Friday, February 19, 2016

မြန်မာပြည်လာပြီး ပိုက်ဆံတောင်းနေတဲ့ British Tourist နဲ့ ပတ်သတ် ၍

ဒီနေ့ Yangon Coconuts မှာ ဖတ်လိုက်ရတဲ့ မြန်မာပြည်ကို အလည်လာတဲ့ ဗြိတိသျှအမျိုးသမီးတစ်ယောက်က မန္တလေးမှာ အန္ဒိယကိုဆက်သွားဖို့ လေယာဉ်ခ အလှူလိုက်ခံနေတာတွေ့လို့ မန္တလေးရဲက သူ့ကို ရန်ကုန်ကိုပြန်ပို့ပြီး ဗြိတိသျှသံရုံးနဲ့ ဆက်သွယ်စေခဲ့တယ်တဲ့။ ဒါပေမဲ့ အဲ့ဒိအမျိုးသမီးက သံရုံးကလဲ သူ့ကို ကူညီမှာမဟုတ်တဲ့အကြောင်းပြောခဲ့တယ်။ အဲ့ဒိအကြောင်းကို မြန်မာပြည်ရဲ ဖေ့ဘွတ်ပေ့ချ်မှာ လူအများပြောစရာဖြစ်လာခဲ့လို့ coconuts အဖွဲ့သားတစ်ယောက်က လိုက်လံ စုံစမ်းပြီး အဲ့ဒိအမျိုးသမီးနဲ့ စကားပြောဖြစ်ခဲ့တယ်တဲ့။ သူက အင်္ဂလန်မှာ ကျောင်းဆရာမ အဖြစ်အလုပ်လုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတော်တော်များများကိုလဲ ရောက်ဖူးကြောင်း ခု မြန်မာပြည်ကနေ အန္ဒိယကိုသွားပြီး တရားထိုင်ဖို့ဖြစ်ကြောင်း။ သူ့ကိုယ်သူ သန့်ရှင်းစင်ကျယ်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ရင်း သူ့ရဲ့ စိတ်စွမ်းအားတွေကို တရားထိုင်ရင် မြှင့်တင်ချင်ကြောင်း၊ အဲ့ဒိရည်ရွယ်ချက်နဲ့ပဲ အန္ဒိယကို ဆက်မှာဖြစ်ကြောင်း၊ ပိုက်ဆံရှာတဲ့ အလုပ်ကို လုပ်နေရင် သူ့ကိုယ်သူ စင်ကျယ်အောင် စိတ်ထားနိုင်မှာ မဟုတ်လို့ အလုပ်မလုပ်ပဲ ခုလို ပိုက်ဆံလိုက်တောင်းနေခြင်းဖြစ်ကြောင်း၊ တကယ်လို့ အကူအညီမရခဲ့ရင် ဘာလုပ်မလဲလို့ coconuts အဖွဲ့သားက မေးတော့ ဘုရားသခင်က သူနဲ့အတူရှိပြီး သူလိုချင်တာတွေကို ဖြည့်စည်းပေးနေတာကို ယုံကြည်ကြောင်းပြောတယ်တဲ့။


Spiritual Growth အတွက် တရားဘာဝနာထိုင်ချင်တဲ့ ဆိုပြီး အလှူလိုက်ခံနေတဲ့ ဗြိတိန်အမျိုးသမီး Adele Hannah Groom, 31

အဲ့ဒိပိုစ့်နဲ့ ပတ်သတ်ပြီး အောက်မှာ မတူညီတဲ့ ကွန်မန့်တွေ တွေ့တယ်။ စိတ်ဝင်စားစရာကောင်းတာက မြန်မာလိုကယ်တွေက အဲ့ဒိ အလှူခံ ဘိုမဘက်က ပြောနေကြပြီးတော့၊ တခြားနိုင်ငံခြားသားတွေက အဲ့ဒိဘိုမကို ကျွန်မတို့လို ဆင်းရဲတဲ့ တတိယနိုင်ငံက လူတွေဆီကနေ လိမ်စားနေတယ်လို့ ပြောရင်း ရှုံ့ချကြတယ်။ ကျွန်မက မြန်မာလူမျိုးတစ်ယောက်အနေနဲ့ရော၊ သူများနိုင်ငံတွေကို အလည်အပတ်သွားဖူးတဲ့ လူတစ်ယောက်အနေနဲ့ရော သူတို့ ၂ဦး ၂ဘက်လုံးပြောတာတွေကို အသေအချာ စဉ်းစားကြည့်တယ်။

