Friday, April 23, 2010

အိပ်မက်မင်းသားလေးနဲ့ တွေ့ဆုံချိန်လေး...

ကျမစကာင်္ပူ လေဆိပ်ကို ၇နာရီ ခွဲမှာရောက်သွားပါတယ်... ဒီလိုပဲ တစ်ယောက်ထဲ ယောင်တောင်တောင်ပါပဲ... ကျမရောက်တဲ့အချိန်မှာ Balt no. 33 ဆိုတာ ပြနေလို့ အဲဒိအပေါက်နားကို ကြည့်တော့ အပေါက်တည့်တည့်မှာကို ကောင်မလေးပေါင်း အယောက် ၂၀လောက်က ငုတ်တုတ်ထိုင်ချပြီးတော့ကို မုန့်ဘူးတွေနဲ့ စားသောက် camp နေကြပါပြီ... ဒီတော့ ကျမလဲ မသိမသာ သူတို့အုပ်စုဘေးလွတ်တဲ့နေရာလေး သွားရပ်နေလိုက်ပါတယ်... ၁ယောက်ထဲဆိုတော့ ဘယ်ကို တိုးတိုးရတယ်လေ... ဟိုဘက် မှန်ကာထားတဲ့ဘက်မှာလဲ နေရာယူထားတဲ့ မိန်းကလေးတွေရှိပါတယ်... အယောက် ၅၀လောက်ပေါ့... သူတို့ View ကတော့ အင်မီဂရေးရှင်းကနေထွက်လာတာနဲ့ မြင်ရမှာပါ... ဒါပေမဲ့ သူတို့က အလွန်ဆုံးမြင်ရရင် ပြတ်ပြတ်သားသားမြင်ရမယ်ဆိုပင်မဲ့ မှန်ကာပြီးပဲ မြင်ရမှာပါ...

နောက်တော့ လေယဉ်ကွင်းဝန်ထမ်းကုလားတွေရောက်လာပြီး ထိုင်နေတဲ့သူတွေကိုလဲ နည်းနည်းဖယ်ခိုင်းပြီး အကာတွေကာပါတော့တယ်... သံတန်းတွေပေါ့... အဲဒိ မှန်ခန်းထွက်ပေါက်ကနေ အပြင်ကားပေါ်ရောက်တဲ့ထိပါ... ဘေးတစ်ဖက်တစ်ချက်ဆီမှာ Fans တွေက နေရာယူကြပါတယ်... တဖြည်းဖြည်းနဲ့ လူကများများလာပါတယ်... ကျမလဲ ကျမရက်နေတဲ့နေရာထက် spot ကောင်းမဲ့နေရာကို တွေ့ပင်မဲ့ မရွေ့ရဲပါဘူး... လောဘကြီးလိုက်လို့ ရထားတဲ့ နေရာလေးပျောက်သွားမှာစိုးရသေးတယ်... ကျမ ပိုးသွင်းပေးထားပြီး ကျမကို ever support လုပ်တဲ့ ကျမအစ်မကတော့ ၈နာရီ ၄၅လောက်မှ ရောက်လာပါတယ်... သူလာတော့ တစ်ခုအဆင်ပြေတာပေါ့... မင်းသားလာရင် သူက ဓာတ်ပုံရိုက် ကိုယ်က ဗွီဒီယိုရိုက်မယ်ပေါ့...
အစက ဒီနေ့ တစ်ယောက်ထဲ ဖြစ်ချင်ဖြစ်မှာမို့ online fan club ကနေ သိတဲ့ Malay မနဲ့ သူ့သူငယ်ချင်း ကို တွေ့ဖို့ ချိန်းထားတော့ သူတို့က ၈နာရီခွဲလောက်မှာ ရောက်လာပါတယ်...

