Monday, March 30, 2009

ကြည့်ဖြစ်သမျှ... သဲထိတ်ရင်ဖို ကားများ..


ခုတလော သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ရုပ်ရှင်ပဲ ကြည့်ဖြစ်တယ်... တခြားလဲ ဘယ်မှသွားစရာမရှိ.. ကိုယ်ကိုတိုင်ကလဲ ရုပ်ရှင်ပဲကြိုက်တော့ ဒါပဲလုပ်ဖြစ်တယ်... ဒါပေမဲ့ ကြည့်မယ်စိတ်ကူးပြီးသွားတာက တစ်ကား.. တစ်ကယ်တမ်း ဟိုရောက်ရင်လက်မှတ်မရတာနဲ့ နေရာမကြိုက်တာနဲ့ တကယ်တမ်းကြည့်ဖြစ်လိုက်တာက တစ်ကားဖြစ်ဖြစ်နေတယ်.. နောက်နေ့ မကျေပွဲနွှဲပြီး ထပ်သွားပြန်လဲ.. အဲလိုပဲ.. ရည်ရွယ်တဲ့ကားကို မကြည့်ဖြစ်ဘူး...

လွန်ခဲ့တဲ့ ၂ပတ်လောက်ကလဲ... တွန်ခရုရဲ့ ဟစ်တလာကို လုပ်ကြံတဲ့ကား Valkyrie ဆိုလား အဲကား..ကြည့်မယ်ဆိုပြီးသွားပါတယ်... ပြီးတော့ Midnight show ထိလူပြည့်နေတာနဲ့ပဲ My Bloody Valentine ဆိုတဲ့ကားကို ဘာမှန်းမသိပဲ ၀င်ကြည့်ဖြစ်လိုက်ပါတယ်.. (နောက်တစ်နေ့မှ Valkyrie ထပ်သွားကြည့်မယ်ဆိုတော့.. အဲကားကို စကာင်္ပူအစိုးရက ပိတ်လိုက်ပြီဆိုလားပဲ.. ဟုတ်မဟုတ်တော့မသိ)

အစက ဘာဇာတ်လမ်းမှန်းမသိပဲနဲ့ကို ၀င်ကြည့်ပြီးတော့မှ လူသတ်ကားဖြစ်နေပါရော.. အရင်ကလဲ လူသတ်ကားတွေကို ကျမကြည့်ဖူးပါတယ်.. I know What you did last summer, scream စသည်ဖြင့်ပေါ့လေ.. တော်တော်များများက ကားစစခြင်းမှာ ကြမ်းကြမ်းတမ်းတမ်းသတ်တာ မရှိပါဘူး.. ဇာတ်လမ်းလေးအရင် ပျိုးပြီးမှ နောက်ပိုင်းသတ်တာပါ.. အမယ်လေး.. အဲဒိ My Bloody Valentine ကတော့ စလာကတည်းက သတ်တာ သတ်တာ.. ရိုးရိုးတောင်မဟုတ်ဘူး.. ရက်ရက်စက်စက်ကိုသတ်တာ... ကိုယ်တွေ ၂ပိုင်းပြတ်. ဆေးရုံတစ်ရုံလုံးသွေးတွေနဲ့ သေနေတာ... နှလုံးတွေ ထုတ်ထားတာ.. အားပါးပါး.. စိတ်ကို ကုန်ရော... နောက်ပိုင်းလဲ မင်းသမီး မင်းသားတွေလာတော့လဲ ဒီတိုင်းပဲ... မိုင်းထဲမှာ သတ်တာ.. ကျောက်တူးတဲ့ ပေါက်တူးကြီးနဲ့ နောက်စိကနေ ထိုးလိုက်တာ.. မင်းသမီးမျက်စိရှေ့ကလူ မျက်လုံးကြီးထွက်ကျလာတာ... ပြောရင်းနဲ့ ကျက်သီးတွေထလာပြီ.. တော်ပြီ ပြောတော့ဘူး.. ကြည့်သာ ကြည့်လိုက်တော့..

