Thursday, February 26, 2009

Natas ပွဲနဲ့ ကမ္ဘာပတ်ကြရအောင်....

စကာင်္ပူမှာရှိတဲ့ ခရီးသွားဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက် ဈေးချိုချိုနဲ့ ကမ္ဘာအနှံ့ကို လည်လို့ရစေအောင်.. ၁နှစ်မှာ ၂ကြိမ် (လားမသိဘူး.. မသေချာပါ) သာကျင်းပတဲ့ Natas travel Fair ကို Expo မှာ ခု ဖေဖော်ဝါရီ ၂၇ ကနေ မတ်လ ၁ရက်နေ့ အထိ ကျင်းပနေပါပြီ.... အနောက်နိုင်ငံ Europe.. Australia, Greece, New Zeland အစုံအကုန်က အစ.. ကိုရီးယား, CHINA, japan, Thailand, နောက်ဆုံး မြန်မာနိုင်ငံကအစ သွားရောက်လည်ပတ်လို့ရပါတယ်.. (မြန်မာပြည် Package က မြန်မာနိုင်ငံသားတွေအတွက်တော့ မရဘူးထင်တယ်.. )

အိမ်မှာရောက်နေတဲ့ လက်ကမ်းစာစောင်ထဲကအတိုင်းဆိုရင် ဈေးတွေက တော်တော်သက်သာပါတယ်.. ဒါ့ အပြင် Master card ပိုင်ရှင်တွေအတွက် ကံစမ်းမဲ အစီအစဉ်တွေနဲ့ ဆုမဲပေါင်းများစွာရှိတယ်လို့လဲ သိရပါတယ်... မဗေဒါကတော့ ခရီးသွား ၀ါသနာအိုးဆိုတော့.. အဲဒိကနေ တစ်ခုမဟုတ်တစ်ခုတော့ ၀ယ်လိုက်အုံးမယ်.. ကိုယ်မရောက်ဖူးတဲ့ နေရာဒေသကို သွားရတာဟာ စိတ်လှုပ်ရှားပျော်ဖို့ကောင်းပြီး ဗဟုသုတ အတွေ့အကြုံလဲရလို့ ခရီးသွားရတာကို တန်တယ်လို့ထင်ပါတယ်.. ခု Natas ပွဲက ဈေးတွေနဲ့ဆိုရင်တော့... သွားအုံးမှာ...............
အောက်မှာတော့ Natas ပွဲ info လေးပါ...

Venue : Singapore Expo, Halls 4 & 5

Date & Time : 27 Feb - 01 Mar 2009
Opening Hours : 12.00pm – 9.30pm (27 Feb, Fri),
10.00am – 9.30pm (28 Feb & 01 Mar, Sat &Sun)
Admission Fee : S$3 per adult, Children below 12 years FREE


၂၀၀၉ မှာ စက်ရုံ shut down တွေရှိလို့ leave တွေ clear ရမှာမို့ပဲဖြစ်ဖြစ်... ကျဉ်းကျပ်လှတဲ့ စကာင်္ပူ လူနေမှုကြီးနဲ့ အဝေးကို အပြောင်းအလဲ အပန်းဖြေဖို့ပဲ ဖြစ်ဖြစ်... ခရီးသွား အတွေ့အကြုံသစ်တွေ, ယဉ်ကျေးမှုတွေ, adventure တွေ, shopping နဲ့ culinary delights တွေဖို့ပဲ ဖြစ်ဖြစ်... မဗေဒါနဲ့ အတူ ကမ္ဘာပတ်ကြရအောင်လား.......

(မဗေဒါ အဲဒိ Natas ပွဲ သွားပြီး ပြန်လာမှ ပြောပြအုံးမယ်.. သောကြာ ဒါမှ မဟုတ်. စနေနေ့သွားမယ်... စိတ်ဝင်စားရင်တော့ မဗေဒါပြောပြမှာကို စောင့်မနေနဲ့တော့.. နောက်ကျကုန်မယ်နော်...)

Wednesday, February 25, 2009

ကျမနဲ့ ပျောက်ဆုံးနေသော confidence

(photo soruce: google)


ခုတလော ဘလော့ရေးမယ်လို့ ကြံလိုက်တိုင်း ဘယ်အရာက တားဆီးထားမှန်းမသိဘူး.. လက်က တွန့်တွန့်နေတယ်... ခေါင်းထဲရောက်တာ ရေးမချခင် ၂ခါပြန်စဉ်းစားလိုက်တိုင်း မရေးဖြစ်တော့တာက များတယ်.. အရင်ကဆို ရေးချင်တာ စိတ်ထဲပေါ်လာတာနဲ့ ကောက်ရေးလိုက်တာပဲ... ခုကျတော့ ရေးလို့သင့်တော်ပါ့မလား... ဖြစ်ပါ့မလား... ကောင်းပါ့မလား.. ငါရေးချင်တာကတခြား.. စာဖတ်သူ နားလည်တာက တခြားဖြစ်နေမလား.. ကိုယ်ရေးတဲ့စာက မတော်တဆများ တစ်စုံတစ်ယောက်သွားထိခိုက်သွားမလား... ကိုယ့်အကြောင်းကိုယ်ရေးမယ်ဆိုတော့လဲ တချို့ကိုယ့်အကြောင်းတွေက အပြင်က မဗေဒါကို မနာလိုဖြစ်နေတဲ့ သူတွေဖတ်ပြီး တိုက်ခိုက်တာခံရမလား... ကိုယ်မြင်တာတွေ့တာ အမြင်မတော်တာလေးတွေ ရေးမလားစဉ်းစားပြန်တော့လဲ ကိုယ့်ကိုကိုယ်ပြန်ပြောမိတယ်... "ညဉ်းကဘာမို့လို့လဲ"တဲ့...
ရသစာပေလေးတွေ သူများလို ရေးမလားဆိုတော့လဲ ဖြစ်ဖြစ်မည်အောင် ဖွဲ့နွဲ့မရေးတတ်.. ဒီလိုနဲ့ စာဖတ်အားနည်းနေလို့ဖြစ်မှာပါလေဆိုပြီး.. သူများတွေရေးထားတာ တတ်နိုင်သလောက်လိုက်ဖတ်.. လိုက်လေ့လာကြည့်တော့.. ပိုပို အားကျလာသလို.. ပိုပိုပြီး ရေးရမှာလက်တွန့်လာတယ်.. သူများတွေများ ကောင်းလိုက်တဲ့ အိုင်ဒီယာတွေ.. ကောင်းလိုက်တဲ့ အရေးအသားတွေ...