ကျမ ပထမ တစ်ယောက်ထည်းရောက်ရောက်ချင်းက ကျမဘေးမှာ အသက် ၃၅ နဲ့ ၄၀ ကြား မိန်းမ ၂ယောက်က ရီပြပြီး...
"တစ်ယောက်ထဲလား" ဆိုပြီး စပြီး မိတ်ဖွဲ့ပါတယ်... ဒီလိုနဲ့ စကားပြောရင်း... သူက "ဒီနေ့လာမှာ ဘယ်သူလဲတဲ့... "
ကျမက "မသိဘူးလား... Jung Keum Suk လေ... You are beautiful တို့ Hong Gil Dong, Hwan Jin Yi တို့ထဲက မင်းသားလေးလေ" လို့ဖြေလိုက်တော့ သူတို့သိသွားတဲ့ ပုံလုပ်ပါတယ်...
ဒါနဲ့ ကျမလဲ "မသိပဲနဲ့ ဒီကိုလာဖို့ကျတော့ ဘယ်လိုသိလဲ" လို့မေးတော့ သူတို့က... "မသိဘူးတဲ့... လူတွေစောင့်နေတာတွေ့လို ၀င်စပ်စုယုံ သက်သက်ပါတဲ့" ပြောတော့ဒီလို...

ကျမစိတ်ထဲမတော့ သူတို့ မကြိုက်ရင်လဲ ဘာလို့ အပင်ပန်းခံပြီး ၇နာရီခွဲလောက်ထဲက လာစောင့်နေသေးလဲ... ကြိုက်တဲ့သူတွေ နေရာရပါစေလား လို့ စိတ်ထဲက တွေးမိပါတယ်... စပ်စုချင်ယုံဆိုပြီး သူက အဲလောက် ၃ ၄ နာရီလောက် ရပ်စောင့်မယ်ဆိုတည်းက ထူးဆန်းနေတာပါ... မကြာပါဘူး... ခဏနေကျတော့ သူတို့အိပ်ထဲက Pro ကင်မရာ နီးပါးလောက်ရှိတာကြီးထုတ်လိုက်တော့မှ... "အော်... ကြိုက်ရင်လဲ ကြိုက်တယ်ပေါ့... လာညာနေသေးတယ်... မတော်တဆတွေ့လို့ရောက်လာတဲ့သူက ကင်မရာတွေဘာတွေ ပြင်ဆင်လာသေးတယ်" ထားလိုက်ပါတော့... အသက်ကြီးလို့ ရှက်လို့လဲဖြစ်ပါလိမ့်မယ်... နားလည်ပေးလို့ရပါတယ်...

ဒါပေမဲ့ သူတို့ထက် အသက်ကြီးတဲ့ အသက် ၅၀လောက်ရှိတဲ့ မိန်းမကြီး ၃ယောက်ဆိုရင် ကျမနဲ့ မျက်နှာချင်းဆိုင် ဟိုဘက် သံတန်းနောက်မှာ စောင့်နေတာ... အမယ်လေး... JKS ရဲ့ ပုံလေးတောင် လက်မှာကိုင်ထားသေးတယ်... သေချာလဲကြည့်လိုက်ရော... ပိုစတာမှာ JKS ကတစ်ဖက်... သူ့ပုံက တစ်ဖက်... မှတ်ကရော... အချစ်မှာ အသက်အရွယ်အပိုင်းအခြားမရှိဘူး... ကိုယ်တို့ကတော့ Don't care ပဲပေါ့.. အဟိ... ဓာတ်ပုံရိုက်ခဲ့ချင်တာ... သူတို့ကို ချိန်ပြီးရိုက်ရင် အရမ်းသိသာနေလို့ မရိုက်ခဲ့ဘူး... အဖွားကြီးတွေက တစ်ခုခုဆို ဖြဲမဲ့ပုံ...

