Monday, September 19, 2016

W - Two Worlds Review

ဇာတ်ကားအမည် - "W – Two Worlds"
Genre - Romance, Melodrama,Suspense,Fantasy
Written by - Song Jae-jung (ko)
Directed by - Jung Dae-yoon
Starring
Lee Jong-suk
Han Hyo-joo
Country of origin - South Korea
Original language - Korean
No. of episodes - 16
Distributor - MBC
Original release - July 20 – September 14, 2016
My Rating: 4/5



ဇာတ်လမ်းအကျဉ်း

ကိုရီးယားမှာ အရောင်းရဆုံး ကာတွန်းစာအုပ် “W” ကို ရေးဆွဲနေတဲ့ စာရေးဆရာ Oh Sung-Moo ဟာ W နောက်ဆုံးအပိုင်းကို ရေးဆွဲနေရင်း ထူးခြားစွာ ပျောက်ဆုံးသွားတယ်။ သူ့ရဲ့ သမီးဖြစ်သူ နှလုံးခွဲစိတ်ကုဆရာဝန်မလေး Oh Yeon Joo ဟာ သူ့အဖေပျောက်ကို ရှာဖို့ အခန်းထဲမှာ ရပ်နေစဉ် သူ့အဖေ ကာတွန်းရေးဆွဲနေတဲ့ ကွန်ပြူတာ screen ထဲကနေ သွေးစွန်းနေတဲ့ လက်တဖက်က လှမ်းဆွဲတာကို ခံရပြီးနောက်မှာ သူမဟာ အဆောက်အဦးတစ်ခုရဲ့ ခေါင်မိုးပေါ်ကို မယုံကြည်နိုင်ဖွယ်ရောက်ရှိနေခဲ့တယ်။ သူမ ပတ်ဝန်းကျင်ကို သတိပြုလိုက်မိတဲ့အချိန်မှာတော့ သွေးအိုင်ထဲ လဲကျ သေလုမြောပါး လူငယ်တစ်ယောက်ကိုတွေ့လို့ ကယ်တင်လိုက်တယ်။ သူကယ်တင်လိုက်တဲ့သူဟာ တကယ်တော့ “W” ကာတွန်းရဲ့ အဓိကဇာတ်ဆောင် Kang Chul ဆိုတာကို နောက်မှ သိရှိခဲ့တယ်။ ဒီလိုနဲ့ တကယ့်အပြင်ကမ္ဘာနဲ့ ကာတွန်းကမ္ဘာကြားမှာ ထူးခြားတဲ့ဖြစ်ရပ်တွေနဲ့အတူ Oh Yeon Joo တစ်ယောက် စတင် ကြားညပ်မိတော့တယ်။ သူမရဲ့ ပျောက်ဆုံးသွားတဲ့ အဖေအကြောင်း၊ ကာတွန်းကမ္ဘာက ခေါင်းဆောင်မင်းသားလေး Kang Chul နဲ့ တကယ့်ကမ္ဘာက ဆရာဝန်မလေး Oh Yeon Joo တို့ကြားက ချစ်ဇာတ်လမ်းနဲ့ ကာတွန်းကမ္ဘာက သူ့အဖေဖန်တီးခဲ့တဲ့ လူဆိုးဇာတ်ကောင်တွေကြား ဘယ်လို သည်းထိတ်ရင်ဖို ဆက်မလဲဆိုတာတော့ အပိုင်း ၁၆ ပိုင်းလုံး ထိုင်ကြည့်ပြီး ခံစားချက် ရိုလာကိုစတာကို မိမိဘာသာ စီးကြည့်လိုက်ပါလို့…

ဝေဖန်ရေး

Spoiler မပါတဲ့ ဝေဖန်ရေးအပိုင်းနဲ့ ကြည့်ပြီးသူတွေအတွက် ကိုယ့်လို မတင်မကျဖြစ်တာလေးတွေ၊ ဆွေးနွေးချင်တာလေးတွေ ပြောလို့ရအောင် Spoiler ပါတဲ့ ဝေဖန်ရေး အပိုင်း ၂ပိုင်းခွဲရေးရမယ်ထင်တယ်။ ဒါပေမဲ့ Spoiler ပါတဲ့ ဝေဖန်ရေးမှာတော့ ပိုများလိမ့်မယ်။

Spoiler မပါတဲ့ ဝေဖန်ရေးအပိုင်းမှာတော့ ...

