Friday, August 28, 2009

Santa Claus လေလား (သို့) စကာင်္ပူရောက် အလွဲများ (၈)


Photobucket
မဗေဒါတို့ စကာင်္ပူမရောက်ခင်ထဲက ကြားဖူးထားတာတွေရှိတယ်လေ... နိုင်ငံခြားမှာ ဆိုင်တွေမှာ ပစ္စည်းဝယ်ရင် ဟိုဟာလေး လက်ဆောင်ပေး... ဒီဟာလေး လက်ဆောင်ပေး တတ်တယ်... ငယ်ငယ်တုန်းကဆိုရင် ခရစ်စမတ်နီးပြီဆိုရင် ရုပ်ရှင်တွေထဲကလို ဆန်တာကလော့ ၀တ်စုံကြီးနဲ့ တွေ့ရာလူ လက်ဆောင်လိုက်ပေးတတ်တာတို့... Free Gift ဆိုတာတွေရှိတယ်လို့ ကြားဖူးတာကိုး... အဲဒိတုန်းကတော့ Free Gift တွေရဲ့ နောက်ဆက်တွဲမှာ Terms and Conditions တွေ ပါတတ်တယ်မှန်း ဘယ်သိခဲ့မတုန်း...

မဗေဒါ စကာင်္ပူကို ပထမဆုံးစရောက်တာက ဒီဇင်ဘာ လလယ်လောက်ပေါ့... ခရစ်စမတ်နီးနေတဲ့ ရာသီပေါ့... ရောက်ပြီး ၃ ၄ ရက်လောက်နေတော့ မဗေဒါ့ အစ်မက KFC လိုက်ကျွေးတယ်လေ... နိုင်ငံတကာမှာရှိပေမဲ့ ကိုယ့်နိုင်ငံမှာ မရှိတဲ့ KFC ဆိုတော့ ကိုယ်က မမှာတတ် မပြုတတ်နဲ့ အစ်မက ထိုင်ဆိုတဲ့ နေရာလေးမှာပဲ မျက်လုံးလေး ကလည် ကလည်နဲ့ ဘယ်တစိမ်းကများ ငါ့ကို အင်္ဂလိပ်လိုလာပြောမလဲဆိုပြီး အလကားတွေးကြောက်နေတာ (ကိုယ်က အိမ်မှာသာကျယ်ရဲတာ... မြန်မာပြည်ကရောက်စဆိုတော့ သူတို့ရဲ့ စင်းဂလိပ်ကို နားမလည်သေးတာကတစ်ကြောင်း... အင်္ဂလိပ်လို စကားလာပြောမှာကို ကြောက်နေတာ... အဲလို သတ္တိကောင်းတာ)... ဒီလိုနဲ့ ဟိုကြည့် ဒီကြည့်နဲ့ ကိုယ့်ကိုကိုယ် မကြောက်တဲ့ပုံဖမ်းပြီး ခပ်တည်တည်နေတာပေါ့...

ဒီလိုနဲ့ ဆိုင်ထဲကို လျှောက်ကြည့်တော့... အင်္ဂလိပ်လူမျိုးတစ်ယောက် အိပ်လေးနဲ့ တစ်စားပွဲပြီး တစ်စားပွဲ ၀က်ဝံရုပ်သော့ချိတ်လေးတွေနဲ့ အတူ ခရစ်စမတ်ကဒ်လိုမျိုးလေးတွေကို ရိုရိုကျိုးကျိုး လိုက်ပေးနေတာကို တွေ့ရော... တချို့ဝိုင်းတွေကလဲ ယူတယ်... တချို့ဝိုင်းတွေကတော့ ကြည့်တောင် မကြည့်ဘူး လုံးဝ ခေါင်းခါပြီးတော့ကို ညင်းလွှတ်ကြတယ်...
ဒီတော့ ကျမတွေးမိတယ်... ခရစ်စမတ်မို့လို့ လက်ဆောင်လိုက်ပေးနေတာ ဖြစ်မယ်ပေါ့... ဒါတောင် တချို့လူတွေက မယူချင်ကြဘူး... မယူချင်လဲနေပေါ့ ဒီလောက်တော့လဲ အကြောက်အကန်ညင်းလွှတ်စရာလိုပါဘူး... နိုင်ငံခြားများ ကောင်းလိုက်တာ အလကား လက်ဆောင်ပေးတာတောင် ရိုရိုကျိုးကျိုးလေးနဲ့... ငါ့ကို လာပေးလို့ကတော့ ငါလဲ ယဉ်ယဉ်ကျေးကျေးနဲ့ Thank You လို့ ပြောပြီးကို ယူပြစ်လိုက်မယ်...