မြန်မာလူမျိုးတွေက အလှူခံနဲ့ နေသားတကျရှိနေတာရော၊ အလှူအတန်းရက်ရောတဲ့နေရာမှာ ရှေ့ပြေးရတာကို ဂုဏ်ယူတတ်ကြတဲ့ သဘောရှိတယ်လေ။ တစ်ခါတစ်လေဆို တကယ်စေတနာပါသလား ဘာလားဆိုတဲ့ အဓိက အချက်ကို မေ့ပျောက်ပြီး အပြိုင်အဆိုင် သူ့ထက်ငါသာအောင် လှူပြမယ်ဆိုတာက ရှိသေးလို့ ထင်မိတာပဲ။ အထူးသဖြင့် ခုလို ချမ်းသာတဲ့ နိုင်ငံက လာတဲ့ နိုင်ငံခြားသူက ကိုယ်တို့ ဆင်းရဲပါတယ်လို့ သတ်မှတ်ခံထားရတဲ့ တတိယနိုင်ငံသားတွေဆီမှာ ပိုက်ဆံလိုက်တောင်းနေတာကို မသိစိတ်ကနေ ကျေနပ်ပြီး ဒီလိုလူမျိုးကို လှူရတာကို ဂုဏ်ယူချင်တဲ့ စိတ်လဲ ဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ်။ နောက်ပြီးတော့ အဲ့ဒိ ကွန်မန့်တွေထဲက မြန်မာတစ်ယောက် ရေးတဲ့ ကွန်မန့်မှာ “သူက ခိုးနေ လိမ်နေ လူသတ်နေ ဓားပြတိုက်နေ တာမဟုတ်ဘူး။ ကိုယ်ကူညီပေးနိုင်ရင် ကူညီပေးလိုက်၊ သူ့ခရီးသူသွားနေတာ၊ သူ့ရွေးချယ်ခွင့်နဲ့သူပဲ”တဲ့။ 



မြန်မာပြည်က တာဝန်ရှိသူရဲက သူ့ကို ခုလို စစ်ဆေးပြီး သူ့သံရုံးကို ပို့ပေးလိုက်တဲ့အတွက် ချီးကျူးပါတယ်။ ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်သေးပါဘူး။ သက်ဆိုင်တဲ့ ဋ္ဌာနဆိုင်ရာတွေကို အကြောင်းကြားပြီး Follow up လုပ်ရပါမယ်။ သူ့မှာ ပိုက်ဆံမရှိဘူးဆိုရင် ချက်ချင်း ပြန်လွှတ်ပါ။ နိုင်ငံထဲက လူတွေဆီက လိုက်တောင်းနေတာ နည်းမကျပါဘူး။

