Monday, January 25, 2016

ပြည်တော်ပြန် လှည့်စားမယ်

တိုင်းတပါးရောက် မြန်မာတွေ မြန်မာပြည်ပြန်လည်မယ်ဆိုတိုင်း ဟိုရောက်ရင်ဖြင့် ဘာတွေစားပစ်မယ်၊ ဘယ်တွေသွားပစ်မယ်ဆိုတဲ့ စိတ်ကူးရှိကြမှာပါ။ အထူးသဖြင့် ခုလို ဖေ့ဘွတ်ခေတ်မှာ မြန်မာပြည်ကလူတွေ ချက်အင်ဝင်တဲ့ကိုယ်မရောက်ဖူးသေးတဲ့ ဆိုင်အသစ်တွေကိုလဲ စမ်းကြည့်ချင်၊ အရင်က ကိုယ်စားဖူးတဲ့ ဆိုင်ဟောင်းတွေကိုလဲ လက်မလွှတ်နိုင်၊ အိမ်ထမင်း အိမ်ဟင်းသိပ်မစားဖြစ်တဲ့သူကျတော့ အိမ်ထမင်းအိမ်ဟင်းလွမ်းကြမှာပေါ့နော်။ မဗေဒါကတော့ ဒီမှာလဲ အိမ်ထမင်း အိမ်ဟင်းအမြဲစားနေရတော့ အရမ်းတော့မလွမ်းပါဘူး။ ဒါပေမဲ့ မဗေဒါအထင်တော့ အိမ်ထမင်းအိမ်ဟင်းဘယ်လောက်လွမ်းလွမ်း ကျန်တဲ့ မုန့်တွေ စားသောက်ဆိုင်တွေကိုလဲ လက်လွတ်ချင်တာမဟုတ်ဘူးလေ။ ဒီတော့ ပြန်တာ ၂ပတ်ဆိုရင် အိမ်ထမင်း အိမ်ဟင်းကို ၃ရက်လောက် စားရရင် လုံလောက်နေပြီ။

နောက်မှ ကျန်တာတွေ ပြောဖြစ်ရင်လဲ ပြောတော့မယ်။ ခုတော့ မြန်မာပြည်ပြန်တုန်း မြည်းခဲ့စမ်းခဲ့ စားခဲ့သောက်ခဲ့တာလေးတွေကို ကိုယ်လဲ ဓာတ်ပုံရိုက်မိသလောက် မှတ်မိသလောက် ပြောပြမယ်နော်။ စားခဲ့သမျှဆိုင်တိုင်း ဝမ်းမလျော၊ ဗိုက်မနာ၊ ဆေးခန်း မရောက်ခဲ့ဘူးဆိုတော့ အထိုက်အလျောက် သန့်တယ်ထင်တာပဲနော်။

၁။ မြကန်သာ “အုန်း” မြန်မာထမင်းဆိုင်

Date visited : 2nd Nov 2015
Taste: 4/5
Service: 3/5
Accessibility from downtown: 4/5
Cleanliness: 4/5
Facility: 2/5 (no aircon and hot. It looks like temporary shelter to me)
Price: 3/5 (normal dish 4000kyats. Free flow of rice, ပုဇွန်ထုတ် စတဲ့ ဟင်းတွေကတော့ ဈေးနည်းနည်းပိုများတယ်)



သူက မြို့မကျောင်းလမ်းမှာရှိတာ ပြည်သူ့ရင်ပြင်ဘက်က ဝင်ရင်နီးတယ်။ ဖေ့ဘွတ်မှာသူများရှယ်ထားတာတွေ့လို့ သွားစားကြည့်တာ။ ဆိုင်က ဆားဗစ်လဲ မြန်တယ်။ အထိုက်အလျောက်လဲ သန့်တယ်။ ဟင်းတွေကလဲ Feel လိုပဲ ဗန်းတွေနဲ့ ချထားတာကို ကြိုက်တာရွေးရတာလေ။ ဒါပေမဲ့ မဗေဒါအမြင်တော့ အကြော်အလှော်ပိုများသလိုပဲ။ ဆီပြန်ဟင်းထက်။ ဒါပေမဲ့ စားချင်စရာဟင်းတွေလဲ ရှိပါတယ်။ မဗေဒါကတော့ ဝက်သားအစပ်ကြော်စားဖြစ်တယ်။ အမေက ပုဇွန်ငရုတ်သီးကြော်နဲ့ အဖေကတော့ ဝက်သားအချိုချက်ဟင်းထင်တယ်။

အဲ့စားသောက်ဆိုင်မှာ ဘာတွေကို သဘောကျသလဲဆိုတော့ ဟင်းချိုက အလကား။ လိုချင်ထပ်တောင်းလို့ရတယ်ထင်တယ်။ ဆားဗစ်မြန်တယ်။ တို့စရာပေးတာမှာ ဟင်းရွက်စုံတယ်။ တခြားဆိုင်တွေမှာ သိပ်မတွေ့ရတဲ့ သရက်သီးစိမ်းလေးတွေတောင်ပါတယ်။ စားပြီးရင် အစာကြေစားဖို့ မြန်မာ့ရိုးရာ ထန်းညက်နဲ့ ဧည့်ခံတယ်။

ဘာတွေ တိုးတက်ဖို့လိုလဲဆိုတော့ ဆိုင်က အလုပ်သမားတွေက အရမ်းသွက်လက်တာကို သဘောကျပေမဲ့ တစ်ခုခုလိုတာမှာလိုက်ရင် ကိုယ့်နားကနေ နားစည်ပွင့်တဲ့အထိ အော်ကြတာစားရတာလန့်လန့်သွားတယ်။ ကိုယ်မှာတာများ မကျေနပ်လို့ ပိုအော်သလားထင်ရတယ်။ ဒါပေမဲ့ မျက်နှာတွေကတော့ မကျေနပ်တဲ့ မျက်နှာတွေ မဟုတ်ပါဘူး။ တခြားဝိုင်းကမှာလဲ အဲလိုပဲ ကုန်းအော်ကြတာ။ အော်မှကြားမယ်ဆိုတာ သိပေမဲ့ အော်မဲ့အစား အနားနည်းနည်းတိုးပြောလိုက်လဲ ကိစ္စမရှိပါဘူး။ မြန်မာပြည်က ထမင်းဆိုင်ယဉ်ကျေးမှုလားတော့ မသိဘူး။ နိုင်ငံခြားသားသာ လာစားရင် လန့်သွားနိုင်တယ်။ နောက်တစ်ခုက ဆိုင်က အဲကွန်းတွေဘာတွေနဲ့တော့ မဟုတ်ဘူး။ ဖေ့ဘွတ်ပေါ်တင်လိုက်တုန်းက ဒညင်းသီး ၃လုံးကို ၅၀၀ကျပ် ပေးရတာ ဈေးများတယ်လို့ ကိုယ်က ထင်တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေကပြောတော့ ခု မြန်မာပြည်မှာ အဲ့ဈေးပဲတဲ့။ ဒါပေမဲ့ ဒညင်းသီး ၃လုံးမှာ တစ်လုံးက အပုတ်ပါနေသေးတာ။

၂။ ပန်းဆွယ်တော် စားသောက်ဆိုင်

Date visited: 3rd Nov 2015
Taste: 3/5
Service: 3/5
Shop ambient : 4/5
Price : 3/5


သူက ပြည်သူ့ရင်ပြင်ထဲက မြန်မာကာလ်ချာဗဲလီး (Myanmar Culture Valley) မှာရှိတာ။ အဲ့ဒိနေ့က မိဘမဲ့ကျောင်းတွေ အလှူလုပ်ဖို့ လိုက်စုံစမ်းရင်း ည ၈နာရီခွဲ ၉နာရီလောက်ဖြစ်သွားတော့ စားသောက်ဆိုင်တော်တော်များများပိတ်ကုန်တာနဲ့ ဖွင့်တဲ့ ဆိုင်ကိုရောက်သွားတာ။ အရင်က Channel 7 က အစီအစဉ်တင်ဆက်သူ ရဲဝင့်သူနဲ့ သူ့သူငယ်ချင်း Cherry FM က DJ ထက်ကျော်ဖြိုး တို့ ၂ယောက်က ကိုယ်အလှူလုပ်ဖို့ မိဘမဲ့ကျောင်းတွေ ကူရှာပေးတယ်လေ။ သူကလဲ ကိုယ့်စာဖတ်သူပရိတ်သတ်၊ ကိုယ့်အတွက် ကျတော့လဲ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကို သူက professional လုပ်ခဲ့ဖူးတယ်ဆိုတော့ သူ့ကို လေးစား။ ကိုယ်က multicamera production ကို စာတွေ့ပဲ သင်ဖူးတာလေ။ Cherry FM ကိုလဲ တိုက်စီစီးရင်း သူတို့အသံတွေ ကြားဖူးတော့ ကိုယ်ကလဲ သူတို့ ပရိတ်သတ်ပဲပေါ့။ မောင်နှမတွေလို အချင်းချင်း အပြန်အလှန် လေးစားခင်မင်ကြပါတယ်။ ကိုယ့်စာဖတ်သူထဲမှာ ဒီလို Celebrity တွေပါနေလို့လဲ ဂုဏ်ယူမိပါတယ်။ သူတို့နဲ့ စကားပြောရတာလဲ မြန်မာပြည်က ကိုယ်မသိတဲ့အကြောင်းတွေ အစုံသိရလို့ တကယ်ကို update ဖြစ်ပြီး သတင်းစုံ လဲရပါတယ်။ ကိုယ့်ကို မိဘမဲ့ကျောင်း ကူရှာပေးတာရော၊ ကိုယ့်မောင်လေးတွေလို ပွင့်ပွင့်လင်းလင်းခင်မင်ရတာကြောင့်ရော ဒစ်နာလိုက်ကျွေးဖြစ်တယ်။

