Thursday, June 20, 2024
အက်ဒလေးမြို့ရဲ့ Minty အလှ
Tuesday, May 23, 2023
Adelaide မြို့ရဲ့ အမှိုက်ပစ် စနစ်
Friday, December 09, 2022
Greiving is a process that has no ending
Tuesday, March 15, 2022
Our Beloved Summer - Kdrama Review
Genre - Romantic Comedy, Drama
Written by - Lee Na-eun
Directed by - Kim Yoon-jin
Starring
#ChoiWooShik
#KimDaMi
Kim Sung- cheol
Roh Jeong-eui
Country of origin - South Korea
Original language - Korean
No. of episodes - 16
Distributor - SBS, Netflix
Original release - 6 Dec 21 to 25 Jan 2022
The time I finished this drama: Jan 2022
My Rating: 4/5
ဇာတ်လမ်းအကျဉ်း
Choi Ung ဆိုတဲ့ အတန်းထဲမှာ စာအညံ့ဆုံး ခပ်အေးအေး ခပ်ပေါ့ပေါ့နေတတ်တဲ့ကောင်လေးနဲ့ Kook Yeon-soo ဆိုတဲ့ အတန်းထဲမှာ စာအတော်ဆုံး ထူးချွန်ထက်မြတ်တဲ့ ကောင်မလေး တို့ ၂ယောက်ကို ထိပ်နဲ့ဘိတ်ကို အတူတူထားပြီး လေ့လာပြသတဲ့ Reality TV show တစ်ခုမှာ ပါဝင်ခဲ့ရာကစတယ်။ အဲ့ဒိ show အပြီး ငယ်ချစ်တွေဖြစ်ခဲ့ကြတဲ့ သူတို့ ၂ယောက်ဟာ တက္ကသိုလ်ကျောင်းသားဘဝမှာ လမ်းခွဲခဲ့ကြတယ်။
Yeon Soo အတွက် သူ့အကြောင်းနဲ့သူရှိပေမဲ့ ဘာလို့လမ်းခွဲမှန်းတောင် မသိလိုက်ရတဲ့ Choi Ung အတွက်ကတော့ အတော်လေးပိုခံစားခဲ့ရတယ်။ ၁၀နှစ်ကြာပြီးမှ သူတို့ရဲ့ Documentary အဟောင်းထဲက video clip လေးတွေက အင်တာနက်မှာ ပြန်ခေတ်စားလာသလို သူတို့ ၂ယောက်ဘယ်လိုပြောင်းလဲသွားပြီလဲဆိုတာကို လူထုက စိတ်ဝင်စားမှုရှိလာတဲ့အတွက် နောက်ထပ် Documentary လေးတစ်ခု တူတူထပ်ရိုက်ဖို့အကြောင်းဖန်လာတယ်။ လူငယ်ဘဝကနေ working adult တွေအနေနဲ့ ဖြစ်ပျက်ပြောင်းလဲလာတဲ့ ဘဝ အဆစ်ချိုးတွေမှာ စိတ်ဒဏ်ရာတွေ၊ ဘဝအခြေအနေတွေ၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့ခံယူချက်နဲ့ နားလည်မှု၊ အသက်အပိုင်းအခြားအလိုက် ပြောင်းလဲလာတဲ့ ခံယူချက်အတွေးအခေါ်နဲ့ တုံ့ပြန်မှုတွေ စတာတွေကို ကျော်ဖြတ်ရင်း ချစ်တာက ချစ်လို့ရတယ်၊ အတူတူဘဝလက်တွဲဖို့ဆိုတာက ချစ်တာထက်ကို ပိုနားလည်ရတယ်ဆိုတဲ့ အတွေးလေးဝင်စေတဲ့ကားလေးပါ။
ဝေဖန်ရေး
ဒီကားလေးက အေးအေးညိမ့်ညိမ့် vibe လေးနဲ့သွားတယ်။ ပြောရရင် ဇာတ်ကား vibe လေးက Choi Ung ရဲ့ personality လေးနဲ့ ဖြည်းဖြည်းလေးညှိပြီးသွားနေသလိုခံစားရတယ်။ များသောအားဖြင့် Choi Ung ရဲ့ POV ကို ပရိတ်သတ်က မြင်တာများတယ်။ တဆက်တည်းမှာပဲ ပရိတ်သတ်မသိတဲ့ အကြောင်းလေးတွေကို ကြက်သွန်ဥလို တလွှာချင်း ဖြည်းဖြည်းချင်းဖြည် ပြတာ။ နောက်ခံ ost လေးတွေကအစ အေးအေးညိမ့်ညိမ့်လေးပေါ့။
တချို့ကတော့ အဲ့ကားကို ပျင်းဖို့ကောင်းတယ်ပြောတာလဲတွေ့တယ်။ mood မပါတဲ့အချိန်ကြည့်လို့ဖြစ်မယ်ထင်တယ်။ Feel ချင်နေတဲ့အချိန် Sad ending လဲ မဟုတ်တဲ့ ကားမျိုးကြည့်ချင်နေတယ်ဆိုရင် ဒီကားလေးက နင့် နေအောင် ဖီလ်းလို့ကောင်းမဲ့ ကားလေးလို့ မြင်တယ်။ ကိုယ်ကတော့ ဘာရယ်မဟုတ် ဘာမှ သိပ်မဖီလ်းချင်လို့ ပေါ့ပေါ့ပါးပါးကားလေးဖြစ်မယ်ထင်လို့ ဖွင့်ကြည့်ဖြစ်ပေမဲ့ သူက ပေါ့ပေါ့ပါးပါးလေးလို စခဲ့ပေမဲ့ ရင်ထဲမှာ ရစ်ပတ်ပြီး ဇာတ်ကောင်ဖွံဖြိုးမှုမှာ ကိုယ်ပါ လိုက်ခံစားမိတာမျိုး။ ရေစီးနေတဲ့ ရေကူးကန်လိုမျိုးက ဘောကွင်းပေါ် ညိမ့်ညိမ့်လေးလိုက်စီးနေသလိုပေါ့။ ဇာတ်လမ်း overall လေးအရ ဇာတ်သိမ်းကို မှန်းထားခဲ့ရင်တောင် ဇာတ်သိမ်းလေးက မှန်းထားတာထက် ပိုပြီး ကျေနပ်စရာကောင်းအောင် သိမ်းသွားပေးတယ်လို့မြင်တယ်။ အောက်မှာ ဇာတ်ကားအဆုံး ဇာတ်ကောင်တွေရဲ့ character development တွေကျရင် အကျယ်ရေးပေးမယ်။ အခုက မကြည့်ရသေးသူတွေ spoiler မမိအောင်လို့။
Choi Ung ပန်းချီထိုင်ဆွဲနေတာကြည့်ပြီး ကိုယ်ပါ စိတ်ညိမ်လာသလိုလိုခံစားရတယ်။ ကိုရီးယားနဲ့ ဂျပန်ကားတွေမှာ ခေါင်းဆောင်ဇာတ်ကောင်တွေရဲ့ အလုပ်အကိုင်ကို cool ဖြစ်အောင် ရိုက်ပြတတ်တာလဲ ပညာပဲနော်။