ဟုတ်ပါတယ်။ မြန်မာတွေမှာက ဘာသာရေးအရ ကြီးပျင်းလာတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်လှူတာက ကိုယ့်ကုသိုလ်၊ ကိုယ်လှူတာကို လိမ်စားတဲ့သူက သူ့ငရဲ သူသွားလိမ့်မယ် စတဲ့ အပြောမျိုး အတွေးမျိုးနဲ့ပဲ စိတ်ဖြေတတ်ကြပါတယ်။ ဘုန်းကြီးအတုယောင်တွေ၊ သီလရှင် အတုယောင်တွေ၊ အလှူခံ အတုယောင်တွေ၊ ကန်ထရိုက်ပေးလုပ်စားနေတဲ့ ကျိုက်ထီးရိုးက အလှူခံတွေ စသည်ဖြင့် အမြဲတွေ့ကြုံနေရတဲ့ ကျွန်မတို့တွေ အဲ့လိုမှ မတွေးလဲ တကယ့်အစစ် လိုအပ်နေတဲ့ သာသနာ့ဝန်ထမ်းတွေ၊ လိုအပ်နေတဲ့ ဒုက္ခသည်ပြည်သူတွေ မရလိုက်မှာစိုးရိမ်စရာပါ။ လူလိမ်မှာ ချိုမှ မပါပဲ။ ဒါပေမဲ့ အနည်းဆုံး အဲ့ဒါတွေကမှ ကိုယ်နိုင်ငံသားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး မပြေလည်လို့ဖြစ်စေ၊ အလုပ်အကိုင်မရှိလို့ဖြစ်စေ၊ တစ်ခုမဟုတ်တစ်ခုခုကြောင့် နေ့စဉ်ရှင်သန်ရေးအတွက် အလွယ်ရလို့ ဒီလိုလုပ်နေကြတာ။ တောင်းစားလို့ရတဲ့ ပိုက်ဆံနဲ့ ဘယ်သူမှ နိုင်ငံခြား အပန်းဖြေခရီးထွက်နေနိုင်ကြတာမဟုတ်ဘူး။ ဒီလိုပြောလို့လဲ တောင်းစားနေတဲ့သူတွေကို အားပေးအားမြှောက်လုပ်နေတာမဟုတ်ရပါဘူး။ ခုဒီတိုးရစ်နဲ့ နောက်ခံဘက်ဂရောင်းမတူတာကိုပဲ ပြောပြတာပါ။

အဲဒိပိုစ့်အောက်က ဆွေးနွေးမှုတွေကို ဖတ်ပြီး ကျွန်မတွေးမိတာတစ်ခုရှိတယ်။ ဒီအမျိုးသမီး လုပ်တာ မှန်တယ်မှားတယ်။ လိမ်စားတယ် မလိမ်စားဘူး။ ကိုယ့်ပိုက်ဆံမို့ လှူချင်တဲ့လူ လှူမယ်၊ မလှူချင်တဲ့သူမလှူဘူး စတာတွေကို ကျွန်မ မဝေဖန်လိုဘူး။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ အဲ့ဒိနိုင်ငံရဲ့ ပြည်ဝင်ခွင့်လိုအပ်ချက်၊ အင်မီဂရေးရှင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ စသည်ဖြင့် အသေအချာ နက်နက်နဲနဲစဉ်းစားကြည့်လိုက်ပါ။ ကျွန်မတို့ တခြားနိုင်ငံတစ်နိုင်ငံကို အလည်အပတ်သွားချင်ရင် မစိမ်းပေမဲ့ စိတ်အပျက်ဆုံးလုပ်ရတာ ပြည်ဝင်ခွင့်လျှောက်ထားရခြင်းပါ။ အဲ့ဒိအခါမှာ များသောအားဖြင့် သူတို့နိုင်ငံကို အလည်သာလာပြီး ပြန်ထွက်မှာသေချာတယ်၊ သူတို့နိုင်ငံကိုလာပြီး ခရီးသွားလုပ်ငန်းမှာ ပိုက်ဆံသုံးနိုင်မှာသေချာတယ်၊ ကိုယ်နေထိုင်တဲ့ နိုင်ငံမှာ အခြေအမြစ်ခိုင်မြဲတယ် စသည်ဖြင့် သက်သေတွေ တစီတတန်းကြီး ပြခိုင်းပြီးတော့မှ သူတို့ စီစစ်ပြီး ပေးတယ်။ အဲ့ဒါကို စိတ်ပျက်တယ်ဆိုပေမဲ့ သူတို့နိုင်ငံအတွက် အကျိုးပြုမဲ့သူကိုပဲ သူတို့ပေးဝင်တယ်ဆိုတာ သူတို့ လုပ်သင့်တဲ့အရာမို့ ကိုယ့်ဘက်က ညဉ်းတွားရုံကလွဲလို့ ဘာမှ စောတကတက် ပိုင်ခွင့်မရှိဘူးလေ။ နိုင်ငံတစ်နိုင်ငံမှာ အဓိကကျတာ ကိုယ့်နိုင်ငံသားပါ။ ကိုယ့်နိုင်ငံသားကို တနည်းမဟုတ်တနည်းနဲ့ အကျိုးပြုမဲ့သူကိုသာ ဝင်ခွင့်ပေးမယ်ဆိုတာ အခြေခံကျတဲ့အချက်ပါ။ အရိုးရှင်းဆုံးပဲ စဉ်းစားကြည့် ကိုယ့်အိမ်ထဲ ဝင်ချင်တယ်လို့ ပြောတဲ့ လူတိုင်းကို ကိုယ်တံခါးဖွင့်ပေးပြီး အဝင်ခံသလား? ကိုယ့်အိမ်ကိုလာတဲ့သူက အကြောင်းတစ်ခုခုတော့ ကိုယ်နဲ့ ပတ်သတ်ရင် ပတ်သတ်၊ မပတ်သတ်ရင်တောင် ကိုယ့်ကို အကျိုးပြုမဲ့သူပဲ ဝင်ခွင့်ပေးမှာပဲလေ။ ကိုယ့်အိမ်ထဲအလည်လာဖို့ ဝင်လာပြီး နောက်ဖေးက ထမင်းအိုး ခပ်တည်တည်ဖွင့်စားတဲ့ ဧည့်သည်မျိုးကို လက်ခံချင်လား။