ဇာတ်လမ်းရဲ့ အခြေခံဖြစ်တဲ့ Webtoon ကမ္ဘာနဲ့ တကယ့်ကမ္ဘာဆိုတဲ့ Parallel Universe သဘောမျိုးကိုဆောင်တဲ့ concept ကို ပထမဆုံး ရိုက်ပြတဲ့ ကိုရီးယားဇာတ်လမ်းတွဲဖြစ်လို့ ဒီလို အိုင်ဒီယာကို ဖန်တီးတဲ့ စာရေးဆရာနဲ့တကွ ကိုရီးယား ထုတ်လုပ်ရေးအဖွဲ့သားတွေအားလုံးကို အမှတ်ပေးကိုပေးရမယ်လို့ ထင်တယ်။ ဒီဇာတ်လမ်းတစ်ပုဒ်လုံးမှာ ကြည့်ရှုသူ ပရိတ်သတ်တွေက ရှေ့ဘာဆက်ဖြစ်မယ် မှန်းလို့မရတာကိုးက ဒီဇာတ်လမ်းဟာ တစ်ခြားဇာတ်လမ်းတွေနဲ့ မတူတဲ့ အားသာချက်တစ်ခုဆိုတာတော့ လက်ခံသင့်တယ်ထင်တယ်။

နောက်ပြီး စာရေးဆရာတင်မကဘူး ဒါရိုက်တာရဲ့ ပုံဖော်မှု ကားထဲမှာသုံးထားတဲ့ setting တွေ၊ သေချာကြည့်ရင် ကာတွန်းကမ္ဘာနဲ့ တကယ့်ကမ္ဘာရဲ့ ကာလာအယူအဆ တွေကအစ မတူအောင်လုပ်ထားပေးတယ်။ Kang Chul ပထမဆုံး တကယ်ကမ္ဘာကို ထွက်လာတဲ့အခန်းမှာဆို လူတွေအားလုံးရပ်တန့်နေတာ ဆပ်ပြာပူဖောင်းလေးတွေ စားလက်စ မုန့်တွေ၊ ့ ပေါ်လာတဲ့ Portal design ၊ ပြီးတော ကားတိုက်တဲ့အခန်းမှာ ပလက်ဖောင်းက အမျိုးသမီးရဲ့ မှောက်နေတဲ့ ကော်ဖီခွက်တန်းလန်းရပ်နေတာ၊ စသဖြင့် Computer Graphic တွေကို ဖြစ်သလိုမဟုတ်ပဲ သပ်သပ်ရပ်ရပ်သုံးပြသွားတာကိုလဲ တွေ့နိုင်တယ်။

Production Cost အပိုင်းမှာဆိုလဲ Kang Chul မောင်းတဲ့ ကားတွေ၊ နေတဲ့ အိမ်တွေကို ခန်းခန်းနားနား သုံးပြသွားတယ်။ ဒါကတော့ ကိုရီးယားကားကောင်း တော်တော်များများ ခုနောက်ပိုင်းဆို အိမ်ပုံစံတွေကို တအားအသားပေးလုပ်လာကြတာ သတိထားမိပါတယ်။ အဲလိုတွေ အကုန်ကျခံ အပင်ပန်းခံလို့လဲ သူတို့ဇာတ်လမ်းတွေက တစ်အိမ်ထဲမှာ အပေါက်မျိုးစုံလှည့်ပတ်ရိုက်နေတဲ့ တချို့နိုင်ငံက ကားတွေထက် ကြည့်လို့ကောင်းနေတာပေါ့။ အဝတ်အစား ဒီဇိုင်းလေးတွေလဲ ကြည့်ကောင်းတယ်။ Kang Chul ဝတ်ထားတဲ့ ဂျင်းဝမ်းဆက်ကလေးလေ၊ အဖြူရောင်လေးလေနဲ့ ပြောစမတ်ကို တွင်ရောပဲ။ မင်းသမီးကို ဝယ်ပေးတဲ့ ဒေါ်လာ ၃၀၀၀ တန် ဂါဝန်လေးလဲ ကိုယ်က မျက်စိကျနေတာ။

