ်းရှိမယ်... သူတို့တွေရဲ့ သရုပ်ဆောင်အားကောင်းတာ... ဇာတ်လမ်းဖွဲ့စည်းပုံ စိတ်ဝင်စားမှုကောင်းတာ... အဆင့်မြင့်မြင့် တင်ဆက်ပြသနိုင်တာတွေကို ကျမ တကယ်အထင်ကြီးတယ်... ဒါတွေဟာလဲ တကယ် အထင်ကြီးစရာလို့ ကျမယုံကြည့်တယ်... ဒါပေမဲ့ ကိုရီးယားလူမျိုးကြီးတစ်မျိုးလုံးကို အထင်ကြီးသလား... တွေ့သမျှကိုရီးယားတွေကို လူကောင်းတွေဆိုပြီး အထင်ကြီးတယ်လို့ ပြောမိသလား... ထင်မိသလား... တစက်ကလေးမှ မထင်မိဘူး... မပြောမိဘူး...

ရုပ်ရှင်ဆိုတာ ယူတတ်ရင် ရတာတွေ အများကြီးပါ... လူငယ်တွေကို လမ်းမှားလိုက်အောင်ပို့နိုင်သလို ဗဟုသုတရအောင်လဲ လုပ်ပေးနိုင်ပါတယ်... (အဓိကအားဖြင့် ကျမအတွက်တော့ Entertaining ဖြစ်တယ်)... သူတို့ရုပ်ရှင်တွေထဲမှာလဲ ပြထားတာပါပဲ... ဥပမာ... စကပ်အတိုလေးတွေဝတ်ရင် လူကြီးတွေက ဆူတာ.. မကြိုက်တာ... စသည်ဖြင့်ပေါ့... ဒါက စဉ်းစားမိတဲ့ အသေးအဖွဲကိုပြောတာပါ...

ကိုရီးယားကားတွေမှာ စိတ်ပုတ်တဲ့ စိတ်ကောင်းမရှိတဲ့ အဆင့်အတန်းမရှိတဲ့ ဇာတ်ကောင်တွေလဲ ပါတာပါပဲ... အဲဒိအတွက်ကြောင့် ကိုရီးယားလူမျိုးဆိုတာကို အထင်ကြီးစရာမရှိပါဘူး... အထူးသဖြင့် တစ်ခုခုဆိုရင် ခြေထောက်နဲ့ကန်ပြီးပြောတတ်တာ... ခိုင်းတတ်တာ... စတဲ့ အပြုအမူမျိုးတွေ... ဒါတွေဟာ အထင်ကြီးစရာမကောင်းပါဘူး... ဒါပေမဲ့ ဒါဟာလဲ သူ့ယဉ်ကျေးမှု သူ့လူနေမှုစရိုက်နဲ့ သူမို့ နားလည်ပေးပြီး ဇာတ်လမ်းသဘောအရ ကြည့်တာပဲ ရှိပါတယ်... ဒီလိုမျိုးတွေကနေလဲ ကိုရီးယားလူမျိုးရဲ့ စရိုက်တွေကို ကျမခန့်မှန်းလေ့လာ သိရှိခွင့်ရပါတယ်... "အော်... သူတို့လူမျိုးက ဒီလိုရှိပါလား... ဘယ်လိုရှိပါလား.." အဲလိုတွေ သိရတာလဲ ဗဟုသုတတမျိုးပါပဲ... ဒါဟာ အားကျခြင်း အထင်ကြီးချင်းမဟုတ်ပါဘူး...