ဒါပေမဲ့ ခုကိစ္စဖြစ်တော့ ကျွန်မတို့နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်ဝင်ခွင့်အတွက်လျှောက်ထားပိုင်ခွင့် လိုအပ်ချက် စည်းမျဉ်းတွေရဲ့ ထိရောက်မှုကို သံသယဝင်မိတယ်။ ဗီဇာလျှောက်ထားခိုင်းတယ်ဆိုတာရဲ့ ရည်ရွယ်ချက်ကို အသေအချာပြန်စဉ်းစားရင် ဒီလူတစ်ယောက်ဟာ နိုင်ငံကို ဘာရည်ရွယ်ချက်နဲ့လာတာလဲ၊ အလည်လာတာဆိုရင် အလည်လာဖို့အတွက် သူတတ်နိုင်လားဆိုတာကို စစ်ရမယ်မဟုတ်ဘူးလား။ မဟုတ်ရင် အလည်လာတယ်ဆိုပြီး နိုင်ငံတွင်းမှာ ခိုးနေနေမယ်ဆိုရင် ခု မြန်မာပြည် ရခိုင်နယ်စပ်မှာ ကျူးကျော်သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာမျိုး ဖြစ်မလာနိုင်ဘူးလား။ တခြားနိုင်ငံက ရာဇဝတ်မှုသမိုင်းကြောင်း record ရှိတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်က ကိုယ့်နိုင်ငံထဲဝင်လာပြီး လိုကယ်တွေကို လိုက်သတ်မှာမျိုး မဖြစ်နိုင်ဘူးလား။ ဗီဇာစီစစ်ရေးဆိုတာ ဖောင်ဖြည့်ခိုင်း၊ သူတို့အစိုးရရဲ့ နိုင်ငံရေး blacklist ဟုတ်မဟုတ်လောက်စစ်၊ ဗီဇာကြေးယူရုံ အလုပ်လုပ်နေကြတာလား?

အဲ့လိုအတွေးတွေ တန်းစီဝင်လာတော့ မမေးစဖူး အဲ့ဒိ ပိုစ့်အောက်မှာ မေးမိတယ်။ မြန်မာပြည်ရဲ့ ဗီဇာလိုအပ်ချက်တွေကဘာလဲ? လို့… ဒီလူတစ်ယောက်က အလည်လာတယ်လို့ပြောတာနဲ့ ကျန်တဲ့ လေယာဉ်အထွက်လက်မှတ်၊ ဟော်တယ်ဘွတ်ကင်း စတဲ့ အခြေခံအချက်တွေကိုတောင်မှ မစစ်ဆေးဘူးလားလို့ဆိုတော့ နိုင်ငံခြားသားတော်တော်များများက ကိုယ့်ကို ပြန်ဖြေကြတယ်။

“ငါလျှောက်တုန်းကတော့ အပြန်လက်မှတ်ကို မစစ်ဘူး။ ဗီဇာက ၂ပတ်ပေးပေမဲ့ နေချင်သလောက်နေလို့တောင်ရမယ်။ ဘယ်သူမှ မစစ်ဘူး။ မြန်မာတွေ ရက်ရောတာ ကူညီတတ်တာ ငါလက်ခံတယ်။ ငါ့ဖုန်း ကားပေါ်မှာ ကျန်ခံလို့ ပြန်မရတော့ဘူးမှတ်တာ ပြန်ရတယ်။ အဲ့လိုမျိုးက နေရာတိုင်းမှာ မရှိဘူး”