အဲ.. အဲကားရဲ့ ကောင်းကွက်ကတော့ မင်းသား ၂ယောက်လုံး ချောတယ်.. မင်းသမီးလဲ ချောတယ်... မင်းသားတစ်ယောက်က Heroes ကားထဲက မင်းသားပဲ.. နောက်တစ်ချက်က ကားဆုံးခံနီးအထိ လူသတ်သမားက အဲဒိမင်းသား၂ယောက်ထဲက ဘယ်သူဖြစ်နိုင်လဲဆိုတာကို ပရိတ်သတ်ကို ဒွိဟပွားစရာလုပ်ပြထားတယ်.. ဟိုလူဖြစ်မှာပါလေ.... အဲ... ဒီလူဖြစ်နိုင်တယ်.. နဲ့ နောက်ဆုံးထိဆွဲသွားတာပါ.. လူသတ်ကားပါဆိုမှတော့ လူသတ် ပတ်စက်တာကို complain တက်မိတဲ့ ကျမအပြစ်ပဲဖြစ်မှာပါ... ကဲ.. Horror ကားတွေကြိုက်တဲ့သူတွေ ကြည့်ရဲတယ်ဆိုရင်တော့ ကြည့်ကြည့်ကြပေါ့ကွယ်...

မဗေဒါတော့ အဲကားကြည့်ပြီး တိုက်စီနဲ့ ပြန်တော့ အတွေးက စူးရောက်ပြီးတော့ တိုက်စီသမားကြီးများ စိတ္တဇ လူသတ်သမားကြီးဖြစ်နေရင်ဒုက္ခဆိုပြီး ကြောက်လို့.. သူငယ်ချင်းနဲ့ အိမ်ပြန်မရောက်မချင်း ပြောစရာမရှိ ပြောစရာရှာပြီး ဖုန်းပြောနေရတယ်...

အဲ.. ခု ရုံတင်နေတဲ့ သရဲကားတွေထဲမှာ အရမ်းလဲ ကြည့်ချင်တယ်.. ဒါပေမဲ့ အရမ်းလဲ ကြောက်တဲ့ ၁ကားရှိတယ်.. ခုထက်ထိ မကြည့်ရသေးဘူး.. အဲဒါကတော့ Coming Soon ဆိုတဲ့ ယိုးဒယားသရဲကား... မဗေဒါအကြောက်ဆုံး သရဲကားတွေကို ပြပါဆိုရင် ယိုးဒယားသရဲကားတွေပဲဖြစ်မယ်.. သရဲကားရိုက်တဲ့နေရာမှာတော့ မဗေဒါအထင် ယိုးဒယားကို ဘယ်သူမှ မမှီဘူး... ဟောလိဝုဒ်တောင် မမှီဘူး.. အဲလောက် ကျက်သရေတုံးတုံး.. အဲလောက် creepy ဖြစ်ဖြစ် ရိုက်နိုင်တာ သူတို့ပဲ.. ပြီးတော့ သူတို့ သရဲကားတွေက ဇာတ်လမ်းဇာတ်ကွက်ကောင်းတယ်.. သရဲဘာကြောင့်ဖြစ်လာရတာလဲ.. သရဲကဘာလို့ အဲဒိလူတွေကို လိုက်သတ်တာလဲ.. သေသေချာချာ ပရိတ်သတ်နားလည်အောင် ရှင်းပြတယ်.. ဇာတ်ရည်လည်တယ်ပေါ့.. နောက်တစ်ခုကြိုက်တာက မြန်မာနဲ့ နီးစပ်လို့လဲ ဖြစ်နိုင်တယ်..