ကိုရီးယားမင်းသားလေးတွေကို ကြိုက်တာနဲ့ ကိုရီးယားလူမျိုး ယောကျာင်္းတွေကို ကြိုက်တယ်လို့ ၀ါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းပြီး စွပ်စွဲသွားတဲ့ ထိုသူကို ကျမဘယ်လိုနားလည်ရမှန်းမသိဖြစ်မိပါတယ်... မင်းသားတွေ ချောတယ်.. ရုပ်ရှင်ထဲမှာ သူတို့က အရာရာစွမ်းဆောင်နိုင်တယ်... ယောကျာင်္းကောင်းတွေဖြစ်တယ်... သူရဲကောင်းတွေဖြစ်တယ်... သူတို့ အပြင်မှာ ဒီလိုဟုတ်ချင်မှ ဟုတ်မယ်... တိတ်တိတ်ပုန်း အိမ်ထောင်ကျနေတာတွေ... မိန်းမရှုပ်တဲ့ ဟာတွေ... သူတို့ရဲ့ ချောတဲ့ မိတ်ကပ်မျက်နှာနဲ့ ဖန်သားပြင်နောက်က သူတို့ဇာတ်လမ်းတွေကို ကျမ အထင်မကြီးပါဘူး... ဒါပေမဲ့ ကျမအထင်ကြီးတာ တစ်ခုတော့ ရှိတယ်... ဘာလဲဆိုတော့... သူတို့ရဲ့ အလုပ်အပေါ်မှာ ထားတဲ့ ကြိုးစားအားထုတ်မှု... သူတို့ရဲ့ Talent နဲ့...သူတို့ရဲ့ သရုပ်ဆောင်ပညာ... အဲဒါကို ကျမအထင်ကြီးတယ်...

မင်းသမီး မင်းသားဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး... ရုပ်ရည်ချောရတဲ့အပြင် သရုပ်ဆောင် အက လိုအပ်ရင် အဆိုပါကောင်းရတယ်... လူတစ်ယောက်ချစ်ဖို့လုပ်ရတာ မလွယ်ပါဘူး... ဒါပေမဲ့ သူတို့ရဲ့ အလုပ်အကိုင်က လူတွေများများချစ်အောင်နေရတယ်... လုပ်ရတယ်... ရိုက်ကွင်းဇာတ်လမ်းအရ နေ့မအိပ် ညမအိပ်ရိုက်ရတာတွေရှိတယ်... ဒီအတောအတွင်း သူတို့ ရုပ်ရည်ကိုလဲ ထိမ်းရတယ်... တကယ်တော့ လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး... ဒါပေမဲ့ သရုပ်ဆောင်ပိုင်းမှာ အားကောင်းလွန်းတော့ ပရိတ်သတ်ရဲ့ ရင်ကိုဖမ်းစားတယ်... ပရိတ်သတ်ကို သူတို့ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်သဘောကျသွားအောင် ဖမ်းစားနိုင်တဲ့ သူတို့ရဲ့ အရည်အချင်းကို ကျမအထင်ကြီးတယ်... ဥပမာ... Kimbum ဘယ်လောက်ချောချော သူသရုပ်ဆောင် သိပ်မကောင်းတဲ့အတွက် Still,Marry Me ဇာတ်ကားကို ဆက်ကြည့်ချင်စိတ်ကုန်ခဲ့ပါတယ်...
Who are You ထဲက မင်းသားကို အစက သိပ်မချောဘူးလို့ ထင်ခဲ့ပင်မဲ့ အဲဒိကားထဲမှာ သူသရုပ်ဆောင်ပိုင်နိုင်လို့ သူ့ကို စပြီး နှစ်သက်ခဲ့မိတယ်... မင်းသမီးတွေလဲ ဒီအတိုင်းပါပဲ... သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးဆိုရင် ကြိုက်တယ်...