မိတ်ကပ်ဆိုရင်လဲ ဒီကားမှာ မင်းသား လီဂျုံဆပ်ကို လိမ်းတဲ့ မိတ်ကပ်နဲ့ သူ့တခြားကားတွေနဲ့ မတူဘူး။ ဒီကားမှာ ကာတွန်းကာရိုက်တာနဲ့ တူအောင် ပိုပိုသာသာလေး လိမ်းထားတယ်လို့ မြင်တယ်။ ဒါပေမဲ့ ပရိတ်သတ်အများစုက သတိတောင် မထားမိဘူးလို့ ထင်တယ်။ မင်းသား လီဂျုံဆပ်က ကာတွန်းမင်းသားလေးအတိုင်းပဲ ချောလိုက်တာဆိုတာချည်းပဲ။ မင်းသားလဲ ချောတာပါသလို သူ့ကို သုံးထားတဲ့ မိတ်ကပ်အပြင်အဆင်နဲ့လဲ အများကြီးဆိုင်မယ်လို့ ကိုယ်ကတော့ ထင်တယ်။ သူ့အရင်ကား Pinnochio တို့၊ I hear Your voice တို့မှာ မျက်နှာက အခုကားမှာလို ကျောက်ဆင်းတုလောက်မှ smooth မဖြစ်တာ။ လူလို အသားအရည်ရှိသေးတယ်။ ကျောက်ဆင်းတုလိုဆိုပေမဲ့ မြန်မာပြည်က ဇာတ်မင်းသားတွေလို ရုပ်ပေါက်နေတယ်လို့ မဆိုလိုဘူးနော်။ သူတို့ရဲ့ မိတ်ကပ်အစွမ်းကိုလဲ တွေ့နိုင်တယ်။

ဇာတ်ဝင်တေးက တချို့ကားတွေလောက် မဗေဒါအတွက် သတိမထားမိပေမဲ့။ ဇာတ်ဝင်တေးတွေက ဖြစ်သလိုလုပ်ထားတာ မဟုတ်တာတော့ သေချာတယ်။ ကိုယ်လဲ ဇာတ်လမ်းထဲ မြောနေတော့ အရမ်းသတိမထားမိဘူး။ (Uncontrollably fond ထဲက အင်္ဂလိပ်သီချင်း ဇာတ်ဝင်တေးကိုတော့ သတိထားမိလို့ youtube မှာတောင် ရှာမိတယ်)

သရုပ်ဆောင်ပိုင်းမှာလဲ မင်းသား၊ မင်းသမီးကြားက လိုက်ဖက်မှု ဆက်စပ်မှုကို ပရိတ်သတ်က ခံစားရတယ်။ မင်းသမီး အဖေလုပ်တဲ့ သူကြီးကို မုန်းတဲ့သူတွေက မုန်းကြပေမဲ့ မဗေဒါကတော့ သူ့ဇာတ်ကောင်ကို နားလည်ပေးနိုင်လို့ သိပ်မမုန်းဘူး။ ဇာတ်လမ်းအရ ဟာကွက်လေးတွေ နည်းနည်းရှိလို့ သူ့ဇာတ်ကောင်ကလဲ ဖြစ်ချင်သလိုတွေ ဖြစ်နေရတာက တစ်ပိုင်းပေါ့။ အဲ့ဒိအကြောင်းကတော့ အောက်က Spoiler မှာ အကျယ်ပြောမယ်နော်။ မင်းသမီးဆေးရုံက သူ့အထက်အရာရှိ လူကြီးနဲ့ လက်ထောက် ကာတွန်းဆရာ Soo Bong ဆိုရင်လဲ တစ်ခါတစ်လေမှ ပေါ်လာပေမဲ့ သူတို့ ဇာတ်ကောင်နဲ့ သူတို့ လိုက်ဖက်တဲ့အတွက် ကြည့်ရှုသူတွေကို ရယ်ရွှင်စေခဲ့တယ်။