ထားပါတော့ စားသောက်ဆိုင်အကြောင်းဆက်မယ်။ ပန်းဆွယ်တော်စားသောက်ဆိုင်က အပြင်အဆင်ကတော့ အတော်လေးသားသားနားနားရှိပါတယ်။ သစ်သားကနုတ်ပန်းတွေဘာတွေနဲ့ပေါ့။ မန်နျူးထဲကဈေးတွေကတော့ အသေးအဖွဲ ၃၈၀၀ ကျပ်လောက်နေ ၇၀၀၀/၈၀၀၀ ကျပ်လောက်အထိ ရှိတယ်။ တခြား အထူး မန်နျူးတွေကတော့ ဒိထက် ဈေးကြီးတာတွေလဲရှိမှာပေါ့နော်။

အဲ့မှာ စားခဲ့ဖြစ်တာက ဝက်သားပေါင်းထမင်း၊ ပုဇွန်ဆီနယ်ထမင်းနဲ့ ကြက်ကြော်၊ ပင်လယ်စာ တုန့်ရန်းဟင်းချို…
အရသာကတော့ မဆိုးပါဘူး။ အမေကတော့ ပဲကြာဇံသုတ်လိုဟာမျိုးကို သိပ်မကြိုက်ဘူး။ ပေးတဲ့ portion က နည်းနည်းသေးပေမဲ့ တစ်ယောက်စာအတွက်တော့ စားလို့ရပါတယ်။ အစားကြီးတဲ့သူဆိုရင်တော့ မလောက်မှာ သေချာတယ်။

ဘာတွေတိုးတက်ဖို့ လိုအပ်သလဲဆိုတော့။ စားပွဲထိုးတွေက ဆိုင်ပိတ်ခါနီးမို့ပဲလား ဘာလားတော့ မသိဘူး မလုပ်ပေးချင် သလိုလိုနဲ့။ ဒါပေမဲ့ ကိုယ်က အစားအသောက်အပြင် ဝန်ဆောင်မှု ၁၀ရာခိုင်နှုန်းပါ ပေးရတဲ့ ခုလိုဆိုင်မျိုးမှာ ဝန်ဆောင်မှုကောင်းကောင်းကို မျှော်လင့်တယ်။ ခုကျတော့ ဆိုင်ထဲမှာဖြင့် စားနေတာ စားပွဲလေး ၃လုံးလောက်မှာပဲ လူရှိတယ်။ စားပွဲထိုးတွေက ၅ယောက် ကနေ ၇ယောက်လောက်ထိရှိပေမဲ့ တစ်ခုခုလိုချင်ရင် အကြာကြီးစောင့်ရ၊ မနည်းမျက်လုံးချင်းစုံအောင်ကြည့်ပြီးမှ ခေါ်ရနဲ့ သိပ်အဆင်မပြေလှဘူး။ ပိုက်ဆံရှင်းတဲ့ကောင်တာက ကောင်မလေးကတော့ ရီရီမောမောနဲ့ မျက်နှာချိုပါတယ်။

၃။ Ahjumma Kitchen

Date Visited: 5th Nov 2015
Taste: 4/5
Service: 5/5
Shop ambient: 5/5
Price : 3/5



နဝဒေးလမ်းမှာရှိတဲ့ Ahjumma Kitchen ကိုလဲ အလည်ရောက်ဖြစ်ခဲ့တယ်။ ဆိုင်ရှင်က ကိုယ့်ဘလော့လာဖတ်နေကျသူကနေ ခုတော့ အပြင်မှာပါ ခင်မင်နေတဲ့ ညီမတစ်ယောက်လေ။ အဲ့ဒိဆိုင်လေးက အေးအေးဆေးဆေးလေးနဲ့ သူငယ်ချင်းတွေ စကားအေးဆေးပြောလို့ရမဲ့ အနေအထားလေးမှာရှိတယ်။ မြို့ထဲနေတဲ့သူတွေအတွက် မြို့ထဲနဲ့ နီးတော့ အဆင်ပြေတယ်။ ဆိုင်နာမယ်က ကိုရီးယား အာဂျူမာကို ကိုယ်စားပြုလို့ ကိုရီးယားစာပဲ ရောင်းတယ်ထင်ခဲ့တာ။ အမှန်တော့ ယိုးဒယားစာ၊ တရုတ်စာလဲရောင်းတယ်။
စားခဲ့တာတွေက ဝက်သားသုံးထပ်သားကင်၊ ဝက်ဆလပ်၊ ဘီဘင်ဘက် (ကိုရီးယားထမင်းသုတ်)၊ ပြည်လုံးချမ်းသာ (အရွက်နဲ့ အသားရောကြော်)၊ နောက် သူငယ်ချင်းက ကိုရီးယားဝက်သားအိုးပူစားတယ်။

ဝက်သားသုံးထပ်သားကင်နဲ့ ဝက်ဆလပ်ကတော့ ဝက်သားကြိုက်တဲ့သူတွေ အရသာတွေ့မှာပါ။ သူက ဆလပ်ရွက်လေးတွေ၊ ပဲပင်ပေါက်လေးတွေ၊ ကြက်ဥလိပ်ကြော်ပါးပါးလေးတွေနဲ့ ကင်ချီ ကိုလဲ ကြိုက်သလို ထည့်စားလို့ရအောင် သည်းသန့်ပန်းကန်လေးတွေနဲ့ ပေးတယ်လေ။ အရွက်တွေကလဲ လတ်ဆပ်တယ်။ ပူပူလေး စားသင့်တယ်။

ကိုရီးယားထမင်းသုတ် ဘီဘင်ဘတ်က မြန်မာနိုင်ငံက ကာစတန်မာနဲ့ သင့်တော်အောင် ထမင်းများများလေးလုပ်ပေးထားတယ်။ ကိုယ်ကတော့ စင်္ကာပူစတိုင် အရွက်အသားက ထမင်းထက် များတာကို ပိုကြိုက်တယ်။ ထမင်းတွေများတော့ ကုန်တောင်မကုန်ဘူး။ ဒါကလဲ နောက်တစ်ခေါက်စားဖြစ်ရင် လျော့ထည့်ဖို့ပြောလို့ရတယ်လေ။ များတာက ကိစ္စမရှိဘူး။ နည်းတာက ကိစ္စရှိတာမဟုတ်လား။

တရုတ်စာ ပြည်လုံးချမ်းသာတို့ ယိုးဒယားစာ တုန်ရန်းဟင်းချိုတို့ကတော့ ပြောစရာမရှိအောင် ကောင်းပါတယ်။ ကိုယ်တွေ မြန်မာပါးစပ်နဲ့က အကိုက်တွေကိုး။ အမေက ကိုရီးယားစာမကြိုက်၊ ဝက်သားမစားတဲ့သူဆိုတော့ သူတို့ဆိုင်မှာ ခုလို တရုတ်စာ ယိုးဒယားစာပါရတော့ မဗေဒါတို့ မိသားစုလို တစ်ယောက်အကြိုက်တစ်မျိုးသမားတွေအတွက် တစ်နေရာတည်းမှာ အဆင်ပြေတယ်။ ခုဆိုရင် Ahjumma Kitchen က ထပ်မံ ပြင်ဆင်လိုက်ပြီလို့ပြောတယ်။ သူတို့ ရဲ့ Ahjumma Kitchen facebook page မှာ သူတို့ဆိုင်က စားစရာတွေ သွားငန်းလို့ရတယ်။ ကြည့်ထားပြီး ရန်ကုန်ရောက်ရင် စားပေါ့နော်။

လိပ်စာက ၂၃B Nawaday Street, Dagon township.

ကိုယ်ရောက်ခဲ့တဲ့ နိုဝင်ဘာတုန်းကတော့ ဆိုင်ထဲကို ဝင်တဲ့ တံခါးပေါက်ကို မနည်းရှာခဲ့ရတယ်။ သူက လမ်းမဘက် မျက်နှာစာ အောက်ဘက်က ဆိုင်က ပြင်နေတယ်။ အာဂျူမာကစ်ချင်းက ဘေးက လှေကားဘက် အပေါက်ကဝင်ရတာ။ ခု ပြင်လိုက်ပြီဆိုတော့ ပြောင်းသွားပြီလားတော့မသိဘူး။ ဘာပဲပြောပြော အေးအေးဆေးဆေးပတ်ဝန်းကျင်မှာ၊ အစားကောင်းကောင်းစားချင်ရင်တော့ သွားလိုက်နော်။

.
၄။ ရွှေဗလီ ဒိန်ချဉ်

Date Visited: 6th Nov 2015
Taste: 4/5
Service: 3/5
Shop ambient: 2/5
Price: 3/5


ရန်ကုန်ကိုပြန်ရောက်တိုင်း ညပိုင်းဆို သွားသောက်ဖြစ်တာ ဗိုလ်ဆွန်ပတ်လမ်း အလယ်လမ်းထိပ်က ရွှေဗလီ ဒိန်ချဉ်ဆိုင်ကိုပါ။ သူက လမ်းဘေးထိုင်သောက်ရတာပါ။ ဒါပေမဲ့ မြန်မာပြည်ရဲ့ အရသာစစ်စစ် ခုံပုလေးတွေနဲ့ ထိုင်ပြီး လမ်းသွားလမ်းလာတွေငေး၊ သူငယ်ချင်းနဲ့ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ် စကားစမြည်ပြောရတဲ့ လဘက်ရည်ဆိုင်ယဉ်ကျေးမှုကို အပြည့်အဝခံစားလို့ရပါတယ်။ ခုနောက်ပိုင်း စင်္ကာပူမှာနေပြီးကတည်းက မြန်မာပြည်က လဘက်ရည်တွေကို အရမ်းချိုတယ်လို့ခံစားရတယ်။ ချိုပေါ့လို့ပြောလဲ ချိုနေတာပဲ။ အီလွန်းတယ်။ ဒိန်ချဉ်ကျတော့ သောက်ရတာ အဆင်ပြေတယ်။ သူတို့ဆိုင်က မလိုင်လဲပါတယ်။ (မလိုင်အစစ်ဟုတ်မဟုတ်တော့ ကိုယ်မသိ၊ သောက်လို့တော့ကောင်းတာပဲ)။

