Tuesday, April 15, 2008

အိပ်မက် သင်္ကြန်...

အခန်း(၁)

ဒီနှစ်သင်္ကြန် သူနဲ့တူတူပျော်ဖို့အတွက် count down လုပ်ခဲ့ရတဲ့ရက်ရောက်ပြီ.. မနှစ်က အိပ်မက်ဆိုးတွေကိုဆေးကြောဖို့ အတွက် အားဆေးတစ်ခွက် သူဆီကတောင်းဖို့ မျှော်လင့်ချက်တွေနဲ့ ၁ကပြန်စဖို့ ကျမစောင့်စားခဲ့ရတဲ့အချိန်ရောက်ပြီ... ဒီနေ့မှ စက္ကန့်လက်တန်တွေသွားတာနှေးလိုက်တာ.. သူ ၉နာရီလာခေါ်မယ်လို့ချိန်းထားပေမဲ့ ကျမ မနက်၆နာရီထဲကနိုးနေပြီ.. ၇နာရီခွဲလောက်ထဲက ကျမပြင်ဆင်ပြီးနေပြီ..


"ကလင်..."
ဖုန်းသံ၁ချက်မည်လိုက်တာနဲ့ ချက်ချင်းကောက်ကိုင်လိုက်မိတယ်...
"သဲရေ... ကိုအောက်မှာရောက်နေပြီ.." သူ့ရဲ့ သာမန်ပြောလိုက်သော စကားသံ ၁ခုသည်.. ကျမရင်ထဲက သောကအားလုံးကို တစ်စက်မကျန် လွှင့်စင်ပပျောက်သွားနိုင်စွမ်းရှိတယ်ဆိုတာ သူသိနိုင်ပါ့မလား...
ကျမနာရီကိုလှမ်းကြည့်လိုက်သည်.. ၉နာရီ တိတိ..

စိတ်ထဲကကြိတ်၍ချီးကျူးမိသည်.. သူ့ရှေ့တွင်အမြဲ ဆရာကြီးလုပ်ကာ သူ့ကိုနှုတ်ကထုတ်၍ ချီးကျူးခဲသောကျမ ထုံးစံအတိုင်း .. ခပ်ရွဲ့ရွဲ့ပြောလိုက်သည်...
"အံမယ်... ဒီနေ့တော့အချိန်မှန်သားပဲ"...

သူက "မှန်ရမယ်လေ.. ချစ်က ကို့အတွက် စင်ကာပူကတောင်ပြန်လာရတာ.."..

"တော်ပါ.. ဝတ္ဘုထဲကစကားမျိုးနဲ့ မချွဲနဲ့.." ကျမကျေနပ်စွာပြုံး၍ပြောလိုက်သည်...

အိမ်အောက်ရောက်တော့ ကားပေါ်တွင် သူ့ဖေဖေနဲ့မေမေ ပါလာ၍ စောစောက သူပြောသောစကားများအတွက် ကျမအနည်းငယ် ရှက်မိသည်.. သူ့ဖေဖေ ကျမကို အေးချမ်းတည်ကြည်စွာ ပြုံးပြနှုတ်ဆက်သည်.. သူ့မေမေကတော့ "သမီးရေ မတွေ့တဲ့၁နှစ် အတွင်း ဝလာပြီး ပိုချစ်ဖို့ကောင်းလာလိုက်တာ" ... လို့ ဟတ်ဟတ်ပတ်ပတ်နှုတ်ဆက်သည်..

ဒီလိုနဲ့ကျမတို့ကို အင်းလျားလမ်းမပို့ခင် ရေကျော်၌ ဓာတ်ဆီဝင်ထည့်ကာ မနက်စာကို ၄၆လမ်းထိပ်က ရှမ်းခေါက်ဆွဲစားဖြစ်သည်..