ကိုရီးယားလေယဉ်မစိုက်ခင် မြန်မာပြည်ကနေလာတဲ့ Silkair လေယဉ်စိုက်ပြီး Balt ၃၁ မှာပဲ မြန်မာတွေထွက်လာကြသေးတယ်... အဲဒိလူတွေထဲက တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် မထွက်ပဲ JKS ကို စောင့်လိုက်အုံးမှာလို့... ထွက်လာတဲ့လူတွေထဲမှာ အလုပ်က သင်္ကြန်တွင်းပြန်သွားတဲ့ ယောကျာင်္းလေးတွေတောင်ပါတယ်... တကယ်ပါ... မြန်မာလေယဉ်နဲ့ ကိုရီးယားလေယဉ် ဘယ်လောက်မှ မကွာလိုက်ဘူး... မိနစ် ၂၀လောက်ပဲ... အဲမတိုင်ခင်လဲ ဆိုက်သမျှလေယဉ်ကထွက်လာတဲ့ လူတွေဆိုရင် လူအုပ်ကြီးကို ကြည့်ပြီး စကာင်္ပူလဲ ယိုးဒယားလိုများ လေယဉ်ကွင်းမှာ ဆန္ဒပြနေကြပြီလားဆိုတဲ့ ပုံစံလေးတွေနဲ့ မျက်လုံးလေးတွေ ပေကလပ် ပေကလပ်နဲ့...
တချို့ ဘိုတွေဆို ဖြတ်သွားရင်းနဲ့ ပြောတာကြားလိုက်တယ်... "Someone must be coming" ဆိုပြီးတော့...

ဒီလိုနဲ့ လိုရင်းပြောရရင် ၉နာရီမိနစ်၂၀မှာ လေယာဉ်ဆိုက်ပင်မဲ့ အပြင်ထွက်လာတဲ့အချိန်ကျတော့ ၁၀နာရီလောက်ရှိနေပါပြီ... မှန်နားတွေမှာ နေရာယူတဲ့ မိန်းကလေးတွေ အသံကုန် အားးးးးးးး... လို့စအော်ထဲက ကျမတို့ဒီဘက် အပေါက်ဘက်မှာ စောင့်နေတဲ့သူတွေ ဂဏာမညိမ်ဖြစ်နေပါပြီ... သူတို့ကတော့ အင်မီဂရေးရှင်းဖြတ်တာကအစ မြင်နေရမှာပါ... ကျမလဲ ရနိုးနဲ့ လက်ကိုမြှောက် ဇွန်းဆွဲပြီးရိုက်ကြည့်ပါသေးတယ်... သူ့ကို မမြင်ရပါဘူး... သူတို့အော်သံတွေကျယ်လာလေ... ကျမရင်တွေခုန်လာလေပါပဲ... သူရောက်နေပြီ... သူငါနဲ့ မှန်အကာလေးမှာပဲ ရှိနေပြီဆိုတာ သိတော့ ဗွီဒီယိုလဲရိုက်ချင် သူ့ကိုလဲ အပြင်မှာတွေ့ချင်နဲ့ အသက်ရှုတောင် မမှန်တာ ကိုယ့်ကိုကိုယ်သတိထားမိပါတယ်... လက်တွေလဲတုန်နေပါတယ်... ကင်မရာဆိုတာ လုံးဝမညိမ်ပါဘူး... ဒါနဲ့ နောက်တော့ ဆုံးဖြတ်လိုက်တယ်... လောဘမကြီးတော့ဘူး ငါမြင်နိုင်တဲ့ နေရာကနေပဲ အမိအရရိုက်တော့မယ်ဆိုပြီး ကိုယ့်ရှေ့တည့်တည့်က မှန်ကို ချိန်ပြီး စောင့်နေလိုက်ပါတယ်....