ခွက်ကြီး ၇၀၀ကျပ် ခွက်သေး ၅၀၀ကျပ်။ အိမ်ယူသွားမယ်ဆိုရင်လဲ ပလပ်စတစ်ဗူး ပါကင်ပိတ်နဲ့ အသေအချာပေးတယ်။ ငယ်ငယ်ကတည်းက အဲ့ဆိုင်မှာ သောက်ဖြစ်တယ်။ သူတို့ရဲ့ ဝန်ဆောင်မှုက မြန်မှမြန်။ ကိုယ်အဲ့နားမှာ ယောင်ပေပေသွားရပ်လိုက်တာနဲ့ ဆိုင်ရှင်က သူ့အလုပ်သမားတွေကို အမြန် ထိုင်ခုံစီစဉ်ခိုင်းတယ်။ တချို့ဆိုင်တွေလို လုပ်ပေးချင်သလို မလုပ်ပေးချင်သလိုလို။ ရှောင်လို့ရရင် ပတ်မရှောင်နေဘူး။ ဆိုင်ရှင်ကိုယ်တိုင် မျက်စိဒေါက်ထောက်ကြည့် ကွပ်ကဲနေတော့ ကာစတန်မာအတွက် အဆင်ပြေတယ်။ အဲ့ဒိ ဒိန်ချဉ်ဆိုင်ဘေး လမ်းပေါ်မှာ အီကြာကွေးပူပူလေးတွေကို ဆီအိုးကြီးနဲ့ အိုးပေါ်က ချက်ချင်းကျ ချက်ချင်းစားလို့ရတဲ့ အီကြာကွေးသည်ရှိတယ်။ ဒိန်ချဉ်ထဲကို အီကြာကွေးပူပူလေး နှစ်ပြီး စားရတာအရမ်းကြိုက်တယ်။

အီကြာကွေးထဲကို ဒိန်ချဉ်အရသာက စိမ့်ဝင်ပြီး အီကြာကွေးပူပူရဲ့ ကြွပ်ရွရွ အရသာကိုလဲ ခံစားလို့ရတယ်။ ဂလု… ရေးနေရင်း ကိုယ့်ဟာကိုယ်အတွေးနဲ့ စားချင်လာဘီ။ ညအရမ်းနောက်ကျမှ သွားရင်တော့ အီကြာကွေးသည်က မရှိတော့လောက်ဘူး။

ကျန်တဲ့ဆိုင်တွေအကြောင်း ဆက်ရေးမယ်နော်။ ခုတော့ ဒီလောက်နဲ့ အရင် တစ်ပုဒ်တင်လိုက်အုံးမယ်။ နောက်မို့ဆို မတင်ဖြစ်မှာစိုးလို့… (အပိုင်း ၂… မျှော်ပေါ့)

ဝေခွဲမရ ချစ်ဒုက္ခထက် ဆိုးတယ်။ ၂နှပ်ပဲ စားဖို့ အချိန်ရှိတယ်။ စားချင်တာက ၂နှပ်စာမကဘူး။ အာ့တွေဘယ်လိုစားခဲ့သလဲ နောက်တစ်ပိုစ့်မှာ မျှော်

Monday, January 11, 2016

သင်မသိသေးတဲ့ “Cheese in the Trap” က မင်းသား Park Hae-Jin အကြောင်း


ခုပြနေတဲ့ Cheese In the Trap ဆိုတဲ့ ကားလေးကို ဘာမှ သိပ်မမျှော်လင့်ထားပဲ မင်းသားက မဆိုးပါဘူးထင်လို့ စမ်းကြည့်မိတယ်။ သာမာန်အားဖြင့်တော့ မဗေဒါ ကြိုက်မယ်ထင်တဲ့ကားတွေဆို မကြည့်သေးပဲ စုထားပြီး အပိုင်း တော်တော်များများပြပြီးမှ ဆက်တိုက်ကြည့်ချင်တယ်။ မဟုတ်ရင် တစ်ပတ် တစ်ပတ် ဆန့်တငင်ငင်နဲ့ အရသာပျက်လို့။ ဒါပေမဲ့ သိပ်မမျှော်လင့်ထားဘူး။ ဇာတ်လမ်းကလဲ သာမာန်လောက်ပဲထင်ရင်တော့ တစ်ပတ် တစ်ပတ်စောင့်ကြည့်ရလဲ ကိစ္စမရှိလို့ ကြည့်ဖြစ်တယ်။ ခု Cheese In the trap ကားကိုလဲ အဲလိုပဲ ထင်လို ၂ပိုင်းပဲ ပြပြီးပေမဲ့ စကြည့်ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မ မှားသွားပြီထင်တယ်။ ခု အပိုင်း ၂ပိုင်းအပြီးမှာ ဆက်ကြည့်ချင်လို့ နေမထိ ထိုင်မသာတွေကို ဖြစ်ရော။ ခု အပိုင်း ၂ပိုင်းအထိတော့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်ဆောင်တွေကလဲ သူတို့ သရုပ်ဆောင်ရတဲ့ နေရာနဲ့ အံဝင်ဂွင်ကျရှိပါတယ်။ မဗေဒါ ဘလော့မှာ ကိုရီးယားကားတွေ မင်းသားတွေနဲ့ ပတ်သတ်ပြီး မတင်ဖြစ်တာ ကြာနေလို့ ဒီပိုစ့်လေးကို ဒီမှာတင်လိုက်ပါတယ်။ ခုနောက်ပိုင်း ဇာတ်လမ်းတွဲ၊ ရုပ်ရှင်နဲ့ ပတ်သတ်တာတွေက mabaydarpage ပေါ်မှာပဲ ရေးဖြစ်တာ များနေလို့။



ဒါနဲ့ အဲဒိကားထဲက မင်းသား Park Hae-Jin ကို အားလုံးလဲ ရင်းနှီးပြီးသားဖြစ်မှာပါ။ နာမည်ကြီး My love from the stars ကားထဲက ဒုတိယမင်းသားပါ။ သူ့ကို အဲ့ဒိကားမှာကတည်းက သဘောကျခဲ့တာပါ။ (Kim Soo Hyun လောက်တော့ ခရေဇီမဖြစ်ခဲ့ဘူးပေါ့နော်။) နောက်တော့ Bad Guys ကားမှာ စိတ္တဇ Serial killer လူသတ်သမားကနေ ရဲတွေကို အမှုကူလိုက်ပေးတဲ့ ထောင်သားအဖြစ် သူ့ကို ပိုကြိုက်ခဲ့ပြန်တယ်။ နောက်ပိုင်းလဲ အမေကြည့်နေတဲ့ တီဗွီမှာပြတဲ့ကားထဲ မကြာခဏမြင်မိတယ်။ ခုတော့ Cheese in the Trap ကားမှာ ၂ပိုင်းပဲ ကြည့်ရသေးတယ် အတော်လေး သဘောကျသွားလို့ သူ့အကြောင်းတွေ ဖတ်မိတယ်။

၁။ anti-fan တွေနဲ့အတူ လူမှုရေးလိုက်လုပ်တဲ့ မင်းသား




မင်းသားချော Park Hae-Jin ဟာဆိုရင် သူ့ကိုမုန်းပြီး အင်တာနက်မှာ မဟုတ်တမ်းတရား ကောလဟာလလျှောက်ရေးတဲ့ anti-fan တွေကို နှစ်စဉ်နှစ်တိုင်း တရားစွဲပြီး သူ့ကိုတောင်းပန်တဲ့သူတွေကို သူနဲ့အတူ ပရဟိတ အလုပ်တွေ လိုက်လုပ်မယ်ဆိုရင် တရားရေးရာ ကျေအေးပေးခဲ့ပါတယ်။ သူ့ရဲ့ Fans တွေ၊ anti-fans တွေထဲက တောင်းပန်တဲ့သူတွေနဲ့ အတူ ပရဟိတလုပ်ခဲ့တာ ၂၀၁၅ အောက်တိုဘာဆိုရင် ၃နှစ်ဆက်တိုက်ရှိခဲ့ပါပြီ။ အလှူအနေနဲ့ လိုအပ်တဲ့ ရပ်ကွက်တွေမှာ အိမ်မီးဖိုဖို့ မီးသွေးတုန်းတွေ သွားရောက်လှူဒါန်းပါတယ်။ တခြား လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေလဲ လှူဒါန်းတယ်လို့ သိရပါတယ်။ အဲ့ဒိ အလှူအတောအတွင်းမှာလဲ သူက သူ့ Fan တွေ၊ သူ့ anti-fan တွေအားလုံးကို စတင်ချဉ်းကပ်စကားပြောပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်အားပေးခဲ့တယ်လို့ဆိုပါတယ်။
ကဲ… anti-fans တွေကို ကိုင်တွယ်တဲ့ နေရာမှာ ဘယ်လောက်တော်တဲ့ မင်းသားလဲ။ ကိုယ်တောင် anti-fan ယောင်ဆောင်ပြီး သူ့အလှူမှာ လုပ်အားပေးချင်စိတ်ဖြစ်မိပါ့။

Source: http://www.soompi.com/2015/10/04/park-hae-jin-volunteers-with-anti-fans-for-the-third-year-running/
http://www.soompi.com/2014/11/04/park-hae-jin-keeps-his-promise-volunteers-with-his-anti-fans/