တွေးနေတုန်းပဲရှိသေးတယ်... အဲဒိ ဘိုက ကျမထိုင်နေတဲ့နေရာလာပြီးတော့ ၀က်ဝံရုပ်သော့ချိတ်လေးရယ် ခရစ်စမတ်ကဒ်လေးရယ် ထုတ်ပေးပါတယ်... ကျမလဲ စိတ်ထဲမှာ အကြိမ် ၁၀၀ လောက်လေ့ကျင့်ထားတဲ့ Thank You တစ်လုံးကို မထွက် ထွက်အောင် ရင်ခုန်စွာပြောလိုက်ပြီး ယူထားလိုက်တာပေါ့... အဲဒိလူက ကျမကိုပေးပြီးတော့ တခြားဝိုင်းတွေဘက်ကို ဆက်ထွက်သွားပြီး လိုက်ပေးတယ်... ၀က်ဝံရုပ်လေးကလဲ ချစ်စရာလေးပေါ့... အလကားရတာဆိုတော့ နဲနဲသေးပင်မဲ့ ကိုယ့်ကိုကိုယ် ဟုတ်လှပြီဆိုပြီး ပျော်လို့...

နောက်တော့မှ သူပေးတဲ့ ခရစ်စမတ်ကဒ်လေးဘက်ကို ဖတ်ကြည့်လိုက်တော့... သူက ဆွံ့အ နားမကြားသူတစ်ယောက်ဖြစ်ကြောင်း... သူ့ကို ကူညီချင်ရင် အဲဒိ ၀က်ဝံရုပ် သော့ချိတ်သေးသေးလေးကို ၁ခု $5 နဲ့ ၀ယ်ယူအားပေးဖို့ ရေးထားပါလေရော... အဲဒိ အချိန်တုန်းက ၅ဒေါ်လာဆိုတာ အတော်သုံးရပါတယ်... KFC ၁ set ကိုတောင် ၃ ဒေါ်လာကျော်ကျော်လောက်ပဲ ရှိသေးတဲ့ အချိန်ပါ... နောက်ပြီး မြန်မာပြည်က ရောက်တာ ၂ရက် ၃ရက်ပဲ ရှိသေးတဲ့ ကျမအတွက် အရာရာကို ဈေးမေးပြီးတာနဲ့ မြန်မာငွေ ပြန်ပြန် တွက်တတ်တဲ့ အကျင့်ကရှိနေသေးတာက တစ်ကြောင်း... နောက်ပြီး စကာင်္ပူရောက်စ ကျမရဲ့ Financial ကိုလဲ ကျမအစ်မကသာ ဦးစီးထားတဲ့အတွက်လဲ ကျမမှာ ငွေပို ငွေလျှံမရှိပါဘူး... ဒီလိုနဲ့ပဲ ဆန်တာကလော့ကြီးလို့ ထင်ခဲ့မိတဲ့ ဘိုကြီးရဲ့ Free Gift လေးဟာ... တကယ်တော့ ဗြဟ္မာကြီးဦးခေါင်းလို ကျမလက်ထဲကို ရောက်ရှိနေပါပြီ... လွှတ်ချလိုက်ရလဲ အခက်... ကိုင်ထားတော့လဲ မရနဲ့ဆိုသလို... ပြန်ပေးလိုက်ရမှာ ရှက်လဲရှက်တယ် ဘိုကြီးကိုလဲ ဆွံ့အ နားမကြားဆိုတော့ သနားလဲသနားတယ်... ကျမရဲ့လက်ထဲမှာလဲ ပိုက်ဆံမရှိ... အစ်မလာလို့ သိရင် ဘာလို့ယူထားလဲဆိုပြီး ဆူခံရအုံးမယ်... အခက်ကိုတွေ့ရော...

