Friday, June 10, 2016

ဒညင်းသီးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး တစေ့တစောင်း


ဟိုးတစ်လောက ဖေ့ဘွတ်ပေါ်မှာ ဒညင်းသီးဟာ ဘာအဟာရမှ မပေးပဲ အဆိပ်အတောက်အသီးသာ ဖြစ်တယ်ဆိုတဲ့ ပိုစ့်တစ်ပုဒ်ကို ဖတ်ခဲ့ရဖူးတယ်။ ကိုယ်လဲ ဒီပိုစ့်ကို ဖတ်တုန်းက ဒီလိုပဲ ဖတ်ပြီး ယုံလိုက်တာပါပဲ။ ဒါပေမဲ့ ကြိုက်တော့လဲ ရန်ဖန်ရန်ခါတော့ စားဖြစ်နေသေးတာပါပဲ။

ဟိုတစ်နေ့က မြန်မာပြည်ကနေ လူကြုံရလာတဲ့ ဒညင်းသီးတွေကို ကိုယ်ဝန်သည်မို့ မစားရဘူး။ အဲ့ဒါ ဘာအဟာရမှ မပေးပဲ အဆိပ်အတောက်တွေလို့ ဖေ့ဘွတ်မှာတွေ့ဖူးတယ်။ နင့်ကလေးပဲ ဒုက္ခရောက်မှာဆိုပြီး ပြောခံခဲ့ရပါတယ်။ ဒါနဲ့ ဟုတ်လား မဟုတ်လား ဘယ်လောက် ဒုက္ခရောက်နိုင်လဲ စသဖြင့် သိချင်တဲ့ စိတ်ကြောင့် အင်တာနက်မှာ ရှာဖွေကြည့်မိပါတယ်။ ဖေ့ဘွတ်ပေါ်က ပိုစ့်တိုင်းကလဲ ယုံလို့ရတာမဟုတ်ဘူးလေ။ အခုကျွန်မရေးတဲ့ ဒီပိုစ့်ကိုလဲ အဆုံးထိဖတ်ပြီးရင် ယုံသင့် မယုံသင့် မိမိဖာသာစဉ်းစားကြပါ။ ကိုယ်အင်တာနက်မှာတွေ့တာကို မျှဝေယုံသက်သက်ဖြစ်တဲ့အတွက် အင်တာနက်ပေါ်က ဟာတွေက ဘယ်လောက် မှန်မမှန်တော့ ကျွန်မလဲ မသိပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးပါ။

ဒညင်းသီးအကြောင်း အင်တာနက်မှာတွေ့သမျှ တစေ့တစောင်း

ဒညင်းသီးကို Jengkol, Jering Bean, Dogfruit လို့ ခေါ်ဆိုပါတယ်။ အဲ့ဒိ keywords တွေရိုက်ထည့်လိုက်ရင် အင်တာနက်မှာ ထွက်လာပါလိမ့်မယ်။ ဒညင်းသီးကို အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း တို့မှာ စားသုံးကြတယ်လို့ သိရပါတယ်။





၁) ဒညင်းသီးရဲ့ ပါ၀င်တဲ့ အဟာရ

wiki အရ (wiki ကဟာ အကုန် မှန်တယ်လို့ ပြောခြင်းမဟုတ်ပေမဲ့၊ ဒညင်းသီးဟာ အဆိပ်တောက်သီးလို့ ရေးတဲ့ လူရဲ့ ပိုစ့်မှာလဲ wiki က အဲ့ဒိလင်ခ့်ကိုပဲ ပေးထားလို့ အဲ့ဒိလင်ခ့်အောက်က Nutritional value ထဲက ကောက်နုတ်တာပါ)