ဘုန်းကြီးတွေ ပရိတ်ရွတ်တာ ဘာညာက မြန်မာနဲ့ တူတူပဲ.. ပြီးတော့ ဘုန်းကြီးဝတ်ပုံ ဘုရားစာအကုန်လုံးက မြန်မာနဲ့တူတယ်.. ဒီတော့ မြန်မာကားကြည့်နေရသလိုပဲ.. မှတ်မှတ်ရရပြောရရင် Nang Nak ဆိုတဲ့ သရဲကားမှာ သရဲမကို မနိုင်တော့ ရွာဦးကျောင်းက ဘုန်းကြီးကျောင်းမှာ ပရိတ်တွေရွက်ကျတာ.. အတော်ကြည့်ကောင်းတယ်.. ယောကျာင်္းတွေကလဲ ပုဆိုးလိုလိုဘာလိုလို နံငယ်ပိုင်းလေးတွေဝတ်တယ်.. မိန်းမတွေကလဲ ထမိန်ရေလျားလိုမျိုးဝတ်တယ်.. အဲကားက ယိုးဒယားကို မြန်မာမင်းတွေ သိမ်းတဲ့ခေတ်လောက်ကို ပြန်ရိုက်ထားတာ.. အရမ်းကြောက်ဖို့ကောင်းပြီး.. အရမ်းကြည့်လို့ကောင်းတဲ့ သရဲကားတစ်ကားပဲ.. ယိုးဒယားသရဲကားကို စစွဲတာ အဲကားက စတာ...

ကြည့်ပြီး အကြောက်မပြေပဲ သရဲကားတွေကို ၁နှစ်တိတိဖြတ်ထားခဲ့ရတဲ့ကားက ယိုးဒယားသရဲကား Shutter ပဲ.. အဲကားကြည့်ပြီး ညအိပ်ရင် ကုတင်ခြေရင်းကနေ စောင်လာဆွဲမှာ ကြောက်ပြီး တစ်ကိုယ်လုံးကို စောင်ထုတ်ပြီး အိပ်ရတယ်.. ကိုယ့်ဟာကိုယ် ကွန်ပြူတာကြည့်တာများပြီး ဇာတ်ကြောတက်လဲ.. သရဲမများ ဂုတ်ပေါ်ခွစီးနေလို့ ဇာတ်နာတာလားဆိုပြီးတွေးမိတယ်.. အလုပ်မှာ အိမ်သာတက်လို့ ၁ယောက်ထဲဖြစ်လဲကြောက်တယ်.. ဒါပေမဲ့ ဘေးခန်းမှာ လူသံကြားလဲကြောက်တယ်.. လူမဟုတ်ပဲ သရဲဖြစ်နေမှာစိုးလို့.. နေစရာကို မရှိဘူး... အဲဒိကားကို ဟောလိဝုဒ်က ပြန်ရိုက်တာ လုံးဝကြည့်မကောင်းဘူး.. ကိုယ်ပဲ ဇာတ်လမ်းသိနေလို့လားတော့သိဘူး.. ဒါပေမဲ့ မဆိုင်ပါဘူး.. ယိုးဒယားကား ဘယ်အချိန်ပြန်ကြည့်ကြည့်ကြောက်တယ်...

Shutter ကြည့်ပြီး တော်တော်နဲ့ သရဲကား မကြည့်ဖြစ်တော့ဘူး.. ၁နှစ်ကျော်လောက်ကြာမှ The return of Nang Nak တို့ Alone တို့ ရုံမှာ သွားကြည့်ဖြစ်တယ်... သရဲကားကို ကြောက်လဲကြောက်တယ်.. ဒါပေမဲ့ ကြည့်ရင်လဲ ရုံမှာကြည့်ဖြစ်တာများတယ်.. ဘာလို့လဲဆိုတော့ အဲလို ကြည့်မှ ပိုကြောက်ဖို့ကောင်းပြီး တန်တယ်လို့ခံစားရတယ်.. အချစ်ကားရိုးရိုးတွေ ရုံမှာကြည့်ရတာ မတန်ဘူးလို့ ခံယူတယ်... ရုံမှာ ကြည့်ရတာ တန်တဲ့ကားတွေက.. Action, Horror, fighting, music, Good Graphic and Animation ပါတဲ့ကားမျိုးတွေဆိုတန်တယ် လို့ ခံစားရတယ်.. comedy နဲ့ romance တွေကို ရုံမှာကြည့်ရတာ ဒီလောက်မကြိုက်ဘူး..