နောက်တစ်ယောက်ကပြောတော့ “ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာတော့ လိုအပ်ချက်ထဲမှာပါတယ်။ သူလိမ်ပြခဲ့တယ်ထင်တယ်။ ဒါပေမဲ့ တချို့လေယာဉ်လိုင်းတွေကတော့ ဆက်သွားမဲ့ လေယာဉ်လက်မှတ်ကို ပြခိုင်းတယ်။ မဟုတ်လို့ ပြည်ဝင်ခွင့်မပေးရင် သူတို့က ပြန်သယ်လာရမှာစိုးလို့” တဲ့။

အဲ့ဒိ ပိုစ့်အောက်က တခြားနိုင်ငံက တိုးရစ်တစ်ချို့ရဲ့ကွန်မန့်တွေမှာ ခုလို ပိုက်ဆံလိုက်တောင်းစားမဲ့အစား အဲ့ဒိ နိုင်ငံကို အကျိုးပြုမဲ့ အလုပ်တစ်ခုခုလုပ်ပေးပေါ့။ သူက သူ့စိတ်တွေကို သန့်စင်ချင်တယ်ဆိုရင် ပိုက်ဆံလိုက်တောင်းတာထက် စာလိုက်သင်ပေးတာတို့၊ ပရဟိတတို့ လိုက်လုပ်ပါလားလို့လဲ အမျိုးမျိုး ပြောထားကြတယ်။

ကိုယ်နဲ့ ခင်မင်တဲ့ အမေရိကန်နိုင်ငံသား မြန်မာအိမ်သူနဲ့ အကြောင်းပါနေတဲ့ Tom ကတော့…

“ငါ ၁၅နှစ်လုံးလုံး ပြည်ဝင်ခွင့်နဲ့ နေထိုင်ခွင့် ပုံစံ ၄မျိုးလောက် လျှောက်ခဲ့ဖူးတဲ့အထဲမှာ ဘယ်ရုံးကမှ ငါဘယ်က ဝင်ငွေနဲ့ မြန်မာနိုင်ငံမှာ နေနေတာလဲလို့ မေးခဲ့တာ (သက်သေပြခိုင်းတာ) မရှိဘူး။

ခု ဒီဗြိတိန်အမျိုးသမီးနဲ့ ပတ်သတ်လို့ပြောရရင်တော့… မြန်မာပြည်မှာ စားဝတ်နေရေးနဲ့ မိသားစုရပ်တည်ဖို့ကိုတောင် အကူအညီလိုအပ်နေတဲ့သူတွေအများကြီးပဲ။ ဘယ်သူ့မှ သူ့လို တရားထိုင်ဖို့ လိုက်ရှာနိုင်တဲ့ အခြေအနေမရှိဘူး။ မြန်မာပြည်မှာ နိုင်ငံခြားသားတစ်ယောက်လာပြီး လမ်းပေါ်မှာ တောင်းစားနေတယ်ဆိုတဲ့ အဖြစ်ကိုက လုံးဝ လက်ခံနိုင်စရာမရှိဘူး။ သူက ပတ်ဝန်းကျင်ကလူတွေကို အလိုက်ကမ်းဆိုးမသိ၊ စိတ်ဓာတ်အောက်တန်းကျတဲ့သူဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ စိတ်ရောဂါရှိတဲ့သူပဲ ဖြစ်ရမယ်။ တနည်းအားဖြင့်လဲ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေ လိုအပ်နေတဲ့ သူ့ကို ဗြိတိန်သံရုံးက ကူညီပေးသင့်ခဲ့တယ်။ တဖက်ကပြောမယ်ဆိုရင်လဲ သူ့လို အလည်လာသူမျိုးက ဒီနိုင်ငံအတွက် မလိုအပ်သလို မလိုလားတဲ့ ဧည့်သည်ဖြစ်တဲ့အတွက် နိုင်ငံထဲက ထွက်သွားခိုင်းသင့်တယ်။