Source: https://en.wikipedia.org/wiki/Archidendron_pauciflorum#cite_note-1

wiki အရ ဒညင်းသီးဟာ ကာဘိုဟိုက်ဒရိတ် ၂၆ရာခိုင်နှုန်းပဲ ပါ၀င်ပါတယ်။ တခြား ပဲအမျိုးအစားတွေဖြစ်တဲ့ ပဲလိပ်ပြာ၊ ကုလားပဲ စတာတွေနဲ့ ယှဉ်ရင် ကာဘိုဟိုက်ဒရိတ် (Carb) ပါ၀င်မှု အတော်နည်းပါတယ်။ ဒါပေမဲ့ လူကို အကျိုးပြုတဲ့ ပရိုတင်းဓာတ်ကျတော့ ၁၄.၂ရာခိုင်နှုန်းတောင်ပါ၀င်ပါတယ်။ ထမင်း မှာ (၇%) ၊ဂျုံ မှာ (13%) ပဲ ပရိုတင်းပါ၀င်တဲ့အတွက် အဲ့ဒါတွေထက်တောင် ပရိုတင်းပါ၀င်မှု များတာတွေ့ရပါတယ်။ လူကို ဝ စေတဲ့ ကာဘိုဟိုက်ဒရိတ်နည်းပြီး အားဖြစ်စေတဲ့ ပရိုတင်းများတယ်ဆိုတော့ ဒညင်းသီးဟာအမှန်တော့ စားသင့်တဲ့ အသီး ဖြစ်ကောင်းဖြစ်မယ်လို့ ယူဆလို့ရတယ်လို့ ရေးထားပါတယ်။



၂) ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ ဒညင်းသီး

Thealthbenefitsof.com, vegetafruit.com နဲ့ allbeautyjournal.com (အောက်တွင်းလင်ခ့်အတိအကျပေးမည်) တို့က ဆောင်းပါးတွေအရ ဒညင်းသီးဟာ စားသုံးတဲ့ ကိုယ်ဝန်ဆောင်မိခင်ကိုသာမက သူ့ဝမ်းတွင်းက ကလေးငယ်ရဲ့ အရိုးဖွံ့ဖြိုးမှုနဲ့ သွားဖွံ့ဖြိုးမှု ကိုပါ အထောက်အပံ့ဖြစ်စေတယ်လို့ ရေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် ဒညင်းသီးဟာ fiber ပါ၀င်မှုများတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်လို့ ဆိုထားပါတယ်။

Sources:
http://www.thealthbenefitsof.com/jengkol-health-benefits-for-diabetes/
http://www.vegetafruit.com/2015/06/health-benefits-of-jengkol-jering-bean.html
http://www.allbeautyjournal.com/2014/09/benefits-jengkol.html

နောက်ပြီး ကိုယ်ဝန်သည်တွေ ဖြစ်လေ့ရှိတဲ့ anemia ကိုလဲ ကာကွယ်ပေးတယ်ဆိုပါတယ်။
Anemia ဆိုတာ နားလည်သလောက်တော့ လူတစ်ယောက်ရဲ့ သွေးနီဥမလောက်ငှမှု ကိုပြောချင်တာပါ။ Anemia ဖြစ်တဲ့လူဟာ ဖြူဖတ်ဖြူရော်၊ အားအင် နည်းပါး၊ ပင်ပန်းနွမ်းနယ်၊ မူးဝေမောပန်း မှု လက္ခဏာတွေရှိပါတယ်။ အထူးသဖြင့် တချို့ မိခင်လောင်းတွေမှာ အတွေ့များပါတယ်။ သွေးနီဥလည်ပတ်မှုကောင်းစေဖို့ သံဓာတ်လိုအပ်ပါတယ်။ ဒညင်းသီး ၁၀၀ ဂရမ်မှာ သံဓာတ် ၄.၇ ဂရမ်ပါတယ်လို့ ဆိုပါတယ်။ သံဓာတ်များတဲ့ ဒညင်းသီးကြောင့် Anemia လျော့နည်းအောင် ကူညီပေးနိုင်တယ်လို့ ယုံကြည်ရတယ်လို့ အောက်ပါ ၀က်ဆိုဒ်မှာ ဖတ်ရပါတယ်။

Source: http://www.lapazdeldial.com/?tag/jengkol%20for%20pregnant%20mother

ဒါ့အပြင် ဒညင်းသီးဟာ ဆီးချိုရှိတဲ့သူတွေ စားလျှင် ဆီးချိုကို လျော့ကျစေတယ်လို့ အပေါ်က ၀က်ဆိုဒ်တွေ အကုန်လုံးမှာ ရေးထားပါသေးတယ်။





