စကာၤပူလို သေးငယ်လှတဲ့နိုင်ငံလေးမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချင်တယ်ဆိုရင်.. တစ်ခါလာလဲ ဘာဘီကျူ.. တစ်ခါလာလဲ East Coast.. Parsir Ris.. Santosa.. Shopping Mall.. Restaurant.. Peninsula Plaza ဒါနဲ့ပဲ ကုန်ပါတယ်.. ပိုက်ပိုက် အကုန်ခံနိုင်ရင်တော့ ကာရာအိုကေ(အင်္ဂလိပ်လိုပဲဆိုရတဲ့အတွက် အာသာသိပ်မပြေလှပါ).. ရုပ်ရှင်ကြည့်(ရုပ်ရှင်ကြည့်လျှင် ဆုံတုံး သူငယ်ချင်းများနှင့် စကားမပြောရသဖြင့် အဆင်မပြေလှပါ).. စသည်ဖြင့် ကျမအတွက် သူငယ်ချင်းဆုံစရာနေရာ အလွန်ရှားပါးလှပါတယ်..
ယနေ့တော့ ကျမတို့တွေ အလုပ်မှာ ကိုယ်လက်လှုပ်ရှားမှုမရှိ .. မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့လဲ ဝေးတဲ့ Tree Top Walk ကို သွားခဲ့ကြပါတယ်.. အဲဒိနေရာကတော့ MacRitchie Reservior ကနေစပါတယ်.. ကျမတို့ကတော့ တိုက်စီနဲ့ MacRitchie Reservior Tree Talk walk လို့ပြောပြီးသွားလိုက်လို့ ဘယ်လိုသွားရလဲ မပြောပြတတ်ပါဘူး.. Ang Mo Kio နဲ့ နီးတယ်လို့တော့ ပြောပါတယ်.. Upp Thomson Road မှာ တည်ရှိပါတယ်..
MacRitchie Reservior Park က ရေကန်နားမှ ကျမတို့သူငယ်ချင်း ၄ယောက်ပါ..
ဦးတည်ချက် HSBC Tree Top Walk ကိုရောက်ဖို့ MacRitchie Reservior ဘက်ကနေတက်မယ်ဆိုရင် ၄.၅ ကီလိုမီတာရှိပြီး ၁နာရီခွဲ ၂နာရီလောက်တောလမ်းလေးကို လျှောက်ရပါတယ်..

စစချင်းတောလမ်းမရောက်ခင် ပန်းခြံလေးထဲမှာကတည်းက စတင်တွေ့ရမဲ့ တိရိစ္ဆာန်ကတော့ မျောက်တွေပါ.. လူကိုဘာမှမလုပ်ပင်မဲ့.. မုန့်ထုတ်ပါရင်တော့ လိုက်ဆွဲပါတယ်.. ဒါပေမဲ့ မျောက်စာကြွေးခွင့်မရှိပါ.. ကျမတို့ ထမင်းထုတ်ကို လာဆွဲတဲ့ မျောက်ကိုသေချာဓာတ်ပုံရိုက်ထားတာပါ (စခန်းမှာတိုင်ဖို့..) မစိုးရိမ်ပါနဲ့ ကျမသူငယ်ချင်းက အသက်နဲ့လဲပြီး ထမင်းထုတ်ကို ကာကွယ်ခဲ့ပါတယ်..
သတိ... မျောက်စာမကြွေးရ.. စက်ဘီးမစီးရ.. သစ်ကိုင်းကျိုးကျတတ်သည်.. (မသိမှာစိုးလို့ရှင်းပြတာ..)


မည်သည့်ဈေးဆိုင်မှ မရှိသဖြင့်.. လိုအပ်သော ရေဘူးတို့ တစ်ရှူးတို့ စားစရာသောက်စရာတို့ မိမိဘာသာ ယူဆောင်သွားရပါမယ်.. တောလမ်းဖြစ်သောကြောင့် သက်တောင့်သက်သာအ၀တ်အစားနှင့် ဖိနပ်များကို ၀တ်ဆင်ပြီးသွားသင့်ပါတယ်.. ကျမတို့ ရောက်သောအချိန်မှာ ၁၁နာရီထိုးလုဖြစ်နေသဖြင့် နေအနည်းငယ်ပူနေပါတယ်.. တောအုပ်ထဲရောက်သွားလျှင်တော့ နေမပူတော့ပါ.. ဒါပေမဲ့ မိတ်ဆွေသွားမည်ဆိုလျှင် စောစောသွားဖို့တိုက်တွန်းချင်ပါတယ်.. ဖွင့်ချိန်
Tues to Fri: 9am - 5pm, Sat, Sun and PHs :8.30am - 5pm, Closed on Mon except PH ဖြစ်ပါတယ်..
ခရီးအဆုံးမှာတော့ စကာင်္ပူမှာ ပထမဆုံးဆောက်ခဲ့တဲ့ အမြင့်ပေ ၂၅ မီတာ(တစ်ချို့ website မှာတော့