၂။ Fashion Designer တစ်ဖြစ်လဲ Park Hae-Jin


Park Hae-Jin ဟာ သရုပ်ဆောင်လောကမှာပါမက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အနေနဲ့လဲ သူ့ကိုယ်ပိုင် Brand V-modern ဆိုတာကိုလဲ တရုတ်ပြည်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ My love from the stars ကားပြအပြီးမှာ သူ့ရဲ့ လွတ်လပ်ပေါ့ပါးပေမဲ့ စတိုင်မိုက်တဲ့ ဝတ်စားဆင်ယင်ပုံတွေ၊ အရောင်စပ်ဆက်တတ်မှုတွေ၊ အပေါ်အောက် လိုက်ဖက်ညီအောင် တွဲဝတ်တတ်မှုတွေကြောင့် သူ့ဖက်ရှင်ဟာ တရုတ်ပြည်မှာ အတော်လေး နာမည်ကြီးခဲ့ပါတယ်။

Park Hae-Jin က “ကျွန်တော့ ဒီဇိုင်းတွေက ခုဈေးကွက်မှာ ခေတ်စားနေတဲ့ Trend နဲ့ ကိုက်ညီမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ သက်တောင့်သက်သာရှိတဲ့ ဒီဇိုင်းတွေကို ကျွန်တော်က အားပေးပါတယ်။ သက်တောင့်သက်သာရှိခြင်းက အကောင်းဆုံး ဒီဇိုင်းပဲလေ” လို့ ရှင်းပြပါတယ်။

သူ့ရဲ့ ပထမဆုံး ဖက်ရှင်ရှိုးပွဲကို ဇူလိုင် ၁၇ရက် ၂၀၁၄ တုန်းက တရုတ်ပြည် ဘေဂျင်းမြို့မှာ ကျင်းပခဲ့ပြီး မင်းသားတစ်ယောက်အနေနဲ့ မဟုတ်ပဲ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အနေနဲ့ပဲ ဧည့်ခံခြင်း၊ အင်တာဗျူးဖြေခြင်း၊ ပွဲအတွက် လိုအပ်တာတွေ စီစဉ်ခြင်းပြုလုပ်ပြီး ဒီပွဲကို တက်ရောက်ခဲ့ပါတယ်။

Source: http://www.allkpop.com/article/2014/07/park-hae-jin-to-make-his-debut-as-a-designer-in-china
http://www.kpopstarz.com/articles/86067/20140401/park-hae-jin-brand-fashion-mark-jang.htm

၃။ Cheese in the Trap က Park Hae-Jin

Cheese in the Trap ဆိုတဲ့ ဇာတ်ကားက အွန်လိုင်းပေါ်က ပေါ်ပြူလာ ကာတွန်းဖြစ်တဲ့ Cheese In the Trap ကို ပြန်ပြီး အသက်သွင်းထားတာပါ။ အဲ့ဒိ ကာတွန်း အွန်လိုင်းမှာ စတင်ပြီး ခေတ်စားလာကတည်းက ပရိတ်သတ်တော်တော်များများက ဒီဇာတ်ကောင် Yoo Jung ဟာ Park Hae-Jin နဲ့ လိုက်ဖက်တယ်ဆိုပြီး လူပြောများခဲ့ပါတယ်။ အခု ရုပ်ရှင်ကိုလဲ မင်းသား Park Hae-Jin နဲ့ပဲ ရိုက်မယ်ဆိုတော့ ပရိတ်သတ်အားလုံးအတွက် ပိုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်ခဲ့ပါတယ်။


Star News နဲ့ အင်တာဗျူးတစ်ခုမှာ Park Hae-Jin က

“တကယ်တော့ ကျွန်တော် ကောင်းကောင်းမှ သရုပ်ဆောင်နိုင်ပါ့မလားလို့ စိုးရိမ်မိတယ်” လို့ သူ့ရဲ့ ဇာတ်ကောင်စရိုက်အတွက် ပြောပါတယ်။

“ကျွန်တော့်ထက် Yoo Jung ဇာတ်ကောင်နဲ့ ဆင်တူတဲ့ တခြားမင်းသားတွေလဲ အများကြီးရှိတော့ ဒီဇာတ်ကောင်ကို လက်ခံလိုက်ရတာ နည်းနည်းတော့ ရှက်မိပါတယ်။ အမှန်တိုင်း ဝန်ခံရရင်၊ ကျွန်တော် ဒီဇာတ်ကား ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါသေးတယ်”

အဲ့ဒိနောက် သူဘာလို့ ဒီဇာတ်ကောင်ကို လက်ခံဖြစ်ခဲ့သလဲဆိုတာကို ဆက်ပြောပါတယ်။

“ကျွန်တော်က ခုဆိုရင် အသက် ၃၀ကျော်ပြီလေ။ ဒီဇာတ်လမ်း အကျဉ်းကို ဖတ်ကြည့်တော့ စဉ်းစားမိတာ တစ်ခုရှိတယ်။ ငါ ဇာတ်ကောင် စရိုက်တော်တော်များများကို သရုပ်ဆောင်ခဲ့ပြီးပြီ။ နောက်ထပ် ဇာတ်ကောင်တွေကိုလဲ အနာဂတ်မှာ သရုပ်ဆောင်ဖြစ်အုံးမှာပဲ။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်အဖြစ် သရုပ်ဆောင်ရဖို့ အခွင့်အရေးကတော့ ဒါနောက်ဆုံးဖြစ်နိုင်တယ်။
နောက်တော့ ဇာတ်ညွှန်းကို ဖတ်ကြည့်ဖြစ်တယ်။ အဲ့ဒိမှာတင် ဒီဇာတ်လမ်းဟာ အတော်လေး လက်ရာကောင်းမယ်လို့ ထင်ခဲ့တယ်။”

သူက ဆက်လက်ပြီး “ဇာတ်ကောင် စရိုက်တွေကလဲ ကောင်းတယ်လေ။ အဲဒါကြောင့် လက်ခံဖြစ်သွားတာ။ ပြီးတော့လဲ အခုအချိန် တက္ကသိုလ်ကျောင်းသားမလုပ်ရင် နောက်ဆို ကျောင်းသားဇာတ်ကောင် အဖြစ် ကမ်းလှမ်းမှုဆိုတာ ရှိလာမှာ မဟုတ်ဘူးလေ”

သူက ထပ်ပြီး “ကျွန်တော်တို့ ဒါရိုက်တာကလဲ Yoo Jung ဇာတ်ကောင်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ပို့ပေးတယ်လေ။ အဲ့ဒါတွေကို ဖတ်ပြီး လေ့ကျင့်ဖြစ်တယ်။ ကျွန်တော့်ကိုယ်ပိုင် ဇာတ်ကောင်တစ်ကောင်ကို ဖန်တီးဖြစ်တယ်။ ပရိတ်သတ်တွေ အမြင်မှာ ကျွန်တော်ဟာ တက္ကသိုလ်ကျောင်းသားဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်အောင် ကျွန်တော် တကယ်ကို ကြိုးစားနေပါတယ်။”

Source: http://www.soompi.com/2015/09/12/park-hae-jin-explains-why-he-accepted-the-lead-role-in-cheese-in-the-trap/

Note: မဗေဒါတို့များ သူ တက္ကသိုလ်ကျောင်းသားအသက်ရှိမရှိ သတိမထားမိလောက်အောင်ကို သူ့ကိုကြည့်ရင် ဇာတ်လမ်းထဲ မြောပါနေတာ။ မြန်မာပြည်က ကန်ဘောင်ပေါ်လျှောက်လိုက် စားသောက်ဆိုင်ထိုင်လိုက်နဲ့ တက္ကသိုလ်က ဆရာတွေထက်တောင် အသက်ကြီးလောက်တဲ့ သရုပ်ဆောင်တွေကို တက္ကသိုလ်ကျောင်းသားလုပ်တာ မြင်နေကျဆိုတော့ ကိုယ့်အတွက်က ဘာမှ ပြဿနာကို မရှိတာ။

Cheese In The Trap ဆိုတဲ့ ဇာတ်ကားလေးက ခု အပိုင်း ၂ကြည့်ပြီးတဲ့အထိတော့ မဗေဒါကို စွဲဆောင်နေသေးတဲ့အတွက် ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်။ အားလုံးပဲ ကိုယ့်လို Cheesy fever လေးတွေ တက်နိုင်ကြပါစေနော်…

Tuesday, January 05, 2016

Flatmates (သို့) စင်္ကာပူရောက်အလွဲများ အပိုင်း ၁၅


ဒီအကြောင်းကို ပြောပြချင်ခဲ့ပေမဲ့ ဒီထဲမှာ ပါဝင်ပတ်သတ်နေတဲ့သူတွေကြောင့် ရေးသင့်မရေးသင့်စဉ်းစားရင်း မရေးဖြစ်တာပါ။ ဒါပေမဲ့ ခုတော့ ၁၀စုနှစ်တစ်ခုကျော်တောင် ခြားသွားပြီး ပါဝင်ပတ်သတ်နေသူ အတော်များများတောင် စင်္ကာပူမှာ မရှိကြတော့ဘူးဆိုတော့ တချိန်က စိတ်ရှုပ်ရတာတွေဟာ ဒီအချိန်မှာ ဟာသတွေအဖြစ်နဲ့ ပြန်ပြောမိတာကို မတော်တဆ ဒီဘလော့ကို လာဖတ်မိရင်တောင် စိတ်မဆိုးကြလောက်ဖူးလို့ မျှော်လင့်မိပါတယ်။ ဒီထဲမှာ ပါဝင်တဲ့ သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာထက် ဒီအဖြစ်အပျက်လေးက ဘယ်လိုဆိုတာကိုသာ စာဖတ်သူတွေကလဲ စိတ်ဝင်စားကြမှာပါ။