စားရင်းလည်း သူ့မေမေမှ အပျော်မလွန်ရန် အရက်မသောက်ရန် စသည်ဖြင့် ဆုံးမသည်..
"သမီး.. သူ့ကို သိပ်မကဲစေနဲ့နော်"

"ဟုတ်ကဲ့ပါ.. သူကအစထဲက မသောက်တတ်တာ အန်တီလဲသိတာပဲ"

"အင်းပါ.. စိတ်ပူလို့ပြောတာပါ.. ညနေကျရင် အဲဒိမှာပဲစောင့်နေ ပြန်လာကြိုမယ်"

"ဟုတ်ကဲ့" ၂ရောက်လုံးပြိုင်တူဖြေမိသည်.. သူ့မေမေကို ကျမက ရေထည့်ပေးတော့ သူက ကျမကြားရုံလောက်လေသံဖြင့် "ဖားနေတယ်.. ဖားထား" ဟု လှမ်းနောက်သည်.. ရှက်ရှက်ဖြင့် သူ့ကို "ဘာဖြစ်လဲ" ဟုပြန်ပြောလိုက်သည်.. စိတ်ထဲမှာတော့ ပျော်ရွှင်မှုတွေနဲ့.... မျှော်လင့်ခဲ့ရတဲ့ အိပ်မက်လေး.. မက်ခွင့်ရတော့မည်.. သူရဲ့ဟန်ဆောင်မှုမရှိတဲ့ အပြုံး တစ်ချက်နဲ့တင် ကျမအတွက် အရာရာပြည့်စုံနေခဲ့သည်..

ပြည်လမ်းတွင်ကားကိုရပ်ကာ အင်းယားလမ်းအတွင်းသို့ ဝင်ခဲ့ကြသည်.. သင်္ကြန်တွင်းအင်းယားလမ်းကို တစ်ခါမှမရောက်ဖူးတဲ့ကျမ အရမ်းအံ့အားသင့်သွားသည်..လူတွေကများလွန်း၍ ခပ်ရွေ့ရွေ့သာသွားနိုင်သည်.. အရက်သမားနဲ့ ခါးပိုက်နှိုက်များကိုလဲသတိထားရသည်.. သူ့ဖေဖေကရှေ့ဆုံးမှဖောက်သည် သူ့မေမေက ကျမဘယ်ဘက်လက်ကိုကျစ်ကျစ်ပါအောင်ဆွဲထားသည်.. ကျမနောက်လက်တစ်ဘက်ကိုသူကိုင်ထားသည်... အဲဒိတွဲလက်တွေက ကျမကိုဘယ်အရာမှမကြောက်အောင်အားတွေပေးခဲ့သည်.. သူ့မေမေနဲ့ကျမလက်တွဲ ကို ကျမခိုးခိုးကြည့်မိတိုင်းပီတိဖြစ်ရသည်... ကျမညာလက်မှသူရဲ့ နွေးထွေးတဲ့ အချစ်တွေကို ကျမခံစားလို့ရသည်.. ကျမနားကပ်လာတဲ့ အမူးသမားတွေကို ကာလိုက် တွန်းလိုက်လုပ်ကာ ကျမကို ကာကွယ်နေတဲ့ သူ့ကို သူရဲကောင်းတစ်ယောက်လို့ထင်မိသည်... ထိုခဏအချိန်အတွင်းမှာ သူက ကျမကိုမင်းသမီးတစ်ပါးကဲ့သို့ ခံစားရအောင်လုပ်ပေးနိုင်ခဲ့သည်.. ကျေနပ်လိုက်သည့်ဖြစ်ခြင်း...