ပြီခဲ့တဲ့ အပတ်လောက်တုန်းက လဲ ကြည့်မယ်ဆိုပြီးသွားတာက ၂၀၀၈ခုနှစ်အတွက် Oscar ၈ ဆုတောင်ရထားတဲ့ Slumdog Millionaire ဆိုတဲ့ Bollywood ကရိုက်တဲ့ကား.. ဒါပေမဲ့ ပြသချိန် ကျော်သွားတာနဲ့ တခြားကား 12 Rounds ဆိုတဲ့ Action ကားကို ကြည့်ဖြစ်လိုက်တယ်.. ဆိုးပါဘူး.. သူက Speed တို့လို ကားမျိုးကို ဆန်ဆန်ရိုက်ထားတာ..

ဒါနဲ့ တနေ့ကတော့ ရုပ်ရှင်ကြည့်နေကျ သူငယ်ချင်းက The Unborn ကြည့်မလားဆိုတော့.. ကြည့်မယ်ပေါ့.. အဲဒါလက်မှတ်မရရင်တော့ ကိုယ်ကြည့်ချင်နေတဲ့ Slumdog millionaire ကြည့်မယ်ပေါ့.. ခုလောက်ဆို ရုံတင်တာလဲ ကြာလို့ တချို့ရုံတွေမှာတောင် မရှိတော့ဘူး.. ဒါပေမဲ့လဲ.. ဖြစ်ချင်တော့ ၂ကားလုံးက ရှေ့ဆုံး ၂လိုင်းပဲ ကျန်တော့တယ်တဲ့.. စကာင်္ပူမှာလဲ စီးပွားမကောင်းလို့ အလုပ်တွေပိတ်တိုင်းလူတွေ ရုပ်ရှင်ပဲကြည့်နေကြလားမသိဘူး.. ဘယ်ရုံသွားသွား အရင်လို ချောချောချူချူကိုယ်ကြိုက်တဲ့နေရာမရဘူး..

ဒါနဲ့ ယှဉ်ကြည့်လိုက်တော့.. The Unborn ကရိုးရိုးရုံဆိုတော့ ဈေးက ပုံမှန်ဈေး ၉ကျပ်ခွဲ.. Slumdog Millionaire က Gold Class တန်းမှာ ပြတာဆိုတော့ တစ်ယောက်ကို ၃၆ကျပ်.. ဒါပေမဲ့ ရုံက အပြန်စား.. ထိုင်ခုံတွေက အကြီးကြီးတွေ.. အအေးတွေ မုန့်တွေလဲ ပါသေးလားသိဘူး.. ထင်တာပြောတာ.. ဒါပေမဲ့လဲ ရှေ့တန်းကြီးထိုင်ရမဲ့တူတူ ၃၆ကျပ်တန်းတော့ မကြည့်တော့ဘူးဆိုပြီး The Unborn ဆိုတဲ့ အင်္ဂလိပ်သရဲကားပဲ ကြည့်ဖြစ်တော့တယ်...