အဓိက ဇာတ်လမ်းပိုင်းမှာဆိုရင်လဲ အစပိုင်းမှာ သုံးသွားတဲ့ concept တွေဖြစ်တဲ့ အဓိကဇာတ်ဆောင်ရဲ့ စိတ်လှုပ်ရှားမှုပေါ်မူတည်ပြီး to be continue ပေါ်လာတာတို့ ဘာတို့ဆို မဗေဒါတို့လို ဇာတ်လမ်းတွဲကြည့်နေကျ ကြိုက်တဲ့ သူတွေအတွက် စိတ်ထဲ တခစ်ခစ်နဲ့ နားလည်နေမိခဲ့ကြတာပဲမဟုတ်လား။ တခြား ဒရမ်မာတွေမှာ မင်းသား၊ မင်းသမီး နမ်းလိုက်တဲ့အခန်းဆို တန်းလန်းထားပြီး နောက်တစ်ပတ်ထပ်စောင့်ရတာမျိုးတွေ လုပ်နေကျလေ။ အဲ့လို သဘောတရာကို မင်းသမီး ကမ္ဘာ ၂ခုကြား ကူးချင်ရင် သုံးသလိုမျိုး သုံးပြထားတာ ကိုယ့်အတွက်တော့ သဘောကျ ပြုံးမိတယ်။

ဇာတ်လမ်းကတော့ အစပိုင်းတအားသွက်ပြီးအပိုင်း ၁၀လောက်ကစပြီး ရှုပ်သထက်ရှုပ် စတန့်ထွင်ပြီး ကမ္ဘာ ၂ခုကြားက စည်းမျဉ်းတွေ က ဖြစ်ချင်သလိုဖြစ်လာလို့ တချို့ ပရိတ်သတ်တွေလဲ စိတ်ပျက်လာကြတာရှိတယ်။ ဇာတ်သိမ်းပိုင်းကို အတော်များများကသိပ်စိတ်တိုင်းမကျကြပေမဲ့ မဗေဒါကတော့လုံးဝ လက်မခံနိုင်စရာမကောင်းလောက်အောင် မဖြစ်ဘူး။
တချို့ဖြေရှင်းသင့်တဲ့ အကြောင်းအရာလေးတွေကို လစ်လျူရှုပြီး မြန်မြန်ဇာတ်သိမ်းလိုက်တယ်ဆိုတာတော့ လက်ခံတယ်။
တကားလုံးခြုံကြည့်မယ်ဆိုရင်တော့ ဇာတ်အိမ်ခိုင်ခိုင်လုံလုံမရှိ မင်းသမီး မင်းသား သရုပ်ဆောင်မကောင်းတာတွေနဲ့ စာရင် W – Two Worlds က အချိန်ပေးကြည့်ရတာ တန်တဲ့ ကားတစ်ကားလို့ သတ်မှတ်တယ်။



Review with Spoiler for those who has watched the drama!!

W မှာ မဗေဒါရဲ့ Page က ဝါသနာတူ တော်တော်များများကတော့ Kang Chul ကမ္ဘာ ၂ခုကို သွားချင်တိုင်းသွားလို့ရနေတာကို စပြီးစိတ်ပျက်ကြတယ်ဆိုတာ သိရတယ်။ မဗေဒါကတော့ အဲ့ဒါကို အဲ့လောက်စိတ်မပျက်ဘူး။ အစကတည်းက ဒီကာတွန်းအသက်ဝင်လာတယ်ဆိုတာ Kang Chul ရဲ့ ပျင်းပြတဲ့ စိတ်စွမ်းအားကြောင့် အပြင်ကမ္ဘာက လူတွေကို သူဆွဲခေါ်ချင်းတိုင်းခေါ်လို့ရနေလို့ ဒီဇာတ်လမ်းက စခဲ့တာဆိုတော့ နောက်ပိုင်းမှာကမ္ဘာ ၂ခုကြားသွားလို့ရတဲ့ နည်းကို သူချုပ်ကိုင်နိုင်သွားတာကို အလွန်အမင်း ရုပ်တိမရှိလှဘူးလို့ မထင်မိဘူး။ကိုယ်စိတ်ပျက်မိတဲ့ အခန်းက သူ့အဖေကြီးမျက်နှာကို လူဆိုးက ယူသွားပြီး သူ့အဖေကြီးကို ချုပ်ကိုင်ချင်တိုင်း ချုပ်ကိုင်တာကို စိတ်တိုင်းမကျလှဘူး။ သူက ဇာတ်လမ်းရဲ့ခေါင်းဆောင်လဲမဟုတ်။ ဖန်တီးသူနဲ့ ရုပ်တူတာနဲ့ပဲ ဖန်တီးသူနဲ့သူက တစ်ယောက်တည်းဖြစ်ရောလား။