ထိုအချိန်တွင် မဏ္တွပ်ပေါ်မှ မီးသတ်ပိုက်က ကျမကို အငြိုးကြီးစွာမဲ၍ထိုးသည်.. ဝတ်လာမိသည့်အင်္ကျီက ဆွဲသား.. သာမာန်ဆိုလျှင်ရင်သိပ်မဟိုက်.. ရေစိုသောအခါ အင်္ကျီသားက ပျော့တွဲ၍ လေးကျလာသည်.. မီးသတ်ပိုက်ကလဲ တမင်ကျောအဟိုက် မဖြစ်ဖြစ်အောင်ထိုးသည်.. ကျမလက် ၂ဖက်လုံးကမအား.. သူ့မေမေကလဲ ကျမလက်ကိုဆွဲကာ ရှေ့ကိုသာတိုးနေသည်.. သူကလဲ ဘေးကလူတွေကိုသတိထားနေရသည်.. ကျမ မျက်နှာမော့၍စကားပြောလို့မရ.. ရေမွန်းလှသည်.. ကျမအင်္ကျီကလဲ မီးသတ်ပိုက်အရှိန်ဖြင့် လျှောသထက်လျှောလာသည်.. ကျမစိတ်ထဲမှ သူ့ကို အားကိုးတကြီးကျယ်လောင်စွာ အော်ခေါ်နေမိသည်..

ခဏတွင်းမှာပင် ရုတ်တစ်ရက် ကျမနောက်မှ သူနွေးထွေးစွာအုပ်၍ကာလိုက်သည်.. လျောနေသော ကျမအင်္ကျီကိုလဲ ပြန်ဆွဲတင်ပေးသည်.. ကျမသူကို လှည့်ကြည့်ခွင့်မရ.. ဒါပေမဲ့ ကျမအတွက်တော့ သူဟာ ထိုအချိန်တွင် စစ်ပွဲပေါင်းများစွာတိုက်လာသည့် နပိုလီယန်ထက်ခန့်ညားသည်.. အလောင်းမင်းတရားထက် သူရဲကောင်းပိုဆန်သည်..

ထိုအခိုက်အတန့်လေးသည် ကျမအတွက်တော့...
ရိုမီရို ဂျုးလီးယက်ဇာတ်လမ်းထက် ပို romantic ဖြစ်သည်.. ရှင်မွေးနွမ်း မင်းနန္ဒာထက် ပိုရင်ခုန်ဖို့ကောင်းသည်...
ခွန်ဆန်လော နန်းဦးပြင် ထက်စိတ်ဝင်စားဖို့ကောင်းသည်..

ဒီလောက် ရင်ခုန်ကြည်နူးမှုမျိုး ရှိတ်စပီးယားဝတ္တုထဲမှာပင် မဖတ်ဖူး..
ကိုရီးယားဇာတ်လမ်းကြည့်၍မခံစားဖူးဖူး...

အကယ်၍ ဒီအခိုက်အတန့်လေးဟာ သူနဲ့ကျမ သရုပ်ဆောင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုဖြစ်ခဲ့မယ်ဆိုလျှင်.. ကျမထို အခန်းကို ခဏခဏပြန်ရစ်ကြည့်မည်.. pause ၍ထားမိမည်.. ကျမဘဝမှာ ကိုယ့်ကိုကိုယ် ကံကောင်းတယ်ဟု တစ်ခါမှမထင်မိ.. ဒါပေမဲ့ သူနဲ့ချစ်သူဖြစ်ရခြင်းသည် ကျမအတွက်ကံအကောင်းဆုံးဟု ထင်မိသည်..

အခန်း(၂)

ကျမအတွေးများဖြင့် ကြည်နူးမဆုံးဖြစ်နေချိန်မှာပင်.. ရုတ်တရက်ကျမ သတိထားမိလိုက်ချိန်တွင်.. ကျမညာဘက်၌ဆုတ်ထားသော သူ့ရဲ့လက်တွေသည်အေးဆက်၍မာကြောနေသော သံမဏိလက်တုကြီးတစ်ခုဖြစ်နေသည်ကို သတိထားလိုက်မိသည်.. အဲဒိ လက်တွေမှတဆင့် တဖြည်းဖြည်း သူ့ကို မော့ကြည့်မိသည်.. သူ့မျက်နှာက ခက်ထန်မာကျောနေသည်...