အမှန်ပြောရရင်စိတ်ထဲမှာ Choi Woo Shik မျက်နှာကို ပထမ မင်းသားဖြစ်လာနိုင်တယ်လို့ မထင်ခဲ့ဘူး။ ကလေးရုပ်လေးနဲ့လေ။ သူကံကောင်းလို့ အကပ်ကောင်းလို့ နည်းနည်းလဲ သရုပ်ဆောင်တတ်လို့ ကမ္ဘာ့ နာမည်ကြီးရုပ်ရှင် Train to busan တို့၊ Parasite တို့မှာ ပါတယ်ထင်တာ။ ကိုယ့်မှန်းချက်က သူနဲ့ကျမှ မှားသွားပြီ။ သူသရုပ်ဆောင်လို့ ရိုက်ရတာ။ ကံချည်းကောင်းရုံနဲ့တော့ အဲ့လောက်ရမှာ မဟုတ်ဘူး။ သူ့ကို ကျောင်းသားကားလောက်ရိုက်လို့ရမှာ working adult ဇာတ်ကောင်ဆို ကလေးရုပ်နဲ့ မဖြစ်လောက်ဘူးပေါ့။ မ cool လောက်ဖူးထင်တာ။ ဒီကားမှာ သူ့ဇာတ်ကောင်ကို သူသရုပ်ဖော်တာက သူနဲ့ ဇာတ်ကောင်ကို တထပ်တည်းကျတယ်။ သူ့ရဲ့ ငယ်ငယ်က သိမ်ငယ်စိတ်၊ အငုံစိတ်၊ ဘာကိုမှ သိသိသာသာ react မလုပ်သူက သူ့ပြိုင်ဘက်ကို ဖွင့်ပွဲနေ့ဖိတ်တာဟာ သူ့ချစ်သူဟောင်းလားဆိုတာ သိတော့ ပြဿနာလုပ်ထွက်သွားတဲ့အချိန်မှာ ပြိုင်ဘက်ကို စိတ်ဆိုးတာထက် ချစ်သူဟောင်းကို သူချစ်နေသေးလို့ အခုလို တုန့်ပြန်တာ၊ အပြင်ပန်းက ဘယ်လောက် ညင်းညင်း သူ ချစ်နေသေးတယ်ဆိုတာကို ပရိတ်သတ်ကတောင် သူ့မျက်လုံးတွေကနေ တဆင့် ခံစားလို့ရအောင် သရုပ်ဆောင်နိုင်တာ ရင်ထဲကို ထိနေတာပဲ။
မင်းသမီး Kim Da mi ကိုလဲ Itaewon class မှာ ပထမဆုံး စကြည့်ဖူးကတည်းက သရုပ်ဆောင်ကောင်းတာသတိထားမိပေမဲ့ သူ့မျက်နှာမျိုးက ဇာတ်လမ်းရွေးမယ်ထင်ခဲ့တာ။ အရမ်းချောတဲ့အထဲ မပါဘူးလေ။ ဒါပေမဲ့ ရုပ်ရှင် မင်းသား မင်းသမီးဆိုတာ တကယ်သရုပ်ဆောင်ကောင်းရင် အရမ်းချောနေစရာမလိုဘူးဆိုတာ ဥပမာပြဆို ကိုယ့်ကသူ့ကိုပြမိမလားပဲ။ အမှန်တော့ မှုန်နေအောင်မချောတာ ပိုပြီးတောင် ဇာတ်ကောင်တွေ versatile ဖြစ်သေးတယ်။ တကယ် သရုပ်ဆောင်ထူးချွန်ဖို့တော့လိုတာပေါ့နော်။ ဒီခေတ်မှာ တကယ်တော့ မိတ်ကပ်အပြင်အဆင်တတ်ရင် မချောတဲ့သူဆိုတာ မရှိသလောက်ပဲ။ (netflix က english ကားတွေမှာ ခေါင်းဆောင်မင်းသမီးတင်တဲ့ အာရှ မင်းသမီးတွေဆို အာရှ standard နဲ့ သိပ်မချောတာတွေ တမင်ရွေးထားသလားထင်ရတယ်။)
Spoiler alert from now on...
.
.
.
ဇာတ်ကားထဲက ဇာတ်ရုပ်တွေမှာ အငုံစိတ်ကိုယ်စီရှိကြတယ်။ မင်းသမီးက သူ့ရဲ့ ဘဝကို မပြည့်စုံဘူး၊ ကြမ်းတမ်းတယ်၊ တစ်ယောက်တည်းရုန်းကန်နေ ရတယ်လို့ထင်တဲ့ အငုံစိတ်ကို သူ့ရဲ့ မာန နဲ့ ဘယ်သူ့အကူညီမှ မလိုဘူးဆိုတဲ့ပုံစံဖမ်း ထက်မြတ်ကြိုးစားတဲ့ သူအနေနဲ့ ဖုံးထားတယ်။ မင်းသားက သူ့မှာရှိနေတဲ့ စွန့်ပစ်ခံရဖူးတဲ့ ကလေးတစ်ယောက်ရဲ့ အငုံစိတ်ကို ဘာမှ မလိုချင် မဖြစ်ချင် easy going ပုံစံနဲ့ ဖုံးထားတယ်။ မင်းသား သူငယ်ချင်း ဒုမင်းသားဆိုလဲ သူအမေက ဂရုမစိုက်ပဲ တစ်ယောက်တည်းကြီးပြင်းလာရတဲ့အငုံစိတ် Choi Ung ကို အားကျတဲ့စိတ်နဲ့ သိမ်ငယ်တဲစိတ်ကို သူ့ကိုယ်သူဘေးကနေ လေ့လာသူလိုလိုနဲ့ သူ့ပြဿနာတွေကျ မရင်ဆိုင်ပဲ ရှောင်ရင်း ဖုံးတယ်၊ ဒုမင်းသမီး ဆယ်လီဆိုရင်လဲ နာမည်ကြီးမို့ fan service မကောင်းမှာကြောက်ရ၊ image ထိခိုက်မှာစိုးရနဲ့ သူအစစ်အမှန်ကိုပြဖို့ ချုပ်တီးထားရတဲ့ဘဝ စသဖြင့်ပေါ့နော်။
အဲ့ဒါတွေအားလုံးကို ဇာတ်လမ်းရဲ့ နောက်ဆုံးအပိုင်းမှာ တစ်ယောက်ချင်းစီအတွက် သေချာလေး closure လေးပေးသွားသလို ဇာတ်ကောင်ဖွံ့ဖြိုးမှု၊ သူတို့ရဲ့ ဘဝအပေါ် အတွေးအမြင်ပြောင်းလဲမှု၊ သူတို့စိတ်ထဲက မကျေနိုင်တဲ့ အစိုင်အခဲတွေကို လက်ခံရင်ဆိုင်တာတွေကို ခပ်အေးအေးလေးပဲပြသွားတယ်။ ဒီတိုင်းကြည့်မယ်ဆိုရင်တော့ သာမန်စကားပြောခန်းလေးတွေလို့ ထင်ရပြီး ဇာတ်ကို wrap up လုပ်နေတာပဲဆိုပြီး ပေါ့ပေါ့ကြည့်လို့ရပေမဲ့။ တကယ် တစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်နဲ့ သူတို့ဘဝကို သူတို့ကိုယ်တိုင် သေချာနားလည်သွားတာမျိုးကို ကိုယ်က သူတို့နေရာဝင် ကိုယ်ချင်းစာကြည့်ပြီး ခံစားရင် အရမ်း deep တာပေါ့နော်။
Choi Ung ဆိုရင် သူ့အဖေပစ်ခံသွားရလို့ စွန့်ပစ်ခံရတာကို trauma ရှိတယ်။ Yeon Soo က အဲ့ဒါတွေကိုမသိခဲ့ပဲ သူ့ မာနနဲ့သူ့ဘက်က အမြင်နဲ့ပဲ ဖြတ်ခဲ့တုန်းက အိပ်မပျော်တဲ့ ရောဂါဖြစ်တဲ့အထိခံစားရတယ်။ ရည်းစားဖြတ်သွားလို့ အသည်းကွဲ အိပ်မပျော်တာက ထားပါတော့ အလွန်ဆုံး ၁နှစ်လောက်ဆိုရင်တောင် ခုလိုရောဂါကြီးတစ်ခုလိုဖြစ်ရတာက သူငယ်ငယ်က စွန့်ပစ်ခံရတဲ့ အခံကြီးကြောင့်ဖြစ်ရတာ။ မွေးစားမိဘတွေက သူ့ကိုမွေးစားပြီး ချစ်ပေမဲ့ သူ့စိတ်ထဲမှာက သူတို့ရဲ့ ဆုံးသွားတဲ့သားအရင်းကို အစားထိုးခံထားရတာဆိုတဲ့ အငုံစိတ်ကို တသက်လုံးသိမ်းထားပြီး ငါဟာ လောဘမကြီးသင့်ဘူး။ ငါဟာ သူတို့သားအစားထိုးဆိုပြီး သူ့ကိုယ်သူ မလုံခြုံတဲ့ စိတ်ကို မြိုသိပ်ထားရင်းနဲ့ ဘာကိုမှ စိတ်ထဲမှာ မလိုချင်ဘူးလို့ သူ့ကိုသူဖိအားပေးရင်းနဲ့ ဘာမှကို မဖြစ်ချင်တော့တာ။