တကယ်ပါ.. ဘလော့ အကောင့်စဖွင့်တုန်းက ဒီလိုပဲ အွန်လိုင်းပေါ်ကိုယ်ရေးချင်တာလေးတွေရေးမယ်.. စိတ်ထဲရှိတာတွေ တစ်ယောက်ထဲပေါက်ကွဲမယ်.. မကျေနပ်တာတွေ ဒီလျှို့ဝှက်ချက်ထဲမှာ သိုမှီးထားရင် မျိုသိပ်မယ်.. ကိုယ်ကြိုက်တဲ့ အရာတွေ ဥပမာ ရုပ်ရှင် အကြောင်းတွေ အပြင်မှာ ကိုယ်ပြောရင် လူနားမထောင်ချင်တဲ့အရာတွေ အွန်လိုင်းမှာ တစ်ယောက်ထဲပြောမယ်ပေါ့.... နောက်တော့... ရမ်ဘိုရုပ်ရှင်ကားအကြောင်းတင်တဲ့ ပိုစ့်လေးတွေက စပြီး ကွန်မန့်လေးတွေရလာတယ်.. ဘယ်လို ဘယ်လို မဗေဒါ ဘလော့လေးကို ရောက်လာကြတာလဲ မဗေဒါမသိဘူး.. ကိုယ်မသိတဲ့လူတွေက ကိုယ်ရေးထားတာလေးကို စိတ်တူကိုယ်တူ ကောင်းတယ်ဘာညာပြောလာတော့ သဘောကျတယ်.. ပီတိဖြစ်တယ်.. အဲဒိအချိန်တုန်းက မြန်မာဘလော့ဂါက ခုလောက်မများသေးပဲကိုး....

နောက်ပိုင်း တစ်စ တစ်စ.. ကျမ လောဘ တက်လာမိတယ်ထင်ပါတယ်... ကွန်မန့်တွေကို ပိုပိုလိုချင်လာတယ်.. သူများတွေ ကွန်မန့်ရတာကြည့်ရင် အားကျတယ်... ကိုယ်လဲ သူများလို ကောင်းကောင်းရေးချင်တယ်... ခက်တာက မရေးတတ်ဘူး.. အဲ ကွန်မန့်ရတယ်ဆိုတဲ့နေရာမှာတော့ တကယ်အရေးကောင်းလို့ ရတာတွေရှိသလို.. ချစ်သူ ခင်သူ မိတ်ဆွေပေါလို့ ရတဲ့သူ ဆိုပြီး ၂မျိုးရှိတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ ပထမအုပ်စုထဲပဲ ပါချင်တာပဲ... ဘာလို့လဲ ဆိုတော့ ကျမဘလော့စဖွင့်ထဲက ကျမသိခဲ့တာက စာရေးဖို့လေ... ကိုယ့်စာလေးကို အမြင်တူ စိတ်တူလို့ ကြိုက်တယ်ဆို ပျော်ရတာပေါ့.. မိတ်ဆွေ သူငယ်ချင်းရတတ်တယ်ဆိုတာက နောက်မှ သိလာရတဲ့ အသိ.. ပြောရရင်တော့ အပိုဆုလေးပေါ့..

ဒီလိုနဲ့ စိတ်ထဲရှိတာတွေ... ကိုယ့်အကြောင်းတွေ ကိုယ်ထင်ရာတွေ ပျော်ပျော်ကြီး ဆက်ရေးခဲ့တယ်... တဖြည်းဖြည်းနဲ့ ကျမဘလော့ကို ကျမအပြင်က ကျမကိုသိတဲ့သူတွေသိလာခဲ့တယ်.. တချို့သိတာ ကျမအတွက် ကိစ္စမရှိပေမဲ့.. တချို့ကိုကျတော့ ကျမလေ တကယ်ကို မသိစေချင်တာပါ... တချို့က ကျမဘလော့ကို အကောင်းမြင်နဲ့ဖတ်ပင်မဲ့ တချို့ကျတော့ အဆိုးမြင်နဲ့ဖတ်ကြတယ်.. တချို့ဆီက အကြံဥာဏ်ရပေမဲ့.. တချို့ဆီက လှောင်ပြုံးတွေပဲပြန်ရတယ်... ဒီလိုနဲ့ ကျမဘလော့လေးအပေါ်ထားတဲ့ ကျမရဲ့စိတ်ကို သူတို့ အကြံဥာဏ်တွေ.. သူတို့ တန်ပြန်မှုတွေ စွက်ဖက်လာခဲ့တယ်...

ဟော.. တချို့ရှိသေးတယ်.. သူတို့ကို ကျမဘယ်သူမှန်းမသိဘူး.. ဒါပေမဲ့ မဗေဒါ ဘလော့နောက်ကွယ်က ကျမကို သိနေကြတယ်.. ကွန်မန့်တို့ ဆီဗုံးတို့မှာ ကျမကို အပြင်မှာ သူတို့ သိပါတယ်ဆိုတဲ့ပုံမျိုးတွေ လာပြောသွားကြတယ်.. ဒါပေမဲ့ သူတို့ဘယ်သူလဲဆိုတာ ကျမကို အသိမပေးကြဘူး.. တကယ်ဆိုရင် ကျမသိလောက်တဲ့ သူတို့ သုံးနေကျ ID နဲ့ပဲဖြစ်ဖြစ် ရေးသွားတာတို့.. အပြင်မှာ တွေ့ရင်ပဲဖြစ်ဖြစ်.. အွန်လိုင်း ဂျီတော့မှာပဲဖြစ်ဖြစ်.. "နင့်ဘလော့ကိုတော့ ငါရောက်တယ်ဟာ.. --- နာမည်နဲ့ ကွန်မန့်ရေးသွားတာ.. ဆီဗုံးမှာ အော်သွားတာ ငါပေါ့" .. ဒါမျိုးလေး အသိအမှတ်ပြုတဲ့ အနေနဲ့ ပြောပြသင့်ပါတယ်.. ကျမ ဘလော့ကို အစထဲက ကျမ ဘယ်သူလဲဆိုတာကို လူသိမခံရဲ ရေးနေတာလဲ ဟုတ်ပါဘူး... အဲဒါကြောင့် ဓာတ်ပုံတွေ ဗွီဒီယိုတွေလဲ ရဲရဲတင်းတင်း တင်နေတာပါ.. ကိုယ်နဲ့ သိတဲ့သူတွေကို ကျမဘလော့ရှိတယ်ဆိုတာ မပြောပြခဲ့တာပဲရှိပါတယ်.. သူတို့တွေ သိသွားဦးတော့ ကျမ စိတ်ထဲဘာမှ မဖြစ်ပါဘူး.. ကျမကို ခင်တဲ့ သူငယ်ချင်းတွေဆို အားပေးပါတယ်.. တခါတလေ.. ကျမသိတဲ့ သူတို့ နစ် တွေနဲ့ ကွန်မန့်လေးတွေ ပေးသွားတတ်ပါတယ်.. ဂျီတော့တွေမှာ သူတို့ကတော့ ဘယ်ပိုစ့်တွေကြိုက်တယ်.. ဘာညာပြောကြပါတယ်.. အဲဒိအတွက်လဲ ကျမ ၀မ်းသာရပါတယ်.. ဒါပေမဲ့... နင့်ကိုတော့ ငါကသိနေတယ်ဟေ့.. ငါဘယ်သူလဲဆိုတာတော့ မပြောပြဘူး ဆိုပြီး.. နေတာကတော့ ခြိမ်းခြောက်ခံနေရတဲ့ ခံစားမှုမျိုးကြီးပါ.. အဲလို လူမျိုးတွေက သူတို့ ဘယ်သူလဲဆိုတာကို ကိုယ်က သိချင်လေလေ.. သူတို့က ဟုတ်လှပြီဆိုပြီး ပျော်နေလေလေပါ.. အဲဒါကြောင့်လဲ မဗေဒါ တစ်ခါမှ သူတို့ကို ဘယ်သူ ဘယ်ဝါ ဆိုတာ ပြန်မမေးခဲ့ပါဘူး.. သူတို့ပြောချင်တယ်ဆိုရင် သူ့ဟာသူပြောမှာပါ.. ဒါပေမဲ့ပေါ့လေ...... အဲဒိလူတွေကြောင့် ကျမ တချို့ရေးချင်တဲ့ ကျမအကြောင်းတွေ မရေးဖြစ်တော့ဘူး.. ကျမကို မှောင်ရိပ်ခိုပြီး စောင့် ကြည့်နေတဲ့ မျက်လုံးတွေ ရှိနေတယ်လို့ခံစားရတယ်..