"ကို.. ဘာဖြစ်လို့လဲဟင်?".....ကျမအားငယ်စွာမေးလိုက်သည်..

ဒါပေမဲ့သူပြန်မဖြေ.. တစ်ဖက်သို့မျက်နှာလှည့်သွားသည်.. သူ့ အသွင်အပြင်က သောနတ္တရမုဆိုးထက် ခက်ထန်လွန်းလှသည်...

ကျမလက်တွဲကိုဖြုတ်ရန်သူကြိုးစားနေသည်..

"ကို.. ဘာဖြစ်လို့လဲ.. ချမ်းလို့လား?" သူ့လက်ကို ကျမလွှတ်မပေး.. ပြောနေရင်းပင်.. ကျမလက်၂ဖက်ဖြင့် အေးစက်တဲ့ သူ့ရဲ့လက်တွေကို နွေးအောင် ပွတ်ပေးလိုက် အာငွေ့ပေးလိုက်ဖြင့်.. နွေးထွေး နူးညံ့တဲ့ လက်လေးပြန်ဖြစ်အောင် ကျမအစွမ်းကုန်ကြိုးစားနေသည်.. ဒါပေမဲ့ ဘယ်လိုမှမရ...

"မင်းလိုချင်တဲ့ နွေးထွေးနူးညံ့တဲ့ လက်တွေပြန်ရမှာမဟုတ်ဘူးကွ.. " ...အေးစက်စက် စိတ္တဇ လူသတ်သမားလေးသံမျိုးဖြင့်သူပြောသည်..

" ဘာလို့လဲဆိုတော့ အစထဲက ငါမင်းကိုကမ်းခဲ့တဲ့လက်က အစစ်မှမဟုတ်တာ..."

"ဟင့်အင်း.. မယုံဘူး.. မယုံဘူး.. အရင်က ကို့လက်တွေက နွေးထွေးတာပဲ... " ကျမပြောပြောဆိုဆို သူ့လက်တွေကို ဒိထက်မြန်မြန်ဆက်ပွတ်သည်..

"အဲဒါ.. မင်းရဲ့နှလုံးသွေး တစ်ခုထဲနဲ့ နွေးထွေးနေခဲ့တာကွ.. မင်းမယုံချင်ရင်တော့ ငါ့ရဲ့ သံမဏိလက်ကိုဆက်တွဲချင်တွဲပေါ့.. ငါဘက်ကရတယ်.. ဒါပေမဲ့ ငါ့လက်အစစ်ကတော့ မအားဘူး.. ဒီမှာကြည့်...." သူ့စကားအဆုံးတွင် သူလက်အစစ်ကိုမြှောက်ပြသည်.. ဒါပေမဲ့ သူ့လက်အဆုံးတွင် သူနဲ့လက်တွဲထားသောမိန်းကလေးတစ်ယောက်.......

"တွေ့လား... ဒီမှာ.. ငါ့လက်အစစ်ကမအားဘူးဟ.. သူနဲ့လက်တွဲထားတာ ၃နှစ်ရှိပြီ...မင်းကမင်းကိုမင်း သိပ်အထင်ကြီးလွန်းတာကိုး..."

သူ၏ အကြင်နာမဲ့ အေးစက်စက်စကားလုံးများက ကျမနှလုံးသားကို ထုံဆေးမပေးပဲ ဆေးမှင်စုတ်ထိုးနေသလိုနာကျင်လှသည်... စောစောကကဲ့သို့ရေမွန်း မနေပင်မဲ့ ကျမအသက်ရှူရကျပ်လာသည်... အိပ်မက်သာဆိုရင် ခုချက်ချင်းနိုးရပါလို၏...