၃) ဒညင်းသီးနဲ့ အဆိပ်

ဟုတ်ပြီ။ ဒါဆိုရင် ဒညင်းသီးဟာ အဆိပ်သီးပါလို့ ဘာလို့ရေးကြတာလဲ။ သူတို့လဲ လုံးလုံးမမှားပါဘူး။ ဒါပေမဲ့ ပြောချင်တဲ့ တစ်စိတ်တစ်ပိုင်းကိုပြောပြီး အပြည့်မပြောပဲ ချန်ထားသလိုဖြစ်နေတာပါ။ Drkokogyi.wordpress.com မှာ ဒညင်းသီးဟာ ကျောက်ကပ်အတွက် အဆိပ်အတောက်ဖြစ်တယ်ဆိုတဲ့ ဆောင်းပါးလေးကိုတွေ့ရပါတယ်။ သူ့ပိုစ့်ထဲမှာ ပေးထားတဲ့ ဖတ်လို့ရတဲ့ လင်ခ့်တွေကိုလဲ လိုက်ဖတ်ကြည့်ခဲ့ပါသေးတယ်။ ဥပမာ၊ သူပေးထားတဲ့ wiki ပေါ့။ 


Source: https://drkokogyi.wordpress.com/2011/06/26/da-nyin-thee-or-jengkol-or-dogfruit-or-buah-jering-has-no-medicinal-properties-but-toxic-to-kidney/

ဒညင်းသီးမှာ djenkolic acid, an amino acid ဆိုတဲ့ ကျောက်ကပ်မှာ ကျောက်တည်စေနိုင်တဲ့ အက်ဆစ်တစ်မျိုးပါပါတယ်။ အဲ့ဒါကို အင်္ဂလိပ်လို jengkol bean poisoning လို့လဲခေါ်ပါတယ်။





ဒါပေမဲ့ ဒညင်းသီးကြိုက်သူများ စိတ်မပူကြပါနဲ့တဲ့ Jengkolat acid များတာကို bicarbonate of soda (သို့) ရေများများသောက်ခြင်းဖြင့် လျော့ကျစေနိုင်ပါတယ်တဲ့။ ဒါပေမဲ့ ဒညင်းသီး (အပါအဝင် ဘယ်အရာမဆို) ကို အလွန်အကျွံ မစားကြဖို့ Dr.Parlindungan Siregar, Sp.PD, from the kidney and hypertension, the department of internal medicine, School of Medicine, in the event media seminar in the framework of the World Kidney Day in Jakarta (06/03/12) မှာ ပြောကြားသွားပါတယ်တဲ့။

Source: http://restauranteuno.blogspot.sg/2012/03/excess-of-jengkol-risk-of-kidney-stones.html

၄) ဒညင်းသီးနဲ့ စမ်းသပ် တွေ့ရှိချက်

နောက်ပြီး ဒညင်းသီးကို မလေးရှား စမ်းသပ်ခန်းထဲက ဆီးချိုဖြစ်နေတဲ့ ကြွက်နဲ့ ရိုးရိုးကြွက် ၂မျိုးနဲ့ စမ်းသပ်ချက်တွေအရ ဆီးချိုရှိနေတဲ့ ကြွက်တွေကို ဒညင်းသီးကျွေးပြီး ၁၂ပတ်အကြာမှာ ဆီးချို သူတို့ရဲ့ သွေးထဲက ဆီးချိုရာနှုန်းတွေ ကျသွားတာ သိသိသာသာတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သာမာန်ကြွက်တွေကို ဒညင်းသီး ၁၅ပတ် ဆက်တိုက် ကျွေးအပြီးမှာတော့ အဲ့ဒိ သာမာန်ကြွက်လေးတွေရဲ့ ကြွက်သားတွေ ကြီးထွားဖောယောင်လာခြင်းနဲ့ နှလုံး၊ ကျောက်ကပ်၊ အသည်းတို့ရဲ့ တစ်ရှူးတွေ ယောင်လာပြီး ပျက်စီးလာတာတွေ့ရတယ်လို့ ရေးထားပါတယ်။ (ဆရာဝန်မဟုတ်တဲ့အတွက် ဘာသာပြန်တာ အလွဲအချော်အမှားရှိနိုင်လို့ စိတ်ဝင်စားရင် အောက်က လင်ခ့်က US National Library of Medicine နဲ့ National Institutes of Health ၀က်ဆိုဒ်မှာ သေချာအောင် သွားဖတ်စေချင်ပါတယ်)။