အစက ယိုးဒယားသရဲကား Unborn ကိုပြန်ရိုက်တယ်ထင်နေတာ.. တကယ်တော့မဟုတ်ဘူး.. သူက ဇာတ်လမ်းသက်သက်.. အမွှာမှာ တစ်ယောက်ကမွေးပြီး နောက်တစ်ယောက်ကသေတယ်.. သေတဲ့တစ်ယောက်က ရှင်တဲ့တစ်ယောက်ကို လိုက်ခြောက်တာ.. ဇာတ်လမ်းကကောင်းကောင်းတော့နားမလည်ဘူး.. လန့်နေတာနဲ့ စကားပြောတာတွေလဲ သေချာနားမထောင်ဖြစ်ဘူး.. အထူးသဖြင့်.. အင်္ဂလိပ်သရဲကားတွေက ယိုးဒယားသရဲကားတွေကို လူကို ကြောက်အောင် မခြောက်ပဲ .. လန့်အောင် လှန့်တာဆိုတော့.. အသံကို အာရုံအရမ်းထားနေတုန်း.. အုံး ဒိုင်း ဆိုရင် လန့်လန့်သွားတယ်...

ပြောရရင်တော့ဖြင့် လန့်တာနဲ့ ကြောက်တာမတူဘူးရှင့်.. လန့်တာက အဲဒိ တစ်ခဏမှာ မထင်မှတ်တုံး အသံနဲ့ လှန့်လိုက်တာ.. ကြောက်တာက ကြည့်ပြီးသွားလဲ တစိမ့်စိမ့်တွေးပြီး ကြောက်အောင် ခြောက်တာ..
ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်သရဲကားတော်တော်များများက လှန့်တယ်.. ယိုးဒယားသရဲကားတွေက ခြောက်တယ်.. ပြီးတော့ နောက်တစ်ခု မကြိုက်တာက.. အင်္ဂလိပ်သရဲကားတွေက effect တွေ မိတ်ကပ်တွေသုံးနိုင်တိုင်း.. ဘာတွေမှန်းမသိဘူး.. ညစ်ပတ်တယ်.. The Unborn ထဲမှာဆိုရင် အိမ်သာထဲမှာ ချောက်တဲ့ အခန်းဆို.. ပိုးဟပ်တွေရော.. နံရံထဲကနေ ဘာကောင်ကြီးမှန်းမသိတာက ထွက်လာသေးတယ်.. ညစ်ပတ်တယ်.. အဲ.. မင်းသမီး မျက်နှာသစ်နေကျ ဘေစင်က မှန်ကို ဖွင့်လိုက်တော့ ဘွားကနဲ သရဲလေးထွက်လာတဲ့ အခန်းတော့ တော်တော်ကြောက်တယ်.. မဗေဒါတောင် ရုံထဲမှာ အော်လိုက်မိသေးတယ်...

ဒါပေမဲ့လဲ အနည်းနဲ့ အများတော့ ကြောက်တာပါပဲလေ... အဲကားကြည့်ပြီး အိမ်ပြန်ပြီး နောက်နေ့ အလုပ်သွားဖို့ မနက်ထတော့ ကိုယ့်အလုပ်က အစောဆုံးဆိုတော့ ဘယ်သူမှ မနိုးသေးဘူး.. နောက်ဖေးဝင်ပြီး တစ်ယောက်ထဲမျက်နှာသစ်ရမှာကြောက်တာနဲ့.. အဖေနဲ့ အမေကြားဝင်အိပ်ပြီး ရှုပ်လိုက်သေးတယ်.. မေမေက အိုက်လို့ နိုးသွားတော့မှ သူ နောက်ဖေးဝင်တုန်း အမြန်လိုက်ဝင်ပြီး မျက်နှာသစ်ရတယ်.. ဟီး.. ဟီး.. ဒါပေမဲ့လဲ မကြောက်ဖူးလို့ စိတ်ကမှတ်လိုက်ရင်လဲ မကြောက်တော့ပါဘူး.. အားကိုးရှိလို့ အားကိုးချင်နေတာလေ.. ဒါပေမဲ့ ယိုးဒယားသရဲကားကြည့်ပြီးရင်တော့ မကြောက်ဖူးမှတ်လဲ တော်တော်ကြောက်သေးတာပဲ.. အဲဒါကြောင့် Coming Soon ကိုတောင်သွားမကြည့်ဘူး.. သိနေတယ်.. နာမည်ကြားကတည်းကရော.. ဇာတ်လမ်းသူများပြောပြလို့ သိတာနဲ့တင် ကြောက်နေပြီ..