မကြာလိုက်ပါဘူး..... သူလေးးးးးးးးးးးး.... အားးးးးးးးးးးးးးးးးးးးးးး...... မှန်နောက်မှာ သူလေးကို စတွေ့ရပါတယ်... သူကထွက်လာတာနဲ့ ကျမတို့ဘက်ကို သူကလဲ ကင်မရာတစ်လုံးနဲ့ ပြန်ရိုက်နေပါတယ်... သေချာပါတယ်.. သူ့ကင်မရာထဲမှာ ကျမပုံပါသွားတယ်ဆိုတာ... အဟိ... ကျမကင်မရာထဲမှာလဲ သူကျမကိုရိုက်နေတဲ့ပုံပါလာတယ်လေ... အဟဲ... အမှန်တော့ ကျမကိုရယ်လို့မဟုတ်ပါဘူး... သူ့ပရိတ်သတ်တွေအားလုံးကို သူသိချင်ပုံရတယ်... သူကလဲ ကိုယ်တွေကို ပြန်ရိုက်နေတယ်... သူ့ကို ချိန်ထားကြတဲ့ကင်မရာက အလုံး ၅၀၀လောက်ကို သူကလဲ သူ့ကင်မရာတစ်လုံးနဲ့ ပြန်အံတုနေပါတယ်...

သူ့ကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ အသက်ရှုမှားတာကို မပြောနဲ့... ကျမအဲဒိအချိန်တုန်းက အသက်တောင်ရှုနေရဲ့လားဆိုတာ သတိမထားမိလိုက်ပါဘူး... Oh My God... လှရက် ချောရက်လိုက်တာ လွန်ရော.... သူ့ကို ၀ိုင်းပြီး အော်ဟစ်အားပေးနေတဲ့ ပရိတ်သတ်တွေကို ပြုံးပြီး လက်ပြန်ပြနေတာ... ရဲတွေက သူ့ကို ဆွဲနေရတယ်... သူက လီမင်ဟိုလိုတောင် မဟုတ်ဘူး... ၂လှမ်းလောက်လျှောက်ပြီးရင် ၁စက္ကန့်လောက်ရပ်ပြီး ပရိတ်သတ်ကို လက်ပြတယ်... လမ်းလျှောက်နေတုန်းလဲ ရီ ပြုံးပြီး ပြတယ်... တသက်နဲ့တစ်ကိုယ် ကိုယ်ကြိုက်တဲ့ ကိုရီးယားမင်းသားကို အရှင်လတ်လတ် မြင်တွေ့ရမယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး... သူ့ကို Hwang Jin Yi ကြည့်နေတုန်းကလဲ ငါတစ်နေ့ကျရင် သူ့ကို တစ်ပေလောက်အကွာလေးကနေ တွေ့ရမှာပါလားလို့ မထင်ခဲ့မိဘူး...


သူအပေါက်ကထွက်လာပြီး တဖြည်းဖြည်းလျှောက်လာတာ ကိုယ့်နားကို ရောက်လာတယ်... ကျမ မအော်ဘူးလို့ ဆုံးဖြတ်ထားတဲ့အတွက် ကျမတစ်ကယ်မအော်ပါဘူး... ဒါပေမဲ့ ရင်ထဲမှာတော့ ဗလောင်ဆူနေတယ်... အဲဒိအချိန်အတောအတွင်းမှာ ဘေးမှာ လူတွေရှိတာလဲမသိတော့ဘူး... သူ့ဘေးမှာ ရဲတွေရှိတာလဲ မမြင်တော့ဘူး... တကယ်ကို သူနဲ့ ကိုယ် ၂ယောက်ထဲလို့ပဲ ခံစားနေရတယ်... သူကိုယ့်ရှေ့မှာရောက်လာတဲ့ တခဏမှာ ကျမ ဘာလုပ်ရမှန်းမသိတော့ဘူး... ဗွီဒီယိုရိုက်ရမယ်ဆိုတာသိတယ်... ဒါပေမဲ့ သူ့ကို အပြင်မှာလဲ ကိုယ့်မျက်လုံးနဲ့ ကြည့်ချင်တယ်... တစ်ခုခုလဲ အော်ချင်တယ်... ဘာအော်ရမှန်းလဲမသိဘူး... နောက်တော့ မအော်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အတွေးဝင်လာတော့ မအော်ဖြစ်တော့ဘူး...