တကယ်တော့ သူလိုအပ်ခဲ့တာ နောက်ဆုံးအပိုင်းမှာ ပြသွားသလို သူ့အမေနဲ့ သာမန်ထမင်းစားရင်း ပြောတဲ့ ရိုးသားပြီး ပွင့်လင်းတဲ့ စကားဝိုင်းလေးပဲ။ သူပွင့်ပွင့်လင်းလင်း မေးခဲ့ရင် ရနိုင်ခဲ့မဲ့ အဖြေလေးတစ်ခုအတွက် တစ်ဘဝလုံး ခံစားခဲ့ရတာ။ ဟုတ်တယ် အဲ့လိုမေးဖို့မလွယ်ကူဘူးဆိုတာ နားလည်တယ်။ ဒါပေမဲ့ ကိုယ်က အပြင်လူ viewer တစ်ယောက်အနေနဲ့ သံဝေဂ ရတာက ကိုယ့်ဘဝမှာရော အဲ့လို ခြေတုံချတုံ စိတ်ထဲက အစိုင်အခဲတွေရှိခဲ့ရင် တစ်ခါတစ်လေ သက်ဆိုင်သူတွေနဲ့ သေချာလေး ပြောထုတ်လိုက်တာ ထင်သလောက်မဆိုးဘူးလို့ တွေးမိတာ။
အဆုံးခန်းသူ ပြင်သစ်ကိုမထွက်ခင် သူ့အဖေအရင်းအလုပ်ကိုသွားကြည့်ပြီး ဘာမှ မပြောပဲ သူလာကြည့်သွားကြောင်း ပြသွားယုံလုပ်သွားခဲ့ပေမဲ့ ပရိတ်သတ်နားလည်အောင်တော့ voice over နဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပြီး အသေးစိတ် closure လုပ်ပေးခဲ့တဲ့အတွက် စာရေးဆရာရော director ရောကိုလဲ ကျေးဇူးတင်မိတယ်။ တစ်ခုပဲ သိပ်မကျေနပ်တာက (အဲ့ဒါကြောင့် ကိုယ့် rating က 4 ဖြစ်သွားတာ) မင်းသမီးက သူ့ကို ဖြတ်သွားတာ သူ့ဟာသူ သူ့ pride ကြောင့် သူ့အငုံစိတ်ကြောင့် ဖြတ်သွားပြီး မင်းသားကို အဲ့ဒိကိစ္စကြောင့်ပါဆိုတာကို မျက်နှာချင်းဆိုင် စကားနဲ့ မတောင်းပန်တာကို viewer တစ်ယောက်အနေနဲ့ သိပ်မကျေနပ်ဘူး။ သူ့ဘဝအဆင်မပြေဘူးလို့ ပြတ်တုန်းက ဖုန်းပေါ်က မင်းသားကိုပြောခဲ့ပေမဲ့ ဟိုက မကြားလိုက်လို့ အထင်လွဲစရာဖြစ်သွားရင်း တကယ်ပြတ်သွားကြတယ်လို့ ဇာတ်လမ်းအရပြထားပြီး သူတို့ ကာယကံရှင် ၂ယောက်လဲ ကျေနပ်နားလည်လို့ ပြန်ပေါင်းထုတ်ကြတယ်ဆိုပေမဲ့ (အပြင်စုံတွဲဆို ကိုယ်ဘာမှ မပြောလိုပေမဲ့) ရုပ်ရှင်ဖြစ်တဲ့အတွက် အဲ့နေရာမှာ ကိုယ်က Choi Ung ဘက်က နာတယ်။ တောင်းပန်စေချင်တယ်။ ဘာလို့လဲ ဆိုတော့ အဆုံးထိတောင် Choi Ung က သူ့ကိုယ်သူ Yeon Soo နဲ့တန်အောင် better person ဖြစ်အောင် (သာမန် လူ့ဘောင်ပေတံနဲ့တိုင်းရင် သူက ဝင်ငွေနဲ့ ကျော်ကြားမှုမှာသာနေတာတောင် စိတ်ဓာတ်အရသူ့ကိုယ်သူ Yeon Soo လောက်မတော်ဘူးထင်နေသေးတာက Yeon Soo သူ့ကို ဘာကြောင့်ဖြတ်လဲဆိုတာကို သူမသိသေးလို့လို့ ထင်လို့ သိပ်မကျေနပ်တာ) လုပ်မယ်လို့ပြောသွားတယ်။
Yeon Soo ဇာတ်ကောင်အနေနဲ့ကျတော့ လောကမှာ လူတော်တော်များများ ဖြစ်တတ်တဲ့ relate လုပ်လို့ရမယ်လို့ ထင်တယ်။ တစ်ခါတစ်လေ ဘဝမှာ ငွေရေးကြေးရေး အဆင်မပြေမှုတွေရှိလာရင်၊ နေ့စဉ် အခြေခံလိုအပ်ချက်တွေအတွက် ရုန်းကန်နေရတဲ့အခါ လူတွေမှာ အငုံစိတ်ဝင်တတ်တယ်။ ဘာပဲပြောပြော လောကကြီးမှာ လူတော်တော်များများနဲ့ နေရာတော်တော်များများမှာက materialistic ဖြစ်တယ်ဆိုတာက ညင်းလို့တော့မရဘူးလေ။ စာဖတ်သူတွေတော့မသိဘူး ကျွန်မဆိုလဲ အဆင်မပြေတဲ့အချိန် အဲ့လို ခံစားရတာပဲ။ သူကျတော့ ငယ်ငယ် ကျောင်းနေအရွယ်ထဲက အဲ့ပြဿနာတွေကို ရင်ဆိုင်ဖို့ အားတင်းရင်း အားတင်းရင်းနဲ့ သူ့ဘဝရဲ့ ပျော်စရာအဖော်မွန်တွေကို အားကိုးဖို့တောင် မေ့သွားတာ။ အထီးကျန်တယ်ဆိုတာ တကယ်တော့ အတွင်းထဲက လာတာ။ အပြင်မှာကိုယ့်ဘေးမှာရှိတဲ့လူတွေကို ကိုယ်တိုင်က မမြင်ရတဲ့ တံတိုင်းနဲ့ ကာထားလိုက်ပြီး ကိုယ့်ဟာကိုယ် တစ်ယောက်တည်းလို့ ခံစားရတာ။ သူ့ဘဝမှာ Choi Ung နဲ့ချစ်သူဖြစ်ရတာကံအကောင်းဆုံးလို့ သူ့စိတ်ထဲ ခံစားနေရပြီး ကံကောင်းတာတွေက ဘယ်တော့ပျောက်သွားမှာလဲဆိုပြီး constantly တွေးပူနေတာ။ အဲ့ဒါကြောင့် What if မေးခွန်းတွေမေးတာ။ (ကိုယ်လဲ အဲ့လိုလုပ်တယ်။ What if scenerio တွေ မေးတာ တခါတလေ အပျော်ဆိုပေမဲ့ တချို့ဟာတွေကျ ကိုယ့်စိတ်မလုံမှုကို ဖုံးပြီး ညှပ်မေးတာမျိုး လုပ်လေ့ရှိတယ်😜) အဆိုးဆုံးက သူ့ဘဝကို လူအများစုရဲ့ ပေတံတွေနဲ့ လိုက်တိုင်းပြီး သူ့ချစ်သူ Choi Ung က နိုင်ငံခြားပညာတော်သင် ဖိတ်ခံရတာကို သူ့ဟာသူ အငုံစိတ်ဖြစ်ပြီး ဖြတ်ခဲ့တာလေ။
သူတို့ ၂ယောက်ရဲ့ relationship history ကို ခြုံကြည့်ပြီး viewer အနေနဲ့ပြောရရင် သူတို့ ၂ယောက်လုံးက ကိုယ့်ကိုကိုယ် မချစ်တတ်သေးပဲ တခြားတစ်ယောက်ကို ချစ်ခဲ့တာပဲ။ လူတွေဟာ တကယ်တော့ တခြားတစ်ယောက်ကို ချစ်ဖို့အတွက် ကိုယ့်တန်ဖိုးကို ကိုယ် အရင်နားလည်ရတယ်။ ကိုယ်လိုချင်တာကို သိရတယ်။ အဲ့လိုမှ တခြားသူကိုလဲ နားလည်ပေးနိုင်တယ်။ ချစ်ပေးနိုင်တယ်။ မဟုတ်ရင် Yeon Soo လို သူပညာတော်သင်သွားဖို့ ငါ ပစ်သွားလိုက်မယ်ဆိုတာမျိုး ကိုယ့်ကိုကိုယ်လျော့တွက်တဲ့အပြုအမူမျိုးလုပ်မိပြီး ချစ်သူကို ဆုံးရှုံးရလိမ့်မယ်။ Choi Ung အနေနဲ့ဆိုလဲ မိဘပစ်တာခံထားရဲ့ ကလေးတစ်ယောက်အနေနဲ့ ချစ်သူက ထပ်ပစ်တဲ့အခါ သူက အပစ်ခံထိုက်လို့လို့ပဲ ယူဆလိုက်ပြီး ချစ်သူကို လက်မလွှတ်တန်း ဆွဲထားဖို့ ခွန်အားမရှိဘူး။