နောက်ပြီး ဆီဗုံးထဲမှာပြောသွားတဲ့ ကိုရီးယားတွေကို အထင်ကြီးပြီး ပုံအပ်မိလို့ အဆုံးမှာ ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ မြန်မာမိန်းကလေးတွေ အများကြီးရှိတာ ကျမ မသိဘူးလားတဲ့... ထို မိန်းကလေးတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း အရင်ဆုံးပြောလိုပါတယ်... ဒါပေမဲ့ အဖြေက ရိုးရိုးရှင်းရှင်းလေးပါ... ထိုမိန်းကလေးတွေကို ကိုရီးယားမင်းသားတွေက တာဝန်မယူတာ မဟုတ်သလို... ထိုမိန်းကလေးတွေဟာ သူတို့ ပုံအပ်မိတဲ့သူဟာ ကိုရီးယားမင်းသားတွေလို စိတ်ထားမျိုးနဲ့ ရုပ်ရည်မျိုး မရှိဘူးဆိုတာ သူတို့ကိုယ်တိုင်လဲ သိကြမှာပါ... မိန်းကလေးဆိုတာ ကိုယ့်ကိုကိုယ် ထိမ်းသိမ်းရမဲ့ လူသားပါ... ကိုယ်ယုံမှားမိလို့ဆိုရင်လဲ ကိုယ်ဆင်ချင်တုံတရား နည်းခဲ့လို့ပဲ ပြောချင်ပါတယ်... ဒီကိစ္စ ၂ခုက ကျမဘယ်လိုပဲ စဉ်းစား.. စဉ်းစား မတူညီတဲ့ အကြောင်းရာ ၂ခုပါ... ဘာကြောင့်များ ထိုသူ ကျမ ဆီဗုံးမှာ လာပေါက်ကွဲသွားပါသနည်း... ပြီးတော့ (ကိုရီးယားဘက်က ကာပြောတာ မဟုတ်ပါ...) မိန်းကလေးတွေကို လွန်ကြူးပြီး တာဝန်မယူတာ ကိုရီးယားယောကျာင်္းတွေမှ လုပ်တာ မဟုတ်ပါဘူး... မြန်မာယောကျာင်္းတွေ မြန်မာမိန်းကလေးတွေကို တာဝန်မယူပဲ ကလေးနဲ့ Single Mother ဖြစ်နေတာတွေလဲ အများကြီးပါပဲ... အဲဒိအတွက်ကြောင့် တစ်ဦးတစ်ယောက်မကောင်းတာကို မဆိုင်တဲ့ အပေါက် ဂလိုင်နဲ့ ရမ်းသမ်းမခေါက်ပဲ... ဆိုင်ရာ ဆိုင်ရာတွေကိုသာ လာရောက်အကြံပြုဝေဖန်မယ်ဆိုရင်ဖြင့် ၀မ်းသာမိမှာပါ...

ထိုရေးသွားတဲ့ သူက ကိုရီးယားနိုင်ငံမှာ လက်ရှိနေထိုင်နေတဲ့သူဆိုတာကိုလဲ ပြောသွားတဲ့ စကားများအရကျမခန့်မှန်းလို့ရပါတယ်... တစ်ခါတစ်လေ ကျမတို့လဲ သူများနိုင်ငံမှာ နေထိုင်လုပ်ကိုင်စားသောက်နေတော့ ခံစားချက်ကို သိပါတယ်... စကာင်္ပူမှာနေတော့ စလုံးတွေဘယ်လို စိတ်ပုတ်ကြောင်း ဘယ်အရာမဆို အလကားလိုချင်ကြောင်း စသည်ဖြင့်ပေါ့ သူတို့ မကောင်းတာတွေကို ပြောလေ့ရှိပါတယ်... ဂျပန်မှာနေတဲ့ ကျမသူငယ်ချင်းတစ်ယောက်ဆိုရင်လဲ ဂျပန်တွေက အရူးတွေများကြောင်း... ဂေါက်နေကြကြောင်း လာလာပြောလေ့ရှိပါတယ်... ဒီလိုပဲ စိတ်တိုင်းမကျမှုလေးတွေရှိတတ်ပါတယ်... ဒါပေမဲ့ ကျမတို့ အားလုံးလဲ အသိပါ... လူတိုင်းအဲလိုမဟုတ်ဘူး... ကောင်းတဲ့သူတွေလဲ ရှိတယ်ဆိုတာကို လက်ခံကြမှာပါ... မြန်မာလို့ပြောလိုက်ရင် သိမ်းကြုံး အထင်သေးတတ်တဲ့ တခြားနိုင်ငံသားတွေနဲ့ ကျမတို့ကိုယ်တိုင်လဲ ကြုံဖူးပါတယ်... အဲဒိလိုကြုံရင် ကိုယ်လဲ ခံရခက်ပါတယ်... ဒိအတွက်ကြောင့် ကိုယ်လဲ တစ်ချို့နေရာလေးတွေကို နားလည်ပေးလိုက်မယ်ဆိုရင်ဖြင့် ဒေါသစိတ်တွေ ပြေလျော့သွားပါလိမ့်မယ်လို့ ထိုသူ့ကို အကြံပေးလိုပါတယ်... ဘာပဲဖြစ်ဖြစ် ကျမတို့က သူတို့ နိုင်ငံမှာ နေထိုင်စားသောက်နေကြတာပဲမဟုတ်လား...