သူဟာ သူ့ပရိတ်သတ်ကို အလွန်အလေးထားတဲ့ အနုပညာသမားတစ်ယောက်ဆိုတာ ထင်ရှားပါတယ်... ဟန်ဆောင်ပဲကောင်းတာလား တကယ်ပဲလားတော့မသိဘူး... သူ့ကိုကြည့်ရတာ ပရိတ်သတ်တွေနဲ့ တွေ့ရတာကို ပျော်နေတဲ့ပုံပါပဲ... ပိုသဲကဲပြီး ဆရာကြီးအထာပြချင်တဲ့ စလုံးရဲတွေက ကာလိုက်ဆွဲလိုက်လုပ်တာတောင် သူက လက်ကာပြီး "ရတယ်... ရတယ်" ဆိုတဲ့ ပုံမျိုးနဲ့ ပရိတ်သတ်ကို နှုတ်ဆက်ပါတယ်... မှန်နားကပ်စောင့်တဲ့သူတွေရိုက်လာတဲ့ ဗွီဒီယိုထဲမှာဆိုရင် မှန်နားအထိကပ်လာပြီး လက်မထောင်ပြလိုက် လက်ပြနှုတ်ဆက်လိုက်နဲ့ ပရိတ်သတ်ကို နောက်နေပါသေးတယ်... သူ့ပရိတ်သတ်ဟာ သူ့ထမင်းရှင်ဆိုတာကို သူကောင်းကောင်းကြီး သဘောပေါက်ပြီး ပရိတ်သတ်နဲ့လဲ ရင်းနှီးချင်စိတ်ရှိပုံရပါတယ်...

သူအဲလိုအစောင့်တွေကို ခေါင်းမာပြီး ပရိတ်သတ်ကို ဦးစားပေးတတ်တာကို သူ တရုတ်ပြည် fan meeting သွားတုန်းက တရုတ်ပြည်လေဆိပ်က ဗွီဒီယိုထဲမှာလဲ တွေ့နိုင်ပါတယ်... အဲဒိမှာ သူ့ကို လှမ်းအော်ပြီး နောက်ထပ်လာပါအုံးဆိုလား အော်လိုက်တဲ့ မိန်းမအသံကို ... သူ "I will be there" ဆိုပြီး အကျယ်ကြီး ပြန်အော်ဖြေတည်းက သူဟာ ပရိတ်သတ်နဲ့ interact လုပ်ရတာကို သဘောကျတဲ့ မင်းသားတစ်ယောက်ဆိုတာ သိပါတယ်...

သူ့လက်ထဲမှာ သူအမြဲတမ်း ဘယ်သွားသွားကိုင်လေ့ရှိတဲ့ Gucci အိတ်အကြီးကြီးကိုလဲ စတိုင်ကျကျမဟုတ်ပဲ ဘယ်ဘက်လက်မှာ ချိတ်လာပြီး... တစ်ဖက်ကလဲ ကင်မရာလေးနဲ့ ပရိတ်သတ်ကို ရီပြီးရိုက်ပါတယ်... အပြင်ရောက်တော့ ကင်မရာမရိုက်တော့ပဲ လက်ပဲ လိုက်ပြပါတယ်...