ပြီးတော့ ဖူးစာဆိုတာလဲ အခြေအနေ အချိန်အခါ အသက်အရွယ်နဲ့လဲ ဆိုင်သေးတယ်လို့ ထင်တယ်။ သူတို့က ငယ်ချစ်တွေ ဘဝမှာ အခြေမကျသေးခင် Yeon Soo ကို လောကဓံက တိုက်ခိုက်ခံရတယ်။ သူချစ်တဲ့ Choi Ung ကိုကြည့်တော့လဲ ဘာမှ ရည်မှန်းချက်မရှိတဲ့ ငပျင်းလိုလူ အာမခံချက်မရှိဘူးလေ။ သူနဲ့သာမပြတ်ခဲ့ရင်ရော Choi Ung က နာမည်ကြီး ပန်းချီဆရာဖြစ်လာပါ့မလားလို့ ကိုယ်ကတော့ တွေးမိတယ်။
နောက်ဆုံးပိုင်းမှာ သူတို့ ဖူးစာဆုံဖို့ ရေစက်ပါလာတော့ အားလုံးက အချိန်ကိုက် အံဝင်ဂွင်ကျ ဖြစ်သွားတယ်။ Choi Ung ကို ဆယ်လီ NJ က "Yeon Soo က ရှင့်ကိုအတော်ချစ်တာပဲ။ လူတစ်ယောက်အတွက် ကိုယ့်ဘဝကြီးကို ပြောင်းလဲပြီး ရှင့်နောက်လိုက်ဖို့ ဆုံးဖြတ်တာ မလွယ်တဲ့ကိစ္စပဲ" လို့ပြောလိုက်တဲ့အချိန်မှာ Choi Ung မျက်နှာမှာ ဒါမျိုးကိစ္စတွေလဲ ရှိသားဆိုတဲ့ အတွေးမျိုး ပထမဆုံးရလိုက်တဲ့ အလင်းမျိုးတွေ့ရတယ်။ သူကကောင်မလေးက သူ့နောက်လိုက်မယ်လို့ default အစကတည်းကတွေးထားတဲ့ ပုံလို့ နားလည်တယ်။ နောက်ပြီး သူ့အမေနဲ့ စကားပြောပြီး သူ့ရဲ့ စိတ်အစိုင်အခဲကြီးကျပြီး သူ့ရဲ့ တန်ဖိုးကို သူသိသွားတယ်။ သူဟာ ဘယ်တုန်းကမှ အစားထိုးသားတစ်ယောက်မဟုတ်ခဲ့ဘူးဆိုတဲ့ အသိလေးက သူ့စိတ်ထဲ ဘယ်လောက်နွေးပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးသွားစေမလဲ စဉ်းစားကြည့်။ တသက်လုံးသိမ်းထားတဲ့ ခံစားချက် အစိုင်အခဲကြီးက ထမင်းဝိုင်းက စကားနဲ့တင် ပျောက်သွားတာ။ အဲ့အခန်းကို ကြည့်တုန်းက သိပ်မဖီလ်းခဲ့ရင် ပြန်ကြည့်ပြီး ပြန်ဖီလ်းကြလို့ပြောချင်တယ်။ (အခု review ရေးဖို့ feeling တွေ refresh အောင်ပြန်ကြည့် ပြီး ပြန်ငိုထားတာ ဘာမှတ်လဲ)
Yeon Soo ကလဲအဲ့အချိန်မှာ ပြင်သစ်ကို job offer ရပေမဲ့ သူ့ဘဝကို ခုမှ သေချာပြန်သုံးသပ်တော့တကယ်တော့ သူ့ဘေးမှာ သူ့ကို appreciate လုပ်တဲ့သူတွေ ရှိနေတာ သွားတွေ့တယ်။ သူ့ဘဝကြီးမှာ အပေါင်းအသင်းမများရင်တောင် သူဟာတစ်ယောက်တည်း ဒုက္ခပင်လယ်ထဲရုန်းနေရသူမဟုတ်ဘူး။ အဲ့ဒိလူတွေကိုသာ သူက appreciate မလုပ်ခဲ့မိတာ။ သူ့ဘဝကို miserable ဖြစ်အောင်လုပ်နေတာ သူ့ဟာသူပဲ။ Kungfu panda ထဲက dialogue လေးတစ်ခုကို မဗေဒါစိတ်ညစ်ရင် အမြဲ ပြန်သတိရမိတာရှိတယ်။ Happiness is within တဲ့။ အဲ့ စကားက Yeon Soo ကိုတိုက်ရိုက်ဆုံးမလို့ရမဲ့စကားပဲ။ သူ့ဘဝကြီးရဲ့ အခြေအနေက ဇာတ်လမ်းအဆုံးမှာ ဘာမှ ပြောင်းလဲသွားတာမဟုတ်ဘူး။ ဒါပေမဲ့ သူ့ဘဝအပေါ်ထားတဲ့ သူ့အမြင်က ၃၆၀ ဒီဂရီပြောင်းသွားတာ။ သူ့ဘဝသူ ကျေနပ်သွားတာ။ အဲ့လိုဆိုတော့ Choi Ung က သူ့ထက်သာနေတာတွေ၊ နိုင်ငံခြားပညာသင်သွားတာတွေကို အငုံစိတ်မဖြစ်တော့ဘူး။ သူ့ကိုယ်သူ ယုံကြည်မှုရှိသွားတဲ့အတွက်လဲ အရင်လို ဘာမပြောညာမပြော နင်ကောင်းစားဖို့ ငါဖြတ်တယ်ဘာညာ မဟုတ်တန်းတရားတွေ လျှောက်မလုပ်တော့ဘူး။ အေးအေးဆေးဆေး Choi Ung ကို ရှင်းပြတယ်။ ဟိုကလဲ ဆယ်လီNJ ပြောထားလို့ရော၊ သူ့အမေနဲ့ အစားထိုးသားမဟုတ်ပါဘူးဆိုတဲ့ confident လေးရှိနေတာရောကြောင့် လက်ခံနိုင်တယ်။ အခြေအနေ၊ အချိန်အခါတွေ သွားကိုက်တာပေါ့နော်။ အဲ့ဒါကို ဖူးစာခေါ်မလားပဲလို့ စဉ်းစားမိတယ်။
တခြား ဇာတ်ပို့တွေအတွက် closure လေးတွေနဲ့ wrap up လုပ်ပေးတာလဲ သေသပ်တယ်။နောက်ပြီး အနုပညာတစ်ခုကို ခံစားတာမှာလဲ ခံစားသူအပေါ်မူတည်ပြီး တန်ဖိုးကွာတယ်ဆိုတာမျိုးလေးကို ပြသွားတာ သဘောကျမိတယ်။ အဆုံးမှာ Choi Ung ရဲ့ ပန်းချီကားတွေကို NJ က ဝယ်တော့ Choi Ung က ဒီပန်းချီကားတွေက ဒီလောက်ကောင်းတာတွေလဲမဟုတ်လို့ discount ယူချင်လဲ စျေးလျော့ပေးမယ်ပြောတယ်။ သူ့ပန်းချီကားတွေက သူ့အငုံစိတ်ကြောင့် လူတွေထည့်မဆွဲတာကို ပန်းချီ ဝေဖန်သူပညာရှင်က immature လို့ ဝေဖန်ခံထားရတယ်လေ။ ဒါပေမဲ့ NJ က သူ့ပန်းချီကားတွေက NJ ကို နှစ်သိမ့်ပေးသလိုခံစားရတယ်တဲ့။ ကြည့်လိုက်တာနဲ့ ဆွဲသူက သူ့လိုပဲ စိတ်မလုံမလဲဖြစ်နေမလား၊ အထီးကျန်နေသလားဆိုတာ တွေးမိပြီး connect ဖြစ်တာမျိုးကြောင့် သူ့ကြိုက်ခဲ့တာတဲ့။ (မဗေဒါရဲ့ review တွေက ရုပ်ရှင်အကြောင်းတင်မကပဲ တခြားလေကြောရှည်တဲ့ အပိုလေးတွေပါလို့ popular မဖြစ်ပေမဲ့ ကိုယ်ရေးတဲ့ စတိုင်ကို ကြိုက်တယ်။ တစ်ယောက်တလေနဲ့ connect ဖြစ်တာမျိုးရှိမယ်သာဆိုရင်လို့ ကွကိုယ်တွေးမိသေးတယ်...)