အခုလိုရေးလို့.. "နင်က ဘာမို့လို့.. ငါတို့က အရေးတယူလုပ်ပြီး စောင့်ကြည့်နေရမှာလဲ" လို့ ထင်ချင်ထင်မယ်.. ကျမဘာမှ မဟုတ်ပါဘူး.. ခုရေးခဲ့တာလဲ ကျမခံစားချက်သက်သက်ပါ.. ဒီအကြောင်းကို ရေးဖို့လဲ ရေးသင့်မရေးသင့် တော်တော်စဉ်းစားရပါတယ်... ဘာလို့လဲဆိုတော့ အခုလို့.. ကျမကို သိနေပြီး ကျမက မသိတဲ့ သူတွေက ကျမအဲလိုခံစားရမယ်ဆိုတာကို မတွေးမိလို့.. မရည်ရွယ်ပဲ ဖြစ်သွားတာလဲဖြစ်နိုင်ပါတယ်.. အဲဒိ အတွက်ကြောင့် လောလောဆယ် အချိန်ထိ အဲဒိ လူတွေရဲ့ အပြစ်လဲ မဟုတ်ပြန်ပါဘူး.. ကျမရဲ့ မပြောပဲနဲ့ သိပေါ့ဆိုတဲ့ အကျင့်ကို ဖျောက်ပြီး ဒီတစ်ခါတော့ ထုတ်ပြောလိုက်မိပါပြီ... ခုလို ထုတ်ပြောတာကလဲ ကျမ ပိုစ့်တွေ ဆက်တင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်နေတဲ့ အထဲမှာ ဒါကလဲ အချက်တစ်ချက် အနေနဲ့ ပါဝင်နေလို့ပါ... ဒီတော့ ကျမကို သိနေပြီး ကျမက ခုချိန်ထိ ဘယ်သူမှန်းမသိသေးတဲ့သူများ.. ဘယ်သူ ဘယ်ဝါများဆိုတာ.. အမြန်ဆုံးဆက်သွယ် အကြောင်းစေချင်ပါတယ်..
အဲဒါကြောင့် ခုနောက်ပိုင်း ခရီးသွားပိုစ့်ရယ်.. ရုပ်ရှင် အကြောင်းရယ်လောက်ပဲ ရေးချင်စိတ်ရှိတယ်.. ဒါပေမဲ့ အဲဒါတွေကလဲ သိပ်ပြီး လူစိတ်မ၀င်စားသလိုပဲ.. ရုပ်ရှင် အကြောင်းက ၀ါသနာတူလောက်ပဲ စိတ်ဝင်စားတာ.. ခရီးသွားပိုစ့်ကျပြန်တော့လဲ ရေးလိုက်ရင် ရှည်ရှည်သွားတယ်.. ဖတ်ရတဲ့သူက ပျင်းမှာပေါ့နော်.. ဒါပေမဲ့လဲ.. ကိုယ့်မှတ်တမ်းတစ်ခုအနေနဲ့တော့ ကိုယ့်အတွက်ကိုယ် ရေးသင့်တယ်လို့ထင်တယ်လေ..

တခါတလေကျတော့လဲ ကိုယ့်ကိုကိုယ် ပြန်သတိပေးမိပါတယ်.. ကိုယ်ဘလော့ ရေးတာဘာအတွက်လဲဆိုတာ.. ဒါပေမဲ့လဲ စာချရေးဖို့ ကိုယ့်ကိုကိုယ်ယုံကြည့်မှုမရှိတဲ့ ရောဂါက ခုတလောမှ ပိုတက်လာတယ်.. ခြောက်ကပ်ကပ်ဖြစ်နေတဲ့ ကိုယ့်ဘလော့လေးကို ကိုယ့်ဟာကိုယ်ပြန်ကြည့်တိုင်း ဘလော့စရေးတုန်းက စိတ်ဓာတ်လေးမျိုးပြန်လိုချင်တယ်.. ဘာကိုမှ ဂရုမစိုက်.. မမျှော်လင့်ပဲ.. ဘာကိုမှ စိုးရိမ်စရာမရှိပဲ ချရေးတတ်တာမျိုးလေ.. ခုကျတော့ ကိုယ့်ဘလော့ကိုလာလို့မှ စာဖတ်သူကို သူများတွေလို တစ်ခုခုပြန်မပေးနိုင်ရကောင်းလားဆိုပြီး ရေးချင်စိတ်မရှိတော့တာ...

အဓိက ကတော့ ကိုယ့်ကိုကိုယ်အားမရတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည့်မှု မရှိတာပဲ.. နောက်တစ်ခုကတော့ ကိုယ့်ကို အပြင်ပတ်ဝန်းကျင်က ချုပ်နှောင်ထားတဲ့ စည်းတွေကြောင့်ပေါ့...

တခါတလေတော့လဲ ဘာမှ တွေဝေ စဉ်းစားမနေပဲ ခေါင်းထဲ ရှိသမျှ.. ထင်ရာတွေပဲ ရေးပစ်လိုက်ချင်တယ်.. ၂ခါ စဉ်းစားလိုက်ရင် မရေးဖြစ်တော့လွန်းလို့... ကဲ.. ဒီတော့ ဘယ်လိုလုပ်ရပါ့.. ၂ ခါစဉ်းစားသင့်လား.. ရှိသမျှ ရင်ဘတ်ထဲ ခေါင်းထဲကဟာတွေကို ဆင်ဆာ မတင်ပဲ ရေးချသင့်သလား.......
ပျောက်နေတဲ့ ကွန်ဖိဒန့် (confidence) ကိုပဲ သတင်းစာမှာ လူပျောက်ကြော်ငြာသွားထည့်သင့်ပြီလားတော့ မသိတော့ပြီ..................