လူဆိုတာက အသက်တစ်ရာ မနေရ အမှုတစ်ရာ ပွေရဆိုတဲ့စကားအတိုင်းပဲ လူပေါင်းစုံနဲ့ ဘဝမှာ တွေ့ခဲ့ကြမှာပါ။ ကိုယ်ကြုံတွေ့ဆက်ဆံနေရတဲ့သူတွေကို အပြင်ဘန်းကလွဲလို့ သူ့ကိုတော့ ငါသိပါတယ်လို့ သေချာပေါက်ပြောရဲလား? ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံမှာ လူတစ်ယောက်ဟာ ကိုယ်သိထား ထင်ထားတာနဲ့ တခြားစီဖြစ်နေတတ်လို့ပဲ။

စင်္ကာပူကို ကျောင်းစတက်ဖို့လာကြရင် များသောအားဖြင့်တော့ တစ်ခြားသူတွေနဲ့ အိမ်ငှားပြီးစုနေကြတာပါပဲ။ အားလုံးသိကြတဲ့ လူတစ်ကိုယ် စရိုက်တမျိုးဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက်ကတော့ ဘယ်တူနိုင်ပါ့မလဲ။ အဲ့ဒိအိမ်မှာ နေတဲ့လူတွေအကြောင်းပြောရရင်လဲ ရီစရာပါ။



အကြွားသန်နဲ့ အစားမြန်

တစ်ယောက်က အကြွားသန်တယ် သူ့ကိုယ်သူ မင်းမျိုးမင်းနွယ်လို့ထင်ရလောက်အောင် စကားပြောတတ်တယ်။ သူလုပ်တာမှ အကောင်း သူလုပ်တာကလွဲ ကျန်တဲ့သူလုပ်တာဆို မကောင်းဘူး။ လူတိုင်းအနည်းနဲ့အများ အဲ့လိုပဲ ဆိုပေမဲ့ သူက အသေးအဖွဲကအစ ဥပမာ၊ သူက မျက်ခုံးမွှေးရိပ်လေ့မရှိဘူး၊ အာ့ဆို မျက်ခုံးမွှေးရိပ်တဲ့ တခြားမိန်းကလေးတွေက မျက်ခုံးမွှေးမရိပ်ပဲ မျက်ခုံးမွှေးကောင်းတဲ့မိန်းကလေးတွေလောက် မမြင့်မြတ်ဘူး စသည်ဖြင့်ပေါ့နော်။ (ခုတော့ သူ အမြင်ကျယ် လောက်ပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူ့ကို လမ်းမှာ တွေ့လိုက်တာ မျက်ခုံးမွှေးရိပ်ထားလေရဲ့။) ဒါပေမဲ့ သူ့ဆီလာလည်တဲ့ သူ့ဘဲကြီးကကျ ငတ်တီးတအားထချက်။ သူက အချက်အပြုတ်ကောင်းတယ် ဉာဏ်သိပ်မကောင်ဘူး၊ သူ့ဘဲက စာတော်တယ် ငတ်တီးထတယ်။ လိုက်လဲလိုက်တယ်ဟုတ်? သူ့ဘဲအိမ်လာလည်ရင် သူ့ခမျာ နောက်ဖေးက မထွက်တန်းကို ချက်ပြုတ်ရတာပါ။ ဒါတောင် သူချက်ပြုတ်နေတဲ့အချိန်အတွင်း ကျွန်မတို့တွေ ချက်ထားတာကို “ဘာတွေချက်စားလဲဟေ?”ဆိုပြီး ပြုံးဖြီးဖြီးနဲ့ အမြဲတောင်းစားတတ်သေးတာ။ တစ်ခါကဆို ကျွန်မအခန်းဖော် အစ်မကြီးချက်ထားတဲ့တစ်ယောက်စာဟင်းလေးကို နည်းနည်းဆိုပြီးတောင်းစားရင်း ကုန်ခါနီးဖြစ်တော့မှ “ဟယ်တော့… ငါစားလိုက်တာ လက်လွန်သွားတယ်”ဆိုပြီး စပ်ဖြီးဖြီးပြောမှတော့ ဟိုအစ်မကြီးလဲ အောင့်သက်သက်နဲ့ “ရပါတယ်” ဆိုပြီး မချိပြုံးနေရတော့တာပေါ့။ အဲ့ဒိကတည်းက သူလာပြီဆိုရင် ကိုယ်မကျွေးချင်ရင် သူမမြင်အောင်ထားရင်ထား၊ မဟုတ်ရင်လဲ ကိုယ်သာ အမြန်စားဖို့ပဲ ကျန်တဲ့သူတွေအားလုံး Heads up လုပ်ထားရတယ်။ သူ့ဆော် ကောင်မလေးကတော့ သူကြွားခဲ့သမျှ သူ့ဘဲလာရင် အရှက်ကိုကွဲရောပဲ။

တန်ဖိုးကြီး အမှိုက်ပုံး


နောက်ထပ် ရှမ်းတရုတ်မတစ်ယောက်ကျတော့ သိပ်တော့ ဟင်းချက်စားလေးတော့မရှိပါဘူး။ အပြင်သွားရင်တော့ ရေမွှေးတစ်ပုလင်းလုံးမှောက်သလား လိုးရှင်း တစ်ဗူးလုံးပဲ သုံးသလားထင်ရလောက်အောင် မွှေးကြိုင်နေတတ်ပါတယ်။ ဟင်းချက်လေ့ရှိရှိ မရှိရှိ၊ လူဆိုတာ အမှိုက်တော့ ရှိတာပါပဲ။ ဥပမာ ခေါက်ဆွဲပြုတ်စားတာတို့ဘာတို့ပေါ့။ အရင်က အားလုံးဘုံပစ်တဲ့ အမှိုက်ပုံးထားပါတယ်။ ဒါပေမဲ့ အဲ့အမှိုက်ပုံးကိုပစ်ဖို့ကျ ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ အိမ်မှာ ဟင်းအများဆုံးချက်တဲ့ ကျွန်မတို့ အခန်းက ပစ်ရတာ များပါတယ်။ အဲ့လို ပစ်ပေးနေလေ ထန်းတက်လက်မှတ်ရပြီး အမှိုက်ပုံးပစ်တာပဲ ကိုယ့်တာဝန်လိုဖြစ်လာတော့ ကျွန်မတို့ အခန်းကလူတွေကလဲ အဲ့အမှိုက်ပုံးထဲ မထည့်တော့ပဲ ကိုယ့်အမှိုက်ကိုယ်ချက်ချင်းပစ်ပြီး အမှိုက်ပုံးနဲ့ ဝေးဝေးနေလိုက်ပါတယ်။ အမှန်ဆို အမှိုက်များတဲ့သူက ၅ခါအမှိုက်ပုံးရှင်းပေးရင် အမှိုက်နည်းသူက တစ်ခါလောက်တော့ အလိုက်တသိရှင်းပေါ့။ တူတူနေနေတာ မိသားစုမှ မဟုတ်တာပဲ။ အားလုံး မြန်မာပြည်မှာဆို ကိုယ်လုပ်စရာမလိုခဲ့တဲ့ သူတွေချည်းပဲလေ။ ကျွန်မတို့ ညီအစ်မကတော့ ကိုယ်ဟင်းချက်တဲ့အချိန် အမှိုက်ကို ကျွတ်ကျွတ်အိပ်နဲ့ တခါတည်းထည့်ပြီး ဟိုးအမှိုက်ပိုက်လိုင်းထဲကို တစ်ခါတည်း ပစ်ပါတယ်။ တစ်ခြားအစ်မကြီးတွေကတော့ ကိုယ်ပိုင် အမှိုက်ပုံးလေး သပ်သပ်ဝယ်ထားတာရှိပါတယ်။ အဲ့လိုလဲဖြစ်ရော အိမ်မှာ ခေါက်ဆွဲပြုတ်တွေ၊ သားရေစာတွေ အများဆုံးစားတဲ့ ရှမ်းတရုတ်မ အကျပ်ရိုက်ရပြီပေါ့။ သူ့အမှိုက်က ကျွန်မတို့ဟင်းချက်တဲ့သူတွေလို သိပ်မများတော့ အမြဲတမ်း သူလုပ်စရာမလိုဘူးဆိုပြီး အမှိုက်ပုံးမပစ်တာ။ ခုတော့ သူ့အမှိုက်လဲ ပစ်ပေးမဲ့သူမရှိတော့ဘူးလေ။ အဲ့ကျတော့ လူလစ်ရင် လစ်သလို သူ့ခေါက်ဆွဲပြုတ်အထုတ်တွေ ဘီစကွပ်ထုတ်တွေကို သူများအမှိုက်ပုံးထဲ လိုက်ထည့်ပါတော့တယ်။ အဲ့တုန်းက ဆိုရင် ကိစ္စလေးက သေးပေမဲ့ များလာတော့ အဆိုင်အခဲက နောက်ပိုင်းအတော်ကြီးလာပါတယ်။ နင့်အမှိုက် ငါ့ထဲလာမထည့်နဲ့ ပြောရင်လဲ ပြောတဲ့သူက အလွန်၊ ဒါပေမဲ့ Principle အရတော့လဲ အဲ့မိန်းကလေးက နားလည်မှုမရှိတာပါပဲ။ အဲ့တုန်းကဆို ကိုယ့်အမှိုက်ပုံးထဲ ရောက်နေတဲ့ အမှိုက်ကို ဘယ်သူ့အမှိုက်လဲ analyze လုပ်ကြ၊ အမှိုက်ပစ်သခိုးစောင့်ဖမ်းကြ၊ အမှိုက်ပုံးကို မီးခံသတ္တာလို လက်ဗွေနဲ့မှ ဖွင့်လို့ရတာတို့၊ သော့ခတ်ထားလို့ရတာတို့၊ ကိုယ့်အသံနဲ့မှ ဖွင့်လို့ရတာတို့ ဝယ်ရမဲ့ပုံပဲဆိုပြီး ကျန်တဲ့သူတွေ စောင်းမြောင်းပြောကြနဲ့ ဇာတ်လမ်းတွဲရိုက်ရင်တောင် Rating ကောင်းကောင်းရနိုင်ပါတယ်။ ခုချိန်စဉ်းစားကြည့်ရင်ရီချင်စရာ။