အရေးမကြီးပေမဲ့ ထည့်ပြောချင်တာက Long distance relationship မှာ video call တွေ ဘာတွေနဲ့ relationship ကို ထိန်းလို့ရတဲ့ reality check ကို ဒီကားမှာ သုံးပေးသွားလို့ ကျေးဇူးတင်ရတယ်။ မဟုတ်ရင် တခြားကားတွေမှာ နိုင်ငံခြားထွက်တာနဲ့ အဆက်အသွယ်ပါပြတ်တဲ့ ဒီဇိုင်းလာပြနေတာသိပ်မကျေနပ်တာ။
ဒီကားကြည့်ပြီး ဘာရလဲဆိုရင် လူတစ်ယောက်ကိုချစ်ဖို့ ကိုယ့်တန်ဖိုးကိုယ်သိပြီး ကိုယ့်ကိုကိုယ်ချစ်တတ်ရမယ်လို့ထင်တယ်။ အဲ့လိုမှ မဟုတ်ရင်တော့ အကြောင်းရှိ ရှောင်ပြေးနေပြီး ကိုယ့်ကိုကိုယ်ရော ကိုယ်ချစ်ပါတယ်ဆိုတဲ့ သူကိုရော စိတ်ဒဏ်ရာတွေ ပေးနေမိမှာပဲ။ ကိုယ့်တန်ဖိုးကိုယ်သိပြီး confident ရှိတော့မှ အဆုံးမှာ Choi Ung က ချစ်သူကိုလဲ ချစ်တယ်လို့ ပြောရဲသွားတယ်။
#Reviewဖတ်ဖို့ကလစ်ကြစို့ အစီအစဉ်လေးမှာ Our beloved summer က အမှတ်ပေါင်း 400 ခုန်တက်ပြီး ရသွားပါတယ်။ ဒီ review ကို ဖတ်တဲ့အယောက်တိုင်း Amélie ကို ကျေးဇူးတင်သင့်ပါတယ်ရှင်။
Hope you like my review. Thank you for Clicking Amélie.
#OurBelovedSummer #Jan2022 #KdramaReview
Tuesday, February 15, 2022
တစေ္ဆညဉ်းသံ (သို့) မဗေဒါနှင့် စကာင်္ပူရောက် အလွဲများ (၅)
တယ်လို့ ထင်ရပင်မဲ့ သေချာ အာရုံ စိုက်နားထောင်ကြည့်ရင် ခေါင်းရင်း ကော်ရက်တာဘက်က လာနေတဲ့ အသံပါ... Saturday, September 14, 2019
တစ်ဆစ်ချိုး...
ဘလော့လေးမရေးဖြစ်တာကတော့ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ့်ဘဝ အဆစ်အချိုး မိခင်တစ်ယောက်ဖြစ်လာလို့ မအားတာရော၊ နောက်ထပ် တဆစ်ချိုး ကတော့ ကိုယ့်တို့ တစ်မိသားစုလုံး သြစတေးလျနိုင်ငံကို ပြောင်းရွေ့နေထိုင်ပြီး ပထမ တစ်နှစ်မှာ အခြေကျအောင် လုပ်နေရတာရော၊ အရင်ကလို အိမ်အလုပ်တွေ လုပ်စရာမလို ကိုယ့်အတွက် အမြဲရှိတဲ့ ကိုယ့် မိဘတွေမရှိတော့ တစ်ယောက်တည်း လုံးချာလည်လိုက်နေတာ ပြောရရင်တော့ ကိုယ့်အတွက် တစ်အိုးတစ်အိမ်ထူထောင်တယ်ဆိုတာ အခုမှ နှဖူးတွေ့ ဒူးတွေ့ ကြုံရတာပေါ့နော်။ ရေမြေအသစ်၊ ယဉ်ကျေးမှု သစ်၊ မိသားစု သူငယ်ချင်းအဟောင်းတွေနဲ့အဝေးမှာ၊ ပတ်ဝန်းကျင်သစ် အသိုင်းဝိုင်းသစ်နဲ့ ညှိနှိုင်းနေရသေးတဲ့ အချိန်မို့ ဘလော့ကို မဝင်ဖြစ်တာ ပတ်စဝေါ့ပါ မေ့တဲ့အထိပဲ။
ဖေ့ဘွတ်ပေချ့်လေးမှာတော့ ကိုယ်ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေအကြောင်းတင်ဖြစ်ပါတယ်။ ဒါပေမဲ့ မဗေဒါ ဘလော့ကို မရေးတော့ဖူးလားလို့ မှတ်မှတ်ရရ လာမေးတဲ့ အစ်ကိုတစ်ယောက်ကြောင့် ဒီပိုစ့်လေးရေးပြီး အကြောင်းကြားတာပါ။
ဒီဘလော့ပေါ်မှာရေးချင်တာတွေမှ အများကြီးပါ။ ကိုယ့်ရဲ့ တစ်နိုင်ငံပြောင်း အတွေ့အကြုံတွေ။ အခု သြစီမှာ ကိုယ်နေနေတဲ့ မြို့လေးအကြောင်း၊ နေရာသစ်တွေကြောင်း ပြောပြချင်တာ။ ဘယ်ကရေးရမှန်းတောင်မသိဘူး။
အခု ပတ်စဝေါ့ပြန်ရပြီဆိုတော့ နောက်ပိုင်းတွေ ရေးဖြစ်အောင်ကြိုးစားပါ့မယ်လို့ သတင်းပို့ရင်း......
မဗေဒါဘလော့လေးကို လာဖတ်သေးတဲ့လူများရှိရင် ကွန်မန့်လေးမှာ အားဆေးလေးကြွေးခဲ့ပါအုံးနော်...ဘလော့ဆိုတာက ဟိုးရှေးရှေးကလို့ ပြောရမဲ့ ပုံပြင်တစ်ပုဒ်လိုတောင် ဖြစ်နေပေမဲ့ ဘလော့ခေတ်က ဘလော့တွေ လိုက်ဖတ်ရတဲ့ ခံစယးချက်လေးကလဲ တစ်မျိုးကောင်းတာ ခံစားဖူးတဲ့သူပဲ သိပါလိမ့်မယ်။ ဖေ့ဘွတ်က မြန်တယ်၊ ကောင်းတယ်ဆိုပေမဲ့ လူတော်တော်များများက ဖေ့ဘွတ်နဲ့ အပြင်မှာ double life နေနေသလိုတောင်ဖြစ်နေငြတယ်။ ဘလော့ခေတ်တုန်းကပိုပြီး ရိုးသားပွင့်လင်းတယ် ခံစားရတယ်။
ဘာပဲပြောပြော "May your life be as awesome as you pretended on facebook" ဆိုတဲ့ ဆုတောင်းလေးကတော့ ခနဲ့တဲ့တဲ့နဲ့ ထိရှနေဆဲ...