ပြီးတော့ Kang Chul က ကာတွန်းကမ္ဘာမှန်းသိသွားလို့ သူ့ကမ္ဘာကြီးရပ်သွားတယ်ဆိုရင် ဘာကိစ္စ မျက်နှာမရှိသေးတဲ့ လူဆိုးကျ မရပ်ပဲ လူ့ပြည်ကို ဘယ် Portal ပေါက်ကနေ လိုက်လာရတာတုန်း? ရှင်းပြတာကိုယ်ပဲ မတွေ့မိလိုက်တာများလား။ အလင်းပြကြပါအုံး။

ပြီးတော့ ကိုယ်ပထမနားလည်ထားတာက ဒီ တက်ပလက်မှာ ဆွဲချင်တဲ့သူဆွဲတိုင်း သက်ရောက်မှုရှိတာ မဟုတ်ဘူး။ မင်းသမီးအဖေက ဖန်တီးသူမို့ သက်ရောက်မှုရှိတာ။ မင်းသမီးကလဲ Kang Chul ဇာတ်ကောင်ကို သူငယ်ငယ်ကတည်းက ဖန်တီးခဲ့တဲ့ မူရင်းဖန်တီးသူမို့ သက်ရောက်မှုရှိတာ။ အဲ့တာကို နောက်ပိုင်းကျတော့ ဆွဲချင်တဲ့သူဆွဲ သက်ရောက်မှုရှိနေတာက စာရေးဆရာမ သူကိုယ်တိုင် ချထားတဲ့ စည်းမျဉ်းကိုပဲ နားမလည်တော့တာလား။ ဥပမာ နောက်ဆုံးထိပါတဲ့ ဟိုလူဆိုးကြီးဆွဲတော့လဲ အလုပ်ဖြစ်နေတယ်။ အဲ့လိုသာ အလုပ်ဖြစ်နေရင် တက်ပလက်ကို လူ့ပြည်မှာပဲ ထားခဲ့ပြီး Soo Bong ကိုပဲ လိုတာ ထိုင်ဆွဲခိုင်းနေတာ ပိုတောင် စိတ်ချရသေးတယ်။

နောက်ပြီး ပထမ Kang Chul နဲ့ အိပ်မက်ဖြစ်ပြီး နိုးလားတဲ့ ဒုတိယ Kang Chul မှာ ပထမ Kang Chul က မင်းသမီးကို တကယ်ချစ်ခဲ့တယ်လို့ ခံစားရပြီး ဒုတိယ Kang Chul က စာအုပ်ထဲဖတ်ရလို့ လက်ခံလိုက်တယ်။ သူ့မှ လက်မခံရင်လဲ တခြား အားကိုးစရာလူမှမရှိတာလေ။ဒီတော့ ဒုတိယ Kang Chul က မင်းသမီးကို တကယ်ချစ်တာမဟုတ်ပဲ အခြေအနေအရ ဝတ်ကျေတန်းကျေ ချစ်သွားရသလိုပဲ။ ဒီလောက် Rule တွေနဲ့ ကစားနေပြီးမှတော့ စာရေးဆရာမ အနေနဲ့ Kang Chul ကို အတိတ်ပြန်သတိရတယ်ဆိုပြီး လုပ်ပေးလိုက်အေးရော။

နောက်ပြီး ဒီကာတွန်းကမ္ဘာကြီးကရော ဆက်လက်တည်ရှိနေသေးလား။ ခေါင်းဆောင်ဇာတ်ကောင်တစ်ယောက်လုံးမရှိတော့ဘူးဆိုရင် အဲ့ဒိ ကမ္ဘာကြီးရဲ့ ဖြစ်တည်မှုကလဲ ရည်ရွယ်ချက်မှ မရှိတော့တာ။