မှတ်ချက် ။ ။ ဤပိုစ့်ကို မည်သူ့ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိသော်ညား ၂ခါ မစဉ်းစားတော့ပဲ စိတ်ထဲရှိရာ ရေးလိုက်သည်..

Monday, February 16, 2009

BLOODY MONDAY

ခုတစ်လော.. ဘလော့သာ သိပ်မရေးဖြစ်တာ.. လုပ်နေကျ ဂျပန် ကိုရီးယားကားဇာတ်လမ်းတွဲတွေတော့ ကြည့်ဖြစ်ပါ့.. ကြည့်ဖြစ်တာတွေ အများကြီးထဲကမှ မဗေဒါကို ဘလော့ပေါ်မှာ recommend လုပ်ချင်စိတ်ပေါက်အောင် ဆွဲဆောင်နိုင်တဲ့ ဂျပန်ကားတစ်ကားဒီနေ့ပဲ မအိပ်ပဲအဆုံးထိကြည့်လိုက်တယ်.. ကားနာမည်နဲ့ ပိုစတာကိုကြည့်ပြီး သိတ်စိတ်မပါတာနဲ့ မကြည့်ပဲနေခဲ့တာ.. နောက်ပိုင်း rating တွေက တော်တော်ကောင်းလို့ ဖွင့်ကြည့်မိလိုက်တာ... မှန်သွားတယ်... ဇာတ်လမ်းတွဲတွေကို မကြိုက်တဲ့သူတွေ အတွက် ဒီပိုစ့်က Another Boring post ဖြစ်ချင်ဖြစ်နေပင်မဲ့ ကြိုက်တဲ့သူတွေအတွက်တော့ ဝေငှလိုက်ပါတယ်.. ဒါပေမဲ့ မဖတ်သွားလို့ မကြည့်ဖြစ်ရင်တော့ နောင်တရနေမယ်နော်... အဟတ်.. ဟတ်..



အထက်တန်းကျောင်းသားလေး တာကာကိ(Takaki Fujimaru) ဟာ တကယ်တော့ Hacking ပညာကို တစ်ဖက်ကမ်းခတ်အောင်တော်တဲ့ Hacker ဖယ်လ်ကွန်(falcom) ဆိုတာကို ဂျပန်အထူးလုံခြုံရေးနဲ့ စုံစမ်းရေးအဖွဲ့ ကုတ်နာမည် (Third-i) ဆိုတဲ့အဖွဲ့က သိတယ်.. လွန်ခဲ့တဲ့ နှစ်နှစ်က ရုရှမှာ ဇီဝဗေဒလက်နက်တွေနဲ့ အကြမ်းဖက်သူတွေကြောင့် ရုရှမှာရှိတဲ့ ရွာတစ်ရွာကလူတွေ အားလုံးနာရီပိုင်းအတွင်း သေဆုံးခဲ့ကြတယ်.. ထို အကြမ်းဖက်သမားတွေဟာ ဒီ Bloody-X ဆိုတဲ့ ဗိုင်းရပ်စ် attack ကို ဂျပန်မှာ စီစဉ်နေကြောင်းသိတဲ့အခါမှာ.. ထို အကြမ်းဖက်သမားတွေရဲ့ ဒေတာတွေကို Hack ဖို့ Genius Hacker ဖယ်လ်ကွန်ကို ခိုင်းစေခဲ့တယ်..

ဖယ်လ်ကွန်ရဲ့ အဖေကိုယ်တိုင်က ထို Third-I အဖွဲ့ထဲက အရာရှိတစ်ယောက်ဖြစ်တယ်.. လွန်ခဲ့တဲ့ ၂နှစ်လောက်က သူက အပျော်တမ်း Hack ရင်း အကြမ်းဖက်သမားတွေရဲ့ အစီအစဉ် ကိုသိပြီး ရဲကို သွားပြောရာကနေ အကြမ်းဖက်သမားခေါင်းဆောင်ကို ဖမ်းနိုင်ခဲ့တဲ့အပြင်.. သူ Genius Hacker ဆိုတာကို ရဲတွေ သိခဲ့ကြတာ.. အစက တာကာကိ(Takaki) ဟာ ရဲတွေကို ကူညီပြီး Hack ပေးဖို့ညင်းဆန်ခဲ့သော်လည်း... နောက်ပိုင်းမှာ သူကြူးလွန်ခဲ့တဲ့ Hacking အမှု အသေးစားကို အကြပ်ကိုင်ခဲ့တဲ့အတွက် သူလက်ခံခဲ့ရတယ်..

ဒါပေမဲ့ သူ့အဖေ အရာရှိကို လူသတ်သမား spy ပါဆိုပြီး စွတ်စွဲခံရ ပြီး ပုန်းရှောင်နေတဲ့နောက်ပိုင်းမှာ.. သူ့အဖေအပြစ်ကင်းကြောင်း သက်သေပြချင်သဖြင့် သူဟာ တဖြည်းဖြည်း ဒီအမှုထဲမှာ အဓိကနေရာက ပါဝင်လာတယ်.. အကြမ်းဖက်သမားတွေမှာလဲ BlueBird လို့ခေါ်တဲ့ Hacker တစ်ယောက်ရှိပေမဲ့ Falcon (ဖယ်လ်ကွန်) လောက် မတော်ဘူး.. အဲဒိအတွက် အကြမ်းဖက်သမားတွေကလဲ ဖယ်လ်ကွန်ကို သူတို့အတွက် အလုပ်လုပ်ပေးစေချင်တယ်...

ထိုရှုတ်ထွေးလှပြီး နိုင်ငံတွင်း လူပေါင်း မီလီယံချီနေတဲ့ အသက်တွေကို ဖယ်လ်ကွန် ဘယ်လိုကယ်ဆယ်ခဲ့သလဲ.... သူ့အဖေကရော တကယ်အပြစ်ကင်းခဲ့သလား.. သူ့ရောဂါသည် ညီမလေးကိုလဲ သူကိုယ်တိုင် ခွန်အားမရှိပေမဲ့ ဥာဏ်အားနဲ့ လူဆိုးတွေလက်က ခဏ ခဏ ဘယ်လိုကယ်ထုတ်ခဲ့သလဲ... သူ တကယ် ယုံကြည်ရတဲ့သူကဘယ်သူလဲ... သူငယ်ချင်းတွေရဲ့ အရေးပါပုံ.. လူဆိုး လူကောင်းဆိုတာ ခွဲခြားမရပုံ... ဆိုတာတွေကို ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါ....