သူကိုယ့်ရှေ့မှာ လက်လှမ်းရင်တောင် မှီနိုင်လောက်တဲ့ အနီးထိရောက်ခဲ့တဲ့ အချိန်လေးက ၃စက္ကန့်လောက်ပဲ ကြာလိုက်မှာပါ သူကိုယ့်ရှေ့ကနေဖြတ်သွားပါပြီ.... သူ့နောက်ကျောကို မှီတဲ့အထိ လှမ်းရိုက်လိုက်တယ်... အဲဒိအချိန်မှာ သူက ကိုယ်နဲ့ ၃ပေလောက်အကွာကို ရောက်နေပြီ.... ကျမ စိတ်ထဲမှာ အရမ်းမွမ်းကျပ်လာတယ်... အားမရဘူး.... ဒါပဲလား... ပြီးသွားပြီလား... သိမ်ငယ်သလိုလို... ၀မ်းနည်းသလိုလို... ဒီလိုပဲဖြစ်မှာပဲဆိုတာလဲ အစတည်းက သိတယ်... သိသိနဲ့လဲ လာခဲ့တယ်... ဒါပေမဲ့ သူ့နောက်ကျောလေးကိုပဲ မြင်နေရတယ်... နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ အဲဒိနောက်ကျောလေးကလဲ ပျောက်ကွယ်သွားတော့မယ်လို့ သိနေတယ်... ကျမစိတ်ထဲက သူ့ကို ကျမဘက်လှည့်ကြည့်ပါ... ပြန်လှည့်ကြည့်ပါအုံးလို့အော်နေတယ်... ငါဒီမှာလေ... (ပြောရရင်တော့ ရှက်ပါတယ်... ကိုယ်ကလဲ ဘာမှမဟုတ်ပါဘူး.. ဒါပေမဲ့ သူ့ကို ကိုယ့်ရှေ့လေးမှာတင် တွေ့လိုက်ရတော့ လူ့လောဘအတိုင်း ပိုလိုချင်မိတယ်... )

အဲဒါနဲ့ ပါးစပ်က အလိုလိုနေရင်း ထွက်သွားတယ်... "Here... Here... Here" လို့... သူကတော့ ကိုယ့်ကို ကျော်သွားပါပြီ... ဒါပေမဲ့ ကျမအော်တာတော့ သူကြားပုံရတယ်... ကျမဘက်နောက်ဘက်လုံးလုံးကို ပြန်မလှည့်ပင်မဲ့ ၄၅ဒီဂရီလောက်တော့ နောက်ပြန်လှည့်ပြီး ကျမတို့ဘက်ခြမ်း ဘယ်ဘက်ခြမ်းကို လက်ပြန်ပြတယ်... အဲဒိအချိန်မှာပဲ ကျမဘေးက ကောင်မလေးတွေက ၀ုန်းဝုန်းနဲ့ပြေးပြီး သူသွားနေတဲ့ Direction ဘက်ကို တန်းတွေအပြင်ကနေလိုက်ကြတယ်... လူစီးကြောင်းကြီးပေါ့... သူဖြတ်သွားတဲ့နေရာက လူစီးကြောင်းကြီးဖြစ်သွားတယ်... အစက ကျမမလိုက်တော့ပါဘူး... ဒီလောက်ပဲတော်ပါပြီလို့ စိတ်မ၀ံ့မရဲနဲ့ ဖြစ်နေတယ်... နောက်သူက နောက်လေးကို Here Here အော်လိုက်တာကို လက်လေးပြန်ပြတယ်ဆိုတော့ (ကိုယ့်ကိုတော့ မကြည့်ပါဘူး... ကိုယ်အော်မှန်းလဲ သူသိမှာမဟုတ်ပါဘူး..) ဒါပေမဲ့ ရတဲ့အချိန်လေးမှာ ရသလောက်လေးတော့ ကြိုးစားကြည့်ချင်တယ်... ဒီလိုနဲ့ ကျမလဲ လူစီးကြောင်းနောက်ကို ပြေးလိုက်ပါလေရော... အစထဲက သိလို့ ဒေါက်ဖိနပ်တောင် မစီးသွားဘူး... Sport Shoe နဲ့ကိုသွားတာ... တက်နင်းခံရရင်လဲ မနာအောင်လို့... ဒါပေမဲ့ စလုံးတွေက စည်းကမ်းရှိပြီး တစ်ယောက်ကို တစ်ယောက်နားလည်ပေးတယ်တော့ပြောရမယ်... ဘာပြဿနာမှ သိပ်မရှိဘူး...