ကွန်မန့်ထဲက တချို့တွေပြောသလို နိုင်ငံခြားသားတွေက လိုကယ်တွေရဲ့ လိုအပ်ချက်ကို ကူညီရမယ်ဆိုတာကို တာဝန်ကြီးတစ်ရပ်လိုပြောနေကြတာကိုလဲ လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ ဒါက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ ဆိုင်တယ်။ တခြားတစ်ဖက်ကပြောမယ်ဆိုရင်လဲ လိုကယ်တွေဆီကနေ ပိုက်ဆံလိုက်တောင်းပြီး အလှူငွေလက်ခံနေတာကလဲ လုံးဝလက်ခံနိုင်စရာမရှိဘူး။”


(အဲဒိပိုစ့်အောက်က ကွန်မန့်တွေကို ဒီလင်ခ့်ကိုနှိပ်ပြီး coconuts yangon ရဲ့ ပိုစ့်အောက်မှာ ဖတ်နိုင်တယ်။)

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ မြန်မာလူမျိုးတွေ ပေးကမ်းရက်ရောတယ်ဆိုတာကို ဂုဏ်ယူချင် ယူလို့ရပါတယ်။ ဒါပေမဲ့ အလှူခံရှိတယ်၊ လှူတဲ့သူက သူ့ဟာသူ ကြေနပ်လို့ လှူတယ် ဒီလောက်ပဲ မကြည့်စေချင်ဘူး။ ဒီလိုကိစ္စမျိုးမှာကျတော့ အပေါ်ယံလေးပဲ မကြည့်ပဲ ဖြစ်သင့်တဲ့အရာ ကျိုးကြောင်းဆက်စပ်စဉ်းစားသင့်တယ်။ စည်းကမ်းနဲ့ ဆိုင်တယ်။ ၁ယောက်က အဲ့လိုလုပ်လို့ရတယ်ဆိုရင် နောက်လူတွေကလဲ ထပ်လုပ်လာလိမ့်မယ်။ အဲ့ဒိအောက်က ကွန်မန့်တွေမှာတောင် တချို့တိုးရစ်တွေက ခပ်ရွဲ့ရွဲ့နဲ့ “နောက်ဆိုငါတို့လဲ ဒီလိုလုပ်ဖို့ သူ့ဆီက သင်ထားမှ” တို့ဘာတို့ ကွန်မန့်တွေကို တွေ့နိုင်တယ်။ ဒဿနက ခရီးတစ်ခုရဲ့ အခြေခံလိုအပ်ချက်ပေးရလောက်အောင်တောင် ပိုက်ဆံမရှိရင် ခရီးမသွားနဲ့။ ဒီဘက် နိုင်ငံ လက်ခံတဲ့ဘက်အစိုးရကလဲ ခရီးသွားလုပ်ငန်းကနေ တိုင်းပြည်စီးပွားတက်အောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေများလာအောင်၊ ကိုယ့်ယဉ်ကျေးမှုကို နိုင်ငံတကာက တဆင့်စကား တဆင့်ကြားပြီး သိလာအောင် သေသေချာချာ make sure ပြီးမှ လက်ခံသင့်တယ်။ ပြောရမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ တံခါးပေါက်ဖြစ်တဲ့ ပြည်ဝင်ခွင့်စစ်ဆေးရေးသမားတွေ အလုပ်သေချာမလုပ်လို့ဖြစ်စေ၊ ကိုယ့်တိုင်းပြည်ရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲက မယောင်ရာ ဆီလူး (တချို့ လွယ်နေတာကို ကျတော့ ခက်အောင်လုပ်တတ်တဲ့) စည်းကမ်းလေးတွေကို ပြင်ဆင်ပြီး တကယ့် အရေးပါတဲ့ အဓိပ္ပါယ်ရှိတဲ့ စည်းကမ်းတွေကို တင်းကြပ်သင့်တယ်လို့ ထင်တယ်။