မနက်ဖြန်တော့ မကြည့်လိုက်ရမရှိရလေအောင် Slumdog Millionaire သွားကြည့်မယ်.. ကြည့်ပြီးတဲ့သူတွေကတော့ တော်တော်ငိုရတယ်ပြောတာပဲ.. သနားစရာကောင်းလို့တဲ့.. ဘာပဲပြောပြော အော်စကာ ဆိုတာ မြန်မာပြည်က အကယ်ဒမီလိုပေးချင်တဲ့လူပေးနေတာမှ မဟုတ်ပဲ.. တကယ်ကောင်းလို့ပေးတာပဲ ဖြစ်မယ်.. ပြီးတော့ ၈ခုတောင်ရထားတာဆိုတော့. ရုံမှာ ကြည့်ဖြစ်အောင်ကို သွားကြည့်အုံးမယ်.. မနက်ဖြန်သေချာပေါက်သွားကြည့်မယ်.. ရုံအားလုံးနီးပါးတော့မရှိတော့ဘူး.. Vivo city မှာတော့ ညနေပိုင်းအချိန်ရှိသေးတယ်.. တွားအုံးမှာ.. ဘိုင်.... ဘိုင်...

7 comments :

မိုးခါး said...

အဲဒီ my bloody valentine ကားကြည့်ပြီး အိပ်မက်ဆိုးတောင်မက်တယ် .. နောက်နေ့နေ့လည်အိပ်တော့လည်း မြင်နေသေးတယ် .. သရဲကား လူသတ်ကား ကြိုက်လည်းကြိုက်တယ် ကြောက်လည်းကြောက်တယ် ..း(

Unknown said...

သရဲကားဆို လုံးဝမကြည့်ဘူးဗျ။ လက်ခံလို့ မရလို့လေ......

Unknown said...

Action နဲ့ romantic ပဲကြိုက်တယ်။

mabaydar said...

ဟုတ်.. မဗေဒါလဲ သိပ်တော့ လက်မခံပါဘူး.. ဒါပေမဲ့ ဘာရယ်ညာရယ်မဟုတ်ဘူး.. သူတို့က လူကို strong feeling တစ်ခုခုတော့ ပေးသလားလို့.. romance လဲ မဗေဒါကြိုက်ပါတယ်.. ဒါပေမဲ့ ရုံမှာ သိပ်မကြည့်ဖြစ်တာကိုပြောတာ..

ZT said...

သရဲကား ကြည့်ရင် ကြောက်စရာ မကောင်းဘူး။ အတူတူကြည့်တဲ့ ကြောက်တတ်တဲ့ သူငယ်ချင်းတွေကို ရုံထဲမှာ လိုက်ခြောက်နေရတာ ပိုပျော်စရာ ကောင်းတယ်။ :D

mabaydar said...

အမယ်လေးလေး.. တော်တော်ကောင်းတဲ့ သူငယ်ချင်းပဲ.. သူငယ်ချင်းတော်ရမှာတောင် ကြောက်တယ်.. ကိုဇတ်တီရယ်..

ကြည် said...

တစ်ကယ်ကြိုက်တာကတော့ Action နဲ့ romantic ပေါ့။ ဒါပေမဲ့ ကောင်းတဲ့ကားတွေတော်တော်များများကြည့်ဖြစ်တယ်။သရဲကားထဲမှာလည်းမဗေဒါပြောတဲ့ I know What you did last summer, scream ၊ Nang Nak အကုန်ကြည့်ဖူးတယ်။ ခုတလောသရဲကားမကြည့်ဖြစ်တာကြာပြီ။ The return of Nang Nak လည်းမကြည့်ရသေးဘူး။