အစ်မပြန်လာတော့ ကျမလဲ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တာပေါ့... ထင်တဲ့အတိုင်းပဲ နဲနဲတော့ အပြောခံရတာပေါ့... ဒါပေမဲ့ ကျမကလဲ "ဆန်တာကလော့ ထင်လို့" လို့ပြောလိုက်တော့ သူလဲ ရီချင်တာကို ကျိတ်နေလိုက်ပုံရပါတယ်... ဆက်တော့မဆူတော့ဘူး... အဲဒိဘိုက သူပေးခဲ့ စားပွဲတွေက အရုပ်တွေကို ၀ယ်တဲ့သူကိုလဲ ရောင်း... မ၀ယ်တဲ့သူတွေကိုလဲ ပြန်လိုက်သိမ်းလုပ်နေပါပြီ... ကျမလဲ ပြန်ပေးလိုက်ရမှာလဲ အလွန်မှ မျက်နှာပူပါတယ်... သနားလဲ သနားပါတယ်... ဒါနဲ့ ကျမအစ်မကို ၀ယ်ချင်လဲဝယ်... မ၀ယ်လဲ သူပဲ ပြန်ပေးလိုက်ဖို့ပြောပါတယ်... အမှန်တော့ တခြားဝိုင်းတွေလဲ ၀ယ်တဲ့ဝိုင်းက တော်တော်ရှားပါတယ်... ကျမတို့ဝိုင်းရောက်လာတော့ ကျမအစ်မလဲ ကျမကို အနည်းငယ် ညိုညင်ပြီး အဲဒိဘိုကို "Sorry..." ပေါ့... ဆိုပြီး ပြန်ပေးလိုက်ပါတယ်... ကျမလဲ အားတွေနာပြီး... သူ့နောက်က သံယောင်လိုက်ပြီး... ဆောရီး... ဆောရီး...တွေ ဘယ်နှစ်ခါလောက် ပြောလိုက်မိမှန်းတောင် မသိပါဘူး... ဆွံအ နားမကြားဆိုတော့ ကျမပြောတာလဲ သူကြားရဲ့လားတောင် မသိပါဘူး... ကျမကတော့ အဲဒိလူ မျက်နှာတောင် မကြည့်ရဲဘူး... ဖြစ်နိုင်ရင်လေ ငါ့မှာ ၀ယ်စရာ ၅ဒေါ်လာ တော့မရှိဘူး.. ငါ့ KFC ကြက်ကြော် ၁တုံးယူစားလို့သာ ပြောလိုက်ချင်ပါတယ်... ဒါပေမဲ့လဲ အဲဒိဘိုလဲ သော့ချိတ်နဲ့ ကဒ်လေးပြန်ပေးလိုက်တာနဲ့ ဒီလိုပဲ ရိုရိုကျိုးကျိုးလေး ပြန်ယူပြီး ထွက်သွားပါတော့တယ်...

မဗေဒါရဲ့ အမှားကို သင်ခန်းစာယူပြီး နောင် စကာင်္ပူလာမဲ့ မောင်ညီမလေးတို့ရေ... တကယ်တန်းကျတော့ စကာင်္ပူမှာ ဆန်တာကလော့ မရှိပါဘူးကွယ်....


14 comments :

Vista said...

ဖြစ်ရလေ ဗေဗေရယ်
တို့ တုံးကတော့ဝယ်လိုက်တယ် ပန်းရောင်ဝက်ရုပ်လေး
ချလူလေးပါလို့ ဖုန်းမှာတတ်တာ
အခုတော့ပြတ်သွားပြီး ဝက်ရုပ်ပဲကျန်တယ် ၃$ ထင်တယ် အဲတုံးက

FFOX said...

သြော် အဲဂလိုလည်း လွဲခဲ့တာကိုး...မှတ်သားထားအုန်းမှပဲ.

ခရေညို said...

ခရေညို လည်:အဲဒီလို ကြုံဘူးတယ် မဗေဒါ ရဲ့။
တော်သေးတာ ပေါ့မဗေဒါအမ ကဘာမှမပြောလို့

sin dan lar said...

ငါ့ကြက်ကြော် ၁ တုံးယူစားတဲ့လား...ဟားဟား....
၁ တုံးထဲလား....။

mabaydar said...