"ဒါ... ဒါဆို.. ဘာလို့....?" ကျမ စကားလုံးတွေ လည်ချောင်းဝမှာတစ်နေ၏.. ရင်ထဲရှိသမျှ.. ခံစားရသမျှ.. သိလိုသမျှကို စကား ၁ခွန်း ၂ခွန်းထဲနှင့်ပြည့်စုံအောင်ပြောရန် ကျမအတွက်စကားလုံးတွေ မရှိ... ကျမအားအင်တွေချိနဲ့လာပြီး မတ်မတ်ရပ်ဖို့ပင်အားမရှိတော့....

ကျမစိတ်ထဲမှ မေးခွန်းပေါင်းများစွာ မေးနေမိရင်း လက်တုကြီးကိုဆွဲထားတဲ့လက်တွေကို သေချာကြည့်မိတော့.. ဟုတ်သည်.. သူနဲ့ချစ်သက်တန်းတစ်လျှောက် ကျမကသာ ဒီလက်ကို ဘာတွေပဲဖြစ်ဖြစ်ကြိုးစားဆုတ်ကိုင်နေခဲ့သူဖြစ်သည်.. ကျမတို့၂ယောက်၏တွဲလက်သည် ကျမနှလုံးသွေးတစ်ခုထဲနှင့်သာ နွေးထွေးနေခဲ့သည်.. အနာကျင်ဆုံးအရာကတော့ စိတ်ဆိုးစိတ်ကောက်၍ သူ့ကိုကျမထားသွားတော့မည်ဟု ပြောမိတိုင်း သူကျမကိုမတားခဲ့ခြင်းပင်...

အတွေးများနှင့်နယ်လွန်နေသော ကျမ လက်တုကြီးကိုကျစ်ကျစ်ဆက်ကိုင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိကာ.. အနည်းငယ်အားရော့သွားချိန်မှာပင်... သူကျမကို ကျောခိုင်း၍ သူ့ချစ်သူဟူသောကောင်မလေးနှင့် ထွက်ခွာသွားပြီ..

ကျမအသံကုန်အော်ခေါ်သည်... သူမကြားနိုင်တော့...
ကျမရဲ့မျက်ရေတွေက သူ့အတွက်တော့ တန်ဖိုးမဲ့လွန်းသွားပြီ..

ကျမသူ့နောက်ကိုပြေးလိုက်သွားမည်လုပ်လိုက်တော့ ကျမဘယ်ဘက်လက်ကို သူ့မေမေကဆွဲထားသည်..

"ဟာ.. အန်တီ.. လွှတ်ပါ.. သူထွက်သွားပြီ.. သမီးလိုက်ခေါ်မလို့" ကျမ အလျှင်စလိုပြောလိုက်သည်..

"အို... မလွှတ်ပါဘူး.. ငါ့သားအတွဲကို ညဉ်းနှောက်ယှက်မှာစိုးလို့ တမင်ဆွဲထားတာ.. ဟိုမိန်းကလေးက ချမ်းသာတယ်.. မိဘတွေလဲမရှိတော့ဘူး.. ညဉ်းနေခဲ့တော့ဟယ်.." ပြောပြောဆိုဆို ကျမကိုတွန်း၍ ထွက်သွားသည်...

ကျမရဲ့ အတိတ်တွေကိုသူစိုးမိုးခဲ့သည်..
ကျမရဲ့ အနာဂတ်စီမံကိန်းတွေထဲသူပါသည်..
ဒါပေမဲ့ ကျမရဲ့ ပစ္စုပန်မှာ သူကျမကိုကျောခိုင်းသွားပြီ...

သူဖြေးဖြေးချင်းလျှောက်နေသောခြေလှမ်းတွေကို.. ကျမ အားကုန်ပြေးလိုက်သော်လည်း ဘယ်လိုမှမမှီနိုင်တော့ပါ..

တဖြေးဖြေး... ဝေး၍.. ဝေး၍....