P.S ပြောနေကျ စကားလေး ပြောလိုက်ပါအုံးမယ်... ဒီပိုစ့်ဟာ မဗေဒါ တစ်ဦးတစ်ယောက်ထည်းရဲ့ ခံယူချက်နဲ့ ရေးသားထားခြင်းဖြစ်သဖြင့်... ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်...

5 comments :

စန္ဒကူး said...

မရေ.. မြန်မာကားမှာတောင် မကောင်းတဲ့အကျင့်စရိုက်တွေရိုက်ပြသေးတာဘဲ..
ဒူးနဲ့မျက်ရည်သုတ်ရတာ ကိုးရီးယားရယ်မှမဟုတ်ပါဘူး၊ နိုင်ငံပေါင်းစုံပါဘဲ..
အထဲမှာအဆိုးဆုံးက အသားထဲလောက်ထွက်ဆိုသလို ကိုယ့်မြန်မာအချင်းချင်းအထင်ကြီးမိလို့ ဘ၀အဖတ်ဆယ်မရတော့တဲ့မိန်းကလေးတွေလဲ ဒုနဲ့ဒေးပါ။ ကျွန်မအမြင်တော့ ကိုယ်စွဲလန်းတာ၊ ကိုယ်နှစ်သက်တာ ကိုယ့် ဆန္ဒနဲ့ကိုယ်လို့ထင်ပါတယ်။ သူများကြိုက်မှ လိုက်ကြိုက်ရမယ်၊ သူများအထင်ကြီးတဲ့သူမှ ကိုယ်လဲအထင်ကြီးရမယ်ဆိုရင်ဖြင့် ကိုယ့်နှခေါင်းနဲ့ကိုယ့်တောင်အသက်ရှုခွင့်ရှိသေးရဲ့လားလို့ စဉ်းစားစရာဖြစ်နေပါပီ။
စကားမစပ်..အဲဒီမင်းသားလေးကို You're Beautiful ကားထဲက မင်းသားလို့ထင်ပါတယ်။ ကျွန်မလဲ သူ့ပုံစံနဲ့ သရုပ်ဆောင်တာအရမ်းကြိုက်တယ်။ စင်ကာပူမှာရှိမနေတာ နာတာဘဲး)

mabaydar said...

ဟုတ်တယ် စန္ဒကူးရေ... You're Beautiful ထဲက မင်းသားလေးပါ... သူ့ကို အရင်ကားတွေ ကြည့်ထဲက သိပ်ကြိုက်ခဲ့တာပါ... မနက်ဖြန် သူ စကာင်္ပူလာပြီ... လေယာဉ်ကွင်းမှာ သွားကြိုမယ်... နောက်နေ့ လက်မှတ်ထိုးပွဲလဲ သွားကြည့်မယ်... နောက်ရက် ရှိုးပွဲကတော့ လက်မှတ်ဝယ်ပြီးသွားပြီ... စန္ဒကူး ဒီမှာရှိရင် သိပ်ကောင်းမှာပဲ အဖော်ရတာပေါ့... ကွန်မန့်အတွက်လဲ ကျေးဇူးပါ... မဆိုင်တဲ့ အကြောင်းအရာတွေကို ဆီဗုံးမှာ လာပြော ပြစ်တင်သွားလို့ ရေးချင်နေတာနဲ့ ရေးလိုက်မိတာပါ... အမှန်တော့ လူဆိုတာ ကိုယ်ယုံကြည်ရာ ကိုယ်ရပ်တည်နေရုံပါပဲ...

Anonymous said...

ကာရီးယိုးဆိုလို့ မနေနိုင်မထိုင်နိုင် လာဖတ်တာ။ သားသားက ကာရီးယိုးပိုးလေ .. ခွိခွိး))

Geun Suk ကိုကြိုက်တယ်။ Baby and I နဲ့ ဒိုရေမီဖာဆိုလာတီ ကိုကြည့်ဖူးတယ်။ မျက်လုံးလှတယ်။ Kimbum ကို အစက ကြိုက်တယ်။ နောက်ပိုင်း ကြိုက်တော့ဘူး။ အဲ့ဒီကို လာမယ်ဆိုတော့ တွေ့မြင်လိုက်ရရင် ကံကောင်းတာပေါ့။ မိုက်တယ်။

ဆီပုံးကိစ္စတွေကတော့ မမြင်မကြားချင်မှအဆုံးပါ။
စိတ်အနှောင့်အယှက်ဖြစ်မခံပါနဲ့။ ကိုယ်မကြိုက်ရင် အကုန်ဖျက်သာပစ်ပါ။ သူတို့အမှုနဲ့သူတို့စခန်းသွားပါလိမ့်မယ်။

sosegado said...