အဲဒိအချိန်မှာ ကျမအစ်မနဲ့ လူချင်းကွဲသွားတယ်... သူလဲအစက ကျမနောက်လိုက်လာတာ နောက်တော့ သူ့ကိုလဲ မတွေ့တော့ဘူး... JKS ကို ငွေရောင် မာစီတီးကားလေးကို လူတွေဝိုင်းအုံနေတာ ကားခေါင်မိုးပဲမြင်ရတယ်... သူ့ကို မတွေ့ရဘူး... ကောင်မလေး ၃ ၄ယောက်လောက်ကလဲ ကားရှေ့ကနေကို ကာထားကြတာ... နောက်တော့ ရဲတွေက ကားဘေးကလူတွေအကုန်လုံးကို လက်နဲ့ ရိုက်တော့မဲ့ ဟန်နဲ့ မောင်းထုတ်လို့ လူနဲနဲရှဲသွားတယ်ဆိုရင်ပဲ... မာစီးတီးကားလေးက အရှိန်ပြင်းစွာနဲ့ လေဆိပ်ကနေ မောင်းထွက်သွားတော့တယ်...

နောက်မှ ကိုယ့်အစ်မကို ဖုန်းခေါ်ပြီး ညီအစ်မ ၂ယောက်တွေ့တော့မှ... သူကလဲ လူစီးကြောင်းနောက်ပါသွားတာ.. ကားရှေ့တည့်တည့်အရောက် အဲဒိအချိန်မှာ ရဲက ကားဘေးကလူတွေကို လက်နဲ့ ရိုက်နေတော့ သူ့ရှေ့ကလူတွေက နောက်အဆုတ်သွား.. သူက တစ်ယောက်တည်း ကျန်နေတဲ့ အချိန်မှာ... JKS ကကားပေါ်ကို ထိုင်အပြီးမို့ ပြန်လှည့်အကြည့်မှာ သူ့ကို တွေ့ပြီး ကားထဲကနေ လက်ပြသွားတယ်တဲ့...

ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး... အရင်က အဲလို နိုင်ငံခြားက နာမည်ကြီး အနုပညာသမားတွေကို ကောင်မလေးတွေ တွေ့ရင် ငိုကြ အော်ကြတာကို ပိုတယ်ထင်ခဲ့တာ... စိတ်ဓာတ်ပျော့တဲ့သူတွေဆိုရင်တော့ အဲဒါ ပိုတာမဟုတ်ဘူး... သူတို့ စိတ်ကို မနိုင်တာ... မင်းသားတွေကို တွေ့ရင် ကောင်မလေးတွေ အော်ကြတာ... အစက နားမလည်ခဲ့ဘူး... အမှန်တော့ သူတို့ရင်ထဲမှာ မွန်းကြပ်လာတာရော... ခဏလေးပဲ တွေ့ရမဲ့သူမို့ အားမရတာရောကြောင့် စိတ်လွတ်ပြီး အားးးးးးးးးးး ဆိုတာကိုပဲ အော်ကြတာဖြစ်မယ်ထင်တယ်... ကျမကတော့ အားးးး ထက်... ငါဒီမှာ... ငါဒီမှာလို့ စိတ်ထဲမှာ အကြိမ်ကြိမ်ရေရွတ်မိနေတော့တယ်... နောက်နေ့ Fan Sign မှာရောဘာတွေဖြစ်အုံးမလဲ...

P.S... ကျမအစ်မကို ဓာတ်ပုံတာဝန်ပေးထားတာ မင်းသားလဲလာရော သူလဲ မေ့ပြီး မရိုက်ခဲ့ပါဘူး.. ဒီဗတာ့ web ပေါ်က သူများရိုက်ထားတာတွေပဲ ပြန်ဝေမျှလိုက်ပါတယ်... ဗွီဒီယိုတော့ ကျမနည်းနည်းရိုက်လာပါတယ်... ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ မရိုက်တော့ပါဘူး... ကျမလဲ အပြင်မှာပဲ အ၀ကြည့်ပါတော့မယ်... အောက်က ဓာတ်ပုံနဲ့ ဗွီဒိယိုကတော့ သူများတွေရိုက်လာတာပါ... ကျမဗွီဒီယိုတော့ နောက်မှပဲ တင်တော့မယ်... မနက်ဖြန်လူတိုးဖို့ အားစုရင် အိပ်လိုက်အုံးမယ်ကွယ်...