အခန်း(၃)

"သမီး.. သမီး... ထတော့လေ.. ဘာဖြစ်နေတာလဲ.. ရော့ရေသောက်လိုက်" ကျမ မေမေအသံ ကြားတော့မှ ကျမ အသိဝင်လာသည်.... မျက်လုံးဖွင့်ကြည့်လိုက်တော့ စင်္ကာပူ တိုက်ခန်းအိပ်ယာပေါ်တွင်...

"ရေသောက်ပြီး အိပ်ရာထတော့.. ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ ဘုရားရေသပ္မါယ် အိမ်ရှင်း ဘုန်းကြီးကျောင်းလဲလိုက်ပို့ပေးအုံး.."
ပြောပြောဆိုဆို မေမေအခန်းပြင်ပြန်ထွက်သွားသည်...

အခန်းပြင်၌ ဖေဖေဖွင့်ထားသော "ချမ်းမြေ့ပါစေ" သီချင်းကိုခပ်သဲ့သဲ့ကြားနေရသည်..

ဒီနှစ်သင်္ကြန် ၅ရက်ကို ကျမ စင်္ကာပူမှာ ကြိုးစားပြီးမသိချင်ယောင်ဆောင်နေလို့ရပေမဲ့.. ကျမ မသိစိတ်ကဒဏ်ရာက အိပ်မက်ထဲထိ ခြောက်လှန့်နေခဲ့သည်..

ချစ်သူ ဖြစ်ခါစက သူပြောခဲ့သော စကားလေးကို ရေရွတ်မိသည်... "ပျော်အောင်ထားပါ့မယ်... တဲ့လား ကိုရယ်..."

ကျမကိုနားအလည်ဆုံး နဲ့ အချစ်ဆုံး ဖေဖေနဲ့မေမေက ဒီသင်္ကြန်တတွင်းလုံး မအားရလေအောင် ကျမအတွက်စီစဉ်ပေးခဲ့သည်.. ကျမကိုဂရုစိုက်တဲ့.. ကျမကိုလိုအပ်တဲ့.. ကျမ မိသားစုအတွက် ကျမဆက်၍အသက်ရှင်သန်ရအုံးမည်.. ကျမကြောင့် ကျမ မိသားစု စိတ်မဆင်းရဲစေရ.. ကျမ အိပ်မက်ဆိုးက နိုးထခဲ့သလို.. အတိတ်ဆိုးက လွတ်မြောက်နိုင်အောင် အစွမ်းကုန်ကြိုးစားသွားမည်...

နှစ်သစ်အတွက် ကျမ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ချင်တာကတော့.....

"လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...."

8 comments :

Michael Sync said...

>>သံမဏိလက်တုကြီးတစ်ခ

Hum? ;-O

BLACK DREAM said...

နင်ဒီအိပ်မက်ဆိုးတွေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ် သူငယ်ချင်းရာ။

SZA said...

this entry is really good and it touch my heart..
btw, let's hang out one weekend..
call me or sms me on weekends..i m always free on weekends and we can go out..i duno ur shift schedule, so it wil b better for u to call me :D or mayb, i wil try sms sometimes too

Han Lynn Kyaw (Ray) said...

This post rocks too :).

FFOX said...

I like this post...
At first, I'm glad to hear what happen to you (you'r ok with your BF)
But a little later i started to know that this is not a love ending.... (so sad to hear that)
and i also feel sorry for you sis....

but anyway, life is still a long way to walk.
cheers sis!

This is a great post (this truely a touch story). I like it...
and wish you have a good luck love too.

ဘလူးဖီးနစ် said...

ပျော်ရွှင်ချမ်းမြေ့ ပါစေ မဗေဒါလေးရေ

ဆွေလေးမွန် said...

ညီမလေးရေးထားတာပီပြင်လိုက်တာ ဖတ်ရင်ကိုယ်ပါမျှော်သွားတယ်

mabaydar said...

အစ်မတို့လို အရေးကောင်းတဲ့သူတွေ လာဖတ်ရင် ရှက်တတယ်.... ဟီး.... ဒါပေမဲ့ ကျေးဇူး...