Wednesday, October 25, 2017
Honeymoon to New Zealand Day 12: Ziplining and Romantic Gondola Buffet
ပြန်ဖို့ရက်နီးလာတာနဲ့အမျှ ကျွန်မတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်လေးကလဲ တဖြည်းဖြည်းနဲ့ နှေးလာပါတယ်။ နေရာတွေလုပ်ချင်တာတွေ အများကြီး အလျင်စလိုမလုပ်တော့ပဲ တစ်ရက်မှာ တစ်ခု ၂ခုပဲ ဖြေးဖြေးလုပ်ပါတယ်။ ပြီးတော့ ဟန်းနီးမွန်းဆိုတော့ ဂွန်ဒိုလာတောင်ထိပ်က ရိုမန်တစ် ဘူဖေးလေးဘာလေးစားရင်း တခြားနေ့တွေထက်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ တကယ်သွားစားတော့ ဟန်းနီးမွန်းမဟုတ်လဲ Queenstown ရောက်ရင် Gondola ပေါ်က ဘူဖေးစားဖို့ တိုက်တွန်းချင်ပါတယ်။ ရှုခင်းလှလှ… အစားအသောက်ကောင်းကောင်းနဲ့ အတော်လေးကို စိတ်ကြည်နူးစေပါတယ်။
![]() |
| Let's go to Gondola with cable car |
Ziplining Ride
![]() |
| Photo: EverythingQueenstown |
ရောက်ရောက်ချင်း zipline နေရာကို ရှာဖို့ အပြင်ထွက်လိုက်တော့ zipline စီးမဲ့ တခြား အုပ်စု တစ်စုနဲ့တွေ့ပါတယ်။ သူတို့နောက်လိုက်သွားရင်း စီးမဲ့နေရာရောက်တော့ ဘယ်သူမှ မရှိပါဘူး။ ဒါနဲ့ စောနေသေးတယ်ထင်တယ်ဆိုပြီး အဆောက်အဦးရှိတဲ့ဘက်ပြန်လျှောက်လာပါတယ်။ တချိန်တည်းမှာပဲ မိုးက အနည်းငယ်သည်းလာပါတယ်။ မိုးသာမရွာရင်တော့ အောက်က Queenstown မြို့ကို လှမ်းမြင်နေရမှာပါ။ ဒီလိုနဲ့ အဆောင်ထဲက စားသောက်ဆိုင်တစ်ခုမှာပဲ ကော်ဖီနဲ့ မုန့်စားရင် ထိုင်စောင့်နေလိုက်ပါတယ်။ နာရီဝက်လောက်နေမှ မိုးနည်းနည်းစဲသွားလို့ zipline နေရာပြန်ထွက်ကြည့်တော့မှ စီးလို့ရနေပါပြီတဲ့။ zipline 4 lines စီးတာ ကျွန်မနဲ့ သူ ၂ယောက်တည်းရှိတယ်။ တခြား လာလည်သူ ဘယ်သူမှ မရှိဘူး။ ကိုယ်တောင်မှ ဟုတ်ရဲ့လား။ ဒီရာသီဥတုနဲ့ စီးလို့ရရဲ့လား စိတ်ထဲ ဇဝေဇဝါ။ မိုးက တောအုပ်ထဲ ထင်းရှုးပင်တွေအုပ်နေတော့ မရွာသလောက်တော့ရှိပါတယ်။ သူတို့က Zipline 4 lines စီးတာ စုစုပေါင်းကြာချိန်က ၄၅ မိနစ် ၁နာရီလောက်ရှိတယ်ဆိုတော့ အစက ကိုယ်က ခပ်လန့်လန့်ဖြစ်နေတာ။ (ကိုရီးယား နာမီကျွန်းမှာစီးတုန်းက မြစ်ကိုဖြတ်ဆောက်ထားတဲ့ zipline တောင် ၅မိနစ်လောက်ပဲကြာတာလေ။ ဒါတောင် အသည်းအေးတာ ခုအကြာကြီးပဲလို့ ထင်မိလိုက်တာပေါ့)။ နောက်မှ သူက ၄ lines ဆိုတာ ziplines အတိုလေးတွေ ၄ခါဖြတ်ဖြတ်စီးရသလိုဖြစ်နေတာ။ တစ်လိုင်းစီးပြီးတိုင်း ကြိုးတွေတပ်ရ ပြန်ဖြုတ်ရ။ ပြီးတော့ သူတို့ Queenstown မြို့အကြောင်း ရှင်းပြလိုက်နဲ့ ကြာတာ။ စီးရတာက ဘယ်လောက်မှ မကြာဘူး။
![]() |
| မနက်စာ၀င်စားခဲ့တဲ့ Gondola ထိပ်က ကော်ဖီဆိုင်လေး |
စစီးမယ်ဆိုတော့ သူတို့ပေးတဲ့ မိုးကာဝတ်စုံလိုဟာမျိုးတွေကိုလဲ ဝတ်ရသေးတယ်။ ပါလာတဲ့ အိတ်တွေ အထုတ်တွေ အကုန်ထားခဲ့ရတယ်။ လော့ကာလဲ မဟုတ်တော့ ပစ္စည်းတွေ သိပ်စိတ်မချချင်ဘူး။ ဒါပေမဲ့ သူတို့က စိတ်ချရပါတယ်ပြောတော့လဲ ပိုက်ဆံအိတ်နဲ့ Gopro ကင်မရာလေးတော့ ကိုယ်နဲ့ယူလာလိုက်တယ်။ ကိုယ် zipline စီးတာကို ရိုက်စေချင်တော့ Gopro ကင်မရာကို Mr.Right ရင်ဘတ်မှာ တပ်ပေးလိုက်မိတယ်။ (ဘဝမှာ ပြန်ပြင်လို့မရတဲ့ အမှားပဲ)။ ကိုယ်ကတော့ သူတို့ အတန်တန်ပစ္စည်းကျမယ်နော်ဘာညာပြောနေပေမဲ့ ကိုယ့်ဖုန်းကိုတော့ သူတို့ပေးတဲ့ မိုးကာဝတ်စုံ အပြင်အိတ်ထဲထည့်ထားလိုက်တယ်။ Mr.Right စီးတာကို ကိုယ်က ဖုန်းနဲ့ရိုက်ပေးလို့ရအောင်။ အာ့ကြောင့် ခု zipline စီးတဲ့ ကိုယ့်ဗွီဒီယို ဘာတစ်ခုမှ ကောင်းကောင်းမရခဲ့ဘူးလေ။
![]() |
| ခဏတာ တွေ့ဆုံခဲ့တဲ့ စတီဗင် ၂ဦး |
စီးတဲ့တောက်လျှောက် လိုက်လုပ်ပေးတဲ့ လူ ၂ငယ် ၂ယောက်က ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူတို့ရဲ့ အလုပ်ကြောင့် တာဝန်အရ ကာစတန်မာ စိတ်ချမ်းသာအောင် ပျော်ပျော်ရွှင်ရွှင်ပဲ ဆက်ဆံ ဆက်ဆံ၊ တကယ်ပဲ သူတို့က ပျော်ပျော်နေတတ်တဲ့သူတွေပဲဖြစ်ဖြစ် ကာစတန်မာတစ်ယောက်အနေနဲ့တော့ သူတို service ကို ကျေနပ်တယ်။ သူတို့က ကျွန်မတို့ရဲ့ ဗွီဒီယိုကင်မရာကိုတော့ သိပ် သက်တောင့်သက်သာရှိပုံမရဘူး။ သူတို့ကို မရိုက်စေချင်ဘူးထင်တယ်။ ဒါကလဲ personal privacy protection အရတော့ မရိုက်စေချင်လဲ သူတို့ မလွန်ပါဘူးလေ။ ဒါပေမဲ့ ကိုယ်တွေကလဲ လာတုန်း အကုန်မှတ်တမ်းတင်ချင်တာကိုး။ တကယ်တန်းပိုက်ဆံပေးပြီး ရွေးရတဲ့ ပုံမှာတော့ သူတို့က မျက်နှာပြောင်တွေနဲ့ အိုက်တင်လုပ်ပေးရှာပါတယ်။ ပြီးတော့ သူတို့ ၂ယောက်ရဲ့ ဝန်ဆောင်မှုမှာ စီးတဲ့ zipline 4 လိုင်းမှာ တစ်လိုင်းနဲ့ တစ်လိုင်း ရိုးရိုးစီးတာမဟုတ်ပဲ ဇောက်ထိုးစီးနီးတို့ ဘာတို့ကို ပျော်အောင် သင်ပေးတယ်။ ဇောက်ထိုးစီးဖို့က ဇ နည်းနည်းရှိမှရတာ။ သင်ပေးနေတုန်းကတော့ ကိုယ်က ကြောက်ပြီး မလုပ်ရဲဘူးပြောတယ်။ Mr.Right က ဘာဖြစ်လဲ လုပ်ကြည့်တာပေါ့ ပျော်စရာကြီးဆိုပြီး တကယ်စီးတော့ ကိုယ်က တကယ်ဇောက်ထိုးလုပ်ပြီး ပျော်ပြီးစီးသွားတယ်။ သူက ဇ သိပ်မရှိတော့ ခြေပစ်လက်ပစ် ကိုယ်ကို နောက်ပြန်လှန်လိုက်ရမှာကို တကယ်တန်းကတော့ မလုပ်နိုင်ဘူး။ တဝက်လောက်ပဲရောက်ပြီး ပြီးတော့ ကြိုးလေးမှာ ငြိမ်ငြိမ်လေးပါလာလို့ ကိုယ်ကတော့ လှောင်တာပဲ မရဘူး။
![]() |
| With the Remarkable mountain rage |
![]() |
| My baby Mr.Right |
ခရီးတစ်ခုသွားတယ်ဆိုတာ ဘယ်လိုလှတဲ့ နေရာတွေရောက်ခဲ့သလဲ၊ ဘယ်လိုကောင်းတဲ့ လိုကယ်စာတွေစားခဲ့သလဲဆိုတာအပြင် ဘယ်လို လူတွေနဲ့ တွေ့ခဲ့လဲဆိုတဲ့ အတွေ့အကြုံက နှလုံးသားထဲ အစွဲကျန်ဆုံးလို့ထင်တယ်။ ကြားဖူးတာက ကိုယ့်ဘဝမှာ တွေ့ဆုံတဲ့သူတိုင်းက ကိုယ်နဲ့ အရင်ဘဝတွေတစ်ခုခုမှာ ရေစက် ပါလို့တွေ့ကြတာတဲ့။ လမ်းသွားရင်းဖြစ်စေ၊ ရထားစီးရင်းဖြစ်စေ ခဏတဖြုတ်လေးကြုံဆုံတာတောင် အဲ့လို ခဏတဖြုတ်ကြုံဆုံးဖို့ ရေစက်ပါလာလို့တဲ့။ အဲ့ဒါကြောင့် ဘယ်တော့မှ ပြန်မတွေ့တော့မဲသူတွေ၊ ဘယ်တော့မှလဲ အဆက်အသွယ်ရှိမှာမဟုတ်သူတွေရဲ့ Hospitability နဲ့ သူတို့ပြောတဲ့ သူတို့အကြောင်းဆိုတာ ကိုယ့်အတွက်တော့ မှန်းလို့မရတဲ့ ဝတ္ထုတစ်ပုဒ်ဖတ်နေရသလိုဖြစ်တဲ့အပြင် ဒီလူတွေနဲ့ ငါတို့နဲ့ ရှေးဘဝက ဘယ်လိုရေစက်ပါခဲ့လို့ ခုလို ကြုံဆုံကြသလဲလို့လဲ တွေးမိတယ်။
ခု ဒီပိုစ့်ကိုရေးနေတာ မဗေဒါတကယ်ခရီးသွားခဲ့တဲ့ရက်နဲ့ဆို ၂ နှစ်ခွဲကြာနေပေမဲ့ တွေ့ခဲ့တဲ့ လူတွေအကြောင်းကျတော့ စာအုပ်နဲ့ ချမှတ် မထားတာတောင်မှ ကိုယ့်ဦးနှောက်ထဲမှာ မှတ်မိနေတာသာကြည့်။ သူတို့အကြောင်း ထူးခြားတာလေးက သူတို့ ၂ယောက်လုံးနာမည်က စတီဗင်လေ။ ၂ယောက်စလုံးက နယူးဇီလန်နိုင်ငံက မဟုတ်ဘူး။ တစ်ယောက်က ယူအက်စ်က၊ နောက်တစ်ယောက်က သြစီက အလုပ်လာလုပ်ကြတာ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ ၂ယောက်လုံးရဲ့ ကောင်မလေးတွေ နာမည်ကလဲ ဂျန်နီပဲတဲ့။ zipline စီးပြီး Gondola ထိပ်ကို ခြေကျင်ပြန်တက်တဲ့လမ်းမှာ ကိုယ်တို့ အတွဲကို ဓာတ်ပုံရိုက်ခိုင်းပြီး ဓာတ်ပုံပြန်ကြည့်တော့မှ ကိုယ်ဟာ ၄ထပ်လောက်ဝတ်လာလို့ ဘောလုံးဖြစ်နေတာ ကွကိုယ် သတိထားမိသွားတယ်။ Queenstown မြို့လေးက အေးတဲ့အပြင် မိုးကလဲ ရွာနေ ကိုယ်တွေကလဲ တောင်ထိပ်ကို ထပ်တက်လိုက်သေးတယ်ဆိုတော့ စာတွေထဲမှာ တောင်ထိပ်ကပိုအေးတယ်။ နွေးနွေးထွေးထွေးဝတ်သွားဆိုတော့ လန့်ပြီး ဝတ်လာလိုက်တာ လွန်သွားတယ်။
![]() |
| အဲ့ဒိမှာ ငှက်ကုလားအုပ်အကြီးကြီးတွေနဲ့ သိမ်းငှက် အကြီးကြီးတွေ ရှိခဲ့ဖူးတယ်။ |
![]() |
| ရှုခင်းအရမ်းလှ |
![]() |
| ဒီစာတမ်းကို အသံထွက်မှန်မှန်နဲ့ ဖတ်တတ်လားတဲ့။ ကိုယ်ဖတ်တာ မှန်လို့ သူတို့တွေအံ့သြနေတယ်။ ဘိုတွေ မှန်အောင် မဖတ်တတ်ဖူးတဲ့... |
![]() |
| Gondola ထိပ်က luge ride စီးတဲ့နေရာ... |
Scenic international Buffet Lunch on Gondola
![]() |
| Photo: Shutterstock |
နေ့လည်စာအတွက် Gondola ပေါ်မှာ Lunch စားဖို့ လက်မှတ်ကြိုဝယ်ထားခဲ့တယ်လေ။ ကိုယ်ရောက်သွားတဲ့အချိန် ဆိုင်မဖွင့်သေးလို့ နာရီဝက်လောက် ထိုင်စောင့်လိုက်ရသေးတယ်။ ကိုယ်ကလဲ ကိုယ်တို့ ပျားရည်စမ်းအဆုံးသတ်မဲ့နေ့တွေ နီးလာလေ အရာရာကို နှေးနှေးနဲ့ အေးဆေးပဲ ခံစားချင်တော့တယ်။ ခု ဆက်တိုက် ခရီးထွက်လာတာ ၂ပတ်ရှိပြီ။ စထွက်ကတည်းက မချောမွေ့ခဲ့တဲ့ ပျားရည်ဆမ်း၊ မတော်တဆ ထိခိုက်မှုတွေနဲ့ Thiller ကားလိုလို၊ Action ကားလိုလို စခဲ့တဲ့ ပျားရည်ဆမ်းကို ခုတော့ အေးအေးလူလူပဲ ဖြတ်သန်းချင်တော့တယ်။ Gondola ပေါ်မှာ ဘူဖေးစားဖို့ ဘွတ်ထားရင် တောင်ပေါ်တက်တဲ့ Cable car အသွားအပြန် Free လေ။ ဘူဖေးစားသောက်ဆိုင်က ခန်းခန်းနားနား အောက်က Queenstown တစ်မြို့လုံးကို