http://www.ncbi.nlm.nih.gov/pubmed/21744354

မိခင်လောင်းတစ်ယောက်ဟာ အရာတိုင်း စားချင်နေတာမဟုတ်ပါဘူး။ သူစားချင်စိတ်ရှိတဲ့ အရာမှသာ စားဝင်တာပါ။ ဒီလိုအချိန် ခံတွင်းပျက်တဲ့အချိန်မှာ ကြိုက်တာကို မစားရရင် ထမင်းစားဝင်မှာမဟုတ်ပါဘူး။ ဒီတော့ ကျွန်မအမြင်မှာ ဘယ်အရာမဆို တန်ရင်ဆေး လွန်ရင်ဘေးဆိုတဲ့အတိုင်း ဒညင်းသီးချစ်တဲ့ မိခင်လောင်းတွေလဲ အလွန်အကျွံမဟုတ်ပဲ စားချင်ရင် စိတ်သန့်သန့်နဲ့ စားလို့ရပါတယ်။ ဒညင်းသီးအနံ့ဆိုးတာကတော့ လူတိုင်းသိပြီးဖြစ်လို့ ထည့်မပြောတော့ပါဘူးနော်။

6 comments :

Anonymous said...

Big big congratulations sis ! I really happy for both of u. Anyway u want eat and just take small piece only better for u. Take care for little prince / princess. 😊👍 Poepoe

Unknown said...

ဟယ် ဘေဘီလေးနဲ့ ဖြစ်နေပြီလား ဝမ်းသာစရား)))

N3 said...

Congratulations!!!

မောင်သီဟ said...

အရမ်း ကြိုက်ပေမယ့် မစားဖြစ်တော့ဖူးဗျာာ

ငြိမ်းမိန်းကလေး said...

အရမ်းကြိုက်တယ် စားနေတုန်းပဲ။ ဒါပေမယ့် အရင်လို တစ်ခါစား ၅ လုံး ၆ လုံး မဟုတ်တော့ဘူး။ အများဆုံး ၂ လုံး ဖြစ်သွားပြီ။ ဒါတောင် မစားခင် သစ္စာအဓိဌာန် ရွတ်ရသေးတယ်။ တညင်းသီးတစ်လုံးစားပြီး ရေ ၁ ခွက် အပြည့်သောက်ပါ့မယ်။ တစ်ရက်ကို အများဆုံး ၄ လုံးပဲ စားပါ့မယ်။ ဒီတစ်ရက်စားပြီး ၁ လ အတွင်း ထပ်မပူဆာတော့ပါ။ မလွယ်တော့ မလွယ်ဘူးပေါ့လေ။ ဒါပေမယ့် ကျောက်ကပ်သိပ်မကောင်းလို့ ဒီလောက်စားတာတောင် တော်တော်များနေပါပြီ။ ဒီတစ်ခုထဲက ဆိုးကျိုးပေးနိုင်တယ်လို့ မယုံပါဘူး။ တန်ဆေး လွန်ဘေးလို့ပဲ ယုံကြည်ထားတယ်။ ပြီးတော့ ကိုယ်ခံအားပေါ့။

စံပယ်ချို said...

အကြိုက်ကြီးမဟုတ်ခဲ့ပေမဲ့တခါတရံတော့စားဖြစ်တယ်
နံတာကလွှဲရင်အကုန်ကြိုက်လို့ ခုလိုလေးသေချာရှင်းပြပြီးအထောက်အထားနဲ့တင်ပြပေးတာကိုအရမ်းကျေနပ်တယ် ကျေးဇူးလဲတင်တယ် မလေးရှားတို့အင်ဒိုတို့ကအရမ်ဒစားကြတယ် အစိမ်းသက်သက်စားတာမြန်မာတွေလိုပြုတ်စားကြော်စားတောင်မဟုတ်ဘူးနော် ထိုင်းမလေးတယောက်ဆို ၀က်သားရယ်အုန်းနို့ရည် ဒညင်းသီးရယ်ရောချက်တာ မြန်မာမလေးတွေကကြောက်လို့မစားရဲဘူး
နောက်တော့လဲစားကြတာပါပဲ....အရမ်းကောင်းတယ်တဲ့ အမကတော့ဝက်သားမစားလို့ လိုက်မစားဖြစ်ဘူးလေ.....