သိပ်မရှည်ပါဘူး.. ၁၁ပိုင်းပါပဲ.. ၁ပိုင်းကို ၁နာရီနီးပါးလောက်ပဲကြာပါတယ်... Death Note လို ကားမျိုးကို ကြိုက်တဲ့ ပရိတ်သတ်များအတွက် ဒီကားလေးကလဲ ကားကောင်းလေးတစ်ကားဖြစ်မှာပါ...အဓိပ္ပါယ်ရှိတာ မရှိတာ အပထား... စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးပါ..

အဲဒိထဲမှာ ကြိုက်တာလေးတစ်ခုက.. သူ Hack နေတဲ့ အချိန်မှာ.. system တွေထဲကို ဘယ်လို ၀င်တယ် ထွက်တယ်ဆိုတာကို သိမ်းငှက်လိုလို ငှက်လေးတစ်ကောင်က ပျံပြီး အခန်းတွေထဲကို ၀င်တဲ့ပုံမျိုး ကရက်ဖစ် (graphic) နဲ့ ပရိတ်သတ်နားလည်အောင် ရိုက်ပြထားတာကိုပါ.. လူဆိုးဘက်က Hacker နဲ့ falcon ၊ Hack နေရင်း အွန်လိုင်းပေါ်မှာ ဘယ်လို ဖိုက်ကြတယ်ဆိုတာကိုလဲ ငှက်ပုံလေးတွေနဲ့ သရုပ်ဖော်ပြီးပြသထားပါတယ်.. နောက်ခံတီးလုံးရယ် သိမ်းငှက်အော်သံရယ်နဲ့ တဖျတ်ဖျတ်ပြလိုက်ရင်ဖြင့် ကြည့်နေတဲ့သူတောင် အဲဒိ ထဲရောက်သွားသလိုပါပဲ.. falcon က လူကောင် ပိန်ပိန်ညောင်ညောင်နဲ့ လူဆိုးနဲ့ ကာယချင်းယှဉ်ချတိုင်း ရှုံးပင်မဲ့.. ဥာဏ်ကောင်းမှုနဲ့ ကွန်ပြူတာ အင်တာနက်ရှိရင် သူဟာ ဘုရင်တစ်ပါးလို ယုံကြည်မှုအပြည့်ရှိတဲ့အတွက် အားရကျေနပ်ရပါတယ်..

သူ့ဘေးမှာရှိတဲ့ သူ့လူယုံရဲတွေထဲမှာ ဘယ်သူက စပိုင်ဆိုတာကို ဖော်ထုတ်တဲ့အခန်းကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်... ထင်ထားတာတွေ သိပ်ဖြစ်မလာတတ်တဲ့အတွက် လူကို စိတ်လှုပ်ရှားစေပါတယ်.. အဆုံးကျရင် falcon ပဲနိုင်မှာ ဆိုတာသိနေတဲ့ အချက်ကလွဲလို့ပေါ့...

နောက်ပြီး ရီချင်တာလေးတစ်ခုရှိသေးတယ်.. အဲဒိကား အပိုင်း ၁ပိုင်းပြီးတိုင်း.. Hacking သည် နိုင်ငံတော် ဥပဒေနှင့် ညိစွန်းပြီး တရားမ၀င်ကြောင်း.. ဤဇာတ်လမ်းသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ကြောင်း... ထို့ကြောင့် Hacking များလိုက်မလုပ်ကြစေရန် အမှာစာတမ်းကို ထိုးပါသည်.. အဟီး.... အဲဒိကလူတွေမပြောနဲ့ မဗေဒါတောင် ကြည့်ပြီးတော့ တော်တော် Hacking လုပ်ချင်သွားတယ်... မတတ်လို့သာ တော်တော့တယ်....နားမယ်ကွယ်....

Friday, February 13, 2009

တီပီ မြန်မာ သင်္ကြန် ၂၀၀၉ (TPMyanmar Thingyan 2009)

အစဉ်အလာရှိခဲ့တဲ့ ကျမတို့ တီပီကျောင်းသား ကျောင်းသူတွေ ပြုလုပ်တဲ့.. တီပီမြန်မာ သင်္ကြန် ၂၀၀၉ အတွက် လာပါပြီ... ဒီနှစ်မှာတော့ ကျမတို့ ကျောင်းငွေ့ကျောင်းသက်လေးနဲ့ အတူ သမရိုးကျအတိုင်း တန်းပနိမှာရှိတဲ့.. တီပီကျောင်းရဲ့ အော်ဒီ အမှတ် ၁မှာပဲ ကျင်းပမှာဖြစ်ပါတယ်...

တီပီမြန်မာ ကျောင်းသားများ သင်္ကြန် ဟာ ယခုဆိုရင် ၁၁ကြိမ်မြောက်ဖြစ်ပါတယ်.. ယခင့် ယခင်တွေကတည်းက တီပီမြန်မာ သင်္ကြန်ကျောင်းသား ကျောင်းသူများရဲ့ ဖျော်ဖြေမှုတွေဟာ ဘယ်တော့မှ အားမလျော့ခဲ့တဲ့အပြင်.. ၂၀၀၅ ခုနှစ် သင်္ကြန်ကတော့ ၂နှစ်စာ ပေါင်း (၂၀၀၄ တွင် ဆားစ်ရောဂါဖြစ်ပွားမှုကြောင့် ပြုလုပ်ခွင့် မရခဲ့) ပြုလုပ်ခဲ့သည့် သင်္ကြန်က စကာင်္ပူနှင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်က မြန်မာများအသိပင်ဖြစ်တော့ပေသည်...
ဂျူနီယာနှင့် စီနီယာ စည်းစည်းလုံးလုံး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် အကောင်းဆုံးဖြစ်ရန် တူညီသော ဦးတည်ချက်ဖြင့် နှစ်စဉ် နှစ်တိုင်း ဆောင်ရွက်ခဲ့ကြသော တီပီသင်္ကြန်..
၂၀၀၉ တွင် ရော.. ဘယ်လိုတင်ဆက်မှုပေးဦးမလဲ ဆိုတာကို စိတ်ဝင်စားစွာ စောင့်စားရင်း သတင်းကောင်းပါအပ်ပါတယ်..
လက်မှတ်များကို စတင်ရောင်းချနေပါပြီ...