ဒါကတော့ မဗေဒါ ရိုက်ခဲ့တာပါ... သူ့ကားအထိ လိုက်ရိုက်ထားပင်မဲ့ အမြန်တင်ချင်တာရော... နောက်ပုံတွေမှာ သူ့ပုံမပါတော့တာရောကြောင့် ဒါကိုပဲ အရင်တင်လိုက်ပါတယ်... သူများတွေရိုက်သလောက်တော့မကောင်းဘူးကွယ်... အတွေ့အကြုံမှ မရှိတာ... သူစစထွက်လာချင်း ပရိတ်သတ်ကို ဗွီဒီယိုရိုက်နေတယ်... နောက်တော့ သူ့ကိုယ်သူလဲ ပြန်ရိုက်တယ်... ချစ်စရာလေး...


ဒါကတော့ သူများတွေရိုက်ထားတာပါ....





9 comments :

♥ကိုဇော်♥ said...

ဒီလောက်တောင်မှလား. . . .
ဆံပင် . . .
မျက်လုံး . .
သွား . .
အရည်ပြား တစ်ခုချင်းစီ ပေးရင်တော့ ယူမှာ မဟုတ်ဘူးနော်...
အင်း. . .ဖြစ်တတ်ပါတယ်လေ။

မေလေး said...

မဗေဒါရယ် အဲလောက်တောင်ဘဲလားးးးး
ရေးထားတာလေး သဘောကျမိတယ်..

SZA said...

သူ ဆံပင်တွေ အတော်ရှည်နေပါလား..သူလဲအရပ်အတော်ရှည်ပါလား.. သိပ်မထင်ရဘူး..

Vista said...

ဗေဗေ ကိုပဲ ဗစ်ဗစ် အံ့သြမိပါတယ် :O ....
ကိုယ်သဘောကျတာလုပ်ရလို့ ပျော်တာလေးတော့ အကျိုးရှိတယ်ပေါ့လေ ..

Vista said...

ကိုယ်ထင်တာ လီမင်ဟိုကတောင် ပိုချောသလားလို့  ...

mabaydar said...

လူဆိုတာတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ပါပဲလေ... ချောတာတော့ ၂ယောက်လုံးချောတာပဲ.. ခုဟာက ဆံပင်ပုံကြောင့် ဖြစ်နေတာ... ရုပ်ရည်ထက် သူ့အနုပညာ သရုပ်ဆောင်အားနဲ့ ပရိတ်သတ်အပေါ်ထားတဲ့ စိတ်ထားကို သဘောကျမိတာပါ... ပြီးတော့ အဲလို international Star တွေကို သွားတွေ့ရတဲ့ အတွေ့အကြုံကို လိုချင်လို့လဲသွားတာပါ...

Plato.Eternity said...

Sometimes Nice to be crazy for something or someone.

mabaydar said...

yeah... that's what I am doing it exactly... If not, life is boring and not exciting. We should seek for what we enjoy doing.

naychi said...

အို.. ဆံပင်တွေ ရှည်လို့ပါလား...

ကိုယ်သာဆိုရင်လည်း အဲလို အော်မိ ငိုမိမှာပဲ.. ည၁၀ နာရီလောက်က ခုလောက်ဆို သူရောက်နေလောက်ပြီလို့တောင် ပြောမိသေးတယ်။ ဒီညနေလည်း ရုံးမှာ ထိုင်နေရင်း IMM ကို စိတ်ရောက်နေဦးမယ်း(

အတွေ့အကြုံတွေ ဆက်ရေးနေဦးနော်.. မျှော်နေတယ်း)))