My Biggest Culture Shock

အဲ့ဒိ ရှမ်းတရုတ်မနဲ့ တစ်ခန်းထဲနေတဲ့ ပြည်ကြီးတရုတ်မတစ်ယောက်ရှိတယ်။ သူကတော့ လုံးဝ ထမင်းဟင်းချက်မစားပါဘူး။ သူ့ဟာသူလဲနေတတ်ပါတယ်။ မြန်မာတွေနဲ့နေတော့ မြန်မာအစားအစာတော့ အတော်ကြိုက်တယ်။ အဲ့ဒိတုန်းက ကျွန်မတို့ကျောင်း ကန်တီးက မြန်မာထမင်းဆိုင်ရှိတော့ သူက မုန့်ဟင်းခါးတို့ ကြာဇံချက်တို့ အဲ့ဒိက ဝယ်စားတယ်။ တစ်ခါတစ်လေ အိမ်မှာ ကိုယ်ချက်စားရင်တော့ သူ့ကို အားလုံးက ကျွေးဖြစ်ပါတယ်။ ကြာဇံချက်တော့ သူအတော်လေးကြိုက်တယ်။ တစ်ခါတစ်လေ ပစ္စည်းတွေ ဝယ်ပေးပြီးတောင် ချက်ခိုင်းတယ်။ လဘက်သုတ်ဆိုလဲ ကိုယ်စားသလို စားနိုင်တယ်။ မကျွေးရင်တော့ မစားပါဘူး။ အလိုက်သိပါတယ်။ ဒါပေမဲ့ တရုတ်မဆိုတော့ မြန်မာမိန်းကလေးတွေနဲ့ ယှဉ်ရင် နည်းနည်း အနေထိုင် ပက်စက်တယ်လို့ ခံစားရတယ်။ တစ်ရက် အိမ်က ဧည့်ခန်းထဲမှာ တီဗွီကြည့်နေတုန်း နောက်ဖေးကနေ ဖြူဖြူကြီး လမ်းလျှောက်လာတာ မျက်လုံးထောင့်ကနေ ဖြတ်ကနည်းတွေ့လို့ ကြောက်ကြောက်နဲ့ မကြည့်ရဲကြည့်ရဲကြည့်လိုက်တော့မှ ရေချိုးခန်းထဲကနေ ကိုယ်လုံးတီး ဖင်ပြောင်ကြီးနဲ့ ထွက်လာတာ၊ ကိုယ်ကလဲ လန့်လဲ လန့် သူ့ကိုမြင်တော့လဲ သူ့အစားကိုယ်ကရှက်။ ဒါတောင် သူက ရီကျဲကျဲနဲ့ ရှင်းပြသေးတယ်။ သူ တာဝါယူဖို့ မေ့ကျန်ခဲ့လို့တဲ့။ ကိုယ်တွေသာဆို ဝင်သွားတဲ့ အင်္ကျီနဲ့ ပြန်ဝတ်ထွက်လာမှာပေါ့။ မြန်မာပြည်က ရောက်စ ကျွန်မအတွက်တော့ Culture Shock ပါပဲ။ ဒါပေမဲ့လဲ ခုတော့ ကိုရီးယား ဆောင်နာတွေဘာတွေသွား၊ သူတို့ တရုတ်ပြည်မှာ အိမ်သာက တံခါးတောင် မရှိဘူးကြားမိတော့ သူ့အနေနဲ့ မိန်းကလေးတွေချည်းပဲ ဆိုပြီး သိပ်ဂရုမစိုက်တာ ဖြစ်နိုင်တယ်။

စံပြ ချစ်သူ

နောက်အစ်မကြီးတစ်ယောက်ကျတော့ ကိုယ်တွေနဲ့ အတော်လေးကို ခင်ပါတယ်။ တစ်ခန်းထဲနေတာပေါ့။ သူ့ချစ်သူက အမေရိကားမှာဆိုတော့ သူက ၂၄နာရီနီးပါ ဖုန်းပြောတယ်။ လွန်ခဲ့တဲ့ ၁၃နှစ်လောက်က ဟန်းဖုန်းတွေက နည်းနည်း ဈေးကြီးသေးတော့ လိုင်းဖုန်းသုံးပြီး ဖုန်းကဒ်ဝယ်ပြောတာပေါ့နော်။ စင်္ကာပူနဲ့ အမေရိကားကျတော့ ဖုန်းကဒ်တစ်ကဒ်က ၃၊ ၄နာရီအပြောခံတယ်လေ။ ဟိုဘက်က ခေါ်တာတော့ များပါတယ်။ အဲ့ဒိတုန်းက မြန်မာပြည်ခေါ်ရင် ၁၀ဒေါ်လာကဒ်က ၈မိနစ် ကနေ ၁၀မိနစ်လောက်ပဲရတာ။ ဒီကြားထဲ လူကြီးမင်းနဲ့တွေ့ရင် ပိုက်ဆံက ဖြတ်ခံရသေးတယ်။ သူ့လိုင်းဖုန်းကြိုးကြီးက အရှည်ကြီးပဲ တစ်အိမ်လုံးသွားလေရာ ယူသွားလို့ရအောင်လေ။ တစ်ချိန်လုံး ဖုန်းပြောနေတဲ့သူဆိုတော့လဲ တစ်နေရာတည်းဘာမှ မလုပ်ပဲ နေလို့မရဘူးလေ။ အဲပြောချင်တာက သူဖုန်းပြောတဲ့ကိစ္စမဟုတ်ဘူး။

သူက သူ့ရည်းစားကို အရမ်းချစ်တာ။ ဒိအထိလဲ နားလည်ပေးလို့ရပါတယ်။ လူတိုင်းကိုယ့်ရည်းစားကို ချစ်ကြပါတယ်။ သူစကားပြောရင် “ကို ကလေ…” လို့ အစချီပြီး သူ့ရည်းစားအကြောင်းမပါတာ မရှိဘူး။ ဘယ်အကြောင်းအရာပြောနေနေ “ကို ကလေ…” ဆိုပြီး ဆက်စပ် ပလိုက်တာပါပဲ။ နည်းနည်းလေး စိတ်အနှောင့်အယှက်ဖြစ်ပေမဲ့ ခင်မင်မှုရှိနေတော့ သူ့အကျင့်လေးကို လက်ခံပြီး နားလည်ပေးပါတယ်။ အဲ! ဆိုးတာက… တီဗွီကြည့်တဲ့အချိန်… ကျွန်မက ကျွန်မကြိုက်တဲ့ ရုပ်ရှင်ကြည့်ရင် ကျွန်မကို လာနှောင့်ယှက်တာ စကားလာပြောတာ သိပ်မကြိုက်ပါဘူး။ ပြီးတော့ ရန်ကုန်အိမ်မှာတောင် တီဗွီစောင့်နတ်မင်းလို့ အမည်ရခဲ့တာနဲ့ အတူ စင်္ကာပူရောက်တော့လဲ တီဗွီရှေ့မှာ များသောအားဖြင့် ကျွန်မရှိတာများပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကြည့်နေတဲ့ ဇာတ်လမ်းတွဲက ည ၈နာရီပြမယ်ဆိုရင် အများနဲ့ နေတော့ ဦးသူစနစ်လေ။ ဦးတဲ့သူကြည့်နေတဲ့ Channel ကို လိုက်ကြည့်ရတာပါ။ မပြောင်းကြပါဘူး။ (ကိုယ့်က အိမ်ကသူတွေနဲ့ ဘာရှော့မှ မရှိခဲ့ပေမဲ့ ကိုယ့်ကိုလဲ အဲဒါနဲ့ပတ်သတ်ပြီး ဘာနာမည်ပေးထားကြမလဲတော့ မသိပါ။ ပေးထားလဲ စိတ်မဆိုးပါဘူး။ :P ကိုယ်တွေ တီဗွီကြည့်တာ စာမေးပွဲတွင်း တစ်အိမ်လုံး ဖင်ကုန်း စာကျက်နေချိန်တောင် တီဗွီရှေ့ စာအုပ်လေးနဲ့ ထိုင်နေတတ်လို့ အတူနေတဲ့ တစ်အိမ်လုံးက လူတွေက ကိုယ့်ကို စာမေးပွဲပြီးသွားပြီလားလို့ မေးခံရတဲ့အထိ)

အဲ အစောက ကိစ္စဆက်ရရင်ဖြင့် အဲလို ဇာတ်လမ်းတစ်ခုကို တလေးတစားနဲ့ အာရုံစိုက်ကြည့်၊ ဖီးလ်အပြည့်နဲ့ကြည့်တဲ့ကျွန်မဘေးကို အဲ့ဒိ အစ်မကြီးရောက်လာပြီဆိုရင် ပြဿနာက စတာပဲ။ သူက သူ့ရဲ့ “ကို” အကြောင်းစတော့တာပဲ။ သူ့ကို လှည့်ကြည့် ရီပြမိလို့ “ကို ကလေ…” ဆိုပြီး စမှာစိုးလို့ ရုပ်ရှင်ထဲ အရမ်းစိတ်ဝင်စားနေတဲ့ပုံစံမျိုးနဲ့ မသိချင်ယောင်ဆောင်နေရင်တောင် ရုပ်ရှင်ထဲက မင်းသားက မင်းသမီးကို ဂရုစိုက်တဲ့အခန်း၊ ချစ်ပြတဲ့အခန်း၊ ဂျေဝင်တဲ့အခန်း (ပုံမှန်အားဖြင့် ပရိတ်သတ်တွေ ရင်ခုန်တဲ့ အခန်းလေးတွေပေါ့) မျိုးတွေလာပြီဆိုရင်