နေ့ရက် - ၁၄ ရက် မတ်လ ၂၀၀၉
နေရာ - Temasek Polytechnic (Auditorium 1)
အချိန် - နေ့လည် ၁နာရီ မှ ၅နာရီ
လက်မှတ် တန်ဖိုး - တစ်စောင်လျှင် S$ ၁၀ (ညစာ တည့်ခင်း ဧည့်ခံမည်)

အောက်ပါလူများကို ဆက်သွယ်၍ဖြစ်စေ အောက်ပါနေရာတွင်ဖြစ်စေ သွားရောက်ဝယ်ယူနိုင်သည်...
1) 92386787 (THET SWE)
2) 90622736 (THAN HTIKE SOE)
3) 91855529 (YE THIHA)
3) သုံးရောင်ခြယ် (PENINSULA PLAZA 5th FLOOR)

NEWS Source : http://www.tpmyanmar.org/
TP Myanmar Motto
We are a symbol of Unity

2005 Famous TP Thingyan Joke






Recent 2008 TP Thingyan Play



Behind the Stage 2008 Photos Slide Show


Old photo Slide show of TP Myanmar students

Friday, February 06, 2009

အခမဲ့ စိတ်ကူးယဉ်နိုင်သည်

မင်းယွန်းသစ် မနှစ်ကတည်းက စိတ်ကူးယဉ်ခိုင်းထားတဲ့ ကိစ္စကို ဒီနေ့ ပိုစ့်တစ်ပုဒ်အနေနဲ့ ယဉ်လိုက်ပါပြီ...
ဒီနေ့ မဗေဒါမွေးနေ့ဆိုတော့ မွေးနေ့အကြောင်းကိုပဲ စိတ်ကူးယဉ်လိုက်တော့မယ်
စိတ်ကူးယဉ်တာလဲ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်.. ဒါပေမဲ့ ယဉ်ဆိုတော့လဲ ရှေ့နောက်ညီစရာမလို.. အဓိပ္ပါယ်ရှိစရာမလိုနော်..
ဒါပေမဲ့ အခမဲ့တော့ စိတ်ကူးယဉ်ခွင့်ရှိပါတယ်.. သိပ်လေကြွားလွန်းနေရင်လဲ ခွေးလွှတ်ပေးကြပါ.. အဲလေ.. ခွင့်လွှတ်ပေးကြပါလို့..

~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~

မျက်လုံးကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ကျမတွေ့လိုက်ရတာက အရမ်းလှတဲ့ ဇာဂါဝန် မိုးပြာရောင်လေးရယ် ဖိနပ်လှလှလေးရယ်.. ကျမ၀တ်လို့အပြီးမှာပဲ အလှအပပြင်ပေးသူတွေ ရောက်လာပြီး အလှဆုံးဖြစ်အောင် ပြင်ပေးကြတယ်.. ပြီးပါပြီ... လှလိုက်တာ... ကျမကိုယ်ကျမတောင် မမှတ်မိနိုင်ဘူး.....

နောက် ခပ်ဖြောင့်ဖြောင့် ကိုယ်ရံတော်တစ်ယောက် လမ်းပြတဲ့အတိုင်း လျှောက်လိုက်လာလိုက်တာ.. မှောင်နေတဲ့ Ball Room ထဲကို ရောက်သွားတယ်.. မှောင်မဲနေတာမှ ဘာမှ မမြင်ရဘူး.. ဒိန်းကနဲ ဆလိုက်တစ်ခု ကိုယ့်အပေါ်ကျလာလို့မျက်စိကို ကြိမ်းသွားတာပဲ... ဘာတွေ ဖြစ်နေမှန်းမသိဘူး... ခဏနေ အလင်းထဲမှာကြည့်ဖို့ မျက်လုံး အသားကျလာတော့မှ... ဖယောင်းတိုင်တွေထွန်းထားတဲ့ မွေးနေ့ကိတ် သုံးဆင့်သုံးဆင့်ကို တင်ထားတဲ့ လှည်းကို တွန်းလာတဲ့ ချစ်သူ.... သူ့ ဂျန်းဒေါင်ဂန်းလို လက်လေးတွေ သွယ်ပြီး.. ဟရွန်ဘင်းလို ပချိုင့်လေးနဲ့.... အီကူတာ တိုမာလို ရွင်ပြပြမျက်နှာလေးနဲ့.. ဂျိုအင်းစွန်းလို အရပ်မြင့်မြင့် ခန္ဒာကိုယ်မိုက်မိုက်နဲ့.. အိုပြောရင်ကုန်မှာမဟုတ်ဘူး.. (မဗေဒါကြိုက်တဲ့ မင်းသားတွေရဲ့ Characteristic တွေနဲ့ အားလုံးပြည့်စုံတဲ့ ချစ်သူပေါ့).. ဘာမှ လာမပြောနဲ့ သူက perfect ပဲနော်..

နောက်တော့ ချစ်သူက မွေးနေ့ကိတ်တင်ထားတဲ့ လှည်းလေးကိုတွန်းပြီး Ball room ထဲက မိသားစုနဲ့ သူငယ်ချင်း တွေရဲ့ "Happy Birthday" သီချင်းဆိုပြီး လာကြတယ်.. အတော်လေး အံ့အော်သွားတယ်.. သူတို့တွေ စီစဉ်ထားတာ မဗေဒါတစ်ခုမှ မသိခဲ့ရပါလား.. နောက်တော့ ဆုတောင်းခိုင်းပြီး ဖယောင်းတိုင်မှုတ်လိုက်တယ်..

Ball Room မီးတွေ ပြန်ပွင့်တော့မှ လာတဲ့ ဧည့်သည်တွေကို သေချာမြင်ရတယ်..
ကျမ မိသားစုနဲ့ သူနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာလေ.. ကျမ အခင်ရဆုံး ငယ်သူငယ်ချင်းတွေကိုလဲ ရောက်နေတဲ့ နိုင်ငံတွေကိုယ်စီကနေ ခေါ်ထားလေရဲ့... ဂျပန်က ကျမအချစ်ရဆုံးသူငယ်ချင်းရယ်.. အမေရိကားက သူငယ်ချင်း ၂ယောက်ရယ်.. စင်ကာပူမှာရှိတဲ့ တစ်ယောက်လဲလာတယ်.. သူတို့က ကျမငယ်ငယ်ထဲက တူတူ တွဲခဲ့တဲ့သူငယ်ချင်းတွေလေ.. အခင်ဆုံးကတော့ ဂျပန်က သူငယ်ချင်းပဲပေါ့..

နောက်ပြီး ကျမ UFL တက်တုန်းက သူငယ်ချင်းတွေလေ.. ကျမ အပါအ၀င် ၅ယောက်ရှိတာ.. ၄ယောက်က စလုံးမှာဆိုတော့.. မြန်မာပြည်ကတစ်ယောက်ကိုလဲ ဘယ်အချိန်ထဲက ခေါ်ထားလဲမသိ.. စုံလင်နေလေရဲ့...

ဟော.. နောက်ပြီး ဘလော့ဂါ သူငယ်ချင်းတွေလဲ စုံလို့.. မင်းယွန်းသစ်ဆို ဘူဖေးလိုင်းနားကကို မခွာဘူး.. ဟား.. ဟား.. (စတာ)...