၂၇မီတာလို့ပြောတယ်) ရှိတဲ့ ကြိုးတံတားကို သစ်ပင်ထိပ်အမြင့်တွေကြားမှာ ဆောက်ထားတာတွေ့ရပါလိမ့်မယ်..
တစ်ချို့ကပြောတော့ တံတားကို အသံတိတ်တိတ်နဲ့ လျှောက်ရင် ကျေးငှက်လေးတွေကို အနီးကပ်ကြည့်လို့ရတယ်လို့လဲပြောပါတယ်.. ကျမတို့ကတော့ စကားတွေ ပြော.. ဓာတ်ပုံတွေရိုက်.. ဗွီဒီယိုတွေရိုက်လုပ်နေလို့ ဘာငှက်မှ မတွေ့ခဲ့ပါဘူး.. တံတားကမြင့်တော့ လမ်းလျှောက်ရတာ အသဲထဲအေးပြီး.. ခြေဖ၀ါးတွေ ယားနေပါတယ်..
အပြန်တောလမ်းလှေကားထစ်တွေပေါ်က ကျမ
တံတားပေါ်မှာနဲ့ တံတားပြီးပြီးချင်းလမ်းတွေမှာတော့ နောက်ပြန်မလှည့်ရ လမ်းပြောင်းပြန်ပြန်မလျှောက်ရဆိုတဲ့ အချက်ပေး ဆိုင်းဘုတ်လေးတွေကိုတွေ့ရပါတယ်.. လူတစ်ယောက်စာသာသာ လမ်းလေးတွေမို့ လူရှုပ်မည်စိုး၍ ထင်ပါသည်.. အပြန်တွင်တော့ ခရီးပိုနီးတဲ့ Venus Drive Carpark ဘက်ကနေထွက်လာခဲ့ပါတယ်.. Tree Top Walk မှ ၂.၅ ကီလိုမီတာဝေးပြီး.. ၄၅မိနစ်မှ ၁နာရီအတွင်းလောက် ပြန်လျှောက်ရပါတယ်.. ထို့ကြောင့် စုစုပေါင်း အသွားအပြန် ၇ကီလိုမီတာမှ ၁၀ ကီလိုမီတာအထိ (၃နာရီက ၅နာရီ သင်လမ်းလျှောက်မှုပေါ်မူတည်ပြီးလျှောက်ရမှာပါ) ရှိပါတယ်..
တစ်လမ်းသွားပါ.. နောက်ပြန်မလှည့်ရပါ.. ဂျီတော့မှာ ပုံတင်ချင်လို့ ရိုက်လာလိုက်တာပါ.. 
အပြန်လမ်းမှာတော့ အားလုံး ပင်ပန်း နွမ်းနယ်နေကြပါပြီ.. ဒါပေမဲ့ ကျမတို့ ပင်ပန်းရကျိုးနပ်ပါတယ်.. ယခုတစ်ကြိမ် သူငယ်ချင်းတွေ ဆုံတွေ့ချင်းမှာ ဟန်ဆောင်ခြင်း.. ပြိုင်ဆိုင်ချင်းမရှိဘူး... ဖေးမကူညီချင်း.. ပွင့်လင်းခြင်း နဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အကုန်အကျသက်သာတဲ့ ဆုံဆည်းမှုလေးဖြစ်တဲ့ အပြင် ကျမတို့ အားလုံးရဲ့ ဘ၀စာမျက်နှာမှာ ချိုမြိန်ဖွယ်လေးအဖြစ် မှတ်ကျောက်တင် တည်ရှိသွားမှာပါ.... (သေချာတာကတော့ သူတို့အားလုံး ဒီနေ့ည အပူအပင်တွေ မတွေးနိုင်ပဲ အိပ်ကောင်းကြမှာပါ...)
အောက်ကပုံလေးတွေကတော့ ကျမတို့ ခရီးစဉ်အမှတ်တရပေါ့...
တစ်ခုတည်းသော နားနေစခန်း ဘာဆိုင်မှမရှိ ရေဖြည့်ရန် ရေသန့်စက်၁ခုသာရှိ..
တံတားပေါ်မှာပေါ့
အပြန်လမ်းမှာတော့ အသံတွေတိတ်နေကြတယ်..
တဖြည်းဖြည်းနဲ့ စူစူအောင့်အောင့် တောလမ်းလျှောက်လာပါပြီ..
မောတော့မောတာပေါ့.. ဒါပေမဲ့.... မောတယ်..
အပြင် Car Park ပြန်ရောက်ခါနီးလမ်းလေး..