“ဟယ်… ကို လဲ အဲ့အတိုင်းပဲသိလား။ အစ်မကို သိပ် ချစ်တာ”။
“ဟယ်… ကို ကလေ… အဲ့မင်းသားလိုပဲ သဝန်တိုတတ်တယ်သိလား။”
“ဟယ်… မင်းသား သနားပါတယ်။ ကို့ ကိုတော့ အစ်မက အဲ့လို မလုပ်ရက်ပါဘူး” ပြီးကျရင် ဘေးမှာ တရွှတ်ရွှတ် ငိုသေးတာ။


ကိုယ်လဲ ရုပ်ရှင်ကြည့်လို့ စိတ်ပါဝင်စားလာရင် ငိုတတ်ပါတယ်။ လူတွေရှေ့ဆိုရင်တော့ မငိုပဲ ထိန်းထားတာပေါ့။ အခုတော့ ရင်ခုန်ရမဲ့ အခန်းတွေ လာရင်တောင် “ကို ကလေ…” ဆိုတဲ့ အသံကြီးလာမှာကို ထိတ်လန့်စွာ စောင့်စားနေရတဲ့ ဘဝ၊ မင်းသားလေးကို သနားလို့ ငိုချင်နေရင်တောင် “ကို ကလေ…” ဆိုပြီး ရုပ်ရှင်ကြည့်ရင်း ကိုယ့်ဘေး တရွှတ်ရွှတ်လာငိုနေတော့ ကိုယ့်ဖီးလ်တွေပါငုတ်ရောပေါ့။
တစ်နေ့ တီဗွီကနေ King Kong (မျောက်ဝံ)ကြီး ကားပြနေတာ အားလုံးထိုင်ကြည့်နေကြတာပေါ့။ အဲ့ထဲမှာ မျောက်ဝံမကြီးကို ကျည်ဆံထိသွားတော့ မျောက်ဝံထီးကြီးက အသည်းတွေကွဲပြီး တိရိစ္ဆာန်ပင်ဖြစ်လင့်ကစား မျောက်ဝံမကြီးဘေး အသာထိုင်ဖက်ပြီး ဝမ်းနည်းနေတာပေါ့။ အဲ့ အစ်မကြီးကလဲ ထုံးစံအတိုင်းမျက်ရည် တရွှဲရွှဲပေါ့ ဒါပေမဲ့ လူမဟုတ်ပဲ မျောက်ဝံမည်းမည်းကြီးတွေဆိုတော့ “ကို နဲ့ အစ်မ အတိုင်းပဲ”လို့ ထွက်မလာဘူး။ အဲ့အချိန်မှာ သူ့ကို ဘယ်တုန်းကတည်းက အမြင်ကပ်နေမှန်းမသိတဲ့ တခြား အစ်မကြီးတစ်ယောက်က

“ဟယ်… မျောက်ဝံကြီးသူ့ ရည်းစားကို ချစ်တာ ငါနဲ့ ငါရည်းစားအတိုင်းပဲ”

ဆိုပြီး ရွှဲ့ပြောလိုက်တော့ အားလုံး ဘာကိုဆိုလိုလဲ သိပြီး ထရီကြပါလေရော။ မျက်ရည်ရွှဲလဲနဲ့ အစ်မကြီးကတော့ သူ့အကျင့်ကို သူသိလို့ပဲ ရှက်ပြီး လိုက်ရီသလား။ သူများပြောတာကို ပေါက်တတ်ကရဆိုပြီး ရီစရာတစ်ခုအဖြစ်နဲ့ပဲ နားလည်လို့ လိုက်ရီသလားဆိုတာတော့ သူပဲ သိမယ်ထင်ပါတယ်။


ကျွန်မ မဟုတ်သော ကျွန်မ

ဒီလိုနဲ့ လူအမျိုးမျိုး စိတ်အထွေထွေ နေလာပြီး အိမ်ပြောင်းသွားကြ နောက်ထပ် အခန်းငှားမဲ့သူအသစ်ရောက်လာလိုက်နဲ့ တွေ့ဆုံကြုံကွဲ ဓမ္မတာပါပဲ။ အသစ်ပြောင်းလာတဲ့ တစ်ခန်းမှာ ရန်ကုန်တုန်းက မော်ဒယ်လုပ်ဖူးပြီး ခု စလုံးရောက်တော့လဲ အချောအလှ သတင်းကြီးတဲ့ မော်ဒယ်မလေးတစ်ယောက်ရယ် နောက်တစ်ယောက်ကတော့ ကျောင်းပြီးခါနီး စီနီယာတစ်ယောက်ရယ် တစ်ခန်းတူတူနေပါတယ်။ မော်ဒယ်မလေးကတော့ သူ့ဟာသူ အေးဆေးပါပဲ ဘယ်သူနဲ့မှလဲ ပြဿနာမဖြစ်ဘူး။ သူ့အခန်းဖော် စီနီယာဆီကို အမြဲလာလည်တဲ့ သူငယ်ချင်း ဂျိုဂျို (နာမည်အရင်းမဟုတ်) ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အဲ့ကောင်မလေးလာရင် သူကလဲ အခန်းထဲဝင်တော့ မော်ဒယ်မလေးလဲ စိတ်ရှုပ်လို့ထင်တယ် အပြင်ထွက်ထွက်သွားတယ်။ ကိုယ်တွေကတော့ တစ်ခန်းထဲ မဟုတ်တော့ ဘာမှ သိပ်မထိခိုက်ဘူးလေ။ အဲ့ဒိ ဂျိုဂျိုးဆိုတဲ့ ကောင်မလေးက ခေတ်ဆန်ဆန်ပိန်ပိန်ပါးပါးလေး။ သူဝတ်တဲ့ အဝတ်အစားလေးတွေဆို Floral အဆင်လေးတွေ ဇာလေးတွေနဲ့ အရမ်းလှတာပဲ။ အိမ်ရှေ့ဖိနပ်ချွတ်မှာ ဒေါက်ဖိနပ်အမြင့်ကြီး ချွတ်ထားတာတွေ့ရင် သူအိမ်ကိုအလည်ရောက်နေလို့ပဲ။ အမြဲလာလည်နေကျဆိုတော့ အိမ်က လူတွေအားလုံးနဲ့လဲ ရင်းနှီးပါတယ်။ သူကလဲ ခင်ခင်မင်မင်ရှိပါတယ်။

တစ်ရက် အိမ်မှာ တခြားလူတွေသိပ်မရှိကြဘူး။ အိမ်က စံပြချစ်သူအစ်မကြီးက ထုံးစံအတိုင်း ဖုန်းပြောရင်း အခန်းထဲကထွက်...နောက်ဖေးကို ချိုးအကွေ့၊ သူကလဲလက်ထဲမှာ ပန်းကန်ကိုင်ထားပြီး ဖုန်းကိုပုခုံးနဲ့ ညှပ်ပြောကြည်နူးနေတော့ ကြမ်းပြင်ပေါ်ပဲ မျက်လုံးက အရင်ရောက်တာပေါ့။ မီးဖိုရှေ့မှာ ခြေသလုံးမွှေးတွေနဲ့ ယောက်ျားခြေထောက်ကြီးကို စတွေ့တာပေါ့။ သူလဲ အလန့်ထညက်နဲ့ ခြေထောက်ကနေ တဖြည်းဖြည်း မော့ကြည့်တော့မှ ဂျိုဂျိုဖြစ်နေတယ်။ ခါတိုင်းဆို သူက အိမ်လာရင် အသာကပ်ခြေအိပ်ရှည်အမြဲဝတ်ထားတော့ သတိသိပ်မထားမိဘူးလေ။ အဲ့နေ့ကတော့ သူလဲ အိမ်မှာ လူမရှိဘူးဆိုပြီး နောက်ဖေးဝင် ဟင်းချက်နေတော့ ခြေအိတ်ချွတ်ထားလိုက်ပုံရတယ်။ စံပြချစ်သူအစ်မကြီးကလဲ အသည်းခတ်ငယ်ငယ်ဆိုတော့ စိတ္တဇလူသတ်သမားတွေ့တာကျနေတာပဲ သူ့ရှေ့တော့ ဟန်မပျက် ပြန်လှည့်လာပြီး အခန်းထဲဝင်လာတော့မှ


“အမလေး… ဂျိုဂျိုက အခြောက်ကြီးလားမသိဘူး” ဆိုပြီး စပြောပါတော့တယ်။ ကိုယ်တွေလဲ အမြဲ မိန်းမလို့ သတ်မှတ်ပြောဆိုနေတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆိုတော့ ဘယ်လက်ခံနိုင်မလဲ။ သူက ယောက်ျားဆိုရင်တော့ လူကောင်သေးတဲ့အထဲ ပါမယ်။ အသံက မိန်းမအသံလို မညောင်ပေမဲ့ တချို့ သူ့ထက် အသံသြတဲ့ မိန်းမတွေတောင် ကိုယ်တွေ့ဖူးတော့ သူလဲ အသံသြတဲ့ မိန်းကလေးဖြစ်မယ်ပဲ ယူဆထားတာ။ ပြီးတော့ အခြောက်တွေနဲ့ မိန်းမတွေရဲ့ စကားပြောပုံကလဲ မတူပါဘူး။ အခြောက်တွေက တကယ့်မိန်းမတွေထက် ပိုနွဲ့နေတတ်တယ်လေ။ ဒါပေမဲ့ ဂျိုဂျိုးကတော့ ကျွန်မတို့မိန်းမတွေလိုပဲ ပွင့်ပွင့်လင်းလင်း စကားပြောလဲ “နင်ဟယ်… ငါဟယ်” နဲ့ အပိုတွေ သိပ်မရှိပါဘူး။ ဒီလိုနဲ့ အိမ်မှာရှိတဲ့ အခန်းဖော်တွေကြားလဲ ဟုတ်လားမသိဘူး။ မဟုတ်ပဲနဲ့ပဲ စွပ်စွဲမိတာလား။ ခြေသလုံးမွှေးရှည်တဲ့ မိန်းကလေး လဲရှိနိုင်တာပဲလေ။ ဒါပေမဲ့ စံပြချစ်သူမမကတော့ သူ့ခြေသလုံးမွှေးက မိန်းကလေး အမွှေးနဲ့ကို မတူဘူးတဲ့။ သူကတော့ သေချာတယ်တဲ့။ ဒါကြောင့်မို့ တစ်ခန်းထဲနေတဲ့ မော်ဒယ်မလေးက ရိပ်မိလို့ သူလာရင် အပြင်ထွက်ထွက်သွားတာကိုးလို့ တွေးမိကြတာပေါ့။