ဖျော်ဖြေရေးတွေကတော့ စုံလို့... စင်ပေါ်မှာ.. Westlife က ကျမအတွက် Birthday နဲ့ ပတ်သတ်တဲ့ သီချင်းတွေ ဆိုပေးတယ်.. နောက်ပြီး ဆုံလို့ပဲ.. Rihanna တို့ Carry Underwood တို့.. Chris Daughtry တို့.. စုံလို့ပါပဲ... အဟီး... သြော်.. မနှစ်က American Idol က David အသေးရော.. အကြီးရောလဲ ပါတယ်..

မဗေဒါ့ မိသားစုက မဗေဒါကို အကြမ်းသုံးဖို့.. Volvo ကားတစ်စီး မွေးနေ့လက်ဆောင်ပေးတယ်.. ဟဲ.. ဟဲ.. (လိုင်စင်တော့ မရှိသေးလို့ ခု မမောင်းသေးဘူး..) ..
ဂျန်းဒေါင်ဂန်း.. ဟရွန်ဘင်း.. တိုမာ.. ဂျိုအင်စွန်း.. ရာမာပီ.. နဲ့ ခပ်ဆင်ဆင်တူတဲ့ ချစ်သူကတော့ ဘာလုပ်ချင်လဲတဲ့.. တောင်းချင်တာတောင်း သူပေးမယ်တဲ့..
ဒါနဲ့ မဗေဒါတို့ မိသားစုလိုက် မွေးနေ့မှာ ရွှေတိဂုံဘုရား.. ကျိုက်ထီးရိုးဘုရား.. မဟာမြတ်မုနိဘုရား ဖူးချင်တယ်ဆိုတော့.. ဖြစ်ရမယ်တဲ့လေ..
ခဏနေတော့ သူ့ ပရိုက်ဗိတ်ဂျက် အဆင်သင့်ဖြစ်ပြီတဲ့.. ဒါနဲ့ မဗေဒါလဲ အ၀တ်အစားလဲပြီး မိသားစုလိုက်ထွက်လာကြတာပေါ့..

ထွက်ပေါက်မှာတော့ နွမ်းနွမ်းပါးပါး ယောကျာင်္းတစ်ယောက်.. မြင်ဖူးသလိုပါပဲဆိုတော့.. ရည်းစားဟောင်းဖြစ်နေလေရဲ့..
ကိုယ်မှားပါပြီကွာ.. ကိုယ်တောင်းပန်ပါတယ်.. ကိုယ့်ဆီပြန်လာပါတဲ့...
မဗေဒါလဲ.... တစ်ခွန်းပဲပြန်ပြောလိုက်ပါတယ်... ဒီကမ္ဘာမှာ ငါ့ကိုရတဲ့ယောကျာင်္းက ကံကောင်းတယ်ဆိုရင်.. အဲဒိကံကောင်းဖို့ အခွင့်အရေး ယောကျာင်္းတိုင်းမှာရှိချင်ရှိမယ်.. နင့်မှာတော့ မရှိတော့ဘူးလို့.. (အဟဲ.. ဟဲ... စတာပါ.. အပြင်မှာဆိုရင်တော့ ဘာမှ တောင် ပြန်ပြောဖြစ်မှာမဟုတ်ပါဘူး..)
ဒါနဲ့ အလွန်တရာမှ ချောမော ချမ်းသာ ယောကျာင်္းပီသပြီး ကျမတစ်ယောက်ထဲကိုပဲ စွဲစွဲမြဲမြဲချစ်တဲ့.. ဂျန်းဒေါင်ဂန်း.. ဟရွန်ဘင်း.. စသည်ဖြင့်ပေါ့လေ.. အဲဒိ မဗေဒါ ချစ်သူက လှမ်းခေါ်တာနဲ့ အပြေးလေး.. ပရိုက်ဗိတ်ဂျက်ပေါ်ကို တက်ဖို့ သွားလိုက်တာပေါ့..
မဗေဒါရဲ့ ချစ်ကမေးတယ်... ဘယ်သူနဲ့ စကားပြောနေတာလဲတဲ့....
တစ်ခွန်းပဲ ဖြေလိုက်တယ်.. အလှူခံပါလို့......... မဗေဒါနဲ့ မသိပါဘူးလို့...
ချစ်သူကတော့ သာယာကြည်ရွှင်သော အပြုံးနဲ့ ခေါင်းညိတ်ပြလိုက်တယ်... သူ့ အပြုံးမှာ မဗေဒါကို အပြည့်အ၀ ယုံကြည်နားလည်နေတဲ့ အဓိပ္ပါယ်တွေ အပြည့်ပေါ့................

~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~

စိတ်ကူးယဉ်ပါလို့ မင်းယွန်းသစ်က မနှစ်ထဲက ခိုင်းထားတာပါ.. ယဉ်တာတွေများလွန်းလို့ ဘာကို ရေးရမှန်းမသိပဲ .. မရေးဖြစ်ဖြစ်နေတာပါ..
ခုတော့ မွေးနေ့မို့လို့ တစ်ခါတည်းရေးလိုက်ပါပြီ....

တကယ့်အပြင်မှာတော့.. မဗေဒါရဲ့ ချစ်လှစွာသော ငယ်သူငယ်ချင်းများနဲ့ UFL မှ သူငယ်ချင်းများ တစ်ယောက်မှ Happy Birthday လေးတောင် မပြောကြပါ.... မေ့နေကြတယ်ထင်ပါ့.. ကိစ္စတော့မရှိပါ.. အပြစ်လဲ မတင်ပါ.. မဗေဒါလဲ သူတို့မွေးနေ့ကို မမှတ်မိပါ... အဟီး.. ဒါပေမဲ့ ဂျီတော့ မှာတော့ လွန်ခဲ့တဲ့ ၃ရက်လောက်ကစပြီး သဲလွန်စလေးတွေ ပေးခဲ့ပါတယ်.. ထားလိုက်ပါတော့....

ထူးဆန်းစွာပဲ တချို့သော ဘလော့ဂါသူငယ်ချင်းများကတော့ မဗေဒါမပြောပဲသိနေကြပါတယ်.. ဘိုဘိုကတော့ ဘလော့မှာ ပထမဆုံးလာဆုတောင်းပေးပါတယ်.. သူဘယ်ကသိလဲတော့ မသိပါ.. နောက်ပြီး အိဝေဖြိုးကလဲ ဂျီတော့မှာ မတင်ခင်ထဲက သိတယ်ဆိုပဲ..
လာဆုတောင်းပေးကြတဲ့ Mr.DBA , ကိုလင်းထက်, TommyGirl နဲ့ ဂျစ်ပစီလေးကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်... ယခုထိ ဆုတောင်းပေးပြီးဖြစ်သော သူငယ်ချင်းများနှင့် နောင်ဆုလာတောင်းပေးမည်ဖြစ်သောသူငယ်ချင်းများ အားလုံးကိုပါ တစ်ပါတည်း ကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါတယ်...