နောက်ပြီး လူ့ပြည်မှာ ထုတ်လုပ်တဲ့စာအုပ်က ဘာအတွက် Kang Chul သေတဲ့နေရာမှာ ဆုံးရတာလဲ? အဆုံးသတ်ကို ဇနိုးဇနောင့်နဲ့ မကျေ နပ် ဖြစ်ကြတဲ့ ပရိတ်သတ်ချင်းယှဉ်ရင်တောင် ဒရမ်မာထဲက ကာတွန်းစာအုပ် ပရိတ်သတ်တွေက ကိုယ်တွေလို အပြင်ဒရမ်မာပရိတ်သတ်တွေထက် ပိုပြီး မကျေမနပ်ဖြစ်သင့်တယ်ထင်ပါတယ်။ ကိုယ်တွေက သူတို့ဇာတ်သိမ်းကြီးထက်စာရင်တော်သေးတယ်။

အရှေ့က ဟာကွက်လေးတွေကို ခဏမေ့ထားပေးလိုက်ပြီး ဇာတ်သိမ်းကိုပဲ ကြည့်ပြောရမယ်ဆိုရင်တော့ သူ့ အဖေကြီးအဆုံးမှာ အနစ်နာခံသွားပြီး သူဖန်တီးထားတဲ့ ကမ္ဘာထဲမှာပဲ ပျောက်ဆုံးသွားတာကို ကိုယ်ကတော့ လက်ခံပေးလို့ရပါတယ်။ သူပေးချင်တဲ့ အချက်ကို ဇာတ်လမ်းထဲမှာ ထပ်ကာတလဲလဲ ပြောခဲ့တယ်လေ။ မင်းသားအတွက် happy Ending က သူ့အတွက် Sad Ending ဖြစ်တယ်ဆိုတဲ့ အချက်ကြီးလေ။ (အစကတည်းက အဖိုးကြီးနဲ့ လူသတ်သမားက တစ်ယောက်တည်းလုပ်ပစ်လိုက်တာကို ကိုယ်စိတ်တိုင်းမကျတာက ထားလိုက်အုံး)

ကိုယ့်အနေနဲ့ကတော့ ဒီဇာတ်လမ်းဟာ အစကတည်းက စာရေးဆရာအလိုကျ Fixed rule မရှိပဲ ပရိတ်သတ်ကို ခံစားချက် ရဟတ်ယဉ်ပေါ် စတင်ခဲ့ကတည်းက သူဖန်တီးသမျှ ကြည့်ပြီး လက်ခံရမဲ့ ပုံဖြစ်နေတယ်။ အဲ... သူ့ဟာသူ Rule တွေ ဖန်တီးပြီး ရှေ့ နောက်မညီတာကိုတော့ အပစ်ပြောချင်တာပေါ့နော်။ ပြောရမယ်ဆိုရင်တော့ သူ့ဟာသူ ချချင်တဲ့ Rule တွေချပြီး ၁၆ပိုင်းနဲ့ အဆုံးမှာ အားလုံးကို ပြန်ရှင်းဖို့ အချိန်မမှီဖြစ်ကုန်တယ်ထင်တာပဲ။

ဒါပေမဲ့ တစ်ခုတော့ ကျေးဇူးတင်မိတာက ကာတွန်း Kang Chul လူ့ပြည်ရောက်လာတာ မဟုတ်ပဲ။ သူနဲ့ရုပ်ချင်းဆင်တဲ့ လူ့ပြည်က နောက်တစ်ယောက်ကို တွေ့ပြီး ဇွတ်အတင်းပေးစားတာမျိုး မလုပ်လိုက်တာပဲ ကျေနပ်မိသေးတယ်။