အင်းပေါ့ Vista ရယ်... ခုအခြေအနေနဲ့ဆိုရင်တော့ ၀ယ်လိုက်ပါတယ်... အဲတုန်းကတော့... ဟင်းးးးးးး

FFOX ဟုတ်.. သေချာမှတ်ထားလိုက်နော်.. နောင်လာနောက်သားတွေ ပြောပြလို့ရအောင်.. ဟဲ.. ဟဲ

ခရေညိုရေ... နဲနဲတော့ ညိုညင်ခံလိုက်ရပါသေးတယ်...

sin dan lar ရေ... ရှိတာမှ ၂ တုံး ၁ တုံးကျွေးတော်ရောပေါ့... ဟုတ်ဝူးလား...

ကိုရင်နော်ခင်လေးငယ် said...

မှားတဲ့ အခါလည်း မှားပေမပေါ့..း)
Thank You တွေနဲ့ ယူထားလိုက်ပြီး.. မယူဖြစ်ပြန်တော့ Sorry တွေနဲ့ ပြန်ပေးလိုက်တာလည်း သူတို့တွေခမျာ စိတ်မဆိုး၊ စိတ်မကွက်ပဲ အေးဆေးပြုံးပြ ထွက်သွားကြတာ ကြံဖန်အတုယူစရာပဲ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ZT said...

ဖြစ်မှ ဖြစ်ရလေ။ ကြက်ကြော်ပဲလား။ အအေးရော မတိုက်ချင်ဘူးလား။ :D

ဆ၇ာမိုး said...

မဗေဒါတို့များ အလကား၇၇င် အကုန်လိုချင်တယ်... အဲဒီ အကျင့်ကို ဖျောက်ထား

မိုးခါး said...

သနားပါတယ် အမရာ
ကြက်ကြော်တတုံးလောက် ကျွေးလိုက်တာမဟုတ်ဘူး :P
တကယ်တော့ ညီမကိုယ်တိုင်လည်း အဲလိုလူတွေမြင်ရင် ဟုတ်ဟုတ် မဟုတ်ဟုတ် သနားတာက အရင် ဒါနဲ့ပဲ ခံ ခံ နေရတယ် ..း(

Life is for Success said...

happy to read new post...

မီးမီးချစ် said...

တို့ လဲ ရောက်ခါစ က မက်ဒေါနယ် က ၂၅ ပြားတန် ရေခဲမုန့် ကို မဝယ်ရဲဘူး.. စားသောက်ဆိုင်ထဲ ဝင်ပြီး ဘာမှမစားပဲ ရေသန့်ဘူးပဲ ဝယ် သလို ဖြစ်နေလို့ ....
မဆီမဆိုင် တွေးပြီးရှက်တာ.. ပြန်တွေးကြည့်တော့ ရယ်စရာကြီး ဟားဟား

yangonthar said...

အစ်မ ဗေဒါရေ ရန်ကုန်သားလာလည်ပါတယ်
ကျနော်ဆီလာလည်တဲ့ အတွက်လည်းကျေးဇူး
ပါ အလွဲလေးကို ဖတ်သွားတယ် ဖြစ်နေတုန်း
ကတော့မျက်နှာပူစရာပေါ့ ခုတော့လည်း ရယ်
မောစရာပေါ့နော် ....
အေးမြသာယာပါစေ
ရန်ကုန်သား :D

Anonymous said...

မဗေဒါရေ။ သားသားနဲ့ တုန်းကတော့ ဘိုမလေးတယောက်နဲ့ ဆုံလိုက်ရတယ်။ မဗေဒါအတိုင်းပါပဲ။ သားသားကတော့ ကလေးဆိုတော့ သူ့ ကို KFC ဆိုင်ကလက်ဆောင်ပေးတာပါဆိုပြီး အတင်းယူထားတော့ အမမှာ၂ခုအတွက် 10$ ပေးလိုက်ရတယ်။ တော်ပါသေးရဲ့။ ၂ခုထဲလာချလို့။ ကလေးဆိုတော့ Ben10 နဲ့  Tiger လေ။

Anonymous said...

ရယ်ရတာ အူနာလို့ သေတော့မယ် ကြက်ကျော်တောင်ကျွေးလိုက်ချင်စိုပဲ နဂို မဖတ်ရသေးတဲ့အလွဲတွေ အကုန်ဖတ်သွားတယ်

ခရေဖြူ