ဆိုလိုတာက ဒီအမျိုးသမီး ပိုက်ဆံလိုက်တောင်းနေတာ ဘယ်သူ့ကိုမှလဲ မထိခိုက်ပါဘူးဆိုတာ အကျယ်တဝံ့ကြည့်မယ်ဆိုရင် မှားတယ်။ သူလုပ်နေတာ Principle အရ မှားတယ်။ ဒါမျိုးကို ခွင့်ပြုလိုက်လို့ နောက်ပိုင်း များလာရင် ဘယ်လို ထိမ်းချုပ်မလဲ။ သူပိုက်ဆံလိုက်တောင်းတာ ကိုယ့်ကို မထိခိုက်ဘူးမထင်နဲ့  ဒဿနအရတော့ တစ်တိုင်းတစ်ပြည်လုံးရဲ့ စီးပွားရေးကို ထိခိုက်တယ်လို့ မြင်တယ်။ အဲလိုမျိုး ကိုယ့်နိုင်ငံကို စီးပွားတက်အောင်မလုပ်တဲ့အပြင် ကိုယ့်နိုင်ငံထဲက တခြား မရှိဆင်းရဲ အလှူခံတစ်ယောက်ရမဲ့ ဝေစုကို လိုက်လုနေတဲ့ တိုးရစ်မျိုးတွေကို ဝင်မလာနိုင်အောင် သေချာစီစစ်ပြီး အဓိပ္ပါယ်ရှိတဲ့ ပြည်ဝင်ခွင့်လိုအပ်ချက်တွေ ရှိသင့်တယ်လို့ ပြောချင်ပါတယ်။

သင်တို့ရဲ့  သဘောထားလေးတွေ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကွန်မန့်မှာ ဆွေးနွေးသွားလို့ရပါတယ်။

2 comments :

Anonymous said...

တူတူပဲ ရေးထားတာအကုန် သဘောတူတယ်
ကောမန့်တွေက ရေးထားတာ england ကလူက ပိုက်ဆံမရှိတာမဖြစ်နိုင်ဘူး မြန်မာတွေရဲ့စိတ်ကိုစမ်းကြည့်တာနေမှာဆိုတာ အဆိုးဆုံးပဲ ဟီးးးး ရယ်ရတယ် ဗြဲ
တိုးရစ်ဆိုတာ သုံးမကုန်လို့ ကမ္ဘာပတ်နေတာပါ သူ့သံရုံးကိုသွားရင်လဲ လိုသလောက်ငွေကိုထုတ်ယူလို့ရတယ်လေ ဆိုတာလဲပါသေးတယ် tourist နဲ့ backpacker သမားမကွဲရှာဘူး
တတ်နိုင်သလောက်ပေးပြီး မြန်မာ့စိတ်ဓါတ်ကိုပြကြပါတဲ့ ဟီးဟီးဟီး တကယ်တော့ လှူလိုက်ပါ သူမကောင်းရင် သူခံရမယ် အကုသိုလ်မယူနဲ့ဆိုတာ ဗမာတွေရဲ့ rootcauseကိုမရှာ ပြဿနာတစ်ခုကို ရေရှည်ကြည့်မဖြေရှင်းချင်တဲ့ ခေါင်းရှောင်နည်းတစ်မျိုးလို့ပဲထင်တယ်

Wine

mabaydar said...

အဲ့ဒိ မြန်မာ ကွန်မန့်တွေတော့ မတွေ့မိဘူး... ဘယ်မှာ ဖတ်ရတာလဲ? သူ့ပုံစံက မြန်မာပြည်က ဘာသာရေးကိုင်းရှိုင်းတယ်။ အလှူအတန်း လုပ်ကြတဲ့ ဓလေံကို အခွင့ကောင်း ယူနေတာနဲ့တူတယ်။ စကားပြောတွေကလဲ ရှေ့နောက်မညီဘူး။ တရားထိုင်မယ်လေး ဘာလေးနဲ့ နောက်ဆုံးကတော့ ဂေါံက သူနဲ့ ရှိပါတယ်လေးဘာလေးနဲ့။ သူ့ရဲ့ အပြင်ပန်းကြည့်ပြီး မရေးချင်ပါဘူး။ ပိုစ့်ကတော့ ကိုယ့်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးကို မေးခွန်းထုတ်လို့သာ သူ့အပေါ်အမြင်ကို ထည့်မရေးတော့တာ..