အဲ့ဒိအကြောင်းကို ကျွန်မအစ်မတွေနဲ့ ခင်တဲ့ မအေး ဆိုတဲ့ အစ်မကြီးကိုပြောပြတော့မှ “ဂျိုဂျိုးကို သိတာပေါ့။ သူ့အိမ်မှာ သူနဲ့ တစ်ခန်းထဲ နေသွားတာတောင် အခြောက်မှန်း တော်တော်နဲ့ မသိခဲ့ဖူး”တဲ့။ သူက အရမ်းသိုသိပ်တာတဲ့။ အင်္ကျီလဲရင်တောင် တစ်ခန်းထဲပေမဲ့ အိမ်သာထဲ ဝင်လဲလို့ အားလုံးက သိုသိပ်တဲ့ မိန်းကလေးပဲထင်တာ။ ကျောင်းမှာ “မအေး က ယောက်ျားနဲ့ အခန်းရှယ်နေတာဆိုပြီး သတင်းတွေထွက်တော့ သူက ငါယောက်ျားနဲ့ အခန်းမရှယ်ပါဘူး။ အိမ်တော့ရှယ်နေတယ်။ သူက အိမ်သူကြီးဆိုတော့ အိမ်က အိပ်ခန်းတစ်ခုမှာတော့ ယောက်ျားလေး ၂ယောက်နေတယ်။ ဒါကလဲ စင်္ကာပူမှာ ပုံမှန်လိုဖြစ်နေတာပဲလေ။ သူ့ကို ယောက်ျားနဲ့ တစ်ခန်းထဲ အိပ်တာဆိုတဲ့ သတင်းကြီးကြောင့် တစ်ရက် သူ့အသိကောင်လေးကို အတင်းပြောပြဆိုပြီးမေးတော့မှ ဂျိုဂျိုးက ယောက်ျားတဲ့။ သူကျောင်းကို ပထမဆုံးလာတက်တုန်းကတောင် ယောက်ျားလေးလို ဝတ်သေးတယ်တဲ့။ ဒါပေမဲ့ ခပ်နွဲ့နွဲ့ပဲပေါ့နော်။ ခုတော့ ကျောင်းတက်မမှန်လို့ ကျောင်းထုတ်ခံလိုက်ရပြီး လူကလဲ လုံးဝ မိန်းမလိုဖြစ်သွားတာတဲ့။ မြန်မာပြည်ပြန်ရင် သူ့မိဘတွေ သိမှာစိုးလို့ ဒီမှာ မိန်းမလို နေရတာ ပျော်တယ်ဆိုပြီး နေနေတာတဲ့။ သူ့ရည်မှန်းချက်ကတော့ ပိုက်ဆံစုပြီး ဖြတ်ဖောက်ချုပ်လုပ်မယ်ပေါ့။ အဲ့တော့မှ သူလဲ အားတော့နာတယ် ဒါပေမဲ့ တစ်ခန်းတည်းနေရတာတော့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူးလေ။ ဒီတော့ အခြောက်လဲ ယောက်ျားပဲဆိုပြီး ဘေးက ယောက်ျားလေး ၂ယောက်ခန်းမှာ သွားအိပ်ဆိုပြီး ပို့လိုက်တော့။ ဟိုဘေးက ယောက်ျား ၂ယောက်လဲ စကပ်တွေ အတွင်းခံတွေနဲ့ဘယ်လိုလုပ် အခန်းရှယ်မတုန်း။ အဖြစ်ကိုတွေးပြီး ရီလဲရီရသလို ကာယကံရှင် ဂျိုဂျိုးကိုလဲ ဂရုဏာသက်မိပါတယ်။

ကိုယ်တွေလဲ စစချင်း သိသိချင်းတော့ နည်းနည်းဟန့်သွားပေမဲ့ နောက်ပိုင်းကျတော့ သူ့ဟာသူ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ပုံမှန်ပေါ့။ အိမ်မှာ တခြားလူတွေရဲ့ သူငယ်ချင်းတွေ ဘဲတွေ ယောက်ျားလေးတွေ လာလည်နေရင်တောင် ပုံမှန်နေနိုင်တာ။ သူ့ကိုလဲ နောက်ပိုင်းတော့ ပုံမှန်ပဲ အားလုံးက ဆက်ဆံဖြစ်သွားပါတော့တယ်။

အဲ့ဒါကြောင့် စင်္ကာပူရောက်တုန်း လွဲလိုက်တဲ့ အလွဲတွေကတော့ ကျွန်မ မဟုတ်သော ကျွန်မတွေနဲ့လဲ ခင်မင်ခွင့်ရခဲ့တာပါပဲ။


ဒီပိုစ်လေးနဲ့အတူ စကားလေးပါးချင်တာက တစိမ်းတွေနဲ့ နေတာ ကိုယ့်မိသားစုနဲ့နေတာနဲ့ မတူတဲ့အတွက် တစ်ဦးနဲ့တစ်ဦး အလိုက်အထိုက် ညှိနေနိုင်ဖို့လိုပါတယ်။ မိသားစုချင်းတောင် အမှတ်မထားကြပေမဲ့ တစ်ခါတစ်ရံမှာ စကားများတတ်သေးတာ။ တစိမ်းနဲ့ စကားများရင်တော့ ပြန်ခေါ်ဖို့ခက်ပါတယ်။ နိုင်ငံခြားကိုလာပြီး ကျောင်းတက်တာပဲ ဖြစ်ဖြစ် အလုပ်လုပ်နေတာပဲ ဖြစ်ဖြစ်၊ အများစုကတော့ အလွယ်တကူ စခဲ့ကြ ဖြတ်သန်းခဲ့ကြတာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်က အိမ်ငှား၊ အခန်းငှားဆိုရင် အလိုက်သိပေး၊ အိမ်မှာရှိတဲ့ စည်းကမ်းတွေ အိမ်ပေါ်မတက်ခင်ကတည်းကမေးပြီး လိုက်နာနိုင်မှ အဲ့အိမ်မှာနေ၊ ကိုယ်က အိမ်ရှင်၊ အိမ်သူကြီး ဆိုရင်လဲ ကိုယ့်အိမ်မှာ လာငှားနေတဲ့သူဆိုတာ ကိုယ့် ကာစတန်မာပဲ သူတို့ကိုလဲ အထိုက်အလျောက် နားလည်ပေး၊ အိမ်မှာ အခန်းငှားနေတာ ကိုယ့်လုပ်စာလာထိုင်စားနေတာ မဟုတ်ဘူး။ ဒီတော့ သူ့တို့ကိုလဲ သူတို့ရသင့်တဲ့ လွတ်လပ်ခွင့်ပေး။ တချို့ မျက်စိမှိတ်ပေးလို့ရတဲ့ အမှားလေးတွေရှိခဲ့ရင်တောင် ကြီးကြီးမားမားမဟုတ်ရင် ခွင့်လွှတ်ပေးလိုက်။ နောက်မလုပ်စေချင်ရင် သတိပေးလိုက်။ သူတို့ဆီက ကိုယ်ပိုက်ဆံရနေတာပဲလေ။ ကိုယ့်ဟာကိုယ် တစိမ်းနဲ့ မနေနိုင်ရင် ကိုယ်လဲ ပိုက်ဆံရမှာမဟုတ်ဘူးလေ။ ဒီတော့ အပြန်အလှန် သိတတ်နားလည်ကြဖို့ ပြောချင်ပါတယ်။
မဗေဒါနှင့် စင်္ကာပူရောက်အလွဲများကို အားပေးကြတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်ပိုစ့်လေးကတော့ အလွဲအဖြစ်အပျက်လေးကတိုပေမဲ့ ကြုံတွေ့ခဲ့တဲ့ သူတွေအကြောင်းကို ဇာတ်လမ်းလေးတစ်ပုဒ်လို ဖတ်ကောင်းမယ်မျှော်လင့်ပါတယ်။ တကယ်လို့ ကာယကံရှင်တွေက ဖတ်မိခဲ့မယ်ဆိုရင်လဲ ကိုယ့်ကိုပြောတာ ဖြစ်ရမယ်လို့ ဒေါမပွပဲ၊ ရုပ်ရှင်ထဲက ဇာတ်ကောင်တစ်ကောင်အကြောင်းလို့သာ သတ်မှတ်ပြီး ရယ်ပြုံးကြပါလို့ အကြံပြုပါရစေ။ မဟုတ်ရင် ကိုယ်က ဒီလိုပါဆိုတာ ဝန်ခံပြီးသွားဖြစ်သွားလိမ့်မယ်နော်။ :P ဒီတစ်ခေါက်အလွဲပိုစ့်လေးကိုရော ဘယ်လိုမြင်လဲ? သင်တို့ ကြုံခဲ့တဲ့ Flatmates လေးတွေအကြောင်းလဲ ပြောပြသွားကြလေ။