ကိုရီးယားတွေကိုဟာ အနုပညာနှင့်ကမ္ဘာကို ထိုးဖေါက်ဖို့ စနစ်တကျ လုပ်ခဲ့တာလို့ ကိုရီးယား တစ်ယောက်က ပြောဘူးပါတယ်၊ ဇာတ်လမ်းတစ်ခုကို ထုတ်လွင့်ပြီးရင် ဝေဖန်တဲ့ အစီအစဉ်လေးတွေ ထုတ်လွင့်တာ၊ အဝေဖန်ခံနိုင်တာကို ကြိုက်တယ်၊ တစ်ခုကတော့ သူတို့ အနုပညာ အသိုင်းအဝိုင်းက တစ်ခုတစ်ခု လွဲမှားနေလို့ ခဏခဏ သတ်သေကျတယ်။

mabaydar said...

အင်း... မနှစ်က သတ်သေတယ်ဆိုတာလဲ... ပထမ ဟာသသရုပ်ဆောင်ဆိုတာက သူ့ဟာသူ စီးပွားရေးလုပ်ဖို့ ပိုက်ဆံချေးပြီး စီးပွားရှုံးလို့ သတ်သေတာ..
နောက် သတ်သေသွားတဲ့ မင်းသမီး (last scandal) ထဲက မင်းသမီးကတော့ ပထမသေတဲ့လူနဲ့ပတ်သတ်ပြီး သူက ပိုက်ဆံချေးထားတာကို ပြန်တောင်လို့ ပထမလူက သတ်သေတာပါဆိုပြီး အင်တာနက်ပေါ်မှာ သူ့ကို ၀ိုင်းအပြစ်တင်ကြတာရော... သူ့အိမ်ထောင်ရေးအဆင်မပြေတာရောကြောင့် စိတ်ဓာတ်ကျပြီး သတ်သေတာ...
နောက် ၂ယောက်ကတော့ ယောကျာင်္းကနေ မိန်းမပြောင်းပြီး လူတွေက ဝေဖန်ပြောဆိုတာရော... ပြီးတော့ သူတို့ စိတ်ထဲမှာလဲ Inferior တို့ Depression တို့ဖြစ်ပြီး သတ်သေတာဖြစ်မယ်...
ပြီးခဲ့တဲ့ လကမှ သတ်သေသွားတာကတော့ အစောက သတ်သေသွားတဲ့ မင်းသမီးရဲ့ မောင် အဆိုတော် မင်းသား... သူလဲ ဘာ Depression ၀င်လဲတော့မသိဘူး... အဓိက ကတော့ သူတို့အားလုံးက အောင်မြင်မှုကို မခံနိုင်ကြတာ... အောင်မြင်တော့ လူတွေက ပြောဆိုဝေဖန်တာကိုလဲ မခံနိုင်ဘူး... အောင်လဲ အောင်မြင်ချင်တယ်... ပြီးတော့ ပရိတ်သတ်ရှေ့မှာ ဟန်လုပ်နေရပင်မဲ့ တကယ့်ဘ၀တွေက မသာယာဘူး... အဲဒိမှာ စိတ်ကျရောဂါဖြစ်ပြီး သတ်သေကြတာထင်တာပဲ... ကိုယ်လဲ မဖြစ်ဖူးတော့ သေချာတော့ မသိဘူး... ဒါပေမဲ့ သူတို့နိုင်ငံက Celebrity တွေကို အင်တာနက်ပေါ်မှာ netizen တွေက အရမ်းဝေဖန်တာကို မခံနိုင်ကြဘူး... Jang Keum Suk နဲ့ J-Dragon လေး အဲဒါမျိုး မဖြစ်ပါစေနဲ့ပဲ ဆုတောင်းတယ်...