အပေါ်က စိတ်ထဲ မကျေနပ်တာလေးတွေရေးခဲ့လို့ W ကို ဇာတ်ကား တစ်ခုလုံး အနေနဲ့ စိတ်တိုင်းမကျဘူးလို့တော့ မဆိုလိုဘူး။ Without spoiler review အောက်မှာရေးခဲ့သလိုပဲ ဒီကားဟာ ပေါ့တန်တန်ရိုက်ထားခဲ့တာ မဟုတ်ပဲ Ending Story အပြင် တခြားထည့်စဉ်းစားသင့်တဲ့ အချက်လေးတွေ ကြောင့် ကောင်းတဲ့ ဇာတ်လမ်းတွဲလို့တော့ သတ်မှတ်ပါတယ်။ အထူးသဖြင့် အဆုံးမှာ သူပေးချင်တဲ့ အချက်ဖြစ်တဲ့ တကယ့်အေးချမ်းတဲ့ ချစ်သူဘဝဆိုတာ တကယ်တော့ သာမာန်လူတွေရဲ့ ချစ်သူဘဝပဲ ဖြစ်တယ်။ သူရဲကောင်းတွေ ခေါင်းဆောင်ဇာတ်ကောင်တွေ ဖြစ်ဖို့ဆိုတာ လူဆိုးတွေ ရှိနေမှဖြစ်တဲ့အတွက် ဘယ်လိုမှ အေးချမ်းမှာ မဟုတ်ဘူးလေ။

တကယ်လို့ W ရဲ့ အဆုံးသတ်ကို စိတ်တိုင်းမကျတဲ့ သူတွေရှိရင် ပိုကျေနပ်စရာကောင်းတဲ့အဆုံးသတ်မျိုးကို မိမိဖာသာ စဉ်းစားမိတဲ့သူရှိလား။ ဘယ်လိုလေးဆို ထောင့်စေ့ပြီး ပိုကျေနပ်စရာကောင်းမဲ့ အဆုံးသတ်မျိုး ဖြစ်မယ်ထင်လဲ?

ဒါနဲ့ Kang Chul တစ်ယောက် လူ့ပြည်မှာ ဘာစတေးနဲ့နေပြီး ဘာလုပ်စားမလဲ မသိဘူးနော်။ ခိခိ.... ဒါပဲကွယ်
(အိမ်က လက်ပတော့နဲ့ စာရိုက်ရတာ အဆင်မပြေပေမဲ့ စောင့်နေကြတဲ့ သူတွေအတွက် အတတ်နိုင်ဆုံး ကိုယ်မှတ်မိသလောက်လေး ရေး ပေးလိုက်တယ်နော်)...


2 comments :

Anonymous said...

နောက်ပိုင်းမှာပြန်ပြတာ လူဆိုး လူ့ပြည် ရောက်လာတာက မင်းသား စရောက်ရောက်လာချင်း ပေါ်တယ် က ပဲ တခုပဲ အားလုံးရပ်သွားတာ သူက မရပ်ပဲ ထောင်ထဲကိုလည်း သူက ဘယ်လိုရောက်လာလဲ မပြဘူး

madyjune said...

Kang Chul က ကာတွန်းကမ္ဘာထဲမှာရောက်နေမှန်းသိသွားတော့ ကျန်တဲ့လူတွေ ရပ်တန့်သွားပေမဲ့ လူဆိုးကြီးက မရပ်တန့်တာကတော့ မင်းသမီးရဲ့ အဖေက သူ့ကို ကာတွန်းဇာတ်ကောင်ဆိုတာ ကြိုပြောထားခဲ့လို့ထင်တယ်။ မင်းသမီးအဖေက Kang Chul ကို သတ်ဖို့လုပ်ပြီးတော့ လူဆိုးကြီးနဲ့တွေ့တယ်။ အဲဒီ့မှာ သူဘယ်သူဆိုတာ ပြောပြလိုက်မှ လူဆိုးကြီးက လွှတ်ပေးလိုက်တာ မဟုတ်လား။

ဒီကားမှာ မရှင်းတဲ့အပိုင်းတွေက အများကြီးပဲ။ ဇာတ်သိမ်းပိုင်းမှာ Kang Chul က တကယ့်ကမ္ဘာကို လိုက်လာပြီး မင်းသမီးရှိတဲ့ ဘတ်စ်ကားမှတ်တိုင်ကို လိုက်လာတဲ့အခန်းမှာ ဘယ်သူ့ကားမောင်းလာတာလဲ စဉ်းစားလို့မရဘူး။ မင်းသမီးအဖေရဲ့ တပည့်ဆီကပဲ ကားငှားလာတာလား မသိဘူး။