အုံ့မိုးမြင်ရတဲ့အပြင် ဝါကာတီပူရေကန်ကြီးနဲ့ The Remarkable နှင်းတောင်တန်းကြီးတွေခြံရံထားတဲ့ရှုခင်းကိုပါ မြင်ရတယ်။ ကိုယ့်ကိုကိုယ် နတ်ပြည်ကနေ လှမ်းကြည့်နေတဲ့ ခံစားချက်မျိုးပေါ့။ ဒီ ဘူဖေးကို အစက ကပ်စီးနည်းပြီး မဝယ်ဖို့ စဉ်းစားပေမဲ့ ပျားရည်ဆမ်းခရီးပဲ ဒီလောက်တော့ သုံးသင့်တာပေါ့ဆိုပြီး ဝယ်လိုက်တာ တကယ်ကို မှန်သွားတယ်။ အမှန်တော့ ပျားရည်ဆမ်းခရီးမဟုတ်တောင် လုပ်ဖူး စားဖူး ခံစားဖူးသင့်တယ် အတွေ့အကြုံတစ်ခုပါ။ နယူးဇီလန်အထိ ရောက်အောင်လာပြီးမှတော့ Gondola ထိပ်က ဘူဖေး ဈေးကြီးလို့ မစားဖူးဆိုတာ မဖြစ်စေနဲ့နော်။ အမှန်တော့ အရမ်းတော့ ဈေးမကြီးပါဘူး။ ရှိတဲ့ မုန့်အမျိုးတွေရယ်။ ကိုယ်ခံစားရတဲ့ ခံစားချက်ရယ်နဲ့ဆို တန်ပါတယ်။ တစ်ခုပဲ မှာချင်တာက ကိုယ်တွေကတော့ စောစောစီးစီး မိုးထဲ လေထဲ zipline စီးပြီး ကြွက်စုတ်ရုပ်ဖြစ်နေတဲ့ အချိန်မို့ စားသောက်ဆိုင်က ခန်းနား ရိုမန်တစ်ဆန်ပေမဲ့ ကိုယ့်ရဲ့ ဝတ်ထားတာနဲ့ အပြင်အဆင်ကတော့ အမြင်မှာ ဖီးလ်နည်းနည်းငုတ်စေမယ်ထင်တယ်။ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူနဲ့ မင်္ဂလာဦးပျားရည်ဆမ်းဆိုတော့ ကိုယ်ကတော့ စိတ်ချမ်းသာနေတာပါပဲ။
![]() |
| Waiting for buffet restaurant lunch opening time |
![]() |
| We sat nearby the glass window and the view of Queenstown is breathtaking |
သူတို့ အဖြူတွေ ဘူဖေးစားတာကလဲ မြန်လိုက်ကြတာမပြောနဲ့။ ကိုယ်တွေက ဆိုင်ဖွင့်ကတည်းကရောက်နေပြီး စားလို့တောင် မဝသေးဘူး ဘေးခုံကလူတွေက ပြောင်းသွားပြီ။ ကိုယ်လဲ မဆန့်မပြဲသွပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်စားနေတာ စင်္ကာပူမှာ ဘူဖေးစားသလောက်အချိန်မရှိသေးပါဘူး။ ရှုခင်းလေးကြည့်လိုက် စားလိုက်နဲ့ အမှန်ဆို စားတာကြာသွားလို့သာ ဗိုက်ပြည့်တယ်ထင်ရတာ။ တကယ်တမ်း မုန့်ချည်း ထိုင်စားမယ်ဆိုရင် ဒီထက်တောင်စားနိုင်သေးတယ်။ နောက် ဘေးခုံက ၂ခါပြောင်းဖြစ်လာတော့ ကိုယ်တွေလဲ အားနာလာတာရော၊ ဗိုက်လဲပြည့်လာတာရောကြောင့် ထွက်လာလိုက်တယ်။ ဆိုင်က Service ကလဲ ကောင်းမှကောင်းပဲ။
အဲ့ဒိနေ့ နေ့လည်ပိုင်းကတော့ ၂ယောက်သား ကိုယ်တွေနေတဲ့ Backpacker တည်းခိုခန်းလေးပြန်ပြီး မိုးအေးအေးနဲ့ ကွေးအိပ်ပျော်သွားကြတယ်။ ၂ပတ်ဇာတ်တိုက် run လာတဲ့ ကိုယ့် body လဲ အတော်ပင်ပန်းနေပြီလေ။ ညနေ နိုးတော့မှ Queenstown မြို့ထဲမှာ အိမ်ပြန်လက်ဆောင်ဝယ်ဖို့နဲ့ ကိုယ့်အတွက် ဘာဘာညာညာ shopping ထွက်ကြတာပေါ့။ ပူအိုက်တဲ့ နိုင်ငံကလာတော့ အနွေးထည်ကောင်းကောင်းဆိုလို အဖြူတစ်ထည်ပဲကိုယ့်မှာရှိတာ။ ဒီခရီးစဉ်တစ်လျှောက် ဒီတစ်ထည်တည်းနဲ့ချည်း ဓာတ်ပုံရိုက်နေရလို့ အနွေးထည်တစ်ထည် ထပ်ဝယ်လိုက်တယ်။ အဲ့ အနွေးထည်ကတော့ ခုဆို ၂နှစ်ခွဲရှိပြီး ဗီရိုထဲမှာငုတ်တုတ်ဖြစ်နေတာလေ။ ဒီအနွေးထည် ထပ်ဝတ်ဖြစ်မဲ့ နေ့တွေကို မျှော်နေပါသေးတယ်။
ညကျတော့မှ ကိုယ်တွေစားနေကျ အာရှစာရောင်းတဲ့ မောလေးက foodcourt မှာပဲ ကိုယ်က Tom Yum ထမင်းကြော်၊ သူကတော့ သူ့အကြိုက် lumb kebab စားတယ်။ ကိုယ့် အတွက်တော့ ညှီလို့ မကြိုက်ဘူး။ ဒီလိုနဲ့ပဲ ကိုယ်တို့ရဲ့ ပျားရည်ဆမ်းခရီးစဉ် ၁၂ရက်မြောက်နေ့လေးပြီးဆုံးပါပြီ။
၁၃ ရက်မြောက်နေ့မှာ ဟယ်လီကော်ပတာနဲ့ ရေခဲတောင်ထိပ်တက်တာရယ်၊ ပုံပြင်ထဲက မြို့လေးလို့ တင်စားချင်တဲ့ Arrow Town ကို အလည်သွားခဲ့ပါသေးတယ်။
(စာကြွင်း။ ။ ၂၀၁၅ မေလကသွားထားတဲ့ ခရီးကို အပျင်းကြီးတာရယ်၊ အခွင့်ရေးမပေးတာရယ်ကြောင့် မရေးဖြစ်ခဲ့ပေမဲ့ စိတ်ထဲမှာ ပေးစရာအကြွေးကြီးကျန်နေတယ်လို့ ကိုယ့်ကိုကိုယ်ခံစားရတယ်။ ပြီးတော့ ကိုယ်ပြန်သွားဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ရေးထားတဲ့ အင်ဖိုတွေကပဲ ကိုယ့်ကိုပြန်အထောက်အကူဖြစ်စေတယ်ဆိုတာကို အသေအချာသက်သေပြခဲ့လို့ ရေးကိုရေးမှဖြစ်မှာပါ)
EXTRA PHOTOS SESSION
![]() |
| How I wish it was not raining at that time. |
![]() |
| Wet and cold but scenery is still beautiful |
![]() |
| It was not open that time. |
![]() |
| Which country am I pointing? |
![]() |
| Let me go shopping for the day. |












