မနှစ်ကလို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မကျွေးမွေးနိုင်တဲ့ အတွက် အနုအညွတ်တောင်းပန်ပါတယ်... မွေးနေ့ရှင်ကိုယ်တိုင်လဲ ဒီနေ့.. ကန်စွန်းရွက်နဲ့ မှိုကြော်နဲ့ ထမင်းစားလိုက်ပါတယ်...

ထူးထူးခြားခြား.. ဒီနေ့မှာ အလုပ်က အလုပ်တွေဖြုတ်ပါတယ်.. ကံကောင်းစွာပဲ မဗေဒါမပါလိုက်ပါ... ပါသွားသောသူများအတွက်လဲ မတည့်သည်ဖြစ်စေ.. တည့်သည်ဖြစ်စေ.. စိတ်မကောင်းဖြစ်ရပါတယ်... ဟိုနေ့ဖြုတ်မယ်.. ဒီနေ့ဖြုတ်မယ်နဲ့.. ဖြုတ်မဲ့ ဖြုတ်တော့ သူများမွေးနေ့မှာမှ လာဖြုတ်ရတယ်လို့.....

ဒီနှစ် မဗေဒါ မကျွေးလိုက်နိုင်ပေမဲ့.. အပေါ်မှာ မွေးနေ့ကိတ် မီးမှုတ်တုန်းက ဆုတောင်းပေးလိုက်တာကတော့..
ခု ဒီပိုစ့်ကို ဖတ်နေတဲ့ စာဖတ်သူ သူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာစွာနဲ့ စီးပွားဥစ္စာများ အဆင်ပြေ ပေါကြွယ်ကြပါစေလို့ ဆုတောင်းပေးလိုက်တာပါ.......

Yahoo ကနေရှာပြီး မွေးနေ့ထုံးစံ ကိတ်မုန့်တော့ ကျွေးလိုက်ပါအုံးမည်..
သုံးဆောင်သွားပါလေ...

ချောကလက်ကိတ် မကြိုက်သူများအတွက်..


Monday, February 02, 2009

10 Things I like about watching Movie/Drama

၁) အလိုရှိသည့်အချိန်တွင် အမြဲ အသုံးတော်ခံနိုင်ခြင်း...

၂) ကြည့်နေချိန်အတွင်း ရပ်လိုရပ် Play လိုလျှင် Play ကျမ သဘောကျ ခိုင်းလို့ရခြင်း... (နောက်ဆုံး မကြည့်ချင်တော့လျှင် ပိတ်ပြစ်နိုင်ခြင်း)

၃) ရွေးချယ်ရန် များပြားခြင်း.. ဥပမာ.. လက်ရှိတစ်ကားကို မကြိုက်လျှင် ကိုယ်ကြိုက်နှစ်သက်ရာ နောက်တစ်ကားကို ပြောင်းကြည့်နိုင်ခြင်း...

၎) ဒီကားမှာ ဒီမင်းသားကိုကြိုက်နေပြီး.. နောက်တစ်ကားကြည့်သောအခါ နောက်မင်းသားတစ်ယောက်ကို အချိန်မရွေးပြောင်းကြိုက်နိုင်ခြင်း.. အလိုရှိက ၂ယောက်လုံးကို တစ်ပြိုင်တည်း ကြိုက်နိုင်ခြင်း... မကြိုက်တော့လျှင်လဲ နာကျင်ခြင်းမရှိပဲ မေ့ပျောက်နိုင်ခြင်း...

၅) မင်းသား မင်းသမီးများမှာ ချောမောလှပကြခြင်း.. (မချောသူများ ကိုယ်မကြိုက်သူများကို ချက်ခြင်းပိတ်ပြစ်နိုင်သည်..နံပါတ် ၃ အချက်ကို မှီငြမ်းပါ)

၆) အပြင်တွင်မရှိသော ၆ပြစ်ကင်း သဲလဲစင်.. ဥစ္စာပေါ.. ရုပ်ချော.. သစ္စာစောင့်.. တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက်သာကြိုက်သော မင်းသားများ၏ အချစ်ကို စိတ်ကူးယဉ်၍ စိတ်ပျော်ရွှင်ရခြင်း...

၇) တစ်စုံတစ်ယောက်အား မကြေနပ်သော်ညား ဘာမှမတတ်နိုင်သော အခြေအနေတွင်ဖြစ်စေ.. stress ဖိစီးလွန်းသော အခြေအနေတွင်ဖြစ်စေ.. ကိုယ် အမြင်ကပ်သော ရုပ်ရှင်ဇာတ်လမ်းမျိုး (ဥပမာ- အိမ်ထောင်ရေးဖောက်ပြန်ခြင်း.. မင်းသား/မင်းသမီး၂ယောက်အား ဟိုပင်ဒီပင်ကူးကြိုက်ခြင်း..)၊ ကိုယ်အမြင်ကပ်သော သရုပ်ဆောင်ပါသည့်ကားမျိုးကို ဖွင့်၍ ထိုင်ဝေဖန်အပြစ်တင်ခြင်းဖြင့် စိတ်ပေါ့ပါးစေခြင်း...

၈) နိုင်ငံအလိုက် ဘာသာစကားများ ယဉ်ကျေးမှုများ နှင့် လူနေမှု စရိုက်များ နှင့် အနုပညာ အဆင့်အတန်းများကို လေ့လာနိုင်ခြင်း...

၉) တစ်ယောက်ထဲရှိနေချိန်တွင် အချိန်ကုန်မြန်ခြင်း.. (တီဗွီထဲမှ လူများကိုကြည့်၍ အဖော်ရှိသည်ခံစားရပြီး အထီးကျန်မဆန်ခြင်း)

၁၀) နောက်ဆုံးအနေနဲ့ကတော့... မဗေဒါကိုယ်တိုင်က ရုပ်ရှင် ကြိုက်ခြင်း...


လောလောဆယ်တော့ စဉ်းစားလို့ရတဲ့ ၁၀ ချက်ပါပဲ.. ပေါ့ပေါ့ပါးပါးပေါ့နော်... မဗေဒါအတွက်ကတော့ ရုပ်ရှင်တွေက နာခံတတ်တဲ့ အစေခံတွေလို... သွေးသောက် ရဲဘော်တွေလို... သစ္စာရှိတဲ့ ချစ်သူလို... အထီးကျန်ချိန်မှာ အမြဲအဖော်လုပ်ပေးတဲ့ သူငယ်ချင်းတွေလိုပါပဲ... ကျမအပေါ်သိပ်ချစ်ပါတယ်ဆိုတဲ့ သူတောင် ဒီရုပ်ရှင်တွေ ကျမအပေါ် အနွံအတာခံသလောက် စိတ်ရှည်သည်းခံပြီး ပြန်မပြောပဲ ချစ်နိုင်မဲ့သူ ရှိမှာမဟုတ်ပါဘူး... အဟီးးးးးး.... မဗေဒါလိုပဲ ရုပ်ရှင်တွေကို ခံစားပြီး ကြည့်နိုင်ကြပါစေ.....